Thursday, August 28, 2025

လက်ဝဲ - မဲဇာ ငြိမ်းလက်ရာ

❝ လက်ဝဲ - မဲဇာ ငြိမ်းလက်ရာ ❞  

    

          ( မာမာအေး )



ကုန်လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ရဲ့ ဇူလိုင်လ ထဲမှာ ဂီတဆောင်းပါးရှည် တစ်ပုဒ်ကို မအေး ဖတ်ဖြစ်ခဲ့ပါတယ် ။ “ လက်ဝဲသုန္တရ - မဲဇာရွှေလီနှင့် အော်ခက်စတြာ ” ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ဆောင်းပါး ဖြစ်ပါတယ် ။ ဇူလိုင်လထုတ် ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်းမှာ ဖော်ပြပါရှိတဲ့ ဆောင်းပါး ပါရှင် ။ အငြင်းပွားဖွယ် ဖြစ်တဲ့ စန္ဒရားကိုလှထွတ် နဲ့ မာမာအေး တို့ရဲ့ လက်ဝဲသူရ အသံသွင်းခွေ ထွက်လာတဲ့အခါ မြို့မက ဆိုနေကျ ၊ ကြားနေကျ ဖြစ်တဲ့ လက်ဝဲသုန္ဒရသီချင်း နဲ့ စာသား ကွဲလွဲမှု ၊ တေးသွား ကွဲလွဲမှုတွေ ရှိလာတော့ ပရိသတ်က ဇဝေဇဝါ နားမလည်ဘဲ ဖြစ်ခဲ့ကြတယ် ” ဆိုတဲ့ အညွှန်းစာလေး ကြိုပေးထားတာ တွေ့တာနဲ့ အပြေးအလွှား တလေးတစား ဖတ်ရတာပေါ့ရှင် ။ ဆောင်းပါးရှင်က ဆရာကြီး ဂီတစာဆို မြို့မငြိမ်းရဲ့သား ဂီတစာဆိုလည်း ဖြစ်ပါတယ် ၊ တူရိယာပညာရှင် လို့လည်း ခေါ်လို့ရတဲ့ “ ကိုရွှန်းမြိုင် ( မြို့မ ) ” ကိုယ်တိုင် ဖြစ်နေလို့ပါ ။ သူ ရေးတဲ့ သီချင်းတွေ ကိုလည်း မာအေး ဆိုခဲ့ဖူးပါတယ် ။ လူချင်းလည်း ရင်းကြပါတယ် ။ သူ့ကို မာအေးက “ ကိုရွှန်း ” လို့ပဲ ခေါ်ပါတယ် ။



ဆရာကြီး မြို့မငြိမ်းရဲ့ မိသားစုတွေနဲ့ သိကျွမ်းရတာကတော့ မာအေးရဲ့ သူငယ်ချင်း မိတ်ဆွေကြီး စန္ဒရားကိုသိန်းမောင် ( စိန်သိန်း ) ကြောင့် ဖြစ်ပါတယ် ။ သူက မြို့မ နဲ့ မာမာအေး စတွဲမိချိန်ကတည်းက ပါလာတဲ့ စန္ဒရားဆရာကြီး ၊ ငယ်ပေါင်းရောင်းရင်းပေကို ။ ယောက်မ သီချင်း ဓာတ်ပြားသွင်းချင်လို့ မာအေး က ပူဆာတော့ ဆရာငြိမ်းမိသားစုနဲ့ ဆုံပေးခဲ့တာပေါ့ရှင် ။



မာအေးရဲ့ မောင်က “ ကိုရွှန်း ” ဆိုတဲ့ နာမည်နဲ့ လိုက်အောင် သူ့ဆောင်းပါးကို ရွှန်းရွှန်းဝေအောင် ရေးထားခဲ့တာပါပဲ ။ ကောင်းသော ဂီတဆန္ဒ ကြိုးစားမှုများ အတွက် အောင်မြင်ပါစေလို့လည်း ဆုတောင်းမိပါတယ် ။ မာအေး က သူ့ဆောင်းပါးကို ဝေဖန်ဖို့ မဟုတ်ပါဘူး ။ နှစ်ပိုင်း တစ်ပိုင်း ဖြစ်နေတဲ့ လက်ဝဲသုန္ဒရ နဲ့ မဲဇာရွှေလီ တို့ကို မာအေး ဘယ်လို ထိတွေ့ သိတွေ့ခဲ့ရတဲ့ အကြောင်းကြောင်းတွေ ကို ရေးပြခဲ့ချင်တာပါ ။ 



ဒီသီချင်းနှစ်ပုဒ်မှာ မာအေး အရင် ဆိုဖြစ်တာက မဲဇာရွှေလီ ဖြစ်ပါတယ် ။ ကိုရွှန်းမြိုင် ရဲ့ ဆောင်းပါး တစ်နေရာမှာ အစ်ကိုလှထွတ် နဲ့ မာအေး တို့က အသံလွှင့်ရုံ အမှုထမ်းတွေ ဖြစ်ကြလို့ မြန်မာ့အသံ ဓာတ်ပြားခန်းမှာ ရှိနေတဲ့ လက်ဝဲသုန္ဒရ အမည် မဟုတ်တဲ့ မူရင်းဓာတ်ပြား မဲဇာရွှေလီ ကို အသိဦးဟန် တူတယ်လို့ ဖတ်လိုက်ရတဲ့ အတွက် အဲဒီလို မဟုတ်ပါဘူး ။ အစ်ကိုလှထွတ် နဲ့ မာအေး တို့ ဂီတမောင်နှမ ဘာနာမည်မှ မကြီးကြသေးမီက အဆိုတော် ကိုစိန်ဝင်း တို့ နေတဲ့ “ ထရန်စပို့လမ်း ” က အိမ်ကြီးမှာ အပြင် တီးဝိုင်းတွေ လိုက်တဲ့ အခါ ဆိုရ တီးရအောင် အစ်ကိုလှထွတ် ဆီက တက်ယူခဲ့ရတဲ့ သီချင်း ဖြစ်တဲ့အကြောင်း သိစေချင်တာပါ ။ ရေးပြတာပါ ။


မာအေး တို့က ဆရာလည်း တူ ၊ ဝါသနာလည်း တူကြလို့ မောင်ရင်းနှမလို ချစ်ကြပါတယ် ။ သူက သီချင်းတွေ အများကြီးရတော့ လိုက်လိုက်ပြီး ဆိုရင်းနဲ့ ခေတ်ဟောင်းက သီချင်းတွေကို စွဲလမ်းခဲ့ရတယ် ။ “ အစ်ကိုက ဘာလို့ ဒါလောက်တောင် သီချင်း အများကြီး ရနေတာလဲ ” လို့ မာအေးက စပ်စုခဲ့ဖူးပါတယ် ။



အဲဒီတော့ သူ ငယ်ငယ်တုန်းက “ ချန်ပီယံမောင်ကျော် ” ဆိုတဲ့ ခေတ်ဟောင်း စန္ဒရားဆရာကြီးရဲ့ မွေးစားသား ဖြစ်ခဲ့ဖူးတာကိုးရှင့် ။ စစ်အတွင်းမှာ စစ်လွတ်မယ် ထင်တဲ့ ငြိမ်းချမ်းရာ ကျေးရွာတွေဆီ ပြေးခိုပုန်းအောင်း နေကြတော့ ဂီတသမား ဆရာကြီးက ညနေတိုင်ရင် ရွာသူရွာသားတွေ နားထောင်ရအောင် ဓာတ်စက် ဖွင့်ပြပေးရတဲ့ တာဝန်ယူခိုင်း သတဲ့ ။ သူကလည်း ဝါသနာရှင် ဂီတပိုး ကြီးတဲ့သူ ဆိုတော့ လိုက်ဆို လိုက်မှတ် တစ်နေ့မပြတ် ဖြစ်လာတာပေါ့ ။ ဂီတဉာဏ် ကလည်း ပါတော့ သီချင်းတွေ ကို အလွတ်ရ ၊ ဆိုပြတီးပြ ဆရာကောင်း တပည့် ပီသသူမို့ ၊ မာအေးတို့ လူရင်းတွေက သူ့ကို “ သီချင်းအဘိဓာန် ” တင်စား ခေါ်ကြပါတယ် ။ ဆိုချင်တာကတော့ ခေတ်ဟောင်းသီချင်းတွေကို မြန်မာ့အသံ ရောက်မှ သိရတာ မဟုတ်ပါဘူးလို့ပေါ့ ။


ပြီးတော့ စန္ဒရားကိုလှထွတ် နဲ့ မာမာအေး တို့ရဲ့ လက်ဝဲသုန္ဒရ အသံသွင်းခွေ ဆိုတာကိုလည်း မာအေးတို့ မထုတ်လုပ်ခဲ့ပါဘူး ။ အဲဒါလည်း ရှင်းပြချင်ပါသေးတယ် ။ ကိုရွှန်း အပါအဝင် မဲစာရွှေလီ သီချင်း နားထောင်ဖူးသူတိုင်းက အခွေ ထုတ်တယ် ထင်နေမှာ စိုးလို့ပါ ။ တကယ်တော့ ဒီသီချင်း မဲဇာရွှေလီ ဟာ အခိုးခံရတာပါပဲ ။



အကြောင်းကတော့ ဒီလိုပါ ။ မြန်မာ့အသံ စက်မှုဝန်ထမ်းတွေထဲမှာ ဂီတကို ကိုယ်တိုင် တီးတတ် နားလည်တတ်တဲ့ အသံဖမ်းရာမှာလည်း ကျွမ်းကျင်လှတဲ့ အကြီးတန်းစက်မှုအရာရှိ ခေါ်ရမလား မသိပါဘူး ၊ “ ဦးခင်မောင်ဦး ” ဆိုတာ ရှိတယ် ။ မာအေးရဲ့ အသံလွှင့်သီချင်းလေးတွေကို သူ့သဘောနဲ့ သူ ဓာတ်ပြားခုတ်ထားပြီးတော့ ရေဒီယိုအသံစမ်းရင် ထုတ်လွှင့်ပေးခဲ့ဖူးတဲ့ ကျေးဇူးရှိတဲ့သူ ဖြစ်ပါတယ် ။ အဲဒီ ဦးလေး ခင်မောင်ဦး ဟာ မြန်မာ့အသံ အတွက် မိုက်ကရိုဖုန်း တွေ အသစ် မှာယူလို့ ရောက်လာတဲ့ အခါတိုင်း သူပဲ အမြဲစမ်းသပ်ရလေ့ ရှိပါတယ် ။ “ မိုက် ” ကောင်း၏ ၊ မကောင်း၏ အသံသွင်း ကြည့်ရမှ သိရမှာ ဖြစ်တော့ သူနဲ့ ခင်တဲ့ ရင်းတဲ့ မာအေးတို့ မောင်နှကို “ လာကြဟေ့ မိုက်အသစ် စမ်းရအောင် ” လို့ ခေါ်တတ်ခဲ့တာပေါ့ရှင် ။ မဲဇာရွှေလီ ၊ ပျို့မှာတမ်း ၊ ပျို့ဆုတောင်း စတဲ့ သီချင်းတွေဟာ ဦးလေးခင်မောင်ဦး စက်စမ်းဖို့ အပျော် ဆိုကြ တီးကြတဲ့ သီချင်းလေး တွေပါ ။ ဒါကြောင့် စန္ဒရား တစ်လက်တည်း အစ်ကိုလှထွတ် ထွင်တီး စမ်းသပ်ခဲ့တာပေါ့ ။ သီချင်းလေးတွေက ကောင်းတော့ ကက်ဆက်အခွေ ကူးပေးတဲ့ ဆိုင်တွေကလည်း ခေတ်ထချိန် ဖြစ်တော့ အသံလည်း မလွှင့် ၊ အခွေလည်း မထုတ်ပါဘဲနဲ့ ကူးစားတဲ့ ဆိုင်တွေပေါ် ရောက်သွားတယ် ။ တစ်ယောက်ယောက်ဆီက ပေါက်သွားတာ သို့မဟုတ် ခိုးထုတ်သွားတာ ဖြစ်လို့ပေါ့ ။ မာအေး အသက် နှစ်ဆယ် လောက်မှာ ဆိုခဲ့တာပါ ။ 


မဲဇာရွှေလီ သီချင်းကို ဂီတပဒေသာစင်မြင့် ၊ ကျိုက္ကစံကွင်းထဲမှာ တစ်ကြိမ်တည်းသာ ပရိသတ်ကို ဆိုပြခဲ့ရဖူးပါတယ်ရှင် ။ ဒီလို ဆိုဖြစ်ခဲ့တုန်း ကလည်း သက်ဆိုင်ရာက ဆိုတဲ့ ပုဂ္ဂိုလ်များ ရောက်လာ တွေ့ဆုံပြီး ဒီသီချင်းကို နောက် မဆိုပါနဲ့ အစ်မကြီးလို့ လာတားခဲ့တာကြောင့် မဆိုဖြစ်တော့ပါဘူး ။ မာအေး ကလည်း အတော် တုံးတာကိုးရှင့် ၊ မဲဇာရွှေလီ သီချင်းကို ပြည်ပြေးရေဒီယို ဆိုတာက အမြဲ အသံလွှင့်နေလို့ ဆိုလားပဲ ။ မာအေး က ဒါတွေ ဘယ်သိပါ့မလဲ ။ မြန်မာ့အသံလိုင်းက လွဲပြီး ဘယ်လိုင်းမှာ ဘာတွေ အသံဖမ်း နားထောင်လို့ ရတယ် ဘာညာ ဆိုတာတွေလည်း မသိပါဘူး ။ မာအေး နဲ့ အဲဒါတွေ ကံမစပ်ဘူး ထင်ပါတယ် ။ အစ်မကြီး မမြရင် ရဲ့ ဓာတ်ပြား ကိုလည်း အဲဒီတုန်း ကတော့ မဖွင့်ရပါဘူးရှင် ။ 



ရုပ်မြင်သံကြားတွေ ပေါ်လာတော့ မဲဇာရွှေလီ ကို လက်ဝဲသုန္ဒရ လို့ နာမည် ပေးပြီး ညီမတော် ရီရီသန့် ရိုက်ကူး သီဆို သွားတာ ကြည့်လိုက်ခဲ့ဖူးပါတယ် ။ မောင်တော်ကလေး စန္ဒရား တင်ဝင်းလှိုင် ကတော့ သူ တင်ပြနေတဲ့ “ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ ” အစီအစဉ်မှာ လက်ဝဲသုန္ဒရ သီချင်းကို မဲဇာရွှေလီ လို့ သီချင်း ခေါင်းစဉ် ပေးပြီး တင်ပြသွားတာ တွေ့လိုက်လို့ ဖုန်းဆက် ပြောမိပါသေးတယ် ။ ဒီလိုပဲ ဒီသီချင်း နှစ်ပုဒ်ရဲ့ ပြဿနာတွေ ရှိနေတာမို့ ဒီအကြောင်းတွေ ရေးနေရတာပါပဲ ။ မဲဇာရွှေလီ ကို အသံ ပြန်သွင်းဖို့ စိတ်မကူးတော့ပါဘူး ။ အစ်ကိုလှထွတ် လက်ကွက် နဲ့ ဖေဖေ တီးပေးတဲ့ စည်းသံလေး ပါတော့မှာ မဟုတ်လို့ပါဘဲ ။ နောင် “ မဲဇာရွှေလီ ” ကို အသက်ပြန်သွင်းဦးမယ့် သူများအတွက် မာအေး ဆိုတဲ့ စာသားကို ဖော်ပြလိုက်ပါတယ် ။



 ••••• ••••• •••••



❝ မဲဇာရွှေလီ ❞



ရေး - မြို့မငြိမ်း

ဆို  - လေဘာတီမြရင်



ခြေဆင်း -


      


       မဲဇာတောင်ခြေ ...စီးတွေတွေ .. ရစ်သန်း ... သီတာ ...ရေ ×××


       


       ( မဲမှောင်၍ တောင်ငွေ့ဝေဝေ ၊ နေရောင်မထိုး ညှိုးငယ် စိတ်ဝယ်မောအောင် တောတောင်ရေမြေ ၊ မဲမှောင်၍ တောင်ငွေ့ဝေဝေ ၊ လွမ်းဘွယ်ဆွေးဘွယ် သဲညှာ မဲဇာရွှေတောင်ခြေ ) ××× ( ပင်မြင့်တွေ ပင်စောက်တွေ ပင်အောက်ခြေ ဝင်ရောက်သူလည်း အသဲဝယ်ဖိုမလေ ) xxx အထက်ကို ဘဝဂ်ကို တက်မလို့ ညို့မှိုင်းနေ ၊ မို့မို့မှိုင်းမှိုင်း ၊ ညို့ညို့ဆိုင်းဆိုင်း ၊ ရှုလေတိုင်း အုံ့မှိုင်းလို့သာဝေ မြစ်ရေ ... တွေတွေ ချိမ့်သဲ လက်ဝဲသုန္ဒရရောက်ခဲ့ရတဲ့ သည်ဝနာမြေ ×××


       

       ( မဲဇာမြစ်ရေ ရစ်ခွေစီးတွေ ၊ ဝဲယာပတ်လည် နှင်းတွေဆိုင်းမှိုင်းဝေ ) ××× 


       ဝေးခဲ့ပေါ့ ဌာနေ တို့တိုင်းပြေ ၊ ခြုံလွှာထွေး မလုံသေးပေ ၊ မွန်းတည့်နေခြည်ဖြာမှ နွေးတယ် ၊ တရေးရေး တွေးလေ ဆွေးလေ ။ ဖြေသော်လည်း မပြေ ၊ လက်ဝဲသုန္ဒရ တမ်းတစိတ်ဘဝင် ငယ်ပေါင်းသက်ဝေ ၊ သူ့ကြင်ဆွေ ၊ ပြည်တော်ကိုသာ စိတ်ထဲ ရော်ရမ်း မျှော်မှန်းကာ သာနေ ×××


      


       ( ဪ ... လွမ်းတိုင်း တွေးမိကာပင် အောက်မေ့ပေ ၊ ဝေးသောရပ်ဌာနေမှ သားသမီးတွေ ) ××× အိမ်သူချောမေလှကို တမ်းတယောင်မိပေ ၊ ချစ်တင်းနှောလို့ ပြောခဲ့တာတွေ ၊ မြင်မြင်ယောင်သေး ဆွေးဘယ်မပြေ ၊ ကလေးတွေအရေးစိုက်ကာ ရင်ဝယ်ပိုက်လို့ အကြိုက်စရိုက် အလိုလိုက်ခဲ့တဲ့မောင်တို့အဖေ ××× ရှေးဝဋ်ကြွေး မကင်းပြန် ရာဇဒဏ်မြေ × × × 


       

       မဲဇာမြစ်ရေ မျှော်မှန်းကာသာနေ ×××



••••• ••••• ••••• 



ဒါကတော့ မာအေး အရင် ထိတွေ့ သိရှိ သီဆို ဖြစ်ခဲ့တဲ့ လက်ဝဲသုန္ဒရ အမတ် အကြောင်း ဖွဲ့ဆိုတဲ့ မဲဇာရွှေလီ သီချင်းဖြစ်ပါတယ် ။ ၁၉၉၇ ခုနှစ် ၊ ဒီဇင်ဘာလမှာ သန်းအောင်ခိုင် စီစဉ်တဲ့ မြို့မငြိမ်းနှင့် သူ့အနုပညာ စာအုပ် ထွက်ပေါ်လာတဲ့အခါ လက်ဝဲသုန္ဒရ သီချင်း အောက်ခြေမှာ မူကွဲ မရှိလို့ မှတ်ချက် ပြုထားတာ တွေ့ရပါတယ် ။ စာမျက်နှာ ( ၂၉၉ ) မှာပါ ။ အဲဒါကို မာအေးက သဘော မတူနိုင်သလို ခံစားမိခဲ့ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ မန္တလေးစင်ရော်တေးသံသွင်း အတွက် တစ်ချစ်တည်းချစ် အခွေ အသံသွင်းတဲ့ အခါမှာ လက်ဝဲသုန္ဒရ နာမည်နဲ့ သီချင်း တစ်ပုဒ်ကို ဆိုထားတာကြောင့် ဒီသီချင်းထဲက စာတချို့ဟာ မဲဇာရွှေလီ သီချင်းထဲမှာလည်း ပါနေတာကို မှတ်မိနေလို့ ဖြစ်ပါတယ်ရှင် ။



ခြေဆင်း ၊ ပထမပိုဒ် နဲ့ သံပြိုင်ပိုဒ်တို့ချင်း အသံ အားလုံး တူပါတယ် ။ စာအနည်းငယ်သာ မတူတာကို တွေ့ရပါတယ် ။ သီချင်းနှစ်ပုဒ်လုံး ကိုလည်း ဆရာမြို့မငြိမ်းပဲ ရေးခဲ့တာဖြစ်လို့ “ မူကွဲ မရှိ ” ဆိုတာကို ဘဝင် မကျခဲ့တာပါပဲ ။ တချို့ကလည်း မာအေး တို့ အောက်ပြည် အောက်ရွာက ဂီတသမားတွေက စာတွေ ၊ အသံတွေ ပြင်ဆင်လိုက်တယ် လို့ ထင်မြင်ကြတာတွေလည်း ကြားဖူးခဲ့ရပါတယ် ။ ဆရာငြိမ်း ကတောင် ဒါကို မကြိုက်တဲ့ပုံမျိုး ချဲ့ပြောတာကိုလည်း ကြားရပါသေးတယ် ။



မာအေး ကတော့ ဒီကောလာဟလကို မဖြစ်နိုင်တဲ့ ဘက်က နေပါတယ် ။ မြို့မငြိမ်း ဟာ သူ့သီချင်း အသံသွင်းရာမှာ ရှိနေမယ့် လူစားမျိုးလို့ ယုံကြည်လို့ပါ ။ မျက်နှာလွှဲခဲပစ် လုပ်မယ့်သူလို့ မထင်ပါဘူးရှင် ။



တကယ်လို့ ပြင်ကြဆင်ကြတယ် ဆိုရင်လည်း ဆရာငြိမ်း က ဘာမှ ဒီအကြောင်း ပြောခဲ့တာ မတွေ့ခဲ့ရပါဘူး ။ ပြင်လိုက်ကြတယ်လို့ ထင်နေကြတဲ့ နောက်ဆုံးပိုဒ်ရဲ့ အသံလေးက သာသောင့်သာယာ ရှိတာလည်း နားဆင်သူတွေက သိကြလို့ပါပဲ ။ ရှေ့က အပိုဒ်တွေကို ထိခိုက်နိုင်တဲ့ စာရော အသံပါ မရှိပါဘူး ။ ဘာ မကျေနပ်ကြတာပါလဲ ။



လက်ဝဲသုန္ဒရ သီချင်းရဲ့နောက်ဆုံးပိုဒ်ကတော့ လက်ဝဲသုန္ဒရအမတ်ကြီး ရေးခဲ့တဲ့ ရတုထဲက အတိုင်း ပွဲခါညောင်ရေ ၊ သဲသာသောင်မြေ ဆိုတာတွေ ၊ သည်ဆီရွှေနန်း သည်ဆီရွှေမြို့ ဆိုတာတွေနဲ့ ပုံဖော်ပါတယ် ။



မဲဇာရွှေလီ သီချင်းရဲ့ နောက်ဆုံးပိုဒ်က လက်ဝဲသုန္ဒရ မိသားစုရဲ့ ခံစားချက်တွေ လွမ်းဆွတ်ကြေကွဲမှုတွေကို ပုံဖော်ပါတယ် ။ သီချင်းနှစ်ပုဒ်ကို ယှဉ်ကြည့်နိုင်ဖို့ လက်ဝဲသုန္ဒရ သီချင်း ကိုလည်း တင်ပြလိုက်ပါတယ် ။ သူက ဓာတ်ပြားရှိမယ် မထင်ပါဘူးရှင် ။ 



••••• ••••• ••••• 



❝ လက်ဝဲသုန္ဒရ ❞



ရေး - မြို့မငြိမ်း 



ခြေဆင်း -


       


       မဲဇာတောင်ခြေ ... စီးတွေတွေ .. ရစ်သန်း ... သီတာရေ ... ×××


       


       ( မဲမှောင်၍ တောင်ငွေ့ဝေဝေ ၊ နေရောင် မထိုးညှိုးငယ် ၊ စိတ်ဝယ်မောအောင် ၊ တောတောင်ရေမြေ ၊ မဲမှောင်၍ တောင်ငွေ့ဝေဝေ ၊ လွမ်းဖွယ်ဆွေးဖွယ် သဲညှာ မဲဇာ မြိုင်ခြေ  ) ××× ( ပင်မြင့်တွေ ပင်စောက်တွေ ပင်အောက်ခြေ ၊ ဝင်ရောက်သူလည်း အသဲ ဘဝင် ဖိုမလေ )  ××× အထက်ဆို ဘဝဂ်ကို တက်မလို့ ညို့မှိုင်းနေ ၊ မို့မို့ မိုမို  ၊ ညို့ညို့ ညိုညို  ၊ ရှုမျှော်တိုင်း အုံ့မှိုင်းမှိုင်း သီခေါင်ဗွေ  ၊ မြစ်ရေ သွယ်ထွေထွေဆင်း မင်း  လက်ဝဲသုန္ဒရ ရောက်ရတဲ့သည်နယ်မြေ ×××


       

       ( မဲဇာမြစ်ရေ ၊ စီးတွေရစ်ခွေ  ၊ ဝဲယာပတ်လည် နှင်းတွေဆိုင်း ... မှိုင်းဝေ ဝေ  ) ×××  ကင်းစမ်းတောင်လေပြေ တသွေးသွေး  ၊ ခြုံလွှာထွေးမလုံသေးပေ မွန်းတည့် နေခြည်ဖြာမှ နွေး မယ် ၊ တရေးရေး တွေးလေ ဆွေးလေ ၊ ဖြေသော်လည်း မပြေ ၊ လက်ဝဲသုန္ဒရ တမ်းတ စိတ်တွေ ငယ်ကျွမ်း သက်ဝေ ၊ သူ့ကြင်ဆွေ ၊ နေပြည်တော် ဆီ  ရော်ရမ်း ... တမ်းတ,တ တွေတွေ  ×××


       


       ပွဲညောင်ရေ ၊ ဆုတောင်းချွေညွှန်း ရေစင်သွန်းလို့ဝေ ၊ တကျွန်းလွမ်းလောက်ပေ ၊ တို့အောက်နယ်မြေ ၊ ရွှေဂူတော်မြတ် ဆည်းကပ်လွန်ရိုသေ ××× သဲသောင်မြေ ၊ မြစ်ကမ်း ခြေဝှမ်း ရေစင်သွန်းလို့နေ ၊ လွမ်းလွမ်းလောက်ပေ ၊ မဲဇာမြိုင်ခြေ ၊ သည်ဆီရွှေမြို့ ၊ သည်သို့စေတီပေ ၊ သည်ဆီရွှေနန်း ဖြောင့်တန်းမယ့် သည်အနေ ၊ စိတ်မှာထင်မြင် ဦးတင်ပါသည်ဖျာ့ ၊ တမ်းတယောင်ပေ ၊ နေနိုင်တော်မူအား - သနားမညှာရက်ရှာပေ ×××



       မဲဇာမြစ်ရေ ... တတွေတွေ × × ×



••••• ••••• •••••



မဲဇာရွှေလီ သီချင်းစာသားနဲ့ မတူတဲ့ စာသားလေးတွေရဲ့အောက်ခြေမှာ မျဉ်းသား ပြထားတာ ဖြစ်လို့ ယှဉ်ကြည့်လို့ ရပါပြီနော် ။



ဘယ်လိုပဲဖြစ်ဖြစ် ၊ လက်ဝဲ နဲ့ မဲဇာ ဟာ မြို့မဆရာငြိမ်းရဲ့ လက်ရာတွေ ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး ။ မူကွဲလို့ ပြောပြော ၊ တစ်ပုဒ်စီလို့ ထားထား အများက ကြိုက်ပြီးသား သီချင်းများ ဖြစ်ကြောင်းပါရှင် ။ ဒီသီချင်း နှစ်ပုဒ် အကြောင်းကို မနှစ်က မန္တလေးမြို့မှာ မာအေးရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ တင်ဆက်တုန်းက ရွှေပွဲလာ ပရိသတ်ကြီးကို မြို့မအဖွဲ့နဲ့ အတူ စန္ဒရားကိုသိမ်းမောင် ပါဝင် တီးခတ်တာမို့ ရှင်းလင်းပြောပြ သီဆိုပေးခဲ့ရ ပြီးပြီ ဖြစ်လို့ မာအေး စိတ်ထဲတော့ ဘဝင်မကျတာ မရှိတော့ပါဘူး ။ စာရှုသူ ဂီတဝါသနာရှင်များ ဂီတ အသိအမြင်များ ခံစားပျော်မွေ့နိုင်ကြပါစေ ။ 


▢ မာမာအေး

   

( ခေတ္တ - စန်ဖရန်စစ္စကို ၊ 

    ဒီဇင်ဘာ ၃ဝ ရက် ၊ 

    အင်္ဂါနေ့ ၊ နံနက် )



📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း          

     ဖေဖော်ဝါရီ ၊ ၂၀၁၅


 

No comments:

Post a Comment