Thursday, January 23, 2025

ငယ်ရိပ်သန်း၍

❝ ငယ်ရိပ်သန်း၍ ❞

“ ကြီးတော် မြ ရေ ဧည့်သည် ”

ဖိုးလေး သား မောင်ဦး အော်သံ ကြောင့် မီးဖိုဆောင် မှ အပြေး ထွက် ၍ ခြံဝ မှ ဧည့်သည် ကို ကြည့် တော့ မြရီ မျက်လုံး ပြူး ကာ အံ့ဩ သွားသည် ။

“ အပြန် မှ ကျွန်တော် ဝင်ခဲ့မယ် ကြီးတော်မြ ” ဆိုကာ မောင်ဦး အိမ် ထဲ လိုက် မဝင်ဘဲ ပြန်ထွက် သွား၏ ။ အိမ်ခြံ တွင်း စိုက် ထားသည့် အပင်များ ကို ဘာရယ် မဟုတ် အိမ် လာတိုင်း အမြဲလိုလို လက် နှင့် ဆွဲခြွေ တတ်၍ မလုပ်ရန် အော်ရ သေးသည် ။ ပြီးမှ ဧည့်သည် ဘက် လှည့် ကာ “ ဘယ့်နှယ်တော် ၊ ဘာကိစ္စ နဲ့ အိမ်လာပါ လိမ့် ” အတွေး က နှုတ် မှ ပင် ခုန်ထွက် တော့ မလို ဖြစ်လာ၏ ။ သူ က တော့ ငယ်မူဟန် ပုံစံအတိုင်း မပြောင်း ၊ နဖူးပြောင်ပြောင် ကို လက် ဖြင့် အသာ ပွတ် ကာ ဝါနီကြင်ကြင် သွား များ ပေါ် အောင် ရယ် ၍ အိမ် ပေါ် လှမ်း တက်လာသည် ။

“ ကိုထွန်းခင် ၊ ဘယ့်နှယ် ကျုပ် အိမ် ရောက်လာတာတုံး ”

“ သတိ ရလို့ လာတာပေါ့ ကျုပ် နှမ ရဲ့”

“ အလိုတော် ... ” ဆိုကာ မြရီ ဘာ စကားမျှ မဆက်နိုင်တော့ ။ ကိုထွန်းခင် က လည်း ဘာမျှ မပြောတော့ ။

အိမ်ရှေ့ခန်း မှာ ရေနွေး တစ်အိုး ၊ လက်ဖက် တစ်ပွဲ ပြင် ပေးပြီး နောက်ဖေးဆောင် ဝင်ကာ မြရီ နံနက်စာ ချက် နေလိုက်၏ ။ ပျောက်ကွယ်ပြီ ဟု ထင် ထားသည့် ရင်ခုန်လှိုင်း က မြရီ ရင်အုံ ကို တစ်ကျော့ပြန် နှိုးဆွ အသက်ဝင် စေသည် ။

ဘာကို ဘယ်လို ခုန်မှန်း မသိဘဲ ရင်ခုန် နေတတ်သည့် ဆယ့်ခုနစ် စွန်း စ အရွယ် ၊ ကိုထွန်းခင် က နှစ်ဆယ် ပြည့် လုလု ၊ ညိုမောင်းမောင်း ဟန်ထွားထွား ဖြင့် မြရီ ရွှေရင်အုံ တသိမ့်သိမ့် ခုန်အောင် အကြည့် စူးစူးနစ်နစ် နှင့် မြရီ နှလုံးသား ကို ခြွေယူသိမ်းပိုက် ချင် နေသည့် ကာလ ။

မိဘ တွေ ဆုံးပြီးစ လည်း ဖြစ် ၊ အသက် လည်း အတော်လေး ကွာသည့် အငယ်ထွေး နှမ မြရီ ကို အရွယ်တော် နှစ်စိတ်ဟိုင်း လုလု အစ်မ အပျိုကြီး နှင့် အစ်ကို လူပျိုကြီး တို့ က စိတ်မချစွာ ဖိ ဖို့ ထိန်းကွပ်မှု ကြောင့် မြရီ ကိုထွန်းခင် ရှိသည့် နေရာ ကို ပင် မလှမ်းဝံ့ ၊ အောင်သွယ် အလီလီ ကို လည်း နှုတ်ကြမ်းကြမ်း ကိုယ်ရမ်းရမ်း ဖြင့် ပြောဆို တတ်သည့် အစ်ကို အစ်မ တို့ ကြောင့် ဘာ ကို ဘယ်လို လွမ်းရမှန်း မသိဘဲ လွမ်းဆွတ်စွာ မြရီ နှင့် ကိုထွန်းခင် အရွယ် အတော်လေး ဟိုင်း ခဲ့ရ၏ ။

မြရီတို့ မိသားစု ‘ ဒွေးပင်စု ’ နှင့် နှစ်ရွာ ခြား ‘ ညောင်နှစ်ခွ ’ ရွာ သို့ ရေကြည် ရာ မြက်နု ရှာ ရင်း ရောက်ခဲ့သည် ။ ကိုထွန်းခင် က တော့ ‘ ဒွေးပင်စု ’  မှာ အလွမ်း ဖြင့် ဖွဲ့သည့် ရင် နှင့် ကျန်ရစ်၏ ။ မြရီ မှာ လည်း ...

ခု အသက် ခြောက်ဆယ် နား နီး အရွယ် မှ ကိုထွန်းခင် ဘယ် စိတ်ကူး နှင့် အိမ် အရောက် လာသည် မသိ ။ ငယ်နုစဉ်တုန်း က တော့ ဒီ ရဲစိတ် ဆန္ဒ တွေ ဘယ်မှာ သွားပစ် ထား မှန်း မသိ ။ သူ့ ဘက် က သာ ရဲရဲဝံ့ဝံ့ ရှေ့ တိုးခဲ့ ရင် မြရီ လည်း ဪ ... သူ ကြောက်ရမည့် အစ်ကို အစ်မ တွေ မှ မရှိတော့ ဘဲ ။ ဟယ် .. ဒါပေမဲ့ ဒီ အရွယ် ရောက် မှ ...

“ ဟဲ့ ပလုတ်တုတ် ၊ ဟင်းအိုး ဟင်းအိုး ဆူ နေပြီ ။ လက်ခု လက်ခု ”

အတွေးဖြင့် မျောရင်း ရင်ခုန်နှုန်း တွေ ကပြောင်းကပြန် ကာရန်သီ နေကြ၏ ။

“ မြရီ နှမ ၊ ကျုပ် ကို စကားလေး ဘာလေး လာ ပြောဦး မှ ပေါ့ ။ ကျုပ် တစ်ယောက်တည်း အဖန်ရည် တွေ ဖိ သောက် နေရတော့ ဘယ်ကောင်း လိမ့်မတုံး ”

“ လာပါမယ် တော် ၊ လာပါမယ် ။ ဟင်းအိုး ကျက်လုပြီ တော့ ”

မြရီ ပြန် အော်ရင်း “ ကြီးကောင်ကြီးမား မှ ” ဟု ရေရွတ်ကာ ရထား သွား သံ ရင်ခုန်နှုန်းဖြင့် ရင်ခွင်မှာ ပန်းသွေးရင့်ရင့် မြစ်တစ်စင်း ဖြတ်စီးသည် ။ ပန်းနုရောင် လှိုင်းလုံးများ လည်း ဇရာမျက်နှာပြင် ထက် ကြွတက် နေ၏ ။

“ မီးဖိုဆောင် အလုပ် က လည်း အရှုပ်သား တော်ရဲ့ ” ဆိုပြီး ကိုထွန်းခင် ရှေ့ မှာ ရင့်ကျက် နေသည့် မိန်းမပျို တစ်ယောက် ဟန် နှင့် ဝင် ထိုင်လိုက်သည် ။

“ ဟုတ်ပါတယ် နှမ ရယ် ။ ကျုပ် လည်း ရှေ့ဘက်ရွာ ကို နွား သွား ကြည့် မလို့ ကြုံတာ နဲ့ ဝင်လာတာ ”

“ ကြုံမှ ပဲ ဝင်လာတယ် တော် ” ဟု မူစိုစိုလေး မြရီ ဆို ဖြစ်သွား၏ ။

“ ကြုံ ရင် ကြုံသလိုပေါ့ ၊ နှမ ရယ် ”

နီဝါကြင်ကြင် သွားကျဲကြီးများ ပေါ် အောင် ရယ်ရင်း နဖူးပြင် ပြောင်ပြောင် ကို လက်ဖြင့် ပွတ်သပ် ကာ ကိုထွန်းခင် ဆိုပြန်တော့ ‘ အလိုတော် ’ အသံ နှင့် မြရီ မျက်စောင်း ကိုထွန်းခင် ရင်ဘတ် ထဲ ရောက်သွားသည် ။ အဖန်ရည် ကိုင် သောက် နေသည့် လက်တွေ လည်း မငြိမ်သက်တော့ ။

ဘာကို ဘယ်လို ‘ အလိုတော် ’ လိုက်မှန်း မသိဘဲ မြရီ ကိုထွန်းခင် မျက်နှာ ကို မကြည့်ရဲ အောင် ရှက် နေပြီ ။ ကိုထွန်းခင် ၏ မျက်ဝန်း တို့ က ရွှန်းစိုလက်လဲ့၍ နှုတ်ခမ်းနှစ်လွှာ က လည်း မပြုံး ၊ ဤသို့ ပြုံး ဤသို့ ဖြင့် သက်ဝင် နွေးထွေး လွန်း လှ၏ ။ အသက်အရွယ် နှင့် မဆိုင်သော ပျိုမျစ်နုနယ် သည့် ရင်ခုန်လှိုင်းအား ကို လက်တွေ့ သိမြင် ခံစားရပြီ မို့ စကား မဆို နိုင်ကြတော့ ။ အဖန်ရည်ပူပူ ကို သာ တဖူးဖူး ဖြင့် မှုတ်သောက် နေကြရသည် ။

“ မြရီ နှမ ကျုပ် သွားတော့မယ် ”

ငြိမ်သက် နေရာ မှ အာရင်းသံ လေးလေးကြီး ဖြင့် ပြောလိုက်သည့် ကိုထွန်းခင် စကား ကြောင့် မြရီ ရင်အုံ တုန် သွားကာ “ အယ် .. ထမင်း စား သွားဦးလေ ” ဟု သံစဉ်မညီ မညာ ပြောမိသည် ။

“ မစားတော့ဘူး ၊ မစားတော့ဘူး ။ သွားတော့မယ် ” ဆိုရင်း ကိုထွန်းခင် လွယ်အိတ် နှင့် ခမောက် ကို ကိုင်သည် ။ မြရီ ရင် သာသာလေး အခုန် မြန် သွား၏ ။ သွေးခုန်နှုန်း ပြတ်တောင်းတောင်း နှင့် ဝဲ ချင်ချင် ဖြစ် နေသည့် မျက်ရည် ကို အသာ ထိန်း ကာ  “ ကြုံရင် ဝင် လာလည်ပါ တော် ” လို့ အမှာ ဖွဖွ ပါး မိသည် ။

မြရီ မှာခြွေစကား ကို နားထောင် ပြီး ကိုထွန်းခင် တွေတွေကြီး ရပ် ၍ မြရီ ကို စိုက်ကြည့် လေ၏ ။ ပြီး လွယ်အိတ် ထဲ လက် နှိုက် ကာ တစ်ခု ခု ရှာ နေ၍ ကိုထွန်းခင် လက် ထဲ ပါ လာမည့် အရာ ကို မြရီ စိတ်ဝင်စားစွာ ကြည့် တော့ လက် တစ်ဆစ် ခန့် မြေဖြူခဲသေးသေးလေး ကို တွေ့သည် ။

အိမ်ပေါက်ဝ ဘေးအ တွင်း သူ ရပ်နေသည့် နံရံဘက် မှာ ချိတ် ထား သော နှစ်ပေပတ်လည်ခန့် မည်းဖျော့ဖျော့ ကျောက်သင်ပုန်းဟောင်း ပေါ် သို့ ကိုထွန်းခင် စာလုံးခြောက်လုံး ခန့် ကသောကမျော လှည့် ရေး ပြီး မြရီ ကို နှုတ် မဆက်ဘဲ ခြေလှမ်း ကျဲကြီးများ ဖြင့် အိမ်ပေါ် မှ ဆင်းသွား၏ ။

မြရီ လှိုက်ဖိုဖို ရင် နှင့် ကိုထွန်းခင် ရေး သွားသည့် စာ ကို ဖတ်သည် ။ နှုတ် မှ ပြောမထွက်သည့် စကားလုံး အချို့ ကို အက္ခရာ တင် ရေးပြ သွား သည့် အတွက် “ ရှင် ဘာ စာ ရေးသွားတာလဲ ၊ ပြောပြစမ်းပါတော် ” ဟု ကိုထွန်းခင် ကျော ကို အားပါးတရ ထု ကာ ကနွဲ့ကလျလေး ဆိုချင် လာ၏ ။ သို့သော် အချိန် နှင့် အရွယ် က မြရီ တို့ နှစ်ဦး ကို အဆိပ်ငွေ့ လို တဖြည်းဖြည်း ရင့်ရော်အိုမှိုင်း စေပြီ ။

“ မြရီ ဖတ် ပြီး ဖျက်ပစ်မှာ ပဲ ” အတွေး ဖြင့် ရေးခဲ့ဟန် တူသည်  ။ စာ ကောင်းကောင်း မသင်ခဲ့ရ ၍ ခုချိန် မှာ စာလုံးတွေ လည်း မဖတ်တတ် ၊ မရေးတတ်တော့ ။ ကိုယ့် အမည် ကိုယ် ပေါင်းတတ် အောင် မနည်း ကြိုးစား မှတ် နေရသည့် အရွယ် ရောက် မှ အရေးကြုံ လည်း သက်လုံ မရှိ ။ ငယ်နုစဉ် က ခါးကြား ၊ ရင်အုံကြား လိန်ကျစ် ခေါက် ယူ ၍ သူငယ်ချင်း လှမေ ကို ဖတ်ခိုင်းခဲ့သည် ။ ဒီ အရွယ် ရောက် မှ ။ ဒီအချိန် ဒီအရွယ် မှာ ဒီ စာကြောင်း ကို ဘယ်သူ့ ခေါ် ဖတ်ခိုင်းရပါ့ ။ စိတ်ပျက် နေသော ရင်အုံမှိုင်းညိုညို မျက်ဝန်းအိမ် ဖြင့် စာလုံးများ ကို  ငိုင် ကြည့် နေရသည် ။

ဘေးခြံ က မအုန်းခိုင် သမီးလေး ဆို ဆိုပြသည့် “ ရေအိုးကလေး ရွက် လာရင် အဲဒါ လုံးကြီးတင် ၊ ပြေးရင်ပင် နောက်ပြန်လဲ နောက်ပစ်ကလေး ပဲ ” စာလုံး တွေ လည်း ပါ မှာ စိတ်ကူး ဖြင့် သင်ပုန်းကြီး ဖတ်စာ ကျေအောင် သင်ချင် သည့် အာသီသ ပြင်းပြလာ၏ ။ ကိုယ့် အဖြစ် ကိုယ် ပြန် တွေး ကာ စာ မကျေခဲ့သည့် ဘဝ ကို မကျေနပ် သလို ဖြစ်လာ၏ ။

ကျောက်သင်ပုန်း ပေါ် မှာ မညီမညာ ရေး ထားသည့် စာလုံး ခြောက်လုံး ခန့် က မြရီ စိတ်အာရုံ ကို ညှို့ငင် သိမ်းသွင်း ထားပေမဲ့ မြရီ မှာ .. ။ လျှပ်တစ်ပြက် ထွက်ပေါ်လာသည့် ဉာဏ် ကြောင့် မြရီ ရင် အပျော် လူး ကာ ဘေးခြံ မှ မအုန်းခိုင် သမီးကြီး သုံးတန်း ကျောင်းသူ ကို လှမ်း အော် ခေါ်လိုက်သည် ။

“ ဝါဝါ မရှိဘူး ။ သူ့ ဘွားလေး ကျင်ခ အိမ် သွားတယ် ”

မအုန်းခိုင် ပြန်ဖြေ စကား ကြောင့် မြရီ ရင်အုံ အကြံအိုက် ပူပန်ရ ပြန်၏ ။ သို့ပေမဲ့ ဖြစ်ပေါ်နေသည့် စိတ်အာရုံ က အာသီသ ပြင်းစွာ သွေးထိုး လှုံ့ဆော် လာ၍ ဝါဝါ ကို မကျင်ခ အိမ် မှာ သွား ခေါ်ရန် ထွက်ခဲ့သည် ။

မြရီ ခြေလှမ်းတွေ တွန်းကန်အား တစ်ခု ကြောင့် အရွယ် နှင့် မမျှ သွက်နေသည် ။ လမ်း မှာ နှုတ်ဆက်သည့် အသိမိတ်ဆွေ တို့ ကို လည်း စကား ကြာကြာ ရပ် မပြောနိုင် ။ မကျင်ခ အိမ် သို့ ဝါဝါ ကို ခေါ်ရန် သာ အလျင်နှုန်း ကောင်းကောင်း ဖြင့် လှမ်း နေ ရ၏ ။

“ ဟယ် ... ဝါဝါ ၊ လုံမ လာလာ ၊ ကြီးမြ အိမ် လိုက်ခဲ့ ၊ မုန့်ကျွေးမယ် ”

မကျင်ခ အိမ် မှ ပြန် လာသည့် ဝါဝါ ကို လမ်းတစ်ဝက် တွင် ပင် တွေ့၍ ဝါဝါ လက် အမြန် ဆွဲ ကာ မြရီ အိမ် သို့ အမြန် နှင်သည် ။ ကလေး က မုန့် စားရမည့် အတွေးဖြင့် ပင် မြရီ ခြေကုန် လျှောက်သည် ကို အမီ အပြေး လျှောက်ရင်း “ ကြီးမြ က လည်း မြန်လိုက်တာ ” ဆိုသည်  ။

ကိုထွန်းခင် ရေး သွားသည့် စာကြောင်း ကို မြရီ သိချင် နေ၍ ဝါဝါ ၏ မောဟန် နှင့် ပြောသံ ကို လည်း ဂရု မစိုက်နိုင် ။ ဖတ် ပြီးသည် နှင့် ဖျက် ပစ် ရမည့် စာ ၊ တခြားသူတွေ ဖတ်မိ သွားလျှင် လည်း မြရီ တွေးရင်း အရှက် ဝင်ကာ ခလုတ်တိုက် မလို ဖြစ်သွား၏ ။ အိမ်ဘက် ဆီ သို့ လည်း လှမ်းမျှော် ကြည့် မှ လှစ်ခနဲ လူရိပ် တစ်ရိပ် ထွက်သွား သလို မြင်၍ ခြေလှမ်း အားကုန် လျှောက် လိုက်သည် ။

မြရီ ခြံပေါက်ဝ ခြေချ မိ မှ ရင် မှ ထန် နေသည့် အပူလှိုင်း ငြိမ်းကာ “ လုံမ ၊ မောနေပြီလား ။ ကြီးမြ မရွေး ကျွေးမယ်နော် ” ဆိုပြီး လှိုက်ဖိုခုန် စိတ်ရိုင်းအငုံလေး ကို ဖွင့်ဖို့ အိမ်ပေါ် သို့ လှမ်း ဆင့် တက်လိုက်၏ ။

“ ဝါဝါ လုံမ ၊ ဟယ် ... မရှိတော့ဘူး ။ ပျက်သွားပြီ တော် ”

ရင်အုံ ထဲ လိပ်ထည့်ခြင်း ခံထားရသည့် နှစ်ဆယ်တန် အနွမ်း လို ပုံနှယ် နွမ်းရိစွာ ခြေပစ်လက်ပစ် ထိုင်ချ လိုက်တော့၏ ။ မကြာသေးခင် အချိန် က မှ လက် ဖြင့် အဖျက်ခံ ထားရသည့် ဖျက်ရာ စာကြောင်းလေး ကို ကြည့် ပြီး မြရီ သွေးခုန်နှုန်း ကပြောင်းကပြန် ဆန်စွာ မျက်ရည်များ လည်း နှလုံးသား ၏ တွန်းကန်အား ကြောင့် မျက်လုံးအိမ် တွင် ဝိုင်းရစ်အုံဖွဲ့ကျ လုလု ဖြစ် လာသည် ။

မြရီ မျက်နှာ ကို ဝါဝါ အဖြေ ရှာ သလို ကြည့် နေ၏ ။ မြရီ ဘယ်လို စကားမျိုး မှ ပြော မထွက်နိုင်သေး ။

“ မုန့် မရှိရင် လည်း ပြန်တော့မယ် ” ဆိုကာ ဝါဝါ သူ့ ခြံဘက် သို့ ပြေး သွားပြီး မြရီ နှုတ်ခမ်း တွေ ဆွံ့အ စွာ ဖြင့် တစ်ကိုယ်လုံး လှုပ်ရှားမှု မဲ့ နေ ပေမဲ့ ရင် တစ်ပြင်လုံး မှာ တော့ ငလျင် အား နှင့် ဒီရေ လှိုင်း ပေါင်းစု ထိတွေ့ နေကြ၏ ။

သက်ရှိ ရုပ်ကြွင်း နှယ် မြရီ ထိုင် ငိုင်ကာ ဘာမှန်း မသိလိုက်ရသည့် စာကြောင်းလေး ကို မှန်းဆ ရင်ခုန် နေရင်း နှုတ် မှ အသံဖွဖွလေး ထွက် သွား၏ ။

“ ကြီး တဲ့ အထိ လူ ကို ဒုက္ခ လာ ပေးတုန်း ”

◾ လဲ့ဝင်းကြည် ( ချို )

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၈၆
      မေလ ၊ ၂ဝဝ၅ ခုနှစ်
.

 

No comments:

Post a Comment