Wednesday, August 13, 2025

နောင်တ

 ❝ နောင်တ ❞

    ( ပုံပြင် )


ရှေးသရော အခါက ရွာတစ်ရွာတွင် မောင်ဒေဝ အမည်ရှိသော ဘုန်းကြီးကျောင်းသား ကလေးတစ်ဦး ရှိလေသည် ။ တစ်နေ့သော ညနေခင်း၌ မောင်ဒေဝသည် ကျောင်းမှ ပြန်အလာ လှည်းလမ်းတွင် ခွေးနက်ကလေး တစ်ကောင် တွေ့ရလေသည် ။ ခွေးနက်ကလေးသည် လှည်းနင်းခံရသဖြင့် ခြေတစ်ဖက် ကျိုးနေသည်ဖြစ်ရာ ဒဏ်ရာကြောင့် တဂိန်ဂိန် အော်မြည်လျက် ရှိလေသည် ။ မောင်ဒေဝသည် သနားလွန်းသဖြင့် အိမ်သို့ ပွေ့ချီခဲ့ကာ ဒဏ်ရာကို ကုသပေးလေ၏ ။ ရက်အတန်ကြာသောအခါ ခွေးနက်ကလေး၏ ဒဏ်ရာသည် ပကတိ ပျောက်သွားလေသည် ။ မောင်ဒေဝသည် ခွေးနက်ကလေးကို လမ်းမှ ကောက်ရခဲ့သည် ဖြစ်သဖြင့် “ ကောက်ရ ” ဟု အမည်ပေးကာ မိမိနှင့် လက်ပွန်းတတီး ချစ်ခင်စွာ နေလေသည် ။

 

ဤသို့အားဖြင့် ကောက်ရ သည် ကျေးဇူးရှင် မောင်ဒေဝ၏ ဆော့ဘက် ၊ ပျော်ဘက် ဖြစ်လာလေသည် ။ ကောက်ရသည် မောင်ဒေဝကို ချစ်၏ ။ မောင်ဒေဝ ခိုင်းသမျှကို လုပ်၏ ။ 


“ ကောက်ရရေ ၊ ကျောက်သင်ပုန်း ယူခဲ့စမ်း ” ဟု မောင်ဒေဝက အမိန့်ပေးလျှင် ကောက်ရက ပါးစပ်နှင့် ကိုက်ချီပြီး ယူပေးတတ်၏ ။ ညနေ မောင်ဒေဝ ကျောင်းပြန်ချိန်တွင် ကောက်ရသည် ကျောင်းပေါက်ဝက ကြိုနေတတ်၏ ။ ထို့ကြောင့်လည်းမောင်ဒေဝက ကောက်ရကလေးကို အထူး ချစ်ခင်လေသည် ။


တစ်နေ့သော နွေရာသီတွင် မောင်ဒေဝတို့ အိမ်ခေါင်းရင်းရှိ ညောင်ပင်ကြီးမှ ညောင်ရွက်တွေ ကြွေနေလေသည် ။ မောင်ဒေဝ နှင့် ကောက်ရတို့မှာ ကြွေကျနေသော ညောင်ရွက်တွေကို သူ့ထက်ငါ အပြိုင် ဖမ်းနေကြ၏ ။ ဤတွင် သစ်ရွက်စိမ်းသဏ္ဌာန် အရာတစ်ခုသည် အပင်ထက်မှ ဝဲပျံကျလာ၏ ။ မောင်ဒေဝ က ပြေး၍ ဖမ်းလိုက်သည် ။


“ ဟာ ... ”


မောင်ဒေဝသည် အံ့အားသင့်သွားသည် ။ လက်တွင် ဖမ်းမိနေသည့် အရာမှာ သစ်ရွက်စိမ်း မဟုတ် ၊ ကြက်တူရွေးကလေး ဖြစ်နေသောကြောင့်ဖြစ်သည် ။ 


“ နှုတ်သီးနီနီကလေးနဲ့ ချစ်စရာပါလားဟေ့ ”


မောင်ဒေဝသည် ဝမ်းသာအားရ အော်လိုက်၏ ။ ထိုနေ့မှ စ၍ မောင်ဒေဝသည် ကြက် တူရွေးကလေးကို ရွှေခဲ ဟု အမည်ပေးကာ အိမ်၌ မွေးထားလေသည် ။ ရက်အတန်ကြာလျှင် ရွှေခဲသည် စကားပြောတတ်လာ၏ ။ “ ဒေဝ‌ရေ ” ဟုလည်း ခေါ်တတ်၏ ။ “ ကောက်ရရေ ” ဟုလည်း ခေါ်တတ်၏ ။ မောင်ဒေဝ ဘုရားရှိခိုးသည့် “ ဩကာသ ” ကိုလည်း ဆိုတတ်၏ ။ ထို့ကြောင့် မောင်ဒေဝ ရွှေခဲကလေးကို အလွန်ချစ်လေသည် ။


မောင်ဒေဝသည် ရွှေခဲကလေးကို ချစ်လာသောအခါ ကောက်ရ အား မုန်းသွားလေပြီ ။ မေ့သွားလေပြီ ။ ရွှေခဲသည် ချစ်စရာ ကောင်း၏ ။ စကားတတ်၏ ။ လိမ္မာ၏ ။ ကောတ်ရကား ခွေး ၊ ယုတ်ညံ့သည် ။ စက်ဆုပ်ဖွယ် ကောင်းသည် ။ ထို့ကြောင့် သင်းနှင့် မပေါင်း ။ ရွှေခဲနှင့်သာ ပျော်မည် ၊ စသည်ဖြင့် မောင်ဒေဝ ယူဆထား၏ ။


ဤတွင် ကောက်ရ မျက်နှာငယ်ရလေသည် ။ မောင်ဒေဝက သူ့အား ရှောင်ဖယ် ရှောင်ဖယ် လုပ်သောအခါ ကောက်ရမှာ သိသိသာသာ ပိန်ချုံးသွား၏ ။ ကြက်တူရွေးကလေး ရောက်လာမှ မိမိအပေါ် အချစ်လျော့ရသည်ကို သိသောအခါ ကောက်ရမှာ သဝန်တိုလာပြီး တစ်နေ့တွင် ကြက်တူရွေးကလေးအား ကိုက်သ,တ်လိုက်၏ ။ ထိုအခါ မောင်ဒေဝ ဒေါသထွက် လေပြီ ။ မိမိ အသက်တမျှ ချစ်သော ရွှေခဲကို ခွေးယုတ်ခွေးအ က ကိုက်ရမည်လားဟု ဆိုကာ အနီးရှိ တုတ်နှင့် ကောက်ရအား တအားရိုက်လိုက်၏ ။


ကောက်ရမှာ တစ်ချိန်က မောင်ဒေဝ ဆက်ပေးထားသော ခြေကလေး ပြန်ကျိုးသွားပြီး မောင်ဒေဝ ရိုက်သော ဒဏ်နှင့်ပင် သေသွားရရှာလေသည် ။


ရွှေခဲ လည်း မရှိ ၊ ကောက်ရကလေး လည်း မရှိတော့မှ မောင်ဒေဝ နောင်တရတော့၏ ။ မိမိသည် သူငယ်ချင်းများ အပေါ်တွင် တန်းတူတန်းမျှ မချစ်ဘဲ တစ်ဖက်စီးနင်း ချစ်သောကြောင့် ယခုကဲ့သို့ မိတ်ဆွေနှစ်ဦး ဆုံးရှုံးရလေသည်ဟု ပူပန်ဝမ်းနည်းခြင်းဖြစ်ရလေသည် ။ ထို့ကြောင့် ညီငယ် ၊ ညီမငယ်တို့ နောင်မှ နောင်တ မရမိကြစေရန် ကြိုတင်စဉ်းစား အပ်လှပေသည် ။ 


〇 ကိုကြီးဆောင်း

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၆၇ ၊ ဒီဇင်ဘာ

No comments:

Post a Comment