❝ ဒြပ်မဲ့လိုအင် ❞
▢ ညီကျော် ၊ တန်ဆည် ၊
လူ့ဘဝဟူသည် နေ့ရက်များစွာဖြင့် ဖွဲ့စည်းထား၏ ။ ထိုနေ့ရက်ပေါင်း များစွာ၌ အဖြစ်အပျက်တို့သည် ကောင်းဆိုးနှစ်လီ ဒွန်တွဲနေတတ်သည်မှာလည်း ဓမ္မတာပင် ။ တချို့အဖြစ်အပျက်တို့သည် ခါးသီးလွန်းစွာ ကျွန်တော်တို့၏ မှတ်ဥာဏ်၌ စွဲမြဲနေတတ်သည်မှာလည်း ကံစီမံရာအတိုင်းပင် ။ မေ့ချင်လို့လည်း မေ့မရ ။ မေ့လွယ်ပျောက် လွယ်သည့် အဖြစ်အပျက် များသည်လည်း မည်သို့မျှ စဉ်းစားမရအောင် အစပျောက်နေတတ်သည် ။ အကြောင်းတိုက်ဆိုင်လာလျှင်လည်း ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးသည့် အဖြစ်အပျက်တို့သည် ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာ ပြန်သည် ။ တစ်ခါတရံ လျှာဖျားလေးတင် မေ့နေသည်လည်း ရှိတတ်ပြန်သည် ။ နေ့စဉ်အဖြစ် အချက်ပေါင်းများစွာ မှတ်သားထားရသော ကျွန်တော်တို့၏ မှတ်ဉာဏ်သည် အရာအားလုံးကို မမှတ်မိနိုင်သလို အရာအားလုံးကို မေ့မပစ်နိုင် ။ မည်သို့ပင်ဖြစ်စေ ကျွန်တော်၏ အမေသည် အသက် ခုနှစ်ဆယ်ကျော်၌ အရာအားလုံးကို မေ့လျော့ သွားလေသည် ။
အမေ့ အသက်ခြောက်ဆယ်ပြည့်သည့် နှစ်မှာပင် အဖေ ဆုံးပါး သွား၏ ။ နှစ်ပေါင်းလေးဆယ်ကျော် သစ္စာရှိရှိ ပေါင်းဖက်လာသည့် လက်တွဲဖော် ဆုံးပါးသွားခြင်းသည် အမေ့ကို တည်ငြိမ်စေသည်လား အထီးကျန်ဆန်သွားစေသည်လား ကျွန်တော် သတိမမူမိခဲ့ ။ သေချာသည်က အမေစကားနည်း သွားလေသည် ။ စီးပွားရေးကို အကြောင်းပြကာ မိခင်ကို လှည့်မကြည့်နိုင်အား ၊ မြေးတွေနဲ့ပျော်နေမှာပဲ ဟူသော တာဝန်ယူစိတ် ကင်းမဲ့သည့် အတွေးက အခုချိန်၌ ယူကျုံးမရစွာ မွန်းကြပ်လာတော့သည် ။ စိပ်ပုတီးကို လက်မှာ ကိုင်ရင်း ငေးရီ နေတတ်သော အမေ့ကို တရားမှတ်နေသည်ဟုသာ ထင်မှတ်ခဲ့သည် ။ အမေ တောင့်တနေသည့် အရာများကို ကျွန်တော် တစ်ခါမှ မစဉ်းစားမိခဲ့ ။ အမေ ငတ်မွတ်နေသည့် အရာများကို ကျွန်တော် မဖြည့်ဆည်းပေးနိုင်ခဲ့ ။ အရာအားလုံးသည် အချိန်လွန် နောက်ကျမှသာ ကျွန်တော်၏ နှလုံးသားကို တံခါးခေါက်တော့သည် ။
အမေသည် ပင်ကိုယ်အားဖြင့် ကျွန်တော်တို့ ထက်ပင် မှတ်ဉာဏ် ကောင်းသည် ။ နမော်နမဲ့ နိုင်တတ်သော ကျွန်တော်က ပစ္စည်းများကို စည်းကမ်းတကျ မထား ။ ထားချင်ရာ ထားတတ်သည် ။ လိုချင်သည့် အချိန်၌ ဒေါင်းတောက်အောင် ရှာရတော့သည် ။ ထိုအခါ အမေက ဘယ်ပစ္စည်းက ဘယ်နားမှာရှိတယ် ၊ ဘယ်ဟာက ဘယ်နားမှာ ဆိုပြီး ရှာပေးတတ်သည် ။ အမေစိတ်လိုလက်ရ ရှိတိုင်း ငယ်စဉ်က အကြောင်းများကို ပြန်ပြောပြတတ်သည် ။
“ အဲဒီတုန်းက သားက အခါလည် ရှိသေးတာ ၊ မိုးတွင်းကြီး အမေတို့ရွာ မြစ်ရေဝင်တော့ အိမ်အပေါ်ထပ် တက်နေရတာပေါ့ ၊ အိမ်ပေါ်မှာပဲ ချက်ပြုတ်စားသောက်ကြရတာလေ ၊ မြစ်ရေကလည်း တော်တော်နဲ့ မကျဘူး ၊ တစ်ရက် သားအဖေကလည်း မြစ်ရေ အခြေအနေ သွားကြည့်နေတဲ့အချိန် ၊ အမေကလည်း ထမင်းချက်နေတဲ့ အချိန် ၊ ဝုန်း ဆိုပြီး ရေထဲ တစ်ခုခု ပြုတ်ကျသံကြားလိုက်ရတယ် ၊ အမေလည်း သားကို သိပ်ထားတဲ့ နေရာ ကြည့်လိုက်တော့ သားကို မတွေ့တော့ဘူး ၊ အမေလည်း ခေါင်းနပန်းကြီးသွားပြီး ခုန ပြုတ်ကျသွားတဲ့ ရေထဲကို ခုန်ချလိုက်တာပေါ့ ၊ သားက လေးဘက်ထောက် သွားရင်း ရေထဲ ပြုတ်ကျသွားတာလေ ၊ ကံကောင်းချင်တော့ သား ပြန်ပေါ်လာတဲ့ အချိန်မှာပဲ အမေသားကို လှမ်းဆယ်လိုက်နိုင်တယ် ၊ ဘာနဲ့ ခိုက်မိထားလဲမသိဘူး ၊ သားနဖူးမှာ သွေးတွေရဲလို့ ၊ သားက သတိလစ်နေပြီ ၊ အမေဖြင့် လန့်လိုက်တာ မပြောပါနဲ့တော့ ၊ တော်သေးတာပေါ့ ၊ အဲဒီအချိန် သားအဖေ ၊ ရောက်လာလို့ ”
ကျွန်တော်တို့ ရွာသည် ချင်းတွင်းမြစ်ဘေး၌ ရှိသောကြောင့် မိုးတွင်းမြစ်ရေတက်ချိန်ဆို ရွာထဲထိ ဝင်လာတတ်သည် ။ ရေသိပ် မတက်သည့် နှစ်ဆိုရင်တောင် ပေါင်လည်ထိ တက်သည် ။ မိုးကောင်းပြီဆိုရင် အိမ်ခါးပန်းထိ ရေတက်သည် ။ ကျွန်တော့် နဖူးမှ အမာရွတ်လေးကို အမေ ပွတ်သပ်ပေးရင်း ကျွန်တော် ရေနစ်ခဲ့သည့် အကြောင်းကို ပြန်ပြောင်း ပြောပြတတ်သည် ။ ငယ်စဉ်က အကြောင်းများကို ပြောပြတိုင်း အမေပြုံးနေ တတ်သည် ။
“ ပြောရဦးမယ် သားရဲ့ ၊ မင်း ဘကြီးဖိုးသန်းလေ ... ”
“ ဟို အမေ ၊ သား လချုပ်စာရင်းတွေ လုပ်ရဦးမှာ မအားသေးဘူး ၊ အမေပြောချင်တာတွေ နောက်ရက်မှ ပြောတော့ ၊ သားတစ်ဝကြီး နားထောင် မယ်နော် ”
အမေ့စကားများက ကျွန်တော့်နားထဲ ဝင်လာသော်လည်း ကျွန်တော့် စိတ်အာရုံက အမေ့ဆီ၌ မရှိ ။ လချုပ်စာရင်း ၊ အစီရင်ခံစာ ၊ နောက် တစ်ပတ် ကျောင်းပိတ်ရက်၌ သားနှင့်သမီးကို ကစားကွင်း လိုက်ပို့ဖို့ကိုသာ ခေါင်းထဲရောက်နေသည် ။ အမေကတော့ ‘ ဩော် အေးအေး ’ တစ်ခွန်းသာ ပြောပြီး အိပ်ရာပေါ် လှဲရင်း မျက်စိကို မှိတ်နေလိုက်သည် ။ အမေ့ကို စောင်ခြုံ ပေးလိုက်ပြီး အခန်းထဲမှ ထွက်လာသည့် အချိန်၌ ရင်ထဲ စိတ်မကောင်းဖြစ် သွားသော်လည်း မတတ်နိုင် ။ ဒီလိုမှ စကားမဖြတ်ရင်လည်း အမေက မိုးလင်းတဲ့ထိ ငယ်စဉ်က အကြောင်းတွေကို မနားတမ်း ပြောတော့မည် ။ အခုအချိန်မှာတော့ အမေ၏ ငယ်စဉ်က အကြောင်းများကို တစ်ဝကြီးနားထောင်ချင်သော်လည်း အမေ ဘာကိုမှ မမှတ်မိတော့ပေ ။ ကျွန်တော်တို့က အစဖော် ပေးသော်လည်း အမေက အထူးအဆန်းသဖွယ် ငေးကြည့်နေရုံက လွဲ၍ အမေ့ဆီက ဘာစကားမှ ထွက်မလာတော့ ။
“ သားရေ ၊ ဒီတစ်ပတ် ရုံးပိတ်ရက်ကျရင် အမေ့ကို ဘုရားလိုက်ပို့ဦးနော် ၊ ဘုရား မရောက်တာကြာပြီ ၊ သားအဖေ အတွက်လည်း အလှူအတန်းလေး လုပ်ရင်းပေါ့ ”
“ ရုံးပိတ်ပေမယ့် သားမအားဘူး အမေ အစည်းအဝေး ထိုင်ရမှာ ၊ နောက်တစ်ပတ် ကျမှ လိုက်ပို့မယ်နော် ”
နောက်ရက်မှ ၊ နောက်တစ်ပတ်မှ ဆိုပြီး ကျွန်တော် ရက်ချိန်း အမျိုးမျိုး ပေးခဲ့သည် ။ ကတိအမျိုးမျိုး ပေးခဲ့သည် ။ ကျွန်တော် ဘယ်နှစ်ကြိမ် များ ကတိတည်ခဲ့နိုင်သလဲ ။ အခုအချိန်မှာတော့ အမေ ဖူးချင်သည့် ဘုရားများကို ရန်ကုန်မြို့ပေါ်တင်မဟုတ် တစ်နိုင်ငံလုံးကိုပင် ဘုရားဖူး လိုက်ပို့ချင်သော်လည်း အမေ မသွားနိုင်တော့ ။ “ အမေ ဘုရားသွားမလား ” ဟု မေးလျှင်ပင် “ ဘုရား ၊ ဘာသွားလုပ်မှာလဲ ” ဟု ပြန်မေးတတ်သည် ။ အယ်လ်ဇိုင်းမားရောဂါ ( Alzheimer's disease ) သည် အမေ၏ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ကာလသုံးပါးလုံးကို နင်းချေဖျက်ဆီးသွားလေတော့သည် ။
( ၂ )
အဖေ ရှိစဉ်က တိုးတိုးဖော် ၊ တိုင်ပင်ဖက်လေး ရှိသေးသည် ။ အဖေနှင့် အမေသည် များသောအားဖြင့် သိပ်မတည့်ကြ ။ အဖေက ဘုကလန့် သမား ။ အမေက သွက်သည်ဟု ပြောရမည် ၊ တကျက်ကျက်နှင့် ရန်ဖြစ်နေတတ်သည် ။ အမေက အဖေ့ အနေအထိုင်များကို ဘယ်တော့မှ စိတ်တိုင်းမကျ ။ အဖေက အညာသားတောသားပီပီ စကားကို အော်ကြီး ဟစ်ကျယ်နှင့် အားရပါးရပြောတတ်သည် ။ အိမ်သို့ တရားဆွေးနွေးဖက် ရပ်ကွက်လူကြီးများ လာရင်လည်း သူ ယုံကြည်ရာကို အော်ကြီးဟစ်ကျယ် ပြောတတ်သည် ။ ထိုအခါ အမေက
“ တော့်နှယ် ၊ ဒီအရွယ်ကြီးရောက်မှ အာပြဲကြီးနဲ့ တောသားမှန်း လူသိတာတော် ”
“ ဟ ငါ တောသားမှန်း လူတိုင်းသိတယ် ဘာရှက်စရာလိုတုန်း ၊ နင်တို့သာ မွေးတော့ တော ၊ ကိုယ့်ကိုကိုယ် မြို့ကြီးသူတွေလို မိတ်ကပ်လိမ်းရတာနဲ့ ၊ ပါတိတ်ဝတ်ရတာနဲ့ နင်တို့က ပိုရှက်ဖို့ကောင်းသေး ”
“ အိုတော် ကိုယ့်ကိုကိုယ့် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတာ တော်ထမ်းထားရလို့လား ၊ တော်သာ အပြင်သွားရင် စွပ်ကျယ်ဂျိုင်းပြတ်နဲ့ လူမှာအဝတ်တောင်းမှာ အကွပ်တဲ့ ”
သူတစ်ခွန်း ကိုယ်တစ်ခွန်းနဲ့ မပြီးနိုင်မစီးနိုင် ။ ကြားထဲက ကျွန်တော်တို့က ဖြန်ဖြည်ပေးရသည် ။ စကားများ ရန်ဖြစ်ကြခြင်းမဟုတ် ။ အဖေနှင့်အမေတို့၏ ခွန်းကြီးခွန်းငယ် စကားသံများသည် ပိုပြီးနွေးထွေးစေသည် ။ ပိုပြီး ကြည်နူးစေသည် ။ အဖေနှင့်အမေတို့ အတွက် နုပျိုဆေး တစ်ခွက်ပင် ။ အခုချိန်၌ အဖေနှင့် အမေတို့၏ စကားများ ရန်ဖြစ်သံတို့ကို ကျွန်တော် တောင့်တနေမိသည် ။ သို့သော် ပြန်မရနိုင်တော့ပေ ။
အဖေသည် စီးကရက်ကို အင်မတန် ကြိုက်နှစ်သက်သည် ။ အိပ်ရာဘေး၌ စီးကရက်ဗူးနှင့် မီးခြစ် အမြဲထား၏ ။ မနက်မိုးလင်း အိပ်ရာ နိုးလာလျှင် မျက်နှာ မသစ်သေး ။ နှစ်လိပ် ၊ သုံးလိပ် လောက်သောက်သည် ။ မျက်နှာသစ် မနက်ခင်းစာ စားပြီး ကော်ဖီတစ်ခွက်နှင့် သတင်းစာဖတ်ရင်း စီးကရက်သောက်လိုက်သည်မှာ နေ့လည်စာ စားချိန်ထိပင် ။ အိမ်သို့ လာသည့် ဧည့်သည်များကိုလည်း စီးကရက် ဧည့်ခံတတ်သည် ။ အဖေသည် အိပ်ချိန်နှင့် စားချိန်က လွဲ၍ စီးကရက် လက်ကြားညှပ်ကာ အမြဲသောက်နေတတ်သူ ဖြစ်သည် ။
“ အမယ်လေး ကိုထွန်းခိုင်ရယ် ၊ သောက်လိုက်တဲ့ ဆေးလိပ် မီးခိုးခေါင်းတိုင်လားမှတ်ရ ၊ နည်းနည်းပါးပါး နားပါဦးလား ၊ ဆေးလိပ်တို တွေလည်း ပစ်ထားလိုက်တာ စည်းကမ်းကိုမရှိဘူး ”
အမေက တဗျစ်တောက်တောက် ပြောနေလျှင် အဖေက မကြားဟန် ပြုနေတတ်သည် ။ စီးကရက်ကို လွန်စွာနှစ်ခြိုက်လှသော အဖေသည် ထိုစီးကရက်ကပင် ဒုက္ခပေးတော့သည် ။ အဆုတ်ကင်ဆာဖြင့် အဖေဆုံးပါး သွားသည့်နေ့က အမေ့ကို ဆေးလိပ်တောင်းသည် ။
“ မယ်ခင်ရယ် ၊ ငါ့ကို ဆေးလိပ်တစ်လိပ်လောက် တိုက်ပါဟာ ၊ ငါ ဘယ်လိုမှ မနေနိုင်လို့ပါ ”
အမေက မကိုက် ။ ဆရာဝန်က ဆေးလိပ်ဖြတ်ရမည်ဟု ပြောကတည်းက အမေက ဗီတိုအာဏာသုံး ဆေးလိပ်သောက်ခွင့် မပေးတော့ ။ ထိုနေ့ညမှာပင် အဖေသည် သူချစ်သည့် စီးကရက်ကို တောင့်တရင်း ဆုံးပါးသွားလေသည် ။ အမေသည် အဖေ့အလောင်းကို ကြည့်ကာ ချုံးပွဲချငိုလေတော့သည် ။
“ အမယ်လေး ကိုထွန်းခိုင်ရဲ့ ၊ ကျုပ်ကို တစ်ယောက်တည်း ထားခဲ့ပြီလား ၊ ဒီလိုမှန်း သိရင် တော် သောက်ချင်တဲ့ ဆေးလိပ် တစ်လိပ် မဟုတ်ဘူး ၊ တော် ကြိုက်သလောက် တိုက်ပါတယ် ၊ အခုတော့ သေခါနီး အချိန်မှာတောင် တော် ကြိုက်တဲ့ ဆေးလိပ် သောက်မသွားရပါလား ဟီး ဟီး ဟီး ”
အဖေ့ကို ဂူသွင်းသင်္ဂြိုလ်သည့်နေ့က ဆေးလိပ်ဗူး နှင့် မီးခြစ်ကို အမှတ်ရရထည့်ပေးလိုက်သည် ။ နှစ်စဉ် အဖေ့အုတ်ဂူသို့ သွားရောက် ကန်တော့တိုင်း ဆေးလိပ်ဗူး နှင့် မီးခြစ်ကို မမေ့မလျော့ ယူသွားဖြစ်သည် ။ အမေ လိုက်လျှင် လုံးဝမမေ့ ။ အမေ မလိုက်ခဲ့သည့် အခေါက်များတွင် ကျွန်တော်တို့က မေ့နေလျှင်လည်း အမေက သတိပေးတတ်သည် ။
“ သားရေ ၊ မင်းအဖေဖို့ ဆေးလိပ်နဲ့ မီးခြစ်မမေ့နဲ့နော် ”
အခုတော့ ဒီအဖြစ်အပျက်တို့သည် အမေ၏ မှတ်ဉာဏ်အတွင်း၌ ငြိတွယ်မနေတော့ပေ ။ အမေ့အသက် ခုနှစ်ဆယ်ကျော်လာသည့် အချိန်၌ အမေ့အမူအရာတွေ တဖြည်းဖြည်း ပြောင်းလဲလာသည် ။
ထိုနေ့က ကျွန်တော် ရုံးက ပြန်လာသည့် အချိန်၌ ခြံတံခါးဝ အုတ်ခုံမှာ ငုတ်တုပ်ထိုင်နေသည့် အမေ့ကို တွေ့လိုက်ရသည် ။
“ အမေ အိမ်ရှေ့မှာ ဘာထိုင်လုပ်နေတာလဲ ”
ကျွန်တော့်ကို မော့ကြည့်လာသော အမေ့မျက်လုံးများသည် စိုးထိတ်ကြောက်ရွံ့နေသည် ။ ကျွန်တော့်ကိုလည်း မှတ်မိပုံမပေါ် ။ အမေက အထစ်ထစ်အငေါ့ငေါ့နှင့်
“ ငါ ငါ အိမ်မပြန်တတ်လို့ ငါ့ကို အိမ်လိုက်ပို့ပါနော် ”
ဟင် .. ။ ကျွန်တော် အံ့သြထိတ်လန့်သွားသည် ။ စိုးရိမ်စိတ်တို့ လှိုက်တက်လာ၏ ။
“ အမေ ဒါ အမေ့အိမ်ပဲလေ ၊ မမှတ်မိဘူးလား ”
ကျွန်တော်က အိမ်ကြီးကို လက်ညိုးထိုးပြရင်း ပြောလိုက်သည် ။ အိမ်ကြီးကို ဇဝေဇဝါ ကြည့်ရင်း အတန်ကြာမှ
“ ဪ ဟုတ်သားပဲ ၊ မှတ်မိပြီ မှတ်ပြီ ၊ သားရော အလုပ်က ပြန်ခဲ့ပြီလား ”
ထိုအခါမှ စိုးရိမ်စိတ်တို့ လျှော့ပါးသွားတော့သည် ။ ထိုကဲ့သို့သော အဖြစ်အပျက်များ ဆက်တိုက်ဖြစ်လာမှ ကျွန်တော်၏ လျော့ပါးသွားသော
စိုးရိမ်စိတ်တို့ ပြန်လည် တိုးပွားလာသည် ။ အမေသည် အိမ်ထဲမှာပင် သူ့အခန်းကို သူ မပြန်တတ် ။ တစ်ခါမှ မရောက်ဖူးသည့် အိမ်ထဲ ရောက်နေသလို ဖြစ်လာသည် ။ တစ်ခါတရံ ထမင်းစားပြီးသားလည်း “ ငါ့ကို ထမင်းကျွေးကြဦး ၊ ငါ ဗိုက်ဆာလပြီ ” ဟုပြောတတ်သည် ။“ ဟင် အမေ အခုမှ ထမင်းစားပြီးတာလေ ” ဟု ပြန်ပြောလျှင် အမေက “ ဟဲ့ ငါဘယ်တုန်း က စားရသေးလို့လဲ မစားရသေးဘူး ” ဟု ရန်တွေ့တတ်သည် ။ ထမင်းမစားရသေးလို့ ကျွေးပြန်ရင်လည်း “ ဟဲ့ ငါက ဘယ်နှစ်ခါ စားရမှာလဲ ၊ အခုမှ စားပြီးတာကို ” ဟု ပြောတတ်သည် ။ အမေ့ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဖြစ်လာသောကြောင့် အထူးကုဆရာဝန်နှင့် ပြရတော့သည် ။
၊ ၃ ၊
“ လူနာအမေရဲ့ရောဂါက အယ်လ်ဇိုင်းမား ( Alzheimer's disease ) လို့ခေါ်ပါတယ် ၊ ဦးနှောက်အလုပ်လုပ် ရာမှာ အဓိက လိုအပ်တဲ့ Acetylcholine ဓာတ်ပစ္စည်းတွေ နည်းလာလို့ ဖြစ်တာပါ ၊ Memory loss လို့ခေါ်တဲ့ မှတ်ဥာဏ်တွေ တဖြည်းဖြည်း ပျောက်ဆုံးလာပါတယ် ၊ အသက်ကြီးလာတာ အပြင် အချိန်အကြာကြီး အဖော်ကင်းမဲ့ အထီးကျန်ဆန်လာရင်လည်း ဖြစ်တတ်ပါတယ် ၊ ဒါကြောင့် လူနာကို စိတ်ညစ်စရာ ဝမ်းနည်းစရာတွေ မပြောဘဲ ပျော်ရွှင်ကြည်နူးစရာ အတိတ်ဖြစ်ရပ်လေးတွေကို ပြောပေးပါ ၊ ကံကောင်းရင် ပြန်လည် မှတ်မိလာနိုင်ပါ တယ် ၊ လိုအပ်တဲ့ ဆေးတွေကိုလည်း အချိန်မှန် တိုက်ရပါမယ် ”
ဆရာဝန်ကြီး၏ ညွှန်ကြားချက်အတိုင်း အမေ့ကို အချိန်ပေးကာ ပြုစုစောင့်ရှောက်ခဲ့သည် ။ စိတ်ချမ်းမြေ့စရာ အဖြစ်အပျက်များကို ပြောပြပေးသည် ။ အမေက ကျွန်တော်တို့ ပြောသမျှကို ကလေးတစ်ယောက်လို မျက်လုံးအဝိုင်းသားနှင့် နားထောင်နေတတ်သည် ။ မှတ်မိပုံ မပေါ် ။ ရယ်စရာပါလို့ ကျွန်တော်တို့ ရယ်မောကြလျှင် အမေက မျက်လုံးအပြူးသားနှင့် ကြည်hနေတတ်သည် ။ အမေ့ရောဂါမှာ သက်သာမလာဘဲ တဖြည်းဖြည်း ပိုဆိုးလာသည် ။ အမေ့မှတ်ဉာဏ်၌ လက်ကျန် အသိတို့ အနည်းငယ်သာ ကျန်တော့သည် ။ အမေသည် ငယ်စဉ်က သူကျင်လည်ခဲ့ရသည့် အညာမှ လူအချို့ နာမည်ကို မှတ်မိနေသေးသည် ။ ကျွန်တော့်ကို ‘ ဟဲ့ နင် အေးဆောင် မဟုတ်လား ’ ဟု မေးတတ်သည် ။ တစ်ခါတရံ ‘ နင် ထွန်းတင်နော် ’ ၊ ‘ ဟဲ့ အေးမိ ငါလေဟယ် ’ ဟုပြောတတ်သည် ။ အမေ ထိုသို့ ပြောလိုက်တိုင်း ကျွန်တော့် ရင်သည် တဆစ်ဆစ် နာကျင်လှ၏ ။ အမေသည် တစ်ဦးတည်းသောသား ကျွန်တော့် ကိုပင် မေ့သွားခဲ့လေသည် ။
ရောဂါအခြေအနေ ပိုဆိုးလာသည်နှင့်အမျှ အမေ၏ မှတ်ဉာဏ်၌ ကုပ်တွယ်ထားသော လက်ကျန်အသိတို့သည် လွင့်စင်ပျောက်ကွယ်သွားတော့သည် ။ အမေသည် စကားလုံးများကိုပင် မေ့လျော့သွားလေတော့သည် ။ အမေ၏ မှတ်ဉာဏ်၌ မသိခြင်းတရားတို့ ကြီးစိုးကာ အမှောင်ထုသည်သာ ဝန်းရံနေတော့သည် ။
အမေသည် အခုချိန်၌ ဘာမှ မသိနားမလည်တော့သည့် ပီဘိ ကလေးငယ်ဘဝ ရောက်သွားတော့သည် ။ ကျွန်တော်က မိဘ နေရာရောက်သွားသည် ။ အမေသည် ကျွန်တော် ငယ်စဉ်က ဖေဖေ ၊ မေမေ ခေါ်တတ်အောင် သင်ပေးခဲ့သည် ။ အမေ့အသံကို လိုက်တုပြီး ကျွန်တော် ခေါ်ခဲ့သည် ။ ကျွန်တော် တတ်မြောက်ခဲ့သည် ။ အခုအချိန်၌ အမေ့ကို စကားတစ်ခွန်းသာ သင်ပေးချင်သည် ။ အမေလည်း ကျွန်တော့် အသံကို လိုက်တုကာ ပြောနိုင်ပေလိမ့်မည် ။ ကျွန်တော်သည် ထိုစကားတစ်ခွန်းကို အကြိမ်များစွာ အခေါ်ခံရသည့် အချိန်က တန်ဖိုး မထားတတ်ခဲ့ ။ အခုချိန်၌ လွန်စွာငတ်မွတ် တောင့်တနေမိသည် ။ ကြားခွင့် မရှိတော့သည့် အချိန်၌ ထိုစကား တစ်ခွန်း၏ တန်ဖိုးသည် အတိုင်းအဆ မရှိ ကြီးမားလှသည် ။ အမေ့ ဆီမှ ထိုစကား တစ်ခွန်းကိုသာ ကျွန်တော် ကြားချင်မိသည် ။
“ သား ... ” ဟူသည့် စကားတစ်ခွန်းသာ ။
▢ ညီကျော် ၊ တန့်ဆည် ၊
📖 တစ်ယောက်တစ်ဘဝ ( ၃ )
No comments:
Post a Comment