❝ နဂါးဖြူမယ် ❞
( ပုံပြင် )
ရှေးရှေးတုန်းက မြစ်ကမ်းနဖူးရဲ့ တစ်နေရာမှာ မောင်ညိုဆိုတဲ့ လူငယ်ကလေးတစ် ယောက်နဲ့ သူ့ ဦးလေးတစ်ယောက်ဟာ အတူတူနေကြတယ် ၊ သူတို့ဟာ မြစ်ထဲပါလာတဲ့ ရွှေမှုန်တွေကို ကျင်ပြီးရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ကြတယ် ။
မောင်ညိုဟာ အသက် ( ၁၈ ) နှစ်လောက်ကျော်ကျော်ပဲ ရှိသေးတယ် ။ ဒါပေမယ့် ရုပ်ကလည်းချော ၊ သတ္တိကလည်းရှိ ၊ လုံ့လဝီရိယနဲ့လည်း ပြည့်စုံတော့ အခြားသူတွေ တစ်နေ့ကို ရွှေတစ်မူးသား ရရင် မောင်ညိုဟာ တစ်မတ်သား ရအောင် ကြိုးစားတယ်တဲ့ ။
မောင်ညိုဟာ ပုလွေမှုတ်တဲ့ နေရာမှာလည်း အလွန်တော်တဲ့ သူငယ်လေး ဖြစ်သတဲ့ ။ ရွှေကျင်တဲ့ အလုပ်ပြီးရင် မြစ်ကမ်းနဖူးကျောက်ဆောင်ပေါ်မှာထိုင်ပြီး ပုလွေမှုတ်လေ့ရှိတယ် ။ သူ့ရဲ့ပုလွေသံက သာယာတော့ ရွှေငါးလေးတွေတောင် ခေါင်းဖော်ပြီး နားသောတဆင်ကြတယ်ဆိုပဲ ။
တစ်နေ့ မောင်ညိုဟာ အလုပ်ပြီးလို့ ပုလွေကို ထိုင်မှုတ်နေတဲ့ အချိန်မှာ မြစ်လယ်က ကျောက်ဆောင်ကြီး တစ်ခုနားက ရေတွေလှိုင်းတွေက စီးဆင်းရင်း ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးတစ်ခုမြည်ဟိန်းလာတယ် ။ တစ်ခါတလေတော့ မြစ်အတွင်းမှာ ဒီလို မြည်ဟိန်းတတ်သတဲ့ ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ခါတိုင်းထက် အလွန်တရာ ပြင်းထန်လို့ မောင်ညို့ပုလွေသံကို နားဆင်နေတဲ့ သပိတ်လွယ်ငှက်ကလေးတွေ ၊ ရွှေငါးကလေးတွေတောင် လန့်ပြီး ပြန်ပြေးသွားကြသတဲ့ ။ မောင်ညို မော့ကြည့်လိုက်တဲ့အခါ အဝတ်ဖြူဝတ်ဆင်ထားတဲ့ မိန်းမပျို တစ်ယောက်ကျောက်ဆောင်ပေါ်မှာ ရပ်နေတာ တွေ့ရတယ်တဲ့ ။
မောင်ညို မတ်တတ်ရပ်ပြီး ကြည့်လိုက်ရင်ပဲ မိန်းမပျိုလေးက မောင်ညိုကို ပြုံးပြ လိုက်တယ် ။ အဲဒီလို မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့ အတွက် မောင်ညိုဟာ သူ့မျက်လုံးကို သူ မယုံနိုင်လောက်အောင်ဖြစ်သွားရှာတယ် ။ ဒါနဲ့ မောင်ညိုဟာ ကျောက်ဆောင်နဲ့ အနီးဆုံးနေရာကို ပြေးသွားကြည့်လိုက်တဲ့အချိန်မှာ ကျောက်ဆောင်တံခါး ပွင့်သွားပြီး မိန်းမပျိုလေးက မောင်ညို့ကို ပြုံးပြရင်း ကျောက်ဆောင်အောက်ကို ဆင်းသွားတယ် ။
တစ်ခဏကြာတော့ ကျောက်ဆောင်ကြီး ပြန်ပိတ်သွားပြီး ရေလှိုင်းတွေလည်း ငြိမ် ကျသွားတယ် ။ မောင်ညိုဟာ နတ်သမီးနဲ့များ တွေ့သလားလို့ စဉ်းစားနေမိသတဲ့ ။ နောက် မောင်ညိုဟာ မိန်းမပျိုလေး ပေါ်လာဦးမလားလို့ ပုလွေကို ဆက်မှုတ် နေပြန်တယ် ။ ဒါပေမယ့် မိုးသာချုပ်သွားရော မိန်းမပျိုလေးလည်း ပြန်ပေါ်မလာတော့ဘူး ။
မိန်းမပျိုကလေးကို တွေ့ပြီး ကတည်းက မောင်ညို့ခမျာ သူ့မျက်နှာကလေးကိုပဲ အမြဲ မြင်နေမိတာကြောင့် နေပူမရှောင် မိုးရွာမရှောင် အားလပ်တဲ့ အချိန်တိုင်း ပုလွေမှုတ်တော့တာပဲ ။ တစ်ခါတရံ မိန်းမပျိုလေး ပေါ်လာတတ်ပေမယ့် မောင်ညို ထိုင်ရာကမှ မထရရှာသေးဘူး ၊ ပျောက်ကွယ်သွားလေ့ရှိသတဲ့ ။ ခဏခဏ ဒီလိုဖြစ်ရတော့ မောင်ညိုဟာ မကျေမနပ်ဖြစ် လာတော့သတဲ့ ။ ကျောက်ဆောင်ကြီးရဲ့အောက်မှာ တစ်ခုခု ရှိရမယ်လို့ စဉ်းစားပြီး ရေငုပ်ကြည့် ပေမယ့်လည်း ဘာတစ်ခုမှ မတွေ့ရလို့ စိတ်ပျက်သွားသတဲ့ ။
တစ်နေ့တော့ မောင်ညိုတို့ တူဝရီးဟာ ရွှေကျင်နေရင်း ငါးမူးသားလောက် ရှိတဲ့ ရွှေတောင့်လေးတစ်တောင့်ကို ရသတဲ့ ။ ဒီရွှေတောင့်လေး ရလို့ သူတို့ တူဝရီးမှာ ဝမ်းသာမဆုံး ဖြစ်နေကြတယ် ။ တစ်နေ့မှာတော့ သူတို့ ကျင်ထားတဲ့ ရွှေလေးတွေနဲ့ ရွှေတောင့်လေးကို ရောင်းရအောင်ဆိုပြီး မြို့ကို တူဝရီးနှစ်ယောက် တက်လာကြတယ် ။ အဲဒီအချိန်မှာ အခွန်ဝန်က မြို့ရိုးတံခါးမှာ စောင့်ပြီး အခွန်ကောက် နေလေရဲ့ ။ အခွန်ဝန်လည်း တွေ့ရော သူတို့နှစ်ယောက် အစဉ်းစားရ ခက်သွားသတဲ့ ။ ရှေ့ဆက်သွားရကောင်းနိုး ၊ ပြန်လှည့်ရကောင်းနိုးနဲ့ပေါ့ ။ နောက်ဆုံး တူဝရီးနှစ်ယောက်ဟာ နောက်နေ့မှပဲ လာရောင်းတော့မယ် ဆိုပြီး ပြန်တော့မယ် အလုပ်မှာ အခွန်ဝန်က လှည့်ခေါ်လိုက်တာကြောင့် ကြောက်ကြောက်နဲ့ အနား လှမ်းကပ်လာမိကြသတဲ့ ။
“ ရွှေကျင်တဲ့ လုပ်ငန်းဟာ တော်တော် ဝင်ငွေကောင်းတယ်မဟုတ်လား ၊ အခွန်လည်း မဆောင်ပါလား ” လို့အခွန်ဝန် မေးတော့ “ ကျွန်တော် ခါးနာနေလို့ အလုပ် မလုပ်နိုင်တာ ကြာပါပြီ ၊ ကျွန်တော့် တူလေး လုပ်ကျွေးသမျှ စားနေရတာကြောင့် မပိုမလျှံပါဘူးခင်ဗျာ ” လို့ ဦးလေးဖြစ်သူက ဖြေလိုက်သတဲ့ ။ အခွန်ဝန်က သူ့အဖြေကို မကျေမနပ် ဖြစ်သွားပြီး သူတို့ ကိုယ်ပေါ်မှာ အရှာခိုင်းတော့တယ်ကွယ် ။
မောင်ညိုကလည်း “ မဝတဝ လုပ်စားရတဲ့ အလုပ်မျိုးတောင် အခွန်ဆောင် နေရဦးမှာ လား ” ဆိုပြီး မကျေနပ်တာနဲ့ အခွန်ဝန်ကို လက်သီးနဲ့ တအားထိုးလိုက်တယ် ။ အခွန်ဝန် လဲသွား လို့ သူ့တပည့်တွေက ဝိုင်းထူနေတုန်း မောင်ညိုနဲ့ သူ့ဦးလေးဟာ ထွက်ပြေးသွားကြတယ် ။ အခွန်ဝန်လည်း ရှေ့သွားနှစ်ချောင်း ကျိုးပြီး နှာခေါင်းက သွေးတွေ ထွက်နေတယ် ။ ပါးစပ်ကတော့ “ မြန်မြန်လိုက်လို့ ” အာဏာသားတွေကို ခိုင်းနေရှာတယ် ။
မောင်ညိုတို့ တူဝရီးဟာ ခွန်အားရှိသလောက် ပြေးကြပါတယ် ။ ဒါပေမယ့် သူ့ဦးလေးက အသက်ကြီးပြီး ရက်ပေါင်း အတော်ကြာကြာ ထမင်းဝအောင် မစားရလို့ အင်အား ချည့်နဲ့နေတော့ ပြေးရင်းနဲ့ လဲသွားရှာတယ်ကွယ် ။ မောင်ညိုဟာ သူ့ဦးလေးကို ပခုံးပေါ် ထမ်းပြီး ထွက်ပြေးပါသေးတယ် ။ အာဏာသားတွေက မြန်တော့ မောင်ညိုတို့ကို မကြာခင်ဘဲ မိသွားတော့တယ်လေ ။
သူတို့ကို မိသွားတဲ့ အခါမှာတော့ ရိုက်ကြနှက်ကြပြီး သူတို့ ကိုယ်ပေါ်မှာ ရှာကြပြန် သတဲ့ ။ ဦးလေးဟာ ကြောက်ကြောက်လန့်လန့်နဲ့ ရုန်းကန်မိတဲ့ အတွက် အာခံရမလား ဆိုပြီး အခွန်ဝန်က ဗိုက်ကို ခြေထောက်နဲ့ တအားကန်လိုက်တာ မြေပေါ်ကို ပုံလျက်သား လဲကျသွားပြီး သေသွားရှာသတဲ့ ။ မောင်ညိုဟာ ဝမ်းလည်းနည်း ၊ ဒေါသလည်း ဖြစ်လွန်းလို့ အာဏာသား တွေလက်ထဲက တွန်းထိုး ရုန်းကန်ထွက်ပြီး သူ့ဦးလေးအတွက် ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်တယ် ။ ဒါပေမယ့် တစ်ယောက်နဲ့ အများဆိုတော့ အားမတန်တာနဲ့ဘဲ မာန်လျှော့လိုက်ရတယ် ။ အာဏာသားတွေရဲ့လူမဆန်စွာ ပြုကျင့်မှုကြောင့်မောင်ညို့ခမျာ သတိလစ်ပြီး မေ့သွားပြန်တယ် ။ အာဏာသားတွေ သူ့ဦးလေး အလောင်းမှာ ရှာဖွေတဲ့အခါ ရွှေတိုငွေစလေးတွေကို တွေ့သွားပြီး အခွန်ဝန်က ဒေါသ မပြေသေးဘဲ အလောင်းကို ထပ်ပြီး ကန်ကြောက်ပြန်တယ် ။
မောင်ညိုက အသက်ရှင် နေသေးတော့ သူတို့ အပြုအမူတွေအားလုံး သိတာပေါ့ ။ အခွန်ဝန်က မောင်ညို့ကို ဒီလိုထားလို့ မဖြစ်ဘူးဆိုပြီး ကြိုးနဲ့တုပ် ၊ တရွတ်တိုက် ဆွဲသွားကြသတဲ့ ။
သူတို့ ညှဉ်းဆဲလို့ အားရတော့မှ ခြေထောက်သံကြိုးခတ်ပြီး အချုပ်ထဲမှာ ထားလိုက်တယ် ။ မောင်ညို့ခမျာ ဘယ်လောက် အနှိပ်စက်ခံရသလဲ ဆိုရင် နှစ်ရက်လောက် ကြာမှ သတိရလာတယ် ။ ဒီအချိန်မှာ မောင်ညိုဟာ ထမယ်လို့ အားပြု ကြည့်လိုက်တယ် ။ သူ့တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေတာကြောင့် ပြန်လဲကျသွားတယ် ။ ခဏကြာတော့ အာဏာသားတွေ ရောက်လာပြီး “ တစ်နေ့ ၊ ရွှေငါးမူးသားရအောင် ကျင်ပေးရမယ် ” လို့ မောင်ညိုကို ပြောသတဲ့ ။ သူတို့ ခိုင်းတာ လုပ်မပေးနိုင်ရင် ကြာပွတ်နဲ့ ရိုက်သ,တ်မယ်လို့လည်း ကြိမ်းဝါးပြန်သေးတယ် ။ မောင်ညိုဟာ တစ်ကိုယ်လုံး နွမ်းနယ်နေတာကြောင့် သူတို့ကို ဘာမျှ ပြန်မပြောဘဲ အသာ မှိန်းနေရှာသတဲ့ ။
မောင်ညို မှိန်းနေတာလည်း တွေ့ရော အာဏာသားတွေက သူတို့ကို အရေးမလုပ်ဘူး ဆိုပြီး ကြာပွတ်နဲ့ ရိုက်ပြန်သတဲ့ ။ နောက်တော့ မောင်ညို့ကို အတင်း ဆွဲခေါ်သွားပြီး မြစ်ကမ်းစပ်မှာ ရွှေကျင် ခိုင်းပြန်တယ် ။ မတတ်သာတဲ့အဆုံးမှာ မောင်ညိုခမျာ ပင်ပန်းကြီးစွာနဲ့ ရွှေကျင် နေရရှာတယ် ။ တစ်နေ့လုံး ဘာမျှ မစားရလေတော့ ဗိုက်ထဲမှာလည်း အစာက လုံးဝမရှိ ။ ရေကလည်း ငတ် ။ တစ်ကိုယ်လုံးလည်း နာကျင်နေသတဲ့ ။ အာဏာသားတွေက အနား မပေးတော့ သူ့ခမျာ မနားရရှာဘူးပေါ့ ။
နေ့လည်ကျတော့ နေက သိပ်ပြင်းလာတယ် ။ အာဏာသားတွေက နေပူဒဏ်မခံနိုင်လို့ နေရိပ်ထဲ ဝင်ပြီးနေကြတယ် ။ မောင်ညိုမှာတော့ အစာငတ်ရေငတ်နဲ့ နေပူကျဲကျဲကြီးမှာ တစ်ယောက်တည်း ရွှေကျင်နေရပြီး သူ့ကိုယ်သူ မေ့လဲမျောကျ မသွားအောင် မနည်းထိန်းထားရတယ်တဲ့ ။ ဒီလို ဒုက္ခရောက်နေတဲ့ အချိန်မှာ ဦးလေး သေဆုံးသွားပုံနဲ့ မိမိ ခံစားနေရတဲ့ ဆင်းရဲဒဏ်ကို စဉ်းစားပြီး ငိုမိရှာသတဲ့ကွယ် ။ ဒီလို ပြင်းပြင်းထန်ထန် ငိုမိတဲ့အခါ လှိုင်းတွေက ပြေးရိုက် လိုက်တာ မောင်ညိုလည်း မေ့လဲသွားတယ် ။ သတိရလာတော့ ထလို့ မရတဲ့ မောင်ညို့ကို ဝတ်ဖြူတန်ဆာမယ်လေးက ထူမ ပေးလိုက်ရှာတယ် ။
“ ဘာပြုလို့ ဒါလောက် ဒုက္ခရောက်နေသလဲ ” လို့ မေးတော့ မောင်ညိုက ရွှေတောင့် လေးရလို့ မြို့ပေါ်တက် ရောင်းရာကအစ အခု ခံစားနေရတဲ့ အထိ ပြောပြလိုက်တယ် ။ ဝတ်ဖြူတန်ဆာမယ်လေးဟာ မောင်ညို ဖြစ်ပုံ အလုံးစုံလည်း သိပြီးရော တန်ခိုးအာနိသင်နဲ့ လက်ညှိုး ညွန်လိုက်တယ် ဆိုရင်ပဲ မောင်ညို့ခြေထောက်က သံကြိုးတွေ အကုန် ပျောက်သွားသတဲ့ ။ ဒီနောက် မြစ်ရေ အနည်းငယ်ကို လက်ခုပ်နဲ့ခပ်ပြီး မောင်ညို့ ကိုယ်ပေါ်ကို ဖျန်းပက်ပေးလိုက်တယ် ။ ရေစက်ရေပေါက်တွေ ထိတာနဲ့ မောင်ညို့ ကိုယ်မှာ ကိုက်ခဲနာကျင်နေတဲ့ ဝေဒနာတွေ အားလုံးဟာ ပျောက်သွားပြီး ဗိုက်ဆာတာလည်း မရှိတော့တာကြောင့် သိပ်ကျေးဇူးတင်ရှာ သတဲ့ ။ နောက် သူ့ကို ရှာချင်ရင် ဒီကို လိုက်ခဲ့ဆိုပြီး မောင်ညို့ကို ပေစာတစ်ရွက် ရေးပေးသွားတယ် ။
“ နေဝင်ဆည်းဆာ ၊ ရောက်အောင်လာ ၊ မေတ္တာတံခါး ဖွင့်ထားမယ် ”
အဲဒီ ပေစာလေးလည်း ပေးပြီးရော ၊ ဝတ်ဖြူတန်ဆာမယ်လေးလည်း ကွယ်ပျောက် သွားတယ် ။ မောင်ညိုလည်း ဝတ်ဖြူတန်ဆာမယ်လေး ပျောက်ကွယ်သွားတာနဲ့ လန့်ပြီး အော်လိုက်မိသတဲ့ ။ ဒီတော့မှ သူဟာ အိပ်မက်မက်နေမှန်းသိသတဲ့ ။ ဒါပေမယ့် အိပ်မက်ဟာ တကယ် ဖြစ်နေတယ် ။ သူ့ ကိုယ်မှာ ကိုက်ခဲတာတွေ ၊ နာကျင်တာတွေ အကုန်လုံး ပျောက်ပြီး သံကြိုးခတ် ထားတာလည်း မရှိတော့ဘူးတဲ့ ။ မောင်ညိုဟာ ရုတ်တရက် ဝမ်းသာ သွားပြီး နေဝင်ချိန်ကိုပဲ စောင့်နေမိသတဲ့ ။
ဆည်းဆာချိန်လည်းရောက်ရော မောင်ညိုဟာ ရေထဲငုပ်ဆင်းသွားတော့တာပဲ ၊ ကျောက်ဆောင်ကြီး ဆီကိုလည်း အတင်းကူးပြေးသတဲ့ ။ ကျောက်ဆောင်နားလည်းရောက်ရော လှိုင်းကကြီး ၊ ရေကစီးမို့ ၊ အတော်ကြိုးစား ကူးရရှာတယ် ။ ကျောက်ဆောင်ကို တွယ်မိပြန်တော့လည်း အပေါ်ကို ရောက်အောင် မနည်းတက်ရရှာတယ် ။ ခဏလောက် ကြာတော့မှ ပြင်းထန်လှတဲ့ ပေါက်ကွဲသံကြီးနဲ့ အတူ ကျောက်ဆောင်ကြီးဟာ နှစ်ခြမ်းကွဲသွားပါလေရော ။ နှစ် ခြမ်းကွဲသွားတဲ့ ကျောက်ဆောင်ကြီးအောက်ကို ငုံ့ကြည့်တော့ မှောင်မည်းနေလို့ ဘာမှ မမြင်ရဘူးတဲ့ ။ ဘယ်လောက် နက်မှန်းလည်း မသိဘူးတဲ့ ။ ဆင်းဖို့ လမ်းကလည်း မတွေ့ရဘူးလေ ။ မောင်ညိုဟာ ဘာဖြစ်ဖြစ် ဆိုပြီးခြေစုံပစ်ခုန်ချလိုက်တယ် ။ အတော်ကြာလို့ မောင်ညို မျက်စိဖွင့်ကြည့် လိုက်တဲ့အခါမှာ မွေ့ရာကြီးလို ထူထပ်တဲ့ မြက်ခင်းပေါ် ကျနေတာ တွေ့ရတယ် ။ မျက်စိရှေ့မှာလည်း ဟောင်းနွမ်းလှတဲ့ နန်းတော်ကြီးမှာ ပင့်ကူအိမ်တွေနဲ့ တွေ့လိုက်ရတော့ အတော်အံ့ဩ သွားသတဲ့ ။
နန်းတော်ထဲ ဝင်မိတဲ့အခါ လူသူ တစ်ယောက်မှ မတွေ့ဘူးတဲ့ ။ အတော်ဝေးဝေး ရောက်မှဗဟိုနန်းမကြီးရဲ့ ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ အဘိုးကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ် ။ အဘိုးကြီးက သူ့ကို ပြုံးပြီး ကြိုဆိုနေတယ် ။ မောင်ညိုလည်း သူဟာ နဂါးမင်းကြီး ဖြစ်ရမယ်လို့ စဉ်းစားပြီး ဦးညွတ်အလေးပြုလိုက်တယ် ။ ဒီနောက် အဘိုးကြီးက လက်ကိုင်တောင်ဝှေးနဲ့ မြေကြီးပေါ် သုံးချက် ဆောင့်လိုက်တာနဲ့ တစ်ပြိုင်နက် မောင်ညို့ မျက်စိရှေ့မှာ လှပတဲ့ မိန်းမပျိုကလေး တစ်ယောက် ပေါ်လာတယ် ။
နဂါးမင်းကြီးက သူဟာ ဒီနန်းတော်ကြီးထဲမှာ နှစ်ပေါင်းထောင်သောင်းများစွာ စိုးစံနေခဲ့ရသူ ဖြစ်ကြောင်း ၊ ရာဇဝင်ကို ပြန်ပြောပြတယ် ။ နှစ်ရှည်လများ နေလာတဲ့အချိန်မှာ သူ့ လက်အောက်က နန်းတော်သူနန်းတော်သားတွေဟာ သူတို့ လိုရာ အရပ်ကို ထွက်သွားကြလို့ သမီးကလေး တစ်ယောက်တည်းသာ ဖခင်နဲ့ အတူ ကျန်ခဲ့ကြောင်းပြောရှာတယ် ။ ပြီးတော့ မောင်ညိုကို ငါးမူးသားလောက်ရှိတဲ့ ရွှေတောင့်ကလေးသုံးတောင့် ပေးလိုက်တယ် ။ နောက်လည်း မကြာမကြာ လာလည်ဖို့ မှာလိုက်ပြန်တယ် ။
မောင်ညို နဲ့ နဂါးဖြူမယ်လေး နန်းတော်ထဲက အတူတူ ထွက်လာကြတဲ့အခါ နဂါးဖြူမယ်ကလေးက ရေနန်းထဲ ရောက်ဖူးကြောင်း ဘယ်သူ့ကိုမှ အသိ မပေးဖို့ မှာကြားလိုက်တယ် ။ ဒီနောက် နဂါးဖြူမယ်ကလေးက မောင်ညိုကို မျက်စိမှိတ်ပြီး ကြာပွင့်ယာဉ်နဲ့ တင်ခေါ်လာခဲ့ တယ် ။ ခဏကြာတော့ မောင်ညို နားနားကပ်ပြီး ကမ်းစပ်ရောက်အောင် ကူးတော့လို့ သတိပေး ပြီး နဂါးဖြူမယ်လေး ပျောက်သွားတယ် ။ မောင်ညို မျက်စိ ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ ရေပြင်ပေါ်ကို ရောက်နေတာကြောင့် လက်ပစ်ကူးရတော့တာပေါ့ ။
ဒီအချိန်မှာ နေကလည်း အတော်ပူတုန်းပဲ ရှိသေးတယ်တဲ့ ။ မောင်ညို ကမ်းပေါ်တက် လာတဲ့အခါ အာဏာသားတွေက သူ့ကို စောင့်ကြည့်နေကြတယ် ။ မောင်ညိုဟာ သူ့မှာ ပါလာတဲ့ ရွှေတောင့်လေးတွေကို ထုတ်ပေးပြီး “ ကျွန်တော် ရေထဲက ငုပ်လာခဲ့တာပါ ” လို့ ပြောလိုက်တယ် ။ အာဏာသားတွေက သူ့ကို အခွန်ဝန်ဆီ ခေါ်သွားကြတယ် ။ အခွန်ဝန်ဆီ ရောက်တော့ တစ်နေ့လုံး ပျောက်နေပြီး ရွှေတောင့် ငုပ်နေတာ မယုံကြကြောင်း ၊ ပြောကြပြီး အချုပ်ထဲ ပြန်ပို့ထားလိုက်တယ် ။
ညကျတော့ နဂါးဖြူမယ်လေး ရောက်လာပြန်တယ် ။ မောင်ညိုရဲ့ဒဏ်ရာတွေကိုလည်း နဂါးဖြူမယ်လေးက ကုသပေးပြီး ဆံပင်သုံးချောင်းကို နှုတ်ပေးခဲ့တယ် ။ အရေးကြီးတဲ့ အချိန်မှာ ဆံပင်တွေကို မိုးပေါ်မြှောက်လိုက်ရင် လိုချင်တာရလိမ့်မယ်လို့လည်း မှာကြားခဲ့တယ် ။ နောက်တစ်နေ့ကျတော့ မောင်ညို့ကို အာဏာသားတွေက တဖန် စစ်ဆေးကြပြန်တယ် ။ ဒါပေမယ့် အမှန်အတိုင်းကို လုံးဝ မပြောတော့ မြစ်ဆိပ်ကမ်းကို တဖန် ခေါ်သွားကြပြန်တယ် ။
မြစ်ကမ်းနဖူး ရောက်တော့ အခွန်ဝန်က “ ရွှေတောင့်ကလေးတွေ ရအောင် ငုပ်ပြစမ်း ” လို့ ခိုင်းတယ် ။ မောင်ညိုဟာ မလုပ်ဘဲ ထုံပေပေလုပ်နေလိုက်တယ် ။ ဒါနဲ့ အခွန်ဝန်လည်း ဒေါပွပြီး မောင်ညိုကို ကြာပွတ်နဲ့ ရိုက်မယ်လည်း လုပ်ရော မောင်ညိုက အရေကြီးတဲ့ အချိန်ရောက်ပြီလို့ တွေးမိပြီး ဆံပင်သုံးချောင်းကို မိုးပေါ် မြှောက်ပစ်လိုက်တယ် ။ ချက်ချင်းပဲ ဆံပင်သုံးချောင်း ဟာ တုတ်ချောင်း အသွင်ကို ပြောင်းလဲသွားပြီး အခွန်ဝန်နဲ့ အာဏာသားတွေကို လိုက်ရိုက်တော့သတဲ့ ။
အခွန်ဝန်နဲ့ အာဏာသားတွေလည်း မတတ်သာတော့ဘဲ ထွက်ပြေးရတာပေါ့ ။ သို့ပေမယ့် တုတ်သုံးချောင်းက အတင်းလိုက်ရိုက်တဲ့ အတွက် အခွန်ဝန်နဲ့ အာဏာသားတွေဟာ သေသွားကြပါရော ။ အခွန်ဝန် သေသွားတဲ့အကြောင်း လူတွေဟာ ချက်ချင်း သိသွားတာကြောင့် အားလုံးက ဝမ်းသာနေကြသတဲ့ ။ မောင်ညိုလည်း ပင်ပန်းလို့ အိမ်ပြန် အိပ်မယ်လို့ တွေးပြီး အိမ်ပြန်လာတဲ့အခါ လေကြီးမိုးကြီး ကျလာပြီး ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရသတဲ့ ။
မောင်ညို အိမ်ပြင်ထွက် ကြည့်လိုက်တော့ နဂါးဖြူမယ်လေးဟာ မိုးပေါ်မှာ ပျံဝဲပြီး သူ့ဆီ လာနေတာကို တွေ့လိုက်ရသတဲ့ ။ မောင်ညိုလည်း နဂါးဖြူမယ်လေးကို တွေ့လိုက်ရော ၊ ဝမ်းသာအားရနဲ့ သူ့ပုလွေလေးကို ပြေးယူပြီး မြစ်ကမ်းနံဘေးကို ပြေးလာခဲ့ရှာတယ် ။ မောင်ညိုက သူ့ပုလွေလေးကို ကျူကျူပါအောင် မှုတ်နေတဲ့အချိန်မှာ နဂါးဖြူမယ်ကလေးဟာ သူ့အနား ရောက်လာပါရောတဲ့ကွယ် ။
အဲဒီအချိန်က စပြီး လပြည့်တဲ့ ညတိုင်းမှာ မြစ်ကမ်းတစ်လျှောက် မောင်ညိုရဲ့ ပုလွေသံလေးကို သာသာယာယာနဲ့ ယခုတိုင် ကြားနေနိုင်ပါသေးသတဲ့ကွယ် ။
〇 ငွေဒေါင်းယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၇ ၊ ဇူလိုင်
No comments:
Post a Comment