Showing posts with label နေဝင်းမြင့်. Show all posts
Showing posts with label နေဝင်းမြင့်. Show all posts

Saturday, February 21, 2026

အသက်မကြီးသေးပေါင် ရှင်ရယ်


 

❝ အသက်မကြီးသေးပေါင် ရှင်ရယ် ❞
( ပုသိမ်ကြီးနယ် ရွှေစာရံဘုရားပွဲ )

အောင်ပင်လယ် ကန်ပေါင်တာရိုးပေါ်ကို ကားတက်လိုက်သည်နှင့် လတ်ဆတ်သော ကွင်းလေက သူ့ကို တိုးဝှေ့နေလေသည် ။ တာရိုးကြီးရဲ့ ဘယ်ဘက်မှာတော့ အောင်ပင်လယ် ကန်တော်စိမ်းမြ ။ အဝေးတစ်မျှော်တစ်ခေါ်အထိ စိမ်းသစ်သော အရောင်တွေ တောက်ပနေသည် ။ အနားသတ် မျဉ်းမှာတော့ ကောင်းကင်ပြာ ၊ တိမ်ဖြူ ဖွေးဖွေး အလိပ်အလိပ် ။ သိပ်လှတဲ့ အောင်ပင်လယ် ။ နန်းတော်ရှေ့ရဲ့ အောင်ပင်လယ် ။ သူကတော့ ဘာကို လွမ်းရမှန်းမသိပါ ။ လွမ်းတော့ လွမ်းနေလေသည် ။

ညာဘက် အနိမ့်မှာတော့ မြို့သစ် ရှိသည် ။ မြို့သစ် ဆိုသော်လည်း မြို့ပြ အရိပ်အယောင် မတွေ့ရပါ ။ အိမ်ကလေးတွေ စီကာရီကာ ဟိုတစ်ကွက် သည်တစ်ကွက် ။ တစ်ခါတုန်းကတော့ သည်မြို့သစ်ကို သူ ရောက်ဖူးသည် ။ အဲသည်တုန်းက မိုးသက်လေတွေ ကျနေကာ မြို့သစ်တစ်ခွင်လုံး မည်းမှောင်နေလေသည် ။ စိမ့်အေးနေသော လေကား မန္တလေးနှင့် မတူ ။ ကလော ၊ အောင်ပန်း ဘက်က လေနှင့် တူနေသည် ။

“ ဆီတို့ဟူးနဲ့ ထနောင်းဝိုင်ကလေးတော့ လုပ်သွားဦး ကိုယ့်လူရဲ့ ၊ အနွေးဓာတ် ကလေးပေါ့ ”

မိတ်ဆွေ ကဗျာဆရာ ကိုငြိမ်း က ဧည့်သည်ကို ဧည့်ခံချင်တာ နည်းနည်း ၊ သူ သောက်ချင်တာ များများဖြစ်သည် ။ ဘာပဲဖြစ်ဖြစ် ကဗျာတွေ ရွတ်ခဲ့ကြ ၊ သီချင်းတွေ ဆိုခဲ့ကြ ။ အောင်ပင်လယ်မြို့သစ် အစမှာပဲ မြတဘက်ကျစေတီကို ဖူးတွေ့ရသည် ။

“ စောမွန်လှ က ပြေးရင်းလွှားရင်း သည်နား ရောက်တော့ မြတဘက် ကျခဲ့တာတဲ့ဗျ ၊ နားတောင်းတွေ ကျလိုက် တဘက် ကျလိုက်နဲ့ ”

သူ့ဘေးက ခပ်ထွေထွေ ခရီးသည်က ပြောနေခြင်းဖြစ်သည် ။ ကားဒရိုင်ဘာ ကတော့ သည်လမ်းခရီးမှာ သည်လို ပြောနေတာကို ကြိုက်ဟန်မရှိပါ ။ လမ်းဘေးက လူတွေကိုလည်း ကားမောင်းရင်းက လိုက်မလားချည်း မေးနေလေသည် ။ နောက်က စပယ်ယာကလည်း “ ရွှေစာရံကို ... ရွှေစာရံကို ” အော်နေတာ မန္တလေး အထွက်ကတည်းက ဖြစ်၏ ။ လူတစ်ယောက် ကားပေါ်တက်တာနဲ့ ၃ဝ ရမှာကိုး ။ ကားခေါင်းထဲကတော့ ကားခ ၅ဝ ဖြစ်သည် ။ သူ မန္တလေး ရောက်စက ရွှေစာရံဘုရားပွဲ ရှိမှန်း မသိပါ ။ သည် ဘုရားပွဲက နှစ်စဉ် တပေါင်းလပြည့်ကျော် ၃ ရက်နေ့တွင် စ၍ တပေါင်းလပြည့်ကျော် ၈ ရက်နေ့တွင် သိမ်းသည်ဟု ဆိုသည် ။ မြန်မာရက်စွဲတွေကို သူ သိပ်မသိတာလည်း ပါပါသည် ။ ဖြတ်သွားဖြတ်လာ ဘတ်စ်ကားတွေ ဘေးမှာ ကပ်ထားသော ပွဲတော် ပိုစတာတွေကြောင့် သူ သတိထားမိသွားခြင်း ဖြစ်လေသည် ။

ရွှေစာရံဘုရားပွဲ ။ သူငယ်ငယ်က ကြည့်ခဲ့ဖူးသော မြို့တော် မောင်ယဉ်အောင် ရဲ့ စင်တင်ပြဇာတ် တစ်ပုဒ်ကို သူ သတိရနေလေသည် ။ ‘ နွားကြန်စုံ ခြေကုန်မောင်းတော့ မြေတုန်စောင်းပေါ့ ၊ လှည်းဘီးကလေးက ချာချာလည် ’ တဲ့ ။ ‘ အသက်မကြီးသေးပေါင် ရှင်ရယ် ၊ ထရွက် ( ထန်းရွက် ) ပုတီးကလေး ဆွဲလို့ ရွှေစာရံကို အရောက်သွားမယ် ’ ဆိုလား ။ တစ်ပိုင်းတစ်စ ရနေသည့် သီချင်းကလေး ။ သူ တည်းခိုရာ တည်းခိုခန်းကလေး ရှေ့က ခုံတန်းလျားမှာ ထိုင်ရင်း ရွှေစာရံ ကို သွားဖို့ ဆုံးဖြတ်လိုက်သည် ။ ဒါပေမဲ့ သူ ဘယ်လို သွားရမယ်ဆိုတာ မသိပါ ။ မေးကြည့်တော့ ၃၅ လမ်းအတိုင်း အရှေ့ဘက်ကို ဆင်း ၊ ၇၆ လမ်းထောင့်မှာ ရွှေစာရံဘုရားပွဲကားတွေ ပြည့်လို့ဟု ဆိုသူက ဆိုသည် ။ ‘ စက်ကျသီဟ ( သကျသီဟ ) ဘုရားမြောက်ပေါက်မှာ ရွှေစာရံကားတွေ ရှိပါ့ ။ နံပါတ် ၁၁ လိုင်းကားလဲ ရောက်တာပဲ ’ ဟု ပြောသူက ပြောသည် ။ ဒါနဲ့ပဲ သကျသီဟ ဘုရားကို ဆိုက်ကားနှင့် သူ သွားသည် ။ လမ်းမှာ ဆိုက်ကားဆရာကို ရွှေစာရံဘုရား သမိုင်းကို မေးတော့ သူ ရယ်ရသေးသည် ။

“ နေဦးဗျ ၊ စောမွန်လှ ညီမ ရှင်မွန်လှ ဆိုတာတောင် ရှိသေးသလားလို့ ၊ ကျုပ်လည်း မေ့တေ့တေ့ရယ် ”

“ စောမွန်လှ နဲ့ ရှင်မွန်လှ ဆိုတာ တစ်ယောက်တည်း မဟုတ်ဘူးလား ”

“ မဟုတ်လောက်ဘူး ထင်တာပဲ ဆရာရဲ့ ”

ဆိုက်ကားဆရာက မဟုတ်လောက်ဘူးနဲ့ မေ့တေ့တေ့တွေက များနေသည် ။ သကျသီဟ ဘုရားပေါက်မှာ တကယ်လည်း ရွှေစာရံဘုရားကားတွေ အများကြီး ။ လိုင်းကားလည်း ရှိသည် ။ ကြားကားလည်း ရှိသည် ။ ကြားကား ခေါင်းခန်းကို သူဝင် လိုက်သည် ။

“ ရွှေစာရံကို ... ရွှေစာရံကို ”

ကြားကား စပယ်ယာက တကြော်ကြော် အော်နေသော်လည်း လူတွေက ခရီးသည်တွေ ပြည့်ကျပ်နေသော လိုင်းကားပေါ်ကိုပဲ တက်ကြသည် ။ လိုင်းကားပေါ်မှာ မိန်းမတွေ ၊ ကလေးတွေ ၊ ယောက်ျားတွေကတော့ နောက်မှာ မတ်တတ် ။ ထမင်းချိုင့်တွေ ၊ ဆွဲခြင်းတွေ မနိုင်မနင်း ။

“ လိုင်းကားတွေက ဈေးသက်သာလို့လား ”

“ ဈေးတော့ သက်သာပါတယ် ။ ဒါပေမဲ့ လမ်းမှာ ဟိုရပ် သည်ရပ်ပါဗျာ ၊ ဆရာသမား စိတ်ရှည်မှာ မဟုတ်ပါဘူး ”

ကြားကား ဒရိုင်ဘာက လိုင်းကားကို စိတ်ပျက်လက်ပျက် ကြည့်ရင်းက ပြောနေခြင်းဖြစ်သည် ။ ခဏကြာတော့ ကားပြည့်သွားသည် ။ နောက် ခဏကလေးမှာတော့ ကားက ပြင်ဦးလွင် ကားလမ်းပေါ် ရောက်သွားလေသည် ။ မြတဘက်ကျ ဘုရားကို ကျော်တော့ ပုသိမ်ကြီးမြို့နယ်ထဲ ရောက်ပြီ ။ ပုသိမ်ကြီးကား အေးချမ်းသလောက် စိမ်းလန်းလှပနေလေသည် ။ ပုသိမ်ကြီးကို သူ ဟောပြောပွဲ ရောက်ဖူးသည်ကော ။ သည်မြို့ကလေးကို ဘာကြောင့်မှန်းမသိ သူ ချစ်ခင်နေမိလေသည် ။

“ ကျွန်တော်တို့မြို့နယ်က အဘယဂီရိ လို့ ဘွဲ့မည်ရတဲ့ ရန်ကင်းတောင်ရှိတယ် ။ ရေတံခွန်တောင် ရှိတယ် ။ မရွှေဥတောင်တော် ရှိတယ် ။ နောက် တန်ခိုးကြီးဘုရား ရွှေစာရံ ရှိတယ် ။ အောင်ပင်လယ် နဲ့ နန္ဒာကန်လည်း ရှိတယ်ဗျ ”

သူ့မိတ်ဆွေ ပုသိမ်ကြီးသား ကဗျာဆရာ မောင်ဖူလုံက ပြောဖူးသည် ။ မန္တလေးက သွေ့ခြောက်သလောက် ပုသိမ်ကြီးက စိမ်းသစ်စိုမြနေလေသည် ။ အရင်ကတော့ သည်နား ရွာတွေက ရွှေစာရံဘုရားကို လှည်းတွေနှင့် သွားဖူးကြတာတဲ့ ။ လှည်းတန်းက တအီအီ စည်ပါပေသည်ပွဲ ပေလား ။ အငြိမ့်သီချင်း တစ်ပုဒ်မှာတော့ ‘ ရွှေစာရံကို သွားဖို့ စီစဉ် ဘိုကေ မဟာလင် လိုက်ပို့မလားရှင် လှည်းပြင် ’ တဲ့ ။

“ ကျွန်တော်တို့ ငယ်ငယ်က ရွှေစာရံဘုရားဖူး သွားရင် လှည်းတွေနဲ့ သွားရတာဗျ ၊ ပျော်ဖို့ သိပ်ကောင်းတာ ၊ သည်နား ဝန်းကျင် ရွာတွေကလည်း လှည်းတပ်ကြီးတွေနဲ့ ဘုရားသွားဖူးကြတာ ၊ ဘုရားဝင်းကြီးထဲမှာ လှည်းတွေ ဆိုတာ နည်းမှတ်လို့ ”

ကျေးလက်ဘုရားပွဲနဲ့ လှည်းဝိုင်း ။ သူ့ငယ်ဘဝတွေထဲမှာလည်း သည်မြင်ကွင်းတွေ ရှိသည် ။ ဘုရားပွဲကို လာရင်း တစ်နှစ်စာ လိုသမျှ ဝယ်ကြခြမ်းကြ ၊ သိုကြလှောင်ကြ ။ ရွာမှာ ကျန်ရစ်သူတွေဖို့ ဘုရားပြန် လက်ဆောင်တွေ ဝယ်ကြ ။ ပွဲလည်း ကြည့် ၊ ဘုရားလည်း ဖူး ၊ ဈေးလည်း ဝယ် ။ ဤသို့ဖြင့် ဘုရားပွဲဈေးသည် ကျေးလက်၏ Super Market ၊ ကျေးလက်၏ Shopping Centre ဖြစ်လေသည် ။

“ ကျောက်ဆည်နယ် ရဲရမန်းရွာက ထရွက် ( ထန်းရွက် ) ပုတီးကလေးတွေ ထွက်တယ် ၊ ထန်းရွက် ငါးရုပ်ကြီးတွေလဲ လုပ်တယ် ၊ ဘုရားပွဲကို လာရောင်းကြတယ် ၊ ထန်းရွက် ပုတီးက ရွှေစာရံဘုရားပွဲရဲ့ သင်္ကေတပေါ့ ၊ သည်ပွဲတော်မှာ ဝယ်စရာ ခြမ်းစရာက စုံလွန်းလို့ ကျေးလက်အိတ်စပို ( Expo ) ကုန်စည်ပြပွဲလို့တောင် ခေါ်နိုင်တယ် ”

“ လှည်းတွေက ဘာဖြစ်လို့ ပျောက်သွားတာလဲ ”

“ ကျောက်လမ်းပေါ် နွားလှည်း မမောင်းရ ဆိုတာက စတာဗျ ၊ သည်ဆိုင်းဘုတ်တွေ လမ်းဘေးရောက်လာတော့ လှည်းတွေက သွားဖို့ခက်လာရော ၊ အုန်းချော လောက်မှာ လှည်းတွေ ထားပြီး ဘုရားပွဲကို ခြေလျင်သွားကြရတယ် ။ နောက်တော့လဲ လူတခြား လှည်းတခြား ဖြစ်လာတော့ လှည်းတွေ ပျောက်ကုန်တာပါပဲ ”

အခုတော့ ပွဲတော်လာ နွားလှည်းတွေ နည်းပါးသွားခဲ့ပြီ ။ ဘုရားဖူးကားတွေ ကတော့ ဘုရားမုခ်ပေါက်ဘေးက ကွင်းကျယ်ကြီးထဲမှာ နားနိုင်ကြပြီ ။ တချို့လိုင်းကားတွေကတော့ ဘုရားဝင်းထဲက သစ်ရိပ်တွေမှာ ။ အခုတော့လည်း အဖော်တွေ ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ လည်နိုင်ကြပြီကော ။ သူ စီးလာသော ကားကလည်း ဘုရားရှေ့ မှာပဲ ရပ်သည် ။ ကားမျိုးစုံကတော့ နေရာတိုင်းမှာ ပြည့်ကျပ်နေလေသည် ။ ဘုရားမုခ်ဦးသို့ ဝင်ရာ လမ်းဘေးတစ်ချက်မှာတော့ ဈေးဆိုင်တန်းတွေ ရှိသည် ။ ကက်ဆက်သံတွေ ဆူညံနေကာ လမ်းပေါ်မှာလည်း လူတွေက အော်ကြဟစ်ကြ ။

ကားပေါ်က ဆင်းကာ ဘုရားဝင်းထဲ သူ ဝင်လိုက်သည် ။ ရွှေစာရံစေတီတော်ကို မော့ဖူးသည် ။ မြင်နေကျ စေတီတွေလို ခုံးခုံးဝန်းဝန်း ပြေပြေလျောလျော မဟုတ် ၊ မာတောင့်တောင့် မြင့်မြင့်မားမား ။ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝ က လွမ်းမော ဆွတ်ပျံ့ဖွယ် အတိတ်သမိုင်း၏ အမှတ်သင်္ကေတအဖြစ် သပ္ပာယ် နေလေသည် ။ အချစ်နှင့် အမျက်စောင်မာန်တို့၏ အားပြိုင်ပွဲ၏ နိမိတ်ပုံ စေတီတော် ။ စေတီတော် နှင့် မလှမ်းမကမ်းက ဂန္ဓကုဋီတိုက်သို့ ဝင်ကာ ဘုရားဖူးသည် ။ မှန်စီ အုတ်နံရံတွေက တဖျပ်ဖျပ် လက်လို့ ။ မှန်စီ တိုင်လုံးကြီးတွေကို မှီရင်း သူခဏ နားသည် ။

ဘုရားပွဲဈေးတန်း မှာတော့ လူသံတွေ ၊ ကက်ဆက်သံတွေ ၊ အသံချဲ့စက်သံတွေ ၊ ဆူညံနေသည် ။ ခပ်လှမ်းလှမ်း လှေဆိပ်မှာတော့ မိန်းကလေး တော်တော်များများ ဓာတ်ပုံရိုက်နေကြဟန်တူ၏ ။ flash gun မီးပွင့်တွေက ဒုဋ္ဌဝတီမြစ်ရေကို တဖြန်းဖြန်း ထိစဉ်နေသည်လား ။ သူကတော့ နီးရာ လက်ဖက်ရည်ဆိုင်ကလေး ကို ဝင်ကာ လက်ဖက်ရည်တစ်ခွက်မှာသည် ။ ဈေးတန်း လက်ဖက်ရည်ဆိုင်ကလေးက မြစ်လေကြောင့် အမိုးတွေ လန်နေသည် ။ သူကတော့ လက်ဖက်ရည်ဆိုင်ကလေး ရှေ့က ဆိုင်းဘုတ်တွေကို လိုက်ဖတ်သည် ။ မာဃစမုံနက်လေဆေး ၊ ရန်ကုန်မုန့်တီခေါက်ဆွဲ ၊ မိုးဦးပန်းရောင်စုံ ဓာတ်ပုံ ၊ ဆိုင်းဘုတ် မပါသော ဦးထုပ်ဆိုင်ကလေးလည်း ရှိသည် ။ ဆိုင်တန်းကလေး ရဲ့ နောက်မှာတော့ ဒုဋ္ဌဝတီ ၊ သို့မဟုတ် မြစ်ငယ်မြစ် ။

သူ့ရှေ့ ရောက်လာသော လက်ဖက်ရည်ရောင်က ညစ်ထေးနေသည် ။ သူ တစ်ငုံ သောက်လိုက်တော့ ဖန်တွတ်နေသည် ။

“ နားတောင်းကျကို ... နားတောင်းကျကို ... ”

“ နဂါးရုံကို ... နဂါးရုံကို ... ”

ဝါးခမောက် ဆောင်းထားသော ပုဆိုးတိုတို ၊ အသားညိုညို အဘိုးအိုက ငှက်လှေ စီးဖို့ အော်ခေါ်နေခြင်း ဖြစ်သည် ။

“ နားတောင်းကျကို ဘယ်လောက်လဲခင်ဗျ ”

“ အသွားအပြန် တစ်ရာပါ ၊ ဘယ်သူ့မှ မတင်တော့ဘူး ”

“ နဂါးရုံကကော ”

“ နဂါးရုံက ဝေးသယ် ”

သူ ငှက်လှေထဲ ဆင်းလိုက်သည် ။ လှေကန့်ပေါ် ထိုင်ရင်းက မြစ်ရေကို လက်နှင့် စမ်းကြည့်တော့ အေးစက်နေလေသည် ။ အို ... ဒုဋ္ဌဝတီ ... ။ ရေက စိမ်းနေသည် ။ ငှက်ခတ်သံ တကျွိကျွိနှင့်အတူ လှေက ဆတ်ခနဲ ဆတ်ခနဲ ရှေ့တိုးနေ၏ ။

“ အဘ ဘယ်က လာခတ်တာလဲ ”

“ ဟိုး စစ်ကိုင်းနယ်ထဲက ၊ ဝေးသယ် ”

“ ပွဲတော်ရက်မှ လာတာလား ”

“ ဟုတ်ပါ့ ၊ ပွဲတော်ကို ကြိုလာတာနဲ့ နောက်ကျမှ ပြန်တာနဲ့ ဆယ်ရက်တော့ နေရသာပါပဲ ”

“ နေတော့ကော ”

“ သန်းခေါင်စာရင်း တိုင်ပြီး နေရသာ ၊ ဆွေမျိုးရှိသူတွေကတော့ တည်းအိမ် ရသာပေါ့ ”

“ စစ်ကိုင်းက ငှက်တွေချည်းပဲလား ”

“ စစ်ကိုင်းက အစီး ၂ဝ လောက် ပါဆို ထင်ပါရဲ့ ၊ တခြားကလည်း ပါသယ် ၊ အစီး ၇ဝ လောက်တော့မှန်းသာပဲ ”

မြစ်ထဲမှာ ဘုရားဖူးလှေတွေ ဥဒဟို ။ တချို့က နောက်ကြ ၊ ပြောင်ကြ ၊ တဟေးဟေး တဟားဟား ပျော်စရာ ။

“ ပွဲတော်ပြီးတော့ ဘယ်လောက် စုမိသလဲ ”

“ ပွဲတော် ပြီးရင်လား ၊ ရသားပဲ ၃ဝဝဝ ပျော့ပျော့တော့ ”

“ လာတုန်းကလည်း လှော်ပြီး လာတာလား ”

“ ဟုတ်ပါ့ ၊ အင်းဝက လာရသာ အလာတော့ နှစ်ညအိပ် သုံးရက်ကြာတယ် ။ အပြန်တော့ တစ်ညပဲ ကြာသယ် ။ ရေစုန်ကိုး ”

နားတောင်းကျ ကို ရောက်တော့ ငှက်ဆရာက ထိုးရပ်သည် ။ ကမ်းပါးမြင့်မြင့်ကို တက်လာတော့ ဘီယာတဲကလေးတွေ ။

“ ကိုင်း ဘီယာတွေ ရမယ်နော ၊ ရေခဲစိမ် အေးအေးကလေးခင်ဗျ ၊ ဖော်စတာ ၊ အမ်စတဲ ၊ တိုက်ဂါး ၊ အားလုံးရပါတယ် ”

နားတောင်းကျ က beer pub  ။ ပြီးတော့ အမြည်းဆိုင်ကလေးတွေလည်း ရှိသည် ။ ထန်းရည်ဆိုင်ကလေးတွေလည်း ရှိသည် ။ ဒါတင် မကပါ ၊ မရှိမဖြစ် အရက်ဆိုင်ကလေးတွေကကော ။

“ ကိုင်းဗျာ ၊ တစ်သက်ပျော်ဖို့ ကြက်ကြော် ”

“ တစ်သက်စုံဖို့ ကြက်သွန်ကြော် ရွရွကလေးနော ”

“ လင်စားရင် မယားပါ ပျော်မယ့် ငါးကြော်ကလေး မြည်းပါဦး ”

ဈေးသည် ယောက်ျားတွေက အလုအယက် အော်နေသည် ။ ဒုဋ္ဌဝတီမြစ်ကမ်းမှာ တိုင်းခြားဖြစ် ဘီယာဘူးခွံတွေ ပြန့်ကျဲနေပါပကော ။ သူကတော့ ယမကာဆိုင်ကလေးတွေ ကျော်ကာ ရွယ်တူ စေတီကလေး သုံးဆူ ရှိရာကို လျှောက်လာခဲ့သည် ။ အာရုံခံ သစ်သားတန်ဆောင်းရိပ်မှာ ခိုဖို့ ဖြစ်၏ ။ နေက ပူခြစ်ခြစ်တောက်လောင်နေသည်လေ ။ တန်ဆောင်းရိပ်မှာ ဈေးသည် အညာသူတွေ ရှိသည် ။ စလူမုန့် ၊ မုန့်ခေါင်းအုံး ဖောင်းဖောင်းကလေးတွေ ၊ နောက်ပြီး သရက်သီးစိမ်း သီးကင်းကလေးတွေ ။

"သရက်သီးက မလျှော့ဘူးလား ”

“ တစ်ဆင့်ယူ ရောင်းရတာပါ ၊ ဇီးသီးခြောက်က တစ်ထုပ် ၁၀ ၊ ငါးထုပ် ယူပါလား ၄၅ ကျပ် ”

တန်ဆောင်းကလေးနဲ့ စေတီကြားမှာ သင်္ကန်းဟောင်းတစ်ထည် မိုးထားသေးသည် ။ သင်္ကန်းထောင့်တစ်ဖက်က ဆိုင်းကြိုးက ချည်စရာ မရှိတော့ ခြင်္သေ့ပါးစပ် ပြဲပြဲမှာ သိုင်းချည်ထားတာကို သူ သဘောကျနေသည် ။ ခြင်္သေ့က ပါးချပ်ကြိုး တပ်ထားသော မြင်းနှင့် တူနေလို့ ဖြစ်သည် ။ တန်ဆောင်းရိပ် တောင်ကုန်း ကမ်းပါးစွန်း အောက်မှာ နားတောင်းကျချောင်းကလေး ရှိသည် ။ ခံ့ခံ့ညားညား မဟုတ် ။ ရိုးချောင်းခြောက်ကလေးလို ကွေ့ကွေ့ကောက်ကောက် ။ သမိုင်းနောက်ခံ နားတောင်းကျချောင်း ဒဏ္ဍာရီနဲ့တောင် မလိုက်ဖက်လှပါကလား ။

သည်နေရာကလေးက ဒုဋ္ဌဝတီမြစ်ထဲကို နောက်ဆုံး စီးဝင်ရာ ချောင်းဆုံးဖြစ်လေသည် ။ သည်နေရာက လှမ်းကြည့်လျှင် မြင်ကွင်းက ဝေးလျားလွန်းသည် ။ အဝေး နောက်ခံ တောင်တန်းမှိုင်းညို့ ။ အစိမ်းမျိုးစုံ ၊ အနီရင့် ၊ အနီနု ၊ ပန်းဖျော့ ၊ သံလွင်ရောင် နှင့် ရေညှိခြောက်ရောင်ဖျော့ဖျော့ ။ သူနဲ့ မနီးမဝေးမှာ ပန်းချီဆရာမကလေး တစ်ယောက် ရှိသည် ။ နိုင်ငံခြားသူ ဖြစ်ဟန် ရှိ၍ မေးကြည့်တော့ စင်ကာပူ ကလို့ ဆိုသည် ။ စင်ကာပူ နှင့် မလေးကပြားမကလေး ။ ပန်းချီသင်တန်းကျောင်းသူတဲ့ ။ clipboard တစ်ချပ်နှင့် sketch တွေ ကောက်နေခြင်းဖြစ်သည် ။ သူ့ပန်းချီကားထဲမှာ ရွှေစာရံသည် သစ်ပင်တွေ ကြားက ထီးတော်အဖျားကလေးပဲ ပါသည် ။ နောက်ခံ တောင်တန်းမှိုင်းမှိုင်း ၊ ငှက်ပျောတော ၊ သရက်ပင်ပျိုအုပ်အုပ် ၊ လူသွားလမ်းကလေး ၊ အနားကပ်လျက်က နားတောင်းကျ ချောင်းဟောင်းကလေး ၊ သစ်တောလမ်းဖွေးဖွေးနဲ့ တံတားဟောင်း ၊ အဝေးမှာ ဘုရားဖူးတွေ ၊ ရောင်စုံ ။

“ ဓာတ်ပုံ မရိုက်ဘူးလား ”

“ မရိုက်ဘူး ၊ ကျွန်မ sketch ပဲ ကောက်တယ် ၊ တော်တော် ရနေပြီ ။ မန္တလေးတောင် ၊ ကျုံးနဲ့ နန်းတော် ၊ တောင်ကြီး ၊ အင်းလေး ၊ ပင်းတယက ရှုခင်းတွေလေ ”

ဇီးပင်ကလေး ဘေးမှာတော့ စက်ဘီးအပ်ဆိုင်ကလေး ရှိသည် ။ ‘ စက်ဘီးအပ် ’ က စာတစ်ကြောင်း ၊ ‘ ရန်ဋ္ဌါ ’ က စာတစ်ကြောင်း ၊ ‘ န ငါးကျပ် ’ က စာတစ်ကြောင်း ရေးထားသော ဆိုင်းဘုတ်က ခပ်တင်းတင်း ၊ ရေခဲချောင်းသည်ကလေးကတော့ ကွပ်ပျစ်စွန်းမှာ ထိုင်ရင်းက အဝယ်မျှော်လေ၏ ။ စက်ဘီးဟောင်း ကယ်ရီယာပေါ်မှာ နို့အေးချောင်းပုံး ရှိသည် ။ ရှေ့က ခြင်းထဲမှာ ထမင်းချိုင့်ဟောင်းကလေး ရှိသည် ။

“ စစ်ကိုင်းဘက်က လာရောင်းတာ ဦးရဲ့ ၊ ကျောက်လမ်းအတိုင်း မနက်ခြောက်နာရီ က နင်းလာရင် သည်ကို မနက် ကိုးနာရီ ရောက်တယ် ။ အချောင်း ၃၅၀ ထည့်လာတာ ကုန်ရင် ၃ဝဝ မြတ်တယ် ”

သူ ပြန်အဆင်းမှာတော့ ငှက်ဆရာက နဂါးရုံဘက် သွားဦးမလား မေးနေသေးသည် ။

“ နဂါးရုံက ဝေးတော့ ဝေးသယ် ၊ သွားချင်ရင် ပြောပါသယ် ”

အပြန်မှာတော့ မြစ်ရေထဲမှာ တခြား ဘုရားဖူးလှေတွေ ပိုများနေပြီ ။ အစုန်အဆန် နောက်ကြပြောင်ကြ ။ ငှက်လှေက ရှေ့ကို တိုးတယ် ဆိုရုံ ရွေ့နေသည် ။

“ ကြားဖူးသာတော့ ဉာဏ်တော်က ငါးတောင် စေတီကလေးပါ ။ နောက်မင်းများ ဆက်ပြုပြင်ကြလို့ မြင့်လာသာတဲ့ ။ အလောင်းစည်သူမင်းကြီး လက်ထက်ကျတော့ သမ္ဘာချောင်း ၊ မြစ်ငယ်မြစ် ၊ ပန်းချောင်း တစ်ဖက်ကမ်း ယင်းမာပင် နက်ချောင်း နဲ့ နကဲတောင်တွေကို သင်ပုတ်မြေ သတ်မှတ် လှူဒါန်းခဲ့သေးသတဲ့ဗျ ”

“ ဘကြီးက တော်တော် သိတာပဲ ”

“ ဪ ... ကိုယ့်မြေက ကိုယ့်ဘုရား ၊ ဒါနဲ့ လုပ်စားရသာကိုး ”

ဘုရားပွဲ လှေဆိပ် မရောက်ခင် ကမ်းစပ်ကလေး တစ်နေရာမှာ သူ ဆင်းသည် ။ ဗီဒီယိုပြသရေးရုံလို့ ရေးထားသော ရုံကလေး ဘေးက ဖြတ်လာတော့ ရုံရှေ့မှာ လူတွေ ။ နောက်ပွဲကို စောင့်နေကြတာ ဖြစ်မည် ။

ဇာတ်ကားနာမည် ဖတ်ကြည့်တော့ Game of Death  ။ ဗီဒီယိုရုံကလေးက ကျော်တော့ စလူမုန့်ဈေးတန်း ။ မုန့်ခေါင်းအုံး ၊ အနုဆုပ် ၊ ကရေကရာ ၊ မျှစ်ချဉ်သည်တွေ စီတန်းနေသည် ။ ထန်းရွက်ပုတီးဆိုင်မှာတော့ အမှတ်တရ ထန်းရွက်ပုတီးကလေး နှစ်ကုံး ဝယ်လိုက်သည် ။

“ ဪ မနှစ်က ဆိုလို့ရှိရင်နော်ဗျာ ၊ ဩော် ကျွန်တော့် ညီတော် နောင်တော်များ မှတ်မိပါတယ် ။ ပရိသတ်ကြီးနဲ့ ကျွန်တော်တို့နဲ့ ပြောစရာ မလိုတော့ပါဘူးလို့နော်ဗျာ ။ မေတ္တာလက်ဆောင် ပေးတဲ့ လက်မှတ်ကတောင် စက်ဘီးတစ်စီး ထပေါက်မှတော့ ပိုက်ဆံနဲ့ ရောင်းတဲ့ လက်မှတ်က ပေါက်မဲ မပါလို့ မရပါဘူး ။ တစ်နပ်စား မကြံပါဘူးလို့ ”

အသံချဲ့စက်က ကြားနေရသော အသံဖြစ်သည် ။ မဲဖောက်တဲ့ ရုံကလေးဆီက ဖြစ်သည် ။ တစ်နပ်စား မကြံပါဘူး ဆိုတာကိုပဲ လူတွေက ယုံကြည်ကြပုံ မရပါ ။ မုန့်ဈေးတန်းနဲ့ တစ်ဆက်တည်းမှာတော့ ဈေးသည်တွေ ဈေးဝယ်တွေ ကြိတ်ကြိတ်တိုးနေသည် ။ ပိတ်စပေါ်မှာ ‘ တန်ပိုလာ ’ လို့ ရေးထားသော ဆိုင်ခန်းကလေး ရှေ့မှာတော့ လူတွေ သဲကြီးမဲကြီး ။ တန်ပိုလာ ဆိုတာကို သူ မသိပါ ။ အသံချဲ့စက်နဲ့ အော်နေသော သူ့အသံကတော့ ရွှေစာရံဘုရား တစ်ကွင်းလုံး ဟိန်းနေလေသည် ။

“ ညီနောင်လေးလား တစ်ညီနောင် ဆယ့်တစ် ၊ ဆယ့်တစ်ပါနော် ။ လာပြန်ပြီ နောက် တစ်လုံး ၊ တစ်လုံးတည်းသော နံပါတ်မှာ တစ် ။ လာပြန်ပါပြီ နောက်တစ်လုံး ၊ တစ်သုည ဘူပါ ။ လာပြန်ပါပြီ နောက်တစ်လုံး တစ်ရှစ် ၊ ဆယ့်ရှစ် ၊ မှတ်ထားပါ ”

ဈေးတန်းကလေးမှာတော့ ကြွေပန်းကန်တွေ ရွေးနေသူတွေ ရှိသည် ။ ပလတ်စတစ် အရုပ်ကလေးတွေကို တိုးဝှေ့နေသူတွေ ရှိသည် ။ ပြန့်ကျဲနေသော ပြက္ခဒိန်တွေမှာတော့ ထက်ထက်မိုးဦး နဲ့ ခိုင်သင်းကြည် အများဆုံး ။ ဗန်းကြီးတွေထဲ ထည့်ရောင်းသော တရုတ်နေကာမျက်မှန်တွေကတော့ ၆၅ ကျပ် ဆိုတော့ လူငယ်တွေ စိတ်ဝင်တစားတပ် ကြည့်နေကြသည် ။ ချုပ်ပြီးသား အင်္ကျီတွေ ၊ ပလတ်စတစ် ရောင်စုံစတွေ ၊ အသင့်သွင်း ပြီးသား ကက်ဆက်ခွေတွေ ... ။ အားလုံးကို ကျော်ဖြတ်ကာ သူ ထွက်လာခဲ့သည် ။ မှန်စီတန်ဆောင်းကြီးထဲလည်း သူ မသွားချင်သေး ။ တန်ဆောင်းကြီးထဲမှာ ထမင်းစားနေသူတွေ ၊ ယပ်ခတ်နေသူတွေ ၊ ပုတီးစိတ်နေသူတွေ ၊ တစ်ရေးတစ်မော အိပ်နေသူတွေ အပြည့် ။ ခပ်လှမ်းလှမ်းမှာ သူ မရောက်ရသေးသော ဈေးတန်းကလေး ရှိသည် ။ ဇာတာခြင်းကလေးတွေ ၊ ဖာတောင်းလေးတွေ ၊ ထန်းဖူးရှမ်းဦးထုပ်တွေ ရောင်းတဲ့ ဆိုင်ကလေး မှာ ခဏနားရင်း ရှမ်းဦးထုပ်တစ်လုံး ဝယ်သည် ။ ပွဲခင်းတစ်ခွင်လုံး လူတွေ လှိမ့်သွင်း လိုက်သလို ကျပ်ညပ်နေသည် ။ နေက ပူ ၊ လေက ပူ ၊ ဖုန် တထောင်းထောင်း ၊ လူတွေက အတောက်ပဆုံး အရောင်တွေကို မဝတ်မနေရ အမိန့်ထုတ်ထားသလို ဝတ်ဆင်ကြလို့ ။ အဝါ ၊ အနီ ၊ ခရမ်းတွေက နေရာတိုင်းမှာ ပြိုးပြက်နေသည် ။

“ နနွင်းတက်က တစ်ပိဿာ ၃၀ ၊ ချင်းက အစိတ်သားကို ၁ဝ ၊ ကင်ပွန်းသီးက တစ်ပိဿာကို ၅ဝ ၊ ဝယ်ပါဦး ”

“ မေးကြည့်တာပါ ၊ ဝါးလက်ခုပ်ကလေးတွေကကော ”

“ တစ်ဆယ်တည်း ၊ ဝယ်မှ ခြမ်းပေးတယ် ၊ နို့မို့ရင် တီးလွန်းလို့ ”

ရှမ်းသံဝဲဝဲဖြင့် ပါးကလေးတွေ ရဲနေသော ကလေးမက ပြောနေခြင်း ဖြစ်သည် ။

ကပ်လျက်မှာတော့ စီးကရက်တွေ တောင်ပုံရာပုံ ဖြန့်ခင်းထားသည် ။

“ ရွေးလိုက် ၊ ရွေးလိုက် ၊ တစ်ဘူး ၁၅ ကျပ် ”

တံဆိပ်နှစ်မျိုး ရောမွှေထားသော စီးကရက်တွေမှာ မှိုတက်တွေ ဖြစ်လိမ့်မည် ။ လူငယ်နှစ်ယောက်ကတော့ စီးကရက်တစ်ဘူးကို ဖောက်ကာ ဟန်ပါပါ နှုတ်ခမ်းမှာ ချိတ်ထားလိုက်သေးသည် ။ စီးကရက်တံဆိပ်တွေကတော့ ဈေးကွက်ထဲမှာ မကြားဖူးတာတွေ ။ Red Star , General .

သည်ဈေးတန်းကလေးမှာတော့ ရှမ်းအမျိုးသမီးကြီးတွေ တန်းစီထိုင်လို့ ။ ဘူးသီးခြောက် ရေဘူး ၊ ဝါးကျည်တောက် ရေဘူး ၊ ဆင်တုံးမနွယ်ခွေ ၊ လက်ဖက်ခြောက် ၊ ဆေးမြစ်စုံ ၊ ကြက်သွန်ဖြူ ၊ ပိတောက်မှို ၊ ကင်ပွန်းခါး ၊ ကရဝေးရွက်များ ။ အပွင့် မပါသော သစ်ခွတွေက ခွေလျက်သား ။

“ ဆေးမြစ်စုံ ဝယ်ပါဦး ။ ပေါက်နက်လဲ ပါတယ် ၊ သရင်းကြီး ၊ နလိန်ကြော် ၊ တောရှောက်မြစ် အကုန်ပါတယ် ။ တစ်စည်း ၃၀ ၊ ပဲပုပ်က တစ်ဆယ်သား ၂ဝ ။ သစ်ခွလား ပွင့်ရင် သိပ်လှတာပဲ ။ တစ်ခွေ ၃၅ ကျပ် ”

စဉ့်ပစ္စည်းတွေကတော့ နေရာ တော်တော်ကျယ်ကျယ်မှာ ပြန့်ကျဲနေသည် ။ အဘွားအို တစ်ဦးက စဉ့်ပစ္စည်းလေးတွေ နေပူထဲမှာ ရွေးနေသည် ။

“ စဉ့်စိမ်းက အေးလိုက်သာရယ် ၊ စဉ့်ဝါက မအေးဘူးရယ် ”

အဘွားအိုက လက်ထဲမှာ စဉ့်ရေနွေးခွက်ကလေးတွေ ကိုင်ရင်းက ပြောနေခြင်း ဖြစ်သည် ။

“ ကိုယ့်တန်ရာတန်ရာ ဧည့်သည်လာတော့ သူများဆီ ငှားရမစိုးလို့ ဝယ်သာရယ် ၊ အမေက ဟို စနေထောင့်တဲက မိုမင် ကရယ် ၊ ငရုတ်ခင်း စောင့်ရသယ် ၊ ဇီးခင်း စောင့်ရသယ် ၊ သနပ်ခါးခင်း စောင့်ရသယ် ”

ရုပ်ပျက်ဆင်းပျက် မူးရူးနေသော လူငယ်အုပ်စုတစ်စုကတော့ သစ်သားဓားကြီးတွေ ထမ်းကာ ပွဲတော်ဈေးထဲ ဟန်ရေးပြလို့ ။ ဧရာမ သစ်သားဓားကြီးတွေမှာလည်း စာတန်းတွေ ရေးထားလို့ ။

“ ရှေ့မတိုးနဲ့ ကိုကံချွန် ”

“ ချစ်ရင် ချစ် ၊ မချစ်ရင် ခုတ်သတ်မယ် ”

“ မိုက်တယ်ဆိုတာ လွယ်ပါတယ် ”

ကြောက်စရာကောင်းလိုက်တာ ။ ဈေးတန်းကလေး အပြင်ဘက်မှာတော့ အများသုံး ရေအိမ်ရှိသည် ။ အပေါ့အပါး သွားနိုင်သည် ။ ရေအိမ်ဝက စာတန်းမှာ သုံးကျပ် ဆိုတော့ တချို့က ဟိုးခပ်ဝေးဝေး လူရှင်းရာကို သွားသည် ။

“ လူတွေက သုံးကျပ်ဆိုတော့ များတယ် ထင်တာပါဗျာ ။ ၁ဝ ရက်ကို လေလံခက တစ်သောင်းခွဲတောင် ပေးထားရတာ ။ ဒါက ဘုရားဂေါပကနဲ့ မဆိုင်ဘူး ”

ရေအိမ်ဝက လူငယ်က လာသမျှလူကို မေတ္တာရိ ရှင်းပြနေလေသည် ။ ပွဲတော်ကွင်းထဲက ခွာခဲ့ကာ ဇာတ်ရုံ ရှိရာကို သွားဖို့ စိတ်ကူးလိုက်သည် ။ ဒါပေမဲ့ အချိန် မရှိတော့ပါ ။ အခုပဲ ညနေ နှစ်နာရီကျော်ပြီ ။ နေကတော့ တညီးညီး တောက်လောင်နေဆဲ ။

နေရောင်ပြင်းပြင်းထဲမှာ ဝါးပစ္စည်းတွေ ရောင်းနေသော ကလေးငယ်က တစ်ခုခု အားပေးပါဦး ဆိုနေသည် ။ နေပူထဲက ဝါးတောင်းကြီး တစ်လုံးထဲမှာ ထိုင်နေသူကလေး ဖြစ်သည် ။ နာရီဘယ်လောက်ကြာကြာ ထိုင်နေခဲ့တာလဲ ။

“ အရိပ်ထဲ ဝင်ရောင်းပါလားကွ ”

“ နေရာ မရှိတော့ဘူး ဦးရဲ့ ၊ သည်နေရာက ပိုက်ဆံမပေးရဘူး ”

ဘုရားဝင်း အဝက ကားဝင်းထဲကို သူ ထွက်လာခဲ့သည် ။ သူ့မှာ ကုသိုလ် တချို့တစ်ဝက်နဲ့ ထန်းရွက်ပုတီးကလေး နှစ်ကုံးပဲ ပါခဲ့ပါပကော ။ လူတွေကတော့ ဘုရားဝင်းနဲ့ မမျှအောင် ပိုမို ကျပ်ခဲနေလေသည် ။ မန္တလေး ပြန်မယ့် ကားတွေကလည်း လူခေါ်နေကြပြီ ။

“ မန်းလေးကို ... မန်းလေးကို ”

သူက ကားတွေဆီကို မသွားသေးဘဲ မန်ကျည်းပင်ရိပ်မှာ ခဏနားသည် ။ သူ့ တစ်ကိုယ်လုံးမှာ ချွေးတွေ ။ အိုက်စပ်ပူလောင်နေသည် ။ လမ်းမပေါ်မှာတော့ အစွမ်းကုန် အလှခြယ်သထားသော လုံမပျိုတွေ အထွေးလိုက် အထွေးလိုက် ။ ယောက်ျားလေးတွေ ကတော့ ဘောင်းဘီရှည်တွေနဲ့ပါလား ။ ပါးပေါ်မှာ သနပ်ခါး ပါးကွက်မျိုးစုံ ။ တူညီတာ တစ်ခုကတော့ ယောက်ျားလေး တော်တော်များများ အရက်မူးနေခြင်းဖြစ်သည် ။

“ အဲသာ ပွဲလာကြည့်ကြသာ ။ သည်နား ရှိသမျှရွာက အကုန်လာသာပဲ ။ မန္တလေး ကလဲ လာသာပဲ ။ ကနေ့ည သိန်းသန်းဝင်းဇာတ်ဝင်သယ်လေ ။ ရုံပွဲက သုံးည ကပြီးရင် ပြီးပြီ ။ အရင်ညတွေက တခြားဇာတ် ကသာလဲ လူပြည့်သာပဲ ”

မန်ကျည်းပင်ရိပ် အိမ်ကလေးက အမယ်အိုက သူ့ကို ရယ်လို့ မဟုတ်ဘဲ ပြောနေခြင်းဖြစ်သည် ။ စကားတွေ တတွတ်တွတ် ။ သူ မမေးရဘဲ data တွေ တော်တော် ရနေသည် ။

“ ကားတွေက ရပ်ခ ပေးရသာတော့် ။ အလကားရ မှတ်လို့ ၊ ဘယ်ရလိမ့်တုံး ၊ အကြီးတွေက ၅ဝတဲ့ ၊ ၃၀ တဲ့တော့ ။ ဆိုင်ကယ်က အစိတ်တဲ့တော့် ။ စက်ဘီးက ငါးကျပ်တဲ့ တော့် ၊ ကားသမားတွေက တော်ကြာ ရေတစ်ပုံး ပေးပါဦး လုပ်နေလို့ ပြောပစ်ရသယ် ။ ဟဲ့ ဒါက ဝယ်ထားရသာလို့ ၊ ရေတစ်စည် က ၃၀ ပေးရသာ အလကား ရမှတ်လို့ ။ မြစ်ဆိပ်ဆင်း ခပ်ရသာ လွယ်မှတ်လို့ ”

သူကတော့ ခေါင်းခန်း လွတ်နေသော ကားလေးတွေကို ရှာသည် ။ လိုင်းကားတွေ ပေါ်ကို သူ မတက်နိုင်ပါ ။ လူတွေက အပြည့်တိုးလိုးတွဲလောင်း ။

“ နောက်ဆုံးနေ့မှ ပစ္စည်းဝယ်ရသာ ၊ ပုဏ္ဏားသိမ်း ရောင်းကြဝယ်ကြသာ ။ ရှိသမျှ ကုန် ဈေးချရောင်းတော့ ဈေးပေါချက်တော့ ၊ ဝယ်သူတွေက ပုဏ္ဏားသိမ်း စောင့်နေသာ ”

ခဏကြာတော့ သူ ကားခေါင်းထဲ ရောက်ပြီ ။ လူ မရှိသေး ၊ ခေါ်တုန်း ။ စပယ်ယာရော ဒရိုင်ဘာပါ ပုဆိုးခေါင်းမြီးခြုံကာ တအား ကျုံးခေါ်နေသည် ။

“ နည်းနည်းတော့ ကြာမယ်နော် အစ်ကို ၊ လူပြည့်မှ ထွက်မှာ ”

“ ရပါတယ် ”

ရာပေါင်းများစွာသော လူတွေထဲမှာ ကားရှာနေသော စင်ကာပူ ပန်းချီဆရာမ ကို တွေ့တော့ ကားပေါ်မှ ဆင်းကာ သူ သွားခေါ်လိုက်သည် ။

“ ကျေးဇူးတင်လိုက်တာ ၊ ဟိုတယ်က ကျွန်မကို ကားစီစဉ်ပေးတယ် ။ ကျွန်မ လိုင်းကားပဲ စီးချင်လို့ ၊ ရှင် ကျွန်မကို မှတ်မိတာ အံ့သြတယ် ”

“ ခင်ဗျား ကင်မရာ မပါတာ နာတာပဲ ။ သည်လို ကျေးလက်ဘုရားပွဲကို ဓာတ်ပုံ ရိုက်သွားရမှာ ”

“ ဟုတ်ပါရဲ့ရှင် ၊ Sketch တော့ တော်တော်ရလိုက်ပါတယ် ”

နောက် တစ်နာရီလောက်မှ ကားထွက်ဖြစ်သည် ။ သူမ ကတော့ နီရဲအောင် ဆေးဆိုးထားသော သရက်သီးနှင့် အချဉ်ပေါင်းတွေကို လူတွေ အားပါးတရ ဝယ်စားနေတာကိုပဲ အံ့သြသတဲ့ ။ ဖုန် တထောင်းထောင်း ထနေတဲ့ ကြားက မုန့်တွေ အကြောင်းလည်းပါရဲ့ ။

“ မြန်မာ ကျေးလက်ဘုရားပွဲကို ဘယ်လိုမြင်သလဲ ”

“ ကျွန်မ သိပ်စိတ်ဝင်စားတယ် ၊ ပျော်စရာလဲ ကောင်းတယ် ”

“ သည်ဘုရားရဲ့ သမိုင်းက ပိုတောင် စိတ်ဝင်စားဖို့ကောင်းတယ် ”

“ ကျွန်မ စိတ်ဝင်စားလိုက်တာ ”

သူက စောမွန်လှရာဇဝင်ကို ငှက်လှေဘကြီး ပြောသမျှ စီကာစဉ်ကာ ပြောပြလိုက်သည် ။ ကားသံကို ကျော်ကာ အော်ပြောရခြင်းဖြစ်၏ ။

ဘုရားဖူးကားတွေ ကားလမ်းပေါ်မှာ လာကြတုန်း ၊ သွားကြတုန်း ။ ကားဒရိုင်ဘာ ကတော့ မျက်လုံးကြီး ပြူးရင်းက တက်တခေါက်ခေါက် လုပ်နေသည် ။

“ လိုင်းကားတွေ ရှေ့ကဖြတ်ထွက်လို့တဲ့ဗျာ ၊ ကားနံပါတ် မှတ်ထားလိုက်တယ်လေ ၊ ကုန်ဦးမယ် ပက်စပ် ”

ပက်စပ် ဆိုတာ ပိုက်ဆံရဲ့ အသံထွက်ဖြစ်သည် ။ သူကတော့ စောမွန်လှ ကို သနားရမှာလား ၊ ဒရိုင်ဘာကို သနားရမှာလား မဝေခွဲနိုင် ။ သူ့ဘေးက ပန်းချီဆရာမ ကတော့ လှောင်အိုက်နေသော ကားခေါင်းခန်းထဲမှာ ငိုက်မျဉ်းနေပြီ ။ သူကတော့ ဘုရားပွဲ အလာ ဆိုက်ကားဆရာ ပြောသော စကားတွေကိုသာ သတိရနေလေသည် ။

“ စောမွန်လှက သည်ဘုရားပွဲ ကျရင် လူယောင် ဖန်ဆင်းပြီး ဘုရားပွဲကို လာတတ်တာ ဆရာရဲ့ ” တဲ့ ။ သည်စကားသာ မှန်လျှင် သူ စောမွန်လှ နှင့် ဘုရားပွဲမှာပဲ တွေ့ချင်ပါသေးသည် ။ သူ့မှာ မေးချင်တာတွေ ရှိသည် ။

▢  နေဝင်းမြင့်
📖 မြို့ပြပိုးမွှားများ

Monday, January 26, 2026

နာနာရူပ


 

❝ နာနာရူပ ❞
( နေဝင်းမြင့် )

၁ ။

၁၉ ရာစု ရုရှားဝတ္ထုကြီးတွေ ထဲမှာ ဇာတ်လမ်းစ ဖွင့်သလို ဖွင့်ရတော့မှာပဲ ။

အဲဒီနေ့က ထမင်းကျွေး တစ်ခု ကျုပ်တို့ လိုက်စားကြတယ် ။ ထမင်းကျွေးဆိုတာ ကျုပ်တို့ကို ဖိတ်ပြီး ထမင်းကျွေးတာကို ပြောတာ ။ ဆွမ်းကျွေးလို ၊ အလှူအတန်းလို ၊ မင်္ဂလာဆောင်လိုတွေမှာ လူမှုရေးအရ ဖိတ် ကျွေးတာတွေ ရှိသလို စီးပွားရေးလုပ်ငန်းရှင်က ၊ ကုမ္ပဏီတွေ ၊ ပြပွဲတွေက စသဖြင့် Business နဲ့ ပတ်သက်လို့ ဖိတ်တာလည်း ရှိတယ် ။

အဲသလို မဟုတ်ဘဲ ထမင်းကို ကျွေးချင်လွန်းလို့ ဖိတ်ပါရစေ ဆိုပြီး ( အကြောင်း မည်မည်ရရ မရှိပါလျက်နဲ့  ) လူစုကျွေးတာ မွေးတာများလည်း ရှိတယ် ။

ကျုပ်တို့ကို ဖိတ်တယ်ဆိုလို့ ဘယ့်နှယ်မှလည်း မထင်နဲ့  ။ ကျုပ်တို့က စာရေးဆရာတွေ ။ စာရေးပြီး ထမင်းစားကြတဲ့ လူတွေ ၊ ကျုပ်တို့ ရေးကြတဲ့ စာတွေလည်း ချစ်လို့  ၊ လူတွေကိုလည်း ချစ်လို့ တကန်တက ခေါ်ပြီး ကျွေးတာလည်း ရှိတယ် ။ ကျုပ်တို့လည်း စားရချေသေးရဲ့ မဟုတ်ပါဘူး ၊ အိမ်ထဲမှာ တကုပ်ကုပ် ရေးနေရတာ များတော့ အပြင် လေကလေး ရှူချင်တာရော ၊ အချင်းချင်း ဆုံဖြစ် ကြတာရော ၊ သတင်းပလင်းကလေး ကြားချင်နာချင်တာရော ဆိုတော့ ဒီလိုမှ ဖိတ်ရင် လိုက်ဖြစ်ကြတယ် ။ တွေ့ကြတော့လည်း ပျော်ပျော်ပါးပါးပေါ့ ။ ပြောကြဆိုကြပေါ့ ။ စားကြသောက်ကြပေါ့ ။ အရက်ကလေး ဘာလေး ပါလာတော့ ကိုယ့်လူမျိုး ဘာသာစကားနဲ့တင် မလုံလောက်တော့ဘူးထင်ပြီး အင်္ဂလိပ်လိုတွေ ဘာတွေ ပါကုန်ရော ။ ကျယ်ကျယ် ကျယ်ကျယ် ပြောတတ်သူ ပါသလို လ က်ကလေး ကာကာ ပြောတတ်သူလည်း ပါသပေါ့ ။ စိတ်ကို လွှတ်ထား သူတွေ ပါသလို နောက်ဆံငင်ကြသူတွေလည်း ပါသပေါ့ ။ အသားငါး စားသူတွေ ပါသလို သက်သက်လွတ် စားသူတွေလည်း ပါသပေါ့ ။ အရက် ကြိုက်သူတွေ ပါသလို သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံတွေလည်း ပါသပေါ့ ။ ထားပါတော့ ၊ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေကိုး စကားလက်စ မကုန်နိုင်ဘူး ။ နည်းနည်းလေး မူးလာတော့ သဘင် ၊ ဂီတ ၊ သုခုမ အလုပ်ဖြစ်တဲ့ ကခြင်း ၊ သီခြင်းတွေ ပါလာရော ပြောပါတော့ ။

အဲဒီနေ့က အချိန်ကလေး နည်းနည်းနှောင်းတော့ ထမင်းစားပွဲကိစ္စ ပြီးကရော ။ ဒီမှာတင် တစ်ယောက်က အဆိုတင်တယ် ။

“ ဒီလို ကျွန်တော်တို့ လူစုံဖို့ ဆိုတာ မလွယ်ဘူး ။ ဆုံတုန်းဆုံခိုက် တစ်နေရာရာ သွားကြရအောင်ဗျာ ။ အိမ်ရှေ့မင်း ထန်းတော သွားသွား ၊ တောင်သမန် သွားသွား တစ်ခုခုပေါ့ ။ ကားတွေလည်း ပါသားပဲ ။ ဆိုင်ကယ်တွေလည်း ရှိတယ် ”

လုပ်ကရော ။ အိမ်ရှေ့မင်း ထန်းတောတဲ့ ။ တောင်သမန်တဲ့ ။ တကယ်ဆိုရင် ပြဿနာက ဒါ မဟုတ်ဘူး ။ ရွေးချယ်ရမှာက ဒါ မဟုတ်ဘူး ။ ဘယ့်နှယ် အခု ထမင်းစားပြီးတယ် ။ အခုပဲ သောက်ကြလို့ ပြီးတယ် ။ ဘယ်သွားစရာ လိုမှာတုန်း ။ အိမ်ပြန်ရုံပေါ့ ။ သူ့ကိစ္စ ၊ ကိုယ့်ကိစ္စ ရှိကြသူ တွေချည်း မဟုတ်လား ။ အိမ်မှာ ကိုယ်ရှိမှ ဖြစ်မယ် မဟုတ်လား ။ ဒီက နေ့အတွက် ဒါ တော်လောက်ပြီ မဟုတ်လား ။ မဟုတ်ဘူး  ။ ကျုပ်တို့က အဲဒါ မစဉ်းစားကြဘူး ။ အိမ်ရှေ့မင်းထန်းတော လား ၊ တောင်သမန် လား ဆိုတဲ့ နှစ်ချက် အပေါ်မှာ စဉ်းစားကြတယ် ။ မဲခွဲတော့ အိမ်ရှေ့မင်းထန်းတော ၉၇.၁၃ ရာခိုင်နှုန်းနဲ့ နိုင်တယ် ။ ကားနဲ့ လူ တွက်လိုက်တော့ ကိုကျော်စွာထက် ရဲ့ ကားပါတယ် ။ မနည်းဘူး ။ ကိုညီပုလေး မှာ ပါတယ် ။ ကိုဖူလုံ မှာ ပါတယ် ။ ဒေါက်တာစောလှခိုင် မှာ ပါတယ် ။ ရှေ့နေကြီး ဦးထွန်းအောင်ကျော် မှာ ပါတယ် ။ မန္တလေးသောက်ရေသန့် ကိုမောင်မောင်မြင့် ကို ဖုန်းဆက်ရင် သူ့ကားလည်း ပါနိုင်သေးယ်ပေါ့လေ ။ ချက်ချင်းပါပဲ ၊ တစ်ယောက်က လက်ကိုင်ဖုန်းနဲ့ ဆက်လိုက်တယ် ။

ဒီလိုနဲ့ အဲဒီနေ့ မွန်းလွဲလောက်မှာ ကျုပ်တို့ အိမ်ရှေ့မင်းထန်းတောထဲ ရောက်ပြီ ။ ထန်းတောရွာက လူတွေကလည်း ဒီလူတွေကို သိနေကြတော့ နတ်ကွန်းစင်ရှေ့နားက ကွက်လပ်ကလေးမှာ ဖျာတွေ ခင်းပေးကြတယ် ။ ထန်းရည်အိုးတွေ ရောက်လာတယ် ။ ကိုညိုထွန်းလူ က ဘယ်အချိန် စီစဉ် လိုက်သလဲ မပြောတတ်ဘူး ။ ကြက်သားရေချိုချက် အိုးကြီး ရောက်လာတယ် ။ မြေကြီးထဲ ဝက်သစ်ချသားအရက်စည်ကြီးနဲ့ ဆယ့်နှစ်နှစ် လောက်လှောင်ထားတဲ့ စကော့တလန်ဝီစကီ သောက်ခဲ့ကြတဲ့ လူတွေကလည်း အိမ်ရှေ့မင်းထန်းရည်ကျတော့လည်း မက်ရေစက်ရေ ရှိချက်တော့ ။ နည်းနည်းလေး ဟိုစကား ဒီစကား ပြောကြလို့ ပြီးတော့ ဥတ္တရ လွင်ပြင်ကိုသန်းဌေးကြီး က စကား စရော ။ ထုံးစံအတိုင်း ခပ်တိုးတိုး ဘယ်ဟုတ်လိမ့်မလဲ ။ ပါးစုန့်ကြီးကလည်း နီတွတ်လို့ ။ ဒီလူက စကားကို အားပါးတရ ပြောသလောက် မျက်နှာက ပြုံးထားတတ်တဲ့ လူကိုး ။ သူ့ကို ချစ်ကြတယ် ။

“ ထူးဆန်းတာက တစ်ခုဗျ ။ ကျုပ် အဲဒါကို ပြောဖို့ ချောင်းနေတာ ။ ပြောရင်လည်း ယုံကြည်မှာ မဟုတ်လို့ ချင့်ချိန်နေတာ ”

ဆိုတော့ တစ်ယောက်က “  မယုံဘူး ” တဲ့ လုပ်ကရော ။ ကိုသန်းဌေး မျက်နှာကြီးက ပိုနီသွားတယ် ။ ဘာတောင် မပြောရသေးဘူး ။ မယုံဘူးဆိုတော့ ထအော်ရော ။

“ နေပါဦး ၊ ကျုပ် ပြောပါဦးမယ် ။ ပြီးမှ ယုံတယ် ၊ မယုံတယ် ပြောကြပါ ၊ ခင်ဗျားတို့ ကလည်းဗျာ ၊ ကျုပ် Seriously ပြောနေတာ ။ ကျုပ်ကိုယ်တွေ့ ပြောမှာ ၊ ဘယ်စာအုပ်ထဲကမှ မဟုတ်ဘူး ”

ဒီလို ပြောလိုက်တော့ အားလုံး ငြိမ်သွားကြတယ် ။ ကိုယ်တိုင် တွေ့ခဲ့တ ယ်တဲ့ ။ သူတောင် မယုံနိုင်စရာကောင်းတဲ့ ကိစ္စပဲ ။ Seriously ပြောနေ တာတဲ့ ။ ဒီမှာတင် ကိုသန်းဌေး က စ ပြောရော ။

••••• ••••• •••••

၂ ။

မြူအိုးထဲက ထန်းရည်တစ်ခွက် စွပ်ခနဲ သောက်လိုက်ပြီး ချောင်းတစ်ချက် ဟန့်တယ် ။ ပြီးမှ သူ့စကား ဆက်တယ် ။

“ ဒီလိုဗျ ၊ တစ်မနက်မှာ ကျုပ်အိမ်ရှေ့မှာ စာအုပ်တွေ စခင်းတယ် ။ မနက်တော့ တော်တော် စောသေးတယ် ။ ငါးနာရီခွဲလောက် အိမ်ရှေ့ရေဖျန်းပြီး အမှိုက်လှည်း ၊ ငှက်မကြီးက တစ်ကောင်ပေါ့ဗျာ ။ ငှက်ပေါက်ကလေးတွေက သုံးကောင် ။ ဒီငှက် ကျုပ် မမြင်ဖူးဘူး ။ ငှက်မကြီးရဲ့ အရောင်တော့ ကျု ပ်မှတ်ထားလိုက်တယ် ။ အမောက်က ဘာအရောင် ၊ လည်ရစ်က ဘာအရောင် ၊ ကိုယ်လုံးက ဘာအရောင်ပေါ့ဗျာ ”

အုန်းမှုတ်ခွက်နဲ့ ထန်းရည်တစ်ခွက် ခပ်တယ် ၊ သောက်တယ် ။ ကျုပ်တို့ကို လိုက်ကြည့်တယ် ။ ကျုပ်တို့ ကလည်း ဒီအထိတော့ ဘယ့်နှယ်မှ မ နေကြပေါင် ။ ဘာထူးဆန်းတာမှ မပါသေးဘူး ။ မယုံလောက်စရာလည်း မပါသေးဘူး ။ ဒါပေမဲ့ အားလုံးက နားထောင်နေကြတာပါပဲ ။

“ လိုရင်းလုပ်ဗျာ .. ”

တစ်ယောက်က ထအော်လိုက်သေးတာ ။ ကိုသန်းဌေး ကတော့ ဆင်းပါတော့ဗျို့လို့ အအော် ခံရတဲ့ အဆိုတော်လိုပဲ ဘယ့်နှယ်မှ မနေဘူး ။ ပြောစရာရှိတာ ဆက်ပြောတယ် ။ ကျယ်ကျယ် ။

“ နောက် ကျုပ်က ဒီအရောင်တွေနဲ့ ငှက်အင်ဆိုက်ကလိုပီးဒီးယား မှာ ရှာတော့ ထန်းစေ့မှုတ် ငှက်တဲ့ ဗျ ။ အင်္ဂလိပ်လိုက ဂရက်ဘီ တဲ့ ။ ဂျီအာရ် အီးဘီအီး ၊ အမေရိကား မိန်းပြည်နယ်ဘက်က ငှက်တဲ့  ”

ဒီတော့မှ ကျုပ်တို့လည်း မျက်လုံးတွေ ပြူးကြရတော့တယ် ။ မြောက်အမေရိကတိုက် က ငှက်သားအမိဟာ ဘယ်လိုလုပ်ပြီး အာရှတိုက် မန္တလေးမြို့ ၈၃ လမ်း နဲ့ ၃၃ လမ်းထောင့်ကို ရောက်လာရသလဲပေါ့လေ ။ အင်ဆိုက်ကလိုပီးဒီးယား ဆိုတော့ မယုံလို့လည်း မဖြစ်ဘူး ။

“ မိုက်ဂေရေးထရီးဘာ့ဒ်ပေါ့ဗျာ ”

တစ်ယောက်က ဆောင်းခိုငှက် ၊ နယ်ကျွံငှက် ဆိုတဲ့ သဘောနဲ့ မှတ်ချ က်ပြုတယ် ။ ဒန်အိုးမည်းမည်း ထဲက နယ်ကျွံကြက်သားဖတ် ရှာရင်း အော်လိုက်တာပါ ။ ကိုသန်းဌေးက ဆက်ပြောတယ် ။

“ နေကြပါဦးဗျာ ခင်ဗျားတို့ ကလည်း ။ ဒါနဲ့ ကျုပ်ကလည်း တံမြက်စည်းကလေး ဓာတ်တိုင် မှီပြီး ရပ်ကြည့်နေတယ် ။ လမ်းသွားလမ်းလာတွေ မရှိသေးဘူး ။ ကျုပ်နဲ့ ငှက်သားအမိပဲ ရှိတာ ။ အနားမှာ အသိုက်ပြုတ်ကျနေတဲ့ စာသိုက်ရှိတယ် ။ ငှက်မွေးတွေနဲ့ မြက်ခြောက်တွေ ရောနေတဲ့ စာပုတီးသိုက်ဗျ ”

“ ဒါလည်း အင်ဆိုက်ကလိုပီးဒီးယားထဲ ကြည့်ပြောတာလား ”

“ နေဦး ၊ ပြီးမှ ပြောလက်စသတ်တော့ ၊ ငှက်မကြီးက သူ့သားကလေးတွေ ဘာကျွေးနေတယ် မှတ်သလဲ ။ ကိုင်း ... ခင်ဗျားတို့ ဘာထင်သလဲ ”

ကိုသန်းဌေးက စကားဖြတ်ပြီး ပြုံးပြုံးကြီး မေးနေပြီ ။ ငှက်မကြီးက ငှက်သားသမီးတွေ ကျွေးနေတာ ၊ ခွံ့နေတာ ဘာဖြစ်နိုင်သလဲ ။

“ ကိုယ် ကြိုက်တာ ကိုယ် ပြောရရင် ပဲပလာတာပဲ နေမှာ ပဲ ”

ကိုငြိမ်းက ထဖောက်သည် ။ ဒီတော့ ဝိုင်းပြောကြရော ။

“ အမ်ဒိုးနတ် ”

“ ပေါက်စီ ”

ဆရာ ညီစေမင်းက ထဟန့်တယ် ။ တိတ်ကြပါ တိတ်ကြပါပေါ့လေ ။ တိတ်သွားတာပါပဲ ။ ရုရှားလွှတ်တော်လိုပေါ့ ။ ကိုသန်းဌေး ကတော့ ပြုံးပြုံးကြီး ဆက်ပြောတယ် ၊ ခပ်တိုးတိုး ။

“ ငှက်မွေးတွေ ခွံ့နေတာဗျ ။ အနားမှာ ကျနေတဲ့ စာပုတီးသိုက် ထဲက ငှက်မွေးအဟောင်းတွေကို မအေကြီးက တစ်ပင်စီ ကောက်ကောက်ပြီး ငှက်ကလေးတွေရဲ့ ပါးစပ်ပေါက်တွေထဲ ခွံ့နေတာ ။ ငှက်ကလေးတွေကလည်း ကျေကျေနပ်နပ်ကြီး စားလိုက်ကြစမ်းဆိုဗျာ ။ ငှက်မွေးစားတဲ့ ငှက် တွေလေ ။ ကိုင်း - ခင်ဗျားတို့ တွေ့ဖူးကြသေးသလား ”

ဟုတ်တော့လည်း ဟုတ်ပါရဲ့ ။ ငှက်မွေးစား ငှက်လို့တော့ ကျုပ်အသက်လည်း ငါးဆယ် ပြည့်တော့မယ် ။ မကြားဖူးသေးဘူး ။ ကျန်တဲ့ စာရေးဆရာတွေ ကလည်း ငြိမ်နေကြတယ် ။ မထူးဆန်း သလိုနဲ့ ထူးဆန်းတာတော့ အမှန်ပဲ ။ ဒီမှာတင် တစ်ယောက်က “ ထူးဆန်းပါပေ့ဗျာ ” လို့ အော်တယ် ။ အားလုံး ငြိမ်သွားကြတယ် ။ ဒီမှာတင် ပင်လယ်ကမ်းရိုးတန်းဘက်က လာတဲ့ ကိုစိုးဘားဒိုင် က လှုပ်လာတယ် ။

“ ကျွန်တော်တို့ ပင်လယ်ဘက် မှာလည်း ထူးဆန်းတာ ရှိတာပဲ ”

••••• ••••• ••••• 

၃ ။

ကျုပ်တို့ အားလုံးက ကိုစိုးဘားဒိုင် ဘက် လှည့်ကြရရော ။ ထန်းတောထဲ ပြေးဝင်လာတဲ့ လေက ထန်းနံ့တွေ မွှေးနေလေရဲ့ ။ ပဲလှော်ဝါးသံတ တောက်တောက်နဲ့ စကားဝိုင်းပေါ့လေ ။ အကြောင်းအရာက မထင်မှတ် ဘဲ အဲဒီဘက် ရောက်သွားပြီ ။ ကျုပ်တို့ တစ်ယောက်စီကလည်း ကိုယ်စီ ကိုယ်စီ ထူးဆန်းတာလေးတွေ ပြောကြဖို့ တွေးနေကြတာလည်း ဖြစ်နိုင် တယ် ။ ကိုစိုးဘားဒိုင် က သူ့မျက်မှန်ကို ပင့်တယ် ။

“ ကျွန်တော်တို့ ပင်လယ်ဘက်မှာ ငတငါ ( ငါးတံငါ ) ဆိုတဲ့ ငါးတစ်မျိုး ရှိတယ်ဗျ ။ နိုင်ငံခြားသားတွေ ကတော့ Anglerfish ခေါ်ကြတယ် ။ ငါးငါး ချင်း မျှားစားတဲ့ ငါး ဆိုပါတော့ဗျာ ။ ကိုသန်းဌေးပြောတဲ့ ငှက်မွေးစားတဲ့ ငှက်လိုပဲ ငါးစားတဲ့ ငါး ဆိုပါတော့ ”

ဒီမှာတင် စကားဝိုင်းဟာ လှုပ်သွားတယ် ။ ငါးပေါက် ငါးသန်ကလေးတွေကို ငါးကြီးတွေက စားတာ ဘာထူးဆန်းလို့လဲ ။ ဒီကိစ္စများ ပင်လယ်ကမ်းရိုးတန်းနဲ့ ချီပြီး ပြောနေရသလား ။ မြစ်ထဲ ချောင်းထဲ အင်းထဲ အိုင်ထဲက ငါးတချို့လည်း ငါးနုပ်ပေါက်တွေ စားကြတာပဲ ။ သားစားငါးခူ ဆိုတာတောင် ရှိသေးမဟုတ်လား ။

“ ဒါ မထူးဆန်းပါဘူး ” တစ်ယောက်က ထချဲတယ် ။ ကိုသန်းဌေး ငှက် ကိုတောင် ထူးထူးဆန်းဆန်း စာရင်းထဲ ထည့်သင့် မထည့်သင့် စဉ်းစား နေကြရတဲ့ ကြား တစ်ယောက်က လာပြန်ပြီပေါ့လေ ။ ပခုက္ကူ မှ မပေါင်းတတ်ရတဲ့ ကြားထဲ အာလကပ္ပက တစ်မှောင့် ဆိုတာမျိုး ။

“ နေပါဦး ဆရာတို့ရာ ၊ ပြောတာများ နားထာင်ကြပါဦး ။ ငါးကို ငါး စားတာ ပြောချင်တာ မဟုတ်ဘူးဗျ ။ အဲဒီ ငတငါငါးက ခေါင်းမှာ ငါးမျှားကြိုး တစ်ချောင်း ပေါက်နေတာခင်ဗျ ။ အရှည်ကြီး ။ ထိပ်က လန်းလန်းလန်းလန်းနဲ့ ။ ဒီငါးက ပင်လယ်နက်ထဲက ကျင်းကြီးတွေ ထဲမှာ နေ တာ ။ အဲဒီ ငါးမျှားကြိုးက အနား ဖြတ်လာတဲ့ ငါးတွေကို မူးအောင် မွှေ့ပ စ်တယ် ။ မူးပြီဆိုတော့မှ သွားကြီးတွေ ဖြဲထားတဲ့ ပါးစပ်ထဲ မျိုချကြတာ ။ ဒီငါးမျှားကြိုး ထိပ်မှာ အဆိပ်ပါတာကိုး ။ ပိုက်တွေထဲ ဒီငါး ပါလာရင် ချက်ချင်း ဖယ်ပစ်ရတာ ၊ အဆိပ်ပြင်းလို့  ”

ကိုစိုးဘားဒိုင် က ကိုယ့်နာမည်ကိုယ် အလုပ်ခေါ် သင်ပုန်းပေါ်မှာ ရှာနေတဲ့ သင်္ဘောသားသစ်လို လူတွေကို လိုက်ဖတ်နေတယ် ။ ထန်းရည်ဝိုင်းက ငြိမ်နေပြန်ပြီ ။ ခေါင်းပေါ်မှာ ငါးမျှားကြိုး ပါတဲ့ ငါး ငတငါ ။ ငါးကလေးတွေကို မွှေနှောက်ပစ်ပြီးမှ မျိုချတာတဲ့ ။ ဒါထူးဆန်းတာပေါ့ ။ သတ္တလောက ကြီးဟာ ဆန်းကြယ်လှချေလား ။ သဘာဝတရားဟာ အံ့ဖွယ် ပါလား ။ ကျုပ်တို့ မသိတာတွေ လောကထဲ အများကြီး ကျန်ပါသေးသကော ။ ဒီမှာတင် သိပ္ပံ၀တ္ထုတွေ ရေးနေတဲ့ ကိုကျော်စွာထက် က လှုပ်လာတယ် ။ ဒီဆရာက တွေ့ရခဲတယ် ။ ဆေးခန်း ပစ်ထားပြီး တစ်ညနေ လွတ်လပ်ရေးရနေခိုက် ပြောစရာရှိတာတော့ ပြောကိုပြောမယ် ဆိုတဲ့ ပုံ ။ သူ ကတော့ ညင်ညင်သာသာပါပဲ ။

“ ကျွန်တော် တွေ့ဖူးတာတော့ မဟုတ်ဘူးဗျ ။ ကျွန်တော့်ဇာတ်ကောင်က ဝက်ဝံ ။ ဩစတြေးလျတိုက်ဟာ ဒီဝက်ဝံတွေရဲ့ အိုရီဂျင် ။ ဒီဝက်ဝံကို ကိုအာလာ လို့ ခေါ်ကြတယ် ”

ကိုကျော်စွာထက် က စကားခဏရပ်တယ် ။

••••• ••••• ••••• 

၄ ။

စာရေးဆရာတွေက ဒီမှာတင် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ် ။ မတွေ့ဖူးတာကို ပြောကြေးလား ။ ဒီလိုဆိုရင် တို့လည်း ဖတ်ထားတာ ပြောမှာပေါ့ ။ ကိုယ်တွေ့များ ပြောကြေးလားလို့ ။ နေပါဦး ၊ ဖတ်ထားတာ ပြောကြေး ဆိုရင်ကော ဘာပြောရမလဲ ။ တစ်ယောက်က ငှက်ကို ပြောပြီ ။ တစ်ယောက်က ငါးကို ပြောပြီ ။ အခုတစ်ယောက်က ဝက်ဝံတဲ့ ။ ကိုအာလာ ဝက်ဝံတဲ့ ။

“ နေကြပါဦး ၊ ပြောပါစေဗျ ။ ဝက်ဝံကြီး အိမ်ရှေ့ဆေးခန်းရှေ့ တွေ့တယ်လုပ်လို့ ဘယ်ရပါ့မလဲဗျ ။ ဘယ်လို Reasonable ဖြစ်ပါ့မလဲ ။ ပြီး တော့ ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး ငြင်းလို့ရမှာတုန်း ။ နဂိုက စည်းကမ်းချက် မရှိဘဲနဲ့ ကိုယ်တွေ့ ပြောကြေးလို့ ဘယ်သူက ပြောထားလို့တုန်း ”

ကိုညီပုလေး က ဝင်ဖျန်ဖြေတယ် ။ ဟုတ်သားပဲ ။ မူလစည်းကမ်းချက် မရှိပါဘဲနဲ့ ထကန့်ကွက်လို့ ဘယ်ရပါ့မလဲ ။ ဒီမှာတင် ကိုကျော်စွာထက် ပြောစေပေါ့လေ ။ ဒီတော့မှ ကိုကျော်စွာထက် လည်း အလုံးကြီး ကျသွား ပုံနဲ့ ဆက်ပြောတယ် ပြောပါတော့ ။

“ ဒီအကောင်တွေကို The oddest of the beasts လို့တောင် ခေါ်ကြတယ် ။ အင်မတန် ထူးဆန်းတဲ့ သတ္တဝါကြီးတွေပေါ့ဗျာ ။ ဒီသတ္တဝါတွေ က ရေမသောက်ကြဘူး ။ ဘယ်သတ္တဝါ မဆို အစာ တစ်ခုခု စားပြီးရင် ရေ လိုကြတာချည်းပဲ မဟုတ်လားဗျ ။ အစာအတွက် ရေက Supplement လေ ။ ဒီ ဝက်ဝံတွေက ရေမသောက်ကြဘူး ။ တစ်သက်လုံး မသောက်ကြဘူး ”

“ ဒါ မဖြစ်နိုင်ဘူး ”

ရှေ့နေကြီး ကန့်ကွက်တယ် ။ တစ်သက်လုံး ရေမသောက်ဘူး ဆိုတာတော့ လွန်ပါ့ မောင်ရာ ဆိုတဲ့ ပုံနဲ့ တရားရုံးမှာ ကန့်ကွက်တဲ့ လေသံနဲ့ ကန့်ကွက်လိုက်တာ ၊ ရှေ့နေ ကန့်ကွက်တာများတော့ ရိုးနေပြီဆိုတဲ့ ပုံနဲ့ ပြုံးတယ် ။ အားလုံးကလည်း ဒီမေးခွန်းကိုပဲ မေးချင်နေကြတာ မဟုတ်လား ။ ရှေ့နေကြီးက မေးလိုက်တော့ အဖြေ စောင့်နေကြတယ် ။ ကိုကျော်စွာထက် ကလည်း အဖြေ ရှိပါတယ် ။ ဖြေတယ် ။

“ ဒီဝက်ဝံတွေရဲ့ ထူးဆန်းမှုက ဒါပဲဗျ ။ သစ်ရွက်တွေထဲမှာ ပါတဲ့ ရေ ငွေ့ဓာတ်လောက်နဲ့ တင်းတိမ်နိုင်ကြတယ် ။ သစ်ရွက်နည်းနည်းပါးပါး စားလိုက်လို့ ရတဲ့ ရေငွေ့လောက်နဲ့ အာသာပြေ ကြတယ် ။ သူတို့ ဘဝမှာ ရေရယ်လို့ ရှာသောက်တာ မရှိကြဘူး ”

ဒီတော့မှ ကျေနပ်သွားကြပုံနဲ့ ဝေးခနဲအော်ကြတယ် ။ ဒါဖြစ်နိုင်တယ်လို့ လက်ခံကြတယ် ။ ရှေ့နေကြီးကလည်း သူ့ကန့်ကွက်ချက်ကို ရုပ်သိမ်း တယ် ။ ဆရာ ညီစေမင်း ၊ ကိုညီပုလေး နဲ့ ကိုကျော်စွာထက် က အရက် နဲ့ ထန်းရည် မသောက်ကြသူတွေဆိုတော့ ပဲလှော်ကိုချည်း ဝါးကြတယ် ။

ကျန်တဲ့ လူတွေက ထန်းရည် ထပ်မှာကြတယ် ။ ထူးဆန်းသော စကားဝို င်း ဆိုပါတော့ ။ ညနေတောင် စောင်းနေပါပြီ ။ ဘယ်သူမှ မထနိုင်ကြ သေးဘူး ။

“ ကျုပ်တို့ အောင်ပင်လယ်မြို့သစ် တည်တော့ အင်းဟောင်းကြီး တစ်ခု ထဲမှာ ထူးဆန်းတဲ့ ငါး တစ်မျိုး သွားတော့တယ် ။ ကျုပ် ကိုယ်တွေ့ ၊ ကျုပ် ကိုယ်တွေ့ ... ”

အောင်ပင်လယ်မြို့သစ်သား ကဗျာဆရာ ၊ ၀တ္ထုတိုဆရာ ကျုပ်တို့ လူ ကိုငြိမ်း ( မန္တလေး ) က သူ့ရဲ့ ခရက်တုန်း ( Crack Tone ) နဲ့ စကားစလိုက်တော့ ကိုငြိမ်း ကတော့ Ultra Modern ၀တ္ထု တစ်ပုဒ်တော့ စပြန်ပြီ ဆိုပြီး ပြုံးကြတယ် ။ လုပ်ပြန်ပြီပေါ့လေ ။

••••• ••••• •••••

၅ ။

ကိုငြိမ်း ( မန္တလေး ) ကတော့ မယုံတာ မောင်ရင်တို့ အလုပ် ၊ မယုံလောက်အောင် ယုံအောင်ပြောဖို့က ကိုယ့်အလုပ် ဆိုတဲ့ ပုံစံနဲ့ မုတ်ဆိတ်ကို သပ်တယ် ။ ခေါင်းပေါ်က ကောင်းဘွိုင်ဦးထုပ်ကို ချွတ်တယ် ။ ထန်းရည် တစ်ခွက် မက်မက်စက်စက် ချလိုက်သေးတာ ။ လေချဉ်ကြီးတစ်ချက် ဂေ့ခနဲ ထိုးပြီးမှ သူ့ ရော်ဘင်ဟုဒ် စက်ဘီးအို တရုတ်တန်းရှေ့ ပျောက်သွားသလို လူတွေကို လိုက်ကြည့်တယ် ။ စရတော့မလားပေါ့လေ ။

“ ပြောမှာသာ ပြောပါဗျာ ၊ ကျွန်တော်တို့ မပြောနဲ့ ဆိုလည်း ကိုငြိမ်း က ပြောမှာပဲဟာ ”

တစ်ယောက်က ပြောလိုက်တော့မှ တဟဲဟဲ ရယ်တယ် ။

“ အခု ကိုငြိမ်း ပြောမှာက မူးလို့ မဟုတ်ဘူးနော် ။ ကိုငြိမ်းက မူးတယ် ဆိုတာ မရှိဘူး ။ ကိုငြိမ်းက အရက်ကို သောက်တာ မဟုတ်ဘူး ။ အရက်က ကိုငြိမ်းကို သောက်နေတာ ။ ကိုငြိမ်း မမူးဘူး ဆိုတာကို မူးလို့ ပြောတာ ထင်ပြီး မောင်ရင်တို့ မူးနေမှာ စိုးလို့ ပြောနေတာ ”

“ မူးတယ်ဗျို့ ”

“ အခုက ဘာလဲ ၊ ငှက်တွေ ၊ ငါးတွေပြီးလို့ ကိုငြိမ်း သူ့အကြောင်းသူ ပြောနေတာလား ”

“ ဝတ္ထုရေးမယ့်ဟာတွေ မပြောကြေး ”

“ စပါတော့ဗျို့ ”

တစ်ယောက်တစ်ပေါက် ဝိုင်းအော်တော့မှ ကိုငြိမ်း က သူ့ရဲ့ ထူးဆန်းထွေလာ ပြည်မြည်မာကို စပြောလေရဲ့ ။ သူ့ဂျာကင်ကော်လာကြီးကို ထောင်တယ် ။ အိတ်ထဲက ကွမ်းတစ်ယာ နှိုက်ပြီး ပါးစောင်ထဲ ထည့်တယ် ။

“ ဒီလို ၊ ကိုငြိမ်း ... အောင်ပင်လယ်ကို ခပ်စောစောကတည်းက ရော က်တာ ။ တစ်ထောင့်ကိုးရာ ... အဲ ... ထားပါတော့ ၊ အဲဒီနှစ် ရောက်တာ ဆိုတော့ အဲ .. ”

“ တိတိကျကျပြောပါ သိပ္ပံနည်းကျပြောပါဗျို့ ”

“ ရှက်ဖွယ် ... ရှက်ဖွယ် ”

စာရေးဆရာတွေက ထအော်ကြတယ် ။ ကိုငြိမ်း ကတော့ သူ့ ထုံးစံအတိုင်း ပြုံးပြုံးကြီး ။

“ နေပါဦး ၊ မောင်ရင်တို့က သမိုင်းဘာသာ ဖြေကြမှာ မို့လား ။ ခုနှစ်သက္ကရာဇ်တွေ မလိုပါဘူး ။ မသေချာခြင်းကိုက ကိုငြိမ်းရဲ့ သေချာခြင်းပဲ ။ မောင်ရင်တို့ အေးအေးဆေးဆေး နားထောင်ဖို့ပဲ လိုတယ် ။ ကိုယ့်ရဲ့ မြင့်မြတ်ခြင်းကို ကိုယ့်လက်နဲ့ မဖဲ့ကြပါနဲ့ ”

အားလုံးတိတ်သွားကြတယ် ။ ပွစိ ပွစိ ဆိုရင် မြင့်မြတ်ခြင်းကို ဖဲ့ရာကျတော့မှာကိုး ။

“ ဒီလို ၊ အောင်ပင်လယ် ဆိုတာက တကယ် တောအစစ် ကဲ့သို့ လယ်တော ၊ လယ်တောဖြစ်လို့မို့ မဟုတ်လား ၊ ထူးဆန်းတဲ့ သတ္တဝါတွေကို ရှိကောင်း ရှိမှာ ပေါ့ ။ တစ်ရက် ကိုငြိမ်း အင်းဟောင်းကြီးနား ရောက်သွားတယ် ။ သွား ခံစားတာ ။ ဂျပန်ဟိုက္ကူဆရာ ဗသျှိုး လိုပေါ့ ”

“ ကောက်ရိုးပါပဲကွာ ”

ကိုညိုထွန်းလူ က ညည်းတယ် ။ ဘယ်လို သတ္တဝါကြီး ထွက်လာမယ်သာ မသိရသေးတာ ။ စကားချီနေတာက လိုရင်း မရောက်သေးဘဲကိုး ။

“ အဲဒီမှာ ထူးဆန်းတဲ့ ငါးလိုလို သတ္တဝါတစ်ကောင် တွေ့တယ် ။ ငါး မဟုတ်ဘူးနော် ။ မောင်ရင်တို့ မျက်စိထဲ ငါးတွေ မြင်နေကြမှာ စိုးလို့ ပြောတာ ။ ငါးလိုလို သတ္တဝါ ၊ သေသေချာချာ ကြည့်တော့မှ အကောင် နှစ်ကောင်ပူးနေတာ ။ ခွာထုတ်လို့ မရအောင် အသားချင်းပါ တစ်ဆက်တည်းပူး ကပ်နေတာနော် ။ လိင်ကွဲချင်း ပူးနေတာပေါ့လေ ။ တစ်ကောင့်တစ်ကောင့် ကိုက်ထားကြရင်းက မလွှတ်ကြတော့တာ ။ နောက်တော့ အသားချင်း ဆက်သွားပုံရတယ် ။ နောက်ပိုင်း မစ္ဆဗေဒဌာန ကို သွားပြတော့ ပညာရှင် တစ်ယောက်က ဒါဟာ ပင်လယ်အောက်မှာပဲ ရှိရမယ့် ငါးမျိုးတဲ့ ။ အဖို နဲ့ အမ ပူးထားရင် အမ ဆိုတဲ့ သဘော လက္ခဏာဟာ မိတ်လိုက်ဖို့ လောက်သာ ကျန်ပြီး အဖိုဘက်ကို ခပ်များများ ပြောင်းသွားတတ်ကြသတဲ့ ပြောချင်တာက ကိုယ်တို့ အောင်ပင်လယ်ဟာ ရှေးက ပင်လယ်ရေ အောက်မှာ ရှိရမယ် ။ ဒါက ကိုငြိမ်းရဲ့ တွေ့ရှိချက်ပဲ ”

“ နေပါဦး ၊ အဲဒီအကောင်က ဘယ်မှာတုန်း ”

“ ကိုငြိမ်း ကြော်စားလိုက်ပြီ ”

“ ဟယ် ... ”

စာရေးဆရာတွေ ထဲက တချို့ကတော့ သူရေးမယ့် ဝတ္ထုလားလို့ တွေး နေကြပုံပေါ်တယ် ။ တချို့ကလည်း ဟုတ်လောက်ပါရဲ့ ဆိုတဲ့ ပုံနဲ့  ။ ဘာပဲ ဖြစ်ဖြစ် သူ ပြောတာလည်း ထူးဆန်းတာပဲ မဟုတ်လား ။ ကျေနပ်သွားကြတယ် ။

“ ဘရာဗို ” လို့ အော်ကြတယ် ။ ဘာမှန်းသာ မသိတယ် ကြောက်စရာသ တ္တဝါပေကိုး ။ စကားဝိုင်းဟာ စဉ်းစားရာ ရသွားသလို တိတ်သွားပြန်ရဲ့

••••• ••••• •••••

၆ ။

“ ကျွန်တော် ငယ်ငယ်တုန်းက ချိုးထောင်ဘက်နေခဲ့ဖူးတယ် ။ ကျွန်တော် ဖားတစ်ကောင် တွေ့ဖူးတာများ တော်တော်ကို ထူးဆန်းတာ ”

ဒီစကားကို စသူက ကိုညိုထွန်းလူ ပါ ။ ဒီလူက တိရစ္ဆာန်ဆေးကုဆရာဝန်လည်း ဖြစ်ပြန် ၊ နယ်တကာ အနှံ့ ခရီးသွားဖူးသူလည်း ဖြစ်ပြန်ဆိုတော့ သူ့ဘက် အာရုံ ရောက်သွားကြတယ် ။ ဓာတ်ခွဲခန်းမှာ ဖားအမျိုးမျိုး ခွဲလာတဲ့ လူက ထူးဆန်းတဲ့ ဖားတစ်ကောင် တွေ့ဖူးတယ် ပြောနေပြီ ။ တော်တော့်ကို ထူးဆန်းလို့သာ ပြောနေတာပဲ ဆိုတာလည်း သဘောပေါက်ကြရဲ့ ။

“ ဘယ်လို ဖားမျိုးပါလိမ့်ဗျာ ၊ ကျုပ်က ရွာမှာ ဖားရိုက်လာတာဗျနော် ။ ဖားမျိုးရှစ်ဆယ်တော့ ကျွမ်းပြီးသားရယ် ။ တော်ရုံ ဖားတော့ မပြောနဲ့ ”

ကိုခင်အောင်ဝင့် က ဝင်ငေါက်တယ် ။ ဖားတလက် ၊ ဖားခုံညင်း ၊ ဖားပျံ ၊ စားဖား ၊ ဖားပြုပ်တွေလောက် တွေ့ဖူးတဲ့ ကျုပ်ကလည်း ဘယ်လို ဖားမျိုးပါလိမ့်လို့ တွက်တယ် ။

“ ဖားက ထူးဆန်းတာ မဟုတ်ဘူးဗျ ။ အဲဒီ ဖားနားမှာ တောက်တောက်သံ ပေးရင် ဖားရဲ့ နားစည်ခွက်က သူ့မျက်လုံးထက် ကြီးကြီးလာတာ ။ များများ နဲ့ မြည်မြည် ကြားရလေ နားရွက်က ကြီးကြီးလာတာဗျို့ ။ ဒီလို ကြီးကြီးလာတော့ သောတအာရုံ ပိုကောင်းလာပုံရတယ် ။ ခပ်ဝေးဝေးက အသံ သဲ့သဲ့ကလေးတွေကိုတောင် ကြားရပုံနဲ့ ရေကန်ထဲ ခုန်ချတာပဲ ”

“ ဖားက နားရွက်ပါလို့လားဗျ ”

ဟုတ်တယ် ၊ ဒါ မေးရမယ့် မေးခွန်းပဲ ။ ဖားတွေမှာ နားရွက် ရှိ ၊ မရှိ ဘ ယ်သူမှလည်း မသိကြဘဲကိုး ။ တစ်ယောက်က မေးလိုက်တာကို စဉ်း စားကြတာပေါ့လေ ။ ဒါပေမဲ့ ကိုညိုထွန်းလူ က ဒီမေးခွန်းလာလိမ့်မယ် ဆိုတာ သိသားပဲ ။ မျှော်လင့်ပြီးသားပဲ ။

“ ရှိတယ်ဗျ ၊ ဖားမှာလည်း အကြားအာရုံ ရှိတာပေါ့ ။ ယုန်တွေ ဆိုရင် နားရွက်ရှည်တော့ ဇီးကွက် အတောင်ခတ် ကြားရတယ်ဗျာ ။ ဓားခုတ် ကောင်တွေက ဗိုက်အောက်မှာ နားရွက် ရှိလို့ ကျီးကန်း အန္တရာယ်ကို သိတယ်ဗျာ ။ စနှိက်ငှက်တွေက တီးကျင်းထဲ နှုတ်သီး ထိုးနှိုက်နေပေမယ့် ခေါင်းငယ်ထိပ်မှာ မျက်စိတစ်စုံရှိလို့ ရေဒါလို ကြည့်နိုင်တယ်ဗျာ ။ အဆိ ပ်ငါးတစ်မျိုးက ဆေးထိုးအပ်လို ဥမင်နဲ့ ရန်သူကို ဆေးထိုးတတ်တယ်ဗျာ ၊ ရှိတာပေါ့ဗျ ”

ကိုညိုထွန်းလူ ရှင်းပြတော့ အားလုံးက ဟုတ်ချေရဲ့ပေါ့ ။ ကိုငြိမ်း က ဓားခုတ်ကောင်လို နားရွက်များ ဆိုက်ကပ်နေသလားလို့ ဗိုက်ကို စမ်းကြ ည့်နေတယ် ။ ကိုသိုက်ထွန်းသက် က သူ့နားရွက်တွေကို သူ စမ်းနေတယ် ။ ကိုမောင်မောင်မြင့် က ဆေးထိုးအပ်တွေ မြင်ယောင်နေပုံမျိုး ။

••••• ••••• •••••

၇ ။

မိုးချုပ်တော့မယ် ။ နေလုံးက အနောက်ဘက် သခင်မတောင် နဲ့ ကွယ် နေပြီ ။ ကြက်သားရေချို နောက်တစ်အိုးတောင် ကုန်လုပေါ့ ။ ကိုဆူးငှက် နဲ့ ကိုသိုက်ထွန်းသက် က ဘာမှ မပြောသေးဘူး ။ “ တစ်ယောက်က လုပ်ပါဦးဗျ ” လို့ သတိပေးပေမယ့် ဘယ်သူမှ မလှုပ်ကြသေးဘူး ။ ထူးဆန်းတာတွေ ကုန်ပြီလား ။ ကျုပ်ကတော့ ငါ့အလှည့်ကျရင် ငါပြောတာ ယုံပါ့မလားလို့ တွေးနေမိတယ် ။ ထန်းရည်ကလေး တစ်ခွက်လောက် လှမ်း ခပ်လိုက်ရုံရှိသေး ကိုဆူးငှက် အသံ ထွက်လာတယ် ။

“ ကျွန်တော် နေတဲ့ ရပ်ကွက်နောက်မှာ ကွင်းကြီးရှိတယ် ။ အဲဒီ ကွင်းကြီးနားမှာ အိမ်ကလေး နှစ်လုံး ရှိတယ် ။ အဲဒီ အိမ်ကလေးတွေ ရှေ့မှာ ကွက်လပ်ကျယ် တစ်ခုရှိတယ် ။ အဲဒီ ကွက်လပ်ကျယ်ကြီး နားမှာ သစ်ပင်တစ်ပင် ရှိတယ် ။ အဲဒီ သစ်ပင် ... ”

“ အညာစာလွှာ ၊ အညာစာလွှာ ”

“ မန္တလေးမျဉ်းဖြောင့် ၊ မန္တလေးမျဉ်းဖြောင့် ”

စာရေးဆရာတွေ ဝိုင်းအော်တော့ ကိုဆူးငှက် လန့်သွားလေရဲ့ ။ သူ့ထုံးစံ မပွင့်တပွင့် အပြုံးနဲ့ ။ ဥတ္တရလွင်ပြင်ကြီး ကတော့ မြန်မြန် ပြောကြဗျာ ၊ မိုးချုပ်တော့မယ်လို့ အော်နေပြီ ။ ကိုငြိမ်း က စိတ်ညစ်တာ အဲဒါတွေပဲလို့ ညည်းတယ် ။ ကိုညီပုလေး ကတော့ ပဲလှော်ကြောင့် ဝမ်းနာနေပုံမျိုး ။ ကိုဆူးငှက် က အားလုံးကို လိုက်ကြည့်ပြီးမှ သူ့စကားကို ဆက်တယ် ။

“ အဲဒီ သစ်ပင်အောက်မှာ အမြဲတမ်း ကြက်ဝိုင်း ရှိတယ် ။ အဲဒီ ကြက်ဝိုင်းကို လာတဲ့ ကြက်သမားတွေ ထဲမှာ ကိုစံမောင် ဆိုတာက ဒေါင်းရိုးသား ၊ ကျွန်တော်နဲ့ ခင်တယ် ။ တစ်ရက် ကျွန်တော် တာရိုးပေါ် လက်ဖက်ရည် သွားသောက်ရင်း ဒီအိမ် ကလေးတွေနား ဖြတ်တယ် ။ ကြက်ပွဲက ကောင်းနေပြီ ။ လူတွေ ဆိုတာလည်း အုံခဲလို့  ၊ ကိုစံမောင်က သူ့တိုက်ကြက်ကြီး ပိုက်ထားရင်းက သစ်ပင်အောက်မှာ ကြက်ကို ရေပေးနေတယ် ။ ရေကလေး ခွံ့လိုက် ၊ ကြက်စလုတ် ဆွဲဆန့်ပြီး ကော့ကော့ ပေးတာ ။ ဒါနဲ့ ကျွန်တော်က ကိုစံမောင်က ဒီနေ့ နားတာလား ဆိုတော့ မနားဘူးတဲ့ ။ ခက်တယ်ဗျာတဲ့ ။ ကျွန်တော့် ကြက်ကို အောက်ကြေး ချရတာပါတဲ့ ။ ကျွန် တော်က အောက်ကြေး ဆိုတော့ ဘာလဲဆိုတော့ နိုင်ရင်တောင် ငွေပြည့် မရဘူးတဲ့ ။ ငါးမူးစား စားရတာတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ကြက်က ကြက်မောင်းပြန် ခေါ်တယ်တဲ့ ”

စာရေးဆရာတွေ အားလုံး ကိုဆူးငှက် ပြောတာ နားစိုက်ထောင်နေကြပါတယ် ။ ကြက်မောင်းပြန် ဆိုတာ မကြားဖူးကြဘဲကိုး ။ တိုက်ကြက်များတော့ မြင်ဖူးကြတာပေါ့ ။ ကြက်တိုက်တာလည်း ကြုံဖူးကြသားပေါ့ ။ အခုဟာက ကြက်မောင်းပြန် ဆိုပါကောလား ။ ထူးတော့ ထူးဆန်းနေပြီပေါ့လေ ။ တချို့က ခဏနေဦး ဆိုပြီး ထသွားကြတယ် ။ မရိုသေ့စကား အပေါ့အပါး သွားကြတာပါ ။ နတ်ကွန်းစင် ကလည်း ရှိတော့ အာလုံးလိုလိုက “ ကန်တော့ ” ဆိုပြီး သွားကြတာ ။ အဲဒီနေ့က ထူးထူးဆန်းဆန်း တခြားဝိုင်း မရှိဘူး ။ ကျုပ်တို့ချည်းလိုလိုပဲ ရှိကြတာ ။

“ လုပ်ပါ လုပ်ပါ ၊ ဆက်လုပ်ပါ ၊ ကြက်မောင်းပြန် ရောက်နေပြီ ”

“ ကျွန်တော်က ကြက်မောင်းပြန် ဆိုတာ မကြားဖူးပါလား ဆိုတော့ ကျွန်တော့် ကြက်ရဲ့ အတက်က မောင်းပြန်မောင်းချဓားလိုပဲ အတက်က ရု ပ်လို့ သိမ်းလို့ ရတယ်တဲ့ ။ ဒီအတိုင်း ကြည့်ရင်တော့ ရိုးရိုးအတက်ပါပဲ ၊ ငုတ်စိကလေးပါပဲတဲ့ ။ ကြက်ချင်း တိုက်တော့မှ ထွက်လာတာတဲ့  ၊ ကိုစံမောင် က ရှင်းပြတာပေါ့လေ ”

“ တကယ်ကော တိုက်တာ မြင်ခဲ့ရလား ”

တစ်ယောက်က မေးတော့ ကိုဆူးငှက် က ခေါင်းညိတ်တယ် ။

“ တွေ့ပါ့ဗျာ ၊ တကယ်လည်း တိုက်ရော စက္ကူဖြတ်စက် ခင်ဗျားတို့ တွေ့ဖူးကြတယ်မို့လား ။ Shredder လေ ၊ စက္ကူဖြတ်စက်ဟာ ၊ တစ်ဖက်ကြက်ဟာ ကြက်မောင်းပြန် နဲ့ ဆိုင်ပြီး နှစ်ခါလား ခုန်လိုက်ရတယ် ။ ရင်အုံမှာ တော်တော်နက်တဲ့ ဟက်တက်ကွဲ အမြှောင်းရာ ရှစ်ချက် ပေါ်လာတော့တာပဲ ... ”

တစ်ယောက်က အနားက ရေချိုချက်ကြက်သားဟင်းကို လှမ်းကြည့်တယ် ။ ဒီကြက်များ ဖြစ်နေမလားပေါ့လေ ။ ကျုပ်ကတော့ ဟက်တက်ကွဲ နေတဲ့ ကြက်ရင်ပုံကြီးကိုပဲ မြင်နေတာပါ ။

“ ကိုဆူးငှက် က ကြက်မောင်းပြန် ပြောလို့ ကျွန်တော် တွေ့ဖူးတဲ့ အိမ်မြှောင်အကြောင်း သတိရမိတယ် ”

အလို ၊ လာပြန်ပဟ ။ အိမ်မြှောင် ဆိုပါကလား ။ ပြောလိုက်သူက ပုံ့ပုံ့ကြီး ထိုင်နေတဲ့ ကိုသိုက် ။ ကိုသိုက်ထွန်းသက် ပေါ့လေ ။ အားရပါးရ ပြောတော့မယ် ဆိုတဲ့ ပုံနဲ့ အပေါ်က အနွေးထည်နှစ်ထပ်ကို ချွတ်တယ် ။ ပါလာတဲ့ ကြွပ်ကြွပ်အိတ်ထဲ ထိုးထည့်တယ် ။ ထိုင်ရက် ပုဆိုးပြင်ဝတ်တယ် ။ ပြီးတော့မှ တစ်ယောက်စီ လိုက်ကြည့်နေလေရဲ့ ။ ကိုငြိမ်း ( မန္တလေး ) က ကိုသိုက် အတွက် ဆိုပြီး တစ်ခွက်ထပ်ချ လိုက်တယ် ။ ရှေ့နေကြီးက “ ကိုသိုက် ဂိုးအွန် ” တဲ့ ။ ဆက်ပြောပါပေါ့လေ ။

••••• ••••• •••••

၈ ။

“ ကျွန်တော် ငယ်ငယ် ကျွန်တော့်မိဘများ နေတဲ့ ရပ်ကွက် မလှမ်းမကမ်းမှာ ဘုန်ကြီးကျောင်း တစ်ကျောင်းရှိတယ် ။ စိန်နားပန်ကျောင်း လို့ ခေါ်တယ် ။ ရှေးကျောင်းကြီး ၊ ကျွန်းတိုင်ကြီးတွေကပဲ ဆန်ကောဝိုင်းစာ လောက် ကြီးတယ် ။ ကျွန်တော့် မိဘများက ဆွမ်းချိုင့် ပို့နေကျ ဆိုတော့ လူကြီးတွေ မအားရင် ကျွန်တော့်ကို လွှတ်တတ်တယ် ။ ကျွန်တော်က ၁၂ နှစ် ၊ ၁၃ နှစ် သားလောက် ရှိဦးမယ် ”

တချို့က ဒူးထောင် ပေါက်ကား လှဲရင်း နားထောင်ကြတယ် ။ မိုးက ချုပ်တော့မယ် ။ တချို့က ပြန်ချင်ပြီ ။ ခက်တာက ထူးဆန်းတဲ့ အတွေ့အကြုံတွေ မပြောသေးသူတွေ ကျန်သေးတယ် ။ ရှေ့က ပြောပြီးသား လူတွေ ကတော့ ပြဇာတ်ထဲ စောစောသေနတ်မှန်သူတွေလို ကိစ္စငြိမ်းကြပြီ ။ မိုးက ချုပ်တော့မယ် ဆိုတော့ ကိုသိုက် ကို စကြတယ် ။

“ အီးဗီးနင်း ကိုကိုရဲ့ လုပ်ပါဟ ”

“ တစ်ရက် ကျွန်တော် ရောက်သွားတော့ ဦးပဉ္စင်း တစ်ပါးပဲ ကျောင်း မှာ ရှိနေတယ် ။ ဦးပဉ္စင်း က ကျွန်တော့်ကို ဖန်ပုလင်းကြီး တစ်လုံး ပြတယ် ။ အထဲမှာ သဲတွေ ။ သဲပေါ်မှာ အိမ်မြှောင် တစ်ကောင် ရှိနေတာတွေ့တယ် ။ ကျွန်တော်တို့ တွေ့နေကျ အိမ်မြှောင်ထက် နှစ်ဆလောက် ရှိမယ့် အိမ်မြှောင်ပါ ။ အိမ်မြှောင်က အမွေးတွေနဲ့  ။ အရေခွံ လဲခါစ ဆိုတော့ အသားတွေက ရဲလို့  ။ အနားမှာတော့ အရေခွံဟောင်းလည်း တွေ့တယ် ”

“ ကိုသိုက် ပြောချင်တာ အရေခွံလဲတဲ့ အိမ်မြှောင်ပေါ့ ၊ ဒီလိုလား ”

ကိုဖူလုံ က မေးလိုက်တော့ ကိုသိုက်ထွန်းသက် က ခေါင်းခါတယ် ။ ဒါ မေးခွန်းမှ မဟုတ်ဘဲနဲ့ ဆိုတဲ့ ပုံပေါ့လေ ။ ကျုပ်တို့ ကလည်း ဒီလိုထင်တာပါ ။ မဟုတ်ဘူး ဆိုတော့ ဘာပါလိမ့်ပေါ့ ။ ကိုသိုက် မပြောသေးဘူး ။ အနွေးထည် ပြန်ဝတ်တယ် ။ နည်းနည်း အေးလာလို့ တဲ့ ။ ဒါကို သည်းခံပြီး စောင့်ကြရပြန်ရော ပြောပါတော့ ။

“ သူလည်း မထူးဘူး ၊ အိမ်မြှောင် ပဲ ။ အရေခွံ ချွတ်လိုက် လဲလိုက်နဲ့ ”

ကိုငြိမ်းကြီး က ဝေဖန်တာပါ ။

“  မဟုတ်ဘူးဗျ ၊ ပုလင်းကို ဘေးကနေ တုတ်နဲ့ ပတ်ပတ်လည် ခေါက်လိုက်တော့ အိမ်မြှောင် က မြွေတစ်ကောင်လို ဆတ်ခနဲ ခေါင်းထောင်လာတယ် ။ မျက်လုံးတွေကလည်း ပတ္တမြားလို နီလိုက်တာများ လမ်းအချက်ပြ မီးတိုင်က အနီရောင်မျိုး ၊ ဦးပဉ္စင်းက ပုလင်းထဲကို စက္ကူလုံးကလေး စားတော်ပဲလုံးလောက် လုံးပြီးလည်း ပစ်ချလိုက်ရော ”

ကိုသိုက် က ခဏနားတယ် ။ လူးလဲထကြသူ ထတယ် ။ ခါးကို မတ်သူက မတ်တယ် ။ မတ်တတ် ရပ်ပြီး ခါးချိုးသူက ချိုးတယ် ။ ပြီးမှ ပြန်ထိုင်ကြတယ် ။

“ အဲဒီ စက္ကူလုံးကို အိမ်မြှောင်မျက်လုံးက လေဆာရောင်ခြည်မျှင်လို အတန်းကလေး ထွက်လာပြီး လာမှန်တော့တာပဲ ။ မီးတန်းကြီး မှုတ်တဲ့ နဂါးများ လိုပေါ့ဗျာ ။ စက္ကူလုံးကလေး ပြာကျသွား တော့တာပဲ ”

ကိုသိုက် က အိုက်လို့ တဲ့  ၊ အင်္ကျီတွေ ပြန်ချွတ်တယ် ။

••••• ••••• •••••

၉ ။

“ ကျွန်တော် တွေ့ဖူးတဲ့ မေဖလိုင်း ဆိုတဲ့ ယင်ကောင် ကတော့ တရုတ်ပြည်နယ်စပ်မှာ တွေ့ခဲ့ တာ ။ ထောင်နဲ့ သောင်းချီပြီး ပေါတာဗျာ ၊ တဝုန်းဝုန်းနဲ့  ၊ တရုတ်တွေ ပြောတာတော့ ဒီယင်ကောင်တွေက နယူးယောက်ကန်ကြီး မြောက်ပိုင်းမှာ နဂိုက ရှိတာတဲ့ ”

ကိုမောင်မောင်မြင့် က သူ တွေ့ဖူးတဲ့ ယင်ကောင်တွေ အကြောင်း ပြောပြန်တယ် ။ ထူးဆန်းတာ မပါသေးဘူး ။ သူက ပြန်ချင်ပုံရပြီ ။ ကိုသိုက် လည်း ပြောပြီးရော ချက်ချင်း ဝင်ပြောတာပါ ။ ထတော့ မထဘူး ။

“ လူသားစား ယင်ကောင် ”

“ မဟုတ်ဘူးဗျ ၊ အသက် တစ်ရက်ပဲ ရှင်တဲ့ ယင်ကောင်တွေ ၊ ပါးစပ်မ ပါတော့ အစာစားလို့လည်း မရဘူး ။ တစ်ရက်ခံတဲ့ ကောင်တွေ ဆိုတော့ မလိုဘူးလေ ။ ဒီကောင်တွေက တစ်နေကုန် ကခုန် နေကြပြီး ညဘက်ကျ သေကုန်တာ ၊ မဆန်းဘူးလား ”

ကိုမောင်မောင်မြင့် စကားဆုံးတော့ ဆရာညီစေမင်း က ဝင်ပြောပြန်တယ် ။

“ တရုတ်ပြည်ဘက်မှာက ထူးထူးဆန်းဆန်းသတ္တဝါတွေ ရှိတယ်ဗျ ။ ဆိုပါတော့ ၊ ဗိုက်ပေါ်မှာ နား ၊ ခေါင်းပါတဲ့ ကင်းမြီးကောက်မျိုး ၊ ငှက်မွေး လျှာပါတဲ့ တိုကန်ငှက်မျိုးတွေ ”

ဆရာညီစေမင်း စကားပြတ်တော့ ကိုညီပုလေး က သူ့မျက်စိနဲ့ မြင်ခဲ့တာက စလို့ ပူတာအိုဘက်က ခရီးအတွေ့အကြုံ ဝင်ပြောရော ။ ကချင်ပြ ည်နယ်မှာ သူ ရက်တော်တော်ကြာခဲ့တဲ့ အကြောင်း ၊ ဒေသခံတိုင်းရင်း သားတွေရဲ့ ဓလေ့တွေ ၊ ကချင်မုဆိုးကြီးတွေရဲ့ စွန့်စားခန်းတွေ ၊ ကချင် လူမျိုး မုဆိုကြီး တစ်ယောက်ရဲ့ သမင်ခြံကို ရောက်ခဲ့ပုံတွေကို ပြောပြတယ် ။ နေကတော့ လုံးလုံးကို ဝင်သွားပါပြီ ။ အလင်းရောင်ကလေးတော့ ကျန်သေးတယ် ။ ထန်းတောရွာက မိတ်ဆွေတွေက ဆရာတို့ မှာစရာရှိ တာ မှာပါတဲ့ ။ သူတို့ အရောင်းသိမ်းတော့မယ်ပေါ့လေ ။ လာမေးကြတယ် ။ ကိုငြိမ်း က အစာပိတ် ပဲခြမ်းသုပ်ကလေး မှာတယ် ။

“ သမင် စားဖို့  ၊ အဲလေ ကျွန်တော်တို့ စားဖို့ ပဲခြမ်းသုပ်ခဲ့ဗျာ ။ ကျန်တာ တော်ပြီ ၊ ပိုက်ဆံတွက်တော့ ”

ယင်ကောင်တွေက တဝုန်းဝုန်းနဲ့ ။ မေဖလိုင်းတွေများလား ။ ထန်းတဲရှင်က အိုးတွေ သိမ်းသွားတယ် ။ ပန်းကန် အလွတ်တွေ ၊ ကြက်သား ရေချိုအိုးတွေ သိမ်းတယ် ။ လက်ဖက်သုံးပန်းကန်ကို တစ်ပန်းကန်ထဲ ပေါင်းထည့်ခဲ့တယ် ။ ဒါတွေ ပြီးတော့မှ ကိုညီပုလေး ကို ပြောဗျာလို့ စကား စပေးကြတယ် ။

“ ကျွန်တော် တွေ့ခဲ့တဲ့ သမင်တစ်မျိုးက ပြေးနှုန်းမြန်လွန်းလို့ Speedometer နဲ့ တိုင်းမှ ရတာတဲ့ ။ လှစ်ခနဲ ကြားလိုက်ရပြီး ပျောက်သွားတာတဲ့ ဗျ ။ ဖြစ်ပုံက သမင်ခြေထောက်က အရိုးနု အရွတ်ကလေးတွေဟာ သဘာဝအားဖြင့် အတွင်းထဲမှာ ကျိုးကြေနေတာကိုး ။ ဒီကျိုးနေတဲ့ အရိုးနုရွတ်တွေက သမင် ပြေးတော့ မြည်ကြရော ။ အဲဒီ မြည်တဲ့ အသံက သမင်ကို ခွန်အားတစ်မျိုး လှုံ့ဆွပေးတယ် ။ လူတွေများ အူယားတယ် ဆိုတာမျိုး နေမှာပေါ့လေ ။ သမင် အူယားတာ ၊ အူယားလေ ပြေးလေ ၊ ပြေးတာမှ ရိပ်ခနဲ မြင်ရတာဆိုပဲ ”

“ နို့ ... ဘယ့်နှယ်လုပ် ရပ်တုန်း ”

ဟုတ်သားပဲ ၊ မြည်လေ ပြေးလေ ၊ ပြေးလေ မြည်လေ ။ မြည်ပြန်တော့ ပြေးပြန်လေ ။ ဒီသမင် ဘယ်အချိန် ရပ်ပါလိမ့် ။ ဒီအတိုင်းဆို ပြေးရင်က ကံကုန်ဖို့ပဲ ရှိတော့တာ မဟုတ်လား ။ ဒါကို အားလုံး က သိချင်ကြပုံပေါ် တယ် ။

“ သမင်က ပြေးရင်းလွှားရင်း ရပ်ဖို့ လိုပြီလို့ သူကိုယ့်သူ တွေးမိတဲ့ အချိန်မှာ အဲဒီ အတွေးက အရိုးနုအရွတ်ကလေးတွေ မြည်တာကို ရပ်သွား စေသတဲ့ ။ မမြည်တော့ရင် သမင်ကလည်း မပြေးတော့ဘူးတဲ့ ဗျ ။ ရပ်ချင်စိတ် စိတ်လှိုင်းက အရွတ်တွေကို သက်ရောက်မှု ဖြစ်စေတဲ့ သဘောပဲ ”

ဒီမှာတင် စကားဝိုင်းလည်း သိမ်းကြပြီ ပြောပါတော့ ။ အားလုံးလည်း ကျေနပ်သွားကြတယ် ။ နေ့လယ်ထမင်းကျွေးဖိတ်လို့ စုမိတဲ့ စာရေးဆရာတွေ နှစ်ပွဲဆက်လိုက်ကြတော့ ညောင်းကြပြီပေါ့လေ ။ အားလုံးပြန်ကြမယ် လုပ်တော့ ရှေ့နေကြီးက ကျုပ်ကို ပြောပါဦးလို့ ခိုင်းရော ။ အားလုံးကလည်း ပြန်ချင်နေကြတာ ဆိုတော့ နောက်ပွဲမှ ဆက်ကြတာပေါ့လို့ တောင်းပန်လိုက်တယ် ။ ဒီမှာ အားလုံးက လုပ်ပါဗျ ၊ ခင်ဗျားကြုံဖူးတဲ့ သတ္တဝါတစ်ကောင်အကြောင်း ပြောပါဦးပေါ့တဲ့ တောင်းဆိုကြပါလေ ရော ။ အားလုံးက နေရာပြန်ယူကြတယ် ။ နား ထောင်ကြမယ် ဆိုတဲ့ သဘောနဲ့ ထိုင်ကြတာ ဆိုတော့ ကျုပ်ကလည်း မနေသာတော့ဘူး ။ ထန်းမြစ် ကျောမှီပြီး ထူးဆန်းသတ္တဝါအကြောင်း စပြောတော့တာပါပဲ ။

“ ကျွန်တော် တွေ့ဖူးတဲ့ ထူးထူးဆန်းဆန်း သတ္တဝါဟာ .. ”

ကျုပ်က ပဲလှော်ကလေး နှစ်စေ့ ကောက်ဝါးတယ် ။ ကိုစိုးဘားဒိုင် ဆီက ကွမ်းတစ်ယာ တောင်းပြီး ဝါးတယ် ။ ကွမ်းရည်တွေ ပြည့်လာတော့ ထန်းပင်ရင်းမှာ ဗျစ်ခနဲ ထွေးတယ် ။ ကျုပ်က သက်သက် လုပ်နေတာ သူတို့ သိသားပဲ ။ ဘာမှတော့ မပြောဘူး ။ ကိုငြိမ်းကြီး ကသာ စက်ဘီးကလေး သူများ အပ်ထားတာ ပျောက်တော့မှာပါပဲတဲ့ ။

“ လူပဲဗျ ”

ဒီမှာတင် ပွက်ပွက်ရိုက် သွားတော့တာပါပဲ ။ အော်ကြ ၊ ပစ်ကြ ၊ ဆဲကြ ၊ ဆိုကြ ၊ မေတ္တာတွေ ပို့ကြပေါ့လေ ။ ကျုပ်ကလည်း စတန့် လုပ်တာ မဟုတ်ပါဘူး ။ တကယ် ရင်ထဲက အတိုင်း ပြောလိုက်တာပါ ။ ကျုပ်က နေကြပါဦး ဆိုတဲ့ ပုံနဲ့ တောင်းပန်လိုက်တော့မှ ငြိမ်သွားကြတယ် ။

“ တကယ်ပြောတာဗျ ။ ခင်ဗျားတို့ ပြောတဲ့ သတ္တဝါတွေဟာ ထူးဆန်း တာမှန်ပါရဲ့ ။ ဒါပေမဲ့ ကျုပ်တို့လို လူထဲမှာ ရှိပြီးသားတွေချည်း မဟုတ်ဘူးလားဗျ ”

ကျွန်တော် ပြောမယ်လေ ဆိုတော့မှ ငြိမ်သွားကြတယ် ။ အိမ်ရှေ့မင်း ထန်းတောကြီးထဲမှာ အမှောင်က ပိန်းပိတ်နေလေရဲ့ ။ ထန်းတဲရှင်က ဖယောင်းတိုင်ကလေး တစ်တိုင် လာထွန်းပေးတယ် ။ မီးရောင်ထဲမှာ ယင်ကောင်တွေ ။ အချိုဓာတ် ရှိနေတော့ အားလုံးက ဖယောင်းတိုင်မီးကို ထူး ထူးဆန်းဆန်း စိုက်ကြည့်နေကြလေရဲ့ ။ ကျုပ်က ဒီတော့မှ ကျုပ် စကားကို ဆက်တယ် ။

••••• ••••• •••••

၁၀ ။

“ ခင်ဗျားတို့ စဉ်းစားကြည့်ပါဗျာ ၊ လူဆိုပါတော့ ၊ ကိုင်းပါဗျာ ၊ လူ ဆိုတော့ ဝေးပါတယ် ၊ ကျုပ်ဗျာ ၊ နေဝင်းမြင့် ဗျာ ။ ငှက်က ငှက်မွေး စားသလို ကျုပ်လည်း ဘာထူးဆန်းလို့လဲ ။ ဇာတ်တူသား စားတာပဲ ။ လူဆိုတဲ့ သဘောလက္ခဏာကို ဖဲ့ခြွေစားနေတာပဲ ။ ကျုပ်တို့ဟာ “ ဘာရ ” ပဲ ။ ဘာရ ဆိုတာ ဝန်ထုပ်ဝန်ပိုးသပဲ ။ ဝန်ထုပ်ဝန်ပိုးဟာ ဒုက္ခပဲ ။ ခန္ဓာငါးပါးကို ရယူ နေရတာ ကိုယ်က ဒုက္ခကို ရယူ ဝါးမျိုနေတာပဲ ။ ကိုယ့်အကျိုးစီးပွား အတွက် သူ့ဝန်ထုပ်ဝန်ပိုးကို ကိုယ်က ဝန်ထမ်းနေတာဟာ သူတစ်ပါးဒုက္ခကို ကိုယ့်အာဟာရ လုပ် စားနေတာပဲ မဟုတ်ဘူးလား ”

ကျုပ်က အားလုံးကို ဖြန်းကြည့်လိုက်တော့ ဘာမှတော့ မပြောကြဘူး ။

“ နောက် ကိုစိုးဘားဒိုင် ပြောတဲ့ ငတငါ ၊ ဘာတဲ့ ဗျ Anglerfish ဆိုတာ ။ ငါလည်း ငါးငါး ချင်း စားတဲ့ ငါးပဲ ။ ဒါပေမဲ့ ငါးမျှားကြိုးတစ်ချောင်း ခေါ င်းမှာ ပေါက်နေပြီး ထိပ်ဖျားမှာ အဆိပ်ပါတဲ့ ငါးတဲ့ ။ အနား ရောက်လာတဲ့ သတ္တဝါကို မူးအောင် ချာလပတ် ယမ်းပစ်ပြီးမှ ပါးစပ်ကြီး ဖြဲထားပြီး မျိုချတာတဲ့ ။ ဒါလည်း ကျုပ်လိုပါပဲ ။ ဘာမှ မထူးဘူး ။ ဒါဟာ ဂန္တဝင်ခေါ်တာပဲ မဟုတ်ဘူးလား ။ တုပ်နှောင်တတ်တဲ့ တရား ၊ အဘိဇ္ဈာကာယဂန္ထ ၊ သူတစ်ပါးစည်းစိမ်ကို မတရား လိုချင်တဲ့ လောဘစိတ် ကျုပ်မှာ ရှိတယ် ။ ဗျာပါဒကာယဂန္ထ ၊ သူတစ်ပါး ပျက်စီးစေချင်တဲ့ ဒေါသစိတ် ကျုပ်မှာ ရှိတယ် ။ သီလဗ္ဗတပရာမာသကာယဂန္ထ တဲ့  ၊ အကျင့်သီလ အယူမှားမှုလည်း ကျုပ်မှာ ရှိတယ် ။ ဣဒံသစ္စာဘိနိဝေ သကာယဂန္ထ ၊ ဒီ အယူသာ မှန်တယ် ဆိုတဲ့ ဒိဋ္ဌိလည်း ရှိတာပါပဲ ။ ဒါတွေက ကိုယ့်ကိုယ်ကိုလည်း တုပ်နှောင် ၊ သူတစ်ပါးကိုလည်း တုပ်နှောင်ပြီး ကျုပ် ဆိုရင် မိုးလင်းက မိုးချုပ် မျိုချနေတာပဲ ။ ဒီအဆိပ် ငါးမျှားကြိုး လေးချောင်း ကျုပ် ခေါင်းပေါ်က တလန်းလန်းနဲ့ ရှိနေတာ ကြာပဲ ကြာလှပေါ့ ။ ခင်ဗျားတို့ မမြင်လို့သာ ဟာကိုးဗျ ။ ဒီ လေးချောင်းနဲ့ သူတစ်ပါးကို မူးအောင် လုပ်ပြီး ကျုပ် ပါးစပ်ကြီး ဖြဲထားတာ ဝင်လာသမျှ မျိုချနေတာ ကြာပြီပဲ ”

ကိုသန်းဌေး နဲ့ ကိုစိုးဘာဒိုင် က ကျုပ်ကို မအီမသာနဲ့ ကြည့်တယ် ။ ဒီလူ “ ဂေါက် ” ပဲ ဆိုတဲ့ မျက်နှာတွေမှန်း ကျုပ်သိသားပဲ ။ ကိုကျော်စွာထက် ကတော့ သူ့ကို အာလာဝက်ဝံ အကြောင်း ပြောတော့မယ် ထင်လို့ ကျုပ်ကို ကြည့်တယ် ။ သူ့ ဆေးခန်း ရောက်လာတဲ့ လူနာတစ်ယောက်ကို ကြည့်သလို ကြည့်နေတာပါ ။

“ နောက် ကိုကျော်စွာထက် ရဲ့ ကိုအာလာဝက်ဝံ ။ ဘာတဲ့ ထူးဆန်းပုံက နေပါဦး ။ ဒီဝက်ဝံက တစ်သက်လုံး ရေမသောက်ဘူးတဲ့ ။ သစ်ရွက်ထဲက ရေငွေ့ လောက်နဲ့ ကိစ္စပြီးသတဲ့ ။ ဟုတ်တယ်နော် ကိုကျော်စွာထက် ၊ ကျု ပ်လည်း ဘာထူးသလဲ ။ “ ပရိညာ ” ဆိုတဲ့ အမြိုက်ရေဓာတ်ကို တစ်ခါမှ မသောက်ဘဲ ကျုပ် ဒီလို နေလာတာ နှစ်ပေါင်း ငါးဆယ် ရှိပြီ ။ ကျုပ်တစ်သက်ဆိုပါတော့ ။ “ ပရိညာ ” ဆိုတာက ပိုင်းခြားပြီး သိတာ ။ ပိုင်ပိုင်နိုင်နိုင်ကြီး သိတာကို ခေါ်တာ ။ ကျုပ်က ပိုင်းခြားပြီးလည်း မသိဘူး ။ ပိုင်ပိုင်နိုင်နိုင်လည်း မသိဘူး ။ ဉာတပရိညာ ဆိုတာ ရှိတယ် ။ လူဆိုတာ ရုပ်နာမ်တရားရဲ့ လက္ခဏာသဘာဝတွေနဲ့ ကြောင်းကျိုးဆက်စပ်မှုတွေကို ပိုင်းခြားသိရတယ် ။ တိရဏပရိညာ ဆိုတာ ကျတော့ ရုပ်နဲ့ နာမ်နဲ့ မမြဲတဲ့ သဘော ၊ ဆင်းရဲပြီး ကျေနပ်ဖွယ် ကင်းတဲ့ သဘော ၊ အနှစ်သာရ ကင်းမဲ့ခြင်း သဘောတွေကို ပိုင်းခြား သိကြရတယ် ။ ပဟာနပရိညာ တဲ့ ၊ ရှိသေးတယ် ။ ခန္ဓာငါးပါးကို တွယ်တာစိတ်ကို ပယ်ခွာကြရတယ် ။ ဒီ ပရိညာ သုံးပါး ရေဓာတ် တစ်နည်းအားဖြင့် ပိုင်းခြားသိမြင်ခြင်း ရေဓာတ်ကို လူဟာ အမြဲ သောက်သုံးနေကြရတယ် ။ ဒါပေမဲ့ ကျုပ် ဘယ်တုန်းကမှ မသောက်ခဲ့ဖူးဘူး ။ ဘုရားစူးရစေ့ ... ”

ကိုကျော်စွာထက် က ကျုပ်ကို ဘာဆေး ပေးရမလဲ ဆိုတာမျိုးနဲ့ ဆေး နဲ့ ရောဂါ ချိန်နေပုံမျိုး ။ စိတ်လည်း ပျက်ပုံပေါ်ပါရဲ့ ။ ဖယောင်းတိုင်က တစ်ဝက်ကျိုးပြီ ။ ဘယ်သူမှတော့လည်း ပြန်ဖို့ မပြောသေးဘူး ။

“ ကျုပ်တို့ လူ ကိုငြိမ်း ကတော့ လိင်ကွဲချင်း ပူးကပ်ရင်း တစ်ကောင်တည်း ပူးကပ်နေတဲ့ ငါးကို တွေ့တယ်လို့ ပြောတယ် ။ တစ်ကောင့် တစ်ကောင် ခွာထုတ်လို့ မရအောင် အသားချင်း ဆက်နေတဲ့ ငါးတစ်မျိုးတဲ့ ။ ဒါလ ည်း ကျုပ်မှာ ရှိတာပဲဗျ ။ Actions ပေါ့ ။ ကမ္မ ခေါ်တာပေါ့ ။ ပြုလုပ်ခြင်းအမှု ကိစ္စကို ကမ္မ ခေါ်တာ မဟုတ်လား ။ ဒီကံမှာက အကျိုးစီးပွားကို ဖြစ် ထွန်းစေတတ်တဲ့ ကုသလကံ နဲ့ အကျိုးစီးပွားကို အကျိုးမဲ့စေတတ်တဲ့ အ ကုသလကံ ရယ်လို့ ကျုပ်မှာ နှစ်မျိုးစလုံး ရှိနေတယ် ။ ခွာလို့ကို မရတာ ။ အကုသိုလ်စိတ်က ကုသိုလ်စိတ်ကို ကိုက်ထားရင်း ဘယ်အကောင်ကမှ ပြုတ်ထွက် မသွားတာမျိုး ကျုပ်မှာလည်း ရှိနေတာပဲ ၊ ဘာထူးဆန်းလို့လဲ ... ကိုညိုထွန်းလူ တွေ့ခဲ့ဖူးတဲ့ ဖား ဆိုတာကတော့ အသံကြားရင် မျက် လုံးထက် ကြီးလာတတ်တဲ့ နားရွက်တွေနဲ့ ဖား ဆိုတာလေ ။ ဗိုက်အောက်မှာ နားရွက်တွေ ရှိတဲ့ ဓားခုတ်ကောင် ၊ တီကျင်းထဲ ခေါင်းထိုး နှိုက်နေပေမယ့် မျက်လုံးတစ်စုံ ခေါင်းပေါ်မှာ ရှိနေတဲ့ စနှိက်ငှက် ဆိုတာလည်း ကျုပ်မှတ်မိတယ် ။ ဒါလည်း ကျုပ်မှာ ရှိတာပဲ ။ ဖဿ ခေါ်တာပေါ့ဗျာ ။ အတွင်းအာယတနခြောက်ပါးကြောင့် ဖဿခြောက်ပါး ဖြစ်နေကျပဲ ၊ မျက်စိအတွေ့ ရှိမယ် ၊ နားအတွေ့ ရှိမယ် ၊ နှာခေါင်းအတွေ့ ရှိမယ် ၊ လျှာအတွေ့ ရှိမယ် ၊ ကိုယ်အတွေ့ ရှိမယ် ၊ စိတ်အတွေ့ ရှိမယ် ။ နားကိစ္စက သာယာစရာ ကြုံရင် နားက မျက်လုံးထက် ကြီးနေတာပဲဗျ ။ နှာခေါင်းအတွေ့က သာယာစရာကြုံရင်ကော ဒီလိုပါပဲ ။ တစ်ကိုယ်လုံးမှာ နားရွက်တွေ ဖြစ်ကုန်တာပဲ မဟုတ်လား ။ ဖဿ ဆိုက်ရာ ကြီးတာပါပဲဗျာ ၊ နော့ ... ”

••••• ••••• •••••

၁၁ ။

ကျုပ်ကတော့ မှန်ရာမှန်ကြောင်း စိတ်ထဲ ရှိတာနဲ့ နှိုင်းယှဉ်ပြတာပါပဲ ။ ဒါပေမဲ့ ဒီစာရေး ဆရာတွေက ခေါင်းခါတဲ့ လူက ခါကြတယ် ။ စိတ်ပျက်လက်ပျက်ဖြစ်နေသူက ဖြစ်နေကြတယ် ။ စုတ်သပ်သူက စုတ်သပ်နေကြတယ် ။ “ တစ်အိုးလောက်ထပ်ပေးပါဦး ” အော်သူက အော်လို့  ။ ခဲတံလုံးလောက်တောင် မရှိတဲ့ ဖယောင်းတိုင်ရဲ့ မီးရောင် ဆိုတော့ ဘယ်လောက် လင်းမှာလဲ ။ ယင်ကောင်တွေ နည်းသွားပြီ ။ မီးရောင်ကို လာတိုးတဲ့ ဖြုတ်ကလေး သုံးကောင်တော့ ရှိတယ် ။ ထန်းရွက်လေတိုးသံတွေက တဝေါဝေါနဲ့ ။

“ နောက်တစ်ခုက ကိုဆူးငှက် ရဲ့ ကြက် ၊ ကြက်မောင်းပြန် ၊ ကြောက်ကြောက်စရာပါဗျာ ။ ကြက် အတတ်က တခြား ကြက်ကို စက္ကူလှီးစက်လို ခွဲချပြီး လေယာဉ်ဘီးအုံများလို ပြန်ကပ်သွားတာမျိုး ဆိုလား ၊ ဒါလည်း သူတစ်ပါးကို ဒုက္ခပေးပြီး ကိုယ် မဟုတ်သလို ပြန်နေတတ်တဲ့ ကျုပ်နဲ့ သိပ်တော့ မထူးဘူးဗျ ။ ဒါကို နီဝရဏ ခေါ်တယ် ။ ကာမဂုဏ်ကို လိုလား တောင့်တတယ်ဗျာ ။ သူတစ်ပါးကို ပျက်စီးစေချင်တယ်ဗျာ ။ ထိုင်းမှိုင်းတယ်ဗျာ ။ စိတ်ရဲ့ မငြိမ်မသက်မှု ဖြစ်ရတယ်ဗျာ ။ ယုံမှား တွေးတောတယ်ဗျာ ။ အမှန်တရားကို ဖုံးလွှမ်းတယ်ဗျာ ။ ဒီခြောက်ပါး ဟာ သူတစ်ပါးကို ဟက်တက်ကွဲစေတဲ့ မောင်းပြန် အတက်ပဲဗျ ။ ကြောက်စရာ ကောင်းတယ် ။ ကိုယ့်လူတို့ မဂ်ဖိုလ်ဈာန် ကိုတောင် ပိတ်ပင်တဲ့ တ ရားတွေဗျို့ ။ ဘာမှတ်သတုန်း ။ ဒီအတက်မျိုး ကျုပ်မှာ ရှိတယ် ”

“ ဒီအတက်မျိုး ကျုပ်မှာ ရှိတယ် ” ဆိုတော့ ကိုငြိမ်း ( မန္တလေး ) က ကျုပ်ခြေထောက်တွေကို လိုက်ကြည့်တယ် ။ ကိုဆူးငှက် ကလည်း လက်စသတ်တော့ နေဝင်းမြင့် ဟာ မောင်းပြန်ကြက် တစ်ကောင်ပါလား ဆိုတဲ့ မျက်နှာနဲ့ ကျုပ် ခေါင်းပေါ် အမောက်များ ရှိလေသလား ဆိုတဲ့ မျက်နှာနဲ့ ကြည့်တယ် ။

ကျုပ်ကလည်း စဉ်းစားနေရတာပါပဲ ။ ကိုဆူးငှက် ကြက်မောင်းပြန် ပြီးတော့ ဘယ်သူ ဘာပြောထားပါလိမ့် စဉ်းစားတယ် ။ သတိရပြီ ။ ကိုသိုက်ထွန်းသက် ။ မီးလျှံတွေ မှုတ်ထုတ်တဲ့ အိမ်မြှောင်တစ်ကောင် သူတွေ့ခဲ့တာပဲ ။ ကျုပ်က ကိုသိုက် ဘက် လှည့်တော့ ကိုသိုက် က ကျုပ်ကို ပြူးကြည့်နေလေရဲ့ ။

“ ဘာထူးသလဲ ကိုသိုက်ရဲ့ ။ ကျုပ်တို့ မှာလည်း စိတ်ကြောင့် အပူတုံးကြီး ဖြစ်ရ ၊ စိတ်ကြောင့် အအေးတုံးကြီး ဖြစ်ရ ဖြစ်နေကြတာပဲ ။ စိတ္တဇသီတနာစိတ်ကြောင့် အေးခဲလိုက် ၊ စိတ္တဇဥဏှနာစိတ်ကြောင့် အပူလုံးကြွလိုက်ပုံများတော့ အပူလုံးကြွတုန်း အမျက်စောင်မာန်နဲ့ ပေါင်းလိုက်တော့ ဒေါသခိုးများဟာ ခြောင်းခြောင်းထွက်တာပေါ့ ။ ကျုပ်မှာ အဲသလို ဒေါသမျိုး ရှိတယ် ။ အဲသလို စိတ္တဇဥဏှနာ ရှိတယ် ”

  ••••• ••••• •••••

၁၂ ။

“ ကိုမောင်မောင်မြင့် ပြောတဲ့ မေဖလိုင်းယင်ကောင်ကတော့ ဘာထူးလို့လဲ ။ အသက် တစ်ရက်ပဲ ရှည်တာတို့ ၊ ပါးစပ် မပါတော့ ဝမ်းဗိုက်အစာ အိမ်မပါတာတို့ ထူးဆန်းပါတယ် ။ မထူးဆန်းဘူး ကျုပ် မပြောဘူး ။ ဒါပေမဲ့ ကျုပ်တို့ လူတွေကကော အစာဟောင်းဟာ အစာအိမ်ထဲ ဘယ် လောက်များ ကြာကြာနေလို့လဲ ။ လူ့သက်တမ်းကကော ဘယ်လောက် ရှည်ကြလို့လဲ ။ ကျင်လည်ခဲ့ရတဲ့ သံသရာနဲ့ နှိုင်းယှဉ်ရင် ကျုပ်တို့ ဘဝကကော အလွန်ဆုံးရှိရင် လက်ဖျစ်တစ်တွက်ပေါ့ဗျာ ။ မဟုတ်ဘူးလား ။ သင်္ချေ ဆိုသကိုး ကိုသိုက်ရဲ့ ။ “ ကျော်သည် ရှိန်းရှိန်း ၊ တစ်သိန်းမက ဖြည့် တစ်သင်္ချေ ” တဲ့ ၊ တပြောင်းပြန်ပြန် သံသရာမှာ ဘဝဟာ တစ်အိုးတစ်အောင့် မဟုတ်လား ။ မေဖလိုင်း ယင်ကောင်လို ကရင်း ခုန်ရင်း သေကြရသူတွေချည်းပဲ ။ အာဂန္တုချည်းပဲ ”

ကျုပ်က တစ်ဆက်တည်း ဆရာညီစေမင်း ပြောတဲ့ ခေါင်းပေါ်မှာ မျက်လုံးပါတဲ့ ကင်းမြီးကောက် ဆိုတာကိုလည်း ရှင်းပြလိုက်တယ် ။ ငှက် မွေးလျှာပါတဲ့ တိုကန်ငှက် ဆိုတာရောပေါ့လေ ။ ကိုညီပုလေး ရဲ့ သမင်ကိ စ္စကိုလည်း မထူးဆန်းလှပါဘူး ။ ကျုပ်မှာ ရှိပြီးသားပဲ ဆိုတာမျိုး ရှင်းပြလိုက်တယ် ။

“ ကျုပ်မှာလည်း မျက်လုံးဇောက်ထိုးနဲ့ ပါဗျာ ။ အဝိဇ္ဇာမာနပညတ် အထင်အရှား မရှိတဲ့ ပညတ်ကို မြင်ချင်သလို မြင်ချင်တာနဲ့ မြင်လိုက်ရတာ ချည်းပဲ ။ ကျုပ်ဆို ဒီလို မြင်လိုက်တာပဲ ။ မိုက်မြှေး မောဟာ ၊ အဝိဇ္ဇာကို ပယ်ခွာပိုင်းဖြတ် ၊ မဂ်ဉာဏ်မြတ်ရယ်လို့ ကျုပ်မယ် တစ်ရွေးသားတောင် မရှိဘူး ။ အမှန်ကို မမြင်တဲ့ မောဟမျက်လုံးတွေ ၊ မောဟလျှာတွေ ကျုပ်မှာလည်း ရှိတာပဲဟာ ။ အရွတ်နုတွေ မြည်တာကို ခွန်အားလုပ်ပြီး ပြေးရတဲ့ သမင်က ကော ၊ ကျုပ်တို့မှာလဲ “ ဗျာပါရ ” ကြောင့်ကြခြင်း ၊ စိုးရိမ်ခြင်း အသံကလေးများ ချွင်ခနဲ တစ်ချက်မြည်တိုင်း ပြေးလိုက်ရတာမှဗျာ ။ ပြေးရင်းလွှားရင်းက သူတစ်ပါး ပျက်ရာပျက်ကြောင်း ကြံမိသေးတာကော ခင်ဗျ ။ ဒါကို ဗျာပါဒ ခေါ်တယ် ။ ဗျာပါရ နဲ့ ယှဉ်ပြီး ဖြစ်နေတဲ့ ဗျာပါဒ ”

ဒီလူတွေ အားလုံး ကျုပ်ကို မကြည်ကြဘူးဆိုတာ သူတို့ မျက်နှာတွေ ကြည့်ရုံနဲ့ သိသားပဲ ။ ကတ်ဖိုးကတ်ဖဲ့ ပြောနေတာပါကွာ ဆိုတဲ့ အသံလည်း ကြားလိုက်ရတယ် ။ ဒီမှာတင် တစ်ယောက်စီ မတ်တတ်ထရပ်ကြတယ် ။ ပြန်ကြတော့မယ်ပေါ့ ။ စကားဝိုင်း ကောင်းနေတာကို သင်းမို့ ဖျက်ရက်လေခြင်း ဆိုတာမျိုးနဲ့ ကျုပ်ကို စကား ပြန်မပြောကြဘူး ။ နှုတ်ဆက်တာမျိုး ၊ ထောက်ခံတာမျိုးလည်း မရှိဘူး ။ အဆိုးဆုံးက ကျုပ် ပြောတာတွေကို မယုံကြတာဘဲ ။ ကျုပ်က “ ခင်ဗျားတို့ မယုံကြဘူး ဆိုရင် ခင်ဗျား တို့ ပြောတဲ့ သတ္တဝါမျိုး ဖြစ်အောင် ကျုပ်ကိုယ် ကျုပ် ဖန်ဆင်းပြနိုင်တယ် ” ဆိုတော့ ဒေါက်တာ စောလှခိုင် က ဖယောင်းတိုင်မီးနား ကပ်ပြီး စာရွက်ပေါ်မှာ ဆေးညွှန်းစာလေး ရေးပေးတယ် ။ ကျုပ် လက်ထဲ ထည့်တယ် ။ ကိုဟန်တင့်ဆိုင်မှာ ဝယ်ရင် ရတယ် ။ မြန်မြန် ဝယ်သောက်လိုက်ပါ လို့ ပြောနေသေးတယ် ။

“ လက်စသတ်တော့ ကိုနေဝင်းမြင့် က စကစ်ဇိုဖရီးနီးယားပဲဗျ ” လို့ တစ်ယောက်က ပြောလိုက်တာကို တစ်ယောက်က “ မဟုတ်ဘူးဗျ ။ ဟစ်စတီးရီးယားကို ဖြစ်နေတာ ” တဲ့ ။ ကျုပ် ကြားသားပဲ ။ တစ်ယောက်ကများ ဆိုရင် “ မျိုးရိုးရှိတယ်နဲ့ တူတယ်ဗျ ” တဲ့ ။ ဒါကို “ မျက်နှာပြောင်တာပါဗျာ ” လို့ တစ်ယောက်က ကွန့်သေးတာ ။ ကိုငြိမ်းက “ မဟုတ်ဘူးဗျ ။ ဒီလူက စာခံနေတာ သေချာတယ် ” တဲ့ ။ ထားပါတော့ ၊ အားလုံး ကားပေါ် တက်သူက တက် ၊ ဆိုင်ကယ်ပေါ် ခွသူက ခွကုန်ကြပြီ ။ မပြန်လို့ကလည်း မဖြစ်တော့ဘူးကိုး ။ ကျုပ်ကလည်း ဘယ်ကားပေါ် တက်မိမှန်းတောင် မသိ တော့ပါဘူး ။ ကားပေါ်မှာ ရယ်သံတွေ တဝေါဝေါ ရှိနေတာတော့ သိပါရဲ့ ။ ရှေ့နေကြီးအသံက အအောင်ဆုံး ။

“ ဒါမျိုးက မြန်မာဆရာမှ ကောင်းတာဗျ ။ ပယောဂပါ တွဲကိုင်တဲ့ ဆ ရာတွေ ရှိပါတယ် ။ စဉ့်ကိုင်ဘက်မှာလား ဘယ်မှာလား ကြားဖူးပါတယ် ”

ကျုပ်ကတော့ ခေါင်းကို မထောင်နိုင်တော့တာ ။ ကားထဲ ပါတဲ့ လူကချည်း ခြောက်ယောက် ။ ရှေ့မှာက မော်တော်ဆိုင်ကယ်တွေ ၊ လမ်းပေါ်မှာလည်း ကျုပ်တို့ချည်းလိုလို ပြောပါတော့ ။ ကားထဲက လူတွေ ကြည့်တော့ ကျုပ်မျက်စိထဲ ငှက်တွေ ဖြစ်လိုက် ၊ ဖားတွေ ဖြစ်လိုက် ၊ အိမ်မြှောင်တွေ ဖြစ်လိုက် ၊ ငါးတွေ ဖြစ်လိုက် ၊ ယင်ကောင်တွေ ဖြစ်လိုက် ၊ ကင်းမြီး ကောက်တွေ ဖြစ်လိုက်ကိုး ။ နာနာရူပ ခေါ်တဲ့ အထူးထူးသော အရုပ်တွေ ဖြစ်နေတယ် ။ သူတို့ကလည်း ကျုပ်ကို ဒီလို မြင်ကြပုံပေါ်တယ် ။ ကျုပ်ကို ကြည့်ကြတိုင်း တဝေါဝေါ ရယ်နေကြတာကိုး ။ ရှေ့နေကြီးက အော်နေလေရဲ့ ။

“ လက်စသတ်တော့ ကိုနေဝင်းမြင့် က သတ္တရူပ ဗျ ၊ ဖားကိုယ်လုံး ၊ ငှက် နှုတ်သီး ၊ ငါးတံငါ အကြေး ၊ ကင်းမြီးကောက်ကွေး ၊ ကြက်အတက် ၊ ယင်ကောင်အတောင်ပံ ၊ အိမ်မြှောင်မြီးတလှုပ်လှုပ်နဲ့ သတ္တဝါ ခုနစ်မျိုး ပေါင်းထားတာ ”

ဒီတော့ ကိုငြိမ်း က ဝင် ထောက်ခံတယ် ။

“ ဟုတ်တယ်ဗျ ၊ ကျောက်တော်ကြီး ဘုရားပွဲကျရင် ထူးဆန်းသော သတ္တဝါကြီး ဆိုပြီး ရုံသွင်းပြမယ် ။ ကိုငြိမ်း အကြံ မပိုင်ဘူးလား ”

ဒီတော့မှ ကျုပ်လည်း လန့်သွားတယ် ပြောပါတော့ ။ ဒီလူတွေက မလုပ်ဘူး မပြောနိုင်ဘူးလေ ။ “ ထူးဆန်းသော နာနာရူပသတ္တဝါ ၊ လူကြီး ၁၀၀ ၊ ကလေး ၅၀ ” ဆိုတာမျိုးနဲ့ ပိတ်ကားလေး ချိတ် ၊ စင်ကလေး ထူချင် ထူကြမယ့်လူတွေ ။

▢  နေဝင်းမြင့်
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ဇူလိုင်လ ၊ ၂၀၀၃ ခုနှစ်

Tuesday, November 2, 2021

ထဘီဖာ လိုပါသေးရဲ့ ၊ တဘက်ဖာ လိုပါသေးရဲ့ ၊ ဘီး နှင့် မှန် လိုပါသေးရဲ့


 

❝ ထဘီဖာ လိုပါသေးရဲ့ ၊ တဘက်ဖာ လိုပါသေးရဲ့ ၊ ဘီး နှင့် မှန် လိုပါသေးရဲ့ ❞

( ၁ )

ရွာသူကြီးဟောင်း ကိုတက်ရိုး က ဖလံကျင်းသူ မမြသင် နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတော့ သက်ကယ်တန်း တစ်ရွာလုံး က ရယ်လိုက်ကြတာ အုန်းအုန်း ထ လို့ ။ တချို့ကတော့လည်း မရယ်နိုင်ကြဘူး ။ ကိုယ့်ရွာ သူကြီးဟောင်း ကို သိပေမယ့် ဖလံကျင်းသူ မမြသင် ကို တချို့က မမြင်ဖူးကြပဲကိုး ။ သက်ကယ်တန်း နဲ့ ဖလံကျင်း ဆိုတာက တစ်နယ်တော့ တစ်နယ်တည်းပဲ ။ ဒါပေမယ့် နည်းနည်းတော့ လှမ်းတယ် ။ နေ့ဝက် ခရီးလောက် သွားရတယ် ။ မမြသင် က သက်ကယ်တန်း က ရီးပေါက်စ တို့နဲ့ ဆွေရိပ်မျိုးရိပ် မကင်းတော့ သက်ကယ်ပျစ်ချိန် ဆိုရင် သက်ကယ်ပျစ်ချိန် တစ်နှစ်တစ်ခေါက် ရောက်လာတတ်တယ် ။ အသား ဖြူဖြူ မျက်နှာ ဝိုင်းဝိုင်းကလေး နဲ့ ၊ ရှိလှမှ အသက်က နှစ်ဆယ်ကျော်ရင် တစ်နှစ် ပဲ ။ ရွာက သူကြီးဟောင်း ကိုတက်ရိုး ကတော့ အသက် ခုနှစ်ဆယ် ကျော် လို့ ရှစ်ဆယ်သီသီ ဝေ့နေပြီ ။ ကညာပျို နဲ့ ဇရာအို ရယ်လို့တောင် မဟုတ်တော့ပါဘူး ။ တချို့ က မြေးအဘိုး တဲ့ ။ တချို့လည်း နှမြောလို့တဲ့ စုတ်သပ်သပ် နဲ့ ။ တချို့ကလည်း ဘ၀အကြောင်းကို တော်ရဲ့ တဲ့ ။ တချို့ ယောက်ျားတွေကတော့ မိန်းမလေး နှယ် ကြိုက်စရာ ရှားလို့ကွာ ... ချီး ဆိုတဲ့ အာခံတွင်း သံကြီးနဲ့ ။

ဘာပဲဖြစ်ဖြစ်လေ ၊ ပဲနှမ်းလေး ပေါ်တာနဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာကတော့ သေချာနေပြီ ။ ရီးပေါက်စ ကပဲ ကမကထလုပ်ပြီး မကွေး ဘက် တက် လက်ဖက်လေး ဆေးလေး ဝယ်လို့ ၊ အိပ်ရာခမ်းနားလေး ဝယ်လို့ ။ မမြသင် ဖို့ အဝတ်အစားလေး ဘာလေး ဝယ်လို့ တတိတိနဲ့ လုပ်နေကြပတဲ့ ။ မမြသင် ဘက်က မိဘဆွေမျိုးများကလည်း သက်ကယ်တန်း ကို လိုက်လာလိုက်တာ နှစ်ခေါက်တောင် ရှိပတဲ့ ။

°°°°°   °°°°°   °°°°°

( ၂ )

သူကြီးဟောင်း ကိုတက်ရိုး လို့သာ ပြောရတာ  ၊ ဘကြီးတက်ရိုး ဒါမှမဟုတ် ဘိုးတက်ရိုး တောင် ဖြစ်နေပါပြီ ။ သျှောင် တစောင်းကလေး နဲ့ ပိတ်ဖြူကလေး ကပိုကရို တစ်ခွေပတ်ထားတတ်တာလည်း ရှိရဲ့ ။ ကြာဆံချောင်းတွေကို အမျှင်မျှင် ထလို့ ။ သွား ဆိုတာလည်း ဘယ်တုန်းကမှ တိုက်ခဲ့ပုံ မရဘူး ။ နီညစ်ညစ်နဲ့ ။ ကွမ်းသွားချေးတွေ တက်နေလိုက်တာလည်း ရွံစရာကြီး ။ သည်ကြားထဲ သွားတွေက ကျိုးနေလိုက်သေးတယ် ။ စိုက်သွားလေး ကူထားလို့ ပါးချိုး ပါးချောင် တော့ သိပ်မကျလှသေးဘူး ။ အသားကတော့ တောသူတောင်သား ပီပီ ညို တဲ့ဘက် ကျော်ပြီး မှောင်တဲ့ဘက် ရောက်နေလို့ သူနဲ့ ရာထူး တူတဲ့ သူကြီးချင်းတောင် သက်ကယ်တန်းသူကြီး က နချီပိုးထိုး တဲ့ ။

သူ သူကြီး ဘ၀တုန်းကတော့ ဘာ အကြောင်းလဲ ။ သူကြီးအာဏာ လက်တစ်ဆုပ်လောက် နဲ့ ပေမယ့် ရွာမှာတော့ ဖိန့်ဖိန့်တုန် ထဲကပဲ ။ ရွာဘုရားပွဲတွေမှာ သူများ သူကြီး တွေလို နှစ်လုံးပြူးတွေ ဘာတွေ ကိုင်မနေပါဘူး ။ ဝါးရင်းတုတ်ကြီးကြီး လက်တစ်ကိုင်လောက် ကို သူ့အရပ် နဲ့ တိုင်းဖြတ်ပြီး ကိုင်ထားရုံပဲ ။ သူ့ နောက်က ရာအိမ်မှူး ငမှုံ ကို ခေါ်ခဲ့ပြီး ပွဲခင်းတစ်ခင်းလုံး လှည့်နေတော့တာ ။

သက်ကယ်တန်းသူကြီး ကိုတက်ရိုး ဆိုလို့ကတော့ မူးတဲ့ လူတောင် အမူးပြေလောက်အောင် ကြောက်တယ် ။ မိုက်လို့ ဆိုးလို့များတော့ ရိုက်စရာ ရှိရင် ကျွဲရိုက် နွားရိုက် ပဲ ။ လူတိုင်းတော့ အကြောင်းမဲ့ ရိုက်နှက်နေတာ မဟုတ်ပါဘူး ။ တော်တော် ဆိုးမှပါ ။ သူပိုင်တဲ့ လယ်တွေ ချောင်းတွေ ဆိုတာကလည်း မပြောနဲ့တော့ ။ အနောက်ကွင်း နတ်ကွန်းစင် ဘက်ကနေ လက်ညှိုးသာ ထိုးလိုက် ၊ မြစ်နားတန်းညိုညို အထိက သူ့ လယ် ချည်းပဲ ။ မြေပဲခင်း ၊ နှမ်းခင်း ဆိုတာတော့ မမြင်ချင် အဆုံး ။

အရက် ကလေး ကလည်း ကြိုက်တယ် ။ ဒါလည်း တမင် ကျင့်ထားရတာ  ။ ဝန်ထောက် တို့ ၊ မြို့ပိုင် တို့လာရင် ဒါမှ အဆင်ပြေတာကိုး ။ ကက် တော့ တော်တော် ဝါသနာကြီးတယ် ။ သူကြီးရင့်မကြီး လုပ်ပြီး နေ့လယ်နေ့ခင်း ဈေးလယ်ကောင် ကက် သွား ဆွဲချင် ဆွဲနေတတ်တာ ။ ဝါးရင်းတုတ်ကြီး ဆိုင်ဘေး ထောင်ပြီး တစ်နေကုန် ထုံးခွေကြေး ကက် ဆွဲကြတော့ သူ့မျက်နှာ ထုံးတွေ အစင်းလိုက်ပဲ ။

သူများ မျက်နှာတွေလည်း ထုံးတွေ အချောင်းလိုက်ပဲ ။ ညနေ မိုးချုပ်ခါနီး ကက်ဝိုင်း ပြီးလို့ ပြန်လာရင် မျက်နှာသစ်လာတာ မဟုတ်ဘူး ။ ထုံးကြောင်း အရစ်အရစ်တွေနဲ့ သည်အတိုင်း အိမ်ကို ပြန်လာတာ ။ အိမ်ရောက်မှ မျက်နှာသစ်တယ် ။ ( သူကြီး ဆိုတော့လည်း မျက်နှာက ထုံးတွေနဲ့ ရယ်စရာကြီး ဖြစ်နေပေမယ့် လမ်းတွေ့တဲ့ လူကလည်း မရယ်ရဲဘူး )

“ ကနေ့ အဖေချည်း ရှုံးတာပဲ သမီးရေ ... ” ဆိုပြီး အိမ်ပေါ်တက်လာတော့ သမီးကြီး ( တတိယသမီး ) တင်ဥ က “ အဖေကလည်း သူကြီး လုပ်နေပြီး မျက်နှာ ထုံးတွေနဲ့ မရှက်ဘူးလား ” လို့ အမြဲပြောတတ်တယ် ။

“ ဟ... သူကြီး ဘာဖြစ်တုန်း... သူကြီးလည်း လူပဲဟ ” ဆိုပြီး မျက်နှာသစ်တယ် ။ နောက်တစ်နေ့ နေ့လယ် ကက်ဝိုင်းသွားမြဲပါပဲ ။ တစ်ခါတလေ ကစားဖက်က နိုင်လို့ သူကြီးမျက်နှာ ထုံးမခွေရဲဘူးဆိုရင် ...

“ ဟကောင် ခွေလကွာ သူကြီးမို့ ထုံးမခွေဘူးဆိုရင် ဘယ် တရားပါ့မလဲကွ ... ကက် ဆွဲရတာ ဘယ်အရသာ ရှိတော့မှာလဲ ... လုပ်ပါ ငါ့ကောင်ရ ... ခွေပါ ” လို့ ပြောပြီး မျက်နှာထိုးပေးတတ်တယ် ။ တကယ်က ကိုတက်ရိုး က သူကြီးမျိုးရိုး မဟုတ်ဘူး ။ ပညာကတော့ အပြင် အောင်ခြင်း ၊ အတွင်း အောင်ခြင်း လောက်ပါပဲ ။ သူ့ အရင် သက်ကယ်တန်းသူကြီး က ကိုကံရင် တဲ့ ။ အဲဒီ တုန်းက ကိုတက်ရိုး က သူကြီး ရဲ့ ညာလက်ရုံး ၊ သူကြီး ကိုကံရင် မှာ သား မရှိဘူး ။ သမီး တွေချည်း မွေးထားတာ ၊ သူကြီး ကိုကံရင် အသက်ကြီးတော့ သူ့သမီးတွေထဲက မကျင်လှ ကို ကိုတက်ရိုး နဲ့ ပေးစားတယ် ။ ဒါဘာပွဲ တို့ မင်းပွဲ တို့ မှာ ကိုတက်ရိုး ကို ပွဲထုတ်တယ် ။ ကိုကံရင် သေတော့ သမက် ကိုတက်ရိုး က သူကြီး ဖြစ်လာတာပါပဲ ။ သူကြီး ဖြစ်တဲ့နှစ်က ကိုတက်ရိုး ပိုက်ဆံ တော်တော် ကုန်တယ် ။ မြို့ပိုင် တို့ ၊ နယ်ပိုင် တို့ ရွာကို ကြွလာတော်မူတယ်ဆိုရင် ကိုတက်ရိုး က အရိုးခံ မဟုတ်လား ။ ဘာမှ မလုပ်တတ်ဘူး ။ သူ့ မိန်းမ မကျင်လှ က သူကြီးသမီး ဆိုတော့ ဘာလုပ်ရမလဲ ဆိုတာ သိတယ် ။ ဒီလို ဒီလို လုပ်ပေါ့ ။ ဒီဟာ ဒီဟာ ကျွေးပေါ့ ။ ဒါလေး ဒါလေး ပေးပေါ့ ဆိုတော့ သူကြီးပါး ၀သွားတော့တယ် ။

မကျင်လှ နဲ့ က နှစ်အစိတ်လောက် ပေါင်းလိုက်ရတယ် ။ မကျင်လှ မီးယပ်သွေးဆုံး နဲ့ သေတော့ ကိုတက်ရိုး က ငါးဆယ် ကျော်ရုံ ရှိသေးတယ် ။ အရွယ် ကောင်းတုန်း ။ သားနှစ်ယောက် ၊ သမီး သုံးယောက် ကျန်ရစ်တယ် ။ ငတင် တဲ့ ၊ ငမှင် တဲ့ ၊ မတင်ဥ တဲ့ ၊ မကျင်နု တဲ့ ၊ မခင်ပု တဲ့ ။

သားကြီး ကိုတင် က ခေတ်ပညာတတ်တယ် ။ မကွေး မှာ ကျောင်းထားတယ် ။ သူကြီး လည်း လုပ်ချင်ပုံ မရတော့ သားလတ် ကိုမှင် ကို နားသွင်းရတယ် ။ သူကြီးလက်စွဲလေး ဘာလေး ဖတ်ခိုင်း ၊ ရပ်အမှု ရွာအမှုတွေ စစ်တော့ နားထောင်ခိုင်း ၊ သူကြီးအစည်းအဝေးလေး ဘာလေး စာရင်းလုပ်ခိုင်း ၊ ကောက်ခိုင်း နဲ့ သူကြီး ထရိန်နင် ပေးလိုက်တာ ရွာက တော်ရုံကိစ္စ ကိုမှင် နဲ့ တင်ပြီးတယ် ။

မကျင်လှ ဆုံးပြီးလို့ လေးနှစ်လောက် ကြာတော့ ကိုတက်ရိုး မိန်းမ ထပ်ယူတယ် ။ သက်ကယ်တန်း ကပါပဲ ။ ဆွေကြီးမျိုးကြီး ထဲကပါ ။ မငြိမ်း တဲ့ ။ မငြိမ်း က အပျို စစ်စစ်တော့ မဟုတ်ဘူး ။ မုဆိုးမ ။ သူ့ အရင်ယောက်ျား က အပေါင်ဆိုင်ဖွင့်ထားတဲ့ တရုတ် ကိုကျင်မှိန် ။ ရွှေလေး ငွေလေး နဲ့ ချမ်းချမ်းသာသာ ပါပဲ ။ ကိုကျင်မှိန် နဲ့ ကလေး မရဘူး ။ အပေါင်ဆိုင်တရုတ် ဆုံးတော့ ကျီးကြည့်ကြောင်ကြည့် ဖြစ်နေတုန်း သူကြီး ကိုတက်ရိုး က ကောက်ယူလိုက်တာ ။ အပေါင်ဆိုင် တရုတ်နဲ့ ကလေးမမွေးတဲ့ မငြိမ်း က သူကြီး ကိုတက်ရိုး နဲ့ ကျတော့ မွေးလိုက်တာမှ ရှင်မွေးလွန်း ဖြစ်ရော ။ ဆယ့်တစ်ယောက် တောင် ( ဒါတောင်မှ ကြားထဲမှာ နှစ်ယောက် ပျက်ကျသေးတယ် ) ကိုတက်ရိုး ရဲ့ အရင် မယား က ရတဲ့ သားသမီးတွေ နဲ့ အဆင်မပြေတော့ ဝိုင်းထဲမှာ အိမ်သပ်သပ် ဆောက်ပြီး ထားတယ် ။

အရင်မယား က သားသမီးတွေနဲ့ မငြိမ်း နဲ့သာ အဆင်မပြေတာ ။ ကလေးတွေချင်း ကျတော့ အဆင်ကို ပြေလို့ ချစ်ကြတယ် ။ ကိုတက်ရိုး ကလည်း မငြိမ်း မို့ မျက်နှာသာ မပေးဘူး ။ အရင်သားသမီးတွေ မို့လို့လည်း ဦးစား မပေးဘူး ။ မျှမျှတတ ပဲ ။

ခြံဝိုင်းကြီးထဲ စပါးကျီ ၊ ပဲကျီ ကြီးကြီးဆောက်ပြီး ရလာတဲ့ စပါး ၊ ပဲ ၊ နှမ်း လှောင်ထားတာပဲ ။ မျိုးချန်စရာရှိတာ ချန် ၊ ရောင်းစရာရှိတာ ရောင်း ၊ စားဖို့ သိမ်းတာ သိမ်းနဲ့ ရသမျှ တစ်စုတစ်စည်းတည်း ထားတာပါပဲ ။

ကိုတက်ရိုး အသက်ခြောက်ဆယ် တော်တော် ကျော်လာတော့ သူကြီး အလုပ် စိတ်ကုန်လာတယ် ။ အသက်ကလည်း ရလာပြီ ။ လယ်တွေ ချောင်းတွေကလည်း ရှိသေးတယ် ။ ရွာကိစ္စတိုင်းကို ထစ်ခနဲဆို သူ မသွားနိုင်တာလည်း ပါတယ် ။ ဆိုင်ရာဆိုင်ရာနဲ့ ညှိနှိုင်းပေးကမ်းပြီး သူ့သား ငမှင် ကို သူကြီးရာထူး အပ်ပြီး သူက နားတယ် ။ သျှောင်တစောင်း နဲ့ သူကြီး ကိုတက်ရိုး နေရာမှာ ဘိုကေနောက်မြင့် နဲ့ သူကြီးဦးမှင် ပြောင်းတာက လွဲရင် သက်ကယ်တန်းရွာ က သူကြီး အပြောင်းအလဲကို သိတောင် မသိလိုက်ကြဘူး ။

တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ရွာကလေးမှာ သူကြီးအပြောင်းအလဲ ကို သိပ် ဂရုစိုက်နေကြတာလည်း မဟုတ်ဘူး ။ တစ်နေ့ ငမှင် သူကြီး ဖြစ်မယ် ဆိုတာ ကြိုသိနေကြတော့လည်း အသွားမပျက် အစားမပျက်ပါပဲ ။ ကိုမှင် က သူကြီးဖြစ်လို့မှ မကြာသေးဘူး ။ သူ့အဖေ သူကြီးဟောင်း ကိုတက်ရိုး ရဲ့ နောက်မယား မငြိမ်း သေပြန်ရော ။ မငြိမ်း သေတော့ သူကြီးဟောင်း ကိုတက်ရိုး က ခုနှစ်ဆယ် ကို သုံးနှစ် စွန်းနေပြီ ။ လယ်လေး ကိုင်းလေးလည်း ကွပ်ပဲရသေးတယ် ။ ရပ်ရွာမှုကလည်း တစ်ဖက် ၊ ညီအစ်ကိုမောင်နှတွေ အရေးက တစ်ဖက် နဲ့ ဂျင်ခြေကို လည်လို့ပ ။

ညီအစ်ကို မောင်နှမတွေ ကို အိမ်စောင့် ချသင့်သူ ချ ၊ ကျောင်းထားဖို့ မြို့ ကို ပို့သင့်သူ ပို့ ။ လယ်ထဲ ကိုင်းထဲ ဆင်းခိုင်းသင့်တဲ့လူ ဆင်းခိုင်း လုပ်နေတုန်းမှာပဲ သူကြီးဟောင်း ကိုတက်ရိုး က ပုတီးကလေး လည်ပင်းဆွဲပြီး ဘုန်းကြီးကျောင်း သွားသွားနေတာ နေ့တိုင်း ။ ဘုန်းကြီးကျောင်း သွားတဲ့ လမ်းမှာ ရီးပေါက်စ တို့ သက်ကယ်ပျစ် တဲ့ တဲကြီး ရှိတယ် ။ ဟိုရွာ သည်ရွာက မိန်းကလေး တော်တော်များများလည်း ရီးပေါက်စ တို့အိမ်မှာ နေရင်း သက်ကယ် ပျစ်ကြတယ် ။ အဲဒီ အထဲမှာ ဖလံကျင်း က မမြသင် လည်း ပါတယ် ။ အိမ်ရှေ့ ဖြတ်ဖြတ်သွားတဲ့ သူကြီးဟောင်း ကိုတက်ရိုး ကို ရီးပေါက်စ က “ အိမ်များလည်း ဝင်ပါဦး သူကြီး ရဲ့ ... ဝင်ကောင်းပါတယ် ” ဘာညာ ဆိုတော့ သူကြီး ကလည်း ဝင်ဖြစ်ရော ။ ဝင်ရင်း ဝင်ရင်း ကပဲ သူကြီးဟောင်း ကိုတက်ရိုး မိန်းမ လိုချင်လာရော ။ ဒါကို ရီးပေါက်စ က သိတယ် ။ ရီးပေါက်စ က ဒါကိုတင် သိတာ မဟုတ်ဘူး ။ သူကြီးဟောင်း ရဲ့ လယ်တွေ ချောင်းတွေ ကိုလည်း သိတယ် ။ အရင် မယားတွေ က ကျန်ရစ်တဲ့ ကြံဆစ် လက်ကောက်တွေ ၊ ပန်းတစ်လိမ် နန်းတစ်လီ ဗျက်တွေ ၊ အမ်စီကြိုးတွေ ကိုလည်း သိတယ် ။ သေတ္တာ နဲ့ နှစ်လုံးလောက် ကျန်ရစ်တဲ့ ထဘီတွေ ၊ အဝတ်အစားတွေ ကိုလည်း သိတော့ မမြသင်ကလေး နဲ့ အောင်သွယ်တယ် ။ အောင်သွယ်ခလေး စားလိုက် ၊ နားလေး ချလိုက်နဲ့ နှစ်နှစ်လောက် ကြာတော့ မင်္ဂလာဆောင် ဖို့ ရက်သတ်တဲ့ အထိ ဖြစ်လာတယ် ။ ပထမတော့ မမြသင် က ငြင်းတယ် ။ ခုနှစ်အိုကျား ရှစ်အိုကျားကြီး မယူချင်ပေါင် တဲ့ ။

နောက်တော့ ရီးပေါက်စ ကလည်း အပို့ကောင်း ၊ မမြသင် မိဘများကလည်း သည်သတင်းကြားတော့ တွန်း ။ ကြာတော့ မမြသင် “ အင်း ” လိုက်ရတယ် ဆိုပါတော့ ။

အဲဒီ မှာတင် သူကြီးဟောင်း ကိုတက်ရိုး နဲ့ ဖလံကျင်းသူ မမြသင် မင်္ဂလာဆောင်တော့မယ် ဆိုတဲ့သတင်း ထွက်လာလိုက်တာ ပဒူအုံ တုတ်နဲ့ ထိုးလိုက် သလိုပဲ ။

°°°°°   °°°°°   °°°°°

( ၃ )

မင်္ဂလာဆောင်မယ့် အကြိုညက မဏ္ဍပ်ထဲမှာ အောက်လင်းဓာတ်မီးတွေ ဆိုတာ ထိန်လို့ ။ မကွေး ကို တက်ငှားတာ ဓာတ်မီးဖိုး ကချည်း တစ်ရာ လောက် ကျတယ် ။ ချက်တဲ့သူက ချက် ၊ ပြုတ်တဲ့သူက ပြုတ် ပေါ့ ။ သူကြီး ကိုမှင့် မျက်နှာနဲ့ ဟိုရွာ သည်ရွာက လာပို့တဲ့ ဝက် တို့ ၊ ကြက် တို့ဆိုတာ ဖောချင်း ပဲ ။ အရက် ဆိုတာကတော့ မပြောနဲ့ ပလတ်စတစ်ပုံးကြီးတွေနဲ့ တည်ထားတာ ။ သောက်စမ်း ကြိုက်သလောက် ။

ရွာက တီးဝိုင်းကလည်း ရသမျှ သီချင်းတွေနဲ့ ဧည့်ခံလို့ ။ သူကြီးဟောင်း ကိုတက်ရိုး ကတော့ တစ်ခါမှ ထုတ်မပေါင်းဖူးတဲ့ ပန်းနုသွေး မင်္ဂလာရောင် ခေါင်းပေါင်း နှစ်ပတ်ကျော့လေး နဲ့ တကယ့် ကာလသားလေး ကျနေတော့တာ ။ လည်ကတုံးအကျ .. လျှာဖတ်လတ်မှာ ရွှေသီး ဆိုတာ တစ်လုံးတစ်လုံး ကို မန်ကျည်းစေ့လောက် ရှိတယ် ။ တစ်ချက်မှလည်း ဣန္ဒြေ မရဘူး ။ ရပ်မိရပ်ဖတွေ ထိုင်တဲ့ လူကြီးဝိုင်းပဲ ဝင်ထိုင်ရတော့ မလိုလို ၊ ကာလသား တီးဝိုင်းထဲ ဝင်ပြီး မေတ္တာသဗ္ဗေအနန္တော မြတ်ရှင်စော ဟောကြားကာရယ် ပဲ ဟဲရတော့ မလိုလိုနဲ့ ။

သူကြီး ကိုမှင် ကတော့ ဖအေ သတို့သား ကို ကြည့်ရင်းက ပြုံးပြုံးကြီး ။ မငြိမ်း နဲ့ ရတဲ့ ကလေးတွေကလည်း သူတို့ အဖေ အိုကြီးအိုမ ကို ကြည့်ပြီး ရှက်တဲ့ သူက ရှက်လို့ ။ မူးတဲ့ လူက မူးလို့ ။ ပျော်တဲ့ သူက ပျော်လို့ ။ မမြသင် ကိုတော့ မတွေ့ရဘူး ။ ရှက်လို့ပဲလား ။ ညွှတ်နေအောင် ဆင်ထားတဲ့ ရွှေတွေ နဲ့ မနေတတ် မထိုင်တတ်လို့လား မသိဘူး ။ မဏ္ဍပ်ထဲ တစ်ခါမှ မလာဘူး ။ တချို့ကလည်း ရီးပေါက်စ တို့ အိမ်မှာ ငိုနေလိုက်တာ ရှိုက်ကြီးငင်ကြီး တဲ့ ။ တချို့ကလည်း မဟုတ်ပါဘူး တဲ့ ။ သင်းကြူကြူပေါင်ဒါလေး လိမ်းလိုက် ၊ သီချင်းလေး ညည်းလိုက်နဲ့ ပါတဲ့ ။

ခက်တာက မမြသင် ရဲ့ အဖေ နဲ့ အမေ ပဲ ။ သူကြီးဟောင်း ရဲ့ ယောက္ခမ သာ ပြောရတယ် ။ သမက် က သူတို့ထက် ကြီးနေတော့ သား ပဲ ခေါ်ရမှာလား ။ သူကြီး လို့ လွယ်လွယ် ခေါ်ရမှာလား မဝေခွဲတတ်ဘူး ဖြစ်နေတယ် ။ ကိုတက်ရိုး ကလည်း ယောက္ခမ ကို ခေါ်ရင် ဒီမယ် တဲ့ ။

နောက်တစ်နေ့ မိုးလင်းလို့ ဘုန်းကြီးကျောင်း မင်္ဂလာဆွမ်းအုပ် ပို့ပြီးတာနဲ့ ရွာ က ရွာမိရွာဖတွေ ထမင်းကျွေးဖို့ စီစဉ်တယ် ။ ထမင်းမကျွေးခင် ဟိုဘက် ဒီဘက် ဆွေမျိုးမိဘတွေ ၊ လူကြီးသူမတွေ ခေါင်းရင်းဘက် တန်းစီထိုင်ပြီး သတို့သမီး ၊ သတို့သား မင်္ဂလာစကား ပြောမယ် လုပ်တော့ မမြသင် နဲ့ ကိုတက်ရိုး က ပီဘိ ကျုံ့ကျုံ့ ကလေး ထိုင်လို့ ။ မမြသင် ကတော့ စံပယ်ပွင့်တွေ ဝေနေအောင် ပန်ထားတယ် ။ မျက်နှာကလည်း ပန်းသွေး ထနေလိုက်တာ ရဲလို့ ။ ခေါင်းကလည်း ငုံ့ထားလိုက်တာ ဇက်ကျိုးတာကမှ လှုပ်လိမ့်ဦးမယ် ။ မိန်းမသုံးယောက် နဲ့ မင်္ဂလာဆောင်ဖူးသွားပြီ ဖြစ်တဲ့ ကိုတက်ရိုး ကတော့ ရှိုးတိုးရှန့်တန့်တော့ မဖြစ်ဘူး ။ ဒါပေမယ့် ရှက်တော့လည်း ရှက်တာပါပဲ ။ သူ့ သဘောအတိုင်းဆို မင်္ဂလာဆောင်ဖို့ စိတ်မကူးဘူး ။ သည်အတိုင်း ပေါင်းလိုက်ရုံ တွက်ထားတာ ။ ဒါပေမယ့် မမြသင် ဘက်က လက်မခံဘူး ။ သူ့သမီး အပျို နုနုထွတ်ထွတ်ကို မင်္ဂလာဆောင် ယူရမယ် ဆိုလို့သာကိုး ။

မမြသင် ရဲ့ မိဘနှစ်ပါးရဲ့ ရပ်ဖိရပ်ဖတွေ သူ့သား သူကြီးကိုမှင် တို့ ခေါင်းရင်းခန်း နေရာ ဝင်ယူတော့ လာသမျှ ဧည့်သည်တွေကလည်း အထူးအဆန်း ဖြစ်လို့ ၊ ငြိမ်လို့ ၊ ပြုံးကြလို့ ။ ဒါပေမယ့် မင်္ဂလာစကား ကို ဘယ်သူက စပြောမယ် ဆိုတာ ညှိမထားတော့ တိတ်ဆိတ်နေလိုက်တာ အကြာကြီး ။ တအောင့်နေတော့မှ ရွာက စက်ပိုင် ဦးဘရှင် က ..

“ မောင်မှင် မင်းက ရွာမှာ သူကြီး ပဲ... မင်း က စ,ပြောကွာ ” တဲ့

ကိုမှင် က ဘယ်လိုမှ မျှော်လင့်ထားတာ မဟုတ်ဘူး ။ သူ စကားပြောရမယ် လို့လည်း မထင်ဘူး ။ ပြောလည်း မပြောတတ်ဘူး လို့ တွက်ထားတာကိုး ။ ဒါကြောင့် ဦးဘရှင် က ပြောခိုင်းတော့ တွန့်သွားတယ် ။

“ ဟာ ... မဟုတ်တာ..ဘကြီးရှင် ပဲ ပြောပါဗျာ ”

“ အေးပါ ... တို့လည်း ပြောမှာပါ ... ဟိုဘက် ဒီဘက် မိဘများကလည်း ပြောရမှာလေ ... မင်းက အဖေဘက်က လူကြီးတစ်ယောက် အနေနဲ့ရော ... ရွာက သူကြီး အနေနဲ့ပါ မင်း စ,ပြော မှ တင့်တယ်မှာပေါ့ ”

အဲဒီ တော့ ရွာက လူတွေကလည်း စိတ်ဝင်စား လာကြတယ် ။ ကိုမှင် ကတော့ ချွေးတွေသံတွေ တောင် ထွက်လာတယ်လို့ ထင်တယ် ။ သူ့ ရှေ့က ဖလားစုံ ကွမ်းအစ်ကြီး ထဲက ကွမ်းသီးတစ်ဖတ် ကောက်ဝါးထည့်ပြီး အကြာကြီး နေတော့မှ

“ အဟမ်း ... ”

ချောင်း မဟန့်ချင်ဘဲ ဟန့်တော့ လူတွေက တဝေါဝေါ စကားပြောကြတာ ငြိမ်သွားတယ် ။

“ အဖေ နဲ့ အဲ ... အဖေ နဲ့ ပေါ့လေ ... မမြသင် နဲ့ ” ကိုမှင် ဆက်ပြောလို့ မရသလို ရပ်သွားတယ် ။ ကွမ်းသီးတစ်ဖတ် ထပ်နှိုက်တယ် ။ ဝါးတယ် ။ မဆီမဆိုင်ရေနွေးကြမ်း တစ်ပန်းကန် ငှဲ့တယ် ။

“ အဖေ နဲ့ မမြသင် နဲ့ ဘာသာဘာဝ ထိမ်းမြားကြလို့ မင်္ဂလာစကား ပြောပါဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ရှိတယ် ။ ပုဆိုးတန်းတင် အကြင်လင်မယား တဲ့ ... အဟမ်း .. အရှေ့ ခုနှစ်အိမ် အနောက် ခုနှစ်အိမ် သိကြလို့ မြန်မာထုံးစံ ကန်တော့ပွဲနှင့် ကွမ်းဆေးလက်ဖက် နဲ့ ဧည့်ခံလို့ လင်မယားအရာ မြောက်ပြီဆိုတာနဲ့ ... ”

ကိုမှင် က ငှဲ့ထားတဲ့ ရေနွေးကြမ်းပန်းကန်ကိုယူပြီး ရွတ်ခနဲ သောက်တယ် ။ သူကြီးဟောင်း ကိုတက်ရိုး ကတော့ သူ့သား ကိုမှင် ကို မျက်ထောက်နီကြီး နဲ့ ကြည့်နေတယ် ။ လူတွေက ရယ်ချင်ပေမယ့် မရယ်ဘဲ တင်းထားတဲ့ ရုပ်တွေနဲ့ ။ ကိုမှင် ကလည်း သူ့စကား အမြီးအမောက် မတည့်တာ သူ့ ဟာ သူ သိတယ် ။ ဘာဆက်ပြောရမှန်းလည်း မသိဘူး ။ ခဏနေတော့မှ

“ ဒီတော့ကာ မမြသင် ကလည်း မယားဝတ္တရား ငါးပါး နဲ့ တူတယ် ... အဲဒါ ရှိတယ် .. အဖေ ကလည်း လင့်၀တ္တရား ငါးပါးနဲ့ အညီ တစ်ဦးကို တစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ နော် ဗျာ ... ရသမျှ ဥစ္စာလည်း တူအမျှ .. ရသမျှ ကုသိုလ်လည်း တူအမျှ ဆိုသလို အဲ .. ဆိုသလို မမြသင် ကလည်း ကိုယ့် လင်သား ကို လင်သား လို အစ်ကို လို ... အဖေ လို ဆက်ဆံရမယ် ... အဖေ ကလည်း ဒီလိုပဲနော် ... အဖေ ကလည်း ခါတိုင်းလို မမိုက်နဲ့တော့ ... ”

သူကြီးဟောင်း ကိုတက်ရိုး က သူ့သား ကိုမှင် ပြောနေတာကို ဒေါသပဲ ဖြစ်နေလို့လား ၊ စိတ်ထဲ မကောင်းလို့လား မသိဘူး ။ မျက်လုံးတွေကလည်း ပြူးလို့ ။

“ မမိုက်နဲ့ ဆိုတာက အဖေ ကက် လည်း ဖြတ်တော့ ... အရက် လည်း ဖြတ်တော့ ... အသက်ကလည်း နားထင် ဆောင့်နေပြီ ” ကိုတက်ရိုး က သူ့သား ကိုမှင် ရဲ့ မင်္ဂလာစကား ထဲမှာ ကက် တွေရော ၊ အရက် တွေရော ၊ မမိုက်နဲ့တော့ ရော ပါလာတဲ့အထိ ဘာမှ မပြောသေးဘူး ။ အသက် နားထင်ဆောင့်နေပြီလည်း ဆိုရော ...

“ဟေ့ကောင် ငမှင် ... ခွေးသား တော်တော့ကွာ ” တဲ့ ။

အော်လိုက်တာမှ မင်္ဂလာပွဲ လာကြတဲ့ သူတွေဆိုတာ အုံးခနဲ ထရယ်တာ ပတ်ထုတ်ယူရတယ် ။

°°°°°   °°°°°   °°°°°

( ၄ )

အရင် မယားနှစ်ယောက် ယူခဲ့တုန်းက မယားတွေ သာ သေခဲ့တဲ့ သူကြီးဟောင်း ကိုတက်ရိုး ၊ မမြသင် နဲ့ ညားလို့ ခြောက်လ လောက်လည်း ကြာရော သည်တစ်ခါ သေတာ သူကိုယ်တိုင် ဖြစ်သွားတော့တယ် ။ အဲဒီ တုန်းက မူလ ကိုယ်ခံစွမ်းအား လျော့နည်းကျဆင်းသည့် ရောဂါ ဆိုတာလည်း မပေါ်သေးဘဲ နဲ့ သူကြီးဟောင်း ကိုတက်ရိုး ကတော့ တပိန်ပိန် တလိန်လိန် နဲ့ လုံးပါးပါးပြီး သေသွားတာ ။ ဘာရောဂါရယ် လို့ မည်မည်ရရ လည်း မရှိဘူး ။

သူကြီးဟောင်း ကိုတက်ရိုး ခုနှစ်ဆယ် ကျော် လို့ သေသွားတာက သတင်း မဟုတ်ပေမယ့် ကျန်ရစ်ခဲ့တဲ့ မမြသင် ကတော့ ကိုယ်ဝန် နှစ်လ ကျန်ရစ်ခဲ့တယ် ဆိုတာကမှ သတင်း ဖြစ်နေတော့ ရွာက လူတွေ က “ ဟယ် ... ဟုတ်ပါ့မလားပေါ့ ... မဖြစ်နိုင်ဘူး ” ပေါ့ ။

သူကြီးဟောင်း သေပြီးလို့ မကြာပါဘူး ၊ မမြသင် ဗိုက်ကလေး စူလာတော့မှ လူတွေ က ...

“ ဟုတ်ပါ့တော် ... သူကြီးဟောင်း ကိုတက်ရိုး တို့များ သေခါနီး တောင် “ ခုနှစ်ထွေက ” လေးနဲ့ ” တဲ့ ။

◾ နေဝင်းမြင့်

       ၁၉၉၀ ဧပြီ

koaungnaingoo.blogspot.com

.

Tuesday, October 26, 2021

မောင်းပုတီးကလေး


 

❝ မောင်းပုတီးကလေး ❞

( ၁ )

သန်းခေါင်ကြက်တွေ တွန်တော့လည်း အမေသန်းရင် မအိပ်နိုင်သေး ။ အပြင်မှာ လမင်းကြီး ထိန်ထိန်လင်းနေသည် ။ သက်ကယ်ပျစ် ကျိုးကျဲကြားက လရောင်တွေ ယိုစီးနေသဖြင့် အိမ်ကလေးထဲမှာ လင်းလက်နေသည် ။ အမေသန်းရင် က မှိန်းနေရာမှ ကျုံးထလိုက်သည် ။ ခြေသလုံးတွေ တောင့်တင်းနေလေသည် ။ တစ်နေ့လုံး မောင်းထောင်း ထားရသဖြင့် ညာဘက် ခြေသလုံး က ထင်းချောင်း တစ်ချောင်းလို တင်းမာနေသည် ။ ဆံပင်ကြမ်းတွေကို ဝါးဘီးကလေး နှင့် ပတ်ရစ်လိုက်သည် ။ အိမ်ရှေ့ ကွပ်ပျစ်ကလေး ဆီ ထသွားလိုက်သည် ။ လရောင်‌အောက်မှာ အရာအားလုံး ငြိမ်သက်နေသည် ။ ငယ်ငယ်တုန်းကတော့ လရောင်အောက်မှာ သည်အချိန် ဘယ် အိပ်လိမ့်ဦးမလဲ ။ အခုတော့ ရွာလယ်က ခွေးအူသံ သဲ့သဲ့မှ တစ်ပါး ဘာကိုမှ မကြားရ ။ ငယ်ငယ်တုန်းက ဘဝတွေကို စိတ်ရောက်သွားပြန်သည် ။ တိုးစိန် ၊ သန်းရင် ၊ ခင်မေ ၊ သည် သုံးယောက်ဆိုလျှင် ရွာက တစ်တွဲတည်း မြင်သည် ။ ကောက်စိုက် ၊ ပဲနုတ် ၊ ကောက်သင်းကောက် ၊ မောင်းထောင်း ။ တိုးစိန် က စလေကျွန်းချောင်း ဘက်က လက်သမား တစ်ယောက် နှင့် အိမ်ထောင် ကျသွားကတည်းက ရွာကို ပြန်မလာတော့ ။ ခင်မေ ကတော့ ရွာထဲမှာ ရှိသည် ။

အခုတော့ ခေါ်ခင်မေ ။ အင်း … လယ်ပိုင်ရှင် ဒေါ်ခင်မေ ၊ ကျောင်းအစ်မ ဒေါ်ခင်မေ ပေါ့လေ ။ ရွယ်လယ်က ခင်မေ တို့ တိုက်ခံ အိမ်ကြီး မှာ ပဲစက် ရှိသည် ။ မောင်းဆုံ ရှိသည် ။ စပါးကျီ ၊ ပဲကျီ တွေ ရှိသည် ။ ခင်မေ့ ပဲခင်းတွေ ပဲဆွတ်ချိန်ဆိုလျှင် သူတို့ သားအမိ လိုက်နေကျ ။ ခင်မေ့ လယ်တွေမှာ ကောက်သင်းကောက်နေကျ ။ ငယ်ငယ်က ခင်မေ နှင့် မောင်းထောင်းဘက် ဆိုသော်လည်း အခု အလုပ်ရှင် နှင့် အလုပ်သမား ။ ဒါပေမယ့် ခင်မေ က ဘဝမမေ့ဟု ဆိုရမည် ။

သူတို့ သားအမိ ကို ကြည့်သည် ။ ခိုင်းစရာ ရှိလျှင် သူတို့ ၊ ပေးစရာ ရှိလျှင် သူတို့ ။ အခုလည်း သူ့ မောင်းစင်မှာ သားအမိ တစ်တွေ မောင်းထောင်းနေရသည် ။ အိမ်က ကိုရင် ပိုးထိ ဆုံးတော့ ခင်မေ ဆီက ချေးရငှားရသေးသည် ။ အခုတော့ သားအမိ သုံးယောက် ရရစားစား ၊ ဝါးဝါးမျိုမျို ကောက်စိုက်ချိန် စိုက် ၊ ထင်းသယ်ချိန် သယ် ၊ မောင်းထောင်းချိန် ထောင်း ၊ ကြိတ်ထိုးချိန်ထိုး ။ သူငယ်ချင်း သုံးယောက်ထဲမှာ သူတစ်ယောက်တည်း ကြီးတောင့်ကြီးမား မောင်းထောင်း ကြိတ်ထိုး နေရတုန်း ဖြစ်သည် ။ မောင်းတိုင်က မောင်းပုတီးကလေး ကို ကိုင်ရ တွယ်ရတုန်း ၊ ပုတီးပတ်တွေ မှတ်ရတုန်း ။

လရောင်ကြည်ကြည် ထဲမှာ ရေမဲ့ ရေအိုးဟောင်း သုံးလုံးနှင့် မီးကပ် မီးချိတ် ၊ ဝါးလုံး ငေါင်းစင်းစင်းကို ငေးကြည့်နေမိပြန်သည် ။ နွေကုန်တော့မည် ။ မိုးကျတော့မည် ။ သက်ကယ် မမိုးရသေး ။ သည်နှစ် ကြိတ်ထိုးခ ထဲက ဖဲ့စုလာတာ နည်းနည်းပါးပါးတော့ ရနေပြီ ။ လိုတာ ခင်မေ့ ဆီ ချေးရလိမ့်မည် ထင်သည် ။ ခင်မေ့ ကျေးဇူးတွေကို သတိရ နေရင်းက ငယ်ဘဝတွေကို စိတ်ရောက်သွားပြန်သည် ။ သည်လို လရောင်ညတွေမှာ ဖန်ခုန် တမ်း ၊ တွတ်ထိုး တမ်း ၊ စကားထာဝှက် တမ်း ၊ ဘိုင်စကုတ်အကြောင်း ပြော တမ်း ။

လရောင်တလင်း ကွင်းပြင်ထဲမှာ ညဉ့်နက်သန်းခေါင် တိုင်အောင် သူရယ် ၊ တိုးစိန်ရယ် ၊ ခင်မေရယ် ။

အဲသည်တုန်းက …

*****

( ၂ )

ခါတိုင်း မနက်သုံးနာရီ သန်းရင် နိုးနေကျ ။ ကနေ့ မိုးလင်းသွားသည် ။ သိပ်တော့ နောက်မကျသေး ။ လရောင် ရှိနေသေးသည် ။ ခင်မေ နှင့် တိုးစိန် ကို သွားခေါ်ရဦးမည် ။ သူတို့က လာခေါ်ရတယ်လို့ တစ်ခါမှ မရှိခဲ့ ။ သန်းရင် တဘက်ကြမ်းကို ခြုံကာ ထွက်လာခဲ့သည် ။ တစ်ယောက်က ရေတွင်းကုန်း မှာ ၊ တစ်ယောက်က အနောက်ရိပ်သာ နား မှာ ။ တိုးစိန် တို့ အိမ်စုကလေးတွေမှာ မီးရောင် မမြင်ရသေး ။

“ တိုးစိန်ရေ … တိုးစိန် ”

“ ဝူး …”

“ သေတုန်းပဲလား ကောင်မ ၊ မိုးလင်းသွားပြီဟဲ့ ”

“ အေး … အေး … သွားနှင့်ပါလား သန်းရင် ရေ ”

“ ဟင့်အင်း … မြန်မြန်လုပ် ၊ ဒီကပဲ စောင့်မယ် ”

လမ်းပေါ်မှာ ဘယ်သူမှ မရှိသေး ။ လေးနာရီခွဲလောက် ရှိပြီ ။ ခဏကြာတော့ တိုးစိန် ထွက်လာသည် ။ ခင်မေ ကို သွားမခေါ်တော့ဘဲ နှစ်ယောက်သား မောင်းစင်ကို လာခဲ့ကြသည် ။ သူတို့ မောင်းစင်ရှိရာ အိမ်ကြီးရောက်တော့ ခြံတံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည် ။ အိမ်ကြီးဘေးမှ ပန်းကာ နောက်ဖေးကွက်လပ်ကျယ်ကို ဆက်လျှောက်လာကြသည် ။ အိမ်ကြီးရှင်တွေ မနိုးကြသေး ။ မောင်းစင်ထားရာ တမာရိပ်မှာ မှောင်မည်းနေသည် ။ တိုးစိန် က ရေနံဆီမီးတိုင်ကို မီးတို့လိုက်သည် ။ ထိုစဉ် မှာပင် သူတို့ ကိုယ်ပေါ်သို့ ကျောက်စရစ်ခဲတွေ ဖျောခနဲ ကျလာသည် ။

“ အမေ့ …”

“ ဟား … ဟား … ဟား … ဟား …”

ခင်မေ … ။ လရောင်ရိပ် မကျသည့် ပန်းချုံထဲက သရဲခြောက်ပြနေခြင်း ဖြစ်သည် ။

“ ညည်း မကြောက်ဘူးလား ခင်မေ ရယ် ”

“ ကြောက်ပေါင် ”

မီးတိုင်ခွက် အလင်းရောင် နှင့် စပါးအိတ်တွေကို သွားမသည် ။ တိုးစိန် က မောင်းစင်ဘေးမှာ ဂုန်နီအိတ်တွေ စီခင်းလိုက်သည် ။ လုံးတီး ၊ ဖွဲကြမ်း ၊ ဆန်ကွဲ ၊ စပါးခွံတွေ သပ်သပ်စီ ခုတ်ချဖို့ နေရာခွဲ ထားလိုက်သည် ။ သန်းရင် က မနေ့က ကြိတ်ထိုးပြီးသား လုံးတီး နှစ်ပြည်သားလောက်ကို မောင်းခွက်ထဲ ချင်ထည့်လိုက်သည် ။ မီးတိုင်ခွက် အလင်းရောင်ကြောင့် ခင်မေ နှင့် တိုးစိန် တို့ အရိပ်တွေက ရှည်မျောနေသည် ။ မောင်းတုံးပေါ် တင်ထားသော ခြေထောက်တွေက အသင့် ။ တိုးစိန် က မောင်းတိုင်စွပ်ထားသည့် ပုတီးကုံးကလေး ကို ချွတ်ယူလိုက်သည် ။

“ ကိုင်း … နင်း ”

“ ကျွီ … ”

“ ဂျုံး … ”

“ ကျွီ … ”

“ ဂျုံး … ”

မောင်းနင်းတုံး က ဖိနင်းလိုက်သည့်အခါ ကျွီခနဲ ကျွီခနဲ မြည်သည် ။ မောင်းတုံးက မောင်းခွက်ထဲ ကျသည့်အခါ ဂျုံးခနဲ မြည်သည် ။ မောင်းတုံး ကျသည် နှင့် ဆန်မဖြစ်တဖြစ် လုံးတီးတွေ ဖွားခနဲ ဖွားခနဲ မောင်းခွက် နှုတ်ခမ်းပေါ်ကို စင်ထွက်လာတတ်သည် ။ ထိုအခါ သန်းရင် က ယက်ချရသည် ။ မောင်းအကြွမှာ ယက်ချ ၊ မောင်းကျလျှင် ဖယ် ၊ နရီကိုက် စည်းကိုက် ၊ မှားလို့ မရ ။ ငိုင်နေလို့ မရ ။

“ ကောင်မ ခြောက်ပတ်နော် ”

ပုတီးခြောက်ပတ် ကို ဆိုလိုခြင်းဖြစ်သည် ။ မောင်းကျည်ပွေ့က မောင်းခွက်ထဲ ဂျုံးခနဲ တစ်ချက် ကျလျှင် မောင်းနင်းသူက ပုတီးတစ်လုံးကို ဆွဲချရသည် ။ ဤသို့ဖြင့် မောင်းနင်းရင်းက ပုတီး စိပ်နေရသည် ။ ပုတီး ( ၁၀၈ ) လုံး ပြည့်လျှင် တစ်ပတ် ။ တစ်နည်းအားဖြင့် ( ၁၀၈ ) ခါ နင်းပြီးပြီ ဆိုသည့် သဘောဖြစ်သည် ။ မောင်းတုံး နှင့် ဆန်စေ့ တစ်ရာ့ရှစ်ခါ ထိတွေ့ပြီး ပြီဆိုသည့် သဘောဖြစ်သည် ။

ဤသို့လျှင် ပုတီး ငါးပတ်ပြည့်လျှင် ဆန်ဖြူသည့် မောင်း ၊ ပုတီးဆယ်ပတ် မှ ဆန်ဖြူသည့် မောင်း ရယ်လို့ ရှိလာသည် ။ အခု သူတို့ မောင်း က မလှအုန်း မောင်း ။ ခြောက်ပတ်မောင်း ။ သူတို့မှာ နာရီ မရှိ ။ မှောင်ထဲတွင် ဆန်ဖြူ မဖြူ သေသေချာချာ သိနိုင်သည် မဟုတ် ။ သည်တော့ ပုတီးပတ် နှင့် မောင်းထောင်း ရသည် ။ ပုတီးပတ်နှင့် ဆန်ဖြူချိန်ကို ကွက်တိချိန်ပြီးသား ဖြစ်သည် ။

တချို့ ပုတီးပတ်များသည် မောင်းတွေကို နင်းသားတွေ မသွားချင် ။ ပုတီးပတ် နည်းသည့် မောင်းမှာတော့ ‘ နင်းသား ’  တွေ စိတ်ချမ်းသာသည် ။ သတ်မှတ်သည့် ပုတီးပတ် ပြည့်လျှင် ဆန်ချောပြီ ။ ထိုအခါ ပြာရ ခပ်ရ တီးရသည် ။ ဆန်ဖြူ သပ်သပ် ၊ ဖွဲ သပ်သပ် ၊ စပါးခွံ သပ်သပ် ။ ထို့ကြောင့် ထိုအရပ်က မောင်းစင်တွေမှာ မောင်းပုတီးကလေးတွေ ချိတ်ထားလေ့ ရှိသည် ။

“ ကျွီ … ”

“ ဂျုံး … ”

“ ကျွီ … ”

“ ဂျုံး … ”

ရောင်နီကလေး သွေးလာတော့မှ မီးတိုင်ခွက်ကို မှုတ်လိုက်သည် ။ မနက်ခင်းကလေးမှာပေမယ့် ချွေးဥလေးတွေ သီးထနေလေသည် ။

“ ကောင်မ မငိုင်နဲ့နော် ၊ လက်ပါသွားလို့ လင်မရဘဲနေဦးမယ် ”

“ လင်မရတော့ ကောင်းတာပေါ့အေ ”

“ ဘယ်ကောင်းပါ့မလဲအေရဲ့ … ဟီး … ဟီး … ”

“ ကောင်မနော် အပျို ပါးစပ် ”

နှစ်တင်း ကျသွားပြီ ။ ကြိတ်ထိုးပြီး ပြာပြီး တီးပြီး ဆန်ဖြူတစ်တင်းကျကို နှစ်ကျပ် ရသည် ။ တစ်နေကုန်ဆိုလျှင် ဆယ်တင်းလောက် ပြီးတတ်သည် ။ တစ်ခါတစ်ခါ မောင်းပျက်လျှင်တော့ သုံးလေးတင်း ။ တော်ရုံတန်ရုံ ကြိတ်ပျက်လျှင် ၊ မောင်းပျက်လျှင် သူတို့ ပြင်တတ်နေပြီ ။ ထစ်ခနဲဆို မောင်းရှင်ကို သွားပြောလို့ကမဖြစ် ။ ပြင်တတ်မှ ။ ခုနစ်နှစ်သမီး ၊ ရှစ်နှစ်သမီး က ထောင်းတဲ့ မောင်း ၊ ထိုးတဲ့ ကြိတ် ။ သူတို့ နားလည်နေကြပြီ ။ ယောက်ျားလေး တစ်ယောက်လို ကျင်လည်နေကြပြီ ။

“ လင်ဆိုလို့ ညည်း ဟိုကောင်နဲ့ တွေ့သလား ၊ တောင်ဖျားက ကောင်လေ ”

“ တွေ့သားပဲ ဈေးထဲမှာ ၊ ငါလေ အူတွေယားတာ အရမ်းပဲ ”

“ ဟင်း … ဟင်း … မကြိုက်တဲ့ လူကိုး အေ့ ၊ အူယားမှာပေါ့ ”

“ ကြိုက်တဲ့ လူဆို တို့တောင် သိရမှာ မဟုတ်ဘူး ”

“ ဒါပေါ့ ၊ ညည်းလိုပေါ့ ”

“ ညည်းအကောင်ကကော ပွဲတော်ရက်က ညည်းနဲ့ တွေ့တာလေ ”

“ အဲဒါပေါ့ ၊ အဖေနဲ့ မိလို့ အရိုက် ခံရသေးတယ် ”

“ ကောင်းတယ် ၊ ညည်းအကောင်က ခပ်ရဲရဲထဲကပါအေ ”

“ ရဲတာတော့ မပြောနဲ့ ”

“ ပြောပါဦးဟယ် ၊ ဘာတွေလုပ်တုန်း ”

“ အို … ညည်းကလည်း ”

“ ဟွန်း … ညည်းက ကောင်းခန်းဆို ဖြတ်ပြီ ၊ ပွဲတော်ကွင်းထဲတုန်းက ပြတဲ့ ဘိုင်စကုတ် ကျနေတာပဲ ”

“ ညည်း ရည်းစားထားကြည့်ပေါ့ဟဲ့ ”

“ ပြောပါဟယ် ”

မိုးလင်းပြီ ။ ရောင်နီနှင့်အတူ ထင်းလှည်းအီသံတွေ လမ်းပေါ်မှာ ဆူညံနေလေသည် ။ သင်္ဘောမန်ကျည်းသီး နီကွေးကွေးတွေက ညက မှက်စားထားသဖြင့် မြေမှာ ပြန့်ကျဲနေလေသည် ။ တိုးစိန် တို့ စကားကောင်းနေဆဲ ။ တစ်ရွာလုံးက သတင်းတွေ ၊ ဇာတ်ပွဲတွေ ၊ ဘိုင်စကုတ်တွေ … ။

“ တိုးစိန် ပုတီး ဘယ်နှစ်ပတ်ရှိပတုံး ”

“ ဟောတော့ … ပုတီးပတ်တွေ မေ့ကုန်ပြီ ”

“ ညည်းက လုပ်ပြီဟယ် ၊ ပုတီးကိုင်ထားပြီး စကားများနေတာကိုး ”

“ နေဦး ၊ သုံးပတ်လား ၊ လေးပတ်လား အဲ …”

သန်းရင် က ဆန်တွေကို ဆုပ်ယူလိုက်ကာ ကြည့်သည် ။

“ ဖြူပြီဟဲ့ ၊ ခြောက်ပတ်တောင် ကျော်ပြီပေါ့ ၊ ညည်းနှယ်အေ … ”

တိုးစိန် က သူ့လက်ထဲက စိပ်ပုတီး ကို ကိုင်ရင်းက ရယ်သည် ။

“ တစ်ခါတလေလည်း မှားမှာပေါ့ဟယ် ၊ စိပ်ပုတီးပေမယ့် မောင်းစင်ရောက်တော့ မောင်းပုတီး ဖြစ်နေတာကိုး အေရဲ့ ၊ အင်းလေ … တို့က ပုတီးကိုင်ထားပေမယ့် ပြောကြတာက ပေါက်ကရကိုး … နော့ … ။

*****

( ၃ )

“ အမေ … အမေ ထတော့ ၊ သွားရ အောင် ”

ညက လသာထဲမှာ ငယ်ဘဝတွေကို စဉ်းစားရင်း ညဉ့် တော်တော်နက်တဲ့အထိ ထိုင်နေမိသဖြင့် မျက်လုံးတွေ ဖန်စပ်နေသည် ။ မထချင်သေး ။ ထင်းချောင်းတွေလို မာကျော တင်းတောင့်နေသော ခြေထောက်တွေက မလှုပ်ချင်သေး ။ ဒါပေမယ့် ညတုန်းက တတမ်းတတ သတိရနေမိခဲ့သော ငယ်ဘဝတွေမှ မဟုတ်တော့ဘဲလေ ။ သူတောင် အပျိုကြီးဖားဖား သမီးနှစ်ယောက်ရဲ့ အမေ ဖြစ်နေမှပဲ ။

တိုးစိန် ကလည်း ရှိသေးရင် ဘွားတိုးစိန် ဖြစ်နေရောပေါ့ ။ ခင်မေ ကလည်း ဒေါ်ခင်မေ ဖြစ်နေပြီ ။ ဘာပဲဖြစ်ဖြစ် ငယ်ဘဝတွေက ကျန်ရစ်ခဲ့ပြီ ။ မထချင်လို့ မရတော့ ။ မျက်လုံးတွေ ဇွတ်ကို ဖွင့်ကာ ရေကပြင်မှာ မျက်နှာဆင်းသစ်သည် ။ ပြောင်းဖူးဖက် နှစ်လိပ် နှင့် မီးခွက် ကို ကိုင်ရင်း သမီးနှစ်ယောက် နှင့်အတူ ထွက်လာခဲ့သည် ။ မိုးက လင်းဖို့ တော်တော် လိုသေးသည် ။ ဝါကြန့်ကြန့် လရောင်ကြည်ကြည်ကလေး ရှိနေသေးသည် ။ သူငယ်ချင်း မခင်မေ တို့ တိုက်ခံ အိမ်ကြီး ရွာလယ်မှာ ဆိုတော့ တော်တော် သွားရသည် ။ ခြံဝင်းကြီးက ကျယ်သည် ။ ပဲဂိုဒေါင် ၊ ပဲစက် ၊ စပါးကျီ ၊ ကောက်ရိုးစင်တွေကို ဖြတ်လျှောက်ကာ မောင်းစင် ရှိရာ ခြံနောက်ဘက်ကို ဝင်လာတော့ မခင်မေ တို့ပင် မနိုးကြသေး ။

မနေ့က သားအမိတွေ ထားခဲ့သော ကြိတ်ထိုးပြီးသား လုံးတီးတွေကို မောင်းခွက်ထဲ ထည့်သည် ။ သမီးငယ်က ဂုန်နီအိတ်တွေ ဖြန့်ခင်းသည် ။ အကြီးမက မီးတိုင်ခွက်ကလေးကို ထွန်းသည် ။ အငယ်မ နှင့် အမေသန်းရင် က မောင်းတုံးပေါ် ခြေတင်လိုက်သည် ။ မောင်းစင် လက်ကိုင်တန်း မှာ ချိတ်ထားသော မောင်းပုတီး ကို အမေသန်းရင် လှမ်းဖြုတ်သည် ။

“ ပေးပါ အမေရယ် ၊ အမေ ပုတီးပတ် မှားက မှားနဲ့ ”

အမေသန်းရင် က သမီးငယ် စကားကြောင့် ရင်တွေ သိမ့်ခနဲ ခုန်သွားသည် ။ သူကလည်း သူပါပဲလေ ။ ပုတီးပတ်တွေ မကြာခဏ မှားတတ်သည် ။ ပုတီးပတ်တွေ မှားပြီး ကျော်သွားရင် ဆန်လည်း နာတယ် ။ အချိန်လည်း ကုန်တယ် ။ လူလည်း ပင်ပန်းတယ် ။ တစ်ခါတစ်ခါ သတိထား နေရင်းက ပုတီးပတ်တွေ မှားသည် ။ စိတ်တွေက ပျံ့လွင့်နေတတ်သည်ကိုး ။ ညတုန်းကတောင် သူတို့ အပျိုတုန်းက မောင်းထောင်းရင်း ပုတီးပတ်တွေမှားတာ သတိရနေခဲ့သေးသည်ပဲ ။

“ မမှားအောင် စိပ်ပါ့မယ် သမီးရယ် ”

အမေသန်းရင် က ပထမဆုံး ပုတီးလုံးကို လက်မ နှင့် ပွတ်ရင်း နင်းရမည့် အချိန်ကလေးကို အသက်အောင့်ရင်း စောင့်နေလိုက်သည် ။

“  နင်းတော့ ”

“ ကျွီ … ”

“ ဂျုံး … ”

“ ကျွီ … ”

“ ဂျုံး … ”

မောင်းခွက်ထဲ မောင်းတုံး ကျတိုင်း ပုတီးလုံးကလေးတွေ စိပ်စိပ်ချသည် ။ အမေသန်းရင် က မျက်လုံးတွေကို မှိတ်ထားလိုက်သည် ။ ပုတီးလုံးကလေးတွေကို စိတ်ချတိုင်း အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ လို့ နှုတ်ခမ်းတွေ လှုပ်လှုပ်နေအောင်ရွတ်ရင်း လက္ခဏာရေး သုံးပါးကို ရှုမှတ်သည် ။ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ၊ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ။ မောင်းခွက် ထဲ မောင်းတုံး ကျသံကို သူ မကြားရတော့ ။ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ လို့ပဲ သူ ကြားနေသည် ။

သူ့ ဘဝမှာ ဂုဏ်တော်ပုတီး စိပ်ဖို့ အချိန် မရခဲ့ ။ တစ်ခါတစ်ရံ ကြုံကြိုက်လို့ တရားလေး နာရ ၊ ဆွမ်းကလေး လောင်းရ တာကလွဲလျှင် ဘဝကူး ကောင်းဖို့ ဘာမှ မလုပ်နိုင်ခဲ့ ။ ဘာပဲ ဖြစ်ဖြစ် ဂုဏ်တော်ပုတီး မဟုတ်သည့်တိုင် ရသမျှအချိန်ကလေးမှာ လက်မနှင့် လက်ညှိုးကြားမှာ ပုတီးလုံးကလေးတွေ ရှိနေတုန်းမှာ သူ့စိတ်တွေ ရှင်သန်နေဖို့ပဲလိုသည် ။ လက္ခဏာရေး သုံးပါးကို ရှုမှတ်နေဖို့ပဲ လိုသည် ။ သူ့နားထဲမှာ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ တွေပဲ လှိုင်းထနေသည် ။ စိတ်ကို သည် အပေါ်မှာပဲ တည့်တည့်ကလေး တည်နေအောင် ချုပ်ဖမ်းထားဖို့ ကြိုးစားသည် ။

“ အမေ ပိုက်ဆံရှင်းရင် ဒေါ်ပုကြီး ကို ဆန်ဖိုး ပေးဦးမှ အမေရေ ၊ မနေ့က တောင်းတယ်တော့ ”

ပိတ်ထားသော မျက်လုံးတွေ ပွင့်သွားရပြန်သည် ။ စိတ်တွေ ကသောင်းကနင်း လွင့်စင်သွားပြန်သည် ။ မပုကြီး ကို ပေးစရာ ရှိသည်ပဲ ။ ကနေ့ မခင်မေ ဆီက ပိုက်ဆံနည်းနည်းတော့ တောင်းရလိမ့်ဦးမည် ။

ထိုစဉ်မှာပင် ဒေါ်ခင်မေ တို့ တိုက်ခံ အိမ်ကြီး ပေါ်က ကြေးစည် ရိုက်သံ လွင်လွင်ကလေးကို ကြားရသည် ။ ဖွင့်ထားသော ဘုရားခန်း ပြတင်းဝဆီက အမွှေးတိုင် ရနံ့ က နံနက်ခင်း လေပြည်ထဲမှာ ဝေ့ဝဲနေသည် ။ အမေသန်းရင် က ပြတင်းဝ ကို လှမ်းကြည့်သည် ။ နံနက်အရုဏ်မှာ ဂုဏ်တော်ပုတီး ကို ကိုင်ရင်း သူတို့သားအမိကို ငုံ့ကြည့်နေသော သူ့သူငယ်ချင်း မခင်မေ ကို အမေသန်းရင် လှမ်းမြင်နေရသည် ။

“ မခင်မေ ကျေးဇူးရှင်ကြီး ကျန်းမာလို့ ချမ်းသာပါစေတော် ”

အမေသန်းရင် က နှုတ်မှ တတွတ်တွတ် ရွတ်ရင်း မေတ္တာ ပို့သည် ။ အငယ်မ က သူ့ကို မျက်စောင်းထိုးရင်း သူ့ လက်ထဲက မောင်းပုတီးကလေး ကို ဖျတ်ခနဲ ဆွဲလုတာကို ခံရတော့မှ အမေသန်းရင် အယောင်ယောင် အမှားမှား မောင်းနင်းတုံးကို ရပ်ထားလိုက်သည် ။

“ ဒါ ဂုဏ်တော်ပုတီး မဟုတ်ဘူး အမေ ရဲ့ ၊ မောင်းပုတီး ၊ မေတ္တာတွေချည်း ပို့မနေနဲ့ဦး ၊ ပုတီးပတ်တွေ မှားကုန်ပြီ ၊ အမေကလေ … ”

မျက်တောင်မွေးတွေ ကျွတ်နေသည့် အမေသန်းရင် မျက်ခမ်းစပ် မျက်လုံးအိမ်ကလေး ထဲက မျက်ရည်ပေါက်တွေ ကျနေဆဲမှာပင် ကြေးစည် ရိုက်သံ တစ်ချက် လွင့်မျော ရောက်ရှိလာပြန်သည် ။

◾နေဝင်းမြင့်

📖 အကောက်ခွန် နှစ်ပတ်လည် မဂ္ဂဇင်း
      ၁၉၉၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ

koaungnaingoo.blogspot.com

.

Saturday, September 25, 2021

တိုက် ၁၃ ၊ အခန်း ၄


 

❝ တိုက် ၁၃ ၊ အခန်း ၄ ❞

ကံအားလျော်စွာ …

တကယ့်ကို ကံအားလျော်စွာပါပဲ ။ သည် တိုက်ခန်းထဲက တစ်ခန်းခန်းကို နေထိုင်ခွင့်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးကြောင်းကိုသာ ပထမဦးဆုံး ကျွန်မ ဝန်ခံရတော့မည် ။

မောင် ကတော့ သည်တိုက်ခန်းလေးတွေထဲက အခန်းလွတ် ပေါ်လာတိုင်း ဇွဲကောင်းကောင်းနှင့် လျှောက်သည်ချည်း ဖြစ်၏ ။ များသောအားဖြင့် လစာနှုန်း အတန်အသင့် မြင့်မားသူကိုသာ ( လုပ်ငန်းမှာ ဘယ်လောက်အရေးကြီးသလဲ ၊ စက်ရုံနဲ့ နီးနီးနားနားနေဖို့ လိုအပ်တဲ့သူလား ဆိုတာကိုလည်း ထည့်တွက်လေ့ရှိပါသည် ) နေရာချထားလေ့ရှိမှန်း ကျွန်မ သိထားနှင့်တော့ ရိုးရိုးစွဲစွဲ နေချင်သည့် ဆန္ဒသာ ရှိသော်လည်း ကျွန်မ မမျှော်မှန်းဝံ့ခဲ့ပါ ။

မန္တလေးပုံစံ ဟု ခေါ်သော တစ်လုံး လေးဦးနေ တိုက်ခန်းနီနီကြီးတွေ အလုံး နှစ်ဆယ်လောက်ကို ကန့်လန့်တစ်လုံး ဒေါင်လိုက်တစ်လုံး စီကာစဉ်ကာ တည်ဆောက်ထားသော သည်တိုက်စုကလေးကို ‘ တိုက်ဝင်း ’ ဟုပဲ ခေါ်တတ်ကြသည် ။

တိုက်ခန်းတွေရဲ့ အဦးထိပ်က သုံးထပ်သား ဆိုင်းဘုတ်ကလေးမှာတော့ ‘ ဝန်ထမ်းရိပ်သာ အမှတ် ( ၁ ) ၊ ဖြတ်သန်းသွားလာခွင့်မပြု ’ လို့ ရေးထားတာ ဖတ်ရဖူးသည် ။

အခုတော့ ထို ဆိုင်းဘုတ်ကလေးလည်း မရှိတော့ပါ ။ ‘ ဝန်ထမ်းရိပ်သာ အမှတ် ( ၁ ) ’ လို့လည်း ဘယ်သူမှ ရုံးဆန်ဆန် ခေါ်သံ မကြားရပါ ။ ‘ တိုက်ဝင်း ’ ဆိုသည့် လူထု ဘာသာစကားကသာ တွင်ကျယ်နေတော့သည် ။

ကံအားလျော်စွာ သည်တိုက်ခန်းကလေးကို ကျွန်မတို့ နေခွင့်ရသလို နောက်ထပ် ကျွန်မအတွက် ကံကောင်းတာ ရှိပါသေးသည် ။ ကျွန်မတို့ နေခွင့်ရသော တိုက်ခန်းလေးက ဘူတာရုံကလေး နှင့် နီးသောကြောင့် ဖြစ်ပါသည် ။

ကျဲပါးသော မြို့ပတ်ရထား အပြာရင့်ရင့်ကလေးတွေ တိုက်အောက်က တဝေါဝေါဖြတ်သွားလျှင် ဘာရယ်မဟုတ်ဘဲ ကျွန်မ ပြတင်းပေါက် ဘေးကို ပြေးရပ်မိသည်သာ ။

မောင် ကတော့ ဘူတာရုံနှင့် နီးနီးနေရတာကို သိပ်ကြိုက်လှပုံ မရပါ ။ ဒါပေမဲ့ မောင်က ပြတင်းက တဆင့် အနောက်ဘက် မိုးကုပ်စက်ဝိုင်းကို တစ်ဆန့်တစ်လျား မြင်နေရတာကိုတော့ တစ်စုံတစ်ရာ မပြောသော်လည်း ကျေနပ်နှစ်သက်ခြင်း ဖြစ်ဟန်ရှိပါသည် ။

ဘူတာရုံနှင့် နီးခြင်း ဝေးခြင်း ၊ အနောက်ဘက် မိုးကုပ်စက်ဝိုင်းကို မြင်ရခြင်း မမြင်ရခြင်းတို့မှာ ကျွန်မတို့ နှစ်ဦး၏ တစ်ဦးချင်း ခံစားမှုသာ ဖြစ်၍ မောင် နှင့် ကျွန်မ ကြားတွင် သိပ်တော့ ပြဿနာ မရှိလှပါ ။ ဘာပဲဖြစ်ဖြစ် သည်တိုက်ခန်းကလေးကို စတင်ရောက်ရှိသည့်နေ့ကတော့ ကျွန်မတို့ နှစ်ဦးစလုံး စိတ်ညစ်ညူးသွားခဲ့ရတာ အမှန်ပင်ဖြစ်၏ ။

အဲသည်နေ့က မောင်က ဘုရားစင်မှ ဘုရားကျောင်းဆောင်ကို ပင့်ဆောင်၍ ကျွန်မက သောက်ရေအိုးသစ်တစ်လုံးကို သယ် မ လာခဲ့ပါသည် ။ အဲသည်နေ့က ရက်ရာဇာဖြစ်၍ နဂါးခေါင်းက တောင်ဘက်သို့ လှည့်သည်ဟု မောင် က ကျွန်မ ကို ရှင်းပြသောနေ့လည်း ဖြစ်ပါသည် ။

°°°°°   °°°°°   °°°°°

သည်တိုက်ခန်းကလေးပေါ်ကို ကျွန်မတို့နေထိုင်ခွင့် မရှိခင်တုန်းက သည်တိုက်တွေနှင့် တော်တော်လေး လှမ်းသော ခြောက်ခန်းတွဲတန်းလျားခန်းတွေမှာ ကျွန်မတို့ နေထိုင်ခဲ့ရပါသည် ။ ဆယ်ပေခန်း ကျဉ်းကျဉ်းကလေး ခြောက်ခန်းကို တစ်ဆက်တည်း ဆောက်ထားလို့ ‘ တန်းလျား ’ လို့လည်း ခေါ်ကြပါသည် ။

ဘယ်လိုမှကို စရိုက်ချင်း မတူနိုင်သော အိမ်ထောင်စု ခြောက်စု ထဲမှာ ကျွန်မတို့က တစ်စု ဖြစ်သည် ။ ဘေးအစွန်ခန်းတွေကတော့ ပျဉ်ချပ်တွေ စီကာထပ်ကာ ကာရံပေးထားရုံသာမက ဘေးပြတင်းပေါက်တွေပါ ဖောက်ပေးထားသဖြင့် ဘေးခန်းမှာ နေထိုင်ခွင့်ရသူတွေက အနည်းငယ် အဆင်ပြေသော်လည်း အလယ်ခန်းတွေကိုမူ ပါးလျသော ဝါးထရံချပ်တွေကို လျော့ရဲရဲ ကာပေးထားပါသည် ။ ကျွန်မကတော့ ရနိုင်သမျှ စက္ကူစတွေကို ကော်သုတ်၍ စိတ်ရှည်လက်ရှည် ကပ်နေတတ်၏ ။

မည်သို့ပင်ဖြစ်စေ တစ်ခန်းက ညှော်နံ့ကို လည်းကောင်း ၊ တစ်ခန်းက ဟားတိုက် ရယ်မောသံကို လည်းကောင်း ၊ တစ်ခန်းက မွှန်စူးစူး အရက်နံ့ကို လည်းကောင်း ၊ တစ်ခန်းက ဖဲရွက်ပွတ်သံကို လည်းကောင်း ၊ တစ်ခန်းက ကြေးစည်ရိုက် အမျှဝေသံကို လည်းကောင်း တစ်ခုမဟုတ် တစ်ခု ကျွန်မ ကြားနေရသည်သာ ဖြစ်၏ ။

တန်းလျားလေးက ခါးစောင်းလောက်သာ မြင့်ပါသည် ။ လှေကားသုံးထစ်သဖွယ် ပြုလုပ်ထားသော အုတ်ခုံလှေကားလေးပေါ်မှာပဲ ညနေစောင်းလျှင် ကျွန်မ ထိုင်နေမိတတ်သည် ။ ခပ်လှမ်းလှမ်းက မီးရထား သံလမ်းတွေကို ဖြတ်ကာ ပြန်လာမည့် မောင့် ကို စောင့်ရင်း အချိန်အတော်များများကို ကျွန်မ သည်အုတ်ခုံလေးပေါ်မှာပဲ ထိုင်ရင်း ဖြုန်းတီးပစ်ခဲ့သည်ချည်း ဖြစ်၏ ။

မောင် ကတော့ သည်တန်းလျားကလေးကို နေချင်စဖွယ် အိမ်ကလေးတစ်ခုအဖြစ် သဘောထားနိုင်သူ ဖြစ်၏ ။

‘ လူတွေနဲ့ ရောနှော နေထိုင်ရတော့ လူတွေအကြောင်း ပိုသိခွင့်ရတာပေါ့ ’ ဟု လည်းကောင်း ၊ ‘ တန်းလျား ဆိုတာ လူ့လောက အငယ်စားလေးကွ ။ စရိုက် သိပ်စုံတယ် ’ ဟုလည်းကောင်း ပြောတတ်သော်လည်း ကျဉ်းမြောင်းသော သည်အခန်းကလေးတွေထဲမှာ အသက်ရှူ မဝဘဲ မွန်းကျပ်နေရသော ဝေဒနာကိုသာ ကျွန်မ အမှတ်မိဆုံး ဖြစ်၏ ။

အခန်းကျဉ်းလေး နှစ်ခန်းပါသော သည်တန်းလျားမှာ တစ်ခန်းက အိမ်ရှေ့ ဘုရားခန်း ( ဧည့်ခန်း ) ဖြစ်၍ နောက်တစ်ခန်းက အိပ်ခန်းဖြစ်သည် ။ နောက်ဘက် မှာတော့ ကိုယ့်အစီအစဉ်နှင့် ကိုယ် ဆွဲဆန့်ကာ အခန်းရှည်ရှည်ကလေး တစ်ဆောင် ထပ်ချဲ့ထားရသည် ။ မီးဖို နှင့် ထမင်းစားခန်း ဖြစ်သည် ။

သည် တန်းလျားခန်းတွေရဲ့ သက်တမ်းက နည်းလှသည် မဟုတ် ။ တစ်ကြိမ်တည်းသာ သုတ်ခွင့်ရထားခဲ့သော ရေနံချေး မည်းမည်းတို့ပင် ဖြူရော်ကြွပ်ရွသော မြေခြောက်ရောင်အဖြစ် ပြောင်းလဲနေခဲ့ပြီ ။ ပြတင်းတံခါးတွေက တစ်ချပ်နှင့်တစ်ချပ် အံမကျသော်လည်း တအားဆွဲပိတ်ပစ်ဖို့ စိတ်ပင် မကူးဝံ့ပါ ။

နီကြင်ကြင် ဝပ်အားနည်း မီးလုံးရောင်ေအာက်မှာ တစ်ခန်းက မီးခိုးတွေက တခြားအခန်းတွေမှာ ဝေ့ဝေ့ဝဲဝဲ ရှိနေတတ်တာလည်း ရှိသည် ။ ညဉ့်နက်သန်းခေါင်မှ ပြန်ရောက်လာတတ်သော အိမ်လည်လွန်တစ်ဦးဦးက သူ့အခန်းတံခါးကိုသူ တဝုန်းဝုန်းထုလျှင် ကျန်အခန်းတွေက မိသားစုတွေပါ ရောယောင်နိုးနေရသည် ။

တချို့ကတော့လည်း ညတစ်နာရီထိုးမှ ကြာနီကန် ဆရာတော် တရားခွေကို ဓမ္မဓါနအဖြစ် ခပ်ကျယ်ကျယ် ဝေငှနေကြတာလည်း ရှိသည် ။ တစ်ခါတစ်ခါ ကျိတ်၍ ရန်ဖြစ်တတ်သော လင်မယားတွေဆီက ငိုသံတွေ ရောက်လာတတ်တာကတော့ ကျွန်မအတွက် ရိုးအီနေသော ဂီတ ဖြစ်လေသည် ။

ဒါပေမဲ့ သည်တန်းလျားခန်းကလေးက လူတွေမှာ ချစ်စရာကောင်းသော ၊ ခင်မင်နှစ်လိုဖွယ် ကောင်းသော ၊ စွဲလမ်းတပ်မ က် ဖွယ် ကောင်းသော စရိုက်တွေလည်း ရှိကြောင်းကို ကျွန်မ ဝန်ခံရပါမည် ။ ဝိုင်းဝန်း ကူညီတတ်ခြင်း ဖြစ်သည် ။ လူမှုရေးတွေမှာ သိနားလည်လွန်းခြင်း ဖြစ်သည် ။ ဘဝတူချင်း စာနာတတ်ခြင်း ဖြစ်သည် ။

မိုးတွင်းတွေမှာ မိုးယိုတာက လွဲရင် ၊ ရေအိမ်မှာ အညစ်အကြေးတွေ ပေကျံညစ်ပွနေတတ်တာက လွဲလျှင် ၊ အများသုံး အုတ်ရေကန်ကရေကို ဝေးလံစွာ သယ်ယူရတာက လွဲလျှင် ၊ မိန်းမချင်း မကြာခဏ ကျယ်လောင်စွာ ရန်ဖြစ်တာက လွဲလျှင် …

တန်းလျားခန်းကလေးကို ကျွန်မ သံယောဇဉ် ရှိပါသည် ။

မွန်းကျပ်သည် မှန်သော်လည်း သည်တန်းလျားခန်းကလေးကို တကယ်တမ်း စွန့်ခွာကာ တိုက်စုကလေးထဲက တစ်ခန်းကို ကျွန်မ ရရှိသည်ဟု သတင်းရောက်လာသည့် အချိန်က လှေကားအုတ်ခုံကလေးမှာပဲ ကျွန်မ မရှက် မကြောက် ငိုဖြစ်ပါသည် ။

°°°°°   °°°°°   °°°°°

တိုက် ၁၃ ၊ အခန်း ၄ …

မောင့် လက်ထဲက ရုံးမိန့်စာရွက်ကို ကိုင်ရင်းက သည်နံပါတ်တွေကို ကျွန်မ အကြိမ်ကြိမ် အထပ်ထပ် ရေရွတ်နေမိတော့သည် ။ မောင်ကတော့ ရက်ရာဇာတွေ ၊ ပြဿဒါးတွေ ပါသော ပြက္ခဒိန်ပေါ်မှာပဲ အာရုံရောက်နေသည် ။

အင်္ဂလိပ်စာကို ရှေးခုနစ်တန်းလောက်တတ်သော ဖေဖေ ကတော့ ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ရင်းက …

“ သမီးတို့ ရတဲ့ အခန်းက နံပါတ်တွေကို ဖေဖေတော့ မကြိုက်လှဘူး ။ ဆယ့်သုံးဂဏန်း က ကံမကောင်းတတ်ဘူး ။ အင်္ဂလိပ်အယူကတော့ ‘ ဆယ့်သုံး ’ ဟာ ခိုက်တယ် လို့ကို ယုံကြည်ကြတယ် ။ ‘ လေး ’ ဆိုတာလည်း မြန်မာလိုတော့ လေးလံခြင်း ၊ စိတ်လေးရခြင်း စတဲ့ ဖိစီးနေတဲ့သဘောတွေ ပါတယ် ။ မကောင်းဘူး … မကောင်းဘူး …”

ကျွန်မကတော့ ဖေဖေ့ကိုပဲ တအံ့တဩ ငေးကြည့်နေမိ၏ ။ တိုက် ၁၃ ၊ အခန်း ၄ ဟာ မကောင်းဘူးလား ။ တကယ်ပဲ ခိုက်တတ်သလား ။

မောင် ကတော့ ဒါတွေကိုကြားပုံမရပါ ။

“ တော်သေးတယ်ဟေ့ နဂါးခံတွင်းထဲ မဝင်လို့ … နဂါးခေါင်းက တောင် လှည့်တယ် ၊ ‘ နတ် ၊ ပြာ ၊ တွဲ - တောင် … နတ် ၊ ပြာ ၊ တွဲ - တောင် …’ အိမ်ဆောက်တာ မဟုတ်ပေမယ့် အိမ်ပြောင်းတာလည်း ဒီလတွေ ကောင်းသားပဲ ”

ဖေဖေက ပက်လက်ကုလားထိုင်မှထကာ စက္ကူဖြူဖြူကလေးပေါ်မှာ Soft Pen ဖြင့် ‘ တိုက် ၁၂ - က ၊ အခန်း ၃ - က ’ လို့ ခပ်ထူထူကလေး ရေးကာ ကျွန်မကို လှမ်းပေးပါသည် ။ ကျွန်မက နားမလည်နိုင်စွာ ဖေဖေ့ ကို ငေးကြည့်နေမိ၏ ။

“ ဆယ့်သုံး မဟုတ်ဘူး ၊ ဆယ့်နှစ် ‘ က ’ ကြီးကွာ ၊ လေး မဟုတ်ဘူး ၊ သုံး ‘ က ’ ကြီး ကွာ ။ ဘာဖြစ်သေးလဲ … သမီး စပြောင်းတဲ့နေ့ တံခါးဝမှာ အဲဒါလေး ကပ်ထား ။ ကြားလားသမီး …”

ဖေဖေ ကတော့ ရုံးအမိန့်စာထဲက တိုက် ၁၃ ၊ အခန်း ၄ ကို သူ့သဘောနှင့်သူ ပြောင်းပစ်လိုက်သည် ။ ကျွန်မကတော့ တိုက် ၁၃ ၊ အခန်း ၄ လို့ပဲ စွဲမှတ်နေမိသည် ။

အဲသလိုပြောင်းလိုက်လို့ ရလို့လား ။ မောင် ကတော့ ဘာမှ မပြောပါ ၊ နောက်ဖေးဘက်က သူစိုက်ပျိုးခဲ့သော စားပင်ကလေးတွေကို နှမြောတသစွာ သွားငေးနေဟန်ရှိပါသည် ။

“ ဘာပဲဖြစ်ဖြစ်လေ ၊ ရန်ကုန် လိုနေရာမှာ တိုက်ခန်းကျယ်ကျယ်ကလေး တစ်ခန်းရတာ သမီးတို့ ကံကောင်းတာပဲ ။ ဥပါဒါန်ကလည်း ဥပဒ်ဖြစ်တတ်သတဲ့ ။ အစွဲတော့လည်း မထားနဲ့ပေါ့ကွယ် ”

ကျွန်မ မောင့် နောက်ကို လိုက်သွားတော့ မောင်က ရွှေ့ပြောင်းလို့ ရနိုင်သော သစ်ပင်ကလေးတွေကို လိုက်ပြသည် ။ ကျွန်မ နှမြောတသအဖြစ်ရဆုံးမှာ အသီးတွေ သဲသဲမဲမဲ သီးတတ်သော မာလကာသီးပင် နှစ်ပင် ကိုပဲ ဖြစ်သည် ။

ကျွန်မ၏ မျက်နှာရိပ်ကို ဖတ်တတ်သော မောင် က ကျွန်မရဲ့ပခုံးတွေကို အသာအယာ ဖျစ်ညှစ်ပါသည် ။

“ နှမြောလို့လား … တိုက် ၁၃ ၊ အခန်း ၄ ကျရင် ပြန်စိုက်တာပေါ့ ”

မောင်က သည်နံပါတ်တွေကို ကျွန်မ မုန်းတီးမှန်း သိ၍ နောက်ပြောင်လိုက် မှန်း သိသော်လည်း ကျွန်မ သိပ်မခံစားရပါ ။ ကျွန်မ အတွက် လက်ရှိအခြေအနေတွင် အလိုအပ်ဆုံးမှာ ပိုမိုကျယ်ပြော လွတ်လပ်သော နေရာတစ်ခုသာ ဖြစ်ပါသည် ။ ကျပ်တည်းကျဉ်းမြောင်းသော သည်နေရာကလေးကို တစ်ခါတစ်ခါ သတိရသော်လည်း သည်နေရာက စွန့်ခွာဖို့ ကျွန်မအကြိမ်ကြိမ် မျှော်လင့်ခဲ့ရသည် မဟုတ်လား ။

‘ ဒီမာလကာပင်လေးကို နှမြောတာတော့ အမှန်ပါပဲ ၊ ဒါပေမဲ့ သူက ကျွန်မတို့ စွန့်ခွာမယ့် နေရာမှာ ပေါက်နေတော့ ထားရစ်ခဲ့ရမှာပဲ မဟုတ်လား ’ … မောင့်လက်တွေက ကျွန်မပခုံးကို ပိုမိုတင်းကျပ်စွာ ဖျစ်ညှစ်လိုက် မှန်း ကျွန်မ သိလိုက်ပါသည် ။

°°°°°   °°°°°   °°°°°

တိုက်ခန်းတွေက ဟောင်းမြင်းလှပြီ ။ အဝေးကကြည့်လျှင် စီကာစဉ်ကာ လှပနေတတ်သော သည်တိုက်ခန်းတွေက အနီးကကြည့်လျှင် အတော်ပင် အကျည်းတန်နေတာကို ကျွန်မ ပထမဆုံး သတိထားမိပါသည် ။

အောက်ထပ် နှစ်ခန်းက တစ်ဖက်သို့လှည့်၍ အပေါ်ထပ်နှစ်ခန်းက ဆန့်ကျင်ဘက်သို့ မျက်နှာမူထားသည် ။ အတန်ငယ်မတ်စောက်သော လှေကားထစ်တွေကို တက်ရတိုင်း ( နောင်တွင် ) ကျွန်မ မောဟိုက်နေတတ်၏ ။

ပထမဆုံးအခက်အခဲမှာ သည်တိုက်ကလေးမှာ နေလက်စ မိသားစုက ရုတ်တရက် ဖယ်မပေးခြင်းပင် ဖြစ်သည် ။ အခြား မြို့တစ်မြို့သို့ ပြောင်းရွှေ့ရန် အမိန့်တစ်စုံတစ်ရာ ရထားပြီးဖြစ်ပါလျက် ရသလောက် တွယ်ကပ်နေသည့် သဘောမျိုး ဖြစ်သည် ။ တစ်ပတ်ခန့် စောင့်သော်လည်း ပြောင်းရွှေ့ပေးမည့် အရိပ်အယောင် မပြ ။ အဆိုးဆုံးမှာ ‘ နေပါဦးလား ။ တော်တော် ပြောင်းလာချင်ပြီလား ၊ တိုက် နဲ့ သိပ် နေချင်တာပဲလား ’ … ဆိုသည့် မအီမသာ စကားတွေပင် ဖြစ်သည် ။

ဒါပေမဲ့ ထူးဆန်းတာက အဲသည့်မိသားစု ပြောင်းရွှေ့သွားသည့်အခါ ဘယ်သူမှ မသိလိုက်ခြင်းပင် ဖြစ်သည် ။ လမ်းမတန်းက ရုတ်တရက် မမြင်နိုင်သော ပြတင်းတံခါး တချို့ကို ဖြုတ်ယူသွားခဲ့သည် ။ လျှပ်စစ်မီးခေါင်းနှင့် မီးခလုတ်တွေလည်း မရှိတော့ ။ ကြိုးစတန်းလန်းနှင့် သည်အတိုင်း ထားပစ်ခဲ့သည် ။

မောင်က ဘုရားဆင်းတုတော်ကို ပင့်ဆောင်ရင်း ကျွန်မက ရေအိုး အသစ်ကလေးကို ချီ မ လာသည့်နေ့က ပထမဆုံး သတိထားမိတာ ပြတင်းတံခါးတချို့ မရှိတာဖြစ်သည် ။ မောင် ကတော့ ရောက်ရောက်ချင်း အိမ်ရေဆေးဖို့ လိုတယ်ဆိုကာ ရေချိုးခန်းထဲကို ဝင်တော့ ဘုံပိုင်ခေါင်း မရှိ ။ ရေပိုက်အဆက် တော်တော်များများကို ဖြုတ်ယူသွားသည် ။ ရေလာချိန် မဟုတ်သဖြင့် ရေတွေ ကျမနေလို့ တော်တော့သည် ။

“ ရေချိုးခန်းကို တော်တော် လုပ်ယူရမယ် ထင်တယ် ၊ ရေပိုက်ကော ၊ ပိုက်ခေါင်းကော မရှိတာ ။ အဆိုးဆုံးက ဒီမှာ … ကြည့်စမ်း …”

အိမ်သာကြွေခွက် နှင့် ကြမ်းခင်းတွေ ကွဲအက်နေခြင်း ဖြစ်သည် ။ အညစ်အကြေးဆင်းရာ ကြွေပိုက် နေရာမှာလည်း သံတူရွင်း နှင့် ထိုးခွဲထားသလို ဖြစ်နေသေးသည် ။ ရေအိမ်၏ ခလုတ်တွေမှာ အဖုံး မရှိ ။

မောင် ကတော့ ဘာမှမဖြစ်သလို ခံစားမှုမဲ့ မျက်နှာဖြင့် ရှိသော်လည်း ကျွန်မ တော်တော် စိတ်ပျက်သွားမိပါသည် ။

အဆိုးဆုံးမှာ တိုက်ခန်းကို သုတ်ထားသော ဆေးရောင်တွေပဲ ဖြစ်သည် ။ ပြာတောက်တောက် အရောင်တွေက သစ်လွင်တုန်းက လှပနေမည် မှန်သော်လည်း ယခုအခါ မွဲခြောက်ခြောက် အရောင်အသွေးဖြင့် ညစ်ထည်းထည်း ဖြစ်နေပြီ ။ ကျွန်မကတော့ ဧည့်ခန်းရော ၊ အိပ်ခန်းတွေကိုပါ အဖြုရောင် ပြောင်းပစ်လိုက် မည် စိတ်ကူးထားသည် ။

“ တိုက်ခန်း မျက်နှာစာက အနောက်ဘက်လှည့်နေတော့ ဘုရားစင်က တောင်ဘက်လှည့်မှ ကောင်းမယ် ထင်တယ်နော် …”

ကျွန်မ ကတော့ မောင့် စကားတွေကိုပင် ကြားနိုင်စွမ်း မရှိတော့ပါ ။ ပြတင်းဝမှာ သွားရပ်နေလိုက်သည် ။ မောင် က ဘုရားစင်ကို အုတ်နံရံမှာ မြှုပ်ဖို့ လက်သမားဆရာ ခေါ်ရမည်ဟု ပြောရင်းက အောက်ဆင်းသွားပါသည် ။ ကျွန်မကတော့ တိုက်ရှေ့က သရက်ပင်အုပ်အုပ်ကလေးကို လည်းကောင်း ၊ အုန်းပင် မြင့်မြင့်ကြီးကို လည်းကောင်း ငေးရင်း အဲသည့်နေရာလေးမှာပဲ အကြာကြီး ရပ်နေမိသည် ။

“ ညီမတို့က ဒီအခန်းကို ရသလား ”

ကျွန်မ ဆတ်ခနဲ တုန်ယင်သွားမှန်း ကိုယ့်ကိုယ်ကိုယ် သိလိုက်ပါသည် ။ အတန်ငယ် အသက်ကြီးရင့်နေပြီဖြစ်သော အမျိုးသမီးတစ်ဦးက ကျွန်မဘေးမှ ရပ်ရင်း ရုတ်တရက် မေးလိုက်ခြင်းကို ကျွန်မ လန့်ဖျပ်သွားခြင်း ဖြစ်သည် ။

“ ဪ … ဟုတ်ကဲ့ရှင့် …”

“ ကောင်းတယ် … ကောင်းတယ် … တို့ အိမ်နီးချင်း ဖြစ်သွားပြီပေါ့ ။ ဒီမယ် … အခုရှုပ်မှ နောင်ရှင်း ပြောထားရဦးမယ် ။ ဟောဒီ သရက်ပင် ငါးပင်မှာ ညီမတို့နဲ့ ဆိုင်တာ နှစ်ပင် ၊ ဟောဟိုးက သုံးပင်က အဒေါ်တို့ အပင်တွေ ”

“ ဪ …”

ကျွန်မက ကျွန်မပိုင်သည်ဆိုသော သရက်ပင်တွေကို ကြည့်လိုက်တော့ အသီးကင်းလေးတွေ တချို့ မြင်နေရပြီ ၊ တချို့ ဖူးတုန်းပွင့်တုန်း ၊ ဒါ ကျွန်မတို့ရဲ့အပင်တွေတဲ့ ။ အရင့်အရင် နေထိုင်ခဲ့သူတွေက အမြော်အမြင် ကြီးမားစွာ စိုက်ပျိုးခဲ့တဲ့ အပင်တွေပဲ ။

“ ဟောဒီ တိုက်လှေကားနဲ့ တည့်တည့် မျဉ်းကြောင်းဆွဲပြီး နယ်ကန့်သတ်ထားတာ ။ ဒီဘက်က အဒေါ်တို့ ၊ ဒီကွက်လပ်က ညီမတို့ ၊ ဟောဒီဘေးဘက်က အောက်ထပ်နဲ့ ဆိုင်တယ် ”

“ ဪ … ဪ …”

“ လူတွေက ခက်ပါတယ်ကွယ် ။ ညီမတို့မလာခင် နေသွားတဲ့သူတွေက သရက်ဖူးတွေကို ရိုက်ချသွားတယ် ။ ညီမတို့ကလည်း မလာသေး ၊ အဒေါ်တို့ကလည်း ပြောလို့ မဖြစ်နဲ့ ။ အုန်းသီးနုနုကလေးတွေကို တက်ခုတ်သွားတာလည်း ရှိရဲ့ ။ လူတွေ ပြောပါတယ် … မကောင်းတာ ”

“ ကျွန်မတို့က ဒီအပင်တွေဟာ ကျွန်မတို့နဲ့ မဆိုင်ဘူး ထင်နေတာ ၊ ကိစ္စ မရှိပါဘူး ၊ ဒီအပင်တွေအတွက် ကျွန်မ ဘယ်လိုမှ မခံစားရပါဘူး ”

“ အိုကွယ် … မဟုတ်တာ … ကိုယ်နေတုန်း ကိုယ့်ဥစ္စာပေါ့ ။ ရှေ့လူက သက်သက် ဖျက်ဆီးသွားတာ ၊ မစားရတဲ့အမဲ … လုပ်သွားတာ ”

“ ဟုတ်ပါရဲ့ … အခုလည်း မီးခေါင်းတွေရော ၊ မီးခလုတ်တွေရော တစ်လုံးမှ အကောင်းမရှိဘူး ဒေါ်ဒေါ် … ပြတင်းတွေလည်း ဖြုတ်ယူသွားတယ် ”

“ အမှန်ကတော့ အခန်းအပ်ရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့ လိုင်းမှူးတွေကို ပြန်အပ်ရတာပါပဲ ။ ဒါပေမဲ့ သူတို့က တခြားမြို့တစ်မြို့ကို အပြီးပြောင်းသွားတာဆိုတော့ တဖြည်းဖြည်းဖြုတ်ပြီး ယူသွားတာ ။ စနစ်တကျ အပ်ခဲ့တာ မဟုတ်ဘူး ။ အဒေါ်တို့လည်း တချို့ကိစ္စတွေ မြင်သားပဲ ၊ မပြောသာဘူးလေ ”

မောင် ပြန်လာတော့ မီးလုံးတွေ ပါလာသည် ။ တန်းလျားခန်းက မီးချောင်းတွေ ဖြုတ်ယူလာခဲ့သည် ။ မီးခလုတ်တွေ ၊ မီးခေါင်းတွေ ။

“ မောင် တော့ မီးခလုတ်ကို အရောင်ကွဲသွားအောင် အဖြူကလေးတွေချည်း ဝယ်လာတယ်ဟေ့ ”

တစ်ဖက်ခန်းက အိမ်နီးချင်းနှင့် မောင့်ကို မိတ်ဆက်ပေးသည် ။

“ ကျွန်တော်တို့လည်း တဖြည်းဖြည်း ပြုပြင်ရင်းနဲ့ နေသွားရမှာပဲ ။ ရှေ့လူက ဖျက်ဆီးသွားလိုက်တာ တော်တော်ဆိုးတယ် အန်တီ …”

“ အင်းလေ … အခုပဲ အဲဒါကို ပြောနေကြတာ ။ ပြီးတော့ ဒီအခန်းကလည်း မကောင်းဘူး ။ အဒေါ်တို့က နေလာတာကြာပြီ မဟုတ်လား … သိတယ် … ဒီအခန်းက ရာဇဝင်နဲ့ … ”

မောင် က ကျွန်မကို လှမ်းကြည့်ရင်းက ပြုံးသည် ။

တစ်ဖက်ခန်းက အိမ်နီးချင်း ဆိုသူကလည်း စကားအစကလေးတစ်စ ထားရစ်ကာ ပြန်သွားသော်လည်း ကျွန်မစိတ်ထဲမှာ တစ်နေ့လုံး နောက်ကျုနေသည် ။

သည်အခန်းက ရာဇဝင်နဲ့ … သည်အခန်းက ရာဇဝင်နဲ့ …

ဘာ ရာဇဝင်တွေလဲ ၊ ဘာ မကောင်းတာလဲ ။ ထိုနေ့က ပြတင်းဝမှာပဲ ကျွန်မ အကြာကြီး ရပ်နေဖြစ်သည် ။ တစ်ခါတစ်ရံ တိုက်အောက်က ဖြတ်သန်းသွားသော မြို့ပတ်ရထားတွေကို ငေးရင်း ၊ အဝေး ဘူတာရုံကလေးကို ရီဝေစွာ လှမ်းကြည့်ရင်း ကျွန်မ ဘယ်လောက်တွေးငေးနေသည် မသိ ၊ မောင် လာခေါ်တော့ အပြင်မှာ အလင်းစတွေ လျော့ပါးသွားပြီ ။

“ ဒီအခန်းကလေးက ရာဇဝင်တွေနဲ့တဲ့ မောင် … ”

မောင် ကတော့ ခြောက်ကပ်ကပ် ရယ်သည် ။ ကျွန်မရဲ့ နဖူးဆံစတွေကို သပ်တင်ရင်း …

“ ကောင်းတာပေါ့ … ရာဇဝင်နဲ့ဆိုတာ ဒီအခန်းရဲ့ ဖြတ်သန်းမှုကို ပြတာပေါ့ ၊ ဒီအခန်းရဲ့ ရင့်ကျက် မှုပေါ့ ”

မောင် ကတော့ အရာရာကို ချေဖျက်နိုင်စွမ်းသည် ။ အေးချမ်းတည်ကြည်သော မောင့် စိတ်သဘောတွေကို ကျွန်မ အားကျသော်လည်း ကျွန်မ ကိုယ်တိုင် မွေးမြူ၍ မရခဲ့ပါ ။

ကျွန်မ ကတော့ တိုက် ၁၃ ၊ အခန်း ၄ ရဲ့ ရာဇဝင် ဆိုတာတွေကိုပဲ သိချင်နေမိတော့သည် ။ ဤသို့ဖြင့် ကျွန်မတို့ တိုက်ခန်းကလေးကို တစ်စတစ်စ ဖြည့်ဆည်းတည်ဆောက်ယူခဲ့ရသည် ။ နှစ်ကာလ ကြာလာသည်နှင့်အမျှ သီးပင်စားပင်တွေ ဝေဝေဆာဆာ ဖြစ်လာခဲ့ရပြန်ပြီ ။

ကျွန်မက ခပ်လှမ်းလှမ်းက ဘူတာရုံကလေးကို လည်းကောင်း ၊ မောင်က တစ်ဆန့်တစ်လျား ဝေးလံသော ကွင်းပြင်ကျယ်ကျယ်ကိုလည်းကောင်း ၊ မနီးမဝေးက စက်ရုံမီးခိုးခေါင်းတိုင်ကလေးကို လည်းကောင်း ၊ ရထားလမ်းကို ကန့်လန့်ဖြတ်သွားသော မြေနီလမ်းပေါ်က မြင်းလှည်းခြူသံ လွင်လွင်ကလေးတွေနှင့် ဂေါက်ဂက်ဂေါက်ဂက်ဖြင့် မြင်းခွာသံဂီတကို လည်းကောင်း ၊ ဆောင်းဝင်စ ရာသီတွေမှာ အပြိုင်းအရိုင်း ဖူးကြသော သရက်ပွင့်တွေကို လည်းကောင်း ကျွန်မတို့ ခံစားတတ်ကြပြီ ။

°°°°°   °°°°°   °°°°°

သည်တိုက်ခန်းကလေးမှာ ဖြစ်ခဲ့ဖူးသော ရာဇဝင်တွေကို ကျွန်မ သိခွင့်ရခဲ့သည်မှာ သိပ်မကြာလှသေးပါ ။

ပထမဆုံး နေထိုင်ခဲ့သည့် ဂီတသမား လင်မယားအကြောင်းက စရလိမ့်မည် ။ စောင်းသံ ၊ စည်းသံ ၊ ဝါးသံ ၊ မဟာဂီတ သီဆိုသံတို့ဖြင့် ဝေစည်ခဲ့ဖူးသော ကာလတစ်ခုတုန်းကတော့ ချမ်းမြေ့ဆွတ်ပျံ့ဖွယ် ကောင်းနေမည်မှန်သော်လည်း ထို ဂီတသမား ဇနီးမောင်နှံ၏ ဇာတ်သိမ်းမှာ သူတို့ချင်း တစ်သက်တာထာဝရ လမ်းခွဲကြခြင်း ဖြစ်သတဲ့ ။ ဒုတိယမြောက် ရောက်လာသူကတော့ အရက်ကို လွန်စွာ ခုံမင် စွဲလမ်းသော လင်ယောက်ျား နှင့် အရက်ကို လွန်စွာမုန်းတီးသည့် မိန်းမတစ်ယောက်တို့၏ ပဋိပက္ခ ဇာတ်လမ်းမျိုးပင် ဖြစ်၏ ။

တတိယအကြိမ် နှစ်ပေါင်းများစွာ လာရောက် နေထိုင်သူတွေကတော့ ကရင်အမျိုးသား ဇနီးမောင်နှံ ဖြစ်သည်ဟု ဆိုသည် ။ ခရစ်ယာန် ဘာသာဝင်များပီပီ အလွန်အေးငြိမ်းသော သူတို့ ဇနီးမောင်နှံကလည်း သိပ်ကြာကြာ နေခွင့်မရခဲ့ ။ ပြင်းထန်သော မော်တော်ယာဉ်တိုက် မှု တစ်ခုမှာ ဇနီးဖြစ်သူ ပါသွားခဲ့သည် ။ ဇနီးဖြစ်သူအတွက် ဆုတောင်းစည်းဝေးပင် မလုပ်ဘဲ ရုတ်တရက် ပြောင်းရွှေ့သွားသူ ကရင်အမျိုးသားမှာ ယနေ့အထိပင် မတွေ့ရတော့ ဟု ဆိုသည် ။

ဤ တိုက်ခန်းပေါ်သို့ လပေါင်းများစွာ လူသူလာရောက် နေထိုင်ခဲ့ခြင်း မရှိဘဲ ချောက်ချားဖွယ် ခြောက်သွေ့နေခဲ့ဖူးသည် ။ လူသူမရှိသော သည်တိုက်ခန်းထဲက လမ်းလျှောက်သံ ၊ စကားပြောသံ ၊ ရေချိုးသံ ၊ သနပ်ခါး သွေးသံ စသဖြင့် အသံမျိုးစုံကို ရက် တော်တော်ကြာကြာ ကြားနေရသည် ဟု ဆိုသည် ။

သည့်နောက် မှာတော့ တခြိမ်းခြိမ်း ရန်ဖြစ်တတ်သော လင်မယား ၊ စာရိတ္တပျက်ယွင်းဖောက်ပြန်သော လင်မယား ၊ လူသူပတ်ဝန်းကျင်နှင့် အလိုက်တသင့် မရှိသည့် လင်မယား စသဖြင့် တိုက် ၁၃ ၊ အခန်း ၄ သည် ထာဝရ ညစ်ထည်းနေခဲ့သည် ဟု ပြောရလောက်ေအာင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ခဲ့ရသော ထိုအဖြစ်အပျက် များကို ကြားစက ကျွန်မ တော်တော်တုန်လှုပ်သွားခဲ့ရသည် ။

နေထိုင်ခဲ့ဖူးသော ဇနီးမောင်နှံတွေရဲ့ အသေးစိတ်အကြောင်းအရာတွေက လွမ်းမောဆွတ်ပျံ့ဖွယ် ၊ ချောက်ချားကြောက်ရွံ့ဖွယ် ၊ ဂုဏ်ယူအားကျဖွယ် ၊ စိတ်ပျက်တုန်လှုပ်ဖွယ် ၊ ရယ်မောရွှင်ပျဖွယ် စသည့် ရသများနှင့် ပြည့်နှက်နေသဖြင့် မောင် ကပင် ‘ တိုက် ၁၃ ၊ အခန်း ၄ ဆိုတဲ့ ဝတ္ထုရှည်ကြီး တစ်ပုဒ် ကြိုးစားရေးပါလား ’ ဟု ပြောယူရသည်အထိ ဖြစ်သည် ။ မည်သို့ပင်ဖြစ်စေ တိုက် ၁၃ ၊ အခန်း ၄ မှာ နေထိုင်ခဲ့သူတွေရဲ့ ဇာတ်သိမ်းကတော့ မကောင်းသည်ချည်း ဖြစ်နေတတ်တာကိုတော့ ကျွန်မ သတိထားမိပါသည် ။

ဘာပဲဖြစ်ဖြစ် ရုပ်ဝတ္ထုအရရော ၊ ဖြတ်သန်းမှုအရပါ မကောင်းခဲ့သော သည်ဖြစ်ရပ်တွေမှာ တိုက် ၁၃ ၊ အခန်း ၄ ဆိုသည့် ကိန်းဂဏန်းတွေက ဘယ်လောက်ထိ ပါဝင်ထိုးနှက်ခဲ့ပါသလဲ ။ ကျွန်မကတော့ ထို ကိန်းဂဏန်းတွေကိုသာ ရွံရှာမုန်းတီးနေမိတော့၏ ။

တိုက် ၁၃ ၊ အခန်း ၄ မှာ ကျွန်မတို့ နေသားကျသွားခဲ့ပြီ ။ ဤတိုက်ခန်းကလေး၏ ရာဇဝင်ဟောင်းတွေကို တစ်ခါတစ်ရံ သတိတရ ရှိတတ်သော်လည်း မေ့နေတာက များသည် ။ ဖေဖေကတော့ တစ်ခါတစ်ရံ ရောက်လာတတ်၍ သူ့ Soft Pen ဖြင့် ရေးပေးသော နံပါတ်တွေကို မေးနေတတ်သေးသည် ။ မောင် အသက် ၆၀ ပြည့်သည် အထိ နေခွင့်ရလျှင်တော့ ကျွန်မတို့ နောက်ထပ် သည်တိုက်ခန်းကလေးမှာ အနှစ်နှစ်ဆယ် ကျော်ကျော် နေရလိမ့်ဦးမည် ။ မောင့် စိတ်ကြိုက် ပန်းနုရောင် ဖျော့ဖျော့ကလေး သုတ်ထားသော သည်တိုက်ခန်းကလေးမှာ ကျွန်မတို့ရဲ့ ရာဇဝင်ကကော ဘယ်လို ရှိလိမ့်မလဲ …

“ တိုက်ခန်း ဆေးသုတ်တာရော ၊ သစ်ပင်ပန်းပင်တွေရော ၊ မီးကြိုး ၊ မီးခလုတ် ၊ ရေဘုံပိုင်ခေါင်း ၊ ပိုက်လုံး ၊ ကြွေခွက် … အို … ဒါတွေအားလုံး တန်ဖိုးတွေက မနည်းဘူးနော် မောင် … နယ်ကို ပြောင်းရင်လည်း အကုန်ဖြုတ်ယူသွားရေအာင် ”

မောင် ကတော့ သံယောဇဉ်တွေ နှစ်မထားလိုက်ပါနဲ့ကွယ် ။ တို့ရှေ့က လူတွေဟာ တို့ပြောင်းလာတုန်းက တော်တော်နဲ့ ဆင်းမပေးတာတို့ ၊ ဖျက်လိုဖျက်ဆီး လုပ်ခဲ့တာတို့ ၊ မချေမငံ ပြောခဲ့ဆိုခဲ့တာတို့ကို နွယ် သတိရနေတုန်းပဲလား ။ မောင်ကတော့ စိတ်ကူးထားတယ်လေ ။ ပင်စင်သွားရင် နေခွင့်ရမယ့် ခွင့် လေးလတောင် မနေတော့ဘူး လို့ ။ ချက်ချင်း ဖယ်ပေးလိုက် မယ် လို့ ။ ပြီးတော့ ပစ္စည်းတွေလည်း သည်အတိုင်း ထားခဲ့မှာပါပဲ ။ အရေးကြီးတာ ရာဇဝင်တွေနဲ့ တိုက် ၁၃ ၊ အခန်း ၄ ဟာ ထာဝရ အေးချမ်းငြိမ်သက်နေဖို့ ၊ လှပနေဖို့ပဲ မဟုတ်လား ။ လူဆိုတာ ရွေးချယ်နေကြရတယ် ။ ကိုယ်က ရွေးချယ်လို့ရတာ ရှိတယ် … ကံကြမ္မာက ရွေးချယ်ပေးတာလည်း ရှိတယ် … တို့ကော ဘာကိုရွေးချယ်မလဲ …”

ကျွန်မ နဖူးပေါ် ကျရောက်လာသော မောင့် နှုတ်ခမ်း နွေးနွေးရဲ့ ရှိန်းမြမြအထိအတွေ့က ကျွန်မ တစ်ကိုယ်လုံးကို ပိုမိုနွေးထွေးသွားစေခဲ့တာ အမှန်ပါပဲ ။ ပြီးတော့ မောင် က ကျယ်ပြောလွတ်လပ်သော ကွင်းပြင်ကို ငေးနေလိုက်သေးတယ် ။

◾နေဝင်းမြင့်

📖 ရင်ခုန်ပွင့် မဂ္ဂဇင်း ၊ အမှတ် ၆
      ၁၉၉၁ ခုနှစ် - ဒီဇင်ဘာလ

koaungnaingoo.blogspot.com

.