Friday, March 1, 2024

မောင့်ဒါလီ ခင်နှမ ဝေးဝေးနီးနီး ခက်လွန်းပ


 ❝ မောင့်ဒါလီ ခင်နှမ ဝေးဝေးနီးနီး ခက်လွန်းပ ❞ 


ခက်တော့ လည်း ခက်သားဗျ ။ ဒီ မိန်း မက အနား ရှိ မကောင်း ရှိ ကောင်း နှင့် ။ မရှိတော့လည်း တစ်မျိုး ခံစား ရ ၊ ရှိ နေတော့ လည်း တစ်မျိုး ခံစားရ နှင့် ။ ဟုတ်တယ်ဗျ ။ အနား ရှိ တော့လည်း ဖုတုတု ရှတတ ခိုးလိုးခုလု နှင့် နေလို့ မကောင်း ။ အနား မရှိပြန် လည်း ဟာတာတာ ဖိုတိုတို ရင် နှင့် ဟိုလို ဒီလို ယောင်နန ကြောင်အအ ဖြစ် နေ ပြန် ရော ။ အတော် နေရ ထိုင်ရ ကျပ်သည့် မိန်းမတွေ ။ အခု လည်း ကြည့် အနား မရှိတော့ ဘာကို ဘယ်လို ဖြစ်နေမှန်း မသိ ။ နေရ ခက်ခက် လွမ်းရ ခက်ခက် နှင့် ဘယ်လို ပြောရ မှန်း ပင် မသိတော့ ။


အနား ရှိ လည်း တည့်လား ဆိုတော့ စကား ဆယ်ခွန်း မှာ တစ်ဆယ့်ငါးခွန်း လောက် က ကြို ပြီး မတည့် ဖြစ်နေပြီ ။ သဘောထား မတိုက်ဆိုင်သည် က တစ်နေ့ မှာ နှစ်ဆယ့်လေးနာရီ ၊ ဒါကိုပင် အနား မရှိတော့ သတိ က ရ နေသေး ။ မိန်းမများ ယောက်ျားတွေ နေရထိုင်ရ ကျပ် အောင် လုပ်တတ်ပါ့ ။


အခု လည်း ကြည့် လေ ၊ အတော် ခွကျသည့် မိန်းမ ။ ပြောလိုက် လျှင် သူ ပဲ ပူပန်တတ် သလိုမျိုး ၊ သွားသည့် ရက် က ရောက်ကြောင်း တစ်ခါ ပဲ ဖုန်း ဆက်သည် ။ အခု ပင် သုံးရက် ရှိပြီ ။ ထပ် မဆက်သေး ။ ဖုန်း မရှိလို့ လည်း မဟုတ် ။ အတော် အလိုက် မသိသည့် မိန်းမ ။ မသွားချင် လို့ တော်တော် ။ အိမ် ကို စိတ်မချ လို့ တော်တော် ။ စိတ် များ ချလို့ က တော့ ဟင်း မပြောလိုက်ချင်ဘူး ။ ဒီ က ဆက်မည် ဆိုတော့ လည်း


“ အကြောင်း မရှိ မဆက်နဲ့ပေါ့ တော် ။ ဖုန်းကတ် ကုန်တယ် ” တဲ့ ။ ဖြစ်ပုံများ ။ ဖုန်း ရှိ လျက် ဆက်ရ ခက် ။ မခက် ခံနိုင်ရိုးလား ဗျာ ။ တစ်နေ့ တစ်နေ့ ဖုန်းဘေလ်စစ် ကြည့်ရသည် မှာ သူ ပဲ မမောနိုင် ။


“ ဟယ် .... မနေ့ က ရှစ်ထောင် တောင် ရှိ တာ ဒီနေ့ ခုနစ်ထောင် တောင် မပြည့်တော့ဘူး ။ ဘယ်တွေများ လျှောက် ဆက်လဲ သိပါဘူး ။ အဲဒီ ဖုန်းကြီး ကို လည်း ရှင် အားတိုင်း ပွတ်ကြည့် မနေနဲ့ ။ မပြောလိုက်ချင်တော့ဘူး ။ အရွယ် က ငါးဆယ် ကျော်နေပြီ ဒီ ယောက်ျား ” နှင့် မပြီးနိုင် မဆုံးနိုင် အောင် ရစ်ခွေ ထပ် နေတတ်သည့် မိန်းမ ။ 


တကယ်ပါ ။ သူ ရှိ သူ ကြည့် နေ လျှင် ဖုန်း ကို လျှာ ခလုတ် မတိုက်အောင် မနည်း ပြောရသည် ။ တကယ် မလွယ်သည့် မိန်းမ ။ အခု သူ ဘုရားဖူး သွား နေတော့ မှ အသက်ရှူ ချောင် သလိုလို ။ နို့မို့ အိပ်ရာ ထ ကတည်း က သူ့ မျက်နှာ အရိပ်အကဲ ပဲ ကြည့် နေရ သလို ။ သို့ပေလည်း တစ်နေကုန် အိပ်ရာ ထ အိပ်ရာ ဝင် မိန်းမ မျက်နှာ မတွေ့ ရ တော့ လည်း တစ်ခု ခု လို နေ သလိုလို နှင့် ရင် ဟာတာတာ ကြီး ဖြစ်သည် ကတော့ အမှန် ။ ငြင်း မရ ။


အနား ရှိ လည်း တည့် လား ဆိုတော့ တည့် ခဏ ၊ မတည့် တစ် ဘဝ လို့ ပြောရ လောက်အောင် စကား ဆယ်ခွန်း မှာ ဆယ့်ငါးခွန်း လောက် က ကြိုပြီး မတည့် ဖြစ်နေရ သည့် သဘော ဆိုတော့ စဉ်းစား ပင် ကြည့် ။ သဘောထား မတိုက်ဆိုင်လိုက်ပုံများ က လည်း အိပ်ရာထ ကတည်း က စ လိုက်သည် မှာ အိပ်ရာဝင် သည် အထိ မပြီးနိုင်သေး ၊ ည တစ်ရေးနိုး သည့် တိုင် ပင် ။ ဒါကိုလည်း ဒါကိုပင် အမှတ် မရှိ လိုက်ပုံ က အနား မရှိတော့ သတိ က ရ ရနေသေး ။ မိန်းမများ ယောက်ျားတွေ နေရထိုင်ရ ကျပ်အောင် ပြုစွမ်း တတ် လွန်းပါ့ ။


မရခင် ၊ မယူခင် တုန်း က ဒီလို ဘယ် ဟုတ်ပါ့ ။ တကယ့် ကို ညင်ညင်သာသာ ။ စကား ပြောလည်း အသံ မထွက် ။ စူပွစူပွ ပွစိပွစိ လည်း မပြောတတ် ။ အလို လောဘ လည်း မများ ။ အခုတော့ ထို အမူအရာတွေ အားလုံး ပျောက်ကွယ် ၍ အခြားသူ တစ်ဦး ဖြစ်နေ သလိုပင် ။ 


“ ကို ရယ် ချွေတာစုဆောင်းရ မှာပေါ့ ။ ခင်တို့ မိဘ တွေ လည်း ဒီလိုပဲ နေထိုင် လာကြတာ ။ ရသလောက် ပေါ့ ”


ဆိုသည့် အိမ်ထောင်ဦး စကားများ က


“ ခင်တို့ မိဘတွေခေတ် နဲ့ မတူတော့ဘူး လေ ။ ကြိုးစား လုပ်ပါ ယောက်ျား ရယ် ။ အပို အကုန်တွေ က လည်း များ လာတော့ ကလေးတွေ ရှေ့ရေး က လည်း ရှိသေးတော့ ” 


စကားလုံး ကို ကလေးဦး မျက်နှာ မြင် ပြီး စ မှာ ပြော တတ်ခဲ့ ပြီး နောက် ။ နောက်ပိုင်း ရက်လ နှစ်တွေ မှာ တော့ 


“ ကိုအဝှာ ဇိမ်ကျ မနေနဲ့ ။ အချိန်အရွယ် ရှိတုန်း ရှာ ထားမှ ။ အေး မနေနဲ့ ။ ရှင် အိမ်ထောင်ဦးစီး ” 


“ ယောက်ျား ဖြစ်ပြီး ပြောလိုက်ချင်ဘူး ၊ နေရာတကာ မိန်းမ က လိုက် ပြောနေရတယ် ”


“ တကတဲ ဒီလိုမှန်း သိ ယူဖို့ ဝေးစွ ”


“ ယောက်ျား နော် သည်းခံ နေ လို့ အကောင်း မှတ် မနေနဲ့ ။ ကိုယ့် အကြောင်း ကိုယ် သိ ”


တကယ်ပါ ။ ပြောလိုက်သည့် စကားလုံး ၊ အသံနေ အသံထား ၊ မျက်နှာထား ဟန်ပန် တကယ် တကယ် ။ 


“ ငါ မှားလို့များ ယူမိ သလား ။ ငါ ယူခဲ့တဲ့ မိန်းမ မှားများ မှားခဲ့လေသလား ” ဟု ပင် တွေးထင်ရသည့် အထိ ။


အလိုလောဘ လည်း များများ လာလိုက်သည် မှာ တစ်နေ့ နှင့် တစ်နေ့ မရိုး ရ ။


“ ယောက်ျား ၊ ဒီနှစ် ကုန်ရင် ကား တစ်စီး လောက် မရ ရအောင် ဝယ်ပေးစမ်းပါ တော် ။ ဟိုမိန်းမ ကျော့မေ လေ သိတယ် မဟုတ်လား ။ မနေ့က အလုပ် သွားတော့ သူ့ ယောက်ျား မောင်း ပို့ တဲ့ ကား ပေါ် က နေ လူ ကို ကြည့် သွား တာ မခံနိုင်လွန်းလို့ပါ ရှင် ။ လုပ်စမ်းပါ ။ ဝယ်နိုင်အောင် တော် ” က တစ်မျိုး ။


“ ယောက်ျား ဆွဲကြိုး လဲ ချင်တယ် ။ အလုပ် ထဲ အတူ တူတွေ များ တော့ ကိုယ် က ဘာပဲဖြစ်ဖြစ် လူ ရှိန် အောင် တော့ လုပ်ရမှာ ယောက်ျား ရဲ့ သိလား ”


က တစ်ဖုံ ဖြင့် အလုပ် နှင့် မဆိုင်သည့် ဆွဲကြိုး လဲခြင်း ကိစ္စ ကို လည်း အလုပ်စားပွဲ ပေါ် တင် ခေါင်းရှုပ် နေ တတ် သလို အသုံးအဆောင် အဝတ်အထည်များ နှင့် လည်း ခေါင်းမူးသွေးတိုး နေတတ်သည့် မိန်းမ ။ 


“ ခိုင်ခိုင့် သမီး က အခု စင်ကာပူ က နေ အော်ဇီ သွား တော့ မလို့တဲ့ ။ စိတ်ညစ်ပါတယ် ။ မဝေ သား က လည်း ဂျပန် ဆိုလားပဲ သိလား ယောက်ျား ရယ် ။ မိန်းမ စိတ်ညစ် နေတာ ကို ” တွေလည်း ပါသေးသည် ။ ပြီး 


“ အငယ်ကောင် ကို တော့ မဖြစ်မနေ နိုင်ငံခြား မှာ စာသွား သင်ခိုင်းချင်တာ ။ ဒါမှ ဟိုကောင်မ တွေ အကြွား ကို လုပ်စမ်းပါ ယောက်ျား ရယ် ၊ မိန်းမ မခံနိုင်လွန်းလို့ ပါ ” 


များ ကို လည်း ထမင်းဝိုင်း နှင့် ညဦးပိုင်း နားချိန် အားချိန် များ တွင် သတင်း ပြော သလိုလို ၊ ကြော်ငြာ ဝင် သလိုလို နှင့် ယောက်ျား ကို အလကား နေရင်း နှုတ်ခမ်း စူပွပွ လုပ်ပြနေ သေးသည် ။ အရင် က လို ကြည့်ကောင်း ရင်ခုန်စရာ လည်း မဟုတ် ။


ငယ်ရွယ်နု တုန်း က တော့ ဒီ နှုတ်ခမ်း စူပွပွလေး ကို ပဲ အသည်း တယားယား ဖြင့် ခုန်လိုက် တုန်လိုက် ရ သည့် ရင် ။ ခုများ တော့ ခုန်ချင် လွန်းသည့် ရင် ကို ဘယ်နား သွား ရှာ ဖမ်း ရမှန်း ပင် မသိတော့ ။ သိ လည်း ရှာ မဖမ်းချင် တော့ ။ စိတ်ပျက် စိတ်ကုန် လွန်း ၍ ။


တကယ်ပါ ။ ဒီ မိန်းမ ဒီ အရွယ် ရောက် လာ မှ မနက် စောစော ဈေး သွား လျှင် လိုက်စေချင်သည် က တစ်ဖုံ ၊ အလုပ် ဆင်းချိန် အတူ စောင့် ပြန်ချင်သည် က တစ်မျိုး နှင့် ငယ်မူ ပြန် ချင် နေသေးသည် ။ ညားခါစ အိမ်ထောင်ဦး အစ ဆို တော်သေး ။ ဒီ အရွယ်ကြီး ရောက် မှ ကလေး တွေ ပင် အရွယ် ရောက် နေပြီ ။ ဒါကိုပင် ပြောပြရ လျှင် လည်း အခက် ။ ဒါကိုပဲ မကျေမနပ် ဖြင့် မျက်စောင်း တချိတ်ချိတ် ။ လူ ကို နေရထိုင်ရ ခက်အောင် ပြု နေသေး၏ ။ 


“ အရင် နဲ့ ကို မတူတော့ဘူး ”


“ အရင် နဲ့ ကို မတူတော့ဘူး ဒီ ယောက်ျား ” စကား လုံး ကို အားအား ရှိတိုင်း သတိရ တိုင်း ပြော ပြော နေသေး သည် ။ အရင် နှင့် မတူ သူ က သူ မဟုတ် ၊ အဲသည့် မိန်းမ ပင် ။ ပြော လိုက် လျှင် တစ်ကြိမ်တည်း နှင့် ခေါင်း မညိတ် တော့ ။ အတွန့် တက် ၊ အတွန့် ထွက် အောင် ပြန် ပြောနေ သေး ။ ဒီတော့ ဒီ က စိတ် မရှည်စွာ ဒေါသ ထွက် ၍ အော် လျှင်


“ အလကား နေရင်း ဒေါသ ကြီး နေတာပဲ ။ အိမ် က မိန်းမ ဆို အကောင်း ကို မမြင်တတ်တော့ဘူး ” လေး ဘာ လေး နှင့် ဦးတည်ရာ အကြောင်း ကိစ္စ က ပျောက် ပျောက် သွားရသည် မှာ လည်း အကြိမ်ကြိမ် ။


ဒီ မိန်းမ တကယ် ဈေး သွား လို့


“ မိန်းမ ရေ ဘာလေး ချက်ပါလားကွ ။ မစားရ ကြာ ပြီ ” ဟု မှာ လိုက်လျှင် မျက်လုံး မှေးစင်းစင်း ကို ပြူးကျယ် နိုင် သမျှ ပြူးကျယ် အောင် ပြူး ၍ ကြည့်ပြီး


“ ဈေး ရောက် မှ ကြည့် ဝယ်ရမှာ ။ ပြောတတ်သေးဘူး ”


စကား ကို ရင် ထဲ ခိုးလိုးခုလု ဖြစ်အောင် ပြောတတ် သလို ပစ္စည်း တစ်ခု ခု လို၍ ဝယ်ခဲ့ရန် မှာ လျှင်လည်း 


“ လကုန် ရက် နီးပြီလေ ”


“ လကုန် မှ ဝယ်တော့ ” ဟု အသံလုံးကြီးကြီး ဖြင့် မျက်စောင်း ချိတ် ပြောတတ်သေးသည့် မိန်းမ ။ အိမ်ထောင်ဦး အစ က ဆို


“ ဒီနေ့ ဘာ စားချင်လဲ ပြောလေ ”


“ ကို ဘာ ဝယ်ခဲ့ရမှာလဲ ” နှင့် ဈေး သွားခါနီး အခေါက်ရေ ထပ်အောင် မေးတတ်လေသည့် မိန်းမ ။ ဒီ က လူ က လည်း


“ မိန်းမ ဝယ်ချင်တာ ဝယ် ၊ မိန်းမ ချက်တာ အကုန် ကောင်း ” ဖြင့် အားလုံး ထောက်ခံခဲ့သည့် ဒီ လူ ။ အခု မှ 


“ ဒီ ဟင်း စား မကောင်းဘူး ကွာ ”


“ အဲဒါကို မကြိုက်ဘူးလေကွာ ” ကို အသံ ဖွဖွ ပင် မပြော ရဲ ။ ပြော လိုက် လျှင် နှုတ်ခမ်းထူပွပွ ကို စူလန် နေ အောင် ထော်ပြီး 


“ ကြေးများတယ် ”


“ ဒီ ဝင်ငွေ နဲ့ မစားချင် လည်း မတတ်နိုင်ဘူး ” စကား ဖြင့် သံစဉ် မညီမညာ ပြောတတ် ပြန်တော့ ဒီ လူ့ ရင် ခံစားမှုတွေ ပင် ကြည့်လေတော့ ။


ဒီ မိန်းမ အဟုတ်ပင် ယောက်ျားများ သူ မွေးထား သည့် ကလေးများ မှတ် နေလား မသိ ။ မေးလိုက် မြန်းလိုက် နှင့် အေးအေး ငေး တွေး မနေရ ။ အလုပ်ပြန် နောက် ကျ လျှင် တရားခံ စစ်သလို


“ ဘာဖြစ်လို့ နောက်ကျနေတာလဲ ” တဲ့ ။ ဟော ... စော ၍ ပြန်လာ လျှင် လည်း


“ ဘာဖြစ်လို့ စော၍ ပြန်လာတာလဲ ” ကို တရားခံ မေး သလို မေး ပြန်သည် ။ မိန်းမတွေ များ တကယ် ကို စစ်စစ်ပေါက်ပေါက် ။ ဆီ အပေါက် ရှာ တတ် သလိုမျိုး ပြောတတ် ၊ ကြည့်တတ် ၊ မြင်တတ် လွန်း စွ ။ 


“ ဘယ်သူနဲ့ သွားမှာလဲ ” 


“ ဘယ်ကိုလဲ ”


“ ဘာအတွက်လဲ ”


“ ဘာဝတ်သွားမှာလဲ ”


“ ဘယ်အချိန်လဲ ”


“ ဘယ်တော့ပြန်မှာလဲ ” များစွာ ဖြင့် ဘယ်တွေ ၊ ဘာတွေ များ မှ များ အောင် မေးတတ်လေသည့် မိန်းမ ၊ တကယ့် မိန်းမ ။ အူတူတူ အတတ နတတ ပုံ ဟန် က လည်း ဖြစ်သေး ။ ယောက်ျား က တခြားသူ မသိစေချင် ၍ မျက်နှာရိပ် မျက်နှာကဲ ပြလည်း “ ဘာလဲ ” “ ဘာလဲ ဟင် ” နှင့် ထ ရိုက်ချင်စရာ ဖြစ်အောင် ကို တုံးတတ် လွန်း သေး ။ ဆူလိုက် အော်လိုက် လျှင် လည်း ဘာမျှ မသိသည့် ကလေးငယ် တစ်ဦးနှယ် မျက်နှာငယ် မျက်ရည်ဝဲဝဲ ဖြင့် 


“ မသိလို့ပဲ တော် ”


“ သိမှ သိဘဲကို တော် ” စကား ကို ဒေါသ ထွက်ရ သူ ပင် ကိုယ့် ကိုယ် ကိုယ် ဒေါသ ပြန် ထွက်ရ လောက်အောင် ကို အသံနေ အသံထား ဟန်အမူအရာ လုပ်တတ် ပြောတတ်လေသည့် မိန်းမ ။ ဒီ က ယောက်ျား မှာ လည်း သိသိသာသာကြီး နှင့် ဒါကိုပင် ဒါကိုပင် ။


အခုလည်း ကြည့် ။ သူ့ သူငယ်ချင်းတွေ နှင့် ဘုရားဖူး ပါသွားသည် ကို ဖုန်း မဆက် ။ ရောက်ကြောင်းလေး တစ်ခါ ဆက် ပြောပြီး ကတည်း က မဆက်လိုက်သည့် ဖုန်း ၊ ပြော မပြောချင်တော့ ။ အတော် နေနိုင်သည့် မိန်းမ ။ ဒီက စ ဆက် လျှင် လည်း ကောင်းကောင်း ပြန်မဖြေလျှင် မိန်းမ သူငယ်ချင်းတွေ ကြား အရှက်ကွဲ အဟား ခံရဦးမည် ။ တော်ပြီ ။ မဆက်ချင် နေ  ။ ပြန် လာချင်သည့် အချိန် မှ ပြန် လာ ။ ဒီမှာ တစ်ယောက် တည်း အေးဆေး ။ မေးမြန်း မည့် သူ မရှိ ။ ကောင်းလိုက် ၊ လွတ်လပ်လိုက် သည့် အချိန် ။ နေပေါ့ ။ ဘယ်သူ ပို နေနိုင်သည် ကို ။ လက်ဖက်ရည်ဆိုင် နေကုန် ထိုင်ပြီး ညနေ တစ်ခွက် တစ်ဖလား ဆွဲ ပစ်လိုက် မည် ။ ညလုံးပေါက် ဘောပွဲ ကြည့် လည်း စူအောင့်မည် သူ မရှိ ။ ငြိမ်းချမ်း လိုက်ပါဘိ ။ ဒီ ည သူ့ အကြိုက် မန်ယူ နှင့် အာကြီး ပွဲ ရှိသည် ။ ကြည့် မည် ။ ကြည့်လိုက်မည် ဟု တွေး နေလျက် ကော်ဖီခါးခါး တစ်ခွက် သောက်ချင် လာ ၍ မိန်းမ ကို သတိရ သွားပြီး ဘာမဆိုင် ညာမဆိုင် “ ဒီမိန်းမ က တော့ ” ဟု ရေရွတ်ရင်း ကော်ဖီခါးခါး တစ်ခွက် ကို ဖျော် မသောက်ဖြစ်ခဲ့ ။


ဒီ ကြား ထဲ “ ဖေကြီး ၊ မေကြီး ကို သတိရ နေပြီ မဟုတ်လား ” 


ဟု သား အငယ်ကောင် က အဖေ့ ကို လာ နောက် နေ သေး၍


“ ဘောပွဲ အေးအေး ကြည့်ရတဲ့ အရသာ အခုမှ အစ ရှိသေး ”


ဟု သား ကို ယောက်ျား သဘာဝ ဖြင့် ခပ်ကြွားကြွား လေး ပြောပြီး မှ သူ့ အမေ ပြန် လာ လျှင် ဤသို့ ပြန် ပြော လျှင် အခက် ဟု တွေးလိုက်မိသေး ။ ဪ .. ယောက်ျား များ မိန်းမ စိတ်မကောင်း ဖြစ်မှာ ကို တွေး ပူ မိ လိုက်သေး ။ မိန်းမ သာ စိတ် မချဘူး ။ သူငယ်ချင်းတွေ ကလည်း ခေါ် နေတော့လေး ဘာလေး နှင့် ပြော ပြီး ဖုန်း ပင် မဆက် ။ အတော် လူပါးဝသည့် မိန်းမ ။ ဆက် ပေါ့ ၊ ယောက်ျား အကြောင်း လည်း သူ့ လောက် သိသူ မရှိ ။ ဒါ ကို ပင် နေနိုင်လှ ။ ဖုန်း ဆက် မှ ပြော ကို ပြော ပစ်လိုက် ဦးမည် ။ အကျိုးသင့် အကြောင်းသင့် လောက်တော့ တစ်ကြိမ် လောက် တော့ ထပ် ဆက်ပေါ့ ။ အခုတော့ ဒီ မိန်းမ ဖုန်းကတ်ငွေ နှမြောသည် လည်း ပါမည် ။ စေးကပ်လွန်း ။ ယောက်ျား ထက် ဖုန်းကတ် နှမြောသည့် မိန်းမ ။ ပြော လည်း သူသိ သူတတ် ။ ရသည့်ယောက်ျား အတင်း ပြောလိုက် သည် မှာ လည်း ယောက်ျား ဖြစ်သူ က ပြောစရာကြီး ကို ဖြစ်လို့ ။ တကယ့် မိန်းမ ။ ယောက်ျားများ မယူ ရင် ပြော စရာ စကား ပင် ရှိမည် မဟုတ် သလိုလို ပြော လေသည် ။ 


တော်ပြီ တော်ပြီ ။ ဒီ မိန်းမ အကြောင်း တွေး နေရ သည် နှင့် ပင် အာခြောက် ဗိုက်ဆာ လာပြီ ။ မတွေးတော့ဘူး ။ ဘောလုံးပွဲ လည်း လာတော့မည် ဟု နာရီ ကြည့် လိုက် ရင်း တီဗွီ ကို ဖွင့် လိုက်၏ ။


ဟော လာပြီ လာပါပြီ ။ အချိန်ကောင်း ဆို ။ မကိုင်ဘူး ၊ မကိုင်ဘူး ကွ ။ ဘောလုံးပွဲ ရှိမှန်း သိလို ဖုန်း ခေါ်တာ ။ မကိုင်တော့ဘူးကွာ ဟု တွေးနေရင်း က ပင် လက် က ဖုန်း ကို နှိပ်ကာ ထူးပြီး နေပြီ ။


“ ယောက်ျား အိပ်သေးဘူးလား ။ အိမ် ကို သတိရ ပါ့ တော် ။ အားသွင်းကြိုး ပါ မသွားတော့ ခက်နေတာ ပေါ့ ။ ရှင် က လည်း သတိ မပေးဘူး ။ ကလေးတွေ ရော အားလုံး ရှိလား ။ နေကောင်းတယ် မဟုတ်လား ။ အခု မွန်ပြည်နယ် ဘက် က ဘုရားတွေ ဆက် ဖူးဖို့ သွားနေတာ ။ ရှင် အိပ်ရေးတွေ အပျက်ခံ မနေနဲ့နော် ။ ဘောလုံးပွဲ လည်း ညလုံး ပေါက် ထိုင် ကြည့် မနေနဲ့ ။ ရှင့် လည်း စိတ် မချပါ ဘူး ။ နောက် သုံးရက်လောက် ကြာရင် ပြန် လာပြီ ။ တော်ပြီ နော် ယောက်ျား ဖုန်း ချ လိုက်တော့မယ် ။ ဖုန်း ဘက်ထရီ ကုန်သွား မှာ စိုးလို့နော် ယောက်ျား ဖုန်းချလိုက်ပြီ ” 


ပြောချင်သည် ပြောပြီး ဖုန်းချ သွားသည့် မိန်းမ ။ ခက်တော့ လည်း အခက် ။ ယောက်ျား က ဘာမျှ ပြန် အဖြေ မပြောရသေးဘူး ။ ဖုန်း အားသွင်းကြိုး မပါသွားသည် ကို ပဲ ယောက်ျား လှမ်း အပြစ် တင် ပြော နေသေး ။ ဒီ မိန်းမ စိတ် မချလို့ တော်တော် လူ ကို ကလေးများ မှတ် နေလား မသိ ။ ရှင့် လည်း စိတ်မချဘူး က ပါသေး ။ အတော် ရယ် ရသည့် မိန်းမ ။ ငယ်ကျင့် ကို မပျောက်ဘူး ။ လူများ သူငယ်နှပ်စားလေး မှတ် နေလား မသိ ။ ဒီ မိန်းမ မအိပ်ခင် Messenger ကနေ စာ ပို့လိုက်ဦးမည် ။ အဲဒါမှ သူ ဖတ် ပြီး ပြန် မပို့တတ်တော့ ခိုးလိုးခုလု ဖြစ် နေမှာ ။ ဟုတ်ပြီ ဟုတ်ပြီ ၊ အဲဒီလို ရေး ပို့လိုက်မည် ။


“ ဂိုး ... ဂိုး ဂိုး ” အားပါးတရ ဂိုး ဟု အော်လိုက်သံများ သူ့ နား တွင်း လာ ထိ မှ ဖုန်း မျက်နှာပြင် ပေါ် မှ စာလုံးသေးသေးလေးများ ကို ကြိုးစားပမ်းစား ကြည့်၍ စာ ရိုက် ပို့နေသည့် လက် က ရပ်တန့် ၍ တီဗွီမျက်နှာပြင် ကို ကြည့် ဖြစ် သွား သည် ။ ကြည့် သော်လည်း ဘယ်ဘက် ကို ဘယ်သူ က ဘယ်လို ပုံ ဂိုးသွင်း လိုက်မှန်း ကြည့် မရ ။ ဂရုစိုက် သေချာ ရိုက် ပို့နေရသည့် စာလုံးသေးသေးလေးများ ကြောင့် မျက်လုံး က ပြာဝေမှုန် နေ၍ မျက်လုံး ကို အသာဖွဖွ ပိတ်လိုက် ဖွင့်လိုက် လုပ် နေ ရသေးသည် ။ ဤသို့ လုပ် နေစဉ် မှာ အချိန်လေး မှာ ပင်


“ ယောက်ျား ယောက်ျား ချဉ်ချဉ်စပ်စပ် တော်တော် ကြိုက် ”


ကြော်ငြာစာသားလေး က တီဗွီ မှ ခုန်ပျံ ထွက်လာသည် ကို ကြား လာ ရ ၍


“ ယောက်ျား ယောက်ျား ချဉ်ချဉ်စပ်စပ် တော်တော်ကြိုက် ”


စာသားလေး ကို စိတ် အတွင်း မှ လိုက် ဆို ပြီး ကိုယ့် အတွေး နှင့် ကိုယ် သဘောတွေ လွှတ်ကျစွာ တစ်ဦး တည်း အားရပါးရ ပြုံး နေ မိတော့၏ ။


◾လဲ့ဝင်းကြည် ( ချို )


📖 ခေတ်ရနံ့ မဂ္ဂဇင်း

      ဇွန် ၊ ၂၀၁၇ ။


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment