❝ ကုတို့ရှင် နှစ်ဦး ❞
( ဇော်ဂျီ ၊ မင်းသုဝဏ် တို့နှင့် တွေ့ဆုံခြင်း )
ပေဖူးလွှာမဂ္ဂဇင်းအမှတ် -၂၀ ၊ ၁၉၈၃ ခုနှစ် ၊ ဇန်နဝါရီလထုတ်မှာ ဆရာမင်းယုဝေ က “ ကုတို့ရှင် ညီနောင်သို့ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာဇော်ဂျီ နဲ့ ဆရာမင်းသုဝဏ် ကို ဂါရဝပြုဖူးပါတယ် ။
ကုတို့ရှင်ညီနောင် နှစ်ဦးရယ်က
ထူးပါဘိ စေတနာ
ကျွန်းညိုစခန်းဆီသို့
ကူးသန်းမယ် စာဆိုပြင်တော့
လှေပေါ်တွင် တင်ယူခဲ့ကာပ
ဦးပဲ့ ညီနောင်လှော်၍
ဒွေးနှစ်ဖော် ပို့ဆောင်ပေးတယ်
ဖေးမကူရှာ ။
ညီနောင်နှစ်ပါးရယ်က
စွမ်းအားတဝေဝေနဲ့
မြစ်ပြင်ရေ လှိုင်းလေထက်မှာလ
လှေတက်ခိုင်ခိုင်နဲ့
တူပြိုင်ကာ လှော်ခတ်သွားပြန်တော့
မြအလား ကျွန်းညိုပြာ
ကျွန်းသာယာ ငါ ရောက်သွား ။
အို ... သာယာလှပါဘိ
ချိုမြတကျူကျူနဲ့
ငွေချိုးဖြူ ကူသံဆန်းလှချည့်
ပွင့်ပန်းကြိုင်လှိုင်ထုံ၍
သီးနှံစုံ အလွန်ပေါပါတဲ့
လှသော ကျွန်းညိုပြာ၌
စာဆိုမှာ တေးသီကျူးပါလို့
ခိုလှုံကာ ရွှင်ကြည်နူးရာမှ
ကျေးဇူးရှင် ထိုနှစ်ဖြာသို့
လှမ်းမျှော်ကာ လက်စုံမိုးလို့ရယ်
ရှိုခိုးရတကား ။ ။
စာပေလောကထဲကို ပို့ဆောင်ပေးခဲ့တဲ့ ဆရာကြီး နှစ်ယောက်ကို ရှိခိုးဦးခိုက်ထားတဲ့ ကဗျာဖြစ်ပါတယ် ။ ဆရာကြီး နှစ်ယောက်ဟာ ဆရာမင်းယုဝေ အတွက် သာမက ဒီနေ့ စာတွေ ၊ ကဗျာတွေ ရေးနေကြတဲ့ သူတွေ အတွက် ခေတ်စမ်းစာ ၊ ခေတ်စမ်းကဗျာတွေနဲ့ ဦးဆောင် လမ်းပြခဲ့တဲ့ စာပေလောကရဲ့ မီးရှူးတန်ဆောင်များ လည်း ဖြစ်ကြပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ ပေဖူးလွှာမဂ္ဂဇင်းရဲ့ တတိယမြောက် နှစ်ပတ်လည် အထူးထုတ်မှာ အထူးအစီအစဉ် အဖြစ်နဲ့ ဆရာကြီး နှစ်ယောက်စလုံးနဲ့ တစ်ပြိုင်တည်း တွေ့ဆုံပေးလိုက်ပါတယ် ။ ဂါရဝလည်း ပြုလိုက်ပါတယ် ။
••••• ••••• •••••
“ ဆရာကြီးတို့ကို ဂါရဝပြုတဲ့ အနေနဲ့ ကျွန်တော်တို့ ပေဖူးလွှာရဲ့ တွေ့ဆုံပေးခြင်းကဏ္ဍမှာ တွေ့ဆုံပေးဖို့ စီစဉ်ထားပါတယ် ခင်ဗျား ။ ကျွန်တော်တို့ တွေ့ဆုံပေးခြင်းကဏ္ဍမှာ အစဉ်တစိုက် တင်ပြခဲ့တာက တစ်ဦးချင်း ပါပဲ ။ ဒါပေမဲ့ ဒီလမှာ ထူးထူးခြားခြားလည်း ဖြစ်ရအောင် ဆရာကြီးတို့ နှစ်ယောက် ကလည်း ဆရာမင်းယုဝေ တင်စားခဲ့သလို ခွဲခွာ မရအောင် စာပေအကျိုး သယ်ပိုးခဲ့ကြတဲ့ ညီနောင် နှစ်ယောက်လို ဖြစ်နေတာမို့ ဆရာကြီးတို့ နှစ်ယောက်စလုံးကိုပဲ တစ်ပြိုင်တည်း တွေ့ဆုံပေးဖို့ စီစဉ်လိုက်ရတာပါ ။
ကျွန်တော် ပထမ သိချင်တာကတော့ ဆရာကြီးတို့ စာပေလောကထဲ ရောက်ရှိလာခဲ့ကြပုံတွေပါပဲ ”
ဆရာဇော်ဂျီ - “ ဆရာတို့ ခေတ်တုန်းကတော့ အခု ကိုဝင်းငြိမ်း ပြောလိုက်သလို “ စာပေလောက ” ရယ်လို့ မည်မည်ရရ မသုံးကြသေးပါဘူး ။ ဒါပေမဲ့ ဆရာကြီး ရွှေဥဒေါင်း ၊ ဆရာကြီး ပီမိုးနင်း စတဲ့ ဆရာကြီးတွေရဲ့ စာတွေကတော့ ထင်ရှားနေပါပြီ ။ မစ္စတာမောင်မှိုင်းရဲ့ လေးချိုးကြီးတွေ ၊ လယ်တီပဏ္ဍိတရဲ့ တေးထပ်တွေလည်း ထင်ရှားနေပြီ ။ အဲဒီ စာတွေကို နှစ်သက်ပေမယ့် ကိုယ်တိုင် ရေးနိုင်စွမ်းတော့ မရှိသေးပါဘူး ။
၁၉၂၁ -၂၂ လောက်မှာ ဆရာတို့ အမျိုးသားကျောင်းမှာ ကဗျာစပ်နည်း သင်ကြားခွင့် ရလာပါတယ် ။ မြန်မာစာဆရာက သံပေါက်စပ်နည်း စ သင်ပေးတယ် ။ သံပေါက်စပ်နည်းက မခဲယဉ်းလှပါဘူး ။ “ အစ လေးလုံး ၊ အလယ် သုံး ၊ အဆုံး ငါးခုမှတ် ” လို့ ဆရာက ပြောပြပြီးနောက် စပ်နည်းကို ကျောက်သင်ပုန်းကြီး မှာ ရေးပြတယ် ။ သံနေသံထား နဲ့လည်း ဆိုပြတယ် ။ နောက်နေ့တွေမှာ ကျောင်းသားတွေကို အတန်းထဲမှာပဲ အစပ်ခိုင်းတယ် ။ ဆရာက အစပ်ခိုင်းလိုက် ၊ တပည့်တွေ ရေးလာတာကို ပြင်ပေးလိုက်နဲ့ တစ်ပတ် နှစ်ပတ်လောက် ကြာတော့ ကျောင်းသား အားလုံး စပ်တတ်လာကြတယ် ။
သံပေါက်ကို နိုင်ကြရင် တခြား ကဗျာအစပ်တွေ သိပ်မခဲယဉ်းတော့ဘူးလို့ ဆရာက ပြောပြီး ဒွေးချိုး ၊ တြိချိုး ၊ လေးချိုး ၊ တေးထပ် ၊ ရတု စပ်ပုံစပ်နည်းတွေ ဆက်သင်ပေးတယ် ။ အစပ်လည်း ခိုင်းတယ် ၊ ရွတ်သံ ၊ ဆိုသံ ကို ဂရုပြုရမယ်လို့လည်း သတိပေးတယ် ။ ဒီလိုနဲ့ တပည့်တွေ အားလုံး အစပ် မမှားအောင် စပ်တတ်လာကြတယ် ။
၁၉၂၃ -၂၄ ခုလောက်မှာ ဆရာ ရန်ကုန်က မြို့မ တိုင်းရင်းသားကျောင်းမှာ စာ ဆက်သင်တယ် ။ ကျောင်းတက်နေရင်း နဲ့ အဲဒီခေတ်က ရေးလေ့ရေးထ ရှိကြတဲ့ မယ်ဘွဲ့ ၊ မောင်ဘွဲ့ ၊ ရာသီဘွဲ့တွေကို အတုယူ ရေးပြီး သူရိယမဂ္ဂဇင်းကို မရဲတရဲ ပို့ကြည့်ဖူးတယ် ။ တစ်ခါ တစ်ခါလောက် မဂ္ဂဇင်းထဲ ပါပြီး မပါတာက များပါတယ် ။ ဒါပေမဲ့ ဆရာ စိတ်မပျက်ခဲ့ပါဘူး ။ စပ်မြဲ စပ်နေတာပဲ ။ ဆရာတို့ ကျောင်းက ထုတ်တဲ့ “ ဝံသယုဝ ” မဂ္ဂဇင်းမှာတော့ ဆရာ့ကဗျာ သုံးပေးလို့ အားတက်ရတယ် ။
၁၉၂၅ ခုနှစ် ရန်ကုန်တက္ကသိုလ် ရောက်လာတော့ တက္ကသိုလ်မဂ္ဂဇင်းမှာ တစ်ခါတစ်ခါ “ သ ” ကလောင်အမည် ၊ “ ပန်းမြိုင် ” ကလောင်အမည်တွေနဲ့ မယ်ဘွဲ့ ၊ မောင်ဘွဲ့ ၊ တောဘွဲ့ ၊ တောင်ဘွဲ့ ကဗျာတွေ ရေးပါတယ် ။ ပါတာချည်းပဲ ။ ၁၉၂၈ ခုနှစ်မှာ “ ပိတောက်ပန်း ” သံချိုကဗျာကို ပဲခူးကျောင်းဆောင်က လက်ရေးစာစောင်မှာ ပထမအကြိမ် ထည့်ပါတယ် ။ ၁၉၃၀ - ၃၁ လောက်မှာ မင်းသုဝဏ် ရောက်လာတော့ ဆရာတို့ နှစ်ယောက် ပေါင်းမိသွားကြပြီး ဆရာတို့ စာတွေကို “ ဂန္ထလောက ” မဂ္ဂဇင်း က သုံးလာတယ် ။
အဲဒီအချိန်မှာ ခေတ်စမ်းကဗျာတွေ ၊ ခေတ်စမ်းပုံပြင်တွေကို ပုတ်ခတ်လာကြတော့ သိပ္ပံမောင်ဝ ၊ မင်းသုဝဏ် နဲ့ ၊ ဆရာ တို့ ကလောင်နာမည် အမျိုးမျိုး သုံးပြီး အယ်ဒီတာ ဦးထွန်းဖေရဲ့ မြန်မာ့နေ့စဉ် သတင်းစာ ကနေ ချေပခဲ့ကြပါတယ် ။ အဲဒီတုန်းက ဆရာတို့ ချေပတယ် ဆိုတာက ရန်စကား မပါဘဲ ပြေပြေပြစ်ပြစ် အကျိုးအကြောင်း ပြပြီး ချေပခဲ့ကြတာပါ ။ နောက်တော့ ခေတ်စမ်းစာပေကို ပုတ်ခတ်တဲ့သူတွေ ငြိမ်သွားတယ် ။ ဆရာ မှတ်မိသလောက် ပြောရမယ် ဆိုရင် ပုတ်ခတ်သူ တချို့က ခေတ်စမ်းစာပေတွေဟာ ခမ်းနားမှု မရှိကြောင်း ၊ အသေးအဖွဲ့လေးတွေကိုသာ ဖွဲ့တတ်ကြကြောင်း ကဲ့ရဲ့တဲ့ အခါ ဆရာက “ ထိုးသော်လဲ ထိုးသော် ကြိုးချော်၍ သွား ။ အဘွားအို အမြင်ကတ်တယ် ၊ အပ်ရွှေနဖား ” လို့ ပြန်ပြီး ချေပခဲ့တယ် ။ အဲဒီလို ဆရာတို့ သုံးယောက် လှုပ်ရှားခဲ့တာကို ကိုဝင်းငြိမ်း ပြောတဲ့ “ စာပေလောက ” ထဲ ဝင်ရောက်စပြုပြီလို့ ဆိုချင်ရင် ဆိုနိုင်ပါတယ် ”
ဆရာမင်းသုဝဏ် - “ ဆရာကတော့ ကြောင်ဘားကြီး မြီးတံတို အမေ ဆိုသံကြားရလို့ ၊ ရွှေယုန်နဲ့ ရွှေကျား သက်ငယ်ရိတ် သွားတာကို အဘွား ပြောသံ ကြားရလို့ စာပေလောကထဲ စတင် ဝင်ရောက်လာတယ် ထင်ပါတယ် ။ လူမှန်း သိလာတော့ လူကြီးတွေ ဖတ်ပြတဲ့ ပြဇာတ်တွေ ကြားရပြီး စာပေဝါသနာ ကြီးလာတယ် ။ ၁၉၂၁ ခုနှစ် ကွမ်းခြံကုန်းမှာ အမျိုးသားကျောင်း ထောင်တော့ ကျောင်းမှာ “ ဦးအာကာသန်း ” က ကဗျာရေးနည်း ပြပေးလို့ ကိုယ်တိုင် ကဗျာ စ ရေးတာပဲ ။ ၁၉၂၆ ခု မိုးရာသီ ဒဂုန်မဂ္ဂဇင်း စာစောင် တစ်ခုမှာ ဆရာ့ ကဗျာ ပထမ ပါလာတာပဲ ။ ၁၉၂၉ ခု တက္ကသိုလ် ရောက်တော့ ကောလိပ်မဂ္ဂဇင်း မှာ “ ခါနွေဆန်းတော့လွမ်းမိတယ် ” ရေးတယ် ။ နောက် “ ဘကြီးအောင် ညာတယ် ” ရေးတယ် ။ အဲဒီလိုနဲ့ပဲ စာပေလောကထဲ ကျွံဝင်လာတာ အခုတော့ နုတ်မရတော့ပါဘူး ”
“ ဆရာကြီး မင်းသုဝဏ်ရဲ့ အမည်ရင်းက ဦးဝန်လို့ သိရပါတယ် ။ မင်းသုဝဏ် ဆိုတဲ့ ကလောင်နာမည် ခံယူခဲ့ပုံကို သိပါရစေ ဆရာကြီး ”
ဆရာမင်းသုဝဏ် - “ ပထမဆုံး ကလောင်နာမည်က “ ဝန် ” ဆိုတာ ပါလို့ “ မေဃဝန် ” ဆိုတဲ့ အမည်ကို ယူပြီး ရေးပါတယ် ။ မန္တလေးကို ဘုရားဖူး သွားတော့ ဘုရားကြီးတိုက်က ကိုယ်တော် တချို့က “ မေဃဝန် ဆိုတာ မင်းကိုး ၊ တို့က ဘုန်းကြီး မှတ်နေတာ ” ပြောတော့မှ “ ကွမ်းခြံကုန်း တောင်စုအစွန်က မောင်သုဝဏ္ဏ ” လို့ ပြင်လိုက်တယ် ။ နောက်တော့ စုံနံ့သာမြိုင် ရှာပုံတော်ကြီး ထဲက မင်းသုဝဏ် ဆိုတာကို သဘောကျလို့ ယူလိုက်တာပဲ ။ နာမည်က ခိုက်သလားတော့ မသိဘူး ။ ငယ်ငယ်တုန်းက မြားပစ်တော့ အတော် ခံခဲ့ရပါတယ် ။ ကဗျာ တစ်ပုဒ်တောင် ရေးမိပါသေးတယ် ။ ဒီလိုပါ ။
▢ ဝေခွဲမရ စိတ်ဒွိဟ
ရှက်စိတ်ပေါ်၍
မတော်လောဘ ၊ ထိန်းဖြစ်ရသည်
ဘဝကုသိုလ် ကျေးဇူးလား ။
ကြောက်စိတ်ပေါ်၍
မတော်ဒေါသ ၊ ထိန်းဖြစ်ရသည်
ဘဝကုသိုလ် ကျေးဇူးလား ။
ကြောက်စိတ်ပေါ်၍
မတော်ဒေါသ ၊ ထိန်းဖြစ်ရသည်
ဘဝကုသိုလ်ကျေးဇူးလား ။
ဓားကြီးမိုးလျက်
ချိုးမည် ဖျက်မည် ၊ ခုတ်စဉ်းမည်ဟု
မျက်ခြည်မပြတ် ၊ သူ စောင့်ကြပ်၍
မလျှပ်ပေါ်သာ ၊ မလော်မာပဲ
နေပါခဲ့ရ ၊ ငါ့ဘဝတွင်
မျှတသင့်တင့် ၊ မြင့်ထက်မြင့်အောင်
ကြံကျင့်နေထိုင် ၊ သက်မွေးနိုင်သည်
ဓားကိုင်သူ၏ ကျေးဇူးလား ။
ဘဝကုသိုလ်ကျေးဇူးလား ။
မဝေခွဲတတ်ပါတကား ။
ဒါပေမဲ့ မိဘနှစ်ပါးကိုတော့ ရိုးမြေပြာကျ လုပ်ကျွေး နိုင်ခဲ့ပါတယ် ။ “ စန်းသော်တာ ” ဆိုတဲ့ ကလောင်အမည် နဲ့ လည်း ရေးပါသေးတယ် ။ ဆရာ ရေးခဲ့တာတွေကို ဒဂုန်မဂ္ဂဇင်း ၊ ဒီးဒုတ်ဂျာနယ် ၊ ဗြိတိသျှဘားမား မဂ္ဂဇင်းတွေမှာ ရှာကြည့်ရင် တွေ့ရပါလိမ့်မယ် ”
“ ဆရာကြီးက အမည်ရင်းက ဦးသိန်းဟန် နော် ။ ဆရာကကော “ ဇော်ဂျီ ” ဆိုတဲ့ ကလောင်နာမည်ကို ဘာကြောင့် ခံယူခဲ့တာပါလဲ ဆရာကြီး ခင်ဗျာ ”
ဆရာဇော်ဂျီ - “ ဇော်ဂျီရုပ်သေးရုပ် ကို သဘောကျလို့ ဒီကလောင်နာမည်ကို ယူလိုက်တာပါ ။ အကြောင်းထူး မရှိပါဘူး ”
“ ကျေးဇူးတင်ပါတယ် ဆရာ ။ ကျွန်တော်တို့ ကဗျာနဲ့ ပတ်သက်တာလေးတွေ ဆွေးနွေးချင်ပါတယ် ။ ကဗျာရေးတဲ့ နေရာမှာ တချို့က အကြောင်းအရာကို ဦးစားပေးသင့်တယ်လို့ ဆိုကြပြီး တချို့ကတော့လည်း ကဗျာမှာ ကာရန်ဟာ အဓိကလို့ ယူဆကြပြန်ပါတယ် ။ ဆရာကြီးတို့ အနေနဲ့ ဘယ်လိုများ ယူဆပါသလဲ ခင်ဗျာ ”
ဆရာမင်းသုဝဏ် - “ ကဗျာအဖို့ အကြောင်းအရာလည်း အရေးကြီးပါတယ် ။ မြန်မာကဗျာ အဖို့တော့ ကာရန်လည်း အရေးကြီးပါတယ် ။ ဘယ်ဟာက ပိုအရေးကြီးတယ်လို့တော့ မပြောတတ်ပါဘူး ။ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောရရင် လျှောမွေး တစ်ကောင်နဲ့ ဗာရာဏသီချဲ့ နေတော့လည်း အားထုတ်ရ ကျိုးနပ်ပါ့မလားလို့ စဉ်းစားနေမိပါတယ် ။
ကာရန်နဲ့ ပတ်သက်လို့တော့ မြန်မာစကားမှာ ကာရန် အနေနဲ့ ၆၄ ပါး သတ်မှတ်ထားပါတယ် ။ ယခုကာလ မှာတော့ ကာရန်ကို သိပ်ပြီး အရေးမပေးပါဘူး ။ အသံကိုပဲ အရေးပေးပါတယ် ။ “ ဝါဆိုလပြည့် ၊ သောကြာနေ့ ” ဆိုတာမျိုးပေါ့ ။ အသံကလည်း မြန်မာစကားမှာ ၅ဝ လောက် ရှိပါတယ် ။ သည်တော့ မြန်မာတွေဟာ ကာရန် စပ်က ရှောင်ပြေးလို့ မရနိုင်သလို ဖြစ်နေပါတယ် ။ ကျောင်းသားငယ်တွေတောင်မှ “ ကျောင်းပြေး ကျောင်းပြေး နှုတ်ခမ်းမွေး ၊ ဗာရာဏသီ ကြိုးနဲ့ချည် ” လို့ ကာရန်ကို ပြေးရင်းလွှားရင်း ဆိုနေပါတယ် ။ ဆရာက သည်လို ပြောလိုက်တဲ့ အတွက် ကာရန်ပါမှ ကဗျာလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး ။
အမှန်အားဖြင့် ကာရန် မပါရင် ကဗျာ မဟုတ်ဘူးလို့လည်း မပြောရဲပါဘူး ။ ဖတ်ဖူးတာလေး တစ်ခုကို သတိရလို့ ပြောပြပါရစေ ။ အင်္ဂလိပ်ကဗျာလောမှာလည်း ကာရန်ရှိ ကာရန်မဲ့ ပြဿနာပေါ်နေတာပါပဲ ။ သည်ရောဂါက သူတို့ ဆီက ကူးလာတာပါ ။ တစ်ခါတုန်းက အောက် ( စ ) ဖို့ဒ် တက္ကသိုလ်ကို ပညာတော်သင်ဆုရလို့ ပညာ လာသင်နေတဲ့ အမေရိကန် လူရည်ချွန်ကျောင်းသားတစ်ယောက်ဟာ “ ရုဒ်ယာဒ် ကစ်ပလင် ” ( Rudyard Kipling ) ဆီကို သွားလည်ပါတယ် ။ စာပေဆွေးနွေးကြရင်း ကာရန်ရှိ ကာရန်မဲ့ ကဗျာ ပြဿနာ အကြောင်းကို ရောက်သွားပါသတဲ့ ။
ကာရန်မဲ့ ကာရန်ရှိ ကဗျာနှစ်မျိုးရဲ့ ခြားနားချက်ကို သိပါရစေလို့ မေးသတဲ့ ။ သည်တော့ “ ကစ်ပလင် ” က အမေရိကန် ကဗျာထဲက ဘယ်ကဗျာကို မောင်ရင် ကြိုက်သလဲလို့ မေးတယ် ။ “ တိအက်စ် အီလီယော့ ( တ ) ” ( T.S Eliot ) ရဲ့ “ သည် ဝေ့ ( စ် ) လင်း ( ဒ် ) ” ( The Waste Land ) ကို ကြိုက်ပါတယ်လို့ ဖြေပါတယ် ။ ဒါဖြင့် အကြိုက် စာပိုဒ်ကလေးများကို ရွတ်ပြစမ်းပါလို့ ခိုင်းသတဲ့ ။ သည်တော့ လူရည်ချွန်ကျောင်းသားက မရွတ်နိုင်ပါဘူး ခင်ဗျာလို့ ဖြေသတဲ့ ။
ကျုပ် ကဗျာထဲ မှာကော မောင်ရင် ကြိုက်တာများ ရှိပါသလား ၊ ရှိပါတယ် ။ ဘာတွေလဲ ။ “ မန္တလေး ” ( Mandalay ) တို့ ၊ “ ဂင်္ဂါဒင် ” ( Ginga Din ) တို့ပါပဲ ။ ကဲ ... မန္တလေးကို ရွတ်ပြစမ်းပါလို့ ကစ်ပလင်က ခိုင်းတော့ အထစ်အငေါ့မရှိ ၊ လျှောက်ရွတ်တာပဲတဲ့ ။ ပြီးတော့ ဂင်္ဂါဒင်ကို ရွတ်ပြခိုင်းတော့လည်း စိတ်ပါလက်ပါ အစအဆုံး ရွတ်ပြသတဲ့ ။ သည်တော့ ကစ်ပလင်က အဲဒါ ကာရန်မဲ့နဲ့ ကာရန်ရှိ ကဗျာတို့ရဲ့ ခြားနား ချက်တစ်ရပ်ပဲကွဲ့ ” လို့ ပြောလိုက်ပါသတဲ့ ။ “ မဟာကဝိရဝိန္ဒရာနတ်တဂိုး ” ကြီးရဲ့ နိုဘယ်ဆုရတဲ့ ကဗျာတွေဟာ ကာရန်မဲ့ ကဗျာတွေလို့ မှတ်မိဖူးပါတယ် ၊ ဆင်ခြင်ကြပေါ့ခင်ဗျာ ”
“ ဆရာကြီးကကော ဘယ်လို ယူဆပါသလဲ ခင်ဗျာ ”
ဆရာဇော်ဂျီ - “ အကြောင်းအရာလည်း အဓိက ၊ ပုံသဏ္ဍာန် အဓိကဖြစ်တယ်လို့ယူဆပါတယ် ။ ဒါပေမဲ့ စာရေးဆရာရဲ့ စေတနာကသာ သူ့စေတနာ အလိုက် အကြောင်းအရာ ကိုလည်း ရှာတတ်တယ် ။ ပုံသဏ္ဍာန် ကိုလည်း ရှာတတ်တဲ့ အတွက် စေတနာသာ ပဓာန အကျဆုံးဖြစ်တယ်လို့ ဆိုချင်ပါတယ် ”
“ မြန်မာကဗျာတွေကို လေ့လာရတာ ခက်တယ်လို့ တချို့ ညည်းကြတာ ဆရာကြီးတို့ ကြားမိမယ် ထင်ပါတယ် ။ အဲဒီလို မခက်ခဲရအောင် မြန်မာကဗျာတွေကို ဘယ်လို လေ့လာရမလဲ ဆရာ ”
ဆရာဇော်ဂျီ - “ မြန်မာကဗျာကို လေ့လာရာမှာ သင်ဆရာရဲ့ အကူအညီနဲ့ လေ့လာနိုင်ရင် အကောင်းဆုံးပါ ။ ကိုယ်တိုင် လေ့လာမယ် ဆိုရင်တော့ ရှင်မဟာရဋ္ဌသာရရဲ့ ကိုးခန်းပျို့က ဟတ္ထိပါလ တောထွက်ခန်း ပုဒ်ရေ ၈ဝ ကို လေ့လာပါ ။ စကား ဖွဲ့စည်းပုံ ၊ ဝါကျ ထားသိုပုံ ၊ ကာရန် သုံးထားပုံတို့ကို ဂရုစိုက်ပါ ။ အလွတ် ကျက်တန်သရွေ့ ကျက်ပါ ။ ကျက်တဲ့ နေရာမှာ အသံထွက် ရွတ်ဆို လေ့ကျင့်ရင် ပိုကောင်းပါတယ် ”
ဆရာမင်းသုဝဏ် - “ ကဗျာ ဆိုရင် လွယ်တာလည်း ရှိပါတယ် ။ ခက်တာလည်း ရှိပါတယ် ။ ဒါကတော့ ဘာသာတိုင်းမှာပါပဲ ။ ခက်တာကိုတော့ အထူး လေ့လာယူရပါတယ် ။ ဂျပန်မှာ ဟိုက္ကူကဗျာဟာ အင်မတန် ခက်ပါတယ် ။ အနောက်တိုင်းသားတွေက သူတို့ရဲ့ စရိုက်အတိုင်း ခေတ်အဆက်ဆက် ဟိုက္ကူကို လေ့လာတယ် ။ ဖွင့်ဆို ရေးသားတယ် ။ အခုတော့ ဂျပန်တွေတောင် အနောက်တိုင်းသားတွေရဲ့ အဖွင့် ကျမ်းတွေကို ကြည့်ပြီး အရသာ ခံစားနေကြရပါတယ် ။ ဒါကြောင့် ဆရာတောင်မှ “ ဟိုက္ကူကဗျာ မြည်းစရာ ” စာအုပ်ကို ထုတ်နိုင်ခဲ့ပါတယ် ။
မြန်မာကဗျာကို နားလည်ဖို့က ကဗျာရဲ့ နောက်ခံ မြန်မာ့ယဉ်ကျေးမှုကို နားလည်ဖို့ လိုပါတယ် ။ အထက်က ဆရာ ပြောခဲ့သလို ရွှေယုန် နဲ့ ရွှေကျား က စပြီး ကြားဖူးနားဝလည်း ရှိရမယ် ။ ကြိုက်တဲ့ စိတ်လည်း ပေါ်ရမယ် ။ ဒီလိုဆိုရင် မြန်မာကဗျာကို လေ့လာရတာ ခက်မယ် မဟုတ်ပါဘူး ။ ခက်တယ်လို့လည်း ထင်တော့မယ် မဟုတ်ပါဘူး ။ သည်တောင်ကို မောင်ဖြိုခဲ့မယ် မြင်းမိုရ်မို့လားလို့ ဖြစ်လာမှာပါပဲ ”
“ ကဗျာရေးတယ် ဆိုတာ ရင်ထဲက ခံစားချက်ကို ဖွင့်ချရုံ သက်သက်ပဲလား ဆရာကဗျာမှာ ရည်ရွယ်ချက်တို့ တာဝန်တို့ ရှိပါသလား ခင်ဗျာ ”
ဆရာမင်ုးဝဏ် - “ ကဗျာမှာ ခံစားချက်ကို မျိုသိပ် မထားနိုင်လို့ မှုတ်ထုတ် လိုက်ရတဲ့ ကဗျာက တစ်မျိုး ၊ ပန်းတိုင် တစ်ခုခုကို ဦးတည်ပြီး ရေးတဲ့ ကဗျာက တစ်မျိုး ၊ အကြမ်းအားဖြင့် ကဗျာနှစ်မျိုး တွေ့ရပါတယ် ။
ပထမ တစ်မျိုးက ရည်ရွယ်ချက် မည်မည်ရရ မရှိပါဘူး ။ ဒုတိယတစ်မျိုးကတော့ ရှိတယ်လို့ ဆိုရပါမယ် ။ ကဗျာရဲ့ တာဝန် ကိုတော့ဖြင့် ဆရာ မပြောတတ်ပါဘူး ။ လက်တွေ့ အကျိုးသက်ရောက်ပုံကို ကြည့်ပြီး ပြောရရင်တော့ ကဗျာဟာ မယဉ်ကျေးသူကို ယဉ်ကျေးအောင် ဆုံးမပါတယ် ။ သည်တော့ ကဗျာ့ တာဝန်ဟာ မယဉ်ကျေးသူကို ယဉ်ကျေးအောင် လုပ်ပေးမှုလို့ ဆိုရမယ် ထင်ပါတယ် ”
ဆရာဇော်ဂျီ - “ ကဗျာရဲ့ အစွမ်းကြောင့် ပရိသတ်မှာ ပေါ်ပေါက်တဲ့ အကျိုးအာနိသင် နှစ်သက်ခြင်းလည်း ရှိပါတယ် ။ နှစ်သက်ခြင်းသက်သက်ကိုတော့ ယေဘုယျအားဖြင့် သဒ္ဒါလင်္ကာရ ၊ အတ္ထာလင်္ကာရ အစိတ်အပိုင်း တို့က ရတတ်ပြီး ၊ အာနိသင် နှစ်သက်ခြင်းကိုတော့ စာရေးဆရာရဲ့ စေတနာမှန် အခြေခံလည်း ရှိပြီးတော့ လေးနက်တဲ့ ဘဝအကြောင်းအရာ အခြေခံလည်း ရှိတဲ့ အစ ၊ အလယ် ၊ အဆုံး စာတစ်ပုဒ်လုံးမှ ရတတ်တယ်လို့ ဆရာယူဆတယ် ။
ဒါကြောင့် ကဗျာ ရေးလိုသူတို့ဟာ မိမိရဲ့ စာမှာ နှစ်သက်ခြင်း သက်သက် ပါအောင် သာမက အာနိသင် နှစ်သက်ခြင်း ပါလာအောင်လည်း အားထုတ်သင့်တယ်လို့ ထင်ပါတယ် ။ ကဗျာ လေ့လာတဲ့သူဟာ စာတစ်ပုဒ်ကို လေ့လာရာမှာ နှစ်သက်ခြင်း သက်သက်ကို သာမက အာနိသင် နှစ်သက်ခြင်း ရှိ မရှိကိုပါ သိအောင် အားထုတ်သင့်ပါတယ် ။ ဒါမှလည်း ပရိသတ်က သူ့လောကကို သတိပြုတတ်မှု ရှိလာနိုင်ပြီး ဘဝ အမောဖြေခွင့် ရလာတော့မပေါ့ ။ ကာမဂုဏ်အာရုံ နှစ်သက်ခြင်းထက် ရသအတွေ့အကြုံ နှစ်သက်ခြင်းက ယဉ်ကျေးမှုနဲ့ ပိုပြီး နီးစပ်တယ်လို့ ဆိုချင်ပါတယ် ။ ရသအတွေ့အကြုံ နှစ်သက်ခြင်းသက်သက်ထက် ရသ အတွေ့အကြုံ အာနိသင် နှစ်သက်ခြင်းက ယဉ်ကျေးမှုနဲ့ နောက်တစ်ဆင့် ပိုပြီး နီးစပ်တယ်လို့ ဆိုချင်ပါတယ် ။ ဒါကြောင့် စာရေးလိုသူနဲ့ လေ့လာလိုသူတို့ဟာ အာနိသင် နှစ်သက်ခြင်း ပန်းတိုင်သို့ ရောက်အောင် အားထုတ်စေလိုခြင်းဖြစ်ပါတယ် ။
ဒီလို ပြောလိုက်လို့ ကဗျာ့တာဝန်ဟာ ဗဟုသုတ ပေးဖို့ ၊ အဆုံးအမ ပေးဖို့ လို့တော့ မယူဆစေချင်ပါဘူး ။ ဒီလို မယူဆသင့်ဘူး လို့လည်း ဆိုမိန့်ကြပါတယ် ။ ဒါကိုလည်း ဆရာ လက်ခံပါတယ် ။ ဗဟုသုတ ပေးဖို့ ၊ အဆုံးအမ ပေးဖို့ ကဗျာ ရေးရင် ကဗျာ မဖြစ်ဘဲ ကာရန် ဗဟုသုတစာ သာ ဖြစ်ပါလိမ့်မယ် ။ ဒီကဗျာမျိုးကို ဖတ်ရတာ ထက် ဗဟုသုတစာအုပ် ၊ ဆုံးမဩဝါဒစာအုပ်တို့ကို ဖတ်လိုက်ရတာက ပိုကောင်းမယ် ထင်ပါတယ် ။ တစ်ခါ ကဗျာလို့ ဆိုခဲ့တဲ့ အတွက် ကဗျာသည် အကျိုးပြုတတ်သောအရာ မဟုတ်တော့ဘူးလား လို့ မေးစရာ ရှိလာပြန်တယ် ။
ကဗျာသည် အကျိုးပြုသင့်သည်လို့ ဆရာ ယုံကြည်ပါတယ် ။ ဒါပေမဲ့ ပြုပုံချင်း မတူထိုက်လို့ ယူဆတဲ့ အတွက် ဆိုခဲ့ခြင်းသာ ဖြစ်ပါတယ် ။ အကျိုးပြုရာမှာ ကဗျာဟာ ပရိသတ်၌ နှစ်သက်ခြင်းကို ဖြစ်စေပြီး အဲဒီ နှစ်သက်ခြင်းရဲ့ ဂယက်နဲ့ ဘဝကို အသိပေး အကျိုးပြုတတ်တယ် ဆိုတာကို သတိ ပြုသင့်ပါတယ် ”
“ ကဗျာ ရေးချင်တဲ့သူ တစ်ယောက်အနေနဲ့ ဘာတွေ လေ့လာလိုက်စားဖို့ လိုပါသလဲဆရာကြီး ခင်ဗျား ”
ဆရာမင်းသုဝဏ် - “ ကဗျာ ရေးချင်ရင် ကဗျာရေးနည်း စာအုပ်တွေ များများ ဖတ်ပါ ။ ကဗျာတွေ များများ နှုတ်တက် ရဖို့လည်း လိုပါတယ် ။ ဆရာ ရေးဖူးတဲ့ “ ကဗျာရေးချင် စာစပ်သင် ” ဆိုတဲ့ စာအုပ်ကလေး ကလည်း ကျေးဇူးပြုနိုင်ပါလိမ့်မယ် ။ မပြတ်မလပ် ရေးဖို့ လိုပါတယ် ။ တွေ့ကရာကို ရေးနိုင်ဖို့ လိုပါတယ် ။ လမ်းဆုံးတော့ ရွာကို တွေ့ရမှာမုချပါပဲ ”
“ ကဗျာတစ်ပုဒ်ကို မွေးထုတ်ရာမှာ အကြောင်းအရာပိုင်းက စပြီး ရေးပုံထိ ဆရာကြီးတို့ရဲ့ ကဗျာတစ်ပုဒ်စီ ကို ဥပမာအဖြစ် ကဗျာ လေ့လာလိုက်စားတဲ့ လူငယ်တွေ သိရအောင် ပြောပြစေချင်ပါတယ် ဆရာ ။ ဥပမာ အားဖြင့် ဆရာကြီးဇော်ဂျီရဲ့ ထင်ရှားတဲ့ ကဗျာစု ဖြစ်တဲ့ ဗေဒါလမ်း ကဗျာတွေ ထဲက တစ်ပုဒ်လောက် သိပါရစေ ဆရာကြီး ”
ဆရာဇော်ဂျီ - “ ဗေဒါလမ်း ကဗျာ အားလုံးအတွက် ယေဘုယျ ဖြစ်ပေါ်လာပုံကို ဆရာ့ အိမ်ကနေ ဆရာ့ အလုပ်ခွင် ဖြစ်တဲ့ တက္ကသိုလ်စာကြည့်တိုက် နေ့စဉ်နေ့တိုင်း ခြေကျင် သွားပြီး ခြေကျင် ပြန်လေ့ရှိပါတယ် ။ ဒီလို နေ့စဉ် သွားလာ နေရတာကို တွေးမိလာတယ် ။ အလုပ်ခွင် မှာလည်း လူအမျိုးမျိုး ၊ အဖြစ်အပျက် အမျိုးမျိုးနဲ့ ကြုံဆုံ ဆက်ဆံ တုံ့ပြန်နေရလို့ ခံစားမှုအမျိုးမျိုး ရနေခြင်းသာပါတကားလို့ တွေးမိလာတယ် ။ အသွားနဲ့ အပြန် နှစ်ခု ကြားမှာ အဖန်တလဲလဲ ကျင်လည် နေရခြင်းသာပါတကားလို့လည်း တွေးမိပါတယ် ။ တစ်ခါ ဆရာ ငယ်ငယ်က သွားလာ ပျော်ရွှင်ခဲ့ဖူးရာ ဖြစ်တဲ့ ဒီအတက်အကျ ရှိတဲ့ ချောင်းကို သတိရလာပြန်တယ် ။ ဒီရေ အတက်အကျ အလိုက် စုန်ဆန် နေတတ်တဲ့ ဗေဒါပင် ၊ ဗေဒါပန်းတွေ ကိုလည်း သတိရလာတယ် ။ ကဗျာရေးချင်စိတ် ပေါက်လာတဲ့အခါ ဆရာ့ အတွေ့အကြုံ ၊ အဆက်အဆံ ၊ အတုံ့အပြန် ရှိခဲ့ဖူးတာတွေကို ဒီချောင်း အမူအရာ ၊ ဗေဒါပင် အမူအရာတွေနဲ့ တင်စားပြီး ဆရာ မှတ်မိတဲ့ ခံစားမှုအသိနဲ့ ဗေဒါလမ်း ကဗျာတွေကို ထုံ့ပိုင်းထုံ့ပိုင်း ရေးနိုင်ခဲ့တာပါပဲ ။
ကိုဝင်းငြိမ်းက တစ်ပုဒ် ဥပမာ တောင်းထားတော့ ဗေဒါလမ်း အုပ်စုထဲက “ နေလုံးရယ်နီ ” ကို ဥပမာ ပေးချင်ပါတယ် ။ ကဗျာက ဒီလိုပါ -
နေလုံးရယ်နီ
တိမ်ပန်းချီ နေသွေးနဲ့ ၊
နတ်ရေးသည်သို့ ။
ဒီ အကျပေမို့
အလှလတာပြင်က ၊
ကျူရိုးရှင် လှေကလေးနဲ့
မျှော်ငေးလိုလို့ ။
သူ့ကိုယ်သူလျှင် ၊ ဘာထင်လေမသိ ။
ဗယ်ပြောင်းညာပြန်နဲ့
ဟိုငပျံလတာစွန်းမှာ ၊
သူ့ကျွမ်းသံချည့် ။
သူ့ကိုယ်သူလျှင် ၊ ဘာထင်လေမသိ ။
ဘုတ်မခုနစ်သံနဲ့
တညံညံလတာစွန်းမှာ ၊
သူ့လွမ်းသံချည့် ။
အိုအချင်း ကျူရိုးရှင် ။
သူ့မူရာ သူ့အတင်း ၊ မင်း ဆိုခဲ့စဉ် ။
မင့်ကိုယ်လဲ မင်းပင်လျှင် ၊
ဘာထင်လို့လေလဲ ။
မဗေဒါ စုန်ဆန်လမ်းမှာ ၊ ပန်းခဲ့သည်ပဲ ။
ဒီကဗျာ ဘယ်လို ဖြစ်လာတယ် ဆိုတာကို ဆရာ ပြောပြပါ့မယ် ။ အဲသည်တုန်းက သတင်းစာတွေထဲမှာ ကမ္ဘာ့သတင်း ၊ ဗမာ့သတင်းတွေကို ဂရုတစိုက် ဖတ်မိကြရင် စိတ်မောစရာ တော်တော်များများ တွေ့ကြလိမ့်မယ် ။ နိုင်ငံအုပ်စုတွေ ကလည်း အရေးကိစ္စတိုင်း လိုလိုမှာ ဘယ်သူ့ကိုမှ လူမထင် ၊ ငါ့အတွက် ငါတကော ကောနေကြတယ်လို့ ဆရာ့စိတ်မှာ ထင်လာတယ် ။ ဒါ ဆရာ့အထင် ပြောတာပါ ။ အဲဒီအခါမှာ သူတို့ရဲ့ အမူအရာများကို တွေးကြည့်ပြီး ဆရာ စိတ်မောမိတယ် ။ အဲဒီလို မောမိတာနဲ့ အတူ အုပ်စုတွေဟာ သူတို့ ကိုယ် သူတို့ ဘယ်လိုများ ထင်နေကြပါလိမ့်ဆိုတဲ့ အသိလိုလို ၊ အမြင်လိုလို ဖြစ်တဲ့ အမေး အတွေး တစ်ခုလည်း ဖြစ်ပါတယ် ။ ဆရာ ထင်သလို ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ် ။
အဲဒီ အတွေးနဲ့အတူ “ သူ့ ကိုယ်သူလျှင် ၊ ဘာထင်လေမသိ ” ဆိုတဲ့ ကဗျာတိုလေး တစ်ကြောင်း ဆရာ့ နားထဲ ရောက်လာတယ် ။ ဆရာ့ အဖို့မှာ အဲဒီအတွေးနဲ့ အဲဒီကဗျာတို့ကို ရလိုက်တာက အစ သူတို့ဟာ ဆရာ့စိတ်ကို အလုပ်ပေးကြတော့တာပဲ ။ ဆရာ့စိတ်ဟာ အငြိမ် မနေနိုင်တော့ဘဲ ရုန်းကန်စ ပြုလာတော့တယ် ။ ဒီကဗျာ မရေးခင် ကတည်းက ဆရာဟာ စိတ်ကူးပေါက်တိုင်း ဗေဒါလမ်းကဗျာများကို ထုံ့ပိုင်းထုံ့ပိုင်း ရေးလာခဲ့တာ ဆိုတော့ ဒီကမ္ဘာသတင်း ၊ ဗမာ့သတင်းတွေကြောင့် ဖြစ်လာခဲ့တဲ့ ဆရာ့အတွေးနဲ့ ဆရာ့ကဗျာတို့ ကိုလည်း ကိစ္စတိုင်း အတွက် အများက လက်ခံနိုင်အောင် ဗေဒါလမ်း ကဗျာစုမှာ ဆရာ ထည့်ချင်လာတယ် ။ အဲဒီတော့ ရေးနေကျဖြစ်တဲ့ ဒီတက် ဒီကျမှာ စုန်တုံ့ ဆန်တုံ့ ပြုတတ်တဲ့ ဗေဒါပန်းနဲ့ လဟာပြင်ကို ဆရာ သတိရ လာတယ် ။
ဒါပေမဲ့ “ သူ့ကိုယ်သူလျှင် ဘာထင်လေမသိ ” ဆိုတဲ့ အတွေးဟာ ဆရာ အရင်က စိတ်မောခဲ့တဲ့ သဘောအတိုင်း ဆရာ့ ကဗျာမှာ ထင်ပေါ်လာအောင် ဘယ်လို စီစဉ်ရမလဲ ။ ဘယ်လို နေရာချရမလဲ ။ ဆရာ့စိတ် ပိုပြီး လှုပ်ရှားလာတယ် ။ ပိုပြီး ရုန်းကန်လာတယ် ။ သွားရင်း ၊ လာရင်း ၊ လုပ်ရင်း ၊ ကိုင်ရင်း မှာတောင် အခွင့်ရတဲ့ အခါတိုင်း လှုပ်ရှား ရုန်းကန်တတ်ပါတယ် ။ ထွက်ပေါက် ရှာနေတဲ့ သူလို ဖြစ်နေတယ် ။ ဒီချောင်းဒေသမှာ ဆရာ သဘောကျဖူးခဲ့တဲ့ အမူအရာတို့ကို မျက်စိနဲ့ လိုက်ကြည့်တယ် ။ အသံကို စိတ်နဲ့ လိုက်နားထောင်ကြည့်တယ် ။ ကြိုက်တာကိုလည်း တွေ့ရတယ် ၊ မကြိုက်တာကိုလည်း တွေ့ရတယ် ။
အဲဒီလို ရုန်းကန်နေရင်း တစ်ခါတော့ လာတာပြင်မှာ ခုန်တက် ပေါက်တတ်တဲ့ ငါးပျံနဲ့ အဆက်မပြတ် အော်တတ်တဲ့ ဘုတ်ငှက်ကို သတိရလာတယ် ။ ငါးပျံ နဲ့ ဘုတ်ငှက် တို့က ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး ။ သူတို့အစွမ်း ကိုသာ သူတို့ ပြပြီး ငါတကော ကောနေကြဟန် ဖွဲ့လိုက်ရင် “ သူ့ကိုယ်သူလျှင် ၊ ဘာထင်လေ မသိ ” ဆိုတဲ့ အတွေး ထင်ပေါ်လာမယ်လို့ ယူဆပြီး အဲဒီအတိုင်း ဖွဲ့ဖို့ ဆရာ ဆုံးဖြတ်လိုက်ပါတယ် ။ ဒါပေမဲ့ ဆရာ့ စိတ်ထဲမှာ အားမရ သလိုလို ဖြစ်နေသေးတယ် ။ ကိုယ့်အစွမ်း ကိုသာ ကိုယ် ပြနေကြတဲ့ ငါးပျံနဲ့ ဘုတ်ငှက်တို့ကို ဖွဲ့လိုက်ရုံနဲ့ ဆရာ့ အတွေးဟာ ထင်ပေါ်လာကောင်းပါတယ် ။ ဒါပေမဲ့ ကြွတက်လာအောင် ပြုနိုင်ဦးမှ ကောင်းမယ် ။ တစ်ခုခုနဲ့ အားဖြည့်ပေးစရာ လိုနေသေးတယ်လို့ အထင်ရောက်လာတယ် ။ လတာပြင်မှာ ငါးပျံ ဆော့ချင်တိုင်း ဆော့နေတာကို မြင်ကြည့်တယ် ။ ဘုတ်ငှက် ဆူချင်တိုင်း ဆူနေတာကို ကြားကြည့်တယ် ။ မျက်စိရှုပ်လာတယ် ။ နားငြီးလာတယ် ။ အဲဒီအခါမှာ ဆရာ ကြည်နူးခဲ့ဖူးတဲ့ ညနေ နေစောင်းချိန် နေလုံးနီနီ ကို သတိရလာတယ် ။.
နေနီနီ ရှုခင်းဟာ မမှိန့်တမှိန်လည်း ဖြစ်တယ် ။ ငြိမ်လည်း ငြိမ်တယ် ။ အနီရောင်သန်းနေတဲ့ တိမ်တွေနဲ့ လှလည်း လှတယ် ။ သူ့ကို နောက်ခံကား အဖြစ် ထည့်လိုက်ရင် ဆော့ချင်တိုင်း ဆော့နေပုံ ၊ ဆူချင်တိုင်း ဆူနေပုံတို့ဟာ ကြွတက်လာနိုင်စရာ အကြောင်းရှိတယ် ။ နေလုံးနီနီဟာ ကြည်နူးစရာ ဖြစ်သင့်တယ် ။ ကြည်နူးစရာ နောက်ခံမှာ ငါးပျံနဲ့ ဘုတ်ငှက်တို့ရဲ့ အမူအရာများဟာ မေးငေါ့စရာ ဖြစ်သင့်တယ် ။ ဆရာ အဲဒီလို ယူဆပြီး ယူဆတဲ့အတိုင်း ဆုံးဖြတ် လိုက်ပြန်တယ် ။ ဒီတော့မှ ဆရာ့ စိတ်ရုန်းကန်မှုဟာ ငြိမ်သလိုလို ဖြစ်လာပြီး ထွက်ပေါက်ရသလို ဖြစ်လာတယ် ။ အဲဒီအခါကျမှပဲ ရေးဖို့ အားထုတ်ပါတော့တယ် ။ ရေးဖို့ အားထုတ်တဲ့ အခါမှာ ရုန်းကန်မှု အသစ်ကို တွေ့ရ ပြန်တယ် ။ ဒါပေမဲ့ အဲဒီရုန်းကန်မှုက အတွေးရုန်းကန်မှု မဟုတ် ၊ ပုံပေါ်အောင် ဖော်ရတဲ့ အရေး ရုန်းကန်မှုသာ ဖြစ်ပါတယ် ။
ပထမဦးဆုံး ပုံကြမ်း လောင်းလိုက်တယ် ။ ရပြီ ။ ဒါပေမဲ့ အချော မကိုင်ရသေးခင်မှာဘဲ ကိုယ့်စာကို ကိုယ် သဘောမကျနိုင် သလိုလို ဖြစ်လာတယ် ။ ပုံကြမ်းကို သဘောမကျတာ မဟုတ်ဘူး ။ ပုံကြမ်းကို အချောကိုင် လိုက်ရင် ချောလာမှာ သေချာတယ် ။ ကိုယ့်အတွေးကို ကိုယ် သဘောမကျ နေခြင်းသာ ဖြစ်ပါတယ် ။ “ သူ့ကိုယ်သူလျှင် ၊ ဘာထင်လေ မသိ ” သူတစ်ပါးကိုသာ ငါက ကဲ့ရဲ့နေခြင်းသည် မှန်နိုင်ပါ့မလား ၊ သင့်နိုင်ပါ့မလား ။ ဆရာ တွေဝေပြီး ဖြစ်ခဲ့ရတယ် ။ ဒါကြောင့် အချောမကိုင်သေးဘဲ ဆိုင်းထားလိုက်ရတယ် ။
အရေး ကိုသာ ဆိုင်းထားလိုက်ရတယ် ။ အတွေး ကတော့ တဒိုင်းဒိုင်း မြည်လာတယ် ။ အရင်က ထွက်ပေါက်က ထွက်လာနိုင်ခဲ့တဲ့ ဆရာဟာ အတွေးနယ်ထဲကို ပြန်ဝင်လာတယ် ။ ဝင်လည်း ဝင်ခဲ့တယ် ။ သွားရင်း ၊ လာရင်း ၊ လုပ်ရင်း ၊ ကိုင်ရင်း အခွင့်ရတိုင်း ဝင်ခဲ့တယ် ။ ဝင်တိုင်း ဝင်တိုင်းမှာ သူတစ်ပါး ငါတကော ကောနေတာကို ငါက ကဲ့ရဲ့နေသည်မှာ မှန်ပါရဲ့လား ။ သင့်ပါရဲ့လား ။ ဆရာ့စိတ် ရုန်းကန်နေရတယ် ။ နှစ်ရက်လောက် ရုန်းကန်နေခဲ့ပါတယ် ။ နှစ်ရက် အကြာမှာ “ သူတစ်ပါး ကိုသာ ငါက ကဲ့ရဲ့ချင်ရသည်မှာ ငါက ငါ့ကိုယ် ငါ ဘာထင်နေလို့လဲ ” ဆိုတဲ့ အမြင်ကို ရလာတယ် ။ ဆရာ ဝမ်းသာလို့ မဆုံးတော့ဘူး ။
ဝမ်းသာခြင်း ဖြစ်လိုက်တာက တခြားကြောင့် မဟုတ်ပါဘူး ။ ဒီအမြင်ဟာ စိတ်မောစရာ တစ်မျိုးပါလားလို့ ငိုအားထက် ရယ်အားသန်လိုက်မိတာကြောင့် ဖြစ်ပါတယ် ။ ဟုတ်တယ် ။ ငါ့အမြင် မှန်လာပြီ ၊ သင့်လာပြီလို့ ဆုံးဖြတ်လိုက်ပြန်တယ် ။ ထွက်ပေါက် ရလိုက်ပြန်တယ် ။ အဲဒီက စပြီး ရေးလက်စ ပုံကြမ်းကို ဆက်ကိုင်နိုင်လို့ နောက်ဆုံးမှာ သေချာ စိတ်တိုင်းကျ ရလာပါတယ် ။ ဒီလိုနဲ့ ကမ္ဘာ့သတင်း ဗမာ့သတင်းတို့ကြောင့် ဆရာ တစ်ဦးတည်း မှာသာ ဖြစ်ပေါ်ခဲ့တဲ့ စိတ်မောခြင်း ၊ စိတ်လှုပ်ရှားခြင်းတရားဟာ လှုပ်ရင်းရှားရင်း ရုန်းရင်းကန်ရင်း ပွားများလာပြီး စိတ်ကူးဉာဏ်ဘဝကို ရလာတယ်လို့ ထင်ပါတယ် ။
အဲဒီ စိတ်ကူးဉာဏ်ကပဲ ကျူရိုးရှင် မျှော်ငေး နေပုံကို လည်းကောင်း ၊ အဲဒီအခါ လတာပြင်မှာ ငါးပျံ ကလည်း ကျွမ်း ကိုချည်း ပစ်ပြနေပုံကို လည်းကောင်း ၊ ဘုတ်မ ကလည်း အလွမ်းကိုချည့် ဟစ်ပြနေပုံကို လည်းကောင်း ၊ အဲဒီအခါ ကျူရိုးရှင်ဟာ မကြည်နူးနိုင်တဲ့ အတွက် ငါးပျံ နဲ့ ဘုတ်မ တို့ကို ကဲ့ရဲ့လိုက်ပုံကို လည်းကောင်း ၊ အဲဒီအခါ ဗေဒါက ကျူရိုးရှင်ကို ဝေဖန်လိုက်ပုံကို လည်းကောင်း ဖန်တီးပြီး ဇာတ်လမ်း ဆင်နိုင်ခဲ့တယ်လို့ ထင်ပါတယ် ။ ဒါက “ နေလုံးရယ်နီ ” အစချီတဲ့ ဗေဒါလမ်းကဗျာ အတွက် ဆရာ့စိတ်ကူးမှာ စိတ်ကူးဉာဏ် ဝင်လာပုံကို ပြောပြတာ ဖြစ်ပါတယ် ။
ဒီလို ပြောပြလိုက်တာက ကိုဝင်းငြိမ်း မေးတဲ့ ကဗျာတစ်ပုဒ်နဲ့ ဆိုင်တဲ့ စိတ်ကူးဉာဏ် ဖြစ်ပေါ်လာပုံအကြောင်း သက်သက်သာ ဖြစ်ပါတယ် ။ စိတ်ကူးဉာဏ် ဝင်လာပုံမှာ စာရေးဆရာ တစ်ဦးနဲ့ တစ်ဦး တူချင်မှ တူပေလိမ့်မယ် ။ စာရေးဆရာ တစ်ဦးတည်း မှာတောင် စာတစ်ပုဒ်နဲ့ တစ်ပုဒ် စိတ်ကူးဉာဏ် ဝင်လာပုံ တူချင်မှ တူလိမ့်မယ် ။ အခု ဆရာ ရခဲ့တဲ့ စိတ်ကူးဉာဏ် ဝင်လာပုံကို ဆင်ခြင်ကြည့်ရင်
( ၁ ) အာရုံတစ်ခုကို မြင်ရ ကြားရ သိရလျှင်သော် လည်းကောင်း ၊ အရေးကိစ္စ တစ်ခုခုနဲ့ ကြုံရလျှင် သော် လည်းကောင်း ၊ ခံစားမှုတရား တစ်ခုခု ဖြစ်ပေါ်လာတတ်တာကို သိသာပါတယ် ။
( ၂ ) ခံစားမှုတရား ဖြစ်ပေါ်လာရင် စိတ်ချမ်းသာသော ခံစားမှုကြောင့်သော် လည်းကောင်း ၊ စိတ်ဆင်းရဲသော ခံစားမှုကြောင့်သော် လည်းကောင်း ဝမ်းမြောက်ခြင်း ၊ ဝမ်းနည်းခြင်း ၊ နှစ်သက်ခြင်း ၊ ကရုဏာဖြစ်ခြင်း ၊ စက်ဆုပ်ခြင်း ၊ အားတက်ခြင်း ၊ စိုးရိမ်ခြင်း ၊ အံ့ဩခြင်း ၊ ငြိမ်းချမ်းခြင်း စတဲ့ စိတ်လှုပ်ရှားမှု တစ်ခုခုဟာ အကြောင်းအားလျော်စွာ ပေါ်လာတတ်တာ သိသာလှပါတယ် ။
( ၃ ) စိတ်လှုပ်ရှားမှု တရား ပေါ်လာတာနဲ့ တစ်ပြိုင်နက် စိတ်ကူးဉာဏ် ရှိတဲ့ စာရေးဆရာရဲ့ စိတ်မှာ ဘဝအသိ တစ်ခုခု ရလာသလိုလို ဖြစ်တယ်လို့ ထင်ပါတယ် ။
( ၄ ) အဲဒီအခါမျိုးမှာ စာရေးဆရာရဲ့ စိတ်မှာ နောက်ထပ် လှုပ်ရှားလာတတ်သေးသည်မှာ အရင်က မမှတ်မိဘူး လိုလိုနဲ့ မှတ်မိနေတတ်တဲ့ ဒါမှ မဟုတ် မှတ်ဉာဏ် တစ်နေရာရာမှာ ခိုနေ အောင်းနေ ၊ ငုပ်နေတတ်တဲ့ ရုပ်ဆင်းသဏ္ဍာန် အသံ အဖြစ်အပျက်တို့ဟာ သဘာဝစိတ်ကို မှီပြီး ဝိုးတဝါး ပေါ်လာတတ်ကြတယ် ။
( ၅ ) အဲဒီနောက် စာရေးဆရာရဲ့ စိတ်မှာ အဲဒီ အသိတရားတို့ဟာ သဘာဝစိတ်ရဲ့ အင်အားကောင်း သလောက် ပွားများလာပြီး ပုံသစ် အသွင်သစ်ကို ရယူဖို့ ရုန်းကန်တတ်ကြတယ်လို့ ထင်ပါတယ် “
“ ကျေးဇူးတင်ပါတယ် ဆရာကြီး ၊ ပြည့်ပြည့်စုံစုံနဲ့ ပြောပြသွားတဲ့ အတွက် ကဗျာဝါသနာရှင်တွေ အတွက် အထောက်အကူ ရပါလိမ့်မယ် ။ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာတွေထဲက “ ပျဉ်းမငုတ်တို ” ရေးခဲ့ပုံကို သိခွင့် ပြုပါဦး ဆရာကြီး ခင်ဗျား ”
ဆရာမင်းသုဝဏ် - “ ပျဉ်းမငုတ်တို ကဗျာ ပေါ်လာပုံကို တစ်နေရာမှာ ဆရာ ရေးဖူးပါတယ် ။ အခု ကိုဝင်းငြိမ်း က ထပ်မေးလာလို့ ပြောပါဦးမယ် ။ စစ်ကြီးပြီးစ တက္ကသိုလ် ကျောင်းဝင်း အတွင်းကို ပြန်ရောက်တော့ တက္ကသိုလ် တစ်ဝိုက်ဟာ ခြောက်ကပ်ကပ်ပါ ။ တက္ကသိုလ် ရိပ်သာလမ်း နံဘေးက မြောင်းတွေထဲမှာ လူဦးခေါင်းခွံ ၊ အရိုး ၊ စစ်သား သံခမောက် ၊ ကျည်ခွံ ဆိုတဲ့ စစ်ကြီးရဲ့ အမွေအနှစ်တွေကို တွေ့နေရပါတယ် ။
ညနေ လမ်းလျှောက် ထွက်တဲ့အခါ စစ်ဒဏ် ခံလိုက်ရလို့ မွဲခြောက် ကျိုးပြတ်နေတဲ့ သစ်ပင်တွေကိုလည်း တွေ့နေရပါတယ် ။ သည်အထဲမှာ ပျဉ်းမငုတ်တိုကြီး တစ်ခု ။ လင်းတကြီးလို အရုပ်က ဆိုးပါဘိ ။ ဆရာ့ လင်းတ ကို ( လင်းဒ ) လို့ ဖတ်ပါ ၊ ( လဒ ) လို့ မဖတ်ပါနဲ့ ၊ အဲဒါကို မြင်ရတော့ ဖုထစ်ရွတ်တွ ၊ ငှက်လင်းတသို့ ... ဆိုတဲ့ ဥပမာ စကားစုကလေး ပေါ်လာပါတယ် ။
အင်္ဂလိပ် ကဗျာဆရာ တစ်ဦး ရေးတာကို ဖတ်ရဖူးတာကတော့ ကဗျာတစ်ပုဒ်ရဲ့ ဗီဇ ကလလရည်ကြည် ဟာ ဘာနဲ့ တူသလဲဆိုရင် “ ပုလဲမိ ” ( Mother of Pearl ) လို့ခေါ်တဲ့ ပုလဲကမာကောင်ရဲ့ ကိုယ်ထဲကို ရောက်သွားတဲ့ သဲကြမ်းပွင့်နဲ့ တူသတဲ့ ။ ကမာကောင်ဟာ အသားထဲကို သဲပွင့် ရောက်လာတော့ ယားကျိကျိ နဲ့ အနေရ ခက်ပြီး ပုလဲရည်တွေ ထုတ်ပေးသတဲ့ ။ အဲသည် ပုလဲရည်က သဲကြမ်းပွင့်ကို ဖုံးအုပ်သတဲ့ ။ အနေရ ခက်လိုက် ၊ ပုလဲရည် ထွက်လိုက် ၊ သဲကြမ်းပွင့်ကို ဖုံးအုပ်လိုက်နဲ့ ကြာတော့ သဲကြမ်းပွင့်ကလေးဟာ ပုလဲလုံးကလေး ဖြစ်လာခဲ့တာပဲ ။
ကဗျာမှာလည်း လက်ဦးဆုံး ကာလလရည်ကြည် ဆိုရမယ့် စကားကလေး တစ်လုံး ၊ စာကလေး တစ်ပိုဒ် ပေါ်လာတယ် ။ အဲသည် စကားတစ်လုံး စာတစ်ပိုဒ်က လှုပ်ရှားတော့ ရေးသူရဲ့ ဉာဏ်ထဲမှာ အနေရ ခက်ပြီး ပုလဲရည်နဲ့ တူတဲ့ ကဗျာအရည်တွေ ထွက်ပြီး အုပ်ဖုံးလာတယ် ။ နောက်ဆုံးမှာ ကဗျာပုလဲလုံးကလေး ဖြစ်လာတော့ တာပဲတဲ့ ။
ဆရာ့ ကဗျာ အတွက်လည်း ဖုထစ်ရွတ်တွ ၊ ငှက်လင်းတသို့ ... က စလိုက်တာ နောက်ဆုံးမှာ ပျဉ်းမငုတ်တို ကဗျာ ဖြစ်သွားတာပါပဲ ”
“ ဒီနေ့ ကဗျာတော်တော် များများဟာ “ အချစ် ” ကဗျာတွေ မှာပဲ ဝဲလည် နေကြတာ တွေ့ရပါတယ် ။ ဒါကြောင့် တချို့က မြန်မာကဗျာတွေဟာ အကြောင်းအရာပိုင်းမှာ ကျဉ်းမြောင်းတယ်လို့ ဆိုကြပါတယ် ။ ဆရာကြီးတို့ အမြင် သိပါရစေ ခင်ဗျား ”
ဆရာမင်းသုဝဏ် - “ အချစ်ကဗျာတွေ ရေးနေကြတယ် ဆိုတာ သဘာဝကျပါတယ် ။ ကဗျာဟာ သိင်္ဂါရ ရသကို ဖော်ပြဖို့ ယာဉ် တစ်ခုပါပဲ ။ ကဗျာရေးသူ ဆိုတာ အများအားဖြင့် ရင်ထဲမှာ သိင်္ဂါရ ရသတွေ ဆူပွက် နေတတ်တဲ့ ကာလသား ၊ ကာလသမီးတွေ များပါတယ် ။ သည်တော့ အချစ်ကဗျာ ကိုပဲ ရေးတော့တာပေါ့ ။ တကယ်လို့ သည်ကဗျာဆရာကလေး တွေဟာ ရေရှည်ဆက် ရေးနေမယ်ဆိုရင် အသက်နဲ့ အတူ အတွေ့ အကြုံတွေလည်း ရင့်ကျက် ပြောင်းလဲလာပြီး အကြောင်းအရာတွေလည်း ထူးလာမှာပါပဲ ။ ကျယ်ပြောလာမှာပါပဲ ။ ဒါပေမဲ့ သိင်္ဂါရ ရသ အရွယ်က လွန်သွားရင် ကဗျာကို စွန့်တတ်ကြတယ် ။ အဖတ် လည်း စွန့် ၊ အရေး လည်း စွန့်ပြီး ကဗျာလောကကို ကျောပေးသွားတတ်ကြပါတယ် ။ သည်တော့ ကဗျာနဲ့ ရာသက်ပန် ပေါင်းမယ့် ကဗျာ ဝါသနာအိုးတွေ ပေါ်ပေါက် တိုးပွားပါစေလို့ ဆုတောင်းဖို့ပဲရှိပါတယ် ”
ဆရာဇော်ဂျီ - “ အချစ်ကဗျာ ရေးကြတယ် ဆိုတာက ငယ်သေးလို့လည်း ဖြစ်နိုင်ပါတယ် ။ အတွေ့အကြုံ နည်းလို့ အတွေးအခေါ် မရင့်သန်သေးလို့လည်း ဖြစ်နိုင်ပါတယ် ”
“ ကာရန်မဲ့ကဗျာ အပေါ်မှာ ဆရာကြီးတို့ ဘယ်လို မြင်ပါသလဲ ၊ သိပါရစေ ခင်ဗျား ”
ဆရာဇော်ဂျီ - “ ဒီမေးခွန်း ကတော့ ဆရာမင်းသုဝဏ် ဖြေရင် ပိုပြီးကောင်းပါလိမ့်မယ် ။ ဆရာ နားလည်သလောက်က ကဗျာသဘော ပါဖို့ရာက အရေးကြီးဆုံးပါပဲ ။ “ ကာရန်မဲ့ ကဗျာ ” ဆိုတာ အင်္ဂလိပ်ဘာသာ “ Free Verse ” ဆိုလိုဟန် ရှိပါတယ် ။ Free ရဲ့ အနက်အဓိပ္ပာယ်က အင်္ဂလိပ်ကဗျာမှာ အစပ်ပုံစံ မဲ့ခြင်းသာ ဖြစ်ပါတယ် ။ ကာရန်မဲ့ခြင်းလို့ အဓိပ္ပာယ် မရလို့ ယူဆပါတယ် ။ ကဗျာမှာ အစပ်ပုံစံ အတိုင်း မဟုတ်လည်း စာဆိုရဲ့ ခံစားမှုအလိုက် အလေးအပေါ့ ၊ အချီအချ ၊ အတက်အဆင်း ၊ ပြေပြစ်မှုသဘော ပါအောင် စပ်ရမည် သာဖြစ်ပါတယ် ။
စကားပြေ မှာလည်း စာရေးသူရဲ့ ခံစားမှုအလိုက် အလေးအပေါ့ ၊ အချီအချ ၊ အတက်အဆင်း ဂုဏ်ပါရင် ကဗျာသဘော ပါတဲ့ စကားပြေလို့ မဆိုနိုင်ဘူးလား ။ ဒီလို စကားပြေမျိုးကိုပဲ Free Verse သဘောရှိတဲ့ စာလို့ ခေါ်လိုရင် ခေါ်နိုင်တယ်လို့ ထင်ပါတယ် ။ သာဓက တစ်ခု ပြရမယ် ဆိုရင် သခင်ဘသောင်းရဲ့ “ တို့ဗမာ ” ကြွေးကြော်သံအစပ်ကို ပြချင်ပါတယ် ။
“ ဗမာပြည်သည် တို့ပြည် ၊ ဗမာစာသည် တို့စာ ၊ ဗမာစကားသည် တို့စကား ၊ တို့ပြည်ကို ချစ်ပါ ၊ တို့စာကို ချီးမြှင့်ပါ ၊ တို့စကားကို လေးစားပါ ” လို့ စပ်ခဲ့တာပဲ မဟုတ်လား ”
ဆရာမင်းသုဝဏ် - “ ကာရန်မဲ့ကဗျာ အကြောင်း စောစောက ဆရာ ဖြေလိုက်တဲ့ အထဲမှာ ပါသွားပါတယ် ။ ဆရာ့သဘော ကတော့ ကာရန်မဲ့ကဗျာကို နှစ်သက်တယ် ဆိုတဲ့ သူတွေဟာ ကိုယ့်ဘာသာစကားရဲ့ အခြေအနေကို အဘက်ဘက်က နေပြီး နှိုက်နှိုက်နှဲနှဲ ကြာကြာရှည်ရှည် လေ့လာနိုင်ရင် ကောင်းမယ် ထင်ပါတယ် ။
လေ့လာပြီးတော့ ကဗျာပုဒ်ရေပေါင်း ရာနဲ့ ထောင်နဲ့ ချီပြီး ရေးဖို့ လိုပါလိမ့်မယ် ။ အကြောင်းအရာကလည်း သိင်္ဂါရ ရသဘောင်ကို ကျော်ထွက်ဖို့ လိုပါလိမ့်မယ် ။ အဲသည်အခါ လမ်းဆုံးရင် ရွာ တွေ့မှာပါပဲ ။ အဲသည် ရွာကလေးဟာ နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ကောင်းရင်တော့ လက်ယပ်ခေါ်ဖို့ မလိုဘဲ စည်ကားလာမှာ အမှန်ပါပဲ ။ ရွာတွေ့ကြပါစေလို့လည်း ဆုတောင်းပါတယ် ”
“ ဆရာကြီး မင်းသုဝဏ် ရှုမဝမဂ္ဂဇင်း ၊ စစ်ပြန်မဂ္ဂဇင်း ၊ ရတနာမွန်မဂ္ဂဇင်း တို့မှာ ရေးနေတဲ့ ပုံစံတွေဟာ ကာရန်မဲ့ ကဗျာတွေပါလား ခင်ဗျား ”
ဆရာမင်းသုဝဏ် - “ အဲဒီ မဂ္ဂဇင်းတွေမှာ ဆရာ ရေးနေတဲ့ ငါးရာ့ငါးဆယ် ဇာတ်တွေဟာ အထူးအဆန်း မဟုတ်ပါဘူး ။ ကလေးသူငယ်တွေကို လူကြီးတွေက ဖတ်ပြဖို့ ရည်ရွယ်ပြီး ရေးတာပါ ။ ကလေးသူငယ်တွေ ကိုယ်တိုင် စာဖတ်တတ်လာတဲ့အခါ ဖတ်ကြဖို့လည်း ရည်ရွယ်ပါတယ် ။ သူတို့ ဖတ်ချင်လိမ့်မယ်လို့ ထင်တဲ့ ပုံစံမျိုးနဲ့ ဖြတ်တောက် စီစဉ်တာပါပဲ ။ ဝေါဟာရ အနေအထား ၊ အသံနေ အသံထား ၊ အကြောင်းအကျိုး အနေအထား ၊ ဝါကျဖွဲ့ပုံ အနေအထား ဆိုတာတွေ ကိုတော့ ဂရုတစိုက် ဆရာ ဉာဏ်မီသလောက် ရေးပါတယ် ။ ကာရန်မဲ့ကဗျာ လို့တော့ ဆရာ အမည်မမှည့်ပါဘူး ”
“ ၈၄ ခုနှစ် ဧပြီလထုတ် မဂ္ဂဇင်းကြီး တစ်စောင်မှာ စာရေးဆရာ တစ်ယောက်က ဆရာကြီး ရေးတဲ့ ပုံစံ အတိုင်း ဝတ္ထုတစ်ပုဒ်ကို ရေးထားတာ တွေ့ရပါတယ် ။ ဒီဝတ္ထုပုံစံနဲ့ ပတ်သက်ပြီး ဆရာကြီးတို့ ဘယ်လို သဘောရပါသလဲ ခင်ဗျား ”
ဆရာဇော်ဂျီ - “ ကိုဝင်းငြိမ်း မေးလိုက်တဲ့ ပုံစံဆိုတာ အဖြတ်အတောက် ပုံစံကိုပဲ မေးလိုက်တာ ထင်ပါတယ် ။ ဒီလိုပုံစံမျိုးနဲ့ မရေးလည်း စာမှာ စာရေးဆရာရဲ့ ခံစားမှုသာ ပါရင် စာဖတ်သူက သူ့ခံစားမှု အလိုက် သူ့ဘာသာသူ ဖြတ်တောက်ပြီး ဖတ်သွားပါလိမ့်မယ် ။ စာမှာ အဖြတ်အတောက် ပြုထားရင် စာဖတ်သူ အဖို့ ခလုတ်ကန်သင်း ဖြစ်တဲ့အခါ ဖြစ်နိုင်တယ်လို့ ထင်ပါတယ် ”
“ ဆရာကြီး မင်းသုဝဏ် ရေးခဲ့တဲ့ “ လယ်တောက အပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ ... ” အစချီတဲ့ “ ပန်းဦး ပန်မယ့်သူ ” ကဗျာမှာ ခရေဖူး ကို မပန်ပါဘူး ။ ခရေပန်း ကိုသာ ပန်ပါတယ်လို့ ဝေဖန်ခဲ့ကြောင်း ဖတ်ခဲ့ရဖူးပါတယ် ။ ကဗျာဝေဖန်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို သဘောရပါသလဲ ဆရာ ”
ဆရာမင်းသုဝဏ် - “ တောင်ဆီနားက ခရေပန်း ၊ ပင်အောက်ကြိုင်လို့လန်း ၊ ဗန်းလေးယူခဲ့ မောင်လေးရယ် ၊ သွားကောက်ချေစို့ကွယ် ... လို့ ခရေပန်းကောက် ကဗျာကို ဆရာ နှစ်ပေါင်း ငါးဆယ်ကျော်က ရေးခဲ့ဖူးပါတယ် ။ လယ်တောက ပြန်လာကြတဲ့သူ နှစ်ဦး ခရေဖူး ခူးတာကိုလည်း ရေးဖူးပါတယ် ။ တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက် မဟုတ်ပါဘူး ။ မဟာမိတ်တွေပါ ။ ပွင့်ခါနီး ဖောင်းအိနေတဲ့ ခရေဖူးကို နေဝင်ခါနီး ခူးပါ ။ ဆန်ခါ အသစ်လေးထဲမှာ ထည့်ပါ ။ ပိတ်စိမ်းပါး ဖြူဖြူသန့်သန့်ကလေးနဲ့ အုပ်ပါ ။ သောက်ရေကြည်ကြည် အေးအေးကလေးနဲ့ ဆွတ်ဖျန်းပါ ။ ရေအိုးစင်မှာ ညသိပ်ပါ ။ မိုးလင်းတော့ ထကြည့်ပါ ။ ဖြူဖြူဖွေးဖွေး ကားကားစွင့်စွင့် ပွင့်နေတဲ့ ခရေပန်း ရေဆေးငါးကြီးတွေကို တွေ့ရပါလိမ့်မယ်လို့ ဆရာ ညွှန်ကြားပါရစေ ။
ဆရာတို့ ငယ်ငယ်က “ အာဝါဒေး ” ခေါ်တဲ့ အစိုးရက လုပ်တဲ့ ကစားပွဲတွေမှာ ဒိုင်တွေက အော်ကြပါတယ် ။ ထိုးကြည့်မှ အကျိုးရှိတယ်နော် ။ ရပ်ကြည့်လို့ အမြတ်မရှိဘူးတဲ့ ။ အဲသည်လိုပဲ ခရေဖူးကလေးတွေ ခူးပြီး “ ဖောက် ” ကြည့်ကြစမ်းပါ ။ အဲသည်အခါမှာ ကဗျာ ဝေဖန်ရေးဆရာဟာ အမြင်ကျယ်ပြီး သဘောထား ပြည့်ဝ လာပါလိမ့်မယ် ။ တစ်ဖက်သတ် တစ်ကြောင်းဆွဲသမားမျိုးကို ချွတ်ဖို့ကတော့ မလွယ်လှပါဘူးဗျာ ။ ချွတ်ဖို့လည်း မလိုပါဘူး ။ သူ့လမ်းနဲ့သူ သွားပါစေ ။ လမ်းဆုံးရောက်အောင် သွားနိုင်ပါစေလို့သာ ဆုတောင်းပါ ”
ဆရာဇော်ဂျီ - “ စာပေဝေဖန်ရေး ဆိုတာ ရှိသင့်ပါတယ် ။ အဖတ်အရှု အတွေ့အကြုံ များပြီး အတွေးအခေါ် ကောင်းတဲ့ သဘောရိုး ဝေဖန်မှု ဖြစ်သင့်ပါတယ် ”
“ စာဖတ်ပရိသတ်ထဲမှာ ကဗျာဝါသနာပါတဲ့သူ တော်တော်များပါတယ် ။ ဒါပေမဲ့ ဒီနေ့ ကဗျာလုံးချင်း ထွက် နိုင်တာ သိပ်နည်းပြီး ထွက်ပြန်ရင်လည်း တစ်ထောင်ထက် မပိုနိုင်တာ တွေ့ရပါတယ် ။ ကဗျာဝါသနာ ပါတဲ့သူ များပါလျက်နဲ့ ဘာဖြစ်လို့ ကဗျာစာအုပ်တွေ မရောင်းရတာလဲ ဆရာကြီး ”
ဆရာဇော်ဂျီ - “ ဒါကတော့ ကဗျာရေးသူ ဘက်က နှစ်သက်ဖွယ် ဖြစ်အောင် ၊ ကဗျာ ပီသအောင် မရေးနိုင်တဲ့ ချို့ယွင်းချက် ရှိနေသေးလို့ ဖြစ်နိုင်ပါတယ် ။ ကဗျာ ဖတ်သူဘက်က ကြည့်ပြန်ရင်လည်း ဝယ်ဖတ်ချင်လောက် အောင် ကဗျာဝါသနာ ပါတဲ့သူ နည်းသေးတာကြောင့် ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ အရှိန် ရလာတာ တွေ့ရလို့ အားတက်စရာ ကောင်းပါတယ် ”
ဆရာမင်းသုဝဏ် - “ ကဗျာစာအုပ်တွေ မစွံတာကတော့ နိုင်ငံတိုင်းမှာပဲ ။ သူတို့လည်း အဖြေ မရှာတတ်သေးပါဘူး ။ ကဗျာဟာ ရေပွက်ပမာ တစ်သက်လျာ ဆိုတဲ့ ပေါ်ပင် စာမျိုးမဟုတ်ဘူး ။ ကဗျာကောင်းရင် ကြာလေ ကြာလေ အသားတက်ပြီး အနှစ်ကောင်းတဲ့ ကျွန်းပင်လိုပါပဲ ။ ဒါပေမဲ့ ကျွန်းပင် စိုက်တဲ့သူ သေမှ ကျွန်းပင်က ငွေသီးပါတယ် ။ ရှင်မဟာရဋ္ဌသာရတို့ နတ်သျှင်နောင်တို့ ၊ မမြကလေးတို့ရဲ့ စာတွေဟာ ရောင်းမစွံ ပေမယ့် မတိမ်ကောပါဘူး ။ ဆရာ ကတော့ အဲသည်လို တွေးမိတယ် ။ တခြားနည်းနဲ့လည်း တွေးကြည့် ကြဦးပေါ့ ”
“ ခေတ်စမ်း ကဗျာခေတ်ကို ဆရာတို့ ဦးဆောင်ခဲ့တယ်လို့ သိရပါတယ် ။ ခေတ်စမ်းကဗျာခေတ်နဲ့ မျက်မှောက်ကဗျာခေတ် ဘယ်လို ကွာခြားမှုတွေ ရှိနေပါသလဲ ။ သိပါရစေ ဆရာကြီး ”
ဆရာဇော်ဂျီ - “ ဆရာ တွေ့ရ ၊ သိရသလောက်တော့ မျက်မှောက်ခေတ် ရေးတဲ့ ကဗျာတွေမှာ အလွန်အမင်း ခြားနားမှုကို မတွေ့ရသေးပါဘူး ။ ခြားနားမှု တစ်ခုတော့ တွေ့တယ် ။ တောင်သူလယ်သမား ၊ အလုပ်သမားတွေရဲ့ ဘဝအကြောင်းကို အထူးဂရုပြုပြီး ရေးလာကြတာပဲ ၊ မျက်မှောက်ခေတ် ကဗျာတွေဟာ ယေဘုယျအားဖြင့် ခေတ်စမ်းကဗျာများက အားယူ ပွားများလာတဲ့ ကဗျာတွေလို့ တချို့က ထင်မြင်ကြပါတယ် ။ တစ်စိတ် တစ်ဒေသတော့ မှန်ပါလိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ခေတ်စမ်းကဗျာ တချို့လို စေတနာရှိလာတယ် ။ ခံစားမှုအသိ တစ်ခုခု ရလာတယ် ။ ပြောစရာ တစ်ခုခု ရလာလို့ ရေးတဲ့ ကဗျာတွေ ဖြစ်လာကြလို့ပါပဲ ။
ခေတ်စမ်းကဗျာခေတ်နဲ့ စပ်လျဉ်းပြီး သတိပြုကြစေချင်တဲ့ အချက်တစ်ချက် ရှိပါတယ် ။ ခေတ်စမ်းလို့ အခေါ်ခံရ တဲ့ ကဗျာတချို့ဟာ “ ခေတ်စမ်း ” ဆိုတဲ့ စကား အသုံးမပေါ်မီ ကတည်းက ပေါ်ပေါက်ခဲ့ကြတာပါ ။ အဲဒီ စကားကို ၁၉၃၄ ခုနှစ် “ ခေတ်စမ်းကဗျာများ ” ၊ “ ခေတ်စမ်းပုံပြင်များ ” စာအုပ် နှစ်အုပ်မှာ ဆရာကြီး ပါမောက္ခ ဦးဖေမောင်တင် က စတင် သုံးခဲ့တာပါ ။ ဆရာ့ ကဗျာတချို့နဲ့ ပတ်သက်ပြီး ပြောရရင် ဆရာ စောစောက ပြောခဲ့သလိုပဲ မြန်မာ ပျို့ ၊ လင်္ကာ ကို သင်ယူခဲ့တဲ့ ဆရာဟာ တက္ကသိုလ် ရောက်လာတဲ့ အချိန်မှာ အင်္ဂလိပ်ကဗျာ ၊ လင်္ကာကို သင်ကြား ဖတ်ရှုခဲ့ရာက အစ ဆရာ ခပ်များများ ရေးခဲ့တဲ့ အစဉ်အလာ မယ်ဘွဲ့ ၊ မောင်ဘွဲ့ ၊ နိဗ္ဗိန္ဒဘွဲ့ ၊ လေးချိုး ၊ တေးထပ် ၊ စသည်တို့ကို မရေးတော့ဘဲ ဆရာ့ ပတ်ဝန်းကျင်ကို ဂရုပြုလာပြီး ဆရာ အမြင် ၊ အကြား ၊ အတွေ့အကြုံတွေကို ခံစားသိမြင်မှုနဲ့ ရေးစ ပြုခဲ့တာပဲ ။ ကြောင်မနက်ပြာ ကဗျာ ၊ ပန်းပိတောက် ကဗျာတွေကို ၁၉၂၇ - ၂၈ ခုနှစ်လောက်မှာ စရေးတယ်လို့ မှတ်မိပါတယ် ။ အဲဒီတုန်းကလည်း ခေတ်စမ်းခေတ်ကို ထူထောင်လိုက်မယ် ၊ ဆန်းသစ်လိုက်မယ် ဆိုတဲ့ စိတ်မျိုး မရှိခဲ့ပါဘူး ။ ဆရာ့ ခံစားမှု အသိနဲ့ ရေးလိုတဲ့စိတ်ပဲ ရှိခဲ့ပါတယ် ။ ရေးလည်း ရေးခဲ့တယ် ။
ပြောစရာ တစ်ခုတော့ ရှိတယ် ။ ဆရာ ရန်ကုန်တက္ကသိုလ်က ၁၉၂၉ ခုနှစ်မှာ ဝိဇ္ဇာဘွဲ့ ရကြောင်း သတင်းစာမှာ အောင်စာရင်း ထွက်လာတဲ့ အခါမှာ ဆရာ့အဘိုးက မင်းတို့ တက္ကသိုလ်က ပေးတဲ့ ဘွဲ့ဖြစ်လို့ ထိုက်တန် သင့်သလောက် ထိုက်တန်လိမ့်မယ် ။ ဒါပေမဲ့ မင်းတို့ အင်္ဂလိပ်စာ ကောင်းမကောင်းကို အဘိုး မသိဘူး ။ ဒါကြောင့် အဘိုး သိအောင် မင်း တစ်ခုခု လုပ်ပြသင့်တယ်လို့ ဆွယ်စကား ဆိုလာပါတယ် ။ အဲဒီအခါမှာ “ မဟာန်ဆန်ချင်သူ ” ပြင်သစ်ပြဇာတ် အင်္ဂလိပ်ဘာသာပြန်ကို ဆရာက ဖတ်ပြီးခါစ ဆိုတော့ အဲဒီပြဇာတ်ကို ဆီလျော်အောင် မြန်မာပြန်ပြီး အဘိုးကို ပြလိုက်တယ် ။ အဘိုးက မင်းတို့ မျက်နှာဖြူ စာပေလည်း ရေးတေး တေးတော့ ရှိသားပဲလို့ ပြောတယ် ။ ပြီးတော့ အဘိုးက “ ဥဩငှက်အသံ သာ သကဲ့သို့ ကြက်ဖကြီးက အသံ မသာသော်လည်း ကြက်ဖကြီး မှာလည်း သူ့အမောက်ကြီးနဲ့ သူ လှသည် ” လို့ မင်း ပြောတာကို အဘိုး လက်ခံပါတယ် ။ မင်း စာက ရှေးမြန်မာပြဇာတ်တွေနဲ့ မတူ ၊ ကာရန်နဲ့ မရေးလို့ ဖတ်ရတာ အရသာ မရှိဘူး ။ ဆက်ပြီး ကြိုးစားသင့်တယ်လို့ ဆရာ့ကို ပြောတယ် ။
အဲဒီတော့ ခေတ်စမ်းကို ထူထောင်လိုက်မယ် ဆိုတဲ့စိတ် မရှိခဲ့ပေမယ့် တစ်မူထူးခြားပြချင်တဲ့စိတ် ရှိခဲ့ဖူးတယ်လို့တော့ ထင်ပါတယ် ။ ဒါပေမဲ့ အဘိုးရဲ့ ဆန္ဒကို ဖြည့်ချင်တာက ပိုများပါလိမ့်မယ် ။ တက္ကသိုလ် ရောက်မှ တွေ့သိလာရတဲ့ မင်းသုဝဏ် လည်း ဆရာ့လိုပဲ ခံစားမှုအသိနဲ့ ရေးတယ်လို့ ယူဆပါတယ် ။ ဆရာမင်းသုဝဏ် ကလည်း ဖြည့်ပါဦး ”
ဆရာမင်းသုဝဏ် - “ ခေတ်စမ်းကဗျာခေတ်နဲ့ ဒီနေ့ ကဗျာခေတ်ကို လူငယ်တွေ သဘောထား ကြီးကြီးနဲ့ သုံးသပ်မှ ကောင်းမယ် ထင်ပါတယ် ။ ဆင်ကန်းတောတိုး အလောသုံးဆယ် လုပ်ရင် ခလုတ်တိုက်ပြီး ဒူးပြဲ နဖူးကွဲ သွားကြတာတွေကို အတိတ်သမိုင်း ပစ္စုပ္ပန်သမိုင်းတွေမှာ တွေ့နေရပါတယ် ”
“ နောက်ဆုံး မေးခွန်း တစ်ခုကို မေးခွင့်ပြုပါ ဆရာကြီး ။ ဒီနေ့ မဂ္ဂဇင်း ကဗျာတွေ အပေါ်မှာ ဆရာကြီးတို့ မြင်တဲ့ အမြင် သိပါရစေ ”
ဆရာဇော်ဂျီ - “ ဒီနေ့ မဂ္ဂဇင်း ကဗျာတွေ ကတော့ အားရစရာ ကောင်းလောက်အောင် ရေးနိုင်သူ မများသေးဘူးလို့ ထင်ပါတယ် ။ ရေးနိုင်သူများက ဇွဲကောင်းကောင်းနဲ့ အားထုတ်သွားကြရင် မျှော်လင့်စရာ ရှိပါတယ် ”
ဆရာမင်းသုဝဏ် - “ ပြောဖို့ရာ မလွယ်ပါဘူး ။ သဘောထားကြီးသူတွေ ၊ အတွေ့အကြုံ များသူတွေ စုဝေးပြီး လေ့လာသုံးသပ်ဖို့ လိုပါတယ် ။ ဆရာတို့ကတော့ ကျလူမို့ သိပ်ပြီး ပြောဖို့မသင့်ဘူး ထင်ပါတယ် ”
“ ကျေးဇူးတင်ပါတယ် ဆရာကြီး ။ ဆရာကြီးတို့လို မြန်မာစာပေသမိုင်း အစဉ်အလာ ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ အယူအဆတွေကို မှတ်တမ်းတင် ဂါရဝပြုခွင့် ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ် ။ ဆရာကြီးတို့ ကျန်းကျန်းမာမာနဲ့ မြန်မာစာပေ အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေလို့ ပေဖူးလွှာက လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုခဲ့ပါတယ်ခင်ဗျား ”
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၃၇
ဇွန်လ ၊ ၁၉၈၄ ခုနှစ်
No comments:
Post a Comment