Tuesday, February 20, 2024

မမှန်သော သစ္စာ


 ❝ မမှန်သော သစ္စာ ❞ 


xxx ဤကမ္ဘာမြေ တစ်လွှားဝယ် xxx သူငါများတို့ ရယ် xxx xxx အလှ နဲ့ သစ္စာကိုကွယ် × ×× ဖွေရှာမောလှတယ် xxx


ငယ်စဉ်က အလှ နှင့် သစ္စာ ကို ဤမျှ ရှာရ ခက်သလား ဟု ခင်ခင်ဆင့် တွေးခဲ့မိ ဖူးသည် ။ သီချင်း ၏ အဓိပ္ပာယ် ကို ခင်ခင်ဆင့် နားလည်ဖို့ မကြိုးစားမိ ။ အရွယ်လေး ရ လာ မှ ကောင်းကောင်းကြီး သဘော ပေါက် ခဲ့ရသည် ။


“ ရှေးတုန်းက လူတွေ သိပ်ပြီး သစ္စာ ရှိကြတယ် ။ မရိုးမဖြောင့် လုပ်စားတဲ့ သူတွေ တောင် သစ္စာ ထားကြတယ် ” 


ခင်ခင်ဆင့် အဘွား ၏ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းတွေ ထဲ မှာ သစ္စာ ၏ အလှ ကို မကြာခဏ တွေ့မြင်ရသည် ။


“ တို့ ငယ်ငယ် က အိမ် ကို ဓားပြ တိုက်တော့ အမေ က ကြောက် အား ကြီးပြီး ဓားပြ ကို သူ့ သား နဲ့ မှားပြီး “ ရော့ ... သား ၊ ဒီမှာ အမေ တို့ မင်္ဂလာဦး နားကပ်လေး ၊ ငါ့ သား သိမ်းထား ” ဆိုပြီး ပေး လိုက်တာ ၊ ဓားပြ က ‘  အဘွားကြီး ၊ ကျုပ် ခင်ဗျား သား မဟုတ်ဘူး ခင်ဗျား မင်္ဂလာဦးနားကပ် လည်း ကျုပ် မလိုချင်ဘူး ။ တခြား ဟာ သာ ပေး ’ ဆိုပြီး ပြန် ပေး ခဲ့ သတဲ့ လေ ”


အမေ ပြော တော့ အဘွား က လည်း အားကျ မခံ ပြောခဲ့သည် ။


“ ဒါလောက်များ ဘာ ဟုတ်သေးလဲ ။ ဂျပန်ခေတ် က ရွာ ကို ဂျပန်စစ်သားတွေ လာ တော့ တို့ အစ်ကို ဖိုးစိုးမောင် ကို ဒီ ရွာ မှာ တော်လှန်ရေးကောင်တွေ ရှိလား လို့ မေးတော့ ၊ ကိုစိုးမောင် က မဖြေဘူး ။ အမှန်တော့ စစ်ကြောင်း က ရွာ့ အနောက်ဘက် ကိုင်းတော ထဲ မှာ စောင့် နေတာ ။ ကိုစိုးမောင် က ဘယ်လို မေးမေး မဖြေတော့ ၊ ဂုန်နီအိတ် ထဲ ထည့် ထုပ်ပြီး ရေ ထဲ ပစ်ချ ၊ ရေ ထဲ မှာ နှစ်ချည် ၊ ဖော်ချည် လုပ်တော့တာ ။ သူ့ ခမျာ သေလုမြောပါး ဖြစ်နေတာ တောင် မပြော ဘူး တော် ။ သစ္စာ ရှိချက်များ ”


သည်တော့ လည်း သစ္စာ ဆိုတာ ကို ခင်ခင်ဆင့် နားလည် ခဲ့ ရ သည် ။ အဘိုးလေး ကျ တော့ လည်း တစ်မျိုး ။ တရားသမား ပီပီ သစ္စာ ၏ အနက်အဓိပ္ပာယ် ကို တရားသဘော နှင့် ရှင်းပြခဲ့သည် ။ 


“ ရှေးတုန်း က သူတော်ကောင်းတွေ က အကြောင်း တစ်စုံတစ်ရာ ရှိရင် သစ္စာ ကို တိုင်တည် ကြတယ် ။ ဒုကုလ နဲ့ ပါရိက တောင် သားတော်လေး သုဝဏ္ဏသာမ အတွက် သစ္စာ ဆို တိုင်တည် တာ နဲ့ မြား မှန်တဲ့ ဝေဒနာ က လျော့ကျ ပျောက်ကင်း ပြီး အသက် ရှင်ခွင့် ရခဲ့တယ် ။ သစ္စာ ဆိုတာ တကယ်တော့ အမှန်တရား ပဲ ။ ဒါပေမယ့် သစ္စာ ဆိုတဲ့ လူ က သီလ မြဲမြံ မှ လည်း သစ္စာ က အထောက်အပံ့ ဖြစ်တာ ”


အဘိုးလေး က တရားဓမ္မ ကို အတော်လေး လိုက်စား သူ ဖြစ်သည် ။ အချိန်တိုင်း ဘုန်းကြီးကျောင်း မှာ အနေ များသည် ။ ဥပုသ် ဆောက်တည် ၊ ဆရာတော့် ဝေယျာဝစ္စ က သူ့ အလုပ် ဟု သဘော ထား ပုံ ရသည် ။ အဘွားလေး နှင့် သားသမီးတွေ က ကိုယ်တိုင် လုပ်ကိုင် စားရသည် ။ အိမ် ၏ စီးပွားရေး ကို ယောင်လို့ မျှ လှည့် မကြည့် ။ ဒါကို သူ့ ညီ ဘိုးလေးထွန်းအောင် က ကဲ့ရဲ့ သည် ။ 


“ သစ္စာ ဆိုတာ အမှန်တရား တော့ ဟုတ်တယ်ကွ ။ ဒါပေမယ့် သီလ မြဲတာ ၊ မမြဲတာ နဲ့ မဆိုင်ဘူး ။ ဒီ လူမျိုး နဲ့ ငါ သစ္စာ ပြိုင် ဆိုရဲပါ့ကွာ ” 


ဘိုးလေး ထွန်းအောင် က အရက် သောက်သည် ။ ဥပုသ် ကျောင်း လည်း သွားချင်သည့် အခါ သွားသည် ။ သို့သော် လည်း ဇနီး မယား ကို ဓားမ ခါးချ လုပ် ကျွေးသည် ။ သူ့ အစ်ကို ကိုထွန်းမောင် ကို ကျေနပ်လှသည် မဟုတ် ။ သည်တော့ ကန့်လန့် တိုက် ချင်သည် ။ 


“ အဲဒီ ထွန်းမောင် က တစ်ကိုယ်ကောင်းသမား ကွ ”


မထိ ခလုတ် ထိ ခလုတ် ပြော ၍ အစ်ကို ဖြစ်သူ က ခေါင်း ရှောင်သည် ။


“ လမ်းကြောင်း မတူတဲ့ ကောင် နဲ့ စကား မပြောတာ ကောင်းတယ်ကွ ”


ဘိုးထွန်းမောင် ပြောတော့ ဘိုးထွန်းအောင် က လည်း မခေ ။ 


“ လမ်းကြောင်း မတူပေမယ့် မင်း နဲ့ ငါ သစ္စာ ပြိုင် ဆိုရဲတယ် ဟေ့ကောင် ။ ဒီမှာ ကြည့် ၊ ဘုရားတပည့်တော် သည် လူမှန်း သိတတ် စ မှ ယနေ့ အချိန်အထိ တစ်နေ့ တစ်ရက် မျှ ငါးပါးသီလ မလုံခြုံ ပါ ။ သားကျွေးမှု ၊ မယားကျွေးမှု အတွက် ရှာဖွေ ရုန်းကန် ရ ပါသည် ၊ ပင်ပန်းသောကြောင့် အရက် လည်း သောက်မိပါသည် ။ ဤမှန်သော သစ္စာ ကြောင့် မကြောင့်မကြ ၊ မတောင့်မတ အရက် သောက်ရ ပါ လို၏ ”


ဘိုးလေးထွန်းမောင် က နှာခေါင်း ရှုံ့ လျက် ထပြေး သွားသည် ။ ဘိုးလေးထွန်းအောင် က ပြုံးပြုံးကြီး ကလိ လိုက် သေးသည် ။ 


“ ငါးပါးသီလ ကို ကာယကံ ၊ ဝစီကံ ၊ မနောကံ သုံးခုလုံး ထိန်းနိုင် တယ် လို့ ပဲ သစ္စာ ဆိုစမ်းပါဦး ။ ဟား ... ဟား ... ၊ တစ်ကြိမ် တစ်ခါ တော့ ဖောက်လွဲ ဖောက်ပြန် ရှိဦးမှာပေါ့ကွာ ” 


ဘိုးလေးထွန်းမောင် က အသက် ခြောက်ဆယ် နှင့် ကွယ်လွန် ခဲ့ သော်လည်း ဘိုးလေးထွန်းအောင် က အသက် ရှစ်ဆယ် အထိ ကျန်းကျန်းမာမာ နှင့် သားသမီးများ အပြုအစု ခံပြီး သေ သွား ခဲ့သည် ။ အရက် ကို လည်း အသက် ကြီး မှ အမြင်မှန် ရပြီး ပြတ် သွားခဲ့သည် ။ သူ့ သစ္စာ နှင့် သူ တော့ ဟုတ် နေခဲ့သည် ။


  •••••   •••••   •••••


နံနက်ခင်း တိုင်း အသံစာစာလေး ကို ကြား နေရသည် ။ ယခင် က သည် အသံမျိုး ခင်ခင်ဆင့် မကြားဖူးပါ ။ ခင်ခင်ဆင့် တို့ ရပ်ကွက် က လူနေ ကျဲပါးသည် ။ နံနက်တိုင်း ဘကြီးစိုးတင့် ၏ ဘုရား ရှိခိုးသံ ဩဩကြီး နှင့် ကြီးတော်မတော ၏ ကြေးစည် ရိုက်သံ သဲ့သဲ့ က ခင်ခင်ဆင့် တို့ ရပ်ကွက် ၏ အရုဏ်ဦး သံစဉ်များ ဖြစ်သည် ။ သည် နောက်ပိုင်း မှာ တော့ ပဲပြုတ်နံပြားသည် ၊ မုန့်စိမ်းပေါင်းသည် နှင့် အခြား သရေစာသည် များ ၏ အသံများ ကို ကြားနေကျ ဖြစ်သည် ။ မျက်စောင်းထိုး အိမ် မှ တစ်ခါတစ်ရံ စိတ်လိုလက်ရ ဖွင့် တတ်သော ကြာနီကန်ဆရာတော် ၏ ပဋ္ဌာန်းတရားတော် ကို ကြား လျှင် တော့ ခင်ခင်ဆင့် အလွန် ပျော်သည် ။


ပဋ္ဌာန်းတရားတော် သည် ခင်ခင်ဆင့် ဘဝ အတွက် အလွန် အရေး ပါ သည် ။ ငယ်စဉ် ကတည်း က ဘွားအေကြီး နှုတ်တိုက် ချပေး တတ် သော နှစ်ဆယ့်လေး ပစ္စည်း ခေါ် ပဋ္ဌာန်းဒေသနာတော် ကို ရွတ်ဖတ် ပြီး မှ ခင်ခင်ဆင့် အိပ်ရာ ဝင်လေ့ ရှိပါ၏ ။ ထို အကျင့် ကို စွဲမြဲရာ မှ အထုံအလေ့ ဖြစ်ပြီး အကြောင်းကိစ္စ ကြီးငယ် ရှိ လျှင် ပဋ္ဌာန်း ရွတ်ပြီး ခင်ခင်ဆင့် ဖြေသိမ့် ဆုတောင်း တတ် မြဲ ။ အမှတ်တရ အရှိဆုံး က ခင်ခင်ဆင့် ဆရာမ ဖြစ်ပြီး ချိန် ကျေးရွာ တစ်ရွာ မှာ တာဝန် ထမ်းဆောင်စဉ် က ဖြစ်သည် ။ ထို ရွာကလေး က အိမ်ခြေ မများလှ သော်လည်း ချမ်းသာကြွယ်ဝ သူ များ လှသည် ။ ခင်ခင်ဆင့် ကို ထား ပေးသော အိမ် သည် ရွာ ထဲ မှာ အပြေလည်ဆုံး ဖြစ်သည် ။ ခင်ခင်ဆင့် ရောက်ပြီး မကြာမီ ထို အိမ် ကို ဓားပြတိုက် ခံရသည် ။ 


ထို ည က အိမ်ရှင်ဦးလေး မရှိဘဲ အိမ်ရှင် အဒေါ် နှင့် ကလေး များ သာ ခင်ခင်ဆင့် နှင့် အတူ ရှိနေသည် ။ ကလေးများ ကို စာ ပြပြီး ခင်ခင်ဆင့် အိပ်ရာ ဝင် စ မှာ ပင် အိမ်ရှေ့ မှ တံခါး ခေါက်သံ ကြားရ သည် ။ “ အိမ်ရှင်တို့ တံခါး ဖွင့်ပါဦး ၊ ကျွန်တော်တို့ တည်းခိုချင်လို့ပါ ” ဟူသော အသံ က ခင်ခင်ဆင့် ရင် ကို ဒိန်းခနဲ ခုန်လှုပ် စေသည် ။ သည် အရပ် မှာ သည်လို ဧည့်သည် မျိုး မရှိနိုင်ပါ ။ ဆွေမျိုးသားချင်း မရှိ လျှင် လာ လည်ဖို့ ခက်ခဲသည့် ဒေသ ။ မိုင် နှစ်ဆယ် ကျော် သွားရုံ မျှ ဖြင့် အရှေ့ဘက် မုတ္တမကွေ့ စီး ဝင်ရာ စစ်တောင်းမြစ်ဝ ရေပြင် ကျယ်ကြီး ဆီ ရောက်သည် ။ ကြား မှာ ရွာ ကြီးကြီးမားမား ဟူ၍ လည်း မရှိ ။ ချောင်းရိုး ၊ မြောင်းရိုးများ ပြည့်နှက် နေသော ရွာသိမ်ရွာငယ် များ သာ ရှိသည် ။ ယခုလို ဧည့်သည်မျိုး ကို သင်္ကာမကင်း ဖြစ်စရာ ကောင်း လှသည် ။ ခင်ခင်ဆင့် က စိတ် ထဲ စနောင့်စနင်း ဖြစ်သည် နှင့် ပဋ္ဌာန်းဒေသနာတော် ကို ခေါက်တုံ့ ခေါက်ပြန်ရွတ် နေ ခဲ့သည် ။ တံခါး ခေါက်သံ က ရပ် မသွားခဲ့ ။ မကြာမီ အိမ်ရှင် အဒေါ် ၏ အားကိုးတကြီး အသံ ထွက် လာသည် ။


“ ဆရာမ ရေ အိမ် တံခါး ဖွင့်ပါတဲ့ ။ ဧည့်သည်တွေ တည်းခိုချင်လို့ တဲ့ ”


သူ့ အသံ က တုန်ရီ နေ၍ သူ လည်း ရိပ်မိမှန်း သိသာသည် ။ ထိုခဏ ဒိုင်းခနဲ အသံ ထွက်လာသည် ။ ခင်ခင်ဆင့် မနေသာတော့ ဘဲ တံခါး ဆီ အပြေး သွား ဖွင့်လိုက်သည် ။ ဝုန်းခနဲ အသံ နှင့် အတူ အိမ် ပေါ် တက် လာသော ယောက်ျား တချို့ က ခင်ခင်ဆင့် ကို သေနတ် နှင့် ချိန်ပြီး ထိုင်ခိုင်း ထားသည် ။


“ မလှုပ်နဲ့ ငြိမ်ငြိမ်နေ ”


ခင်ခင်ဆင့် က ဘာကိုမျှ မကြည့်တော့ ။ မျက်စိ ကို စုံ မှိတ်ပြီး ပဋ္ဌာန်း ကို သာ အဖန်ဖန် ရွတ် နေမိသည် ။ သူတို့ က တစ်အိမ်လုံး မွှေနှောက် ရှာသည် ။ ခင်ခင်ဆင့် ထံ မှ လည်း ပစ္စည်း တောင်းသည် ။ ခင်ခင်ဆင့် က ပါလာသမျှလေး ထုတ်ပေး လိုက်သည် ။ ခင်ခင်ဆင့် နှင့် အတူ အိပ် လာသော ကလေးတွေ ထံ မှ လည်း နားကပ်လေးတွေ ချွတ် သွားသည် ။ နောက်ဆုံး အိမ်ရှင့် သေတ္တာကြီး ပါ ယူ လာပြီး ခင်ခင်ဆင့် ကို ဖွင့် ခိုင်းသည် ။ လေးမောင်းထိုး သေတ္တာကြီး ဖြစ်၍ ခင်ခင်ဆင့် ချွေး ပြန် အောင် ဖွင့်ရသည် ။ အိမ်ရှင် အဒေါ်  က သွေးနုသားနု ဖြစ်၍ လသားကလေးလေး ပေါင် ပေါ် တင်ပြီး မလှုပ်မယှက် ထိုင် နေသည် ။ သေတ္တာဖွင့် အပြီး အထဲ မှာ ဘာမှ မရှိတော့ စိတ်တို သွားပုံ ရသည် ။ ဓာတ်ဆီ လောင်းပြီး မီး ရှို့မည် ပြောသည် ။ ခင်ခင်ဆင့် တစ်လုံး တစ်ပါဒ မှ မပြောတော့ဘဲ ကိုယ့် ပဋ္ဌာန်း ကို သာ ကိုယ် ဖိ ရွတ်သည် ။ နောက်ဆုံး ခင်ခင်ဆင့် သေတ္တာ ကို လည်း ဖွင့် ရှာသည် ။ သေတ္တာ ထဲ မှာ အလှထိုးရန် သိမ်း ထားသော ရင်ထိုးလေး ကို ယူလာပြီး ' ဒါဘာလဲ ' ဟု ခင်ခင်ဆင့် ကို မေးသည် ။ ခင်ခင်ဆင့် က ရွှေ မဟုတ်ဘဲ အလှ ထိုးသည့် ရင်ထိုး ဖြစ်ကြောင်း ပြောရာ ခင်ခင်ဆင့် လက်ထဲ  ပြန် ထည့် ပေးသွား ခဲ့သည် ။ အပြန်ပြန် အလှန်လှန် ရှာပြီး စိတ် ကျေနပ် မှ ခင်ခင်ဆင့် တို့ အိမ် မှ ပြန် ဆင်းသွား သည် ။ ခင်ခင်ဆင့် ရော အိမ်ရှင် ပါ လက်ဖျား နှင့် ပင် တို့မသွားခဲ့ ။ ပြိုင်တူ တိုက်သော အခြား အိမ်များ မှာ အရိုက်အနှက် ခံကြရသည် ။ ထိုအချိန် ကတည်း က ခင်ခင်ဆင့် က ပဋ္ဌာန်း ကို ယုံယုံကြည်ကြည် ရွတ်ဆို ခဲ့သည် ။ ပဋ္ဌာန်း တရား အသံ ကြား လျှင် လည်း ကိုယ့် ကိုယ် ကို ကံကောင်းသည် ဟု ယူဆ ခဲ့သည် ။ 


“ ဟော ... ဒီဘက် က မုန့်လုံးကြီးကြော် ... မုန့်ဆီကြော် ... ပဲကပ်ကြော် ဟေ့ ”


ဟောကြည့် ၊ ပြောရင်း ဆိုရင်း သည် အသံ ကို ကြား ရပြီ ။ ပြောရ လျှင် ခင်ခင်ဆင့် အကြော် ကြိုက်သည် ။ ကျောင်း ရှေ့ မှာ လည်း အကြော်ဆိုင် ရှိပါ၏ ။ စား လို့ လည်း ကောင်းပါ၏ ။ သို့သော် လည်း တကူးတက သွား ဝယ် ရသည် ။ ပြိုက်ခနဲ ကုန် သွားသည့် အခါ လည်း ရှိသည် ။ သည်တော့ စားဖြစ် ခဲသည် ။ ယခု အကြော် က တော့ ဘယ်လို နေသည် မသိ ။ ခင်ခင်ဆင့် က ပဲကပ်ကြော် ဆိုလျှင် ပါးပါး ကြွပ်ကြွပ်လေး ကို ကြိုက်သည် ။ ပြောရင်း ဆိုရင်း စားချင်စိတ် ဖြစ်၍ ခင်ခင်ဆင့် အကြော်သည်လေး ကို လှမ်း ခေါ် လိုက်သည် ။ သူ့ အသံ သေးသေးလေး က လည်း သနားစရာ ကောင်း နေ သလို ။


“ လာပါဦး ”


အကြော်သည်လေး လှမ်း ဝင် လာသည် ။ 


“ အဲတော့ ...”


ခင်ခင်ဆင့် အံ့အားသင့် ပြီး ပါးစပ် အဟောင်းသား ဖြစ်သွား ရသည် ။ သူ့ ကို ခင်ခင်ဆင့် သိနေသည် ပဲ ။ သူ က ဗန်းကလေး ချပြီး ပြုံးပြုံးလေး ကြည့် နေသည် ။ 


“ ဘာကြော် ယူမလဲ ဆရာမ ”


အကြော်တွေ ကို ကြည့် လိုက်တော့ ခင်ခင်ဆင့် စိတ်ညစ် သွား သည် ။ သူ့ အကြော် က ခင်ခင်ဆင့် ကြိုက် သလို ပါးပါးကြွပ်ကြွပ်လေး မဟုတ် ။ ထူထူပျစ်ပျစ်ကြီး ကြော် ထားခြင်း ဖြစ်သည် ။ သို့သော်လည်း ချင်းနံ့လေး သင်း နေ၍ ခင်ခင်ဆင့် စား ကြည့် ရန် စိတ်ကူး လိုက်သည် ။ အိမ် မှာ က ဘယ်သူမှ အကြော် မကြိုက်၍ တစ်ယောက် စာ သာ ဝယ် ရသည် ။ 


“ ပဲကပ်ကြော် နှစ်ခု ယူ မယ်နော် ” 


“ ဟုတ်ကဲ့ ”


ပိုက်ဆံ နှစ်ရာ ပေး လိုက်၍ ကောင်မလေး ပြန် ထွက် သွားသည် ။ ခင်ခင်ဆင့် ပဲကပ်ကြော် ကို အသာ ဖဲ့ မြည်း လိုက်သည် ။ ဆီတွေ အိခနဲ စိမ့်ထွက် လာသည် ။ ပါးစပ် ထဲ မှာ ရှတတ အရသာ ကို ခံစား ရသည် ။ အရသာ က တော့ ဆားပြား သင့် ပါ၏ ။ ကောင်မလေး အမြတ်အစွန်း များမည် မဟုတ် ။ သူ့ အကြော် က အရည်ပျစ်ကြော် ထားခြင်း ဖြစ်သည် ။


“ ဘယ်လိုလဲ ဟေ့ ၊ ကောင်းလား ”


အစ်မ က ခင်ခင်ဆင့် ကို လှမ်း မေးသည် ။


“ ကောင်းတော့ ကောင်းတယ် ၊ ဒါပေမယ့် မကြွပ်ဘဲ ဆီတွေ အိ နေတယ် ။ စားကြည့်ပါလား ”


“ အဲဒါ ဟို တစ်ယောက် မဟုတ်လား ”


အစ်မ က အကြော် တစ်ဖဲ့ ယူ စားပြီး ခင်ခင်ဆင့် ကို စပ်စု လိုက်သည် ။


“ ဟုတ်တယ် ၊ ကောင်မလေး သနားပါတယ် ။ အဘိုးကြီး က သူ့ အိမ် ပြန်သွားပြီ ”


“ အေးလေ ၊ ဘာမှ လည်း ပေးခဲ့ပုံ မရဘူး ” 


“ ဒီ အဖြစ်မျိုး က ဒါပါပဲ ဟာ ”


အစ်မ က သူ့ စကား ကို လက်စသတ် လိုက်သည် ။ ခင်ခင်ဆင့် က တော့ ကောင်မလေး မျက်နှာ နွမ်းနွမ်းကလေး ကို မြင်ယောင် ရင်း သနား နေမိသည် ။ သူ နှင့် ခင်ခင်ဆင့် စ တွေ့ခဲ့သည် က လွန်ခဲ့သော သုံးနှစ် က ပါ ။ ထို နှစ် က နွေရာသီ မှာ ခင်ခင်ဆင့် တို့ ရပ်ကွက် အလိုက် လူဦးရေ စာရင်း ကောက် ယူ ရသည် ။ ကိုယ် တာဝန်ကျ သော ရပ်ကွက် အတွင်း မှာ ရှိသည့် အိမ်တွေ ကို အိမ်ထောင်စု ဇယား နှင့် တကွ ရပ်ကွက်လူကြီး အိမ် လာ ခိုင်းရသည် ။ ထိုအချိန် က ကောင်မလေး က အတော်ပင် ငယ် လှပါသည် ။ အိမ်ထောင်စု ဇယားလေး ကိုင်ပြီး ရောက် လာသော ကောင်မလေး လူအများ ကြား မှာ ကြောင်တိကြောင်တောင် နိုင် လှသည် ။


“ ထိုင်လေ ”


ခင်ခင်ဆင့် ထိုင် ခိုင်း လိုက်ပြီး သူ့ လက် ထဲ မှာ ကိုင်ထားသော အိမ်ထောင်စုဇယား ကို လှမ်းယူ ပြီး ကြည့် လိုက်သည် ။ 


“ သုံးယောက်တည်း နော် ”


“ ဟုတ်ကဲ့ ”


သူ့ ကြည့်ရသည် က ခင်ခင်ဆင့် ကို တစ်ခု ခု ပြောချင် နေပုံ ရသည် ။


“ ဆရာမ ”


ခင်ခင်ဆင့် ကို မရဲတရဲ သူ ခေါ်သည် ။


“ ပြောလေ ၊ ဘာပြော မလို့လဲ ”


“ အိမ်ထောင်စု ဇယား မှာ ပါတဲ့ ကျွန်မ အဖေ ၊ အမေ က သေသွားပါပြီ ။ အဲဒါ ကျွန်မ အခု လူ တစ်ယောက် ထပ် ထည့်ချင်လို့ ၊ ရမလား ဆရာမ ”


“ အဲလိုတော့ ထည့်လို့ မရဘူးလေ ။ ဆရာမ တို့ က စာရင်း ပဲ ကောက်ရတာ ။ ညီမလေး ထည့်ချင် ရင် လူဝင်မှုကြီးကြပ်ရေး က လာ မှ ပြောလေ ”


“ ဟုတ်ကဲ့ ”


ကောင်မလေး မျက်နှာနီနီလေး နှင့် ပြန် ထွက်သွားသည် ။ 


“ ဟိတ် .. နေဦး ”


ကောင်မလေး ပြန် လှည့် လာ ပြန်သည် ။


“ ညီမလေး က ဘယ်သူ့ ကို ထည့်မှာလဲ ။ အိမ် မှာ လက်ရှိ ရှိ နေတဲ့ အိမ်ထောင်ဦးစီး ဆိုရင် တော့ အစ်မ စာရင်း ကောက် သွားမယ် ” 


စာရင်း တိကျ စေ လို၍ ခင်ခင်ဆင့် ပြော လိုက်သည် ။ 


“ နေပါစေတော့ အစ်မ ၊ ကျွန်မ မထည့်တော့ပါဘူး ” 


ကောင်မလေး ပြန် ထွက် သွား၍ ခင်ခင်ဆင့် ရှေ့ မှာ ထိုင်နေ သော အမျိုးသမီး တစ်စု ပြုံးစိစိ ကျန်ရစ်သည် ။


“ ဟင်း ... ဟင်း ၊ ဆရာမ က သွား မေး နေတယ် ။ သူ က ဘယ် ပြောရဲမှာလဲ ” 


“ ဘာဖြစ်လို့လဲ ”


“ ဘာဖြစ်ရမလဲ ဆရာမ ရယ် ၊ သူ က ထွန်းသီရိစတိုးဆိုင် က ဦးထွန်းနိုင် က ကြည့်ရှု ပေးထားတာလေ ။ အဘိုးကြီး က သူ့ အိမ် မှာ လာ နေတော့ ၊ သူ က တရားဝင် ဖြစ်ချင်မှာ ပေါ့ ”


ခင်ခင်ဆင့် ရင် ထဲ လှုပ်ခတ် သွားသည် ။ ထွန်းသီရိစတိုး က ခင်ခင်ဆင့် တို့ မြို့ မှာ အကြီးဆုံး စတိုးကြီး တစ်ခု ပါ ။ ထွန်းသီရိပိုင်ရှင် ဦးထွန်းနိုင် က လည်း အသက် ကြီးလှပါပြီ ။ ပြောရ လျှင် ခင်ခင်ဆင့် တို့ အဖေ နှင့် ပင် မတိမ်းမယိမ်း အရွယ် ရှိပြီ ။ စောစောပိုင်း က ကောင်မလေး သည် အလွန်ဆုံး ရှိ မှ နှစ်ဆယ် ပါ ။ ခင်ခင်ဆင့် ရင် ထဲ စူးတူးရှတကြီး ဖြစ်နေသည် ။


“ အဘိုးကြီး က သားသမီးတွေ တစ်ပြုံတစ်မ နဲ့ သူ့ မိန်းမ လည်း ရှိ နေတာ ၊ ဘယ် လာ အတည် ဖြစ်လိမ့်မလဲ ။ သူ က သာ ... ”


‘ တော်ကြပါတော့ ’ ဟု ခင်ခင်ဆင့် ပြော ပစ်လိုက် ချင်သည် ။ သူများ အကြောင်း ကို သူတို့ မို့ နှိုက်နှိုက်ချွတ်ချွတ် ပြောချင် ကြသည် ။ မှန်သည်ပဲ ထားဦးတော့ ၊ လူမှုကျင့်ဝတ် အရ စာနာထောက်ထား သင့်သည် ။ တကယ်ဆို ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့် ကိုယ် ကို ခြောက်ပစ်ကင်း သဲလဲစင် သာ ဖြစ်ချင်ပါ လိမ့်မည် ။ အကြောင်းတရားတွေ ကြောင့် အကျိုးတရားတွေ ဖြစ်လာသည့် နောက် လက်ရှိ ဘဝ မှာ ခါးစည်း ခံကြ ရသည် ။ သည့် နောက်ပိုင်း ထို ကောင်မလေး အကြောင်း ကို ခင်ခင်ဆင့် မကြားမိ ခဲ့ ။ သူ့ ကို မေ့ပျောက် သလို ဖြစ်သွား ခဲ့ရ သည် ။ ယခု အကြော်သည် ဆိုပါ မှ ထို ကောင်မလေး ဖြစ် နေ၍ ခင်ခင်ဆင့် အံ့ဩ ရသည် ။ သူ့ ခမျာ ဘယ်လို ဖြစ်ပြီး အကြော် ရောင်း နေရှာသည် မသိ ။ ဟို လူကြီး ရော ၊ ဘာကြောင့်များ မျက်နှာလွှဲ ခဲပစ် ထားခဲ့သည် လဲ ။ ခင်ခင်ဆင့် အတွေးတွေ ရှည်လျား သွားသည် ။ ပါးစပ် ထဲ မှ အကြော်သည် အရသာ မရှိတော့ ။ တကြွပ်ကြွပ် ဝါး ရမည့် အစား တစိစိ ဖြစ်နေသည် ။ ဝါးလိုက် တိုင်း စိမ့်ထွက် လာသော ဆီတွေ ကို လည်း ခင်ခင်ဆင့် နှမြော နေသည် ။ သည်ပုံ အတိုင်း ဆို လျှင် ကောင်မလေး အကြော် မြတ်မည် မဟုတ် ။ တစ်ယောက် တည်း ရုန်းကန် နေရသည့် အဖြစ် မှာ အမြတ်အစွန်း မရှိ လျှင် သူ ဘယ်လို ရပ်တည် ရှာမည် မသိ ။ နောက် တစ်နေ့ ခေါ်ပြီး သတိပေးမည် ဟု ခင်ခင်ဆင့် စိတ်ကူး လိုက်သည် ။


  •••••   •••••   •••••


ခင်ခင်ဆင့် ကိုယ့် စိတ် ကိုယ် အံ့ဩ နေ မိသည် ။ နံနက် အိပ်ရာ ထ ကတည်း က အကြော်သည်လေး ကို သတိရ နေသည် ။ အရွယ် နှင့် မမျှသော လောကဓံ ကို သူ ခံစား ခဲ့ရ၍လား မသိ ။ သူ့ မျက်နှာလေး က အရွယ် ထက် ရင့်ရော် နေသည် ။ ရင့်ကျက်တည်ငြိမ် သည် ဟု မပြောသာ သော်လည်း သူ့ အနေအထိုင် နှင့် အမူအရာ က လက်ရှိ အခြေအနေ နှင့် ဆက်စပ် မရအောင် ကွာဟ လွန်းသည် ။ အနေအထိုင် အေးဆေးသည် ဟု ပဲ ပြောရပါမည် ။ ဒါနှင့် များ တောင် ...  ။


“ ဟေ့ ... ဒီဘက် က မုန့်လုံးကြီးကြော် ၊ မုန့်ဆီကြော် ၊ ပဲကပ်ကြော် ၊ ဘယာကြော် ဟေ့ ”


ပြောရင်းဆိုရင်း အကြော်သည်လေး အသံ ကြားရပြီ ၊ ခင်ခင်ဆင့် အိမ်ရှေ့ ပြေးထွက် သွားသည် ။


“ လာပါဦး ... ”


ခင်ခင်ဆင့် ကို မြင် တော့ မျက်နှာလေး ပြုံး နေသည် ။


“ ဆရာမ အကြော် ကြိုက်ပုံ ရတယ်နော် ”


“ အေး ကြိုက်တယ် ၊ ဒါပေမယ့် နင့် အကြော် က ဆီတွေ များ လွန်းတယ် ဟယ် ။ အကြော်မှုန့် နဲ့ ရေကျဲလေး ကြော်ပါလား ။ ဆီ ကုန် လည်း သက်သာ ၊ စား လည်း ကောင်းတယ် ။ အမြတ်အစွန်း လည်း ကိုယ့် အတွက် ကျန်တာပေါ့ ။ နင့် အကြော် က အရသာ တော့ ရှိပါတယ် ” 


သူ့ မျက်နှာ မှာ အပြုံး ပျောက် သွားသည် ။


“ ဟုတ်တယ် ဆရာမ ရယ် ၊ စားတဲ့သူ တိုင်း က လည်း ကျွန်မ ကို ပြောတယ် ။ ကျွန်မ လည်း အဲဒီလို ကြော်ချင်ပါတယ် ။ ဒါပေမယ့် ဘဘ က ပြော မရဘူး ။ ရှေးရိုး အတိုင်းပဲ ကြော် ရတယ် တဲ့ ။ သူ က အခု သားသမီးတွေ နဲ့ အဆင်မပြေ လို့ အိမ် မှာ လာ နေတယ်လေ ။ ဟိုတုန်းက ကူညီ စောင့်ရှောက်ထား တော့ ၊ လက် မခံချင် လို့ လည်း မရဘူး ။ တော်ကြာ သစ္စာ မရှိဘူး ၊ ပိုက်ဆံ မက်တယ် လို့ အပြော ခံ ရ မှာ စိုးလို့လေ ။ သူတို့ အခု စီးပွားရေး ကျတော့ ၊ သိပ်ပြီး အဆင် မပြေလှဘူး ။ ဒီတော့ ကိုယ် ပဲ ဦးဆောင်ရတာ ပေါ့ ”


ခင်ခင်ဆင့် ပြောစရာ စကားလုံး ရှာ မတွေ့တော့ ။ “ အင်း အဲ ” နှင့် သာ ခေါင်းညိတ် လိုက်ရသည် ။ ဒါပေမယ့် သစ္စာ ဆိုသည့် စကား တစ်လုံး ကို တော့ ခင်ခင်ဆင့် သတိထား လိုက်မိသည် ။ သစ္စာ ဆိုတာ တစ်ခါတလေ တော့ လည်း ...


◾သွဲ့ထားညို


📖 သောင်ယံကမ်း က လွမ်းလက်ကျန်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment