Showing posts with label သွဲ့ထားညို ( သက္ကလ ). Show all posts
Showing posts with label သွဲ့ထားညို ( သက္ကလ ). Show all posts

Tuesday, February 20, 2024

မမှန်သော သစ္စာ


 ❝ မမှန်သော သစ္စာ ❞ 


xxx ဤကမ္ဘာမြေ တစ်လွှားဝယ် xxx သူငါများတို့ ရယ် xxx xxx အလှ နဲ့ သစ္စာကိုကွယ် × ×× ဖွေရှာမောလှတယ် xxx


ငယ်စဉ်က အလှ နှင့် သစ္စာ ကို ဤမျှ ရှာရ ခက်သလား ဟု ခင်ခင်ဆင့် တွေးခဲ့မိ ဖူးသည် ။ သီချင်း ၏ အဓိပ္ပာယ် ကို ခင်ခင်ဆင့် နားလည်ဖို့ မကြိုးစားမိ ။ အရွယ်လေး ရ လာ မှ ကောင်းကောင်းကြီး သဘော ပေါက် ခဲ့ရသည် ။


“ ရှေးတုန်းက လူတွေ သိပ်ပြီး သစ္စာ ရှိကြတယ် ။ မရိုးမဖြောင့် လုပ်စားတဲ့ သူတွေ တောင် သစ္စာ ထားကြတယ် ” 


ခင်ခင်ဆင့် အဘွား ၏ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းတွေ ထဲ မှာ သစ္စာ ၏ အလှ ကို မကြာခဏ တွေ့မြင်ရသည် ။


“ တို့ ငယ်ငယ် က အိမ် ကို ဓားပြ တိုက်တော့ အမေ က ကြောက် အား ကြီးပြီး ဓားပြ ကို သူ့ သား နဲ့ မှားပြီး “ ရော့ ... သား ၊ ဒီမှာ အမေ တို့ မင်္ဂလာဦး နားကပ်လေး ၊ ငါ့ သား သိမ်းထား ” ဆိုပြီး ပေး လိုက်တာ ၊ ဓားပြ က ‘  အဘွားကြီး ၊ ကျုပ် ခင်ဗျား သား မဟုတ်ဘူး ခင်ဗျား မင်္ဂလာဦးနားကပ် လည်း ကျုပ် မလိုချင်ဘူး ။ တခြား ဟာ သာ ပေး ’ ဆိုပြီး ပြန် ပေး ခဲ့ သတဲ့ လေ ”


အမေ ပြော တော့ အဘွား က လည်း အားကျ မခံ ပြောခဲ့သည် ။


“ ဒါလောက်များ ဘာ ဟုတ်သေးလဲ ။ ဂျပန်ခေတ် က ရွာ ကို ဂျပန်စစ်သားတွေ လာ တော့ တို့ အစ်ကို ဖိုးစိုးမောင် ကို ဒီ ရွာ မှာ တော်လှန်ရေးကောင်တွေ ရှိလား လို့ မေးတော့ ၊ ကိုစိုးမောင် က မဖြေဘူး ။ အမှန်တော့ စစ်ကြောင်း က ရွာ့ အနောက်ဘက် ကိုင်းတော ထဲ မှာ စောင့် နေတာ ။ ကိုစိုးမောင် က ဘယ်လို မေးမေး မဖြေတော့ ၊ ဂုန်နီအိတ် ထဲ ထည့် ထုပ်ပြီး ရေ ထဲ ပစ်ချ ၊ ရေ ထဲ မှာ နှစ်ချည် ၊ ဖော်ချည် လုပ်တော့တာ ။ သူ့ ခမျာ သေလုမြောပါး ဖြစ်နေတာ တောင် မပြော ဘူး တော် ။ သစ္စာ ရှိချက်များ ”


သည်တော့ လည်း သစ္စာ ဆိုတာ ကို ခင်ခင်ဆင့် နားလည် ခဲ့ ရ သည် ။ အဘိုးလေး ကျ တော့ လည်း တစ်မျိုး ။ တရားသမား ပီပီ သစ္စာ ၏ အနက်အဓိပ္ပာယ် ကို တရားသဘော နှင့် ရှင်းပြခဲ့သည် ။ 


“ ရှေးတုန်း က သူတော်ကောင်းတွေ က အကြောင်း တစ်စုံတစ်ရာ ရှိရင် သစ္စာ ကို တိုင်တည် ကြတယ် ။ ဒုကုလ နဲ့ ပါရိက တောင် သားတော်လေး သုဝဏ္ဏသာမ အတွက် သစ္စာ ဆို တိုင်တည် တာ နဲ့ မြား မှန်တဲ့ ဝေဒနာ က လျော့ကျ ပျောက်ကင်း ပြီး အသက် ရှင်ခွင့် ရခဲ့တယ် ။ သစ္စာ ဆိုတာ တကယ်တော့ အမှန်တရား ပဲ ။ ဒါပေမယ့် သစ္စာ ဆိုတဲ့ လူ က သီလ မြဲမြံ မှ လည်း သစ္စာ က အထောက်အပံ့ ဖြစ်တာ ”


အဘိုးလေး က တရားဓမ္မ ကို အတော်လေး လိုက်စား သူ ဖြစ်သည် ။ အချိန်တိုင်း ဘုန်းကြီးကျောင်း မှာ အနေ များသည် ။ ဥပုသ် ဆောက်တည် ၊ ဆရာတော့် ဝေယျာဝစ္စ က သူ့ အလုပ် ဟု သဘော ထား ပုံ ရသည် ။ အဘွားလေး နှင့် သားသမီးတွေ က ကိုယ်တိုင် လုပ်ကိုင် စားရသည် ။ အိမ် ၏ စီးပွားရေး ကို ယောင်လို့ မျှ လှည့် မကြည့် ။ ဒါကို သူ့ ညီ ဘိုးလေးထွန်းအောင် က ကဲ့ရဲ့ သည် ။ 


“ သစ္စာ ဆိုတာ အမှန်တရား တော့ ဟုတ်တယ်ကွ ။ ဒါပေမယ့် သီလ မြဲတာ ၊ မမြဲတာ နဲ့ မဆိုင်ဘူး ။ ဒီ လူမျိုး နဲ့ ငါ သစ္စာ ပြိုင် ဆိုရဲပါ့ကွာ ” 


ဘိုးလေး ထွန်းအောင် က အရက် သောက်သည် ။ ဥပုသ် ကျောင်း လည်း သွားချင်သည့် အခါ သွားသည် ။ သို့သော် လည်း ဇနီး မယား ကို ဓားမ ခါးချ လုပ် ကျွေးသည် ။ သူ့ အစ်ကို ကိုထွန်းမောင် ကို ကျေနပ်လှသည် မဟုတ် ။ သည်တော့ ကန့်လန့် တိုက် ချင်သည် ။ 


“ အဲဒီ ထွန်းမောင် က တစ်ကိုယ်ကောင်းသမား ကွ ”


မထိ ခလုတ် ထိ ခလုတ် ပြော ၍ အစ်ကို ဖြစ်သူ က ခေါင်း ရှောင်သည် ။


“ လမ်းကြောင်း မတူတဲ့ ကောင် နဲ့ စကား မပြောတာ ကောင်းတယ်ကွ ”


ဘိုးထွန်းမောင် ပြောတော့ ဘိုးထွန်းအောင် က လည်း မခေ ။ 


“ လမ်းကြောင်း မတူပေမယ့် မင်း နဲ့ ငါ သစ္စာ ပြိုင် ဆိုရဲတယ် ဟေ့ကောင် ။ ဒီမှာ ကြည့် ၊ ဘုရားတပည့်တော် သည် လူမှန်း သိတတ် စ မှ ယနေ့ အချိန်အထိ တစ်နေ့ တစ်ရက် မျှ ငါးပါးသီလ မလုံခြုံ ပါ ။ သားကျွေးမှု ၊ မယားကျွေးမှု အတွက် ရှာဖွေ ရုန်းကန် ရ ပါသည် ၊ ပင်ပန်းသောကြောင့် အရက် လည်း သောက်မိပါသည် ။ ဤမှန်သော သစ္စာ ကြောင့် မကြောင့်မကြ ၊ မတောင့်မတ အရက် သောက်ရ ပါ လို၏ ”


ဘိုးလေးထွန်းမောင် က နှာခေါင်း ရှုံ့ လျက် ထပြေး သွားသည် ။ ဘိုးလေးထွန်းအောင် က ပြုံးပြုံးကြီး ကလိ လိုက် သေးသည် ။ 


“ ငါးပါးသီလ ကို ကာယကံ ၊ ဝစီကံ ၊ မနောကံ သုံးခုလုံး ထိန်းနိုင် တယ် လို့ ပဲ သစ္စာ ဆိုစမ်းပါဦး ။ ဟား ... ဟား ... ၊ တစ်ကြိမ် တစ်ခါ တော့ ဖောက်လွဲ ဖောက်ပြန် ရှိဦးမှာပေါ့ကွာ ” 


ဘိုးလေးထွန်းမောင် က အသက် ခြောက်ဆယ် နှင့် ကွယ်လွန် ခဲ့ သော်လည်း ဘိုးလေးထွန်းအောင် က အသက် ရှစ်ဆယ် အထိ ကျန်းကျန်းမာမာ နှင့် သားသမီးများ အပြုအစု ခံပြီး သေ သွား ခဲ့သည် ။ အရက် ကို လည်း အသက် ကြီး မှ အမြင်မှန် ရပြီး ပြတ် သွားခဲ့သည် ။ သူ့ သစ္စာ နှင့် သူ တော့ ဟုတ် နေခဲ့သည် ။


  •••••   •••••   •••••


နံနက်ခင်း တိုင်း အသံစာစာလေး ကို ကြား နေရသည် ။ ယခင် က သည် အသံမျိုး ခင်ခင်ဆင့် မကြားဖူးပါ ။ ခင်ခင်ဆင့် တို့ ရပ်ကွက် က လူနေ ကျဲပါးသည် ။ နံနက်တိုင်း ဘကြီးစိုးတင့် ၏ ဘုရား ရှိခိုးသံ ဩဩကြီး နှင့် ကြီးတော်မတော ၏ ကြေးစည် ရိုက်သံ သဲ့သဲ့ က ခင်ခင်ဆင့် တို့ ရပ်ကွက် ၏ အရုဏ်ဦး သံစဉ်များ ဖြစ်သည် ။ သည် နောက်ပိုင်း မှာ တော့ ပဲပြုတ်နံပြားသည် ၊ မုန့်စိမ်းပေါင်းသည် နှင့် အခြား သရေစာသည် များ ၏ အသံများ ကို ကြားနေကျ ဖြစ်သည် ။ မျက်စောင်းထိုး အိမ် မှ တစ်ခါတစ်ရံ စိတ်လိုလက်ရ ဖွင့် တတ်သော ကြာနီကန်ဆရာတော် ၏ ပဋ္ဌာန်းတရားတော် ကို ကြား လျှင် တော့ ခင်ခင်ဆင့် အလွန် ပျော်သည် ။


ပဋ္ဌာန်းတရားတော် သည် ခင်ခင်ဆင့် ဘဝ အတွက် အလွန် အရေး ပါ သည် ။ ငယ်စဉ် ကတည်း က ဘွားအေကြီး နှုတ်တိုက် ချပေး တတ် သော နှစ်ဆယ့်လေး ပစ္စည်း ခေါ် ပဋ္ဌာန်းဒေသနာတော် ကို ရွတ်ဖတ် ပြီး မှ ခင်ခင်ဆင့် အိပ်ရာ ဝင်လေ့ ရှိပါ၏ ။ ထို အကျင့် ကို စွဲမြဲရာ မှ အထုံအလေ့ ဖြစ်ပြီး အကြောင်းကိစ္စ ကြီးငယ် ရှိ လျှင် ပဋ္ဌာန်း ရွတ်ပြီး ခင်ခင်ဆင့် ဖြေသိမ့် ဆုတောင်း တတ် မြဲ ။ အမှတ်တရ အရှိဆုံး က ခင်ခင်ဆင့် ဆရာမ ဖြစ်ပြီး ချိန် ကျေးရွာ တစ်ရွာ မှာ တာဝန် ထမ်းဆောင်စဉ် က ဖြစ်သည် ။ ထို ရွာကလေး က အိမ်ခြေ မများလှ သော်လည်း ချမ်းသာကြွယ်ဝ သူ များ လှသည် ။ ခင်ခင်ဆင့် ကို ထား ပေးသော အိမ် သည် ရွာ ထဲ မှာ အပြေလည်ဆုံး ဖြစ်သည် ။ ခင်ခင်ဆင့် ရောက်ပြီး မကြာမီ ထို အိမ် ကို ဓားပြတိုက် ခံရသည် ။ 


ထို ည က အိမ်ရှင်ဦးလေး မရှိဘဲ အိမ်ရှင် အဒေါ် နှင့် ကလေး များ သာ ခင်ခင်ဆင့် နှင့် အတူ ရှိနေသည် ။ ကလေးများ ကို စာ ပြပြီး ခင်ခင်ဆင့် အိပ်ရာ ဝင် စ မှာ ပင် အိမ်ရှေ့ မှ တံခါး ခေါက်သံ ကြားရ သည် ။ “ အိမ်ရှင်တို့ တံခါး ဖွင့်ပါဦး ၊ ကျွန်တော်တို့ တည်းခိုချင်လို့ပါ ” ဟူသော အသံ က ခင်ခင်ဆင့် ရင် ကို ဒိန်းခနဲ ခုန်လှုပ် စေသည် ။ သည် အရပ် မှာ သည်လို ဧည့်သည် မျိုး မရှိနိုင်ပါ ။ ဆွေမျိုးသားချင်း မရှိ လျှင် လာ လည်ဖို့ ခက်ခဲသည့် ဒေသ ။ မိုင် နှစ်ဆယ် ကျော် သွားရုံ မျှ ဖြင့် အရှေ့ဘက် မုတ္တမကွေ့ စီး ဝင်ရာ စစ်တောင်းမြစ်ဝ ရေပြင် ကျယ်ကြီး ဆီ ရောက်သည် ။ ကြား မှာ ရွာ ကြီးကြီးမားမား ဟူ၍ လည်း မရှိ ။ ချောင်းရိုး ၊ မြောင်းရိုးများ ပြည့်နှက် နေသော ရွာသိမ်ရွာငယ် များ သာ ရှိသည် ။ ယခုလို ဧည့်သည်မျိုး ကို သင်္ကာမကင်း ဖြစ်စရာ ကောင်း လှသည် ။ ခင်ခင်ဆင့် က စိတ် ထဲ စနောင့်စနင်း ဖြစ်သည် နှင့် ပဋ္ဌာန်းဒေသနာတော် ကို ခေါက်တုံ့ ခေါက်ပြန်ရွတ် နေ ခဲ့သည် ။ တံခါး ခေါက်သံ က ရပ် မသွားခဲ့ ။ မကြာမီ အိမ်ရှင် အဒေါ် ၏ အားကိုးတကြီး အသံ ထွက် လာသည် ။


“ ဆရာမ ရေ အိမ် တံခါး ဖွင့်ပါတဲ့ ။ ဧည့်သည်တွေ တည်းခိုချင်လို့ တဲ့ ”


သူ့ အသံ က တုန်ရီ နေ၍ သူ လည်း ရိပ်မိမှန်း သိသာသည် ။ ထိုခဏ ဒိုင်းခနဲ အသံ ထွက်လာသည် ။ ခင်ခင်ဆင့် မနေသာတော့ ဘဲ တံခါး ဆီ အပြေး သွား ဖွင့်လိုက်သည် ။ ဝုန်းခနဲ အသံ နှင့် အတူ အိမ် ပေါ် တက် လာသော ယောက်ျား တချို့ က ခင်ခင်ဆင့် ကို သေနတ် နှင့် ချိန်ပြီး ထိုင်ခိုင်း ထားသည် ။


“ မလှုပ်နဲ့ ငြိမ်ငြိမ်နေ ”


ခင်ခင်ဆင့် က ဘာကိုမျှ မကြည့်တော့ ။ မျက်စိ ကို စုံ မှိတ်ပြီး ပဋ္ဌာန်း ကို သာ အဖန်ဖန် ရွတ် နေမိသည် ။ သူတို့ က တစ်အိမ်လုံး မွှေနှောက် ရှာသည် ။ ခင်ခင်ဆင့် ထံ မှ လည်း ပစ္စည်း တောင်းသည် ။ ခင်ခင်ဆင့် က ပါလာသမျှလေး ထုတ်ပေး လိုက်သည် ။ ခင်ခင်ဆင့် နှင့် အတူ အိပ် လာသော ကလေးတွေ ထံ မှ လည်း နားကပ်လေးတွေ ချွတ် သွားသည် ။ နောက်ဆုံး အိမ်ရှင့် သေတ္တာကြီး ပါ ယူ လာပြီး ခင်ခင်ဆင့် ကို ဖွင့် ခိုင်းသည် ။ လေးမောင်းထိုး သေတ္တာကြီး ဖြစ်၍ ခင်ခင်ဆင့် ချွေး ပြန် အောင် ဖွင့်ရသည် ။ အိမ်ရှင် အဒေါ်  က သွေးနုသားနု ဖြစ်၍ လသားကလေးလေး ပေါင် ပေါ် တင်ပြီး မလှုပ်မယှက် ထိုင် နေသည် ။ သေတ္တာဖွင့် အပြီး အထဲ မှာ ဘာမှ မရှိတော့ စိတ်တို သွားပုံ ရသည် ။ ဓာတ်ဆီ လောင်းပြီး မီး ရှို့မည် ပြောသည် ။ ခင်ခင်ဆင့် တစ်လုံး တစ်ပါဒ မှ မပြောတော့ဘဲ ကိုယ့် ပဋ္ဌာန်း ကို သာ ကိုယ် ဖိ ရွတ်သည် ။ နောက်ဆုံး ခင်ခင်ဆင့် သေတ္တာ ကို လည်း ဖွင့် ရှာသည် ။ သေတ္တာ ထဲ မှာ အလှထိုးရန် သိမ်း ထားသော ရင်ထိုးလေး ကို ယူလာပြီး ' ဒါဘာလဲ ' ဟု ခင်ခင်ဆင့် ကို မေးသည် ။ ခင်ခင်ဆင့် က ရွှေ မဟုတ်ဘဲ အလှ ထိုးသည့် ရင်ထိုး ဖြစ်ကြောင်း ပြောရာ ခင်ခင်ဆင့် လက်ထဲ  ပြန် ထည့် ပေးသွား ခဲ့သည် ။ အပြန်ပြန် အလှန်လှန် ရှာပြီး စိတ် ကျေနပ် မှ ခင်ခင်ဆင့် တို့ အိမ် မှ ပြန် ဆင်းသွား သည် ။ ခင်ခင်ဆင့် ရော အိမ်ရှင် ပါ လက်ဖျား နှင့် ပင် တို့မသွားခဲ့ ။ ပြိုင်တူ တိုက်သော အခြား အိမ်များ မှာ အရိုက်အနှက် ခံကြရသည် ။ ထိုအချိန် ကတည်း က ခင်ခင်ဆင့် က ပဋ္ဌာန်း ကို ယုံယုံကြည်ကြည် ရွတ်ဆို ခဲ့သည် ။ ပဋ္ဌာန်း တရား အသံ ကြား လျှင် လည်း ကိုယ့် ကိုယ် ကို ကံကောင်းသည် ဟု ယူဆ ခဲ့သည် ။ 


“ ဟော ... ဒီဘက် က မုန့်လုံးကြီးကြော် ... မုန့်ဆီကြော် ... ပဲကပ်ကြော် ဟေ့ ”


ဟောကြည့် ၊ ပြောရင်း ဆိုရင်း သည် အသံ ကို ကြား ရပြီ ။ ပြောရ လျှင် ခင်ခင်ဆင့် အကြော် ကြိုက်သည် ။ ကျောင်း ရှေ့ မှာ လည်း အကြော်ဆိုင် ရှိပါ၏ ။ စား လို့ လည်း ကောင်းပါ၏ ။ သို့သော် လည်း တကူးတက သွား ဝယ် ရသည် ။ ပြိုက်ခနဲ ကုန် သွားသည့် အခါ လည်း ရှိသည် ။ သည်တော့ စားဖြစ် ခဲသည် ။ ယခု အကြော် က တော့ ဘယ်လို နေသည် မသိ ။ ခင်ခင်ဆင့် က ပဲကပ်ကြော် ဆိုလျှင် ပါးပါး ကြွပ်ကြွပ်လေး ကို ကြိုက်သည် ။ ပြောရင်း ဆိုရင်း စားချင်စိတ် ဖြစ်၍ ခင်ခင်ဆင့် အကြော်သည်လေး ကို လှမ်း ခေါ် လိုက်သည် ။ သူ့ အသံ သေးသေးလေး က လည်း သနားစရာ ကောင်း နေ သလို ။


“ လာပါဦး ”


အကြော်သည်လေး လှမ်း ဝင် လာသည် ။ 


“ အဲတော့ ...”


ခင်ခင်ဆင့် အံ့အားသင့် ပြီး ပါးစပ် အဟောင်းသား ဖြစ်သွား ရသည် ။ သူ့ ကို ခင်ခင်ဆင့် သိနေသည် ပဲ ။ သူ က ဗန်းကလေး ချပြီး ပြုံးပြုံးလေး ကြည့် နေသည် ။ 


“ ဘာကြော် ယူမလဲ ဆရာမ ”


အကြော်တွေ ကို ကြည့် လိုက်တော့ ခင်ခင်ဆင့် စိတ်ညစ် သွား သည် ။ သူ့ အကြော် က ခင်ခင်ဆင့် ကြိုက် သလို ပါးပါးကြွပ်ကြွပ်လေး မဟုတ် ။ ထူထူပျစ်ပျစ်ကြီး ကြော် ထားခြင်း ဖြစ်သည် ။ သို့သော်လည်း ချင်းနံ့လေး သင်း နေ၍ ခင်ခင်ဆင့် စား ကြည့် ရန် စိတ်ကူး လိုက်သည် ။ အိမ် မှာ က ဘယ်သူမှ အကြော် မကြိုက်၍ တစ်ယောက် စာ သာ ဝယ် ရသည် ။ 


“ ပဲကပ်ကြော် နှစ်ခု ယူ မယ်နော် ” 


“ ဟုတ်ကဲ့ ”


ပိုက်ဆံ နှစ်ရာ ပေး လိုက်၍ ကောင်မလေး ပြန် ထွက် သွားသည် ။ ခင်ခင်ဆင့် ပဲကပ်ကြော် ကို အသာ ဖဲ့ မြည်း လိုက်သည် ။ ဆီတွေ အိခနဲ စိမ့်ထွက် လာသည် ။ ပါးစပ် ထဲ မှာ ရှတတ အရသာ ကို ခံစား ရသည် ။ အရသာ က တော့ ဆားပြား သင့် ပါ၏ ။ ကောင်မလေး အမြတ်အစွန်း များမည် မဟုတ် ။ သူ့ အကြော် က အရည်ပျစ်ကြော် ထားခြင်း ဖြစ်သည် ။


“ ဘယ်လိုလဲ ဟေ့ ၊ ကောင်းလား ”


အစ်မ က ခင်ခင်ဆင့် ကို လှမ်း မေးသည် ။


“ ကောင်းတော့ ကောင်းတယ် ၊ ဒါပေမယ့် မကြွပ်ဘဲ ဆီတွေ အိ နေတယ် ။ စားကြည့်ပါလား ”


“ အဲဒါ ဟို တစ်ယောက် မဟုတ်လား ”


အစ်မ က အကြော် တစ်ဖဲ့ ယူ စားပြီး ခင်ခင်ဆင့် ကို စပ်စု လိုက်သည် ။


“ ဟုတ်တယ် ၊ ကောင်မလေး သနားပါတယ် ။ အဘိုးကြီး က သူ့ အိမ် ပြန်သွားပြီ ”


“ အေးလေ ၊ ဘာမှ လည်း ပေးခဲ့ပုံ မရဘူး ” 


“ ဒီ အဖြစ်မျိုး က ဒါပါပဲ ဟာ ”


အစ်မ က သူ့ စကား ကို လက်စသတ် လိုက်သည် ။ ခင်ခင်ဆင့် က တော့ ကောင်မလေး မျက်နှာ နွမ်းနွမ်းကလေး ကို မြင်ယောင် ရင်း သနား နေမိသည် ။ သူ နှင့် ခင်ခင်ဆင့် စ တွေ့ခဲ့သည် က လွန်ခဲ့သော သုံးနှစ် က ပါ ။ ထို နှစ် က နွေရာသီ မှာ ခင်ခင်ဆင့် တို့ ရပ်ကွက် အလိုက် လူဦးရေ စာရင်း ကောက် ယူ ရသည် ။ ကိုယ် တာဝန်ကျ သော ရပ်ကွက် အတွင်း မှာ ရှိသည့် အိမ်တွေ ကို အိမ်ထောင်စု ဇယား နှင့် တကွ ရပ်ကွက်လူကြီး အိမ် လာ ခိုင်းရသည် ။ ထိုအချိန် က ကောင်မလေး က အတော်ပင် ငယ် လှပါသည် ။ အိမ်ထောင်စု ဇယားလေး ကိုင်ပြီး ရောက် လာသော ကောင်မလေး လူအများ ကြား မှာ ကြောင်တိကြောင်တောင် နိုင် လှသည် ။


“ ထိုင်လေ ”


ခင်ခင်ဆင့် ထိုင် ခိုင်း လိုက်ပြီး သူ့ လက် ထဲ မှာ ကိုင်ထားသော အိမ်ထောင်စုဇယား ကို လှမ်းယူ ပြီး ကြည့် လိုက်သည် ။ 


“ သုံးယောက်တည်း နော် ”


“ ဟုတ်ကဲ့ ”


သူ့ ကြည့်ရသည် က ခင်ခင်ဆင့် ကို တစ်ခု ခု ပြောချင် နေပုံ ရသည် ။


“ ဆရာမ ”


ခင်ခင်ဆင့် ကို မရဲတရဲ သူ ခေါ်သည် ။


“ ပြောလေ ၊ ဘာပြော မလို့လဲ ”


“ အိမ်ထောင်စု ဇယား မှာ ပါတဲ့ ကျွန်မ အဖေ ၊ အမေ က သေသွားပါပြီ ။ အဲဒါ ကျွန်မ အခု လူ တစ်ယောက် ထပ် ထည့်ချင်လို့ ၊ ရမလား ဆရာမ ”


“ အဲလိုတော့ ထည့်လို့ မရဘူးလေ ။ ဆရာမ တို့ က စာရင်း ပဲ ကောက်ရတာ ။ ညီမလေး ထည့်ချင် ရင် လူဝင်မှုကြီးကြပ်ရေး က လာ မှ ပြောလေ ”


“ ဟုတ်ကဲ့ ”


ကောင်မလေး မျက်နှာနီနီလေး နှင့် ပြန် ထွက်သွားသည် ။ 


“ ဟိတ် .. နေဦး ”


ကောင်မလေး ပြန် လှည့် လာ ပြန်သည် ။


“ ညီမလေး က ဘယ်သူ့ ကို ထည့်မှာလဲ ။ အိမ် မှာ လက်ရှိ ရှိ နေတဲ့ အိမ်ထောင်ဦးစီး ဆိုရင် တော့ အစ်မ စာရင်း ကောက် သွားမယ် ” 


စာရင်း တိကျ စေ လို၍ ခင်ခင်ဆင့် ပြော လိုက်သည် ။ 


“ နေပါစေတော့ အစ်မ ၊ ကျွန်မ မထည့်တော့ပါဘူး ” 


ကောင်မလေး ပြန် ထွက် သွား၍ ခင်ခင်ဆင့် ရှေ့ မှာ ထိုင်နေ သော အမျိုးသမီး တစ်စု ပြုံးစိစိ ကျန်ရစ်သည် ။


“ ဟင်း ... ဟင်း ၊ ဆရာမ က သွား မေး နေတယ် ။ သူ က ဘယ် ပြောရဲမှာလဲ ” 


“ ဘာဖြစ်လို့လဲ ”


“ ဘာဖြစ်ရမလဲ ဆရာမ ရယ် ၊ သူ က ထွန်းသီရိစတိုးဆိုင် က ဦးထွန်းနိုင် က ကြည့်ရှု ပေးထားတာလေ ။ အဘိုးကြီး က သူ့ အိမ် မှာ လာ နေတော့ ၊ သူ က တရားဝင် ဖြစ်ချင်မှာ ပေါ့ ”


ခင်ခင်ဆင့် ရင် ထဲ လှုပ်ခတ် သွားသည် ။ ထွန်းသီရိစတိုး က ခင်ခင်ဆင့် တို့ မြို့ မှာ အကြီးဆုံး စတိုးကြီး တစ်ခု ပါ ။ ထွန်းသီရိပိုင်ရှင် ဦးထွန်းနိုင် က လည်း အသက် ကြီးလှပါပြီ ။ ပြောရ လျှင် ခင်ခင်ဆင့် တို့ အဖေ နှင့် ပင် မတိမ်းမယိမ်း အရွယ် ရှိပြီ ။ စောစောပိုင်း က ကောင်မလေး သည် အလွန်ဆုံး ရှိ မှ နှစ်ဆယ် ပါ ။ ခင်ခင်ဆင့် ရင် ထဲ စူးတူးရှတကြီး ဖြစ်နေသည် ။


“ အဘိုးကြီး က သားသမီးတွေ တစ်ပြုံတစ်မ နဲ့ သူ့ မိန်းမ လည်း ရှိ နေတာ ၊ ဘယ် လာ အတည် ဖြစ်လိမ့်မလဲ ။ သူ က သာ ... ”


‘ တော်ကြပါတော့ ’ ဟု ခင်ခင်ဆင့် ပြော ပစ်လိုက် ချင်သည် ။ သူများ အကြောင်း ကို သူတို့ မို့ နှိုက်နှိုက်ချွတ်ချွတ် ပြောချင် ကြသည် ။ မှန်သည်ပဲ ထားဦးတော့ ၊ လူမှုကျင့်ဝတ် အရ စာနာထောက်ထား သင့်သည် ။ တကယ်ဆို ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့် ကိုယ် ကို ခြောက်ပစ်ကင်း သဲလဲစင် သာ ဖြစ်ချင်ပါ လိမ့်မည် ။ အကြောင်းတရားတွေ ကြောင့် အကျိုးတရားတွေ ဖြစ်လာသည့် နောက် လက်ရှိ ဘဝ မှာ ခါးစည်း ခံကြ ရသည် ။ သည့် နောက်ပိုင်း ထို ကောင်မလေး အကြောင်း ကို ခင်ခင်ဆင့် မကြားမိ ခဲ့ ။ သူ့ ကို မေ့ပျောက် သလို ဖြစ်သွား ခဲ့ရ သည် ။ ယခု အကြော်သည် ဆိုပါ မှ ထို ကောင်မလေး ဖြစ် နေ၍ ခင်ခင်ဆင့် အံ့ဩ ရသည် ။ သူ့ ခမျာ ဘယ်လို ဖြစ်ပြီး အကြော် ရောင်း နေရှာသည် မသိ ။ ဟို လူကြီး ရော ၊ ဘာကြောင့်များ မျက်နှာလွှဲ ခဲပစ် ထားခဲ့သည် လဲ ။ ခင်ခင်ဆင့် အတွေးတွေ ရှည်လျား သွားသည် ။ ပါးစပ် ထဲ မှ အကြော်သည် အရသာ မရှိတော့ ။ တကြွပ်ကြွပ် ဝါး ရမည့် အစား တစိစိ ဖြစ်နေသည် ။ ဝါးလိုက် တိုင်း စိမ့်ထွက် လာသော ဆီတွေ ကို လည်း ခင်ခင်ဆင့် နှမြော နေသည် ။ သည်ပုံ အတိုင်း ဆို လျှင် ကောင်မလေး အကြော် မြတ်မည် မဟုတ် ။ တစ်ယောက် တည်း ရုန်းကန် နေရသည့် အဖြစ် မှာ အမြတ်အစွန်း မရှိ လျှင် သူ ဘယ်လို ရပ်တည် ရှာမည် မသိ ။ နောက် တစ်နေ့ ခေါ်ပြီး သတိပေးမည် ဟု ခင်ခင်ဆင့် စိတ်ကူး လိုက်သည် ။


  •••••   •••••   •••••


ခင်ခင်ဆင့် ကိုယ့် စိတ် ကိုယ် အံ့ဩ နေ မိသည် ။ နံနက် အိပ်ရာ ထ ကတည်း က အကြော်သည်လေး ကို သတိရ နေသည် ။ အရွယ် နှင့် မမျှသော လောကဓံ ကို သူ ခံစား ခဲ့ရ၍လား မသိ ။ သူ့ မျက်နှာလေး က အရွယ် ထက် ရင့်ရော် နေသည် ။ ရင့်ကျက်တည်ငြိမ် သည် ဟု မပြောသာ သော်လည်း သူ့ အနေအထိုင် နှင့် အမူအရာ က လက်ရှိ အခြေအနေ နှင့် ဆက်စပ် မရအောင် ကွာဟ လွန်းသည် ။ အနေအထိုင် အေးဆေးသည် ဟု ပဲ ပြောရပါမည် ။ ဒါနှင့် များ တောင် ...  ။


“ ဟေ့ ... ဒီဘက် က မုန့်လုံးကြီးကြော် ၊ မုန့်ဆီကြော် ၊ ပဲကပ်ကြော် ၊ ဘယာကြော် ဟေ့ ”


ပြောရင်းဆိုရင်း အကြော်သည်လေး အသံ ကြားရပြီ ၊ ခင်ခင်ဆင့် အိမ်ရှေ့ ပြေးထွက် သွားသည် ။


“ လာပါဦး ... ”


ခင်ခင်ဆင့် ကို မြင် တော့ မျက်နှာလေး ပြုံး နေသည် ။


“ ဆရာမ အကြော် ကြိုက်ပုံ ရတယ်နော် ”


“ အေး ကြိုက်တယ် ၊ ဒါပေမယ့် နင့် အကြော် က ဆီတွေ များ လွန်းတယ် ဟယ် ။ အကြော်မှုန့် နဲ့ ရေကျဲလေး ကြော်ပါလား ။ ဆီ ကုန် လည်း သက်သာ ၊ စား လည်း ကောင်းတယ် ။ အမြတ်အစွန်း လည်း ကိုယ့် အတွက် ကျန်တာပေါ့ ။ နင့် အကြော် က အရသာ တော့ ရှိပါတယ် ” 


သူ့ မျက်နှာ မှာ အပြုံး ပျောက် သွားသည် ။


“ ဟုတ်တယ် ဆရာမ ရယ် ၊ စားတဲ့သူ တိုင်း က လည်း ကျွန်မ ကို ပြောတယ် ။ ကျွန်မ လည်း အဲဒီလို ကြော်ချင်ပါတယ် ။ ဒါပေမယ့် ဘဘ က ပြော မရဘူး ။ ရှေးရိုး အတိုင်းပဲ ကြော် ရတယ် တဲ့ ။ သူ က အခု သားသမီးတွေ နဲ့ အဆင်မပြေ လို့ အိမ် မှာ လာ နေတယ်လေ ။ ဟိုတုန်းက ကူညီ စောင့်ရှောက်ထား တော့ ၊ လက် မခံချင် လို့ လည်း မရဘူး ။ တော်ကြာ သစ္စာ မရှိဘူး ၊ ပိုက်ဆံ မက်တယ် လို့ အပြော ခံ ရ မှာ စိုးလို့လေ ။ သူတို့ အခု စီးပွားရေး ကျတော့ ၊ သိပ်ပြီး အဆင် မပြေလှဘူး ။ ဒီတော့ ကိုယ် ပဲ ဦးဆောင်ရတာ ပေါ့ ”


ခင်ခင်ဆင့် ပြောစရာ စကားလုံး ရှာ မတွေ့တော့ ။ “ အင်း အဲ ” နှင့် သာ ခေါင်းညိတ် လိုက်ရသည် ။ ဒါပေမယ့် သစ္စာ ဆိုသည့် စကား တစ်လုံး ကို တော့ ခင်ခင်ဆင့် သတိထား လိုက်မိသည် ။ သစ္စာ ဆိုတာ တစ်ခါတလေ တော့ လည်း ...


◾သွဲ့ထားညို


📖 သောင်ယံကမ်း က လွမ်းလက်ကျန်


#ကိုအောင်နိုင်ဦး


.

Thursday, January 25, 2024

မရှိ ဝမ်းစာ ၊ ရှိ တန်ဆာ


 ❝ မရှိ ဝမ်းစာ ၊ ရှိ တန်ဆာ ❞ 


ရေချိုးခုံ မှာ နေရောင် စူးစူး ကျနေသည် ။ ဝေရည် နာရီ ကြည့် လိုက်သည် ။ ဆယ်နာရီမတ်တင်း ။ ဘီးကျော် ပတ်ထားသော ဒူးခေါက်ခွက် ဆံပင်တွေ ကို ဖြေ ချရင်း ဘီး ဖြင့် ခပ်သွက်သွ ဆွဲ ချသည် ။


“ ဝေရည် ခေါင်းလျှော် မလို့လား ”


“ ဟုတ်ကဲ့ အဘွား ”


“ ဒီနေ့ ဘာနေ့တုန်း ” 


“ တနင်္လာ ပါ အဘွား ”


ဝေရည် ကိုယ့် ပါးစပ် ကိုယ် ရိုက်ပစ် လိုက်ချင်သည် ။ ဘာဖြစ်လို့ များ နေ့ လွှဲ မပြောမိပါလိမ့် ။ သည် အဘွား အကြောင်း ကို သိနေ ပါ လျက် ဝေရည် ကို က လူအ လွန်းသည် ။


“ ဟဲ့ ကရင်သားမွေး ခေါင်းမဆေးနဲ့ လေ ၊ ဒီ ကလေးတွေ ပြောထားလျက် နဲ့ မဆင်မခြ င်လုပ်ပြန်ပြီ ”


သွားပြီ ၊ ထင်သည့် အတိုင်းပါပဲ ။ တဖျစ်တောက်တောက် ပြောမဆုံး တော့ မှန်း ဝေရည် သိနေသည် ။ မလျှော် လို့ လည်း မဖြစ် ။


နံနက် က ထမင်းချက် အပြီး မီးကျည်ခဲ ရဲရဲတွေ ပေါ် ရေ လောင်းချ မိသည် ။ ပြာတွေ က လွင့်ခနဲ တက် လာပြီး ဝေရည့် ခေါင်း ပေါ် ဖွေးခနဲ ကျသည် ။ လက် ဖြင့် သပ်ချစဉ် ချွေး ကြောင့် ဆံပင် မှာ ကပ် ကုန်သည် ။ ထိုခဏ ဦးရေပြား က ယားကျိကျိ နှင့် ချက်ချင်း ခေါင်း လျှော်ချင်စိတ် ပေါ်လာသည် ။ သည် အဘွား က ရေချိုး ခေါင်းလျှော် တောင် သူ့ အဆုံးအ မနှင့် လွတ်ကင်း ၍ မရမှန်း သိနေ ပါလျက် ဝေရည် မဆင်ခြင် မိ ။ မလျှော် မဖြစ်သည့် အဆုံး ခေါင်းလျှော်ရည်ဘူး ကို ဝှက် ယူရင်း ရေချိုးခုံ ဆီ ထွက် လာသည် ။


ဝေရည် က ဆံပင်ရှည် သမား ဖြစ်၍ မကြာခဏ ခေါင်းလျှော် ချင် စိတ် ဖြစ်မိသည် ။ ယခု လို နွေရာသီ မှာ ပို ဆိုးသည် ။ ဖုန် နှင့် ချွေး က ဝေရည့် ဆံပင်ရှည်ကြီး ကို မကြာခဏ စေးကပ်ကပ် ဖြစ်စေသည် ။ ပေရည့် ဆံပင် က ထူ လည်း လူ ၊ အုံ လည်း ကောင်း၍ လျှော် တိုင်းလည်း ကရိကထ များလွန်းသည် ။ အဘွား ကို ကြောက်၍ ခေါင်းလျှော်ရက် ရွေးရသည် က လည်း အလုပ် တစ်ခု ပါ ။ ကင်ပွန်းသီး ခေါင်းလျှော်ရည် ဖြင့် မလျှော် ပြန် လျှင် လည်း အဘွား က မကြိုက်ချင် ။ ဝေရည် က လူငယ် သဘာဝ တီဗီ မှ လာသော ခေါင်းလျှော်ရည် တစ်မျိုး ပြီး တစ်မျိုး ကို သုံး ကြည့် ချင်မိသည် ။ အဘွား က ကင်ပွန်းတရော် လောက် မကောင်း ဟု ပြောမြဲ ။ အမှန် လည်း တချို့ ခေါင်းလျှော်ရည်များ ကင်ပွန်းတရော် လောက် မကောင်းပါ ။ လျှော် လိုက် သည် နှင့် ဗောက်ထ လွန်း ၍ ရပ်ပစ် ရသော ခေါင်းလျှော်ရည်မျိုး လည်း ရှိသည် ။ ဝေရည် က မျိုးစုံအောင် လျှော် ကြည့် ပြီးမှ အဆင် ပြေသော ခေါင်းလျှော်ရည် တစ်မျိုး တည်း ကို သာ စွဲစွဲမြဲမြဲ သုံး ဖြစ်ခဲ့သည် ။ အဘွား က သမားရိုးကျ အဘွား ပါ ။ အသက် ရှစ်ဆယ် ကျော် ၍ ကွမ်းသီးလုံးလောက် သာ ရှိသော သူ့ ဆံပင်လေး ကို ဋီကာ ချဲ့ လွန်း သည် ။ အဘွား ဆံပင် လျှော်တော့မည် ဆိုလျှင် တစ်အိမ်လုံး အလုပ် များ တော့သည် ။ ပါးစပ် ကလ ည်း ဗျစ်တိ ဗျစ်တောက် ပြောသေးသည် ။ 


“ ဟဲ့ မိမြင့် ၊ ဒီနေ့ ဘာနေ့တုန်း ”


ဝေရည် အမေ ဒေါ်ခင်မြင့် က သူ့ အမေ အကြိုက် အလိုက် သိသည် ။


“ ဒီနေ့ စနေ အမေ ။ အိုးစည်တီး ပြီးအောင်လျှော် ဆို ၊ လျှော်လို့ ရတာပေါ့ အမေ ရဲ့ ”


“ အေး ... အေး ၊ ဒါဆို အမေ့ အတွက် ကင်ပွန်းသီးလေး ပြုတ် စမ်း ။ မြေအိုး နဲ့ ပြုတ်နော် ၊ ဒန်အိုး နဲ့ မပြုတ်နဲ့ ။ တရော်လေး လည်း လုပ်ဦး ”


သည်လောက် စတီးအိုး တွေ ခေတ်စား နေသည့် အချိန် မှာ အဘွား ပြောသည့် မြေအိုး က ဝေရည် တို့ တစ်အိမ် သာ ရှိမည် ထင်သည် ။ အဘွား က မြေအိုး မှ မြေအိုး ။ တို့စရာ ပြုတ်လည်း မြေအိုး ၊ ပဲပြုတ် လည်း မြေအိုး ။ ဝေရည် တို့ အိမ် က လျှပ်စစ်မီးဖို နှင့် ပေါင်းအိုး ကို အသုံးများ သော် လည်း အဘွား စိတ်ကြိုက် လုပ်ပေး နေရ၍ မြေအိုးပေါက်စိလေးတွေ ဝယ် ထား ရသည် ။ နွေ ဆို လျှင် ဝေရည် တို့ အရပ် မှာ တံခွန်တိုင် ဘက် မှ အိုးလှည်းတွေ လာသည် ။ အိုးတွေ တစ်နင့် တစ်ပိုး နှင့် ဝါးတိုင်တွေ ထောင်ပြီး ကောက်ရိုး ညှပ် တင်လာ သော အိုးလှည်းတွေလာ တိုင်း ဝေရည် တို့ သားအမိ အိုးဝယ် ထွက် ရမြဲ ။ အမေ့ အတွက် ပန်းအိုး ၊ ဝေရည့် အတွက် အိုးပုတ် ၊ အဘွား အတွက် အိုးပေါက်စိလေးတွေ ထွက် ဝယ်ပြီး ခေါက်တုံ့ ခေါက်ပြန် သယ် ရသည် ။ ဝေရည် က ကစားစရာ ရ ၍ ပျော်သလို အဘွား လည်း ပျော်သည် ။ သူ့ အိုးလေးတွေ ကို ခေါက် ကြည့်ရင်း ဒါက ဖျဉ်းအိုး ၊ ဒါက အတာအိုး ၊ ဒါက တို့စရာပြုတ်အိုး ၊ ဒါက ကင်ပွန်းသီးပြုတ်အိုး ခွဲခြား ရင်း အဘွား တစ်ယောက် အလုပ်များ နေ တတ်သည် ။ စိတ် မကျေနပ် လျှင် ဝေရည့် ကို ခေါ်ပြီး အိုးသည်တွေ ထံ သူ ကိုယ်တိုင် သွား တတ်သည် ။ အိုးသည်တွေ က ဝေရည် တို့ ရပ်ကွက် အနီး ကန်ပေါင်ကြီး မှာ နှစ်ရက် ၊ သုံးရက် စခန်းချ ရောင်း တတ်သည် ။ ပြီးမှ အနီး ဝန်းကျင် ရွာတွေ လှည့်လည် ရောင်းသည် ။ 

“ အိုး ဆိုတာ ခေါက် ကြည့်ရတယ် အေ့ ။ တင်ခနဲ တင်ခနဲ မြည် မှ အိုးကောင်း ။ ညည်းတို့ ကြားဖူးသားပဲ ၊ ဒေါင်ဒေါင်မြည် မှ အိုး ၊ သုံးလွန်းတင် မှ ကြိုး ဆိုတာ အေ ။ ခုခေတ် အိုးတွေ ခေါက် ရတာ အားမရပါဘူး ”


အိုးသည်တွေ က အဘွား ကို အကြောင်း သိ နေကြသည် ။ အဘွား ရွေး သမျှ သည်းခံ နေကြသည် ။ စိတ် မရှည်သူ က အဖေ ပါ ။ အဘွား မို့ အိုးတွေ တစ်ပွေ့တစ်ပိုက် နှင့် ပြန် လာလျှင် - 


“ အမေ က လည်း ဒီ ခေတ် မှာ ဒီ အိုးတွေ ဘာ လုပ်ဖို့ အများကြီး သယ်လာလဲ မသိဘူး ၊ ချက် တော့ ဖြင့် ပေါင်းအိုး နဲ့ ”


ရှေ့ ဆက်လည်း အဖေ မပြောရဲပါ ။ ယောက္ခမ ဖြစ်၍ ပြောထွက် သည် ထင်မှာ အဖေ စိုးသည် ။ အဖေ က အဘွား ကို လေးလေးစားစား သာ ဆက်ဆံသည် ။


“ မင်းတို့ နှယ် မြေအိုးထမင်း မစားဘူးလို့ ပါ ။ မင်းတို့ ပေါင်းအိုး လို မဟုတ်ဘူး ၊ မြေနံ့လေးကို သင်း လို့ ၊ တစ်ခေါက် လောက် တော့ ချက်ကျွေး ဦးမယ် ”


အဖေ က အတိုက်အခံ မပြော ၊ ချက် ဆို ချက် လိုက်သည် ။ ကင်းပွန်းသီးပြုတ် ဆို ပြုတ် လိုက်သည် ။ တကယ်ဆို ကင်ပွန်းသီး ခေါင်းလျှော်ရည်ထုပ်တွေ ဝေရည် တို့ လမ်းထိပ် မှာရောင်းပါသည် ။ အချိန်ကုန် မခံဘဲ ဝယ်ပေး လိုက် လျှင် ပြီးသည် ။ သို့သော်လည်း အဘွားနဲ့ က မဖြစ် ။


“ ကင်ပွန်းသီးတွေ က မလတ်ဆတ် ၊ သရော် က လည်း မကောင်း ၊ ဘယ်နှစ်ရက် ဘယ်နှစ်ကာလ က မှန်း မသိဘူး ။ လျှော်နိုင်ပါဘူး ”


တစ်ချက်လွှတ် ပြောတော့ သူ့ အမေ စိတ်ချမ်းသာ အောင် အမေ ပျာယီးပျာယာ ထ လုပ်ပေးမြဲ ။ အဘွား က ဇွတ် အဘွား ပါ ။ ယခုလည်း ကြည့် ဝေရည် နား မှာ ရစ်သီရစ်သီ လုပ်နေသည် ။


“ ကရင်သားမွေး ပါ ဆိုမှ ဘယ်နှစ်ရက် များ ရှောင် ရလို့လဲ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ ၊ ကြာသပတေး ပေါ့ တော် ” 


“ အဘွား ဟာ က တစ်ပတ် မှာ ခုနစ်ရက် ရှိတာ လေးရက် မလျှော်ရဘူး ဆိုတော့ ဘာများ ကျန်လို့လဲ ၊ ခေါင်း က ညစ်ပတ်ပါတယ် ဆိုမှ ဘယ်လို လုပ် စောင့်နိုင်မှာလဲ ၊ အဖေ က ပြောတယ် မင်္ဂလာ ရှိအောင် နေရင် မင်္ဂလာ ရှိတယ် တဲ့ ၊ အစွဲအလမ်း မထားရဘူးတဲ့ ” 


“ ဟဲ့ ဝေရည် အဘွား ကို ဘာလို့ ပြန် ပြောနေတာလဲ ၊ သူ ပြော သလို လုပ်လိုက်တော့ ဘယ်လောက် ပင်ပန်း သွားမှာလဲ ” 


အမေ က အော်ပြီး သူ့ အမေ ထိ လျှင် သည်လို ပါ ပဲ ။ အဖေ့ လည်း ပြော နေကျ ၊ အဖေ က သည်းခံနိုင် ၍ တော်သေးသည် ။ သည်နေ့ တော့ သည်းမခံ နို င်၍ ဝေရည် ဇွတ်မှိတ်လျှော် ဖြစ်သည် ။ အဘွား က ဝေရည့် နား မှာ ရစ်သီရစ်သီ လုပ်နေသည် ။ အဘွား မျက်နှာ မကြည် မလင် က ဝေရည့် ကို မကျေနပ်မှန်း သိသာစေသည် ။ ဝေရည် မသိဟန် ဆောင်နေလိုက်သည် ။


“ မြန်မြန် လည်း လျှော်ဦး ၊ နေ က ပူနေပြီ ၊ တော်ကြာ လတ်လတ် ဖြစ် နေဦးမယ် ”


အဘွား က မပြောသာ ပြောသာ ပြော လိုက်သေးသည် ။ လတ်လတ် ဆိုတာ ဝေရည် တို့ အမျိုး ထဲ က ပါ ။ အသက်လေး သုံးဆယ် ကျော် နှင့် မွန်းတည့် ရှိန်ရှိန် ခေါင်း လျှော်ပြီး ခဏအကြာ ခေါင်းမူး သည် ဆိုကာ သေဆုံး သွားခဲ့ခြင်း ဖြစ်သည် ။ သည် အထိ ပြောလာပြီ ဆိုမှ အဘွား စိတ် ထဲ အတော်ချည်း စိတ်မချမ်းမသာ ဖြစ်နေမှန်း သိသာသည် ။ အဘွား ပြောသလို နေ က လည်း ပူ လှသည် ။ ရေချိုးခုံ လည်း အရင် လို အရိပ်အာဝါသ မရှိလှ ။ ကိုယ့် အရပ် နှင့် ကိုယ့်ဇာတ် ဖြစ် ၍ အရိပ်ကောင်းသော နေရာ မှာ ရေချိုးခုံ လုပ်ထားခြင်းက အရပ်ဓလေ့ ဖြစ် နေသည် ။ ဝေရည် ကျောက်စည်ပိုင်း တွင်း မှ ရေ ကို လက် ဖြင့် နှိုက် ကြည့် လိုက်သည် ။ ယခင်လို အေးစိမ့် မနေဘဲ ရေ က ခပ်နွေးနွေး ဖြစ်နေသည် ။


နာဂစ်မုန်တိုင်း ပြီး ကတည်း က ဝေရည် တို့ ခြံ ထဲ မှာ အရိပ်အာဝါသ ကင်း သွားသည် ။ ရာသီမရွေး ဝေဆာ နေသော သစ်ပင်ကြီးတွေ အတုံးအရုံး ပြိုလဲကုန်သည် ။ ရေချိုးခုံ ကို အုပ်မိုး ထားသော လုံးပတ် ထွာဆိုင် ရှိသည့် ပိတောက်ပင်ကြီး လည်း သင်္ခါရ သဘော ဆောင် သွားသည် ။ ခရေပင်ပုလေး လည်း အနိစ္စ သဘော ပြသွားသည် ။ ကုက္ကိုပင်ကြီးများ နှင့် မန်ကျည်းပင်ကြီး များ လည်း ဖြစ်ပျက် ကို မလွန်ဆန် နိုင်ကြ ။ အဘွား ၏ လက်သုံးစကား အဆုံးအမများ ကြောင့် ထို အပင်ကြီးတွေ အတွက် စိတ်မကောင်း ဖြစ်မိ သော်လည်း ဝေရည် ဖြေသာသည် ။ မန်ကျည်းပင်တန်း မှာ အသိုက် လုပ်နေသော ဗျိုင်း မိသားစု ၊ ချိုး မိသားစုလေး တွေ ကို တော့ ဝေရည် လွမ်းသည် ။ နှစ်စဉ် လာ နေကျ ဖြစ်၍ သူတို့ ၏ လှုပ်ရှားမှု ကို စောင့်ကြည့် ရသည့် အရသာ ကို ဝေရည် သဘော ကျသည် ။ ဝေရည် တို့ ခြံ ထဲ မှာ သူတို့ အတွက် အန္တရာယ် မရှိ ၍ စိတ်တိုင်းကျ နေ နေကြသည် ။ နွေရာသီ လေကလေး တဖြူးဖြူးနှင့် ချိုးကူသံ ချွဲနွဲ့နွဲ့ ကို ကြားလျှင် ဝေရည် တစ်နေရာရာ ကို လွမ်းတတ်မြဲ ။ ထို အလွမ်း သည် အမျိုးအမည်မ ကွဲပြား ၍ လွမ်းရတာ အရသာ ရှိလှသည် ။ ကြေကွဲ လွမ်းဆွတ်ခြင်း မျိုး မဟုတ်ဘဲ ကြည်နူး ဆွတ်ပျံ့စွာ လွမ်းမောခြင်း ဖြစ်သည် ။ ယခုတော့ ထို အရသာ လည်း မရှိတော့ ။ ကျီကျီကျာကျာ အော်တတ်သော စာဝတီး တစ်သိုက် သာ အိမ် ကို ဝင်လိုက် ထွက်လိုက် လုပ်နေသည် ။ အိမ် မှာ အစီအရီ ထောင် ထား သော ဆန်အိတ်တွေ ကို နှုတ်သီး နှင့် ထိုးဖောက် စားလိုက် ၊ ချေး ပါ သွားလိုက် လုပ်နေ၍ ဝေရည် နှင့် စာ တစ်သိုက် မကြာခဏ ရန်ဖြစ် ရသည် ။ သူတို့ ခမျာ လည်း အပြစ် ပြောလို့ မရ ။ အရိပ် ခိုစရာ သစ်ပင် ကြီးကြီးမား မားမရှိတော့ ၍ ဝေရည် တို့ နှစ်ထပ်အိမ်ကြီး သည် သူတို့ အတွက် နားခိုရာ ဘူမိနက်သန် ဖြစ်နေခဲ့သည် ။ သည် အတွက် ဝေရည် နာဂစ် ကို စိတ် နာသည် ။ ဝေရည် တို့ နိုင်ငံ့ဂုဏ်ရည်ဆောင် စပါးကျီ ကို ဖျက်ဆီး ပစ်ရုံသာ မက အသက်အိုးအိမ် စည်းစိမ်များစွာ လည်း ပျက်စီး ခဲ့ရသည် ။ သမိုင်း တစ်လျှောက် လုံး မမေ့နိုင် သော အတိတ်ဆိုးကြီး ကို နာဂစ် က ချန်ထား ရစ်ခဲ့သည် ။


နာဂစ် အကြောင်း ပြော လျှင် စိတ် အဆိုးဆုံး က ဝေရည့် ဘကြီး ဝမ်းကွဲ ဦးကျော်အောင် ဖြစ်သည် ။ နာဂစ် ဟု စကား စ လိုက်သည် နှင့် မျက်နှာကြီး နီ ၊ စကားစ ဖြတ်ပြီး စကားဝိုင်း မှ ဝုန်းခနဲ ထ ပြေးတတ် စမြဲ ။ သူ့ ဇနီး ကြီးတော် မလှအေး က အခါအခွင့် သင့် တိုင်း နှစ်သိမ့် ရှာ သည် ။


“ တော် က လည်း တော် သူများတွေ အသက် တောင် သေရသေး တာ ၊ တော် က ဒီလောက်လေး ဖြစ်တာ ဆန်းသလား ”


အားသာ ပေးရသည် ။ ကြီးတော် မျက်နှာကြီး က လည်း ပြုံးစိစိ ရယ်ပါ ။ ဘကြီးကျော် မျက်နှာကြီး ပို ရဲသွားသည် ။ 


“ နင် မှ အပြောကောင်း ၊ သေတာ က မှ ကောင်းသေး ၊ လူ ဆိုတာ အသက် နဲ့ လူ လုပ်တာမဟုတ်ဘူး ၊ အရှက် နဲ့ လူ လုပ်တာဟ ”


ငိုသံပါကြီး နှင့် ဘကြီး ပြော မှ ကြီးတော် မျက်နှာပိုး သ,တ် သည် ။


သူ့ ခမျာ ရှက်မည် ဆိုလည်း ရှက်စရာ ပါ ။ နာဂစ် တိုက် သည့် နံနက် က သူတို့ အိမ် မှာ လင်မယား နှစ်ယောက်တည်း ရှိသည် ဟု ဆိုသည် ။ သူတို့ အိမ် က ရွာ အရှေ့ဘက် လယ်ကွင်းများ အလယ် မှာ ဖြစ်သည့် အပြင် အိမ်ကုန်း က လည်း မြင့် လိုက်သေးသည် ။ သစ်ပင် အကာ အကွယ် လည်း မရှိ၍ နာဂစ် က ကျီစယ် ချင်တိုင်း ကျီစယ် ခွင့် ရနေ သည် ။ လေ အပြင်းထန်ဆုံး အချိန် မှာ တဲ ခေါင်မိုး သွပ်ပြားကြီး က ဟစိ ဟစိ ဖြစ်နေ၍ ဘကြီးကျော် က တွဲခို ထားရသည် ဟု ဆိုသည် ။ တစ်နာရီ နီးပါး တွဲခို ထားသည့် နောက် လေ က လည်း ပြင်းသထက် ပြင်း လာသည် ။ နောက်ဆုံး လေ တစ်ချက် က ပြင်းပြင်းထန်ထန် ဆောင့် အတွန်း မှာ သွပ်ပြားချပ်ကြီး လန်ထွက် သွားပြီး လူ ပါ လေဟုန် စီး သလို ပါ သွားရသည် ။ ကံ ဆိုးချင် တော့ ပုဆိုး က ကျန်နေခဲ့သည် ။ ဘကြီး ခမျာ သည်းထိတ်ရင်ဖို နှင့် သတိလက်လွတ် ပါသွားပြီး တစ်ခေါ် လောက် ဝေး သည့် ဘုန်းကြီးကျောင်းဝင်း ထဲ ရှိ သဲပုံ ပေါ် တလိမ့်ခေါက်ကွေး ကျ သွားခဲ့ရှာသည် ။ အရေး ထဲ ဘုန်းကြီးကျောင်း ဝင်း ထဲ မှာ အလှူ လုပ်နေ၍ လူတွေ တစ်စုတစ်ဝေး ရှိနေသည် ။ ရပ်ကွက်တွင်း မှ လေခို နေသူတွေလ ည်း ရှိသည် ။ ဘကြီး အဖြစ် ကို မြင်တော့ လူတွေ တအံ့တဩ ဖြစ်ပြီး ဝိုင်းဝန်း ကြည့်ကြသည်တဲ့ ။ ဘကြီး က ခဏတဖြုတ် သတိ လစ်ပြီး မကြာခင် သတိရ လာခဲ့သည် ။ သူ့ခမျာ မေးစေ့ကွဲ ၊ ဒူးပြဲရုံ ဒဏ်ရာ ရ သော်လည်း ရှက်စိတ် ကြောင့် အိပ်ရာ ထဲ လဲခဲ့ရသည် ။ ဘကြီး ကြောင့် လူတွေ လည်း ငိုအား ထက် ရယ်အား သန်ခဲ့ရသည် ။ ဘကြီး အကြောင်း တွေးလျှင် ဝေရည် ရယ်ချင်သည် ။


“ ဝေရည် သွက်သွက် လျှော် လေ ၊ သမီး အဘွား စိတ်ဆိုး နေတယ် ”


အဲဒါပဲ ကြည့် ။ ခေါင်း လျှော် တာ စိတ်ဆိုးစရာ လား လို့ ။ အဘွား နှင့် တော့ ခက်ပြီ ။ သည်ဆံပင်ရှည်ကြီး ကို သူ ပဲ ထား ခိုင်းခဲ့သည် ။ ဝေရည့် မှာ အသက်ကလေးငယ်ငယ် နှင့် ဆံပင် မနိုင်မနင်းကြီး ကို သယ်ပိုး ထားရသည့် ဒုက္ခ ကို အဘွား ကြောင့် သည်းခံ နေရသည် ။ အဘွား က ဆံပင် နှင့် ပတ်သက် လျှင် အစွဲအလမ်း ကြီးသည် ။ ဝေရည် ငယ်ငယ် က နားထောင် ခဲ့ရသော အိပ်ရာဝင် ပုံပြင်များ ထဲ မှ အဘွား ၏ ဆံတုကြီး အကြောင်း က ဝေရည့်ကို  အထိတ်တလန့် နှင့် စွဲလမ်း စေခဲ့သည် ။ ထို ဆံတုကြီး က အဘွား ထံ မှာ ယခု တိုင် ရှိနေဆဲ ဖြစ်သည် ။ ဂုဏ်ယူ မြတ်နိုးစရာ အဖြစ် သားစဉ်မြေးဆက် ထိန်းသိမ်း ခဲ့ခြင်း လည်း ဖြစ်သည် ။


“ မိန်းမတို့ ဘုန်း ဆံထုံး တဲ့ ၊ ငါတို့ တစ်မျိုးလုံး ဆံပင် ကောင်းကြ တယ် ။ ဆံပင် ဆို အမြတ်တနိုး နဲ့ တရိုတသေ ထားကြတာ ။ ငါတို့ အဒေါ်တွေ ဆို ခေါင်း ဖြီးလို့ ဆံပင်လေး တစ်ပင် ကျွတ် ရင်တောင် ငိုရတာ အမော ၊ ဒီတုန်း က ငါတို့ က ကလေး ရှိသေးတာ ၊ အဒေါ်တွေ ခေါင်း ဖြီးရင် ဆီ လူးရင် ငေး ကြည့်ရတာ အမော ၊ တို့ အဘွား ဆို ဆံပင် ရှည် တာ တစ်ရပ် ကျော်ပြီး မြေကြီး မှာ ပုံနေတာ ပေါ့ ။ ခေါင်း လျှော် ရင် လူ တစ်ယောက် အကူ ခေါ်ရတယ် ။ အဘိုး က အဲ့ဒီ ဆံပင် အရှည်


ကြီး ကို သဘောကျ လို့ မြင်းတွေ ၊ မြေတွေ အများကြီးနဲ့ တင် တောင်း ခဲ့တာတဲ့ ။ ဒါပေမဲ့ အဘွား ခမျာ ကံ မကောင်းပါဘူး ။ ကလေး သုံးယောက် ရတော့ ဂျပန်ခေတ်ကြီး ထဲ မှာ သေရော ၊ သေတော့ လည်း အခေါင်းပျဉ် ဝယ်မရ လို့ ဖျာလိပ် နဲ့ ချရတယ် ။ လူတွေ က ဖျာ နဲ့ လိပ် ထမ်းသွား ၊ ဆံပင်တွေ က မနိုင်လို့ လမ်း မှာ တစ်ထွေကြီး ပြေကျ တော့ အဘိုး က မျက်ရည် စက်လက် နဲ့ ဆံပင်တွေ ပွေ့ပိုက်ပြီး လိုက်သွား သတဲ့လေ ။ သင်္ချိုင်း ရောက် တော့လည်း သူ့ မိန်းမ ဆံပင် တွေ မပစ်ရက်ဘူး ဆိုပြီး ဖြတ်ယူ ခဲ့တာ ၊ အိမ် ရောက်တော့ ကင်ပွန်း တရော် နဲ့ လျှော်ပြီး ယွန်းအစ်ကြီး ထဲ ထည့် သိမ်းခဲ့တာ ၊ သူ့ မိန်းမ သတိရ တိုင်း လည်း ထုတ် ကြည့်ရတာ အမော ၊ ယွန်းအစ်ကြီး ဆေးသား ကွာ နေတာသာ ကြည့် တော့ ”


“ အဘိုး က နောက် အိမ်ထောင် မပြုဘူးလား ”


“ ကြံကြီးစည်ရာ အေ ၊ အဘွား သေတော့ သုံးဆယ် ဆိုလား ရှိသေး သတဲ့ ၊ သမီးလေးတွေ နဲ့ သေတဲ့ အထိ နေသွားတာပဲ ၊ စီးပွားဥစ္စာ လည်း ရှိပါ့ ၊ အဘိုး က သူ့ မိန်းမ အမွေ ကို သမီး တွေ ထဲ က တောင် အကြီးဆုံး ကို လွှဲ ခဲ့တာ ။ အဲဒါ တို့ အမေ ပေါ့ ။ အမေ က လည်း ငါ့ ပြန်လွှဲ ခဲ့တော့ ငါ ထိန်းသိမ်း ခဲ့ရတာ ”


အဘွား က ဆံတုကြီး ထိန်းသိမ်းရသည် ကို ဂုဏ်ယူ နေ သလောက် ဝေရည် ဆံတု ထည့်ထား သည့် ယွန်းအစ် ကို မြင်တိုင်း လန့် နေခဲ့သည် ။ ထုံးစံအတိုင်း ဆို လျှင်တော့ အမွေဆက်ခံရမည့် သူ က ဝေရည် ဖြစ်နေသည် ။ ဘာဖြစ်လို့များ သည် ဆံပင်ကြီး ကို သားစဉ်မြေးဆက်ထိန်းသိမ်း စေပါလိမ့် ဟု ဝေရည် မကြာခဏ တွေးမိသည် ။ မြေးကြီး ဖြစ်ရသည့် ဘဝ ကို က လည်း မလွယ်ကူ လှ ။


“ ဝေရည် သွက်သွက် လုပ် အဘွား စိတ်ဆိုးနေတယ် ”  


ရေ ကို တဗြန်းဗြန်း လောင်းချ လိုက်ရင်း ခေါင်းလျှော်ခြင်း ကို လက်စသတ် လိုက်သည် ။ ဝေရည့် အဖြစ် က လည်း ကြည့် ဘယ် နေရာ မှ မလွတ်လပ်သည့် ဘဝ ပါ ။ အိမ် ပေါ် တက်တော့ အဘွား မျက်စောင်း က ဒိုင်းခနဲ ရောက်လာသည် ။ ဆံပင်တွေ ကို ရေ အပြေး အလွှား သုတ်ရသည် ။ ယခင် ဆို လျှင် အဘွား ကူ သုတ်ပေး နေကျပါ ။ သည်နေ့ မှာ တာ့ သည်ဆံပင်ရှည်ကြီး နဲ့ ဝေရည် လုံးလည် လိုက် ရင်း အမြန် အခြောက် ခံရသည် ။ တစ်ခါတလေ တော့ လည်း ဝေရည် ဆံပင် အတိုလေး နှင့် နေချင်သား ။


  •••••   •••••   •••••


ဆိုင် ထဲ ကို ရောက်ချိန် မှာ လူတွေ ပြည့်ကျပ် နေသည် ။ သူငယ်ချင်း သန္တာ က ဆံပင် ညှပ်နေရင်း မှ ခေါင်းညိတ် နေရာ ပေးသည် ။ ဆိုင်တွင်း မှာ ရှိနေသူ အားလုံး ဝေရည့် ကို ကြည့် နေကြသည် ။ မကြည့် ခံနိုင်ရိုးလား ။ ဆံပင်ရှည် တစ်ထွေးကြီး ကို သိမ်းဖယ် ထိုင် လိုက်၍ ပေါင် ပေါ် မှာ အပုံလိုက်ကြီး ဖြစ်နေသည် က ဝေရည့် ထူးခြားမှုပါ ။ 


“ ခုမှပဲ ပေါ်လာတော့တယ် ။ မျှော် နေတာ ကြာပြီ ၊ ဘယ်နဲ့လဲ အဘွား ရော ပိုင်ပြီလား ”


ငယ်သူငယ်ချင်း ဖြစ်၍ သန္တာ က အတွင်းသိ ၊ အစဉ်းသိ ဖြစ် နေသည် ။


“ အဖျားလေး ပဲ ဆိုတော့ သူ မသိနိုင် ပါဘူး ။ အများကြီး လည်း မလုပ်ရဲဘူး ”


“ အေးပါ ၊ ငါ လည်း မလုပ်ပေးရဲပါဘူး ၊ နင့်အ ဘွား က လွယ်တာ မဟုတ်ဘူး ၊ ဒါပေမဲ့ အဖျား တိ လိုက်ရင် နင့် ဆံပင် ပိုပြီး အရှည် မြန် မှာ ၊ အဲဒါကြောင့် တိုက်တွန်းတာ ၊ ဒါပေမဲ့ ဒီခေတ် ထဲ မှာ နင့် ဆံပင် ကြီး က မမိုက်ပါဘူး ”


သန္တာ ပြော လည်း ပြောစရာပါ ။ ဆံပင်တို ပုံစံ အမျိုးမျိုး ခေတ်စား နေချိန် မှာ ဝေရည့် ဆံပင်ကြီး က သီးသီးခြားခြား ဖြစ်နေသည် ။ သွား သုတ်သုတ် ၊ စား သုတ်သုတ် ဆို လျှင် ဆံပင်ကြီး က အလုပ် တစ်ခု ဖြစ် နေ၍ ဝေရည် လည်း စိတ် ကုန်လှပါပြီ ။ အဘွား ကြောင့် သာ မဟုတ်လျှင် ဝေရည် နှင့် ဆံပင် က လမ်းခွဲ ခဲ့တာ ကြာခဲ့ပြီ ။


“ မိန်းမ တို့ ဘုန်း ဆံထုံး တဲ့ ၊ ကျက်သရေ ဘယ်လောက် ရှိတယ် မှတ်လဲ ၊ မိန်းမ တန်ဖိုး မြင့်တယ် ”


အဘွား က ထင်ရာ ပြောမြဲ ၊ ဝေရည် က လည်း လစ် လျှင် လစ် သလို ပြန် ပြောမြဲ ။


ဒီ ခေတ် မှာ ဆံပင် က အဓိက မဟုတ်ဘူး ၊ သက်သောင့် သက်သာ နဲ့ ပေါ့ပေါ့ပါးပါး ရှိဖို့က အရေးကြီး တာ ၊ အဓိက အလုပ်အကိုင် နဲ့ ပညာအရည်အချင်း အဘွား ရဲ့ ”


မြေးအဘွား နှစ်ယောက် ကြား အမြဲ စေ့စပ် ပေးရသူ က အဖေ ပါ ။ ကြာတော့ အဖေ့ ကို အားနာ၍ ဝေရည် သည်းခံ နေ ဖြစ်လိုက်သည် ။


ဆံပင်ဆိုင် ရောက်တော့ ဆံပင်ပုံစံ အမျိုးမျိုး ကို ကြည့် ရင်း ဝေရည် စိတ်တွေ မရိုးမရွ ဖြစ်လာသည် ။ အသက်အရွယ် နှင့် လိုက်ဖက်သော ဆံပင်ပုံစံ တစ်မျိုး မျိုး ကို ဝေရည် ထားကြည့် ချင်သည် ။ သန္တာ က အမျိုးသမီးကြီး တစ်ဦး ကို ဆံပင်ကောက် ပေးနေရင်း မကြာခဏ စကား လှမ်း လှမ်း ပြောနေသည် ။ သူ ဆံပင် ကောက် ပေးနေသော အမျိုးသမီး ကို ကြည့်ရင်း ဝေရည် အံ့ဩနေသည် ။ ညိုပြီး ညစ် နေသော အသားအရေ က ခန္ဓာကိုယ် မှာ ကပ်နေသည် ။ ဟောက်ပက် ဖြစ်နေ သော မျက်တွင်း ၊ ကွမ်းစား ထား၍ နီရဲသော သွား တို့ က အလှပြင်ဆိုင် နှင့် နည်းနည်းလေး မှ မအပ်စပ် ။ သူ့ မျက်နှာ သည် အလှအပ ထက် သောက တို့ သာ ကြီးစိုး နေမှန်း သိသာ သည် ။ ဒါနှင့်များ သူ ဆံပင် ကောက် နေသေးသည် ။ ဝေရည် စိတ် ထဲ အလိုမကျစွာ အပြစ် တင် နေမိသည် ။ ကတုံး သာသာ ဆံပင်တိုစိလေး ကို ကတ်ကတ်သတ်သတ် ကောက်ပေး နေသော သန္တာ ကို လည်း အံ့ဩသည် ။ မလှဘူး ၊ မလိုက်ဖက်ဘူး ဟု မပြောဘဲ ပိုက်ဆံ ရ လျှင် ပြီးရောများ သဘော ထား နေသလား မသိ ။ မကြာခင် ထို အမျိုးသမီး ဆံပင် ကိစ္စ ပြီးသွားသည် ။ ပြားချပ် နေသော ရင်ပုံ အတွင်း မှ ကတ်သီးကတ်သတ် နှိုက် ယူ၍ ပိုက်ဆံလိပ်လေး ထွက် လာပြီး သန္တာ ကို ပေးသည် ။ သန္တာ က လှမ်း ယူပြီး စားပွဲ ပေါ် တင် ထားလိုက်သည် ။ ရေတွက်ခြင်း ပင် မရှိ ။ ဆိုင် အတွင်း မှ ထို အမျိုးသမီး နှင့် ကောင်မလေး သုံးယောက် ထွက် သွားသည် ။ သူတို့ က တစ်ဖွဲ့တည်း ဖြစ်ပုံ ရသည် ။ ကောင်မလေးတွေ က ဆံပင် ပုံစံ ဆင်တူလေးတွေ ဖြစ်သည် ။


“ ဟူး မော လိုက်တာ ”


သန္တာချို က ညည်းရင်း ဝေရည့် ဘေး မှာ ဝင် ထိုင်သည် ။ 


“ ညှပ် လေ ၊ ငါ့ ကို အားမနာနဲ့ ၊ ငါ က အေးအေးဆေးဆေး ပါ ” 


“ ရတယ် ၊ ငါ ခဏ နားဦးမယ် ၊ ကျန်တာတွေ က ကိုယ့် ဖောက်သည်တွေ ၊ ကိစ္စ မရှိဘူး ၊ ဟို အဖွဲ့သာ အဝေးကြီး ပြန်ရမှာ မို့ လုပ်ပေး လိုက်တာ ”


“ ဘယ်လို ဖြစ်တာလဲ ၊ ဒီလောက် ဆံပင်တိုနဲ့နဲ့လေး ကို ဒီ အရွယ်ကြီး နဲ့ ကောက် နေတယ် ”


စောစောပိုင်း က အမျိုးသမီး ကို မကျေနပ်စိတ် နှင့် ဝေရည် ပြောလိုက်သည် ။


“ သူ့ ခမျာ ဘယ် ကောက်ချင်ပါ့မလဲ ဝေရည် ရယ် ၊ တကယ် တော့ အဲဒီ အမျိုးသမီး က ဆံပင် အရှည်ကြီး တဲ့ ၊ သူ့ ယောက်ျား လေဖြတ် သွားလို့ ဆေး ကုစရာ မရှိလို့ သမီးတွေ ရော ၊ သူ ရော ၊ ဆံပင် ဖြတ် ရောင်း လိုက်တာ လေးသောင်းကျော် ရတယ်တဲ့ ။ ဒါနဲ့ ယောက်ျား ကို ဆေးသွင်း ပေးပြီး သူ့ ယောက်ျား သိရင် စိတ် မကောင်း ဖြစ်မှာ စိုး လို့ ဆံပင် ကို လှချင် လို့ဖြတ်တဲ့ ပုံစံမျိုး လာ လုပ်တာ ”


“ ဟောတော်ရေ ”


ဝေရည် ပါးစပ် အဟောင်းသား ဖြစ်သွားသည် ။


“ သူ က ပြောသွားသေးတယ် ၊ သူ့ ယောက်ျား က သမီးတွေ ရော သူ ရော ဆံပင် ညှပ်တာ လုံးဝ မကြိုက်ဘူး တဲ့ ၊ ခုဆို သူ နေမကောင်း မှ လှချင်ရမလား ဆိုပြီး သားအမိ တစ်တွေ ကို ပြောဦး ဆိုဦး မှာ တဲ့ ၊ အမှန်အတိုင်း ပြောပြန်ရင် လည်း စိတ်မကောင်း ဖြစ်ဦးမယ် တဲ့ ။ သူ့ ခမျာ ဆံပင်သာ လုပ်နေရတယ် မျက်ရည် စက်လက် ၊ အဲဒါကြောင့် ဆံပင်ညှပ်ခ တောင် ဆေးဖိုးပဲ ယူ ထား လိုက်တာ ”


“ ဪ ”


ဝေရည် ဩော် က သံရှည် ဆွဲ သွားသည် ။


“ ကဲ ဘယ်လိုလဲ ၊ အဖျား တစ်ထွာလောက် တိ လိုက်မလား ” 


ဝေရည် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။ ဆံပင်တွေ ကို မ , ကြည့် လိုက်တော့ ခွေခွေနွဲ့နွဲ့ နှင့် လေးလေးပင်ပင် ရှိလှသည် ။ ဒါဆို နည်း မှာ မဟုတ် ။ ခုနေ တော့ တန်ဆာပေါ့ ။ အင်းလေ ... တစ်ချိ န်ချိ န်မှာ ဝေရည် လည်း ဒီ ဆံပ င်နဲ့ အဘွား အတွက် တစ်ခု ခု လုပ်ပေး နိုင် ကောင်းပါရဲ့ ။ မပြော ကောင်း ၊ မတွေး ကောင်း ကိုယ့် အတွေး ကို ဝေရည် အံ့ဩ သွားသည် ။


“ ဒီလို လုပ်ပါလား ဝေရည် ၊ နင် ဒီ ဆံပင်ကြီး ကို ရောင်းပြီး နင့် အဘွား အတွက် ဝါဆိုသင်္ကန်း ဖြစ်ဖြစ် ကပ်ပေး လိုက်ပါလား ။ နင် လည်း ဆံပင် အတို ထားလို့ ရတာပေါ့ ”


ကောက်ခါငင်ခါ ပြော လိုက်သော သန္တာ့ စကား ကြောင့် ဝေရည် တွေဝေ သွားသည် ။


“ ဟုတ်တယ် နော် ”


ဆံပင်တွေ ကို ဆုပ်ကိုင်ရင်း ဝေရည် စဉ်းစား နေသည် ။ ထိုခဏ ဆရာတော့် စကား ကို ကြားယောင် မိသည် ။


“ အလှူဒါန ဆိုတာ စိတ်ကလေး ကြည်လင်ပြီး ပီတိလေး နဲ့ အဖန်ဖန် ပွားများပြီး လှူ မှ ကုသိုလ် ပို ရတာ ”


အဘွား အမြတ်တနိုးရှိ တဲ့ သည် ဆံပင်တွေ ရောင်းပြီး လှူတဲ့ အလှူ ကို အဘွား ကြည်ဖြူပါ့မလား မသိ ။ ဒါဆို လည်း ဆံပင် ဆုံးရှုံး ရုံ သာ အဖတ်တင် တော့မည် ။ ဝေရည် စိတ် တုံးတုံး ချ လိုက်သည် ။ 


“ တော်ပြီ ၊ အဖျား လည်း မတိတော့ဘူး သန္တာ ၊ ငါ့ အဘွား ကို စည်းရုံး လိုက်ဦးမယ် ၊ သူကျေနပ်တယ် ဆို ငါ့ ဆံပင် ရော ၊ ဟို ဆံတုကြီး ရော ရောင်း ပြီး အဘွား အတွက် ကုသိုလ် လုပ်ပေးမယ် ... နော် ” 


“ အေး ... ဒါလည်း ကောင်းတယ် ”


ပြောလို့ သာ ပြောရ အဘွား က သဘော တူပါ့မလား မသိ ၊ တစ်ခါတလေ တော့ လည်း လူကြီးတွေ က ကလေးတွေ ထက် တစ်ယူသန် တစ်ဇွတ်ထိုး ဆန် လှသည် ။ ဝေရည် စည်းရုံးရဦးမည် ပေါ့ ။


◾သွဲ့ထားညို ( သက္ကလ )


📖 သောင်ယံကမ်း က လွမ်းလက်ကျန် 


#ကိုအောင်နိုင်ဦး


.

Thursday, December 15, 2022

ကမ်းနား သစ်ပင်


 ❝ ကမ်းနားသစ်ပင် ❞


မမြင်ရသည့် အထူးအဆန်း ဆို လူတွေ အံ့ဩ ကြသည် ။ တစ်ခါတစ်ရံ ယုတ္တိ မတန်သည့် အဖြစ်အပျက်မျိုး ကို ပင် ယုံကြည် လက်ခံပြီး တအံ့တသြ ပြောဆို နေကြသည် ။ ယခုတလော ရွာထိပ် ညောင်ပင်ကြီး က မကြာခဏ မည်းမည်း အလုံးကြီး လိမ့်ဆင်း လာသည် ဟု လူပြော များ နေကြသည် ။ ထို စကားကြောင့် ညောင်ပင်ကြီး အောက် သို့ နေ့ ရော ည ပါ သွားဝံ့သူ ရှား နေခဲ့သည် ။


•••••   •••••   •••••


ထို ညောင်ပင်ကြီး က ဘုန်းကြီးကျောင်းဝင်း အပြင်ဘက် ရွာထိပ် သောက်ရေကန်ကြီး အနီး မှာ ဖြစ်သည် ။ ရွာ က ရွာကြီး ဖြစ်၍ သောက်ရေကန်ကြီး သုံးကန် ရှိသည် ။ ထို သုံးကန် ထဲ မှာ သောက်ရေ အကောင်းဆုံး ဟု ပြောစမှတ် ပြု ရသည် က ထို ညောင်ပင်ကန်ကြီး ဖြစ်သည် ။ သောက်ရေ အတွက် ဆိုလျှင် ထို ညောင်ပင်ကန်ကြီး မှ တစ်ရွာလုံး သောက်ရေ ခပ်ကြသည် ။ မိုးချုပ် နေဝင် ရေ ခပ်သူများ ကြောင့် ကန် အနီး ပတ်ဝန်းကျင် လူ ပြတ်သည် လည်း မရှိလှ ။ သို့သော် လည်း ထို မည်းမည်း အလုံးကြီး လိမ့်ဆင်း လာပြီး နောက်ပိုင်း နေဝင်ရိုးရီ ပင် ရေ ခပ်သူ ရှား သွားသည် ။ ကန်ကြီး အနီး မှာ မကြောက်မရွံ့ နေသူ တွေ လည်း ရှိပါ၏ ။ မျက်မြင် ကိုယ်တွေ့ မဟုတ်၍ မကြောက် သည် လား ၊ အများ ပြော စကား မယုံကြည် သည် လား မသိ ၊ အနီး အပါး နေ သူ တွေ က ဟန်မပျက် နေ နေကြသည် ။ ထိုအထဲ မှာ ခင်ဆွေးငယ်လှိုင် တို့လင်မယား လည်း ပါသည် ။ သူတို့ က ကုန်စုံဆိုင် ပိုင်ရှင်များ ဖြစ်သည် ။ သူတို့ ဆိုင် က ရွာ မှာ ရောင်းအား အတက် ဆုံး ၊ ပစ္စည်း အစုံလင် ဆုံး ဆိုင် ဖြစ်သည် ။


ခင်ထွေးငယ် အမည် အရင်း က ခင်ထွေးငယ်ဆွေ ပါ ။ သူ့ အဖေ ဦးဘဆွေ က သမီးထွေးလေးကို ချစ်လွန်း ၍ သူ့ အမည် ပါအောင် အမည် လေးလုံး ဆင့်ပြီး မှည့်ထားခြင်း ဖြစ်သည် ။ ခင်ထွေးငယ် တစ်ယောက် အရွယ်လေး ရောက်၍ မြီးကောင်ပေါက် အရွယ် လှသွေးကြွယ် ချိန် တွင် ခင်ထွေးငယ်ဆွေ အဖေ ဦးဘဆွေ ၏ သူငယ်ချင်း ဦးကျော်လှိုင် နှင့် လိုက် ပြေးသွား၍ ဦးဘဆွေက သမီး အဖြစ် မှ အမွေပြတ် စွန့်လွှတ် လိုက်သည် ။ ထိုအချိန် မှ စ၍ ခင်ထွေးငယ်ဆွေ အမည် ပျောက်ပြီး ခင်ထွေးငယ်လှိုင် ဖြစ် သွားရခြင်းပါ ။ အမှန်တော့ တစ်ရွာလုံး က ချစ်စနိုး ခေါ်သည့် အမည်ပါ ။ ခင်ထွေးငယ် က လည်း ချစ်စရာ ကောင်း သည် ။ အပျိုဖော် ဝင်စ အိမ်ထောင် ကျ ၍ မျက်လုံး ပြူးပြူး ၊ ပါးကလေး ဖောင်းအိအိ မှာ ကလေးရုပ်လေး မပြယ့်တပြယ် နှင့် သွက်လက်ချက်ချာသူလေး ဖြစ်သည် ။ ဖခင် နှင့် အသက်အရွယ် မတိမ်းမယိမ်း ဦးကျော်လှိုင် နှင့် လိုက် ပြေးလာ သော်လည်း စိတ်ပျက်အားငယ် နေတာမျိုး မရှိ ။ တစ်ရွာလုံး နှင့် အသား ကျ အောင် နေသည် ။ တကယ်ဆို ခင်ထွေးငယ် က သူဌေး သမီး ၊ မိဘ က ဖူးဖူးမှုတ် အခြေအနေမျိုး မှာ အိမ် ၏ ကူဖော်လောင်ဖက် ၊ ဖခင် ၏ လက်အောက်ငယ်သား လည်း ဖြစ်သော ဦးကျော်လှိုင် ကို နိုင် စားသင့်သည် ။


“ ဦးကျော် နဲ့ နေ ချင်လို့ ဦးကျော် နောက် လိုက်လာတာ ။ သူတို့ မခေါ် လည်း ဘာ အရေးလဲ ။ ဦးကျော် ရှိရင် ပြီးတာပဲ ”


“ ဦးကျော် က လွဲပြီး ယောက်ျားရယ် လို့ လည်း မမြင်မိပါဘူး ”


ခင်ထွေးငယ် က သူ့ စကား အတိုင်း ဦးကျော်လှိုင် နှင့် ဒိုးတူ ပေါင်ဖက် ရုန်းကန်သည် ။ ဦးကျော်လှိုင် ဘက် မှ အမွေ ရသော လယ် ဆယ်ဧက ကို ဦးကျော်လှိုင် ဦးဆောင် လုပ်နေချိန် မှာ ခင်ထွေးငယ် က မိဘ အမွေပြတ် ပေး လိုက်သော ရွှေတိုရွှေစလေးများ ကို ရောင်းချ ပေါင်နှံ ၍ ဈေးဆိုင် တည်သည် ။ လင်မယား နှစ်ယောက် တက်ညီ လက်ညီ အလုပ် လုပ်၍ စီးပွားရေး က အဆင် ပြေသည် ။ ကုန်စုံဆိုင်ကြီး က တစ်စ တစ်စ ကြီး လာသည် ။ တစ်ရွာလုံး ခင်ထွေးငယ် ဆိုင် ကို သာ အမှီသဟဲ ပြုကြရသည် ။ ညနေ တိုင် လျှင် ဈေး ဝယ်သူ ကျ လွန်း၍ ခင်ထွေးငယ် တစ်ယောက် အကူ ပင် ခေါ်ထားရသည် ။ ဦးကျော်လှိုင် က ခင်ထွေးငယ် ဈေးဆိုင် ကို မကူအားဘဲ တိုးချဲ့ထား သည့် လယ်တွေ နှင့် သာ လုံးလည်ချာလည် လိုက်နေသည် ။


ဤမျှ အလုပ် လုပ်၍ စီးပွားရေး အဆင် ပြေနေသော် လည်း လင်မယား နှစ်ယောက်လုံး အသုံးအစွဲ စေ့သည် ။ ခြံ ထဲ မှာမွေး ထားသော ကြက် ၊ ဘဲ ကိုပင် ဟင်းလျာ အဖြစ် စား ဖို့ စိတ် မကူး ။ တောဓလေ့ သဘာဝ ရပ်ကွက်ထဲ မှာ ဟင်းကျွေး စီစဉ်သည့် တိုင် အလွယ် ဝယ်စားလေ့ မရှိတာ ခင်ထွေးငယ် အကျင့် ။ တစ်ခါတစ်ရံ မလွှဲမရှောင် သာ မှ အစိတ်သား ၊ ငါးဆယ်သား ဆိုတာ အလွန်အကျွံ ပါ ။


“ အစ်မ ရေ အစိတ်သား ပဲ နော် ။ အသား ကောင်းကောင်းလေး လုပ်ပါ ။ ဦးကျော် တစ်ယောက် စာ နော် ”


ဝက်သား အစိတ်သား နှင့် အထပ်ထပ် ချေးများပြီး တစ်ခါတစ်ရံ မကြိုက် လျှင် ပြန် ပေးတတ်သော ခင်ထွေးငယ် ကို ဘယ်သူ မှ လည်း နှုတ်လှန် မထိုးရဲပါ ။ တစ်ရွာလုံး က သူ့ ဆိုင် နှင့်လွတ်ကင်းသည် မရှိ၍ သူ့ ကို သည်းခံ နေကြရသည် ။ လူ ငယ်သော် လည်း ခင်ထွေးငယ် က ဤလို မိန်းမစား မျိုးပါ ။ ကြွေးတောင်း တော့ လည်း ကြည့် ၊ သူများ ဆီ မှာ ရစရာ ရှိလျှင် အားမနာ တတ် သော ခင်ထွေးငယ် က ရူးသလို ပေါသလို နှင့် နေ့ည မရှောင် တရကြမ်း တောင်း သည် ။ ကြာတော့ အတောင်း ခံရသူ က မျက်နှာ ပူပြီး ပေး လိုက် ရတော့သည် ။ ငယ် ပေမယ့် အစွယ်လေး နဲ့ ဟူသော စကား က ခင်ထွေးငယ် အတွက် ဖြစ်သည် ။ ဒါကိုပင် ဦးကျော်လှိုင် က သဘော အကျကြီး ကျနေ ခဲ့သည် ။


“ ငယ် ပေမယ့် တော်ပါတယ် ဗျာ ”


ဦးကျော်လှိုင့် လက်သုံး စကားအဖြစ် တစ်ရွာလုံး က သိနေသည် ။ အရွယ် ကွာဟမှု က သူတို့ အတွက် ဘာမှ မထူးခြားသလို ထင် ရသည် ။ အချိန်တိုင်း ' ဦးကျော် ရေ ၊ အငယ် ရေ ’ နှင့် စိတ် ချမ်းမြေ့ စရာ ပင် ကောင်း နေတော့၏ ။ သို့သော်လည်း ကံကြမ္မာ က ဘယ် အငြိုး နှင့် ယိုးမယ်ဖွဲ့သည် မသိ ။ မကြာမီ ဦးကျော်လှိုင် နေမကောင်း ဖြစ်သည် ။ ဖြစ်စ က သာမန် ဖျားရုံလေးပါ ။ ပဲစိုက်ရာသီ ပဲခင်း ဆေး ဖြန်းပြီး အပြန် ရေ ချိုး လိုက်ရာ မှ အဖျား ဝင်သွားခြင်း ဖြစ်သည် ။ ဖျား သော်လည်း ဦးကျော်လှိုင် အငြိမ် နေသူ မဟုတ် ။ မတ်တတ် ဖျား ၊ မတ်တတ် နာ လို ဖြစ်သည် ။ အလုပ်သမား ရှိ သော်လည်း ဦးကျော်လှိုင် က နေရာတကာ သူ ပါရမှ ကျေနပ်သူ ။ လယ်ထဲ ဖြန်းသည့် ပိုးသတ်ဆေး ကို တောင် သူများ လို အဆင်သင့် စပ်ပြီးသား ဝယ် မသုံး ။ သူကိုယ်တိုင် အမျိုးမျိုး စမ်းသပ်ပြီး မှ သုံးတတ် သူ ဖြစ်သည် ။ တကယ့် ပြင်းပေ့ ဆိုသော အင်ဒရင်း လို ဆေးမျိုး ကို ပင် အကျအန စပ်ပြီး မှ ဆေးဖြန်းတတ်သည် ။ ဖြန်း တော့လည်း သူ ကိုယ်တိုင် ဝင် ပါ လိုက်သေးသည် ။ ဦးကျော်လှိုင် အသက်အရွယ် က ပြော ရလျှင် ငယ်တော့သည်မဟုတ် ။ မိန်းမငယ်ငယ်လေး ယူထား ၍ သာ သူ့ ကိုယ် သူ နုပျိုသည် ဟု ထင်နေရခြင်းပါ ။ အလုပ် ပင်ပန်း သည့် ဒဏ် ကလည်း ဆိုးလှသည် ။ နောက်ဆုံး ဦးကျော်လှိုင် ဝေဒနာ က ကြီးထွား လာခဲ့သည် ။ သာမန် အဖျား မှ အကြော အားနည်း သလို ဖြစ်ပြီး ဦးကျော်လှိုင် ခြေလက်များကောက်ကွေး လာသည် ။ ခေါင်း က လည်း တစ်ချက်လေး မျှ အငြိမ် မနေဘဲ မေး ထိုး သလိုမျိုး ဖြစ် လာသည် ။ ဦးကျော်လှိုင် တုန်လှုပ် သွားသည် ။ ခင်ထွေးငယ် လည်း မျက်ကလဲ ဆန်ပျာ ဖြစ် ရသည် ။


“ ဦးကျော် ထက် ဘာမှ ပို အရေး မကြီးဘူး ။ ဦးကျော် ကောင်းမယ် ဆို ဘယ်လောက် ကုန်ကုန် ”


ခင်ထွေးငယ် ပြောသည့် အတိုင်း လုပ်သည် ။ ဦးကျော်လှိုင် ကို ခေါ်ပြီး ရန်ကုန် မှာ သွားပြသည် ။ နာမည် ကြီးပေ့ ဆိုသော ဆေးခန်းကြီးတွေ မှာ ပြသည် ။ ဆေး သောက် ၊ ဆေး စား လုပ်ခိုင်းသည် ။ ဘာ ရောဂါ ဟု တော့ တိတိပပ မသိဘဲ တဖြည်းဖြည်း နှင့် လူ က ပုံစံ ပြောင်း လာသည် ။ ဦးကျော်လှိုင် ကို ကြည့် လျှင် ဆယ့်နှစ်ရာသီ က , နေ သော မင်းသား တစ်ယောက် နှင့် တူ နေသည် ။ မေးကလေး ထိုး ၊ ခေါင်းကလေး ငဲ့ ၊ ခြေလက်တွေ က အပေါ် မြှောက် ၊ အောက် ရောက် နှင့် ဦးကျော်လှိုင် ကို ကြည့် ရသည် က ရယ်စရာ လည်း ကောင်း ၊ သနားစရာ လည်း ကောင်း လှသည် ။ ဒါတောင် တစ်ခါတစ်ရံ တက် လျှင် လိမ်ကောက်ကွေးပြီး လူ စင်စစ် မှ လူလုံး ကြီး ဖြစ် သွား တတ်သည် ။ လူ က အလုံးလိုက်ကြီး ဖြစ် နေပြီး ဆေး အမြန် တိုက်ပါမှ ပြန်လည် ဆန့် သွားပြီး အိပ်ရာ ထက် မှာ မလှုပ်မယှက် ဖြစ်နေတတ်သည် ။ ဆေးပတ် လည်ပြီဆို လျှင်တော့ ယခင် လို ကောက်ကောက် ကွေးကွေး နှင့် က ပြန်သည် ။ ခင်ထွေးငယ် တစ်ယောက် အရူး မီးဝိုင်း ဖြစ် နေရှာသည် ။ ကောင်းသည် ဟု ကြားဖူးနားဝ ရှိသော ဆရာ မှန်သမျှ အိမ် ပေါ် တင်ထားသည် ။ ငွေ ဘယ်လောက်ကုန်ကုန် ၊ အကြောင်း မထား ။ ဦးကျော်လှိုင် ပျောက် လျှင် ပြီးရော ၊ သဘော ထားပြီး ကု ရှာ သည် ။ အနား မှ တစ်ဖဝါး မခွာဘဲ ထမင်း ကျွေး ၊ ရေ တိုက် ၊ ရေ ချိုး ၊ ရေပတ် တိုက် ၊ အချိန်တိုင်း မညည်းမညူ လုပ်ပေးရှာသည် ။


သို့သော်လည်း ဦးကျော်လှိုင် က , နေမြဲပါ ။ ကြာလေ ရောဂါ ရင့်လေ ဖြစ်ပြီး ထူးခြားသောလူ တစ်ယောက် အဖြစ် အိမ်တွင်း အိမ်ပြင် မထွက်ဝံ့အောင် ဖြစ်နေခဲ့သည် ။ ကြာတော့လည်း ဦးကျော်လှိုင် မနေနိုင် ။ လူကြီး က အကောင်း ပကတိ ရှိနေ ပါလျက် ဘဝ သေသလို ဖြစ်ရသည့် အတွက် အိမ်တွင်းပုန်း မနေဘဲ အိမ်ပြင် ထွက် လာသည် ။ ဦးကျော်လှိုင် မို့ ရွာ ထဲ ထွက် လျှင် ကလေးတွေ တကောက်ကောက် လိုက် ကြည့်သည် ။ လမ်း သွား လျှင် ဖြောင့်ဖြောင့်တန်းတန်း မရှိသော ဦးကျော်လှိုင် ကို ကြည့်ရင်း ကလေးတွေ ကြိတ် ရယ်ကြသည် ။ အဆိုးဆုံး က ထမင်း စား သည့် အခါပါ ။ ဦးကျော်လှိုင် ထမင်း စား လျှင် ထမင်းလုတ် ပါးစပ် ထဲ ရောက်အောင် အကြာကြီး စောင့် ရသည် ။ ထမင်းလုတ် က ပါးစပ်ထဲ ရောက် မလို နှင့် တစ်ခါတစ်ရံ နား ဆီ ရောက်လိုက် နှင့် အပေါက်အလမ်း တည့်အောင် အကြာကြီး စောင့် ရသည် ။ သနား လည်း သနားစရာ ပါ ။


ခင်ထွေးငယ် တစ်ယောက် မျက်ရည်မျက်ခွက် ကြား မှ ဝတ္တရား ကျေအောင် ပြုစုသည် က အရွယ် နှင့် မလိုက်အောင် ပြည့်စုံလှသည် ။ စီးပွားရေး လည်း မလစ်ဟင်းစေရ ။ အလုပ်သမား နှင့် စည်းဝါးကိုက် လုပ်သည် ။ သည်လို နှင့် အချိန်တွေ ကြာခဲ့ပြီး ဦးကျော်လှိုင် လည်း ဝေဒနာ မပျောက် ။ တစ်ခါတစ်ရံ လူကောက်ကွေး ဖြစ်လိုက် ၊ တစ်ခါတစ်ရံ လူလုံးကြီး ဖြစ်လိုက် နှင့် ဝဋ်ကြွေး ဆပ် နေရသလို ဖြစ်နေသည် ။ အချို့က ဦးကျော်လှိုင် တစ်ယောက် အင်ဒရင်း ရှူ မိ၍ ဖြစ်ကြောင်း ပြော ကြသည် ။ ကြာတော့လည်း ခင်ထွေးငယ် အဖို့ ရိုး သွားပြီ ။


ယောက်ျား ကို ထိုက်သင့် သလောက် ပြုစုရင်း စီးပွားရေး ဘက် ဦးလှည့် သွားသည် ။ ဦးကျော်လှိုင် က က , လို့ ကောင်းဆဲ ။ ရွာ ထဲ မှာ တုတ် တစ်ချောင်း နှင့် မင်းသားဖိုးစိန် လို မေးကလေး ထိုး တာ ၊ ခြေကလေး မြှောက် ကာ မြှောက် ကာ ဖြင့် သွားလာ နေဆဲ ။


•••••   •••••   •••••


ခင်ထွေးငယ် က ချီးကျူးထိုက်သည့် ဇနီးမယား ပါ ။ ကိုကျော်လှိုင် နေ မကောင်း ၍ စီးပွားရေးလစ်ဟင်းသည် မရှိ ။ ယောက်ျား ကို ပြုစု သလို စီးပွားရေး ကို လည်း ဖိဖိစီးစီး လုပ်သည် ။


“ ဦးကျော် ကို သနား လို့ ကျွန်မ အလုပ် ကြိုးစား နေတာ ။ ပိုက်ဆံ ရှိ မှ ဦးကျော် ကို ဆေးမှန်မှန် တိုက် နိုင် မှာ ”


အမရာ ၊ ကိန္နရီ ၊ မဒီ ၊ သမ္ဘူလ ဟု ပင် ချီးကျူးရ လောက်အောင် ခင်ထွေးငယ် က အပြောလေး လည်း ကောင်းသည် ။


“ ကျွန်မ အခုလို အဆင်ပြေပြေ လုပ် နိုင်တာ လည်း ဦးကျော် မျက်နှာ နဲ့ ပါ ။ ဦးကျော် ကြောင့် ကျွန်မ ကို ကူညီကြတာ ။ အားလုံး ကျေးဇူး ဆပ်ရမှာပေါ့ ”


အပြောလေး သဘော ကျ ၍ ခင်ထွေးငယ် အိမ် မှာ ကူညီချင်သူ တွေ ဝိုင်းဝိုင်း လည်နေသည် ။ ခင်ထွေးငယ် က ကူညီသမျှ ကို လည်း တစ်ဖန် ပြန် ကြည့်လေ့ ရှိ၍ အားလုံး က အားတက် သရော ကူညီ ကြခြင်း ပါ ။ အစားအသောက် ၊ အနေအထိုင် လည်း ဦးကျော်လှိုင့် အတွက် အားလုံး ပြောင်းလဲ ပစ်သည် ။


“ ဦးကျော် က အား ရှိ မှ ဖြစ်မှာလေ ။ အစား များများ စား မှ ရောဂါ ဒဏ် ခံနိုင်မှာ ”


အစားအသောက် ကောင်း ၊ မကောင်း မပြော နှင့် ၊ ဖရဲသီးလေး တစ်စိတ် ကို ပင် ပါးစပ် ထဲရောက် အောင် မနည်းကြီး စား နေရသော ဦးကျော်လှိုင် အဖို့ မျက်တွင်း ဟောက်ပက် နှင့် အကြည့်ရ ဆိုးလှသည် ။ တစ်ခါတစ်ရံ သူ့ လယ်ကွက်တွေ ဆီ ရောက် လိုက် ၊ တစ်ခါတစ်ရံ ဘယ်သူ မှ မသွားရဲသော ညောင်ပင်ကြီး အောက် မှာ ငေးငေးငူငူ ထိုင် လိုက် နှင့် ဦးကျော်လှိုင် ကို ကြည့် ရသည် က သနားစရာ ကောင်း လှသည် ။


“ ခင်ထွေးငယ် ဦးကျော် ကို ညောင်ပင်ကြီး အောက် မသွားစေ နဲ့ နော် ။ အခုတလော လူပြော များနေတယ် ။ ညောင်ပင်အောက် မှာ ညည ဆို မည်းမည်း အလုံးကြီးတဲ့ ”


“ ကျွန်မ လည်း ပြောတာပါပဲ ။ ဒါပေမယ့် ဦးကျော် က ခြေဦး တည့် ရာ သွား တာ ”


ထိုအခါမျိုး မှာ ဦးကျော်လှိုင် တစ်ယောက် သတိ ပေး သူ ၏ မျက်နှာ ကို တစ်လှည့် ၊ ခင်ထွေးငယ် မျက်နှာ ကို တစ်လှည့် မျက်ရည် ပြည့်လျှံ နေသော မျက်လုံးများ ဖြင့် ပြန် ကြည့် နေတတ်သည် ။ စကား ပြော လျှင် လည်း ပီပီသသ မရှိ၍ တော်ရုံ လည်း ဦးကျော်လှိုင် စကား ပြောခဲသည် ။


“ တစ်နေ့ တစ်နေ့ သူ့ ဝေယျာဝစ္စ နည်းလား အစ်မ ရယ် ။ ရေချိုး ၊ ထမင်းကျွေး အပြင် ဆေး က လည်း အချိန်မီ တိုက် ရသေးတာ ။ ကျွန်မ လည်း တစ်နေ့ တစ်နေ့ ဖတ်ဖတ် ကို မော ရော ”


ဟုတ်ရှာ မှာ ပဲ ဟု တွေးရင်း ခင်ထွေးငယ် ကို သနားကြသည် ။ သူ့ ခမျာ ငယ်ငယ်ရွယ်ရွယ် နှင့် မိပစ် ၊ ဖပစ် ၊ ဆွေမျိုးပစ် ကြား ယောက်ျား ဖြစ်သူ က လည်း အားကိုးအားထား မဖြစ်သောအခါ တစ်ရွာလုံး လိုလို ခင်ထွေးငယ် ကို ပုံလွှတ် သနားကြသည် ။ မကြာ သေးမီ က တော့ ခင်ထွေးငယ် ဝဋ် ကျွတ်သွားပါ၏ ။ ကိုကျော်လှိုင် တစ်ယောက် ညောင်ပင် အောက် မှာ ကွေးကွေးလေး သေနေရှာသည် ။ ဘယ်အချိန်က သေဆုံးနေသည် မသိ ရ ဘဲ နံနက် ဝေလီဝေလင်း မှ လူ တွေ့ပြီး တအံ့တသြ ဖြစ် ကုန်ကြသည် ။ ခင်ထွေးငယ် တစ်ယောက် ပဋာမြေလူး ဖြစ်ရှာလိမ့်မည် ဟု တစ်ရွာလုံး ထင်နေဆဲ ခင်ထွေးငယ် က တည်တည်ငြိမ်ငြိမ် သာ ရှိနေ၍ အားလုံး အံ့ဩကြသည် ။ ထို့ထက် အံ့ဩစရာ ကောင်းသည် က ကိုကျော်လှိုင် သေပြီး လေးလ အကြာ ကောက်ခါငင်ကာ ဖြင့် ခင်ထွေးငယ် သမီးလေး တစ်ယောက် မွေး သောအခါ ပိုပြီး အံ့အား သင့် နေကြတော့သည် ။


◾သွဲ့ထားညို ( သက္ကလ )


📖 သောင်ယံကမ်း က လွမ်းလက်ကျန်


#ကိုအောင်နိုင်ဦး


.

Thursday, December 1, 2022

အလှည့်ကျ မနွဲ့စတမ်း


 ❝ အလှည့်ကျ မနွဲ့စတမ်း ❞


“ ဟူး ... ပူလိုက်တာ ”


ပါးစပ် မှ လေပူ တစ်ချက် မှုတ် ထုတ်လိုက်သော်လည်း ခန္ဓာ ကိုယ် အပူ က လျော့ မသွားခဲ့ ။ မိကျောင်း ဖမ်း သည့် နေ့ က စပြီး တိုးကျော် အမေ့ ကို ကျေးဇူးအနန္တ တင် နေမိသည် ။ အမေ တစ်ယောက် ၏ ဒုက္ခ က သေးလှသည် မဟုတ် ။ မျက်နှာ ပေါ် မှ ပြိုက်ပြိုက်ကျ နေသော ချွေးတွေ ကို ချိုနွယ် က သူ့ လက်ချောင်းနုနု လေး နှင့် သပ် ချပေးသည် ။ 


“ နေပါစေဟာ ၊ ငါ့ ကို အဝတ်ကြမ်း တစ်ထည် သာ ပေး ” 


တန်း ပေါ် မှ ပုဆိုးဟောင်း တစ်ထည် ကို ချိုနွယ် ယူ လာ ပေးသည် ။ 


“ ရေ မချိုးလိုက်နဲ့ဦး နော် ကိုကိုး ။ အပူ ဝင် သွားဦးမယ် ” 


ဒီ အပြောလေးတွေ ကြောင့်ပဲ အိမ်ထောင်မှု မနိုင်နင်းသော နွယ့် ကို တိုးကျော် သည်းခံ နေနိုင်ခြင်းပါ ။ ချိုနွယ် က ဝါးယပ်တောင် အစုတ်လေး ဖြင့် တိုးကျော် ကို ယပ်ခပ် ပေးသည် လေ အဝှေ့ မှာ ချိုနွယ့် ကိုယ် မှ သနပ်ခါးနံ့ သင်းသင်းလေး ရသည် ။ မိန်းမ ဖြစ်သူ ကို တိုးကျော် စောင်းငဲ့ ကြည့် လိုက်သည် ။ တောသူ လို့ မထင်ရလောက်အောင် ဖြူဝင်း သည့် အသားအရေ မှာ သနပ်ခါး စင်းကြောင်းလေး တွေ ထင် နေသည်က ကြည့် ကောင်း လွန်းလှသည် ။ သနပ်ခါး ကြား မှာ ပေါ် နေသည့် အသားအရေ က သနပ်ခါး ထက် ပင် ဖြူနုအိမွတ် နေသည် ။ ထို မျက်နှာဝင်းဝင်းလေး ပေါ် မှာ မှ အရင်း တုတ်ပြီး အဖျား သွယ်သွားသော မျက်ခုံး မည်းမည်းလေး က ထင်းထင်းပပ ရှိသည် ။ ရှည်မျောမျော နှင့် မျက်ဝန်းအိမ် ကျယ်သည့် မျက်လုံး တစ်စုံ က မျက်တောင်မွေး တိုတိုစိပ်စိပ်လေးများ ဖြင့် ဘောင် ခတ်ထားသည် ။


“ ချိုနွယ် နင် နှုတ်ခမ်းနီ ဆိုး ထားတာလား ” 


တိုးကျော် စေ့စေ့ကြည့်ပြီး မေး လိုက်၍ ချိုနွယ် မျက်လွှာလေး ချသွားသည် ။


“ ကိုတိုး က လည်း ပြော တော့မယ် ။ ဘယ် မှာ နှုတ်ခမ်းနီ ရှိလို့ ဆိုး ရမှာလဲ ” 


ဟုတ်တာပဲ ၊ အိမ်ထောင်သည် လည်း ဖြစ် ၊ တောသူတောင်သား လည်း ဖြစ်၍ သည်လောက်ထိ အလှအပ ကို ခုံမင်စွဲလမ်း နေရမည့် အခြေအနေ လည်း မဟုတ် ။ သို့သော်လည်း ချိုနွယ့် နှုတ်ခမ်းလေးတွေ နီရဲ ထူအိ နေတာ တော့ အမှန်ပါ ။ သည် ရုပ်ရည်ကြောင့် လည်း အဖေ နှင့် အမေ ကို ဆန့်ကျင်ပြီး တိုးကျော် ဇွတ် တိုး ခဲ့ခြင်းပါ ။


“ မိန်းမ ယူတယ် ဆိုတာ မောင်တစ်ထမ်း မယ်တစ်ရွက် မဟုတ် တဲ့ တိုင် အိမ်ထောင်မှုလေး နိုင်နှင်းရင် တော် သေးတာပေါ့ ။ အခု မင်း ယူမယ့် မိန်းမ က ဆိုင်းလေး နဲ့ တင်ပြီး အလှ ကြည့် ရမယ့် မိန်းမ ။ လှတာ မက် ရင် ညစာ ခက် သတဲ့ ။ မင်း ဒုက္ခတွေ ငါ မြင်သေးတယ် ”


တိုးကျော် မိန်းမ ယူစ က အမေ ပြောခဲ့သည့် စကားပါ ။ တိုးကျော် က လည်း မခေပါ ။ အမေ့ ကို နှုတ်လှန် ထိုး ခဲ့သေးသည် ။


“ ကိုယ် က သေကောင်ပေါင်းလဲ လုပ် ကျွေးရမယ့် ဟာ ။ ရုပ် ချောတော့ အမော ပြေ သေးတယ် ။ လုပ် လည်း ကျွေး ရသေး ၊ ပြန် လာတော့လည်း အမောမပြေ ဆို ဘာ လုပ်မှာလဲ ။ ထမင်း ကတော့ သူ  မချက် လည်း ကိုယ် ချက်ရုံပေါ့ ”


တိုးကျော် ပြော တော့ အဖေ ခေါင်း တညိတ်ညိတ် ပြုံး နေသည် ။


“ ခက်တယ် တိုးကျော် ၊ မင်း မသိဘဲ လျှောက် ပြောနေတယ် ။ မိန်းမ ဆို တာ မီးဖွားရတဲ့ ဒုက္ခ ၊ ကိုယ်ဝန် ဆောင်ရတဲ့ ဒုက္ခ က ပဲ  အတော်ကြီး ပင်ပန်းလှပြီ ။ မင်း မိန်းမ ပျော့တိပျော့နွဲ့ နိုင်ပုံမျိုးနဲ့ မီးကပ်ပေါ် တောင် နေနိုင်မှာ မဟုတ်ဘူး ။ နနွင်းတောင်း ဖို့ ဆိုတာ ဝေးလာ ဝေးရော ”


ထိုစဉ်က အမေ ပြောသည့် မီးကပ် ဆို တာကို တိုးကျော် နား မလည်ခဲ့ ။ အမေ ရှင်း ပြမှ အံ့ဩရသည် ။  


“ ဟိုခေတ် က မိန်းမတွေ ကလေး မွေးတာ လွယ် မှတ်လို့ ။ ရှေး လက်သည်တွေ က မီးဖွားပြီး သွေး ညီညွတ်အောင် ဆိုပြီး တစ်ကိုယ်လုံး အုတ်ပူတွေ နဲ့ ထိုး ၊ ဒါတင် အားမရဘူး ၊ မီးတွေ ပတ်လည် ထည့်ပြီး ကိုယ် က အလယ် ခေါင် မှာ စောင်ကြီး ခြုံပြီး နေရ တာ ။ မီးရှိန် နဲ့ ဆိုတော့ လူ ကို ချွေးဒီးဒီး ကျရော ။ ဒီတော့မှ သူတို့ က သွေးသားစင်တယ် ထင် တာကလား ။ နနွင်း ဆို တာလည်း သောက် လိုက်ရတာ ပြော မနေနဲ့ ။ ခု ခေတ် မှာတော့ ဒါတွေ မရှိတော့ပါဘူး ။ တော်ရုံ အုတ်ပူ တိုက် ရုံလောက်ပဲ ”


အမေ ပြောစဉ် က အံ့ဩရုံ မှ လွဲပြီး သည်လောက်ကြီး အလေး အနက် မရှိခဲ့ ။ ချိုနွယ့် ကို ရ လျှင် ပြီးရော ၊ ကျန်သည့် ဒုက္ခတွေ ကို ရင်ဆိုင်နိုင်မည် ဟု ထင်ခဲ့သည် ။ လက်တွေ့ ဘဝ မှာ အိမ်ထောင် တစ်ခု ကို ဦးဆောင် ရသည့် အခါ မှာတော့ တာဝန် မသေးလှကြောင်း ကို တိုးကျော် သိ လာရသည် ။ ရုန်းကန် လိုက်ရသည် က နဖူး က ချွေး ခြေမ ကျ မဟုတ် ၊ ကိုယ့် ချွေး ကိုယ် ပြန် သောက်ရသည့် အဖြစ် ။ လုပ် လိုက်ရသည့် အလုပ် က လည်း ရာသီ အလိုက် နား ရသည် မရှိ ။ အမေ ပြော သလို ကူဖော်လောင်ဖက် မိန်းမမျိုး ဆိုလျှင် တိုးကျော် သက်သာရာ ရဦးမည် ။ ချိုနွယ် က ပါးစပ် သမား ။ ပါးစပ်ကလေး က ချွဲနွဲ့ ခိုင်း တတ်သလောက် ဆီ မရှိလည်း တိုးကျော် ၊ ဆန် မရှိလည်း တိုးကျော် ပါ ပဲ ။ အလဲအဖယ်လေးတောင် မရသော မိန်းမ ကို တစ်ခါ တလေ တော့ လည်း တိုးကျော် စိတ်ဆိုး ချင်သည် ။ သို့သော်လည်း ကိုယ် တည်သည့် ဘုရား လင်းတ ပဲ နားနား ဆိုသလို အောင့်အည်း သည်းခံ ရသည် ။  


အိမ် အပြန် သနပ်ခါးလေး ဖွေးဖွေး ၊ အပြုံးလေး ချိုချို ဖြင့် ကြို လိုက်သောအခါ တိုးကျော် စိတ် တွေ အရည် ပျော် သွားရသည် ။


“ ကိုတိုးရေ ခမုန်းလေးကွင်း ဘက် မှာ မိကျောင်း တွေ တစ်အား ပဲတဲ့ တော့ ”


“ ဟုတ်လား ”


ရေ တစ်ခွက် ကို အနား မှာ ချပေးပြီး ပြော လာသော ချိုနွယ့် စကား ကို တိုးကျော် ယုံရ ခက်နေသည် ။


“ ဖြစ်နိုင်ပါ့ မလား ၊ ဒီလောက် မိကျောင်းဖမ်းသမားတွေ ပေါ နေ တဲ့ဟာ ။ တမင် မွေး ထားတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့ ” 


“ အေးနော် ”


ချိုနွယ် တစ်ယောက် ငြိမ်ပြီး စဉ်းစားနေပုံ ရသည် ။ ခု နောက်ပိုင်း မိကျောင်း ကို တကူးတက မွေး လာကြသည် ။ တိုးကျော် တို့ ငယ်စဉ် က ရွာထိပ် ကိုကုလားကန် မှာ ရေ မမြင် ရလောက်အောင် မိကျောင်း တွေ ပြည့် ကျပ်နေခဲ့သည် ။ နွားကျောင်း ရင်း ၊ ပြေးလွှား ကစား ရင်း ၊ ညောင်သီး ခူးစား ရင်း ရေ ငတ်ပြီ ဆိုလျှင် မိကျောင်းတွေ ကို တိုးကျော် အလွန် စိတ် တိုသည် ။ သူတို့ ကြောင့် အေးအေးလူလူ ရေ သောက်လို့ မရ ။ ဆွဲနုတ် ပြန်တော့လည်း သူတို့ အဆူး ချွန်ချွန်လေးတွေ က လက် ကို ဆူးလှသည် ။ ဝါဆိုလ ရေတွေ ပြည့်လျှံ နေသည့် အခါမျိုး မှာတော့ တစ်ကန်လုံး ဖွေးအောင် မိကျောင်းပွင့်တွေ ဝေဆာနေ တတ်သည် ။ ကန်ကြီး တစ်ကန်လုံး မိကျောင်းပန်း တွေ နှင့် ပြည့်နှက် နေပြီး ပန်းကန်ကြီး လို ဖြစ်နေတတ်သည် ။ ထိုအချိန်က မိကျောင်း ပင် ကို နုတ်၍ ဝက်စာ ကျွေး သည် မှ အပ ထွေထွေထူးထူး အသုံး မဝင်လှ ။ ဝက် ကျွေးသည် ဆိုလျှင်တောင် မိကျောင်းပေါက် နုနုလေးတွေ ကို ဝက်ဆေး အဖြစ် ကျွေး ကြခြင်းပါ ။ အရွယ် ရင့် လာလျှင် မိကျောင်းသီး ချွန်ချွန်များ က စူး လှ၍ ဆိတ် လို ပါးစပ် အငြိမ် မနေသည့် သတ္တဝါမျိုး တောင် မိကျောင်း ကို ရှောင်သည် ။  


ယခု နောက်ပိုင်း မှာ တော့ မိကျောင်း က လူတွေ အတွက် အဖိုးတန် ရတနာသိုက် လို ဖြစ်လာသည် ။ မိကျောင်း တွေ့ပြီ ဆိုမှ ဖြင့် ရသည့် နည်းဖြင့် ပြေး လိုက်ကြသည် ။ သူ့ ထက် ငါ အလုအယက် အပြေးအလွှား ဖြစ်နေကြသည် ။ ဖြစ်တာလည်း မပြောနှင့် ၊ မိကျောင်းစေ့ တစ်ပိဿာ သုံးထောင် ပေး ဝယ်သည် ။ ယခု နောက်ပိုင်း မိကျောင်း ရိတ် သူ များ လာ၍ ဈေးအနည်းငယ် ကျ လာသော်လည်း မိကျောင်းဈေး က မဆိုးလှ ။ မိကျောင်း မှည့် သည့်အချိန် က လည်း နွေရာသီ အလုပ် ပါး ချိန် ဖြစ်၍ ဝင်ငွေ ကောင်းသည့် မိကျောင်း ကို လူတိုင်း ရှာ ရိတ်ကြသည် ။ ဒါကိုပင် ဒေသ စကားဖြင့် မိကျောင်း ဖမ်း သည် ဟု တင်စား ခေါ်ကြသည် ။


မိကျောင်း ရှာ ရသည့် အလုပ် က လည်း တကယ်တော့ ပင်ပန်း လှသည် ။ မိကျောင်း ဆိုသည့် အပင်မျိုး က တစ်နေရာတည်း မှာ တစ်စုတစ်ဝေး ပေါက်သည် မဟုတ် ။ ဟိုနားစုစု ၊ သည်နားစုစု နှင့် ရသမျှကို သိမ်းကျုံး ရိတ်ရခြင်းဖြစ်သည် ။ မိကျောင်း သဘာဝ က အသီး ရင့်မာ လျှင် လေးစိတ် ကွဲ သွားပြီး အတွင်း မှ အစေ့လေးများ က လေ သင့်ရာ ပါပြီး ချောင်းစပ် ၊ ရေစပ်များ မှာ ပေါက် ကြခြင်း ဖြစ်သည် ။ တချို့ ခြံဝင်း အတွင်း မှာလည်း ပေါက်လေ့ရှိသည် ။ တိုးကျော် တို့ ငယ်စဉ်က အစ်မများ နှင့် အိုးပုတ်တမ်း ကစားလျှင် မိကျောင်းသီး များ ကို ငှက်ပျောသီး လုပ်တမ်း ကစားကြသည် ။ မိကျောင်းသီး ချွဲကျိကျိလေးများ ကို ပါးစပ် ဖြင့် ကိုက် ၍ အပျော် စား ပြီး ဖွီခနဲ ထွေး ထုတ်ရသည့်အရသာ ကလည်း တစ်မျိုးလေးပါ ။ ယခုအခြေ အနေ မှာတော့ မိကျောင်း က တိုးကျော် တို့ လက်လုပ်လက်စားများ အတွက် တကယ့် ငှက်ပျောသီး ပါ ။ အခုလို အလုပ် ပါးသည့် ရာသီ မှာ မိကျောင်း ကို ပင် ကျေးဇူး တင်ရဦးတော့မည် ။


“ ဟေ့ လူကြီး ၊ အမယ် ... သင်း က တယ် ဇိမ်ကျနေပါလား ။ ရေပူရေချမ်း ကမ်းလှမ်းမယ့် သူ နဲ့ ဘာ နဲ့ ရာသီဥတု ကောင်း နေတယ် ပေါ့လေ ”


ရွာလယ်ပိုင်းသား ထွန်စက်ပိုင်ရှင် နေကြီး က အိမ်ရှေ့ မှ ပေစောင်းစောင်း ကြည့်ရင်း လှမ်း နှုတ်ဆက်သည် ။


“ အေးကွာ ၊ ရာသီဥတု အခြေအနေ က တော့ မြင်းခေါင်း မကိုင်ရသေးဘူးလို့ ပြောရမှာပဲ ”


“ ဟား ... ဟား ... ဟား ၊ မြင်းခေါင်း ကိုင် ရပြီ ဆိုလည်း စောစောစီးစီး ပြောပါဗျာ ။ အချင်းချင်း အကူအလှည့်လေး လုပ်ရ တာပေါ့ ”


နေကြီး က ပြောပြောဆိုဆို ဝင်လာသည် ။ ရပ်ဓလေ့ ရွာဓလေ့ က သည်လိုပါပဲ ။ တစ်ယောက် နှင့် တစ်ယောက် ပြောမနာ ဆိုမနာ နောက်ကြ ပြောင်ကြသည် ။ မြင်းခေါင်း မကိုင်ရသေး ဆိုသည့် အဓိပ္ပာယ် က ကျန်းမာရေး  ကောင်း၍ ဆန်ပြုတ် မသောက်ရသေး ဟု ဆိုလိုခြင်းပါ ။ မြင်းခေါင်း က စတီးဇွန်း တံဆိပ် ဖြစ်သည် ။


“ ဟေ့ လူ ... ခင်ဗျား ကို ပြော ရဦးမယ် ။ ကျပ် ဟိုတစ်နေ့ က ချေဖလုံ က ပြန်အလာ ၊ ချေးဖလုံ နဲ့ ဇီးပင်စု အကြား ကိုင်းတော အစပ် မှာ မိကျောင်းအုပ် တွေ့တယ်ဗျ ” 


တိုးကျော် က နေကြီး ရှေ့ ရေနွေးခွက် ချ ပေးလိုက်သည် ။ 


“ သေချာလို့လား ကွ ၊ အဲဒီဘက် ကို အေးနိုင် တို့ အဖွဲ့ တွေ သွား တယ်ကွ ”


"ဟာ ... သေချာလို့ ကျွန်တော် မချိုနွယ် ကို တောင် ပြော ထားသေးတယ် ။ ကိုင်းတော ကြား မှာ ပေါက် နေတာဆိုတော့ တော်ရုံ လူ မမြင်နိုင်ဘူးဗျ ။ ကျွန်တော် တောင် အပေါ့ ဆင်း သွားလို့  ၊ တွေ့တာ ”


“ အေး .. ဒါဆို ငါ မနက်ဖြန် သွားမယ်ကွာ ”


တိုးကျော် က အားပါးတရ ပြောသည် ။ သည်လို သေချာလို့ ကတော့ သွားနိုင်ပါ့ ။ မသေချာဘဲ နှင့်တောင် တစ်ကွင်းလုံး ၊ တစ်တောင်လုံး နှံ့အောင် သွားရသေးတာ ။


“ ဟုတ်တယ် ၊ သွားဆို မြန်မြန် သွားတာ အကောင်းဆုံးပဲ ။ တော်ကြာ သူများ ဦးမယ် ”  


မိန်းမ ဆို တော့ လောဘလေး ရှိချင် သည် ။ တိုးကျော် က တစ်နေ့လုံး မိကျောင်း ဖောက် ထား၍ လူ က ဖိန်းတိန်းရှိန်းတိန်း ဖြစ် ချင်နေသည် ။


“ သွားလိုက်ပါ ။ အနည်းဆုံး နှစ်ပိဿာ ၊ သုံးပိဿာ ဆိုတာ အောက်ထစ် ပဲ ” 


“ အေးကွာ ၊ ဒါဆို မဆိုးဘူး ၊ သွားမယ် ” 


တိုးကျော် စိတ်တုံးတုံး ချလိုက်သည် ။ မိကျောင်း က ရိတ်ရ သည်က အပန်းမကြီး ၊ ဖောက် ရသည်က ပင်ပန်းကြီးလှသည် ။ မြေကြီး ထဲ မှာ အပေါက် နှစ်ပေါက် ပါသော မီးဖိုကြီး ကို တူး၍ မြေကြီး ကို ပြောင်ချောအောင် မံ ထားရသည် ။ အနီးပတ်ဝန်းကျင် ကို လည်း အမှိုက်သရိုက်များ ပြောင်ချောအောင် လှည်းကျင်း ရသည် ။ ပြီးလျှင် မီးဖိုတစ်ဝိုက် ကို တိုင် စိုက်၍ စောင် ဖြစ်စေ ၊ ရိုင်ပတ် ဖြစ်စေ လေလုံအောင် ကာ ထားရသည် ။ မဟုတ်လျှင် မိကျောင်းသီး တွေ ပြန့်ကြဲ သွားနိုင်သည် ။ ထို လေလုံ နေသော အကာအတွင်း ဝင် ၍ တစ်ဘက်ပေါက် က မီးထိုး ၊ တစ်ဖက်ပေါက် က မိကျောင်း ပင် တွေ မီး မြိုက်ရသည် ။ မီးမြိုက် နေစဉ် မျက်စိ ကို အဝတ် ဖြင့် ကာ ထားရသည် ။ မိကျောင်းသီးဆန် မျက်စိ တွင်း ဝင် လျှင် မျက်လုံး ထိခိုက် နိုင်သည် ။ မျက်စိ လို အရာမပြော နှင့် အင်္ကျီ ၊ လုံချည် ကပ် လျှင် တောင် တော်ရုံ နှင့် ခွာ မရ ၍ ရေ စိမ်ပြီး မှ လျှော် ရသည် ။ သည်တော့ လည်း မိကျောင်းဖောက်သမား မှန်သမျှ အင်္ကျီ မဝတ်ဘဲ ကိုယ်လုံး ပြောင် အတိုင်းသာ ဖောက် ကြသည် ။ နေပူပူ လေလုံသော အကာ အရံတွင်း မှာ မိကျောင်းဖောက် ရသည့် အဖြစ် က အမေ ပြောသည့် မီးကပ် ပေါ် တက် ရသည့် မီးနေသည် ထက် ဆိုးသည် ။ ချွေးဒီးဒီး ကျအောင် ပူလောင်သည့် ဒဏ် က လူ တစ်ကိုယ်လုံး မီးကင် ထား သလို ဖြစ်နေရသည် ။ မိကျောင်း ဖောက် သည့် နေ့ မှ စပြီး တိုးကျော် အမေ့ ကို ကျေးဇူး အထပ်ထပ် တင်နေမိသည် ။ ကလေး ခုနှစ်ယောက် ၊ ရှစ်ယောက် မွေးပြီး မီးကပ် ပေါ် တက် ရသည့်အဖြစ် က ဘယ်လောက်များ ပင်ပန်း ရှာမလဲ ဟု တိုးကျော် စာနာမိသည် ။ 


“ ကဲ... သွားမယ်ဗျာ ”


နေကြီး က စကားစမြည် ပြောပြီး နှုတ်ဆက် ထွက် သွားသည် ။ တိုးကျော် ချိုနွယ့် ဘက် လှည့် လိုက်သည် ။


“ ကဲ ... မနက်ဖြန် သွားမယ် ၊ ထမင်းချိုင့် ထည့် သွားမယ် ။ ဘာဟင်း ရှိလဲ ”


တိုးကျော် မေးတော့ ချိုနွယ် မျက်လုံးလေး ထောင့် ကပ်ပြီး စဉ်းစားနေသည် ။  


“ ဘာမှလည်း မရှိဘူး ။ ဒီနေ့တောင် ခရမ်းချဉ်သီး နဲ့ ပဲငါးပိလေး ချက် မလားလို့ စဉ်းစားတာ ကိုတိုး တို့ အမေ အိမ် က ခရမ်းချဉ်သီး တောင်း ရမှာ ကြောက် တာ နဲ့ ကန်စွန်းရွက်ချဉ်ရေကြမ်းလေး ချက်ပြီး အာပြဲခြောက်လေး ကြော် ထားတယ် ”  


“ ရပါတယ် ၊ ဘာပဲဖြစ်ဖြစ် ပင်ပန်းရင် စားဝင်တာပဲ ” 


ပြောလို့ သာ ပြောရ ၊ တိုးကျော် က ဟင်းကောင်း ကြိုက်သည် ။ အိမ် မှာ ဆို လျှာရင်း မြက် မှ စား တတ်တာ တိုးကျော် အကျင့် ။ ခုတော့ လည်း ကိုယ့် ဘဝ နှင့် ကိုယ် အသားကျ နေခဲ့သည် ။


“ ကိုယ့် ယောက်ျားကြီး ပင်ပန်းလို့ ဟင်းကောင်းကောင်း ကျွေး ချင်တာ တော့ ။ ဒါပေမယ့် ဘယ်မှ မရှာတတ် ၊ မဖွေတတ် တော့ ရှိတာ ချက်ရတာ ” 


“ အေးပေါ့ဟာ ၊ ငါ အဖေတို့ အိမ် ဘက် ခဏ သွားဦးမယ် ” 


တိုးကျော် စိတ်ကူး ရပြီး အမေတို့ အိမ် ဘက် ထွက် လာခဲ့သည် ။ 


“ ကိုတိုးရေ ဘာလေး ညာလေး ရရင် ယူ ခဲ့နော် ”


ချိုနွယ် က ခြံပေါက်ဝ ရောက်မှ လှမ်း အော်သည် ။ ချိုနွယ် မှာ လည်း မှာ ချင်စရာပါ ။ အမေတို့ အိမ် က လယ်ဧက သုံးဆယ် ကျော် လယ်သမားကြီး အိမ် ဖြစ်၍ အမေ့ အိမ် မှာ ဆန် ၊ ဆီ မှ အစ အသီး  ၊ အနှံ ၊ ငါးပိ ၊ ဆား ၊ ငါး ရှားလှသည် မဟုတ် ။ အမေ ကလည်း အိမ် မှာ ရှိသမျှ တိုးကျော် ကို ပေးပါသည် ။ ထို့အတူ ချိုနွယ် က လည်း အိမ် မှာ ပိုပိုလျှံလျှံလေး ရှိလာသမျှ သူ့ အမေ အိမ် ကို ပို့ ပါသည် ။ တိုးကျော် ယောက္ခမ မပု က မုဆိုးမ ၊ သမီး သုံးယောက် အမေပါ ။ ချိုနွယ် က သမီးဦး ဖြစ်သည် ။ သမီးဦးလေး တင့်တောင့်တင့်တယ် လူ နှင့် အိမ်ထောင် ကျ ၍ မယ်ပု တစ်ယောက် အမျှော်လင့်ကြီး မျှော်လင့် ခဲ့သည် ။ သို့သော်လည်း ချိုနွယ့် ကို သဘော မကျသော တိုးကျော် တို့ ဘက် က ဘာမျှ မပေးခဲ့ ။ အမေ က သား အတွက် စိတ် မကောင်း ဖြစ်မိသော်လည်း အဖေ က ပြတ်သည် ။ 


“ ဒီကောင် ဘယ်လောက် ရုန်း နိုင်မလဲဆိုတာ ငါ ကြည့်လိုက် ဦးမယ် ”


တကယ်ပင် တိုးကျော် အတွက် အဖေ ဖြစ်ဖြစ်မြောက်မြောက် ဘာတစ်ခု မျှ မပေးခဲ့ ။


မယ်ပု က လည်း မချ ။ အမျှော်လင့်ကြီး မျှော်လင့် ထား ပြီး ဘာမှ ဖြစ် မလာသောအခါ အရပ် ထဲ လှည့် ပြောတော့သည် ။


“ ရေရေရာရာ သားသမီးရယ် လို့ အထင် မကြီးပါနဲ့တော် ။ ဘာမှ မဟုတ်ပါဘူး ”


ထို စကား ကို တိုးကျော် အစ်မတွေ က လည်း ပြန် ကြားသည် ။ 


“ ဘာတန်မှ မဟုတ်လို့ ဘာမှ မပေးတာ ။ ဘာမှ နာ မနေနဲ့ ”


သူတို့တွေ ဘာ ပြောပြော ချိုနွယ် နှင့် တိုးကျော် က ပျော် ပါ သည် ။ လင်မယား နှစ်ယောက် ရှိသမျှ နှင့် ရောင့်ရဲ တင်းတိမ်ရင်း နေ ဖြစ်ကြသည် ။ အမေ က သား ကို အချစ် ပို သူ ပီပီ အဖေ့ အိမ် ရောက်တိုင်း ပိန်တာ ၊ ဝတာ ၊ လန်းတာ ၊ နွမ်းတာ တစိမ့်စိမ့် ကြည့်ပြီး ပြောတတ်မြဲ ။ ယခုလို တိုးကျော် မိကျောင်း ရိတ်နေမှန်း သိလျှင်  ၊ အမေ ဘယ်လောက်များ စိတ် မကောင်း ဖြစ်ရှာမည် မသိ ။ အတွေး နှင့် အတူ တိုးကျော် အမေ့မျက်နှာ ကို မြင်ချင်စိတ် ပြင်းပြလာသည် ။ ခြေလှမ်းသွက်သွက် လှမ်းရင်း ရွာလယ်ပိုင်း ရှိ အမေ့ အိမ်ဝိုင်း ထဲ လှမ်း ဝင်ခဲ့သည် ။


“ ဟိုမှာ လာပါပြီ အမေ့သား ၊ ဘယ် နတ် က များ နှိုးဆော်လိုက် တယ် မသိဘူး ”


အစ်မ အပျိုကြီး က အမေ့ ကို လှမ်း အော်၍ အမေ မီးဖိုထဲ က ပြေး ထွက်လာသည် ။ အမေ့ မျက်နှာ က အစွမ်းကုန် ပြုံး နေသည် ။


“ လာ ... ငတိုး ၊ အမေ က ဝက်သားဟင်းချက် လို့ ငါ့ သားလေး လာရင် ကောင်းမှာပဲ လို့ တွေး နေတာ ”


တိုးကျော် ဗိုက်ထဲ လှပ်ခနဲ ဆာသွားရသည် ။ ဟင်းနံ့လေး ကလည်း မွှေးအီနေသည် ။


“ ဝက်သား မှ ပိဿာလုံးတွဲကြီး တော် ။ နင့် အဖေ ဟိုဘက်ရွာ သွား လို့ ဆွဲ လာတာ ”


တိုးကျော် ပါးစပ်ထဲ သွားရည်တွေ ပြည့်လာသည် ။ ယခင် က သည်လို ဟင်းကောင်း ချက်ပြီ ဆိုလျှင် မီးဖိုထဲ မှာ တိုးကျော် လက် တိုးကျော် ခြေကြီးပါပဲ ။ အမေ က လည်း အဖေ့ ထက် တိုးကျော် ကို ဦးစား ပေးသည် ။


“ စားပြီး မှ သွား ၊ နင့် အဖေ ပြန် လာတာနဲ့ စားမယ် ” 


“ အဖေ က ဘယ် သွားလို့လဲ အမေ ”


“ ဘုန်းကြီးကျောင်း သွား တယ်လေ ။ နင် နဲ့ လမ်း မှာ မတွေ့ဘူးလား ”


“ မတွေ့ဘူး အမေ ၊ ဒါဆို အဖေ က ကြာ မှာ ။ သား က အိမ်မှာ အလုပ် ရှိသေးတယ် အမေ ရ ”


အမေ က ချက်ခနဲ ဆို နားခွက် က မီး တောက်သည် ။ 


“ ဒါဆိုလဲ အမေ ခပ် ပေး လိုက်မယ် ။ လင်မယား နှစ်ယောက် စားကြပေါ့ ။ ဘာလေးညာလေး လည်း ထည့် သွားဦး ”


ချိုနွယ် မှာ သည့် ဘာလေးညာလေး ကိုပင် အမေ က အတတ် သိနေသည် ။ တိုးကျော် တစ်ယောက် ဝမ်းသာလုံး ဆို့နေသည် ။ ယခု နေများ အမေ့ လက်ရာ ဝက်သားဟင်း နှင့် စားရလျှင် နံကျွံသွားမလား မပြောတတ် ။ အမေ က ပြောပြောဆိုဆို တောင်းတစ်လုံး ယူပြီး တွေ့ရာတွေ ပစ် ထည့်နေသည် ။ ဟင်း ကိုတော့ လင်မယား နှစ်ယောက် စာ ချိုင့်ကလေး နှင့် ထည့်ပေးသည် ။


“ အမေ သား ကို ပဲငါးပိလေး လည်း ပေးလိုက်ပါ ။ သား နက်ဖြန် ထမင်းချိုင့် ထည့် သွားချင်လို့ ”


အမေ မျက်မှောင် ကြုတ် သွားသည် ။ 


“ သား က ဒီအချိန် ထမင်းချိုင့် နဲ့ ဘယ် သွားမှာလဲ ” 


“ မိကျောင်း ရိတ် နေတာ အမေ မနက်ဖြန် ဇီးပင်စု ဟိုဘက် ကိုင်းတော မှာ မိကျောင်းအုပ် တွေ့တယ် ဆိုလို့ သား သွား ရိတ်မလို့ ။ များ လည်း များ ဝေး လည်း ဝေး တော့ ထမင်းချိုင့် နဲ့ သွားမှရ မှာ အမေ ” 


“ ဖြစ်ရတယ် သားရယ် ”


အမေ့ အသံ တိမ် ဝင်သွားသည် ။ ပြီးမှ ဆက် ပြောသည် ။


“ ဇီးပင်စုကိုင်းတော ဆိုတော့ ဖြစ်ပါ့မလား သားရယ် ။ အဲဒီ ဟိုဘက်က နွားစားကျက် ဗြက်ကြီး ပဲ ရှိတော့တာ ။ လူသူ ပြတ်ပါဘိ သားရယ် ”


ဗြက် ဆိုသည် က အင်္ဂလန်ဘုရင်မကြီး လှူ ထားခဲ့သော ရှေးပဝေသဏီ ကတည်း က ကျွဲ ၊ နွား စားကျက်ကြီးပါ ။ တစ်မျှော် တစ်ခေါ် ကျယ်ပြီး အမေ ပြော သလို လူသွား လူလာ လည်း ပြတ် ပါ၏ ။ ကိုင်းပင်တွေ က လည်း ဟိုတစ်စု ၊ သည်တစ်စု နှင့် လူတစ်စု ခိုအောင်း နေလျှင် တောင် မြင်ရဖို့ ခက်သည် ။


“ တို့ငယ်ငယ် က ခေတ်ပျက်ကြီး ဆိုတော့ အဲဒီ မြက်ထဲမှာ မကြာခဏ လူသေလောင်းတွေ တွေ့ရတာ ။ တို့ဖြင့် ကြောက်လွန်း လို့ နေ့ခင်းတောင် ဗြက်စပ် က မသွားရဲဘူး ”


“ အဲဒီတုန်းက တိုင်းပြည် မငြိမ်မသက်အချိန်မို့ပါ အမေ ရာ ။ အခုက ခြေချင်း လိမ် နေပါပြီ ။ ထွန်စက်မောင်းသမားတွေ ရော ၊ နွားကျောင်းသမား တွေ ရော အများကြီးပါ ”


“ အေးလေ ဟုတ်မှာပါ ။ ဒီတုန်းက ကာကွယ်ရေးသမား ဆိုတာ လည်း သေနတ် နဲ့ ၊ အဖြူ ၊ အနီ ဆိုတာတွေကလည်း သေနတ် နဲ့ အခုလို အေးအေးချမ်းချမ်း နဲ့ ခေါင်းကျကျ အိပ် ရဖို့ ဆိုတာ အဝေး ကြီး ။ အခုတော့လည်း ကိုယ့် ထမင်း ကိုယ် စားရတဲ့ အပူ ပဲ ရှိတယ် ”


“ ကျွန်တော် က အဲဒီ အပူတောင် မခံစားချင်ပါဘူး အမေ ရာ ”


“ ဒါကတော့ မင်း ဘာသာ ဖန်တီး ထားတဲ့ အပူပါပဲကွယ် ။  သူများ သားသမီး ယူ ထားပြီးရင် လုပ် ကျွေးရမှာပေါ့ ”


ထိုခဏ အစ်မ အိမ်ပေါ် တက် လာသည် ။ အမေ က တောင်း ကို အဝတ်လေး နှင့် ဖုံး ထား လိုက်သည် ။ 


“ ငတိုး ရေ ၊ မင်း သွားရင် မအေးငွေ တို့ အိမ် က တောင်းလေး ယူ သွားပါကွယ် ။ အမေ မှို့ ထည့်လာတာ ”


အမေ ဉာဏ် ဆင်လိုက်မှန်း တိုးကျော် ရိပ် မိသည် ။ အစ်မ သိ လျှင် ငြိုငြင်မှာ စိုး၍ တိုးကျော် ဘက် က ကာ လိုက်ခြင်းပါ ။ 


“ ရော့ .. ရော့ ၊ ဒီမှာ တောင်း ”


အမေ က တိုးကျော် လက် ထဲ သွက်သွက် ထည့်ပေးသည် ။ တိုးကျော် တောင်းလေး ယူပြီး အောက် ဆင်းလာသည် ။ အိမ်နောက်ဘက် ခရမ်းချဉ်သီးခင်း ဆီ တိုးကျော် ထွက် လာခဲ့သည် ။ မြေကျ နေသော ခရမ်းချဉ်ပင်တွေ မှာ အသီးတွေ ညွှတ်ရဲနေသည် ။ တိုးကျော် တဆတ်ဆတ် ခူးထည့်လိုက်သည် ။


“ အမေ့ သား ဆီ ပါ သွား ပြန်ပြီလား ” 


“ နည်းနည်းပါးပါးပါ အေ ” 


“ ချွေးမ ကတော့ ဇိမ် ပေါ့ ”


အစ်မ မကျေမနပ် ပြောနေသံ ကို ခရမ်းချဉ်ခင်း ထဲ မှ တိုးကျော် ကြားနေရသည် ။


“ ညည်း မောင်လေး မိကျောင်း ရိတ် နေရတယ်တဲ့ အေ့ ။ မနက် တောင် ဇီးပင်စုကွင်းဗြက်စပ် မှာ သွား ရိတ်မလို့တဲ့ ” 


“ ဟောတော် ၊ ကြည့်လည်း လုပ်ပါ အမေရယ် ။ သမီးတို့ ငယ်ငယ် က ဘကြီးကျန် တစ်ယောက် ဗြက်စပ် မှာ သရဲ ကုပ် ချိုး လို့ဆို ”


“ သိပါဘူး အေ ၊ သရဲ ပဲ ကုပ် ချိုးလား ၊ လေသင်တုန်း ပဲ ဖြတ် သလား ။ လျှာကြီး ထွက်ပြီး သေ တာပဲ ” 


“ ဒါနဲ့များတောင် အမေ မတား လိုက်ဘူးလား ”


အစ်မ လည်း ပါးစပ် က သာ တဖျစ်တောက်တောက် ပြော နေ သော် လည်း တိုးကျော် ကို ချစ် ပါသည် ။  


“ အိုအေ ... သူများ သမီး ယူ ထားပြီးရင် လုပ်ကျွေးရမှာပေါ့ အေ ။ အမေ က တော့ ကိုယ့် သားလေး တပင်တပန်း ဘာလုပ် စေချင်မှာလဲ ။ ဖြစ်နိုင်ရင် ကြက်မကြီး လို အတောင်ဖြန့်ပြီး အုပ်ထား ချင်တာပေါ့ ”


ခရမ်းချဉ်သီး ခူး နေသော တိုးကျော် လက် တွေ တွန့်ဆုတ် သွားရသည် ။ အမေ ပေး လိုက်သော တောင်း ကို ခပ်သွက်သွက် ကောက် မ ရင်း တိုးကျော် ထွက် လာခဲ့သည် ။ ရင် ထဲ ဆို့နင့်နင့်ကြီး ဖြစ် နေ၍ ခြေလှမ်းတွေပင် လေးကန် နေသည် ။ အိမ် ဝ အရောက် ချိုနွယ့် အပြုံး ကို တွေ့ လိုက်ရသည် ။ တောင်း ကို လှမ်း ယူပြီး ကူ ချ ပေးသည် ။ 


“ ဟယ် ... အစုံပဲတော့ ။ ယောက္ခမကြီး တော် တယ် ”


ချိုနွယ် က အမေ ထည့် ပေးလိုက်သော ပစ္စည်းတွေ ကို ကြည့်ပြီး ဝမ်းသာအားရ ပြောသည် ။ မြေပဲဆီ ၊ ငရုတ် ၊ ကြက်သွန် ၊ ပဲ ၊ မြေပဲ အပြင် ဘဲဥတောင် အဆစ် ပါ လိုက် သေးသည် ။  


“ ဟင် ... ကိုတိုး ဘာဖြစ်လို့လဲ ၊ နေ မကောင်းဘူးလား ” 


တိုးကျော် မျက်နှာ ကို ချိုနွယ် သတိ ထားမိသွားသည် ။


“ မှန်း ... ကိုယ် လည်း မပူပါလား ” 


ချိုနွယ့် လက် တစ်ဖက် က တိုးကျော် နဖူး ပေါ် ရောက် လာသည် ။ 


“ ဘာမှ မဖြစ်ပါဘူး ဟာ အမေ့ ကို စိတ် မကောင်းလို့ပါ ” 


“ ဘာ ပြောလို့လဲ ဟင် ၊ အမေ က ဘာ ပြောလိုက်လို့လဲ ”


“ ဘာမှတော့ မပြောပါဘူး ။ ပစ္စည်းတွေ ထည့် ပေးလိုက်တာ စိတ် မကောင်းလို့ပါ ”


“ ဪ ... ဒါကတော့ ကိုတိုး ရယ် ၊ မိဘမေတ္တာ ပေါ့ ။ ချိုနွယ် တို့ ၊ ကိုတိုး တို့ သားသမီးတွေ ရ လာ ခဲ့ရင်လည်း ဒီလိုပဲ နေမှာပေါ့ ။ ခု ကတည်း က ပြော ထားမယ်နော် ၊ ချိုနွယ် က သားလေး ရ လာရင် တိုတိုး ထက် ပို ချစ်မှာ ... ”


“ အေးလေ ၊ ဒါလည်း ဟုတ်တာပဲ ။ ကိုယ့် အလှည့် ကျ ရင် သာ မိဘမေတ္တာ နဲ့ မိဘဝတ္တရား ကျေ ပါ့မလား စိုးရိမ်နေရတာ ”


“ ကြိုးစားရမှာပေါ့ ကိုတိုးရယ် ” 


တိုးကျော် ချိုနွယ့် မျက်နှာကို ကြည့် လိုက်သည် ။ သည်လိုတော့ လည်း ဘက်ညီသား ။ တိုးကျော် စိတ်တွေ ပြန်လည် လန်းဆန်း သွားသည် ။ ဟုတ်တယ် ၊ ကြိုးစားရမှာပေါ့ ။


◾ သွဲ့ထားညို ( သက္ကလ )


📖 သောင်ယံကမ်း က လွမ်းလက်ကျန်


#ကိုအောင်နိုင်ဦး


.

Saturday, June 4, 2022

ရှုံးကျွဲ


 

❝ ရှုံးကျွဲ ❞

မြို့ဘုရား ထီးတင်ပွဲ ကို သူဌေးကြီး ဦးစိန်ကျော် လာမည် ဆိုတော့ တစ်ရွာလုံး ပျော်ကြသည် ။ ဘယ်သို့ဘယ်ပုံ လာမည်လဲ ။ မတော်တဆ ဇာတိရပ်ရွာကို သတိတရ ဆင်းလာမည်ဆိုလျှင် ဘယ်လို ဧည့်ဝတ်ပြုကြမည်လဲ ။ သူဌေးကြီး ဦးစိန်ကျော် က နှယ်နှယ် ရရ လူ ဟုတ်ရိုးလား ။ ကမ်ပြောင်ရွာသား ဆိုပေသိ နေရာအနှံ့အပြား အလှူဒါနများလွန်း၍ လူ အတော်များများ သူ့ ကို ရိုသေလေးစား ကြသည် ။ သိလည်း သိကြသည် ။ ယခုလည်း ခရမ်းဘုရား ထီးတင်ပွဲ ကို သူ ကြွလာမည် ဆို၍ ဘယ်၍ ဘယ်လောက် အလှူဒါနပြုဦး မည်လဲ ကြိုတင် ရင်ခုန်နေသူတွေ ရှိသလို အလှူခံဖို့ ကြိုတင်ပြင်ဆင် နေသူတွေလည်း ရှိသည် ။

ကမ်ပြောင်သားတွေက ဦးစိန်ကျော် ကို သူတို့ ရွာသား မှန်း လူသိစေချင်လှသည် ။ ဦးစိန်ကျော် အတွက် သူတို့ ဂုဏ်ယူချင်ကြ သည် ။ ဦးစိန်ကျော် က ကမ်ပြောင် ရောက် မရောက် မသိရသော် လည်း တွက်ရေး နှင့်စက်သူဌေး ဖြစ်နေကြသည် ။ တကယ်ဆို ခရမ်း နှင့် ကမ်ပြောင် မဝေးလှပါ ။ သက္ကယ်ကုန်း ၊ ဇွဲတွန် နှစ်ရွာ ကျော်ရုံမျှ ဖြင့် ကမ်ပြောင် ရောက်နိုင်သည် ။ ကား နှင့် ဆိုလျှင် နာရီဝက် သာသာ မောင်းရသည် ။ ဒီလောက်တော့ ဘာအရေးလဲ ။ လာလိုလျှင် အနီး ကလေးပါ ။ ပြီးတော့ ကမ်ပြောင်ရွာဘက သူ့ ဇာတိ ဘူမိနက်သန် အစစ်အမှန်ပါ ။ သူ့ မိဘများ မရှိတော့သော်လည်း သူ့ ဆွေမျိုးအရင်း ခေါက်ခေါက်တွေ ရှိသည် ။ ဒီအတွက် လာနိုင်ကောင်းသည် ။ လာခဲ့ လျှင်လည်း သူ့ ကို ပြနိုင်ပြောနိုင်ရန် လူ ရွေးရသည် ။ လူရှာရသည် ။ သူ နှင့် ငယ်သူငယ်ချင်း ကျောင်းနေဖက်တွေ တိုက်တွန်းရသည် ။ ရှေ့မီနောက်မီ အဘိုးကြီးတွေ ကိုလည်း စည်းရုံးရသည် ။ ပြောရလျှင် ရွာ က စီးပွားရေးအခြေအနေ တောင့်တောင့်တင်းတင်း မဟုတ် ။ အိမ်ခြေ တစ်ရာကျော် ၊ ကျောင်းသားငါးဆယ် ရှိ စာသင်ကျောင်း ၊ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးတည်း နေ သစ်သားကျောင်း ၊ ရွာဦး ကိုးတောင်ပြည့်စေတီတော် မျှ လောက်သာ ရှိသော ရွာသိမ်ရွာငယ်လေးပါ ။ အနှီ ရွာမျိုးကို ဦးစိန်ကျော် ဆင်းလာဖို့က အိပ်မက် ကို မျှော် လင့်ရသည်နှင့် တူနေသည် ။ သို့သော်လည်း မျှော်လင့်စရာ အကြောင်းအရင်းတွေ ကလည်း ရှိနေခဲ့သည် ။

•••••   •••••   •••••

ကြာတော့လည်း ကြာခဲ့ပြီ ။ တိတိပပ ဆိုလျှင် လွန်ခဲ့သော  အနှစ် သုံးဆယ် ကျော် ။

ထိုစဉ်က ကမ်ပြောင်ရွာလေး မှာ အိမ်ခြေ ငါးဆယ်ကျော် သာ ရှိသေးသည် ။ ဟိုမှဒီမှ ပြောင်းလာ လူစုပြီး ရွာ တည်ထားသော တဲစုသာသာ ရွာကလေးဖြစ်သည် ။ ရွာကလေး မှာ လယ်သမား ၊ ချောင်းသမား အများစု နေသည် ။ ကိုးကွယ်စရာ ရွာဦးရွာထိပ်မှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိ သည် ။ ကနဦး က ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍဝံသ က ရွာ က ကလေးအားလုံး ကို စာ သင်ပေးသည် ။ မတတ် မရှိ ငါ့တပည့် ပါ ။ ဦးပဏ္ဍဝံသ ကျောင်း ထွက် ကလေးတွေ စာတော်ကြသည် ။ ဘုန်းကြီးကျောင်းတွေ စာမေးပွဲ ဖြေပြီ ဆိုမှဖြင့် ဦးပဏ္ဍဝံသကျောင်းသား တွေ ပထမ ချည်းရသည် ။ သို့သော်လည်း အခြေအနေက တစ်သမတ်တည်း ရှိသည်မဟုတ် ။ ဦးပဏ္ဍဝံသ သည် အသက် ကြီး လာ၍ ရောဂါဖိစီးပြီး အိပ်ရာထဲ လဲတော့သည် ။ ဤမှာတင် ဦးပဏ္ဍဝံသ နေရာကို ပဉ္စင်းရှိန် အစား ဝင်လာသည် ။ ပဉ္စင်းရှိန် က ကမ်ပြောင်ဇာတိသား စစ်စစ်ပါ ။ တောင်စွန်း ဘက် မှာ ဘုန်းကြီးဝတ်ပြီး ဘုန်းကြီးဝါ တော်တော် များများ ရခဲ့သည် ။ ဗေဒင် ၊ ဆေးကျမ်းအလိုလည်း တတ်သည် ။ သို့သော်လည်း ပဉ္စင်းရှိန် က ဘုန်းကြီးဝတ် ဖြင့် ဆက်မနေ ။ ဘာအကြောင်းရယ်လို့ ခိုင်ခိုင်မာမာ ပြစရာ မရှိဘဲ ပဉ္စင်းရှိန် လူ ထွက်ပြီး ရွာ ပြန်ရောက်လာခဲ့သည် ။ ရွာ က ဝမ်းသာအားရ ကြိုဆိုပြီး ပဉ္စင်းရှိန် ကို ဘုန်းကြီးဝတ်ပြီး ဦးပဏ္ဏဝံသ နေရာ ကို ဆက်ခံ ရန် တိုက်တွန်းသည် ။ ပဉ္စင်းရှိန် က အင်း မလုပ် ၊ အဲ မလုပ် ။ 

ရွာလယ်မှာ မြေကွက်လပ်ကြီး တစ်ခု ရှင်း၍ ပဉ္စင်းရှိန် စိုက်ပျိုးရေး လုပ်သည် ။ သူ စိုက် သည်က ထူးထူးခြားခြား ဘူး ၊ ဖရုံ ၊ ငရုတ် ၊ သခွား လို ရာသီသီးနှံမဟုတ် ။ သရေစာပင်တွေကြီး ဖြစ်လို့နေသည် ။ သရက် ၊ မာလကာ ၊ ဆီး ၊ ငှက်ပျော လို အပင်တွေ ကို | တောထအောင် စိုက်သည် ။ ပြီးလျှင် ခြံလယ် မှာ အိမ်တစ်လုံး ဆောက်သည် ။ ထို အိမ်ပုံကလည်း အံ့ဩစရာပါ ။ တစ်ယောက် တည်းသမား ပဉ္စင်းရှိန် က လေးပင်တန်းလျားကြီး ကို ဟီးထနေအောင် ဆောက်သည် ။ ရွာသားတွေ တအံ့တဩ ဖြစ်နေကြသည် ။ ပဉ္စင်းရှိန် က အနေတည် ပြီး စကား နည်းသူဖြစ်၍ တော်ရုံလည်း မစပ်စုရဲကြပေ ။ စိတ်ကူး နှင့် မှန်းဆပြီး ထင်ရာ တွေးနေကြသည် ။ အချို့က ဘုန်းကြီး ဘယ်ဝတ်မလဲ ။ ပဉ္စင်းရှိန် က လူ ထွက်ပြီးလာသည် ဆို မှ မိန်းမ ယူဖို့ နေမှာပေါ့ ။ ပြီးတော့ သူ့ သားသမီးတွေလည်း တစ်ပြုံကြီး ပွားစည်းဦးမည် ထင်သည် ။ ထင်ကြေးနှင့် ပြောရင်း အချိန်တွေ ကြာ လာသည် ။ ပဉ္စင်းရှိန် ခြံထဲ မှာ သီးပင် ၊ စားပင်တွေ စိမ်းညိစ ပြုလာပြီ ။ ဦးပဏ္ဏဝံသ နေရာ မှာလည်း ဆရာတော်ဦးနေမိန္ဒ ရောက်ခဲ့ပြီ ။ ဆရာတော်ဦးနေမိန္ဒ က ဦးပဏ္ဏဝံသ လို စာသင်သည့် အလုပ် ကိုတော့ မလုပ်နိုင်ရှာပါ ။ သူ့ ခမျာ လည်း အသက် ခြောက်ဆယ်ကျော် တောထွက်ကြီး ဖြစ်၍ လူရိုသေ ၊ ရှင်ရိုသေ တရားဟော ၊ သီလပေး လောက်သာ လုပ်နိုင်ရှာသည် ။ ဒီ နောက်ပိုင်း မှာ ပဉ္စင်းရှိန် လုပ်ငန်း စလာသည် ။

“ ငါ့ ကို ဘုန်းကြီး မဝတ်ခိုင်းနဲ့ ၊ သူများ လှူဒါန်းပေးကမ်းတာတွေ စားပြီး ဝိနည်း မညီညွတ်ရင် ငါ ငရဲ အကျ မခံနိုင်ဘူး ။ လူဝတ် နဲ့ ပဲ နင်တို့ သားသမီးတွေ ငါ စာသင်ပေးမယ် ၊ ငါ့ကို အလကားတော့ မသင်ခိုင်း နဲ့ ၊ တစ်ယောက် ကို တစ်နှစ် ပေါက် စပါးလေးတင်း ပေး ”

ရွာ ကလည်း ကြည်ကြည်ဖြူဖြူ လက်ခံကြသည် ။ ခံတာလည်း မပြောနှင့် ၊ ပဉ္စင်းရှိန်အကြောင်း ကို တစ်ရွာလုံး ထဲထဲဝင်ဝင် သိနေကြသည် ။ ကလေး နေမကောင်းလည်း ပဉ္စင်းရှိန် ၊ လူကြီး နေ မကောင်းလည်း ပဉ္စင်းရှိန် ၊ ကျွဲပျောက် ၊ နွားပျောက် ၊ ပစ္စည်းပျောက် အိမ်ဆောက်လည်း ပဉ္စင်းရှိန် ၊ ဒီတော့ ပဉ္စင်းရှိန် ကို ပုံလွှတ် အားကိုး ကြသည် ။ သရက် ၊ မာလကာ ၊ နာနတ် ၊ ပိန္နဲကြားမှ ကြားညှပ်စိုက်ပျိုး ထားသော ကွမ်းရွက် လို အပင် မှ အစ ဆေးဖက်ဝင် အပင်မျိုးစုံက ရွာသားတွေ ကျန်းမာရေးကို အထောက်အကူ ပေးနေခဲ့သည် ။ ဆေးဖိုးဝါးခ ရယ် လို့လည်း တိတိပပ ပေးရသည် မဟုတ် ၊ စားဦးစားဖျား ဟင်းတစ်ခွက် ၊ သီးနှံတစ်ခွက်တစ်ကောင်း ပေး လိုက်လျှင် ပဉ္စင်းရှိ န်အတွက် ပြီးသည် ။ ပဉ္စင်းရှိန် ကျောင်းဖွင့်၍ တစ်ရွာလုံး ပျော် ကြသည် ။ ချက်ချင်းဆိုသလို ပဉ္စင်းရှိန် ခြံကျယ်ကြီး အတွင်းမှာ ကလေးသံတွေ ဆူညံနေသည် ။ ပဉ္စင်းရှိန် က စာသင်လည်း ကောင်းလှ သည် ။ အားလပ်ချိန်တွင် ကလေးတွေ လွတ်လွတ်လပ်လပ် ကစား ခွင့်ရသလောက် စာသင်ပြီ ဆိုလျှင် အပ်ကျသံပင် မကြား ရလောက်အောင် တိတ်ဆိတ် သွားသည် ။ ကလေးတွေ က ပဉ္စင်းရှိန် ကိုချစ်ကြောက်ရိုသေ ကြသည် ။ မချစ် ခံနိုင်ရိုးလား ။ ပဉ္စင်းရှိန် က ကလေးများ ကို စာသင်ပေးရုံ သာမက သရေစာလည်း ကျွေးသည် ။ ပဉ္စင်းရှိန် ခြံထွက် ငှက်ပျောသီး သည် ရောင်းစားရန် မဟုတ် ။ အိမ်ခန်း ထဲ မှာ ကြိုးတန်း နဲ့ ချိတ်ဆွဲ ထားပြီး နေ့စဉ် ကလေးတစ်ဦးလျှင် နှစ်လုံးကျ ဝေပေးသည် ။ ဆီးသီး ဆိုလည်း ကောက်စားရုံ ။ မာလကာသီးဆိုလျှင် ပင်လုံးကျွတ်ပွ မှ တညီတညွတ်တည်း ဝေပေးသည် ။ ကလေးတွေ ကလည်း စည်းကမ်း ရှိသည် ။ ပဉ္စင်းရှိန် ပေးမှ ကျွေးမှ စားကြသည် ။ ခိုးဝှက်စားတာမျိုး မရှိ ။ ပဉ္စင်းရှိန် ကျောင်းသားများ က သင်ပုန်းကြီး ၊ လောကနီတိ ၊ ပရိတ်ကြီးဆယ်စောင်တွဲလို စာသင်ရသည် ။ အတွက် ဆိုလည်း စပါးတွက် ၊ သစ်တွက်အထိ မွတ်မွတ်ကျေ သင်ပေးသည် ။ ပဉ္စင်းရှိန် ကျောင်းသားတွေ အတွက်ကောင်းသည် ဟု နာမည် ရသည် ။ ဒါတင် မကသေး ။ ပဉ္စင်းရှိန် က ကျောင်းသားကြီးများ ကို ဗေဒင် အခြေခံ လည်း သင်ပေးသည် ။

ပဉ္စင်းရှိန် စာသင်လျှင် အနားမှာ ကြိမ်လုံးတစ်လုံး ချထားသည် ။ တော်ရုံ ထောင့်မကျိုးသော ကျောင်းသား သည် ပဉ္စင်းရှိန်တုတ်ချက် အောက် မှာ ငြိမ်ဝပ်ပိပြားသွားသည် ။ သို့သော်လည်း ထိုအထဲမှာ စိန်တုတ် မပါ ။ စိန်တုတ် သည် ပဉ္စင်းရှိန် ကျောင်းမှာ နာမည်အကြီး ဆုံး ကျောင်းသားဖြစ်သည် ။ စိန်တုတ် လောက် အ‌ကော် အကပ် ၊ အဆိုးအညစ် ရှိသောကျောင်းသားမျိုး ရှားလှသည် ။ လူရော ၊ လက်ရော အနားမပေးတတ်သည်ကလည်း စိန်တုတ် အကျင့်ပါ ။ စိန်တုတ် စာ ဆိုလျှင် အတော်ကြီး သတိထားရသည် ။ ပဉ္စင်းရှိန် က ကျောင်းသား သုံးယောက် ကို တစ်ပြိုင်တည်း စာဆိုခိုင်းသည် ဆိုပါစို့ ။ စိန်တုတ် နှင့်တစ်တွဲတည်း ကျသော ကျောင်းသားသည် အလွန် ကံဆိုးမိုးမှောင် ကျသည် ။ စိန်တုတ် က စာဆိုလျှင် ကိုယ်ကြီးယိမ်းကာ ဆို တတ်သူ ၊ ပြီးလျှင် လက်ပိုက် ထားသော ချိုင်းကြား အောက် မှ လက်ညှိုး တစ်ချောင်း က အလွန် အသုံးတည့်သည် ။ စာ ဆိုရင်း တစ်ဖက် လူ၏ နံကြား ကို လက်ညှိုးဖြင့် ဆောင့် ထိုး တတ်သည့် စိန်တုတ်ပါ ။ ပဉ္စင်းရှိန် က စာ ဆိုလျှင် မရပ်မနား ဆိုမှ သဘောကျ သည် ။ စာ ရပ်လျှင် ကြိမ်လုံးဖြင့် ချက်မရွေး ရိုက်တတ်သည် ။ ထိုအခါ ကျောကုန်း ဖြစ်ချင် ဖြစ်မည် ။ လက်မောင်း ဖြစ်ချင် ဖြစ်မည် ။ ပဉ္စင်းရှိန် တုတ်တစ်ချက် က တစ်သက် စွဲ သွားစေလောက်သည် ။ ဒီအတွက် ခံ ရသူက အောင့်အည်းရင်း စာကို ကြိတ်မှိတ် ဆိုသည် ။ စိန်တုတ် က ထိုအချက် ကို မိမိရရ အကောင်အထည် ဖော်သည် ။

“ ဟေ့ကောင် စိန်တုတ် ၊ မင်း ကိုယ်ကြီး က ဘာဖြစ်လို့ ယိမ်းခါနေလဲ”

တစ်ချီတော့ ပဉ္စင်းရှိန် ရိပ်မိသွားသည် ။ ပဉ္စင်းရှိန် အမေး ကို စိန်တုတ် မဖြေ ၊ စာ ကို မနားတမ်း ဖိ ဆိုသည် ။

“ယံ မင်္ဂလာ ၊ ဒွါဒဿဟိ ၊ စိန္တယိံသုသဒေဝတာ ။ အီး ... ဟီး ”

စိန်တုတ် မဖြေ သော်လည်း တစ်ဖက် လူ ငိုသံ ထွက်လာသည် ။ ပဉ္စင်းရှိန် မျက်နှာ တင်းသွားသည် ။

“ ရပ်စမ်း ၊ မင်း ဘာလုပ်လဲ စိန်တုတ် ”

စိန်တုတ် မဖြေ ။ မှုန်ကုပ်ကုပ် ပြန် ကြည့်နေသည် ။

“ ဟေ့ကောင် ပြော မင်း ကို ဘာလုပ်လဲ ”

တစ်ဖက် လူ ကလည်း မဖြေရဲ ။ ကျောင်း လွှတ်လျှင် လက်သီး စွမ်း ပြမည့် စိန်တုတ် ရန် ကို ကြောက်သည် ။

“ အေး ရတယ် ၊ မဖြေ နဲ့ စာဆိုရင်း ငိုတဲ့ မင်း ကို ငါ ရိုက်မယ် ”

ဒီတော့ မနေနိုင် ။ ငိုကြီးချက်မ နှင့် ပြောတော့သည် ။

“ စိန်တုတ် ရယ် ကျွန်တော့်ကို လက်ညှိုး နဲ့ ဆောင့်ဆောင့် ထိုးတယ် ဘိုးပဉ္စင်း ”

“ စိန်တုတ် မင်း ဟုတ်သလား ”

စိန်တုတ် က မျက်မှောင်ကြုတ်နေသည် ။ ပဉ္စင်းရှိန် က ကြိမ်လုံး ကို ဆွဲတဲ့၍ စိန်တုတ် ကျောပေါ်  ဗြန်းခနဲ ရိုက်ချလိုက်သည် ။ စိန်တုတ် မလှုပ် ။ ပေခံသည့် ပုံက တကယ့် သူရဲကောင်းကြီး လို ။ စိန်တုတ်က ယခုမှ မဟုတ် ။ ကျောင်းရောက် စ ကတည်းက ဇကလေးနှင့် လာသူ ဖြစ်သည် ။ လွယ်အိတ်စလွယ်သိုင်း နှင့် ပဉ္စင်းရှိန်ကျောင်း ကို တစ်ယောက်တည်း ပေါက်ချလာသော စိန်တုတ် သည် ရောက်စ နေ့ မှာပင် ပဉ္စင်းရှိန် ကို ပညာ ပြခဲ့သည် ။ ပဉ္စင်းရှိန်က ရောက်ရောက် ချင်း စိန်တုတ် ကို ၀လုံး ရေးနည်းသင်သည် ။ စိန်တုတ် က ဉာဏ်ရည် လည်း မဆိုးသည့် အပြင် အရွယ် လွန်နေသည်လည်းဖြစ်၍ ခဏချင်း တတ်သွားသည် ။

“ ကဲ ... သွား ၊ ကျောက်သင်ပုန်းနှစ်ဖက် အပြည့် ရေးခဲ့ ”

ပဉ္စင်းရှိန် က တပည့်ကျော်ကို စိတ်ချလက်ချ လွှတ်ပေးလိုက် | သည် ။ တစ်နံနက်လုံး အချိန် ကုန်သွားသည် စိန်တုတ် စာ လာမပြ ။ ကြာတော့ ပဉ္စင်းရှိန် လှမ်း ခေါ်ရသည် ။ စိန်တုတ် က ရင် ကော့ပြီး ထွက် လာပါပြီ ။ ပဉ္စင်းရှိန် ကျောက်သင်ပုန်း ကို ယူ ကြည့်လိုက်သည် ။ လား ... လား ... ၊ စိန်တုတ်ရေးထားသည် က ကျောက်သင်ပုန်း အပြည့် ဝလုံးကြီး တစ်လုံး တည်း ပါ ။ ထိုဝလုံးကြီး ကို ကျောက်တံဖြင့် ထပ်ကာ ထပ်ကာ ရစ် ထားသေးသည် ။

“ စိန်တုတ် မင်း ဒါ ဘယ်လိုလုပ်တာလဲ”

ပဉ္စင်းရှိန် မျက်နှာ က အံ့အားသင့်ခြင်းညတစ်ဝက် ၊ စိတ်ဆိုးခြင်း တစ်ဝက် ပါ ။ စိန်တုတ် က ခပ်တည်တည်ပင် ။ .

“ ကျွန်တော် ရေးတတ် သွားလို့ တစ်လုံး တည်း ရေး ထားတာပါ ဘိုးပဉ္စင်း ”

“ဟ ... မင်းကို ငါ နှစ်မျက်နှာရေးညခိုင်းတာကွ ။ ဒီလို လုပ်လို့ ရမလား ။ သွား ... ပြန်ရေး ”

ရောက်စ နေ့ဖြစ်၍ ပဉ္စင်းရှိန် မရိုက်ဖြစ်ဘဲ ချော့ ရေးခိုင်းသည် ။ မကြာပါ စိန်တုတ် ပြန်ရောက် လာပြန်သည် ။ ဝလုံးလေးငါးဆယ်လုံး က ကျောက်သင်ပုန်းထဲမှာ ပြန့်ကျဲနေသည် ။ ပဉ္စင်းရှိန် အတော်ကြီး စိတ် တိုသွားသည် ။

“ကဲ... ဒီလောက် အလွယ် လုပ်တဲ့ ကောင် ၊ ဒါ ရေးကွာ”

နငယ် တစ်လုံး ကို ရေး ပြပြီး ပဉ္စင်းရှိန် ပညာ ပေးလိုက်သည် ။ စိန်တုတ် ချွေး ပြန်သွားသည် ။ နငယ်တစ်လုံး နှင့် တစ်နေကုန်သွား သည် ။ ညနေစောင်း မှ နငယ် ဆယ်လုံးကို ကျွမ်းထိုးမှောက်ခုံ ရေးပြီး ပဉ္စင်းရှိန် ထံ လာ ပြသည် ။

“ ဘာဖြစ်လို့ အများကြီး မရေးလဲ ”

“ ကျောက်တံ ကျိုး သွားလို့ပါ ဘိုးပဉ္စင်း ”

စိန်တုတ် နငယ်တစ်လုံး နှင့် မှတ်လောက်သားလောက်ဖြစ် သွားသည် ။ စိန်တုတ် က စာ မှမဟုတ် ။ အခြားကိစ္စများ တွင်လည်း ဉာဉ်ဆိုး ရှိသော ကလေးတစ်ယောက် ဖြစ်သည် ။ စိန်တုတ် ပညာ ပြ သလောက် ကို ပဉ္စင်းရှိန် အမီ လိုက်ရသည် ။ စာ ရေးခိုင်းလျှင် ကျောက်တံ ပစ်ချ ၊ သူများ ရေးပြီးသား ကျောက်သင်ပုန်း ကို တံတွေး ဆွတ် ဖျက် ။ စာ တွက်ခိုင်းလျှင် ကိုယ်တိုင်လည်း မတွက် ၊ သူများ တွက်ပြီးသား ကို တံတောင် ဖြင့် တွန်း ဖျက်တတ်သော စိန်တုတ် ကို ပဉ္စင်းရှိန် မကြာခဏ ဗြော တင်ရသည် ။ နောက်ဆုံး အဆင့် ငှက်ပျောသီးဝေကျွေးလျှင်တောင် သူ့အပေါင်းအသင်း အများစု က ပြည့်ပြည့်ဝဝ စား ရသည် မရှိ ၊ စိန်တုတ် က မနက်ဖြန် ပြန်ပေးမည် ဆိုကာ အတိုး နှင့် ယူစားသည် ။ အရှေ့ကျောင်းကန် မှ မန်ကျည်းကောက်ကွေး ခူးကျွေးမည် ၊ ရိုးပြတ်တော မှာ ငှက်ကလေးတွေ လိုက်ဖမ်းမည် ၊ ချောင်းထိပ် မှာ လိပ်ဥ ရှာကြမည် စသည့် နည်းလမ်း တွေ က စိန်တုတ် ၏ လှည့်ကွက်တွေပါ ။ ဤမျှ လူရည် လည်သော စိန်တုတ်ကို ပဉ္စင်းရှိန် အုပ်ချုပ်ရသည် က လွယ် လှသည်မဟုတ် ။ ပဉ္စင်းရှိန် လို အဘက်ဘက်ညမှပြည့်စုံပြီး စာပေကျမ်းဂန် နှံ့စပ်သူညကိုပင် တစ်ခါတစ်ရံ စိန်တုတ် မွှေ၍ ကမောက်ကမ ဖြစ်ရသည် ။

ရွာ ထဲ မှာ အကြောင်းကိစ္စ ရှိလျှင် ပဉ္စင်းရှိန် ပါမှ ပြီးလေ့ ရှိသည် က တစ်ရွာလုံး ၏ အလေ့အကျင့်ပါ ။ ကလေး ကျောပူ ခေါင်းပူထ သည်မှ အစ သူငယ်နာ အဆုံး ပဉ္စင်းရှိန် ကုပေးရသလို ပစ္စည်းပျောက် ၊ ကျွဲပျောက် ၊ နွားပျောက်တွေလည်း ပဉ္စင်းရှိန် ဗေဒင် တွက်ပေး ရသည် ။ ယတြာ ချေပေးရသည် ။ အထူးခြားဆုံး က ပဉ္စင်းရှိန် ၏ သစ်ရွက်ဗေဒင် ပါ ။ မိသားစု ထဲ မှာ တစ်စုံတစ်ယောက် နေထိုင် မကောင်း ဖြစ်ပြီ ဆိုမှဖြင့် ပဉ္စင်းရှိန် ထံ သစ်ရွက် ဗေဒင် လာမေးကြ သည် ။ တစ်ခါက ပဉ္စင်းရှိန်ထံ သစ်ရွက်ဗေဒင် မေးသူ တစ်ဦး ရောက် လာသည် ။ ထိုနေ့က ပဉ္စင်းရှိန် စိတ်လိုလက်ရ စိန်တုတ် ကို သစ်ရွက် တစ်ရွက်ခူးခိုင်းလိုက်သည် ။ သစ်ရွက် ကို သေသေချာချာ မကြည့်ဘဲ အဆောတလျင် ခူးခဲ့ရန် မှာ လိုက်သည် ။ စိန်တုတ် က လည်း ပါးသည် ။ အလျင်အမြန် ခူး၍ ဒုန်းစိုင်းပြီးပြန် လာသည် ။ ပြီးလျှင် ပဉ္စင်းရှိန် လက် ထဲ ထည့်ပေးလိုက်သည် ။ စိန်တုတ် ခူးပေးလာသော သစ်ရွက် က အရင်းမှပြတ် ထွက်နေသည် ။

“ ရင်းပြတ်လျှင် မရဏ ၊ ဖျားပြတ် က ပျောက်ဥစ္စာ ၊ ပေါက် ပါလျှင် ခိုက်ရန်ပွားတတ် ၊ ဘေးများလှပါ ၊ ရွက်လှ မှာ ချမ်းသာ၍ ကျော်စော ၊ လာဘ်ပေါင်း အထွေထွေ နှင့် ဥဒကေ ရေယဉ်လောင်း သို့ ကောင်းသည့်သဘော ”

လောကဟိတ ရာသီကျမ်း အလိုအရ ကြည့်လျှင် စိန်တုတ် သစ်ရွက် က မရဏကိန်း ညွှန်းဆိုနေခဲ့ပြီ ။ ပဉ္စင်းရှိန် က လိမ္မာပါးနပ် စွာဖြင့် ဟောပေးလိုက်သည် ။ ဘာမျှမကြာလိုက် ၊ ဗေဒင်လာမေး သူ၏ မိခင်ကြီး လေဖြတ်၍ တစ်ချီတည်း အသက် ပါခဲ့သည် ။ ပဉ္စင်းရှိန် ဗေဒင် မှန်ကြောင်း ရွာထဲ မှ ပြောမဆုံးပြီ ။ စိန်တုတ် က လူရည်လည်သူ ပီပီ သဘော ပေါက်သည် ။ အသုဘ က သက်ကြီး ဝါကြီး ဖြစ်၍ ဆိုင်းနှင့် ဝိုင်းနှင့် ဝက်သား ကျွေးပြီး သင်္ဂြိုဟ် ကြသည် ။

တစ်ရွာလုံး အုန်းအုန်းကျွက်ကျွက် သွားကြလာကြသည် ။ လူ ထူ လျှင် စိန်တုတ် က သူ ခူးပေးသော သစ်ရွက်ဖြစ်ကြောင်း ဂုဏ်ယူပြောလိုက် သေးသည် ။ နောက်ပိုင်း ဗေဒင် လာမေးသူ မှန်သမျှ ပဉ္စင်းရှိန် က ပါးစပ် မဟရသေး ။ စိန်တုတ် က သစ်ရွက် ခူးဖို့ ပြင် နေသည် ။ ပဉ္စင်းရှိန် ကလည်း အလွယ်တကူ ခိုင်းကောင်း၍ စိန်တုတ် မျက်နှာသာ ပေးပြီး ခိုင်းနေသည် ။ ထူးထူးခြားခြား ယခုနောက်ပိုင်း စိန်တုတ်ခူးသော သစ်ရွက်မှန်သမျှ အပြတ် ၊ အပေါက်ကြီး ဖြစ်နေ သည် ။ ပဉ္စင်းရှိန် ဇဝေဇဝါဖြစ်လာသည် ။ သို့သော်လည်း မကြာမီ သတင်း ရပါတော့သည် ။ ဘယ်သူမှ မဟုတ် ၊ အမှန်တကယ်က  စိန်တုတ် ပါ ။ ပဉ္စင်းရှိန် ခေါ်မေးတော့ စိန်တုတ် ဝန်ခံသည် ။  သစ်ရွက်မကောင်းလျှင် လူ သေပြီး ဝက်သား စားရသည် ။ ဆိုင်း နားထောင်ရသည် တဲ့ ။ သူ့ အယူအဆ နှင့် သူ သစ်ရွက်တွေကို လမ်းတစ်ဝက် မှာ ကိုက်ဖြတ်လာခဲ့သည် ။ ပဉ္စင်းရှိန် အမြော်အမြင် ရှိ၍ တော်တော့သည် ။ ပဉ္စင်းရှိန် စိတ်တိုတို နှင့် စိန်တုတ် ကို ကြိမ် နှင့် ဆော်သည် ။ စိန်တုတ် က အံကြိတ် တင်းခံသည် ။ စိန်တုတ် ပဉ္စင်းရှိန် ရှေ့မှ ဟန်မပျက် ပြန်ထွက်လာသည် ။ မကြာပါ ၊ ကလေးတချို့ ခပ်ကြိတ်ကြိတ် ငိုသံ ထွက်လာသည် ။ ဘာဖြစ်မှန်း မသိ၍ ပဉ္စင်းရှိန် ခေါ် မေးသည် ။ အကြောင်းရင်းက စိန်တုတ် ပါပဲ ။ သူ အရိုက် ခံရ၍ မကျေမနပ်နှင့် ပဉ္စင်းရှိန် ရှေ့မှာ ထိုင်နေသောကလေး တစ်ယောက် ၏ ခြေထောက် ကို တက် နင်းသွားသည် ။ မလှမ်းမကမ်း မှာ စာကုန်းရေး နေသော ကျောင်းသားတစ်ယောက် ၏ လက် ကို ကြိတ် နင်းသွားသည် ။ သူ့ နေရာ အရောက် တစ်ဖက် တစ်ချက် မှာ ထိုင်နေသော ကျောင်းသား နှစ်ယောက် ကို ခြေဖြင့် ခတ်ပြီးမှ ထိုင် ချလိုက်သည် ။

ပဉ္စင်းရှိန် ဒေါသ က တစ်ဆင့်တက် သွားသည် ။ စိန်တုတ် ကို ခေါ်ပြီး သူ့ ရှေ့မှာ အလျား မှောက် ခိုင်းထားပြီး ကြိမ် ဖြင့် ဆင့်ကာ ဆင့်ကာ ရိုက်ပေးလိုက်သည် ။ စိန်တုတ် က အကြော မာလှသည် ။ ဟင့်ခနဲတောင် အသံ မထွက် ။

“မှတ်ထား ၊ ရှုံးကျွဲ လို မည်းမည်း မြင်ရာ ခတ် ချင်ဦး ။ ဒီအကျင့် မျိုးတွေ ရှိရင် မင်း လောက ထဲ မှာ နေဖို့ ခက်မယ် ။ ဘုန်း ကြီးရင်လည်း အသက် မရှည် ၊ အသက် ရှည်ရင်လည်း ဘုန်း မကြီးမယ့် ကောင် ”

ပဉ္စင်းရှိန် ဒေါသ နှင့် ပြောသည် ။ စိန်တုတ် က ဤမျှလောက်နှင့် အကျင့် ပျောက်သည် မထင်ပါနှင့် ။ ရွာတောင်ပိုင်း မှာ စီခနဲ ဆိုလျှင် စိန်တုတ် ပါပဲ ။ စိန်တုတ်အဖေ တုတ် တစ်ချောင်း နှင့်လိုက်၍ ရွာ ပတ် ပြေးရသည်ကလည်း စိန်တုတ် ပါ ပဲ ။ စိန်တုတ် ကို ပဉ္စင်းရှိန် မနည်းကြီး ကိုင်တွယ် နေရသည် ။ များမကြာမီ ပဉ္စင်းရှိန် ကျောင်း မှ ကျောင်းသား တစ်ယောက် နာရီ ပျောက်သည် ။ နာရီ က ထိုခေတ်မှာ အလွန် ရှားသည် ။ ရွာဓလေ့အရ တော်ရုံ လူ က နာရီပတ်ခဲသည် ။ မိဘ က ထိုက်သင့်သလောက် ပြေလည်သည့်အပြင် တစ်ဦးတည်းသော သား လည်း ဖြစ်၍ ရွာကျောင်းဆရာတော် နှင့် မြို့မှ တကူး တက မှာပြီး ဆင်ပေးထားခြင်း ဖြစ်သည် ။ နာရီ က ပတ်လာသည့် နေ့ မှာ ပျောက်သွားခြင်း ဖြစ်သည် ။ ကျောင်းသား က ပြေးပြေး လွှားလွှားကစား၍ ကျွတ်ကျခဲ့သည် ဆိုလျှင်လည်း ထားတော့ ။

ထိုင်ရာက မထမီ ပျောက်သွားခြင်း ဖြစ်၍ ပဉ္စင်းရှိန် စဉ်းစားရ ခက်လှသည် ။ ကျောင်းသား နှစ်ဆယ်ကျော် ထဲမှာ နာရီ ယူသူ တစ်ယောက် ယောက် ရှိနေမှန်း ပဉ္စင်းရှိန် နားလည်လိုက်သည် ။ ခက်သည်က ပဉ္စင်းရှိန်ကျောင်းသည့် စာချည်းသက်သက် သင်သော ကျောင်း မဟုတ် ။ အကျင့်စာရိတ္တ နှင့် ပတ်သက်လျှင် ပဉ္စင်းရှိန် က သည်းခံခဲ့သည် မဟုတ် ။ ပြီးတော့ ရပ်ရွာထဲ မှာ ဘာပစ္စည်းပျောက် ပျောက် ပဉ္စင်းရှိန် ဗေဒင် တွက်ပြီး အတတ်ဟောပေးနေကျ ။

အို, ကြင်, ရာ ၊ ဥဒကေ ။ ကျာ ၊ က, သူ , ဝနေ ။
စိတ်, တူ, အိ, ရုပေ ။ , ဒိ, သာ ဂါမေ ။
ပျော်, ရာ, ရွှင်, ပဗ္ဗတေ ။ သင်, တို့ မောင်, မ‌ဂ္ဂေ ။
ထို့ , ဆောင် , ပန်း , အာသန္နေ ။

ရွတ်နေကျဂါထာ ကို ပဉ္စင်းရှိန် ထုတ် သုံးရတော့မည် ။ ပဉ္စင်းရှိန် ရှေ့မှာ ပစ္စည်း ပျောက်သည်ဆိုတော့ ရှက်စရာလည်း ကောင်းလှ သည် ။ တွေ့မှ ဖြစ်မည် ။ နာရီ ဆိုတော့ ဥစ္စာပစ္စည်း ၊ နေ့က တနင်္ဂနွေ နေ့ ။ အို ကြင်, ရာ ၊ ဥဒက ။ အို - ဆိုသော တနင်္ဂနွေနေ့ ၌ ရွှေ ၊ ငွေ ၊ ရတနာ ၊ ဥစ္စာ ၊ ကျွဲနွားပျောက်မှု ၊ ကြင် - တနင်္လာမည်သော အရှေ့အရပ် သို့ ထုတ်ယူ၍ ရာဟု မည်သော အနောက်မြောက် အရပ်တွင် ဥဒကေ - ရေ ၏ အနီး၌ ရှိလေ၏ ။

“ စံမောင် ၊ ကျော်ထွန်း လာဦး ”

ပဉ္စင်းရှိန် က သူ့ တွက်ကိန်း နှင့်သူ ကျောင်းသား နှစ်ယောက် ကို ခေါ်လိုက်သည် ။ ပဉ္စင်းရှိန်ခြံ ၏ အနောက်မြောက် ဘက် မှာ ရေအိုင်လေး စိုစိုစပ်စပ် ရှိသည် ။ ကျောင်းသား တစ်ယောက်ချင်း လည်း ရှာထားပြီး ဖြစ်၍ ထို ရေအိုင်ဆီ လွှတ်ရန် စိတ်ကူးပြီး ခေါ်လိုက်ခြင်း ပါ ။ ပဉ္စင်းရှိန် ခေါ်သည်က စံမောင် နှင့် ကျော်ထွန်း ၊ အူယား ဖားယား ပြေးလာ သူ က စိန်တုတ် ရယ်ပါ ။

“ ကျွန်တော် အိမ်သာ သွားချင်လို့ပါ ဘိုးပဉ္စင်း ”

အီလည်လည် မျက်နှာကြောင့် ပဉ္စင်းရှိန် ခေါင်း ညိတ်လိုက် ရသည် ။ စိန်တုတ် က အပြေးသွားလေပြီ ။ ပဉ္စင်းရှိန် ခေါ်သော ကျောင်းသားနှစ်ယောက်က စိန်တုတ် နောက် မှရောက် လာသည် ။ ပဉ္စင်းရှိန် က တိုးတိုးကြိတ်ကြိတ် မှာ လိုက်သည် ။ ကျောင်းသား နှစ်ယောက် ရေအိုင်ဆီ ပြေးကြသည် ။ ပဉ္စင်းရှိန် စာသင်ကောင်းဆဲ ကျောင်းသား နှစ်ယောက် ပြန် ပြေးလာသည် ။ 

“ ဘိုးပဉ္စင်း ၊ ဘိုးပဉ္စင်း စိန်တုတ်ရယ်လေ ရေထဲက ဘာလဲ မသိဘူး ။ စမ်းပြီး ကောက်ရိုးပုံဘက် ပစ် ထုတ်လိုက်တယ် ”

“ ဟေ ...”

ပဉ္စင်းရှိန် ပါးစပ်အဟောင်းသားဖြစ်သွားသည် ။ စိန်တုတ် ကို ပဉ္စင်းရှိန် မျှော်လင့်မထားခဲ့ ။ နံရံ ထိုးထားသော ထားဝယ်ကြိမ် နှစ်လုံးပူးကို ပဉ္စင်းရှိန် ဆွဲယူလိုက်သည် ။ ကိုယ်တိုင် ကောက်ရိုးပုံ သွားသည် ။ တွေ့ပါပြီ ၊ ရေစက်လက် နှင့် နာရီ က ကောက်ရိုးကြား မှာ အခန့်သား ရှိနေသည် ။ နာရီ ကို ယူပြီး ပဉ္စင်းရှိန် ပြန်လာသည် ။ စိန်တုတ် က မျက်နှာသေလေး နှင့် ကျောင်းပေါ် ရောက်နှင့်နေပြီ ။

“ စိန်တုတ် ”

ပဉ္စင်းရှိန် အသံ က ဟိန်းထွက်နေသည် ။ တစ်ကျောင်းလုံး အသက်ရှူသံ ကြားရလောက်အောင် ငြိမ်သက်တိတ်ဆိတ်နေသည် ။ စိတ်ချောက်ချားဖွယ်ရာပင် ကောင်းသေးတော့ ။

“ မင်း အပြစ် မင်း သိလားည”

စိန်တုတ် ခေါင်းညိတ် ဝန်ခံသည် ။

“ မင်း သူများ ပစ္စည်း ခိုးတာလား ”

“ မဟုတ်ပါဘူး ဘိုးပဉ္စင်း ။ ဒီကောင် က ... ဒီကောင် က ...”

စိန်တုတ် စကား တစ်ပိုင်း တစ်စ ရပ်သွားသည် ။ ပဉ္စင်းရှိန် က ဒေါသ ထွက် ကောင်းဆဲ ။ ထွက်တာလည်း မပြောနှင့် ။ ပဉ္စင်းရှိန် စာသင် သက်တမ်းတစ်လျှောက်လုံး ထို ပြဿနာမျိုး မရှိခဲ့ ။ ပဉ္စင်းရှိန် က လောကီစာ ထက် လောကုတ္တရာစာ ကို အလေးထား သင်သူဖြစ်၍ ထိုအဖြစ်မျိုး ရှိဖို့ မျှော်လင့် မထားခဲ့ ။

“ ပြောလေ ... မင်း ”

“ ဒီကောင် က သူ့မှာ နာရီ ရှိတယ် ဆိုပြီး ကြွား လွန်းလို့ ကြည့်မရ ဖြစ်ပြီး သူ ဖြုတ်ထားတုန်း ရေထဲ ပစ် ချလိုက်တာပါ ”

စိန်တုတ် က အမှန်အတိုင်း ဝန်ခံရဲသည် ။ ထိုစကား ကိုတော့ ပဉ္စင်းရှိန် ယုံသည် ။ စိန်တုတ် က မဟုတ်သော်လည်း သေချာသူ ၊ ခိုးဝှက်တတ်သည့် အကျင့်မျိုးလည်း မရှိ ။ တဇောက်ကန်းလုပ်တတ်သော ဉာဉ်ကလေး နှင့် ရွတ်တိရွတ်ထိုး အကျင့်လေး ရှိသည်က အမှန် ။ ကလီကမာ အကျင့်လေးကလည်း ဗီဇ လို ရှိ နေသေးသည် ။

“ သူ့ ပစ္စည်း သူ ကြွားတာ ၊ မင်း နဲ့ ဘာဆိုင်လဲ ။ ဝန်တိုစိတ် ရှိတာ ကောင်းတယ်မှတ်သလား ။ ဟာ... ကြာပါတယ်ကွာ ၊ မင်းလို ကောင်မျိုး ဆုံးမရတာ ကျွဲပါးစောင်းတီး ”

ပြောပြောဆိုဆို တရွှမ်းရွှမ်းရိုက် ပစ်လိုက်သည် ။ ပဉ္စင်းရှိန် ဒေါသကြောင့် ရိုက်ချက်များသွားသည် ။ စိန်တုတ် အရိုက်ခံရလျှင် အလွန် ပျော်သော နတ်ကြီး နှင့် အောင်မောင်း ပင် ဒီ တစ်ကြိမ် စိန်တုတ် ကို သနား၍ မျက်ရည် ဝဲ နေကြသည် ။ စိန်တုတ် လည်း ဒီ တစ်ကြိမ် မျက်ရည် ကျသည် ။ ပဉ္စင်းရှိန် လည်း မျက်နှာ မကောင်း ။ ညနေ ကျောင်းဆင်းသည် အထိ ပဉ္စင်းရှိန် စာ မသင်တော့ ။ နောက် တစ်နေ့ နံနက် မှာ စိန်တုတ် ကျောင်း ရောက် မလာတော့ ။ ကျောင်း မှ မဟုတ် ၊ အိမ် မှာ လည်း စိန်တုတ် မရှိတော့ပါ ။ စိန်တုတ် တစ်ယောက် ရွာ မှ ပျောက်ခြင်း မလှ ပျောက် သွားတော့သည် ။ အညာ ရှိ သူ့ ဘကြီး ထံ ထွက်ပြေးသွားပြီ ဟု သတင်းအစအန ရရုံမှ အပ စိန်တုတ် အကြောင်း ကို တိတိကျကျ သိသူ မရှိ ။ ပဉ္စင်းရှိန် က တပည့်ဖြစ်သူ အတွက် ရတက် မအေးနိုင်ရှာ ။ အိမ်တိုင်ရာရောက်သွားပြီး လမ်းစရိတ် ပေး၍ တပည့် ဖြစ်သူ ကို ရှာ ခိုင်းသည် ။ စိန်တုတ် မိဘတွေ ကလည်း ပြတ်သည် ။

“ ဘပဉ္စင်း ၊ ဘာမှ စိတ်သောကမဖြစ်နဲ့ ။ ဒီလို ကောင် က ပြေးလည်း သူ့ ကိုယ် သူ ဒုက္ခ ရောက်မခံဘူး ။ သူ့ အတွက်တော့ သူ သိပြီးသား ။ ဟိုက သူ့ဘကြီး ကလည်း သားသမီး ရှိတာ မဟုတ်ဘူး ။ သူ ကံကောင်း မှာ ”

မိဘ ကိုယ်တိုင် က ပြော လာ၍ ပဉ္စင်းရှိန် စိတ် လျှော့ရသည် ။

“ အေးကွာ ၊ အဆင်ပြေရင်လည်း ပြီးတာပါပဲ ။ ငါ က ပူလို့သာ ပူ ရတာ ၊ ဒီကောင့် ဇာတာ က အထွက် ကောင်း ကွ ။ ရပ်ရွာ နေရင် မကျော်ကြားပေမယ့် အဝေး မှာ နေရင် နေ တစ်ဆူ ၊ လ တစ်ဆူ လို ကျော်ကြားကြီးပွားမယ့်ကောင် ကွ ။ ငါ က ဉာဉ်ကလေး မကြိုက်လို့ သာ ရိုက် ရိုက် နေရတာ”

ပဉ္စင်းရှိန် တစ်ယောက် တပည့်ဖြစ်သူ အတွက် မျှော်လင့်ချက် ရှိနေခဲ့သည် ။ ပဉ္စင်းရှိန် ပြောသလို စိန်တုတ် ဇာတာကောင်း ၊ မကောင်းတော့ မသိ ၊ စိန်တုတ်က ရွာ သို့ တစ်ခေါက် တစ်ကျင်းမျှ ပြန် မလာခဲ့ ။ ဘာလိုလိုနှင့် နှစ်တွေ ကြာခဲ့ပြီ ။ ပဉ္စင်းရှိန် လည်း အိုမင်း မစွမ်းဖြစ်ခဲ့ပြီ ။ ရွာလယ် က ပဉ္စင်းရှိန်ကျောင်းလေး အစား ရွာထိပ် မှာ ဝါးထရံကာ ဓနိမိုး အစိုးရစာသင်ကျောင်းကလေး ဖြစ်လာခဲ့သည် ။ စိန်တုတ်သတင်း က အစအန ရပါ၏ ။ စိန်တုတ် တစ်ယောက် ကြီးပွားနေပြီ ဆိုသည့် အကြောင်း ရွာ ကို သတင်း ပေါက်လာခဲ့သည် ။ များမကြာမီ သူ့ မိဘများ လည်း ပြောင်းရွှေ့သွားခဲ့သည် ။ ပဉ္စင်းရှိန် က ဝမ်းသာမဆုံး ။ လူတကာ ကို မျက်ရည်တလည်လည် နှင့် စိန်တုတ် အကြောင်း ပြောမြဲ ။ နာတာရှည် ဖြင့် အိပ်ရာ ထဲ လဲ သည့်တိုင် တပည့် အတွက် မှာခဲ့ရှာသေးသည် ။

“ စိန်တုတ် ရောက် လာခဲ့ရင် ရွာကျောင်းကလေး ကို ခိုင်ခိုင် မာမာလေး ဖြစ်အောင် လုပ်ခိုင်းပါကွာ ။ ငါ မှာခဲ့တယ်လို့ ပြောပါ ”

နောက်ဆုံး ထွက်သက် အထိ ကျောင်းဆရာ ပီသသော ပဉ္စင်း ရှိန် ကို တပည့်တွေ အစွမ်းကုန်စောင့် ရှောက်ကြသည် ။ နိုင်စွမ်းသမျှလေး နှင့် ဖြည့်ဆည်းပေးကြသည် ။ သို့သော်လည်း အသက်ရှစ်ဆယ် ကျော် ကိုးဆယ် နီးပါး မီးစာကုန် ဆီခန်းအရွယ်မို့ ပဉ္စင်းရှိန် ၏ နောက်ဆုံးခရီး ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့ကြသည် ။ ပဉ္စင်းရှိန် ဟူသော ရွာ ၏ မီးရှူးတန်ဆောင် ၊ ရွာဦးသျှောင်ဆရာကြီး က ခရီးရှည်ကြီး ထွက်သွားခဲ့လေပြီ ။

•••••   •••••   •••••

“ ဘိုးပဉ္စင်း ဆုံးတာ သိရင်တော့ သူ လည်း စိတ် ကောင်းမှာ မဟုတ်ဘူး ”

“ ဘိုးပဉ္စင်း ရှိရင် ဘယ်လောက်များ ဝမ်းသာလိမ့်မယ် ”

ထို အတွေးက ရွာသားတိုင်း ရင်မှာ ရှိသည် ။ သူဌေးကြီး ဦးစိန်ကျော် တကယ် လာ တော့မည် ။ ရွာသားတွေ ခေါင်းချင်းရိုက် တိုင်ပင်ကြသည် ။ လိုအပ်တာတွေ တောင်းဆိုကြဖို့ နှီးနှောဖလှယ် ကြသည် ။ နေရာဒေသအနှံ့ လှူနေသော ကိုယ့်ရွာသား သူဌေးကြီး အား ဤမျှလောက် တင်ပြနေစရာ လိုမည်မထင်ပါ ။ ကိုယ့်ရပ် ၊ ကိုယ့်ဇာတိ ကို လှူမည် က အသေအချာပါ ။ သူ့ အတွက် စားစရာ ၊ သောက်စရာ နေရာထိုင်ခင်း မှအစ အဘက်ဘက်က ပြည့်စုံအောင် စီစဉ်ထားကြသည် ။ ရောက်လာပါပြီ ။ တကယ်ပင် ဦးစိန်ကျော် ရောက်လာခဲ့သည် ။ အခြွေအရံအသင်းအပင်း မပါဘဲ တစ်ယောက် တည်း လွတ်လွတ်လပ်လပ် လာချင်လို့ ဟုဆိုကာ ကားတစ်စီး နှင့် ပေါက် ချလာခဲ့သည် ။ အားလုံး အံ့အားသင့်နေကြသည် ။ ဖြူဖြူဝဝ သူဌေးဂိုက်ဆိုက် အပြည့် ရှိသော ဦးစိန်ကျော် ကို စကား မပြောနိုင် လောက်အောင် အံ့ဩ ငေး မောနေကြသည် ။

“ ငါ ရွာ ကို အမြဲ သတိရတယ်ကွ ။ လာချင်စိတ် လည်း ရှိတယ် ။ ဒါပေမယ့် ဘိုးပဉ္စင်း ကို အား နာလို့ ကွ ။ ဘိုးပဉ္စင်း က ငါ့ ကို ကြီးပွား မယ့် ကောင် မဟုတ်ဘူး လို့ ပြော ထားတော့ ငါ ကြီးပွားနေတာ တွေ့ရင် သူ့ ဗေဒင် မှားတယ် ဆိုပြီး စိတ်မကောင်း ဖြစ် နေမှာ စိုးလို့ ငါ လည်း အဲဒီ ကတည်းက ဗေဒင် ဆို မယုံလိုက်တာ ခုချိန်ထိပဲ ။ အလကားပါ ကွာ ”

ရွာသားအားလုံး ခေါင်းတညိတ်ညိတ် နားထောင်ကြသည် ။ သူ ကြိုးစားရုန်းကန်ခဲ့ ပုံ ၊ ကြီးပွား တိုးတက်ခဲ့ ပုံ တွေ ကို ရေပက်မဝင် ပြောနေ၍ ပြန်ပြောချိန်လည်း မရ ။ တောအစားအသောက်တွေ မစားရတာ ကြာပြီ ဖြစ်၍တစ်ကြောင်း ၊ မစားလျှင် ဘဝင် မြင့်သည် ထင်မှာ စိုး၍ တစ်ကြောင်း သူ မြိန်မြိန်ရှက်ရှက် စားပြကြောင်းလည်း ပြောသည် ။ ဧည့်ခံကျွေးမွေးသမျှ အားရပါးရ စားပြီး နေ မချိုမီ သူ့ ကားကလေး ဖြင့် ပြန်လည် မောင်းထွက်သွားခဲ့သည် ။ ထိုခဏ ရွာကျောင်းကလေး က ခေါင်းလောင်း တီးနေခဲ့သည် ။ သို့သော်လည်း သူ့ကားစက်သံ အောက်မှာ ပါးလျားပျောက်ကွယ်သွားခဲ့သည် ။ ရွာလယ်လမ်းမ လည်း တရကြမ်း ဖုန် ထ ရင်း ကျန်ရစ်ခဲ့ပြီ ။ ရွာကလေး က ပကတိအတိုင်း မပြောင်းလဲခဲ့ ။

◾ သွဲ့ထားညို ( သက္ကလ )

📖 သောင်ယံကမ်းက လွမ်းလက်ကျန်

www.facebook.com/aung.naingoo.3726613

.