Tuesday, August 5, 2025

မနုဿဗေဒပါမောက္ခ


 ❝ မနုဿဗေဒပါမောက္ခ ❞


မန္တလေးတောင်ခြေ ၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်ဝင်း ထဲက ကျောင်းဆောင်လေး တစ်ခုထဲမှာ Dr. Ward Keeler နဲ့ တွေ့တယ် ။ သူက အမေရိကန် ပြည်ထောင်စု ၊ အော်စတင်မြို့ တက္ကဆက် တက္ကသိုလ်က မနုဿဗေဒဌာန တွဲဖက်ပါမောက္ခ ။ သူ့မှာ မြန်မာအမည် ရှိတယ် ။ ဦးသူရ ။


သူက မြန်မာ ဘာသာစကားနဲ့ ဗုဒ္ဓဘာသာကို လေ့လာဖို့ မြန်မာနိုင်ငံကို ရောက်နေတာ ။ သီတဂူ ဗုဒ္ဓတက္ကသိုလ်မှာ ခေတ္တတည်းနေတာ ။


သူက မြန်မာနိုင်ငံကို သွားချည်ပြန်လှည့် လုပ်တယ် ။ ကျွန်တော်နဲ့ သူနဲ့ ရင်းနှီးနေခဲ့တာ ကြာပြီ ။


တစ်ညနေခင်းမှာ သူ ခေတ္တ တည်းနေတဲ့ ကျောင်းကို ကျွန်တော် သွားလည်တယ် ။ သူ တည်းနေတဲ့ အခန်းလေးထဲမှာ ခုတင် တစ်လုံး ရှိတယ် ။ မွေ့ရာ မရှိဘူး ။ သင်ဖျာ ခင်းထားတယ် ။ ခုတင် အောက်မှာတော့ ထန်းခေါက်ဖာ နှစ်လုံး ။ ကိုသူရ က မြန်မာမှုကို နှစ်သက်ပုံရတယ် ။


ပြတင်းပေါက် အနီး မှာတော့ စာရေးစားပွဲ တစ်လုံး ။ စားပွဲပေါ်မှာ စာအုပ်တချို့နဲ့ သူ့သမီး နှစ်ယောက်ရဲ့ ဓာတ်ပုံကို ဘောင်သွင်းပြီး ထောင်ထားတာ ရှိတယ် ။ ပိတ်ထားတဲ့ ပြတင်းပေါက် ဘောင်ပေါ်မှာတော့ စာအုပ်တချို့ စီပြီး တင်ထားတယ် ။


အခန်းလယ် မှာတော့ ပလတ်စတစ်ကုလားထိုင် သုံးလုံး ချထားပါတယ် ။ သူတစ်လုံး ၊ ကျွန်တော် တစ်လုံး ထိုင်ကြတယ် ။ ကျန်ကုလားထိုင် တစ်လုံးပေါ်မှာ တော့ လင်ပန်းနဲ့ ရေနွေးကြမ်း ဓာတ်ဘူး ။


 ရေနွေးကြမ်း သောက်ရင်း ကျွန်တော်တို့ နှစ်ယောက် ရောက်တတ်ရာရာ စကားစမြည် ပြောကြတယ် ။ ကိုသူရ က ထိုင်နေရာက ထသွားပြီး ဒီဗီဒီတစ်ချပ်ကို ယူလာ ပြတယ် ။ မန္တလေး အနုပညာပုံရိပ်ပွဲတော် ဒီဗီဒီ ။


“ ခင်ဝင်းနွယ်အက သိပ်ကောင်းပါတယ် ” လို့ သူက ပြောတယ် ။


မန္တလေးမြို့တည်နန်းတည် နှစ် ၁၅ဝ ပြည့်ပွဲတော်မှာ တင်ဆက် ကပြခဲ့တာတွေကို စုပေါင်းထားတဲ့ ဒီဗီဒီချပ်ပါ ။ မင်းသမီး ခင်ဝင်းနွယ် က ကဗျာလွတ် ကထားတယ် ။


“ ဗုံလေးလုံး သံစဉ် ဂန္ထဝင် အကပဒေသာ ဒီဗီဒီ ကြည့်ပြီးပြီလား ”


ကျွန်တော်က သူ့ကို မေးတယ် ။ မကြည့်ရသေးဘူးတဲ့ ။ အဲဒီအချပ်မှာ ခင်ဝင်းနွယ်ရဲ့ အကတွေ ပြည့်ပြည့်စုံစုံ ပါတဲ့အကြောင်း ကျွန်တော် ပြောပြတယ် ။


“ ကျွန်တော် စဉ်းစားနေတယ် ။ အဲဒီ ရှေးဟောင်းအက ဆက်မသင်ကြတော့ဘူး ဆိုရင် လူတွေအတွက် အရှုံးသိပ်များတယ် ” လို့ သူက ပြောပြီး ခပ်ငေးငေး တွေးနေတယ် ။ ပြီးတော့ စကားကို တစ်လုံးချင်း ခပ်လေးလေး သူ ပြောတယ် ။


“ ရှေးဟောင်းဟန်က နှေးတယ် ။ သူများတွေ မကြိုက်ဘူး ၊ ကျွန်တော် ကြိုက်တယ် ။ ခေတ်အကတွေ သိပ်မြန်တယ် ။ မြန်ရင် သိပ်မကောင်းဘူး ။ ကျွန်တော် မကြိုက်ဘူး ”


ကိုသူရက သူ့အမြင်ကို ပြောပါတယ် ။ သူ အသက်ကြီး သွားလို့ ခေတ်အကတွေ မကြိုက်နိုင်တာလားလို့ ကျွန်တော် တွေးတယ် ။ ဒါကြောင့် သူ့အသက် ဘယ် လောက်လဲ မေးတော့ ၆၁ နှစ်တဲ့ ။


“ အသက်ကြီးသွားလို့ ရှေးကျတဲ့ အကတွေ ပိုကြိုက်တာလား ” ဆိုပြီး ကျွန်တော် ထုတ် မေးလိုက်တယ် ။


“ အထက်တန်းကျောင်းသားတုန်းက အနောက်နိုင်ငံ အော်ပရာတွေ ကျွန်တော် ကြိုက်တယ် ” လို့ သူက ပြောတယ် ။


ကျွန်တော့် အတွေးထဲမှာ အင်္ဂလန် ၊ အမေရိကန်ကို ရောက်တုန်းက ကြည့်ဖူးခဲ့တဲ့ အော်ပရာတွေကို မျက်စိထဲ ပြန် မြင်လာတယ် ။ သရုပ်ဆောင်တာကလည်း လေးလေးပင်ပင် ၊ သီဆိုတဲ့ သီချင်းသံကလည်း ဆွဲဆွဲငင်ငင် ။ တကယ့်ဂန္ထဝင် ။ လူကြီး ကြိုက်တွေပါ ။


“ ကိုသူရ ဘယ်မှာ မွေးသလဲ ” 


“ မွေးတာ အမေရိကန် ပြည်ထောင်စု ၊ နယူးယောက်မြို့ အရှေ့မြောက်ဘက် ၊ နယူးယောက်ပြည်နယ် Bronxuille မြို့မှာ မွေးတယ် ၊ အမေရဲ့ အဖေအမေက Bronxuille မှာနေတယ် ။ ကျွန်တော့် အဖေရဲ့ အမေအဖေက Connecticut ပြည်နယ် မှာနေတယ် ။ မဝေးပါဘူး ။ ကျွန်တော် ကလေးဘဝမှာ Connecticut မှာ ကြီးပြင်းတယ် ။ တက္ကသိုလ် တက်တော့ ကောနဲလ်တက္ကသိုလ်မှာ ၊ အဖေလည်း ကောနဲလ်မှာ တက်တယ် ”


ကိုသူရက ကျွန်တော့်ထက် အသက် သုံးနှစ်လောက် ကြီးတယ် ။ ကျွန်တော်တို့ လူလားမြောက်စ အချိန်တွေက ဗီယက်နမ်စစ် ဖြစ်တဲ့ကာလ ။ သူ တက္ကသိုလ် တက်နေချိန်က ဗီယက်နမ်စစ်ပွဲ အရှိန်ကောင်းနေချိန် ။ တိုးတက်တဲ့ အမြင် ရှိသူတွေက စစ်ဆန့်ကျင်ရေး ပြင်းထန်နေချိန် ။ ကျွန်တော် အဲဒီအကြောင်းကို မေးတယ် ။


“ ကျွန်တော် တက္ကသိုလ်တက်တုန်းက စစ်ဆန့်ကျင်ရေးမှာ ပါတယ် ။ ကောနဲလ်မှာ အာရှက ဆရာတွေ များတယ် ။ အာရှအကြောင်း ၊ ဗီယက်နမ်စစ် မကောင်းကြောင်း တော်တော် သိတယ် ။ ကျွန်တော်လည်း လိုက်ပြီး ဆန္ဒပြတယ် ။ သပိတ်မှောက်တယ် ”


“ အမေရိကန်မှာ စစ်မှုမထမ်း မနေရ ရှိတယ် မဟုတ်လား ”


“ ၁၈ နှစ်ပြည့်ပြီးရင် စစ်မှုထမ်းရမယ် ၊ စစ်တိုက်ရမယ် ။ ကျွန်တော် စစ်သားလုံးဝ မဖြစ်ချင်ဘူး ။ ဒါကြောင့် စစ်ထဲ မဝင်ဘူး ။ များသောအားဖြင့် ဒါကို အစိုးရက လက်မခံဘူး ၊ ဒါပေမဲ့ ကျွန်တော် ကံကောင်းတော့ ရတယ် ။ စစ်သားဖြစ်ဖို့ မလိုဘူး ။ လုပ်အားပေး အလုပ် တစ်ခု လုပ်ရမယ် ။ ကျွန်တော် ဂျာဗားကျွန်းမှာ မနုဿဗေဒ ပြတဲ့ အလုပ်လုပ်မယ် ဆိုတော့ အစိုးရက လက်ခံတယ် ။ စစ်သားလုပ်သက် နှစ်နှစ် နေရမှာကို ဂျာဗားမှာ နှစ်နှစ် တာဝန် သွားထမ်းဆောင်တယ် ”


“ ဂျာဗားကျွန်း အတွေ့အကြုံတွေ ပြောပြပါဦး ”


“ ၁၉၇၁ - ၇၂ - ၇၃ မှာတုန်းက အင်ဒိုနီးရှားမှာ ကျွန်တော် နေတယ် ။ ရုတ်ရာကာတ ( Yogyakarta ) ဆိုတဲ့မြို့ ။ မန္တလေးနဲ့ တအား တူတယ် ။ အကတွေ ၊ ဇာတ်တွေ ၊ ဂီတတွေ တအား ထွက်တဲ့မြို့ ။ အဲဒီမှာ နေတယ် ။ မြို့ပေါ်မှာ ကျွန်တော် မနေပါဘူး ။ တောရွာမှာ နေတယ် ။ လူတွေ စက်ဘီးစီးတယ် ။ အဲဒီ ရွာမှာ ရေဒီယိုနှစ်လုံး ၊ သုံးလုံးပဲ ရှိတယ် ။ ကျွန်တော့်မှာ တစ်လုံးရှိတယ် ။ ကျွန်တော် အင်ဒိုနီးရှား ရောက်တော့ ဂျာဗား လူမျိုးနဲ့ အိမ်ထောင်ကျတဲ့ အမေရိကန်အမျိုးသမီးက ပြောတယ် ။ ပါတဲ့ပိုက်ဆံ ဘဏ်ထဲထား ၊ အတိုးရမယ် ။ ရတဲ့ အတိုးက စားလောက်တယ်တဲ့ ။ ကျွန်တော် တစ်လ ဒေါ်လာ ၂၀ ရတယ် ၊ အဲဒီ ဒေါ်လာ ၂၀ နဲ့ လုံလောက်တယ် ။ ရေဒီယိုအတွက် လတိုင်း ဓာတ်ခဲဝယ်ရတယ် ။ ဒါပေမဲ့ လုံလောက်တယ် ။ ကျွန်တော် စက်ဘီးပဲ စီးတယ် ။ သုံးစရာ သိပ်မရှိပါဘူး ”


“ ကိုသူရ ဂျာဗားကျွန်းကို ရောက်တဲ့ အရွယ်က လူငယ် ၊ ဂျာဗားကျွန်းသူနဲ့ အိမ်ထောင်ပြုချင်စိတ် မဖြစ်ဘူးလား ”


သူက ရယ်ပါတယ် ။


“ အဲဒီတုန်းက ကျွန်တော် စဉ်းစားတယ်နော် ။ ဂျာဗားမှာပဲ အခြေချမလား ၊ ဒါပေမဲ့ ကျွန်တော် သိတယ် ။ ဂျာဗားကျွန်းသူနဲ့ အိမ်ထောင်ကျရင် အမေရိကန်ကို ပြန်ကြတဲ့အခါ သူ့အတွက် အဆင်မပြေဘူး ။ သူ့မိသားစု အားလုံးနဲ့ ဝေးမယ် ။ ကိုယ်ကလည်း အင်ဒိုနီးရှားမှာ အမြဲနေနိုင်မှာ မဟုတ်ဘူး ။ အင်ဒိုနီးရှားမှာ ကျွန်တော် တစ်သက်လုံး မနေနိုင်ဘူး ။ အဆင်ပြေတယ် ။ ကြိုက်တော့ ကြိုက်တယ် ။ ဒါပေမဲ့ နိုင်ငံခြားသား အနေနဲ့ အမြဲနေဖို့ အဆင်မပြေဘူး ”


ဓာတ်ဘူး ထဲက ရေနွေးကြမ်းကို ပန်းကန်ထဲ သူက ငှဲ့ပေးတယ် ။ ရေနွေး သောက်ပါလို့ သူက ပြောတယ် ။ အဲဒီအချိန်မှာ ခြင်ဆေးဖျန်းတဲ့ သူတွေ ကျောင်းဝိုင်းထဲ ရောက်လာတယ် ။ သူတို့ ဆေးဖျန်းတဲ့ ကိရိယာက အသံ သိပ်ဆူတယ် ။ မီးခိုးလို အငွေ့တွေ ကလည်း နှင်းထုကြီးကျသလို ပတ်ဝန်းကျင် တစ်ခုလုံး ပိန်းပိတ်သွားတာ ။ ဆေးငွေ့တွေ ကျွန်တော်တို့ သောက်မယ့် ရေနွေးထဲ ဝင်မှာလား ။ ကျွန်တော်က ကိုသူရကို အားနာသလိုလို ဖြစ်မိတယ် ။


တက္ကသိုလ်ပညာ သင်ယူတဲ့ အပိုင်းကို ကျွန်တော် မေးပါတယ် ။


“ ဝိဇ္ဇာဘွဲ့ရပြီး အင်ဒိုနီးရှားကို ကျွန်တော် သွားတယ် ။ အင်ဒိုနီးရှားမှာ သုံးနှစ်ခွဲ နေတယ် ။ အမေရိကန် ပြန်ရောက်တော့ တက္ကသိုလ် ပြန်တက်တယ် ။ မဟာဝိဇ္ဇာဘွဲ့ ကို ရှီကာဂို တက္ကသိုလ်မှာ တက်တယ် ”


“ ရှီကာဂိုက ကိုသူရရဲ့ ဇာတိမြို့နဲ့ အဝေးကြီးပဲ ။ ဘာကြောင့် ရှီကာဂို တက္ကသိုလ်ကို သွားတက်တာလဲ ”


“ အမေရိကန် တက္ကသိုလ်တွေမှာ အဆင့် သတ်မှတ်ချက် ရှိတယ် ။ အဆင့်မြင့်တဲ့ တက္ကသိုလ်ကို လိုက်တက်တဲ့ သဘောပေါ့ ။ တက္ကသိုလ်တွေ လိုက်ပြီး ဘာသာရပ် အလိုက် နာမည်ကြီးတာ ရှိတယ် ။ ဥပမာဆိုပါတော့ ၊ တရုတ်သမိုင်းဆိုရင် နယူးယောက်မြို့က ကိုလံဘီယာတက္ကသိုလ်က သိပ်နာမည်ကြီးတယ် ။ ပါမောက္ခတွေ ၊ ပညာရှင်တွေ နာမည်ကြီးတယ် ။ ဒါပေမဲ့ ပြင်သစ်စာပေ ဆိုရင် ကိုလံဘီယာမှာ မကောင်းဘူး ။ ရှီကာဂိုက မနုဿဗေဒ နာမည်ကြီးတယ် ”


ခြင်ဆေးဖျန်းသမားတွေ ကျွန်တော်တို့နဲ့ ဝေးရာကို သွားကြပါပြီ ။ 


“ မဟာဘွဲ့ရပြီး သုတေသန လုပ်ဖို့ ဂျာဗားကို ထပ်သွားတယ် ။ အရိပ်ရုပ်သေး လေ့လာတယ် ။ ပါရဂူကျမ်း ရေးတယ် ။ ဂျာဗားစကားနဲ့ ပတ်သက်တဲ့ စာအုပ်တစ် အုပ်ရေးတယ် ။ ၁၉၈၂ ခုနှစ်က ပါရဂူဘွဲ့ရတယ် ”


ကျွန်တော်က ရေနွေးကြမ်း သောက်ရင်း သူ ပြောတာကို နားထောင် နေပါတယ် ။


“ ၁၉၈၄ ခုနှစ်က မစ်ရှီကန်တက္ကသိုလ်မှာ ကျွန်တော် ဂျာဗားစကား သင်ပေးတယ် ။ နှစ်တိုင်း နွေရာသီမှာ အရှေ့တောင်အာရှက ဘာသာစကားတွေ သင်တဲ့ ကျောင်းတွေ ရှိတယ် ။ မစ်ရှီကန်မှာ ဂျူးဒစ်ဘက်ကပ် နဲ့ တွေ့တယ် ။ သူ့ယောက်ျားက မြန်မာဂီတကို သုတေသန လုပ်တယ် ။ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ တွေ့တော့ ဖူးဘရိုက် ပညာသင်ဆု အနေနဲ့ အမေရိကန်တွေ မြန်မာပြည်မှာ သုတေသန လုပ်ရင် ရတယ်တဲ့ ၊ ကျွန်တော် စိတ်တအားလှုပ်ရှားတယ် ။ မြန်မာပြည်မှာ သုတေသန လုပ်ရရင် ကောင်း မယ် ။ ဂျူးဒစ် က ပြောတယ် ။ နေခွင့်ရနိုင်မယ် ထင်တယ်တဲ့ ”


ဂျူးဒစ် တို့က စောင်းဆရာကြီးဦးမြင့်မောင် ဆီမှာ စောင်းပညာ သင်ယူသွားတဲ့ အကြောင်းကို ကျွန်တော်တို့ ပြောဖြစ်ကြတယ် ။ ပြီးတော့မှ ကိုသူရ မြန်မာစကား သင်ယူတဲ့ အပိုင်း ဆက်ပြောဖြစ်တယ် ။


“ အမေရိကန် မနုဿဗေဒပညာရှင် F.K.Lehman ( မြန်မာအမည် ဦးချစ်လှိုင် ) က ချင်းတောင်မှာ သုတေသန လုပ်ဖူးတယ် ။ မစ်ရှီကန်မှာ ဦးချစ်လှိုင်နဲ့ တွေ့တယ် ။ John Okell က မစ်ရှီကန်မှာ မြန်မာစကား လာသင်တယ် ၊ ကျွန်တော်က မနက်ပိုင်း သုံးနာရီလောက် ဂျာဗားစကား သင်ပေးတယ် ။ ပြီးရင် ချက်ချင်း အခန်းကူးပြီး John Okell သင်တဲ့ မြန်မာစကားသင်တန်း တက်တယ် ၊ သင်ပေးတဲ့ နေရာ တအား ကောင်းတယ် ”


“ ကိုသူရ မြန်မာပြည်ကို စရောက်လာခဲ့တာက ”


“ ၁၉၈၅ ခုနှစ်က မြန်မာစကား သင်တယ် ။ တက္ကသိုလ်မှာ အလုပ်လုပ်တယ် ။ နှစ်တိုင်း ဖူးဘရိုက် လျှောက်လွှာတင်တယ် ။ အမေရိကန်အစိုးရက သုံးကြိမ် ခွင့်ပေးတယ် ။ မြန်မာအစိုးရက နေခွင့် မပေးဘူး ” 


သူ ပြောရင်း ရယ်တယ် ။


“ တတိယအကြိမ် ထပ်လျှောက်တယ် ။ မြန်မာနိုင်ငံမှာ နေခွင့်ရတယ် ။ ၁၉၈၇ ခု ၊ စက်တင်ဘာလမှာ မြန်မာနိုင်ငံကို ရောက်တယ် ။ ရန်ကုန်မှာ နှစ်လ နေပြီးတော့ မန္တလေးကို ပြောင်းနေတယ် ။ ရောက်စက မြင်းဝန်တိုက်မှာ နေတယ် ။ ကျွန်တော့်မိန်းမ လိုက်လာပြီး ယာဉ်ပျံ ( ရပ်ကွက် ) မှာ အိမ်သေးသေးလေး ငှားနေကြတယ် ” 


“ အခုကော ယာဉ်ပျံဘက် သွားကြည့်သေးလား ” 


သူ ရယ်တယ် ။


“ အခုတော့ အားလုံး ပြောင်းသွားပြီ ။ အိမ်လေးလည်း မရှိတော့ဘူး ။ ၁၉၈၈ တုန်းက မန္တလေးမှာ ကျွန်တော်နေလို့ထိုင်လို့ အဆင်ပြေတယ် ။ ဒါပေမဲ့ ဒါပြောင်းလဲမှာတော့ သိတယ် ။ ငြိမ်သက်မှာ မဟုတ်တော့ဘူး ”


“ အဲဒီတုန်းက အခက်အခဲရှိတာက ဘာလဲ ”


“ ဘယ်သွားသွား ကျွန်တော် စက်ဘီး စီးတယ် ။ သိပ်ကောင်းပါတယ် ။ ဒါပေမဲ့ ယာဉ်ပျံ လက်ဖက်ရည်ဆိုင် ကျော် သွားရင် လူငယ်တွေက ဟေ့ယူးလို့ လှမ်းအော်တယ် ။ စိတ်ညစ်ဖို့ ကောင်းပါတယ် ”


သူက ရယ်ပါတယ် ။


“ တိုးရစ် ထင်လို့ လိုက်ပြောတာ ဖြစ်မယ် ”


“ ၁၉၉၅ ခုနှစ်မှာ ကျွန်တော် နောက်တစ်ခေါက် ပြန်လာတော့ ၊ အဲဒါ မဖြစ်တော့ဘူး ။ နိုင်ငံခြားသား နည်းနည်းပေါလာလို့ ကိစ္စမရှိတော့ဘူး ”


“ မြန်မာစကား သင်ရတာကော ”


“ ၁၉၈၇ - ၈၈ ခုနှစ်က ကျွန်တော် မြန်မာစကား ကြိုးစားသင်တယ် ။ တအား ခက်တယ် ။ ဘာကြောင့်လဲဆိုရင် အဲဒီတုန်းက ဦးလှသိန်း ( John Okell ) ရေးတဲ့ စာအုပ်တွေ မထွက်သေးဘူး ။ အဘိဓာန် ကလည်း ယုဒဿန် ပဲရှိတယ် ။ အဲဒါက နှစ်ပေါင်း တစ်ရာကျော်သွားပြီ ။ ခေတ်မမီတော့ဘူး ကိုသူရ ရယ်တယ် ။


“ ကျွန်တော် ဗမာစကား ကောင်းကောင်းတတ်ချင်တယ် ။ ကောင်းကောင်းတတ်မှ လေ့လာနိုင်မယ် ။ ဗမာစကားကို အခုအထိ သွက်သွက်လက်လက် မပြော နိုင်ဘူး ။ စိတ်ညစ်စရာကြီး ။ ကျွန်တော် လူတွေနဲ့ တွေ့လို့ မေးခွန်းမေးရင် သူတို့ ဘာဖြေတာလဲ နားလည်ချင်တယ် ”


ကိုသူရ နဲ့ ကျွန်တော်နဲ့ မြန်မာဘာသာစကားနဲ့ ပြောနေကြတာမို့ သူပြောတာ ကောင်းတယ်လို့ ကျွန်တော် အားပေးတယ် ။


“ မနုဿဗေဒပညာရှင် အနေနဲ့ အထူးသဖြင့် လူမှုဆက်ဆံမှု ( Social relation ) ကျွန်တော် လေ့လာတယ် ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး လေ့လာတယ် ” 


“ အင်ဒိုနီးရှားနဲ့ မြန်မာ ကွာခြားသလား ”


“ သိပ်မကွာပါဘူး ၊ အဲဒါဘာဖြစ်လို့လဲ ကျွန်တော်မပြောတတ်ဘူး ။ မြန်မာ ကနေ အိန္ဒိယ သွားရင် သိပ်ကွာခြားတယ် ။ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ် ၊ ဘာလီကျွန်းမှာ ၊ ဂျာဗားကျွန်းမှာ ဗုဒ္ဓဘာသာဝင် မရှိတော့သလောက်ပဲ ၊ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကိုးကွယ်တဲ့ ဘာသာစကား ခြားနားပေမယ့် လူတွေရဲ့ ဆက်ဆံရေး တူတယ် ။ မြန်မာ့ယဉ်ကျေးမှု ဆွေးနွေးရင် ဗုဒ္ဓဘာသာကို အခြေခံ စဉ်းစားတယ် ။ ကျွန်တော် သဘောမတူဘူး ”


ကိုသူရရဲ့ စာရေးစားပွဲပေါ်မှာ သူ့သမီးတွေရဲ့ ဓာတ်ပုံကြီးတွေ ဘောင်သွင်းပြီး တင်ထားတာတွေ့တယ် ။ မြန်မာပြည်ကို သူ့သမီး ခေါ်လာဖူးတယ် ။ သူတို့ရဲ့ မိသားစု ဆက်ဆံရေးကို ကျွန်တော် မေးမိပါတယ် ။


“ တက္ကသိုလ်မှာ ကျွန်တော် အလုပ်ကြိုးစားတယ် ။ ကျွန်တော့်မိန်းမက အဲဒါမကြိုက်ဘူး ။ ကလေးတွေနဲ့ အချိန်ပေးပြီး နေစေချင်တယ် ၊ ခုတော့ ကျွန်တော့်မိန်းမကို ကျေးဇူးတင်ပါတယ် ။ အလုပ်လုပ်ဖို့ အချိန်ဆိုတာ အများကြီး ကျန်သေးတယ် ။ ကလေးတွေက ကြီးလာပြီ ။ သမီးကြီးက ဘွဲ့ရသွားပြီ ။ သမီးငယ်က တက္ကသိုလ် တက်နေပြီ ။ ကျွန်တော် ကလေးတွေ ငယ်တုန်းက သူတို့နဲ့ အချိန်များများ မနေခဲ့ဘူးဆိုရင် အရှုံးအများကြီးပဲ ”


 ⎕ ကျော်ရင်မြင့်

📖ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment