❝ ပင်နယ်တီချောင်းခြား ❞
( ညီပုလေး )
မင်္ဂလာဆောင် ဖိတ်စာထဲမှာ သတို့သမီး နာမည်က စိန်စိန်ဝင်း ဆိုတော့ တချို့က ခင်ခင်ပု မှန်း မသိကြဘူး ။ တကယ်ဆိုရင် ခင်ခင်ပု ( ခေါ် ) စိန်စိန်ဝင်း ဒါမှမဟုတ် စိန်စိန်ဝင်း ( ခေါ် ) ခင်ခင်ပု လို့ ဖိတ်စာထဲမှာ ပါဖို့ကောင်းတာ ။
ရှမ်းပွဲက ဆရာပုကျောင်းမှာ ခင်ခင်ပု ကို လူချစ်လူခင် များကြတယ် ။ အမှတ် ၁၃ အထက်တန်းကျောင်း ရောက်တော့လည်း ခင်ခင်ပု နာမည် မွှေးတယ် ။ စာတော်လို့လေ ။ ဆယ်တန်းအောင်လို့ ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ် ရောက်ပြန်တော့လည်း ခင်ခင်ပု ( ခေါ် ) စိန်စိန်ဝင်း က ရေပန်းစားတယ် ။ ပွင့်လင်းဖော်ရွေလို့ ။
သူ့ကို တင်မောင်မြိုင် က တက္ကသိုလ်မှာ ပထမနှစ် ကနေ စတုတ္ထနှစ် အထိ လေးနှစ် လေးမိုး ပိုးခဲ့ရတယ် ။ ဒီပြင် ပိုးကြတဲ့သူတွေလည်း ၃ - ၄ ယောက် ရှိသေးတယ် ။ ပေါက်မြို့ ကျောင်းထွက် ၊ အမှတ် ၃ အထက်တန်းကျောင်း ကနေ တက္ကသိုလ် ရောက်လာတဲ့ တင်မောင်မြိုင် ဟာ ခင်ခင်ပု ကို မြင်တော့ တခြား ဘယ်မိန်းမမှ လှတယ်လို့ မထင်တော့ဘူး ။ သတ္တဗေဒဌာန နဲ့ မြန်မာစာဌာန ကလည်း နီးနီးလေး ဆိုတော့ ဒီပြင် ကျောင်းသားတွေလို နေပူစပ်ခါး ထွက်ပြီး ပိုးနေစရာ မလိုဘူး ။ ပြီးတော့ ခင်ခင်ပု တို့ နေကြတဲ့ တာရဲတန်း တောင်ဖျား နဲ့ တင်မောင်မြိုင်တို့ နေကြတဲ့ မင်းသားစု ဆိုတာ ဘာဝေးတာလိုက်လို့ ။ စက်ဘီးတာယာ ဘယ်နှစ်လုံး ကုန်မှန်း မသိအောင် ဒီသတ္တဝါလေး ဟိုကောင်မလေးကို လူပျိုလှည့်တယ် ။ တာယာကုန်ရကျိုး ၊ နင်းပြန်သံပေးရကျိုး နပ်သွားတယ် ။
သူတို့ နှစ်ယောက် မင်္ဂလာဆောင်ကြတော့ ဈေးချိုနားက မြို့တော်ခန်းမ ( ၂ ) မှာ ဧည့်ခံပွဲလုပ်တယ် ။ အဲဒီခေတ်က လောကနတ်ခန်းမတို့ ၊ ဧဒင်ခန်းမတို့ ၊ ဒိုင်းမွန်းခန်းမ တို့မှ မရှိကြသေးဘဲကိုး ။ ရှိရင်လည်း နှစ်ဖက် မိတ်ဆွေတွေနဲ့ မဆံ့လောက်ပါဘူး ။ မြို့တော်ခန်းမ ( ၂ ) နဲ့ပဲ သင့်တော်လို့ သူတို့ ခန်းမအရွေး မှန်ခဲ့ကြတယ် ။ အရောင်းအဝယ်လောက သားသမီးတွေရဲ့ မင်္ဂလာပွဲ ဆိုတော့ သူတို့ အထွာနဲ့ သူတို့တော့ ဒီ မင်္ဂလာဆောင်ဟာ စည်တယ်လို့ ပြောရမှာပဲ ။ မသိကြတဲ့ သူတွေကတော့ အရှေ့တောင်မြို့နယ်က အာဏာပိုင်တစ်ယောက်ယောက်ရဲ့ သားသမီး မင်္ဂလာဆောင်လို့တောင် ထင်ကြသတဲ့ ။ မြို့တောင်ဘက်ခြမ်းက ပရိသတ်ချည်း အတွေ့ရ များတာကိုး ။
မင်္ဂလာပွဲက ရတဲ့ လက်ဖွဲ့ငွေနဲ့ နှစ်ဖက် မိဘက အရင်းအနှီးလေး ထုတ်ပေးလိုက်တော့ ဘုရားကြီးဈေးထဲမှာ ခင်ခင်ပုတို့ အထည်ဆိုင်လေး ဖွင့်ဖြစ်သွားကြတယ် ။ ဘယ်ဗေဒင် ဆရာက နာမည်ရွေးပေးတယ် မသိဘူး “ စိန်စိန်မြိုင် ” ဆိုတဲ့ နာမည်နဲ့ ဖွင့်ကြတာလေ ။
ဆိုင်ဖွင့်ကာစတော့ နေ့လယ် အိပ်ငိုက်ပျက်ရုံ ၊ မီးဖိုချောင်စရိတ်လေး ကာမိရုံတော့ ရောင်းရပေမယ့် ခေတ်ကို အမြဲ နားမျက်စိ ဖွင့်ထားကြတဲ့ မောင်နှံ ဆိုတော့ တဖြည်းဖြည်းနဲ့ ရောင်းအား မြင့်လာတယ် ။ ခင်ခင်ပု က ရောင်းတတ်ဝယ်တတ် ၊ လင်ရောမယားပါ ပြောတတ်ဆိုတတ် ဆက်ဆံတတ်တော့ နောက်မှ ဖွင့်တဲ့ ဆိုင်ပေမယ့် အရင် ဖွင့်နှင့်တဲ့ ဆိုင်တွေနဲ့ ပခုံးချင်း ယှဉ်နိုင်လာတယ် ။ သီတင်းကျွတ်လို တန်ဆောင်းမုန်းလိုလတွေ ၊ တပေါင်းတန်ခူးလတွေမှာ ဒီပြင်ဆိုင်တွေ ရောင်းအားထက် ခေါင်းတစ်လုံး ပိုမြင့်တတ်တယ် ။
တင်မောင်မြိုင်က တစ်ဖက်တစ်လမ်း အနေနဲ့ ဟွန်ဒါ ၊ ဆူဇူကီး ၊ ယာမာဟာဆိုင်ကယ်တွေ အရောင်းအဝယ် လုပ်လိုက်သေးတယ် ။ တစ်ခါတလေ အကျိုးဆောင်ခလေးလည်း ရတတ်တာမို့ စိုစိုဖတ်ဖိတ်လေး စားရတဲ့ မိသားစု ၊ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် ရှိကြတဲ့ အိမ်ထောင်စုလေးပေါ့ ။ စိန်စိန်ဝင်း က တိုးပွားလာမယ့် သားသားမီးမီးတွေ အတွက် ကြိုကြိုတင်တင် စုစုဆောင်းဆောင်း လုပ်ထားတာလည်း တစ်ကြောင်းပေါ့ ။
ပြောတတ်ဆိုတတ် ရောင်းတတ်ဝယ်တတ်တဲ့ စိန်စိန်မြိုင် ကို ဈေးချို နဲ့ ရတနာပုံဈေး က လက်ကားဆိုင်ကြီးတွေက လက်ကားဈေး ၊ ဖောက်သည်ဈေး ပေးကြတယ် ။ တချို့ ပိတ်စတွေ အတွက် ငွေကို လက်ငင်းမချေသေးဘဲ ခေတ္တဆိုင်းလို့ရတယ် ။
“ မမစိန် ဆိုင်က ဒီဇိုင်းတွေက လတ်ဆတ်တယ် ” “ ဒီဆိုင်က ဒီဇိုင်းတွေ ဆန်းတယ် ” ဆိုတဲ့ ခေတ်ကာလသမီးတွေရဲ့ သြဘာစကားတွေကြောင့် သူတို့အတွက် တီဗီတို့ ၊ ဒက်တို့ ၊ ဂြိုဟ်တုစလောင်းတို့ ဖြစ်လာတာပေါ့ ။
တင်မောင်မြိုင်က ဂျာလင်း ၊ ဟိုင်းဘတ် ၊ ကင်ပို မော်တော်ဆိုင်ကယ်တွေကို သေတ္တာဖောက် ရောင်းတဲ့ အခါတုန်းက သူငယ်ချင်းတွေနဲ့ အုပ်စုဖွဲ့ပြီး ဇိုးဇိုးဇွက်ဇွက် ဝယ်ခဲ့ ရောင်းခဲ့ကြလို့ သူတို့ မြိုးမြိုးမြက်မြက် ရခဲ့တယ် ။
••••• ••••• •••••
စိန်မိုက်ကယ်ပြောင်နဲ့ ဖော်လိုမီပြောင်တွေ လိုချင်သလောက် မရတာ ၊ အင်တာနက်ဇာနဲ့ ကိုရီးယားအရိပ်တွေ ရောက်ချိန်တိုင်လို့ မရောက်တာထက် မလျှော့ဘဲ စိုးထိတ်မှု တစ်ခု ခင်ခင်ပု ရင်ထဲမှာ ရောက်နေတယ် ။
ခင်ခင်ပု ( ခေါ် ) စိန်စိန်ဝင်း သံယောဇဉ် တစ်ခွဲသားနဲ့ အားပေးနေတဲ့ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းကို အမေရိကန် သန်းကြွယ်သူဌေး မဲလ်ကွန်ဂလေဇာ က ဝယ်တော့မယ်လို့တဲ့ ။ ဘောလုံးဂျာနယ်တွေ ထဲမှာ “ မန်ယူကို အပိုင်းသိမ်းရန် ကြံစည်သည့် ဂလေဇာ၏ အားထုတ်မှုများ ” ဂျာနယ်ကို ဖြောင့်အောင် မဖတ်ရဘဲ သရီးရိုင်ဖယ်ပြောင် အပြာအနုလေးနှစ်ဝတ်စာ ထ ရောင်းလိုက်ရသေးတယ် ။ ဈေးဝယ်ကောင်မလေးတွေ လှည့်အထွက် ခင်ခင်ပု လည်း ဂျာနယ်ကို ကောက်ကိုင်လိုက်တယ် ။
“ ဂလေဇာ လက်တွင်းသို့ မန်ယူမကျရောက်ရန် ဆူပူဆန္ဒပြ ” “ မန်ယူကို ဂလေဇာ အပိုင်စီးနိုင်တော့မည်ဖြစ်သော်လည်း အမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်နှင့် နည်းပြဖာဂူဆန် တို့ကို ဆက်လက် ထားရှိမည် ”
ခင်ခင်ပု ရဲ့ စိတ်အာရုံ ထဲမှာ မန်ယူ ၊ ဂလေဇာ ၊ ဖာဂူဆန် ၊ မဏိစန္ဒာပန်းထိုးစ ၊ စပန့် ၊ ဂျင်ဆန်မီငွေမှုန့်တွေ လုံးချာလိုက် ရှုပ်ထွေးနေတယ် ။
တကယ်တော့ လူတင်ပါလို့ နွားကျားကိုက်တာလို့ပဲ ပြောရမလား ၊ မစွမ်းအင်း ကလည်းရှိ ကန်စွန်းခင်း ကလည်း ငြိလို့ ဆိုရလေမလား ။
တင်မောင်မြိုင် နဲ့ အတူ ဘောလုံးပွဲ ကြည့်ရင်း ၊ သူ့ချိုင်းကြား ညှပ်ထားတဲ့ ဘောလုံး ဂျာနယ်တွေ ယူဖတ်ရင်းနဲ့ ခင်ခင်ပု ခမျာ မန်ချက် မှ မန်ချက် ဖြစ်ကရော ။ ဟုမ်း ၊ အဝေး ၊ ကြိုးကြာနီ ၊ အမြောက်တပ်သားဂန်းနားတွေ ၊ သရဲနီ ၊ ငှက်ကျား ဆိုတာ ဈေးဆိုင်ဖွင့်ပြီး အီတလီပိုး ၊ ချည်ဇာ ၊ သမီးအလိမ္မာ ဇာရောင်စုံ ရောင်းနေတဲ့ အမျိုးသမီး တစ်ယောက် ခံစား နားလည်နိုင်စရာတွေလား ။ တချို့ ယောက်ျားရင့်မကြီးတွေတောင် မသဲမကွဲ ဖြစ်နေတဲ့ လူကျွံဘောတို့ ၊ ဟက်ထရစ်တို့ ဆိုတာတွေလည်း ခင်ခင်ပု သိတာပဲ ။ ရွန်းနေး ကို သူ့မောင်လေး အရင်းလို့ သူအောက်မေ့တယ် ။ ဖာဂူဆန် ရဲ့ နာမည်ကို တောင်မှ “ ဆာအဲလက်စ်ဖာဂူဆန် ” ရယ်လို့ ဆာဘွဲ့ပါ အပြည့်အစုံခေါ်တဲ့ အမျိုးသမီး ။
တင်မောင်မြိုင် ငယ်ငယ်က ပေါက်မြို့ ကျောင်း လက်ရွေးစင်ပါ ။ ကလေးဘဝက ကလေးဘောလုံးပြိုင်ပွဲ ၊ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲလောက် ကစားဖူးတာ ။ သူဘောလုံး ဝါသနာပါပုံက စပန့်အဖြူလို့ ခေါ်ရအောင် အဖြူထည်သက်သက် ။ သူများတွေ ဘောလုံးတွေကို စီးပွားတစ်ခုလို ကြည့်နေကြချိန်မှာ တင်မောင်မြိုင် က ဘောလုံးပွဲ ဆိုတဲ့ လုံးကြီး ပေါက်လှကြီးကို စိတ်ကူးနဲ့တောင် မပြစ်မှားဘူး ။
ဘုရားကြီးဈေးထဲက ဆိုင်ကယ်ပွဲစားတန်းက မိတ်ဆွေတွေက သူ့ကို ဆရာတင်ကြတယ် ။ သူကလည်း အရိုးခံနဲ့ သူနိုင်မယ် ထင်တဲ့ အသင်းကို ပြောပြတယ် ။ အိုလံပစ် နဲ့ သူနဲ့ ဘယ်အသင်း နိုင်မယ် ဆိုတာ သဘောထား ကွဲရင် ဘာကြောင့် ကွဲတယ်ဆိုတာ ပြောပြ တယ် ။ ဖတ်စ်အဲလဗင်း နဲ့ တက်လမ်း နဲ့ လည်း သူ့အယူအဆနဲ့ မတူတာ ဆိုရင် တင်မောင်မြိုင် က အကျိုးကြောင်းပြောတတ်တယ် ။ နိုင်မယ့် အသင်းက ဘာလို့ နိုင်မယ်ဆိုတာ ရှင်းပြရင်လည်း စိတ်ရှည်လက်ရှည်နဲ့ တစ်ဖက်လူ ဘဝကျအောင် ရှင်းပြတယ် ။ မန္တလေးမြို့ ဘောလုံးဂျာနယ် ထုတ်ရင် ခင်ဗျား ဆောင်းပါးရှင် လုပ်ဖို့ကောင်းတယ်လို့ မှတ်ချက်ချရတဲ့အထိပဲ ။ အဝေးကွင်း ၊ ကိုယ့်ကွင်း ရလဒ်တွေ နောက်ဆုံး တွေခဲ့ကြတုန်းက အရှုံးအနိုင် ဂိုးအရေအတွက်တွေ ၊ ဘောလုံးသင်းရဲ့ လက်ရှိခြေစွမ်း ၊ ဒဏ်ရာရ ၊ အဝါကတ် ၊ အနီကတ် ထိထားတဲ့ ဘောလုံးသမားတွေပါ ထည့်တွက်ပြတာကိုး ။
တင်မောင်မြိုင် ဆယ်ပွဲ ခန့်မှန်းရင် ခုနစ်ပွဲလောက် နိုင်တတ်လေတော့ တင်မောင်မြိုင် အဖို့ ဇွန်းတပ်ထားတဲ့ ပေါ့ဆိမ့်ရှယ်တွေ ၊ အိမ်အတွက် ပါဆယ် ထုတ်ပေးလိုက်တဲ့ ကီးမားပလာတာတွေ ၊ ခုနစ်လွှာပေါက်စီတွေ ၊ ကြက်ဆီထမင်းဘူးတွေက မနည်းလှဘူး ။
ဒါပေမဲ့ သူ့မိတ်ဆွေတွေက သွေးရိုးသားရိုး မေးကြတာ မဟုတ်ဘဲ အလောင်းအစား ပါမှန်း သိတော့ တင်မောင်မြိုင် လူစင်စစ်ကနေ ယုန် ဖြစ်သွားတယ် ။ အမှန်တကယ် လူစင်စစ် ကနေ ယုန်သတ္တဝါ ဖြစ်သွားတာ ဆိုရင်တော့ သတင်းထောက်တွေ ချက်ချင်း ရောက်လာပြီး ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက် ၊ စိန်စိန်ဝင်း ( ခေါ် ) ခင်ခင်ပု ကိုလည်း အသံဖမ်းစက်တွေနဲ့ အင်တာဗျူးကြလိမ့်မယ် ။ တင်မောင်မြိုင် က ယုန်ပညာရှိ ၊ နှာစေးနေတဲ့ ယုန် လုပ်နေရရှာတာပါ ။
တချို့ မိတ်ဆွေတွေက သိပ်ပြီး ပါးနပ်ကြတယ် ။ တင်မောင်မြိုင် ဆီက ဘာသံမှ မထွက်တော့ ခင်ခင်ပု ဆီက တစ်ဆင့် တင်မောင်မြိုင် ဘယ်အသင်းများ ကြိုက်သလဲ ၊ ဘာပြောသံ ကြားသလဲ စနည်းနာကြပြန်ရော ။ အရောင်းအဝယ်သာ တတ်သာ ၊ ခင်ခင်ပု ကလည်း ခပ်ရိုးရိုး ၊ ခပ်အအပဲ ၊ တင်မောင်မြိုင် ပြောရင် ပြောသလို သူက ပြန်ပြောလိုက်တာပဲ ။ နောက်တော့ သူ့ခင်ပွန်းက ဘယ်သူ့မှ မပြောနဲ့လို့ ပိတ်တော့တာပဲ ။
ခင်ခင်ပု က နာမည်ကသာ ခင်ခင်ပု ၊ မြန်မာအမျိုးသမီးတွေထဲမှာ အရပ် ငါးပေ ခြောက်လက်မ ဆိုတာ မပုတဲ့ အထဲမှာ ပါတယ် ။ တက္ကသိုလ် တချို့ ကျောင်းသားတွေက “ ခင်ခင်ရှည် ” ဆိုတဲ့ နာမည်ပြောင်ကို ခေါ်ခဲ့ကြတယ် ။ အသားက လတ်လတ် ၊ ကိုယ်လုံးက သွယ်သွယ် ၊ ဆံပင်ကတော့ နက်နက်မှောင်မှောင် ရှည်ရှည်လျားလျား ၊ သွားတက်လေး ပေါ်အောင် ပြုံးလိုက်ရင် တင်မောင်မြိုင် လေးနှစ်လေးမိုး ပိုးမယ် ဆိုရင် ပိုးသင့်တယ် ။ အထည်အလိပ် မရောင်းခင်ကတည်းက ဝတ်တတ်စားတတ်သူဆိုတော့ အခုချိန်မှာ ပိုလို့ ကျော့ရှင်းတော့တာပေါ့ ။
တင်မောင်မြိုင် ကတော့ စပို့ရှပ်ခရေစီ ။ သူ့ဆီမှာ လာကို့စ် ၊ ဂျော်ဒါနိုး ၊ ဟင်းတင်းန် ၊ ပိုလိုတံဆိပ် အမျိုးစုံ ၊ အသားအမျိုးစုံ ရှိတယ် ။ ဒါပေမဲ့ အကြောင်းအကျားတွေ မဟုတ်ဘူး ။ အရပ် ၅ ပေ ၉ လက်မလောက် မြင့်တာမို့ စိန်စိန်ဝင်း က ဘောင်းဘီရှည် ဝတ်စေချင်ပေမယ့် သူက ပလေကတ် ကွက်စိပ်လေးတွေ ကြိုက်တဲ့သူ ။ နဂိုက အသားဖြူပေမယ့် ဆိုင်ကယ် အရောင်းအဝယ် တစ်ဖက်နဲ့ နေပူစပ်ခါး သွားရသူမို့ ဖြူတဲ့ အသားမှာ နေလောင်ရာတွေနဲ့ ။ ကိုယ်လုံးပြည့်ပြည့်နဲ့ ကိုယ်လုံးသွယ်သွယ် ။ သူတို့ ဇနီးမောင်နှံ အတူ ယှဉ်တွဲ လျှောက်သွား ၊ ပွဲနေပွဲထိုင်တက် ၊ ဘုရားသွား ကျောင်းတက်ကြတဲ့ အခါ မြင်မြင်သူတွေ ပီတိစိတ် ၊ ကြည်နူးစိတ် ၊ အားကျစိတ်နဲ့ ပြုံးပြ နှုတ်ဆက်ကြရတဲ့ စုံတွဲပေါ့ ။
••••• ••••• •••••
မှတ်မှတ်ရရ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းနဲ့ ဘရားဇီးအသင်း ကစားကြတော့ ခင်ခင်ပု က အင်္ဂလန်အသင်းကို အားပေးတယ် ။ အင်္ဂလန်အသင်းမှာ သူသဘောကျတဲ့ သူ့မောင်လေးတွေ ဖြစ်ကြတဲ့ ဖာဒီနန် နဲ့ မိုက်ကယ်အိုဝင် ၊ ဒေးဗစ်ဘက်ခမ်းတို့ ပါဝင်ကြတယ်လေ ။
တင်မောင်မြိုင် ကလည်း ဘရာဇီး မှ ဘရာဇီး ၊ ရော်နယ်ဒင်ဟိုတို့ ရော်နယ်ဒိုတို့ ပါဝင်ကြတယ် ဟုတ်လား ။ လင်မယား နှစ်ယောက် ကိုယ်ကြိုက်ရာ အသင်းကို အားပေးရင်း အားပေးရင်းနဲ့ ပွဲသိမ်းတဲ့အခါ ဘရာဇီးက နိုင်သွားတယ် ။ ကစားနေတုန်းမှာ စကားနဲ့ တစ်မျိုး ကိုယ်ဟန် အမူအရာနဲ့ တစ်ဦးနဲ့ တစ်ဦး စကြနောက်ကြရင်း ပွဲပြီးတဲ့အခါ တင်မောင်မြိုင် က ပျော်ပြီး ခင်ခင်ပု က ဝမ်းနည်းနေရတယ် ။ အဲဒီ အဖြစ်အပျက်ဟာ ၂၀ဝ၂ ခုနှစ်က ဆိုတော့ ဒီအဖြစ်ဟာ အတိတ်မှာ ကျန်ခဲ့ပြီလို့ ပြောရင် မှန်ချင်မှ မှန်လိမ့်မယ် ။
အခု အင်္ဂလန်ပြည် ဘောလုံးပြိုင်ပွဲတွေမှာလည်း စိန်စိန်ဝင်း နဲ့ တင်မောင်မြိုင် တို့ အကြိုက်ချင်း မတိုက်ဆိုင်ကြဘူး ။ စိန်စိန်ဝင်းက မန္တလေးမြို့သူပီပီ မန်ချက် မှ မန်ချက် ။ ရွန်းနေတို့ နစ္စတာရွိုင်းတို့အစွမ်းကို ခင်ခင်ပု ကြိုက်တယ် ။ ကစားကွက် လှတယ် ။ လူကြီးလူကောင်း ဆန်တယ် ။ ဘောလုံးရသ အပြည့်ပေးနိုင်တဲ့ မန်ချက်စတာယူနိုက်တက်လို့ သူ ယူဆတယ် ။ အားကစားဂျာနယ် တစ်ခုရဲ့ မန်ချက်စတာ ချစ်သူများအသင်းမှာ သူ့ အသင်းဝင် နံပါတ်က ရှေ့နားဆီကလေ ။
တင်မောင်မြိုင် က အာဆင်နယ် ကို အားပေးတဲ့သူ ။ ရေးယက်စ်တို့ ဘားကင့်တို့ ပီးယက်စ်တို့ ၊ အွန်နရီတို့ဟာ တင်မောင်မြိုင် အတွက်တော့ ဘောလုံးသူရဲကောင်းတွေပေါ့ ။
အက်ဖ်အေဖလား နောက်ဆုံး ဗိုလ်လုပွဲမှာ ဒီနှစ်သင်း အကြိတ်အနယ် ပြိုင်ကြလိမ့် မယ် ။ ၂ဝဝ၅ ခု အင်္ဂလန်ဘောလုံးရာသီ အတွက် နောက်ဆုံးဖလား ဖြစ်သလို ဖလားတစ်လုံးမှ မရသေးတဲ့ ဒီ ထိပ်တန်းအသင်းကြီး ၂ သင်းအတွက် ဂုဏ်သိက္ခာ ပြိုင်ပွဲလည်း ဖြစ်တယ် ။ ဘောလုံးဂျာနယ်တွေရဲ့ အရေးအသားတွေကလည်း ဒီဖိုင်နယ်ပွဲကို သည်းထိတ်ရင်ဖို ဖြစ်စေတယ် ။ မဲလ်ကွန်ဂလေဇာ လက်ကို မန်ချက်အသင်း မရောက်စေချင်တဲ့ ပရိသတ်က အင်္ကျီအနက်ရောင်တွေ ဝတ်ပြီး ကွင်းထဲမှာ အားပေးကြမယ်တဲ့ ။ အာဆင်နယ် ပရိသတ်ကလည်း မန်ချက်ပရိသတ်ကို စိတ်ဓာတ်စစ်ဆင်တဲ့ အနေနဲ့ မဲလ်ကွန်ဂလေဇာ ရဲ့ နိုင်ငံအလံတွေ ကိုင်ပြီး အားပေးကြဦးမှာတဲ့ ။
ဘောလုံးပွဲ စတော့ တင်မောင်မြိုင်က စကားလုံး အမြှောက်တွေနဲ့ မန်ချက်ကို ပစ်တယ် ။ အကြိတ်အနယ် ရှိတဲ့အခါ ခင်ခင်ပု က နှုတ်လှန်ထိုးရင်း အာဆင်နယ် ကို ရိတယ် ။ တင်မောင်မြိုင် က ကျွမ်းထိုးလုမတက် အာဆင်နယ်ကို အားပေးတော့ မန်ချက် ခြေစွမ်းပြတဲ့အခါ ခင်ခင်ပု က ခုန်ပေါက် အားပေးပြန်ရော ။ တစ်ဖက်နဲ့ တစ်ဖက် စကားလုံးတိုက်ပွဲက ပြင်းထန်လာတယ် ။
ကွင်းထဲက မန်ချက်နဲ့ အာဆင်နယ်တို့ ရဲ့ သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်တာမျိုးထက် မလျှော့တဲ့ အပြိုင်အဆိုင် အားပေးမူတွေ ခင်ခင်ပု နဲ့ တင်မောင်မြိုင် တို့ အားပေးကြတယ် ။ ပွဲသိမ်းတော့ အာဆင်နယ် က ပင်နယ်တီနဲ့ မန်ချက် ကို အနိုင်ရသွားတယ် ။
တင်မောင်မြိုင် နဲ့ ခင်ခင်ပု တို့ အဲဒီညက ခုတင်တစ်လုံး ပေါ်မှာ တစ်ယောက် တစ်ဖက်စောင်းပြီး အိပ်ကြတယ် ။ ခါတိုင်း ညအိပ်ရာဝင် ပါးကလေးကို ရွှတ်ခနဲ နမ်းနေကျ ။ ဒီညတော့ မနမ်းရတော့ဘူး ။ ပင်နယ်တီ ဝင်အောင် မသွင်းနိုင်တဲ့ ပေါလ်စကိုး ကို တင်မောင်မြိုင် ကျေးဇူးလည်းတင် ၊ ဒေါလည်းပွတယ် ။
မင်္ဂလာမောင်မယ်သီချင်းထဲကလို “ မောင် ရှေ့ကို တည့်တည့် လျှောက်ရင်လေ ၊ မယ် လည်း တည့်တည့်လိုက်ကာ လျှောက်မယ် မောင်ရေ ” ဆိုတဲ့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံရဲ့ ချစ်ခြင်းကို ဘောလုံးပွဲ တစ်ပွဲက တစ်ညတာ ခွဲလိုက်တယ် ။ ဒါပေမဲ့ နောက်နေ့ မနက်တော့ တင်မောင်မြိုင်ရဲ့ ဆိုင်ကယ် နောက်မှာ ခင်ခင်ပု ( ခေါ် ) စိန်စိန်ဝင်း က သူ့ခင်ပွန်းရဲ့ ခါးကို ဖက်လို့ လိုက်ပါသွားတာပါပဲ ။
⎕ ညီပုလေး
📖မဟေသီ မဂ္ဂဇင်း
သြဂုတ် ၊ ၂ဝဝ၅

No comments:
Post a Comment