Monday, August 4, 2025

ဖားလက်တက်လေးများ၏ ဒိုင်ယာရီ


 

❝ ဖားလက်တက်လေးများ၏ ဒိုင်ယာရီ ❞
( ဧချင်း - ဓာတုဗေဒ )

မိုးလေအေးက စိမ့်ခနဲ အေးစက်လာပြီမို့ တံခါးဝကို အသာ စေ့လိုက်တယ် ။ ဒီမိုးကြောင့်ပဲ ဒီနေ့ ကယ်ရီ မသွားဖြစ်ပြန်ဘူး ။ မီးငြိမ်းစ , ပြုနေပြီဖြစ်တဲ့ ဆေးလိပ်တိုကို အသာချထားလိုက်တယ် ။ မိုးရာသီတိုင်းလည်း ကျပ်တည်းတာ အမှန်ပဲ ။ ဒါကြောင့်ပဲ မိုးတွင်းစာကို ကြိုးစားရှာခဲ့တာ ။ မိုးလယ်လောက် ရောက်တော့လည်း ဒုံရင်းပါပဲ ။ အင်း ... ပြောရမယ်ဆိုရင်တော့ ဒါဟာ မိုးရာသီ အလုပ်ရှားတဲ့ အုတ်စက် အလုပ်သမားတွေရဲ့ ထုံးစံပဲပေါ့ဗျာ ။

••••• ••••• •••••

၁ ။

“ ကိုမြင့်ဇော်ရေ အုတ်စက်ပိုင်ရှင်က ကယ်ရီ သွားမယ်တဲ့ ”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ လာခဲ့မယ် ”

ကိုယ်က ဆိုင်ကယ်လေး ရှိတော့ အလုပ်ပါးတဲ့ အချိန်မှာ အပိုဝင်ငွေပေါ့ဗျာ ။ မိန်းမက ငါးပိရည်လေး ကျို ၊ ငရုတ်သီးမှုန့်လေး ကြက်သွန်ဖြူလေး ရောထည့်ပြီး ငါးဆယ်တန် အိတ်လေးတွေထဲ ထည့် ၊ ချဉ်ဖတ်စုံကို အစည်းလေးတွေ စည်းပြီး ညနေပေး လိုက်ရောင်းတယ်လေ ။ ညနေ အလုပ်သမားတွေ ပိုက်ဆံထုတ်ချိန်ဆို ငွေလိုက်သိမ်းရုံပဲ ။

အထင်တော့မသေးနဲ့ ဗျ ။ အလုပ်ရှားပါးတဲ့ အချိန်မှာ မိန်းမရဲ့ ဈေးတောင်းလေးက မိသားစုစားအိုးကို ထိန်းထားနိုင်တယ်လေ ။ ဒါကြောင့်ပဲ ဆိုင်ကယ်လေးတစ်စီး အဖတ်တင်တာပေါ့ဗျာ ။

ပိုပိုလျှံလျှံတော့ မရှိလှပါဘူး ။ ကလေးက သုံး ယောက်လေ ။ ဒါတောင် အုတ်စက်တဲတန်းကို အမြဲလာတဲ့ ကျန်းမာရေး ဆရာမလေး ကောင်းလို့ဗျာ ။ နို့မို့ဆိုရင် တော့ တစ်နှစ်တစ်သားပဲ ။

TV မှာ လာလာနေတဲ့ ကြော်ငြာလေးတွေလေ ။ လင်းဇာနည်ဇော်က ပဲပြုတ် ရောင်းပြီး ကလေးတွေက အများကြီးပဲ ။ အပြီးသတ် နေ ဆေးခန်းမှာ သားဆက်ခြားနိုင်ပါသည် ဆိုတာပေါ့ဗျာ ။ ဒီလို ကြော်ငြာပေးတာ ကောင်းတယ်ဗျ ။ ဒါမှ ကျုပ်တို့လို ဗဟုသုတ နည်းတဲ့သူတွေ နားလည်လာမှာကိုး ။ အခုတော့ ကလေး ၃ ယောက်ကိုပဲ ပြုစုပျိုးထောင်တော့မယ်ဗျာ ။

ဒါ့ကြောင့် ပြောပါတယ် မိုးရာသီ အလုပ်ပါးတဲ့ အခါ ခပ်ကျပ်ကျပ်ပါဆို ။

••••• ••••• •••••

၂ ။

“ မပေးနိုင်ဘူး ၊ မရှိဘူးလို့ ပြောလိုက်ပါလား ။ အခေါက်ခေါက် အခါခါတွေ ဘယ်လာ တတ်နိုင်တော့မှာလဲ ”

ကယ်ရီလေး နေ့ခင်းပိုင်း နားပြီး ထမင်းစား ပြန်လာတော့ အိမ်ခန်းထဲက မိန်းမအသံကို အတိုင်းသား ကြားလိုက်ရတယ် ။

အိမ်ပေါ်ကို လှမ်းတက်လိုက်တော့ ငိုမဲ့မဲ့ မျက်နှာနဲ့ သမီးကြီးကို တွေ့လိုက်ရတယ် ။

“ ဘာဖြစ်လို့လဲ သမီး ရယ် ၊ ဘာဖြစ်ပြန်ပြီလဲ ခင်မာ ဒီမှာ ကလေးငိုနေပြီ ”

အကြီးဆုံး သမီးလေး ကိုတော့ သူ အရမ်းချစ်တယ် ။ သိတတ် လိမ္မာလွန်းလို့လေ ။ အငယ်နှစ်ကောင်ကတော့ မျောက်ရှုံးတာပေါ့ ။

“ ကျူရှင်မှာ ဆရာကန်တော့ကြေး ထပ်ကောက်လို့တဲ့ ၊ ကျောင်းမှာ ကန်တော့ပြီးပြီပဲ တော်ပြီပေါ့ ။ မရှိရတဲ့ ကြားထဲ စိတ်ညစ်စရာတွေ ၊ ဒီလောက် ကန်တော့ချင်နေရင် လက်အုပ်ချီပြီးသာ ကန်တော့လိုက်တော့ ဟင်း ”

ပြောဆိုပြီး ခင်မာ အောက်ကို ဆင်းသွားတော့ သမီးမျက်နှာမှာ မျက်ရည်တွေ ဝဲနေပြီ လေ ။ လေးတန်းတောင် မအောင်ခဲ့ရှာတဲ့ ခင်မာ ကတော့ သားသမီး မျက်နှာငယ်မှာကို ဘယ်တွေးတတ်ပါ့မလဲ ။ ကိုယ်တောင် ၁ဝ တန်းထိ ပညာသင်ခဲ့ဖူးလို့ နည်းနည်း နားလည်နေတာ ။ သမီးကြီးတစ်ယောက်ပဲ ရှစ်တန်းမို့လို့ ကျူရှင်ထား အောင် မနည်း နားချထားခဲ့ရတာ ။

ခင်မာ့ခမျာ မိုးလင်း ငါးနာရီဆို ဈေးသွားရောင်း ၊ ပြန်လာရင် ချက်ပြုတ်လျှော်ဖွပ် ၊ ညနေရောက်ရင် ငါးပိ ရည်ကျို ၊ ဟင်းရွက်စည်း ဒါနဲ့ပဲ အချိန် ကုန်ရှာတယ်လေ ။

မိုးတွင်းအခါမှာ ဖားကြီးတွေက အစာ မရှားပါးပေမဲ့ ဖားလက်တက်လေးတွေက ဟစ်ရင်းအော်ရင်း အစာရှာ အသက်မွေးရသတဲ့လေ ။ ကိုယ်တွေလည်း ဖားလက် တက်လေးတွေလိုပါပဲ ။

“ မငိုပါနဲ့ သမီးရယ် ၊ မနက်ဖြန် ကယ်ရီဆွဲ ပြန်လာရင် အဖေ ပေးပါ့မယ် ၊ အမေ့ ကို ပြန်ပြောမနေနဲ့တော့ ”

“ ဟုတ်ကဲ့အဖေ ၊ ဒါဆို သမီး ထမင်းသွား ခူးလိုက်ဦးမယ်နော် ”

သမီးမျက်နှာ ပြုံးရွှင်သွားပြီး သူ့အတွက် ထမင်းခူး ပေးဖို့ နောက်ဖေးခန်းထဲကို ဝင်သွားပြီ ။

အင်း ... ခင်မာ့ဘက်က ကြည့်ပြန်တော့လည်း မရှိရှာတော့ ငြိုငြင်မှာပေါ့လေ ။ မျက်ရည်လေး စို့ပြီးမှ တောင်းလို့ရလာတဲ့ ကန်တော့ကြေးလေးကလည်း ... အင်း ၊ သမီးလေး မျက်နှာမငယ်ရင် ပြီးတာပါပဲ ။ သူများ ကန်တော့ပွဲ လုပ်ရင် သူ့ခမျာလည်း ပါဝင်ရှာမှာပေါ့ ။

တို့တောမှာတော့ ကျောင်းပိတ်ရက်ခါ နီးရင် ဆရာ ဆရာမတွေကို လက် အုပ်ချီပြီး ကန်တော့ကြတာပါပဲ ။

တူမှ မတူဘဲလေ ။

ကိုယ်က မြို့ကို ပြောင်းလာခဲ့တာကိုး ။

“ မောင်မြင့်ဇော်ရေ ငါ့ အမေအိမ်ကို ဝက်သားတွဲလေး ပို့ပေးပါဦးကွာ ”

“ ဟုတ်ကဲ့ ကျွန်တော် လာခဲ့ပါ့မယ် ”

အုတ်စက်ပိုင်ရှင် ပြန်ထွက်သွားတော့ အိမ်ဘက်ကို ဆိုင်ကယ်ယူဖို့ လျှောက်လာခဲ့တယ် ။ ပြောရရင် အုတ်စက်ပိုင်ရှင်ကတော်က နည်းနည်း ခက်ထန်တယ်ခင်ဗျ ။ ယောက္ခမနဲ့ အဆင်မပြေဘူး ပေါ့ဗျာ ။ ဒါပေမဲ့ ဆရာကြီးက အစားအသောက်လေးက အစ မိဘအိမ်ကို ပို့ပေးရှာပါတယ် ။

သူတို့ မိဘများက ပြေလည်ကြပါတယ် ။ ကိုယ်တွေမှာသာ ရွာမှာ ကျန်ခဲ့တဲ့ အမေအိုကြီး ကို မပြေလည်မှန်း သိပေမဲ့ လစဉ်တောင် မှန်မှန် မပေးနိုင်တဲ့ အဖြစ်လေ ။ နီးနီးနားနား နေစဉ်ကတော့ ခင်မာ ကလည်း သိတတ်ရှာပါတယ် ။ ဘာလေးပဲ ချက်ချက် ပို့ပေးရှာတယ် ။ ခြေဆုပ်လက်နယ် သွားပြီး ပြုစုပေးပါတယ် ။ ရွာမှာ အလုပ်အကိုင် မကောင်းလို့ မြို့တက်လာစဉ် ကတည်းက အမေ့ကို သတိပဲ ရနိုင်တော့တာလေ ။

ဟောဗျာ တွေးရင်း စီးလာလိုက်တာ အုတ်စက်ပိုင်ရှင် အိမ်ရှေ့တောင် ရောက်လာပြီ ။ ဝက်သားတွဲ ယူပြီး ပြည်တော်သာဘက် ပြန်ထွက်ဦးမှ ။

••••• ••••• •••••

၃ ။

“ ရေမိုးချိုးပြီး အေးအေးလူလူ ရှိရင် ထိုင်စမ်းပါဦး ၊ ရှင့်ကို ပြောစရာရှိလို့ ”

ရေမိုးချိုးပြီး အိမ်ရှေ့မှာ ခဏထိုင်တော့ ခင်မာက စကားစ , လာတယ် ။

“ ဘာများလဲ ခင်မာရယ် ”

“ ကျုပ်တို့လေ မိဘများ ဆီကို မရောက်တာလည်း ကြာလှပြီ ၊ ဒီနွေ ကလေးတွေ ကျောင်းပိတ်ရင် ရွာကို အလည် ပြန်ကြရအောင်တော် ”

ဟုတ်တော့လည်း ဟုတ်တာပဲလေ ။ ရွာမှာ ကျန်ခဲ့တဲ့ သူ့မိဘ ၊ ကိုယ့်အမေအိုကြီး ဆီကို မပြန်နိုင်တာ နှစ်နှစ်ကျော်ပြီလေ ။

“ ပြန်ချင်တာပေါ့ ခင်မာရယ် ၊ ဒါပေမဲ့ နင်လည်း သိနေတာပဲ ၊ တစ်နေ့နေ့ လုပ်လိုက်ရတာ ဒါပေမဲ့ လမ်းစရိတ်လေးတောင် ပိုလျှံတာမှ မဟုတ်ဘဲဟာ ”

ခင်မာက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ရင်းက -

“ သိပါတယ် ကိုမြင့်ဇော်ရယ် သိပ်သိတာပေါ့  ၊ ကျုပ်လေ အုတ်စက် မတင်ရီတို့ အဖွဲ့နဲ့ မဲစုထားတယ်တော့ ။ အဲဒါ ဒီလကုန်ရင် ကျုပ်အလှည့်ပဲ ၊ အဲဒါ မိဘတွေကို ကန်တော့ရင်း ရွာကို ပြန်ကြ တာပေါ့တော် ”

သူ့ရင်ထဲမှာ ဝမ်းသာဝမ်းနည်း ခံစားလိုက်ရတယ် ။ သိတတ်လိုက်တာ ခင်မာရယ် ။ ပညာနည်းပေမဲ့ စိတ်ကောင်း နှလုံးကောင်း အရမ်းရှိရှာတာ ။ ဘာရယ်မဟုတ် ခင်မာ့နဖူးက ဆံစလေးကို သပ်ပေးလိုက်မိရင်း ရင်ထဲမှာ ကျေးဇူးတွေ တင်နေမိတယ် ။

နေပူစပ်ခါး ဈေးရောင်း ထွက်ရတော့ ညိုမှောင်နေတဲ့ အသားအရေလေး ပေါ်မှာ ရှင်မတောင် သနပ်ခါးလေးက ထင်းထင်းကြီး မွှေးပျံ့နေ တယ်လေ ။ ရင်ထဲ မှာလည်း ကြည်နူး နေမိတော့ ခင်မာ့ အနားလေး အသာကပ်လိုက်ပြီး ပါးပြင်လေးကို မွှေးလိုက်မယ် ကြံလိုက်မိတော့ ... အဲလေ ခင်မာ့ နောက်ကျောက မြင်လိုက်ရတဲ့ မြင်ကွင်း ကြောင့် သူ အရှိန်နည်းနည်း လျှော့သွားတယ် ။ သားအငယ်ဆုံးလေးက ချိုးငှက် အသေလေးကို ကိုင်ပြီး အိမ်ပေါ်ကို တက်လာတာ ။ ဒီကောင် ကျောင်းပြေးပြီး ချိုးပစ်ပြန်ပြီထင်တယ် ။ သားကတော့ အဖေနဲ့အမေကို အသေအချာကြည့်ပြီး မျက်လုံးလေး အဝိုင်းသားနဲ့ ။

••••• ••••• •••••

၄ ။

“ တောင်း တောင်းပန်ပါ တယ် ခင်မာရယ် ၊ ငါလေ စားဖို့ထဲက ဖဲ့ပြီး ပြန်ဆပ်ပါ့မယ် ။ နင့်အစ်ကို လုပ်ခထဲကလည်း ငါဖဲ့ပြီး ပေးပါ့မယ် ။ နင်က နောက်ဆုံးမဲဆိုတော့ မနက် လာယူမှာ ဆိုပြီး ငါ အလွယ်ပဲ ထားမိတာ အဲဒါ ညက သူခိုးဝင်တော့ ... ”

ဒီနေ့ မဲထုတ်ရက် ဆိုပြီး လင်ကိုယ်မယား နှစ်ယောက် ဝမ်းသာအားရ မဲလာထုတ်ကြတာလေ ။ ဒီနေ့ ခင်မာတို့ ဈေးတောင် မရောင်းဘူးပေါ့ ။ အခုတော့ အုတ်စက်တဲတန်းကို ဝင်မွှေသွားတဲ့ သူခိုးက ခင်မာ့ငွေ လေးသောင်းကျော်ကို ရသွားပြီလေ ။ စိတ်ဆိုးရအောင်လည်း တစ်ဦးတည်း မဟုတ်ပြန်ဘူး ။ ရှိစုမဲ့စု ရေဒီယိုလေးပါသွားတဲ့သူနဲ့ ၊ အလုပ်သိမ်းတဲ့ ငွေလေး ပါသွားတဲ့သူနဲ့ ။ အင်း ..

“ ဓာတ်သိထဲကပဲ နေမှာပါ ခင်မာရယ် ၊ အားလုံးပဲ ရှာနေကြတယ် ”

ဘာပြောကောင်းမလဲဗျာ ၊ တစ်လမ်းလုံး ငိုလာတဲ့ ခင်မာ့ကို မနည်းချော့လာရတယ် ။ အိမ်ရောက်တယ် ဆိုရင်ပဲ ငါးပိရည်က မကျိုရသေးပေမဲ့ ချဉ်ဖတ်က စိမ်ပြီးသားဆိုတော့ ဈေးတောင်းလေးထဲ စုပြုံထည့်ပြီး ခင်မာ ဈေးရောင်းဖို့ ပြင်တော့တာပဲလေ ။

“ ဘာရှင့် ၊ ဒီနေ့ နားရင် နောက်နေ့ ငတ်မှာပေါ့ ။ လူနား ရင်ရတယ် ၊ မိုးလင်းရင် ဗိုက်တွေက မနားဘူး သိရဲ့လား ”

သူ့ဒေါသက ကိုယ့်အပေါ် ထွက်ပေါက်ရှာလိုက်တာမို့ ကိုယ်လည်း ခွင့်လွှတ် ပေးလိုက်ပါတယ် ။ ဒါနဲ့ပဲ ကိုယ်လည်း ဆိုင်ကယ်သော့လေး လှမ်းယူပြီး -

“ အေးပါဟာ ငါလည်း ကယ်ရီထွက်ဆွဲမှာပါ ”

ရှာရဦးမှာပေါ့ဗျာ ၊ ဖား လက်တက်လေးတွေလို ဟစ်ရင်းအော်ရင်းပဲ ။

မိုးတွင်းကျတော့ ကျပ်တည်းတာ အမှန်ပဲဗျာ ။

⎕ ဧချင်း  ၊ ဓာတုဗေဒ  ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇူလိုင်  ၊ ၂၀၁၅

No comments:

Post a Comment