Saturday, August 2, 2025

အတူတူ ပေါက်ဖွားလာတဲ့ ပုံပြောခြင်း နဲ့ ဝတ္ထုရေးခြင်း


 

❝ အတူတူ ပေါက်ဖွားလာတဲ့ ပုံပြောခြင်း နဲ့ ဝတ္ထုရေးခြင်း ❞

စာရေးဆရာမ Lee Smith က အမေရိကန် ပြည်ထောင်စု ၊ ဗာဂျီးနီးယားပြည်နယ် ကျောက်မီးသွေးတွင်းများ ရှိရာ မြို့ဖြစ်တဲ့ Grundy မှာ ပုံပြောကောင်းတဲ့ မိသားစုများကြား မွေးဖွားကြီးပြင်းလာသူ ဖြစ်ပါတယ် ။ တောင်ပြာတန်းများ ဝိုင်းရံထားတဲ့ သူ့ ဇာတိမြို့မှာ ဖခင်ဖြစ်သူက စတိုးဆိုင်ဖွင့်ထားပြီး မိခင်ဖြစ်သူက ဆရာမ တစ်ဦးဖြစ်ပါတယ် ။ သူ မှတ်မိသလောက် ဆိုရင် ငယ်ငယ်ကတည်းက စာရေးဆရာမ ဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ် ။ “ ကျွန်မ အသက် ၈ နှစ် အရွယ် လောက် ကတည်းက အမေ့ဗလာစာအုပ်တွေ ယူပြီး အဲဒီအထဲမှာ ပထမဆုံး ဝတ္ထုကို ရေးခဲ့တာပေါ့ ” လို့ သူမရဲ့ ဝက်ဘ်ဆိုက် ဖြစ်တဲ့ www.leesmith.com မှာ ဖော်ပြထားပါတယ် ။

“ အဲဒီတုန်းက ကျွန်မဝတ္ထုထဲ မှာ အဓိက ဇာတ်ကောင်နှစ်ယောက် က ကျွန်မ အနှစ်သက်ဆုံး ဖြစ်တဲ့ ပုဂ္ဂိုလ်နှစ်ယောက်ကို ထားတာပေါ့ ။ သူတို့ ကတော့ Adlai Stevenson နဲ့ Jane Russell တို့ပေါ့ ။ ကျွန်မဝတ္ထုထဲမှာ သူတို့ နှစ်ယောက် ချစ်ကျွမ်းဝင် သွားကြပြီး အမေရိကန် ပြည်ထောင်စု အနောက်ဘက် ကမ်းခြေ ကို မြင်းလှည်းကလေး တစ်စီးနဲ့ ထွက်သွား ကြတာပေါ့ ။ အဲဒီမှာ သူတို့ နှစ်ယောက် ကြီးပွားချမ်းသာ လာကြတယ်လို့ ရေးခဲ့တာပါ ” လို့ ဆိုပါတယ် ။

ဆရာမက ဗာဂျီးနီးယားပြည်နယ် Roanoke မြို့ က Hollins College မှာ ပညာသင်ကြားခဲ့တာ ဖြစ်ပြီး သူမနဲ့ မိတ်ဆွေတစ်ဦး ဖြစ်တဲ့ Annie Dillard တို့ဟာ မိန်းကလေး သူငယ်ချင်းများ ဖွဲ့ထားတဲ့ Rock တီးဝိုင်းအဖွဲ့မှာ Go Go ကချေသည်များ အဖြစ် ကပြခဲ့ကြပါတယ် ။

အခုဆိုရင် ဆရာမက လုံးချင်းဝတ္ထု ၁၁ အုပ် ထုတ်ဝေခဲ့ပြီး ဝတ္ထုတို စုစည်းမှု ၃ အုပ် ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ် ။ ဆရာမကို American Academy ofArts and Letters က အကယ်ဒမီဆု ချီးမြှင့်ခဲ့ပြီး Reader's Digest ဆု ၊ The Robert Penn Warren Prize အစရှိတဲ့ ဆုများအပြင် O Henry Award ဆု နှစ်ကြိမ်လည်း ရရှိခဲ့ပါတယ် ။

ဆရာမ နဲ့ Writer Magazine က Elfrieda Abbe တို့ရဲ့ အင်တာဗျူးကို လေ့လာရင်း စာရေးနည်း အတတ်ပညာကို လေ့ကျင့်ယူနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ် ။

••••• ••••• •••••

ကလေးဘဝ ကတည်းက Lee Smith ဟာ အိမ်ရှေ့ ကပြင်မှာ ထိုင်ရင်း နာရီပေါင်းများစွာ အဘွား ၊ အမေ ၊ အဖေ ၊ အဒေါ် ၊ ဦးလေးတို့ ပြောပြ တဲ့ သူတို့ဘဝ ဇာတ်ကြောင်း ပုံပြင်များ နဲ့ တောင်ပြာတန်းများရှိရာ သူတို့ဒေသက မိုင်းတွင်းများမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်များကို ပုံပြင်များသဖွယ် နားထောင်ခဲ့ရပါတယ် ။ သူ့ရှေ့က မျိုးဆက်အားလုံးဟာ အဲဒီဒေသမှာ မွေးဖွား ကြီးပြင်းခဲ့ကြသူများ ဖြစ်တာကြောင့် လေယူလေသိမ်းအားဖြင့် အမေရိကန် ပြည်ထောင်စုရဲ့ တခြား ပြည်နယ်များမှာ နေထိုင်ကြတဲ့သူများနဲ့ ကွဲပြားခြားနားပါတယ် ။ သူတို့ ပြောပြတဲ့ ဘဝဇာတ်ကြောင်း ပုံပြင်များဟာ ကလေးငယ် Lee Smith ရဲ့ ရင်တွင်းမှာ ခိုင်မာတဲ့အုတ်မြစ် သဖွယ် ဝင်ရောက်လာခဲ့ပြီး နောင် စာရေးတဲ့အချိန်မှာ တောင်ပိုင်းသားတို့ရဲ့ လေယူလေသိမ်းနဲ့ ရေးဖြစ်လာခဲ့ပါတယ် ။

Smith ရေးသားခဲ့တဲ့ လုံးချင်းဝတ္ထုများ ၊ ဝတ္ထုတိုများမှာ သူမရဲ့ ရှေ့က မျိုးဆက်တို့ နေ့စဉ် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ များစွာလွှမ်းမိုးမှု ရှိခဲ့ပါတယ် ။ သူ့ ဝတ္ထုများထဲမှာ ဘဝအပြောင်းအလဲ အတွက် ဆုံးဖြတ်ချက် ချမှတ်ဖို့ လိုအပ်တာတွေ ၊ သည်းထိတ်ရင်ဖို ဖြစ်ရပ်တွေ အပြင် တချို့ ဝတ္ထုများကတော့ ဒဏ္ဍာရီ နဲ့ ဖြစ်ရပ်မှန် ကြားမှာ ရေးဖွဲ့ ထားတာတွေလည်း ရှိခဲ့ပါတယ် ။ သူ့စာဖတ် ပရိသတ်များက သူ့ဝတ္ထုများကို ဖတ်နေကြစဉ်အတွင်းမှာ စာဖတ်သူကိုယ်တိုင် ဇာတ်ကောင်နေရာ ရောက်ရှိသွားပြီး ဝတ္ထုထဲက အဖြစ်အပျက် များကို ကိုယ်တိုင် ခံစားရသလို လိုက်ပါစီးမျော ခံစားကြရပါတယ် ။ ဒီ အရည်အချင်းဟာ အဘွားတို့ ၊ အဖေတို့ ၊ အမေတို့ ပုံပြော ကောင်းခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ် ။ သူမ ရေးဖွဲ့ထားတဲ့ Oral History ဝတ္ထုမှာ ဆိုရင် သူ့ မွေးရာဇာတိမှာ မွေးဖွားကြီးပြင်းခဲ့ကြတဲ့ မျိုးဆက်ပေါင်း များစွာတို့ရဲ့ အဖြစ် အပျက်များ ပါဝင်ပါတယ် ။ The Last Girls ဝတ္ထုမှာလည်း သူမရဲ့ ကောလိပ်ကျောင်းက တစ်ခန်းတည်း အတူနေခဲ့တဲ့ အခန်းဖော် Harriet Holding ကို ဇာတ်ကောင်အဖြစ် ထားပြီး ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ် ။

Smith က ဝတ္ထုရေးဖွဲ့ရာမှာ ဇာတ်ကောင်နေရာက ရေးဖွဲ့ရတာကို စိတ်အားသန်ပါတယ် ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဇာတ်ကြောင်းပြန် ပြောတဲ့ တတိယ ဇာတ်ကောင်နေရာက ရေးတတ်ပြီး တစ်ခါတစ်ရံမှာ နေ့စဉ်မှတ်တမ်းထဲက စာပိုဒ်များ ၊ ကဗျာများ နဲ့လည်း သူ့ဝတ္ထုကို ရေးဖွဲ့တတ်ပါတယ် ။ ဘယ်နေရာကနေပဲ သူ ရေးရေး စာဖတ်ပရိသတ်ကို သူ့ဇာတ်ကောင် ရဲ့နေရာ ရောက်သွားအောင် ရေးဖွဲ့နိုင်စွမ်း ရှိပါတယ် ။

ဘိုးဘွားတို့ရဲ့ ပုံပြော ကောင်းမှု ဓလေ့ကြားမှာ ကြီးပြင်းခဲ့ရသူ ဖြစ်တာ ကြောင့် Smith ကိုယ်တိုင်လည်း ပုံပြောကောင်းသူ ဖြစ်လာခဲ့ပါတယ် ။ ဒါပေမဲ့ Smith ကတော့ ပုံပြောကောင်းတာဟာ စာရေးကောင်းတာ မဟုတ်ပါဘူးလို့ ဆိုပါတယ် ။ ကောလိပ်ကျောင်းသူ ဘဝတုန်းက အင်္ဂလိပ်စာပေကို အဓိကဘာသာရပ် အဖြစ် သင်ယူခဲ့ပြီး အခြား စာရေးဆရာ ပေါက်စများလို တော်တော်လေး ရုန်းကန်ခဲ့ရတယ်လို့ဆိုပါတယ် ။

အဖြစ်အပျက်တစ်ခု ၊ သို့မဟုတ် ပုံပြင်တစ်ပုဒ်ကို ပီပြင်အောင် ပြောပြနိုင်ဖို့ ဆိုတာ ဇာတ်ကြောင်းပြန်တဲ့ တတိယပုဂ္ဂိုလ် နေရာက ရေးဖွဲ့ခြင်းသာလျှင် အကောင်းဆုံး ဖြစ်တယ်လို့ Smith က ယူဆခဲ့ပါတယ် ။ ဒါပေမဲ့ နောင် မှာ တောင်ပိုင်းသား စာရေးဆရာများဖြစ်တဲ့ Willian Faulkner , Eudora Welty , Carson McCullers နဲ့ James Still တို့ ရဲ့ စာများကို လေ့လာကြည့်တဲ့ အခါမှာတော့ သူတို့ အားလုံးရဲ့ စာများဟာ သူမ ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်က လူများ စကားပြော နေသလို ဖြစ်တာကို တွေ့ရှိ လာခဲ့ပါတယ် ။

တစ်ခါတုန်းက Smith က သူမရဲ့ ဇာတ်ကောင်များကို သူတို့ဘာသာ သူတို့ စကား ပြောစေတဲ့ အခါမှာ သူမရဲ့အသံများ ပါဝင်နေတာကို တွေ့ရှိရပါတယ် ။ ပထမဆုံး လုံးချင်းဝတ္ထု အဖြစ် ရေးသားခဲ့တဲ့ The Last Day the Dogbushes Bloomed ကို ကျောင်းသူဘဝက ရေးသားတဲ့ အခါမှာ သူဖတ်ရှုခဲ့တဲ့ ဆရာများရဲ့ ပုံစံအတိုင်း ရေးခဲ့ပါတယ် ။

လုံးချင်းဝတ္ထု ၁ဝ အုပ် ၊ ဝတ္ထုတိုပေါင်းချုပ် ၃ အုပ် စုစည်းပြီးချိန် အထိ Smith ဟာ သူမရဲ့ မျိုးနွယ်များ ရှိရာ ဒေသမှာပဲ အခြေစိုက် နေထိုင်ခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူ နဲ့ နေထိုင်ပြီး ကျွန်မ နဲ့ အင်တာဗျူး ပြောချိန်မှာ တယ်လီဖုန်းနဲ့ ဖြေကြားခဲ့တာ ဖြစ်ပါတယ် ။ အဲဒီအချိန်တုန်းက Smith ဟာ OnAgate Hill ဝတ္ထုကို ရေးသားနေချိန် ဖြစ်ပါတယ် ။

“ ကျွန်မ ဒီနေရာလေး မှာ နေတာ ၂၅ နှစ် ရှိပြီ ” လို့ Smith ဆိုပြီး “ ဟောဒီ တောင်ကလေးပေါ်မှာ ဘယ်သူမှ မရှိဘူး ကျွန်မ တစ်ယောက်တည်းပဲ ” လို့ ပြောပြပါတယ် ။ သူ့ အသံ နားထောင်ရတာ စာရေးဆရာများအတွက် တကယ့်ကို လွတ်လွတ်လပ်လပ် နေထိုင်လို့ရမယ့် အကောင်းဆုံး နေရာ တစ်ခုလို့ မှန်းဆလို့ ရပါတယ် ။

••••• ••••• •••••

➽ ဆရာမက မကြာခဏဆိုသလို Appalachian တွေရဲ့ ဓလေ့ဖြစ်တဲ့ ပုံပြောခြင်း ဓလေ့ ကြားမှာ ကြီးပြင်းခဲ့တာလို့ ပြောဖူးပါတယ် ။ အဲဒါကြောင့် မိဘ ဘိုးဘွားများ ရဲ့ ပုံပြောတဲ့ ဓလေ့ဟာ ဆရာမ အပေါ်မှာ ဘယ်လောက်အထိ လွှမ်းမိုးနိုင်ခဲ့တယ် ဆိုတာ ပြောပြပေးပါလား ။

ကျွန်မ ပုံပြင်တွေနဲ့ ကြီးပြင်း ခဲ့ရတယ် ဆိုတာက သက်ရှိ ပုဂ္ဂိုလ်များ ဖြစ်ကြတဲ့ အဘွားတို့ ၊ အဖေတို့ ၊ အမေတို့ ၊ အဒေါ် တို့ ၊ ဦးလေးတို့ ပြောတာတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ရတာပါ ။ တချို့ဟာတွေက သူတို့ ကိုယ်တွေ့ အဖြစ်အပျက်တွေ ဖြစ်ပြီး တချို့ဟာတွေကတော့ သူတို့ တစ်ဆင့် စကား တစ်ဆင့်နား ကြားခဲ့ကြတဲ့ ပုံပြင်တွေ ၊ အဖြစ်အပျက်တွေ ဖြစ်ပါတယ် ။ ဒါတွေ ပြောကြပြီဆိုရင် သူတို့က ညလုံးပေါက် ပြောနိုင်ကြတယ် ။ ကျွန်မကလည်း သူတို့ နားမှာ ထိုင် နားထောင်ရင်း အိပ်ပျော် သွားတတ်တာပါ ။ ဒါကြောင့် ကျွန်မ စာရေးတဲ့အခါ ဇာတ်ကြောင်းပြန်သူ နေရာက ရေးရင် ကျွန်မ နားထဲကို တစ်စုံတစ်ယောက်က လာပြောပြနေသလို ခံစားရတာတွေကို ပြန်ရေးတာပါ ။ အဲဒီလို ခံစားလို့ မရနိုင်ရင် ကျွန်မ စာမရေးပါဘူး ။ ဒါကြောင့်လည်း စာဖတ်သူများက ကျွန်မစာကို ဖတ်ရင် သူတို့ ကိုယ်တိုင် ဇာတ်ကောင်နေရာကို ရောက် သွားတယ်လို့ ဆိုကြတာပါ ။

➽ ဆရာမရဲ့ အတ္ထုပ္ပတ္တိ မှာ ဆရာမ ရဲ့ မိဘများ က အင်မတန် ပုံပြောကောင်းသူများ ဖြစ်တယ်လို့ တွေ့ရပါတယ် ။ ပုံပြင် တစ်ပုဒ်ကို ပြန် ပြောပြရတာ နဲ့ စာမျက်နှာများ ပေါ် မှာ ချရေးရတာ ဘယ်လိုများ ကွာခြားမှုရှိပါသလဲ ။

ကျွန်မအနေနဲ့ တကယ့်ကို ပုံပြောကောင်းတဲ့ သူတွေ အများကြီး တွေ့ဖူးပါတယ် ။ ဒါပေမဲ့ သူတို့ဟာ စာရေးဆရာတွေ မဟုတ်ပါဘူး ။ ဒီ နှစ်ခု ဘာကွာခြားသလဲ ဆိုတော့ ပုံပြောသူတွေ က သူတို့ရဲ့ မျက်နှာ အမူအရာ ၊ ကိုယ်ဟန် အမူအရာ ၊ လေယူလေသိမ်း တို့ကို အားပြုပါတယ် ။ ဒါတွေကို စာမျက်နှာပေါ် ချရေးမယ် ဆိုရင် လုံးဝ ခြားနားပါတယ် ။ သူတို့ ပြောတဲ့အတိုင်း ရေးမယ်ဆိုရင် စာဖတ်သူက နားလည်နိုင်မှာ မဟုတ်ပါဘူး ။ ပုံပြောတဲ့ သူက ပုံပြောကောင်းသူသာ ဖြစ်ပါတယ် ။ စာရေးကောင်းသူ မဟုတ်ပါဘူး ။

စာရေးတယ် ဆိုတာက လက်မှုပညာ တစ်ခုလို အနုစိတ် ထုဆစ် တတ်ဖို့ လိုပါတယ် ။ တချို့ နေရာတွေမှာ တကယ့်ကို အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဘယ်လို တင်ပြရမယ်ဆိုတာ စာရေးဆရာက အလေးအနက် ထားပြီး စိတ်ကူး ရပါတယ် ။ ဝတ္ထုဇာတ်လမ်း တစ်ပုဒ်ကို ရေးတော့မယ်ဆိုရင် ဘယ်ရှုထောင့်က ရေးမလဲ ၊ ဘယ်နေရာက စမလဲ ၊ ဘာအကြောင်းလဲ ။ အဲဒါတွေကို အရင်ဆုံး ဆုံးဖြတ်ရပါမယ် ။

➽ ဆရာမ ရေးတဲ့ Oral History မှာ ပထမ ဇာတ်ကောင် နေရာက ရေးတာ ရှိသလို တချို့ နေရာတွေမှာ ဇာတ်ကြောင်းပြန်သူ နေရာက ရေးတာ တွေလည်း ရှိတယ် ။ ဆရာမ ဘာကြောင့် ဒီလို ရေးတာလဲ ။

အဲဒီ ဝတ္ထုက အဖြစ်အပျက်ပေါင်းများစွာ ပါဝင်တဲ့ ဝတ္ထု ဖြစ်ပါတယ် ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဝတ္ထုဟာ ကျွန်မ တစ်သက်လုံး ရေးချင်ခဲ့တဲ့ ပုံစံတစ်ခု ဖြစ်ပါတယ် ။ ဒါပေမဲ့ ကျွန်မအနေနဲ့ ဘယ်နေရာကနေ ဘယ်လို စရမှန်း မသိလို့ တော်တော်ကြာနေခဲ့တယ် ။ ဒီဝတ္ထုမှာ က ကျွန်မအနေနဲ့ ဒဏ္ဍာရီ တွေ ၊ သမိုင်းတွေထဲက ပုံပြင်တွေမှာပါတဲ့ ဇာတ်ကောင်တွေကို ဂုဏ်ပြု ဖော်ပြချင်တယ် ။ ဒီဇာတ်ကောင်တွေ အကြောင်း ကျွန်မ ငယ်ငယ် ကတည်းက ရင်းနှီးခဲ့ရသလို စာဖတ်ပရိသတ်နဲ့လည်း ရင်းနှီးစေချင်တာ ။ ကျွန်မဇာတ်ကောင်တွေဟာ အပြင်မှာ ကျွန်မ မြင်တွေ့ကြားခဲ့ရသလို စကားတွေကို သူတို့နှုတ် ကနေ ပြောစေချင်တာ ။ သူတို့ပြောတဲ့ စကားတွေ ဟာလည်း Appalachian စကားတွေ ဖြစ်စေချင်တာ ။

ပထမတော့ ကျွန်မက ဒီစာအုပ်ဟာ ဧရာမ စာအုပ်ကြီး ဖြစ်လာလိမ့် မယ်လို့ မျှော်လင့်ခဲ့တယ် ။ ဘာကြောင့်လဲ ဆိုတော့ မျိုးဆက်တွေ အဆက်ဆက်ပါမယ် ။ ဒီမြေ ၊ ဒီရေမှာ ကြီးပြင်းခဲ့ကြတဲ့ လူတွေဟာ ခေတ်ကာလ အလိုက် ပြောင်းလဲခဲ့ကြတာတွေကို ရေးမယ်လို့ စိတ်ကူးခဲ့တာကိုး ။ ဒါကြောင့်လည်း သမိုင်းစာအုပ် တစ်အုပ် ရေးသလို တတိယပုဂ္ဂိုလ် ဇာတ်ကြောင်းပြန်သူ နေရာကနေ ရေးဖို့ လိုအပ်လာတယ် ။

ကျွန်မ ပထမစာမျက်နှာ ၁ဝဝ လောက်ကို အကြမ်းရေးတဲ့ နေရာမှာ တတိယပုဂ္ဂိုလ် ဇာတ်ကြောင်းပြန်သူ နေရာက ရေးခဲ့ပါတယ် ။ ပြန်ဖတ်ကြည့်လိုက်တဲ့ အခါကျတော့ ကျွန်မ ကိုယ်တိုင်က ဇာတ်ကောင်တစ်ယောက် အဖြစ် ပါဝင်နေသလို ဖြစ်နေတယ် ။ အဲဒီလို ဖြစ်တာက မကောင်းဘူး ။ ဇာတ်ကောင်နဲ့ ကျွန်မ ကြားမှာ မညီညွတ်မှုတွေ ရှိနေတယ်လို့ ထင်တယ် ။ ကျွန်မကချည်းပဲ ပြေ နေပြီး ဇာတ်ကောင်တွေ က အအတွေလို ပါးစပ် ပိတ်နေတယ် ။

ဒါကြောင့် ဇာတ်ကောင်တွေက သူတို့ အကြောင်းကို သူတို့ ပြန်ပြောပြ သလို ပထမပုဂ္ဂိုလ်နေရာက ပြန်ရေးဖြစ်ပါတယ် ။ ပထမပုဂ္ဂိုလ်နေရာကလည်း ရေးလိုက်ရော စာအုပ်က ချောချောမွေ့မွေ့  ပြီးသွားတယ် ။

➽ အဲဒီ ဝတ္ထုထဲမှာပဲ တချို့နေရာ ကျတော့ ဇာတ်ကြောင်းပြန်သူ နေရာ ရောက်သွားတာ တွေ့ရတယ် ။

ဟုတ်တယ် ။ ဘာကြောင့်လဲ ဆိုတော့ တချို့ နေရာတွေမှာ လူအများကြီးရဲ့ အမြင်တွေကို ပြောစရာ ရှိလာတယ် ။ ဥပမာအားဖြင့် သုသာန်မှာ အဓိကဇာတ်ကောင် တစ်ယောက်ကို သဂြိုဟ်တဲ့ အခန်း ဆိုပါတော့ ။ အသုဘ လိုက်ပို့သူ အများကြီးရှိတယ် ။ သူတို့ တစ်ယောက်ချင်းဆီက ခံစားချက်တွေကို ပြောစရာ ရှိလာတဲ့ အတွက် ပထမနေရာက ရေးတာထက် တတိယ နေရာက ရေးတာက ပိုပြီး ပြည့်စုံနိုင်တာကြောင့် အဲဒီ အခန်းမှာတော့ ပုံစံ ပြင်ပြီး ရေးလိုက်တယ် ။

➽ ဒီ ဝတ္ထုကို ဖတ်တဲ့ စာဖတ်သူများ အနေနဲ့ အဖြစ်အပျက် များစွာကို ရှုထောင့် အမျိုးမျိုးကနေ မြင်တွေ့ ရသလို ခံစားရတယ် ။ အဲဒီလို ခံစားရအောင် ရည်ရွယ်ပြီး ရေးခဲ့တာလား ။

Oral History ကို ရေးဖို့ ကျွန်မ နှစ် တော်တော်ကြာကြာ အချိန်ယူခဲ့ရပါတယ် ။ လူ တော်တော်များများနဲ့ တွေ့ဆုံပြီး သူတို့ ပြောပြတာတွေကို အသံ ဖမ်းယူခဲ့ပါတယ် ။ တိပ်ခွေထဲက အသံတွေကို ကျွန်မ ချရေးတယ် ။ ဒါတွေကို ပေါင်းစပ်လိုက်တဲ့ အခါမှာ သမိုင်းကြောင်း တစ်ခု လိုလို ၊ ပုံပြင် တစ်ခု လိုလို ဖြစ် ပေါ်လာပါတယ် ။

တကယ်တော့ ဒါဟာ ပုံပြောကောင်းသူ တစ်ယောက်ရဲ့ ပုံပြင် တစ်ပုဒ်သာ ဖြစ်ပါလိမ့်မယ် ။

ဆိုကြပါစို့ ။ လူအများ စုဝေးတဲ့ ရင်ပြင်မှာ လူတစ်ယောက်ကို ကြိုးပေးတဲ့အခန်း ဆိုပါတော့ ။ ဒီအခန်းကို ရေးနိုင်ဖို့ အတွက် မိသားစုထဲမှာ ကြိုးပေး အသ,တ်ခံရသူ ရှိတဲ့ မိသားစုတွေကို ကျွန်မ ရှာပြီး တွေ့ဆုံရတယ် ။ ဒီလို တွေ့ဆုံရာမှာ ၇ ယောက်ကို တွေ့ရင် ခံစားချက် ၇ မျိုး ရရှိပါတယ် ။ တစ်ယောက် နဲ့ တစ်ယောက် ခံစားမှုချင်း လုံးဝ မတူပါဘူး ။ ဒီလိုနဲ့ပဲ ကျွန်မ ဝတ္ထုကို စ နိုင်ခဲ့တာပါ ။

နောက် တစ်ခုက ပုံပြင်များရဲ့ သဘောသဘာဝကို ကျွန်မ လေ့လာ ကြည့်ပါတယ် ။ ပုံပြင်တွေ ဘယ်လို စပြီး ပေါ်ပေါက်လာသလဲ ၊ ဘယ်လို အကြောင်းကြောင့် ဒီ ပုံပြင်တွေကို လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့ကြသလဲ ။ အကြောင်းအရာ တစ်ခုတည်းကိုပဲ ပြောတဲ့လူ မတူရင် အချက်အလက်က ကွဲပြားမှု ရှိလာတယ် ။ ဒါတွေကို စုစည်းပြီး ဘယ်ဟာ အမှန် ဖြစ်တယ်ဆိုတာ ဆုံးဖြတ်ဖို့ လိုလာတယ် ။ ကိုယ် မမြင်ခဲ့ရတဲ့ အတိတ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ဘယ်ဟာက အမှန်ဆိုတာ ပြောဖို့ကတော့ ခက်ပါတယ် ။

➽ On Agate Hill မှာတော့ သမိုင်းထဲက အကြောင်းအရာ တစ်ခု ယူပြီး ရေးဖွဲ့ထားတာ တွေ့ရပါတယ် ။ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆရာမ ဘယ်လို လေ့လာပါသလဲ ။ ဘာကြောင့်လဲ ဆိုတော့ ဒီအကြောင်းအရာက ပြည်တွင်းစစ် ကာလနဲ့ ပြန်လည် တည်ဆောက်ဆဲ ကာလမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ် ။

အဲဒီကာလတုန်းက ရှိခဲ့တဲ့ ၊ သိမီခဲ့တဲ့ သူတွေကို ကျွန်မ လိုက်မေးပါတယ် ။ တချို့ပုဂ္ဂိုလ်များကတော့ ကိုယ်တိုင် မသိမီခဲ့ပေမယ့် စာသင်ခန်းထဲမှာ သင်ခန်းစာ အဖြစ် သင်ယူ လေ့လာခဲ့ရသူတွေ ဖြစ်ပါတယ် ။

အဲဒါအပြင် ကျွန်မ လက်လှမ်းမီတဲ့ တချို့ပုဂ္ဂိုလ်များရဲ့ စာတွေ ၊ ဒိုင်ယာရီ တွေကိုလည်း လေ့လာခဲ့ပါတယ် ။ ဒါတွေကို အခြေခံပြီး အခု ရှင် မေးတဲ့ ဝတ္ထုကို ရေးနိုင်ခဲ့တာဖြစ်ပါတယ် ။

➽ ဆရာမ စာရေးသားပုံ အဆင့်ဆင့်ကို ပြောပြပေးပါလား ။

စာတစ်ပုဒ်ကို မရေးသားခင်မှာ ကျွန်မအနေနဲ့ ပြင်ဆင်မှုတွေ အများကြီး လုပ်ရပါတယ် ။ ပထမအချက်ကတော့ ကျွန်မမှာ ကလေးတွေရှိတဲ့ အတွက် စာရေးဖို့ အချိန်ဆိုတာ တော်တော် ရှားပါးပါတယ် ။ ဒါကြောင့် ရေးဖို့ စိတ်ထဲမှာ ဖရိန်ချပြီးသား ဖြစ်တဲ့ ဇာတ်လမ်း အတွက် အထောက်အကူ ပြုမယ့် အချက်အလက်တွေကို သတိရတိုင်းမှာ မှတ်စုအဖြစ် တို့ထား လိုက်ပါတယ် ။

အဲဒီလို တစ်စ တစ်စ တို့ထားခြင်းက ကျွန်မ ရေးမယ့် ဇာတ်လမ်းဟာ ဘယ်လို ဖြစ်တော့မယ်ဆိုတာ ကျွန်မ ရင်ထဲမှာ ရုပ်လုံးပေါ်လာပါတယ် ။ ရင်ထဲမှာ အဆင်သင့် ဖြစ်နေပြီဆိုတဲ့ အချိန် ၊ ကလေးကို ထိန်းပေးမယ့်သူ ရှိနေတဲ့ အချိန်မှာ ဖြစ်ဖြစ် ၊ ရုံးက အားလပ်တဲ့ ရက်မှာပဲ ဖြစ်ဖြစ် ရင်ထဲမှာ ရှိပြီးသား ဇာတ်လမ်းကို ချရေးတော့တာပဲ ။ ရေးတဲ့ အချိန်ကျမှ အချက်အလက်ရှာဖို့ ကျွန်မ အချိန် မပေးနိုင်ပါဘူး ။

➽ စာမရေးခင်မှာ အဲဒီလို ပြင်ဆင်မှုတွေ လုပ်ထားတော့ ဇာတ်ကောင် နဲ့ ဇာတ်ကွက် ကို ဖန်တီးရာမှာ ဘယ်လောက်အထိ အထောက်အကူ ဖြစ်စေ ပါသလဲ ။

ကျွန်မ ဇာတ်ကောင်တွေ နဲ့ စ လိုက်တယ် ။ ရေးရင်း ရေးရင်းကနေ သူတို့အကြောင်းကို ပိုပို သိလာတယ် ။ သူတို့ ဘာ တွေးတယ် ၊ ဘာကို ချစ်တယ် ၊ ဘာကို ကြောက်တယ် ၊ ဘာကို ရည်ရွယ်တယ် ၊ ဘာကို လိုချင်တယ်ဆိုတာတွေ ကျွန်မ သိလာပါတယ် ။ အဲဒီလို ရေးနေရင်းက သူတို့ တစ်တွေရဲ့ နေ့စဉ်ပုံမှန် လှုပ်ရှားမှုတွေကိုပါ ကျွန်မ မြင်ယောင်လာတယ် ။ ကျွန်မ မျက်စိထဲမှာတော့ သူတို့ဟာ သက်ရှိပုဂ္ဂိုလ်တွေ ဖြစ်နေပြီပေါ့ ။

စာရေးဆရာမ Annie Dillard က ပြောဖူးတယ် ။ အဝတ်တစ်ထည် ချုပ်တော့မယ်ဆိုရင် ကိုယ့်မှာ လုံလောက်တဲ့ ပိတ်စရှိအောင် အရင်စီစဉ်ထားရမယ်တဲ့ ။ အဲဒီလိုပါပဲ ။ စာရေးဆရာ တစ်ယောက်ဟာ သူ ရေးမယ့် စာတစ်ပုဒ် အတွက် ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရေးလို့ မရနိုင်ပါဘူး ။

➽ ဆရာမက ဝတ္ထု တစ်ပုဒ်ကို ရေးတော့မယ်ဆိုရင် အကြောင်းအရာ ၊ အချက်အလက်တွေ သာမက ဇာတ်ဝင်အိမ် ပုံစံတို့ ဘာတို့ ကိုပါ ဆွဲထားတတ်တယ်လို့ ကြားဖူးပါတယ် ။ အဲဒါတွေကကော ဝတ္ထုရေးတဲ့ နေရာမှာ ဘယ်လို အထောက်အကူ ပြုပါသလဲ ။

ကျွန်မ အတွက်ကတော့ ကျွန်မရေးမယ့် ဝတ္ထုရဲ့ ဇာတ်ကောင်များနဲ့ ပတ်သက်တဲ့ နေရာ အနေအထားများဟာ အင်မတန် အရေးကြီးပါတယ် ။ ကျွန်မက အဖြစ်အပျက်အားလုံးအတွက် မြေပုံကိုတောင် ချဆွဲထားတာပါ ။ နိုင်ငံ အတွင်းမှာရှိတဲ့ နေရာဒေသတွေရဲ့ အမည်မှန်ကို သုံးတယ် ။ အဲဒီနေရာတွေကလည်း ကျွန်မနဲ့ ရင်းနှီးပြီးသား နေရာတွေဖြစ်ပါတယ် ။ ဒီနာမည်တွေကို သုံးပြီး ကျွန်မ ဝတ္ထုအတွက် ဇာတ်ဝင် နေရာတွေကို တည်ဆောက်ယူပါတယ် ။

ဝတ္ထုတို ရေးရင်လည်း ကျွန်မ အတွက်ကတော့ အားထုတ်မှု အတူတူ ပါပဲ ။ ဘယ်မြို့ ၊ ဘယ်အိမ် ၊ အိမ်တွင်း အပြင်အဆင်က ဘယ်လို စသဖြင့် တိတိကျကျ တည်ဆောက်ယူပြီးမှသာ ကျွန်မရေးပါတယ် ။ အဲဒီလို တည်ဆောက်ပြီးသား နေရာထဲကို ကျွန်မ ဇာတ်ကောင်တွေ ချလိုက်တဲ့ အခါမှာတော့ တစ်ခါတစ်ရံ ကျွန်မ မမျှော်လင့်တဲ့ လှုပ်ရှားမှုတွေကို သူတို့ လုပ်လာတာလည်း ရှိတတ်ပါတယ် ။

➽ ဆရာမရဲ့ စာရေးနည်း သင်တန်းသားတွေကို ဘယ်လို လေ့ကျင့်ခန်း မျိုးတွေ လုပ်ခိုင်းတတ်ပါသလဲ ။

ကျွန်မ ထင်တာကတော့ စာမရေးခင် ကြိုတင် ပြင်ဆင်မှုလုပ်ခြင်းဟာ စာရေးတဲ့ နေရာမှာ အများကြီး အထောက်အကူပြုတာ ဖြစ်တဲ့အတွက် စာရေးနည်းသင်တန်း တက်နေကြတဲ့ ကျွန်မ တပည့် သင်တန်းသားများကို အဲဒီလို လုပ်ကြဖို့ သင်ကြား ပို့ချပေးပါတယ် ။ နေရာတွေ တည်ဆောက်ရမယ် ၊ ဇာတ်ကောင်တွေရဲ့ စရိုက်တွေကို ပြင်ဆင်ရမယ် ၊ ဇာတ်ရှိန် အရ ဇာတ်ကောင်တွေရဲ့ စရိုက်များဟာလည်း ပီပြင်ပေါ်လွင် လာပါလိမ့်မယ် ။ သင်တန်းသားတွေကို ကျွန်မ လေ့ကျင့်ခိုင်းတာ ကတော့ အဖြစ်အပျက် တစ်ခုတည်းကို ရှုထောင့် ၃ နေရာကနေ အရေးခိုင်းခြင်း ဖြစ်ပါတယ် ။ အဲဒီလို ရေးလိုက်တဲ့ အခါမှာ ပထမ ဇာတ်ကောင် နေရာက ရေးတာနဲ့ တတိယ ဇာတ်ကောင် ဇာတ်ကြောင်း ပြန်သူ နေရာက ရေးတာဟာ ကွာခြားသွားတတ်တာကို သူတို့ လက်တွေ့သိရှိ သွားပါတယ် ။

➽ ဆရာမ ပြောတဲ့ အထဲ မှာ အနီးကပ်ဆုံး ဇာတ်ကြောင်းပြန်သူ ( Close Third Person ) လို့ သုံးထားတာ ပါပါတယ် ။ အဲဒါ ဘာကို ရည်ရွယ်ပါသလဲ ။

ဇာတ်ကြောင်းပြန်သူက တတိယ ပုဂ္ဂိုလ်တော့ ဖြစ်တယ် ။ ဒါပေမဲ့ သူ က ဇာတ်ကောင်များနဲ့ အနီးကပ်ဆုံးနေသူ ဖြစ်တဲ့အတွက် ကျွန်မ အနေနဲ့ စာရေးရာမှာ အဲဒီလို ပုဂ္ဂိုလ်နေရာက ရေးရတာကို ကြိုက်ပါတယ် ။ စာ ရေးရင် ကျွန်မ နားထဲမှာ အဲဒီ ပုဂ္ဂိုလ်ရဲ့.စကားတွေကို ကြားယောင်မိတယ် ။ တစ်ယောက်ယောက်က လာပြောနေသလိုပေါ့ ။

➽ ဆရာမက The Last Girls ဝတ္ထုကိုရေးတဲ့ နေရာမှာ ဇာတ်ကောင်ရဲ့ ခံစားမှုကို ပေါ်လွင်အောင် ကဗျာထည့် သုံးသွားတာ တွေ့ရပါတယ် ။ ဝတ္ထုထဲမှာ အဲဒီလို ကဗျာညှပ် သုံးတာက စွန့်စားရာ မကျလွန်းဘူးလား ။ ဘာကြောင့် အဲဒီလို ကဗျာညှပ်သုံးတာလဲ ။

အဲဒီဝတ္ထုမှာ ကျွန်မ ဇာတ်ကောင် Baby က ၁၉၆ဝ ခုနှစ်များအတွင်းတုန်းက ကဗျာတွေ လေ့လာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ် ။ ဒါပေမဲ့ ဝတ္ထုအစဖြစ်တဲ့ သူမရဲ့ သူငယ်ချင်းတွေ မစ္စစ္စပီမြစ် ကို စုန်ဆင်းကြတဲ့ အချိန်မှာ Baby က ကွယ်လွန် သွားခဲ့ပါပြီ ။ သူငယ်ချင်းတွေက သူ့ အမှတ်တရအဖြစ် သူ့ကဗျာတွေကို ရွတ်ဆိုကြတယ်လို့ ကျွန်မ ထည့်ခဲ့တာပါ ။ အဲဒီမှာ သူ့အသံ မပါပါဘူး ။

အဲဒါနဲ့ ပတ်သက်လို့ လည်း ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး ။ ဒီ ဝတ္ထုတွေကို ကျွန်မ မနက်ပိုင်းတွေမှာ ရေးပါတယ် ။ အိမ်ပြင်ထွက်ပြီး နေပူဆာလှုံရင်း ရေးခဲ့တာပေါ့ ။ တစ်နေ့ မှာတော့ ကျွန်မ နားထဲမှာ Baby အသံနဲ့ ကဗျာ ရွတ်တာတွေ ကြားလာရတယ် ။ အဲဒါကို ကျွန်မ ချရေး လိုက်တာပဲ ။ ကြားကြားချင်း ဆိုတော့ မေ့သွားမှာ စိုးတာနဲ့ အနားမှာ ရှိတဲ့ ချက်လက်မှတ် စာအုပ်ပေါ်မှာ ရေးလိုက်မိတယ် ။ နောက်တော့မှ စာရွက် တစ်ခုပေါ်မှာ ပြန်ကူးယူရတယ် ။ အဲဒီလို ထူးခြားမှု ရှိခဲ့တယ် ။ ဒါကြောင့်လည်း သူ့ အသံလေး ဝတ္ထုထဲမှာ ပါချင်ရှာလို့ပဲ လို့ တွေးပြီး ထည့်ခဲ့တာပါ ။ စာရေးတာကို ရပ်လိုက်ပြီး Baby ရဲ့ ကဗျာတွေကို ကျွန်မ နားထဲမှာ ကြားရတဲ့အတိုင်း လိုက်ကူးထားတယ် ။ ဝတ္ထုကို တကယ်ရေးတဲ့ အချိန်မှာ ဒီကဗျာတွေက တော်တော်လေး အထောက်အကူ ပြုခဲ့ပါတယ် ။

➽ ဆရာမက စာလည်း တော်တော် ဖတ်တယ်လို့ သိရပါတယ် ။ စာဖတ်ခြင်းက ဘယ်လောက်အထိ အထောက်အကူ ပြုပါသလဲ ။

သူများရေးတဲ့ စာတွေကို ကိုယ့်အသံနဲ့ ဖတ်ကြည့်ပါ ။ အဲဒီအခါမှာ ကိုယ်ရေးတာနဲ့ ဘယ်လို ကွာခြားတယ် ၊ ကိုယ့် အယူအဆနဲ့ သူ့ အယူအဆ ဘယ်လို ခားနားတယ် ဆိုတာလည်း တွေ့လာပါလိမ့်မယ် ။ ကျွန်မအတွက်ကတော့ စာဖတ်ခြင်းဟာ အင်မတန် အရေးကြီးပါတယ် ။ စာရေးချိန် နဲ့ စာဖတ်ချိန်ဟာ ဆတူ လောက် ရှိပါတယ် ။

➽ စာရေးချင်သူတွေ အတွက် ဆရာမအနေနဲ့ ဘယ်လိုများ အကြံပေးချင်ပါသလဲ ။

ကျွန်မ တစ်ဦးချင်း အနေနဲ့ ပြောရမယ် ဆိုရင် စာရေးခြင်းဟာ အင်မတန် အံ့သြစရာ ကောင်းတဲ့ကိစ္စ တစ်ခု ဖြစ်ပါတယ် ။ စာရေးရတာကို ကျွန်မ ချစ်မြတ်နိုးတယ် ။ ရေးပြီးသား စာမူကို ပြန်ဖတ်ရတာကိုလည်း ကျွန်မ ပျော်မွေ့တယ် ။ ကိုယ်ရေးတာကို ပြန် ဖတ်ပြီး ပြင်ရင်း ပြင်ရင်းက တစ်ခါတလေမှာ ဇာတ်ကောင်တွေရဲ့ စရိုက်က ပိုပြီး အသက်ဝင်လာပါတယ် ။ တစ်ခါတလေမှာ တချို့က ကျွန်မကို မေးတယ် ။ အစအဆုံး ရေးပြီး မထုတ်ဝေဖြစ်တဲ့ ဝတ္ထု ရှိသလားတဲ့ ။ သိပ်ရှိတာပေါ့ ။ ရေးပြီးမှ ကိုယ့်ဘာသာကိုယ် မကြိုက်လို့ သိမ်းထားလိုက်တဲ့ ဝတ္ထုတွေလည်း ရှိတာပေါ့ ။

ဒါကြောင့် စာရေးဖို့ကြိုးစားနေတဲ့ လူတွေကို အဲဒါလေးတွေ သိစေချင်တယ် ။ ရေးပြီးတဲ့ စာမူတိုင်းဟာ ပုံနှိပ်စာလုံး ဖြစ်ချင်မှ ဖြစ်လာပါလိမ့်မယ် ။ ဖြစ်မလာလို့ စိတ်ဓာတ် မကျပါနဲ့ ။ စာရေးချင်တဲ့ စိတ်ဓာတ်ပျက်ပြား မသွားအောင် အားပေးနိုင်တဲ့ သူဟာ မိမိကိုယ် မိမိပဲ ဖြစ်ပါတယ် ။ ခေါင်းထဲမှာ ပေါ်လာတာနဲ့ ချရေးလို့ရပြီလို့ မတွေးလိုက်ပါနဲ့ ။ ဒီ ဝတ္ထုကို ရေးဖို့လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေစုစည်းပါဦး ။ ပြည့်စုံပြီ ဆိုတော့မှသာ ချရေးပါ ။ ပြန်ဖတ်ပါ ။ ပြင်ဆင်ပါ ။ ပြန်ရေးပါ ။ ပြီးတော့မှသာ အယ်ဒီတာ လက်ကိုအပ်လိုက်ပါ ။

▢ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
     ၂၀၁၀ ပြည့်နှစ် ၊ မေလ

No comments:

Post a Comment