❝ ဆန်ရင်းဖွပ် လက်များ ❞
▢ လဲ့ဝင်းကြည် ( ချို )
ဝင်ငွေ အနည်းဆုံး အလုပ်တွင် ရိုးသားစွာဖြင့် နှစ်ကာလ ရှည်ကြာစွာ တာဝန် ထမ်းဆောင်နေသော အဖေ၏ ဝင်ငွေသည် အမေ့ မီးဖိုချောင်စရိတ် အောက်၌ လှိုင်းပိ လှေ ပမာသာ ရှိသည်ကို သိထား၍ မောင်နှမ ငါးဦးတွင် အကြီးဆုံး ဖြစ်သော သူမ ကွင်းလယ်ကစားသမား ဖြစ်လာခဲ့၏ ။ အခြား ကျောင်းသားများလို ငွေကုန်ကြေးကျ များစွာ သင်တန်းကျောင်း မတက်ရဘဲ ကျောင်းမှ ဆရာ၏ သင်ပြမှု တစ်ခုတည်း အောက်၌ပင် သင်္ချာဘာသာရပ်ကို သူမ ၉၈ မှတ်နှင့် ထူးချွန်စွာ အောင်မြင်ခဲ့သည် ။ အခြား ဘာသာရပ်များထက် သင်္ချာဘာသာရပ်ကို အတန်းတိုင်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သလို သူငယ်ချင်းများ နားမလည်သည့် ပုစ္ဆာတို့ကိုလည်း ရှင်းပြနေကျ ဖြစ်၍ အခြေခံပညာ အထက်တန်း အောင်စာရင်း ထွက်ပြီး နောက်နေ့မှာပင် သင်္ချာ Guide အဖြစ်ဖြင့် သူငယ်ချင်းများကို အကူအညီ ပေးရင်း ပေးရင်း စာပြဆရာမလေး တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည် ။
ဆတိုး ပွားများလာသော စရိတ်တို့ကို ခံစစ်တစ်ခု အနေဖြင့် သူမ အတန်းစုံကို ပြသော စာပြဆရာမလေး အဖြစ်နှင့် ‘ ညအခါ ’ ကို စာလုံးပေါင်း သင်ပေးရသည့် ကလေးအိမ်က ထွက်လာ၍ အက္ခရာ ကိန်းတန်းများ ရှင်းပေးရမည့် ကလေးအိမ်ကို ခြေဦးလှည့် အပြီး သင်္ချာသီအိုရီများ အဖြေ ကူ ထုတ်ပေးရသော အိမ်အရောက်တွင် နာရီလက်တံက ညနေခြောက်နာရီကို ပြနေပြီ ။
အတန်းပိုင်ဆရာ ၊ ဆရာမတို့ ထံမှ အခြေအနေ အရပ်ရပ်ကြောင့် ပဲ့ထွက်လာသူများ ၊ ဆရာမနားတွင် ထိုင်နေမှ စာတော်သည် ထင်သည့် အချို့ ... အချို့ .. မိဘတို့ကြောင့်လည်း သူမ ။ တိုးတက်နေသော နည်းပညာခေတ်ကြီးထဲတွင် အခြေခံပညာ အထက်တန်း အောင်လက်မှတ် ကတ်ထူချပ်လေး တစ်ခုနှင့် သူမ၏ စာပြဆရာမလေး အဖြစ်သည် ... ။
အလုပ်ရှင် လေဟန် အပြည့်နှင့် အချိန် အတိအကျ မှတ်တတ်သော မိဘများ ၊ စာသင်ရက် တစ်ရက် ပျက်ကွက်လျှင်ပဲ ‘ ဘာဖြစ်လို့လဲ’ ၊ ‘ ဘယ်လို အကြောင်းများကြောင့်လဲ ’ ဟု လူမှုရေးမေးခွန်း တစ်ချက် မပြောဘဲ ‘ မနေ့က ဆရာမ လာရမယ့်နေ့ မလာလို့ ကလေး စာသင် ပျက်သွားတယ် ’ အထက်စီး လေသံနှင့် ဆီးကြိုတတ်သည့် မိဘတို့ကြောင့်လည်း သူမ၏ စာပြဆရာမလေး ဘဝသည် ... ။
တစ်ခါတစ်ခါ ကိုယ့်ဘက်က ဘယ်လောက်ပင် စေတနာထား သင်သင် ခံယူသူတို့၏ ပေါ့လျော့မှုများကြောင့် စာမေးပွဲတွင် အမှတ် နည်းသွားလျှင် လစာပေးရင်း ‘ ဆရာမ ဒီလ ကလေး အဆင့် ကျသွားတယ် ။ ကြည့်လုပ်ပါဦး ’ ဆိုကာ မညီမညာ ချလာပေးသော တစ်ထောင်တန်ရွက်များကြောင့် ရင်ထဲ ကိန်းဝပ်အောင်းထားသော မာနများ နိုးကြွကာ ‘ ဒီအိမ်ကို စာသင်ဖျက်မယ် ’ အတွေးနှင့် သူမ အိမ်လှေကားဝ အရောက် ‘ မမကြီး ကျောင်းမှာ စာအုပ်ဖိုး တောင်းနေပြီ ’
‘ မမကြီး သားလည်း စာအုပ် ကုန်ပြီ ၊ ဝယ်ပေးဦး ’
အသံများက မသိတတ်တာ မဟုတ်ဘဲ မသိသေးသည့် အရွယ်လေးများ၏ အပြစ်ကင်းစင် တောင်းဆိုဟန်များကြောင့် တင်းလာသော မာနများ အိမ်တံခါးဝတွင် ဝုန်းခနဲ မြည်အောင် ပြုတ်ကျကုန်၏ ။
‘ သမီးကြီး ဒီလကုန်က စပြီး အိမ်လခ နှစ်ထောင် ပိုပေးရမယ် ’ တဲ့ ။ အမေ့ စကားလုံး အချို့က ဝုန်းခနဲ ပြုတ်ကျသွားသော မာနအပိုင်းအစများကို ပြန်ကောက်ရန် ရှာမတွေ့တော့ ။
ဝင်ငွေနှင့် ဈေးနှုန်း အမြဲ ခံစစ်ထိုးစစ်များဖြင့် ဆင်နွှဲနေရသော သူမတို့ အတွက် .. ။
အစောတည်းက ညိုသွယ်သွယ် ခန္ဓာကိုယ်က အခုချိန်တွင် စာကြည့်မျက်မှန်အနက်ပိုင်းလေး အောက်၌ ပါးလျစွာ ဖျော့ဆင်းနေပြီ ။
‘ ဆရာမ ဒီနေ့ စာမြန်မြန် သင်ပေး သားတို့ ပန်ဒါမှာ ညစာ သွားစားမလို့ ’
စာဆိုရင်း အသံသာသာလေးနှင့် ဖြတ်ပြောလိုက်သော ကလေး စကားကြောင့် သူမ ပြန်လာမှ ညစာအတူ စားဖို့ ခူးခပ်ပြီး စောင့်နေတတ်သော အမေ၏ ရာသီပေါ် သီးနှံဟင်း ထမင်းဝိုင်း ၊ လမ်းထိပ်ဓာတ်မီးတိုင် မှိန်ဖျော့ဖျော့ အောက်တွင် သမီး ပြန်အလာကို စောင့်ကြိုနေသော အဖေ၏ ပုံရိပ် ၊ တစ်လစာ လခ တစ်ထောင်တန် လေးရွက် ၊ ညစာ ထမင်းဝိုင်း ... ။
ဘယ်လိုပဲ ဖြစ်ဖြစ် သိပ်သည်းဆ မတူသည့် အရာဝတ္ထုတို့၏ အကျိုး သက်ရောက်မှုကို သိရှိထားသည့် သူမ အတွက်က ‘ တို့အလံ ’ ဖတ်စာကို စည်းချက် ညီညီဖြင့် သင်ပေးနိုင်ခဲ့သည် ။
သင်္ချာသီအိုရီများကို ရှင်းပြနေသော သူမ အသံကို ဖောက်ပြီး ‘ Teacher မမ ငရမန်ကန်းက ဘယ်ဘက်မျက်စိ ကန်းတာလဲဟင် ’ ဆိုသည့် အထက်တန်း ကျောင်းသားလေး အမေးကြောင့် သူမ မျက်လုံးနှစ်ဖက်စလုံး ကန်းသွားချင်လောက်အောင် ဖြစ်သွား၏ ။ သူမ ဘာမှ ပြန်မဖြေရသေးခင်မှာပဲ ဆက်ပြီး -
‘ Teacher မမ သားတစ်ခု စဉ်းစားမိတာ ရှိသေးတယ် ’
‘ ပြောစမ်းပါဦး ၊ တွေးခေါ်ရှင်ကြီးရဲ့ ’
သူမ စကား ထောက်ပေးလိုက်တော့ -
‘ သားတို့ မြန်မာစာ စကားပြေ ဖတ်စာအုပ်ထဲက အကြောင်း ဦးပေါင်းကြား နှင့် မြင်းညိုရှင် စကားပြေ ဖတ်ပြီး တွေးမိတာ မမ Teacher ရဲ့ ။ ညီလာခံမှာ အလောင်းစည်သူမင်းကြီး တူးရွင်းတောင်ခြေက လူဆိုးဓားပြကြီး ဖမ်းခိုင်းပုံကို ဖတ်ပြီး ညီလာခံမှာ ဘုရင်ကြီး ပြောတဲ့စကားကို နန်းတော်ထဲ ရှိတဲ့ ပညာရှိ မှူးမတ်ရဲမက် အတိုင်ပင်ခံ မင်းဆရာကြီးတွေ မရိပ်မိဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား ။ Teacher မမ သေသေချာချာ စဉ်းစားကြည့် ၊ ဘုရင်ကြီးက လူဆိုးဓားပြကို ဖမ်းခိုင်းပုံ သား စဉ်းစားမိတာက ပညာရှိမှူးမတ် ... ’
‘ တော်ပြီ ... တော်ပြီ နောက် ကြီးလာမှ ဆက်စဉ်းစား ’ ဟု ဆိုရင်း စကားကို ဆက်ခွင့် မရအောင် သင်္ချာသီအိုရီများ ရှင်းရန်သာ ပြင်လိုက်ရ၏ ။ ကလေး ကတော့ သူတို့ သဘာဝအတိုင်း အတွေးများကို ဆွဲဖြုတ်ကာ သင်္ချာပုစ္ဆာများ တွက်နေပြီ ။ သူမမှာသာ .. ။ ဆရာမကြီး ဒေါက်တာမတင်ဝင်း ကို ပြေးခေါ်ရမည်လား ။ ဆရာ ချစ်ဦးညို ကို အကူအညီ တောင်းရမည်လား မသိ ။
ထိုကလေး အိမ်မှ စာသင်ပြီး ထွက်အလာ အထိ ကတ်တီးကတ်ဖဲ့ လုပ်တွေး စဉ်းစားသော ကလေးစိတ်ကူးကို သဘောကျစွာ ပြုံးမိ၏ ။ သူမတို့ တုန်းကလည်း .. ။
‘ တစ်နှစ်မှာ တစ်လ ၊ တစ်လမှာ တစ်ရက်တဲ့ မကပါဘူး ။ အမှန် ဖြစ်သင့်တာ တစ်နှစ်မှာ ရက်အနည်းဆုံး ပွင့်တဲ့ပန်းဆို တော်လောက်ပြီ ’ ဆိုရင်း သူငယ်ချင်း နှစ်ဦး သူ့အလှ သူ့ရသ တုနှိင်းချက်များဖြင့် လှပသက်ဝင် ခန့်ညားနေသည့် ပိတောက်ပန်း ကိုပင် ဘာမဆိုင် ညာမဆိုင် ထည့်တွေး စဉ်းစား၏ ။
သူမတို့ကို စာသင်ချိန် ၄၅ မိနစ် အတွင်း သတ်မှတ်ပြဋ္ဌာန်းများ သင်ပေးသော သမိုင်းဆရာက လွတ်လပ်ရေး ဆုံးရှုံးရပုံများ သင်ကြားရှင်းပြရင်း သီပေါမင်း စုဖုရားလတ်တို့ အကြောင်းနှင့် ဆက်စပ်ပြီး နန်းမတော်ရှင် မယ်နု မိဖုရားခေါင်ကြီး ဖြစ်လာရပုံကို အကျဉ်းချုံး၍ ပြောပြသည် ။
ဆရာ၏ စာသင်ချိန် ပြီးတော့ သူငယ်ချင်းမ နှင့် သူမ နန်းမတော်မယ်နု မိဖုရားကြီး ဖြစ်လာရပုံကို မပြည့်မစုံ အသိလေးများဖြင့် ပြန်ပြောကြရင်း ‘ ဘုရင်ကြီး မနှစ်သက် မစုံမက်အောင် ရှင်မယ်နုက ရုပ်ဆိုးနေရင် ဘုရင်ကြီးရဲ့ စီရင်ပုံ အဲဒီ နေရာမှာ တစ်မျိုး ဖြစ်သွားနိုင်တယ်နော် ’
ဘာရယ်မဟုတ် တွေးမိတွေးရာ ပြောပြီး ရွက်ဝါရွက်များ ကြွေကျလာသည် ကို လိုက်ဖမ်းကာ ရိုးသားပျော်မွေ့စွာ အတွေးပို စိတ်ကူးယိုခဲ့ကြသည် ။ ခုချိန်များမှာတော့ ... ။
ဆန်ကြမ်းတစ်ပြည် နှစ်ရာ့သုံးဆယ် ဖြစ်သည့် ကိစ္စ ၊ ဆန်ဆီ တိုးစားနေရ သည့် အဖြစ် ၊ ကြက်ဥ ဘဲဥ တန်းစီ ဝယ်နေရသည့် အဖြစ်များ ၊ အပျက်များကိုပင် မစဉ်းစား မိအောင် စိတ်အတွေးများကို ချုံ့ပစ်နေရ၏ ။ တကယ်တော့ မျက်မြင် အခြေကို ဗဟိုပြု၍ အင်အားပြင်း ငလျင်ရပ်ဝန်း ဖြစ်နေသော သူမ အတွေးများသည် ခုချိန်ခါတွင် အရာအားလုံး မစဉ်းစားချင်ဘဲ စဉ်းစားစရာများ ဖြစ်နေကြပြီဖြစ်သည် ။
ဘဝကို ဆန်ရင်း စုန်မျှော နေကြသည့် သူမလို မိသားစုများစွာတို့၏ အတွေးများသည် နံနက်စာ နှင့် ညစာ နှစ်နပ်ကြားတွင် ကျင်လည်၍ စရိတ်တို့ကို ခုခံနိုင်ရန်အတွက် မရှိသည့် အားကို ရှာကြံ မွေးနေကြသူများဖြစ်၏ ။
သဘာဝ အတိုင်း ရှိနေသော လေကိုပင် တစ်ခါတစ်ရံ ခဲရာခဲဆစ် ရှူသွင်း နေရသည်မို့ သူမလည်း ယခုအချိန်တွင် အတွေးပိုများ တွေးရန် အတွေးအားချိန် မရှိ ။ စာပြအိမ် တစ်အိမ်ပြီး တစ်အိမ်သို့သာ ... ။
‘ သမီးကြီး အလတ်ကောင် လပတ်ကျတယ် ’
ထမင်းစားရင်း အမေ ပြောလိုက်သော စကားစုကြောင့် သူမ၏ တင်းမာသော မျက်ဝန်းအစုံ အတူ ထိုင်စားနေသော မောင်ငယ် ထံ ရောက်သွား၏ ။ သူမ၏ အကြည့်ကို မောင်ငယ် ကောင်းစွာ ဘာသာပြန် တတ်၍ ထမင်းစားခြင်း ကိစ္စများ ပြီးသော် ...
‘ မမကြီး သင်္ချာကျတာ ရေဆန်ရေစုန် ပုစ္ဆာတွေနဲ့ ဆေးထပ် ရာခိုင်နှုန်း ပုစ္ဆာတွေ နားမလည် မတွက်တတ်လို့ ’
မောင်ငယ်၏ မျက်ရည်ဝဲ တုန်လှိုက်သံစကားကို နားထောင် အပြီး မောင်ငယ်မျက်နှာကို သူမ အထိတ်တလန့်ဖြင့် သေသေချာချာ စူးစိုက်ကြည့်ရင်း သက်ပြင်းမော တစ်ချက်ကို ကျိတ်ချမိသည် ။ မောင်ငယ် စာမေးပွဲ ကျတာ သူမ မှာရော အပြစ် ကင်းပါရဲ့လား ။ နံနက်မိုးလင်းမှ တစ်နေ့တာလုံး အချိန်ရလျှင် ရသလို စာသင်အိမ်တွေ တစ်အိမ်ပြီး တစ်အိမ် လှည့်သင် ။
‘ စာအုပ်အဖုံးချုပ်သည် ’ ဆိုင်းဘုတ် အောက်၌ အဖေကလည်း ရုံးမတက် မီနှင့် ရုံးဆင်းချိန်များ ၊ ရုံးအားချိန် နေ့ရက်များတွင် ကတ်ကြေး ၊ ဆူး ၊ ကြိုး ၊ ကတ်ထူ စက္ကူ ၊ ဖလင်ချပ်များနှင့် စရိတ် စရိတ်တို့ကို တွန်းလှန်ရင်း ပိနေခဲ့ ။
စာအုပ်အဖုံး ချုပ်သလို ဘဝကို တိကျစွာ ကိုက်ညှိ ဖြတ်တောက်၍ မရသဖြင့် အပိုအလို များစွာဖြင့် ပုံသေ မဟုတ်ဘဲ ပုံသေ ဆန်နေကြရသည့် ဘဝတွေ ။
‘ မကြီး ၊ ညီမထွေး ... ’
ပြောလက်စ စကားကို ရပ်ပြီး အနားတိုး ကပ်ပြသော ညီမထွေး၏ လစဉ်ပညာရေး တိုးတက်မှုကတ်ပြားလေးက ညီမထွေး၏ မျက်နှာအသံတို့လိုပင် စိုးရွံ့သိမ်ငယ်မှုများနှင့် ပြည့်လျှံနေ၏ ။
‘ ညီမရယ် သင်္ချာချိန် ပြီးရင် ခဏနားပြီး ရှစ်နာရီ ကနေ ကိုးနာရီ အထိ တစ်နာရီလောက် ကျက်စာ ကြည့်ပေးပါဦး ၊ ညီမတပည့်က ညီမ ရှိမှ စာကျက် စာလုပ်တာ လခ တစ်ချိန်စာ ထပ်ပိုယူပါ ’ ဟု ပြောလာသော စကားကို သူမ ကလည်း ကျေနပ်စွာ လက်ခံခဲ့သည့် အဖြစ်ကို ပြန်တွေးဆရင်း သူမ၏ နှုတ်ခမ်းများ လှုပ်ရှား မရနိုင်အောင် ဆွံ့အသွားတော့သည် ။
▢ လဲ့ဝင်းကြည် ( ချို )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အောက်တိုဘာလ ၊ ၂၀၀၂

No comments:
Post a Comment