❝ ဦးလဆီးဘောက်နော် ❞
မြစ်ကြီးနားမြို့က ဦးလဆီးဘောက်နော် ( U Lasi Bawk Naw ) ရဲ့ အိမ်ကို ကျွန်တော် ရောက်နေတယ် ။
သူ့အိမ်ဧည့်ခန်းက ပြတိုက်ပြခန်း တစ်ခုနဲ့ တူတယ် ။ နံရံပြည့် ဓာတ်ပုံတွေ ချိတ်ထားတယ် ။ ဓာတ်ပုံတွေ ကလည်း မျိုးစုံ ။ ရေခဲတောင် ၊ မနောပွဲ ၊ မေခမလိခ ပေါင်းဆုံကာ ဧရာဝတီမြစ် ဖြစ်လာတဲ့ မြစ်ဆုံပုံ ၊ တောင်တန်းနဲ့ လက်ဖက်ခင်းတွေပုံ ၊ မိသားစုတွေရဲ့ ဓာတ်ပုံ ။
နံရံထက် အမြင့်မှာ ကြိမ်ပလိုင်း အရွယ်စုံကို အလှဆင်ပြီး ချိတ်ထားတယ် ။ ပလိုင်းတွေ ထဲမှာ ရစ်ငှက် ငှက်တောင်ရှည်ကြီးတွေ ထိုးစိုက်ထားတယ် ။ နံရံထောင့် တစ်နေရာ မှာတော့ ရဝမ် အကြီးအကဲတွေ ဆောင်းလေ့ရှိတဲ့ ဦးထုပ်ကို ချိတ်ထားတယ် ။ ဒီဦးထုပ်မှာ ဝက်စွယ်တွေနဲ့ တန်ဆာ ဆင်ထားတယ် ။ ဝက်စွယ် ဖွေးဖွေးကွေးကွေးတွေက ဦးထုပ် ဆောင်းထားသူကို လေးစားခံ့ညားစေတယ် ။ ဦးထုပ်မှာ ရစ်ငှက်တောင်ရှည်တွေလည်း ထိုးစိုက်ထားသေးတယ် ။
အခန်းအောက်ခြေပိုင်းမှာတော့ စာအုပ်တွေက အပုံလိုက် ၊ ဦးဘောက်နော် က စာရေးဆရာ ၊ စာအုပ်တွေ ရေးသားထုတ်ဝေဖူးတယ် ။ သူ့ဧည့်ခန်းထဲမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ အစိမ်းရောင် မှတ်စုစာအုပ်တွေလည်း အထပ်လိုက် တွေ့ရပါတယ် ။ ဦးဘောက်နော် က ယခုအခါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမား ဖြစ်နေပါပြီ ။
မြစ်ကြီးနားမြို့က သူ့ အိမ်ဧည့်ခန်းမှာ ထိုင်ရင်း ထွေရာလေးပါး စကားပြောဖြစ်ကြတယ် ။ သူ ရေးခဲ့တဲ့ စာအုပ်တွေ အကြောင်း ကျွန်တော် မေးတော့ ဦးဘောက်နော်က အင်္ဂလိပ်ဘာသာနဲ့ သူ ရေးခဲ့တဲ့ စာအုပ်တွေကို ပြတယ် ။
Traditions , Beliefs and Practices : Links with Nature Conservation in Kachin State ဆိုတဲ့ စာအုပ်တွေ ၊ Journey to the Upspoilt Beauty , Tarong Country စာအုပ် ၊ Text Book of the Nature & Wildlife စာအုပ်တွေ ဖြစ်တယ် ။ စာအုပ်တွေကို အတ်ပေပါနဲ့ ဆေးရောင်စုံရိုက်နှိပ်ထားတာမို့ အရင်းကျ တန်ဖိုးများတယ် ။ အင်းဝစာအုပ်တိုက်လို ဆိုင်တွေမှာ ကျပ် ၂၅,၀၀၀ ရောင်းတဲ့ စာအုပ်ရောင်းတယ် ။
“ ဒါကြောင့် တစ်နေ့က ဟောပြောပွဲမှာ ပြောတာ ။ ကျွန်တော့်စာအုပ် ကျွန်တော် မဝယ်နိုင်ဘူးဗျာလို့ ”
သူက ပြောပြီး ရယ်တယ် ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဘယ် အသက်အရွယ်က စပြီး သူ စိတ်ဝင်စားသလဲ မေးတယ် ။
“ Kingdon Ward စာအုပ် တော်တော်များများ ရေးခဲ့တယ် ။ Icey Mountains တို့ ၊ Return to the Irrawaddy တို့ ၊ ကျွန်တော့်အဖေက တောင်တန်းဝန်ထောက် ၊ ၁၉၅၁ ခုက ၁၉၅၄ အထိ ဆွမ်ပရာဘွမ်မှာ တာဝန်ထမ်းခဲ့တယ် ။ ကျွန်တော့် အဖေရဲ့ နာမည်ကို Return to the Irrawaddy မှာ ဘယ်လို ထည့်ရေးခဲ့သလဲဆိုတော့ Before we had been five days in Sumprabum , we had met all the government officers , including the assistant resident , a Kachin named Sam Naw from Sinlumkaba , to whom we were much in debted for help ”
ဦးဘောက်နော်က သူ ရေးတဲ့ စာအုပ်တွေကို ကြည့်ဖို့ လှမ်းပေးတယ် ။
“ ကမ္ဘာပေါ်မှာ သစ်ခွနက်က ကချင်ပြည်နယ် မှာပဲ ရှိတယ် ။ သူက တော်တော်များများ ရှာသွားတာ ။ ကျွန်တော်တို့က Kingdon ရဲ့ ခြေဖျားတောင် မမီဘူး ။ သူတို့က တအား စွန့်စားတာ ၊ နှစ်ယောက် ၊ သုံးယောက်နဲ့ပဲ သွားတာ ”
ဦးဘောက်နော်ကို ကျွန်တော် မေးခဲ့တဲ့ မေးခွန်းက သဘာဝပတ်ဝန်းကျင်ကို ဘယ်အရွယ်က စပြီး စိတ်ဝင်စားခဲ့တာလဲ ။
“ ခုနက မေးခဲ့တာ ပြန်ကောက်ရရင် ၁၉၇၀ မှာ ကျောင်းပြီးတော့ ကျွန်တော် ကျောက်စိမ်းလုပ်ငန်းထဲ ရောက်သွားတယ် ။ ကျောက်စိမ်းမှော်တွေ ကလည်း ပျက်လာလိုက်တာ ဝေသာလီပြည် ဘီလူး ဝင်တဲ့အတိုင်းပဲ ။ ၁၉၉၀ လောက်မှာ စပြီး သတိထားမိတယ် ”
“ ပထမဆုံး သတိထားမိတာက ... ”
“ Erosion ( မြေဆီလွှာ တိုက်စားခြင်း ) ပါပဲ ။ flood ( ရေလျှံ ) တာလည်း ရှိတယ် ၊ တောင်တွေလည်း ပျောက်ကုန်တယ် ၊ မြေပြင်က ချိုင့်ကြီးတွေဖြစ် ၊ ဘာမှ ပုံမှန် မဟုတ်တော့ဘူး ။ ဒါတွေ တွေ့မြင်လာတယ် ၊ အဓိက တွန်းအားပေးလိုက် တာကတော့ Kingdon Ward ပဲ ၊ နိုင်ငံခြားသား ဖြစ်တဲ့သူတောင်မှ လုပ်နိုင်သေးတာဆိုတဲ့ အမြင်က ဝင်သွားပြီး စလုပ်တာ ”
“ ဘာ စလုပ်ဖြစ်တာလဲ ”
“ စလုပ်တာကတော့ လေ့လာတာ ၊ data collection ( အချက် အလက်စုဆောင်းခြင်း ) လုပ်တယ် ၊ သင်တန်းတွေ ဖွင့်တယ် ၊ ဝိုင်အမ်စီအေမှာ ၁၉၉၉ ခုမှာ သင်တန်းတွေ စလုပ်တယ် ”
ကျွန်တော်က သူ့ဘဝ အကြောင်းဘက် စကားဦး ပြောင်းပြီး ဘယ်မှာ မွေးသလဲဆိုတာ မေးပါတယ် ။
“ စိန်လုံမှာ မွေးတာ ၊ စိန်လုံက အဖေ ၊ အမေရဲ့ ဇာတိ ၊ အဖေက တောင်တန်းဝန်ထောက်တာဝန်နဲ့ ဆွမ်ပရာဘွမ်မှာ တာဝန်ထမ်းဖို့ သွားတာ ။ အဲဒီတုန်းကတော့ ဒီလမ်းကို နေ့ဘယ်သူမှ မသွားဘူး ၊ ညပဲသွားတာ ။ လမ်းမှာ အကောင် ပလောင်တွေ့ရင် ပစ်ရတာ ။ ချေ ၊ ဆတ် တို့ဆိုတာ ပေါလွန်းလို့ လျှော့ချတဲ့ အချိန် ”
“ နေ့သွားရင် ဘာဖြစ်လို့လဲ ”
“ အကောင်တွေ ဒါလောက် မရဘူး ။ ပူလည်း ပူတာကိုး ”
“ အဖေက ၁၉၅၄ ကျတော့ ဘယ်ပြောင်းသလဲ ”
“ မြစ်ကြီးနား ၊ ဗန်းမော် ၊ အဲဒီကနေ စိန်လုံ ၊ စိန်လုံမှာ ဆုံးသွားတာ ၊ ၁၉၅၈ မှာ ဆုံးတာ ”
“ ဆရာ ကျောင်းနေပြီး ပညာသင်တာကော ”
“ စိန်လုံလည်း အထက်တန်းကျောင်းပဲ ။ ကျွန်တော်က မြစ်ကြီးနား မှာပဲ နေတာ ။ ၁၉၆၇ ခုနှစ်လောက်မှာ ကျွန်တော်က ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံ သွားတက်တာ ။ ၁၉၇၀ - ၇၁ မှာ ကျောင်းပြီးပြီ ၊ အစိုးရဝန်ထမ်းတော့ မလုပ်ဘူး ။ ကျောင်းပြီး တာနဲ့ ကျောက်စိမ်းဘက် ရောက်သွားတယ် ”
“ စိုက်ပျိုးရေးသိပ္ပံကို ဘယ်လိုကြောင့် ရွေးလိုက်တာလဲ ”
“ စိုက်ပျိုးရေးကို စိတ်ဝင်စားတယ် ၊ ဒါကြောင့် သွားတက်တာ ၊ ၁၉၉၈ ခုနှစ်မှာ ဗန်ကောက်က Kasetsart University မှာ Community Forestry and Conflict Resolution in Forest Resource Management International Courses တက်တယ် ။ အဲဒီနောက်ပိုင်းတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက် လုံးလုံး ဝင်သွားတာ ၊ ကျွန်တော် စလုပ်တုန်းက အင်န်ဂျီအိုတွေ မရှိဘူး ၊ ဘာမှမရှိဘူး ”
“ ဆရာ ဝိုင်အမ်စီအေမှာ ဥက္ကဋ္ဌအဖြစ် အကြာကြီး လုပ်ခဲ့တယ်နော် ”
“ ၁၉၈၂ ခုကနေ ၂ဝဝ၅ ခုအထိ လုပ်ခဲ့ရတယ် ”
“ ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ အားထုတ်ရာမှာ ဆရာ ပါခဲ့ရသလား ”
“ ပါခဲ့တယ် ။ ၁၉၉၄ ခု အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းရာ မှာလည်း ပါတယ် ။ လက်မှတ်ထိုးရာမှာလည်း ကျွန်တော် ပါတယ် ။ ဒါပေမဲ့ မဏ္ဍပ်တိုင် တက်တာ ဝါသနာ မပါဘူး ”
“ ယခုဆိုရင် ဆရာ့ အသက် ၆ဝ ကျော်ခဲ့ပြီ ။ လုပ်ကိုင်ခဲ့တာတွေလည်း အများကြီး ၊ အမျိုးစုံပဲ ။ အဲဒီထဲမှာ ကျေနပ်နေတာတွေ ထဲက တစ်ခုလောက် ပြောပါဦး ”
“ အရင်ကတော့ environmental issue ကို ပြောရင် လူတွေက ရယ်တယ် ။ ဒီမှာဗျာ တောတောင်တွေ ရှင်းပြီး မြေလွတ်မြေရိုင်းတွေ ဖော်ထုတ်ရမယ် ။ သစ်ပင်ကို ခုတ်စမ်းပါ့ဗျာတဲ့ ။ ခုနောက်ပိုင်းကျတော့ သစ်ပင် မရှိရင် global warming ဖြစ်တာတို့ ဘာတို့ လက်တွေ့ ခံစားရလို့ ပြောလို့ဆိုလို့ အရမ်း လွယ်သွားတယ် ။ အစကတော့ argue first ၊ ယခုတော့ argue last ဖြစ်သွားပြီ ။ အရင်ကတော့ သဘာဝပတ်ဝန်းကျင်တို့ ၊ သစ်ပင် မခုတ်နဲ့တို့ ကျွန်တော် ပြောရင် ကြောင်သွားပြီ ၊ ဂေါက်သွားပြီ ထင်တာ ”
ဦးဘောက်နော်က ဟက်ဟက်ပက်ပက် ရယ်တယ် ။
“ တစ်ခု ကျွန်တော် ကျေနပ်တာက အင်န်ဂျီအိုတွေ ကျွန်တော် ကူညီခဲ့တယ် ။ ကိုယ်တိုင် အင်န်ဂျီအို မထောင်ဘူး ”
“ ဘာကြောင့်လဲ ”
“ ဘာကြောင့်လဲ ဆိုတော့ ဘယ်အင်န်ဂျီအို နဲ့ မဆို ကျွန်တော် ပေါင်းပြီးလုပ်လို့ ဖြစ်တာပဲ ။ ကျွန်တော်က ဘယ်သူ့ရဲ့ representative ( ကိုယ်စားပြု ) မှ မဟုတ်တော့ ဘယ်နေရာ မဆို သွားလို့ရတယ် ။ ဒါပေမဲ့ အဖွဲ့အစည်း မဟုတ်တော့ funding ( ရန်ပုံငွေ ) တော့ အခက်အခဲရှိတယ် ”
“ ဆရာ နောက်ထပ် ဘာစာအုပ် ရေးနေလဲ ”
“ မြစ်မှာ မာယာ ၊ တောမှာ အထာ ဆိုတဲ့ စာအုပ် ၊ ဧရာဝတီမြစ် ဖြစ်လာပုံ ပြန်ကြည့်ရင် အင်မိုင်ခ ၊ ကြမ်းတမ်းတဲ့မြစ် ၊ သူက ခါကာဘိုရာဇီ ကနေ ရေခဲ တောင်ကြားတွေကို မြစ်ဖျားခံပြီး စီးလာတယ် ။ မြစ်နှစ်သွယ်ဟာ တန်ဖဲ မှာ အင်ခိုင် တောင်တန်းကို အမှူးထားပြီး စုံဖက်တယ် ။ မလိခနူ ခေါ်တဲ့ မြစ်ကြီးဧရာ ကို ပေါက်ပွား လာစေတယ် ”
သူ့ ဧည့်ခန်းနံရံမှာ ချိတ်ထားတဲ့ မြစ်ဆုံပုံ မြင်ကွင်းကျယ် ဓာတ်ပုံကြီးကို မော့ကြည့်မိတယ် ။
“ ကချင်က ကိုယ့်ကလေးတွေ ဆိုဆုံးမရာမှာ ကြမ်းတမ်းတဲ့သူ ၊ အင်မိုင်ခ နဲ့ တူသူဟာ မလိခ လို ယဉ်ကျေးသိမ်မွေ့သူနဲ့တွေ့ပြီး လူကောင်း ဖြစ်လာပြီး မြန်မာနိုင်ငံကို အကျိုးပြုတဲ့ မြစ်ကြီးဧရာ ဖြစ်လာတယ် ၊ ဒါကို နမူနာယူရမယ် ”
သူ့အိမ်ဧည့်ခန်းနံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံတွေထဲမှာ သမီးလေးတစ်ယောက် ဘွဲ့ယူနေတဲ့ပုံလည်း ပါတယ် ။ မေးကြည့်တော့ သြစတြေးလျ ပါ့သ်တက္ကသိုလ်မှာတဲ့ ၊ သားသမီးတွေက သြစတြေးလျ ၊ အမေရိကန်နိုင်ငံတွေမှာ ရောက်နေတယ် ။ ဦးဘောက်နော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေလုပ်ဖို့ သူတို့က ငွေပို့ပေးတယ်လို့ ပြောတယ် ။
အဲဒီအချိန်မှာ သူ့ဇနီး ဒေါ်ဂျိန်းဖော့ထယ်လု ဧည့်ခန်းထဲ ဝင်လာတယ် ။ သူက တိုင်းရင်းသားဝတ်စုံ မျိုးစုံ ငှားတဲ့လုပ်ငန်းကို လုပ်တဲ့ အကြောင်း ပြောပြတယ် ။ ဦးဘောက်နော်က “ သူ ရှာဖွေတဲ့ ငွေတွေလည်း သဘာဝပတ်ဝန်းကျင်ထဲ ထည့်ရတာပေါ့ ” ပြောလို့ ရယ်ဖြစ်ကြတယ် ။
⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ
No comments:
Post a Comment