Wednesday, February 14, 2024

အတွေးအိမ်ရက်ဖောက် တစ္ဆေခြောက်


 ❝ အတွေးအိမ်ရက်ဖောက် တစ္ဆေခြောက် ❞


သည် ယောက်ျား ဘယ်တွေများ သွား နင်းနေ ပါလိမ့် ၊ ဆယ့်နှစ်နာရီ ပဲ ထိုးတော့မည် ။ သောက်ပြီး မှောက်ရအောင် လည်း အကြီးမ ရည်းစား ထားသည့် သတင်းလေး ဘာလေး ကြား ပြီး -


“ ငါ့ သမီး တောင် အရွယ် ရောက်နေပြီပဲ ... ။ ငါ မသောက်တော့ဘူး မိန်းမရာ ” ဟု ပြောပြီး ကတည်း က မသောက်သည် မှာ အတော်လေး ကြာပြီ ။ အခုမှ သောက်ချင်စိတ် ပေါက်ပြီး သောက် လျှ င်လည်း ပြန် လာချိန် ရောက် နေပြီ ။ သောက်ရ အောင် လည်း ဖြတ် ပြီးကတည်း က တစ်ခါတလေ ပင် မသောက်တော့ ။ အခုမှ .. ၊ ဒါလည်း မဖြစ်နိုင်ပါဘူး ။ ကားတွေ ဘာတွေများ  ... ၊ ဘုရား ... ဘုရား ၊ ဖွဟဲ့ ... လွဲပါစေ .... ဖယ်ပါစေ ။ ဘာများ ဖြစ်နေပါလိမ့် ။ တစ်ခု ခု ဆို ခက် ပြီ ။ အငယ်လေး မှ နှစ်နှစ် ၊ ဗိုက် ထဲ မှာ လည်း ရှိသေး ။ ဘုရား ဘုရား .... ။ ကိုကျော်မောင် ဘာမှ မဖြစ်ပါစေနဲ့ ။ မဝင်ရ ဆိုသည့် လမ်းများ ဝင်ခဲ့လို့ အဖမ်းခံရခြင်း လား ။ ဒါလည်း မဖြစ်နိုင်ပါဘူး ။ နင်း လာသည် ပဲ အသက် ထက်ဝက် ကျော်နေပြီ ။ ကိုမြမောင် တို့ အိမ် က ခွေးတွေ က လည်း .... ဟောင်လိုက်သည် မှာ နား မနားဘူး ။


ရှေ့ အိမ် က မလှရီ ယောက်ျား သိန်းနိုင် ပင် ဈေး ကား ထွက်ရန် ပြင် နေပြီ ။ ကိုကျော်မောင် တစ်ယောက် ဘာများ ဘယ်လိုတွေ လုပ်နေသည် မသိ ။ ဒီ အချိန်ကြီး မှာ ဂိတ် လိုက် ရ အောင် လည်း ဘယ်သူမျှ တွေ့မည် မဟုတ် ။ အတူ နင်းသည့် သူတွေ အိမ် လိုက် မေး ရ အောင် လည်း မလွယ် ။ ဪ ကိုကျော်မောင် တစ်ယောက် က တော့ မိန်းမ စိတ် ပူ အောင် ၊ သည် အချိန် အထိ နင်း ရအောင် လည်း ... ခရီးသည် .. ခရီးသည် .. ၊ ဟာ ဟုတ်ပြီ .. ၊ ဟုတ်ပါပြီ ။ ဟို ကောင်မလေး နှင့် ပဲ ဖြစ်လောက်သည် ။ ဟို ကောင်မလေး နှင့် သည် အချိန် အထိ အောင် ပြန် မလာသေးဘူး ဆိုတော့  ... ဟို ကောင်မလေး နဲ့ ပဲ .. ။ ဟုတ်လောက်ပါပြီ ... ဟုတ်နေပါပြီ ။ သည်အချိန် ဆယ့်နှစ်နာရီ ပဲ ထိုး တော့မည် ။ ငါ က လည်း ညံ့ပါ့ ။ စောစောက မတွေးမိဘူး ။ သည် ကောင်မလေး နဲ့ ပဲ ... သည် ရက်ပိုင်း မှာ အဲသည် ကောင်မလေး အကြောင်း အပြော ထပ် နေခြင်း ကို သတိ မထားမိဘူး  ။ 


ခုတော့ ခက်ပြီ .... ။


ယောက်ျားတွေ ... အကျင့် က လည်း ကောင်း သည် မဟုတ် ။ အိမ် ရှိ မိန်းမ က သရဲ ၊ သဘက် ၊ ပြိတ္တာ အပြင် က မိန်းမတွေ ဆို အားလုံး စိတ်စေတနာ ကောင်း ဟု မြင်ထားတတ် သူများ ဆိုတော့ ။ အခု လည်း ကောင်မလေး က ငယ်ငယ် ၊ သွက်သွက် ၊ လှလှပပလေး ဆိုတော့ ဟုတ်နေလောက်ပါပြီ ။ ကောင်မလေး က ကဲကဲ ၊ အိမ် က ယောက်ျား က လည်း သဲသဲ .. ။ 


“ ကောင်မလေး သနားပါတယ် ၊ သနားစရာ ” 


“ ဘဝပေး မကောင်းရှာလို့ သာ ”


ဟိုတစ်လော .. ရက်တွေ ကတည်း က ရွတ် နေသည် ။ ဒါကြောင့်ပဲ ဖြစ်မည် ။ ငါ ကို က လည်း အ ပါ့ ။ တကယ်ဆို အဲဒီ ရက် လောက် တည်း က ပြောထား ၊ ဆိုထား ရမှာ ကို .... ငါ က ကို အလိုတူ လိုက် ပြော နေ တော့ ဖြစ်ပြီပေါ့ ။ ဖြစ်ကုန်ပြီ ပေါ့ ။ ဖြစ်ကြပြီ ပေါ့ ။ သည် ယောက်ျား သည် အချိန်ထိ ပြန် မလာမှ တော့ .. သည် ကောင်မ နှင့် ပဲ .. ။


ဗိုက်ကြီး တကားကား နှင့် မွေးခါနီး ၊ ဖွားခါနီး မိန်းမ ကျ “ သနားပါတယ် ” စကား အစွန်းအစတောင် မကြားရဘူး ။ ဈေး က လည်း ရောင်း ရသေး ။ ဒါတောင် သနားစိတ် မဝင်ဘဲ .... ဟို ကောင်မလေး ပဲ “ သနား စရာ ” ၊ “ သနားစရာ ” ဟု ဂါထာ ရွတ် သလို ရွတ် နေသည့် ယောက်ျား ။ တွေ့မည် ၊ တွေ့မည် ။ ညစာ ခက်ရုံ မက ရောဂါ ပါ ရ ဦးမည် ။


အလှအပ နှင့် အသာအယာ လည်း မက် ပါ့ ။ ကိုကျော်မောင် ... ကိုကျော်မောင် ။ ဟို က ငယ်ငယ်ရွယ်ရွယ် ဆိုတော့ ခေါ် မှာ ပေါ့ ၊ ပြော မှာ ပေါ့ ။ သည် ကတော့ အချစ် တွေ ၊ အသည်း တွေ ၊ မောင် တွေ ဘယ်လို ခေါ်ပြော နေနိုင် မှာလဲ ။ အသက် က ပဲ လေးဆယ် ပြည့် တော့မယ် ။ ကလေး က လေးယောက် ၊ ဗိုက် က တစ်ဗိုက် ရှာရ ဖွေရသေး ။ ချစ်သည် တောင် ဘာမှန်း မသိတော့သည့် အရွယ် ... ။ အော်ရ ၊ ငေါက်ရ ၊ ပေးရ ၊ ယူရ နှင့် ယဉ် ခဲ့ သည့် စိတ် ပင် တူးရင်း ၊ လူးရင်း ပျောက် နေပြီ ။ ဒါကိုပဲ အပြစ် မြင်၍ အသစ် ရှာ လေသည် ။ ကိုကျော်မောင် ... ကိုကျော်မောင် ... ရှင် တော့ တကယ်ပဲ ဟို မိန်းကလေး နှင့် ပါသွား ပြီ လား ။ ခက်ပါပြီ ... ဒီလိုဆို ဘယ်လို လုပ်ရပါ့ ။


ညနေစောင်း က ကိုကျော်မောင် နှင့် လှဝင်း တို့ နှစ်ယောက် ကျောင်းဈေး ဘက် နင်း သွားသည် ဟု မစန်း က ပြော၏ ။ လှဝင်း အိမ် ပဲ လိုက် မေးရမည် လား ။ ဪ .... သည် အချိန်ကြီး မှ ငါ က လည်း ဗိုက်ကြီး နဲ့ ။ လှဝင်း အိမ် က ဘူတာ ကျော် ပြီး မှ ရောက် မှာ ။ မဖြစ်သေးပါဘူး ။ စောင့် နေရအောင် လည်း ဘာကို စောင့်ရမှန်း မသိ ။ ကိုကျော်မောင် တစ်ယောက် ၊ သည် ယောက်ျား တစ်ယောက် တော့ ..... ။


မိနီမ က တော့ ပြောသား ။ ငါ ကို က တုံးလွန်း ၊ အလွန်း ၊ ယောက်ျား ကို ယုံလွန်း .... ။ အခုတော့ ဖြစ်ပြီ ... ။ ဖြစ် နေပြီ ။


“ ညည်း ယုံနေ .. ၊ ညတိုင်း လိုက် ပို့ ပေးရတယ် ဆိုတာ ... ။ ကိုယ် က လိုက်သင့် လိုက်အေ့ .... ။ ကောင်မလေး တွေ ကလည်း ညည်း သိတဲ့ အတိုင်း ။ ယောက်ျား တွေ က လည်း အနံ့လေး ပဲ ရှူ ရ - ရှူ ရ မျိုး တွေ ။ ပြောတိုင်း ယုံမနေနဲ့ ကောင်မ ရဲ့ .. ” ဟု မိနီမ သတိပေး စကား ပြော ကတည်း က ပြောထား ရ မှာ ကို တား ထား ရ မှာ ငါ က ကို အလိုတူ အလိုပါ .. ။


“ နေ့စဉ် ဖောက်သည်လေး ရ ထားတော့ အုံနာခ မပူရဘူးပေါ့ ယောက်ျား ရယ် ၊ စောင့်နင်း ၊ ဂိတ် မှာ ဆိုက်ကားတွေ က လည်း များ လာပြီ ” ဟု ပြော မှ တော့ ခက်ပြီ ပေါ့ ။ ခက်ကြပြီ ပေါ့ ။


ဟုတ်နေပါပြီ .. ။ သည် ယောက်ျား ခုပဲ ဘယ် အချိန် ရှိ နေပြီလဲ ။ တစ်ခု ခု ဖြစ်နေ ဆို သတင်း ကြား မှာပေါ့ ။ ခုတော့ ကျိန်းသေ နေပါပြီ ။ ဟို ကောင်မလေး နှင့် ပဲ ဟူး ဟူး ... ရင်တွေ ပူ လိုက်လာ၏ ။ 


“ ငါ့ ကို ပုဆိုးလေး ဘာလေး ဝယ် ပေး စမ်းပါဦး ” တစ်သက်လုံး ဝယ်ပေး မှ ဝတ်သည့် သူ က .. ဟို ရက်လေး က မှ ကောက်ကာ - ငင်ကာ ပုဆိုးသစ် ဝယ် ခိုင်းသည် ။ ဟုတ်ပြီ ၊ ဟုတ်လောက်သည် ။ မနက် က အဲသည် ပုဆိုး အသစ်ကြီး ဝတ် သွားသည် ။ 


ဟို ကောင်မ .... စိန်လေး ယောက်ျား တုန်း က လည်း ဒီလိုပဲ ။ ကလေးတွေ ငယ်ငယ် နှင့် နောက် မယား ယူ သည် ။ ဈေးဂိတ် က အောင်မင်း လည်း အတူတူ ပဲ ။ ကိုကျော်မောင့် သူငယ်ချင်း .. မြဦး လည်း မိန်းမ ဗိုက်ကြီး နှင့် ပင် နောက် မိန်းမ ထပ် ယူ သူ ။ ဟို တစ်ယောက် လည်း ဘာ ထူး ... အနား က ကွမ်းယာသည် နှင့် ။ အခု ကိုကျော်မောင် .. အိမ် က ယောက်ျား အလှည့် ပဲ လား မသိ ။ ဒီလိုဆို ခက်ပြီ ။ ဘယ်လို လုပ်ရပါ့ ။ မွေးခါနီး ဖွားခါနီးကြီး ကို ။ ကလေးတွေ က လည်း ငယ်သေး ။ ဘာမှ အားကိုး ရဦးမည်မဟုတ် ။ ဒုက္ခ ၊ ကိုကျော် မောင် ... ကိုကျော်မောင် ။ ရှင့် မှာ လည်း ကျုပ် ကို ရက် စက်လွန်း ... ။ ကလေးတွေ လည်း မသနား ။ ဒီ မျက်ရည်တွေ ဘယ်လို ကျ လာတာပါလိမ့် ။ နှပ် က လည်း ထွက်ချင် လာသည် ။ သွားပေါ့ ... ချင်းစိမ်း နှင့် မိဿလင် ပဲ ။ ကိုယ့် မချစ် မှ တော့ ... နောက် မှ .. ဒီ က မယားကြီး ဘယ်လောက် ကောင်းကြောင်း သိမယ် ။ ဒီတော့ ဟင်း ... ဟင်း ... တွေ့ပြီသာ မှတ် ။ ခုတော့ မွှန် နေပြီ ။ ဘာမှ မမြင်မတွေ့တော့ဘူး ။ သည် ယောက်ျား တုံး ကို တုံး လွန်းသည် ။ ဟို က သူ့ ကို ဘယ်လောက် ကြာကြာ ပေါင်း မှာလဲ ။ အားတုန်း .. ပြောလိုက်ရ မကောင်းတော့ဘူး .... ။ ယောက်ျား ကို က .. ဟို ကောင်မ က လည်း ခါ နေသည် ကိုး ။ ဖြစ်မှာ ပေါ့ ။ 


ကောင်မ ကို က ကဲ နေ မှ တော့ ၊ အတင်း ကပ် ချွဲ နေ မှ တော့ ... ယောက်ျား ပဲ မပါ ခံနိုင်ရိုးလား ။ ပါပြီ ပေါ့ ။ ဘာသား နှင့် ထု ထား လို့ လဲ ။ သည် က မိန်းမ နှင့် တော့ ကွာပြီ ပေါ့ ။ ဟို က ငယ်ငယ်လှလှ ၊ သာသာယာယာ လည်း ပြော မှာ ပေါ့ ။ ယောက်ျား က လည်း အလှကြိုက် ဆိုတော့ ဖြစ်ပြီ ... ၊ ဖြစ်လေပြီ ပေါ့ ။ ကိုကျော်မောင် ရယ် ကျုပ် ကို နည်းနည်းလေး တောင် ထည့် မတွက်တော့ဘူးလား ။ ဒီ ကလေးတွေ နှင့် ခက် ပါပြီ ။ သည် ယောက်ျား နောက် မယား ထပ် ယူနေပါ ပြီ - ၊ ပုဆိုး အသစ်ကြီး လည်း ဝတ် သွားသည် ။ ခုပဲ ဘယ် အချိန် ရှိနေပြီလဲ ။ မျက်ရည် က လည်း ကျ လာ ပြန်ပြီ ။ ခွေးတွေ က လည်း ဟောင်နိုင်လွန်း ။ ဟူး .. ကိုကျော်မောင် ... ကိုကျောင်မောင် ။ ပုဆိုး အသစ်ကြီး နှင့် ..... ။


ဘာဖြစ်ဖြစ် မနက် စောစော ထ ၍ အကြီးမ ခေါ် ပြီး လိုက်ရမည် ။ လိုက်ရမည် ဆို မှ ဘယ်ကို လိုက်ရမှန်း မသိ ။ ကိုကျော်မောင့် အစ်ကို ရှိသည့် ဒလ ဘက် လိုက်ရ မလား ။ သို့တည်းမဟုတ် ... တွံတေး ၊ သာကေတ မှာ ဦးလေး တစ်ယောက် ရှိသေး ။ သန်လျင် မှာ လည်း .... ဪ ... ဒုက္ခ ။ ဘယ် လိုက်ရပါ့ ။ ဒီလိုပဲ မေး စမ်းပြီး လိုက်ရမှာပဲ ။ တွေ့မှ ... တွေ့ လို့ကတော့ .. ကောင်မ ။ စိန်ရီ လက်ဖဝါး ဘယ်လောက် ကောင်း ကြောင်း ပြပြီ သာ မှတ် ။ ကိုကျော်မောင် လည်း အသေ ပဲ ။ အဲ ... ကိုကျော်မောင့် ကို တော့ ချော့မော့ ပြီး ခေါ် ရ မယ် ။ ကလေးတွေ က ရှိသေး ။ ကိုယ် က ဘာ အရေး လဲ ။ သူ မကြင် ကိုယ် မကြင် ပဲ ။ ယောက်ျား ခဏတစ်ဖြုတ် သာယာ သွားသည် ပဲ နေမှာ ။ မယားကြီး ဘယ် မေ့မှာလဲ ။ ဟို ကောင်မ က သာ ဪ ... ယောက်ျား နှယ် ... ။ ဒီ မျက်ရည် က လည်း ကျ ပဲ ကျ နေ ။ ဒီ အချိန် ဆို ပြန်လာလောက် ပါပြီ ။ မလာတော့ဘူး ဆိုရင် တော့ .. ။ ဟုတ်ကို ဟုတ်နေပြီ ။ ပုဆိုး အသစ်ကြီး လည်း ဝတ် သွားသည် ။ ဒီ မျက်ရည် က လည်း နော် ... ။ 


 •••••   •••••   •••••


သည် ပုဆိုးအသစ်ကြီး ဝတ် လာသည့် နေ့ မှ နင်း မကောင်းလိုက်ပုံများ ။ ဂိတ် မှာ လည်း ဆိုက်ကား တွေ အပုံ ၊ အိတ် ထဲ ငွေ က အုံနာဖိုး ရှင်းပြီး  ... ဘာမှ ကျန်တော့မည် မဟုတ် ။ သည် ကြား ထဲ ကောင်မလေး က ရောက် မလာသေးဘူး .... ။ ဘယ်အချိန် ရှိနေပြီ လဲ ။ ခါတိုင်း ဒီအချိန် ဆို လာနေ ကျ ။ သည် ည မှ .. ။ ခုပဲ ဆယ့်တစ်နာရီ ထိုး လုပြီ ။ ဗိုက် က လည်း ဆာ လှ ပြီ ။ သည် ကောင်မလေး ကြာ လိုက်တာ ။ အားပါးပါး ကိုက် လိုက် သည့် ခြင် ။ တစ်ကိုယ်လုံး ကို ယား နေပြီ ။


ဆယ့်တစ်နာရီ ထိုး လုပြီ ... ။ လှည့် ပဲ ပြန်ရမည် လား ၊ ဆက်၍ စောင့်ရမည်လား ၊ စိတ်ကဝေခွဲ မရလှ ။ ပိုက်ဆံ က လည်း အုံနာဖိုး ရှင်း ပြီး လျှင် ..... ။ စောင့်လိုက် ပါမည် ။ မထူးလှပါဘူး ။ နောက်ထပ် နာရီဝက် ပေါ့ ။ အိမ် က မိန်းမ စိန်ရီ လည်း စိတ်ပူ ရှာမည် ။ ဒီ ကောင်မလေး ခရီးတွေ ဘာတွေ များ သွား ၊ ဒါမှမဟုတ် နေထိုင် မကောင်းသည်  ပဲလား ။ ဟို တစ်ခါလို စီမံချက် ထဲ ပါသွား ... ။ ဘုရား ဘုရား ။ မိမသွားပါစေနဲ့ ။ ကောင်မလေး မှာ ကလေး နှစ်ယောက် ဆိုလား ပဲ ... ။ ဘဝ အကြောင်း လည်း မကောင်းရှာ ဘူး ။ စိတ်ကောင်း ၊ စေတနာကောင်းလေး တော့ ရှိရှာသည် ။ တွယ်မိသည့် သံယောဇဉ် က လည်း မလွယ် ။ သွားရင်း ၊ လာရင်း ၊ နင်းရင်း နှင့် ခင်မင် နေမိပြီ ။ ဖြုတ်ရ ၊ တပ်ရ အတော် ခက်သည့် သံယောဇဉ် ပဲ ။ ခုပင် အချိန် လွန်သည် ကို မပြန်နိုင်သေး ဘဲ စောင့် နေမိ၏ ။


သည်လို ညမျိုး ပင် ။ ခရီးသည် နှစ်ယောက် ကို ဈေးဂိတ် ဘက် လိုက် ပို့ပြီး အပြန် တွင် ဆိုက်ကား မသိမ်းသေးဘဲ ဂိတ် တွင် တစ်စီး တည်း ရပ် ထားစဉ် ချိုရွှင်ရွှင် အသံ ဖြင့် -


“ ဆိုက်ကားဆရာ ၊ ဆိုက်ကား အားလား ”  အမေး နှင့် ဆိုက်ကားခုံ ကို ကိုင်လိုက်သံ ကြောင့် ဖွာ လက်စ ဆေးလိပ် ကို အလျင်စလို ဖယ်လျက် “ အား တယ် .. အားတယ် ၊ ဘယ် သွားမှာလဲ ... ” ဟု အမြန် ဖြေ ၍ ကြည့်ရ၏ ။


နူညံ့သော ဆွဲဆောင်မှု ၊ ရဲရင့်သော ဖိတ်ခေါ်မှုများ ဖြင့် ပေါင်းရုံးကာ စု နေသည့် မိန်းမရွယ် လှလှ တစ်ယောက် ။


“ ခါတိုင်း  ...ဒီ အချိန်မှာ ဆိုက်ကား မတွေ့ တော့ဘူး ” 


ဆိုက်ကား ဘီး စ လှိမ့်သည် နှင့် ကောင်မလေး ၏ စကားသံ စ ထွက်လာသည် ။


“ နောက်ရက် တွေ လည်း ... ဒီ အချိန် စောင့်ပေး နိုင် မှာလား ၊ အမြဲ စီးမယ် လေ ... ။ ဆိုက်ကားခ လည်း ပို ပေးမယ် ” ဟု ပြောပြီး ကတည်း က သည်နေ့ အထိ စီး လာသည် မှာ ဆယ်လ လောက် ရှိတော့မည် ။ မစီး လျှင် လည်း ကြို ၍ ပြောသည် ။ ခု ည မှ ။


“ အမေ နှစ်ယောက် ၊ ကလေး နှစ်ယောက် ကို ရှာ ကျွေး နေရတာ ။ တစ်ခါ တစ်ခါ အစ်မ က အဆင်မပြေ လို့ ဆိုပြီး လာ လာ တောင်းသေးတယ်ရှင် ... စိတ်ညစ်စရာ ”


“ ရှင့် မှာ လည်း မွေး လိုက်သည့် ကလေး ... တော် ရောပေါ့ ... ။ ခုတင် လေးယောက် ။ ဗိုက် ထဲ မှာ လည်း ရှိသေးတယ် ဟုတ်လား ” 


ဤသို့ ပြောတတ်လေ သော ထို မိန်းကလေး အခု ဘယ် အချိန် ရှိနေပြီလဲ ။ ခုချိန်ထိ ရောက် မလာ နိုင်သေးဘူး ။ အိမ် က မိန်းမ စိန်ရီ လည်း မျှော်ပြီ ။ သူ လည်း ဗိုက် ဆာလှပြီ ။ မိန်းကလေး က မုန့်ကလေး ဘာလေး ပါ လာရင် ကလေးတွေ အတွက် ဗိုက်ကြီးသည် မိန်းမ အတွက် ဆိုပြီး ... တစ်ဖဲ့ တစ်ရွဲ့ လည်း ပေးတတ်၏ ။


“ စား ကောင်းလိုက်တာတော် ဈေး ကြီး မှာ ။ ခမျာလေး ကံမကောင်းရှာ လို့ သာ ” ပြောရင်း ကောင်မလေး ကို မမြင်ဘူးပဲ နှင့် သနား နေသည့် စိန်ရီ ။ ခုလည်း စိတ်ပူ နေရှာ လောက်ပြီ ။ သနားပါသည် ။ ဗိုက်ကြီး နှင့် မနက် စောစော လည်း ဈေး ထွက်ရဦးမည် ။ သည် မိန်းကလေး လည်း ဘာများ ဖြစ်သည် မသိ ။ ခုချိန်ထိ အရိပ်အယောင် ပင် မမြင်ရသေး ။ ဘာကိစ္စတွေ များ ဖြစ်နေ လဲ ။ အဲ .. ဟို ဧည့်သည် နှင့် ထပ် ပါ သွား ပြန် ပြီလား ။ သည် အချိန်ကြီး မှ ဆို မဖြစ်လောက်တော့ ပါဘူး ။ ဒါပေမဲ့ သူတို့တွေ အလု ပ် က ပြောရသည် မဟုတ် ။ တွေ့ သည့် သူ နှင့် ... ။


ဆိုက်ကား ပဲ ပြန် သိမ်း ရမည်လား ။ ဆက် ပြီးပဲ စောင့်ရဦးမှာ လား ။ ဝေခွဲရ ခက်လှသည် ။ တစ်နေ့လုံး လည်း နင်း မကောင်းတော့ အုံနာခလေး ကာ မိလည်း ကာမိ စောင့် လိုက်ဦးမည် ။ နောက်ထပ် နာရီဝက် လောက် တော့ ထပ် စောင့် လိုက်ဦးမည် ။ မထူးတော့ ပါဘူး ။ စိန်ရီ တော့ စိတ်ပူ နေမှာ သေချာပြီ ။ မိန်းမ လည်း သနားပြီ ။ စောင့် နေ ရှာ မှာ ။ နာရီဝက် လောက် စောင့် ပြီး ရင် ပြန်မည် ။ လာလာ - မလာလာ ။ ဗိုက် လည်း ဆာပြီ ။ ဆယ့်နှစ်နာရီ လည်း ထိုး နေပြီ ။ 


 •••••   •••••   •••••


ကျေးဇူးရှင် မယ်မင်းကြီးသား သေခဲဦးမည် ။ ပြန်လာပါပြီ ။ မိန်းမ ကြား အောင် အဝေး ကတည်း က ဘဲ ( လ် ) တီး လာသည် ။ ပြော မပြောချင်ဘူး ၊ သည်မှာ မျှော်လိုက်ရသည် မှာ ... သေချင်စော် ကို နံ နေပြီ ။ ခုမှ .. အပူလုံး ကျတော့သည် ။ ငါ့ ယောက်ျား ပဲ ။ ထင်သည့် အတိုင်း မဟုတ်ဘူး လို့ အစတည်း က သိသား ။


“ ဟဲ့ ... ဟဲ့ ၊ ဘယ်လို ဖြစ်တာလဲ ။ ဗိုက်ကြီး နဲ့ ချော်လဲ ဦးမယ် ။ ဖြည်းဖြည်း လုပ်ပါ စိန်ရီ ရယ် .. ” 


“ စိတ်ပူ လိုက်ရတာ ယောကျ်ား ရယ် ... တကတည်း ”


“ ဘာ ပူစရာ ရှိတုံး ... ၊ ပြန်လာမှာပေါ့ ” 


“ ပြန်တော့ ပြန်လာတာပေါ့ ... ပူတာ က ပူတာပဲ .. ။ ဪ ... ရှင် နောက် စောစောပြန် ။ ပြီးတော့ ဟို ကောင်မလေး ကို လည်း စောင့်ပြီး ပို့ မနေနဲ့တော့ ” 


“ ဟ ... ဘာဖြစ်လဲ ပို့တာ ။ ခု တောင် မုန့် ပေး လိုက်သေးတာ ... ”


“ မပို့နဲ့ ဆို ... မပို့နဲ့ တော် ”


“ မင်း ရူးနေလား ၊ ဆိုက်ကား နင်း မကောင်းရ တဲ့ ကြား ထဲ ... ”


“ ကောင်းကောင်း မကောင်းကောင်း ၊ မပို့နဲ့ ဆို .. မပို့နဲ့ ... ”


“ စကား များ လိုက်တာ ကွာ ... ဗိုက်ဆာ နေပြီ ။ ထမင်း မြန်မြန် ခူး ”


မောမောဆာဆာ ဖြင့် ထမင်း ကို .. အားပါးတရ စား နေသည့် ကိုကျော်မောင် ကို ကြည့် ၍ တစ်ခု ခု ပြောချင် နေမိသည် ။ သို့သော် ဘာ ပြောရမှန်း မသိ၍ ပါးစပ် ထဲ ထွက်မိ ထွက်ရာ  ...


“ ယောက်ျား ရယ် ... နောက်ဆို ပုဆိုး အသစ်ကြီး ဝတ် မသွားနဲ့ .. ” ဟု သာ ပြောလိုက်တော့၏ ။


◾လဲ့ဝင်းကြည် ( ချို ) 


📖 ပိတောက်နွယ် မဂ္ဂဇင်း

      ဖေဖော်ဝါရီလ ၊ ၂၀၁၂


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment