Tuesday, August 5, 2025

ရိုးချောင်းဘေးက ကြာ


 ❝ ရိုးချောင်းဘေးက ကြာ ❞

        ( နှင်းပန်းအိမ် )


“ မျိုးမျိုးကို အလုပ်မှာ ပိုက်ဆံ လိုက်ယူခိုင်းလိုက် ” 


အဖေ ညက သောက်လာတာ များတဲ့အတွက် အမေ့ကို ဈေးဖိုး မပေးနိုင်ဘူး ။ အရက်ခိုးတွေ ဝေနေတဲ့ အဖေ့ကို အမေက လှမ်းအော်လိုက်တယ် ။


“ မနေ့က လုပ်ခကို ပြောနေတာ ။ ဒီနေ့ လိုက်ယူတော့ မနက်ဖြန် ဘယ်လိုစားမလဲ ”


အမေ့ အော်သံကြောင့် မျိုးမျိုးတို့ အိမ်ရှေ့က အမြီးနှစ်ခွက်နဲ့ ငှက်တော်လေး နှစ်ကောင် ကုက္ကိုပင်ပေါ် ကနေ လန့်ပျံသွားတယ် ။


အဖေနဲ့ အမေက မိုးလင်းတာနဲ့ ဒီလိုပဲ အပြန်အလှန် အော်နေကျလေ ။ မျိုးမျိုးကတော့ ပါးသွားပြီ ။ အဖေနဲ့ အမေ ကြားထဲ ဘယ်တော့မှ ဝင်မပါဘူး ။


အိမ်ရှေ့ရေမြောင်းလေးကနေ မျက်နှာသစ်ရင်းနဲ့ လှမ်းကြည့်နေလိုက်တယ် ။


အမေက “ မျိုးမျိုး လာစမ်း ” ဆိုတာနဲ့ အသင့် ဖြစ်နေဖို့ပါ ။ တော်ကြာ အမေက အဖေ့ကို မကျေနပ်တာတွေ စုပုံပြီး မျိုးမျိုး ခေါင်းကို လက်နဲ့ တအား ခေါက်လိုက်တာများ မြင်တဲ့သူတွေက အိုးဝယ်ခါနီး အိုးစမ်းတဲ့ အတိုင်းပဲတဲ့ ။ အိုးတော့ မသိဘူး ။ မျိုးမျိုး ခေါင်းတွေမူးပြီး နာလိုက်တာ အရမ်းပဲ ။ ထွက်လာတဲ့ မျက်ရည်ကို အမေ မမြင်အောင် မျက်စိထဲ အမြန် သွင်းပစ်ရတယ် ။ အမေ မြင်ရင် ထပ်ခေါက်ဦးမှာ ။


အဖေ့ မျက်နှာပေါ်က ရေတွေကို ပုဆိုးခါးပုံစနဲ့ သုတ်ရင်း အလုပ်ကို ထွက်သွားတယ် ။ အဖေ ဘာမှ စားမသွားရသလို မျိုးမျိုး တို့လည်း မစားရပါဘူး ။ အမေ့အရင် အိမ်ထောင်နဲ့ ရတဲ့ အစ်ကို နှစ်ယောက်က အဖေနဲ့ အမေ အော်ဟစ် နေကြတာကို နားထောင်ရင်း သူတို့ ဝင်ပြောချင်လို့ ပါးစပ်တပြင်ပြင် ဖြစ်နေကြတယ် ။ အမေက မျက်စောင်းနဲ့ လှမ်းကြည့်ရင်း “ နင်တို့ ဝင်မပါ နဲ့ ” လို့ အသံတိတ် ပြထားလို့သာ ။ အဖေနဲ့ ရတဲ့ ကလေးက မျိုးမျိုးနဲ့  ညီမလေး တိုးတိုးပါ ။ မျိုးမျိုး က ရှစ်နှစ် ၊ ညီမလေးက လေးနှစ် ။ ဒီတော့ အမေ ခိုင်းချင်တာ မှန်သမျှ မျိုးမျိုးက လုပ်ပေးရတယ် ။ တွေ့တဲ့ သူတိုင်းက မျိုးမျိုးကို လူကြီးလေး ကျနေတာပဲတဲ့ ။ ခုလည်း အဖေ့ နောက်ကို လိုက်ဖို့ မျိုးမျိုး ကိုပဲ အမေခိုင်းတယ် ။


“ မျိုးမျိုး နင့်အဖေနောက် လိုက်သွား ။ ရလာတဲ့ ပိုက်ဆံနဲ့ ဈေးဝယ်ခဲ့ ကြားလား ”


“ ဟုတ်ကဲ့ အမေ ”


မျိုးမျိုး ပြောပြောဆိုဆို အဖေ့နောက် ပြေးလိုက်ခဲ့တယ် ။ အဖေက ကုန်းပေါ် ရောက်သွားပြီ ။ မျိုးမျိုးကို မစောင့်ဘဲ ခပ်သုတ်သုတ်နဲ့ လျှောက်သွားတယ် ။ မျိုးမျိုးတို့က မြို့သစ်မှာ နေတာပါ ။ မျိုးမျိုးတို့ ရတဲ့ မြေက စနယ်မြေတွေရဲ့ ရိုးချောင်းဘေးမှာ နေရာရတယ် ။ ရိုးချောင်းက မိုးတွင်းဆို ရေပြည့်နေတယ် ။ နွေဆိုလည်း ပဲခူးမြစ်က မြစ်ရေတွေ ချောင်းထဲကို ဝင်လာတယ် ။ အဲဒီတော့ ရိုးချောင်းထဲမှာ ရေမပြတ်ဘူး ။ ရိုးထဲက ကြာပွင့်တွေက များမှများ ။ ကြာဖူးလေးတွေ ၊ ကြာပွင့်လေးတွေက သိပ်လှတာပဲ ။ ကြာရိုးတွေ ချိုးပြီး ညီမလေးနဲ့ မျိုးမျိုး ဆွဲကြိုးလုပ်ပြီး ဝတ်တယ် ။ ကြာခွက်ထဲက ကြာစေ့လေးတွေကိုလည်း ဗိုက်ဆာရင် သွားခူးစားတယ် ။


ရိုးချောင်းရဲ့ ပြွန်ပေါက်ထိပ်မှာ ငါးဖမ်းတဲ့သူ ၊ ကွန်ပစ်တဲ့သူတွေမှ အများကြီး ။ အဲဒီကရတဲ့ ငါးတွေကို ဈေးကြီးတွေမှာ ရောင်းကြတယ် ။ ငါးတွေက လတ်မှ လတ် ။ တစ်ခါတစ်ရံ သေပြီထင်လို့ ကိုင်လိုက်မှ ထခုန် တတ်တယ် ။ ငါးဘတ်တွေဆို ဝင်းဝါလို့ ။ ဒါကြောင့် “ တောသည် တောသည် ” ဆိုပြီး သိပ်ရောင်းရတာပဲ ။ အမေ နေကောင်းတုန်းက ရောင်းသေးတယ် ။


ပြွန်ထိပ်က ငါးဖမ်းနေတဲ့ ဦးတို့က မျိုးမျိုး ပြန်လာရင် ဆေးလိပ် ၊ ကွမ်းယာ ဝယ်ခဲ့ဖို့ မှာနေတယ် ။ ပိုတာ ယူတဲ့ ။ မျိုးမျိုး ပျော်သွားတယ် ။ ပိုတဲ့ပိုက်ဆံနဲ့ အမေ့အတွက် ဘိန်းမုန့် ဝယ်သွားလို့ရတယ် ။


ရိုးချောင်းကို ပတ်ပြီး ကုန်းပေါ်ကို မျိုးမျိုး နေ့တိုင်း ဈေးဝယ်ရတယ် ။ ဈေးက တော်တော် ဝေးတယ် ။ အဖေ အလုပ်လုပ်တဲ့ နေရာနဲ့တော့ နီးတယ် ။ အဖေ့ဆီက ပိုက်ဆံ ရတာနဲ့ ဈေးဝယ်ရုံပဲ ။ နေ့စဉ် လျှောက်နေကျ ဆိုတော့ ဝေးတယ်လို့ မထင်တော့ဘူး ။


မျိုးမျိုး အဖေ့ဆီ ရောက်တော့ အလုပ်ရှင်က အဖေ့ ကို မာန်နေပြီ ။


“ မင်းတို့က ဘယ်တော့မှ စောစော မလာဘူး ။ နားမပါဘူး ထင်တယ် ဟုတ်လား ။ နေ့တိုင်း ပြောနေရတာပဲ ။ အရက်ကျတော့ နေ့တိုင်းသောက်တယ် ။ အလုပ်ကျတော့ မှန်မှန် မဆင်းချင်ဘူး ”


အလုပ်ရှင် ပြောတာကို အဖေက ဘာမှ ပြန်မပြောဘူး ။ အိမ်မှာ အမေ့ကို ပြောတဲ့ မျက်နှာမျိုးလည်း မဟုတ်ဘူး ။ အအကြီးလို ဖြစ်နေပြီ ။ အဲဒီလို မြင်ရတော့ မျိုးမျိုး အဖေ့ကို သနားတယ် ။ အဖေက ဒီနေ့ လုပ်အားခ ထဲက ငွေတစ်ထောင် ကြိုယူပြီး မျိုးမျိုးကို ပေးလိုက်တယ် ။ အဖေက ကားဘော်ဒီရုံမှာ ဆေးမှုတ်တယ် ။ တစ်နေ့ ထောင့်ငါးရာရတယ် ။ ခု အဖေ ပေးလိုက်တဲ့ ပိုက်ဆံနဲ့ ဆန်တစ်ပြည် ၊ ဆီနှစ်ကျပ်ခွဲသား ၊ ငါးပိ ၊ ငရုတ်သီး အကျက်မှုန့် ၊ သခွားသီးတစ်လုံး ဝယ်ခဲ့တယ် ။ အိမ် ရောက်တော့ အမေက ပစ္စည်း စုံ ၊ မစုံ စစ်တယ် ။ ဘယ်ဆိုင်က ဝယ်လာတာလဲလို့ မေးသေးတယ် ။


“ ထက်ထက်မိုးဦးဆိုင်က ဝယ်တယ် ။ ဆန်က ဆရာမဆိုင်က ဝယ်တယ် ။ ငရုတ်သီးနဲ့ ငါးပိက မြောက်ဥက္ကလာ အဒေါ်ကြီး ဆီက ဝယ်တယ် ”


ထက်ထက်မိုးဦးလို့ မျိုးမျိုးတို့ ခေါ်တဲ့ အစ်မကြီးက ဆံပင်ကို အရှေ့က ဆံမြိတ် ချထားလို့ ခေါ်တာ ။ ဆရာမက မူလတန်းကျောင်းမှာ လုပ်အားပေးဆရာမ လုပ်ဖူးလို့ ခေါ်တာ ။ မြောက်ဥက္ကလာ အဒေါ်ကြီးက မျိုးမျိုးတို့ ရပ်ကွက်ကို မြောက်ဥက္ကလာက ပြောင်းလာလို့ ခေါ်တာ ။ အဲဒီဆိုင်တွေက မျိုးမျိုးတို့ကို သိတော့ ပိုထည့် ပေးတတ်တယ် ။ ဒါကြောင့် အမေက အဲဒီဆိုင်က လွဲလို့ ဘယ်မှ မဝယ်ရဘူးတဲ့ ။


“ မျိုးမျိုး ဘိစပ်ရွက် သွားခူး ”


မျိုးမျိုး မနားရသေးဘူး ။ ခြေထောက်တွေ ညောင်းလှပြီ ။ အမေ့ကို မငြင်းရဲတော့ အမေ ပေးတဲ့ ဆွဲခြင်းယူပြီး ဘိစပ်ရွက် ခူးဖို့ မျိုးမျိုး ထွက်ခဲ့တယ် ။ 


လေထဲက ကြာပွင့်ရဲ့ ရနံ့ ရတော့ မျိုးမျိုး အမော ပြေသွားတယ် ။ ကြာဖြူ ၊ ကြာနီတွေကို တစ်ပွင့် ၊ နှစ်ပွင့် ရေပြီး မျိုးမျိုး ကျွဲတဲဘက်ကို ထွက်ခဲ့တယ် ။ ဘိစပ်ရွက်က ကျွဲတဲဘက်မှာ ခူးရတာ ။ အရွက်စိမ်းစိမ်းလေးမှာ အဖူးက ဝါဝါလေး ။ ဘိစပ်ရွက်က နွေဆို ရင့်တယ် ။ မိုးတွင်း ဆိုရင်တော့ ဖြာနေတာပဲ ။ ခုလိုရက်ဆို ဘိစပ်ရွက်ကို အမေ အမြဲချက်တယ် ။ ပူရှိန်းရှိန်းလေးနဲ့ စားကောင်းတယ် ။ ကြက်မအုပ်ရွက်တော့ မျိုးမျိုး မကြိုက်ဘူး ။ ကြက်မအုပ်ရွက်က ပိုးအိစံတို့ အိမ်ဘေးမှာ ခူးရတာ ။ မျိုးမျိုး မခူးချင်ပါဘူး ။ မျိုးမျိုး ကြက်မအုပ်ရွက်ခူးနေတဲ့ အချိန်ဆို ပိုးအိစံက ကျောင်းသွားဖို့ ပြင်နေပြီ ။ မျိုးမျိုးကို တွေ့ရင် ကျောင်းမသွားဘူးလားလို့ အမြဲမေးတယ် ။ မေးစရာလား ။ မျိုးမျိုးက အဲဒီလိုဆို မသိချင်ယောင် ဆောင်နေလိုက်တယ် ။


ခုလည်း ဘိစပ်ရွက် ခူးရင်း ပိုးအိစံကို မျိုးမျိုး လှမ်းမြင်တယ် ။ သူ့အမေက သူ့ကို ကျောင်းလိုက်ပို့တာလေ ။ သူ့ စားစရာခြင်းနဲ့ လွယ်အိတ်ကို သူ့ အမေက ယူခဲ့ရတယ် ။ သူက ရှေ့ကနေ ကော့ကော့ ကော့ကော့နဲ့ လျှောက်သွားနေတာ ။ ကောင်မ အမေကို ဝိုင်းကူမလုပ်ဘူး ။ မျိုးမျိုး ပိုးအိစံကို မျက်စောင်းလှမ်းထိုးလိုက်တယ် ။ မျိုးမျိုးသာ ကျောင်းတက်ရရင် ကိုယ့်လွယ်အိတ် ကိုယ် လွယ်မှာပဲ ။ ကိုယ့်စားစရာခြင်း ကိုယ်ဆွဲမှာပဲ ။ အမေ့ကို မလွယ်ခိုင်း ၊ မဆွဲခိုင်းပါဘူး ။ အမေက ပိန်ချိချိလေးနဲ့ အိပ်ရာထဲ အမြဲ လှဲနေရတာ သနားပါတယ် ။


အမေက လူသာပိန်တာ အသံကတော့ ကျယ်တယ် ။ အမေ့ကို ဆေးခန်းပြပါလားလို့ ပြောလာရင် အမေ ပြန်ပြောတဲ့စကား မျိုးမျိုး မှတ်မိတယ် ။ 


“ သေတော့ ဝဋ်ကျွတ်တာပေါ့ ” တဲ့ ။


အမေ့ရောဂါ မျိုးမျိုး မသိပေမယ့် အမေ ခံစား နေရတာတော့ မျိုးမျိုး သိတယ် ။ အမေက ညညဆို မအိပ်နိုင်ဘဲ ကျိတ် ညည်းနေတတ်တယ် ။ “ ဆေးရုံ ပြကြည့်ပါလား ” “ ဗမာဆရာနဲ့  ပြကြည့်ပါလား ” လို့ ပတ်ဝန်းကျင်က ပြောရင်လည်း လက်မခံဘဲ ထူးဆန်းတဲ့ မျက်နှာနဲ့ ခေါင်းခါပြတယ် ။ အမေများ တစ်ခုခု ဖြစ်ရင် ဒုက္ခပဲလို့ မျိုးမျိုး တွေးမိတယ် ။ အမေ ဘယ်လောက် ငေါက်ငန်း ၊ ဘယ်လောက် ခေါက်ခေါက် မျိုးမျိုး ကတော့ ချစ်တယ် ။ အမေ့ကို ချစ်သလို အဖေ့ကိုလည်း ချစ်တယ် ။


ကြာပင်တွေထဲမှာ ပန်းရောင်ကြာလေးတွေကို တွေ့ရင် မျိုးမျိုးနဲ့ ညီမလေးက “ ဟိုအပွင့်က အမေ ဟိုအပွင့်က အဖေ ” လို့ ပြောတတ်တယ် ။ အရမ်းလှတဲ့ ကြာပွင့် ကိုတော့ “ မျိုးမျိုး ” “ တိုးတိုး ” လို့ အပြိုင်ပြောကြတယ် ။ ညီမလေးက သူပြောတာ နောက်ကျရင် တကျီကျီနဲ့ ငိုတော့တောပဲ ။ အဲဒီတော့ မျိုးမျိုးက ချော့ရပြန်ရော ။ 


“ အေးပါ ၊ လှတဲ့ကြာလေး နာမည်က တိုးတိုး ၊ ဘေးက မျိုးမျိုးနော် တိတ်တိတ် ”


ဒီတော့မှ ညီမလေး အငိုတိတ်တယ် ။


“ မျိုးမျိုး မြန်မြန်ပြန်ခဲ့ ၊ ဟင်းချက်ရအောင် ”


အမေ့အသံ ပြန်ကြားတော့ ဘိစပ်ရွက်တွေ အမြန် ခူးလိုက်တယ် ။ ဘိစပ်ရွက်တွေ မျိုးမျိုး ခြင်းတောင်းထဲ ပြည့်နေမှ ။ နို့မို့ဆို အမေ ခေါက်နေဦးမယ် ။


••••• ••••• •••••


အမေ ခုတလော နေမကောင်းဘူး ။ အဖေ့ကို အရင်လို ရန်မတွေ့နိုင်ဘူး ။ အမေက မျိုးမျိုးကို ထမင်းချက် သင်ပေးတယ် ။ အိပ်ရာထဲက နေပြီး သင်ပေးတာ ။ ထမင်း အပျော့အမာကို မျိုးမျိုး မကြည့်တတ်တော့ အမေ့ အိပ်ရာထဲ ယူပြရတယ် ။ အမေက “ အနေတော်ပြီ ချ ” ဆို မျိုးမျိုး ချလိုက်တယ် ။ နောက်နေ့တွေလည်း အမေချ ခိုင်းတဲ့ အနေအထား ကြည့်ပြီး ချက်တော့ အဆင်ပြေတယ် ။ ထမင်းချက် ပြီးရင် မျိုးမျိုးက ပြွန်ထိပ်မှာ အိတ်လျှော် နေတဲ့ ဦးခါးကုန်းတို့ဆီ ပြေးသွားတယ် ။


ဦးခါးကုန်းနဲ့ သူ့သားလေး ပီနံအိတ် လျှော်နေကြတယ် ။ ရိုးချောင်းထဲက ရေနဲ့ လျှော်ရတာလေ ။ ဦးခါးကုန်းက သူများတွေလို မမြန်ဘူး ။ ခါးက ကုန်းနေတော့ အရှိန်ယူပြီး အိတ်ကို ခါနေရတာကိုး ။ အိတ်တွေက ကြက်အစာ ထည့်တဲ့ အိတ်တွေ ဆိုတော့ ညစ်ပတ် နေတာပဲ ။ အကြာကြီး လျှော်ရတယ် ။ လျှော်ပြီးတဲ့ အိတ်တွေကို နေလှန်းရတယ် ။ အထူအပါး ခွဲရတယ် ။ မျိုးမျိုး က ဝင် ကူလုပ်ပေးရင် မျိုးမျိုးကို မုန့်ဖိုးပေးတယ် ။ ညစ်ပတ်နေတဲ့ အိတ်ကို နေပူထဲမှာ လျှော်ရပေမယ့် တစ်အိတ်မှ နှစ်ကျပ်ပဲ ရတယ် ။ အိတ်က မျိုးမျိုး အရပ်ထက် ရှည်တော့ ခြေဖျားထောက် လက်ဆန့်ပြီး အိတ်ကို မြေကြီးပေါ် လျှောက်လှမ်းရတယ် ။


ညနေ ပိုက်ဆံရှင်းရင် ဦးခါးကုန်းက မျိုးမျိုးကို တစ်ရာပေးတယ် ။ တစ်ခါတလေ ဗွီဒီယို လိုက်ပြတယ် ။ ဗွီဒီယိုတော့ မျိုးမျိုး ကြိုက်တယ် ။ နေ့ခင်းက နေ ဘယ်လောက်ပူပူ ဗွီဒီယိုရုံထဲ ကျရင် နေ့ခင်းက အပူကို မျိုးမျိုး မေ့သွားတယ် ။ ဗွီဒီယိုကားထဲက သူဌေးခန်းတွေက သိပ်အားကျဖို့ ကောင်းတာပဲလို့ ဦးခါးကုန်း မိန်းမက ပြောတယ် ။ မျိုးမျိုး ကတော့ ကြော်ငြာထဲက စုမေလို အင်္ကျီလှလှလေး ဝတ်ပြီး ကစားချင်တယ် ။ ဟိုက်တီး ကြော်ငြာထဲမှာ စုမေ ကစားရင်း ဝတ်တဲ့ အင်္ကျီလေးက သိပ်လှတာပဲ ။ စုမေက သူ့ အမေ မှာတဲ့ ဟိုက်တီးကို မေ့နေသေးတယ် ။ မျိုးမျိုး အမေလိုသာ အမယ်စုံ မှာရင် ဘယ်လိုနေမယ် မသိဘူး ။ မျိုးမျိုးကို အမေ မှာတာများ စုံလို့ ။ မေ့ရင် အမေက ခေါက်တာ ။ မျိုးမျိုး ကလည်း မမေ့ပါဘူး ။ ဘယ်သူမှာမှာ အကိုက် ဖြစ်အောင် ဝယ်ခဲ့တာပဲ ။ စုမေသာဆို ဝယ်တတ်ပါ့မလား မသိဘူး ။ ပါးစပ်က “ ဟိုက်တီး ... ဟိုက်တီး ” ဆို သွားရသေးတာ မို့လား ။


အဲဒီညက မျိုးမျိုး အိပ်မက်ထဲမှာ စုမေ ဝတ်တဲ့ အင်္ကျီလေး ဝတ်ပြီး ဘိစပ်ရွက်တွေ လိုက်ခူးနေတာ ။ ဘိစပ်ရွက်အဖူးဝါဝါကလေးတွေက မျိုးမျိုး အင်္ကျီလေးမှာ ကပ်နေတာများ စုမေ အင်္ကျီထက် ပိုလှတယ် ။


••••• ••••• •••••


အဖေ တစ်ညလုံး ငိုထားလို့ မျက်ခွံတွေ ရောင်နေတယ် ။ နှာခေါင်းတွေလည်း နီရဲလို့ ။


“ မခင်မေရယ် သမီးနှစ်ယောက်နဲ့ ငါ့ကို ထားသွားပြီပေါ့ ” 


မျိုးမျိုး နဲ့ ညီမလေးကို အဖေ ဖက်ပြီး ငိုတော့ မျိုးမျိုးတို့ ညီအစ်မလည်း ငိုတာပေါ့ ။ အမေကတော့ အိပ်ရာပေါ်မှာ ။ အဖေ အလုပ် သွားခါနီး အော်နေကျ အမေ မအော်တော့ဘူး ။ မျိုးမျိုးက သေတယ် ဆိုတာ သိပေမယ့် ညီမလေးက မသိဘူး ။ အဖေငိုလို့ လိုက်ငိုတာ ။ အဖေ ကတော့ အမေ့အမျိုးတွေ ရှေ့မှာ မျက်နှာငယ်လေးနဲ့ ။ အမေ့ညီမက အမေ သေရတာ အဖေ့ ကြောင့်လို့ အပြစ်ပြောကြတယ် ။ အဖေ့ကို ဝိုင်းပြောကြတော့ မျိုးမျိုး အဖေ့ကို သနားလိုက်တာ ။ အစ်ကိုတို့က အမေ့ကို နေ့ချင်း သင်္ဂြိုဟ်ဖို့ နာရေးကူညီမှုအသင်းကို သွားပြီး အကြောင်းကြား နေတယ် ။ အမေ့ အမျိုးတွေ ရှေ့မှာ မျိုးမျိုးတို့ သားအဖ ဟိုကြည့်ဒီကြည့်နဲ့ မငိုရဲတော့ဘူး ။ ဦးခါးကုန်းမိန်းမက အဖေ့ကို ပြောတယ် ။


“ ကိုစိုး မခင်မေ အတွက် သက်ပျောက်ဆွမ်းနဲ့ မြေဆင်းသပိတ် လုပ်ရမယ်လေ ”


“ ငါ့မှာ တစ်ထောင်တော့ ရှိတယ် ဖြစ်မလား ” 


“ ဖြစ်ပါတယ် အဖေရဲ့ ”


မျိုးမျိုး စကား ကြားတော့ အမေ့ အမျိုးတွေက မျိုးမျိုးကို လှမ်းကြည့်တယ် ။ အိမ်ပေါ်မှာ မနေဘဲ သစ်ပင်အောက်မှာ စုပြီး အဖေ့အတင်း ပြောနေကြတာလေ ။ အမေ့အတွက် ဘာလုပ်ရမယ်လို့ သူတို့ မပြောဘူး ။ မျိုးမျိုး လက်ထဲ ငွေတစ်ထောင် ရရင် မျိုးမျိုး ဘာဝယ်လို့ ပြောမယ့် အမေ မရှိပေမယ့် မျိုးမျိုး မှတ်မိနေတာပဲ ။ အမေ ကြိုသိနေလို့များ မျိုးမျိုးကိုပဲ ခိုင်းခဲ့တာလား ။


မျိုးမျိုး ဈေးထဲ ရောက်တော့ မျိုးမျိုးကို ဈေးသည်တွေက ခါတိုင်းထက် ပိုထည့် ပေးကြတယ် ။ ဈေးက အပြန် ဘိစပ်ရွက်တွေ အများကြီးရအောင် မျိုးမျိုး ခူးတယ် ။ ဘိစပ်ရွက် အပွင့်များများနဲ့ အပင်ကို မျိုးမျိုး နုတ်ခဲ့တယ် ။


အိမ်ရောက်တော့ ဦးခါးကုန်းမိန်းမက ချက်တယ် ။ ဆွမ်းကို သပိတ်ထဲထည့် ဘိစပ်ရွက်ဟင်းရယ် ၊ ဘဲဥကြော်ရယ် ချိုင့်ထဲ ထည့်ပြီး အမေ့အတွက် တရားနာကြတယ် ။ အဖေက အမျှ ... အမျှ ... အမျှ .... လို့ ကျယ်ကျယ်တောင် မအော်နိုင်ဘူး ။ အမေ့ကို ကားထဲ သွင်းခါနီးမှာ မျိုးမျိုးတို့ကို အဖေက ကန်တော့ခိုင်းတယ် ။ မျိုးမျိုးနဲ့ ညီမလေး ကန်တော့ပြီး မျိုးမျိုး မီးဖိုချောင်ထဲ ဝင်လိုက်တယ် ။


အမေ အမြဲခူးခိုင်းတဲ့ ဘိစပ်ရွက်အပင်ကို မျိုးမျိုး အမေ့လက်ထဲ ထည့်ပေးလိုက်တယ် ။ အမေ့အမျိုးတွေက “ ဟဲ့... ဘာလုပ်တာလဲ ” တဲ့ ။ အဖေက အံ့အားသင့်ပြီး မျိုးမျိုးကို လှမ်းပြောတယ် ။


“ မျိုးမျိုး ဘာလို့ ဘိစပ်ရွက်ပင်ကို ထည့်ရတာလဲ ” 


“ အမေက ကြိုက်တယ် အဖေရဲ့ ။ နေ့တိုင်း မျိုးမျိုး ကို ခူးခိုင်းတာ ”


“ သမီးရယ် … ”


ဘာဖြစ်လို့လဲ မသိဘူး ။ အဖေရယ် မျိုးမျိုးကို ဖက်ပြီး ငိုလိုက်တာလေ ။ ကုက္ကိုပင်ပေါ်က ငှက်တော်လေးတွေ လန့်ပျံသွားတယ် ။  


 ⎕ နှင်းပန်းအိမ်

📖ချယ်ရီမဂ္ဂဇင်း

     ၂၀၀၇ ၊ အောက်တိုဘာလ

No comments:

Post a Comment