☐ အောင်သင်း အကြိုက်ဆုံးဝတ္ထုတို
❝ ခုန်ခုန် နှင့် မုန်မုန် ❞
ယခု ကျွန်တော် ရွေးချယ်လိုက်သော “ ခုန်ခုန် နှင့် မုန်မုန် ” ဝတ္ထုမှာ ကျွန်တော် ရွေးချယ်ခဲ့သော အခြားဝတ္ထုများ၏ သဘာဝနှင့် အတန်အသင့် ကွာခြားသည်ဟု ထင်မိပါသည် ။ ဤဝတ္ထုတွင် ဦးတည်ချက် ၊ ရည်မှန်းချက်များ ပါရှိနိုင်သည် မှန်သော်လည်း ပဓာန လွှမ်းမိုးနေသည်မှာ ရိုးသားအေးချမ်းသော မေတ္တာဖွဲ့ကလေးသာ လွှမ်းနေသည် ဟု ထင်မိပါသည် ။ ထိုမေတ္တာဖွဲ့တွင် အလွမ်းငွေ့ ၊ အဆွေး ငွေ့လေးလည်း လွှမ်းနေသောကြောင့် ပို၍ နှစ်သက်ဖွယ်ရာ ဖြစ်လာရသည်ဟုလည်း ထင်မိပါသည် ။
ကျွန်တော်တို့တစ်တွေ ဝတ္ထုဖတ်ကြရာတွင် မျှော်လင့်တတ်ကြသည်မှာ ( ဝါ ) နှစ်သက်ကြသည်မှာ ရသခံ စားလိုခြင်း ၊ အနုပညာကို ခံစားလိုခြင်းတို့ အပြင် အသိ အမြင် သုတအသစ်တို့ကို ဆည်းပူးလိုခြင်းတို့လည်း ပါဝင်နေသည်ဟု ကျွန်တော် ယူဆမိပါသည် ။
ဤဝတ္ထုတိုကို ကျွန်တော် နှစ်သက်မိခြင်းတွင် ထိုအသိအမြင် သုတအသစ်ကို ရရှိသောကြောင့် ဖြစ်ပါ သည် ။ ရွေးချယ်မိခြင်းမှာကား ထိုအသိအမြင် ဗဟုသုတသစ်တို့ကို သီးခြား မဖြစ်စေဘဲ ဝတ္ထုနှင့်တစ်သားတည်း ဖြစ်နေအောင် ရေးဖွဲ့တတ်သော အနုပညာစွမ်းရည်ကြောင့် ဖြစ်ပါသည် ။
ဤဝတ္ထုမှ တစ်ဆင့် တွေ့သိလိုက်ရသော သုတသစ်တို့မှာ ချင်းအမျိုးသားတို့၏ ဓလေ့ထုံးတမ်းများ ၊ သူတို့၏ ဘဝကိစ္စများနှင့် ဝက်ဝံစသော သားကောင်တို့၏ သဘာဝများ ဖြစ်ပါသည် ။ ရသအားဖြင့် နှစ်သက်မိသည်မှာ ချင်းလုလင်ကလေး အောင်လင်း ( အောင်လိန်း ) က ဆရာမလေး လဲ့လဲ့ခိုင် အပေါ် တွယ်တာ နေမိသည့် မေတ္တာ နှင့် ဝက်ဝံကလေး ခုန်ခုန် နှင့် မုန်မုန် တို့၏ သနားဖွယ်ဘဝ ကလေးပင် ဖြစ်ပါသည် ။
ချင်းလုလင်ကလေး အောင်လင်း ၊ ဆရာမလေး လဲ့လဲ့ခိုင် ၊ ဝက်ဝံကလေး ခုန်ခုန် နှင့် မုန်မုန် တို့ လေးဦးကို ခွဲခြားမရအောင် ဖွဲ့စည်းထားသော ဇာတ်လမ်းကလေး ဖြစ်ပါသည် ။
စားရေးသူ ချင်းတောင်ကင်းမောင်သည် ဝတ္ထုကို ဖွင့်ပုံမှစ၍ သယ်ဆောင်သွားပုံ ၊ အဆုံးသတ်လိုက်ပုံအထိ သပ်သပ်ရပ်ရပ်ရှိအောင် ရေးနိုင်သည်ဟု ဆိုရပါမည် ။ ယနေ့ ဝတ္ထုတိုများ၏ ယေဘုယျပမာဏနှင့် နှိုင်းယှဉ်လျှင် အတော်လေးရှည်သည်ဟု ဆိုရပါမည် ။ အချို့သော မဂ္ဂဇင်း ဝတ္ထုရှည်လောက်နီးနီး ရှိပါသည် ။ သို့သော် ငြီးငွေ့ခြင်းမရှိအောင် ရေးဖွဲ့နိုင်သည်ဟု ဆိုသင့်ပါသည် ။
ရေးဖွဲ့ပုံမှာ ရိုးရိုးလေးပင် ဖြစ်ပါသည် ။
ပြောသူနာမ်စား ရှုထောင့်နှင့် ရေးဖွဲ့ထားရာ ထိုကဲ့သို့သော ရေးဟန်ကြောင့်ပင်လျှင် ချင်းအမျိုးသားလေး၏ ရိုးစင်းသော စရိုက်ကို ပိုမို ပီပြင်လာစေသည်ဟု ထင်မိပါ သည် ။ စရိုက်ကို ပီပြင်လာစေသည် ဟူသော စကားလုံးကို များလွန်းသည်ဟု ဆိုပါလျှင် ပြောသူ၏ စရိုက်နှင့် လေသံ ကိုက်ညီသော ရေးဟန် ဖြစ်သည်ဟုကား မုချဆိုနိုင်ပါသည် ။
ဝတ္ထုတို တစ်ပုဒ်ကို မည်သို့မည်ပုံ ဖွင့်သည် ဟူသော အချက်ကို ပုံသေကားချပ် ပြော၍ မရပါ ။ ကျွန်တော့် အနေဖြင့် အကြမ်းအားဖြင့် ပြောလိုက်ရလျှင် ဝတ္ထုတို၏ အဖွင့်သည် စာဖတ်သူကို ချက်ချင်းဖမ်းစားနိုးကြားစေခြင်း ၊ ထိုအဖွင့်သည် ဝတ္ထုတိုအတွက် အရေးကြီးသော ဇာတ်ဝင်ခန်းဖြစ်နေခြင်း ဟူသော အင်္ဂါနှစ်ရပ် ပြည့်စုံစေသည့် တာဝန်ကို ထမ်းဆောင်နိုင်လျှင် အဖွင့်ကောင်းဖြစ်သည်ဟု ကျွန်တော် ဆိုချင်ပါသည် ။ ချင်းတောင်ကင်းမောင် ဖွင့်ပုံကို ကြည့်ပါ ။
ကျွန်တော်သည် ထက်ပိုင်းကျိုး နေသော ပြောင်းပင်များကို ကြည့်ပြီး အတော်ပင် မခံမရပ်နိုင် ဖြစ်မိပါသည် ။ အပင်တွင် အဖူးများ မရှိတော့ပါ ။ မြေကြီးပေါ်တွင် ပြောင်းဖူးရိုးနှင့် ပြောင်းဖူးဖပ်များ ပြန့်ကျဲ နေသည် ။ ပြောင်းပင်ငုတ်တိုများ၏ အခက်အလက်များကြားတွင် မည်းနက်သော ဝက်ဝံမွေး တစ်ပင်စ နှစ်ပင်စ ကပ်ကျန်ခဲ့၏ ။ အနီးအနား၌လည်း ဝက်ဝံမစင် အနည်းငယ် တွေ့ရသည် ။ မစင်ထဲတွင် သစ်အယ်စေ့များပါနေ၏ ။
ချင်းဒေသ မောတိုက်နယ် လုံးနူးရွာသားဖြစ်သူ ချင်းလုလင်ကလေး အောင်လင်းသည် ဆယ်တန်းအောင် သော်လည်း အစိုးရအလုပ် မလုပ်ဘဲ မိဘရိုးရာ တောင်ယာ ကိုပင် ဆက်လက် လုပ်ကိုင်ခဲ့သည် ။ တောင်ယာမှ တစ်ဆင့် တက်၍ လက်ဖက် ၊ သနပ်ဖက် ၊ ပိုးစာ ၊ ပန်းသီး ၊ လိမ္မော် သီးစသော နှစ်ရှည်ခြံများထိ စိုက်ပျိုးရန် ကြံရွယ်ထားသည် ။ သို့သော် အခြေအနေအရ တောင်ယာစိုက်ပျိုးနေဆဲ ဝက်ဝံ၏ ဖျက်ဆီးမှုကို ခံရခြင်း ဖြစ်သည် ။
ထို့ကြောင့် ဝက်ဝံကို ဖယ်ရှားရန် နှစ်လုံးပြူးသေနတ်ကို ပြန်လည်တိုက်ချွတ်သည် ။ ပြောင်းဆန် ရောင်းရသော ငွေကလေးနှင့် ဝယ်ယူထားရသော သေနတ် ဖြစ်သည် ။ ယမ်းတောင့်ဟောင်းများကို ပြန်လည်ပြုပြင်၍ ယမ်းသွတ် ၊ ခဲလုံးထည့်ပြီး အသင့်ပြင်သည် ။ ထို့နောက် ဝက်ဝံရှိမည်ဟု ထင်ရသောဘက်သို့ ဘယ်ဘက်မှ သေနတ်ကိုင် ၊ ယာဘက်မှ ဓားတိုတစ်လက် ကိုင်ပြီး ဝက်ဝံရှာရန် ထွက်ခဲ့သည် ။ မထင်မှတ်ဘဲ ထင်းရှူးပင်ကို မှီပြီး အိပ်ပျော်နေသော ဝက်ဝံကြီးကို တွေ့လိုက်ရသည် ။
ကျွန်တော့်မှာ ဝက်ဝံကို တိုးရုံ တိုးမိခြင်း မဟုတ် ။ သူ့ခြေထောက်ကိုပါ သွားနင်းမိလျက်သား ဖြစ်သွားသည် ။ ဝက်ဝံကြီးမှာ လန့်နိုးကာ ဝုန်းခနဲ ထလာသည် ။ ကျွန်တော်လည်း လန့်လန့် ဖျပ်ဖျပ် ဖြင့် သူ့ခေါင်းကို ခုတ်လိုက်မိပါ၏ ။ ဝက်ဝံ မှာ အိပ်မှုန်စုံမွှားလည်းဖြစ် ၊ ဒဏ်ရာကြောင့်လည်း ထူပူနေရာ သူ့ကို ကျော်၍ တောင်ထိပ်သို့ ပြေးတက်သွားသော ကျွန်တော့် အား မမြင်လိုက်ပါ ။ သားရဲတို့တွင် မဖျောက်နိုင်သော အကျင့် ကိုယ်စီ ရှိကြ၏ ။ ကျားကိုပစ်လျှင် အပေါ်သို့ တစ်တောင်ခန့် မြောက်တက်သွားသည် ။ ဝက်ဝံကို ပစ်လျှင်မူ ရန်သူကို တောင် အောက်သို့ စမ်းသွားတတ်၏ ။ ယခုလည်း ဝက်ဝံကြီးသည် တဝေါင်းဝေါင်း အော်မြည်ရင်း လက်နှစ်ဖက်ကို ဘယ်လွှဲ ညာရမ်း လုပ်ကာ အောက်ဘက်သို့ စမ်းသွားလေသည် ။
ကျွန်တော် နောက်သို့ လှည့်ကြည့်ရာ ဝက်ဝံမှာ တောင်အောက်သို့ အတော် ဝေးသွားလေပြီ ။ သူ မှီထားသော ထင်းရှူးပင်၏ အခေါင်းထဲမှ မမျှော်လင့်ဘဲ ဝက်ဝံကလေး နှစ်ကောင် ထွက်လာသည်ကို တွေ့ရသည် ။ ကျွန်တော်ကား သားသည်မိခင်ကို ခုတ်မိချေပြီတကား ။
ကျွန်တော်တို့ ချင်းအမျိုးသားများတွင်“ ကောင်လွှီးငွန် ” ( ဝါ ) “ ကျားသ,တ်သည့်ဂုဏ် ” နှင့် “ ငချန်းအေးငွန် ” ( ဝါ ) “ သစ်အယ်စားသ,တ်သည့်ဂုဏ် ” တို့ကား လွန်စွာ အဆင့်မြင့်၏ ။ ( သစ်အယ်စား ဆိုသည်မှာ သစ်အယ်စေ့ စားသည့် သတ္တဝါ ဖြစ်သည် ။ တောဝက် နှင့် ဝက်ဝံ နှစ်မျိုးသာ သစ်အယ်စေ့ စား၏ ။ ) “ ခူအေးငွန် ” ( ဝါ ) “ မြက်စားသ,တ်သူ ” ( ဥပမာ သမင် ၊ ဒရယ် ၊ ချေငယ် ၊ စိုင် ၊ ဆတ်သ,တ်သူ ) တို့ကား ဂုဏ်မရှိလှချေ ။ လူတိုင်းထဲက လူဟုသာ သတ်မှတ်ခြင်း ခံရသည် ။ တောဝက် ၊ ဝက်ဝံနှင့် ကျားကို သ,တ်သူတို့ ကား လူမှုဆက်ဆံရေး နယ်ပယ်၌ အထက်လွှာတွင် ဂုဏ်တင်ခြင်း ခံကြရ၏ ။ နတ်ပွဲ ၊ အိမ်သစ်တက်ပွဲ စသည်တို့တွင် အိမ်ဦး ခန်း၌ ခုံမြင့်များဖြင့် နေရာပေးခြင်းခံကြရ ၊ ခေါင်ဦးခေါင်ဖျား ၊ စားဦးစားဖျား တည်ခင်းခြင်း ခံကြရသည် ။ ရွာပေါ်တွင် သြဇာညောင်းကာ မည်သူကမျှ သူတို့အား မထီလေးစား မပြောဆိုရဲချေ ။
ချင်းလုလင်ကလေး မောင်အောင်လင်းသည် “ ငချန်းအေးငွန် ” ဂုဏ်ကို လိုချင်သောကြောင့် ဝက်ဝံကလေးနှစ်ကောင်ကို ဖမ်းပြီး စောင်နှင့် ထုပ်၍ ထမ်းယူလာခဲ့သည် ။ ဤနှစ်ကောင်ကို ခြံလှောင်ထားမည် ။ အသားစား ကောင်းသည့် အရွယ်ရောက်မှ သ,တ်ပြီး အောင်သေအောင်သား စားမည် ။
ဤသို့သော ချင်းအမျိုးသားတို့၏ ဓလေ့ထုံးစံများမှာ စာဖတ်သူအား ဆွဲငင်သည့် အကြောင်းတစ်ပါးပင် ဖြစ် ပါသည် ။ ဇာတ်လမ်းတွင် ရှေ့ဆက် ဘာဖြစ်မည်နည်းဆို သည်ကို သိလိုစိတ် ရှိသကဲ့သို့ ထူးဆန်းသော ဒေသန္တရ ဗဟုသုတကို သိလိုသည်မှာ ဓမ္မတာပင် ဖြစ်ပါသည် ။ ထို့ကြောင့် ဤသို့သော ချင်းအမျိုးသားတို့၏ ဓလေ့ထုံးစံ များကို ထည့်သွင်းထားခြင်းမှာလည်း စာဖတ်သူအား နိုးကြားနေစေသော အချက်ဖြစ်သည်ဟုပင် ထင်မိပါသည် ။ ယခုမူကား ဝက်ဝံနှစ်ကောင် ဖြစ်နေသောကြောင့် ဇာတ်လမ်းဇာတ်ကွက် ဘယ်သို့ဆက်မည်ကို သိလိုစိတ်လည်း ပေါ်လာနေရပြန်ပါသည် ။
ထိုအချိန်တွင် ရွာရှိ ကျောင်းအသစ်စက်စက်ကို လာဖွင့်ပေးသည့် ကျောင်းအုပ်ဆရာမလေး ဒေါ်လဲ့လဲ့ခိုင် ဆိုသူ ရောက်လာသည် ။ အသက်က နှစ်ဆယ့်တစ်နှစ် ခန့်မျှသာ ရှိသေးသည် ။ အားလုံးက ဆရာမလေး ဟုပင် လေးစားမြတ်နိုးစွာ ခေါ်ကြသည် ။ သူက ဝက်ဝံလေးနှစ်ကောင်ကိုသ,တ်ပြီး အောင်သေအောင်သားစားကာ ဂုဏ်ဘွဲ့ခံယူမည် ဟူသောအချက်ကို မနှစ်မြို့နိုင် ။
“ ကျွန်မ တောင်းပန်ပါတယ် ဦးအောင်လင်း ၊ ဒီဝက်ဝံလေးတွေကို မသ,တ်ပါနဲ့ရှင် ၊ သူတို့ကို သ,တ်လို့ရမယ့် ဂုဏ်ထက် သူတို့ကို ချမ်းသာပေးလို့ရမယ့် ဂုဏ်က ပိုပြီး မြင့်မြတ်ပါလိမ့်မယ် ”
ဤသို့အားဖြင့် ဆရာမလေးကို လေးစားတွယ် တာသည့်စိတ်ဖြင့် မောင်အောင်လင်းသည် ဝက်ဝံလေး နှစ်ကောင်ကို ချမ်းသာပေးရန် ဆုံးဖြတ်လိုက်သည် ။ ဝက်ဝံလေး တစ်ကောင်ကို ဆရာမလေးအား လက်ဆောင်ပေး လိုက်သည် ။ ဆရာမလေးက ဝက်ဝံလေးကို လက်ခံမွေးမြူသည် ။ ဆရာမလေးက ဝက်ဝံကလေးကို ခုန်ဆွခုန်ဆွ လုပ်လွန်း၍ ခုန်ခုန် ဟု အမည် ပေးထားသည် ။ ဝက်ဝံလေးကလည်း ဆရာမလေးက ခုန်ခုန် ဟု ဆိုလိုက်လျှင် နားလည် သကဲ့သို့ ခုန်ဆွခုန်ဆွ လုပ်သည် ။ မောင်အောင်လင်း ကလည်း သူ့ ဝက်ဝံလေးကို မုန်မုန် ဟု အမည်ပေးသည် ။
တစ်ဖြည်းဖြည်းနှင့် မောင်အောင်လင်းသည် ဆရာမလေး အပေါ် ချစ်စိတ်ဝင်လာသည် ။ ဆရာမလေး ခိုင်း လိုက်လျှင် ဘာမဆို လုပ်ပေးသည် ။ လုပ်ပေးရသည်ကိုပင် ပျော်နေတတ်သည် ။ ဆရာမလေးက သူ့အပေါ် တွယ်တာစိတ် ရှိမရှိကို စမ်းကြည့်ချင်သည် ။ ဤအခန်းလေးမှ ချစ်စရာ ပျော်စရာ ကောင်းသော အခန်းပင် ဖြစ်ပါသည် ။
ကျွန်တော်တို့ ဒေသတွင် ယောကျ်ားကလေးများ မိန်းကလေးကို ခင်မင်လျှင် ဆေးတံ ပေးသောက်တတ်သည် ။ အစမှာတော့ မိန်းကလေးက ရှက်စနိုးဖြင့် ငြင်းပေမည် ။ သို့သော် ပြန်၍ ခင်ရိုးမှန်လျှင် တစ်ဖြည်းဖြည်းနှင့် ဆေးတံ ကို လက်ခံလာရမည်သာ ။ ဤသို့ဖြင့် ဆေးတံချင်း လဲသောက်သည့် အဆင့်သို့ပင် ရောက်သွားတတ်ကြ၏ ။ ဆေးတံကို တောက်လျှောက် အငြင်းပယ် ခံရပြီ ဆိုလျှင်တော့ မျှော်လင့်ချက်ဆုံးပြီး မြန်မြန် နောက်ဆုတ်ပေရော့ ။ ကျွန်တော်သည် ကြေးဝါကြိုးကလေးများပတ် ကျွဲချိုရိုး တပ်ထားသော ချင်းဆေးတံလှလှကလေး ကို ပလိုင်းထဲမှ ထုတ်၍ ဆေးထည့်ပြီး ...
“ ရော့ ဆရာမ ၊ ဆရာမ ချင်းတောင် ရောက်တာကြာပြီ ၊ ချင်းဆေးတံ မသောက်ဖူးသေးဘူးထင်တယ် ၊ သောက်ဖူးတယ် ရှိအောင် သောက်ကြည့်ပါဦး ” ဟု ပြောပြောဆိုဆို မရဲတရဲ ကမ်း လိုက်ပါသည် ။ အမှန်တော့ ဆရာမလေးသည် ဆေးတံမပြောနှင့် ဆေးလိပ်ပင် သောက်သူ မဟုတ်ပါ ။ ကျွန်တော်သည် ဆရာမလေးက ငြင်းများ ငြင်းလေမည်လား ၊ ငြင်းရုံဆို တော်သေး၏ ။ ဆဲများ ဆဲလေမည်လားဟု အမျိုးမျိုး တွေးပူမိပါသည် ။
ဆရာမလေးသည် ငြင်းလည်း မငြင်း ၊ ဆဲလည်း မဆဲပါ ။ ဆေးတံကို အသာတကြည် ယူလိုက်ပါ၏ ။ သို့သော် ကျွန်တော်က မီးညှိပေးမည်ဟု မီးခြစ် ကိုင်၍ အနား ကပ်သွားသောအခါ၌မူ သူက ပြုံး၍ လက်ကာပြ၏ ။ ဆရာမလေး၏ အပြုအမူ အပေါ် မည်သို့ အဓိပ္ပာယ် ကောက်ရမည်ကို ကျွန်တော် မစဉ်းစားတတ်တော့ပါ ။
“ ဆေးတံ ၊ ဆေးလိပ်သောက်တာ မကောင်းပါဘူးဟယ် ၊ ရောဂါရတတ်တယ် ”
ဆရာမလေးက ဤသို့ ပြောလိုက်သော အခါ၌မူ ကျွန်တော့်မှာ ပို၍ပင် နားထွေး သွားမိပါတော့၏ ။
ဤသို့ တစ်နှစ်ခန့် ကြာသည် ။ ခုန်ခုန် နှင့် မုန်မုန်တို့ သည်လည်း ထွားကျိုင်းကြီးပြင်းလာသည် ။ တစ်နေ့တွင် မောင်အောင်လင်း၏ ဝက်ဝံကလေး မုန်မုန်သည် လှောင်ထားသော ခြံကို တိုးထွက်ပြီး အိမ်နီးချင်း ထန်းလိန်း၏ တဲရှေ့တွင် ရှိနေသော ကြောင်လေးတစ်ကောင်ကို သူ၏ လက်သည်းများဖြင့် ဆုတ်ဖဲ့သ,တ်ဖြတ်လိုက်သည် ။ ထန်းလိန်းက လေးမြား အသင့်ဖြစ်နေသည် ။ မောင်အောင်လင်း ကို အားနာ၍သာ မပစ်ခြင်းဖြစ်သည် ။
ထို့အတူ ဆရာမလေး၏ ဝက်ဝံ ခုန်ခုန် ကိုလည်း အိမ်ပေါ်ထား၍ မဖြစ်တော့ပြီ ။ အိမ်နောက်ဖေးခြံထဲတွင် လှောင်ထားရသည် ။ မုန်မုန်က ကြောင်တစ်ကောင်ကို သ,တ်လိုက်သောအခါ ဆရာမလေး စရိတ်ခံ၍ ထင်းရှူးသေတ္တာလုပ်ပြီး ခုန်ခုန် ကိုထည့်ပြီး ရန်ကုန်တိရိစ္ဆာန်ရုံသို့ လှူလိုက်သည် ။ မောင်အောင်လင်း မှာ ငွေကြေးမတတ်နိုင် သောကြောင့် မုန်မုန်ကို ဆက်ပြီး မွေးထားရသည် ။
ဆရာမလေး ရွာသို့ ရောက်လာသည်မှာ နှစ်နှစ်ခန့် ရှိလေပြီ ။ သူလည်း ပြည်မသို့ ပြန်တော့မည် ။ ပြန်သွားလျှင် မုန်မုန်ကို ထင်းရှူးသေတ္တာနှင့် ထည့်ယူသွားမည် ။ တိရိစ္ဆာန်ရုံသို့ ပို့မည် ။ ခုန်ခုန်နှင့် တွေ့ကြလိမ့်မည် ။ ဆရာမလေးနှင့် ရာသက်ပန် ခွဲရလိမ့်မည်ဟု မောင်အောင်လင်း မထင်မိ ။ သူသည် စိုက်ခင်းကလေးမှတစ်ဆင့် ပန်းသီးလိမ္မော်ခြံအထိ တက်လှမ်းဦးမည် ။ တစ်နေ့တွင် ဆရာမလေးနှင့် ... ဤသို့ မျှော်လင့်ထားသည် ။
ထိုအခိုက်တွင်ပင် ဝက်ဝံကလေး မုန်မုန်က ထန်း လိန်း၏ ဝက်ကလေးတစ်ကောင်ကို ကိုက်သ,တ်လိုက် သည် ။ ထို့ကြောင့် ထန်းလိန်းက သည်းမခံနိုင်တော့ဘဲ မြားဖြင့်ပစ်လိုက်သည် ။ မုန်မုန်မှာ တစ်ခါမျှ ဤသို့မခံစားရဖူးသောကြောင့် ခြံကို တစ်ဟုန်ထိုး တိုးဝှေ့ထွက်ပြီး တော ထဲသို့ ဝင်ပြေးလေတော့သည် ။ ဆရာမလေးက ...
“ မုန်မုန်ကို သနားပါတယ်ဟာ ၊ နင် သူ့ကို ပြန်ဖမ်းပါ ၊ နင်ဖမ်းရင် ရမှာပါ ။ ငါ သူ့ ဒဏ်ရာကို ဆေးထည့်ပေးမယ် ၊ ပြီးတော့ တိရိစ္ဆာန်ရုံ ယူသွားမယ် ၊ သူ့ကို တောထဲ ဒီအတိုင်း ထားရင် မြှားဆိပ် တက်ပြီး သေလိမ့်မယ် ”
ဤသို့အားဖြင့် မောင်အောင်လင်းသည် မုန်မုန်ကို လိုက်ရှာရတော့သည် ။ အခြားရွာသားအချို့ကလည်း မုန်မုန်ကို ရှာနေကြသည် ။ လူတွေကို အန္တရာယ်ပြုမှာစိုးလို့ ဟု အကြောင်းပြသော်လည်း အမှန်မှာ သူတို့သည် သစ်အယ်စေ့စားဂုဏ်ကို ခံလိုကြသည် ။ မုန်မုန် ကို “ ဟာရွှီး ” ဆိုသော ရွာသားတစ်ယောက် တွေ့ခဲ့၏ ။ သို့သော် မုန်မုန်၏ လက်ချက်ကိုသာ ခံခဲ့ရသည် ။ စောင်ကို အပိုင်းပိုင်းအစစ ဆုတ်လွှတ်လိုက်၏ ။ သူ့တစ်ကိုယ်လုံး အဆွဲအဆောင့် ၊ အထူအထောင်း ခံလိုက်ရသဖြင့် ရွာသို့ ယိုင်တိယိုင်တိုင်သာ ပြန်ရောက်လာသည် ။ စင်စစ် ဝက်ဝံနှင့် တွေ့လျှင် လူကို အသားတွေကို ကုတ်ခြစ် ဆုတ်ဖြဲပစ်မြဲဖြစ်ပါလျက် ဟာရွှီးကို သွေးထွက်သံယို ဖြစ်အောင် မလုပ်လိုက်သည်မှာ အံ့ဩစရာ ဖြစ်နေပေသည် ။
ကျွန်တော် အကြောင်းရှာ၏ ။ အဖြေ တစ်ခုသာ ရသည် ။ ဤကား အခြား မဟုတ် ။ မုန်မုန်သည် ဘဝပေး မကောင်း၍ တောပုန်းကြီး ဘဝသို့ ရောက်ရသော်လည်း ငယ်စဉ်ကတည်းက လူနှင့် ယဉ်ပါးခဲ့သူ ဖြစ်သောကြောင့် လူတွေကို အတတ်နိုင်ဆုံး သက်ညှာလိုက်ဟန် ရှိပေသည် ။
ဆရာမလေး ပြန်မည့် နေ့သို့ ရောက်လာပြီ ။ သို့သော် မုန်မုန်ကို မောင်အောင်လင်း လိုက်ပြီး ဖမ်းနေသည်ကို စောင့်နေသည် ။ မောင်အောင်လင်းကလည်း မုန်မုန်ကို ရှာသည် ။ မတွေ့ ။ ထိုအခိုက် တောတိုးသံ ကြားသော ကြောင့် ကျောက်ဆောင် အကွယ်တစ်ခုမှာ ချောင်းကြည့် လိုက်သည် ။ ပြေးထွက်လာသည်မှာ မုန်မုန်မဟုတ် ။ သစ်စိမ်းခြမ်းဖြူဖြူကြီး ကိုက်ချီထားသလားဟု အောက်မေ့ရအောင် အစွယ်နှစ်ဖက် ဖွေးဖွေးကြီး ပေါ်နေသော တောဝက်ကြီးတစ်ကောင်သာ ဖြစ်ပါ၏ ။ မကြာမီ လူသုံးယောက် နောက်က လိုက်လာကြသည် ။ ထိုချင်းအမျိုးသားများမှာ သျှောင်ထုံးကြီးတွေနှင့် ဖြစ်သည် ။ မောင်အောင်လင်းတို့ ရွာမှ နှစ်ရက်ခန့်ဝေးသော လှက်လှောင်းချောင်းနယ်မှ ဖြစ်မည် ။
စင်စစ် ထိုသူများ ဤဝက်ကြီး နောက်သို့ လိုက်လာခဲ့သည်မှာ သုံးရက်ရှိပြီ ။ လူတစ်ယောက်ကို အသေပက် ထားခဲ့ပြီး လမ်းတွင် တွေ့သော လူနှစ်ယောက်ကိုလည်း ပက်ထားခဲ့သေးသည် ။ ဤလူသုံးယောက်သာမဟုတ် လူအုပ် ကွဲပြီး ကျန်ခဲ့သော အခြား လူတစ်စုလည်း ရှိသေးသည် ။ ထိုပထမလူစု ထွက်သွားပြီး နောက်မှ မုန်မုန်ကို တွေ့ရတော့သည် ။ မောင်အောင်လင်းက ခါတိုင်း ကစားနေကျ အတိုင်း ဆောင့်ကြောင့်ထိုင်ချပြီး ညာလက်ကို ထောင်၍ လက်ဖျစ်တစ်ချက် တီးလိုက်သည် ။
ထို့နောက် လက်နှစ်ဖက်ကို ခပ်ကားကား ဆန့်တန်းပေးလိုက်၏ ။ မုန်မုန်သည် ခေါင်းကို မော့လိုက်သည် ။ သူ၏ မျက်လုံးများ ဝင်းလက်လာ၏ ။ သူသည် နေရာမှ ထကာ ခေါင်းကို ဆတ်ခနဲ တစ်ချက် ခါလိုက်သည် ။ ဤကား သူဝမ်းသာသည့် အခါပြုနေကျ အမူအရာတည်း ။ ပြီးမှ သူသည် ကျွန်တော့် ထံသို့ လွှားခနဲ ခုန်လာပါသည် ။ ကျွန်တော် ကလည်း သူ့ကို လှမ်းဖက်ရန် အသင့်ပြန် ထား၏ ။
သို့သော် ..
“ ဒိုင်း ... ”
သေနတ်သံတစ်ချက် ကြားရပြီး မုန်မုန် သည် ကျွန်တော်ရှေ့တွင် မြေသို့ ခေါက်ခနဲ ကျသွားပါသည် ။
တောဝက်ကို လိုက်ရင်း အုပ်စုကွဲ ကျန်ရစ်နေခဲ့သော လူတစ်ယောက်က မောင်အောင်လင်းအား ခုန်အုပ်သည် အထင်မှား၍ မုန်မုန်ကို တူးမီးနှင့် လှမ်းပစ်လိုက်ခြင်း ဖြစ်သည် ။
ကျွန်တော်သည် သွေးအိုင်ထဲတွင် လဲနေသော မုန်မုန်ကို ပြေးထူရန် ပြင်လိုက်သည် ။ သို့သော် မုန်မုန်သည် ကျွန်တော့်ကို အကိုင်မခံပါ ။ ဘေးသို့ ဆတ်ခနဲ လှိမ့်ပစ်လိုက်သည် ။ ပြီးတော့ သူသည် ကျွန်တော့်အား စိန်းစိန်းကြီး ကြည့်နေ၏ ။ မုန်မုန်သည် ကျွန်တော့်အား တစ်ခါမှ ဤသို့ မကြည့်ဖူးပါ ။ သူ ဆိုချင်သည့် အဓိပ္ပာယ်ကို သူ့မျက်လုံး၌ အထင်းသား တွေ့ရသည် ။
“ သခင့်အပေါ် ငါ ယုံသလောက် သခင်က သစ္စာမရှိဘူး ၊ ငါ့ကိုတောင် ပစ်လိုက်ပါပကောလား ”
ဤသို့ ပြောနေသည့်နှယ် ကျွန်တော် ထင်ရသည် ။ ကျွန်တော် စိတ်ထိခိုက်မိ၏ ။ မဟုတ်ရကြောင်း သူ့ကို ပြောချင်သည် ။ သို့သော် သူ ဘယ်လို နားလည်မည်နည်း ။ ထိုစဉ်မှာပင် သူ ဇီဝိန်ချုပ်သွားပြီ ။
ဆရာမလေးက အကြာကြီး စောင့်နေသေးသည် ။ သို့သော် ရွာသို့ အရင်ရောက်နှင့်သူ အချို့က ပြောသော ကြောင့် မုန်မုန်သေပြီဖြစ်ကြောင်း သိသွားသည် ။ “ အသေကောင်ကို မစောင့်တော့ပါဘူး ၊ မသေစေနဲ့လို့ သေချာမှာရဲ့ သားနဲ့ ” ဟု ပြောပြီး ရွာမှထွက်သွားသည် ။
တစ်လခန့် ကြာသောအခါ မျိုးသန့်ပြောင်းများဝယ်ရန် မောင်အောင်လင်း ရန်ကုန်သို့ ဆင်းလာခဲ့သည် ။ ဆရာမလေးပေးထားသော လိပ်စာအတိုင်း သွားတွေ့ သည် ။ သို့သော် တံခါးကို သော့ခတ်ထားသည် ။ မည်သူ့ကိုမျှ မတွေ့ရ ။ အိမ်နီးချင်းများအား မေးမြန်းကြည့်သော်လည်း မသိရ ။ ထို့ကြောင့် တိရိစ္ဆာန်ရုံ ဘက်သို့ လှည့်ခဲ့သည် ။ ခုန်ခုန်ကို အခြားဝက်ဝံများ ကြားတွင် တွေ့ရသည် ။
ချင်းတောင်ကင်းမောင်သည် သူ၏ ဝတ္ထုကို မည်သို့ အဆုံးသတ်သင့်သည်ကို နားလည်သည် ။ မည်သည့် နေရာတွင် ရပ်ရမည်ကိုလည်း သိသည် ။ အဆုံးသတ်လိုက်ပုံကို ကျွန်တော် ကြိုက်ပါသည် ။ ကြည့်ပါ ။
သူသည် ကျွန်တော့်ကို မြင်လိုက်သော် မှတ်မိပုံ ရသည် ။ ချက်ချင်း ပြေးလာသည် ။ ကျွန်တော်က “ ခုန်ခုန် ” ဟု ခေါ်သည်နှင့် တစ်ပြိုင်နက် သူသည် မတ်တတ်ရပ်၍ သံတိုင်များကို ဖမ်းကိုင်ကာ ခုန်ဆွခုန်ဆွ လုပ်နေပါတော့သည် ။ ဘေးမှ လူများသည် ကျွန်တော်နှင့် ခုန်ခုန်ကို အထူးအဆန်းလို ကြည့်နေကြ၏ ။
“ ဆရာမလေး အခု ဘယ်မှာလဲ ”
ကျွန်တော့် စကားကို သူ နားလည်ဟန် မတူပါ ။ ငူတူတူကြီးသာ လုပ်နေသည် ။ အမှန်တော့လည်း ဆရာမလေး ဘယ်ရောက်နေသည် သူ သိမည်မဟုတ် ။ ထိုမျှမက မုန်မုန့် အဖြစ်ကိုလည်း သူ သိမည် မဟုတ်ပါပေ ။
ဝတ္ထုကို ဤတွင် အဆုံးသတ်လိုက်သည် ။ သပ်ရပ်လှသော အဆုံးသတ်လိုက်ခြင်း ဖြစ်ပါသည် ။
ကျွန်တော့် အနေနှင့်မူကား ပုံသဏ္ဍာန် အရရော ၊ ပမာဏအရရော ဤဝတ္ထုကို ဝတ္ထုရှည်ဟု ဆိုချင်ပါသည် ။ သို့သော် စာတည်းအဖွဲ့က ဝတ္ထုတိုစာရင်းတွင် ထည့်ထား သောကြောင့် ဝတ္ထုတို အဖြစ်ပင် ယူလိုက်ပါသည် ။
ဤဝတ္ထုမှာ ဇာတ်လမ်းဝတ္ထုလေးသက်သက်ဟုသာ ဆိုချင်ပါသည် ။ သို့သော် အပိုအလို မရှိအောင် ရေးဖွဲ့ ထားခြင်း ၊ ရိုးရိုးပြေပြေ လေအေးလေးနှင့် ပြောထားခြင်းတို့မှာ နှစ်လိုဖွယ်ကောင်းသည်ဟု ထင်မိပါသည် ။
မိမိတို့ ခံစားမိသမျှကို ပြန်မပြောတတ်သဖြင့် သနား ကြင်နာဖွယ်ရာ ကောင်းသူ သုံးမျိုးရှိပါသည် ။ ကလေးငယ် ၊ စိတ်ပေါ့သွတ်သူနှင့် တိရစ္ဆာန်များ ဖြစ်ပါသည် ။ ထိုသူများမှာ ပင်ကိုအားဖြင့် ပကတိရိုးသားစင်ကြယ်နေသောကြောင့် ပရိသတ်က သနားကြင်နာရန် အသင့် ဖြစ်နေတတ်ကြပါသည် ။ ထို့ကြောင့် ကလေးငယ် ၊ စိတ္တဇဝေဒနာရှင် ၊ တိရိစ္ဆာန်ကလေးများကို အဓိကဇာတ်ဆောင် ပြုလုပ်၍ ထုံးဖွဲ့ထားသော ဇာတ်လမ်းများကို ပရိသတ်နှစ်သက်ခြင်း ဖြစ်တတ်ပါသည် ။ စာဖတ်သူ ပြန်ပြီး စဉ်းစားလျှင် ဤသို့ သော သနားစရာ သတ္တဝါဇာတ်ဆောင်လေးများကို သတိရမိပါသည် ။
ချင်းတောင်ကင်းမောင်သည် သူ၏ လက်ကို မထိန်းနိုင်သော နေရာလေး တစ်ကွက် ကိုတော့ တွေ့ရပါသည် ။ ဝတ္ထု အပြီးသတ်ခါနီးတွင် နန်းတွင်းမိညို၏ အလှဘွဲ့ကဗျာလေးကို ထည့်သွင်း ရွတ်ဆိုလိုက်ခြင်းပင် ဖြစ်သည် ။ ချင်းကလေးအောင်လင်း၏ အသံမဟုတ်ဘဲ စာရေးသူ၏ အသံသို့ ပြောင်းသွားသည်ဟု ခံစားလိုက်ရမိသည် ။ ချင်းကလေး အောင်လင်းမှာ ဆယ်တန်းအောင်ပြီးသားဟု ထုချေစရာ အကွက် ရှိသော်လည်း ရှေ့ပိုင်း အပြောအဆိုနှင့် ကွာလွန်း နေသည် ။ ထို့ကြောင့် စာဖတ်သူမှာ ဆတ်ခနဲ မျက်ခုံးပင့်ရသည့် အခြေသို့ ရောက်သွားသည် ။ ဤသို့ဖြစ်ခြင်းသည် စာဖတ်သူ၏ ယုံစိတ်ကို တုံ့ခနဲ ဖြစ်သွားစေတတ်သည်ဟု ကျွန်တော် ယူဆမိပါသည် ။ မည်သို့ပင်ဖြစ်စေ နှစ်လိုလွမ်းမောဖွယ်ရာ ဝတ္ထုလေးတစ်ပုဒ်ဖြစ်သည်ဟုကား ကျွန်တော် ယုံကြည်မိပါသည် ။ ချင်းတောင်ကင်းမောင်သည် ပတ်ဝန်းကျင်ကို လေ့လာတတ်သောကြောင့်တစ်ကြောင်း ၊ စာအရေးအသား နိုင်းနင်းသောကြောင့်တစ်ကြောင်း ဝတ္ထုကောင်းလေးများ ထပ်မံ ပေါ်ထွက်လာလိမ့်ဦးမည်ဟု မျှော်လင့်မိပါသည် ။
☐ အောင်သင်း
📖သဘင်မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၁၉၈၄
No comments:
Post a Comment