❝ ချစ်ညီမေတ္တာ ❞
( ပုံပြင် )
တစ်ခါတုန်းကပေါ့ကွယ် ။ မြို့တစ်မြို့ရဲ့ အစွန်နားမှာ သူဌေးကြီး တစ်ဦး ရှိသတဲ့ ။ အဲဒီ သူဌေးကြီး မှာတော့ သားနှစ်ယောက်ရှိတယ် ။ သားအကြီးမောင်နန္ဒကတော့ ရုပ်ဆိုးသလောက် အလှအပကို သိပ်ကြိုက်တယ် ။ အဝတ်အစား လှလှပပကို နေ့တိုင်း ထည်လဲ ဝတ်ဆင်တယ် ။ အစားအသောက်ဆိုလည်း အလွန် ကောင်းတယ်ဆိုတဲ့ အစားအစာကိုမှ စားတယ် ။ အသုံးအဖြုန်း အင်မတန် ကြီးတာပေါ့ကွယ် ။ သားအငယ် မောင်ဝဏ္ဏကတော့ ရုပ်ကလေး သိပ်ချော ၊ သိပ်လှတော့ ပြင်ဆင်စရာမလိုဘဲ ရွှေမင်းသားလေးလို ချောမွေ့လှပနေတာပေါ့ ။ မောင်ဝဏ္ဏဟာ သူ့အစ်ကိုကြီးလို မဟုတ်ဘဲ ရိုးရိုးကုပ်ကုပ်နဲ့ ချွေတာခြိုးခြံပြီး နေထိုင်စားသောက်တတ်သတဲ့ ။ မောင်နန္ဒဟာ ဆင်းရဲသားတွေ အစေခံတွေက အစ သူ့ရဲ့ဖခင်အထိ မာကျောခက်ထန်တဲ့စကားလုံးကို သုံးနှုန်းပြီး ပြောဆိုဆက်ဆံတယ် ။ ဒါကြောင့်မို့ အစေခံတွေက သူ့ကို အလွန်မုန်းတယ် ။ မောင်ဝဏ္ဏကတော့ အပြောချိုသာတယ် ။ သဘောကောင်းတယ် ။ သနားတတ်တယ် ဆိုတော့ လူတိုင်းဟာ မောင်နန္ဒကို မုန်းသလောက် မောင်ဝဏ္ဏကို ချစ်ခင် လေးစားကြတယ် ။ ဒါကတော့ သဘာဝပဲပေါ့ ကလေးတို့ရယ် ။ လူတွေဟာ အပြောဆိုး ၊ သဘောဆိုးတဲ့ လူကို ဘယ်ခင်ပါ့မလဲ ကွယ် ။ အပြောကလည်း ချို ၊ သဘောကလည်း ကောင်း ၊ စေတနာလည်း ကောင်းတဲ့ သူကိုသာ ချစ်ခင်တတ်စမြဲပေါ့ ။
တစ်နေ့တော့ သူဌေးကြီးဟာ နာမကျန်း ဖြစ်ရင်းက စဉ်းစားမိတယ်တဲ့ကွယ် ။ သူ့သားကြီး မောင်နန္ဒဟာ ဆိုးတယ် ။ ဒါကြောင့် အကယ်၍ သူများ သေသွားရင် သူ့သားကြီးဟာ သူ့ရဲ့ ဆိုးဝါးလှတဲ့ ဆက်ဆံမှုကြောင့် ဒုက္ခရောက်မယ် ။ ဆင်းရဲမယ် ။ သားအငယ် မောင်ဝဏ္ဏ ကတော့ လိမ္မာရေးခြား ရှိတာမို့ ချမ်းသာမယ် ဆိုတာ သူဌေးကြီးက တွေးမိတယ် ။ ဒါကြောင့်မို့ သူဌေးကြီးဟာ သူမသေခင်မှာပဲ သူ့ရဲ့သားတွေကို ပစ္စည်း ခွဲဝေပေးတယ်တဲ့ ။ သားကြီးကို ပစ္စည်းဥစ္စာရဲ့ သုံးပုံနှစ်ပုံ ပေးပြီး သားအငယ် ကိုတော့ ပစ္စည်းဥစ္စာရဲ့ သုံးပုံတစ်ပုံ ပေးတယ် ။ မောင်ဝဏ္ဏ ကလည်း ကျေကျေနပ်နပ်ပဲပေါ့ကွယ် ။ မိဘဟာ ဆိုးတဲ့ သားသမီး ဖြစ်ပေမယ့် အသနားကြင်နာတော့ ပိုစမြဲပါပဲ ။
သူဌေးကြီးလည်း ပစ္စည်းတွေ ခွဲဝေပြီးတဲ့နောက် ကွယ်လွန်သွားတဲ့အခါ မောင်နန္ဒနဲ့ မောင်ဝဏ္ဏ နှစ်ယောက်ထဲ ကျန်ခဲ့တာပေါ့ကွယ် ။ မောင်နန္ဒက သူ့အပေါင်းအဖော်တွေနဲ့ သောက်စားမူးယစ်ဖြုန်းသုံးနေတယ် ။ သစ္စာမရှိတဲ့ သူ့ရဲ့ အပေါင်းအဖော်တွေဟာ မောင်နန္ဒ သေရည်သေရက်သောက်ပြီး မူးယစ်နေတုန်း မသိမသာနဲ့ အဖိုးတန်ပစ္စည်း ကျောက်သံပတ္တမြားတို့ တဖြည်းဖြည်း ခိုးယူသွားကြတယ် ။ ဒါနဲ့ မောင်နန္ဒရဲ့ ပစ္စည်းဥစ္စာတွေဟာ တဖြည်း ဖြည်းနဲ့ လုံးပါးသွားတယ် ။ နောက်တော့ ညီဖြစ်သူ မောင်ဝဏ္ဏရဲ့ ပစ္စည်းဥစ္စာတွေကို ယူပြီး သုံးစွဲ ပြန်တယ် ။ မောင်ဝဏ္ဏက အငယ်မို့ သူ့ရဲ့ အစ်ကိုကြီးကို ဘာမှ မပြောရဲရှာဘူး ။ ဒါပေမယ့် မောင်ဝဏ္ဏလေးဟာ ဒီအတိုင်း နေရင် ပစ္စည်းတွေ တဖြည်းဖြည်း ကုန်ပြီး ဆင်းရဲမှာကို တွေးမိတယ် ။ ဒါကြောင့် မောင်ဝဏ္ဏဟာ ကျယ်ဝန်းလှတဲ့ ခြံထဲမှာ ဟင်းသီးဟင်းရွက် သစ်ပင်ပန်းပင်တို့ကို စိုက်ပြီး ရောင်းစားရသတဲ့ကွယ် ။ တစ်နေ့တော့ သူ့ရဲ့ ခြံထွက် ဟင်းသီးဟင်းရွက်တွေကို မြို့ထဲ သွားရောင်းပြီး ပြန်အလာမှာ လမ်းခုလတ်မှာ အသက်ကြီးလှတဲ့ အဘိုးကြီးဟာ သူ့ခြံထဲမှာ မြေကြီးကို ပေါက်တူးနဲ့ ပေါက်နေတာကို တွေ့ရသတဲ့ ။ အဘိုးကြီးဟာ မနိုင်မနင်းနဲ့ တုန်တုန်ရီရီ ဖြစ်ပြီး ချွေးတွေဟာ တစ်ကိုယ်လုံးမှာ ရေစက်လိုပဲ ရွဲစိုနေတယ် ။ မောင်ဝဏ္ဏ မြင်တော့ အလွန် သနားသွားပြီး အဘိုးကြီးဆီက ပေါက်တူးကို တောင်းပြီး ကူညီလုပ်ကိုင်ပေးလိုက်တယ် ။ အဘိုးကြီး ဟာလည်း မောင်ဝဏ္ဏကို ကျေးဇူးတင်လွန်းတာနဲ့ရွှေရောင်ဝင်းပြီး ကြီးမားလှတဲ့ သရက်သီးကြီးတစ်လုံးကို စားဖို့ ပေးလိုက်သတဲ့ ။ နောက်ပြီး မျိုးစေ့ကိုလည်း သေချာစွာ စိုက်ထားဖို့ မှာကြားပြောဆိုတယ် ။
မောင်ဝဏ္ဏဟာ အဘိုးကြီး မှာကြားတဲ့အတိုင်း ခြံထဲမှာ ဂရုတစိုက်နဲ့ စိုက်ပျိုးထားတယ် ။ မကြာခင်မှာပဲ သရက်ပင်ဟာ ကြီးမားဖွံ့ဖြိုးလာပြီး ရွှေရောင်ဝင်းတဲ့ သရက်သီးတွေ သီးသတဲ့ ။ အဲဒီ သရက်သီးရဲ့ အရသာဟာလည်း နတ်သြဇာတမျှ အလွန်ကောင်းမွန် မွှေးကြိုင် သတဲ့ကွယ် ။ အဲဒီအချိန်မှာ အစ်ကိုကြီး မောင်နန္ဒရဲ့ လက်ထဲမှာ ပစ္စည်းဥစ္စာတွေဟာ လုံးလုံး မရှိ တော့တဲ့ အချိန်ပေါ့ ။ ဒါနဲ့ ညီဖြစ်တဲ့ မောင်ဝဏ္ဏဟာ သရက်သီးတွေ ဆွတ်ပြီးလှည်းနဲ့ တိုက်ယူပြီး မြို့ထဲ သွားရောင်းလိုက်တာ တစ်ခဏချင်း ကုန်သွားတယ် ။ ပိုက်ဆံ အမြောက်အမြား ရလာတယ် ။ အဲဒီ ပိုက်ဆံတွေကို ငါးပုံပုံပြီး နှစ်ပုံစီကို သရက်သီးပေးတဲ့ အဘိုးကြီးရယ် ၊ သူ့အစ်ကိုကြီးရယ်ကို ပေးလိုက်တယ် ။ အဲဒီလို များလှတဲ့ ပိုက်ဆံကြေးငွေကို မြင်တော့ ။ အစ်ကိုကြီး မောင်နန္ဒဟာ သရက်ပင်ကြီးကို ပိုင်ဆိုင်လိုတာပေါ့ကွယ် ။ အဲဒါနဲ့ အကွက်ရှာနေတုန်း ညီဖြစ်တဲ့ မောင်ဝဏ္ဏဟာ ပင်ပန်းပြီး ဖျားနေတာနဲ့ အဆင်သင့်သွားတယ် ။ မောင်နန္ဒဟာ မောင်ဝဏ္ဏရဲ့ သရက်ပင်ကို ရေလောင်းပေးတယ် ။ မောင်ဝဏ္ဏကတော့ မောင်နန္ဒရဲ့အကြံအစည်ကို မသိတော့ သူ့အစ်ကိုကြီးဟာ သူ့ကို ကြင်နာကရုဏာ ရှိသေးပါလား ဆိုပြီး ဝမ်းသာနေရှာသတဲ့ ။
မကြာခင်မှာပဲ မောင်ဝဏ္ဏက အဖျားပျောက် သွားတာနဲ့ သူ့အစ်ကိုကြီးကို သူပဲ ရေ ဆက်လောင်းပါမယ် ။ အစ်ကိုကြီး ပင်ပန်းနေပါ့မယ်လို့ ကရုဏာနဲ့ ဆိုသတဲ့ ။ အဲဒီအခါ မောင်နန္ဒ က “ အို .. မင်းနဲ့ ဘာဆိုင်လို့တုန်း ။ အခု ငါရေလောင်းတာ ငါ့အပင်ပဲ ။ မင်းအပင် မဟုတ်ဘူး ။ ငါ ရေမလောင်းရင် မင်းအပင် သေမှာ ။ ငါရေလောင်းလို့ အပင် ရှင်လာတာ ။ ဒါ ငါ့အပင် ” လို့ဆိုပြီး မောင်ဝဏ္ဏကို အော်ထုတ်လိုက်သတဲ့ကွယ် ။ အဲဒီတော့မှ မောင်ဝဏ္ဏဟာ သူ့အစ်ကိုကြီး ရက်စက်ကောက်ကျစ်ပုံကို သိရတဲ့ အတွက် အလွန် ဝမ်းနည်းသွားတယ် ။ အဲဒါကြောင့် မောင်ဝဏ္ဏ ဟာ တောအုပ်ထဲ တစ်ယောက်တည်း ထွက်သွားပြီး သစ်ပင် တစ်ပင်အောက်မှာ ထိုင်လို့ ခေါင်းငိုက်ဆိုက်နဲ့ ဝမ်းနည်းစွာ ငိုကြွေး နေသတဲ့ကွယ် ။ အဲဒီအချိန်မှာ သူ့ပခုံးကို ညင်သာစွာ လက်နဲ့ လာပုတ်တာနဲ့ မော့ကြည့်လိုက်တဲ့အခါ သူ့ကို သရက်သီး ပေးလိုက်တဲ့ အဘိုးကြီးကို တွေ့ရသတဲ့ ။ အဘိုးကြီးကို အကြောင်းစုံ ပြောပြလိုက်တဲ့အခါ အဘိုးကြီးက “ ငါ့သားရယ် ... ယောက်ျားပဲကွယ် ။ စိတ်တင်းလိုက်ပါ ။ နောက်ပြီး ဟောဒီက အဘိုး ပေးလိုက်တဲ့ မျိုးစေ့သုံးစေ့ ကိုကောင်းမွန်စွာ စိုက်ပါ ” လို့ပြောလိုက်သတဲ့ ။
မောင်ဝဏ္ဏ ကလည်း အဘိုးကြီး မှာကြားပြောဆိုတဲ့ အတိုင်း အဲဒီ မျိုးစေ့သုံးစေ့ကို စိုက်ထားတယ် ။ မကြာခင်ပဲ အဲဒီ အပင်သုံးပင်က ကြီးမားလှတဲ့ ရွှေဖရုံသီး ၊ ကျောက်ဖရုံသီး ၊ ဘူးသီးတွေ သီးသတဲ့ ။ ဒါနဲ့ မောင်ဝဏ္ဏလည်း အဲဒီ အသီးတွေကို လှည်းနဲ့ တိုက်ပြီး မြို့ထဲကို သွားရောင်းတယ် ။ လူတွေဟာ အံ့ဩလောက်အောင် ကြီးမားလှတဲ့ ရွှေဖရုံသီး ၊ ကျောက်ဖရုံသီး ၊ ဘူးသီးတွေကို သူ့ထက်ငါ လုယူပြီး ဝယ်ကြတယ် ။ ခဏလေးနဲ့ပဲ ရောင်းလို့ ကုန်သွားတယ် ။ မောင်ဝဏ္ဏဟာ ရတဲ့ပိုက်ဆံနဲ့ အဘိုးကြီး အတွက်နဲ့ သူ့အစ်ကိုကြီး အတွက် ဆိုပြီး အင်္ကျီ အဝတ်အစားတွေ ဝယ်လာတယ် ။ မောင်ဝဏ္ဏဟာ သူ့အစ်ကိုကြီး အပေါ် အမျက်အငြိုးမထားရှာဘူး ။
မောင်ဝဏ္ဏက မြို့က အပြန်မှာ သူ့ကျေးဇူးရှင် အဘိုးကြီးကို ပစ္စည်းဥစ္စာတွေနဲ့ သွားကန်တော့တာပေါ့ကွယ် ။ အဘိုးကြီးက သာဓုခေါ်ပြီး ကြုတ်ကလေး တစ်ခု ယူလာပြီး မောင်ဝဏ္ဏ ရှေ့မှာ ဖွင့်လိုက်တယ် ။ မောင်ဝဏ္ဏရဲ့ မျက်စိတောင် ကြိမ်းသွားတယ် ။ ဘာပြုလို့လဲ ဆိုတော့ ကြုတ်ကလေး ထဲမှာ နဝရတ်ကိုးပါးစီချယ်ထားတဲ့ အင်မတန် လှတဲ့လက်စွပ်ကြောင့်ပေါ့ကွယ် ။ အဘိုးကြီးက အဲဒီလက်စွပ်ကို ယူပြီး မောင်ဝဏ္ဏ လက်မှာ စွပ်ပေးလိုက်တယ် ။ မောင်ဝဏ္ဏက “ မယူပါရစေနဲ့ အဘိုးရယ် ” လို့ပြောတဲ့အခါ အဘိုးကြီးက “ ဒီလက်စွပ်ဟာ ဘိုးစဉ်ဘောင်ဆက်က သိမ်းလာခဲ့တဲ့ လက်စွပ်ပါ ။ မောင်ဝဏ္ဏကို သားအရင်းလို ချစ်တဲ့ အတွက် ပေးကြောင်းကို ပြောပြတယ် ။ နောက်ပြီး မောင်ဝဏ္ဏကို သားရယ် နောက် ( ၇ ) ရက်မြောက်ရင် ဒီလက်စွပ်ကို ဝတ်ခဲ့ပြီး အဘ တည်းခိုမယ့် ရတနာသီရိမြို့တော်ကို တစ်ယောက်တည်း လာခဲ့ပါ ” လို့ပြောကြား လိုက်တယ်တဲ့ ။
မောင်ဝဏ္ဏ ကလည်း သူ့အစ်ကိုကြီးကို ( ၇ ) ရက်မြောက်တဲ့ နေ့မှာ ခြံထဲမှာ ရှိတဲ့ အသီးအနှံနဲ့ ပစ္စည်းတွေကို လွှဲအပ်ပြီး ရတနာသီရိ ဆိုတဲ့ မြို့တော်ကို လိုက်သွားတယ် ။ ရတနာသီရိ မြို့ဝ ရောက်တော့ မြို့စောင့်တွေက သူ့လက်ကိုဖမ်းပြီး လက်ကို ကြည့်တယ် ။ နောက်ပြီး မင်းဘဏ္ဍာတော် သူခိုးဆိုပြီး လက်ပြန်ကြိုး တုပ်ပြီး ဖမ်းသွားတာပေါ့ကွယ် ။ မောင်ဝဏ္ဏ ကတော့ ဘုမသိဘမသိ ပါသွားတာပေါ့ ။ အဲဒါနဲ့ ခမ်းနား ကြီးကျယ်လှပတဲ့ နန်းတော်ကြီး အတွင်း သူ့ကို ခေါ်သွားတယ် ။ နောက်ပြီး ဘုရင်မင်းမြတ် ရှေ့တော်မှောက် သွင်းပြီး အရှင်မင်းမြတ်၏ ဘဏ္ဍာတော် သူခိုးကို လက်ရဖမ်းဆီးမိ၍ တင်ဆက်ပါကြောင်းကို လျှောက်တင်တယ် ။
မောင်ဝဏ္ဏ ကိုလည်း ဒီလက်စွပ်ကို ဘယ်ရသလဲ ။ ဘယ်သူ ပေးသလဲ ။ မောင်မင်း ခိုးတာ အမှန်ပဲလားလို့ မေးတယ် ။ မောင်ဝဏ္ဏကတော့ ရှင်ဘုရင်မင်းမြတ်ကို ဖူးခွင့် မရသေးတာမို့ ရှင်ဘုရင်ကို မမြင်ရသေးဘူးပေါ့ကွယ် ။ မောင်ဝဏ္ဏက စဉ်းစားမိတယ်တဲ့ ။ “ ဒီလက်စွပ်ကို ဒီမြို့က အဘိုးကြီးတစ်ယောက်ပေးတယ် ဆိုရင် အဘိုးကို လိုက်ရှာပြီး ဖမ်းတော့မယ် ။ အဘိုးဟာ ငါ့ရဲ့ကျေးဇူး ရှင်ဖြစ်တာမို့ ငါပဲ အဖမ်းခံလိုက်မယ် ” လို့ စဉ်းစားမိပြီး သူပဲ ဒီပစ္စည်းကို ခိုးမိပါကြောင်း လျှောက်တင်တယ် ။
အဲဒီအခါမှာ ရှင်ဘုရင်ကြီးဟာ နန်းတွင်းညီလာခံမှာ ရှိတဲ့ မင်းညီမှူးမတ်ဗိုလ်ပါနှင့် တစ်ကွ နန်းတွင်းသူ နန်းတွင်းသားတို့ကို မိန့်ဆိုတော်မူသတဲ့ ။ သူဟာ အသက်အရွယ် ကြီးရင့်လှပြီ ။ဒါ့အတွက် ထီးနန်းအပ်နှင်းရန် သားတော် မထွန်းကားတဲ့ အတွက်အရည်အချင်းနဲ့ ပြည်စုံတဲ့ မင်းလောင်း ကို ရှာရန် ရုပ်ဖျက်၍ မောင်ဝဏ္ဏ နေသော မြို့တွင်းမှာ သွားရောက်ပြီး မင်းလောင်းကို ရှာတဲ့အကြောင်း ၊ မောင်ဝဏ္ဏ ဟာ သနားတတ်တယ် ၊ ကူညီတတ်တယ် ၊ ဇွဲ ၊ လုံ့လ ၊ ဝီရိယနဲ့လည်း ပြည့်စုံပြီး သစ္စာရှိကြောင်းကို မိန့်တော်မူတယ် ။ နောက် မောင်ဝဏ္ဏကို အိမ်ရှေ့အရာ ပေးပြီး သူရဲ့ အင်မတန် ချောမွေ့လှပတဲ့ သမီးတော် စန္ဒာမဟေသီ နဲ့ စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားပေးလိုက်သတဲ့ကွယ် ။
အဲဒီအကြောင်းကို အစ်ကိုကြီးမောင်နန္ဒ ကြားတော့ မနာလို ဖြစ်တယ်။ ဒါကြောင့် ရတနာသီရိမြို့တော်ကို လိုက်သွားတယ် ။ အဲဒီအချိန်မှာ မောင်ဝဏ္ဏနဲ့ စန္ဒာမဟေသီ တို့လည်း ပန်းပေါင်းဝေဝေဆာဆာနဲ့ နတ်ဗိမာန် နတ်ဥယျာဉ်လို လှပတဲ့ နန်းဥယျာဉ်တော်ကြီးမှာ ရွှေ လက်တွဲလို့ ချစ်ပွဲ နွှဲနေကြတာပေါ့ကွယ် ။ အစ်ကိုကြီး မောင်နန္ဒဟာ လေး ၊ မြားဆွဲပြီး ဥယျာဉ်တွင်း ကို တိတ်တဆိတ် ခိုးဝင်တယ် ။ မောင်ဝဏ္ဏရဲ့ ပျော်ရွှင်နေတာကို မြင်တော့ အင်မတန် မနာလိုဖြစ်ပြီး မောင်ဝဏ္ဏရဲ့ အသက်ကို သ,တ်ပြီး အိမ်ရှေ့စံမင်းသား အဖြစ်လုဖို့ ကြံရွယ်ပြီး မြားကို မောင်ဝဏ္ဏရဲ့ ရင်ဝကို ချိန်ထားတာပေါ့ကွယ် ။ မောင်နန္ဒဟာ မောင်ဝဏ္ဏကို တစ်ချက်တည်း သေစေလိုတဲ့ ဆန္ဒနဲ့ လေးကြိုးကို တအား ဆွဲပြီး ပစ်လိုက်တယ် ။ လေးကြိုး အဆွဲလွန်သွားတာ ကြောင့် မြားဟာ မောင်ဝဏ္ဏ ဆီမရောက်ဘဲ သူ့ဗိုက်ကိုသာ ဖောက်ပြီး ထွက်သွားတယ်တဲ့ ။ မောင်နန္ဒလည်း နာကျင်စွာ အော်လိုက်တဲ့ အသံကို အစောင့်တွေ ကြားတဲ့အတွက် လိုက်ရှာကြတယ် ။ တွေ့တယ်ဆိုရင်ပဲ သ,တ်မလို့ လုပ်ကြတယ် ။ မောင်ဝဏ္ဏလည်း သူ့အစောင့်တွေကို မသတ်ဖို့ ပြောပြီး သူ့ရဲ့အစ်ကိုကြီးကို ဆေးဝါးနဲ့ အထူးဂရုစိုက်ကုသပေးရှာတယ် ။ ဘယ်လောက် စိတ်ကောင်းရှိတဲ့ မောင်ဝဏ္ဏကလေးလဲနော် ။
အဲဒါနဲ့ မောင်နန္ဒလည်း အသက်ချမ်းသာရာ ရပြီး သူ့အမှားအတွက် လွန်စွာ နောင်တ တရားရသွားတယ် ။ သူဟာ သူ့ညီအပေါ် ဘယ်လောက် ကောက်ကျစ်ယုတ်မာပေမယ့် သူ့ညီဟာ သူ့အပေါ် စေတနာမေတ္တာထားတာကို တွေ့ရလို့ သူဟာ အင်မတန်ပဲ သူ့အမှား အတွက် သတိသံဝေဂ ရပြီး သူ့ညီ ဖြစ်တဲ့ မောင်ဝဏ္ဏ ကို သူ့အမှားတွေကို ခွင့်လွှတ်ဖို့ တောင်းပန်သတဲ့ ။ မောင်ဝဏ္ဏ ကလည်း မူလကတည်းက ခွင့်လွှတ်ပြီးပေါ့ကွယ် ။ အစ်ကိုကြီး မောင်နန္ဒ ဟာ မြွေစွယ် ကျိုးသလို တာဝန်သိသိနဲ့ စစ်မှူးကြီး အဖြစ် တစ်သက်လုံး နေထိုင်သွားသတဲ့ကွယ် ။
ပုံပြင်ကတော့ ဒါပါပဲကွယ် ။ ဒါကြောင့် မောင်လေး ၊ ညီမလေးတွေလည်း မောင်နှမ အချင်းချင်း တစ်ဦးနဲ့တစ်ဦး ကြင်နာချစ်ခင်တတ်ပါစေ ။ သူတစ်ပါး အကျိုးသယ်ပိုးနိုင်ပြီး လူရည်ချွန်လူရည်မွန်ကလေးဖြစ်ပါစေလို့ မမ ဆန္ဒပြုလိုက်ပါတယ်ကွယ် ။
မောင် ညီမလေးတွေ ရွှင်လန်း ချမ်းမြေ့ပါစေ ... ။
〇 ခင်ပပမိုး
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၈ ၊ ဇူလိုင်
No comments:
Post a Comment