❝ စာ ဘယ်လို ရေးသလဲ ❞
စာ ဘယ်လို ရေးသလဲလို့ ခေါင်းစဉ် တပ်လိုက်တော့ “ လက် နဲ့ ရေးတာပေါ့ ” လို့ ဖြေချင်သူတွေ ရှိပါလိမ့်မယ် ။ ကျွန်တော် ပြောချင်တာက စာကို ရေးချင်ပါရက်နဲ့ မရေးဖြစ်သူတွေ အတွက် စာရေးဆရာမ တစ်ဦးရဲ့ စာဘယ်လို ရေးတယ် ဆိုတဲ့ အကြောင်းအရာပါ ။ မြန်မာစာရေးဆရာများ အတွက် အများစုက လက်နဲ့ ရေးနေကြတာ မှန်ပေမယ့် တချို့လည်း ကိုယ်တိုင် ကွန်ပျူတာ စာစီပြီး ရေးနေတဲ့ သူတွေရှိနေပါပြီ ။ ကွန်ပျူတာ စာစီတတ်သူများအတွက် ကွန်ပျူတာနဲ့ ရေးတာက ပိုပြီး အဆင်ပြေတယ် ဆိုတဲ့ စကားသံတွေလည်း ကြားလာရပါပြီ ။
စာရေးတယ်ဆိုတဲ့ နေရာမှာ ဘာကြောင့် ရေးဖြစ်တာလဲ ၊ ဘယ်အချိန်မှာ ရေးဖြစ်တာလဲ ဆိုတဲ့ အကြောင်းအရာများကို နာမည်ကြီး စာရေးဆရာမတစ်ဦး ဖြစ်တဲ့ အယ်လိဇဘက် ဖလော့ခ် က ပြောပြထားပါတယ် ။ သူက တိုင်းမ် မဂ္ဂဇင်းကြီးနဲ့ ပီးပဲလ်မဂ္ဂဇင်းတို့မှာ သတင်းထောက် အဖြစ် စာမရေးခင် ဆန်ဖရန်စစ္စကိုက ရုပ်မြင်သံကြား အစီအစဉ်တစ်ခုမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ် ။ နယူးယောက်မြို့ကို ပြောင်းရွှေ့နေထိုင်တဲ့ အခါ CBS သတင်းဌာန အတွက် သတင်း ရေးသားခဲ့ပြီး အင်္ဂလန်နိုင်ငံမှ ဒိုင်ယာနာ မင်းသမီး ကွယ်လွန်ခြင်း သတင်း ၊ ပုပ်ရဟန်းမင်းကြီးရဲ့ သမိုင်းတွင်တဲ့ ကျူးဘားခရီးစဉ်တို့ကိုလည်း ရေးသားခဲ့တဲ့ သတင်းထောက် ဖြစ်ပါတယ် ။
၂ဝဝ၃ ခုနှစ် မှာတော့ ဖလော့ခ် က သူမ ဘဝလမ်းကြောင်းကို ဝတ္ထု ရေးဆရာတစ်ဦး အဖြစ် ပြောင်းလဲလိုက်ပါတယ် ။ ပထမဆုံး ရေးခဲ့တဲ့ But Inside I'm Screaming ဆိုတဲ့ ဝတ္ထုနဲ့ အောင်မြင်သွားခဲ့ပါတယ် ။ လျှို့ဝှက်သည်းဖိုဝတ္ထု တစ်ပုဒ်ဖြစ်ပြီး စာဖတ် ပရိသတ်များ အသည်းစွဲ ဖြစ်ခဲ့ပါတယ် ။ ဒုတိယစာအုပ်ဖြစ်တဲ့ Me & Emma ကတော့ မိသားစုဇာတ် ဖြစ်ပါတယ် ။ ဒီဝတ္ထုမှာ ဖလော့ခ် က မြောက်ပိုင်း ကယ်ရိုလိုင်းနား ပြည်နယ်က မိန်းကလေး တစ်ယောက် အကြောင်းကို ရေးဖွဲ့ထားခြင်းပါ ။ ဒီဝတ္ထုနဲ့ ပတ်သက်ပြီး ဖလော့ခ် က “ ကမ္ဘာကြီးကို ကလေးတွေက မြင်တဲ့ အမြင်ကို ကျွန်မ သဘောကျတယ် ” လို့ သူ့ အင်တာဗျူး တစ်ခုမှာ ပြောခဲ့ပါတယ် ။ ဒီဝတ္ထုက နယူးယောက်တိုင်းမ် သတင်းစာကြီးရဲ့ အရောင်းရဆုံး စာအုပ် စာရင်းမှာ ၆ ပတ်လုံးလုံး နေရာယူ ထားခဲ့ပါတယ် ။ စာအုပ် ဝေဖန်သူများ ကတော့ ဒီစာအုပ်ဟာ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိလာတဲ့ စာအုပ်များထဲက အကောင်းဆုံး စာအုပ်လို့ သုံးသပ်ကြပါတယ် ။
ဖလော့ခ် ရေးခဲ့တဲ့ ဝတ္ထုများထဲက Everything Must Go, Sleepwalking in Daylight ဝတ္ထုများ ဟာလည်း အောင်မြင်တဲ့ ဝတ္ထုများ ဖြစ်ခဲ့ပါတယ် ။ ဖလော့ခ်ဟာ တင်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့က Vanderbilt University က ဘွဲ့ရခဲ့သူ ဖြစ်ပါတယ် ။ လက်ရှိမှာ ဖလော့ခ် ဟာ နယူးယောက်မြို့နဲ့ မိန်းပြည်နယ်တို့မှာ နေထိုင်လျက် ရှိပါတယ် ။
◾ဘာကြောင့် စာရေးသလဲ
သူ့ အင်တာဗျူးမှာ ဖလော့ခ် ပြောခဲ့တာက စာရေးခြင်းအလုပ်ကို သူ ရွေးချယ်ခဲ့တာပါတဲ့ ။ စာရေးဆရာ အဖြစ် အသက်မွေးမယ်လို့ ရွေးချယ်ပြီးမှတော့ စာရေးဆရာဟာ စာ ရေးကိုရေးရမယ်လို့ ဆိုပါတယ် ။ သူ့အနေနဲ့ ဘယ်အလုပ်ကိုပဲ လုပ်လုပ် စာရေးလေ့ ရှိတယ်လို့လည်း ဆိုပါတယ် ။ စာရေးတဲ့ ပုံစံက ဖက်ရှင်များလို တစ်ယောက် နဲ့ တစ်ယောက် ပုံစံမတူကြပေမယ့် စာရေးတာချင်းတော့ တူကြပါသတဲ့ ။ ဘယ်သူပဲ ဖြစ်ဖြစ် စာရေးဆရာ လုပ်တော့မယ်ဆိုရင် စာရေးဖို့ကို သတိတရ ရှိသင့်ပါတယ် ။ သူ ကတော့ နေ့စဉ်နေ့တိုင်း
စာရေးစားပွဲမှာ ထိုင်ပြီး စာရေးလေ့ရှိတယ် လို့လည်း ဆိုပါတယ် ။ စာရေးတယ်ဆိုတာဟာ ကိုယ့်ရင်ထဲမှာ ရှိနေပြီး ဘယ်သူ့ကိုမှ ထုတ်ပြောစရာမလိုဘဲ ကိုယ်ပြောချင်တာကို စာရွက်ပေါ်မှာ ချရေးလိုက်ရုံပါပဲ ။
ဒါကြောင့် စာရေးတယ် ဆိုတာဟာ ဘယ်အရာနဲ့ မှ မတူ အလွတ်လပ်ဆုံး အလုပ်တစ်ခုလို့လည်း သူက ဆိုပါတယ် ။
◾အလေ့အကျင့်
“ ကျွန်မက ညနေခင်းတွေမှာ စာ ရေးလေ့ရှိပါတယ် ။ နယူးယောက် မြို့လယ်က The Writers Room ဆိုတဲ့ နေရာလေး တစ်ခုရှိပါတယ် ။ အဲဒီမှာ စာရေးဆရာတွေ ၊ ဇာတ်ညွှန်းရေးဆရာတွေ ၊ ကဗျာဆရာတွေ ၊ ဝတ္ထုရေးဆရာတွေ ၊ မဂ္ဂဇင်းသမားတွေဆုံလေ့ရှိပါတယ် ။ စာ ရေးဖို့ ဝါသနာပါသူတိုင်း အဖွဲ့ဝင် ဖြစ်နိုင်ပါတယ် ။ အဲဒီမှာ စာရေးဆရာတွေ ဆုံကြပြီး သူ့အမြင် ကိုယ့်အမြင် ဖလှယ်ကြတာကြောင့် ကျွန်မ အဲဒီ စကားဝိုင်းတွေကနေ ရေးစရာတွေ အများကြီး ရပါတယ် ။ အိမ်က စာရေးစားပွဲမှာ ထိုင်ပြီး စဉ်းစားနေတာထက် ဒီမှာလာပြီး စကား ပြောတာက အများကြီးရပါတယ် ။ ဒါကြောင့် ကျွန်မကတော့ နေ့စဉ်နေ့တိုင်း လိုလို အလုပ်တစ်ခု အနေနဲ့ အဲဒီနေရာကို သွားလေ့ရှိပါတယ် ” လို့ စာရေးခြင်း အလေ့အထ နဲ့ ပတ်သက်ပြီး ဖလော့ခ် က ပြောပြပါတယ် ။
◾ပြန်လှန် ဖတ်ရှုခြင်း
ရေးပြီးတဲ့ စာတွေကို ကျွန်မ ရှေ့ဆက် မရေးခင်မှာ ပြန်ဖတ်ပါတယ် ။ တစ်နည်းပြောရရင် ကိုယ်ရေးပြီးသား စာကို ကိုယ်တိုင်ပြန်ပြီး တည်းဖြတ်ခြင်းပေါ့ ။ ကိုယ့်စာကို ကိုယ်ပြန်ပြီး တည်းဖြတ်ရတာ ပျော်စရာကောင်းပါတယ် ။ ဒါကြောင့် တစ်နေ့တာ အတွက် စာစမရေးခင်မှာ ရေးပြီးသားကို ပြန်ဖတ်တဲ့ အကျင့်လုပ်ထားပါတယ် ။ အဲဒါ ပြီးတော့မှ ရှေ့ဆက် ရေးရမယ့်စာကို ဆက် ရေးပါတယ် ။ ပြီးတော့ ဆောင်ပုဒ် တစ်ခုအနေနဲ့ ကျွန်မ လက်ကိုင်ထားတာ ရှိပါတယ် ။ အဲဒါကတော့ “ တွေး မနေနဲ့ ၊ ရေးစရာ ရှိတာကို ရေး ” ဆိုတဲ့ ဆောင်ပုဒ်ပဲ ဖြစ်ပါတယ် ။ ဒီ ဆောင်ပုဒ်ကြောင့် ကျွန်မ နေ့စဉ်နေ့တိုင်း စာရေး ဖြစ်တာလည်း ပါပါလိမ့်မယ် ။
◾စာရေးနည်း
စာရေးတဲ့အခါမှာ အခန်းတစ်ခန်း ပြီးတိုင်း ဒီအခန်းမှာ ဝတ္ထု ရဲ့ အဓိကကျတဲ့ ဘယ်အချက်ပါတယ် ဆိုတာကို အညွှန်း ကတ်ပြားလေး တစ်ခုနဲ့ ကျွန်မ မှတ်သားထားပါတယ် ။ ဥပမာ ပြရရင် ကျွန်မ ဇာတ်ကောင် တစ်ယောက်က နောင် မှာ သူ့ခင်ပွန်းသည် ဖြစ်လာမယ့် လူတစ်ယောက်ကို ၁၉၆၅ ခုနှစ်က ပထမဆုံးအကြိမ် တွေ့ဖူးခဲ့တယ် ။ အဲဒီ အကြောင်းကို ကျွန်မက အခန်းနှစ်မှာ ရေးထားခဲ့တာပါ ။ ဒီတော့ စာမျက်နှာ ၃၀၀ လောက် ရေးပြီးခါမှ ဒီ အကြောင်းကို ပြန်ကောက်မယ်ဆိုရင် သူတို့ နှစ်ယောက် တွေ့တာက ဘယ်အချိန် ဘယ်နေရာမှာလဲ ဆိုတာ အချိန်ကုန်ခံပြီး ပြန် ရှာနေစရာ မလိုတော့ဘဲ ကျွန်မ ထုတ်ထားတဲ့ ကတ်ပြားကလေးကို ကြည့်လိုက်ရုံနဲ့ သိစေပါတယ် ။
ဒီနည်းက ကျွန်မတို့ အထက်တန်းကျောင်းသူဘဝမှာတုန်းက စာကြည့်တိုက်မှာ သုံးခဲ့တဲ့နည်း အင်မတန် ရှေးကျတဲ့နည်း ဖြစ်ပေမယ့် အသုံးဝင်တာကို တွေ့ရမှာ ဖြစ်ပါတယ် ။
◾စိတ်ကူးစိတ်သန်း
ကျွန်မ Me & Emma မှာ ဝတ္ထုကို စရေးတုန်းက ဇာတ်ကောင် နာမည်ကို အရင် စဉ်းစားခဲ့တာပါ ။ Carrie Parker ဆိုတဲ့ နာမည်ကို ရပြီးတဲ့ နောက် ကျွန်မရင်ထဲမှာ မွေးဖွားလာလိုက်တာ ဇာတ်ကို မြောက်ပိုင်း ကာရိုလိုင်းနားပြည်နယ်မှာ တည်မိမှန်း မသိ တည်ဖြစ်သွားခဲ့ပါတယ် ။ တောတွေ တောင်တွေ ထူထပ်တတ်တဲ့ ဒီပြည်နယ်မှာ ဇာတ်အိမ်တည်မိခြင်းက ကျွန်မရေးမယ့် ဇာတ် အတွက် အများကြီး အထောက်အကူ ပြုသွားပါတယ် ။ ဒီဝတ္ထုဟာ ဇာတ်ကောင်နာမည် ကနေစပြီး မွေးဖွားပေါက်ဖွား လာတဲ့ ဇာတ်တစ်ပုဒ် ဖြစ်တယ်လို့ ပြောနိုင်ပါတယ် ။
◾လွှမ်းမိုးမှု
ကျွန်မတို့ ငယ်စဉ် ကတည်းက စာရေးဆရာကြီးများရဲ့ ဝတ္ထုတွေကို ဖတ်ခဲ့ကြတာဆိုတော့ သူတို့ရဲ့ လွှမ်းမိုးမှုဟာ အနည်း နဲ့ အများ ဆိုသလို ကျွန်မတို့ အပေါ်မှာ ရှိပါတယ် ။ စာရေးဆရာကြီး Raymond Carver ဆိုရင် ကျွန်မ လေးစားအားကျတဲ့ စာရေးဆရာကြီး တစ်ဦးပါ ။ သူ့ရဲ့ ဂန္ထဝင်စာပေတွေကို ကျွန်မ အများကြီး ဖတ်ဖူးတာပေါ့ ။ ဒါကြောင့် ကျွန်မ Everything Must Go ဝတ္ထုရေးတဲ့ အခါမှာ ဆရာကြီးရဲ့ ဇာတ်ကောင်ဖြစ်တဲ့ John Cheever ရဲ့ လွှမ်းမိုးမှု ခံနေရတယ်ဆိုတာ ကျွန်မ သတိထား မိပါတယ် ။ ဒါကတော့ ပုံတူကူးချတဲ့ ပုံစံမျိုး မဟုတ်ဘဲ ဒီဇာတ်ကောင်ကို စွဲလမ်းစိတ်နဲ့ သူ့ရဲ့ အငွေ့အသက် ပါလာခြင်း ဖြစ်ပါတယ် ။
အဲဒီလိုပဲ Me & Emma မှာ ရေးတော့လည်း ဇာတ်ကောင် တစ်ခု ဖြစ်တဲ့ Tony Earley ရဲ့ လွှမ်းမိုးမှု ရှိခဲ့ပြန်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဆရာကြီး William Maxwe ကလည်း ကျွန်မ လေးစားအားကျတဲ့ စာရေးဆရာကြီး တစ်ဦး ဖြစ်ခြင်းကြောင့်ပါ ။
◾အကြံပြုချက်
စာရေးချင်သူများကို ကျွန်မ အကြံပေးချင်တာကတော့ နေ့တိုင်း စာရေးပါ ။ ဒါဟာ အကောင်းဆုံး အကြံဖြစ်ပါလိမ့်မယ် ။ နေ့တိုင်း စာရေးပါ ဆိုလို့ တစ်နေ့ကို ဝတ္ထုတစ်ပုဒ် ပြီးရမယ် ၊ မဂ္ဂဇင်းစာမူ တစ်ပုဒ် ပြီးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ နေ့စဉ် ရေးသွားရင် ဒီစာမူ ပြီးဆုံးတဲ့ အချိန်မှာ ခံစားရတဲ့ ပီတိက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ကြီးမားလှပါတယ် ။
ကျွန်မ အနေနဲ့ဆိုရင် စာ တစ်နေ့ မရေးဖြစ်ဘဲ တခြား အလုပ်တစ်ခုကို လုပ်ဖြစ်နေတယ်ဆိုရင် စိတ်ထဲမှာ အပြစ် ရှိနေသလို ခံစားရပါတယ် ။ အဲ... စာရေးပြီ ဆိုရင် တော့လည်း ဘာအလုပ်ကိုမှ သတိမရတော့ဘဲ စာကိုပဲ ဇောက်ချ ရေးဖြစ်တော့တာပါ ။
••••• ••••• •••••
ဒါကတော့ အနောက်တိုင်းက စာရေးဆရာမ Elizabeth Flock ပြောပြခဲ့တဲ့ စာရေးနည်းဖြစ်ပါတယ် ။ နေ့စဉ် စာရေးတယ် ဆိုတာ မြန်မာနိုင်ငံက တချို့သော စာရေးဆရာများ စတင် ကျင့်သုံးနေပြီဖြစ်တဲ့ အကျင့်တစ်ခု ဖြစ်ပါတယ် ။ ဥပမာ အားဖြင့် ကွယ်လွန်သူ စာရေးဆရာကြီး မြသန်းတင့် က နေ့စဉ် သူ့လက်နှိပ်စက်နဲ့ စာ ရေးခဲ့ပါတယ် ။ ဆရာမ ခင်ခင်ထူး ဆိုရင်လည်း အခု သူ့ကွန်ပျူတာနဲ့ သူ နေ့စဉ် စာရေးနေပြီလို့ သိရပါတယ် ။
ဝါရင့် စာရေးဆရာကြီးများမှသာ ဒီလို အကျင့်လုပ်ရတာ မဟုတ်ပါဘူး ။ ဝါသနာရှင်တိုင်း လေ့ကျင့်သင့်တဲ့ ကိစ္စ တစ်ခု ဖြစ်ပါတယ် ။ စာရေးဆရာ ဇနီးမောင်နှံဖြစ်တဲ့ ဆရာ မောင်ဆွေသက် နဲ့ ဆရာမ သရက်မသက်ဆွေ တို့ ဆိုရင် သူတို့ အိပ်ခန်းမှာ “ ဒီနေ့ စာရေးပြီးပြီလား ” ဆိုတဲ့ စာတန်းတစ်ခု ကပ်ထား ပါသတဲ့ ။ စာမူ ပြီးခြင်း ၊ မပြီးခြင်း ၊ ဖော်ပြခံရခြင်း ၊ မဖော်ပြခံရခြင်းတို့က သူတို့နဲ့ မဆိုင်ဘဲ စာရေးဖို့သာ အဓိက ဖြစ်တယ်ဆိုတာကို ဖော်ဆောင်နေခြင်း ဖြစ်ပါတယ် ။
ဝါသနာရှင်တိုင်း စာရေး အကျင့် ရှိပါစေ ။
▢ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
၂ဝ၁၁ ခုနှစ် ၊ သြဂုတ်
No comments:
Post a Comment