Thursday, December 15, 2022

ကမ်းနား သစ်ပင်


 ❝ ကမ်းနားသစ်ပင် ❞


မမြင်ရသည့် အထူးအဆန်း ဆို လူတွေ အံ့ဩ ကြသည် ။ တစ်ခါတစ်ရံ ယုတ္တိ မတန်သည့် အဖြစ်အပျက်မျိုး ကို ပင် ယုံကြည် လက်ခံပြီး တအံ့တသြ ပြောဆို နေကြသည် ။ ယခုတလော ရွာထိပ် ညောင်ပင်ကြီး က မကြာခဏ မည်းမည်း အလုံးကြီး လိမ့်ဆင်း လာသည် ဟု လူပြော များ နေကြသည် ။ ထို စကားကြောင့် ညောင်ပင်ကြီး အောက် သို့ နေ့ ရော ည ပါ သွားဝံ့သူ ရှား နေခဲ့သည် ။


•••••   •••••   •••••


ထို ညောင်ပင်ကြီး က ဘုန်းကြီးကျောင်းဝင်း အပြင်ဘက် ရွာထိပ် သောက်ရေကန်ကြီး အနီး မှာ ဖြစ်သည် ။ ရွာ က ရွာကြီး ဖြစ်၍ သောက်ရေကန်ကြီး သုံးကန် ရှိသည် ။ ထို သုံးကန် ထဲ မှာ သောက်ရေ အကောင်းဆုံး ဟု ပြောစမှတ် ပြု ရသည် က ထို ညောင်ပင်ကန်ကြီး ဖြစ်သည် ။ သောက်ရေ အတွက် ဆိုလျှင် ထို ညောင်ပင်ကန်ကြီး မှ တစ်ရွာလုံး သောက်ရေ ခပ်ကြသည် ။ မိုးချုပ် နေဝင် ရေ ခပ်သူများ ကြောင့် ကန် အနီး ပတ်ဝန်းကျင် လူ ပြတ်သည် လည်း မရှိလှ ။ သို့သော် လည်း ထို မည်းမည်း အလုံးကြီး လိမ့်ဆင်း လာပြီး နောက်ပိုင်း နေဝင်ရိုးရီ ပင် ရေ ခပ်သူ ရှား သွားသည် ။ ကန်ကြီး အနီး မှာ မကြောက်မရွံ့ နေသူ တွေ လည်း ရှိပါ၏ ။ မျက်မြင် ကိုယ်တွေ့ မဟုတ်၍ မကြောက် သည် လား ၊ အများ ပြော စကား မယုံကြည် သည် လား မသိ ၊ အနီး အပါး နေ သူ တွေ က ဟန်မပျက် နေ နေကြသည် ။ ထိုအထဲ မှာ ခင်ဆွေးငယ်လှိုင် တို့လင်မယား လည်း ပါသည် ။ သူတို့ က ကုန်စုံဆိုင် ပိုင်ရှင်များ ဖြစ်သည် ။ သူတို့ ဆိုင် က ရွာ မှာ ရောင်းအား အတက် ဆုံး ၊ ပစ္စည်း အစုံလင် ဆုံး ဆိုင် ဖြစ်သည် ။


ခင်ထွေးငယ် အမည် အရင်း က ခင်ထွေးငယ်ဆွေ ပါ ။ သူ့ အဖေ ဦးဘဆွေ က သမီးထွေးလေးကို ချစ်လွန်း ၍ သူ့ အမည် ပါအောင် အမည် လေးလုံး ဆင့်ပြီး မှည့်ထားခြင်း ဖြစ်သည် ။ ခင်ထွေးငယ် တစ်ယောက် အရွယ်လေး ရောက်၍ မြီးကောင်ပေါက် အရွယ် လှသွေးကြွယ် ချိန် တွင် ခင်ထွေးငယ်ဆွေ အဖေ ဦးဘဆွေ ၏ သူငယ်ချင်း ဦးကျော်လှိုင် နှင့် လိုက် ပြေးသွား၍ ဦးဘဆွေက သမီး အဖြစ် မှ အမွေပြတ် စွန့်လွှတ် လိုက်သည် ။ ထိုအချိန် မှ စ၍ ခင်ထွေးငယ်ဆွေ အမည် ပျောက်ပြီး ခင်ထွေးငယ်လှိုင် ဖြစ် သွားရခြင်းပါ ။ အမှန်တော့ တစ်ရွာလုံး က ချစ်စနိုး ခေါ်သည့် အမည်ပါ ။ ခင်ထွေးငယ် က လည်း ချစ်စရာ ကောင်း သည် ။ အပျိုဖော် ဝင်စ အိမ်ထောင် ကျ ၍ မျက်လုံး ပြူးပြူး ၊ ပါးကလေး ဖောင်းအိအိ မှာ ကလေးရုပ်လေး မပြယ့်တပြယ် နှင့် သွက်လက်ချက်ချာသူလေး ဖြစ်သည် ။ ဖခင် နှင့် အသက်အရွယ် မတိမ်းမယိမ်း ဦးကျော်လှိုင် နှင့် လိုက် ပြေးလာ သော်လည်း စိတ်ပျက်အားငယ် နေတာမျိုး မရှိ ။ တစ်ရွာလုံး နှင့် အသား ကျ အောင် နေသည် ။ တကယ်ဆို ခင်ထွေးငယ် က သူဌေး သမီး ၊ မိဘ က ဖူးဖူးမှုတ် အခြေအနေမျိုး မှာ အိမ် ၏ ကူဖော်လောင်ဖက် ၊ ဖခင် ၏ လက်အောက်ငယ်သား လည်း ဖြစ်သော ဦးကျော်လှိုင် ကို နိုင် စားသင့်သည် ။


“ ဦးကျော် နဲ့ နေ ချင်လို့ ဦးကျော် နောက် လိုက်လာတာ ။ သူတို့ မခေါ် လည်း ဘာ အရေးလဲ ။ ဦးကျော် ရှိရင် ပြီးတာပဲ ”


“ ဦးကျော် က လွဲပြီး ယောက်ျားရယ် လို့ လည်း မမြင်မိပါဘူး ”


ခင်ထွေးငယ် က သူ့ စကား အတိုင်း ဦးကျော်လှိုင် နှင့် ဒိုးတူ ပေါင်ဖက် ရုန်းကန်သည် ။ ဦးကျော်လှိုင် ဘက် မှ အမွေ ရသော လယ် ဆယ်ဧက ကို ဦးကျော်လှိုင် ဦးဆောင် လုပ်နေချိန် မှာ ခင်ထွေးငယ် က မိဘ အမွေပြတ် ပေး လိုက်သော ရွှေတိုရွှေစလေးများ ကို ရောင်းချ ပေါင်နှံ ၍ ဈေးဆိုင် တည်သည် ။ လင်မယား နှစ်ယောက် တက်ညီ လက်ညီ အလုပ် လုပ်၍ စီးပွားရေး က အဆင် ပြေသည် ။ ကုန်စုံဆိုင်ကြီး က တစ်စ တစ်စ ကြီး လာသည် ။ တစ်ရွာလုံး ခင်ထွေးငယ် ဆိုင် ကို သာ အမှီသဟဲ ပြုကြရသည် ။ ညနေ တိုင် လျှင် ဈေး ဝယ်သူ ကျ လွန်း၍ ခင်ထွေးငယ် တစ်ယောက် အကူ ပင် ခေါ်ထားရသည် ။ ဦးကျော်လှိုင် က ခင်ထွေးငယ် ဈေးဆိုင် ကို မကူအားဘဲ တိုးချဲ့ထား သည့် လယ်တွေ နှင့် သာ လုံးလည်ချာလည် လိုက်နေသည် ။


ဤမျှ အလုပ် လုပ်၍ စီးပွားရေး အဆင် ပြေနေသော် လည်း လင်မယား နှစ်ယောက်လုံး အသုံးအစွဲ စေ့သည် ။ ခြံ ထဲ မှာမွေး ထားသော ကြက် ၊ ဘဲ ကိုပင် ဟင်းလျာ အဖြစ် စား ဖို့ စိတ် မကူး ။ တောဓလေ့ သဘာဝ ရပ်ကွက်ထဲ မှာ ဟင်းကျွေး စီစဉ်သည့် တိုင် အလွယ် ဝယ်စားလေ့ မရှိတာ ခင်ထွေးငယ် အကျင့် ။ တစ်ခါတစ်ရံ မလွှဲမရှောင် သာ မှ အစိတ်သား ၊ ငါးဆယ်သား ဆိုတာ အလွန်အကျွံ ပါ ။


“ အစ်မ ရေ အစိတ်သား ပဲ နော် ။ အသား ကောင်းကောင်းလေး လုပ်ပါ ။ ဦးကျော် တစ်ယောက် စာ နော် ”


ဝက်သား အစိတ်သား နှင့် အထပ်ထပ် ချေးများပြီး တစ်ခါတစ်ရံ မကြိုက် လျှင် ပြန် ပေးတတ်သော ခင်ထွေးငယ် ကို ဘယ်သူ မှ လည်း နှုတ်လှန် မထိုးရဲပါ ။ တစ်ရွာလုံး က သူ့ ဆိုင် နှင့်လွတ်ကင်းသည် မရှိ၍ သူ့ ကို သည်းခံ နေကြရသည် ။ လူ ငယ်သော် လည်း ခင်ထွေးငယ် က ဤလို မိန်းမစား မျိုးပါ ။ ကြွေးတောင်း တော့ လည်း ကြည့် ၊ သူများ ဆီ မှာ ရစရာ ရှိလျှင် အားမနာ တတ် သော ခင်ထွေးငယ် က ရူးသလို ပေါသလို နှင့် နေ့ည မရှောင် တရကြမ်း တောင်း သည် ။ ကြာတော့ အတောင်း ခံရသူ က မျက်နှာ ပူပြီး ပေး လိုက် ရတော့သည် ။ ငယ် ပေမယ့် အစွယ်လေး နဲ့ ဟူသော စကား က ခင်ထွေးငယ် အတွက် ဖြစ်သည် ။ ဒါကိုပင် ဦးကျော်လှိုင် က သဘော အကျကြီး ကျနေ ခဲ့သည် ။


“ ငယ် ပေမယ့် တော်ပါတယ် ဗျာ ”


ဦးကျော်လှိုင့် လက်သုံး စကားအဖြစ် တစ်ရွာလုံး က သိနေသည် ။ အရွယ် ကွာဟမှု က သူတို့ အတွက် ဘာမှ မထူးခြားသလို ထင် ရသည် ။ အချိန်တိုင်း ' ဦးကျော် ရေ ၊ အငယ် ရေ ’ နှင့် စိတ် ချမ်းမြေ့ စရာ ပင် ကောင်း နေတော့၏ ။ သို့သော်လည်း ကံကြမ္မာ က ဘယ် အငြိုး နှင့် ယိုးမယ်ဖွဲ့သည် မသိ ။ မကြာမီ ဦးကျော်လှိုင် နေမကောင်း ဖြစ်သည် ။ ဖြစ်စ က သာမန် ဖျားရုံလေးပါ ။ ပဲစိုက်ရာသီ ပဲခင်း ဆေး ဖြန်းပြီး အပြန် ရေ ချိုး လိုက်ရာ မှ အဖျား ဝင်သွားခြင်း ဖြစ်သည် ။ ဖျား သော်လည်း ဦးကျော်လှိုင် အငြိမ် နေသူ မဟုတ် ။ မတ်တတ် ဖျား ၊ မတ်တတ် နာ လို ဖြစ်သည် ။ အလုပ်သမား ရှိ သော်လည်း ဦးကျော်လှိုင် က နေရာတကာ သူ ပါရမှ ကျေနပ်သူ ။ လယ်ထဲ ဖြန်းသည့် ပိုးသတ်ဆေး ကို တောင် သူများ လို အဆင်သင့် စပ်ပြီးသား ဝယ် မသုံး ။ သူကိုယ်တိုင် အမျိုးမျိုး စမ်းသပ်ပြီး မှ သုံးတတ် သူ ဖြစ်သည် ။ တကယ့် ပြင်းပေ့ ဆိုသော အင်ဒရင်း လို ဆေးမျိုး ကို ပင် အကျအန စပ်ပြီး မှ ဆေးဖြန်းတတ်သည် ။ ဖြန်း တော့လည်း သူ ကိုယ်တိုင် ဝင် ပါ လိုက်သေးသည် ။ ဦးကျော်လှိုင် အသက်အရွယ် က ပြော ရလျှင် ငယ်တော့သည်မဟုတ် ။ မိန်းမငယ်ငယ်လေး ယူထား ၍ သာ သူ့ ကိုယ် သူ နုပျိုသည် ဟု ထင်နေရခြင်းပါ ။ အလုပ် ပင်ပန်း သည့် ဒဏ် ကလည်း ဆိုးလှသည် ။ နောက်ဆုံး ဦးကျော်လှိုင် ဝေဒနာ က ကြီးထွား လာခဲ့သည် ။ သာမန် အဖျား မှ အကြော အားနည်း သလို ဖြစ်ပြီး ဦးကျော်လှိုင် ခြေလက်များကောက်ကွေး လာသည် ။ ခေါင်း က လည်း တစ်ချက်လေး မျှ အငြိမ် မနေဘဲ မေး ထိုး သလိုမျိုး ဖြစ် လာသည် ။ ဦးကျော်လှိုင် တုန်လှုပ် သွားသည် ။ ခင်ထွေးငယ် လည်း မျက်ကလဲ ဆန်ပျာ ဖြစ် ရသည် ။


“ ဦးကျော် ထက် ဘာမှ ပို အရေး မကြီးဘူး ။ ဦးကျော် ကောင်းမယ် ဆို ဘယ်လောက် ကုန်ကုန် ”


ခင်ထွေးငယ် ပြောသည့် အတိုင်း လုပ်သည် ။ ဦးကျော်လှိုင် ကို ခေါ်ပြီး ရန်ကုန် မှာ သွားပြသည် ။ နာမည် ကြီးပေ့ ဆိုသော ဆေးခန်းကြီးတွေ မှာ ပြသည် ။ ဆေး သောက် ၊ ဆေး စား လုပ်ခိုင်းသည် ။ ဘာ ရောဂါ ဟု တော့ တိတိပပ မသိဘဲ တဖြည်းဖြည်း နှင့် လူ က ပုံစံ ပြောင်း လာသည် ။ ဦးကျော်လှိုင် ကို ကြည့် လျှင် ဆယ့်နှစ်ရာသီ က , နေ သော မင်းသား တစ်ယောက် နှင့် တူ နေသည် ။ မေးကလေး ထိုး ၊ ခေါင်းကလေး ငဲ့ ၊ ခြေလက်တွေ က အပေါ် မြှောက် ၊ အောက် ရောက် နှင့် ဦးကျော်လှိုင် ကို ကြည့် ရသည် က ရယ်စရာ လည်း ကောင်း ၊ သနားစရာ လည်း ကောင်း လှသည် ။ ဒါတောင် တစ်ခါတစ်ရံ တက် လျှင် လိမ်ကောက်ကွေးပြီး လူ စင်စစ် မှ လူလုံး ကြီး ဖြစ် သွား တတ်သည် ။ လူ က အလုံးလိုက်ကြီး ဖြစ် နေပြီး ဆေး အမြန် တိုက်ပါမှ ပြန်လည် ဆန့် သွားပြီး အိပ်ရာ ထက် မှာ မလှုပ်မယှက် ဖြစ်နေတတ်သည် ။ ဆေးပတ် လည်ပြီဆို လျှင်တော့ ယခင် လို ကောက်ကောက် ကွေးကွေး နှင့် က ပြန်သည် ။ ခင်ထွေးငယ် တစ်ယောက် အရူး မီးဝိုင်း ဖြစ် နေရှာသည် ။ ကောင်းသည် ဟု ကြားဖူးနားဝ ရှိသော ဆရာ မှန်သမျှ အိမ် ပေါ် တင်ထားသည် ။ ငွေ ဘယ်လောက်ကုန်ကုန် ၊ အကြောင်း မထား ။ ဦးကျော်လှိုင် ပျောက် လျှင် ပြီးရော ၊ သဘော ထားပြီး ကု ရှာ သည် ။ အနား မှ တစ်ဖဝါး မခွာဘဲ ထမင်း ကျွေး ၊ ရေ တိုက် ၊ ရေ ချိုး ၊ ရေပတ် တိုက် ၊ အချိန်တိုင်း မညည်းမညူ လုပ်ပေးရှာသည် ။


သို့သော်လည်း ဦးကျော်လှိုင် က , နေမြဲပါ ။ ကြာလေ ရောဂါ ရင့်လေ ဖြစ်ပြီး ထူးခြားသောလူ တစ်ယောက် အဖြစ် အိမ်တွင်း အိမ်ပြင် မထွက်ဝံ့အောင် ဖြစ်နေခဲ့သည် ။ ကြာတော့လည်း ဦးကျော်လှိုင် မနေနိုင် ။ လူကြီး က အကောင်း ပကတိ ရှိနေ ပါလျက် ဘဝ သေသလို ဖြစ်ရသည့် အတွက် အိမ်တွင်းပုန်း မနေဘဲ အိမ်ပြင် ထွက် လာသည် ။ ဦးကျော်လှိုင် မို့ ရွာ ထဲ ထွက် လျှင် ကလေးတွေ တကောက်ကောက် လိုက် ကြည့်သည် ။ လမ်း သွား လျှင် ဖြောင့်ဖြောင့်တန်းတန်း မရှိသော ဦးကျော်လှိုင် ကို ကြည့်ရင်း ကလေးတွေ ကြိတ် ရယ်ကြသည် ။ အဆိုးဆုံး က ထမင်း စား သည့် အခါပါ ။ ဦးကျော်လှိုင် ထမင်း စား လျှင် ထမင်းလုတ် ပါးစပ် ထဲ ရောက်အောင် အကြာကြီး စောင့် ရသည် ။ ထမင်းလုတ် က ပါးစပ်ထဲ ရောက် မလို နှင့် တစ်ခါတစ်ရံ နား ဆီ ရောက်လိုက် နှင့် အပေါက်အလမ်း တည့်အောင် အကြာကြီး စောင့် ရသည် ။ သနား လည်း သနားစရာ ပါ ။


ခင်ထွေးငယ် တစ်ယောက် မျက်ရည်မျက်ခွက် ကြား မှ ဝတ္တရား ကျေအောင် ပြုစုသည် က အရွယ် နှင့် မလိုက်အောင် ပြည့်စုံလှသည် ။ စီးပွားရေး လည်း မလစ်ဟင်းစေရ ။ အလုပ်သမား နှင့် စည်းဝါးကိုက် လုပ်သည် ။ သည်လို နှင့် အချိန်တွေ ကြာခဲ့ပြီး ဦးကျော်လှိုင် လည်း ဝေဒနာ မပျောက် ။ တစ်ခါတစ်ရံ လူကောက်ကွေး ဖြစ်လိုက် ၊ တစ်ခါတစ်ရံ လူလုံးကြီး ဖြစ်လိုက် နှင့် ဝဋ်ကြွေး ဆပ် နေရသလို ဖြစ်နေသည် ။ အချို့က ဦးကျော်လှိုင် တစ်ယောက် အင်ဒရင်း ရှူ မိ၍ ဖြစ်ကြောင်း ပြော ကြသည် ။ ကြာတော့လည်း ခင်ထွေးငယ် အဖို့ ရိုး သွားပြီ ။


ယောက်ျား ကို ထိုက်သင့် သလောက် ပြုစုရင်း စီးပွားရေး ဘက် ဦးလှည့် သွားသည် ။ ဦးကျော်လှိုင် က က , လို့ ကောင်းဆဲ ။ ရွာ ထဲ မှာ တုတ် တစ်ချောင်း နှင့် မင်းသားဖိုးစိန် လို မေးကလေး ထိုး တာ ၊ ခြေကလေး မြှောက် ကာ မြှောက် ကာ ဖြင့် သွားလာ နေဆဲ ။


•••••   •••••   •••••


ခင်ထွေးငယ် က ချီးကျူးထိုက်သည့် ဇနီးမယား ပါ ။ ကိုကျော်လှိုင် နေ မကောင်း ၍ စီးပွားရေးလစ်ဟင်းသည် မရှိ ။ ယောက်ျား ကို ပြုစု သလို စီးပွားရေး ကို လည်း ဖိဖိစီးစီး လုပ်သည် ။


“ ဦးကျော် ကို သနား လို့ ကျွန်မ အလုပ် ကြိုးစား နေတာ ။ ပိုက်ဆံ ရှိ မှ ဦးကျော် ကို ဆေးမှန်မှန် တိုက် နိုင် မှာ ”


အမရာ ၊ ကိန္နရီ ၊ မဒီ ၊ သမ္ဘူလ ဟု ပင် ချီးကျူးရ လောက်အောင် ခင်ထွေးငယ် က အပြောလေး လည်း ကောင်းသည် ။


“ ကျွန်မ အခုလို အဆင်ပြေပြေ လုပ် နိုင်တာ လည်း ဦးကျော် မျက်နှာ နဲ့ ပါ ။ ဦးကျော် ကြောင့် ကျွန်မ ကို ကူညီကြတာ ။ အားလုံး ကျေးဇူး ဆပ်ရမှာပေါ့ ”


အပြောလေး သဘော ကျ ၍ ခင်ထွေးငယ် အိမ် မှာ ကူညီချင်သူ တွေ ဝိုင်းဝိုင်း လည်နေသည် ။ ခင်ထွေးငယ် က ကူညီသမျှ ကို လည်း တစ်ဖန် ပြန် ကြည့်လေ့ ရှိ၍ အားလုံး က အားတက် သရော ကူညီ ကြခြင်း ပါ ။ အစားအသောက် ၊ အနေအထိုင် လည်း ဦးကျော်လှိုင့် အတွက် အားလုံး ပြောင်းလဲ ပစ်သည် ။


“ ဦးကျော် က အား ရှိ မှ ဖြစ်မှာလေ ။ အစား များများ စား မှ ရောဂါ ဒဏ် ခံနိုင်မှာ ”


အစားအသောက် ကောင်း ၊ မကောင်း မပြော နှင့် ၊ ဖရဲသီးလေး တစ်စိတ် ကို ပင် ပါးစပ် ထဲရောက် အောင် မနည်းကြီး စား နေရသော ဦးကျော်လှိုင် အဖို့ မျက်တွင်း ဟောက်ပက် နှင့် အကြည့်ရ ဆိုးလှသည် ။ တစ်ခါတစ်ရံ သူ့ လယ်ကွက်တွေ ဆီ ရောက် လိုက် ၊ တစ်ခါတစ်ရံ ဘယ်သူ မှ မသွားရဲသော ညောင်ပင်ကြီး အောက် မှာ ငေးငေးငူငူ ထိုင် လိုက် နှင့် ဦးကျော်လှိုင် ကို ကြည့် ရသည် က သနားစရာ ကောင်း လှသည် ။


“ ခင်ထွေးငယ် ဦးကျော် ကို ညောင်ပင်ကြီး အောက် မသွားစေ နဲ့ နော် ။ အခုတလော လူပြော များနေတယ် ။ ညောင်ပင်အောက် မှာ ညည ဆို မည်းမည်း အလုံးကြီးတဲ့ ”


“ ကျွန်မ လည်း ပြောတာပါပဲ ။ ဒါပေမယ့် ဦးကျော် က ခြေဦး တည့် ရာ သွား တာ ”


ထိုအခါမျိုး မှာ ဦးကျော်လှိုင် တစ်ယောက် သတိ ပေး သူ ၏ မျက်နှာ ကို တစ်လှည့် ၊ ခင်ထွေးငယ် မျက်နှာ ကို တစ်လှည့် မျက်ရည် ပြည့်လျှံ နေသော မျက်လုံးများ ဖြင့် ပြန် ကြည့် နေတတ်သည် ။ စကား ပြော လျှင် လည်း ပီပီသသ မရှိ၍ တော်ရုံ လည်း ဦးကျော်လှိုင် စကား ပြောခဲသည် ။


“ တစ်နေ့ တစ်နေ့ သူ့ ဝေယျာဝစ္စ နည်းလား အစ်မ ရယ် ။ ရေချိုး ၊ ထမင်းကျွေး အပြင် ဆေး က လည်း အချိန်မီ တိုက် ရသေးတာ ။ ကျွန်မ လည်း တစ်နေ့ တစ်နေ့ ဖတ်ဖတ် ကို မော ရော ”


ဟုတ်ရှာ မှာ ပဲ ဟု တွေးရင်း ခင်ထွေးငယ် ကို သနားကြသည် ။ သူ့ ခမျာ ငယ်ငယ်ရွယ်ရွယ် နှင့် မိပစ် ၊ ဖပစ် ၊ ဆွေမျိုးပစ် ကြား ယောက်ျား ဖြစ်သူ က လည်း အားကိုးအားထား မဖြစ်သောအခါ တစ်ရွာလုံး လိုလို ခင်ထွေးငယ် ကို ပုံလွှတ် သနားကြသည် ။ မကြာ သေးမီ က တော့ ခင်ထွေးငယ် ဝဋ် ကျွတ်သွားပါ၏ ။ ကိုကျော်လှိုင် တစ်ယောက် ညောင်ပင် အောက် မှာ ကွေးကွေးလေး သေနေရှာသည် ။ ဘယ်အချိန်က သေဆုံးနေသည် မသိ ရ ဘဲ နံနက် ဝေလီဝေလင်း မှ လူ တွေ့ပြီး တအံ့တသြ ဖြစ် ကုန်ကြသည် ။ ခင်ထွေးငယ် တစ်ယောက် ပဋာမြေလူး ဖြစ်ရှာလိမ့်မည် ဟု တစ်ရွာလုံး ထင်နေဆဲ ခင်ထွေးငယ် က တည်တည်ငြိမ်ငြိမ် သာ ရှိနေ၍ အားလုံး အံ့ဩကြသည် ။ ထို့ထက် အံ့ဩစရာ ကောင်းသည် က ကိုကျော်လှိုင် သေပြီး လေးလ အကြာ ကောက်ခါငင်ကာ ဖြင့် ခင်ထွေးငယ် သမီးလေး တစ်ယောက် မွေး သောအခါ ပိုပြီး အံ့အား သင့် နေကြတော့သည် ။


◾သွဲ့ထားညို ( သက္ကလ )


📖 သောင်ယံကမ်း က လွမ်းလက်ကျန်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment