Showing posts with label ရနောင်မောင်မောင်တုတ်. Show all posts
Showing posts with label ရနောင်မောင်မောင်တုတ်. Show all posts

Wednesday, October 6, 2021

မခင်ထွေး သို့မဟုတ် မထွေးလေး


 

❝ မခင်ထွေး သို့မဟုတ် မထွေးလေး ❞

ရနောင်မင်းသား ၏ များပြားလှစွာသော မယားများထဲမှ တစ်ယောက်ပင် ဖြစ်သည် ။ မိန်းမတို့တွင် ချစ်စရာကောင်းသော ပီယရုပ် ၊ သာယာစရာကောင်းသော သောတရုပ် ဟူ၍ ရုပ်၏ ကောင်းခြင်းလက္ခဏာ နှစ်ပါး ရှိရာတွင် မထွေးလေး မှာ နှစ်ပါးစလုံးနှင့် ပြည့်စုံသည်ဟု ဆိုကြသည် ။ ရုပ်လှတိုင်း ချစ်စရာ မကောင်း ၊ ချစ်စရာကောင်းတိုင်းလည်း ရုပ်မလှပေ ။ သို့သော် မထွေးလေး က ရုပ်လည်း လှသည် ၊ ချစ်စရာလည်း ကောင်းသည်မို့ မြင်ရသူအဖို့ စွဲမ က်ရသော မိန်းမတစ်ဦးပင် ဖြစ်သည် ။

မထွေးလေး ၏ မိဘများမှာ အမရပူရ မြို့တော်ကို ကနဦး တည်ထောင် ဖန်ဆင်းတော် မူခဲ့သော ဘိုးတော်ဘုရား ၏ မြေးဖြစ်သည့် မင်းသီဟ နှင့် မိခင်ဖြစ်သူ မမကြီး တို့၏ ရင်နှစ်သည်းချာ သမီးရတနာကလေးပင် ဖြစ်သည် ။

မင်းသွေး မင်းသက် မကင်းသူမို့လည်း မထွေးလေး မှာ အလိုလို မဟာဆန်နေပေသည် ။ ယဉ်ကျေးသိမ်မွေ့လှသည် ။ အဆို ၊ အကကို ငယ်စဉ်ကတည်းကပင် အရွယ်နှင့် မမျှအောင် ဆိုတတ် ကတတ်ခဲ့သည် ။

မထွေးလေး သည် အသက် ဆယ့်နှစ်နှစ် အရွယ်လောက်ကပင် စုဖုရားလတ် ထံပါးတွင် အပျိုတော်အဖြစ် ခစားရသည် ။ ရှိသမျှ အပျိုတော်များထဲတွင် အသက်ငယ်ဆုံး ၊ ချစ်စရာ အကောင်းဆုံး ဖြစ်၍ သီပေါဘုရင် နှင့် စုဖုရားလတ် တို့က “ မင်ကလေး ” ဟူ၍ ချစ်စနိုးခေါ်ကြသည် ။

ရွှေနန်းတော်သူ ၊ နန်းတော်သားများကမူ နာမည်အဖျားကို ဆွတ်၍ “ ထွေးလေး ” ဟူ၍ ခေါ်တတ်ကြသည် ။

သည်သို့ အပျိုတော်အဖြစ် အမှုထမ်းနေစဉ် အချိန်မှာပင် ဘုရင့်စင်တော်ကြီး မင်းသမီးမှာ နေမျိုးသီရိ ရွှေတောင်ဘွဲ့ရ ဆရာပုကြီး ပင် ဖြစ်သည် ။ အသံ၏ ကောင်းခြင်း ပြည့်စုံလှသဖြင့် နေမျိုးသီရိ ရွှေတောင်ဘွဲ့အဖြစ် မဓုဿရဘွဲ့ကိုလည်း ထပ်မံ ရရှိပြန်လေသည် ။

ရုပ်သေးစင်တော်မှာ သုံးမျိုး ရှိလေသည် ။ စင်တော်ကြီး ၊ စင်တော်လတ် နှင့် စင်တော်လေး တို့ပင် ဖြစ်သည် ။ ဘုရင်မင်းမြတ် တော်ကောက်သော စင်တော်ကို စင်တော်ကြီး ဟူ၍ ခေါ်၏ ။ မဟာစင်တော်ကြီး ဟူ၍လည်း ခေါ်သေးသည် ။ မိဖုရားခေါင်ကြီး နှင့် အိမ်ရှေ့မင်းတို့ တော်ကောက်သော စင်ကို စင်တော်လတ် ၊ မိဖုရားငယ်များနှင့် သားတော် ၊ သမီးတော်တို့က တော်ကောက်သော စင်ကို စင်တော်လေး ဟု ခေါ်ဆိုကြသည် ။

“ ထင်ပေါ်လျှင် စင်တော်က ကောက် ” ဆိုသည်မှာ ရုပ်သေးစင်မှ ထွက်ပေါ်လာသော ဥပမာပင် ဖြစ်ပေမည် ။

ဆရာပုကြီး ၏ စင်တော်ကြီးသည် နန်းတွင်းစင်တော်တွင် မကြာခဏ ကပြ ဖြေဖျော်ရသည် ။ သည်အခါတွင် အဆိုအက ဝါသနာထုံလှသော မထွေးလေး သည် ပွဲကတိုင်း မလွတ်တမ်း ကြည့်သည် ။ အခြားသူများလို တစ်ခဏ အရသာ ခံရုံမျှနှင့် ပြီးပြီးပျောက်ပျောက် ကြည့်ခြင်းမဟုတ် ၊ စွဲစွဲမြဲမြဲ တိတိကျကျ ကြည့်ခြင်းပင်ဖြစ်သည် ။ မကြာခဏပင် သီပေါဘုရင် မင်းတရား နှင့် စုဖုရားလတ်တို့ ညဥ့်ဦးယံ လေညင်းဆောင်တွင် အနားယူ စံနေခိုက်တွင် ဆရာပုကြီး ၏ ရုပ်သေးမင်းသမီးနှင့်အတူ ဖြေဖျော် ကပြရသည် ။ သည်အချိန်ကမူ သူသည် အကပညာကို မည်သည့် ဆရာသမားများထံကမျှ သင်ယူခြင်း မရှိသေးပေ ။ သို့သော် တစ်ခါ မြင်ရုံမျှဖြင့် စွဲစွဲမြဲမြဲ မှတ်သားမိသော သူ၏ အသိဉာဏ်ကြောင့် မထွေးလေး မှာ အဆိုအက ပညာကို ထူးထူးချွန်ချွန် တတ်မြောက်နေခြင်း ဖြစ်သည် ။

ဆရာပုကြီး ၏ ရုပ်သေးကို ကြည့်ကာ ရုပ်သေးမင်းသမီးကလေး ပုပု ၏ ဆိုဟန် ၊ ပြောဟန် ၊ ကဟန်တို့ကို တစ်ထပ်တည်းကျအောင် ဆိုတတ် ၊ ပြောတတ် ၊ ကတတ်နေသည် ။ သီပေါမင်းတရား ကပင် “ ငပုကြီး နဲ့ တစ်ထေဝတည်းပဲ ” ဟူ၍ မိန့်ကြားတော် မူဖူးလေသည် ။ မထွေးလေး သည် သူ၏ အသွင်အပြင် ပုံသဏ္ဌာန်ကို ရုပ်သေးမင်းသမီး ပုပု နှင့် တူအောင် ပြင်ဆင်သည် ။ အဆစ်အပိုင်း ၊ အချိုးအစား ကျနလှသော မထွေးလေး မှာ သစ်သားရုပ် မင်းသမီး ပုပု ထက် လွန်ကဲအောင် လှပနေလေသည် ။

သည့်အတွက် နောင်အခါတွင် နေပြည်တော်တစ်ဝန်းမှာ ရှိသည့် ရုပ်သေးရုပ်တို့သည် မထွေးလေး ကို စံပြုကာ ပြုလုပ်ကြရတော့သည် ။ သည်တွင် မထွေးလေး သည် အရုပ်ကလေးလို လှသူ မဟုတ်တော့ဘဲ အရုပ်ကလေးများကသာ မထွေးလေး လို လှအောင် မွမ်းမံနေကြ ရတော့သည် ။

မထွေးလေး သည် စာမတတ်ချေ ။ သို့သော် မှတ်ဉာဏ်တွင် သူမတူအောင် ထက် မြက်လှသည် ။ တစ်ခါနှစ်ခါ ကြည့်ရုံ ကြားရုံမျှဖြင့် တစ်ထပ်တည်းကျအောင် ဆိုတတ် ပြောတတ်ပေသည် ။ ဆရာပုကြီး ဆို ကသွားသမျှကို နောက်ရက် များတွင် မထွေးလေး က တစ်ပုံစံတည်းကျအောင် ဆိုပြရသည် ။ စင်တော်ကြီးက ဆရာပုကြီး သီဆိုကပြသွားသော သီချင်းကို မထွေးလေး က ဆယ်ခါမက ပြန်၍ သီဆို ကပြပေးရသဖြင့် နန်းတွင်းကချေသည် ဖြစ်မှန်းမသိ ဖြစ်လာခဲ့လေသည် ။

အရာရာတွင် သွက်သွက်လက်လက် ရှိနေသော အပျိုတော် မထွေးလေး ကို သီပေါဘုရင် နှင့် စုဖုရားလတ် တို့က ချစ်မြတ်နိုးတော်မူလေသည် ။ မြှောက်စားတော်မူသည် ။ ရွှေနန်းတော်သူ ၊ ရွှေနန်းတော်သားများကလည်း အရေးတယူ ရှိနေလေသည် ။ သည်အချိန်က မထွေးလေး မှာ ရွှေနန်းတော်တွင် အပေါ်လွင်ဆုံး ကချေသည်မလေး တစ်ဦးအဖြစ် ရှိပေသည် ။ သည်လောက် ရွှေနန်းတော်အတွင်းဝယ် ကျော်ကြားနေခဲ့သော မထွေးလေး အဖို့ကား ဘဝ၏ တစ်ဆစ်ချိုး ကွေ့ကလေးတစ်ခုမှာ တစ်နေ့ဝယ် ပေါ်ပေါက်ခဲ့လေသည် ။ ဒါကလည်း ရနောင်မင်းသား နှင့် ပတ်သက်နေခြင်းပဲပေါ့ ။

နေပြည်တော် တစ်ဝန်းမှာ ရှိနေသည့် အလှအပ ဟူသ၍ကို တော်ကောက်ခြင်းများစွာဖြင့် တော်ကောက်နေတော်မူသော ရနောင်မင်းသား မှာ မထွေးလေး ကို မျက်စိကျနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည် ။ ရနောင်မောင်မောင်တုတ် မှာ အနုပညာကို မြတ်နိုးသော မင်းသားတစ်ပါးပင် ဖြစ်သည် ။ အချိန်မရွေး သူ၏ အိမ်တော်မှာ တူရိယာသံများဖြင့် တခြိမ့်ခြိမ့် ရှိနေပေသည် ။ မထွေးလေး အသက် ဆယ့်လေးနှစ် ရှိပြီ ဆိုကတည်းက ရနောင်မင်းသား က သူ၏ အဆောင်တော်သို့ မထွေးလေး အား ခေါ်ငင်ကာ ကပြစေတော်မူခဲ့သည် ။ အချိုးအစား ကျနလှသော မထွေးလေး ၏ ကိုယ်ခန္ဓာကို အနုလုံ ပဋိလုံ ရှုစားရင်းက မထွေးလေး ၏ အဆိုအကကို ကိုယ်တိုင်ဒိဋ္ဌ တွေ့ရသောအခါတွင် ဆုတော်လာဘ်တော်များကို များစွာ ချတော်မူလေသည် ။ လွန်စွာပင် သဘောတော် ကျတော်မူသဖြင့်လည်း အိမ်တော်တွင် မကြာခဏ ခေါ်၍ ကပြစေတော်မူလေသည် ။

မထွေးလေး သည် ရနောင်မင်းသား ၏ တော်ကောက်ခြင်းကို ခံရသော အချိန်တွင် အသက် မှာ ဆယ့်ခုနှစ်နှစ် ဝန်းကျင်မှာပဲ ရှိပေဦးမည် ။

ကြင်ရာတော် များပြားလှသော ရနောင်မင်းသား သည် အချောအလှများကို မြင်တိုင်း တပ်မ က်စိတ် ရှိသူဖြစ်သည် ။ တန်ခိုးကြီးမားသော မင်းသားလည်း ဖြစ်ပေရာ ကြင်ယာ မိဖုရားများမှာ ဟောတစ်ယောက် ဟောတစ်ယောက်နှင့် ရှိနေပေသည် ။ သည့်အတွက်ကြောင့် ဖြစ်ဟန်တူသည် ။ ရနောင်မင်းသား နှင့် မထွေးလေး တို့၏ ဖူးစာရေစက် မှာ တစ်နှစ်မျှသာ ခိုင်ပေသည် ။ စလယ်ဝင် ဖင်မမည်းခင်ကပင် ကွဲဖို့ ကြမ္မာ ဖန်လာခဲ့လေသည် ။

မထွေးလေး မှာ ငယ်ရွယ်သူပင် ဖြစ်သည် ။ ရနောင်မင်းသား နှင့် စာသော် များစွာ ငယ်ရွယ်လှပြီး အသိ မကြွယ်သေးသော အရွယ်ပင် ဖြစ်သည် ။ အဆို အကမှာလည်း ဝါသနာကြီးလှသော ကချေသည်လည်း ဖြစ်သည် ။ အိပ်ချိန်မှ လွဲ၍ ကျန်အချိန်များသည် အနုပညာ ဘက် မှာသာ အာရုံကို လွှတ်ထားလေ့ ရှိသည် ။ ဒါကြောင့်ပင် ထင်ရဲ့ ၊ သူ၏ မောင်တော်ဖြစ်သူ ရနောင်မင်းသား ၏ စိတ်ကို သူ့အပေါ် အမြဲစွဲမြဲနေရန် ထိန်းထားနိုင်ခြင်း မရှိရှာချေ ။ အနုအလှ အခရာ အညုများကိုသာ မ က် မောလှသည့် ရနောင်မောင်မောင်တုတ် ၏ စိတ်ကလည်း သူ့အပေါ် မရှိတော့ ၊ ခပ်ဖယ်ဖယ်သာ နေလေတော့သည် ။

ရနောင်မင်းသား မှာ မယားများများ ယူတတ်သူ ဖြစ်သည့်အားလျော်စွာ မထွေးလေး ကိုလည်း ကြာရှည် မြတ်နိုးခြင်း မရှိခဲ့ပေ ။ နဂိုကတည်းက မိမိ မာန်မာနနဲ့ နေလာခဲ့သော မထွေးလေး သည် ရနောင်မင်းသား ၏ ချစ်ကြင်မှုကို အပြည့်အဝ မခံယူရသည့် အချိန်ကစ၍ သဘင်နယ်ဘက်သို့ ပြန်လည် ဝင်ရောက်လေတော့သည် ။ ရနောင်မင်းသား က စွန့်ပစ်လိုက်သော အချိန်တွင် မထွေးလေး ၏ အသက် မှာ ဆယ့်ကိုးနှစ် မျှသာ ရှိပေသေးသည် ။ လူ့လောကကို ကောင်းကောင်း နားလည်နိုင်နေပြီ ဖြစ်သော အရွယ်ပင် ဖြစ်လေသည် ။ တကယ်တော့ မထွေးလေး ၏ ဘဝဇာတ်ဆရာမှာ ရနောင်မင်းသား မောင်မောင်တုတ် ပင် ဖြစ်သည် ။ မောင်မောင်တုတ် သည် မထွေးလေး အား ဘဝသင်ခန်းစာကို အစပထမ သင်ကြားပေးလိုက် လေပြီတည်း ။ ရနောင်မင်းသား နှင့် ကွဲကွာခဲ့ပြီးနောက် မထွေးလေး မှာ ဆရာပုကြီး ထံတွင် ကန့်ကူလက်လှည့် ဆိုသလို အက အဆိုပညာကို သေချာစွာပင် သင်ယူတော့လေသည် ။

မထွေးလေး ၏ ဒုတိယ ခင်ပွန်းသည်မှာ မင်းသား ကိုဖိုးကွန်း ပင် ဖြစ်သည် ။ သည်တုန်းက မင်းသား ကိုဖိုးကွန်း သည် နေပြည်တော် တစ်ဝန်းတွင် ပြည်သူတို့၏ အချစ်တော် ဖြစ်နေပေသည် ။ ပြည်သူအများ၏ တောင်းဆိုချက်ကြောင့် မထွေးလေး ၏ ဇာတ်နှင့် မင်းသား ကိုဖိုးကွန်း ၏ ဇာတ်တို့ နှစ်ခုကို တစ်ခုတည်း ပူးပေါင်းကာ သူတို့နှစ်ယောက် တစ်ပြည်လုံးသို့ ကပြခဲ့လေသည် ။

ဒါပေမယ့် ချဉ်သီး နှင့် ဆား အတူထားက လျှာဖျားက သွားရည်ယိုသည် ဆိုသလိုပဲ မကြာခင်မှာပင် သူတို့နှစ်ဦး အကြောင်းဆက် ပေါင်းဖက် မိကြတော့လေသည် ။ သို့ရာတွင် သူတို့၏ အိမ်ထောင်သက်တမ်းမှာ မကြာရှည်ပေ ။ ငါးသိုင်းချောင်း လေးမျက်နှာတွင် ကိုဖိုးကွန်း သည် သူချစ်လှသော မထွေးလေး နှင့် လူ့လောကကို ကျောခိုင်းသွားတော့သည် ။

စကတည်းက ယဉ်သကိုဆိုသလို မထွေးလေး အဖို့ အိမ်ထောင်ရေးတွင် ကံမကောင်းလှပေ ။ ပထမ တစ်ယောက်က စိမ်းသည် ။ နောက်တစ်ယောက်က တိမ်းခဲ့သည် ။ အခေါ်လွဲသော်လည်း အကွဲချင်းမှာ အတူတူပင် ဖြစ်လေသည် ။

မင်းသမီး လောကတွင် ပြိုင်ဘက်ကင်းသော မထွေးလေး အဖို့ ခင်ပွန်းသည် ကိုဖိုးကွန်း မရှိသည့်နောက် မင်းသား အီကင်း မောင်ကြီး နှင့် တွဲဖက်ရပြန်လေသည် ။ မင်းသား ကိုဖိုးကွန်း မှာ မင်းသားကောင်းတစ်ယောက် ဖြစ်သလို အီကင်း မောင်ကြီး လည်း နာမည်ကျော်ကြား လူကြိုက် များသော မင်းသားကောင်းတစ်လက် ဖြစ်သည် ။ အီကင်း မောင်ကြီး ၏ အတွေ့အထိ အချော့အမြှူ ဖဿအာရုံက မထွေးလေး ၏ စိတ်ကို ညွတ်နူးစေသည် ။ သည်အတွက်ကြောင့် ထင်ပါရဲ့ ၊ အီကင်း မောင်ကြီး ၏ မေတ္တာရိပ်ကို မထွေးလေး ခိုမှီးခဲ့သည် ။ အားကိုးလိုက်သည် ။ သည်တော့ အီကင်း မောင်ကြီး နှင့် မထွေးလေး တို့ ဖူးစာဆုံသွားတော့သည် ။ မထွေးလေး သည် အီကင်း မောင်ကြီး နှင့် အိမ်ထောင်ကျစဉ်က အတော်ပင် စီးပွားတက်ခဲ့ဟန် တူသည် ။ မန္တလေးတောင်ခြေ သစ်ဆိမ့်ကျောင်းတိုက်တွင် ခုနှစ်ဆောင်ပြိုင် ကျောင်းကြီးတစ်ဆောင် ဆောက်လုပ်ကာ ကျောင်းဒကာ ကျောင်းအမဘွဲ့ကို ခံယူလိုက်ကြလေသည် ။

သို့သော် မထွေးလေး မှာ အဆိုအက ကောင်းသလောက် လင်ကံ မကောင်းရှာပေ ။ မထွေးလေး အသက် ငါးဆယ်နှစ်နှစ်တွင် သူ၏ ခင်ပွန်းသည် အီကင်း ဦးမောင်ကြီး မှာ ဘဝတစ်ပါး ပြောင်းသွားခဲ့လေသည် ။ သည့်အတွက် မထွေးလေး သည် ကျောင်းဒကာ ဦးမောင်ကြီး ကို လွမ်းဆွတ်တသ သတိရသဖြင့် သူတို့ ကောင်းမှုဖြစ်သော ကျောင်းအနီးတွင် လောကတန်ဆောင် မည်သော ဘုရားတစ်ဆူ တည်ထား ကိုးကွယ်ခဲ့လေသည် ။

မထွေးလေး သည် စာမတတ်သော်လည်း ဂီတကိုကား ကောင်းစွာ တတ်မြောက်သူ ဖြစ်သည် ။ သီချင်းသစ်များကို တက်ယူရာတွင် သူကိုယ်တိုင်ပင် ပတ္တလားတီး၍ အသွား တက်ယူသည် ။ စာသားကိုမူ စာထောက်ပေးရသည် ။ အမျိုးသမီး တစ်ဦးက ကျက်မှတ်ထားရသည် ။ စာထောက်သူကား ကြားမှနေပြီး အသံမပါဘဲ စာထောက်ပေးသည် ။ ဒါကို မထွေးလေး က အသံသွင်းပြီး သီဆိုသွားလေသည် ။

အီကင်း ဦးမောင်ကြီး ငှက်ဖျားမိသဖြင့် အနိစ္စ ရောက်သွားပြီးနောက် မထွေးလေး မှာ မင်းသမီးဘဝကို မစွန့်နိုင်ရှာသေးဘဲ ရှိ၏ ။ မင်းသားတစ်လက်ကို ရှာ၍ ကပြပေသေးသည် ။ သူရှာကသော မင်းသားမှာ ကိုစိန်ခို ပင် ဖြစ်လေသည် ။ သို့သော် မင်းသား ကိုစိန်ခို နှင့်ကား ခေတ္တ ခဏမျှသာ ဖြစ်ပေသည် ။

မထွေးလေး အသက် ခြောက်ဆယ်လောက်တွင် ဆရာကြီး ဦးဟန်ပ သည် ကံအားလျော်စွာ မထွေးလေး နှင့် သွားဆုံမိလေသည် ။ ဦးဟန်ပ မှာ မန္တလေးသားပင် ဖြစ်သည် ။ သို့သော် အောက် မြို့အောက်ရွာ မှာပင် နာမည်ကျော်ကြား နေလေသည် ။ မန္တလေး သို့ အရောက်အပေါက် နည်းသဖြင့်လည်း မထွေးလေး ကို မမြင်ဘူးချေ ။ သို့သော် ဆုံဖို့ ကံကြမ္မာ ဖန်လာလေသည် ။

ထိုစဉ်က မန္တလေးတွင် နာမည်ကျော် အပြိုင်အဆိုင် ဆိုင်းနှစ်ပွဲ ရှိနေသည် ။ ဆရာစိမ့် နှင့် ဗေဒါ မောင်လေး ခေါ် စိန်ဗေဒါ တို့ ညီနောင်နှစ်ယောက်ပင် ဖြစ်သည် ။ သူတို့သည် လူချင်းသာ ညီအစ်ကို တော်သည် ။ ဆိုင်းတီးရာတွင် ညီအစ်ကို မတော်ချေ ။ ညီအစ်ကိုချင်း ချစ်ကြပေမယ့် ဆိုင်းတီးသောအခါတွင် လုံးဝ သံယောဇဉ် မရှိပေ ။ မကြာခင် အစ်ကိုဖြစ်သူ ဆရာစိမ့် ကွယ်လွန်သွားသဖြင့် စိန်ဗေဒါ မှာ ပြိုင်ဘက် မရှိ ဖြစ်တော့သည် ။ သည်တွင် ဆရာစိမ့် ၏ ဇနီး ဒေါ်တိုး က စိန်ဗေဒါ ကို ပြိုင်ရန်အတွက် ဆိုင်းဆရာ လိုက်ရှာကြတော့သည် ။

သည်အချိန်က သတင်းလှိုင်နေသော ဦးဟန်ပ ကို ဒေါ်တိုး က ခေါ်ယူလိုက်သည် ။ ဆရာစိမ့် ၏ နေရာကို ဦးဟန်ပ အား ပေးလိုက်သည် ။ ‘ စိန်ဗေဒါ ကို ပြိုင်ရန် ဟန်ပ တက်လာပြီ ’  ဆိုသော သတင်းစကားများမှာ မန္တလေးတွင် တစ်မုဟုတ်ချင်း ပျံ့သင်းနေပေသည် ။ ဘယ်လောက် တော်လို့ ဆရာစိမ့် ၏ နေရာတွင် ထိုင်နိုင်သည် ။ ဘယ်လိုလူစားမို့ စိန်ဗေဒါ ကို ယှဉ်ပြိုင်ဝံ့သနည်း စသော သံသယပေါင်း များစွာဖြင့် စောင့်မျှော်နေကြသည် ။

မကြာမီ ရက်အတွင်းပင် အလှူပွဲတစ်ခု ဧည့်ခံဖို့အတွက် ဒေါ်တိုး က စီစဉ်ပေးရသည် ။ ထိုပွဲတွင် ဦးဟန်ပ က ပတ္တလားတီးရမည် ဖြစ်သည် ။ သည်ပွဲတွင် အဆိုတော် တစ်ဦး နှင့် ပတ္တလားသာ ပါဝင်သည် ။ ပရိသတ် စုံညီသောအခါ ဦးဟန်ပ ပတ္တလားစမ်းနေသော အနားသို့ အမျိုးသမီးချောချော တစ်ဦး ထွက်လာသည် ။ မနီးမဝေးတွင် သိမ်မွေ့စွာ ထိုင်နေသည် ။ သူသည် ဦးဟန်ပ ကို တစ်ချက် မျှ စောင်းငဲ့ကြည့်လိုက်ပြီး “ မောင် တီးမယ့် သီချင်းကို အမေ ဆိုရမလား ၊ အမေ ဆိုမယ့် သီချင်းကို မောင် က တီးမှာလား ” ဟူ၍ ခပ်တိုးတိုး မေးလိုက်သည် ။

စိန်ဗေဒါ နှင့် ပြိုင်မည်ဖြစ်သော ဦးဟန်ပ မှာ ပတ္တလားလုံးတွေကို ခပ်ကြွားကြွား စမ်းသပ်နေစဉ် ဖြစ်၍ “ ဆိုချင်တဲ့ သီချင်းကို ဆိုနိုင်ပါတယ် ” ဟု သူကဲ့သို့ပင် တစ်ချက် မျှ စောင်းကြည့်ပြီး ခွင့်ပြုလိုက်သည် ။ စိတ်ထဲကမူ မိမိ နှင့် မတိမ်းမယိမ်း အရွယ်က ‘ အမေ ’ ဟု တင်စီး ပြောသည်ကို မခံချင်လှပေ ။ အောက်ပြည်က တက်လာသူမို့ အထင်သေးပြီး ခေါ်လေခြင်းဟု အောင့်သက်သက် ဖြစ်နေသည် ။

သည့်နောက် စည်းတီးသော အမျိုးသမီးက စည်းဖြင့် အသံပြပေးလိုက်လေသည် ။ ဦးဟန်ပ က စည်းသံကို လိုက်ပြီး အမိဖမ်းထားသည် ။ ထို့နောက် အဆိုတော်၏ ကြည်လင်ချိုအေး၍ နွဲ့နှောင်းသော ဂီတသံ ပေါ်ထွက်လာသည် ။ သည်တွင် ဦးဟန်ပ မှာ ဇောချွေးတွေ ကျလာသည် ။ သူ၏ လက်ခတ်သည့် ပတ္တလားပေါ်တွင် ကသိကအောက်နှင့် ပျံဝဲနေသည် ။ အဆိုတော် သီဆိုသော သီချင်းသွားကို မသိသောကြောင့် ဘယ်အလုံးကို ခေါက်ရမည် မသိဘဲ စမ်းတဝါးဝါးနှင့် ဖြစ်နေသည် ။

ဦးဟန်ပ သည် သီချင်းရိုးရိုးကိုသာ တီးဖူးသူ ဖြစ်သည် ။ အတွန့်အတက် များလှသော ဤ သီချင်းမျိုးကို မတီးဖူးသေးချေ ။ သီချင်း အလယ်လောက်ရောက် မှ တေးထပ်မှန်း သိသွားသည် ။ ‘ ဖော်ကွာဝေး ’ သီချင်း ဖြစ်သည် ။ ဖော်ကွာဝေး ကို တေးထပ် ခြံရံထားသည် ။ ဖော်ကွာဝေး ညှပ် တေးထပ်ပင်တည်း ။

ဦးဟန်ပ သည် အိမ်ပြန်ရောက်သောအခါ ဒေါ်တိုး အား “ မမတိုး ၊ အဆိုတော်က ဘယ်သူလဲ ” ဟု မေးကြည့်မိသည် ။

“ ဟဲ့ … မောင်ဟန်ပ ၊ မင်း အမေထွေး ကို မသိဘူးလား ။ မထွေးလေး ဟဲ့ ” ဟု ပြောမှ ပိုပြီး ထိတ်လန့်သွားသည် ။ အလေးအမြတ် မပြုခဲ့မိသည်ကို နောင်တရသွားခဲ့သည် ။ ထိုစဉ်က မထွေးလေး မှာ အသက် ခြောက်ဆယ် နီးနေပေပြီ ။ အိမ်ထောင်ဆက် မကုန်သေးသော မထွေးလေး မှာ အင်းဝ တံတားဦး နယ်မှ ဇီးကန် တောင်ပြုံးသူကြီး ဦးကြာညို နှင့် သုံးနှစ်ခန့် ပေါင်းဖက်ပြီးမှ ဇီးကန် တောင်ပြုံး၌ပင် အသက် ခြောက်ဆယ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်ရှာတော့သည် ။ တံတားဦးတွင် ဒေါ်ထွေးလေး ၏ အလောင်းကို အုတ်ဂူသွင်းနှံ၍ သင်္ဂြိုဟ် ထားကြလေသည် ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

အမရပူရမြို့သူ ဖြူဖြူ


 

❝ အမရပူရမြို့သူ ဖြူဖြူ ❞

မယားများလှသော ရနောင်မင်းသား မောင်မောင်တုတ် ၏ မယားများအနက် မှ ဖြူဖြူ မှာ ရနောင်မင်းသား ၏ ချစ်ခင်မှုကို အထူး ခံရသူတစ်ဦး ဖြစ်သည် ။ အမရပူရမြို့ မောင်းတန်းရပ်သူ တစ်ဦး ဖြစ်သည် ။ သူ့အဖေ က ပန်းထိမ်ဆရာလို့ သိရ၏ ။ ဖြူဖြူ ဟာ သိပ်ချော သိပ်လှ၏ ။ ထိုစဉ်ကဆိုလျှင် သူ့လောက် ချောပြီး သူ့လောက် လှတဲ့ မိန်းမပျို မရှိဘူးလို့လည်း ဆိုသည် ။ အရပ်အမောင်း ခပ်သွယ်သွယ် ၊ လက် မောင်းကလေးတွေက ညီညာပြေပြစ်ပြီး အချိုးအဆက် ကျသည် ။ ပါးနှစ်ဖက်က နူးညံ့ ချောမွတ်၏ ။ ပြုံးလိုက်သည့်အခါတွင် ပါးထဲမှာ ပါးချိုင့်လေးနှစ်ခု ခွက်ဝင်နေသည် ။ သူ့အပြုံးက အတော်ပေါ်လွင်သည် ။ မျက်လုံးကလေးတွေသည် သမင်မျက်လုံးလို ဝိုင်းစက်ပြီး ရွှန်းလဲ့နေကြသည် ။

သူ့အသံက ဟိုးအဝေးမှ ရေတံခွန်ကျသံလိုပဲ ချိုလွင်လွင် ရှိ၏ ။ နားဝင် ငြိမ့်ညောင်းသည် ။ သူ့ကို မြင်လိုက်တဲ့ လူမှန်သမျှဟာ အငေးသား ဖြစ်ကြရသည် ။ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူမှာ ကွယ်လွန်သွားခဲ့သဖြင့် မိတဆိုးကလေးဘဝဖြင့် ဖခင်အပေါ် ဆိုးချင်တိုင်း ဆိုးခဲ့ နွဲ့ခဲ့သူ ဖြစ်သည် ။ ဖခင်ဖြစ်သူကလည်း ပစ္စည်းဥစ္စာ ကုံလုံကြွယ်ဝသူတစ်ဦး ဖြစ်သဖြင့် သမီးလေးအပေါ် အစစ အရာရာတွင် အလိုလိုက်ထားခဲ့သည် ။ အရွယ်ရောက်ပြီး အတော်ကြာမှ ချစ်သူ တွေ့ခဲ့သည် ။ သူကတော့ အခြားသူ မဟုတ် ၊ ရွှေလှံမြို့ဝန်၏ ကိုယ်ရံတော် ဗိုလ်မှူး နန္ဒပင် ဖြစ်သည် ။ ဖြူဖြူ နှင့် ဗိုလ်မှူး နန္ဒတို့ တွေ့ပုံကလည်း အဆန်းသား ။

တစ်နေ့ ဖြူဖြူ တို့ သားအဖ အင်းဝ ဘက်ကမ်းမှ ပြန်အလာ ဖြစ်သည် ။ အင်းဝ ဘက်တွင် ဥပုသ်သီလ စောင့်ထိန်းပြီးမှ ပြန်လာသဖြင့် နေမှာ အတော်ကျနေချေပြီ ။ အနောက်တောင် ထောင့်ဆီက မိုးရိပ်များက အုံ့မှိုင်းနေချေသည် ။ သီတင်းကျွတ် လပြည့်နေ့ မို့လည်း တရားဘာဝနာ စောင့်ထိန်းသူ ပေါများကြောင်း ၊ ဘားမဲ့ဆရာတော်ကြီး သက်တော်ရာကျော် ရှည်စေဖို့ အကြောင်းကို ပြောလာရင်းက ဟိုအဝေးမှ တောင်သမန် လယ်ကွင်းများကို ဖြတ်ကျော်ကာ စိုင်းလာကြသော မြင်းများကို လှမ်းကြည့်နေကြ၏ ။

မြင်းစီးလာသူ အရေအတွက်ကား ငါးယောက်ပင် ဖြစ်၏ ။ မြင်းများသည် ဖြူဖြူ တို့ သားအဖ စီးလာသော လှည်းရှေ့တွင် ဖြတ်ရပ်လိုက်သည် ။ သူတို့အားလုံး၏ မျက်နှာများမှာ တင်းမာပြီး နီရဲနေပေသည် ။ သူတို့အားလုံး ကြည့်ရသည်မှာ အနောက်ထန်းတောမှ ထန်းရည် သောက်စား မူးယစ်လာသူများနှင့် တူလှသည် ။ သူတို့ တစ်ကိုယ်လုံးတွင် ချွေးများက အပြိုင်းပြိုင်း ကျနေသည် ။ ဖြစ်လာသော အရေးအခင်းကြောင့် ဖြူဖြူ မှာ မော်မကြည့်ဝံ့တော့ပြီ ။ ဖြူဖြူ ၏ ဖခင်မှာကား အများနှင့် တစ်ယောက် မို့ မလှုပ်ဝံ့တော့ချေပြီ ။

သူတို့ကတော့ အေးအေးဆေးဆေးပင် ။ ခေါင်းဆောင်လုပ်သူက သူကြီးများသာလျှင် ကိုင်ဆောင်ခွင့်ရှိသော ငွေဓားကို လွယ်ထားသည်ကို တွေ့ရသည် ။ သကောင့်သား သုံးယောက်က လှည်းသမား နှင့် ဖြူဖြူ ၏ ဖခင်ကို ဓားဖြင့် မိုးထားပြီး ဖြူဖြူ ကို လှည်းပေါ်မှ ဆွဲချတော့သည် ။ အထိတ်တလန့် အော်လိုက်ရင်းက ဖြူဖြူ မှာ လူနှစ်ယောက်၏ လက်ထဲတွင် ရုန်းရင်းကန်ရင်းဖြင့် လှည်းအောက် ရောက်သွားသည် ။

အသက်သာ အသေခံမည် ၊ အရှက်တော့ အကွဲမခံဟူ၍ ဖြူဖြူ က တွက်ထားဟန် တူရဲ့ ၊ မြေပေါ်ရောက်သည်နှင့် ဖြူဖြူ မှာ တွန်းထိုး ရုန်းကန်နေ၏ ။ လက် မောင်းကို ပြုတ်တူ နှက်ထားသလို ဆုပ်ထားသော လက်ကို ပါးစပ်ဖြင့် ကိုက်ချလိုက်သည် ။ တစ်ဖက်လူမှာ နာကြည်းသော အသံဖြင့် လက်ရုပ်သွားသည် ။ သည်တွင် ဖြူဖြူ က တခြားသူ၏ ဆီးခုံကို တအား ပစ်ကန်လိုက်သည် ။ ထိုသူမှာလည်း မသက်သာ ၊ မိမိ၏ ဆီးခုံကို ဖိထားရင်းက မြေပြင်ပေါ်သို့ လဲကျသွားသည် ။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည် ။ ဘယ်သူတွေမှ မဟန့်တားနိုင်ခင်မှာပင် ဖြူဖြူ မှာ ရှေ့သို့ တအား စွတ်ပြေးတော့သည် ။ ပြေးရင်းဖြင့် နောက်သို့ ကြည့်လိုက်ရာတွင် စောစောက လူငါးယောက် မှာ မြင်းကိုယ်စီနှင့် အပြေးလိုက်လာသည်ကို တွေ့နေရသည် ။ ဒါနှင့် ရှေ့ကိုပဲ အားစိုက်ပြီး ဖိပြေးရသည် ။ ကိုင်းတော အလွန်တွင်မတော့ မိမိရှေ့တွင် မြင်းသုံးစီး ရပ်နေသည်ကို တွေ့ရသည် ။ ဖြူဖြူ ခမျာ ဘယ်ကိုပြေးရ ၊ ပုန်းရ ၊ ခိုရမှန်း မသိတော့ချေပြီ ။

မောဟိုက်နေသောရင်ကို ဖိထားပြီး မြင်းပေါ်မှ လူများကို အသနားခံသော မျက်လုံးအစုံဖြင့် ကြည့်လိုက်လေ၏ ။ သူတို့အသွင်က တစ်မျိုးပါလား ။ စောစောက လူတွေနဲ့ လုံးဝ မတူ ။ ကြင်နာသနားမည့် အသွင်များက သူတို့၏ မျက်နှာပြင်ပေါ်ဝယ် ထင်းနေသည် ။ နောက် မှ မြင်းခြေသံများ ကြားလိုက်ရသဖြင့် ဖြူဖြူ မှာ ရုတ်ခြည်း ထပြေးရန် အားယူလိုက်သည် ။ သို့ပေမယ့် မမျှော်လင့်သော စကားသံကြောင့် ဖြူဖြူမှာ တအားတက်သွားခဲ့ရသည် ။

“ ဘေးကိုသာ ဖယ်ပေးလိုက်ပါ နှမတော် ၊ သည် လူယုတ်တွေကို မောင်ကြီး ရှင်းလိုက်ပါ့မယ် ”

မိမိ ရှေ့တည့်တည့်မှ မြင်းသည်တော် တစ်ဦးဖြစ်သည့် ဗိုလ်နန္ဒ ၏ စကားသံပင် ဖြစ်သည် ။

“ မင်းတို့ ဘယ်ရွာကလဲ ၊ ဘာဖြစ်လို့ ဒီလို ယုတ်မာမှုတွေ လုပ်ရတာလဲ ”

ဗိုလ်နန္ဒ က တည်ကြည်ခံ့ညားသော မျက်နှာထားဖြင့် မေးလိုက်သည် ။ သည်တွင် ငွေဓားရိုးကို လွယ်ထားသည့် လူရွယ်က ပမာမခန့် ပြန်လည် မော်ကြည့်လိုက်ပြီး -

“ ကျုပ်တို့ကို မေးသလားဗျ ၊ ကျုပ်က ရနောင်မြို့စား မောင်မောင်တုတ် ရဲ့ ညီ မောင်မောင်ပြောင်း ဆိုတာပဲ ။ ဒီလူတွေက မြို့စားမင်းရဲ့ ကျွန်ယုံတွေပဲဗျ ၊ ဘာလုပ်ချင်သေးသတုံး ”

သည်တွင် ဗိုလ်နန္ဒ မှာ ထောင်းခနဲ စိတ်ထွက်သွားလိုက်ပေမယ့် ဒေါသကို ချက်ချင်း မျိုသိပ်လိုက်သည် ။ ရနောင်မင်းသား ကို ရင်မဆိုင်ချင်လို့ပဲ ဖြစ်ဟန်တူသည် ။

“ ဪ … ဒီလိုလား ၊ ရနောင်မြို့စားရဲ့ ညီဆိုရင် မြို့စားညီ ပီပီ လူကောင်းသူမွန်လိုပဲ နေသင့်ပါတယ် ။ ခုလို ယုတ်မာတဲ့ အမှုမျိုး မလုပ်သင့်ပါဘူး”

ဗိုလ်နန္ဒ စကားအဆုံးဝယ် မောင်မောင်ပြောင်း မှာ မျက်နှာလေး နီရဲသွားပြီး …

“ ဟင်း ဟင်း … ဗိုလ်မှူးကလေးနော … စကားပြောရင် ကြည့်ပြော ၊ ကျုပ်တို့ဘာသာ ကျုပ်တို့ လုပ်ချင်တာ လုပ်တာ ဗိုလ်မှူး နဲ့ ဘာမှ မဆိုင်ပါဘူး ။ ခင်ဗျားလုပ်ဖို့က စစ်တိုက်ဖို့ သက်သက်ပဲ ။ ကျုပ်တို့ ရပ်မှုရွာရေးမှာ ဝင်စွက်ဖို့ မလိုပါဘူး ” ဟူ၍ပင် ပြန်ပြောသည် ။

“ ဟား ဟား … ငါ့လူက အလာချည်းပါလား ၊ အင်း … ဒီမယ် … နားထောင်စမ်း ၊ ကျုပ်တို့လို စစ်မှုထမ်းဆိုသဟာ တိုင်းပြည်အတွက် အသက်ပေး ကာကွယ်ရမယ့် လူတွေပဲ ။ စစ်တိုက်ရုံ သက်သက် မဟုတ်ဘူး ။ တိုင်းသူပြည်သားတွေရဲ့ အသက်စည်းစိမ် အိုးအိမ်တွေကိုပါ ကာကွယ်ရမယ့် ဝတ္တရား ရှိနေတယ် ။ ဒါကို ကိုယ့်လူ မသေမချင်း မှတ်ထားနော ”

ဗိုလ်နန္ဒ က ရယ်သွမ်းသွေးရင်း ခပ်နာနာ ပြောလိုက်သောအခါ ရနောင်မြို့စား၏ ညီ မောင်မောင်ပြောင်း ဆိုသူမှာ ဒေါပွသွားဟန်ဖြင့် သူ၏ ငွေရိုးတပ် ဓားကို ဆွဲထုတ်ရန် ကိုင်လိုက်သည် ။ သည်အခါ ဗိုလ်နန္ဒက …

“ ဪ … ကိုယ့်လူက လူလို စကားပြောနေတာ နားမလည်သေးဘူး ထင်ပါ့ ။ ဒီမယ် … ကျုပ်မျက်နှာကို သေသေချာချာ ကြည့်ထားစမ်း ၊ ငနန္ဒ ဆိုသဟာ နောက် မှပေါ်လာတဲ့ ရွှေကြာပင် မဟုတ်ဘူး ။ ဟိုး ရှေးသမယထဲက အလောင်းမင်းတရား နဲ့ အတူ သွေးဖောက်ပြီး သစ္စာဆိုခဲ့ကြတဲ့ ရဲဘော် ခြောက်ကျိပ်ရှစ်ရဲ့ အနွယ်တော် တစ်ဦးဆိုတာ မှတ်ထားပါ ။ ကိုင်း … ကြာတယ် ငမြတ်ရေး တို့ ၊ ဒီလူတွေကို လူစု ခွဲလိုက်ကြစမ်း ”

ဗိုလ်နန္ဒ မှာ ပြောပြောဆိုဆို သူ့တပည့်များကို အမိန့်ပေးလိုက်၏ ။ သူကိုယ်တိုင်ကလည်း ဓားကိုဝင့်ကာ ရှေ့သို့ ပြေးသွားတော့သည် ။ သည်တွင် တစ်ဖက် မှ မောင်မောင်ပြောင်း တို့မှာ မဝံ့တော့ဘဲ ခြေဦးတည့်ရာသို့ ထွက်ပြေးကြတော့၏ ။

“ မင်းတို့ မိုးကောင်းတုန်း နေနှင့်ဦးပေါ့ကွာ ၊ တစ်နေ့တော့ တွေ့ကြသေးတာပ ” ဟူ၍လည်း ကြိမ်းဝါးသွားကြသည် ။

သည်ပုံ သည်နည်းဖြင့် ဗိုလ်နန္ဒ နှင့် ဖြူဖြူ တို့မှာ စတွေ့ခဲ့ခြင်း ဖြစ်သည် ။ ကျေးဇူးရှင် တစ်ဦးရယ်လို့ ဖြူဖြူ တို့ သားအဖက ဗိုလ်နန္ဒ ကို ကျေးဇူးတင်ခဲ့ကြသည် ။ ဗိုလ်နန္ဒ အပေါ် လေးစားမှုတွေ ပိုခဲ့ရသည် ။ အားကိုးတကြီး ရှိခဲ့သည် ။ ဖခင်ဖြစ်သူကမူ ရိုးရိုးသားသား ရှိသည့် သူငယ်ပဲ ဟူ၍ ဘာမှ မပြောဘဲ နေသဖြင့် သူတို့၏ ရင်းနှီးမှုများက ပိုကဲခဲ့ရသည် ။ လူငယ်တို့ဘာဝ မေတ္တာမျှခဲ့ရသည် ။ သည့်နောက် ဖခင် ကို အသိပေးပြီး လူသိရှင်ကြား လက်ထပ်ခဲ့ကြသည် ။

လက်ထပ်ပြီးသည်နှင့် ဗိုလ်နန္ဒ က ဖြူဖြူ တို့အိမ်မှာ လိုက်နေသည် ။ သည်တုန်းက ဘယ်တော့မှ မေ့ပျောက် မသွားနိုင်တဲ့ ပျော်ရွှင် ချမ်းမြေ့မှုမျိုးတွေဟာ သူတို့နှစ်ဦးမှာ ကိုယ်စီ ရှိနေကြလေရဲ့ ။

ဖခင်ကမူ ရွှေပန်းထိမ် အလုပ်နဲ့သာ အချိန်ကုန်လွန်နေသည် ။ လုပ်ငန်းကလည်း ကြီးကျယ်သဖြင့် တပည့်လက်သားများကမူ မနည်းပေ ။ မှူးကြီးမတ်ကြီးများ ၊ နန်းတွင်းသူ နန်းတွင်းသားများအတွက် ရွှေလက်ဝတ်လက်စားနဲ့ ရွှေခွက် ၊ ရွှေဖလားများကို လုပ်ကိုင် ပေးခဲ့ရသည် ။ လင်ဖြစ်သူ ဗိုလ်နန္ဒ ကမူ နေ့စဉ်နေ့တိုင်း ရွှေလှံမြို့ဝန်ထံ အခစား ဝင်ရသည် ။ ညနေ ပြန်ချိန်တန်လျှင် ဖြူဖြူ က အိမ်ဝမှ ထွက်ကြိုသည် ။ ဒါကလည်း တစ်နေ့ မဟုတ် ၊ တစ်ရက် မဟုတ်ပေ ။

သည်အချိန်တုန်းကဆိုလျှင် ဘယ်လို စိတ်ညစ်စရာမျိုးနဲ့မှ မတွေ့ရဘူး ။ ဘယ်လို ဒုက္ခမျိုးနဲ့မှ မကြုံရဘူး ။ ဒါပေမယ့် တစ်နေ့မှာတော့ ကြမ္မာဂြိုဟ်ဆိုး ဝင်လာတော့သည် ။ သည်နေ့က နေကလည်း အလွန်ပူသည် ။ လင်ဖြစ်သူ ဗိုလ်နန္ဒ စောစောစီးစီး သွားနိုင်ဖို့အတွက် ဖြူဖြူ ခမျာ မနက် အစောကြီး ထရတတ်သည် ။ ဒါနဲ့ နေ့လယ်နေ့ခင်းမှာ အိပ်လေ့ရှိတဲ့ အကျင့်လေး ဖြူဖြူ မှာ ရှိလာသည် ။

သည်နေ့က ဖြူဖြူ အိပ်ပျော်သွားသည် ။ အိပ်ပျော်စလောက် မှာပဲ ထင်ရဲ့ ။ လမ်းမဘက်က ဆူဆူညံညံ အသံတွေ ကြားရသည် ။ လူတွေ ဟစ်အော်ကြတဲ့ အသံတွေ ၊ မြင်းခွာသံတွေ ၊ လူတွေ ရုတ်ရုတ်သဲသဲနဲ့ ပြေးကြ လွှားကြသံတွေ … ၊ သည်အသံအားလုံး စုပြီး ဆူဆူညံညံ ဖြစ်နေသည် ။ သည်တွင် အိပ်နေသည့် ဖြူဖြူ လည်း အိပ်ရာက အလန့်တကြား ထလိုက်၏ ။ ဘာသံတွေပါလိမ့် လို့လည်း သိချင်ဇောနဲ့ အိမ်ဝရန်တာကနေပြီး လမ်းမဘက်ကို ထွက်ကြည့်မိလိုက်သည် ။

သည်လို အလန့်တကြား ထွက်ကြည့်မိလိုက်သည်ကိုကပင် ဖြူဖြူ ၏ အမှား ။ ရနောင်မင်းသား ဖြတ်သွားတာကိုး ။ ရနောင်မင်းသား နဲ့ စစ်သားတွေ ၊ နောက်လိုက်ငယ်သားတွေ ကလည်း တစ်စုတစ်ဝေးကြီးပဲ ။ တချို့က သူ့ရှေ့က လမ်းကို ရှင်းပေးနေကြသည် ။ ရနောင်မင်းသား က လမ်းအလယ်ကောင်မှာပဲ မြင်းစီး လိုက်လာသည် ။ ရှေ့တူရှုမှ လာကြတဲ့ လူများသည် တုတ်ကိုယ်စီ ကိုင်ထားကြသည့် ရနောင်မင်းသား ၏ ရဲမ က် တွေနှင့် ဝေးအောင် လမ်းကြားတွေထဲက ထွက်ပြေးသူက ပြေး ၊ အိမ်ပေါ် တက်ပြေးသူက ပြေးကြရရှာသည် ။ ဝရုန်းသုန်းကားနဲ့ လူတွေဟာ ကစဉ့်ကလျား ဖြစ်နေသည် ။

ပြေးချိန်မရသည့် လူတွေကမူ လမ်းဘေးမှာ ဒူးတုပ်ပြီး ရနောင်မင်းသား ရှိရာကို ဦးညွှတ် အရိုအသေ ပြုကြရသည် ။ ခန့်ခန့်ညားညား တည်တည်ကြည်ကြည် ရှိလှသည့် ရနောင်မင်းသား ကို ဖြူဖြူ မှာ ငေးကြည့်နေမိသည် ။ မျက်နှာကလည်း အိပ်မှုန်စုံမွှား ၊ ဆံပင်ကလည်း ဖိုးရိုးဖားရား ဖြစ်နေသည် ။ ဖြူဖြူ ဝရန်တာက ဖြတ်လာသည် ။ အိမ်ရှေ့ရောက်လာသည့် ရနောင်မင်းသား သည် ဖြူဖြူ ကို လှမ်းကြည့်လိုက်သည် ။ ငေးနေသည့် ဖြူဖြူ မှာ အချိန်မီ အထဲသို့ အတင်းပြေးဝင် ပုန်းကွယ်ဖို့ ကြိုးစားလိုက်သည် ။

ဒါပေမယ့် ဖြူဖြူ နောက်ကျသွားပါပြီ ။ ဖြူဖြူ့ ကို ရနောင်မင်းသား က လှမ်းမြင်သွားပြီ ။ သည်လို ရနောင်မင်းသား က လှမ်းမြင်တာကို သိလိုက်သည်နှင့် တစ်ပြိုင်နက် ဖြူဖြူ့ မှာ အလန့်ကြီး လန့်သွားသည် ။ တုန်လှုပ်ခြင်းများစွာ ဖြစ်သွားတော့သည် ။

ရနောင်မင်းသား သူ့ကို မြင်သွားပြီ ဆိုတဲ့အကြောင်းကို သူ့လင်ဖြစ်တဲ့ ဗိုလ်နန္ဒ ကို ပြောပြသည် ။ သည်အကြောင်းလည်း သိလိုက်ရော ဗိုလ်နန္ဒ မှာ မျက်ကလဲဆန်ပြာ ဖြစ်သွားရှာသည် ။ မိန်းမမှု ပွေလှသည့် ရနောင်မင်းသား ၏ သတင်းကို အတွင်းအပြင် သိထားသည်မို့လည်း ဇနီးအတွက် ရတက် မအေးတော့ဘူးပေါ့ ။ ကျစ်ကျစ်လျစ်လျစ် သိပ်သိပ် သည်းသည်း နေဖို့ ၊ ထိုင်ဖို့ အသေအချာ မှာထားရက်သားနဲ့ ခုလို ဖြစ်သွားရတာကို ဗိုလ်နန္ဒ အဖို့ ယူကျုံးမရ ဖြစ်နေဟန် တူပါရဲ့ ။

အရင်ရက်တွေကလို ရွှင်ရွှင်ပျပျ မရှိတော့ဘူး ။ တစ်နေရာထဲမှာလည်း ငြိမ်ငြိမ် မနေတော့ဘူး ။ အိမ်ရှေ့မှာ လမ်းလျှောက်လိုက် ၊ ရပ်နေလိုက် ၊ ဟို အဝေးလမ်းမကြီးဘက်ကို ကြည့်လိုက်နဲ့ ဂနာမငြိမ် ဖြစ်နေတော့သည် ။ အခုချက်ချင်းပဲ ရနောင်မင်းသား က ဖြူဖြူ ကို အတင်းသိမ်းပိုက်တော့မလားလို့ ထိတ်ထိတ်ပျာပျာ ရှိလှသည် ။ သည်အကြောင်းကို ကြားသိသွားသည့် ဖြူဖြူ ရဲ့ ဖခင်ကလည်း စိတ်မချမ်းသာတော့ဘူး ။ သမီးအတွက် သောကတွေ ဖြစ်နေရှာသည် ။ သည်အကြောင်းကို ဗိုလ်နန္ဒ က သူ့ဆရာဖြစ်သည့် ရွှေလှံမြို့ဝန် ကို သွားရောက် အသိပေးသည် ။

ရနောင်မင်းသား နဲ့ ပတ်သက်ရင် တိုင်းပြည်မှာ သက်ဦးဆံပိုင် အရှင်သခင် ဖြစ်သည့် သီပေါဘုရင် ကတောင် ခွင့်လွှတ်ထားရသည် ။ သည်တော့ ရွှေလှံမြို့ဝန် လို ပုဂ္ဂိုလ်ကကော ဘာများ တတ်နိုင်ဦးမှာလဲ ။ အကူအညီ အကာအကွယ် ပေးနိုင်ပါမတဲ့လဲ ၊ စိတ်မကောင်းဖြစ်သည့် မျက်နှာနှင့် ဆင်ဆင်ခြင်ခင် နေဖို့ ထိုင်ဖို့ပဲ မှာလိုက်ရတာပေါ့ ။ သည်ညက ဗိုလ်နန္ဒ အိပ်မပျော်တော့ဘူး ။ ဖြူဖြူ အဖို့တော့ မပြောနဲ့ပေါ့ ။ မျက်လုံးအကြောင်သား ကိုယ်စီနဲ့ အိပ်ရာထဲမှာ လဲလျောင်း နေကြသည် ။

နာရီတွေသာ တစ်ချိန်ပြီး တစ်ချိန် ပြောင်းသွားသည် ။ သူတို့ နှစ်ဦးကတော့ တုတ်တုတ်မျှ မလှုပ် ။ ရှေ့ဖြစ်လာမည့် အနာဂတ်ခရီးကို ငံ့လင့်နေကြရဲ့ ။ ဘာတွေ ဘယ်လို ဖြစ်လာမည် ဆိုတာလည်း သူတို့ အလိုလို သိထားကြသည် ။ သည်ဖြစ်ရပ်တွေကိုလည်း ဘယ်နည်းနဲ့မှ လွှဲရှောင်လို့ တိမ်းကွယ်လို့ မရမှန်းလည်း သိထားကြသည် ။ မစူးစမ်း မဆင်ခြင်ဘဲ လုပ်မိတဲ့ မိမိကိုယ်ကိုယ်ပဲ အပြစ်တင်မိသည် ။ သည်ဖြစ်ရပ်ကလေးကြောင့် အချစ်ကြီး ချစ်လှသည့် မိမိတို့ ချစ်သူနှစ်ဦး ကွဲကွာသွားကြရတော့မည် ။

ကောင်းသော ကွဲကွာခြင်းနှင့် ကွဲကွာသွားရပါက အကြောင်းမဟုတ် ။ သွေးစွန်းသော အနိဋ္ဌာရုံဖြင့် ကွဲကွာသွားရပါက ဖြူဖြူ အဖို့ ဖြေဖွယ်ရာ မရှိတော့ ။ သေသည့်တိုင်အောင် စိတ်သောက ရောက်ရတော့မည် ။ ရနောင်မင်းသား နဲ့ ဝေးရာကို လင်မယားနှစ်ယောက် ထွက်ပြေးဖို့ကလည်း မဖြစ် ။ ထွက်ပြေးပုန်းရှောင်သွားခဲ့လျှင် ဗိုလ်နန္ဒ ခမျာ မင်းပြစ်မင်းဒဏ် သင့်ရော့မည် ။ အိမ်တွင် ကျန်ရစ်ခဲ့သော ဖခင်ကြီးလည်း ဒုက္ခရောက်တော့မည် ။ အသက်ဆုံးတန် ဆုံးပေရော့မည် ။

ဖြူဖြူ တို့ လင်မယားခမျာ ဒုက္ခပင်လယ် ဝေရှာပြီ ။ လှတဲ့ဘဝ ၊ စိုပြည်ဖြောင့်ဖြူးသည့် အချစ်ခရီးဝယ် မုန်တိုင်းထန်ချေပြီ ။ အိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်နေသည် ။ ငြိမ်သက်နေသည် ။ ဘာသံကိုမှ မကြားရ ။ အရင်တုန်းက ပျော်ရွှင်ဖွယ် အတိပြီးခဲ့သည့် အိမ်ကြီးမှာကား တစပြင်သဖွယ် ဖြစ်ချေပြီ ။ အိမ်ကြီး၏ အိပ်ခန်း သီးသန့်ကမ္ဘာလေးထဲဝယ် သူတို့နှစ်ဦး အိပ်နေကြ၏ ။ ဒါပေမယ့် အိပ်မပျော်ပါ ။ အတွေးလွန်နေကြခြင်းသာ ဖြစ်သည် ။

သည်အရေးများက သူတို့နှစ်ဦးကို ခြောက်လှန့်နေကြသည် ။ ထိတ်လန့်မှုနှင့် ရောပြွမ်းနေသော စိုးရိမ်စိတ်ကလည်း လွှမ်းမိုးနေသည် ။ အပြင်ဘက် မှာ ကြယ်တွေက တဖြုတ်ဖြုတ် ကြွေ၍ နေသည် ။ သည် ကြယ်ကြွေခြင်းသည် မကောင်း ။ နေပြည်တော် တစ်ဝန်းမှာလည်း မီး ခဏခဏ လောင်နေသည် ။ ဒါကလည်း မကောင်း ။ မင်းပြောင်းမင်းလဲ ဖြစ်တတ်သည် ။ တိုင်းသူပြည်သားများ ဒုက္ခရောက်တတ်သည် ။ ဖခင်ဖြစ်သူက အတိတ်နိမိတ် ဖတ်သံများက ဖြူဖြူ့ နားထဲဝယ် စွဲငြိနေသည် ။ ဖျောက်ဖျက် မရ ။ ဖခင်မှာ ရွှေပန်းထိမ်ဆရာ လုပ်ရင်းက ဗေဒင် ကျမ်းများကို လေ့လာ လိုက်စားခဲ့သူလည်း ဖြစ်သည် ။ အရပ်ထဲမှ လူများကို ဟောလိုက်သည့်အခါ တစ်သဝေမတိမ်း ဖြစ်တတ် ပျက်တတ်သည်များကိုလည်း ဖြူဖြူ က သိထားသည် ။ ဖခင်ဖြစ်သူ၏ ကောင်းသတင်းမှာ အရပ်ထဲတွင် ပျံ့နှံ့နေပြီ ဖြစ်သည် ။

တစ်နေ့ကပင် ဖခင်ဖြစ်သူက ဖြူဖြူ ဇာတာကို စစ်ဆေးကြည့်ရင်းက “ သမီးလေး ရာဟုဂြိုဟ်ထဲ ရောက်နေတယ် ၊ အနေအထိုင် အပြောအဆို ဆင်ခြင်ပါ ၊ သိပ်မကောင်းသေးဘူး ကွယ် ” လို့ သတိပေးခဲ့သေးသည် ။ ဟော … ခုတော့ ဖခင် သတိပေးခဲ့သလို မမျှော်လင့်ဘဲ သည်ဖြစ်ရပ်ကလေး ဖြစ်လာခဲ့သည် ။ အင်း … ဒုက္ခ ၊ ဒုက္ခ ၊ အသက်တစ်ရာ မနေရ အမှုတစ်ရာ တွေ့ရဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့ ၊ ဘေးမှ ယှဉ်အိပ်နေသည့် ဗိုလ်နန္ဒ ၏ သက်ပြင်းချသံ ခပ်လေးလေးကို ဖြူဖြူ ကြားလိုက်သည် ။ လင်ဖြစ်သူ၏ ရင်ထဲဝယ် ဘယ်လိုဝေဒနာမျိုး ခံစားနေရသည် ဆိုတာကို ဖြူဖြူ သိသည် ။ ဖြူဖြူ ကိုယ်တိုင်ကလည်း သည်လို ဝေဒနာမျိုး ခံစားနေရတာပဲ မဟုတ်လား ။

မိုးသာ စင်စင်လင်းသွားရော .. သူတို့ အိပ်မပျော်ခဲ့ကြဘူး ။ မိုးလင်းသွားသည်နှင့် အိပ်ယာက အသာအယာပဲ ထကြသည် ။ မနက်ခင်းရဲ့ လုပ်ဖွယ်ကိုင်ဖွယ်များကို အခြေမပျက် လုပ်နေကြသည် ။ အားလုံး ဟန်ဆောင်နေကြခြင်း ဖြစ်သည် ။ သူတို့ မျှော်လင့်ခဲ့ကြသည့် ဖြစ်ရပ်က မကြာခင်မှာပဲ ဖြစ်လာသည် ။ ဗိုလ်နန္ဒ ကို အရေးတကြီးကိစ္စဖြင့် မြင်းသည်တော်တချို့ လာခေါ်သွားသည် ။ သူတို့ ထွက်သွားလို့မှ မကြာခင် အတွင်းတော်မှ အခေါ်တော်ရှိသည် ဆိုပြီး ဖခင်ဖြစ်သူကို ခေါ်သွားခဲ့သည် ။ နောက်ဆံတငင်ငင်ဖြင့် ဖခင်ကြီးမှာ လိုက်ပါသွားခဲ့ရှာသည် ။

သည်လိုနှင့် တစ်နေသာ ကုန်သွားရော ။ လင်ဖြစ်သူလည်း မလာ ၊ ဖခင်ဖြစ်သူလည်း မရောက်ခဲ့ ။ သည်နေ့က ဖြူဖြူ ခမျာ အိမ်ရှေ့မှာ တစ်ညလုံး ထိုင်စောင့်နေပေမယ့် လင်ဖြစ်သူဟာ ပြန်မလာတော့ဘူး ။ ဖခင်ဖြစ်သူလည်း ရောက် မလာတော့ဘူး ။ နောက်တစ်နေ့မှာတော့ ရောက်လာသည် ။ သူတို့ပါပဲ ။ လင်ဖြစ်သူ ဗိုလ်နန္ဒ လည်း မဟုတ် ။ ဖခင်ဖြစ်သူလည်း မဟုတ်ပါ ။ သူတို့အစား ရောက်လာတဲ့သူတွေကတော့ ရနောင်မင်းသား ရဲ့ ကျွန်ယုံတော်တွေပါပဲ ။ သူတို့ကို ဖြူဖြူ ငိုယိုပြီး တောင်းပန်ပါသေးသည် ။ မရပါ ။ အမိန့်သည် အမိန့်ပဲလို့ ပြောပါသည် ။ မဖြစ် ဖြစ်သည့်နည်းဖြင့် ခေါ်ရမယ်လို့ အမိန့်တော်ရှိသည် ဆိုပဲ ။ အာဏာကို ပြည်သူတွေအတွက် မသုံးဘဲ မိမိ ကိုယ်ကျိုးအတွက် အသုံးချတယ်ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့ ။

သည်လိုနဲ့ပဲ ဖြူဖြူ ခမျာမှာ ရနောင်မင်းသား ၏ မယားတွေထဲမှ မယားတစ်ယောက် ဖြစ်သွားခဲ့ရရှာသည် ။ ရနောင်မင်းသား ၏ အိမ်တော်မှာ မိန်းမတွေ အများကြီး ရှိသည် ။ ဒါတွေက သူ့ရဲ့ မယားတွေပဲ ။ သူတို့ရဲ့ ဖြစ်ရပ်တွေလည်း ဖြူဖြူ လိုပါပဲ ။ တချို့များဆို ဖြူဖြူ ထက်တောင် ဘဝ ဆိုးပါသေးသည် ။ ရေခပ်ရင်း ၊ ပန်းခူးရင်း ၊ နေပြည်တော်တက်ပြီး ချည်ဆိုးဆေးဝယ် လာရင်းက အသိမ်းပိုက်ခံရတဲ့ မိန်းကလေးတွေကလည်း မနည်းလှပါဘူး ။ အားလုံးကို ရနောင်မင်းသား က ပျော်ပျော်ရွှင်ရွှင် နေစေသည် ။ ထမင်းကျွေးတဲ့အခါမှာ တစ်လှေကြီးပဲ ။ အချို့ ငိုယိုနေသည့် ရောက်စ အသစ်စက်စက် မယားကလေးများတောင် ပျော်လာသလိုလို ဖြစ်လာတတ်သည် ။ သည်မယား အားလုံးဟာ ရနောင်မင်းသား ရဲ့ ချစ်ခင်မှုယုယမှုကိုသာ ခံယူရသည် ။

သားသမီးများရသည့် မယားကမူ တခြားအဆောက်အအုံမှာ သီးသန့် နေရ၏ ။ သူတို့ကိုလည်း ရနောင်မင်းသား က ပစ်မထား ။ ဂရုတစိုက် ရှိလှသည် ။ သားသမီးကလေးများ အပေါ်လည်း ဖခင်မေတ္တာနှင့် အညီ အရေးတယူ ရှိသည် ။ ဒါကြောင့်မို့ ထင့် ၊ အားလုံး မယားများက ကျေနပ်ကြသည် ။ သည်နည်းဖြင့် ရနောင်မင်းသား ၏ အိမ်မှာ မယား အသစ်ကလေးများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ခြင်း ဖြစ်သည် ။ သည်မျှ များပြားလှသည့် မယားများ ၊ သားသမီးများကို နိစ္စဓူဝ ကျွေးမွေးရသည့် ရနောင်မင်းသား အိမ်တော်မှာ အလှူအတန်းကလေး သဖွယ် ဖြစ်နေသည် ။

တကယ်တော့ ဖြူဖြူ သည် သာမန် ရိုးရိုး အရပ်သူအရပ်သားထဲက မဟုတ်ဘူး ။ ဂုဏ်နဲ့ ဒြပ်နဲ့ နေတဲ့ အဆွေအမျိုးထဲကပဲ ။ ဖခင်ဖြစ်သူသည် ရွှေနန်းတော်သူ ၊ နန်းတော်သားများ၏ ရွှေပန်းထိမ်ဆရာ တစ်ဦးဖြစ်သည် ။ ရိုးသားဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည် ။ ယောက်ျားဖြစ်သူ ဗိုလ်နန္ဒ ဆိုလျှင်လည်း ရွှေလှံမြို့ဝန် ၏ ယုံကြည်အားကိုးရသော ဗိုလ်မှူးတစ်ယောက် ဖြစ်သည် ။ ဒါပေမယ့် ရနောင်မင်းသား ကတော့ သည်ကိစ္စတွေ ၊ သည်ပုဂ္ဂိုလ်တွေကို ဘာမှ မထောက်ထားဘူး ။ သူလိုချင်တာ တစ်ခုပဲ ကြည့်သည် ။ ဖြူဖြူ ရဲ့ လှပသည့် မျက်နှာတစ်ခုကိုပဲ ကွက်ပြီး ကြည့်သည် ။

ဖြူဖြူ ခမျာ ဘယ်လို ဒုက္ခရောက် မည် ။ သောကဗျာပါဒ ပွားမည် ။ ဗိုလ်နန္ဒ ခမျာ ဘယ်လို စိတ်နှလုံး ထိခိုက်သွားမည်ကို ရနောင်မင်းသား ထည့်မတွက်ဘူး ။ သူ့အနေနဲ့ ကာမအာရုံကြောမှာ နစ်မျောချင်တဲ့ ဆန္ဒပဲ ရှိသည် ။ ဟောင်းနွမ်းသွားသည့် မယားများအစား အသစ်စက်စက် မယားများ အစားထိုးဖို့သာ အမြဲ ကြံစည်နေဟန် တူရဲ့ ။ ကာမအာရုံကြောမှာ ဘယ်လိုနည်းနဲ့ မျောရ မျောရ မမှုဘူး ။ သူ့ဆန္ဒ ပြေပျောက်ဖို့အတွက် ဘယ်သူ့ကို လုရမလဲ ။ သတ်ရမလဲ ။ သည် လုပ်သမျှ များမှာလည်း မှန်သည် မှားသည်ကို မစဉ်းစား ။ လိုဘပြည့်ဖို့သာ အရေးကြီးသည် ။ မှားသည် မှန်သည်ကို သူ မတွေး ။

ခါတိုင်းလို အတွင်းတော်သို့လည်း သူ အခစား မဝင်တော့ ။ ပျက်ကွက်စ ပြုလေပြီ ။ မယားများနှင့်သာ အချိန်ကုန်နေသည် ။ တကယ်တော့ သည်လောက် တဏှာရာဂ အားကြီးသည့် ရနောင်မင်းသား အဖို့ ကာမဂုဏ်ကြောတွင် နစ်နေသဖြင့် တန်ခိုး အရှိန်အဝါ နိမ့်ဆင်းစ ပြုလာပြီကို သူ သတိမထားမိတော့ချေ ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

Tuesday, October 5, 2021

ဆင်ခိုးမလေး

 

 ❝ ဆင်ခိုးမလေး ❞


သက္ကရာဇ် ၁၂၁၄ ခုနှစ် တွင် တောင်တွင်းကြီးမြို့တွင် ဖွားမြင်ခဲ့၏ ။ ရနောင်မောင်မောင်တုတ် လို တောင်တွင်းကြီး သူ ဖြစ်၏ ။ ငယ်စဉ်ကတည်းက အက တတ်မြောက်ခဲ့သည် ။ မြေဝိုင်းမင်းသမီးအဖြစ် ကပြနေရာမှ တောင်တွင်းကြီးမြို့မှ လယ်တော်အုပ် နှင့် အကြောင်းပါခဲ့သည် ။ တစ်ဦးပေါ် တစ်ဦး ချစ်ချစ်ခင်ခင် အရှိဆုံး စံပြလင်မယား ဖြစ်သည်ဟု ဆိုကြသည် ။


လယ်တော်အုပ်ကတော် ဘဝဖြင့် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်သော်လည်း အနုပညာကို ချစ်မြတ်နိုးလှသဖြင့် မြေဝိုင်းသဘင်သည် ဘဝကို မစွန့်လွှတ်နိုင်ဘဲ ရှိနေ၏ ။ ဤသို့ဖြင့် ညာဘွား နှင့် သက်ထား အမည်ရှိသော သားနှစ်ယောက်ကို ရလာသည့်တိုင်အောင် သူတို့၏ အိမ်ထောင်ရေးကား ဖြူးဖြူးဖြောင့်ဖြောင့်ပင် ရှိနေသည် ။


မလေး ၏ အသားအရေမှာ ညိုစိမ့်စိမ့်ရှိပြီး ချောမောသူတစ်ဦး ဖြစ်သည် ။ ကိုယ်နေဟန် အချိုးအစားမှာ သေးသေးသွယ်သွယ်နှင့် ကျနလှသူ ဖြစ်သည် ။ သားနှစ်ဦး မွေးဖွားပြီးသည့်တိုင် သူ့အလှမှာ ကျဆင်းမသွားဘဲ တစ်သားမွေး တစ်သွေးလှ ဆိုသလို ပို၍ လှမြဲ ပမြဲပင် ။ မလေး သည် မြေဝိုင်းမင်းသမီး ဖြစ်ပေမယ့် သူ့အသံသည် တိုးတိုးနှင့် စူးရှသည် ။ အပြောကောင်း အဆိုကောင်း အကကောင်း ဖြစ်သူမို့လည်း မလေးရဲ့ သတင်းမှာ ကျော်ကြားလာသည် ။ မလေး သတင်းမှာ တောင်တွင်းကြီး အနီးပတ်ဝန်းကျင်အနှံ့ ကျော်ကြားနေသည် ။


အထူးသဖြင့် မလေး ၏ အလှမှာ ပိုမိုကျော်ကြားသည် ။


ဤသို့ ကျော်ကြားခြင်းသည် မလေး အဖို့ အခြေအနေတစ်မျိုး ပြောင်းလဲသွားဖို့ ဖန်တီးနေခြင်း ဖြစ်ပေသည် ။ မလေး ၏ ဘဝကို တစ်မျိုး ပြောင်းလဲသွားသည် ။ မလေးအဖို့ သာမန်အရပ်သူ ဘဝဖြင့် နေထိုင်ပါက တစ်သက်ပန် လယ်တော်အုပ်ကတော် အဖြစ်နှင့် နေထိုင်ရမည် ဖြစ်၏ ။ သားများ ဖြစ်ကြသော ညာဘွား နှင့် သက်ထား အပြင် တခြား တခြားသော သားရတနာများဖြင့် အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်သာ ဖြစ်ပေမည် ။


ခုတော့ လက်ညှိုးထိုးအက တွင် နာမည်ကျော်ကြားလှသည့်အလျောက် ရတနာပုံ မြို့တော်သို့ လာရောက်ကပြရန် ရနောင်မင်းသား ၏ ဆင့်ခေါ်ချက်အရ ရွှေမြို့တော်သို့ တက်ရောက်လာခဲ့သည် ။ မလေး သည် လက်ညှိုးထိုး ကရာတွင် အလွန် ယဉ်ကျေးလှပသည်ဟု ဆို၏ ။ အထူးသဖြင့် ‘ ခရာသံ ’ ဒိုးပတ်အကမှာ အလွန်ကြည့်ကောင်းသည်ဟု ဆိုကြသည် ။ နတ်မောက် ၊ ကျောက်ပန်းတောင်း နှင့် တောင်တွင်းကြီးနယ် ၊ ပင်းမြို့နယ်များတွင် အထူး ကျော်ကြားလှသည် ။


ရတနာပုံ နေပြည်တော်သို့ သားနှစ်ယောက်နှင့်အတူ မလေး တက်လာခဲ့သည် ။ ရနောင်မင်းသား၏ အမိန့်တော်ကြောင့်သာ ရွှေမြို့တော်သို့ ရောက်ခဲ့ရဖူးသည် ။ သည့်နောက် ရွှေနန်းတော်အတွင်း ရောက်ခဲ့ရသည် ။


အဝေးမှာ နာမည်ကြီးလှသော ရွှေမြို့တော်မှာ ခမ်းခမ်းနားနား ရှိလှသည် ။ မြို့တွင်းက လမ်းတွေပေါ်မှာ ဗီရိုလှည်းတွေ ၊ ခြောက်စထောင် လှည်းတွေနှင့် မြင်းစီးသူတွေမှာ ပျားပန်းခပ်နေတာပဲ ။ တံခါးနီအထွက် မှာ စားသောက်စရာဆိုင်တွေ စည်စည်ကားကား ရှိသည် ။ ဝယ်ဟယ်ခြမ်းဟယ်နဲ့ မြို့တော်သူတွေမှာ သွားလာနေကြသည် ။ သည်တုန်းက မလေး အသက် နှစ်ဆယ့်နှစ်နှစ် သာ ရှိသေးသည် ။ သားနှစ်ယောက် မွေးဖွားပြီးပေမယ့် မလေး ၏ အလှမှာ နုပျိုဆဲ သစ်လွင်ဆဲ သွေးသားဆူဖြိုးတုန်း အရွယ်မို့လည်း ကြွကြွရွရွ တင်းတင်းရင်းရင်း ရှိသည် ။ အငြိမ့်မင်းသမီးမို့နဲ့ တူတယ် ။ နေရာတကာမှာ ရဲရဲတင်းတင်း ဖျတ်ဖျတ်လတ်လတ် ရှိ၏ ။


နေပြည်တော်သို့ လာရောက် ကပြရန် ရနောင်မင်းသား ၏ ဆင့်ခေါ်သံ ကြားရကတည်းက မလေး ရင်ဖိုရ၏ ။ ကာမရာဂ အားကြီးလှသော သည် ရနောင်မင်းသား ၏ သတင်းစုံကို မဆွကတည်းက မလေး ကြားဖူးသိဖူးပြီး ဖြစ်သည် ။ အိမ်ကြီးတစ်လုံးထဲမှာ အခန်းကလေးတွေ ဖွဲ့ထားပြီး မယားတစ်ဦးဆီ ထားရှိသည့် အကြောင်း ၊ သည် အခန်းကလေးတွေထဲမှာ ခေါင်းလောင်းတွေ တပ်ထားကြောင်း ၊ သူအလိုရှိသည့် မိန်းမ ကို ခေါင်းလောင်းနှိပ်ပြီး ခေါ်ကြောင်းများ ၊ မိန်းမများနှင့် ဆက်ဆံသည့်အခါ တစ်ပြိုင်နက်တည်း မိန်းမ ခုနစ်ယောက် ဆက်ဆံနိုင်ကြောင်းများကို ရင်ထိတ်ဖွယ် အသည်းယားဖွယ်များ အဖြစ် သိထားရသည် ။


သည်တော့ မိမိအဖို့ ရနောင်မင်းသား ၏ စက်ကွင်းမှ လွတ်ပါ့မလားလို့ စိုးရိမ်စိတ်များ ဝင်လာရတော့သည် ။ လင်ဖြစ်သူ လယ်တော်အုပ်ကမူ မျက်နှာ မကောင်းလှ ။ မန္တလေးရွှေမြို့တော် သို့ လုံးဝ မသွားစေချင် ။ ဒါပေမယ့် ရနောင်မင်းသား ၏ ဓားကိုလည်း ကြောက်ရသား မို့လား ။ ဒီတော့ သူတို့လင်မယား အကြံတစ်ခု ထုတ်ကြသည် ။


ရနောင်မင်းသား ၏ စက်ကွင်းလွတ်အောင် ဘယ်လို ကြံကြမတုံးပေါ့ ။ တစ်ညလည်း အကြံမရ ၊ နောက်ညလည်း စဉ်းစားမရ ။ ရွှေမြို့တော်သို့ ခရီးထွက်ရန် ရက်အနည်းငယ်လိုမှ မလေးက အကြံတစ်ခု ရလာသည် ။ လင်ဖြစ်သူ လယ်တော်အုပ် ကို မလေး ရဲ့ အကြံကို ပြောပြတော့ လယ်တော်အုပ် က ဝမ်းသာအားရနဲ့ မလေး ကို ချီးမွမ်းသည် ။ မလေး ရဲ့ အကြံက တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ သဘောပဲ ။


ရွှေမြို့တော် ရတနာပုံကို မရောက်ဖူးသေးသည့် သား ညာဘွား နဲ့ သက်ထား ကို ခေါ်သွားမယ် ။ သားတွေလည်း ရတနာပုံ မန္တလေးမြို့ကို ရောက်ဖူးရော ၊ မလေးလည်း အပျို မဟုတ်ဘူး ၊ လင်နဲ့ သားနဲ့ ဆိုတာ ရနောင်မင်းသား သိသွားအောင်လို့ပဲ ။


မလေး မှာ ကာမပိုင်လင် ရှိမှန်းသိရင် သက်သာချည်ရဲ့ ။ ရနောင်မင်းသား ၏ ဘေးမှ လွတ်ကင်းချည်ရဲ့လို့ မလေး တို့ လင်မယား က တွေးကြဟန် တူရဲ့ ။ ဒါပေမယ့် လူ့လောကဆိုတာ အဆန်းပါလား ။ ကိုယ်တွေးဆသလို ဖြစ်မလာဘဲ လောကရဲ့ ကံကြမ္မာ အလှည့်အပြောင်းမှာ မလေးရဲ့ဘဝ တစ်ဆစ်ချိုး ဖြစ်သွားစေသည် ။


မလေး ကို စတွေ့တွေ့ချင်းပဲ ရနောင်မင်းသား သဘောကျသွားခဲ့သည် ။ ဒါပေမယ့် မင်းသားပီပီ ဟန်ဆောင်ထား၏ ။ မလေး ကို စိတ်ဝင်စားမှု မပြဘဲ ဣ‌ေန္ဒြရရ ဆက်ဆံသည် ။ မလေး ဘေးတွင် ထိုင်နေသော ကလေးနှစ်ယောက်ကို ကြည့်ပြီး မလေး သည် အိမ်ထောင်ရှိမှန်း ၊ မလွတ်လပ်သူဖြစ်မှန်း သိလိုက်သည် ။ ကလေးနှစ်ယောက် မကလို့ နှစ်ဆယ်ပဲ ရှိရှိ ၊ ငါကြိုက်ရင် ယူမှာပဲ လို့လည်း ရနောင်မင်းသား က တွက်ထားဟန် တူသည် ။


ရနောင်မင်းသား ၏ မလေး အပေါ် ဟန်ဆောင်မှုမှာ ကြာရှည်မခံပါချေ ။ ထိုည ရနောင်မင်းသား ၏ အိမ်တော်တွင် မလေး စပြီး ကပြရသည် ။ အချိပ်ထဘီ နီညိုစောင်းနှင့် ထိုင်မသိမ်း အင်္ကျီကို ဝတ်ထားသော မလေး ၏ အလှမှာ ဝါကြန့်ကြန့် အလင်းရောင်အောက်ဝယ် အလှကြီး လှနေ၏ ။ ကိုယ်နေဟန် သေးသေးသွယ်သွယ် ရှိပေမယ့် သူ့နေရာနှင့် သူ ပြည့်ပြည့်ဖြိုးဖြိုး မို့မို့မောက် မောက် ရှိနေသဖြင့် မလေး ၏ အလှမှာ ပိုမို ပေါ်လွင်နေသည် ။ အသံမှာ တိုးသော်လည်း ချိုမြသော စူးရှသော အသံများမှာ ရနောင်မင်းသား ၏ အိမ်တော်နှင့် ပတ်ဝန်းကျင်တွင် ပျံ့နှံ့စ ပြုလာပြီ ဖြစ်သည် ။


သားသည်အမေ ဖြစ်ပေမယ့် မလေး ၏ လှုပ်ရှားသမျှ အမူအရာ ဟန်ပန်များမှာ နွဲ့နွဲ့နှောင်းနှောင်း ရှိလှသည် ။ တစ်ကိုယ်လုံးကို နှံ့နှံ့စပ်စပ် ကြည့်ရှုနေသော ရနောင်မင်းသား ၏ ရင်ဝယ် တလှိုက်လှိုက် ရှိနေသည် ။ မြင်တွေ့စက မလေး ၏ အလှမှာ မထင်ရှား ၊ မပေါ်လွင် ။ ခုတော့ မလေး ၏ ငုပ်နေသော အလှအပများမှာ ထင်းထင်းကြီး ပေါ်နေချေပြီ ။ ဘယ်လိုမှ ပုန်းကွယ်လို့ မရ ။ ရနောင်မင်းသား ၏ မ က် မောမှု ၊ ပိုင်ဆိုင်လိုမှုများမှာ ဟန်ဆောင်လို့ မရတော့လေပြီ ။


မြေဝိုင်းအကမှာ ညဉ့် တစ်ချက်တီး ကျော်ကျော်တွင် ပြီးခဲ့သည် ။ မနက်ပင် မကူးတော့ဘဲ ညတွင်းချင်းပင် မလေး ကို သိမ်းပိုက်တော့သည် ။ ရနောင်မင်းသား ၏ သိမ်းပိုက်ပုံကလည်း သင်းပါပေ့ ။ အငြိမ့်ကပြီးလို့ မလေးနဲ့ သားနှစ်ယောက်ကို တည်းခိုအိမ် ပြန်မယ်အလုပ်မှာ ရနောင်မင်းသား ၏ လက်သုံးတော်တစ်ယောက် ရောက်လာသည် ။ မလေး အတွက် အိပ်ခန်း ပြင်ပြီးကြောင်း ပြောတော့ မလေး အံ့အားသင့်ရသည် ။ ပထမတော့ မလေး ငြင်းသေးသည် ။ အမိန့်သည် အမိန့်သာဖြစ်၍ သားနှစ်ယောက်ကိုသာ တည်းအိမ်လွှတ်လိုက်ရသည် ။ မလေး ကတော့ လက်သုံးတော် ခေါ်ရာနောက်သို့ ခေါင်းငုံ့ကာ လိုက်ပါခဲ့ရရှာသည် ။ သည့်နောက် ရနောင်မင်းသား ၏ အိမ်လုံးလုံးကြီးထဲမှ တစ်ခုသော အခန်းထဲသို့ မလေး ရောက်သွားရသည် ။


သည်လောက် မြန်မြန်ဆန်ဆန် သိမ်းပိုက်ခံရမည်ကို မထင်မှတ်ခဲ့သော မလေး အဖို့ အိပ်မက် တစ်ခုလိုသာ ဖြစ်နေချေသည် ။ ဘာကိုပဲကြည့်ကြည့် အားကိုးဖွယ် မမြင် ၊ မွေးကတည်းက တစ်ခါမျှ ခွဲမအိပ်ဘူးသော သားနှစ်ယောက်ကို သတိရလာသည် ။ သည်လို အကျဉ်းအကျပ်ကို ရောက်လာတော့ တောင်တွင်းကြီး မှာ ကျန်ရစ်ခဲ့သော လင်ဖြစ်သူ လယ်တော်အုပ်ကို လွမ်းဆွတ် လာသည် ။


လင်ဖြစ်သူ မနေတတ် မထိုင်တတ် ဖြစ်နေရှာမည်ကိုလည်း တွေးဆကြည့်မိသည် ။ လင်ဖြစ်သူ လယ်တော်အုပ် က မလေး အပေါ် ဘယ်လောက် ချစ်သည် ၊ ကြင်နာသည် ၊ ယုယသည် ဆိုတာများကို မလေး ပြန်တွေးနေမိသည် ။ တွေးရင်း တွေးရင်းနဲ့ မလေး မှေးခနဲ အိပ်ပျော် သွားမိသည် ။


မကြာပါ ။ မလေး အပေါ် လေးလံသော ကိုယ်ခန္ဓာ တစ်ခုက ဖိကပ်လာသဖြင့် မလေး လန့်နိုးသွားသည် ။ သူ့ကို မြင်လိုက်တော့ မလေး ရုတ်တရက် လန့်သွား၏ ။ အော်ဟစ်ဖို့ရာတော့ မကြိုးစားတော့ ။ ရနောင်မင်းသား ၏ အရှိန်အဝါက မလေး အပေါ် စိုးမိုးလိုက်ဟန် တူသည် ။ နှုတ်ခမ်းမွေးစစ နှင့် ချောမောခန့်ညားသော ရနောင်မင်းသား ကို မလေး ခုမှ သေသေချာချာ ကြည့်ဖူးပြီ ၊ မြင်ဖူးပြီ ။


အသားက ညိုသည်ဆိုပေမယ့် အလုံးအရပ် ကောင်းသူမို့ ကြည့်လို့ တစ်မျိုးလှသည် ။ ရနောင်မင်းသား ၏ မျက်နှာမှာ ခန့်ညားထည်ဝါသော သဘောရှိသည် ။ စူးရှသော မျက်လုံး ၊ အသံဩဇာတို့နှင့် ပြည့်စုံသူ ဖြစ်သည် ။ စင်စစ် ရနောင်မင်းသား ကား လူချောလူလှပင် ဖြစ်သည် ။ ဒါပေမယ့် မလေး မှာက လင်နဲ့ သားနဲ့ မို့ မလွတ်လပ်သူ ။ မိန်းမသားဆိုပေမယ့် ရာဇဝင်မှာ အမည်းစက် ကျန်ရစ်ခဲ့မည့် အဖြစ်မျိုးကိုတော့ အဖြစ် မခံချင် ။ လင်ကြီးနောက်ကွယ် မှာ ကမြင်းချင်တိုင်း ကမြင်းနေတဲ့ မိန်းမ လို့လည်း အပြောခံ အဆိုခံရမှာကို ကြောက်တတ်သည် ။ သည်တော့ မလေး ဘာလုပ်ရမလဲ ။ မလေး မှာ မြေဝိုင်းမင်းသမီးလည်း ဖြစ်ပြန် ၊ သည်လို အဖြစ်မျိုးလည်း ကြုံရဆိုတော့ …


မလေး ကိုယ်နှိုက်က ရနောင်မင်းသား ရဲ့ အတွေ့မှာ မိန်းမူးနေပြီလေ ၊ ရနောင်မင်းသား ရဲ့ လှပကျစ်လျစ်တဲ့ ကိုယ်ခန္ဓာ ဖွဲ့စည်းမှု ၊ နူးညံ့သိမ်မွေ့တဲ့ အပြောအဆို ၊ မေ့မေ့မူးဖွယ် အတိပြီးသည့် အကြည့်များက မလေးရဲ့ ရင်ကို လှိုက်, လှိုက် ဖိုစေသည် ။ တကယ်တော့ မလေး မှာ ရနောင်မင်းသား ကို ချစ်နေမိပြီ ထင်သည် ။ မလေး စဉ်းစားသည် ။ တစ်ညလုံးပဲ ။


သည်အဖြစ်မျိုးကိုသာ လင်ကြီးဖြစ်သူ လယ်တော်အုပ် ကြားသိလိုက်ရင်တော့ ဘယ်လောက် အသည်းနာလေမည်လဲ ။ မလေး ကို အချစ်ကြီး ချစ်သော လယ်တော်အုပ် ရင်မှာ အနာကျင်ကြီး နာကျင်ပေမည် ။ ဆွေးတသသနှင့် ဖြေမရနိုင်သည့် အဖြစ်မျိုးကြီးလည်း ခံစားရရှာပေမည် ။ ဘယ်လိုပင် ခံစားချက် ပြင်းပြပေမယ့် ရနောင်မင်းသား ၏ အာဏာစက် အရှိန်ကြောင့် ဘယ်လိုမှ တတ်နိုင်မည် မထင် ။ နကိုကတည်းက လူအေးတစ်ယောက်ဖြစ်သော လယ်တော်အုပ် မှာ ရေငုံနေတော့မှာ မလွဲပေ ။ သည်တော့ မလေး လုပ်ဖို့ရာ အကောင်းဆုံးဖြစ်သော နည်းတစ်နည်း တွေ့ရပြီ ။ မလေး အဖို့မှာလည်း ကောင်း ၊ လယ်တော်အုပ် အဖို့လည်း အပြောင်းအလဲ ရသွားမည့် နည်းလမ်းကောင်း တစ်ခုပင် ဖြစ်သည် ။ ရနောင်မင်းသား ကို ခွင့်ပန်ပြီး တောင်တွင်းကြီး ကို ခဏ ပြန်မည် ။ လင်ဖြစ်သူ လယ်တော်အုပ် ကို အကျိုးအကြောင်း ပြောပြပြီး နောက် မိန်းမ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် နဲ့ ပေးစားပေးခဲ့မည် ။ လယ်တော်အုပ် ရဲ့ လက်ရှိရာထူး က တစ်ဆင့် တိုးတက်အောင်လို့လည်း ရနောင်မင်းသား ကို ပြောပြမည် ။ လုံလုံလောက်လောက် ရှိအောင်ကိုလည်း ငွေသားချည်း ပေးမှ ဖြစ်မည် ။ ရွှေသား ငါးပိဿာနှင့် သားနှစ်ယောက် ကိုလည်း အပြီးပေးခဲ့မည် ။ ဒါမှလည်း လယ်တော်အုပ် စိတ်လက်ချမ်းသာမည် ။ မလေး ကို သတိရသည့် စိတ်များလည်း သားနှစ်ယောက် ရှိနေသဖြင့် ဖြေသိမ့်နိုင်ပေမည် ။ ရင်မှ ဝေဒနာလည်း သက်သက်သာသာ ရှိချေပေမည် ။ သည်အတိုင်းပင် ဖြစ်လာခဲ့တော့သည် ။


အာဏာကို ဆုပ်ကိုင်ထားနိုင်သူမို့လည်း မလေး ဖြစ်လိုသည်များ အမြန်ဆုံး ဖြစ်လာခဲ့သည် ။ မလေးသည် သားငယ် သက်ထား နှင့်အတူ တောင်တွင်းကြီး ကို အမြန်ဆုံး ပြန်လာခဲ့သည် ။ သားအကြီး ညာဘွား ကို မန္တလေးတွင် ထားရစ်ခဲ့သည် ။ ဒါကလည်း လယ်တော်အုပ်အား အကြောင်းပြ ကောင်းစေရန်အတွက် ရည်ရွယ်ဟန် တူ၏ ။ ပျာယီးပျာယာဖြင့် အိမ်ပေါ်တက်လာသော သားအမိနှစ်ယောက်ကို ကြည့်ရင်း လယ်တော်အုပ် မှာ မှင်တက် မိ နေလေ၏ ။ အကြောင်းမကြားဘဲ ရုတ်ခြည်း ရောက်လာသော သားအမိကို ကြည့်ရင်းက ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေသည် ။ သားအကြီး ညာဘွား လည်း မတွေ့ ၊ အခြား ဇာတ်သူ ဇာတ်သားများလည်း မပါမို့ လယ်တော်အုပ် မှာ အစဉ်းစားရ ခက်နေသည် ။ မေးလည်း မမေးဝံ့ ၊ မေးလိုက်ရင်ဖြင့် မိမိ မကြားချင်တဲ့ စကားများ ကြားလာရမယ်ဆိုတာကို စိတ်ထဲက အလိုလို သိနေသည် ။


တစ်ခုခုတော့ ဖြစ်ကြပါပြီ ။ မလေး ကြည့်ပြန်တော့လည်း မျက်နှာမကောင်း ။ အရင်တုန်းကလို ရွှင်ရွှင်ပျပျ မရှိ ။ အရင်တုန်းကဆို မလေး မျက်နှာပြင်မှာ အပြုံးရောင်တွေက အမြဲပဲ ။ တိုးညင်းပေမယ့် ချိုလွင်လွင် ရှိလှတဲ့ အသံကလေးကလည်း ကြားရသူအဖို့ ရင်ကို အေးမြစေသည် ။ ခုတော့ ဘာစကားမှ မဆို ၊ ပြုံးဖို့ကိုပင် မေ့နေသလား မသိ ။ မလေးမှာ ကြီးလေးနေတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေရသလိုပဲ ။ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေလေရဲ့ ။ ပင့်သက်ရှူသံတွေကလည်း ပြင်းပြပါဘိ ။


မပြောမပြီး မတီးမမြည် ဆိုသလို မလေး ပြောမှ ဖြစ်တော့မည် ။ ချိန်ခွင်လျှာလို တစ်သမတ်တည်း မနေတော့ဘဲ တစ်ဖက်ဖက်ကို ရပ်တည်နေမှ ဖြစ်ချေတော့မည် ။ နေပြည်တော်မှာ ဖြစ်ပျက်ခဲ့သမျှကို မလေး ပြောပြနေသည် ။ မလေး စကားသံက ခါတိုင်းလို တိုးတိုးညင်းညင်း ချိုချိုလွင်လွင် မဟုတ်တော့ ။ ခါးသီးဖွယ် ၊ စက်ဆုပ်ဖွယ် ၊ ရွံရှာဖွယ်ဖြင့် အတိ ပြီးနေချေပြီ ။


သည်လိုလုပ်ရင် သည်လိုဖြစ်မယ်ဆိုတာကို စကတည်းက လယ်တော်အုပ် ခမျာ သိထားပြီ ဖြစ်သည် ။ ကြိုတင်တွေးဆထားသူမို့လည်း ခံစားချက်က သိပ်မပြင်းလှ ။ မိမိ ချစ်လှသော မယားတစ်ယောက် မိမိကို စွန့်ပြီး ရနောင်မင်းသား ထံ သွားနေမည်ဆိုတော့ ရင်ထဲမှာ နာကျင်စိတ်တော့ ဖြစ်မိသား ။ ဒါပေမယ့် သည်ဖြစ်ရပ်ကို မဖြစ်ခင်ကတည်းက ကြိုတွက်ပြီး အစစအရာရာကို စဉ်းစားထားပြီးမို့ ခွင့်လွှတ်ရတော့မှာပါပဲ ။ ခွင့်မလွှတ်လို့ကကော ဖြစ်မတဲ့လား ။ သည်အချိန်မှာ သီပေါဘုရင် ထက်တောင် အာဏာရှိနေတဲ့ ၊ ဓားထက်နေတဲ့ ရနောင်မင်းသား ကို မိမိကတော့ အန်တုရဲပါ့မလား ။ ခု သူပေးအပ်တဲ့ ရာထူး နဲ့ ရွှေငွေတွေကို ယူထားမှ ဖြစ်တော့မည် ။ နောက်ပြဿနာ နောက် မှ ကြည့်ရှင်းမှပဲ ။ တော်တော်ကြာ သူ့မယားလိုချင် သူ့လင် လှံနဲ့ထိုး ဆိုတဲ့ကိန်း ပေါက်လာမှ အသက် အသေခံရတော့မည် ။


ဒါမျိုးနဲ့ဆိုရင် ရနောင်မင်းသား က နည်းနည်းမှ မရ ။ တစ်စေ့လေးမျှ သည်းမခံတတ် ၊ သူလိုချင်သည့် မိန်းမကို ဖြစ်သည့်နည်းဖြင့် ရအောင် ယူတတ်သူ ဖြစ်သည် ။ ရနိုင်အောင်ကလည်း သူ့မှာ အာဏာက ရှိနေထားပြီးမှကိုး ။ အရှိန်အဝါ ကြီးလှသည့် သည် ရနောင်မင်းသားကို ဘယ်လိုမှ အန်တုဖို့ မဝံ့ပြီ ။ ဖြစ်လာတဲ့ ဘဝကို ဖြစ်သလိုပဲ ရင်ဆိုင်လိုက်တာ အကောင်းဆုံးပဲလို့ လယ်တော်အုပ် က ဆုံးဖြတ်လိုက်ဟန် တူသည် ။ မလေး ပြောသမျှကို ခေါင်းမခါတော့ ။ ခေါင်းလည်း မညိတ်ချင်တော့ ။ တုံဏှိဘာဝေသာ နေပေေတာ့သည် ။ ဆိတ်ဆိတ်နေ ဝန်ခံ ဆိုထုံးကို မလေး တစ်ယောက် သိပါလိမ့်မည် ။


မလေး မှာ လယ်တော်အုပ်အား မိမိကိုယ်စား ပြုစုရန်အတွက် တောင်တွင်းကြီး မှာ မိန်းမ ရှာဖွေရတော့သည် ။ အမြန် ရှာဖွေနေရသဖြင့်လည်း မိမိစိတ်ကြိုက် မတွေ့ ။ မိမိလို ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ် ၊ အသားအရေကတော့ ကိစ္စမရှိ ၊ ဖြူရင် ဖြူ ၊ ညိုရင် ညိုပါစေ ။ လင်ဖြစ်သူ လယ်တော်အုပ်နှင့် သားနှစ်ယောက်ကို ကြည်ကြည်ဖြူဖြူ ကြင်ကြင်နာနာ ရှိရင် တော်ပြီ ။ လယ်တော်အုပ် ကို လိုချင်ကြသူများကတော့ အများသား ။ မိမိ မေးစမ်းကြည့်သည်နှင့် အားလုံးလိုလိုက လက်သင့်ခံကြသည် ။ လယ်တော်အုပ်ထက် လယ်တော်အုပ်ကတော် ဘဝကို ခုံမင်ဟန် တူကြရဲ့ ။ လယ်တော်အုပ် မှာ ရှိနေတဲ့ ရွှေငွေ အတွင်းပစ္စည်းကလေးများကိုလည်း မ က် မောကြတယ် ထင်ပါရဲ့ ။


သည်လိုနဲ့ပဲ တောင်တွင်းကြီး မှာ မလေး လေးငါးရက် ကြန့်ကြာသွားတယ် ။ နောက်ဆုံး တောင်တွင်းကြီးအနောက် နန်းဖားရွာ က မယ်ခင် နှင့် မယ်ရင် ဆိုတဲ့ ညီအစ်မ နှစ်ယောက်ကို မလေး သဘောကျသွားသည် ။ မလေး သဘောကျသလိုပဲ လယ်တော်အုပ် ကလည်း နှစ်ခြိုက်ဟန်တူသည် ။ လင်ဖြစ်သူ လယ်တော်အုပ် ကျေနပ်ဖို့ ၊ စိတ်ချမ်းသာဖို့ မလေးခမျာ ကြိုးစားနေသည် ။ လယ်တော်အုပ် စိတ်တိုင်းကျ မိန်းမကို မယားကြီးဖြစ်သူ မလေး က ရွေးပေးနေရရှာသည် ။ ကိုယ်ချစ်တဲ့ လင် နဲ့ ပေါင်းဖော်ဖို့ မယား ကို ရွေးပေးနေရတဲ့ မလေး ရင်ထဲမှာ ဗလောင်ဆူနေတယ် ထင်ပါရဲ့ ။ လင်ကြီးနဲ့ တွေ့တော့လည်း ချစ်လက်စအရင်းခံ ရှိနေတဲ့ မလေးခမျာ လင်ကြီးလည်း မခွဲနိုင် ၊ ရနောင်မင်းသား ကိုလည်း ချစ်နေမိတော့ အခက်ကြုံနေပြီလို့ ဆိုရမှာပဲ ။


မဖြစ်တော့ဘူး ၊ မလေး ပြန်မှ ဖြစ်တော့မယ် ။ နို့မဟုတ်ရင် အားလုံး ဒုက္ခရောက်ရချည့်ရဲ့လို့ မလေး တွေးမိသည် ။ ဒါနဲ့ပဲ မန္တလေးပြန်ဖို့ ပြင်ဟယ်ဆင်ဟယ် လုပ်နေသည် ။ သည်တုန်းမှာပဲ ရနောင်မင်းသား စေလွှတ်လိုက်သည့် ခြေမြန်တော်များ ရောက်လာသည် ။ ခြေမြန်တော်များနှင့် အတူ ဆင်တစ်စီးပါ ပါလာသည် ။


ခုချက်ချင်း ခြေမြန်တော်များနှင့် တစ်ပါတည်း လိုက်ခဲ့ရန် အမှာတော်ရှိသည် ။ လယ်တော်အုပ် ကို ပေးအပ်ရန် ရွှေငါးပိဿာ နှင့် မြို့သူကြီး ခန့်အပ်သည့် စာလွှာပါ တစ်ပါတည်း ပါလာခဲ့သည် ။ ရနောင်မင်းသား အကွက်က စေ့နေပြီ ။ ဟာကွက်တစ်ကွက် မရှိ ။ သည်တော့ သူပြောသလိုသာ လုပ်ဖို့ရန် ရှိတော့သည် ။ လယ်တော်အုပ်အတွက် ရှာပေးထားသည့် ညီအစ်မ နှစ်ဦးတို့ကို မှာကြားတန် မှာကြားနေရသည် ။ ဘယ်ကာလအထိ ကြာကြာ ခွဲနေရဦးမည် မသိသော လင်ကြီးဖြစ်သူ လယ်တော်အုပ် မျက်နှာ ကို နောက်ဆုံးကြည့်ခြင်းဖြင့် ကြည့်နေသည် ။ နှလုံးသည်းပွတ်မှ စီးကျလာသော သွေးများက မျက်ရည်များအဖြစ် မျက်လုံးအိမ်မှ လိမ့်ဆင်း လာနေသည် ။ မလေး အဖို့ သည်မျက်ရည်များက ဝမ်းသာမှု မျက်ရည်များလား ၊ ကြေကွဲမှု မျက်ရည်များလား ဆိုတာ ဝေခဲမရဟန် တူသည် ။ ယောင်ချာချာ ဖြစ်နေရှာသည် ။ အယောင်ယောင် အမှားမှား လုပ်မိနေ၏ ။


လယ်တော်အုပ် ကို အထပ်ထပ် အကြိမ်ကြိမ် ဦးချနေမိသည် ။ သားငယ် သက်ထား ကို ရင်ခွင်တွင်း အားပါးတရ ပွေ့ထားမိ၏ ။ အကြိမ်ကြိမ် နမ်းရှုပ်နေမိသည် ။ သည်တစ်ခါ နမ်းရသည်က ဘယ်ခါနှင့်မျှ မတူ ။ ရင်နင့်အောင် နမ်းရသည့် အနမ်း ။ သား၏ ချစ်ခြင်းဖြင့် တင်းတိမ်ရောင့်ရဲခြင်း မရှိသည့် အနမ်း ။ ကြေကွဲမှုတွေ ပြည့်လျှမ်းနေသည့် အနမ်းများပင် ။ သားများကို ချစ်စိတ်နှင့် လင်ကို ချစ်ရသည့် မလေး၏ သောကဗျာပါဒများမှာ ပြောမပြနိုင်အောင် ဖြစ်နေရှာပြီ ။ ရနောင်မင်းသား ကို ချစ်သည် ။ သို့ပေမယ့် ရနောင်မင်းသား အပေါ် ငြိတွယ်သည့် သံယောဇဉ်က နည်းသေးသည် ။ သူ့ကို ချစ်သည့်စိတ်က တစ်မျိုး ။ နုနယ်သေးသည် ။ သေးမျှင်သည့် သံယောဇဉ်ကြိုးကလေး တစ်ခုသာ ဖြစ်သည် ။ ရနောင်မင်းသား မှာ မလေး က သံယောဇဉ်မတွယ်လည်း ကိစ္စမရှိ ။ သူ့မှာ သံယောဇဉ် ငြိတွယ်မည့် မိန်းမပေါင်း မြောက် မြားစွာက ရှိနေသည်မို့လား ။


လယ်တော်အုပ် တို့ သားအဖမှာက မလေး တစ်ဦးတည်းကိုသာ သံယောဇဉ် ငြိတွယ် ရခြင်းပင် ။ မလေး ကလည်း သည်လိုပင် ။ ငယ်ချစ် ငယ်လင်ဖြစ်သော လယ်တော်အုပ် အပေါ် ထားရှိသည့် မေတ္တာ က မသေးလှ ။ ကြာလေလေ ခိုင်မြဲလေလေမို့လည်း မလေးရဲ့ အချစ်က မဟောင်း ။ သစ်လွင်ဆဲ ပျိုမြစ်ဆဲပင် ။ ရင်နှစ်သည်းချာ သားနှစ်ယောက်၏ သံယောဇဉ်ကလည်း မလေး ကို ချည်ပြီး တုပ်ပြီးသား ဖြစ်နေသည်က လင်အပေါ်ထားရသည့် သံယောဇဉ်နှင့် သားအပေါ် ထားရသည့် သံယောဇဉ်များမှာ မတူချေ ။ လင်ကို ချစ်ရသည့်အချစ်သည် ပူလောင်မှု ပြင်းပြဘိသည် ။ သားအပေါ် ချစ်ရသည့် အချစ်သည်ကား အေးမြလှသည် ။ သည်သံယောဇဉ် သုံးကြိုးက မလေး ရင်ကို မောစေသည် ။


ခြေမြန်တော်များကို အုပ်ချုပ်ကာ လိုက်ပါလာခဲ့သော လက်သုံးတော်တစ်ဦး ၏ သတိပေးမှုကြောင့် မလေး ဆင်ပေါ် တက်ထိုင်လိုက်ရသည် ။ ဆင်ပေါ် တက်ထိုင်လိုက်သည် ဆိုပေမယ့် မလေးမှာ ဆင်ပေါ် တော်တော်နှင့် မရောက်နိုင် ။ ဝပ်ဆင်းနေသော ဆင်ပေါ် တက်ရန်အတွက် မနည်း ကြိုးစားနေရရှာ၏ ။ ဒါကို မြင်နေရသော ခြေမြန်တော်များနှင့် လက်သုံးတော်ကြီးများက သည်အတိုင်းသာ ကြည့်နေရသည် ။ ဘာမှ မကူညီနိုင် ။ ခြေမကိုင်ရဲ လက် မကိုင်ရဲနှင့် မလေး ၏ ဘေးမှာ ဖြစ်နေကြသည် ။ ဘယ်ကိုင်ရဲ ထိရဲကြမလဲ ။ မလေး က ရနောင်မင်းသား ရဲ့ ကောက်ယူခြင်း ခံတော်မူထားရသည့် မယားတစ်ဦး မဟုတ်လား ။ သည် အဖြစ်အပျက်ကလေးကို တွေ့မြင်နေရတဲ့ လင်ဖြစ်သူ လယ်တော်အုပ် က မနေသာတော့ဘူး ။ ပွေ့ချီထားတဲ့ သားငယ် သက်ထားကို မြေပြင်ပေါ် အသာအယာ ချလိုက်သည် ။ မလေး ဆီကို ခပ်သုတ်သုတ် သွားပြီး မလေး ကို ပွေ့ချီလိုက်သည် ။ ပြီးမှ ဆင်ပေါ်မှ ပုခက်အတွင်း အသာအယာ ချလိုက်သည် ။


အချစ်ကြီး ချစ်ခဲ့ရတဲ့ မယား လင်ငယ်ဆီ သွားရမည့်အရေးမှာ ကိုယ်တိုင် ပါဝင်ကူညီမှု ပေးရသည့် သည်အဖြစ်လောက် ရင်နာစရာ ကောင်းတာ ရှိတယ်မထင်ပါဘူး ။ ဆင်ပေါ် ရောက်သွားသည်နှင့် မလေး ဟာ နောက်ကို လုံးဝ လှည့်မကြည့်တော့ဘူးလို့ ဆိုတယ် ။ မမြင်ရက် မကြည့်ရက်တော့တဲ့ ရှုခင်းတွေကို မတွေ့ချင်တော့ဘူး ထင်ပါရဲ့ ။ သားနှစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ လယ်တော်အုပ် ခမျာမှာတော့ အရူးတစ်ပိုင်း ဖြစ်ကျန်နေခဲ့တာပေါ့ ။ ဘယ်လိုပဲ မယား အသစ်စက်စက်ကလေးတွေ ရပါစေ ။ မိမိ မယားကြီး ကိုတော့ မေ့မရဘူးပေါ့ ။ တစ်သက် မှာ သည်တစ်ယောက်ပဲလို့ စွဲမှတ်ထားပြီးမို့လည်း လယ်တော်အုပ်ခမျာ သည်အထိ ဖြစ်ရရှာတာပါပဲ ။ ဒါတွေကလည်း မိမိအကျိုးကိုသာ ကြည့်ပြီး တစ်ဖက်လူမှာ ဘာဖြစ်ဖြစ် ဆိုတဲ့ အသိမျိုးထားတဲ့ ရနောင်မင်းသား ရဲ့ လုပ်နည်းကလေးတွေ အချို့ပါပဲ ။


သည်လို ဖြစ်ပျက်ခဲ့ခြင်းကြောင့်လည်း မလေး အဖို့ ရာဇဝင်မှာ နာမည်တွင် ကျန်ရစ်ခဲ့သည် ။ တောင်တွင်းကြီး ကနေ မန္တလေးအထိ ဆင်ဖြင့် တင်ယူလာစေသည့်အတွက် မလေးမှာ ‘ ဆင်ခိုးမလေး ’ ရယ်လို့ အမည်တွင်ခဲ့ရသည် ။ ရနောင်မင်းသား သည် မယားပေါင်း တစ်ရာကျော် ရှိပေမယ့် ဆင်ခိုးမလေး ကို အချစ်ကြီး ချစ်ရှာသည် ။ မယားပေါင်း တစ်ရာကျော်ကို ကွပ်ကဲ ဆုံးမရန်အတွက် မယားခြောက်ယောက် ထားရှိသည် ။ သည်မယား ခြောက်ယောက်သည် ရနောင်မင်းသား ၏ အချစ်ခင်ဆုံး မယုယခံရဆုံး သူများပင် ဖြစ်သည် ။ သည်မယား ခြောက်ယောက်ထဲတွင် မလေး လည်း ပါရှိသည် ။ ရနောင်မင်းသား ၏ စည်းစိမ်ကုန်ဖြစ်သော သော့တွဲကို ကိုင်ရ၏ ။


မလေး သည် ရနောင်မင်းသား ၏ အိမ်တွင် တခြိမ့်ခြိမ့် ခံနေသော အငြိမ့်များတွင် ပါဝင် ကပြရ၏ ။ တောင်သမန်လယ်စား မောင်ဖေငယ် ရေးသားသော တေးထပ်များကိုလည်း သီဆိုကာ ရနောင်မင်းသားအား အဆိုတော် ဆက်ရသည်မှာ အကြိမ်ပေါင်း များလှပါချေပြီ ။ ဤသို့အားဖြင့် မလေး မှာ ရနောင်မင်းသား ၏ ရင်ခွင်ဝယ် ပျော်ရွှင်စွာ ရှိနေပေသည် ။ အကြောင်းမူ မလေး ကို သိရှိလိုက်သူများ၏ ပြောပြချက် များကြောင့် ဆင်ခိုးမလေး ၏ သဘောကို ပိုသိရှိခဲ့ရသည် ။


ဆင်ခိုးမလေး ၏ ပြောပြချက် များမှာ ရနောင်မင်းသား ဖြစ်သူ မောင်မောင်တုတ် ကို သူ ချစ်ကြောင်း ၊ သူရှာပေးခဲ့သော မယားနှစ်ယောက် နှင့် လင်ကြီးဖြစ်သူ လယ်တော်အုပ်မှာ အပျော်ကြီး ပျော်နေကြောင်း ၊ သူ့ကိုလည်း မေ့နေမည်မှာ သေချာကြောင်းများကို ဖွင့်ပြောကြောင်း ကြားသိရပါသည် ။


ဟုတ်ပေလိမ့်မည် ။ သူကိုယ်တိုင်ကလည်း ရနောင်မင်းသား ၏ အထိအတွေ့များကြားဝယ် ယစ်မူးနေပြီ မဟုတ်ပါလား ။ မေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်သည်လို့ လူတွေက ဆိုကြသည် ။ အမှန်ပဲပေါ့ ။ မလေး ကိုယ်နှိုက်က လင်ကြီးဖြစ်သူ လယ်တော်အုပ် အပေါ် မေတ္တာလျော့ သွားလေတော့ လယ်တော်အုပ်ခမျာမှာလည်း သူ့စိတ်ကို ချမ်းချမ်းသာသာ ဖြစ်အောင် ဖန်တီးနေဟန် တူရဲ့ ။


မယားတကွဲ သားတကွဲ နေ, နေရသည့် မိမိ ဘဝကိုလည်း ဖြေမဆည်နိုင်ဘဲ ဖြစ်နေလေသည် ။ မလေးကမူ ထိုသို့ မဟုတ် ၊ အတွေ့သစ် ၊ အမြင်သစ်များ၏ ကြားဝယ် မိန့်မူးနေသည် ။ ယစ်မူးနေသည် ။ အပျော်ကြီး ပျော်နေလေသည် ။ မပျော်လို့ကလည်း မဖြစ်တော့ဘူးလေ ။ ရနောင်မင်းသား ၏ ပတ်ဝန်းကျင်ကလည်း သူ့ကို အတော်ဆွဲဆောင်ထားသည် ။ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ရှိလှသော အဆင်အပြင်များက သူ့ကို ဖမ်းစားထားသည် ။


နေပြည်တော်တစ်ဝန်းတွင် သီပေါဘုရင် နှင့် စုဖုရားလတ် မှ လွဲရင် တန်ခိုးအကြီးဆုံးဖြစ်သော ရနောင်မင်းသား ၏ အိမ်တော်မှာ ခမ်းနားလှသည် ။ ကြီးကျယ် ထည်ဝါလှသည် ။ ရွှေရောင် ငွေရောင်များကလည်း တဖိတ်ဖိတ် တလက်လက် တောက်ပနေသည် ။ တောင်တွင်းကြီး က မလေး နေခဲ့သော အိမ်နှင့်စာလျှင်မူ နှိုင်းယှဉ်၍ မရပေ ။ ဒါတွေအပြင် မလေး ကိုယ်နှိုက်ကလည်း ရနောင်မင်းသား အပေါ် အချစ်ကြီး ချစ်နေမိပြီ ဆိုတော့ ။


ဖြစ်နိုင်ပါသည် ။ ရနောင်မင်းသား မောင်မောင်တုတ် ကို ကိုယ်တိုင်တွေ့မြင် သိရှိဖူးသူ တစ်ယောက်ကမူ ရနောင်မောင်မောင်တုတ် သည် အလွန် ကျက်သရေ ရှိကြောင်း ၊ ရနောင်မင်းသား က မပိုးရ မပန်းရဘဲ မိန်းမများ ကသာ သူ့ကို ပိုးနေကြကြောင်း ၊ သူ့ကို အပျို အအိုများကပင် ငမ်းငမ်းတက် လိုချင်ကြကြောင်းများကို ပြောပြသဖြင့် သိရှိရပါသည် ။ ဆင်ခိုးမလေး မှာ ရနောင်မင်းသား နှင့် ပေါင်းဖော်သင့်မြတ်သဖြင့် သားတော်တစ်ပါး ဖွားမြင်ခဲ့သေးသည် ။ သားတော်လေးမှာ အခါလည် အရွယ်မှာပင် သေဆုံးသွားခဲ့၏ ။


နောင်အခါတွင် လင်ဖြစ်သူ ရနောင်မင်းသား မင်းမှုပြစ်ဒဏ်သင့်သော အခါတွင် ဆင်ခိုးမလေး ခမျာ ရွှေလှံဗိုလ် အိမ်တွင် ခြေကျင်းခတ်၍ အချုပ်ချ ခံထားရသည် ။ မြို့တော်ဝန် ဖြစ်သူ၏ ကြိမ်ဒဏ် ဆယ့်သုံးချက် အရိုက်ကိုလည်း ခံရရှာသေးသည် ။ သည်သတင်းကို ကြားသိသော မိဖုရားခေါင်ကြီး စုဖုရားလတ် ၏ အမိန့်ကြောင့် ရွှေလှံဗိုလ် အိမ်မှ လွှတ်လိုက်သည် ။ စုဖုရားလတ် ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံယူရတော်မူသည် ။ မိဖုရားခေါင်ကြီး ၏ အမိန့်ကြောင့် ယိုးဒယားအကကို သင်ယူသည် ။ ထိုစဉ်က နန်းတွင်း ယိုးဒယားရာမ ဆရာကြီး ဦးဖိုးမြ ထံတွင် သုံးနှစ် ပညာသင်ယူရလေသည် ။


စုဖုရားလတ် က မလေး အပေါ် ချစ်မြတ်နိုးလှသည် ။ မလေး ၏ ဘဝတစ်ဆစ်ချိုးကို ကြားသိရသဖြင့် စိတ်မကောင်း ဖြစ်ရသည် ။ သည်ကြောင့် နိုင်ငံတော်တွင် ‘ ဆင်ခိုးအပြင် မင်းသမီး မရှိစေနှင့် ’ ဟူ၍ပင် မိန့်၍ မြှောက်စားတော်မူခဲ့သည် ။ မိဖုရားခေါင်ကြီး ၏ အမိန့်ကြောင့် တောင်တွင်းကြီး တွင် ကျန်ရစ်နေခဲ့သော ခင်ပွန်းဟောင်း လယ်တော်အုပ် ကို ပြန်ခေါ်ပြီး မလေး နှင့် ပြန်လည် လက်ဆက်ပေးလေသည် ။ ရေစက် မကုန်သေးသည့် လင်မယား မှာ ပြန်လည် ဆုံစည်းရတော့သည် ။


ဆင်ခိုးမလေး သည် နာမည်ကြီး ဇာတ်တော်ကြီးထွက် မင်းသမီး ဖြစ်သည် ။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်စိုးသောအခါ မလေး သည် မိမိပညာကို မတိမ်ကောစေရန် ဇာတ်ထောင်သည် ။ ဇာတ်ကပြရင်းဖြင့် မိမိဘဝကို ရှာဖွေစားသောက်ခဲ့ရသည် ။ မန္တလေး နေပြည်တော် အပျက်တွင် အရှင်နှစ်ပါး ပါတော်မူကြောင်း ဖွဲ့နွဲ့ သီဆိုခဲ့ရာတွင် ဆုလာဘ်များစွာ ရရှိခဲ့သည် ။ ထို့ပြင် ရတနာဂီရိမြို့တွင် စံနေရရှာသော သီပေါမင်းတရားကြီး ၏ သမီးတော်များ နားထွင်းမင်္ဂလာ ကျင်းပခဲ့စဉ်တွင် ရတနာဂီရိသို့ သွားရောက် အသုံးတော်ခံခဲ့ရသေးသည် ။


ငယ်လင်ဖြစ်သူ လယ်တော်အုပ် သေဆုံးသွားပြီးနောက် ကြည့်မြင်တိုင်မှ အရပ်လူကြီး မောင်မောင်ဘ နှင့် အကြောင်းပါခဲ့သည် ။ သူနှင့် သားတစ်ယောက် ရ၏ ။ လယ်တော်အုပ် နှင့် ရခဲ့သော သားအကြီး မောင်ညာဘွား သည် လူရွှင်တော်အဖြစ် လုပ်ကိုင်နေရာမှ ဆိုင်းဆရာ ဖြစ်လာသည် ။ နောက် ဆိုင်းဆရာဘဝနှင့် ဝမ်းမဝဟု ဆိုကာ ကုန်သည် လုပ်နေသည် ။ သားအငယ် မောင်သက် ထားမှာမူ မိခင်ဖြစ်သူ ဆင်ခိုးမလေး ၏ ပညာကို ဆက်ခံသဖြင့် ဇာတ်မင်းသား ဖြစ်လာသည် ။ နတ်မောက် ၊ ကျောက်ပန်းတောင်း နှင့် တောင်တွင်းကြီးနယ် တစ်ခွင်တွင် ဆင်ခိုးမလေး ၏ အမည်ကို လူသိများသည် ။


ဆင်ခိုးမလေး သည် အဆိုအက ပညာတွင် ပိုင်ပိုင်နိုင်နိုင် ရှိသည် ။ လက်ညှိုးထိုးကရာတွင် အလွန် ယဉ်ကျေး၏ ။ အထူးသဖြင့် ခရာသံ ဒိုးပတ်အက အလွန်ကောင်းသည်ဟု ဆိုသည် ။ လက်ကျလက်နတွင် အလွန်လှပသည် ။ အသက်အရွယ် ကြီးမြင့်လာသည်နှင့်အမျှ စီးပွားရေးလည်း ချို့တဲ့လာသည် ။ မိမိ၏ ပညာတန်ဖိုး အကျိုးကို မခံစားရရှာပေ ။ ဆင်းရဲမှုဒဏ်ကို ကြံ့ကြံ့ ခံယူရင်းဖြင့် အသက် ( ၇၅ ) နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်ကို သိရသည် ။


တကယ်တော့ ဆင်ခိုးမလေး သည် လူ့ဘဝကို ခဏတစ်ဖြုတ် ရောက်လာသူ ဖြစ်သည် ။ ဖြစ်လာသည့် ဘဝကလည်း လူတွေ၏ အဖြည့်ခံသက်သက်သာ ဖြစ်ချေသည် ။ သူ့ဘဝ တစ်လျှောက်တွင် ရွှေဘုံပေါ်တွင်လည်း စံစားသွားခဲ့ဖူးသည် ။ ထမင်းကို နပ်ကျော်ထမင်း အဖြစ်လည်း စားသွားခဲ့ရဖူးသည် ။ သားများ ရှိသော်လည်း သားများနှင့် အတူမနေ ။ သားများကို အားမကိုး ။ ဒုက္ခမပေး ။ မသေခင် ခန္ဓာကိုယ် လှုပ်ရှားနိုင်သရွေ့မှာ ဘယ်သူ့ကိုမှ အပူမကပ်ချင် ။ ရသမျှနှင့် ရောင့်ရဲတတ်သူ မိန်းမသားပင် ဖြစ်ချေသည် ။


ဖြစ်လာသည့် ဘဝကိုလည်း ဖြစ်သလို ရင်ဆိုင်ရဲသူ ဖြစ်၏ ။ မသေခင် စပ်ကြားတွင် မိမိ၏ ပညာကို အတတ်နိုင်ဆုံး ဖြန့်ဖြူးသည် ။ အငြိမ့်မင်းသမီး ဇာတ်မင်းသမီး ဖြစ်ပေမယ့် သာမန် အရပ်သူ တစ်ဦးသဖွယ် နေတတ် ၊ ထိုင်တတ် ၊ ပြောတတ် ၊ ဆိုတတ်လေ့ ရှိသည် ။ ပလွှားမှု ကင်းရှင်းသည် ။ လျှပ်ပေါ်လော်လီမှု မရှိ ။ ထိုစဉ်က ဇာတ်သူဇာတ်သားများကို ‘ ဖက်ခွက်စား ’ ဟူ၍ သမုတ် ခေါ်ဝေါ်နေကြသည့် အချိန်ပင် ဖြစ်သည် ။ ဆင်ခိုးမလေးမှာ သည်လို လူတန်းစား ခွဲခြားမှု ၊ အနုပညာကို နှိမ့်ချမှု သဘောပါသော ဖြစ်ရပ်များကို အလွန်ရွံမုန်းသူပင် ဖြစ်သည် ။ မိမိ ကပြခဲ့သည့် နေရာဌာနများတွင်လည်း အနုပညာ၏ တန်ခိုးထက်ပုံများကို သဘာဝကျကျဖြင့် ရှင်းလင်း ပြသနိုင်ခဲ့သူ ဖြစ်သည် ။


◾မောင်ဖေငယ် 


📖 ရနောင်မောင်မောင်တုတ်


koaungnaingoo.blogspot.com


.

Sunday, October 3, 2021

သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ် ( ၅ )


 

❝  သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ်  ❞ ( ၅ )

အဲသည် အချိန်တုန်းက နေပြည်တော် မှာ နေထိုင်ကြသည့် ပြည်သူပြည်သားအများဟာ ကပ်သင့်နေသလား ဆိုတာလောက် ပြောကြရအောင် ဖြစ်နေသည် ။ နေပြည်တော် တစ်ဝန်း တစ်ပြင်လုံးမှာလည်း မီးခိုးတလူလူနဲ့ ဖြစ်နေ၏ ။ လူနေရပ်ကွက်တိုင်းလိုလိုပင် မီးလောင် မခံရသော ရပ်ကွက်ဟူ၍ မရှိသလောက်ပင် ။ သည်ကြားထဲ ရာသီဥတုကလည်း ဖောက်ပြန်လာသည် ။

မိုးရွာချိန်တန်ပြီး မိုးပေါက်ကလေးမျှပင် မကျရောက်ဘဲ ရှိနေသည် ။ အပူရှိန်ကလည်း အညာဒေသ ၏ စံချိန်ထက် ပိုလာသည် ။ မိုးရွာမည့် အရိပ်အယောင် နည်းနည်းမျှ မတွေ့ရ ။ မိုးကောင်းကင်ပြင် တစ်ခုလုံး ကြည်လင်နေ၏ ။ ပြာလဲ့နေသော ကောင်းကင်ပြင် တစ်ခုလုံးတွင် မိုးသားမိုးရိပ် အရိပ်အမြွက်ပင် မရှိ ။ မိုးလင်းပြီဟေ့ ဆိုကတည်းက ပူလိုက်သည့် အပူ ၊ ညနေ နေဝင်သွားသည့်တိုင် အပူရှိန်က လျော့သည်ဆိုရုံသာ ရှိ၏ ။ အိုက်စပ်စပ်က ဖြစ်နေမြဲ ။ ပူပေမယ့် အိုက်ပေမယ့် အေးအေးဆေးဆေး နေလို့မရ ။ ခြင် ၊ မှက် ၊ ယင်ကောင်တွေကလည်း ဒုနဲ့ ဒေး ။ အနာရောဂါ ပေါများလာ၏ ။ လုပ်ငန်းကိုင်ငန်းလည်း ပျက်စီးလာ၏ ။ ဘာအလုပ်ပဲ လုပ်လုပ် မတိုးတက် မကြီးပွား ။ ရှိသည့်ငွေ အရင်းအနှီးသာ ကုန်၏ ။ လူလိမ်လူကောက် သူခိုးဓားပြများလည်း ပိုများလာသည် ။

မင်းညီမင်းသား မင်းသွေးများ မြေကျသဖြင့် ဤသို့ မိုးခေါင် ၊ ရောဂါကပ်ထူ စသည်များ ဖြစ်ကြရသည်ဟု ဆိုကြ၏ ။ မှူးမတ်များကလည်း ဘုရင်မင်းတရားကြီးကို တင်လျှောက်ကြသဖြင့် မင်းညီမင်းသားများကို မြှုပ်ထားသော လက် မရွံ့ထောင် မီးသွေးတိုက်ထဲမှ တွင်းကြီးကို ပြန်ဖော်ရသည် ။ ပြန်ပေါ်လာသော တွင်းကြီးထဲမှ အရိုးများကို မီးရှို့စေသည် ။ သည့်နောက် ရရှိလာသော လူရိုးပြာများကို ဧရာဝတီမြစ် အတွင်းသို့ ချကာ ရေမျှောစေ၏ ။ သည်နည်းအားဖြင့် မင်းညီမင်းသား ၊ မယ်တော်များ ၊ နှမတော် ၊ အစ်မတော်များ၏ ဘဝကို တစ်ဇာတ်သိမ်းစေသည် ။

သည်လိုနှင့် ဒုတိယ မီးလောင်မှု ခုနှစ်ကြိမ် ဖြစ်ပွားပြီး နှစ်ရက်အကြာ တန်ခူးလဆန်း ဆယ့်နှစ်ရက် နေ့လယ် ( ၁ ) ချက်တီး ( မွန်းလွဲ ၁၂ နာရီ ) ကျော်လောက်တွင် နေပြည်တော် ရွာဟိုင်းဈေး အနီးတွင် နေထိုင်သူ ငတိုး နေအိမ်မှ စပြီး မီးလောင်ပြန်သည် ။ သည်အချိန်တွင်မတော့ ရွာဟိုင်းဈေးရပ် မြင်းဝန်ကျောင်းတိုက် ၊ မဟာမြတ်မုနိ ဘုရားစောင်းတန်း တန်ဆောင်းပြာသာဒ် အချို့နှင့် အသောကာရာမ ကျောင်းတိုက် ၊ ဒက္ခိဏာရာမ ကျောင်းတိုက် များ မီးထဲ ပါသွားပြန်တော့သည် ။ သည်ကဲ့သို့ မီးအကြိမ်ကြိမ်လောင်မှု ဖြစ်ပွားသဖြင့် မီးဘေးဒုက္ခသည် ဆင်းရဲသားများအား တစ်အိမ်လျှင် ငွေနှစ်ကျပ် နှင့် ဆန်တစ်စိတ် ကျစီ ဝေငှပေးသည် ။ မီးသင့်၍ ပျက်စီးသွားသော မဟာမြတ်မုနိ စောင်းတန်း ၊ တန်ဆောင်း ၊ ပြာသာဒ်များကိုလည်း ပြုပြင်ရန် သီပေါဘုရင် က ငွေတော်များ ထုတ်ပေးသည် ။ အမြန် ဆောက်လုပ်လှူဒါန်းသည် ။

သည်အချိန်မှာ ရနောင်မင်းသား လည်း မယားတစ်ရာ ရှိတာကို အားမရသေးဘူး ။ ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ သိမ်းပိုက်နေ၏ ။ သူလည်း ယူသည် ။ သီပေါဘုရင် ကိုလည်း ယူစေသည် ။ ယူရန် အားပေးတိုက်တွန်းသည် ။ အားပေးတိုက်တွန်းသည် ဆိုရာမှာလည်း မိဖုရားကြီး စုဖုရားလတ်ရှေ့တွင်ပင် မရှောင်ဘဲ အားပေးသည် ။ တိုက်တွန်းသည် ။

ဒါကို စုဖုရားလတ် က သဘောမကျ ။ သဘောမကျ ဆိုတာထက် ခါးခါးသီးသီး လက် မခံ ဆိုတာက ပိုမှန်ပေမည် ။ မိမိထက် အသက်လည်းကြီး နို့စို့ဖက်လည်း ဖြစ်သည်မို့ ကြည့်နေရသည် ။ တကယ်တော့ သဘောမတွေ့လှတော့ ။ ‘ တစ်ခါ နှစ်ခါ ရှိပါစေလေ ၊ မောင်တုတ်က ငါ့ကို စတာ ဖြစ်ချင် ဖြစ်မှာပါလေ ’ လို့လည်း စုဖုရားလတ် က တွေးကြည့်ဟန် တူရဲ့ ။ စိတ်ထဲက ခါးသီးပေမယ့် ခွင့်လွှတ်နိုင်သေးသည် ။ ဟော … ခုလို လက်ဆုပ်လက်ကိုင်နဲ့ သိလာရတော့ ၊ တွေ့လာရတော့ ဘယ်မိန်းမကကော သည်းခံနိုင်မတဲ့တုံး ။ သည်အရေးမှာ ဒင်း နဲ့ ငဖေငယ် နဲ့ တရားခံ ဖြစ်ရမှာပဲ ။

ဟို … ငဖေငယ် ဆိုတဲ့ ငယ်ကျွန်ကလည်း လူပုံက လူချောလူလှပါပဲ ။ ငါတို့လို မင်းမျိုး မင်းနွယ်ပဲ ။ ပင်းချင်းပင်းရင် မင်းမျိုးမင်းနွယ် ဖြစ်တဲ့ ငါ့ကိုပဲ ပင်းရမှာပေါ့ ။ ခုတော့ ဟို ကန္နီဝန် နဲ့ အပေါင်းအပါ လုပ်ကြပြီး ငါ့ကို ရွှေပလ္လင်က ဆွဲချဖို့ ကြံတဲ့အထဲမှာ ဒင်းလည်း ပါတာပဲ ။

စိတ်ထက်တဲ့ စုဖုရားလတ် ဟာ ဘယ်တော့မဆို မိမိအရေးကို ရှေ့တန်းတင်ဟန် ရှိ၏ ။ မင်းတရားကြီး ၏ အကျိုးကို ဖျက်ဆီးမည့်သူ ၊ မိမိအကျိုး ဖျက်ဆီးမည့်သူ မှန်သမျှကို အရွံမုန်းကြီး မုန်း၏ ။ မိမိ နှင့် ဘုရင်မင်းတရားကြီး နှစ်ဦးအား ကွဲကွာအောင် လုပ်မည့်သူဆိုလျှင် အမှုန့်ကြေအောင် ခြေပစ်မည့် စုဖုရားလတ် ပင် ဖြစ်သည် ။ ယခုလည်း မိမိ၏ အချစ်ဆုံးလင် သီပေါဘုရင် နှင့် ကန္နီဝန် ၏ သမီး ဒိုင်းခင်ခင် တို့၏ အချစ်ဇာတ်လမ်းတွင် ပါဝင်သည့်သူ အာလုံးကို ဖမ်းဆီးလိုက်စေသည် ။

ရနောင်မင်းသားကြီး ကိုတော့ အခြေအနေအရ မဖမ်းစေဘဲ ရှိနေ၏ ။ သီပေါဘုရင် ၏ အချစ်ဆုံး ငယ်သူငယ်ချင်း ၊ ဘုရင် ၏ နောင်တော် ဖြစ်နေသူ ရနောင်မင်းသား မောင်မောင်တုတ် ကို အကြောင်း တစ်စုံတစ်ရာ မခိုင်လုံဘဲနှင့် မဖမ်းသေးဘဲ လွှတ်ထား၏ ။ မိဖုရားကြီး အကြံကြီး ကြံနေခြင်း ဖြစ်သည် ။ သည်အရေးမှာ မိဖုရားကြီး စုဖုရားလတ်က တိုင်တားမင်းကြီး ကို မည်သို့မည်ပုံ စီရင်ရန် ညွှန်ကြားလိုက်သည် ။ သည်တော့ တိုင်တားမင်းကြီး က ရွှေလှံမြို့ဝန် နဲ့ ထပ်ဆင့် တိုင်ပင်ပြန်သည် ။ သည်မှာတင် ရွှေလှံမြို့ဝန်လည်း မောင်မောင်တုတ် ကို တစ်ချက်တည်းနဲ့ လဲသွားစေမည့် အကြံအစည် တစ်ခုကို ပြုလုပ်လိုက်သည် ။ သည်အကြံအစည်ကလည်း အတော်ကောင်း၏ ။ ဘယ်သူမှ မရိပ်မိတဲ့ နည်းဘဲ ။

မကြာမီ နန်းတော်တံခါး လေးပြင်လေးရပ်တို့၌ တိုင်းသူပြည်သားများအဖို့ တိုင်းပြည်၌ ဆိုးသွမ်းဟော့ရမ်း အကျင့်တန်သော မင်းမှူးမတ်တို့ အကြောင်း လျှို့ဝှက်စာများ ပေးလိုပါက ပေးနိုင်အောင် ရွှေသေတ္တာကြီးများကို ချထားလိုက်လေသည် ။

ရနောင်မောင်မောင်တုတ် နှင့် ပြိုင်ဖော်ပြိုင်ဘက်ဖြစ်သော ရွှေလှံမြို့ဝန်မင်း ဦးချိတ် သည် မိမိ ရလာတော့မည့် ကြီးမားသော တုံ့ပြန်မှုကို စောင့်စားနေ၏ ။ တစ်နေ့တွင်မတော့ မောင်မောင်တုတ် တစ်နည်းနည်းဖြင့် ငါ့လက်ထဲ ရောက်ရတော့မှာပဲလို့ တွေးနေ၏ ။ အခဲမကျေ ဖြစ်နေသော ရွှေလှံမြို့ဝန်မင်း သည် လူအူသုပ် နှင့် လက်ဖက်ရည်သောက် ဖိတ်သည်ကိုလည်း အမြဲ သတိရနေမိသည် ။

“ နေသေးသပ ငတုတ် ရယ် ၊ တစ်နေ့ မင်း ငါ့လက်ထဲက မလွတ်နိုင်ပါဘူး ” လို့လည်း တစ်ကြိမ်းတည်း ကြိမ်းနေသည် ။ သူတို့ရဲ့ ကံကြမ္မာက ခေနေပြီလို့ပဲ ဆိုရမလားပဲ ။

သီပေါဘုရင် သည် ဒိုင်းခင်ခင် အပေါ် မေတ္တာမိုးစွေလျက် ရှိသည် ။ ချစ်တာကလည်း အရမ်းပဲ ၊ တစ်နေ့ မတွေ့ရရင် မနေနိုင်လောက်အောင် ဘုရင်မင်းတရားကြီးခမျာ ဖြစ်နေရရှာသည် ။ နုနယ်ပျိုမြစ်သော ဒိုင်းခင်ခင် ၏ အတွေ့အာရုံကြောဝယ် သီပေါဘုရင် မှာ ဝပ်ဆင်းစ ပြုနေပြီ ထင်ပါရဲ့ ။ ဒိုင်းခင်ခင် နဲ့ တစ်နေ့ တစ်ခါတော့ အနည်းဆုံး တွေ့ဖြစ်အောင် ကြိုးစားနေသည် ။

သီပေါမင်း ခံစားနေရသော တစ်လင် တစ်မယား စနစ်ကို ဖျက်ပစ်ရန်သာ မောင်မောင်တုတ် က လှုံ့ဆော်ပေးနေသည် ။ အချိန်ရသရွေ့လည်း သီပေါဘုရင် ၏ အပါးမှာသာ နေနေသည် ။ စကားအလျဉ်းသင့်လျှင် သင့်သလို သီပေါဘုရင် ကို ကပ်၍ မြှောက်ပေးနေသည် ။

“ ရွှေနန်းရှင်ပါ ဘုရား ၊ ဘုရင်ဖြစ်ပါလျက် ဘုရင်၏ စည်းစိမ်ကိုမျှ အပြည့်အဝ မခံစားနိုင်ပါလျှင် ဘုရင်ဖြစ်ရကျိုး နပ်မည် မဟုတ်ပါ ဘုရား ” လို့လည်း မကြာမကြာ တင်လျှောက်နေသည် ။

သီပေါဘုရင် ၏ စိတ်ထဲတွင် လောကစည်းစိမ် ဟူသမျှကို သိရှိနားလည်လာအောင်လည်း ရနောင် နှင့် မောင်ဖေငယ် က ဖန်တီးပေးကြသည် ။ ချောမောပြေပြစ်သော မိန်းကလေးများ ၏ အကြောင်းကို အခွင့်သာပါက စီကာပတ်ကုံး တင်လျှောက်ကြသည် ။ မိန်းကလေးများနှင့် ပူးကပ်ယှဉ်နွှဲ၍ စည်းစိမ်ခံရခြင်းသည် မည်မျှလောက် အရသာ ရှိသည်ကိုလည်း စေ့စေ့စပ်စပ် နှိုက်နှိုက်ချွတ်ချွတ် ပြောပြ တင်လျှောက်ကြသည် ။

ပန်းကြာဝတ်မှုန် ပြဇာတ်တစ်ခုကို စီစဉ်ပြီး ရွှေနန်းတော်အတွင်း၌ တင်ဆက်ကပြစေ၏ ။ အမျိုးသမီးများကို ကြာ နှင့် နှိုင်းသည် ။ ယောက်ျားများကို ပိတုန်း နှင့် နှိုင်းသည် ။ သီပေါမင်း ရှေ့မှောက်တွင် အငြိမ့်အပျိုတော်များအား မိန်းကလေးများ ချောကြောင်း ၊ လှကြောင်း ပါရှိသည့် ဂီတသီချင်းများကို သီဆိုစေသည် ။ ဤအတွင်း တောင်သမန်လယ်စား မောင်ဖေငယ် ကလည်း ဒိုင်းခင်ခင် ကို ရည်ညွှန်းပြီး ပတ်ပျိုးတစ်ပုဒ်ကို ရေးစပ်၏ ။ မြှောက်ပင့်ဘွဲ့ ပတ်ပျိုး ဖြစ်သည် ။

ဒိုင်းခင်ခင် ၏ အချောအလှကို ဖွဲ့နွဲ့ထားသော မြမြမောင်းမောင်း အလိုက် ပတ်ပျိုး ဖြစ်သည် ။

“ ပပငယ်လေ ဝင်းဝင်း ၊ မှန်ရဝေဆောင် ၊ ကိုယ်ရောင်တိုက်ခန်းလင်း ၊ မှန်တစ်ခါပြင် ၊ ရွှေစင်ဆယ်တင်း ၊ ဆက်သွင်းပုံသေ ၊ သိန်းတန်တဲ့မေလေး ၊ တင့်ကြူးငယ်မူရာတွေ ၊ မြင်သူ မြင်သူဗျာဝေ ၊ သည်းကြွေအံ့မဆုံး ၊ မျက်လုံးတော်ရောင် ၊ သောက်ရှူးကြယ်ညီနောင် ၊ မြမျက်တောင် ကော့ကော့ရွှန်း ၊ ကေသီမှာ ဒေဝီကျမ်းစာဝင် မျက်နှာပြင် စံလွတ်ကျွန်း ၊ ငွေလဝန်းပေါ်သည့် သွင်လေး ခြောက်ပါးငယ် ပြစ်လွတ်စင် ”

ဤ ပတ်ပျိုးမျှသာမက ဘုရင့်အကြိုက် မိန်းကလေး အချောအလှတို့၏ မြှောက်ပင့် ဘွဲ့များကိုလည်း စီကုံးဆက်သရသည် ။ သည်အကြောင်းကို အရင်းခံပြီး တောင်သမန်လယ်စား မောင်ဖေငယ် ၏ အချောအလှ တေးထပ်များ ဖြစ်ပေါ်လာခဲ့ရသည် ။ မောင်ဖေငယ် သည် အမျိုးသမီးကလေးများ၏ အချောအလှဘွဲ့သာမက တေးထပ်များကိုလည်း ရေးစပ်ခဲ့သေးသည် ။

ရနောင်မောင်မောင်တုတ် ကို အားပေးအားမြှောက် ပြုနေသော တောင်သမန်လယ်စား မောင်ဖေငယ် သည် အောက်ပါ ဘုရင့်နောင်၏ တေးထပ်ကို ရေးစပ်၍ ရနောင်မောင်မောင်တုတ် ကို ဘဝင်မြင့်စေသည် ။

“ ခပေါင်းရေစမ်း ငွေဥရယ်နှင့် ၊ သန်းရွှေထုသခင် ၊ နန်းကေတုပလ္လင်ဝယ် တစ်ဘုရင်ရွှေထီး ၊ ပင်တိုင်နတ်လှမနော် ၊ အစ်မတော်နန်းလုံးဆီမီး ၊ ရဲထွဋ်ဟု ဖွားဖက်တော် လူကလေးရယ်လို့ ကောက်ယူမွေး နန်းထက် မှာပျော် ၊ လူရည်ဝ စန်းလဂ်ပေါ်လျှင် ကွမ်းဆက်တော်ဝင်ပြီးမှ ပင်ရွှေထီး အစ်မပျို ။ ရဲလို့ကြာခို ဆင်ဖြူရှင် စံထုံးဆိုလျှင် ကံဘုန်းကို သိဘူးဖျာ့လေး ”

သည်တေးထပ်သည် ကေတုမတီခေတ် က ဘုရင် တပင်ရွှေထီး နှင့် သီပေါမင်းတရားကို နှိုင်းယှဉ်ပြထားသည် ။ တပင်ရွှေထီး ၏ ယောက်ဖဖြစ်သူမှာ တပင်ရွှေထီး ၏ အထိန်းတော်သား ဘုရင့်နောင် ပင် ဖြစ်သည် ။

ဤသည်လိုပင် ဘုရင့်နောင် ၏ အချိုးကို မောင်မောင်တုတ် က ချိုးနေသည်ဟု ဆိုသူများက ဆိုကြသည် ။ တပင်ရွှေထီး ၏ အစ်မတော် နှင့် ဘုရင့်နောင် ကျော်ထင်နော်ရထာ တို့ လက်ဆက်ပြီးနောက် တပင်ရွှေထီး ၏ ထီးနန်းကို ဘုရင့်နောင် က ဆက်ခံခဲ့သည် ။

ယခုလည်း ရနောင်မောင်မောင်တုတ် က ဘုရင့်နောင် လုပ်ချင်နေဟန် တူသည်ဟု ဆိုကြသည် ။ ဟုတ် , မဟုတ်တော့ မသိဘူးပေါ့ ။ သီပေါဘုရင် မှာကလည်း အစ်မတော် ရှိနေသည် ။

ဒါပေမယ့် မိန်းမလိုက်စားလွန်းတဲ့ မောင်မောင်တုတ် အဖို့မှာ တခြား မိန်းကလေးတွေကို လိုသလောက် ရနေချိန်မှာ ကိုယ့်အရှင်သခင်ရဲ့ အစ်မတော် ကိုတော့ ပြစ်မှားမယ် မထင်ပါဘူး ။

သည်အချိန်ကဆို သူ ပြစ်မှားချင်တောင် သီပေါဘုရင် က ကျေနပ်လိမ့်မယ် ထင်တာပဲ ။ သည်အထိ သီပေါဘုရင် က သူ့အပေါ် ချစ်ခင်မြတ်နိုးတော်မူသည် ။ ရနောင်မင်းသား နဲ့ တိုင်ပင်သင့်သည် ၊ မတိုင်ပင်သင့်သည်ကို သီပေါဘုရင် က မစဉ်းစားဘူး ။ ကိစ္စများကို အားလုံးလိုလို တိုင်ပင်သည် ။ ဆုံးဖြတ်တဲ့အခါမှာလည်း မောင်မောင်တုတ် ရဲ့ ဆုံးဖြတ်မှုကိုသာ အရေးပေးတတ်၏ ။ အလေးထား၏ ။

သည်တော့ တခြား မှူးကြီးမတ်ကြီးတွေနဲ့ ဝန်တွေကလည်း မရှုစိမ့်ကြဘူး ဆိုတာ မဆန်းပါဘူး ။ ပုထုဇဉ် လူသားတွေရဲ့ ညာဉ်အတိုင်း ကိုယ့်ထက် အောက်ကျရင်သာ ကျနေပစေ ၊ ကိုယ့်ထက် နည်းနည်းမြင့်သွားရင် မကျေနပ်ကြဘူးပေါ့ ။ သည် မကျေနပ်မှုတွေ များလာသည့်အထဲ မောင်မောင်တုတ် က ဗွေဆိုး ဖောက်လာသေးရဲ့ ။

တောင်တွင်းကြီး က အငြိမ့်မင်းသမီး တစ်ယောက်ကို ရနောင်မင်းသား က ဆင်နှင့် တင်ခိုးလာသတဲ့ ။ သည်အငြိမ့်မင်းသမီးမှာက လွတ်လွတ်လပ်လပ် မဟုတ်ဘူး ။ လင်ကြီးငုတ်တုတ်နဲ့ လုယက်လာသည်လို့ ဆိုတာပဲ ။ သည်သတင်းကို ကြားကြားချင်း သီပေါဘုရင် အတော် စိတ်မကောင်း ဖြစ်သွားသည် ။ အရှေ့ဇေတဝန်ဆောင်မှာရှိတဲ့ ဟံသာသန ပလ္လင်တော်မှာ စံနေတုန်း သည်သတင်းကို စုဖုရားလတ် က တစ်ဆင့် ပြောကြားလာခြင်း ဖြစ်သည် ။ နို့စို့ဖက်မို့သာ ကြည့်နေရသည် သည်လောက် မိန်းမမှုတွေ ပွေလှတဲ့ ရနောင်မင်းသား ကို စုဖုရားလတ် က မျက် မုန်းကျိုးလှပြီ ဖြစ်သည် ။

ဒိုင်းခင်ခင် နှင့် သီပေါဘုရင် အရေးမှာလည်း သူနှင့် တောင်သမန်လယ်စား မောင်ဖေငယ် တို့ နှစ်ဦးက အားပေးအားမြှောက် လုပ်ပေးနေမှန်း သိရနေပြီ ဖြစ်သည် ။ ဒါကြောင့်လည်း ဒိုင်းခင်ခင် နှင့် နွယ်ယှက်နေတဲ့လူ မှန်သမျှကို ဖမ်းထားပြီ ဖြစ်သည် ။ ရနောင်မြို့စား မောင်မောင်တုတ် ၊ တောင်သမန်လယ်စား မောင်ဖေငယ် နှင့် ဒိုင်းခင်ခင် တို့ သုံးဦးကိုသာ မဖမ်းသေးဘဲ သူတို့ရဲ့ ခြေလှမ်းတွေကို အသာ စောင့်ကြည့်နေသည် ။ အရာရာမှာ ပါးနပ်တဲ့ ၊ စေ့စပ်လှတဲ့ မိဖုရားခေါင်ကြီး ကို သူတို့က အန်တုနိုင်မတဲ့လား ။ မိဖုရားခေါင်ကြီး မှာ မျက်လုံးပေါင်း ထောင်နဲ့ သောင်းနဲ့ ချီနေတာကလား ။

သည်တော့ အခုလို အခွင့်ကြုံတုန်း ရနောင်မင်းသား ဆိုးသမျှ သွမ်းသမျှကို လိုသည်ထက် ပိုအောင်လို့ စုဖုရားလတ် က တင်လျှောက်လိုက်သည် ။

သီပေါဘုရင်ကတော့ ခပ်မဆိတ်ပဲ ။

တစ်စုံတစ်ခုကို တွေးနေဟန် တူသည် ။ မိမိရှေ့ တူရူကို ကြည့်နေ၏ ။ ဒါပေမယ့် ဘာကိုမှ မြင်ဟန်မတူဘူး ။ စုဖုရားလတ် ရဲ့ တင်လျှောက် မှုတွေကိုလည်း ကြားရတစ်ချက် မကြားရတစ်ချက် ဖြစ်နေဟန်တူရဲ့ ။ အင်းမလုပ် အဲမလုပ်နဲ့ ဘာစကားကိုမှ မမြွက်ဘူး ။ ရနောင်မင်းသား နဲ့ ပတ်သက်လာရင် သီပေါဘုရင် က ဒီလိုပဲ ။ ဘယ်လိုမှ မတုန်လှုပ်ဘူး ။ ဒီကိစ္စမှ မဟုတ်ဘူး ။ တခြား အရေးအခင်းတွေမှာဆိုလည်း ဒီလိုပါပဲ ။

ဘုရင် ရဲ့ အေးစက်စက်ဖြစ်နေတဲ့ ရွှေမျက်နှာတော်ကို မော်ဖူးရင်းက စုဖုရားလတ် မှာ ဒေါပွလာ၏ ။ မောင်မောင်တုတ် ရဲ့ နောက် မယားအကြောင်း တင်လျှောက်နေရင်းက သီပေါဘုရင် နဲ့ ဒိုင်းခင်ခင် အကြောင်း သွားတွေးမိဟန် တူပါရဲ့ ။ ချက်ချင်းပင် နေရာကထပြီး အတွင်းတော်ကို ကြွချီ သွားခဲ့သည် ။

မိဖုရားခေါင်ကြီး ဒေါသဖြစ်သွားပြီ ဆိုတာကို သီပေါဘုရင် က သိသည် ။ သူ အမျက်ထွက်နေတဲ့ အချိန်မှာ ဘယ်သူမှ လှုပ်ရဲတာ မဟုတ်ဘူး ။ မှူးကြီးမတ်ကြီးတွေ မပြောနဲ့ သီပေါဘုရင် တောင် တုတ်တုတ်လှုပ်ရဲတာ မဟုတ်တော့ မဟန့်တားရဲဘူးပေါ့ ။ မိဖုရားခေါင်ကြီး ထက် ကျားမ ကို ရင်ဆိုင်တာကမှ သက်သာပေဦးမှာပါပဲ ။ သီပေါဘုရင် တောင်မှ သူ့ရှေ့မှာဆိုရင် အတီးအတနဲ့ လူမမယ် ကျောင်းသားကလေး ဖြစ်သွားတာပဲ ။ မျက် မာန်တော်ရှနေတဲ့ အခါမှာ မိဖုရားကြီး ဆိုလည်း သူပဲ ။ သီပေါဘုရင် လည်း သူပဲ ။ အာဏာကို ဆုပ်ကိုင်ထားတာဟာ သူပဲ ။ တခြားလူ ဘယ်သူမှ မရှိတော့ဘူးပေါ့ ။

သည်ဒေါသရဲ့ ဒဏ်ကို ရှေးဦးစွာ ခံစားလိုက်ရတာကတော့ တောင်သမန်လယ်စား မောင်ဖေငယ် ပါပဲ ။ ချက်ချင်းပဲ အမိန့်တော်ကို ထုတ်ပြန်ပြီး အရာမှ ချကာ ဗန်းမော် သို့ ပို့စေသည် ။ သည်နေရာမှာ စုဖုရားလတ် အဖို့ မောင်ဖေငယ် ကို နာကြည်းစရာကောင်းတဲ့ အချက်တစ်ချက်ကိုပါ တွေ့ထားဟန် တူပါရဲ့ ။

သီပေါဘုရင် ကြောင့် ဒိုင်းခင်ခင် တို့ မိသားစုနဲ့ အဆက်အနွယ် အားလုံး ရာဇဝတ် သင့်ကုန်ကြတုန်းကပေါ့ ။ ရာဇဝတ် သင့်တယ်ဆိုတာနဲ့ ရာဇဝတ်သင့်တဲ့ လူတွေရဲ့ ပစ္စည်းတွေကို အကုန် သိမ်းရတာပဲ ။ သည်နေရာမှာ မိဖုရားကြီးက အပါးကြီးပဲ ။ ဒိုင်းခင်ခင် ရဲ့ အိမ်ကို ပစ္စည်းတွေ အသိမ်းလွှတ်တဲ့သူက သံတော်ဆင့် မောင်စံပုံ ဆိုတာပဲ ။ သူက မိဖုရားကြီးရဲ့ အထူး ယုံကြည်ကိုးစားခြင်း ခံရတဲ့ လူယုံတော် သံတော်ဆင့် တစ်ဦးပဲ ။ ဒါကြောင့်လည်း မိဖုရားကြီး က သံတော်ဆင့် မောင်စံပုံ ကို ခေါ်ပြီး လွှတ်လိုက်တာပဲ ။ မောင်စံပုံ ကလည်း ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်သည် ။ ပိုတောင် ပိုနေသေးရဲ့ ။ ဒိုင်းခင်ခင် နဲ့ ပတ်သက်တဲ့ စာ အမြောက်အမြားကိုလည်း ရလာသည် ။ သည်စာတွေက ဒိုင်းခင်ခင် ရဲ့ သေတ္တာထဲက ရလာတာပဲ ။ များပြားလှတဲ့ စာတွေထဲက အရေးကြီးလှတဲ့ စာတစ်စောင်ကို မောင်စံပုံ က မိဖုရားခေါင်ကြီး ထံ အမြန်ဆက်သလိုက်သည် ။

ဒိုင်းခင်ခင် က သီပေါမင်းတရားဆီ ပေးတော့မယ့် တေးထပ်ပဲ ။ သည်တေးထပ်ကို တောင်သမန်လယ်စား မောင်ဖေငယ် က ဒိုင်းခင်ခင် အတွက် ရေးပေးတယ်လို့ သိရသည် ။

ဒိုင်းခင်ခင် က သီပေါမင်း ထံ ဆက်သသော တေးထပ် … ။

ဆ, မတန် ဖူးချင်လှသူမို့ ၊ ထူးတင်ရ လျင်စွာ ၊ ဥကင်သ သင်္ခါမှာ ၊ ကြင်ပဏာမမျှ ၊ လျှပ်တစ်လက် စက် မပျော်တယ် ၊ မျက်နှာတော် ဖူးလို့မဝ ၊ ပွဲတော်ကျ ချင့်ရဲ့ပြေလို ၊ ထင်နည်းပွေ ရှည်စွ ၊ ဘွင်သဲကြွေကြေမြသို့ ၊ မတည်ပ ဒုက္ခံ ။ ငါးတစ်မြင် ရွှေကြော့ကွင်းလိုမို့ ၊ လျော့မတင်း ဖြစ်ရလေဟန် ။  ။ တော်သနင်း မကြံလျှင် ကံသာ ကံတရားပ ၊ နှစ်ပါးနက် စက်တော်မှာ ၊ တိုးရတော့မှာ ။  ။ ဘုရားကျွန်မ တစ်မျက်နှာကို အသက်ပါ ဆက်ပြီမို့လေး …

သည်တေးထပ်ကို ဖတ်ရကတည်းက တောင်သမန်လယ်စား လက်ရာမှန်း သိခဲ့သည် ။ သံတော်ဆင့် မောင်စံပုံ ကလည်း တောင်သမန်လယ်စား မောင်ဖေငယ် ရေးတဲ့စာလို့ ဆိုပြန်သည် ။ သည်ကတည်းက ငဖေငယ် ကို ဖမ်းချင်နေတာ ခုတော့ အရာက ချပြီး အဝေးပို့လိုက်ပြီမို့ တစ်မီး ငြိမ်းသွားပြန်ပြီ ။ ဒိုင်းခင်ခင် နဲ့ ရနောင်စား ကျန်သေး၏ ။ သူတို့ခြေလှမ်းတွေ ဘယ်အထိ လှမ်းနိုင်မလဲ ဆိုတာလည်း ကြည့်ရပေဦးမှာပဲ ။ တကယ်တော့ မိဖုရားခေါင်ကြီး စုဖုရားလတ် သည် မိန်းမပီသသူဟု ဆိုရမလားပဲ ။ နေရာတကာ အနိုင်ယူလိုမှု ၊ စိတ်ထား သေးသိမ်မှုကလေးများကလည်း ရှိတန်သလောက် ရှိနေသေးသည် ။ မိန်းမပီပီ မနာလို ဝန်တိုမှုကလေးများမှာ အသေးအဖွဲက စပြီး ရှိတတ်သည် ။

ဝဲအပျိုတော် မာရရာဒင်နီဂရီး ( J.M.Denegri )  ၊ မစ္စ မနုတ် ၊ နွိုက်စကာလာဂရီဒီ ၊ မစ္စ ရှက်ကိုး တို့နှင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလေးတွေကို ကြည့်ခြင်းအားဖြင့်လည်း စုဖုရားလတ်ရဲ့ မိန်းမဆန်မှုကို သိနိုင်သည် ။

ရွှေနန်းတော်တွင်းမှာ ဝဲအပျိုတော်နှင့် မှန်နန်းအပျိုတော်ဆိုတာ ရှိသည် ။ ဝဲအပျိုတော် ဆိုတာက စုဖုရားလတ် ရဲ့ သီးသန့် အပျိုတော်တွေပဲ ။ ဒါကြောင့် ဝဲအပျိုတော်များကို သီပေါဘုရင် က စည်းစောင့်တော်မူ၏ ။ တသီးတခြား သဘောပဲ ။ သည်တုန်းက စုဖုရားလတ် ဆီမှာ နိုင်ငံခြားသူ အမျိုးသမီး အမြောက်အမြားသည် ဝဲအပျိုတော်အဖြစ် ခစားလျက် ရှိကြ၏ ။ အဲဒီတုန်းက ပိုး ၊ ကွမ်တုံဖဲ ၊ ပြင်သစ် ကတ္တီပါများကို မန္တလေး နန်းမြို့တွင်း အရှေ့ပြင်နှင့် အမရပူရ ဆီမှာ ရက်လုပ်သည့် ရက်ကန်းသည်များမှာ အများအားဖြင့် ကသည်းလူမျိုးတွေ ဖြစ်သည် ။ မှန်နန်းဆောင် အပျိုတော် ဆိုသူများမှာ ဘုရင်မင်းတရားကြီး ခြေတော်တင်ရန်အတွက် ကြိုတင် လျာထားခြင်း ခံရတဲ့ အမျိုးသမီးတွေပဲ ။ ဘုရင်မင်းတရား အဖို့ လောကီအရသာကို မငြီးငွေ့နိုင်အောင် တစ်ယောက်ပြီး တစ်ယောက် စံစားနိုင်အောင် စီမံထားဟန် တူပါရဲ့ ။ သည်လို လောကီအရသာကို မငြီးငွေ့မှဘဲ တိုင်းရေးပြည်ရေး အကျိုးကို ဆတက်ထမ်းပိုး သည်ပိုးနိုင်မှာ တူပါရဲ့ ။

ဒီနေရာမှာ စုဖုရားလတ် ရဲ့ မိန်းမပီသပုံကလေး ကြည့်ကြရအောင် ။ ပြင်သစ်အမျိုးသမီး မစ္စမနုတ် လည်းပဲ စုဖုရားလတ် ၏ လက်ဝဲအပျိုတော်တစ်ဦး ဖြစ်၏ ။ ဝဲအပျိုတော်ဆိုတော့ သူက နန်းတွင်း မိဖုရားခေါင်ကြီး ဆီမှာ ခစားရသည် ။ ထမင်းကတော့ အိမ်က သွားပို့ရသည် ။ တစ်နေ့တော့ မစ္စမနုတ်ရဲ့ အိမ်က ထမင်းပို့ နောက်ကျနေ၏ ။ မစ္စမနုတ် မှာ အချိန်တန်ပေမယ့် ထမင်းလာမပို့သဖြင့် အတော် ဆာလောင်နေပြီ ဖြစ်သည် ။ အချိန် အတော်လင့်သည့်တိုင်မှ ထမင်းလာပို့သဖြင့် ဒေါသဖြစ်ဖြစ်နှင့် ထမင်းပို့သူ မိန်းမကို ပြောလိုက်သည် ။ သည်စကားတစ်ခွန်းကြောင့် မစ္စမနုတ် မှာ ချက်ချင်း အဝေးသို့ အပို့ခံရသည် ။

“ ရွှေစု … ထမင်းပို့ နောက်ကျလှပါကလား ” လို့ ပြောလိုက်မိသည် ။

သည်လို ပြောလိုက်တာကို စုဖုရားလတ်က ကြားသွားသည် ။ အနားမှာရှိတဲ့ သီပေါဘုရင်ကို “ မောင်တော် ကြားလား … ရွှေစု တဲ့ ” လို့ အမိန့်တော် ရှိလိုက်သည် ။

အစေခံကို “ ရွှေစု” လို့ မှည့်ရပါမို့လားဆိုပြီး မစ္စမနုတ် ကို ချက်ချင်း ရာထူးက ဖြုတ်ပြီး ရွှေဘို ကို ပို့စေသည် ။

ဒါကတော့ မိန်းမပီပီ မာန်တက်တဲ့သဘော ရှိဟန်တူပါရဲ့ ။ သူ့ရဲ့ မယ်တော်ကြီးဖြစ်တဲ့ ဆင်ဖြူမရှင် ရဲ့ မယ်တော် နန်းမတော် မယ်နု လိုပေါ့ ။ နန်းမတော် မယ်နု တို့ ကောင်းစားစဉ်က နေပြည်တော်တစ်ဝန်းမှာ ‘ နု ’ ဆိုတဲ့ အမည်ကို မသုံးရဘူး ။ လူနာမည်လည်း မမှည့်ရဘူး ။ မန်ကျည်းရွက် ‘ နု’ တာကိုတောင် ‘ ထွတ် ’ တယ်လို့ ပြောရသည် ။ သည်တော့ သည်ပုတ်ထဲက သည်ပဲ, ပဲ လာမှာပေါ့ ။ ဒါပေမယ့် စုဖုရားလတ် က နန်းမတော် မယ်နု နဲ့ စာရင် တော်သေးရဲ့လို့ ဆိုရမှာပဲ ။

နောက်အဖြစ်အပျက် တစ်ခုကတော့ ရယ်စရာကောင်းတဲ့ အဖြစ်အပျက် တစ်ခုပါပဲ ။ မစ္စမနုတ် လိုပဲ လက်ဝဲအပျိုတော်ထဲမှာ မာရရားဒင်နီဂရီး ဆိုသည့် လက်ဝဲအပျိုတော်တစ်ဦး ရှိသေးရဲ့ ။ သူကတော့ ပြင်သစ် ရက်ကန်းဆရာကြီးရဲ့ သမီးပဲ ။ ပြင်သစ် ရက်ကန်းဆရာကြီးက ဒင်နီဂရီး ဆိုတာပဲ ။ သီပေါဘုရင်ရဲ့ အမှုတော်ထမ်း ပြင်သစ်လူမျိုးပါပဲ ။ ဘုရင့် ကတ္တီပါထည်များကို နန်းမြို့တွင်းမှာ ရက်လုပ်တဲ့အခါမှာ ကသည်း ရက်ကန်းသမားတွေကို သင်ကြားပြသပေးသည့် ကတ္တီပါ ရက်ကန်းဆရာကြီး ဖြစ်သည် ။ ရက်ကန်းတော်အုပ် ထိပ်တင်ဗိုလ် ၏ လက်အောက် အမှုထမ်း ဖြစ်သည် ။

နိုင်ငံခြားသူများ အများဆုံး အမှုထမ်းသည့် လက်ဝဲအပျိုတော်များထဲမှ ဒင်နီဂရီး ဆိုသူကို စုဖုရားလတ် သည် အထူးအရေးပေးလေ့ ရှိ၏ ။ ချစ်လည်း ချစ်တော်မူသည် ။ ဒင်နီဂရီး မှာ မောင်တစ်ယောက်လည်း ရှိ၏ ။

တစ်နေ့သော် မိဖုရားကြီးက ဒင်နီဂရီး ၏ မောင်ကို ဘုရင့် ရွှေတိုက်တော်က ငွေ ( ၁၅၀၀၀ ) ထုတ်ပေးပြီး ရှားစေး ဝယ်ဖို့ စလင်း ကို လွှတ်လိုက်သည် ။ ရှားတောကို ရောက်တော့ ဗမာစကား ရည်လည်အောင် မပြောတတ်တဲ့ ဒင်နီဂရီး ရဲ့ မောင်ကို ရှားသမားတွေက ငွေလိမ် ယူထားလိုက်ကြ၏ ။ ရှားကို လုံးဝ မအပ်ဘဲ နေကြ၏ ။ ဒီတော့ ဒင်နီဂရီး ရဲ့ မောင်က ရွှေမြို့တော်ကို တော်တော်နဲ့ ပြန်မလာနိုင်ဘူး ။ လာလည်း မလာဘူး ။ ဘယ်လာရဲမလဲ ၊ မိဖုရားကြီး ဝယ်ခိုင်းတဲ့ ရှားမှ မပါဘဲကိုး ။ ဒါနဲ့ ရှားတောမှာပဲ သောင်တင်နေတော့သည် ။ တကယ်တော့ ဒါက ဘုရင့်ရဲ့ငွေ ဖြစ်၏ ။ သည်တော့ ဧရာမ ရာဇဝတ်မှုကြီး သင့်တော့မှာပဲလို့ သူ့ဆွေမျိုးတွေက တထိတ်ထိတ်နဲ့ ဖြစ်နေကြတော့သည် ။ လအတော်ကြာတော့ စုဖုရားလတ် က ဒင်နီဂရီး ကို ရှေ့တော်မှောက် ခစားစေသည် ။

“ မာရရား … လာဦး ၊ ညည်းမောင်က လူလည်း မပေါ်မလာ ၊ ရှားလည်း မမြင်ရပါကလား ” လို့ မေးလိုက်သည် ။ သည်တော့ ဒင်နီဂရီး က -

“ မာရရား သူ့အကြောင်း သိတော်မမူပါဘူး ဖုရား ” လို့ ဒင်နီဂရီးက ဗမာစကား မရေလည်တော့ မှားပြီး သူ့ကိုယ်သူ “ သိတော် မမူပါဘူး ” လို့ တင်မိသတဲ့ ။

ဒီလို စကားပြောမှားသွားတာကို စုဖုရားလတ် က စိတ်ဆိုးဟန် တစ်စက် မပြဘူး ။ ဟက်ဟက်ပက်ပက်နဲ့တောင် ရယ်လိုက်သေးသည် ။

“ ဪ … မာရရား က သိတော် မမူဘူးတဲ့လား ” လို့ မိန့်တော်မူလိုက်ကာ အမှုကိုလည်း ပလပ်လိုက်သည် ။ ဒါတွေကတော့ လူသားဆန်တဲ့ ဖြစ်ရပ်ကလေးတွေပါပဲ ။

ဒိုင်းခင်ခင် နဲ့ ဘုရင်မင်းတရားကြီး ၏ အရေးအခင်းကို မိဖုရားကြီး သိရှိလာကတည်းက ရနောင်မောင်မောင်တုတ် တန်ခိုးမှာ မှေးမှိန်စ ပြုလာသည်ဟု ဆိုရပေမည် ။ အရာရာ မောင်မောင်တုတ် လုပ်သမျှကို မိဖုရားကြီး က လိုက်ပြီး ခွတိုက်လေ့ ရှိသည် ။ မောင်မောင်တုတ် က အဖြူဆို သူက မည်းသည် ။ မောင်မောင်တုတ် လုပ်သမျှ မိဖုရားကြီး က ကန့်လန့်ကန့်လန့် ပါစမြဲ ။ မောင်မောင်တုတ် ကို အကောင်း မထင်တော့ ။ ရနောင်မောင်မောင်တုတ် သည်နေရာက ပြုတ်၍ သွားလျှင် မိမိအဖို့ လုပ်ချင်ရာ လုပ်လို့ရတော့မည် ဟူ၍လည်း မိဖုရားကြီး က ထင်ဟန် ရှိသည် ။ သည်တော့ ရနောင်မောင်မောင်တုတ် ပြုတ်ကျရေးကိုသာ အားသွန်တော့သည် ။ မြို့လေးရပ် တစ်ခွင်တွင် ရှိသော ရွှေသေတ္တာကြီးတွေထဲကို မောင်မောင်တုတ် မကောင်းကြောင်း စာများ ရေးထည့်ထားစေသည် ။

သည်စာတွေကို လွှတ်တော်မှ တစ်ဆင့် ဘုရင်မင်းတရားကြီးထံ ပေးပို့စေသည် ။ ကြားသိစေ၏ ။ သီပေါဘုရင်ကမူ ပြုံးသာ ပြုံးတော်မူသည် ။ မောင်မောင်တုတ် ကို အရေးယူမည့်ဟန် မပြချေ ။ မကြာခင် ရွှေနန်းတော်တစ်ခုလုံး ပွက်လောရိုက်သွားသည့် ဖြစ်ရပ်တစ်ခုက ဖြစ်လာတော့သည် ။

ညအခါပင် ဖြစ်သည် ။ တောင်ဥယျာဉ် ပန်းခုံတော်အတွင်းမှာ ဒိုင်းခင်ခင် နှင့် သီပေါဘုရင် တို့ ပွေ့ဖက်ကာ ချစ်ကြည်နေကြသည် ။ လဆုတ်ရက် ဖြစ်သဖြင့် ကောင်းကင်တစ်ပြင်လုံး ကြယ်ပွင့် အနည်းငယ်မှာ လူ့လောကို မှိတ်ချည်ဖွင့်ချည်နှင့် မျက်စပစ်နေသည် ။ အစောင့်တော်များ ရှိနေသဖြင့် ဒိုင်းခင်ခင် နှင့် သီပေါဘုရင် တို့မှာ အချစ်ခရီးကို စိတ်ချလက်ချပင် သွားနေကြသည် ။

မှောင်မည်းထဲမှာပင် ကြည်လင်နေသည့် ဒိုင်းခင်ခင် ၏ မျက်နှာတော်ကို သီပေါဘုရင် မှာ တရှိုက် မ က် မ က် နှင့် ကြည့်နေသည် ။ ရင်ထဲမှာလည်း လှိုက်လှိုက်ဖိုလာ၏ ။ မ က် မောစရာ အတိပြီးနေသည့် ဒိုင်းခင်ခင် ၏ တစ်ကိုယ်လုံးမှာ သီပေါဘုရင် ၏ ရင်ခွင်တော်ထဲတွင် အစွေ့သား ရောက်နေရှာသည် ။ သိပေါဘုရင် ၏ လှုပ်ရှားသမျှကို အလိုက်သင့် အလျားသင့်ပင် ခံနေရှာသည် ။

သည်သတင်းကို ကြိုတင်ရထားသော မိဖုရားခေါင်ကြီး စုဖုရားလတ် မှာ သည်ဖြစ်ရပ်များကို မြင်တွေ့ရသည် ။ ပန်းချုံအကွယ် တစ်နေရာတွင် ချောင်းကြည့်နေရာမှ မြင်တွေ့နေရသော သည်ရှုခင်းကို ဒေါသအဟုန်နှင့် ကြည့်နေရသည် ။ သူများ အပြောသာ ကြားခဲ့ရသည် ။ ခုမှပဲ မျက် မြင်ပက်ပင်း တွေ့ရတော့သည် ။

‘ အင်း … ဟုတ်ပေ့ကွယ် ၊ သင်းတို့က ငါ သမီးတော်ကလေးကို မွေးနေတုန်း ကမြင်းနေကြတာကိုး ၊ ငါ့မှာတော့ သမီးတော်တွေ တစ်ပါး ပြီး တစ်ပါး မွေးနေရတယ် ။ သင်းကတော့ နိဗ္ဗာန်ရောက်ပြီးရင်း ရောက်တုန်းပဲ ’

သူတို့နှစ်ဦး ရှေ့တော်ကို ဗြုန်းခနဲ ရောက်လာတဲ့ မိဖုရားခေါင်ကြီး ဟာ ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ ဒိုင်းခင်ခင် ၏ အပေါ်ထိုင်မသိမ်းအင်္ကျီကို လက်တော်နှင့် ဆွဲဆုတ်ဖြဲလိုက်၏ ။ သည့်နောက် အပေါ်ပိုင်း ဗလာကျင်းသည့်တိုင်အောင် အဝတ်များကို ဆုတ်ဖြဲပြီး “ ကမြင်းကြဦးဟဲ့ ၊ ကမြင်းကြဦးဟဲ့ ” ဆိုပြီး ဆံပင်ကို ဆောင့်ဆွဲလိုက်၏ ။ နောက် ပါးကို လေးငါးချက် ဆက်ရိုက်လိုက်၏ ။ ဒိုင်းခင်ခင် ခမျာ မြေပေါ် လဲကျသွားသည်နှင့် မိဖုရားကြီး က ခြေထောက်ဖြင့် မြေပေါ် လှိမ့်၍ လှိမ့်၍ ကန်တော့သည် ။

လင်စိတ်ဆိုတာ ဘယ်စိတ်နဲ့မှ မတူ ။ တယ်ပြီး ငယ်ထိပ်တက်တာပဲ ။

ကြည့်ပါလား ၊ ကိုယ်နဲ့ လင်လုဘက် ဖြစ်လာတဲ့ ဒိုင်းခင်ခင် ကို ငါးစိမ်းသည်ဆန်ဆန် ကိုယ်ထိလက်ရောက် အားရပါးရ ရိုက်နှက်နေ၏ ။ ပါးစပ်မှလည်း ရုန့်ရင်းတဲ့ စကားကြမ်းများကို ဒေါသနှင့် ပြောနေတယ်လို့ ဆိုသည် ။ ရာဇဂုဏ်တောင် မဆောင်တော့ဘဲ လင်စိတ်မှာ ထိပ်သို့ တက်သွားတော့သည် ။

သည်သို့ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း သီပေါဘုရင် မှာ မနေသာတော့ဘဲ သူတို့နှစ်ဦး၏ ကြားမှ ဝင်ရောက်တားမြစ်တော့သည် ။ ရုန်းကန် ဆွဲကြလွဲကြရင်း သီပေါဘုရင် က စုဖုရား ၏ လက်ကို ချုပ်ဖယ်ပြီး တစ်နေရာသို့ တွန်းပစ်လိုက်သည် ။ မိဖုရားကြီး လည်း ဒေါသတကြီးဖြင့် သီပေါဘုရင် ကို ထုနှက်တော်မူသည် ။ သည်တွင် သီပေါဘုရင် ခံနိုင်ရည်စွမ်း မရှိတော့ ။ အနီးအနားတွင်ရှိသော ရွှေဓားကို ဆွဲကိုင်တော်မူလိုက်သည် ။ သီပေါဘုရင် ရွှေဓားကို လှမ်းယူလိုက်သည်နှင့် မိဖုရားကြီးမှာ -

“ သယ် … သီလရှင်လူထွက် သားက ငါ့ကိုများ ဓားနှင့် ရွယ်လို့ ၊ ဘယ်သူက တင်ထားလို့ ဒီ ရာဇပလ္လင်ပေါ် ရောက်နေတယ်ဆိုတာ စဉ်းစားမိရဲ့လား … ထွီ ”

ပြောပြောဆိုဆိုနှင့် ဆောင့်ပြီး ပြန်တွန်းလိုက်ရာတွင် သီပေါဘုရင် မှာ ထိုင်လျက် ကျသွားတော့သည် ။ ခေါင်းနှင့် အုတ်နံရံမှာ ဆောင့်မိသွားသည်ဟု ဆိုပါသည် ။ သည်တုန်းက သီပေါဘုရင် အနားမှာ ရနောင်မောင်မောင်တုတ် ရှိသည် ။ ဖြစ်ရပ်ကို အစအဆုံး မြင်နေရသည့် ရနောင်မောင်မောင်တုတ် သည် စိတ်ထဲတွင် မခံမရပ်နိုင် ဖြစ်လာသည် ။ စုဖုရားလတ် ကို မုန်းတီးမှုများကလည်း ပိုများလာ၏ ။

“ ရွှေနန်းရှင်ပါ ဘုရား ၊ သည်မျှလောက် မိန်းမက အနိုင်ကျင့်နေတာကို မခံပါနဲ့ ၊ ရွှေနန်းရှင် ဖြစ်ပါသည် ဘုရား ”

အသံကို ခပ်အုပ်အုပ်အော်ပြီး အမြန် လျှောက်တင်လိုက်သည် ။ သည် လျှောက်တင်သံကို စုဖုရားလတ် က ပြေးရင်းလွှားရင်းက ခပ်သဲ့သဲ့ ကြားလိုက်သည် ။ သီပေါဘုရင် ကို တွန်းထားခဲ့ပြီးနောက် စုဖုရားလတ် မှာ အနောက်ဆောင်ဘက်သို့ အပြေးအလွှား သွားတော့သည် ။ သီပေါဘုရင်သည်လည်း မိဖုရားကြီးနောက် မှ ထက်ကြပ်မကွာ ရွှေဓားကို ကိုင်ကာ တရကြမ်း လိုက်တော့သည် ။ ဓားကိုင်ရသည်မှာ အားမရသေးသည်နှင့် လမ်းတွင် တွေ့ရသော လက်သုံးတော်ကြီး တစ်ဦးထံမှ လှံကို ဆွဲယူခဲ့သေးသည် ။ စုဖုရားလတ် ၏ ကံကြမ္မာက ကောင်းသွားသည် ထင်ပါရဲ့ ။ သီပေါဘုရင် ရောက်ချိန်မှာပဲ အနောက်ဆောင် တံခါးသည် အသံပြင်းစွာ မြည်ဟည်း၍ အတွင်းမှ ပိတ်သွားလေတော့သည် ။ သည်အရေးအခင်းကြောင့်လည်း မိဖုရားကြီး သည် ရနောင်မောင်မောင်တုတ် ကို များစွာ အခဲမကျေ ဖြစ်နေတော့သည် ။ ဤလက်ချက်ကြောင့် ရနောင်မောင်မောင်တုတ် ၏ လက်ချက် မှန်းလည်း သိနေသည် ။

သည်တော့ မိဖုရားကြီး၏ တေးထားချက် များမှာ ရနောင်မောင်မောင်တုတ် အဖို့ ဒုက္ခပွေလာဖွယ်ရာများ ဖြစ်လာတော့သည် ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ် ( ၄ )


 

❝  သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ်  ❞ (  ၄ )

အခစား ရောက်လာသော မင်းသားများ ၊ မှူးတော်မတ်တော်များ နှင့် တက်ရောက်ရန် ခွင့်ပြုခြင်း ခံထားရသော နိုင်ငံခြားသား အချို့တို့သည် လက်ဆောင်တော်များ နှင့် ညီလာခံခန်းမတွင် ပုဆစ်တုပ်လျက် ပျပ်ဝပ်နေကြလေသည် ။ ရှေ့တော်မှောက်တွင် ရောက်ရှိနေသော ပရိသတ်အား သီပေါမင်း သည် စကားအနည်းငယ် မိန့်တော်မူပြီးနောက် အကြီးအကဲတို့အား တစ်ဦးစီကို အမြွက် မျှ ပြောတော်မူသည် ။

တန်ခူးလ အခါသမယတွင် နှစ်သစ်ကူး သင်္ကြန်တော်နှင့် ရေပက်ကစားသည့် အစီအစဉ်များတွင် ဘုရင်မင်းမြတ် နှင့် မိဖုရား တို့သည် မင်္ဂလာရေတော်များဖြင့် ခေါင်းဆေးမင်္ဂလာ ပြုတော်မူကြသည် ။ ကျန် နန်းတော်သူ နန်းတော်သားများမှာမူကား တစ်ဦးကို တစ်ဦး ရေပက် ကစားခြင်းဖြင့် မြူးထူး ပျော်ရွှင်ကြသည် ။ ကဆုန်လတွင် ညောင်ရေသွန်းပွဲ အစီအစဉ်နှင့်အတူ သဘင်ပွဲတော်ခံသည့် အစီအစဉ်ကို ကျင်းပသည် ။ သည် ကြီးကျယ်သော သဘင်ပွဲကို တစ်ညလုံး ခံလျက် နံနက်ကျမှပင် ရုပ်သိမ်းလေသည် ။

နယုန်လမှာ ပွဲတော်လေးပွဲ ကျင်းပမြဲ ဖြစ်သည် ။ ၎င်းတို့အထဲမှ နောက်ဆုံးပိတ် ပွဲတော်မှာ လယ်ထွန်မင်္ဂလာပွဲတော် ဖြစ်သည် ။ သို့သော် ထိုပွဲတော်ကို သီပေါမင်းသည် တစ်ခါမှ ဆင်ယင်ကျင်းပခြင်း မပြုခဲ့ပေ ။ ဤပွဲတော်ကို မင်းတုန်းမင်း သည် နှစ်စဉ်နှစ်တိုင်း ကျင်းပပေးလျက် အကောင်းဆုံး အမြတ်ဆုံး မင်းဝတ်တန်ဆာများကို ဆင်မြန်းတော်မူခဲ့လေသည် ။

ရွှေငွေများဖြင့် ဆင်မြန်းထားသော နွားဖြူနှစ်ကောင်ကို ထွန်တုံးတွင် ကစေလျက် အထူး ရွေးချယ်သတ်မှတ်ထားသော လယ်မြေကွက်တွင် တစ်တိုင်းပြည်လုံး၌ စပါးဆန်ရေ ပေါများရေး အတွက် ဆုမွန်ကောင်းများ တောင်းခြင်း ၊ နတ်ကောင်း နတ်မြတ်များအား ပသခြင်းများ ပြုလုပ်ခဲ့လေသည် ။ သီပေါမင်း ကမူ သည်သို့မဟုတ်ဘဲ ရွှေနန်းတော်အတွင်းမှာသာ စံနေတော် မူခဲ့လေသည် ။ ရာဇပလ္လင်တော်မှ အစောင့်အရှောက် များ ကင်းလျက် မခွာရဲဘဲ ဖြစ်နေသည် ။ အစောင့်အရှောက် များဖြင့် သွားပြန်ပါလျှင်လည်း လုပ်ကြံမည်ကို အမြဲတမ်း စိုးရိမ်နေရလေသည် ။

လှေပြိုင်ပွဲများကို ကျုံးထဲတွင် လည်းကောင်း ၊ ဧရာဝတီမြစ်ထဲတွင် လည်းကောင်း ကျင်းပလေ့ ရှိသည် ။ ဤပွဲတော်များကိုလည်း ဘုရင်မင်းမြတ် တက်ရောက်တော် မမူချေ ။ တန်ဆောင်မုန်းလတွင် ကထိန်သင်္ကန်း ကပ်လှူပွဲကို ကျင်းပမြဲဖြစ်သည့် မသိုးသင်္ကန်းရက်ပွဲလည်း ပြုလုပ်ကြသည် ။ သင်္ကန်းတော်ကို တစ်ညဉ့်တည်းနှင့် အပြီး အပြိုင်ရက်လုပ်ကြသည် ။ မှူးကတော် မတ်ကတော်များ နှင့် အပျိုတော်တို့သည် တပျော်တပါးကြီး သူ့ထက်ငါ အဖွဲ့လိုက် အစည်းလိုက် အပြိုင်ရက်ကြသည် ။

တစ်ကြိမ်သော ငိုအားထက် ရယ်အားသန်ရသော ဖြစ်ရပ်တစ်ခုက ရွှေနန်းတော်မှာ ဖြစ်ပျက်ခဲ့လေသေးသည် ။ မှူးကတော် တစ်ယောက်သည် သင်္ကန်းကို တစ်ညဉ့်လုံး မရက်ရအောင် ရက်ပြီးသော သင်္ကန်းတစ်ထည်ကို တိတ်တဆိတ် ဝှက်၍ ယူဆောင်လာပြီးနောက် သူကိုယ်တိုင် ထိုညဉ့်တွင် ရက်လုပ်၍ ပြီးလေဟန်ဖြင့် တင်ဆက်လိုက်သည် ။ သို့သော် ခဏအကြာတွင် မှူးကတော် ၏ လိမ်ညာမှုမှာ ပေါ်သွားတော့သည် ။

သို့ဖြစ်သောကြောင့် ဤသို့လိမ်လည်သော မှူးကတော်နှင့် သူ၏ ယောက်ျားဖြစ်သူတို့အား သူတို့အမှားကို စာဖွဲ့၍ သီဆိုစေသည် ။ ထို့နောက် ဆိုင်းတီးပေးပြီးနောက် အကခိုင်း လေတော့သည် ။ ဤသည်ကို ကျန်ရှိနေသော ပရိသတ်များက တဝါးဝါး တဟားဟားနှင့် သဘောကျစွာ ရယ်မောကြရသည် ။

ဘုရင်မင်းမြတ် သည် လယ်ထွန်မင်္ဂလာ ပွဲတော်ကို မကျင်းပသော်လည်း နတ်တော်လ တွင် သီးဦးသီးနှံများကို ဦးဦးဖျားဖျားပင် မဟာမြတ်မုနိဘုရားကြီးကို ကပ်လှူတော်မူလေသည် ။ လှူဖွယ် ပစ္စည်းများကို နွားရုပ် သဏ္ဌာန် ၊ ကျွဲရုပ် သဏ္ဌာန် ၊ ပုစွန်ရုပ် သဏ္ဌာန် လှည်းကြီးများတွင် တင်ဆောင်၍ သယ်ယူကပ်လှူလေ့ ရှိလေသည် ။

ပြာသိုလတွင် မြင်းခင်းပွဲတော် ဆင်ယင်ကျင်းပသည် ။ ရွှေနန်းတော် အရှေ့ဘက်တွင် ဘုရင်မင်းမြတ် နှင့် မိဖုရား တို့ ရှေ့တော်မှောက်၌ မြင်းအစီးပြိုင်ပွဲများ ပြုလုပ်သည် ။ ဆင်းထိုးပွဲများလည်း ပြုလုပ်သည် ။ မြင်းအလျင်စီးလျက် မြင်းနှင့် စက်ထိုးပြိုင်ပွဲများကိုလည်း ပြုလုပ်ကြသည် ။

အခြား အခြားသော ရာသီလိုက် ထုံးတမ်းစဉ်လာအရ ကျင်းပပြုလုပ်သော ပွဲတော်များလည်း အများအပြား ရှိသေးသည် ။ လယ်ထွန်မင်္ဂလာ ပွဲတော်မှလွဲ၍ ထိုပွဲတော်များကို သူ့အချိန်၌ သူ သူ့အစဉ်အလာအရ မပြတ် ကျင်းပသွားသည် ။ လယ်ထွန်မင်္ဂလာ ပွဲတော်မှာမူကား ဟန်ဆောင်လောကနှင့် တူသော ရွှေနန်းတော် ၏ ယုံတမ်းကစားနေသည်ဟု ထင်ရသည် ။ အရောင်အဆင်း တောက်ပြောင်နေသော ဘဝအတွက် သဘာဝကျလွန်းလျက် တကယ်တမ်း မှန်ကန်လွန်းလျက် ရှိနေလေသည် ။

စုဖုရားလတ် တစ်ဦးတည်းသာလျှင် အရေးကြီးပုံရသည် ။ သူသာလျှင် သီပေါမင်း ၏ ထွန်ချက်ကြောင့် ထိရောက် မှု ရှိနေသည် ။ သို့ဖြစ်သောကြောင့် နှစ်စဉ် နှစ်တိုင်းလိုပင် စုဖုရားလတ်သည် ကိုယ်လေးလက်ဝန်ရှိခြင်း နှင့် မကင်းခဲ့ချေ ။ ပထမ သားတော်ဦးကလေး မွေးခဲ့ပြီးသည်မှ အပ နောက်၌ မွေးဖွားသူများမှာ အားလုံး သမီးမိန်းကလေးချည်းသာ ဖြစ်လေသည် ။

စုဖုရားလတ် သည် သီပေါမင်းအား မျက်စိအောက် မှ အပျောက် မခံချေ ။ အမြဲတမ်းပင် “ ဘုန်းတော်ကြီးဘုရား ဘယ်မှာလဲ ” ဟူ၍သာ မေးမြန်းလျက် ရှိလေသည် ။ သီပေါမင်း မှာလည်း အမြဲတမ်းပင် စုဖုရားလတ် အနီး၌ ရှိနေလေသည် ။ စုဖုရားလတ် သည် သူ့မောင်တော် အပေါ်တွင် ဤမျှအထိပင် စွမ်းဆောင်နိုင်ပါပေသည် ။

ရွှေနန်းရှင်သည် မိဖုရား နှစ်ပါးတည်းသာ ရှိသည်ဟု အများ၏ ကဲ့ရဲ့ပြောဆိုသံများကို ရပ်တန်းက ရပ်သွားရလေအောင် စုဖုရားလတ် သည် ညီမတော် စုဖုရားကလေးအား တတိယ မိဖုရားအဖြစ် ထားရှိပေးလေသည် ။ စုဖုရားကလေး အား စုဖုရားလတ် တို့ စုဖုရားကြီး တို့ တစ်တွေကဲ့သို့ အခမ်းအနားဖြင့် စုလျားရစ်ပတ် လက်ထပ်မင်္ဂလာ ပွဲတော်ကြီးကို မပြုလုပ်ပေးခဲ့ချေ ။ ဘိသိက်လည်း မသွန်းခဲ့ချေ ။ သီပေါမင်း နှင့် စုဖုရားလတ် တို့၏ အဆောင်နှင့် ကပ်လျက်ရှိသော အဆောင်ကို ပေးအပ်ထားသေးသည် ။ သည့်အတွက် စုဖုရားလေးခမျာမှာ မိဖုရားတစ်ပါးကဲ့သို့ ဆက်ဆံခြင်း မခံရရှာချေ ။

ယခုအခါတွင် ကင်းဝန်မင်းကြီး မှာ ပြန်လည်အရေးပေးခြင်း ခံရတော့မလိုလို အခြေအနေမှာ ဖြစ်နေပြန်လေသည် ။ ကင်းဝန်မင်းကြီးသည် အနောက်နိုင်ငံများသို့ ခရီးထွက်ဖူးသည့်အတွက် ဗဟုသုတနှင့် ပြည့်စုံသည် ဖြစ်လေရာ အထူးသဖြင့် ပြင်သစ် ၊ အင်္ဂလိပ်နှင့် ဂျာမနီ နိုင်ငံများနှင့် နိုင်ငံရေး အဆက်အသွယ်များ ရှိခဲ့လေသည် ။ ကင်းဝန်မင်းကြီးသည် လွှတ်တော်ထဲတွင် ဖြစ်စေ ၊ အခြား တစ်နေရာရာတွင် ဖြစ်စေ ထိုင်နေလျက် အရှေ့တိုင်းတွင် ဖြစ်ပေါ်လေ့ရှိသည့် နန်းတွင်း စက်ပုန်းခုတ်မျိုးဖြင့် မိမိနိုင်ငံအား အကျိုးရှိအောင် အခြားသော နိုင်ငံများနှင့် မည်သို့ အကွက်ဆင်၍ ကစားရမည်ကို အမြဲတမ်း တွေးတောလျက် ရှိလေသည် ။

အကယ်၍သာ နိုင်ငံတစ်နိုင်ငံတည်းအား မြန်မာနိုင်ငံအား အလွန်အမင်း ချစ်ခင် ကျွမ်းဝင်ခြင်းမျိုး မဖြစ်ရလေအောင် ပြုလုပ်ထားနိုင်ပါက နိုင်ငံကြီးများအနေဖြင့် မြန်မာနိုင်ငံအား လက်ဝါးကြီးအုပ်လျက် မိမိသာ ကြီးစိုးလိုသည့် အင်္ဂလိပ်တို့အား ၎င်းတို့တစ်တွေ စုပေါင်းလက်တွဲ၍ ခုခံ မောင်းထုတ်ပေးနိုင်ကောင်းရဲ့ ဟူ၍လည်း စဉ်းစားဆင်ခြင်ပုံ ရလေသည် ။

ကင်းဝန်မင်းကြီး သည် ဤအကြံအစည်ကို မိဖုရားကြီး စုဖုရားလတ် ရှေ့တွင် တင်ပြလေရာ သီပေါမင်း ကလည်း ဘေးမှ နားထောင်တော်မူနေလေသည် ။ မိဖုရား နှင့် ဘုရင်မင်းမြတ် တို့က သူ၏ အကြံအစည်ကို နှစ်ခြိုက် သဘောကျမိလေသည် ။ ကင်းဝန်မင်းကြီး စိတ်ပါလက်ပါ အလုပ် လုပ်ကိုင်နေသည်ကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပေသည် ။

သည်အဘိုးကြီး သည် အစဉ်အလာ အရှိန်အဝါတွေကို စောင့်ထိန်းလျက် ထိုလောကထဲတွင် ကျင်လည်နေရစေကာမူ သူ့မှာ ကျန်လူများနှင့် ကွဲပြားခြားနားလျက် ရှိနေကြောင်းကို သိနိုင်ကြပေသည် ။ သူ၏ အရေများတွန့်နေပြီဖြစ်သော မျက်နှာပေးတွင် ပညာ ဉာဏ် ဗဟုသုတ ပြည့်ဝမှု လက္ခဏာများသည် ပေါ်လွင်နေသည် ။

ဤအချိန်ပိုင်းတွင် ဥရောပတိုက်သို့ သံကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန်အတွက် သဘောတူထားကြသည် ။ ဤအဖွဲ့မှာ နိုင်ငံရေးကိစ္စ လုံးဝမပါဘဲ ကုန်သွယ်ရေးနှင့် လောကဓာတ်ပညာ ဆည်းပူးရေးသက်သက်အတွက် ဖြစ်လေသည် ။ ဤအတွက်ကြောင့်ပင်လျှင် မြန်မာ ကိုယ်စားလှယ်တော်များ ဥရောပ သွားရောက်ရေး ကိစ္စကို ရတက် မအေးဘဲ ဖြစ်နေသော မြန်မာပြည်ရှိ ဗြိတိသျှ ဝန်ရှင်တော် မဟာမင်းကြီးအား အကျိုးအကြောင်းကို တင်ကူး၍ပင် အသိပေးထားပြီး ဖြစ်လေသည် ။

ကင်းဝန်မင်းကြီး ၏ အစီအစဉ်၌ ဤကိုယ်စားလှယ်အဖွဲ့သည် မျက်နှာမလိုက် ၊ ဘက် မပါဘဲ ပြင်သစ် ၊ ဂျာမနီ နှင့် အီတလီ နိုင်ငံများသို့ သွားရောက် မည် ဖြစ်လေရာ ပထမဦးစွာ ပဲရစ်မြို့သို့ သွားရောက် မည် ဖြစ်လေသည် ။ သည်အဖွဲ့ကို သီပေါမင်း ၏ ပြင်သစ်အမှုထမ်း တစ်ဦးဖြစ်သူ ကောင့်ဒီ ထရီဗီလက် ( Comte De Treveles ) က ဦးဆောင်ပြု၍ သွားကြရမည် ဖြစ်လေသည် ။

ရွှေနန်းတော်အတွင်း၌ လှုပ်ရှားမှုများမှာ အရှိန်ကောင်းလျက် အသက်ဝင်လာနေပေသည် ။

ဘုရင်မင်းမြတ် ၏ အမှုတော် ထမ်းရွက်နေကြသော နိုင်ငံခြားသားများသို့ ပေးရန်ရှိသော လခများကို သူတို့သည် ယခုထက်ထိ မရရှိကြသေးပေ ။ သူတို့တစ်တွေမှာ အလောင်းအစား သမားများ ကဲ့သို့ပင် ဇွဲကောင်းကောင်းဖြင့် လစာများကို ဆက်လက်၍ မျှော်လင့်စောင့်စားလျက် ရှိကြလေသည် ။ အမှန်မှာမူ နိုင်ငံခြားသားများသည် အလောင်းအစားအရာ၌ မြန်မာများကို မမီကြချေ ။

ထီရုံများ ထားသည့်အတွက် နိုင်ငံ နစ်နာလှသည် ။ လူတွေ ဆင်းရဲဒုက္ခ ရောက်ကြရသည် ။ မန္တလေး မြို့တော်သူ မြို့တော်သားများသည် မိမိတို့တွင် လက်ကျန်ပိုက်ဆံ ရှိသေးပါက ထီကိုသာ စွန့်၍ ထိုးတတ်ကြသည် ။ နေရာတိုင်းတွင် ခိုးသားဓားပြ ထကြွလျက် ဆင်းရဲဒုက္ခ ရောက်ရှိနေကြလေသည် ။ သည့်အတွက် ကုန်ကူးသန်းရောင်းဝယ်ရေး ကိစ္စ၌ လုံခြုံမှု မရှိနိုင်ဘဲ ရှိနေရလေသည် ။

လအနည်းငယ် အတွင်းမှာပင် နယ်ခြားကို ဖြတ်ကျော်လျက် ဗြိတိသျှ ဘက်သို့ ခိုးဝင်သွားသူ အရေအတွက်များ တိုးပွားလာလျက် ရှိလေသည် ။ စော်ဘွားအချို့က ခြားနားလာကြသည် ။ ပို့ဆက် မြဲ လက်ဆောင်များ မပို့ဆက်ကြတော့ဘဲ ရှိလာသည် ။ ဗန်းမော် တွင် လူဆိုးတရုတ်များ ဝင်ရောက် တိုက်ခိုက်သည့်အတွက် လှေသင်းဗိုလ် ယွန်းစုဝန် ကို စေလွှတ်၍ တိုက်ခိုက် နှိမ်နင်းစေရသည် ။ ဗန်းမော် တွင် မငြိမ်မသက် မှုများ ဖြစ်ပေါ်စအခါက ရန်ကုန်သို့ စုန်ဆင်းသွားကြသော အမေရိကန် နှစ်ချင်းသာသနာပြု ပုဂ္ဂိုလ်တို့၏ ဇနီးများသည် ဗန်းမော် တွင် အေးဆေးသွားသော အခြေအနေကြောင့် အထက်သို့ ဆန်တက်ရန်အတွက် မန္တလေး သို့ ဆိုက်ရောက်လာကြသည် ။ ဇနီးသည် မိန်းမသားများသည် မိမိတို့၏ ခင်ပွန်းသည် လင်ယောက်ျားတို့ အပါးဝယ် ရှိနေလိုကြမည်မှာ ဓမ္မတာပင် မဟုတ်ပါလား ။

နေ့စဉ်နှင့်အမျှ သီပေါမင်း သည် နယ်ပယ်များမှ မင်္ဂလာမရှိသော သတင်းများကိုသာ ကြားနေရသည် ။ နေ့စဉ်လိုပင် စုဖုရားလတ် သည် တိုင်တားမင်းကြီး တို့နှင့် တိုင်ပင်လျက် အဝေးမြို့များမှ ပို့ကြသော ဓားပြလူဆိုးများအား သုတ်သင်ရန် အမိန့်များ ထုတ်ပြန်ကြသည် ။

ဤသို့ တိုင်းပြည် မငြိမ်မသက် ဖြစ်နေစဉ်မှာပင် တစ်နေ့၌ ဆိုးဝါးသော သုတ်သင်မှုကြီး တစ်ခု ပေါ်ပေါက်လာလေသည် ။ ဤလူသတ်ပွဲကြီးသည် လွန်ခဲ့သောနှစ်က မင်းညီမင်းသား များကို သုတ်သင်မှုကြီးထက် ပိုမို၍ ဆိုးဝါးလေသည် ။

သည်အရေးမှာလည်း ရနောင်မင်းသား နှင့် တိုင်တားမင်းကြီး က ခေါင်းဆောင်လေသည် ။ သည်အကျဉ်းသားများက နိုင်ငံရေးပြစ်ချက်နှင့် မကင်းသူများနှင့် ရိုးရိုးအရပ်သားများလည်း ပါဝင်နေသည် ။

သီပေါဘုရင် ထံသို့ တိုင်တားမင်းကြီး က ခေါင်းဆောင်ပြုကာ ဝင်ရောက်ပြီး နိုင်ငံရေး အကျဉ်းသားများက သီပေါဘုရင် အား လုပ်ကြံရန် အကြံအစည် ပြုလုပ်နေကြောင်း တင်လျှောက်ရာမှာ ဤသုတ်သင်မှု ကိစ္စကြီး စတင်လာလေတော့သည် ။ ယင်း နိုင်ငံရေး အကျဉ်းသားများထဲတွင် အပြင်ဘက် မှ လိုလားသူများလည်း ရှိနေလျက် သူတို့တစ်တွေမှာ ထိုအကျဉ်းသားများအား အကူအညီပေးရန် အဆင်သင့် ဖြစ်နေကြသည်ဟု ဆိုသည် ။

သည်ကာလဝယ် စုဖုရားလတ် သည် ယခင်အခါများကလို အပျိုတော် တစ်သိုက်နှင့် ဥယျာဉ်တော်သို့ ထွက်လေ့မရှိဘဲ အဆောင်အတွင်း၌သာ စိုးရိမ်မကင်း ရှိနေတော်မူသည်ကို တွေ့မြင်နေရလေသည် ။

နေဝင်သည်နှင့် တစ်ပြိုင်နက် ဇာတ်ပွဲများမှ ဆိုင်းသံ ဗုံသံများသည် ယခု အချိန်ထိ တိုင်အောင် ရပ်နားသည်ဟူ၍ မရှိခဲ့ပါချေ ။ သဘင်ပွဲများကို အဆက်အပြတ် ခံမြဲ ခံလျက် ရှိရာမှ ဆိုင်းသံ ဗုံသံများသည် ပို၍ ပို၍ ကျယ်လောင်လာသည်ဟုပင် ထင်မှတ်နေရလေတော့သည် ။ ထိုည တစ်ညလုံးတွင် ကောင်းကင်ယံ၌ မီးရောင်များ ထင်ဟပ်နေလေသည် ။ နီနီရဲရဲ အရောင်များသည် အဝေးမှပင် ပူလောင်လျက်ရှိသည် ။ သို့ဖြင့် အရုဏ်ကျင်း၍ အလင်းပေါက်လာသည်နှင့် သူတို့၏ စိတ်ထဲတွင် ကောင်းကင်ယံတွင် ပေါ်ပေါက်ခဲ့သော မီးလျှံများသည် ငြိမ်းသက်၍ သွားလေသည် ။

ရနောင်မင်းသား နှင့် တိုင်တားမင်းကြီး တို့၏ အမိန့်ဖြင့် ညတွင်းချင်း အကျဉ်းထောင်များကို မီးရှို့ပစ်လိုက်ကြသည် ။ မီးလောင်သည့်အထဲတွင် ပါဝင်မသွားဘဲ လွတ်မြောက်လာသော အကျဉ်းသားများအား ရက်စက်စွာ သတ်ဖြတ်ပစ်ကြသည် ။ မနေ့ညက ကောင်းကင်ပြင်တွင် ပေါ်ပေါက်ခဲ့သော မီးလျှံအရောင်သည် ထိုညဘက်ဆီက ရနောင်မင်းသား နှင့် တိုင်တားမင်းကြီး တို့၏ ကြမ်းတမ်းသော မျက်နှာများပေါ်ဝယ် ရောင်ပြန်ဟပ်ခဲ့လေသည် ။ တိုင်တားမင်းကြီးသည် ပုဆိုးကို ခါးတောင်းကျိုက်လျက် ဓားလွတ်ကို လက်တွင်ကိုင်ဆွဲပြီး အမှောင်တွင်းမှ အသက်လု၍ ပြေးထွက်လာကြသော အကာအကွယ်မဲ့နေသည့် အကျဉ်းသားများအား သူနှင့် မောင်မောင်တုတ် တို့က ဦးဆောင်ပြီး သတ်ဖြတ်ခဲ့ကြလေသည် ။

ယင်းသို့ အသတ်ခံရ၍ သေသူများ ၊ မီးလောင်ကျွမ်း၍ သေသူများမှာ ကလေး ၊ လူကြီး ၊ ယောက်ျား ၊ မိန်းမ စုစုပေါင်း နှစ်ရာနှင့် သုံးရာအကြားတွင် ရှိမည်ဟု ခန့်မှန်းရလေသည် ။ သီပေါမင်း သည် ဤသူတို့၏ အလောင်းများကို မြို့၏ အနောက်ပြင်ဆီသို့ သယ်ယူစေလျက် မြေမြှုပ် သင်္ဂြိုဟ်ခြင်း မပြုစေဘဲ သည်အတိုင်းထားရှိရန် အမိန့်တော် ချမှတ်လိုက်လေသည် ။ ဤသို့ ထားရှိစေခြင်းမှာ ဘုရင်မင်းမြတ်အား လုပ်ကြံသူများအတွက် သင်ခန်းစာ ရရှိစေရန်အတွက် ဖြစ်ပေသည် ။ အလောင်းများသည် မြေမှာ ပြန့်ကျဲနေသည် ။ တစ်ဦးပေါ် တစ်ဦး ထပ်လျက် လဲကျနေသူများလည်း ရှိသည် ။ ဘေးအလျားလိုက် လဲကျနေသူများလည်း ရှိသည် ။ သူတို့တစ်တွေမှာ သေတာတောင်မှ ဖြောင့်ဖြောင့်တန်းတန်း မသေရရှာပါပေ ။

အလောင်းများသည် ဤအတိုင်း ရှိနေလေရာ ခွေးများ ၊ ဝက် များ ၊ လင်းတများ ဝင်ရောက် စားသောက်နေကြသည် ။ လူသေကောင်မှ အပုပ်နံ့များမှာလည်း တထောင်းထောင်း ထလျက် ရှိလေသည် ။ ဧရာဝတီမြစ်ထဲတွင်လည်း ဘုရင့် မီးသင်္ဘောများသည် အထက်အောက် လူးလာ စုန်ဆက်လျက် အလောင်းများကို ကြည့်သူများအား အခမဲ့ တင်ဆောင်လျက် ရှိလေသည် ။ သည်သို့ ဖြစ်ပျက်နေသည့် အထဲမှ ပွဲလမ်းသဘင်များမှာလည်း မပြတ်လပ်အောင် အသုံးတော်ခံလျက်ပင် ရှိနေလေသည် ။ သည်အရေးအခင်းကို စုံလင်စွာ သိရှိထားပြီးဖြစ်သည့် စန်ဒရီးနိုး သည် သူ တွေ့ကြုံရသော အဖြစ်အပျက် များကို စိုးရိမ်ပူပန်မိသည့်အတွက် ဗြိတိသျှတို့အနေဖြင့် အထက် မြန်မာပြည်ကို ဝင်ရောက်ထိန်းသိမ်းပေးရန် စာရေး၍ အကြောင်းကြားလိုက်လေသည် ။ သို့ရာတွင် ရန်ကုန် မှ ပြန်လည်ရောက်ရှိလာသော သတင်းများက အားမရနိုင်စရာ ဖြစ်နေသည် ။

အိန္ဒိယမှ အစိုးရသည် အိမ်နီးချင်း နိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက် နှောက်ယှက်ခြင်း ပြုလိုသော ဆန္ဒ မရှိကြောင်း သိရှိရလေသည် ။ အခြေအနေမှာ ရှေ့မတိုး နောက် မဆုတ်သာသော ခွကျတတ အခြေအနေမျိုး ဖြစ်လေသည် ။ ဗြိတိသျှတို့သည် ပထမပိုင်း ရက်စက် မှုတွင် ဝင်ရောက် လက်လျှိုလျက် ပါဝင်ဟန့်တား ထိန်းသိမ်းခြင်း မပြုလိုက်ဘဲ အိန္ဒိယတွင်လည်း မင်းသားနှစ်ပါးအား လက်ကိုင်ပြုထားလျက် သီပေါမင်းသား အား နန်းတက်ခြင်းကို လက်ခံနေခြင်းမှာ အတော်ကြီး ခွကျနေသော အခြေအနေ ဖြစ်လေသည် ။ အကယ်၍သာ ကန့်ကွက်စာ ပို့ခဲ့လျှင် စာနောက် မှ ထိရောက်သော အရေးယူမှုများ လိုက်ပါရမည် ဖြစ်လေသည် ။ သို့ဖြစ်သောကြောင့် အောက်မြန်မာပြည် ၏ ဝန်ရှင်တော်မင်းကြီး ဘားနာဒ် က မြန်မာမင်းထံ ရှုတ်ချသော စာများ ပို့လွှတ်ရန် အကြံပေးချက်အား အိန္ဒိယအစိုးရက ပယ်ချခဲ့ခြင်း ဖြစ်လေသည် ။

ရွှေနန်းတော်တွင်းတွင်မူကား တီးတိုးတီးတိုးနှင့် သတင်းကလေးများကို တစ်ယောက်မှ တစ်ယောက် ဖောက်သည်ချလျက် ရှိလေသည် ။ တိုင်တားမင်းကြီးသည် သူ၏ နိုင်ငံရေး ရန်ဘက် များအား ထောင်သွင်း အကျဉ်းချထားလျက် အစုလိုက် သုတ်သင်ရန် ကြံစည်နေကြောင်း သတင်းများသည် ပျံ့လွင့်နေလေသည် ။

သည်သတင်းများသည် ဟုတ်မှန်ဖို့ဘက်က ပို၍ များနေလေသည် ။ အကြောင်းနည်းဟူမူ တိုင်တားမင်းကြီး အနေဖြင့် ကင်းဝန်မင်းကြီး သည် အရေးပေးခြင်း ခံနေရပြန်သည့်အတွက် မလိုမလား ဖြစ်နေပုံရလေသည် ။ အခုချိန်ဆိုလျှင် ကင်းဝန်မင်းကြီး ၏ ဩဇာအရှိန်ကလည်း အနည်းငယ် တက်စပြုလာနေပြီ မဟုတ်လား ။ ကင်းဝန်မင်းကြီး က သူ့အား တစ်နည်းနည်းဖြင့် ထုတ်ပယ်ရအောင် ကြိုးစားလိမ့်မည် ဟူ၍လည်း စိုးရိမ်ပူပန်နေပုံ ရလေသည် ။

ထောင်ထဲမှာ အကျဉ်းသားများအား မီးရှို့လျက် အစုလိုက်သုတ်သင်ခြင်း ကိစ္စမှာ ကြိုကြိုတင်တင် အကွက်ဆင်၍ ကြံစည်မှုကြီး ဖြစ်နေသည်ဟု သံသယ မကင်းမှုများသည် လေထဲတွင် ပျံ့ဝဲလျက် ရှိလေသည် ။ အချို့သော အကျဉ်းသားများအား သူတို့ကို ထောင်အုပ် ၊ ထောင်မှူးများက ထွက်ပြေးခွင့်ပေးမည်ဟု ပြောထားကြသည်ဟုလည်း ပြောကြသည် ။ ထောင်အုပ် ၊ ထောင်မှူးများကလည်း သူတို့မှာ အကျဉ်းသားများ၏ မိဘဆွေမျိုးများ လာဘ်ထိုးထားသည်ဟု အသံလွှင့်ထားကြသည် ။ အမှန်မှာ ထောင်အုပ် ၊ ထောင်မှူးတို့အား အကျဉ်းသားများ၏ ရန်သူများ ဘက် မှ လာဘ်ထိုးထားခြင်းသာ ဖြစ်ပေသည် ။ အကျဉ်းသားများသည် မျှော်လင့်ချက်ကြီးစွာဖြင့် အချုပ်ထောင်ကို ဖောက်လျက် ထွက်လာကြရာတွင် အသင့် စောင့်ဆိုင်းနေသော ရွှေလှံ တပ်သားများက အေးအေးဆေးဆေးပင် သေနတ်နှင့် ပစ် ၊ ဓားနှင့် ခုတ်ပိုင်းကြတော့သည် ။ သည် ရက်စက် မှုကြီးကို ဦးဆောင်ကြသူများကား တိုင်တားမင်းကြီး နှင့် သူ၏ ကျွန်ယုံတော်တစ်ဦးဖြစ်သည့် ရွှေလှံမြို့ဝန်တို့ပင် ဖြစ်သည် ။

ဤအရေးတွင် ရနောင်မင်းသား မောင်မောင်တုတ် လည်း အရေးကြီးသော အခန်းတစ်ခုမှ ပါဝင်ခဲ့သည်ဟုလည်း ဆိုကြသည် ။ ဖြစ်နိုင်ပေမည် ။ မိမိ၏ ကျေးဇူးရှင် အသက်ဦးဆံပိုင် ဖြစ်သော ဘုရင်မင်းမြတ်အတွက် အရိုးကြေကြေ အရေခန်းခန်း လုပ်ဆောင်မည်မှာကား ဓမ္မတာ ပေတည်း ။ သူတို့ကပင်လျှင် ထောင်တွင်းမှ အကျဉ်းသားများက ဘုရင်မင်းမြတ် အား လုပ်ကြံရန် ပုန်ကန်ခြင်း ဖြစ်သည် ဟူသော သတင်းကို ဖြစ်စေလေသည် ။

အကျဉ်းထောင်မှ အကျဉ်းသား ရာပေါင်းများစွာတွင်းမှ အကျဉ်းသား အချို့သာ လွတ်မြောက်သွားသည် ။ သည်အရေးအခင်းတွင် ညောင်ရမ်းမင်းသား ၏ အနီးကပ်ဆုံးသော အဆက်အနွယ် မှန်သမျှ အားလုံး သုတ်သင်ခြင်းခံရသည် ။ ထောင်အတွင်းမှ ချုပ်နှောင်ထားခြင်း ခံရသော ညောင်ရမ်းမင်းသား မယ်တော် နှင့် နှမတော် တို့၏ အကြောင်းကိုမူကား သတင်းအစအနမျှ မကြားရတော့ပေ ။

အခြေအနေများသည် ခါတိုင်းကဲ့သို့ နေသားတကျ ဖြစ်သွားပြန်လေသည် ။ ဖာရီစီ ဇာတ်သဘင် အဖွဲ့တစ်ဖွဲ့သည် ရောက်ရှိလာလျက် ရွှေနန်းတော်ထဲတွင် ကပြ အသုံးတော်ခံလျက် ရှိလေသည် ။ မြို့တော် အပြင်ဘက်တွင်ကား တိုင်တားမင်းကြီးနှင့် သူ၏ လူယုံတော်များသည် ဆင်ကြီးများ စီးလျက် လမ်းသလားနေရင်းက သူတို့အလာတွင် လမ်းဘေးမှ ဒူးတုပ်၍ အရိုအသေ မပေးသူများအား ကြိမ်ဖြင့်ရိုက်လျက် ဆုံးမနေကြလေသည် ။

နေပြည်တော် တစ်ဝန်းလုံးတွင်မူကား ဆိုင်းသံ ဗုံသံများမှာ နေ့မစဲ ညမရပ် ဆက်၍ ဆက်၍ တခြိမ့်ခြိမ့် တသဲသဲ ပေါ်လာလျက် ရှိနေလေသည် ။ သည့်နောက် အခြားဖြစ်ရပ်တစ်ခုလည်း ဖြစ်ပြန်ခဲ့သေးသည် ။

ထိုစဉ်က အင်္ဂလိပ်ပိုင်နယ်ဖြစ်သော အောက် မြန်မာပြည် ဒဂုံမြို့သို့ ထွက်လုဆဲဆဲဖြစ်သော အင်္ဂလိပ်ပိုင် ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီပိုင် မီးသင်္ဘောကို လှေသင်းအတွင်းဝန် ၏ ရေဘက်ဆိုင်ရာ ကင်းမှ သတင်းအရ ဖမ်းဆီးထားလိုက်သည် ။ သင်္ဘောပေါ်တွင် ပါရှိနေသော ဒဂုံမြို့သို့ ခရီးထွက်မည့် မြန်မာခရီးသည် သုံးဆယ်ခန့်ကို ဖမ်းဆီးလိုက်၏ ။ သည်တစ်ကြိမ်တော့ လှေသင်းအတွင်းဝန် တို့က ကွက်ကျော်မြင်သွား၏ ။ သည် ဖမ်းဆီးလိုက်သည့် ခရီးသည် သုံးဆယ်မှာ တခြားလူများ မဟုတ်ကြ ။ ထွက်ပြေးတိမ်းရှောင်နေသည့် ညောင်ရမ်းညီနောင် ၏ တပည့်တပန်း တစ်စုပင် ဖြစ်၏ ။ ညောင်ရမ်းမင်းသားကြီး ၏ အတွင်းစာအရ ဒဂုံမြို့သို့ လိုက်ပါကြရန် ဖြစ်သည် ။ ထိုကိစ္စကို လှေသင်းအတွင်းဝန် က သတင်းရထားသဖြင့် ဤသို့ ဖမ်းဆီးလိုက်ခြင်း ဖြစ်၏ ။

ဤသည်ကို အင်္ဂလိပ် သံအမတ်ကြီး မစ္စတာရှောက အထူး မခံမရပ်နိုင် ဖြစ်ပြီး မြန်မာ အစိုးရထံသို့ ကန့်ကွက်စာ တစ်စောင် ပို့လိုက်ပြန်သည် ။ အဆိုပါ စာကို နန်းတော်အတွင်းမှ သေချာစွာ လေ့လာ၏ ။ ပြီးမှ ကင်းဝန်မင်းကြီး ဦးကောင်း လက် မှတ်ဖြင့် ပြန်ကြားလိုက်သည် ။ ကင်းဝန်မင်းကြီး ဦးကောင်း ၏ ပြန်စာတွင်မူ -

မီးပုံးပျံ စီးပြမည့် ကာနယ် ဝိုင်းဒန်း ဆိုသူနှင့် မြန်မာတစ်စု အချင်းဖြစ်ပွားရသည့်အတွက် မိမိတို့က တောင်းပန်ပါကြောင်း ၊ ထိုသို့ ရန်စသည့် မြန်မာတစ်စုကို မိမိတို့ မကြာမီ စုံစမ်း အရေးယူမည် ဖြစ်ကြောင်း ၊ အင်္ဂလိပ်ပိုင် ဧရာဝတီ သင်္ဘောခရီးသည် သုံးဆယ်ကို ဖမ်းဆီးခြင်းမှာ မြန်မာဘုရင်၏ ကျေးကျွန်များ ဖြစ်၍ အခြားသို့ ထွက် မသွားရန် ပြန်၍ ခေါ်ငင်ခြင်းမျှသာ ဖြစ်သဖြင့် အပြစ်မဆိုထိုက် … ဟူ၍ ပါရှိလေသည် ။

ထိုသို့ ပြန်စာပို့အပြီးတွင် ယခင် ထုတ်ပြန်ကြေညာခဲ့သည့် “ မဟာမိတ်ဖြစ်သော အင်္ဂလိပ် အစိုးရ၏ ကျေးတော်မျိုး ကျွန်တော်မျိုး လက်အောက်ခံ ဥရောပတိုက်သားများကို မြန်မာရဲမ က် အရာရှိ ၊ အမှုထမ်းများက ညှဉ်းပန်းခြင်း မပြုရ ” ဟူသော အမိန့်တစ်ရပ်ကို “ မြန်မာရဲမ က် အရာရှိ ၊ အမှုထမ်းများက ” ဆိုသည့် နေရာတွင် “ မြန်မာရဲမ က် အရာရှိ ၊ အမှုထမ်းများနှင့် တိုင်းသူ ပြည်သားများက ညှဉ်းပန်း နှိပ်စက်ခြင်း လုံးဝ မပြုရ ” ဟူ၍ ပြင်ဆင် ထုတ်ပြန်လိုက်လေတော့သည် ။

မြန်မာ - အင်္ဂလိပ် အစိုးရတို့၏ ဆက်ဆံရေးမှာ ပုဂံမင်းလက်ထက် ဖြစ်ပွားခဲ့သော မြန်မာ - အင်္ဂလိပ် ဒုတိယစစ်ပွဲအပြီးတွင် ပြေပြစ်လာခဲ့၏ ။ မင်းတုန်းမင်းတရားကြီး လက်ထက်တော် တွင်လည်း ဆိုဖွယ်မရှိအောင် ကောင်းမွန်လာသည် ။ သည့်အတွက် အင်္ဂလန် သို့ပင် ကင်းဝန်မင်းကြီး ခေါင်းဆောင်သော သံတမန်များ စေလွှတ်ခဲ့ပေသေးသည် ။

သီပေါမင်း နန်းတက်စ အချိန်တွင်လည်း အင်္ဂလိပ် - မြန်မာ ဆက်ဆံရေး ပြေပြစ်မလိုလို ရှိခဲ့သည် ။ သို့သော် မင်းညီမင်းသားများ အသတ်ခံရမှု ၊ ညောင်ရမ်းညီနောင်တို့ ထွက်ပြေးမှုများ၌ အင်္ဂလိပ် သံအမတ်က ဝင်ရောက် စွက်ဖက်သည်ဟုဆိုကာ အနည်းငယ် မသင့်မတင့် ဖြစ်လာပြန်သည် ။ ထို့နောက် အင်္ဂလိပ် အရာရှိတို့နှင့် မြန်မာအချို့ မကြာခဏ အချင်းများမှုများ ဖြစ်ပေါ်လာခဲ့၏ ။ သည့်အတွက်ကြောင့် အင်္ဂလိပ် - မြန်မာ ဆက်ဆံရေးမှာ အနည်းငယ် တင်းမာ လာသယောင် ရှိနေသည် ။

သို့ရာတွင် အင်္ဂလိပ်သံအမတ် မစ္စတာရှော ၏ လိမ္မာပါးနပ်မှု ၊ ရွှေနန်းတော်အတွင်းမှ ကင်းဝန်မင်းကြီး ၏ အမြော်အမြင် ရှိမှုများကြောင့် ဆက်ဆံရေးသည် မလျော့မတင်း ရှိနေသည် ။ သည်အတွင်း နေပြည်တော် တစ်ခွင်၌လည်း အခွန်ဘဏ္ဍာငွေ တိုးတက်စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ထီရုံးတော်များ ဖွင့်လှစ်ခဲ့သည် ။ ထီကို တစ်လ ဆယ်ကြိမ် ထီဖွင့်သည်အထိ ကျင်းပမိသဖြင့် တိုင်းသူပြည်သားမျာအား မွဲဆေးဖော်ပေးသည်နှင့် တူနေသည် ။ သည့်အတွက် သူခိုးဓားပြများလည်း ပိုမို များပြားလာသည် ။ အစိုးရက ပြည်သူလူထု အာရုံပြောင်းလဲရန်အတွက် ထီဘက်သို့ ဦးတည်ပေးသော်လည်း တိုင်းပြည်မှာ မိအေး နှစ်ခါနာ ပုံမျိုး ဖြစ်နေရသည် ။ ထီဖွင့်ခြင်းကြောင့် လစဉ် ဘုရင့်ငွေတိုက်တော်သို့ ဘဏ္ဍာငွေ တစ်သိန်း နှစ်သောင်း ဝင်ငွေရှိသည် ။ သို့သော် တိုင်းသူပြည်သားများ၏ လက်ဝယ် ငွေမရှိတော့ဘဲ ကြွေးများသာ အဖတ်တင်နေ၏ ။

ထီဖွင့်ခါစ ဖြစ်၏ ။ သီပေါမင်း၏ ထီတော် ပထမပေါက်သူကို ဆင်ပေါ်တွင် ငွေထုပ်တင်လျက် အိမ်တိုင်ရာရောက် သွားပို့ပေး၏ ။ ဒါကို လူအများက အားကျကာ သူ့ထက်ငါ အလုအယက် ထီထိုးကြလေသည် ။ ထီစဖွင့်ခါစတွင် လက် မှတ်တစ်စောင် ငါးကျပ် ဖြစ်၏ ။ နောက် ထီထိုးကြသူ များလာသဖြင့် နှစ်ကျပ်အထိ လျှော့ကာ ထီရုံးကို ဆယ်ရုံး ခွဲပြီး သုံးဆယ် ခြောက်ကောင် ထီကဲ့သို့ တစ်နေ့ ဆယ်ကြိမ် ဖွင့်ပေးပြန်သည် ။

သည်တွင် တိုင်းသူပြည်သားများမှာ ထီ ကိုသာ ဂရုစိုက်ကြသဖြင့် ရရှိလာသည့် အမြတ်များမှ ကြွေးတင်ရှိခြင်း ၊ စီးပွားရေးလုပ်ငန်းများ ပျက်လာခြင်း ၊ ခပ်ပေါ့ပေါ့နေခြင်း ၊ တရားမ မှုခင်းများ ဖြစ်ပွားခြင်းများ ဖြစ်လာတော့သည် ။ အချို့သူများမှာ ကိုယ့်မိန်းမများကိုပင် ငွေအပေါင် ထားကာ ထီထိုးပစ်လေ့ရှိသည်ဟု သိရ၏ ။ ဤသည်တို့ကြောင့် ထီရုံးများကို ၁၂၄၃ ခုနှစ် ၊ ပြာသိုလ တွင် ပိတ်ပစ်ရလေသည် ။ မန္တလေးမြို့ ဈေးချိုတော်အနီး ရုံးတော်ကြီးဟု ခေါ်တွင်သော နေရာမှာ သီပေါဘုရင် လက်ထက်က ထီဖွင့်သော ထီရုံးကြီးနေရာ ဖြစ်သည်ဟု သိရသည် ။

အစစ ကုန်ဈေးနှုန်း တိုးတက် မှုဒဏ် ၊ နိုင်ငံရေး အခြေအနေ အပြောင်းအလဲဒဏ်များကို ခံစားရရှာသော ပြည်သူလူထု၏ လွတ်လမ်းကား ထီ သာ အားကိုးဖွယ်ရာဟု မြင်လေသလား မသိ ။ ဤမျှ နင့်နင့်သီးသီးရှိသည့် ပစ္စည်းကုန်မျှမက မိမိတို့၏ အိမ်သူသက်ထား ဇနီးသည်များကိုပင် ပေါင်နှံကာ ထီထိုးကြရှာသည် ။ နောင်မှ လျောက်လျားပဲ … ၊ ခုတော့ ဖြစ်လာသည့် ပြဿနာကို ဖြစ်သလိုပဲ ရင်ဆိုင်တာ ကောင်းရဲ့ ဟူ၍များ အတွေးတွေ ဝင်နေကြဟန်တူရဲ့ ။

ထီရုံးများ ရုပ်သိမ်းပြီးနောက် ကြွေးမြီများစွာ တင်ကျန်ရစ်သူ ဆင်းရဲသား ပြည်သူများအတွက် ဘုရင့်အမိန့်တော်ဖြင့် ကြွေးဆပ်ပေးသော စနစ်တစ်မျိုး ထွင်ပြန်သည် ။ တတ်လည်း တတ်နိုင်သော အစိုးရပါပဲ ။ ပြည်သူတွေရဲ့ ဒုက္ခပင်လယ် ဝေနေသည့် စိတ်များကို အနေအထား ပြောင်းသွားစေရန် ၊ ဖန်တီးပြောင်းလွှဲ ပေးနေလေရဲ့ ။ သို့သော် သည်ထွင်လိုက်တဲ့ စနစ်ကလည်း မအောင်မြင်ဘူးလို့ သိရသည် ။ သည်လို ထီကြောင့် ကြွေးတင်ကျန်ရစ်သူများကို ဘုရင်မင်းမြတ်က ကြွေးဆပ်ပေးခဲ့ဖူးသဖြင့် “ ကြွေးတင်လျှင် ဘုရင် ဆပ်လိမ့်မပေါ့ ” ဟူသည့် စကားပုံ ဖြစ်ပေါ်လာဟန် ရှိ၏ ။ နေပြည်တော်တစ်ခွင်မှာလည်း ဘာဖြစ်နေသည် မသိပါ ။ မီးလောင်မှုများသည် မကြာခဏ ဖြစ်ပွားနေသည် ။ မြစ်အနောက်ဘက် မှာ ထကြွနေတဲ့ သောင်းကျန်းမှုများကလည်း လျော့သွားသည်ရယ်လို့ မရှိဘူး ။ သွားနှိမ်လိုက် ၊ နှိမ်တုန်းသာ ခဏပဲ ။ တော်ကြာ ပြန်ထလာတာပဲ ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး ။ သည်ထက် ဆိုးရွာတဲ့ ဖြစ်ရပ်တွေက နေပြည်တော် မှာ အနှံ့အပြား ဖြစ်နေသေးရဲ့ ။ မီးလောင်မှုများကလည်း ပိုမို များလာသည် ။ ဟိုရပ်ကွက် တစ်အိမ်စ ၊ သည်ရပ်ကွက် နှစ်အိမ်စ လောင်ကျွမ်းခဲ့သော်လည်း သက္ကရာဇ် ၁၂၄၅ ခုနှစ် ၊ တန်ခူးလဆန်း ( ၁ ) ရက် ၊ ည ၃ ချက်တီး အချိန်မှာ လောင်ကျွမ်းခဲ့သည့် မီးက အကြီးဆုံးပင် ဖြစ်သည် ။

သည်မီးက နန်းတော် သစ်တပ်အနီးမှာနေတဲ့ မောင်နေလွန်း ဆိုသူ အိမ်မှ စပြီး လောင်၏ ။ သစ်တပ် ဝဲယာဘက် မှာရှိသည့် အိမ်များကို မီးကူးလောင်သည် ။ ထိုသို့ မီးလောင်မှုကြောင့် ရွှေတိုက်အတွင်းဝန် အိမ် ၊ ယောမင်းကြီး အိမ် ၊ ပုဂံဝန်ထောက် အိမ်တော် နှင့် သံချက်ဝန်မင်း ဦးမြူး ၏ အိမ် အပါအဝင် အိမ်ပေါင်း နှစ်ရာကျော်မျှ မီးထဲပါသွားလေသည် ။ အဆိုပါ မီးလောင်မှုမှာ သူတို့နှင့် မသင့်သော ဂိုဏ်းကွဲအချင်းချင်းမှ တမင်ရှို့သဖြင့် မီးလောင်ခြင်းဟုလည်း ဆိုကြသေးသည် ။

နေပြည်တော် မြို့ရပ်တစ်ခွင်၌ကား အတိတ်နိမိတ်များ ကောင်းလှသည် မဟုတ်ပါ ။ မြန်မာ့ ရှေးရိုးစဉ်လာ အယူအဆများအရဆိုလျှင် မီးအကြီးအကျယ် လောင်မှုသည် မကောင်းသော အတိတ်နိမိတ် တစ်ခုပင် မဟုတ်ပါလား ။

မီးလောင်မှုကား သည်မျှနှင့် မရပ်သေးဘူး ။ မကောင်းသော အကုသိုလ်က ဘုရင်မင်းမြတ် နှင့် မိဖုရား တင် မဟုတ်သေးဘူး ၊ တိုင်းသူပြည်သားများအပေါ် ဆက်တိုက် ကျနေသည် ။ ပထမ မီးလောင်မှု ဖြစ်ပွားပြီး ကိုးရက် အကြာမှာ ဖြစ်၏ ။ နံနက် ကိုးနာရီကျော် အချိန်ပဲ နေပြည်တော် အနောက်ပြင် ပြည်ကြီးကျက်သရေ မိတော ဆိုသူ၏ အိမ်မှ မီးစလောင်၏ ။

သည်တစ်ကြိမ် မီးလောင်မှုကား တော်တော်ကြီးကျယ်၏ ။ နေပြည်တော် တစ်ခုလုံးနီးပါး အနှံ့လောင်ခြင်း ဖြစ်သည် ။ အချိန်ကလည်း အချိန်ကောင်းဆိုတော့ မီးက တနေ့လုံးလိုလို လောင်၏ ။ အဲဒီနေ့က စုစုပေါင်း မီးခုနှစ်ကြိမ် လောင်ကျွမ်းသည်လို့ သိရသည် ။ အရှေ့ကျုံးနဖူးက စပြီး အနောက် ညောင်ပင်ဈေးအထိ တစ်ကြိမ် ၊ နန်းမြို့တော် သစ်တပ် အနောက်ဘက်မှာရှိတဲ့ ဝင်းတော်မှူးအိမ်မှ စပြီး အနောက်ဘက် မြို့ရိုးထိ တစ်ကြိမ် လောင်ကျွမ်း၏ ။ ယိုးဒယားဈေး အရှေ့ဘက်တွင် တစ်ကြိမ် ၊ ရွှေလှံတန်းတွင် တစ်ကြိမ် ၊ ယိုးဒယားဈေး အနောက်ဘက်တွင် တစ်ကြိမ် ၊ မြို့တွင်းရပ်ကွက်တွင် တစ်ကြိမ် စသည်ဖြင့် ခုနှစ်ကြိမ် တိတိ လောင်ကျွမ်းသည် ။ မီးများ လောင်ကျွမ်းမှုကြောင့် တပယင်းတိုက် ၊ ဆူးဝါးတိုက် ၊ လင်္ကာရာမတိုက် ၊ မကုဋ္ဌာရာမတိုက် ၊ နိသျှည်းတိုက် ၊ ကုသိုလ်တော်တိုက် ၊ သောဘိတရာမတိုက် ၊ ပန်းပဲဝန်တိုက် စသော ဘုန်းတော်ကြီး ကျောင်းတိုက် ရှစ်တိုက် ပျက်စီးရရှာ၏ ။ ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းနှင့်အတူ အရေးရှိပါက ဆင်းရဲသား လူသူအများ သုံးစွဲရန် စပါးအပြည့် ထားရှိသည့် မစိုးရိမ်ကျီ ၊ မကြောင့်ကြကျီ ၊ မတောင့်တကျီ စသော စပါးကျီများသည်လည်း မီးထဲ ပါသွားရရှာသည် ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.