❝ စေတနာ လောဘ ကြီးကြသူတွေ ❞
“ အဖေက ဖြစ်ချင်တာက ဆရာဝန် ၊ ကျွန်တော် ဖြစ်ချင်တာက စစ်သား ၊ စိုက်ပျိုးရေး တက္ကသိုလ်က ဘွဲ့ရလာပြီး အသက် ၄၅ နှစ်မှာ ကျွန်တော် ဖြစ်လာတာ သုဘရာဇာ ” လို့ ပြောပြီး ကိုတင်မောင်သိန်း က တဟားဟား အားပါးတရ ရယ်မောပါတယ် ။
ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကျောက်မဲမြို့ရဲ့ တောင်ဘက် ၊ တောင်ကုန်း တောင်စောင်းတွေ ဘေးက စိုက်ခင်း တစ်ခု အနီးမှာ သူ နဲ့ ကျွန်တော် အတူတူ ထိုင်ရင်း ရှေးဟောင်း နှောင်းဖြစ်တွေ ပြောနေခဲ့ကြတယ် ။
ဒီဇင်ဘာလမို့ ရာသီဥတုက အေးမြကြည်လင် သာယာတယ် ၊ ကောင်းကင်ဟာ ကြည်စင်ပြာလဲ့ နေပါတယ် ။ တောတောင် တစ်ပြင်လုံးမှာ ဝါဝင်းအောင် ပွင့်နေတဲ့ နေကြာရိုင်းပင်လယ် နဲ့ ကောင်းကင်ပြာ က ပနံရလို့ နေပါတယ် ။
ခပ်ဝေးဝေး တောင်စောင်း တောအုပ် ဆီက ငှက်မြည်သံ ၊ ယာခင်းထဲက ရှမ်းပျိုမယ်လေးတွေရဲ့ စကား ပြောဆိုရင်း ရယ်မောသံတွေက မကြား တစ်ချက် ၊ ကြား တစ်ချက် ၊ ကိုတင်မောင်သိန်း က သူ့ ဘဝဇာတ်ကြောင်းကို ပြန်ပြောင်း ပြောပြနေတယ် ။
အဖေက စစ်သား ၊ အမေက စစ်သူနာပြု ။ ကျွန်တော်က တပ်ထဲမှာ မွေး ။ တပ်ထဲမှာ ကြီးလာတာ ၊ ကျွန်တော့် ပတ်ဝန်းကျင်က တပ်စည်းရိုးထဲမှာ ကျွန်တော် ငယ်စဉ်က ထိန်းကျောင်းခဲ့ကြတာ ။ တပ်ခွဲ ဘားတိုက်မှာ ပုခက်ဆင်ပြီး ကြီးခဲ့ရတာ ။ စားတော့သောက်တော့ လည်း လူပျိုဘားတိုက် တန်းလျားမှာဗျ ။ အဲသည့် ဘဝက တော်တော် ချစ်စရာကောင်းတယ် ။ ကျောင်းဆင်းလို့ နေ့လယ် ထမင်းစားရင် ကျွေးမယ့်သူက ကျွန်တော်တို့ကို စောင့်နေတာ ။ ဒန်အိုးဖုံးကြီးပေါ် ထမင်းတွေပုံ ၊ အသားဟင်း တစ်ယောက် တစ်တုံး ၊ ပဲဟင်း ဆမ်းပေးတယ် ။ လက်ရည် တစ်ပြင်တည်း ဒေါင်းလန်းကြီးတော့ မဟုတ်ဘူး ။ ဒန်အိုးဖုံးကြီးပေါ် စုဆုံ စားကြတာပေါ့ ။ ပဲဟင်းရည် ရွှဲရွှဲ စားချင်ရင် ဒန်အိုးဖုံးနှုတ်ခမ်းကို ကိုယ့်ဘက် နှိမ့်ချလိုက်ရင် ဟင်းရည်တွေ ကိုယ့်ဘက် စီးလာတာပေါ့ ။ အဲသည်လို ပျော်ပျော်ပါးပါး နေခဲ့တာ ။
တပ်ထဲမှာ မွေး ၊ တပ်ထဲမှာ ကြီးတော့ ကျွန်တော်က စစ်ထဲပဲ ဝင်ချင်နေတာ ။ အဖေကတော့ ဆရာဝန် ဖြစ်စေချင်တာပေါ့ ။ ကျွန်တော့် အစ်ကို တစ်ယောက်က ရှစ်တန်း နဲ့ အိမ်က ထွက်ပြေးပြီး စစ်ထဲ ဝင်သွားတယ် ။ ကျွန်တော် ဆယ်တန်း အောင်လို့ စစ်တက္ကသိုလ် တက်မယ် ဆိုတော့ အဖေတို့က သဘော မတူဘူး ။ ၁၉၇၃ ခုမှာ ကျွန်တော် ဆယ်တန်းအောင်တယ် ။ ရန်ကုန် အထက ၂ ။ ဒဂုံ က အောင်တာပေါ့ ။ ၁၉၇၄ ခုမှာ အဖေက ပင်စင် ယူပြီး အရင်က နေခဲ့ဖူးတဲ့ ကျောက်မဲ ကို ပြန်ပြောင်းပြီး အခြေချတယ် ။
အဲသည့် အချိန်မှာ စိုက်ပျိုးရေးသိပ္ပံကျောင်း ဝင်ခွင့်ခေါ် တာ သတင်းစာထဲ ပါလာတယ် ။ လျှောက်လိုက်တော့ ရတယ် ။ ထမင်းလခက တစ်လ ခုနစ်ဆယ် ။ ကျွန်တော်က လက်ဖက်ရည်ဆိုင်လည်း မထိုင် ၊ ဆေးလိပ်လည်း မသောက်ဘူး ။ ရုပ်ရှင်ကားက တစ်ပတ်တစ်ခါ လဲတယ် ။ တစ်ခါကြည့် နှစ်ကျပ် ၊ တစ်လ ရှစ်ကျပ် ကုန်တယ် ။ ရုပ်ရှင်ဖိုး ၊ မုန့်ဖိုး အပို သုံးတာရယ် ၊ ထမင်းလခရယ် နဲ့ တစ်လငွေ ၁၂ဝ နဲ့ ကျွန်တော် ကျောင်းတက်ခဲ့တယ် ။ ၁၉၇၉ ခု မှာ စိုက်ပျိုးရေး တက္ကသိုလ်ဝင်ခွင့် ဖြေတာလည်း အောင်ပြီး တတိယနှစ်က စတက်ရတယ် ။
တတိယနှစ် စိုက်ပျိုးရေး တက္ကသိုလ်တက်ရင်း မဌေးဌေး နဲ့ ကျွန်တော် အိမ်ထောင်ကျတယ် ။ သူက အရောင်းအဝယ် လုပ်တာ ။ ဌေးဌေး က ဆယ်တန်း တက်ရင်း မိဘ ဆုံးသွားလို့ ကျောင်းထွက်ပြီး စီးပွားရေးလောကထဲ ရောက်သွားတာ ။ ကျွန်တော် စိုက်ပျိုးရေး တက္ကသိုလ် တက်တော့ သူက တစ်လငွေ ၃ဝဝ ကျောင်းစရိတ် ပို့ပေးတယ် ။
ကျွန်တော် ဘွဲ့ရတော့ အဖေက အစိုးရဝန်ထမ်း လုပ်စေချင်တယ် ။ အဖေ နဲ့ တပ်ထဲမှာ ရင်းနှီးခဲ့တဲ့ လူကြီးတွေကလည်း မင်းကောင် ကျောင်းပြီးရင် ငါ့ဆီ လွှတ်လိုက်လို့ ပြောထားတဲ့ စကားခံ ကလည်း ရှိထားတယ် ။
ပထမ စိုက်ပျိုးရေးဌာန က အလုပ်ခေါ် တယ် ။ တူးတင်းဖလက် ( ကျပ် ၂၁ဝ ပုံသေ ) ။ ကျွန်တော် တက္ကသိုလ် တက်တုန်းက မိန်းမက ပို့ပေးတာက တစ်လကျပ် ၃ဝဝ ၊ ဝန်ထမ်းလုပ်ရင် သူပို့တဲ့ နေရာကို ပြောင်းရမှာ ။ ဒါနဲ့ မလုပ်ချင်ဘူးလို့ ငြင်းလိုက်တယ် ။
အဖေက ထပ် ဆက်သွယ်ပြီး လင်ရော မယားရော အလုပ်ရမယ် ။ လဝက မှာ လုပ်ကြမလား မေးတယ် ။ နှစ်ယောက် အတူတူ လုပ်ရမယ် ဆိုရင်လည်း ဖြစ်တာပဲလေလို့ စဉ်းစားတယ် ။ နောက် လဝကရုံးတွေမှာ ချိတ်ထားတဲ့ မြေမျို၍ လူမျိုးမပြုတ် ၊ လူမျို၍ လူမျိုးပြုတ်မည် ဆိုတဲ့ စာတန်းကြီး မျက်စိထဲ သွားမြင်တယ် ။ မိသားစု အရေး အတွက် ကျွန်တော့် ကိုယ်ကျင့်သီလ ဖောက်ဖျက်ပြီး နိုင်ငံသားမှတ်ပုံတင် ကျွန်တော် မရိုးမသား လုပ်ပေးမိရင် ဆိုတဲ့ အတွေးက ချောက်လှန့်တာနဲ့ မလုပ်တော့ဘူး ငြင်းလိုက်ပြန်တယ် ။
အဖေက အကောက်ခွန်မှာ လုပ်မလား မေးပြန်တယ် ။ ကျွန်တော့် အိမ်မှာ ကျောက်မဲ - မန်း ကားဂိတ် ဖွင့်ထားတယ် ။ လားရှိုး က ဆင်းလာပြီး မန္တလေး ကူးမယ့် သူတွေက အိမ်မှာ တည်းကြတယ် ။ အထုပ်လေးတွေ ပိုက်ပြီး ကုန်ကူးကြတာပေါ့ ။ ကားစင်းလုံး ဆင်းနိုင်တဲ့ သူတွေကလည်း လားရှိုး ၊ မန္တလေး တောက် လျှောက်ဆင်းကြပေါ့ ။ ကျွန်တော် အကောက်ခွန် အလုပ်လည်း မလုပ်ချင်ဘူးလို့ ငြင်းလိုက်ပြန်တယ် ။
ခေတ်ကာလ အနေအထား အရ ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းလေးတွေ လည်း ဖွံ့ဖြိုးလာတော့ ကျောက်မဲ နဲ့ မန္တလေး နှင်းသစ္စာ ခရီးသည် ပို့ဆောင်ရေး ကားဂိတ် လုပ်ဖြစ်သွားတယ် ။ အင်မတန် စိတ်ချမ်းသာတဲ့ သမ္မာ အာဇီဝလုပ်ငန်း ဆိုပြီး ပျော်နေတာပေါ့ ။
မမျှော်လင့်ဘဲ အရှုပ်အထွေးနဲ့ ရင်ဆိုင်ရတော့တာပဲ ။ အဲဒါကတော့ ယာဉ်တိုက်မှုဖြစ်တာပေါ့ ။ တိုက်မိတဲ့ ကားချင်းလည်း စကားပြောရတယ် ။ ယာဉ်ထိန်းရဲ နဲ့လည်း စကားတွေ ပြောရတယ် ။ တစ်ဖက်က ဒဏ်ရာရသူ လူနာရှင်တွေနဲ့ စကား ပြောရတယ် ။ တရားရုံး ရောက်ပြန်တော့ တရားသူကြီးတွေ ၊ ရှေ့နေတွေ စကားတွေ အများကြီးထပ် ပြောရပြန်တယ် ။ တစ်ဖက်က ဥပဒေမဲ့ တောင်းဆိုတာတွေ ၊ စည်းကမ်းနဲ့ မညီညွတ်ဘဲ ပြောဆို လုပ်ကိုင်တာတွေ တွေ့ကြုံရပြန်တယ် ။
ခေတ်ကာလအရ မှောင်ခိုကုန်တွေ ပေါ်လာပြီး ခရီးသည်က သယ်လာတယ် ။ ဖမ်းတာဆီးတာ ရှိတဲ့အခါ ကားဂိတ်က နားလည်မှုတွေ လုပ်ရာ ဝင်ပါရတယ် ။ ကိုယ့်မှာ ဘာပြဿနာမှ မရှိပေမယ့် ဟေ့ကောင် ၊ ဒါ လုပ်ပေးစမ်းလို့ ခိုင်းတာတွေကိုလည်း လိုက်လျောခဲ့ရတယ် ။ ကိုယ့် စိတ်သဘောနဲ့ မကိုက်ပါဘူး ဆိုပြီး ၁၉၈၈ ခု အရေးအခင်း မတိုင်မီ မှာ ကားဂိတ်လုပ်ငန်းကို နားပစ်လိုက် တယ် ။
လုပ်ခဲ့တဲ့ အလုပ်တွေ ကတော့ စုံနေတာပါပဲ ။ ဆီ ၊ ဆန် ၊ မြေဩဇာတွေ လည်း ရောင်းဖူးတယ် ။ တိုင်းရင်းဆေးလည်း ရောင်းတယ် ။ စိုက်ပျိုးရေးလည်း လုပ်သေးတယ် ။
အဖေ့မှာ ဆီးချိုသွေးချို ရောဂါ ရှိတယ် ။ အဖေက လုပ်ငန်းတာဝန်အရ တောင်ကြီး ၊ လားရှိုး ၊ မန္တလေး ၊ ရန်ကုန် ၊ ပုသိမ် စသဖြင့် သွားရတာ ။ သူ့ ရောဂါကို ရောက်ရာ အရပ်က သမားတော်တွေနဲ့ လည်း ပြ ၊ ဆေးပေါင်းစုံ လည်း သောက် ၊ နောက်ဆုံး ဗေဒင် မေး ၊ ယတြာ ချေတဲ့ အဆင့် အထိ ရောက်တော့တာပါပဲ ။ တစ်ဦးဦး ဆီးချိုသွေးချို ဖြစ်နေတယ် ကြားရင် အဖေက သိသိ မသိသိ ငါ သွားတွေ့ချင်တယ် လိုက်ပို့ပါ သားရယ်လို့ ပြောတာ ။ လူနာချင်း တွေ့ရင် လူနာချင်း ဆေးကုကြတာ ။ ခင်ဗျား သည်ရောဂါ ဖြစ်တာ ကြာပြီလား ။ ဘာတွေ စားသလဲ ၊ ဘာတွေ ရှောင်သလဲ ၊ ဘာဆေးတွေ သောက်နေလဲ ၊ ခင်ဗျား ကျွန်တော့် ဆေးလေး စမ်း စားကြည့်ပါလား ၊ သည်လို ဆက်ဆံရေး ။
ကျွန်တော်က အဖေ့ အတွက် ဆေးတွေ အမျိုးမျိုး ဖော်ပေးရတာ ။ နောက်တော့ အဖေ့ ရောဂါ သက်သာလာတယ် ။ သူ ဆေးတွေ့နေပြီ ။ အဖေက သူ့ဆေးကို ဖော်ပြီး လာသမျှ လူနာတွေကို ပေးနေတာ ။ အဖေ ရန်ကုန် ပြောင်းသွား တော့လည်း သူနဲ့ အဆက်အသွယ် ရှိခဲ့တဲ့ လူနာတွေက ကျောက်မဲ ရောက်ရင် အဖေ့ဆေး တောင်းတယ် ။ အချို့ ကလည်း သတင်းကြားနဲ့ ရောက်လာပြီး ဆေးတောင်းတယ် ။ ကျွန်တော်က ရောဂါခံစား နေရသူတွေကို ကိုယ်ချင်းစာပြီး လိပ်စာကလေး ပေးခဲ့ပါ ။ အဖေ့ဆီက လှမ်းမှာပြီး ပို့ပေးပါမယ်ပေါ့ ။ ရန်ကုန် ရောက်တဲ့အခါ ဆေးတွေ ယူလာပြီး ဘယ်လို စားရမယ်ဆိုတဲ့ ဆေးညွှန်းလေးပါ စာရေးပြီး ပို့ပို့ပေးတယ် ။ အဖေ့ဆီက တောင်းပြီး ဝေပေးနေတာ ၊ ကြာတော့ စဉ်းစားတယ် ။ အဖေ့ ခမျာ ပင်စင်စား ၊ ဒါနဲ့ အဖေ ကျွန်တော့်ကို ဖော်မြူလာလေး ပေးပါ တောင်းတော့ ၊ ယူသွား ငါ့သားတဲ့ ။ ပေးလိုက်တော့ ဆေးဖော်ပြီး ပေးနေတာပေါ့ ။ ဆေးတောင်းတဲ့ သူတွေက အလကား ယူရတာ အားနာပါတယ် ၊ ရောင်းပေးပါ ပြောကြတော့ တံဆိပ်တွေ ရိုက် ၊ ဆေးညွှန်းတွေ ရေး ၊ ဆေးဝါးမှတ်ပုံတင်တွေ လုပ် ဆိုတာတွေ ဖြစ်လာတယ် ။ နဂါးညီနောင် ဆိုတဲ့ အမည်နဲ့ ဆေးထုတ်တယ် ။ ဆေးဆိုင်ကို လိုက် တင်တာ မရှိဘူး ။ တံဆိပ်နဲ့ မေးလာလို့ ဆေးဆိုင်ကို ပို့ပေးတာတော့ ရှိတယ် ။ ဒါပေမယ့် လက်ငင်းပဲ ရောင်းတာ အခုထိပဲ ။
ကျွန်တော်က စိုက်ပျိုးရေးပညာ သင်လာတော့ တွေ့သမျှ လူတွေကို ဟိုလို စိုက်ပါလား ၊ သည်လို စိုက်ပါလား နည်းစနစ်တွေ ပြောပြတယ် ။ ကျွန်တော့်ကို တစ်ပြား တစ်ကျပ်မျှ မပေးပါနဲ့ ၊ ကျွန်တော့်ထမင်း ကျွန်တော်စားပြီး နည်းပညာ လာပေးပါမယ် ပြောပေမယ့် ဘယ်သူကမှ မခေါ်ဘူး ။ ဟုတ်တာပေါ့ ။ စိုက်ပျိုးရေးဘွဲ့ရ တင်မောင်သိန်း က စိုက်ထားတာ တစ်ပင်မှလည်း မရှိဘူး ။ လက်တွေ့မှ မရှိဘဲ ။ ဒါနဲ့ ကျွန်တော် ကိုယ်တိုင် စိုက်တယ် ။ စိုက်တော့ အောင်မြင်ပါတယ် ။
ဒါပေမဲ့ ဈေးကွက်ကို မကျွမ်းကျင်တော့ စီးပွားရေးအရ ရှုံးတယ် ။ ၂ဝဝ၃ ခု ထက် ၂၀၀၄ ခုမှာ ပိုထွက်တယ် ။ ပိုရှုံးတယ် ။ ပွဲစားကို တောင်းပန်ပြီး ပေးချင်တဲ့ အချိန်မှ ပေးပါလို့ ပြောပြီး သီးနှံ ရောင်းရတော့တာပဲ ။
ကျွန်တော့် အိမ်မှာ ဧည့်သည် စုံတယ် ။ ညနက်တဲ့ အထိ စကားဝိုင်း စည်တယ် ။ အိတ်ချ်အိုင်ဗီ က ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ရောက် လာနေပြီ ။ ကျောက်မဲ ဆေးရုံမှာ အိတ်ချ်အိုင်ဗီ စမ်းသပ်စရာ အခက်အခဲ ရှိတယ် ။ အရေးအကြောင်း သွေးလိုအပ်ခဲ့ရင် ဘယ်လို လုပ်ကြမှာလဲ ။ မြန်မာ့နည်း မြန်မာ့ဟန် ကိုယ့်သွေး ကိုယ် စိတ်ချရသူတွေ ၊ တာဝန်ယူနိုင်သူတွေ စုပေါင်းပြီး သွေးလှူကြမယ် ၊ ဘယ်သူတွေ ဘာသွေးလဲ စာရင်းလေး လုပ်ထားမယ် ဆိုပြီး စိတ်ကူးရာက အသင်းကလေး ဖွဲ့ ဖို့ ဖြစ်လာတယ် ။ ဒါကို ခယက ( ခရိုင် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ) ဥက္ကဋ္ဌ သိသွားတော့ သူ လည်း ပါမယ်တဲ့ ။ မန္တလေးမှာ အမေ လူထုဒေါ်အမာတို့ လုပ်တဲ့ ဗြဟ္မစိုရ် အသင်းကြီးကို အားကျတယ် ။ နာရေး ကူညီမှုလည်း လုပ်ကြမယ် ဆိုပြီး ဇီဝိတ လူမှုကူညီရေး အသင်း ဖြစ်လာတာပေါ့ ။
ကျွန်တော်တို့က စေတနာ လောဘက နည်းနည်း ကြီးတယ် ။ နာရေးလည်း ကူညီချင်တယ် ။ သွေးလည်း လှူချင်တယ် ။ ကျန်းမာရေးလည်း စောင့်ရှောက်ချင်တယ် ၊ ပညာရေး ကဏ္ဍလည်း ပါချင်သေးတယ် ။
နာရေး ဆိုရင်လည်း ဆုံးသွားလို့ သေတဲ့သူ ရေချိုးပေးတာ ၊ အလောင်းပြင်တာ ၊ နာရေးအိမ် စောင့်ရှောက်တာ ၊ သင်္ချိုင်းကို အလောင်း သယ်ပို့ပေးတာ ၊ မီးသင်္ဂြိုဟ်လို့ ပြာကျတဲ့ အထိ အစအဆုံး လုပ်ကြတာ ။ အရေးပေါ် လူနာတင်ယာဉ်လည်း ရှိတယ် ။ လူနာကို လိုအပ်ရင် လားရှိုး ၊ မန္တလေး ပို့ပေးတာ ။ ပညာရေးဆိုရင်လည်း ကျေးရွာကျောင်းတွေ သွားပြီး စာအုပ် ၊ စာရေးကိရိယာ လှူကြတာ ၊ ထူးချွန်ပြီး ချို့တဲ့တဲ့ ကလေးမလေး တစ်ယောက်ကို ဆေးတက္ကသိုလ် တက်ဖို့ အကူအညီပေးနေတာလည်း ရှိတယ် ။
ကျွန်တော် ဖြစ်ချင်ခဲ့တာ တစ်ခု ၊ ဖြစ်လာတာ တစ်ခု ၊ ဒါပေမဲ့ ကျွန်တော် စိတ်ချမ်းသာပါတယ် ။
⎕ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment