Friday, August 1, 2025

ပရိသတ် ငိုအောင် လုပ်တဲ့သူ


 

❝ ပရိသတ် ငိုအောင် လုပ်တဲ့သူ ❞

၂ဝ၁ဝ ခုနှစ် ၊ ဖေဖော်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ကြုံရာဆုံရာ တစ်မိနစ်တာ ကဏ္ဍမှာ စာရေးဆရာမ ခင်ခင်ထူး နဲ့ တွေ့ဆုံတာကို ဖော်ပြ ပေးခဲ့ပါတယ် ။ အခန်းဆက် ဝတ္ထုရှည်အဖြစ် ရေးနေတဲ့ မအိမ်ကံ ဇာတ်သိမ်းခန်း ရေးရတဲ့ အချိန်မှာ စာရေးဆရာကိုယ်တိုင် စိတ်မထိန်းနိုင်တော့ဘဲ ငိုကြွေးခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ် ။ ဧပြီလထုတ်မှာတော့ မအိမ်ကံ က လုံးဝ ဇာတ်သိမ်းသွားပြီ ဖြစ်ပါတယ် ။

ဆရာမ ခင်ခင်ထူးရဲ့ အဖြေကို ဖတ်ရပြီး မကြာမီ ရက်ပိုင်း အတွင်းမှာပဲ The Writer Magazine မှာ စာရေးဆရာမ Kathy Stevenson ရေးသားထားတဲ့ Making Readers Cry ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတာကြောင့် စာရေးဖို့ ကြိုးစားနေကြတဲ့ ဝါသနာရှင်များအတွက် တစ်ဆင့် ဖောက်သည်ချ ပေးချင်ပါတယ် ။ စာရေးဆရာမ Kathy က ဝတ္ထုတို များစွာကို ရေးခဲ့သူ ဖြစ်တဲ့အပြင် ဆောင်းပါးများ ၊ ရသစာတမ်းများ များစွာ ကိုလည်း The New York Times , Newsweek , Chicago Tribune , Los Angeles Times နဲ့ Christian Science Monitor တို့မှာ ရေးသားနေသူ ဖြစ်ပါတယ် ။ ဆရာမက သမိုင်းနောက်ခံ ဇာတ်လမ်းဖြစ်တဲ့ The Lake Poet ကို ထုတ်ဝေခဲ့တဲ့အပြင် သူ ရေးသားခဲ့တဲ့ ရသစာတမ်းများ စုစည်းထားတဲ့ စာအုပ် နှစ်အုပ်ကိုလည်း ထုတ်ဝေခဲ့ပြီးသူ ဖြစ်ပါတယ် ။ ဆရာမရဲ့ ဆောင်းပါးကို လေ့လာကြည့်ကြရအောင်ပါ ။

••••• ••••• •••••

စာရေးဆရာမ တစ်ယောက် အနေနဲ့ ကျွန်မ အလုပ်ချင်ဆုံး ကိစ္စကတော့ ပရိသတ်များကို မျက်ရည်ကျအောင် ရေးတဲ့နည်း ဖြစ်ပါတယ် ။ သည်းထိတ်ရင်ဖို ပဲ ဖြစ်ဖြစ် ၊ အချစ်ဝတ္ထု ပဲ ဖြစ်ဖြစ် ကြိုက်တဲ့ အမျိုးအစားကို ရွေးချယ် ဖတ်ကြပါတယ် ။ ဝတ္ထုတွေကို ဖတ်တဲ့အခါမှာ စာဖတ်သူ တစ်ယောက်အနေနဲ့ ဘာကို အလိုချင်ဆုံးလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ ။

စာဖတ်သူတစ်ယောက် ဟာ သူ ကြိုက်နှစ်သက်ရာကို ဖတ်နေရင်းက လက်ရှိ ကမ္ဘာကနေ စိတ်ကူးယဉ် ကမ္ဘာထဲကို လွင့်မျော ချင်ကြတာ များပါတယ် ။ အဲဒီလို စာတွေ ဖတ်ရင်းက ရယ်စရာလေးတွေ ပါရင် ရယ်လိုက်မယ် ။ ထိုနည်းအတူ ငိုစရာ ပါလာရင်လည်း ငိုလိုက်မှာပါပဲ ။

စာရေးဆရာကြီး Robert Frost က ပြောဖူးတာ ရှိပါတယ် ။

“ စာရေးသူ ကိုယ်တိုင်က မျက်ရည်မကျဘဲ ရေးတဲ့စာ ဆိုရင် စာဖတ်သူကလည်း မျက်ရည်ကျမှာ မဟုတ်ဘူး ” တဲ့ ။

သူ့ အဆိုကို လေ့လာကြည့်မယ်ဆိုရင် ရေးသူကိုယ်တိုင်က မျက်ရည်စက်လက်နဲ့ ခံစားပြီး ရေးဖွဲ့တဲ့ စာမှသာလျှင် စာဖတ်သူကလည်း စာရေးသူနဲ့ ထပ်တူ ခံစားရပြီး မျက်ရည် ကျလိမ့်မယ်လို့ အဓိပ္ပာယ် ဆောင်ပါတယ် ။ ဝတ္ထု ပဲ ရေးရေး ၊ ကဗျာ ပဲ ရေးရေး ကျွန်မတို့ဟာ နေ့စဉ် ဘဝမှာ တွေ့ကြုံ ခံစားနေရတာတွေကို မူတည်ပြီး ရေးဖွဲ့ကြတာ ဖြစ်ပါတယ် ။ အဲဒီလို ရေးဖွဲ့ရင်းက နေ့စဉ် ကြုံတွေ့ရတာတွေထဲမှာ ရယ်စရာ ပါသလို ငိုစရာတွေလည်း ပါလာမှာပါပဲ ။

ကျွန်မ ပထမဆုံးအကြိမ် မျက်ရည်ကျရတဲ့ စာကတော့ ရသစာတမ်း တစ်ပုဒ် ရေးနေစဉ် ဖြစ်ပါတယ် ။ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ ဟော်မုန်းဓာတ်တွေ မညီမျှလို့ဘဲ ဖြစ်ဖြစ် ၊ အိပ်ရေးပျက်တာ များလို့ပဲ ဖြစ်ဖြစ် မျက်ရည်ကျခဲ့တာတော့ အမှန်ပါပဲ ။ အဲဒီ စာမူကို ကျွန်မက အယ်ဒီတာ လက်ထဲ အပ်ပြီး ကျွန်မစာကို ဖတ်ပေးပါ ၊ သုံးသပ်ချက်ကလေး လည်း ပြောပြပေးပါလို့ တောင်းဆိုခဲ့ပါတယ် ။ အယ်ဒီတာ တစ်ယောက်ကို အဲဒီလို တောင်းဆိုခဲ့တာ ကျွန်မ အနေနဲ့ မှားကောင်း မှားနိုင်ပါတယ် ။ ဒါပေမဲ့ ကျွန်မ ခံစားခဲ့တာဟာ သဘာဝ ကျရဲ့လား ဆိုတာကို သိချင်တာကြောင့် သူ့သုံးသပ်ချက် ကို တောင်းခံခြင်းဖြစ်ပါတယ် ။ ကျွန်မ စည်းဖောက်မိသလားလို့ သူ စာဖတ်ပြီးချိန် မေးလိုက်တော့ “ မဖောက်ပါဘူး ” လို့ ပြောလိုက်တဲ့ သူ့အသံက တုန်ယင်အက်ကွဲ နေပါတယ် ။ ကျွန်မ ခံစားချက် အပြည့်နဲ့ ရေးလိုက်တဲ့ စာဟာ သူ့ နှလုံးသားကို မိမိရရ ထိုးဖောက် သွားနိုင်ခဲ့တယ်ဆိုတာ သေချာသွားပါတယ် ။

ကျွန်မ စာရေးသက် နှစ်ပေါင်း၂၀ အတွင်းမှာ ရသစာတမ်းပေါင်း ၃ဝဝ ကျော်ရေးခဲ့ပါတယ် ။ အထူးသဖြင့်တော့ နေ့စဉ်ထုတ် သတင်းစာများမှာ ရေးသားခဲ့ခြင်း ဖြစ်ပါတယ် ။ အဲဒီ ရသစာတမ်းများထဲက တော်တော်များများဟာ ဟာသဆန်တဲ့ အရေးအသားများ ဖြစ်ပါတယ် ။ ကျွန်မက ပတ်ဝန်းကျင်မှာ နေ့စဉ် ဖြစ်ပျက် နေသမျှတို့ကို ဟာသရှုထောင့်ကနေ ရှုမြင်သုံးသပ်တတ်သူ ဖြစ်ပါတယ် ။ အဲဒီ ဘက်ကို စိတ်သန်တယ် လို့လည်း ကျွန်မ ထင်ပါတယ် ။ ရေးခဲ့တဲ့ ရသစာတမ်းများထဲမှာ ၁၈ ပုဒ် လောက်ကတော့ Philadelphia Inquirer မှာ ပါဝင်ခဲ့တာ ဖြစ်ပြီး အဲဒီအထဲက ၁၂ ပုဒ် လောက်ဟာ ဟာသ ဖြစ်ပါတယ် ။

အဲဒီ ရသစာတမ်းများက Philadelphia ပြည်နယ်မှာနေထိုင်ကြတဲ့ သူများ အကြောင်းကို ဟာသရှုထောင့်က ရေးခဲ့တာပါ ။ ဒီလို ရေးနိုင်ဖို့ အတွက်လည်း ငါးမျှားသူ တစ်ယောက်ဟာ ငါးမျှားတံကို ကိုင်ပြီး ဟပ်လာမယ့် ငါးကို စိတ်ရှည်ရှည်နဲ့ စောင့်သလို ကျွန်မကလည်း အရာရာကို စိတ်ရှည်ရှည်ထားပြီး ဟာသရှုထောင့်က ကြည့်နိုင်ခဲ့တဲ့ အတွက် ရေးသားလို့ ရတဲ့ ရသစာတမ်းတွေ ဖြစ်ပါတယ် ။ လူတွေကို ကျွန်မတို့ စာတွေဖတ်ပြီး ရယ်မောသွားအောင် လုပ်ရတဲ့ အလုပ်ဟာ တော်တော် ခဲယဉ်းတဲ့ အလုပ် ဖြစ်ပါတယ် ။ ဒီလို လုပ်နိုင်ပြီ ဆိုရင်လည်း စာရေးဆရာ တစ်ယောက် အနေနဲ့ ရရှိတဲ့ ပီတိဟာ အံ့ဩစရာကောင်း လောက်အောင် ရှိပါတယ် ။

ဒါပေမဲ့ လူတွေရဲ့ ဘဝမှာ အရာအားလုံးဟာ ပျော်ရွှင်ရယ်မောစရာတွေ ချည်း မဟုတ်ပါဘူး ။ ဘယ်လိုပဲ ဟာသရှုထောင့်က ကြည့်ကြည့် ရယ်လို့ မရတဲ့ ကိစ္စတွေ အများကြီးရှိပါတယ် ။ ကျွန်မတို့ နေ့စဉ် ကြုံတွေ့ကြားသိနေရတဲ့ သတင်းများထဲမှာ ရင်နဲ့ မဆံ့အောင် ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှုကို ပေးစွမ်းတဲ့ သတင်းတွေ အများကြီး ပါပါတယ် ။

စောစောက ကျွန်မ ပြောတဲ့ အယ်ဒီတာကို ဝမ်းနည်းကြေကွဲသွားစေတဲ့ ကျွန်မ ရသစာတမ်းက The Boy in the Photograph ( ဓာတ်ပုံ ထဲ က ကောင်ကလေး ) ဆိုတဲ့ ရသစာတမ်း ဖြစ်ပါတယ် ။ အဲဒီ ရသစာတမ်းက Ryan White ဆိုတဲ့ ကောင်လေး တစ်ယောက်အကြောင်းကို ကျွန်မ ရေးတာပါ ။ ဒီကောင်လေး က ၁၉၉ဝ ပြည့်နှစ်က AIDS ရောဂါ နဲ့ ကွယ်လွန်သွားတဲ့ ကလေးတစ်ယောက်ပါ ။ ဒီ ကလေးက AIDS ရောဂါ စွဲကပ်နေပြီဆိုတာ သိလိုက်တဲ့အချိန် ကစပြီး တခြား ဝေဒနာရှင်များနဲ့ မတူ ဘဝကို ရဲရဲဝံ့ဝံ့ သတ္တိ ရှိရှိ ရင်ဆိုင်သွားခဲ့ပါတယ် ။ တခြား ဝေဒနာရှင်များ ကတော့ ဒီဝေဒနာ စွဲကပ်ပြီ ဆိုတာ သိလိုက်တာနဲ့ တစ်ပြိုင်နက် ချုံးကျသွားပြီး ဘဝကို ဘယ်လို ရင်ဆိုင်ရမှန်း မသိ ဖြစ်သွားတတ်ကြပါတယ် ။ ဒီ ကလေးကတော့ သာမန်ကလေးများလို မော်တော်ကားတွေကို နှစ်သက်တယ် ။ အားကစား ဝါသနာပါတယ် ။ ရော့ခ်ဂီတကိုလည်း ရူးသွပ်ပါတယ် ။ လူတကာ ကြောက်ရွံ့တဲ့ ရောဂါဆိုးကြီးကို သူက ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြသွားပါတယ် ။

ဒါကြောင့် သူ့နောက်ဆုံး အချိန်များဟာ တခြား ဝေဒနာရှင်များနဲ့ မတူ သိက္ခာရှိရှိ ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ် ။

စာရေးသူ အများစုဟာ စိတ်ခံစားလွယ်တဲ့ သူများဖြစ်ပါတယ် ။ ဒီလို ခံစားလွယ်မှလည်း သူတို့ ရေးဖွဲ့တင်ပြမယ့် စာများဟာ စာဖတ်သူ ရင်ထဲကို ထဲထဲဝင်ဝင် ရောက်ရှိသွားမှာ ဖြစ်ပါတယ် ။ ကျွန်မတို့ စာရေးဆရာများရဲ့ ဘဝဟာ ရယ်စရာ ၊ ငိုစရာများနဲ့ အမြဲလိုလို ပြည့်နေတာပါ ။ ဒါတွေကို ကျွန်မတို့က စာလုံးအဖြစ် သီကုံးရေးဖွဲ့ကြပြီး စာဖတ်သူများထံ တင်ပြ နေကြတာပါ ။

မကြာသေးခင်က ကျွန်မကို အီလီနွိုက်ပြည်နယ် ၊ Lake Forest မှာ ရှိတဲ့ Newcomers Club မှာ ဧည့်သည်တစ်ဦး အဖြစ် လာရောက် ဟောပြောဖို့ ဖိတ်ကြားခဲ့ကြပါတယ် ။ ကျွန်မ ကလည်း Philadelphia မှာ ၁ဝ နှစ်လောက် နေခဲ့ဖူးတာကိုး ။ အဲဒီ ဟောပြောပွဲကို အမျိုးသမီး ၆ဝ လောက် တက်ရောက်ခဲ့ကြပါတယ် ။ သူတို့ အားလုံးဟာလည်း ဒီဒေသမှာ နှစ်ကာလ တချို့ နေထိုင်ခဲ့ဖူးကြပြီး အခုတော့ ရွှေ့ပြောင်း သွားကြသူများ ဖြစ်ပါတယ် ။ တချို့က အမေရိကန်ပြည်ထောင်စု ရဲ့ တခြား ပြည်နယ်များကို ပြောင်းရွှေ့သွားကြတာဖြစ်ပြီး တချို့ကတော့ တခြား နိုင်ငံများဆီကို ပြောင်းရွှေ့ သွားသူတွေဖြစ်ပါတယ် ။ အဲဒီပွဲမှာ ကျွန်မ ပထမဆုံးဖတ်ဖို့ ရွေးချယ်လိုက်တဲ့ ရသစာတမ်းကတော့ ကျွန်မ သူငယ်ချင်း Diane အကြောင်း ရေးခဲ့တဲ့ ရသစာတမ်း ဖြစ်ပါတယ် ။ Diane ကို ကျွန်မ Lake Forest မှာပဲ တွေ့ဆုံ သိကျွမ်းခဲ့တာပါ ။ အခုလိုပဲ နောက်ရောက်လာတဲ့ သူတွေ စုစည်းဆုံတွေ့ကြတဲ့ ကော်ဖီဝိုင်းမှာ သူနဲ့ ကျွန်မ ခင်ခဲ့ကြတာပါ ။ ဖြစ်ချင်တော့ ကျွန်မတို့နှစ်ယောက် ခင်မင်ကြပြီးနောက် ၅ နှစ် လောက် အကြာမှာ တခြား ပြည်နယ်ကို ပြောင်းရွှေ့ သွားပါတယ် ။ ကျွန်မ ရေးခဲ့တဲ့ ရသစာတမ်းမှာ ကျွန်မတို့ နှစ်ယောက် စတင် ဆုံတွေ့ရင်း နှီးခဲ့ကြပုံ ၊ ရင်းသာ ရင်းနှီးကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အကျင့်စရိုက်ချင်းက မတူကြပုံများ ရေးဖွဲ့ထားပါတယ် ။

ဒီ အကြောင်းတွေကို ခပ်ပေါ့ပေါ့ ပုံစံနဲ့ ရေးဖွဲ့ သွားတာပါ ။ သူ နဲ့ ကျွန်မ ကြားမှာ ပေါ်ပေါက်ခဲ့တဲ့ ရယ်စရာကလေးတွေလည်း ပါတာပေါ့ ။ အဲဒီလို အကြောင်းလေးတွေကို ရောက်တဲ့အခါမှာ ကျွန်မ ဖတ်နေတာကို နားထောင်နေကြတဲ့ အမျိုးသမီးများက ကျွန်မ နဲ့ စိတ်ချင်း ရင်းနှီးလာသလို ခံစား သွားကြရပါတယ် ။ တကယ်တော့ သူတို့ နဲ့ ကျွန်မက တစ်ကြိမ်တစ်ခါမှ ကြုံတွေ့ဖူးတာ မဟုတ်ဘဲ အခုမှ တွေ့ဖူးကြတာပါ ။

ဆက် ဖတ်သွားရင်း ကျွန်မနဲ့ Diane တို့ ခွဲခွာရတော့မယ့် အခန်းကို ရောက်လာပါတယ် ။ သူ့ အိမ်ရှေ့က ကျွန်မ ကား ဖြတ် မောင်းသွားရင်း ခြံဝမှာ “ ရောင်းရန် ” ဆိုတဲ့ ဆိုင်းဘုတ်ကလေး ပထမဆုံးအကြိမ်အဖြစ် တွေ့လိုက်ရပါ တယ် ။ ဒီစာပိုဒ် အရောက်မှာ အမျိုးသမီးတွေကို မျက်စိဝဲ ကြည့်လိုက်တော့ တချို့ အမျိုးသမီးတွေက စက္ကူလက်ကိုင်ပဝါကလေးများနဲ့ သူတို့ မျက်ဝန်းထောင့်စွန်းတွေကို တို့နေကြပါပြီ ။ ( စကားပြောသူ တစ်ယောက် အနေနဲ့ မိမိ ပြောနေစဉ် အတွင်းမှာ နားထောင်နေတဲ့ ပရိသတ် တစ်ဦးချင်းကို မျက်လုံးချင်း ဆုံမိအောင် ကြိုးစားရပါတယ် ။ ဒါဟာ အောင်မြင်တဲ့ စကားပြောနည်း တစ်ခု ဖြစ်ပါတယ် ။ ) တချို့ အမျိုးသမီးတွေ ကတော့ ပါးပြင်ပေါ်မှာ မျက်ရည် အသွယ်သွယ် စီးကျနေပါပြီ ။

ကျွန်မ ဟောပြောနေတဲ့ စင်မြင့်နဲ့ အနီးဆုံး စားပွဲဝိုင်းက အမျိုးသမီး ကတော့ ခံစားချက်အပြည့်နဲ့ မျက်ရည်တွေ စိုရွှဲနေပါပြီ ။ သူတို့ အဲဒီလို မျက်ရည်ကျ နေကြတာ မြင်လိုက်ရတော့ ကျွန်မ ရင်ထဲမှာလည်း ဆို့နင့်မှု ခံစားလိုက်ရပါတယ် ။ ဒါကြောင့် ကျွန်မလည်ချောင်းဝမှာ တစ်ဆို့ နေတဲ့ စကားလုံးများ တော်တော်နဲ့ ထွက်မလာနိုင်ခဲ့ပါဘူး ။ စာမျက်နှာများ ပေါ်မှာ ကျွန်မတို့ ခံစားချက် အပြည့်နဲ့ ရေးခဲ့တဲ့ စာတွေဟာ စာဖတ်သူများ အပေါ် မှာ အဲဒီလို ခံစားချက် အပြည့်အဝ ပေးနိုင်မယ် ဆိုတာ သိစေချင်ပါတယ် ။ စာရေးသူများကြောင့် စာဖတ်သူတွေ ပျော်ရွှင် ရယ်မောနိုင်သလို ရင်နင့် မျက်ရည်ကျတာတွေလည်းရှိပါတယ် ။

ကျွန်မ စာဆက်ဖတ်ဖို့ တော်တော် အားယူ ရပါတယ် ။ ကိုယ့်ကိုယ်ကိုယ် အားတင်း ပြီးတော့မှ ဆက်ဖတ်ရပါတယ် ။

ကျွန်မက တကယ်တော့ အိမ်ရှင်မကောင်း ပီသအောင် အမြဲကြိုးစား နေသူဖြစ်ပြီး ကျတဲ့ နေရာမှာ ပျော်အောင် နေတတ်သူ ဖြစ်ပါတယ် ။ Diane ကျွန်မကို ခွဲသွားတော့မှာပဲ ဆိုတဲ့ အသိနဲ့ ကျလာတဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး အိမ်ဝယ်ချင်သူကို တစ်ခန်းချင်း လိုက်ပြနေတဲ့ Diane ကို ဝင်တွေ့လိုက်ပါတယ် ။ တကယ်တော့ ဒီအိမ်ကလေးကို Diane ကိုယ်တိုင် အင်မတန် ချစ်တယ်ဆိုတာ ကျွန်မ သိတာပေါ့ ။ သူ အင်မတန် ချစ်မြတ်နိုးတဲ့ အိမ်ကလေးကို သူများ လက် ထိုးအပ်ပြီး ထားခဲ့ရမှာကို သူလည်း ခံစားရမှာပါပဲ ။ အိမ် ဝယ်မယ့် သူတွေကလည်း တစ်ခန်းချင်း လိုက်ကြည့်တဲ့အပြင် အိမ်နဲ့ အတူရရှိမယ့် ဗီရိုတွေကိုလည်း တံခါးတွေ ဖွင့်ကြည့်နေကြတာ တွေ့ရပါတယ် ။ ဒါကြောင့် ကျွန်မက Diane ကို အပြင်မှာ နေ့လယ်စာ သွား စားကြဖို့ ခေါ်ထုတ် သွားခဲ့ပါတယ် ။

ကံကောင်းချင်တော့ ကျွန်မက နောက်ဆုံးအပိုဒ်မှာ ဟာသကလေး ဖောက်ထည့်ထားခဲ့ပါတယ် ။ ဒီအပိုဒ်ကို ဖတ်တော့ သူတို့ တစ်တွေ ရယ်မောကြပြန်ပါရော ။ ရယ်တဲ့ သူတွေထဲမှာ ကျွန်မ လည်း ပါပါတယ် ။

နောက်ထပ် ဖတ်ပြဖြစ်တဲ့ ရသစာတမ်း တစ်ပုဒ်ကတော့ ကျွန်မ အကြိုက်ဆုံးတွေထဲက တစ်ပုဒ် ဖြစ်တဲ့ ဟာသရသကလေးပါ ။ နာမည်က A Tale of Two Beaches ဖြစ်ပါတယ် ။ နယူးဂျာဆီ က ပင်လယ်ကမ်းခြေ နဲ့ ကယ်လီဖိုးနီးယား က ပင်လယ်ကမ်းခြေတို့ကို နှိုင်းယှဉ် တင်ပြထားတာ ဖြစ်ပြီး ဒီ ရသစာတမ်းကိုတော့ The New York Times မှာ ဖော်ပြခဲ့တာပါ ။

အဲဒီ ရသစာတမ်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ရခဲ့တဲ့ စာတွေထဲမှာ ပရိသတ်တစ်ယောက် ရေးတဲ့စာကို ကျွန်မ မှတ်မိနေပါတယ် ။ “ ဆရာမ ရေးထားတာကို ဖတ်လိုက်ရတော့ ကျွန်မ ရယ်လည်း ရယ်ရတယ် ။ ငိုလည်း ငိုရတယ် ” တဲ့ ။ တကယ်တော့ ကျွန်မ အဲဒီလို မရည်ရွယ်ခဲ့ပါဘူး ။ ဒါပေမဲ့ စာရေးဆရာ တစ်ယောက်က နက်နက်ရှိုင်းရှိုင်း ခံစား ရေးဖွဲ့ပြတဲ့ အခါမှာ စာဖတ်သူများ ဘက်က ခံစားနားလည်လာတာ နဲ့ အမျှ ငိုရ ၊ ရယ်ရတာပါပဲ ။ အဲဒီလို ခံစားနိုင်အောင် ရေးဖွဲ့ဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့တော့ မဖြစ်နိုင်ပါဘူး ။ အဲဒီလို ဖြစ်လာအောင် ကိုယ့်ဘဝမှာ ခံစားခဲ့ရတဲ့ ၊ နာကျင်ခဲ့ရတဲ့ ဝေဒနာတွေကို စာဖတ်သူများ ခံစားနိုင်အောင် မျှဝေပေးနိုင်မှသာ ခံစားမှုကို ပေးနိုင်မှာ ဖြစ်ပါတယ် ။ ဒီလို ရေးနိုင်ဖို့ တစ်ခါတလေမှာ ဘယ်သူမှ မသိတဲ့ မိသားစု လျှို့ဝှက်ချက်များကို ဖော်ထုတ်ရေးသားရတာတွေလည်း ရှိတတ်ပါတယ် ။

ဒီလို ရေးနိုင်ဖို့ ပထမဆုံး လုပ်ရမယ့် အချက်ကတော့ မိမိ ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာပါ ။ လူဆိုတာမျိုးက ဘဝရဲ့ ထိုးနှက်ချက်တွေကို ခံစားနိုင်အောင်လို့ မိမိကိုယ် မိမိ အတတ်နိုင်ဆုံး ကာကွယ်ကြပါတယ် ။ စာရေးဆရာ တစ်ယောက် အနေနဲ့ကျတော့ ပတ်ဝန်းကျင်က လူများလို အရေထူ နေဖို့ မလိုဘဲ အရေပါးပါးပဲ ရှိဖို့ လိုပါတယ် ။ ဒါမှသာ သူက ထိခိုက်ခံစားလွယ်မှာ ဖြစ်ပါတယ် ။ အရေပါးသူများက ဘဝရဲ့ အလှကိုရော ၊ နာကျင်မှုဝေဒနာကိုပါ တစ်ပြိုင်တည်း ခံစားနိုင်မယ့် သူတွေ ဖြစ်ပါတယ် ။ ကိုယ် ခံစားရတာတွေကို ပရိသတ် ထပ်တူ ခံစားနိုင်အောင် ရေးဖွဲ့တတ်ခြင်းဟာ စာရေးဆရာကောင်း ဖြစ်ပါတယ် ။

ထပ်တူ ခံစားနိုင်အောင် ရေးပြနိုင်ရမယ်လို့ ဆိုတဲ့ နေရာမှာ ထပ်တူထပ်မျှ ရေးရတာ ဖြစ်ချင်မှ ဖြစ်ပါမယ် ။ တချို့ နေရာတွေမှာ တကယ်ဖြစ်တာထက် ပိုပြီး ရေးပြရတာတွေ ရှိသလို တချို့နေရာတွေ မှာတော့ အရှိအတိုင်း ရေးမပြဘဲ လျှော့ပြီး ရေးရတာတွေလည်း ရှိပါတယ် ။ စာရေးသူ တစ်ယောက်က စာရေးစားပွဲမှာ ထိုင်ပြီး ငါ ခံစားရသလို စာဖတ်သူ တွေ ခံစားရအောင် ရေးလိုက်မယ်ဟဲ့ လို့ ကြုံးဝါးပြီး ရေးတာတော့လည်း မဟုတ်ပါဘူး ။ သူ့ဘာသာ သူ ရေးဖွဲ့နေရင်းကနေ စာဖတ်သူရဲ့ နှလုံးသားကို ဖမ်းဆုပ်မိ သွားတာဖြစ်ပါတယ် ။

••••• ••••• •••••

အထက်မှာ ဖော်ပြခဲ့တာက စာရေး ဆရာမ Kathy ရဲ့ ခံစားမှုနဲ့ ရေးဖွဲ့ နည်းများ ဖြစ်ပါတယ် ။ စာရေးကောင်းသူ တစ်ယောက်ရဲ့ စာတစ်ပုဒ်ကို ဖတ်လိုက်ရရင် စာဖတ်သူက ရင်ထဲမှာ နင့်နေအောင် ခံစား လိုက်ရရင် ဒီ စာရေးဆရာဟာ ရေးဖွဲ့မှု ပြောင်မြောက်တဲ့ စာရေးဆရာလို့ ဆိုရပါမယ် ။ ရွှေအမြုတေကို ပေးပို့လာတဲ့ ရွှေအသစ်များရဲ့ ဝတ္ထုများ ထဲမှာ ဇာတ်လမ်းအရ ရင်နင့်စရာ ကောင်းပေမယ့် ရေးဖွဲ့မှု ပုံစံ  ၊ အားနည်းမှုကြောင့် ရင် မနင့်ရတဲ့ ဝတ္ထု ဖြစ်သွားတာတွေ အများကြီး တွေ့ရပါတယ် ။

ဒါကြောင့် ဆရာမ Kathy ကိုးကားထားတဲ့ ဆရာကြီး Robert Frost ပြောသလို “ စာရေးသူ မျက်ရည်မကျဘဲ ရေးတဲ့ စာတစ်ပုဒ်ဟာ စာဖတ်သူကို မျက်ရည်ကျစေမှာ မဟုတ်ပါဘူး ” ဆိုတာကို သတိပြုကြစေချင်ပါတယ် ။

▢ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
     ၂၀၁၀ ပြည့်နှစ် ၊ ဧပြီလ

No comments:

Post a Comment