❝ လုပ်ဆန်း - လုပ်ဆန်း ❞
( ပီမိုးနင်း )
လုပ်ဆန်း - လုပ်ဆန်း ဟု စူးရှလျင်မြန် ကြာသံပါပါ ၊ ခရာသံစွာစွာနှင့် အော်လိုက်သော မုန့်လက်ဆောင်းသည်၏ အသံသည် ရန်ကုန်မြို့ အရှေ့ပိုင်း သုံးထပ်တိုက် အခန်းတစ်ခု အတွင်းသို့ ပြတင်းပေါက်မှ ခဲပစ် သလို ဝင်ရောက်ကာ ကိုကြာဇံ ၏ နားကို ဝင် ၊ ခါး နှင့် တင်ကို လှုပ်ကာနှိုး ၊ အမျိုးမျိုး တွေးနေရာမှ ထ၍ လာ ၊ ပြေးကာ ကြည့် ၊ ခါးကို ကော့ကာ “ ဖြူပြာမူရာ သူဇာ နေလို နတ်ကယ်ရွှေကိုယ် ထင်ယောင်မိမှား ” ဟူသော တေးအသွားလို မြေပြင်ကို အသာကလေး ခြေတင်၍ လှမ်းသော မကြမ်းမနု ၊ မပုမမြင့် ၊ မနုမရင့် ၊ ခါးငယ်တင်ကား ၊ လှလှဝင်းဝင်း ၊ ထင်းထင်းကြီးပေါ် ၊ ကွင်းကွင်းကြီး မြော်မြင်လောက်အောင် တောက်ပြောင်သည့် အသွင်ရှိသော ဈေးသည်မိန်းမ သိန်းမက တန်သူကလေးကို မျက်စိအဆာပြေ ကျွေးကာ ကြည့်လိုက်လေ၏ ။
ဦးကြာဇံ မှာ နှုတ်ခမ်းမွေးဆံ ၊ ကြာဆံဘော်သား ၊ အရောင်ကျားသော်လည်း ၊ စားနေကျ ကြောင်ဖားမို့ ၊ ကောင်လုံးစားဖို့ ၊ အာသာဆန္ဒ ၊ တောင်လုံးကြွလျက် ၊ ရင်ဝလှိုက်ဖို ၊ သွားရည်ယို၍ ၊ မေအပျိုကို ၊ ရွှေလိုနီးချင် ၊ ချက်ချင်းပင် သေချင်ပက်ကျိ ဖြစ်လေ၏ ။
သို့လျှင် တပြီးကား လည်ချောင်း၌ သရော်ထွေးကြီးလို မတင်မကျ မျို၍ထားသည်နှင့် တူသော ဇရာ နှိပ်သည့် သလိပ်သံဖြင့် ကုန်းကာ ကုန်းကာ သုံးခါတိတိ မုန့်လက်ဆောင်းသည် အပု ကို အပေါ်သို့ တင်ကာ အရောင်းအဝယ်အကြောင်း ရည်ရွယ်သမှုနှင့် ခေါ်လိုက်လေ၏ ။
မုန့်လက်ဆောင်းသည် လည်း မော်၍ကြည့်ရာ အဘိုးကြီးကို မြင်လျှင် ကာလသားအဘိုးကြီး ၊ ရာဂအိုးကြီးဟု အလိုလို တစ်မျိုးသောနည်းဖြင့် သိလျက် စိတ်လက်ပင် မပါသော်ငြားလည်း ကက်သမားတေလေ ရွှေလင်ကြမ်းပိုး အရမ်းထိုးသဖြင့် မစွန့်နိုင်သည့် အိမ်က လူအတွက် မြက်မြက်ကလေး စားရသောက်ရဖို့ ပရိယေသန ဝမ်းရေးကို ကျောင်းရသူ ဖြစ်သဖြင့် သေနာခဲကြီးကို ကြောက်လျက်နှင့်ပင် မနေသာဘဲ တက်၍ သွားရရှာလေသတည်း ။
အပေါ်သို့ရောက် အပေါက်ကိုဝင် တဆိတ်လောက် “ ချစမ်းပါရှင် ” ဟု ပြောလိုက်လျှင်ပဲ အဘိုးကြီးသည် သွက်လက်လျင်မြန် ကျိုက္ကဆံ ဒုန်းမြင်းပမာ ဒေါပါပါနှင့် “ မောလာသလား အမိရဲ့” ဟု ပြောလာရင်း ချလိုက်ရာတွင် ဈေးသည်၏ လက်ကလေးများကို ထိကပါး ရိကပါး ဆားအမြည်း ပြုလိုက်လေ၏ ။
ဈေးသည်မှာ သနပ်ခါးရေကျဲဖြင့် အကဲကို ချင့်၍ မရ ၊ ဣန္ဒြေရလှသည် ဖြစ်ရကား အဘိုးကြီးသည် ပိုးသား ဘောင်းဘီကို တင်းတင်းပြင်၍ ချည်ပြီး ကုလားထိုင် တစ်ခုကို ဆွဲကာ ဈေးသည်၏ ရှေ့၌ တင်ပျဉ်ချိတ်၍ ထိုင် ၊ မြိုင်မြိုင်ကြီး စားသောက် မလိုလို ဟန်ပြင်လေ၏ ။
“ တစ်မူးဖိုး ထည့်လိုက်စမ်း ” ဟု သက်ကြားက မက်အား နှင့် မတရား ပြောလေ၏ ။
ဈေးသည်မိန်းမမှာ ကြောင်တောင် မော်၍ ကြည့်ကာ ရှက်ကိုးရှက်ကန်း ပြုံးလျက် “ တစ်မူးဖိုး တစ်ခွက်တည်း ထည့်ရမလား ဦးကြီးရဲ့” မေးလေ၏ ။
“ တစ်ခွက်တည်းသာ ပေါင်းထည့်လိုက်ပါ ”
“ ကျွန်မ ဖန်ခွက်ကလေးတွေက တစ်မူးဖိုး မဝင်ဘူး ဘကြီးရဲ့”
“ အို .... ဝင်သလောက်သာ ထည့်ပါ ။ ဘကြီးက အများကြီးလည်း မသောက်နိုင်ပါဘူး ။ အမိတို့လို သပ်သပ်ရပ်ရပ် အမျိုးသမီးကလေးများ နွမ်းနွမ်းပါးပါး ဈေးတောင်းခေါင်းရွက် ရှာရဖွေရတာကို မြင်တော့ ဦးလေးရဲ့ ဝံသာနုမျိုးချစ်စိတ်မှာ ယိုဖိတ်လုခမန်း ဖြစ်ပြီး ကြင်နာတဲ့ သဘောနဲ့ မမောဘဲ အိမ်ကို ပြန်ရအောင် ပုတ်ပြတ် ဖြစ်ဖြစ် ဝယ်ရကောင်းမလားလို့ အောက်မေ့ပြီး ခေါ်တာပါ ။ သောက်ချင်လှလို့ မဟုတ်ပါဘူး ။ ဦးလေးတို့က ကာဖီ ၊ ကိုကိုး ၊ ပိုဘာလ်တင် အမျိုးမျိုးကို နာရီအလှည့်နှင့် သောက်ကြတာပါ ။ မုန့်လက်ဆောင်း အတွက် ဝမ်းဗိုက်မှာ နေရာတောင် ရှိမယ်မထင်ပါဘူး ” ဟု ပြောလေ၏ ။
“ အားနာစရာ ဘကြီးရယ် ၊ တစ်မူးဖိုးတောင် ။ ကျွန်မ ခွက်ကလေးက အလွန်ဆုံးမှ နှစ်ပြားဖိုး ဝင်တာပါ ။ ဘကြီး ဖန်ခွက်ကြီးကြီးကလေးများ မရှိဘူးလား ”
“ မိုက်ပါဘိ တူမကြီးနှယ် ၊ အိမ်ကြီး တစ်အိမ်လုံးမှာ ဖန်ခွက်မှ မရှိဘူးလားလို့ မေးမှ မေးပလေတယ် ။ ရှိပါသော်ကော တူမကြီးရဲ့ ။ ဟောဟို မီးဖိုထဲက ကြောင်အိမ်ပေါ်မှာ ရှိပါ့ဗျာ ဖန်ခွက်တွေ ။ တစ်ဆိတ် ထယူ လိုက်ပါ တူမကြီးပဲ ။ ဘကြီးက .. ” ဟု ပြောလေရာ ..
“ ဘယ်သူမှ မရှိပါဘူး ။ ဦးလေး တစ်ယောက်တည်းပါ ။ ဦးလေးက အခုအခါမှာတော့ လူပျို ပါ ။ ဒါကြောင့် တူမကို ... ”
“ ကျွန်မ မသွားဝံ့လို့ပါ ။ ဘကြီးပဲ တစ်ဆိတ် ထယူလိုက်ပါ ”
“ ကြောက်စရာ မရှိပါဘူး ကလေးမရဲ့ ။ ဦးလေးက ကိုက်စားတတ်တာ မဟုတ်ပါဘူး ။ သွားသာ သွားပါ ”
“ ဟင် ... မတော်တာပါ ၊ ဘကြီး ယူပေးပါ ” ဟု ပြုံးစနဲ့နဲ့ ရှက်ကြောက်ဟန်နှင့် ပြောလေ၏ ။
“ ကလေးမက တယ်ကြောက်တတ်တာကိုး ။ ကိုင်းဗျာ ... ဦးလေး ပဲ ယူပေးပါ့မယ် ” ဟု ပြောပြီး ထ၍ သွား ၊ ဖန်ခွက် ယူလာလေ၏ ။
“ ဒီဖန်ခွက်လည်း တစ်မူးဖိုး ဝင်မယ် မဟုတ်ဘူး ”
“ တစ်မူးဖိုး မဝင်ရင် တစ်မတ်ဖိုးပဲ ထည့်လိုက်ပါလေ ”
“ ဪ .... ဘကြီးကလည်း ကရော်ကမည်နဲ့ ”
“ ဦးလေးက ပျော်တတ်တဲ့ ဝါသနာပါ ။ ကြောက်စရာတော့ မရှိပါဘူး ။ ထည့်သာ ထည့်ပါ ။ ဝင်သလောက်ပေါ့ ”
ထည့်၍ ပေးလေ၏ ။
ဦးကြာဇံသည် ဖန်ခွက်ကို ယူပြီး “ ဘကြီး အခု သောက်ဖို့ မဟုတ်ပါဘူး ။ တရေးနိုး အိပ်ရာထ ချိုချိုအေးအေးကလေး သောက်ဖို့ တင်ကြိုပြီး ဝယ်တာပါ ” ဟု ပြောပြီး စားပွဲ တစ်ခုပေါ်သို့ သွား၍ တင်ထားပြီးနောက် ငွေစက္ကူ တစ်ဆယ်တန်ကို ဈေးသည်အား လာ၍ ပေးလေ၏ ။
“ ဘကြီးရယ် ... ကျွန်မတို့ မုန့်လက်ဆောင်းကလေး ရောင်းစားရတာ ဒီတစ်ဆယ်တန်ကြီးကို ဘယ် အမ်းနိုင်ပါ့မတုံး ”
“ ဟင် .. ကလေးမက တယ်ရိုးတာကိုး ။ ဒါ အမ်းဖို့ မဟုတ်ပါဘူး ။ ဒီမုန့်တွေကို ရွက်ပြီး လျှောက်နေရရင် ပင်ပန်းနေမှာပဲ ။ အေးအေးဆေးဆေး ဦးလေး အခန်းမှာ အပန်းကလေးများ ဖြေရင်း ဆိုသလို နေနိုင်ပါတယ် ။ ဦးလေးက တစ်ယောက်တည်းပါ ။ နှောင့်ယှက်သူ မပေါ်လာပါဘူး ။ ရေမိုးချိုးပြီးတော့ ဟိုခုတင်ပေါ်မှာ တရေးတမော အိပ်ချင်ရင် အိပ် ။ ယနေ့အတွက်တော့ ကိုယ့် အိမ်လို သဘောထားပြီး အငြိမ်းစားဝန်ထောက်ကတော်ကလေး မဖြစ်ချင်ဘူးလား ”
ဈေးသည်မှာ ရှက်ကိုးရှက်ကန်း အမူအရာနှင့် ...
“ အမယ် ... ဘကြီးက ဘာတွေ ပြောတာလဲ ။ ကျွန်မတို့ ရိုးရိုး ဈေးရောင်းတာ ၊ လူကို ရောင်းစားတဲ့ အစားမျိုး မဟုတ်ပါဘူး ”
ဦးကြာဇံမှာ စားနေကျ ကြောင်ဖားမို့ ထိုကဲ့သို့ ပြောသည်ကို အယုံတရား မရှိပေ ။
ဒီလို ပြောကြတာပါပဲ ။ တော်တော်ကြာတော့ ... ။
“ မယုံရင် တူမ လာကြည့်စမ်းပါ ။ ဘယ်လို လုပ်ကြသလဲ ဆိုတာ ။ လာသာ လာပါ ၊ မကြောက်ပါနဲ့ ” ဟု ပြောပြောဆိုဆို ဈေးသည်၏ လက်ကို ဆွဲ၍ ခေါ်ရာ ဈေးသည်မှာ မရုန်းတရုန်း ပါ၍ သွားလေ၏ ။ မီးဖိုထဲသို့ ရောက်သော အခါ ရေသွန်ထောင့် ဇလုံပန်းကန်ကြီး ထဲ၌ မုန့်လက်ဆောင်းတွေ ပွ၍ နေသည်ကို ပြလျက် “ ခုနကပဲ ငါးကျပ်ဖိုး ဝယ်လိုက်တာ ။ တူမက နည်းနည်း ငယ်ဂုဏ်ကလေး ရှိလို့ တစ်ဆယ်ဖိုး ဝယ်မလို့ ဦးလေးက ကြံတာပါ ။ အမှန် ပြောရမှာဖြင့် ငွေငါးကျပ်ဖိုး ဝယ်ရင် ရတာများပဲ ။ သည့်အတွက် တူမကို ဦးလေးက ... ဟဲ ... ဟဲ .... ယူသာ ယူပါ ငွေတစ်ဆယ် ၊ နောင်ကိုလည်း ကြုံကြိုက်လို့ ငွေကြေးလိုရင် လာတာပေါ့ ။ ဦးလေးမှာ မပေးနိုင်တဲ့ အခါ မရှိပါဘူး ။ ယူသာ ယူပါ ၊ လာပါ ကလေးမရဲ့ ။ ဘယ်သူသိတာ မှတ်လို့လဲ ။ လောကမှာ လိမ္မာရင် ကိုယ့်ဖို့ပဲ ။ ဦးလေးတို့လို လူကြီး ဆိုတာ လူငယ်များလို စကားပွတာ မဟုတ်ဘူး ။ စိတ်ချ ။ လုံခြုံပါတယ် ။ ကာလသား လူငယ်ကလေးများ ကိုတော့ ကြပ်ကြပ်ရှောင်ပါ ။ သူတို့က ဘယ်သူ သားမယားကို ဘယ်နေရာမှာ ကြောလိုက်ရတယ် ဆိုတာ အင်မတန် ဂုဏ်ဖော်ချင်တာ ။ ဦးလေးတို့က မနေနိုင်လို့ ဖြစ်ကြရင် ပြီးတာပဲ ။ ကလေးကလား ဘယ်ကိုမှ လျှောက်မပြောဘူး ။ ဒီလိုပဲ ဦးလေးတို့လို လူကြီးတွေနဲ့ တွေ့ကြတဲ့ ဆင်းဆင်းရဲရဲကလေးတွေ အများကြီးပေါ့ ။ အသားပဲ့သလား ၊ အရေပွန်းသလား ။ ပြီးရင် ပြီးတာပဲ ။ လာသာ လာပါ ” ဟု ပြောကာ ငွေစက္ကူ တစ်ဆယ်တန်ကို ဈေးသည်၏ လက်ထဲသို့ အတင်း ထည့်ရင်း ခါးကို ဖက်၍ ခေါ်လေ၏ ။ ဈေးသည်သည် ငွေစက္ကူကို မယူချင့် ယူချင်နှင့် မြဲမြဲဆုပ်လေ၏ ။
အတန်ငယ် ကြာသောအခါ အခန်းထဲ၌ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဈေးသည်မှာ ရယ်မော၍ ပြေးထွက်လာပြီး ဈေးတောင်းကို ရွက်ကာ ဆင်းသွားလေ၏ ။
ဦးကြာဇံသည် ဒေါကြီးမောကြီးနှင့် တံခါးဝသို့ သွားပြီး လက်သီးဆုပ်ကာ လှမ်း၍ ကြိမ်းမောင်းပြောဆိုလေရာ နံဘေးအခန်းက လူများက ဦးကြာဇံ ဘာဖြစ်တာလဲဟု မေးကြလေ၏ ။
“ အလကား ဂန်ဒူးမိန်းမလျှာ မုန့်လက်ဆောင်း လာရောင်းလို့ ဦး က ရိုးရိုးသားသား မှတ်တာနဲ့ ဝယ်ပြီး သောက်မိတယ် ။ သူက ဦးကို ကြာနဲ့ အမူအရာနဲ့ မျက်နှာချိုသွေးလို့ ။ ဦးက ဘာရမလဲ ၊ ဒါမျိုး အင်မတန် နှလုံးနာတာ ။ ဒါနဲ့ မောင်းချ ပစ်လိုက်တယ် ” ဟု ပြောလေ၏ ။
ထိုအခိုက် “ လုပ်ဆန်း - လုပ်ဆန်း ” ဟု အော်လိုက်ရာ ဦးကြာဇံ က ထွီ ... ဟု တံတွေး ထွေးပြီး အလုံးကြီးသော ပုတီးကုံးကြီးကို စိပ်၍ လှည့်၍ ဝင်သွားလေတော့ သတည်း ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment