Saturday, June 4, 2022

ရှုံးကျွဲ


 

❝ ရှုံးကျွဲ ❞

မြို့ဘုရား ထီးတင်ပွဲ ကို သူဌေးကြီး ဦးစိန်ကျော် လာမည် ဆိုတော့ တစ်ရွာလုံး ပျော်ကြသည် ။ ဘယ်သို့ဘယ်ပုံ လာမည်လဲ ။ မတော်တဆ ဇာတိရပ်ရွာကို သတိတရ ဆင်းလာမည်ဆိုလျှင် ဘယ်လို ဧည့်ဝတ်ပြုကြမည်လဲ ။ သူဌေးကြီး ဦးစိန်ကျော် က နှယ်နှယ် ရရ လူ ဟုတ်ရိုးလား ။ ကမ်ပြောင်ရွာသား ဆိုပေသိ နေရာအနှံ့အပြား အလှူဒါနများလွန်း၍ လူ အတော်များများ သူ့ ကို ရိုသေလေးစား ကြသည် ။ သိလည်း သိကြသည် ။ ယခုလည်း ခရမ်းဘုရား ထီးတင်ပွဲ ကို သူ ကြွလာမည် ဆို၍ ဘယ်၍ ဘယ်လောက် အလှူဒါနပြုဦး မည်လဲ ကြိုတင် ရင်ခုန်နေသူတွေ ရှိသလို အလှူခံဖို့ ကြိုတင်ပြင်ဆင် နေသူတွေလည်း ရှိသည် ။

ကမ်ပြောင်သားတွေက ဦးစိန်ကျော် ကို သူတို့ ရွာသား မှန်း လူသိစေချင်လှသည် ။ ဦးစိန်ကျော် အတွက် သူတို့ ဂုဏ်ယူချင်ကြ သည် ။ ဦးစိန်ကျော် က ကမ်ပြောင် ရောက် မရောက် မသိရသော် လည်း တွက်ရေး နှင့်စက်သူဌေး ဖြစ်နေကြသည် ။ တကယ်ဆို ခရမ်း နှင့် ကမ်ပြောင် မဝေးလှပါ ။ သက္ကယ်ကုန်း ၊ ဇွဲတွန် နှစ်ရွာ ကျော်ရုံမျှ ဖြင့် ကမ်ပြောင် ရောက်နိုင်သည် ။ ကား နှင့် ဆိုလျှင် နာရီဝက် သာသာ မောင်းရသည် ။ ဒီလောက်တော့ ဘာအရေးလဲ ။ လာလိုလျှင် အနီး ကလေးပါ ။ ပြီးတော့ ကမ်ပြောင်ရွာဘက သူ့ ဇာတိ ဘူမိနက်သန် အစစ်အမှန်ပါ ။ သူ့ မိဘများ မရှိတော့သော်လည်း သူ့ ဆွေမျိုးအရင်း ခေါက်ခေါက်တွေ ရှိသည် ။ ဒီအတွက် လာနိုင်ကောင်းသည် ။ လာခဲ့ လျှင်လည်း သူ့ ကို ပြနိုင်ပြောနိုင်ရန် လူ ရွေးရသည် ။ လူရှာရသည် ။ သူ နှင့် ငယ်သူငယ်ချင်း ကျောင်းနေဖက်တွေ တိုက်တွန်းရသည် ။ ရှေ့မီနောက်မီ အဘိုးကြီးတွေ ကိုလည်း စည်းရုံးရသည် ။ ပြောရလျှင် ရွာ က စီးပွားရေးအခြေအနေ တောင့်တောင့်တင်းတင်း မဟုတ် ။ အိမ်ခြေ တစ်ရာကျော် ၊ ကျောင်းသားငါးဆယ် ရှိ စာသင်ကျောင်း ၊ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးတည်း နေ သစ်သားကျောင်း ၊ ရွာဦး ကိုးတောင်ပြည့်စေတီတော် မျှ လောက်သာ ရှိသော ရွာသိမ်ရွာငယ်လေးပါ ။ အနှီ ရွာမျိုးကို ဦးစိန်ကျော် ဆင်းလာဖို့က အိပ်မက် ကို မျှော် လင့်ရသည်နှင့် တူနေသည် ။ သို့သော်လည်း မျှော်လင့်စရာ အကြောင်းအရင်းတွေ ကလည်း ရှိနေခဲ့သည် ။

•••••   •••••   •••••

ကြာတော့လည်း ကြာခဲ့ပြီ ။ တိတိပပ ဆိုလျှင် လွန်ခဲ့သော  အနှစ် သုံးဆယ် ကျော် ။

ထိုစဉ်က ကမ်ပြောင်ရွာလေး မှာ အိမ်ခြေ ငါးဆယ်ကျော် သာ ရှိသေးသည် ။ ဟိုမှဒီမှ ပြောင်းလာ လူစုပြီး ရွာ တည်ထားသော တဲစုသာသာ ရွာကလေးဖြစ်သည် ။ ရွာကလေး မှာ လယ်သမား ၊ ချောင်းသမား အများစု နေသည် ။ ကိုးကွယ်စရာ ရွာဦးရွာထိပ်မှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိ သည် ။ ကနဦး က ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍဝံသ က ရွာ က ကလေးအားလုံး ကို စာ သင်ပေးသည် ။ မတတ် မရှိ ငါ့တပည့် ပါ ။ ဦးပဏ္ဍဝံသ ကျောင်း ထွက် ကလေးတွေ စာတော်ကြသည် ။ ဘုန်းကြီးကျောင်းတွေ စာမေးပွဲ ဖြေပြီ ဆိုမှဖြင့် ဦးပဏ္ဍဝံသကျောင်းသား တွေ ပထမ ချည်းရသည် ။ သို့သော်လည်း အခြေအနေက တစ်သမတ်တည်း ရှိသည်မဟုတ် ။ ဦးပဏ္ဍဝံသ သည် အသက် ကြီး လာ၍ ရောဂါဖိစီးပြီး အိပ်ရာထဲ လဲတော့သည် ။ ဤမှာတင် ဦးပဏ္ဍဝံသ နေရာကို ပဉ္စင်းရှိန် အစား ဝင်လာသည် ။ ပဉ္စင်းရှိန် က ကမ်ပြောင်ဇာတိသား စစ်စစ်ပါ ။ တောင်စွန်း ဘက် မှာ ဘုန်းကြီးဝတ်ပြီး ဘုန်းကြီးဝါ တော်တော် များများ ရခဲ့သည် ။ ဗေဒင် ၊ ဆေးကျမ်းအလိုလည်း တတ်သည် ။ သို့သော်လည်း ပဉ္စင်းရှိန် က ဘုန်းကြီးဝတ် ဖြင့် ဆက်မနေ ။ ဘာအကြောင်းရယ်လို့ ခိုင်ခိုင်မာမာ ပြစရာ မရှိဘဲ ပဉ္စင်းရှိန် လူ ထွက်ပြီး ရွာ ပြန်ရောက်လာခဲ့သည် ။ ရွာ က ဝမ်းသာအားရ ကြိုဆိုပြီး ပဉ္စင်းရှိန် ကို ဘုန်းကြီးဝတ်ပြီး ဦးပဏ္ဏဝံသ နေရာ ကို ဆက်ခံ ရန် တိုက်တွန်းသည် ။ ပဉ္စင်းရှိန် က အင်း မလုပ် ၊ အဲ မလုပ် ။ 

ရွာလယ်မှာ မြေကွက်လပ်ကြီး တစ်ခု ရှင်း၍ ပဉ္စင်းရှိန် စိုက်ပျိုးရေး လုပ်သည် ။ သူ စိုက် သည်က ထူးထူးခြားခြား ဘူး ၊ ဖရုံ ၊ ငရုတ် ၊ သခွား လို ရာသီသီးနှံမဟုတ် ။ သရေစာပင်တွေကြီး ဖြစ်လို့နေသည် ။ သရက် ၊ မာလကာ ၊ ဆီး ၊ ငှက်ပျော လို အပင်တွေ ကို | တောထအောင် စိုက်သည် ။ ပြီးလျှင် ခြံလယ် မှာ အိမ်တစ်လုံး ဆောက်သည် ။ ထို အိမ်ပုံကလည်း အံ့ဩစရာပါ ။ တစ်ယောက် တည်းသမား ပဉ္စင်းရှိန် က လေးပင်တန်းလျားကြီး ကို ဟီးထနေအောင် ဆောက်သည် ။ ရွာသားတွေ တအံ့တဩ ဖြစ်နေကြသည် ။ ပဉ္စင်းရှိန် က အနေတည် ပြီး စကား နည်းသူဖြစ်၍ တော်ရုံလည်း မစပ်စုရဲကြပေ ။ စိတ်ကူး နှင့် မှန်းဆပြီး ထင်ရာ တွေးနေကြသည် ။ အချို့က ဘုန်းကြီး ဘယ်ဝတ်မလဲ ။ ပဉ္စင်းရှိန် က လူ ထွက်ပြီးလာသည် ဆို မှ မိန်းမ ယူဖို့ နေမှာပေါ့ ။ ပြီးတော့ သူ့ သားသမီးတွေလည်း တစ်ပြုံကြီး ပွားစည်းဦးမည် ထင်သည် ။ ထင်ကြေးနှင့် ပြောရင်း အချိန်တွေ ကြာ လာသည် ။ ပဉ္စင်းရှိန် ခြံထဲ မှာ သီးပင် ၊ စားပင်တွေ စိမ်းညိစ ပြုလာပြီ ။ ဦးပဏ္ဏဝံသ နေရာ မှာလည်း ဆရာတော်ဦးနေမိန္ဒ ရောက်ခဲ့ပြီ ။ ဆရာတော်ဦးနေမိန္ဒ က ဦးပဏ္ဏဝံသ လို စာသင်သည့် အလုပ် ကိုတော့ မလုပ်နိုင်ရှာပါ ။ သူ့ ခမျာ လည်း အသက် ခြောက်ဆယ်ကျော် တောထွက်ကြီး ဖြစ်၍ လူရိုသေ ၊ ရှင်ရိုသေ တရားဟော ၊ သီလပေး လောက်သာ လုပ်နိုင်ရှာသည် ။ ဒီ နောက်ပိုင်း မှာ ပဉ္စင်းရှိန် လုပ်ငန်း စလာသည် ။

“ ငါ့ ကို ဘုန်းကြီး မဝတ်ခိုင်းနဲ့ ၊ သူများ လှူဒါန်းပေးကမ်းတာတွေ စားပြီး ဝိနည်း မညီညွတ်ရင် ငါ ငရဲ အကျ မခံနိုင်ဘူး ။ လူဝတ် နဲ့ ပဲ နင်တို့ သားသမီးတွေ ငါ စာသင်ပေးမယ် ၊ ငါ့ကို အလကားတော့ မသင်ခိုင်း နဲ့ ၊ တစ်ယောက် ကို တစ်နှစ် ပေါက် စပါးလေးတင်း ပေး ”

ရွာ ကလည်း ကြည်ကြည်ဖြူဖြူ လက်ခံကြသည် ။ ခံတာလည်း မပြောနှင့် ၊ ပဉ္စင်းရှိန်အကြောင်း ကို တစ်ရွာလုံး ထဲထဲဝင်ဝင် သိနေကြသည် ။ ကလေး နေမကောင်းလည်း ပဉ္စင်းရှိန် ၊ လူကြီး နေ မကောင်းလည်း ပဉ္စင်းရှိန် ၊ ကျွဲပျောက် ၊ နွားပျောက် ၊ ပစ္စည်းပျောက် အိမ်ဆောက်လည်း ပဉ္စင်းရှိန် ၊ ဒီတော့ ပဉ္စင်းရှိန် ကို ပုံလွှတ် အားကိုး ကြသည် ။ သရက် ၊ မာလကာ ၊ နာနတ် ၊ ပိန္နဲကြားမှ ကြားညှပ်စိုက်ပျိုး ထားသော ကွမ်းရွက် လို အပင် မှ အစ ဆေးဖက်ဝင် အပင်မျိုးစုံက ရွာသားတွေ ကျန်းမာရေးကို အထောက်အကူ ပေးနေခဲ့သည် ။ ဆေးဖိုးဝါးခ ရယ် လို့လည်း တိတိပပ ပေးရသည် မဟုတ် ၊ စားဦးစားဖျား ဟင်းတစ်ခွက် ၊ သီးနှံတစ်ခွက်တစ်ကောင်း ပေး လိုက်လျှင် ပဉ္စင်းရှိ န်အတွက် ပြီးသည် ။ ပဉ္စင်းရှိန် ကျောင်းဖွင့်၍ တစ်ရွာလုံး ပျော် ကြသည် ။ ချက်ချင်းဆိုသလို ပဉ္စင်းရှိန် ခြံကျယ်ကြီး အတွင်းမှာ ကလေးသံတွေ ဆူညံနေသည် ။ ပဉ္စင်းရှိန် က စာသင်လည်း ကောင်းလှ သည် ။ အားလပ်ချိန်တွင် ကလေးတွေ လွတ်လွတ်လပ်လပ် ကစား ခွင့်ရသလောက် စာသင်ပြီ ဆိုလျှင် အပ်ကျသံပင် မကြား ရလောက်အောင် တိတ်ဆိတ် သွားသည် ။ ကလေးတွေ က ပဉ္စင်းရှိန် ကိုချစ်ကြောက်ရိုသေ ကြသည် ။ မချစ် ခံနိုင်ရိုးလား ။ ပဉ္စင်းရှိန် က ကလေးများ ကို စာသင်ပေးရုံ သာမက သရေစာလည်း ကျွေးသည် ။ ပဉ္စင်းရှိန် ခြံထွက် ငှက်ပျောသီး သည် ရောင်းစားရန် မဟုတ် ။ အိမ်ခန်း ထဲ မှာ ကြိုးတန်း နဲ့ ချိတ်ဆွဲ ထားပြီး နေ့စဉ် ကလေးတစ်ဦးလျှင် နှစ်လုံးကျ ဝေပေးသည် ။ ဆီးသီး ဆိုလည်း ကောက်စားရုံ ။ မာလကာသီးဆိုလျှင် ပင်လုံးကျွတ်ပွ မှ တညီတညွတ်တည်း ဝေပေးသည် ။ ကလေးတွေ ကလည်း စည်းကမ်း ရှိသည် ။ ပဉ္စင်းရှိန် ပေးမှ ကျွေးမှ စားကြသည် ။ ခိုးဝှက်စားတာမျိုး မရှိ ။ ပဉ္စင်းရှိန် ကျောင်းသားများ က သင်ပုန်းကြီး ၊ လောကနီတိ ၊ ပရိတ်ကြီးဆယ်စောင်တွဲလို စာသင်ရသည် ။ အတွက် ဆိုလည်း စပါးတွက် ၊ သစ်တွက်အထိ မွတ်မွတ်ကျေ သင်ပေးသည် ။ ပဉ္စင်းရှိန် ကျောင်းသားတွေ အတွက်ကောင်းသည် ဟု နာမည် ရသည် ။ ဒါတင် မကသေး ။ ပဉ္စင်းရှိန် က ကျောင်းသားကြီးများ ကို ဗေဒင် အခြေခံ လည်း သင်ပေးသည် ။

ပဉ္စင်းရှိန် စာသင်လျှင် အနားမှာ ကြိမ်လုံးတစ်လုံး ချထားသည် ။ တော်ရုံ ထောင့်မကျိုးသော ကျောင်းသား သည် ပဉ္စင်းရှိန်တုတ်ချက် အောက် မှာ ငြိမ်ဝပ်ပိပြားသွားသည် ။ သို့သော်လည်း ထိုအထဲမှာ စိန်တုတ် မပါ ။ စိန်တုတ် သည် ပဉ္စင်းရှိန် ကျောင်းမှာ နာမည်အကြီး ဆုံး ကျောင်းသားဖြစ်သည် ။ စိန်တုတ် လောက် အ‌ကော် အကပ် ၊ အဆိုးအညစ် ရှိသောကျောင်းသားမျိုး ရှားလှသည် ။ လူရော ၊ လက်ရော အနားမပေးတတ်သည်ကလည်း စိန်တုတ် အကျင့်ပါ ။ စိန်တုတ် စာ ဆိုလျှင် အတော်ကြီး သတိထားရသည် ။ ပဉ္စင်းရှိန် က ကျောင်းသား သုံးယောက် ကို တစ်ပြိုင်တည်း စာဆိုခိုင်းသည် ဆိုပါစို့ ။ စိန်တုတ် နှင့်တစ်တွဲတည်း ကျသော ကျောင်းသားသည် အလွန် ကံဆိုးမိုးမှောင် ကျသည် ။ စိန်တုတ် က စာဆိုလျှင် ကိုယ်ကြီးယိမ်းကာ ဆို တတ်သူ ၊ ပြီးလျှင် လက်ပိုက် ထားသော ချိုင်းကြား အောက် မှ လက်ညှိုး တစ်ချောင်း က အလွန် အသုံးတည့်သည် ။ စာ ဆိုရင်း တစ်ဖက် လူ၏ နံကြား ကို လက်ညှိုးဖြင့် ဆောင့် ထိုး တတ်သည့် စိန်တုတ်ပါ ။ ပဉ္စင်းရှိန် က စာ ဆိုလျှင် မရပ်မနား ဆိုမှ သဘောကျ သည် ။ စာ ရပ်လျှင် ကြိမ်လုံးဖြင့် ချက်မရွေး ရိုက်တတ်သည် ။ ထိုအခါ ကျောကုန်း ဖြစ်ချင် ဖြစ်မည် ။ လက်မောင်း ဖြစ်ချင် ဖြစ်မည် ။ ပဉ္စင်းရှိန် တုတ်တစ်ချက် က တစ်သက် စွဲ သွားစေလောက်သည် ။ ဒီအတွက် ခံ ရသူက အောင့်အည်းရင်း စာကို ကြိတ်မှိတ် ဆိုသည် ။ စိန်တုတ် က ထိုအချက် ကို မိမိရရ အကောင်အထည် ဖော်သည် ။

“ ဟေ့ကောင် စိန်တုတ် ၊ မင်း ကိုယ်ကြီး က ဘာဖြစ်လို့ ယိမ်းခါနေလဲ”

တစ်ချီတော့ ပဉ္စင်းရှိန် ရိပ်မိသွားသည် ။ ပဉ္စင်းရှိန် အမေး ကို စိန်တုတ် မဖြေ ၊ စာ ကို မနားတမ်း ဖိ ဆိုသည် ။

“ယံ မင်္ဂလာ ၊ ဒွါဒဿဟိ ၊ စိန္တယိံသုသဒေဝတာ ။ အီး ... ဟီး ”

စိန်တုတ် မဖြေ သော်လည်း တစ်ဖက် လူ ငိုသံ ထွက်လာသည် ။ ပဉ္စင်းရှိန် မျက်နှာ တင်းသွားသည် ။

“ ရပ်စမ်း ၊ မင်း ဘာလုပ်လဲ စိန်တုတ် ”

စိန်တုတ် မဖြေ ။ မှုန်ကုပ်ကုပ် ပြန် ကြည့်နေသည် ။

“ ဟေ့ကောင် ပြော မင်း ကို ဘာလုပ်လဲ ”

တစ်ဖက် လူ ကလည်း မဖြေရဲ ။ ကျောင်း လွှတ်လျှင် လက်သီး စွမ်း ပြမည့် စိန်တုတ် ရန် ကို ကြောက်သည် ။

“ အေး ရတယ် ၊ မဖြေ နဲ့ စာဆိုရင်း ငိုတဲ့ မင်း ကို ငါ ရိုက်မယ် ”

ဒီတော့ မနေနိုင် ။ ငိုကြီးချက်မ နှင့် ပြောတော့သည် ။

“ စိန်တုတ် ရယ် ကျွန်တော့်ကို လက်ညှိုး နဲ့ ဆောင့်ဆောင့် ထိုးတယ် ဘိုးပဉ္စင်း ”

“ စိန်တုတ် မင်း ဟုတ်သလား ”

စိန်တုတ် က မျက်မှောင်ကြုတ်နေသည် ။ ပဉ္စင်းရှိန် က ကြိမ်လုံး ကို ဆွဲတဲ့၍ စိန်တုတ် ကျောပေါ်  ဗြန်းခနဲ ရိုက်ချလိုက်သည် ။ စိန်တုတ် မလှုပ် ။ ပေခံသည့် ပုံက တကယ့် သူရဲကောင်းကြီး လို ။ စိန်တုတ်က ယခုမှ မဟုတ် ။ ကျောင်းရောက် စ ကတည်းက ဇကလေးနှင့် လာသူ ဖြစ်သည် ။ လွယ်အိတ်စလွယ်သိုင်း နှင့် ပဉ္စင်းရှိန်ကျောင်း ကို တစ်ယောက်တည်း ပေါက်ချလာသော စိန်တုတ် သည် ရောက်စ နေ့ မှာပင် ပဉ္စင်းရှိန် ကို ပညာ ပြခဲ့သည် ။ ပဉ္စင်းရှိန်က ရောက်ရောက် ချင်း စိန်တုတ် ကို ၀လုံး ရေးနည်းသင်သည် ။ စိန်တုတ် က ဉာဏ်ရည် လည်း မဆိုးသည့် အပြင် အရွယ် လွန်နေသည်လည်းဖြစ်၍ ခဏချင်း တတ်သွားသည် ။

“ ကဲ ... သွား ၊ ကျောက်သင်ပုန်းနှစ်ဖက် အပြည့် ရေးခဲ့ ”

ပဉ္စင်းရှိန် က တပည့်ကျော်ကို စိတ်ချလက်ချ လွှတ်ပေးလိုက် | သည် ။ တစ်နံနက်လုံး အချိန် ကုန်သွားသည် စိန်တုတ် စာ လာမပြ ။ ကြာတော့ ပဉ္စင်းရှိန် လှမ်း ခေါ်ရသည် ။ စိန်တုတ် က ရင် ကော့ပြီး ထွက် လာပါပြီ ။ ပဉ္စင်းရှိန် ကျောက်သင်ပုန်း ကို ယူ ကြည့်လိုက်သည် ။ လား ... လား ... ၊ စိန်တုတ်ရေးထားသည် က ကျောက်သင်ပုန်း အပြည့် ဝလုံးကြီး တစ်လုံး တည်း ပါ ။ ထိုဝလုံးကြီး ကို ကျောက်တံဖြင့် ထပ်ကာ ထပ်ကာ ရစ် ထားသေးသည် ။

“ စိန်တုတ် မင်း ဒါ ဘယ်လိုလုပ်တာလဲ”

ပဉ္စင်းရှိန် မျက်နှာ က အံ့အားသင့်ခြင်းညတစ်ဝက် ၊ စိတ်ဆိုးခြင်း တစ်ဝက် ပါ ။ စိန်တုတ် က ခပ်တည်တည်ပင် ။ .

“ ကျွန်တော် ရေးတတ် သွားလို့ တစ်လုံး တည်း ရေး ထားတာပါ ဘိုးပဉ္စင်း ”

“ဟ ... မင်းကို ငါ နှစ်မျက်နှာရေးညခိုင်းတာကွ ။ ဒီလို လုပ်လို့ ရမလား ။ သွား ... ပြန်ရေး ”

ရောက်စ နေ့ဖြစ်၍ ပဉ္စင်းရှိန် မရိုက်ဖြစ်ဘဲ ချော့ ရေးခိုင်းသည် ။ မကြာပါ စိန်တုတ် ပြန်ရောက် လာပြန်သည် ။ ဝလုံးလေးငါးဆယ်လုံး က ကျောက်သင်ပုန်းထဲမှာ ပြန့်ကျဲနေသည် ။ ပဉ္စင်းရှိန် အတော်ကြီး စိတ် တိုသွားသည် ။

“ကဲ... ဒီလောက် အလွယ် လုပ်တဲ့ ကောင် ၊ ဒါ ရေးကွာ”

နငယ် တစ်လုံး ကို ရေး ပြပြီး ပဉ္စင်းရှိန် ပညာ ပေးလိုက်သည် ။ စိန်တုတ် ချွေး ပြန်သွားသည် ။ နငယ်တစ်လုံး နှင့် တစ်နေကုန်သွား သည် ။ ညနေစောင်း မှ နငယ် ဆယ်လုံးကို ကျွမ်းထိုးမှောက်ခုံ ရေးပြီး ပဉ္စင်းရှိန် ထံ လာ ပြသည် ။

“ ဘာဖြစ်လို့ အများကြီး မရေးလဲ ”

“ ကျောက်တံ ကျိုး သွားလို့ပါ ဘိုးပဉ္စင်း ”

စိန်တုတ် နငယ်တစ်လုံး နှင့် မှတ်လောက်သားလောက်ဖြစ် သွားသည် ။ စိန်တုတ် က စာ မှမဟုတ် ။ အခြားကိစ္စများ တွင်လည်း ဉာဉ်ဆိုး ရှိသော ကလေးတစ်ယောက် ဖြစ်သည် ။ စိန်တုတ် ပညာ ပြ သလောက် ကို ပဉ္စင်းရှိန် အမီ လိုက်ရသည် ။ စာ ရေးခိုင်းလျှင် ကျောက်တံ ပစ်ချ ၊ သူများ ရေးပြီးသား ကျောက်သင်ပုန်း ကို တံတွေး ဆွတ် ဖျက် ။ စာ တွက်ခိုင်းလျှင် ကိုယ်တိုင်လည်း မတွက် ၊ သူများ တွက်ပြီးသား ကို တံတောင် ဖြင့် တွန်း ဖျက်တတ်သော စိန်တုတ် ကို ပဉ္စင်းရှိန် မကြာခဏ ဗြော တင်ရသည် ။ နောက်ဆုံး အဆင့် ငှက်ပျောသီးဝေကျွေးလျှင်တောင် သူ့အပေါင်းအသင်း အများစု က ပြည့်ပြည့်ဝဝ စား ရသည် မရှိ ၊ စိန်တုတ် က မနက်ဖြန် ပြန်ပေးမည် ဆိုကာ အတိုး နှင့် ယူစားသည် ။ အရှေ့ကျောင်းကန် မှ မန်ကျည်းကောက်ကွေး ခူးကျွေးမည် ၊ ရိုးပြတ်တော မှာ ငှက်ကလေးတွေ လိုက်ဖမ်းမည် ၊ ချောင်းထိပ် မှာ လိပ်ဥ ရှာကြမည် စသည့် နည်းလမ်း တွေ က စိန်တုတ် ၏ လှည့်ကွက်တွေပါ ။ ဤမျှ လူရည် လည်သော စိန်တုတ်ကို ပဉ္စင်းရှိန် အုပ်ချုပ်ရသည် က လွယ် လှသည်မဟုတ် ။ ပဉ္စင်းရှိန် လို အဘက်ဘက်ညမှပြည့်စုံပြီး စာပေကျမ်းဂန် နှံ့စပ်သူညကိုပင် တစ်ခါတစ်ရံ စိန်တုတ် မွှေ၍ ကမောက်ကမ ဖြစ်ရသည် ။

ရွာ ထဲ မှာ အကြောင်းကိစ္စ ရှိလျှင် ပဉ္စင်းရှိန် ပါမှ ပြီးလေ့ ရှိသည် က တစ်ရွာလုံး ၏ အလေ့အကျင့်ပါ ။ ကလေး ကျောပူ ခေါင်းပူထ သည်မှ အစ သူငယ်နာ အဆုံး ပဉ္စင်းရှိန် ကုပေးရသလို ပစ္စည်းပျောက် ၊ ကျွဲပျောက် ၊ နွားပျောက်တွေလည်း ပဉ္စင်းရှိန် ဗေဒင် တွက်ပေး ရသည် ။ ယတြာ ချေပေးရသည် ။ အထူးခြားဆုံး က ပဉ္စင်းရှိန် ၏ သစ်ရွက်ဗေဒင် ပါ ။ မိသားစု ထဲ မှာ တစ်စုံတစ်ယောက် နေထိုင် မကောင်း ဖြစ်ပြီ ဆိုမှဖြင့် ပဉ္စင်းရှိန် ထံ သစ်ရွက် ဗေဒင် လာမေးကြ သည် ။ တစ်ခါက ပဉ္စင်းရှိန်ထံ သစ်ရွက်ဗေဒင် မေးသူ တစ်ဦး ရောက် လာသည် ။ ထိုနေ့က ပဉ္စင်းရှိန် စိတ်လိုလက်ရ စိန်တုတ် ကို သစ်ရွက် တစ်ရွက်ခူးခိုင်းလိုက်သည် ။ သစ်ရွက် ကို သေသေချာချာ မကြည့်ဘဲ အဆောတလျင် ခူးခဲ့ရန် မှာ လိုက်သည် ။ စိန်တုတ် က လည်း ပါးသည် ။ အလျင်အမြန် ခူး၍ ဒုန်းစိုင်းပြီးပြန် လာသည် ။ ပြီးလျှင် ပဉ္စင်းရှိန် လက် ထဲ ထည့်ပေးလိုက်သည် ။ စိန်တုတ် ခူးပေးလာသော သစ်ရွက် က အရင်းမှပြတ် ထွက်နေသည် ။

“ ရင်းပြတ်လျှင် မရဏ ၊ ဖျားပြတ် က ပျောက်ဥစ္စာ ၊ ပေါက် ပါလျှင် ခိုက်ရန်ပွားတတ် ၊ ဘေးများလှပါ ၊ ရွက်လှ မှာ ချမ်းသာ၍ ကျော်စော ၊ လာဘ်ပေါင်း အထွေထွေ နှင့် ဥဒကေ ရေယဉ်လောင်း သို့ ကောင်းသည့်သဘော ”

လောကဟိတ ရာသီကျမ်း အလိုအရ ကြည့်လျှင် စိန်တုတ် သစ်ရွက် က မရဏကိန်း ညွှန်းဆိုနေခဲ့ပြီ ။ ပဉ္စင်းရှိန် က လိမ္မာပါးနပ် စွာဖြင့် ဟောပေးလိုက်သည် ။ ဘာမျှမကြာလိုက် ၊ ဗေဒင်လာမေး သူ၏ မိခင်ကြီး လေဖြတ်၍ တစ်ချီတည်း အသက် ပါခဲ့သည် ။ ပဉ္စင်းရှိန် ဗေဒင် မှန်ကြောင်း ရွာထဲ မှ ပြောမဆုံးပြီ ။ စိန်တုတ် က လူရည်လည်သူ ပီပီ သဘော ပေါက်သည် ။ အသုဘ က သက်ကြီး ဝါကြီး ဖြစ်၍ ဆိုင်းနှင့် ဝိုင်းနှင့် ဝက်သား ကျွေးပြီး သင်္ဂြိုဟ် ကြသည် ။

တစ်ရွာလုံး အုန်းအုန်းကျွက်ကျွက် သွားကြလာကြသည် ။ လူ ထူ လျှင် စိန်တုတ် က သူ ခူးပေးသော သစ်ရွက်ဖြစ်ကြောင်း ဂုဏ်ယူပြောလိုက် သေးသည် ။ နောက်ပိုင်း ဗေဒင် လာမေးသူ မှန်သမျှ ပဉ္စင်းရှိန် က ပါးစပ် မဟရသေး ။ စိန်တုတ် က သစ်ရွက် ခူးဖို့ ပြင် နေသည် ။ ပဉ္စင်းရှိန် ကလည်း အလွယ်တကူ ခိုင်းကောင်း၍ စိန်တုတ် မျက်နှာသာ ပေးပြီး ခိုင်းနေသည် ။ ထူးထူးခြားခြား ယခုနောက်ပိုင်း စိန်တုတ်ခူးသော သစ်ရွက်မှန်သမျှ အပြတ် ၊ အပေါက်ကြီး ဖြစ်နေ သည် ။ ပဉ္စင်းရှိန် ဇဝေဇဝါဖြစ်လာသည် ။ သို့သော်လည်း မကြာမီ သတင်း ရပါတော့သည် ။ ဘယ်သူမှ မဟုတ် ၊ အမှန်တကယ်က  စိန်တုတ် ပါ ။ ပဉ္စင်းရှိန် ခေါ်မေးတော့ စိန်တုတ် ဝန်ခံသည် ။  သစ်ရွက်မကောင်းလျှင် လူ သေပြီး ဝက်သား စားရသည် ။ ဆိုင်း နားထောင်ရသည် တဲ့ ။ သူ့ အယူအဆ နှင့် သူ သစ်ရွက်တွေကို လမ်းတစ်ဝက် မှာ ကိုက်ဖြတ်လာခဲ့သည် ။ ပဉ္စင်းရှိန် အမြော်အမြင် ရှိ၍ တော်တော့သည် ။ ပဉ္စင်းရှိန် စိတ်တိုတို နှင့် စိန်တုတ် ကို ကြိမ် နှင့် ဆော်သည် ။ စိန်တုတ် က အံကြိတ် တင်းခံသည် ။ စိန်တုတ် ပဉ္စင်းရှိန် ရှေ့မှ ဟန်မပျက် ပြန်ထွက်လာသည် ။ မကြာပါ ၊ ကလေးတချို့ ခပ်ကြိတ်ကြိတ် ငိုသံ ထွက်လာသည် ။ ဘာဖြစ်မှန်း မသိ၍ ပဉ္စင်းရှိန် ခေါ် မေးသည် ။ အကြောင်းရင်းက စိန်တုတ် ပါပဲ ။ သူ အရိုက် ခံရ၍ မကျေမနပ်နှင့် ပဉ္စင်းရှိန် ရှေ့မှာ ထိုင်နေသောကလေး တစ်ယောက် ၏ ခြေထောက် ကို တက် နင်းသွားသည် ။ မလှမ်းမကမ်း မှာ စာကုန်းရေး နေသော ကျောင်းသားတစ်ယောက် ၏ လက် ကို ကြိတ် နင်းသွားသည် ။ သူ့ နေရာ အရောက် တစ်ဖက် တစ်ချက် မှာ ထိုင်နေသော ကျောင်းသား နှစ်ယောက် ကို ခြေဖြင့် ခတ်ပြီးမှ ထိုင် ချလိုက်သည် ။

ပဉ္စင်းရှိန် ဒေါသ က တစ်ဆင့်တက် သွားသည် ။ စိန်တုတ် ကို ခေါ်ပြီး သူ့ ရှေ့မှာ အလျား မှောက် ခိုင်းထားပြီး ကြိမ် ဖြင့် ဆင့်ကာ ဆင့်ကာ ရိုက်ပေးလိုက်သည် ။ စိန်တုတ် က အကြော မာလှသည် ။ ဟင့်ခနဲတောင် အသံ မထွက် ။

“မှတ်ထား ၊ ရှုံးကျွဲ လို မည်းမည်း မြင်ရာ ခတ် ချင်ဦး ။ ဒီအကျင့် မျိုးတွေ ရှိရင် မင်း လောက ထဲ မှာ နေဖို့ ခက်မယ် ။ ဘုန်း ကြီးရင်လည်း အသက် မရှည် ၊ အသက် ရှည်ရင်လည်း ဘုန်း မကြီးမယ့် ကောင် ”

ပဉ္စင်းရှိန် ဒေါသ နှင့် ပြောသည် ။ စိန်တုတ် က ဤမျှလောက်နှင့် အကျင့် ပျောက်သည် မထင်ပါနှင့် ။ ရွာတောင်ပိုင်း မှာ စီခနဲ ဆိုလျှင် စိန်တုတ် ပါပဲ ။ စိန်တုတ်အဖေ တုတ် တစ်ချောင်း နှင့်လိုက်၍ ရွာ ပတ် ပြေးရသည်ကလည်း စိန်တုတ် ပါ ပဲ ။ စိန်တုတ် ကို ပဉ္စင်းရှိန် မနည်းကြီး ကိုင်တွယ် နေရသည် ။ များမကြာမီ ပဉ္စင်းရှိန် ကျောင်း မှ ကျောင်းသား တစ်ယောက် နာရီ ပျောက်သည် ။ နာရီ က ထိုခေတ်မှာ အလွန် ရှားသည် ။ ရွာဓလေ့အရ တော်ရုံ လူ က နာရီပတ်ခဲသည် ။ မိဘ က ထိုက်သင့်သလောက် ပြေလည်သည့်အပြင် တစ်ဦးတည်းသော သား လည်း ဖြစ်၍ ရွာကျောင်းဆရာတော် နှင့် မြို့မှ တကူး တက မှာပြီး ဆင်ပေးထားခြင်း ဖြစ်သည် ။ နာရီ က ပတ်လာသည့် နေ့ မှာ ပျောက်သွားခြင်း ဖြစ်သည် ။ ကျောင်းသား က ပြေးပြေး လွှားလွှားကစား၍ ကျွတ်ကျခဲ့သည် ဆိုလျှင်လည်း ထားတော့ ။

ထိုင်ရာက မထမီ ပျောက်သွားခြင်း ဖြစ်၍ ပဉ္စင်းရှိန် စဉ်းစားရ ခက်လှသည် ။ ကျောင်းသား နှစ်ဆယ်ကျော် ထဲမှာ နာရီ ယူသူ တစ်ယောက် ယောက် ရှိနေမှန်း ပဉ္စင်းရှိန် နားလည်လိုက်သည် ။ ခက်သည်က ပဉ္စင်းရှိန်ကျောင်းသည့် စာချည်းသက်သက် သင်သော ကျောင်း မဟုတ် ။ အကျင့်စာရိတ္တ နှင့် ပတ်သက်လျှင် ပဉ္စင်းရှိန် က သည်းခံခဲ့သည် မဟုတ် ။ ပြီးတော့ ရပ်ရွာထဲ မှာ ဘာပစ္စည်းပျောက် ပျောက် ပဉ္စင်းရှိန် ဗေဒင် တွက်ပြီး အတတ်ဟောပေးနေကျ ။

အို, ကြင်, ရာ ၊ ဥဒကေ ။ ကျာ ၊ က, သူ , ဝနေ ။
စိတ်, တူ, အိ, ရုပေ ။ , ဒိ, သာ ဂါမေ ။
ပျော်, ရာ, ရွှင်, ပဗ္ဗတေ ။ သင်, တို့ မောင်, မ‌ဂ္ဂေ ။
ထို့ , ဆောင် , ပန်း , အာသန္နေ ။

ရွတ်နေကျဂါထာ ကို ပဉ္စင်းရှိန် ထုတ် သုံးရတော့မည် ။ ပဉ္စင်းရှိန် ရှေ့မှာ ပစ္စည်း ပျောက်သည်ဆိုတော့ ရှက်စရာလည်း ကောင်းလှ သည် ။ တွေ့မှ ဖြစ်မည် ။ နာရီ ဆိုတော့ ဥစ္စာပစ္စည်း ၊ နေ့က တနင်္ဂနွေ နေ့ ။ အို ကြင်, ရာ ၊ ဥဒက ။ အို - ဆိုသော တနင်္ဂနွေနေ့ ၌ ရွှေ ၊ ငွေ ၊ ရတနာ ၊ ဥစ္စာ ၊ ကျွဲနွားပျောက်မှု ၊ ကြင် - တနင်္လာမည်သော အရှေ့အရပ် သို့ ထုတ်ယူ၍ ရာဟု မည်သော အနောက်မြောက် အရပ်တွင် ဥဒကေ - ရေ ၏ အနီး၌ ရှိလေ၏ ။

“ စံမောင် ၊ ကျော်ထွန်း လာဦး ”

ပဉ္စင်းရှိန် က သူ့ တွက်ကိန်း နှင့်သူ ကျောင်းသား နှစ်ယောက် ကို ခေါ်လိုက်သည် ။ ပဉ္စင်းရှိန်ခြံ ၏ အနောက်မြောက် ဘက် မှာ ရေအိုင်လေး စိုစိုစပ်စပ် ရှိသည် ။ ကျောင်းသား တစ်ယောက်ချင်း လည်း ရှာထားပြီး ဖြစ်၍ ထို ရေအိုင်ဆီ လွှတ်ရန် စိတ်ကူးပြီး ခေါ်လိုက်ခြင်း ပါ ။ ပဉ္စင်းရှိန် ခေါ်သည်က စံမောင် နှင့် ကျော်ထွန်း ၊ အူယား ဖားယား ပြေးလာ သူ က စိန်တုတ် ရယ်ပါ ။

“ ကျွန်တော် အိမ်သာ သွားချင်လို့ပါ ဘိုးပဉ္စင်း ”

အီလည်လည် မျက်နှာကြောင့် ပဉ္စင်းရှိန် ခေါင်း ညိတ်လိုက် ရသည် ။ စိန်တုတ် က အပြေးသွားလေပြီ ။ ပဉ္စင်းရှိန် ခေါ်သော ကျောင်းသားနှစ်ယောက်က စိန်တုတ် နောက် မှရောက် လာသည် ။ ပဉ္စင်းရှိန် က တိုးတိုးကြိတ်ကြိတ် မှာ လိုက်သည် ။ ကျောင်းသား နှစ်ယောက် ရေအိုင်ဆီ ပြေးကြသည် ။ ပဉ္စင်းရှိန် စာသင်ကောင်းဆဲ ကျောင်းသား နှစ်ယောက် ပြန် ပြေးလာသည် ။ 

“ ဘိုးပဉ္စင်း ၊ ဘိုးပဉ္စင်း စိန်တုတ်ရယ်လေ ရေထဲက ဘာလဲ မသိဘူး ။ စမ်းပြီး ကောက်ရိုးပုံဘက် ပစ် ထုတ်လိုက်တယ် ”

“ ဟေ ...”

ပဉ္စင်းရှိန် ပါးစပ်အဟောင်းသားဖြစ်သွားသည် ။ စိန်တုတ် ကို ပဉ္စင်းရှိန် မျှော်လင့်မထားခဲ့ ။ နံရံ ထိုးထားသော ထားဝယ်ကြိမ် နှစ်လုံးပူးကို ပဉ္စင်းရှိန် ဆွဲယူလိုက်သည် ။ ကိုယ်တိုင် ကောက်ရိုးပုံ သွားသည် ။ တွေ့ပါပြီ ၊ ရေစက်လက် နှင့် နာရီ က ကောက်ရိုးကြား မှာ အခန့်သား ရှိနေသည် ။ နာရီ ကို ယူပြီး ပဉ္စင်းရှိန် ပြန်လာသည် ။ စိန်တုတ် က မျက်နှာသေလေး နှင့် ကျောင်းပေါ် ရောက်နှင့်နေပြီ ။

“ စိန်တုတ် ”

ပဉ္စင်းရှိန် အသံ က ဟိန်းထွက်နေသည် ။ တစ်ကျောင်းလုံး အသက်ရှူသံ ကြားရလောက်အောင် ငြိမ်သက်တိတ်ဆိတ်နေသည် ။ စိတ်ချောက်ချားဖွယ်ရာပင် ကောင်းသေးတော့ ။

“ မင်း အပြစ် မင်း သိလားည”

စိန်တုတ် ခေါင်းညိတ် ဝန်ခံသည် ။

“ မင်း သူများ ပစ္စည်း ခိုးတာလား ”

“ မဟုတ်ပါဘူး ဘိုးပဉ္စင်း ။ ဒီကောင် က ... ဒီကောင် က ...”

စိန်တုတ် စကား တစ်ပိုင်း တစ်စ ရပ်သွားသည် ။ ပဉ္စင်းရှိန် က ဒေါသ ထွက် ကောင်းဆဲ ။ ထွက်တာလည်း မပြောနှင့် ။ ပဉ္စင်းရှိန် စာသင် သက်တမ်းတစ်လျှောက်လုံး ထို ပြဿနာမျိုး မရှိခဲ့ ။ ပဉ္စင်းရှိန် က လောကီစာ ထက် လောကုတ္တရာစာ ကို အလေးထား သင်သူဖြစ်၍ ထိုအဖြစ်မျိုး ရှိဖို့ မျှော်လင့် မထားခဲ့ ။

“ ပြောလေ ... မင်း ”

“ ဒီကောင် က သူ့မှာ နာရီ ရှိတယ် ဆိုပြီး ကြွား လွန်းလို့ ကြည့်မရ ဖြစ်ပြီး သူ ဖြုတ်ထားတုန်း ရေထဲ ပစ် ချလိုက်တာပါ ”

စိန်တုတ် က အမှန်အတိုင်း ဝန်ခံရဲသည် ။ ထိုစကား ကိုတော့ ပဉ္စင်းရှိန် ယုံသည် ။ စိန်တုတ် က မဟုတ်သော်လည်း သေချာသူ ၊ ခိုးဝှက်တတ်သည့် အကျင့်မျိုးလည်း မရှိ ။ တဇောက်ကန်းလုပ်တတ်သော ဉာဉ်ကလေး နှင့် ရွတ်တိရွတ်ထိုး အကျင့်လေး ရှိသည်က အမှန် ။ ကလီကမာ အကျင့်လေးကလည်း ဗီဇ လို ရှိ နေသေးသည် ။

“ သူ့ ပစ္စည်း သူ ကြွားတာ ၊ မင်း နဲ့ ဘာဆိုင်လဲ ။ ဝန်တိုစိတ် ရှိတာ ကောင်းတယ်မှတ်သလား ။ ဟာ... ကြာပါတယ်ကွာ ၊ မင်းလို ကောင်မျိုး ဆုံးမရတာ ကျွဲပါးစောင်းတီး ”

ပြောပြောဆိုဆို တရွှမ်းရွှမ်းရိုက် ပစ်လိုက်သည် ။ ပဉ္စင်းရှိန် ဒေါသကြောင့် ရိုက်ချက်များသွားသည် ။ စိန်တုတ် အရိုက်ခံရလျှင် အလွန် ပျော်သော နတ်ကြီး နှင့် အောင်မောင်း ပင် ဒီ တစ်ကြိမ် စိန်တုတ် ကို သနား၍ မျက်ရည် ဝဲ နေကြသည် ။ စိန်တုတ် လည်း ဒီ တစ်ကြိမ် မျက်ရည် ကျသည် ။ ပဉ္စင်းရှိန် လည်း မျက်နှာ မကောင်း ။ ညနေ ကျောင်းဆင်းသည် အထိ ပဉ္စင်းရှိန် စာ မသင်တော့ ။ နောက် တစ်နေ့ နံနက် မှာ စိန်တုတ် ကျောင်း ရောက် မလာတော့ ။ ကျောင်း မှ မဟုတ် ၊ အိမ် မှာ လည်း စိန်တုတ် မရှိတော့ပါ ။ စိန်တုတ် တစ်ယောက် ရွာ မှ ပျောက်ခြင်း မလှ ပျောက် သွားတော့သည် ။ အညာ ရှိ သူ့ ဘကြီး ထံ ထွက်ပြေးသွားပြီ ဟု သတင်းအစအန ရရုံမှ အပ စိန်တုတ် အကြောင်း ကို တိတိကျကျ သိသူ မရှိ ။ ပဉ္စင်းရှိန် က တပည့်ဖြစ်သူ အတွက် ရတက် မအေးနိုင်ရှာ ။ အိမ်တိုင်ရာရောက်သွားပြီး လမ်းစရိတ် ပေး၍ တပည့် ဖြစ်သူ ကို ရှာ ခိုင်းသည် ။ စိန်တုတ် မိဘတွေ ကလည်း ပြတ်သည် ။

“ ဘပဉ္စင်း ၊ ဘာမှ စိတ်သောကမဖြစ်နဲ့ ။ ဒီလို ကောင် က ပြေးလည်း သူ့ ကိုယ် သူ ဒုက္ခ ရောက်မခံဘူး ။ သူ့ အတွက်တော့ သူ သိပြီးသား ။ ဟိုက သူ့ဘကြီး ကလည်း သားသမီး ရှိတာ မဟုတ်ဘူး ။ သူ ကံကောင်း မှာ ”

မိဘ ကိုယ်တိုင် က ပြော လာ၍ ပဉ္စင်းရှိန် စိတ် လျှော့ရသည် ။

“ အေးကွာ ၊ အဆင်ပြေရင်လည်း ပြီးတာပါပဲ ။ ငါ က ပူလို့သာ ပူ ရတာ ၊ ဒီကောင့် ဇာတာ က အထွက် ကောင်း ကွ ။ ရပ်ရွာ နေရင် မကျော်ကြားပေမယ့် အဝေး မှာ နေရင် နေ တစ်ဆူ ၊ လ တစ်ဆူ လို ကျော်ကြားကြီးပွားမယ့်ကောင် ကွ ။ ငါ က ဉာဉ်ကလေး မကြိုက်လို့ သာ ရိုက် ရိုက် နေရတာ”

ပဉ္စင်းရှိန် တစ်ယောက် တပည့်ဖြစ်သူ အတွက် မျှော်လင့်ချက် ရှိနေခဲ့သည် ။ ပဉ္စင်းရှိန် ပြောသလို စိန်တုတ် ဇာတာကောင်း ၊ မကောင်းတော့ မသိ ၊ စိန်တုတ်က ရွာ သို့ တစ်ခေါက် တစ်ကျင်းမျှ ပြန် မလာခဲ့ ။ ဘာလိုလိုနှင့် နှစ်တွေ ကြာခဲ့ပြီ ။ ပဉ္စင်းရှိန် လည်း အိုမင်း မစွမ်းဖြစ်ခဲ့ပြီ ။ ရွာလယ် က ပဉ္စင်းရှိန်ကျောင်းလေး အစား ရွာထိပ် မှာ ဝါးထရံကာ ဓနိမိုး အစိုးရစာသင်ကျောင်းကလေး ဖြစ်လာခဲ့သည် ။ စိန်တုတ်သတင်း က အစအန ရပါ၏ ။ စိန်တုတ် တစ်ယောက် ကြီးပွားနေပြီ ဆိုသည့် အကြောင်း ရွာ ကို သတင်း ပေါက်လာခဲ့သည် ။ များမကြာမီ သူ့ မိဘများ လည်း ပြောင်းရွှေ့သွားခဲ့သည် ။ ပဉ္စင်းရှိန် က ဝမ်းသာမဆုံး ။ လူတကာ ကို မျက်ရည်တလည်လည် နှင့် စိန်တုတ် အကြောင်း ပြောမြဲ ။ နာတာရှည် ဖြင့် အိပ်ရာ ထဲ လဲ သည့်တိုင် တပည့် အတွက် မှာခဲ့ရှာသေးသည် ။

“ စိန်တုတ် ရောက် လာခဲ့ရင် ရွာကျောင်းကလေး ကို ခိုင်ခိုင် မာမာလေး ဖြစ်အောင် လုပ်ခိုင်းပါကွာ ။ ငါ မှာခဲ့တယ်လို့ ပြောပါ ”

နောက်ဆုံး ထွက်သက် အထိ ကျောင်းဆရာ ပီသသော ပဉ္စင်း ရှိန် ကို တပည့်တွေ အစွမ်းကုန်စောင့် ရှောက်ကြသည် ။ နိုင်စွမ်းသမျှလေး နှင့် ဖြည့်ဆည်းပေးကြသည် ။ သို့သော်လည်း အသက်ရှစ်ဆယ် ကျော် ကိုးဆယ် နီးပါး မီးစာကုန် ဆီခန်းအရွယ်မို့ ပဉ္စင်းရှိန် ၏ နောက်ဆုံးခရီး ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့ကြသည် ။ ပဉ္စင်းရှိန် ဟူသော ရွာ ၏ မီးရှူးတန်ဆောင် ၊ ရွာဦးသျှောင်ဆရာကြီး က ခရီးရှည်ကြီး ထွက်သွားခဲ့လေပြီ ။

•••••   •••••   •••••

“ ဘိုးပဉ္စင်း ဆုံးတာ သိရင်တော့ သူ လည်း စိတ် ကောင်းမှာ မဟုတ်ဘူး ”

“ ဘိုးပဉ္စင်း ရှိရင် ဘယ်လောက်များ ဝမ်းသာလိမ့်မယ် ”

ထို အတွေးက ရွာသားတိုင်း ရင်မှာ ရှိသည် ။ သူဌေးကြီး ဦးစိန်ကျော် တကယ် လာ တော့မည် ။ ရွာသားတွေ ခေါင်းချင်းရိုက် တိုင်ပင်ကြသည် ။ လိုအပ်တာတွေ တောင်းဆိုကြဖို့ နှီးနှောဖလှယ် ကြသည် ။ နေရာဒေသအနှံ့ လှူနေသော ကိုယ့်ရွာသား သူဌေးကြီး အား ဤမျှလောက် တင်ပြနေစရာ လိုမည်မထင်ပါ ။ ကိုယ့်ရပ် ၊ ကိုယ့်ဇာတိ ကို လှူမည် က အသေအချာပါ ။ သူ့ အတွက် စားစရာ ၊ သောက်စရာ နေရာထိုင်ခင်း မှအစ အဘက်ဘက်က ပြည့်စုံအောင် စီစဉ်ထားကြသည် ။ ရောက်လာပါပြီ ။ တကယ်ပင် ဦးစိန်ကျော် ရောက်လာခဲ့သည် ။ အခြွေအရံအသင်းအပင်း မပါဘဲ တစ်ယောက် တည်း လွတ်လွတ်လပ်လပ် လာချင်လို့ ဟုဆိုကာ ကားတစ်စီး နှင့် ပေါက် ချလာခဲ့သည် ။ အားလုံး အံ့အားသင့်နေကြသည် ။ ဖြူဖြူဝဝ သူဌေးဂိုက်ဆိုက် အပြည့် ရှိသော ဦးစိန်ကျော် ကို စကား မပြောနိုင် လောက်အောင် အံ့ဩ ငေး မောနေကြသည် ။

“ ငါ ရွာ ကို အမြဲ သတိရတယ်ကွ ။ လာချင်စိတ် လည်း ရှိတယ် ။ ဒါပေမယ့် ဘိုးပဉ္စင်း ကို အား နာလို့ ကွ ။ ဘိုးပဉ္စင်း က ငါ့ ကို ကြီးပွား မယ့် ကောင် မဟုတ်ဘူး လို့ ပြော ထားတော့ ငါ ကြီးပွားနေတာ တွေ့ရင် သူ့ ဗေဒင် မှားတယ် ဆိုပြီး စိတ်မကောင်း ဖြစ် နေမှာ စိုးလို့ ငါ လည်း အဲဒီ ကတည်းက ဗေဒင် ဆို မယုံလိုက်တာ ခုချိန်ထိပဲ ။ အလကားပါ ကွာ ”

ရွာသားအားလုံး ခေါင်းတညိတ်ညိတ် နားထောင်ကြသည် ။ သူ ကြိုးစားရုန်းကန်ခဲ့ ပုံ ၊ ကြီးပွား တိုးတက်ခဲ့ ပုံ တွေ ကို ရေပက်မဝင် ပြောနေ၍ ပြန်ပြောချိန်လည်း မရ ။ တောအစားအသောက်တွေ မစားရတာ ကြာပြီ ဖြစ်၍တစ်ကြောင်း ၊ မစားလျှင် ဘဝင် မြင့်သည် ထင်မှာ စိုး၍ တစ်ကြောင်း သူ မြိန်မြိန်ရှက်ရှက် စားပြကြောင်းလည်း ပြောသည် ။ ဧည့်ခံကျွေးမွေးသမျှ အားရပါးရ စားပြီး နေ မချိုမီ သူ့ ကားကလေး ဖြင့် ပြန်လည် မောင်းထွက်သွားခဲ့သည် ။ ထိုခဏ ရွာကျောင်းကလေး က ခေါင်းလောင်း တီးနေခဲ့သည် ။ သို့သော်လည်း သူ့ကားစက်သံ အောက်မှာ ပါးလျားပျောက်ကွယ်သွားခဲ့သည် ။ ရွာလယ်လမ်းမ လည်း တရကြမ်း ဖုန် ထ ရင်း ကျန်ရစ်ခဲ့ပြီ ။ ရွာကလေး က ပကတိအတိုင်း မပြောင်းလဲခဲ့ ။

◾ သွဲ့ထားညို ( သက္ကလ )

📖 သောင်ယံကမ်းက လွမ်းလက်ကျန်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment