Thursday, December 1, 2022

အလှည့်ကျ မနွဲ့စတမ်း


 ❝ အလှည့်ကျ မနွဲ့စတမ်း ❞


“ ဟူး ... ပူလိုက်တာ ”


ပါးစပ် မှ လေပူ တစ်ချက် မှုတ် ထုတ်လိုက်သော်လည်း ခန္ဓာ ကိုယ် အပူ က လျော့ မသွားခဲ့ ။ မိကျောင်း ဖမ်း သည့် နေ့ က စပြီး တိုးကျော် အမေ့ ကို ကျေးဇူးအနန္တ တင် နေမိသည် ။ အမေ တစ်ယောက် ၏ ဒုက္ခ က သေးလှသည် မဟုတ် ။ မျက်နှာ ပေါ် မှ ပြိုက်ပြိုက်ကျ နေသော ချွေးတွေ ကို ချိုနွယ် က သူ့ လက်ချောင်းနုနု လေး နှင့် သပ် ချပေးသည် ။ 


“ နေပါစေဟာ ၊ ငါ့ ကို အဝတ်ကြမ်း တစ်ထည် သာ ပေး ” 


တန်း ပေါ် မှ ပုဆိုးဟောင်း တစ်ထည် ကို ချိုနွယ် ယူ လာ ပေးသည် ။ 


“ ရေ မချိုးလိုက်နဲ့ဦး နော် ကိုကိုး ။ အပူ ဝင် သွားဦးမယ် ” 


ဒီ အပြောလေးတွေ ကြောင့်ပဲ အိမ်ထောင်မှု မနိုင်နင်းသော နွယ့် ကို တိုးကျော် သည်းခံ နေနိုင်ခြင်းပါ ။ ချိုနွယ် က ဝါးယပ်တောင် အစုတ်လေး ဖြင့် တိုးကျော် ကို ယပ်ခပ် ပေးသည် လေ အဝှေ့ မှာ ချိုနွယ့် ကိုယ် မှ သနပ်ခါးနံ့ သင်းသင်းလေး ရသည် ။ မိန်းမ ဖြစ်သူ ကို တိုးကျော် စောင်းငဲ့ ကြည့် လိုက်သည် ။ တောသူ လို့ မထင်ရလောက်အောင် ဖြူဝင်း သည့် အသားအရေ မှာ သနပ်ခါး စင်းကြောင်းလေး တွေ ထင် နေသည်က ကြည့် ကောင်း လွန်းလှသည် ။ သနပ်ခါး ကြား မှာ ပေါ် နေသည့် အသားအရေ က သနပ်ခါး ထက် ပင် ဖြူနုအိမွတ် နေသည် ။ ထို မျက်နှာဝင်းဝင်းလေး ပေါ် မှာ မှ အရင်း တုတ်ပြီး အဖျား သွယ်သွားသော မျက်ခုံး မည်းမည်းလေး က ထင်းထင်းပပ ရှိသည် ။ ရှည်မျောမျော နှင့် မျက်ဝန်းအိမ် ကျယ်သည့် မျက်လုံး တစ်စုံ က မျက်တောင်မွေး တိုတိုစိပ်စိပ်လေးများ ဖြင့် ဘောင် ခတ်ထားသည် ။


“ ချိုနွယ် နင် နှုတ်ခမ်းနီ ဆိုး ထားတာလား ” 


တိုးကျော် စေ့စေ့ကြည့်ပြီး မေး လိုက်၍ ချိုနွယ် မျက်လွှာလေး ချသွားသည် ။


“ ကိုတိုး က လည်း ပြော တော့မယ် ။ ဘယ် မှာ နှုတ်ခမ်းနီ ရှိလို့ ဆိုး ရမှာလဲ ” 


ဟုတ်တာပဲ ၊ အိမ်ထောင်သည် လည်း ဖြစ် ၊ တောသူတောင်သား လည်း ဖြစ်၍ သည်လောက်ထိ အလှအပ ကို ခုံမင်စွဲလမ်း နေရမည့် အခြေအနေ လည်း မဟုတ် ။ သို့သော်လည်း ချိုနွယ့် နှုတ်ခမ်းလေးတွေ နီရဲ ထူအိ နေတာ တော့ အမှန်ပါ ။ သည် ရုပ်ရည်ကြောင့် လည်း အဖေ နှင့် အမေ ကို ဆန့်ကျင်ပြီး တိုးကျော် ဇွတ် တိုး ခဲ့ခြင်းပါ ။


“ မိန်းမ ယူတယ် ဆိုတာ မောင်တစ်ထမ်း မယ်တစ်ရွက် မဟုတ် တဲ့ တိုင် အိမ်ထောင်မှုလေး နိုင်နှင်းရင် တော် သေးတာပေါ့ ။ အခု မင်း ယူမယ့် မိန်းမ က ဆိုင်းလေး နဲ့ တင်ပြီး အလှ ကြည့် ရမယ့် မိန်းမ ။ လှတာ မက် ရင် ညစာ ခက် သတဲ့ ။ မင်း ဒုက္ခတွေ ငါ မြင်သေးတယ် ”


တိုးကျော် မိန်းမ ယူစ က အမေ ပြောခဲ့သည့် စကားပါ ။ တိုးကျော် က လည်း မခေပါ ။ အမေ့ ကို နှုတ်လှန် ထိုး ခဲ့သေးသည် ။


“ ကိုယ် က သေကောင်ပေါင်းလဲ လုပ် ကျွေးရမယ့် ဟာ ။ ရုပ် ချောတော့ အမော ပြေ သေးတယ် ။ လုပ် လည်း ကျွေး ရသေး ၊ ပြန် လာတော့လည်း အမောမပြေ ဆို ဘာ လုပ်မှာလဲ ။ ထမင်း ကတော့ သူ  မချက် လည်း ကိုယ် ချက်ရုံပေါ့ ”


တိုးကျော် ပြော တော့ အဖေ ခေါင်း တညိတ်ညိတ် ပြုံး နေသည် ။


“ ခက်တယ် တိုးကျော် ၊ မင်း မသိဘဲ လျှောက် ပြောနေတယ် ။ မိန်းမ ဆို တာ မီးဖွားရတဲ့ ဒုက္ခ ၊ ကိုယ်ဝန် ဆောင်ရတဲ့ ဒုက္ခ က ပဲ  အတော်ကြီး ပင်ပန်းလှပြီ ။ မင်း မိန်းမ ပျော့တိပျော့နွဲ့ နိုင်ပုံမျိုးနဲ့ မီးကပ်ပေါ် တောင် နေနိုင်မှာ မဟုတ်ဘူး ။ နနွင်းတောင်း ဖို့ ဆိုတာ ဝေးလာ ဝေးရော ”


ထိုစဉ်က အမေ ပြောသည့် မီးကပ် ဆို တာကို တိုးကျော် နား မလည်ခဲ့ ။ အမေ ရှင်း ပြမှ အံ့ဩရသည် ။  


“ ဟိုခေတ် က မိန်းမတွေ ကလေး မွေးတာ လွယ် မှတ်လို့ ။ ရှေး လက်သည်တွေ က မီးဖွားပြီး သွေး ညီညွတ်အောင် ဆိုပြီး တစ်ကိုယ်လုံး အုတ်ပူတွေ နဲ့ ထိုး ၊ ဒါတင် အားမရဘူး ၊ မီးတွေ ပတ်လည် ထည့်ပြီး ကိုယ် က အလယ် ခေါင် မှာ စောင်ကြီး ခြုံပြီး နေရ တာ ။ မီးရှိန် နဲ့ ဆိုတော့ လူ ကို ချွေးဒီးဒီး ကျရော ။ ဒီတော့မှ သူတို့ က သွေးသားစင်တယ် ထင် တာကလား ။ နနွင်း ဆို တာလည်း သောက် လိုက်ရတာ ပြော မနေနဲ့ ။ ခု ခေတ် မှာတော့ ဒါတွေ မရှိတော့ပါဘူး ။ တော်ရုံ အုတ်ပူ တိုက် ရုံလောက်ပဲ ”


အမေ ပြောစဉ် က အံ့ဩရုံ မှ လွဲပြီး သည်လောက်ကြီး အလေး အနက် မရှိခဲ့ ။ ချိုနွယ့် ကို ရ လျှင် ပြီးရော ၊ ကျန်သည့် ဒုက္ခတွေ ကို ရင်ဆိုင်နိုင်မည် ဟု ထင်ခဲ့သည် ။ လက်တွေ့ ဘဝ မှာ အိမ်ထောင် တစ်ခု ကို ဦးဆောင် ရသည့် အခါ မှာတော့ တာဝန် မသေးလှကြောင်း ကို တိုးကျော် သိ လာရသည် ။ ရုန်းကန် လိုက်ရသည် က နဖူး က ချွေး ခြေမ ကျ မဟုတ် ၊ ကိုယ့် ချွေး ကိုယ် ပြန် သောက်ရသည့် အဖြစ် ။ လုပ် လိုက်ရသည့် အလုပ် က လည်း ရာသီ အလိုက် နား ရသည် မရှိ ။ အမေ ပြော သလို ကူဖော်လောင်ဖက် မိန်းမမျိုး ဆိုလျှင် တိုးကျော် သက်သာရာ ရဦးမည် ။ ချိုနွယ် က ပါးစပ် သမား ။ ပါးစပ်ကလေး က ချွဲနွဲ့ ခိုင်း တတ်သလောက် ဆီ မရှိလည်း တိုးကျော် ၊ ဆန် မရှိလည်း တိုးကျော် ပါ ပဲ ။ အလဲအဖယ်လေးတောင် မရသော မိန်းမ ကို တစ်ခါ တလေ တော့ လည်း တိုးကျော် စိတ်ဆိုး ချင်သည် ။ သို့သော်လည်း ကိုယ် တည်သည့် ဘုရား လင်းတ ပဲ နားနား ဆိုသလို အောင့်အည်း သည်းခံ ရသည် ။  


အိမ် အပြန် သနပ်ခါးလေး ဖွေးဖွေး ၊ အပြုံးလေး ချိုချို ဖြင့် ကြို လိုက်သောအခါ တိုးကျော် စိတ် တွေ အရည် ပျော် သွားရသည် ။


“ ကိုတိုးရေ ခမုန်းလေးကွင်း ဘက် မှာ မိကျောင်း တွေ တစ်အား ပဲတဲ့ တော့ ”


“ ဟုတ်လား ”


ရေ တစ်ခွက် ကို အနား မှာ ချပေးပြီး ပြော လာသော ချိုနွယ့် စကား ကို တိုးကျော် ယုံရ ခက်နေသည် ။


“ ဖြစ်နိုင်ပါ့ မလား ၊ ဒီလောက် မိကျောင်းဖမ်းသမားတွေ ပေါ နေ တဲ့ဟာ ။ တမင် မွေး ထားတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့ ” 


“ အေးနော် ”


ချိုနွယ် တစ်ယောက် ငြိမ်ပြီး စဉ်းစားနေပုံ ရသည် ။ ခု နောက်ပိုင်း မိကျောင်း ကို တကူးတက မွေး လာကြသည် ။ တိုးကျော် တို့ ငယ်စဉ် က ရွာထိပ် ကိုကုလားကန် မှာ ရေ မမြင် ရလောက်အောင် မိကျောင်း တွေ ပြည့် ကျပ်နေခဲ့သည် ။ နွားကျောင်း ရင်း ၊ ပြေးလွှား ကစား ရင်း ၊ ညောင်သီး ခူးစား ရင်း ရေ ငတ်ပြီ ဆိုလျှင် မိကျောင်းတွေ ကို တိုးကျော် အလွန် စိတ် တိုသည် ။ သူတို့ ကြောင့် အေးအေးလူလူ ရေ သောက်လို့ မရ ။ ဆွဲနုတ် ပြန်တော့လည်း သူတို့ အဆူး ချွန်ချွန်လေးတွေ က လက် ကို ဆူးလှသည် ။ ဝါဆိုလ ရေတွေ ပြည့်လျှံ နေသည့် အခါမျိုး မှာတော့ တစ်ကန်လုံး ဖွေးအောင် မိကျောင်းပွင့်တွေ ဝေဆာနေ တတ်သည် ။ ကန်ကြီး တစ်ကန်လုံး မိကျောင်းပန်း တွေ နှင့် ပြည့်နှက် နေပြီး ပန်းကန်ကြီး လို ဖြစ်နေတတ်သည် ။ ထိုအချိန်က မိကျောင်း ပင် ကို နုတ်၍ ဝက်စာ ကျွေး သည် မှ အပ ထွေထွေထူးထူး အသုံး မဝင်လှ ။ ဝက် ကျွေးသည် ဆိုလျှင်တောင် မိကျောင်းပေါက် နုနုလေးတွေ ကို ဝက်ဆေး အဖြစ် ကျွေး ကြခြင်းပါ ။ အရွယ် ရင့် လာလျှင် မိကျောင်းသီး ချွန်ချွန်များ က စူး လှ၍ ဆိတ် လို ပါးစပ် အငြိမ် မနေသည့် သတ္တဝါမျိုး တောင် မိကျောင်း ကို ရှောင်သည် ။  


ယခု နောက်ပိုင်း မှာ တော့ မိကျောင်း က လူတွေ အတွက် အဖိုးတန် ရတနာသိုက် လို ဖြစ်လာသည် ။ မိကျောင်း တွေ့ပြီ ဆိုမှ ဖြင့် ရသည့် နည်းဖြင့် ပြေး လိုက်ကြသည် ။ သူ့ ထက် ငါ အလုအယက် အပြေးအလွှား ဖြစ်နေကြသည် ။ ဖြစ်တာလည်း မပြောနှင့် ၊ မိကျောင်းစေ့ တစ်ပိဿာ သုံးထောင် ပေး ဝယ်သည် ။ ယခု နောက်ပိုင်း မိကျောင်း ရိတ် သူ များ လာ၍ ဈေးအနည်းငယ် ကျ လာသော်လည်း မိကျောင်းဈေး က မဆိုးလှ ။ မိကျောင်း မှည့် သည့်အချိန် က လည်း နွေရာသီ အလုပ် ပါး ချိန် ဖြစ်၍ ဝင်ငွေ ကောင်းသည့် မိကျောင်း ကို လူတိုင်း ရှာ ရိတ်ကြသည် ။ ဒါကိုပင် ဒေသ စကားဖြင့် မိကျောင်း ဖမ်း သည် ဟု တင်စား ခေါ်ကြသည် ။


မိကျောင်း ရှာ ရသည့် အလုပ် က လည်း တကယ်တော့ ပင်ပန်း လှသည် ။ မိကျောင်း ဆိုသည့် အပင်မျိုး က တစ်နေရာတည်း မှာ တစ်စုတစ်ဝေး ပေါက်သည် မဟုတ် ။ ဟိုနားစုစု ၊ သည်နားစုစု နှင့် ရသမျှကို သိမ်းကျုံး ရိတ်ရခြင်းဖြစ်သည် ။ မိကျောင်း သဘာဝ က အသီး ရင့်မာ လျှင် လေးစိတ် ကွဲ သွားပြီး အတွင်း မှ အစေ့လေးများ က လေ သင့်ရာ ပါပြီး ချောင်းစပ် ၊ ရေစပ်များ မှာ ပေါက် ကြခြင်း ဖြစ်သည် ။ တချို့ ခြံဝင်း အတွင်း မှာလည်း ပေါက်လေ့ရှိသည် ။ တိုးကျော် တို့ ငယ်စဉ်က အစ်မများ နှင့် အိုးပုတ်တမ်း ကစားလျှင် မိကျောင်းသီး များ ကို ငှက်ပျောသီး လုပ်တမ်း ကစားကြသည် ။ မိကျောင်းသီး ချွဲကျိကျိလေးများ ကို ပါးစပ် ဖြင့် ကိုက် ၍ အပျော် စား ပြီး ဖွီခနဲ ထွေး ထုတ်ရသည့်အရသာ ကလည်း တစ်မျိုးလေးပါ ။ ယခုအခြေ အနေ မှာတော့ မိကျောင်း က တိုးကျော် တို့ လက်လုပ်လက်စားများ အတွက် တကယ့် ငှက်ပျောသီး ပါ ။ အခုလို အလုပ် ပါးသည့် ရာသီ မှာ မိကျောင်း ကို ပင် ကျေးဇူး တင်ရဦးတော့မည် ။


“ ဟေ့ လူကြီး ၊ အမယ် ... သင်း က တယ် ဇိမ်ကျနေပါလား ။ ရေပူရေချမ်း ကမ်းလှမ်းမယ့် သူ နဲ့ ဘာ နဲ့ ရာသီဥတု ကောင်း နေတယ် ပေါ့လေ ”


ရွာလယ်ပိုင်းသား ထွန်စက်ပိုင်ရှင် နေကြီး က အိမ်ရှေ့ မှ ပေစောင်းစောင်း ကြည့်ရင်း လှမ်း နှုတ်ဆက်သည် ။


“ အေးကွာ ၊ ရာသီဥတု အခြေအနေ က တော့ မြင်းခေါင်း မကိုင်ရသေးဘူးလို့ ပြောရမှာပဲ ”


“ ဟား ... ဟား ... ဟား ၊ မြင်းခေါင်း ကိုင် ရပြီ ဆိုလည်း စောစောစီးစီး ပြောပါဗျာ ။ အချင်းချင်း အကူအလှည့်လေး လုပ်ရ တာပေါ့ ”


နေကြီး က ပြောပြောဆိုဆို ဝင်လာသည် ။ ရပ်ဓလေ့ ရွာဓလေ့ က သည်လိုပါပဲ ။ တစ်ယောက် နှင့် တစ်ယောက် ပြောမနာ ဆိုမနာ နောက်ကြ ပြောင်ကြသည် ။ မြင်းခေါင်း မကိုင်ရသေး ဆိုသည့် အဓိပ္ပာယ် က ကျန်းမာရေး  ကောင်း၍ ဆန်ပြုတ် မသောက်ရသေး ဟု ဆိုလိုခြင်းပါ ။ မြင်းခေါင်း က စတီးဇွန်း တံဆိပ် ဖြစ်သည် ။


“ ဟေ့ လူ ... ခင်ဗျား ကို ပြော ရဦးမယ် ။ ကျပ် ဟိုတစ်နေ့ က ချေဖလုံ က ပြန်အလာ ၊ ချေးဖလုံ နဲ့ ဇီးပင်စု အကြား ကိုင်းတော အစပ် မှာ မိကျောင်းအုပ် တွေ့တယ်ဗျ ” 


တိုးကျော် က နေကြီး ရှေ့ ရေနွေးခွက် ချ ပေးလိုက်သည် ။ 


“ သေချာလို့လား ကွ ၊ အဲဒီဘက် ကို အေးနိုင် တို့ အဖွဲ့ တွေ သွား တယ်ကွ ”


"ဟာ ... သေချာလို့ ကျွန်တော် မချိုနွယ် ကို တောင် ပြော ထားသေးတယ် ။ ကိုင်းတော ကြား မှာ ပေါက် နေတာဆိုတော့ တော်ရုံ လူ မမြင်နိုင်ဘူးဗျ ။ ကျွန်တော် တောင် အပေါ့ ဆင်း သွားလို့  ၊ တွေ့တာ ”


“ အေး .. ဒါဆို ငါ မနက်ဖြန် သွားမယ်ကွာ ”


တိုးကျော် က အားပါးတရ ပြောသည် ။ သည်လို သေချာလို့ ကတော့ သွားနိုင်ပါ့ ။ မသေချာဘဲ နှင့်တောင် တစ်ကွင်းလုံး ၊ တစ်တောင်လုံး နှံ့အောင် သွားရသေးတာ ။


“ ဟုတ်တယ် ၊ သွားဆို မြန်မြန် သွားတာ အကောင်းဆုံးပဲ ။ တော်ကြာ သူများ ဦးမယ် ”  


မိန်းမ ဆို တော့ လောဘလေး ရှိချင် သည် ။ တိုးကျော် က တစ်နေ့လုံး မိကျောင်း ဖောက် ထား၍ လူ က ဖိန်းတိန်းရှိန်းတိန်း ဖြစ် ချင်နေသည် ။


“ သွားလိုက်ပါ ။ အနည်းဆုံး နှစ်ပိဿာ ၊ သုံးပိဿာ ဆိုတာ အောက်ထစ် ပဲ ” 


“ အေးကွာ ၊ ဒါဆို မဆိုးဘူး ၊ သွားမယ် ” 


တိုးကျော် စိတ်တုံးတုံး ချလိုက်သည် ။ မိကျောင်း က ရိတ်ရ သည်က အပန်းမကြီး ၊ ဖောက် ရသည်က ပင်ပန်းကြီးလှသည် ။ မြေကြီး ထဲ မှာ အပေါက် နှစ်ပေါက် ပါသော မီးဖိုကြီး ကို တူး၍ မြေကြီး ကို ပြောင်ချောအောင် မံ ထားရသည် ။ အနီးပတ်ဝန်းကျင် ကို လည်း အမှိုက်သရိုက်များ ပြောင်ချောအောင် လှည်းကျင်း ရသည် ။ ပြီးလျှင် မီးဖိုတစ်ဝိုက် ကို တိုင် စိုက်၍ စောင် ဖြစ်စေ ၊ ရိုင်ပတ် ဖြစ်စေ လေလုံအောင် ကာ ထားရသည် ။ မဟုတ်လျှင် မိကျောင်းသီး တွေ ပြန့်ကြဲ သွားနိုင်သည် ။ ထို လေလုံ နေသော အကာအတွင်း ဝင် ၍ တစ်ဘက်ပေါက် က မီးထိုး ၊ တစ်ဖက်ပေါက် က မိကျောင်း ပင် တွေ မီး မြိုက်ရသည် ။ မီးမြိုက် နေစဉ် မျက်စိ ကို အဝတ် ဖြင့် ကာ ထားရသည် ။ မိကျောင်းသီးဆန် မျက်စိ တွင်း ဝင် လျှင် မျက်လုံး ထိခိုက် နိုင်သည် ။ မျက်စိ လို အရာမပြော နှင့် အင်္ကျီ ၊ လုံချည် ကပ် လျှင် တောင် တော်ရုံ နှင့် ခွာ မရ ၍ ရေ စိမ်ပြီး မှ လျှော် ရသည် ။ သည်တော့ လည်း မိကျောင်းဖောက်သမား မှန်သမျှ အင်္ကျီ မဝတ်ဘဲ ကိုယ်လုံး ပြောင် အတိုင်းသာ ဖောက် ကြသည် ။ နေပူပူ လေလုံသော အကာ အရံတွင်း မှာ မိကျောင်းဖောက် ရသည့် အဖြစ် က အမေ ပြောသည့် မီးကပ် ပေါ် တက် ရသည့် မီးနေသည် ထက် ဆိုးသည် ။ ချွေးဒီးဒီး ကျအောင် ပူလောင်သည့် ဒဏ် က လူ တစ်ကိုယ်လုံး မီးကင် ထား သလို ဖြစ်နေရသည် ။ မိကျောင်း ဖောက် သည့် နေ့ မှ စပြီး တိုးကျော် အမေ့ ကို ကျေးဇူး အထပ်ထပ် တင်နေမိသည် ။ ကလေး ခုနှစ်ယောက် ၊ ရှစ်ယောက် မွေးပြီး မီးကပ် ပေါ် တက် ရသည့်အဖြစ် က ဘယ်လောက်များ ပင်ပန်း ရှာမလဲ ဟု တိုးကျော် စာနာမိသည် ။ 


“ ကဲ... သွားမယ်ဗျာ ”


နေကြီး က စကားစမြည် ပြောပြီး နှုတ်ဆက် ထွက် သွားသည် ။ တိုးကျော် ချိုနွယ့် ဘက် လှည့် လိုက်သည် ။


“ ကဲ ... မနက်ဖြန် သွားမယ် ၊ ထမင်းချိုင့် ထည့် သွားမယ် ။ ဘာဟင်း ရှိလဲ ”


တိုးကျော် မေးတော့ ချိုနွယ် မျက်လုံးလေး ထောင့် ကပ်ပြီး စဉ်းစားနေသည် ။  


“ ဘာမှလည်း မရှိဘူး ။ ဒီနေ့တောင် ခရမ်းချဉ်သီး နဲ့ ပဲငါးပိလေး ချက် မလားလို့ စဉ်းစားတာ ကိုတိုး တို့ အမေ အိမ် က ခရမ်းချဉ်သီး တောင်း ရမှာ ကြောက် တာ နဲ့ ကန်စွန်းရွက်ချဉ်ရေကြမ်းလေး ချက်ပြီး အာပြဲခြောက်လေး ကြော် ထားတယ် ”  


“ ရပါတယ် ၊ ဘာပဲဖြစ်ဖြစ် ပင်ပန်းရင် စားဝင်တာပဲ ” 


ပြောလို့ သာ ပြောရ ၊ တိုးကျော် က ဟင်းကောင်း ကြိုက်သည် ။ အိမ် မှာ ဆို လျှာရင်း မြက် မှ စား တတ်တာ တိုးကျော် အကျင့် ။ ခုတော့ လည်း ကိုယ့် ဘဝ နှင့် ကိုယ် အသားကျ နေခဲ့သည် ။


“ ကိုယ့် ယောက်ျားကြီး ပင်ပန်းလို့ ဟင်းကောင်းကောင်း ကျွေး ချင်တာ တော့ ။ ဒါပေမယ့် ဘယ်မှ မရှာတတ် ၊ မဖွေတတ် တော့ ရှိတာ ချက်ရတာ ” 


“ အေးပေါ့ဟာ ၊ ငါ အဖေတို့ အိမ် ဘက် ခဏ သွားဦးမယ် ” 


တိုးကျော် စိတ်ကူး ရပြီး အမေတို့ အိမ် ဘက် ထွက် လာခဲ့သည် ။ 


“ ကိုတိုးရေ ဘာလေး ညာလေး ရရင် ယူ ခဲ့နော် ”


ချိုနွယ် က ခြံပေါက်ဝ ရောက်မှ လှမ်း အော်သည် ။ ချိုနွယ် မှာ လည်း မှာ ချင်စရာပါ ။ အမေတို့ အိမ် က လယ်ဧက သုံးဆယ် ကျော် လယ်သမားကြီး အိမ် ဖြစ်၍ အမေ့ အိမ် မှာ ဆန် ၊ ဆီ မှ အစ အသီး  ၊ အနှံ ၊ ငါးပိ ၊ ဆား ၊ ငါး ရှားလှသည် မဟုတ် ။ အမေ ကလည်း အိမ် မှာ ရှိသမျှ တိုးကျော် ကို ပေးပါသည် ။ ထို့အတူ ချိုနွယ် က လည်း အိမ် မှာ ပိုပိုလျှံလျှံလေး ရှိလာသမျှ သူ့ အမေ အိမ် ကို ပို့ ပါသည် ။ တိုးကျော် ယောက္ခမ မပု က မုဆိုးမ ၊ သမီး သုံးယောက် အမေပါ ။ ချိုနွယ် က သမီးဦး ဖြစ်သည် ။ သမီးဦးလေး တင့်တောင့်တင့်တယ် လူ နှင့် အိမ်ထောင် ကျ ၍ မယ်ပု တစ်ယောက် အမျှော်လင့်ကြီး မျှော်လင့် ခဲ့သည် ။ သို့သော်လည်း ချိုနွယ့် ကို သဘော မကျသော တိုးကျော် တို့ ဘက် က ဘာမျှ မပေးခဲ့ ။ အမေ က သား အတွက် စိတ် မကောင်း ဖြစ်မိသော်လည်း အဖေ က ပြတ်သည် ။ 


“ ဒီကောင် ဘယ်လောက် ရုန်း နိုင်မလဲဆိုတာ ငါ ကြည့်လိုက် ဦးမယ် ”


တကယ်ပင် တိုးကျော် အတွက် အဖေ ဖြစ်ဖြစ်မြောက်မြောက် ဘာတစ်ခု မျှ မပေးခဲ့ ။


မယ်ပု က လည်း မချ ။ အမျှော်လင့်ကြီး မျှော်လင့် ထား ပြီး ဘာမှ ဖြစ် မလာသောအခါ အရပ် ထဲ လှည့် ပြောတော့သည် ။


“ ရေရေရာရာ သားသမီးရယ် လို့ အထင် မကြီးပါနဲ့တော် ။ ဘာမှ မဟုတ်ပါဘူး ”


ထို စကား ကို တိုးကျော် အစ်မတွေ က လည်း ပြန် ကြားသည် ။ 


“ ဘာတန်မှ မဟုတ်လို့ ဘာမှ မပေးတာ ။ ဘာမှ နာ မနေနဲ့ ”


သူတို့တွေ ဘာ ပြောပြော ချိုနွယ် နှင့် တိုးကျော် က ပျော် ပါ သည် ။ လင်မယား နှစ်ယောက် ရှိသမျှ နှင့် ရောင့်ရဲ တင်းတိမ်ရင်း နေ ဖြစ်ကြသည် ။ အမေ က သား ကို အချစ် ပို သူ ပီပီ အဖေ့ အိမ် ရောက်တိုင်း ပိန်တာ ၊ ဝတာ ၊ လန်းတာ ၊ နွမ်းတာ တစိမ့်စိမ့် ကြည့်ပြီး ပြောတတ်မြဲ ။ ယခုလို တိုးကျော် မိကျောင်း ရိတ်နေမှန်း သိလျှင်  ၊ အမေ ဘယ်လောက်များ စိတ် မကောင်း ဖြစ်ရှာမည် မသိ ။ အတွေး နှင့် အတူ တိုးကျော် အမေ့မျက်နှာ ကို မြင်ချင်စိတ် ပြင်းပြလာသည် ။ ခြေလှမ်းသွက်သွက် လှမ်းရင်း ရွာလယ်ပိုင်း ရှိ အမေ့ အိမ်ဝိုင်း ထဲ လှမ်း ဝင်ခဲ့သည် ။


“ ဟိုမှာ လာပါပြီ အမေ့သား ၊ ဘယ် နတ် က များ နှိုးဆော်လိုက် တယ် မသိဘူး ”


အစ်မ အပျိုကြီး က အမေ့ ကို လှမ်း အော်၍ အမေ မီးဖိုထဲ က ပြေး ထွက်လာသည် ။ အမေ့ မျက်နှာ က အစွမ်းကုန် ပြုံး နေသည် ။


“ လာ ... ငတိုး ၊ အမေ က ဝက်သားဟင်းချက် လို့ ငါ့ သားလေး လာရင် ကောင်းမှာပဲ လို့ တွေး နေတာ ”


တိုးကျော် ဗိုက်ထဲ လှပ်ခနဲ ဆာသွားရသည် ။ ဟင်းနံ့လေး ကလည်း မွှေးအီနေသည် ။


“ ဝက်သား မှ ပိဿာလုံးတွဲကြီး တော် ။ နင့် အဖေ ဟိုဘက်ရွာ သွား လို့ ဆွဲ လာတာ ”


တိုးကျော် ပါးစပ်ထဲ သွားရည်တွေ ပြည့်လာသည် ။ ယခင် က သည်လို ဟင်းကောင်း ချက်ပြီ ဆိုလျှင် မီးဖိုထဲ မှာ တိုးကျော် လက် တိုးကျော် ခြေကြီးပါပဲ ။ အမေ က လည်း အဖေ့ ထက် တိုးကျော် ကို ဦးစား ပေးသည် ။


“ စားပြီး မှ သွား ၊ နင့် အဖေ ပြန် လာတာနဲ့ စားမယ် ” 


“ အဖေ က ဘယ် သွားလို့လဲ အမေ ”


“ ဘုန်းကြီးကျောင်း သွား တယ်လေ ။ နင် နဲ့ လမ်း မှာ မတွေ့ဘူးလား ”


“ မတွေ့ဘူး အမေ ၊ ဒါဆို အဖေ က ကြာ မှာ ။ သား က အိမ်မှာ အလုပ် ရှိသေးတယ် အမေ ရ ”


အမေ က ချက်ခနဲ ဆို နားခွက် က မီး တောက်သည် ။ 


“ ဒါဆိုလဲ အမေ ခပ် ပေး လိုက်မယ် ။ လင်မယား နှစ်ယောက် စားကြပေါ့ ။ ဘာလေးညာလေး လည်း ထည့် သွားဦး ”


ချိုနွယ် မှာ သည့် ဘာလေးညာလေး ကိုပင် အမေ က အတတ် သိနေသည် ။ တိုးကျော် တစ်ယောက် ဝမ်းသာလုံး ဆို့နေသည် ။ ယခု နေများ အမေ့ လက်ရာ ဝက်သားဟင်း နှင့် စားရလျှင် နံကျွံသွားမလား မပြောတတ် ။ အမေ က ပြောပြောဆိုဆို တောင်းတစ်လုံး ယူပြီး တွေ့ရာတွေ ပစ် ထည့်နေသည် ။ ဟင်း ကိုတော့ လင်မယား နှစ်ယောက် စာ ချိုင့်ကလေး နှင့် ထည့်ပေးသည် ။


“ အမေ သား ကို ပဲငါးပိလေး လည်း ပေးလိုက်ပါ ။ သား နက်ဖြန် ထမင်းချိုင့် ထည့် သွားချင်လို့ ”


အမေ မျက်မှောင် ကြုတ် သွားသည် ။ 


“ သား က ဒီအချိန် ထမင်းချိုင့် နဲ့ ဘယ် သွားမှာလဲ ” 


“ မိကျောင်း ရိတ် နေတာ အမေ မနက်ဖြန် ဇီးပင်စု ဟိုဘက် ကိုင်းတော မှာ မိကျောင်းအုပ် တွေ့တယ် ဆိုလို့ သား သွား ရိတ်မလို့ ။ များ လည်း များ ဝေး လည်း ဝေး တော့ ထမင်းချိုင့် နဲ့ သွားမှရ မှာ အမေ ” 


“ ဖြစ်ရတယ် သားရယ် ”


အမေ့ အသံ တိမ် ဝင်သွားသည် ။ ပြီးမှ ဆက် ပြောသည် ။


“ ဇီးပင်စုကိုင်းတော ဆိုတော့ ဖြစ်ပါ့မလား သားရယ် ။ အဲဒီ ဟိုဘက်က နွားစားကျက် ဗြက်ကြီး ပဲ ရှိတော့တာ ။ လူသူ ပြတ်ပါဘိ သားရယ် ”


ဗြက် ဆိုသည် က အင်္ဂလန်ဘုရင်မကြီး လှူ ထားခဲ့သော ရှေးပဝေသဏီ ကတည်း က ကျွဲ ၊ နွား စားကျက်ကြီးပါ ။ တစ်မျှော် တစ်ခေါ် ကျယ်ပြီး အမေ ပြော သလို လူသွား လူလာ လည်း ပြတ် ပါ၏ ။ ကိုင်းပင်တွေ က လည်း ဟိုတစ်စု ၊ သည်တစ်စု နှင့် လူတစ်စု ခိုအောင်း နေလျှင် တောင် မြင်ရဖို့ ခက်သည် ။


“ တို့ငယ်ငယ် က ခေတ်ပျက်ကြီး ဆိုတော့ အဲဒီ မြက်ထဲမှာ မကြာခဏ လူသေလောင်းတွေ တွေ့ရတာ ။ တို့ဖြင့် ကြောက်လွန်း လို့ နေ့ခင်းတောင် ဗြက်စပ် က မသွားရဲဘူး ”


“ အဲဒီတုန်းက တိုင်းပြည် မငြိမ်မသက်အချိန်မို့ပါ အမေ ရာ ။ အခုက ခြေချင်း လိမ် နေပါပြီ ။ ထွန်စက်မောင်းသမားတွေ ရော ၊ နွားကျောင်းသမား တွေ ရော အများကြီးပါ ”


“ အေးလေ ဟုတ်မှာပါ ။ ဒီတုန်းက ကာကွယ်ရေးသမား ဆိုတာ လည်း သေနတ် နဲ့ ၊ အဖြူ ၊ အနီ ဆိုတာတွေကလည်း သေနတ် နဲ့ အခုလို အေးအေးချမ်းချမ်း နဲ့ ခေါင်းကျကျ အိပ် ရဖို့ ဆိုတာ အဝေး ကြီး ။ အခုတော့လည်း ကိုယ့် ထမင်း ကိုယ် စားရတဲ့ အပူ ပဲ ရှိတယ် ”


“ ကျွန်တော် က အဲဒီ အပူတောင် မခံစားချင်ပါဘူး အမေ ရာ ”


“ ဒါကတော့ မင်း ဘာသာ ဖန်တီး ထားတဲ့ အပူပါပဲကွယ် ။  သူများ သားသမီး ယူ ထားပြီးရင် လုပ် ကျွေးရမှာပေါ့ ”


ထိုခဏ အစ်မ အိမ်ပေါ် တက် လာသည် ။ အမေ က တောင်း ကို အဝတ်လေး နှင့် ဖုံး ထား လိုက်သည် ။ 


“ ငတိုး ရေ ၊ မင်း သွားရင် မအေးငွေ တို့ အိမ် က တောင်းလေး ယူ သွားပါကွယ် ။ အမေ မှို့ ထည့်လာတာ ”


အမေ ဉာဏ် ဆင်လိုက်မှန်း တိုးကျော် ရိပ် မိသည် ။ အစ်မ သိ လျှင် ငြိုငြင်မှာ စိုး၍ တိုးကျော် ဘက် က ကာ လိုက်ခြင်းပါ ။ 


“ ရော့ .. ရော့ ၊ ဒီမှာ တောင်း ”


အမေ က တိုးကျော် လက် ထဲ သွက်သွက် ထည့်ပေးသည် ။ တိုးကျော် တောင်းလေး ယူပြီး အောက် ဆင်းလာသည် ။ အိမ်နောက်ဘက် ခရမ်းချဉ်သီးခင်း ဆီ တိုးကျော် ထွက် လာခဲ့သည် ။ မြေကျ နေသော ခရမ်းချဉ်ပင်တွေ မှာ အသီးတွေ ညွှတ်ရဲနေသည် ။ တိုးကျော် တဆတ်ဆတ် ခူးထည့်လိုက်သည် ။


“ အမေ့ သား ဆီ ပါ သွား ပြန်ပြီလား ” 


“ နည်းနည်းပါးပါးပါ အေ ” 


“ ချွေးမ ကတော့ ဇိမ် ပေါ့ ”


အစ်မ မကျေမနပ် ပြောနေသံ ကို ခရမ်းချဉ်ခင်း ထဲ မှ တိုးကျော် ကြားနေရသည် ။


“ ညည်း မောင်လေး မိကျောင်း ရိတ် နေရတယ်တဲ့ အေ့ ။ မနက် တောင် ဇီးပင်စုကွင်းဗြက်စပ် မှာ သွား ရိတ်မလို့တဲ့ ” 


“ ဟောတော် ၊ ကြည့်လည်း လုပ်ပါ အမေရယ် ။ သမီးတို့ ငယ်ငယ် က ဘကြီးကျန် တစ်ယောက် ဗြက်စပ် မှာ သရဲ ကုပ် ချိုး လို့ဆို ”


“ သိပါဘူး အေ ၊ သရဲ ပဲ ကုပ် ချိုးလား ၊ လေသင်တုန်း ပဲ ဖြတ် သလား ။ လျှာကြီး ထွက်ပြီး သေ တာပဲ ” 


“ ဒါနဲ့များတောင် အမေ မတား လိုက်ဘူးလား ”


အစ်မ လည်း ပါးစပ် က သာ တဖျစ်တောက်တောက် ပြော နေ သော် လည်း တိုးကျော် ကို ချစ် ပါသည် ။  


“ အိုအေ ... သူများ သမီး ယူ ထားပြီးရင် လုပ်ကျွေးရမှာပေါ့ အေ ။ အမေ က တော့ ကိုယ့် သားလေး တပင်တပန်း ဘာလုပ် စေချင်မှာလဲ ။ ဖြစ်နိုင်ရင် ကြက်မကြီး လို အတောင်ဖြန့်ပြီး အုပ်ထား ချင်တာပေါ့ ”


ခရမ်းချဉ်သီး ခူး နေသော တိုးကျော် လက် တွေ တွန့်ဆုတ် သွားရသည် ။ အမေ ပေး လိုက်သော တောင်း ကို ခပ်သွက်သွက် ကောက် မ ရင်း တိုးကျော် ထွက် လာခဲ့သည် ။ ရင် ထဲ ဆို့နင့်နင့်ကြီး ဖြစ် နေ၍ ခြေလှမ်းတွေပင် လေးကန် နေသည် ။ အိမ် ဝ အရောက် ချိုနွယ့် အပြုံး ကို တွေ့ လိုက်ရသည် ။ တောင်း ကို လှမ်း ယူပြီး ကူ ချ ပေးသည် ။ 


“ ဟယ် ... အစုံပဲတော့ ။ ယောက္ခမကြီး တော် တယ် ”


ချိုနွယ် က အမေ ထည့် ပေးလိုက်သော ပစ္စည်းတွေ ကို ကြည့်ပြီး ဝမ်းသာအားရ ပြောသည် ။ မြေပဲဆီ ၊ ငရုတ် ၊ ကြက်သွန် ၊ ပဲ ၊ မြေပဲ အပြင် ဘဲဥတောင် အဆစ် ပါ လိုက် သေးသည် ။  


“ ဟင် ... ကိုတိုး ဘာဖြစ်လို့လဲ ၊ နေ မကောင်းဘူးလား ” 


တိုးကျော် မျက်နှာ ကို ချိုနွယ် သတိ ထားမိသွားသည် ။


“ မှန်း ... ကိုယ် လည်း မပူပါလား ” 


ချိုနွယ့် လက် တစ်ဖက် က တိုးကျော် နဖူး ပေါ် ရောက် လာသည် ။ 


“ ဘာမှ မဖြစ်ပါဘူး ဟာ အမေ့ ကို စိတ် မကောင်းလို့ပါ ” 


“ ဘာ ပြောလို့လဲ ဟင် ၊ အမေ က ဘာ ပြောလိုက်လို့လဲ ”


“ ဘာမှတော့ မပြောပါဘူး ။ ပစ္စည်းတွေ ထည့် ပေးလိုက်တာ စိတ် မကောင်းလို့ပါ ”


“ ဪ ... ဒါကတော့ ကိုတိုး ရယ် ၊ မိဘမေတ္တာ ပေါ့ ။ ချိုနွယ် တို့ ၊ ကိုတိုး တို့ သားသမီးတွေ ရ လာ ခဲ့ရင်လည်း ဒီလိုပဲ နေမှာပေါ့ ။ ခု ကတည်း က ပြော ထားမယ်နော် ၊ ချိုနွယ် က သားလေး ရ လာရင် တိုတိုး ထက် ပို ချစ်မှာ ... ”


“ အေးလေ ၊ ဒါလည်း ဟုတ်တာပဲ ။ ကိုယ့် အလှည့် ကျ ရင် သာ မိဘမေတ္တာ နဲ့ မိဘဝတ္တရား ကျေ ပါ့မလား စိုးရိမ်နေရတာ ”


“ ကြိုးစားရမှာပေါ့ ကိုတိုးရယ် ” 


တိုးကျော် ချိုနွယ့် မျက်နှာကို ကြည့် လိုက်သည် ။ သည်လိုတော့ လည်း ဘက်ညီသား ။ တိုးကျော် စိတ်တွေ ပြန်လည် လန်းဆန်း သွားသည် ။ ဟုတ်တယ် ၊ ကြိုးစားရမှာပေါ့ ။


◾ သွဲ့ထားညို ( သက္ကလ )


📖 သောင်ယံကမ်း က လွမ်းလက်ကျန်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment