❝ လောကစည်းစိမ် ❞
( ပီမိုးနင်း )
ရှေးသရောအခါ အလွန်တရာ တန်ခိုးကြီးသော ရှင်ဘုရင်တစ်ပါးသည် တိုင်းပြည်ကို ဖြောင့်မတ်စွာ အုပ်ချုပ်သဖြင့် ပြည်သူပြည်သား အားလုံးတို့နှင့် တစ်ပြည်ထောင်လုံးမှာ ရွှေငွေစပါးမှ စ၍ အရာရာ၌ ပေါများ စည်ပင်လျက် အေးချမ်းသာယာသဖြင့် အတွင်းအပ ရန်သူ ဟူသမျှ ကင်းငြိမ်းလျက် သုခချမ်းသာ ပြည့်စုံစွာ နေကြရလေ၏ ။ ဘုရင်မင်းမြတ် မှာလည်း ရွှေငွေဘဏ္ဍာ ရတနာအပေါင်းတို့နှင့် ပြည့်စုံလျက် ဘေးရန်အနှောင့် အယှက်တို့မှ လွတ်ကင်းသဖြင့် တိုင်းပြည်အုပ်ချုပ်ရေး အတွက် ကြောင့်ကြပူပင်စရာ အကြောင်း ဟူ၍ လုံးလုံးကြီး မရှိသောကြောင့် အမျိုးမျိုးသော စည်းစိမ်တို့ကို ခံလျက် အပြည်ပြည် အတိုင်းတိုင်း တို့မှ ဆက်လာကြကုန်သော နတ်တမျှ ချောမောလှပကုန်သော မိဖုရား ၊ မောင်းမ ၊ အခြွေအရံ များစွာတို့နှင့် နေ့ညဉ့် မစဲ လူတို့၏ ဉာဏ်ဖြင့် စည်းစိမ်ဖန်တီး ရရှိနိုင်သမျှသော လောက စည်းစိမ် အမျိုးမျိုးတို့ကိုသာ ခံစားလျက်နေလေ၏ ။ ထိုခံစားရသည်နှင့် ငါ၏ ဘဝသည် ဤလောကလုံးမှာ အမြတ်ဆုံးသော ဘဝပေတကား ။ တာဝတိံသာနတ်တို့၏ စည်းစိမ်သည် ငါ၏ စည်းစိမ်ထက် သာနိုင်ပါမည်လား ။ ကောင်းလေစွတကား ။ ကောင်းလေစွ တကား ။ ထူးမြတ်လှပေစွတကားဟု တွေးမိလေ၏ ။ သို့တွေးတောရာတွင် သေရမည့် ဘေးကြီးကို သတိရလျက် ဤမျှလောက် ထူးမြတ်သော စည်းစိမ်ကြီးနှင့် ငါ့ကို တစ်နေ့သ၌ သေမင်း၏ ကြမ်းကြုတ်သော လက်သည် လာရောက်ကာ ဆွဲလိမ့်မည်ကား ကြောက်မက်ဖွယ်ကောင်းလှပေသည်တကား ။ ဤမျှလောက် ထူးမြတ်သော စည်းစိမ် ၊ နတ်ရေတူသမျှ လွန်စွာမှ ချောမောလှပကြသော ငါ၏ အချစ်ဆုံးသော မိဖုရားမောင်းမ အပေါင်းတို့ကို ငါ အမှန် စွန့်ခွာ၍ သွားရမည်ကား မလွဲသော လမ်းကြီးပေတကား စသည်ဖြင့် ဆင်ခြင်ကာ ကြီးစွာ ထိတ်လန့်တော်မူရှာလေ၏ ။
အချစ်ဆုံးသော မိဖုရားများ ခေါ်ကာ ထို ကြောက်မက်ဖွယ် ကောင်းလှသော ကွေကွင်းခြင်း ဘေးကြီး အကြောင်းကို မျက်ရည်စက်လက်နဲ့ ပြောကာ ထိုဘေးကြီးမှ လွတ်ရအောင် ဘယ်ပုံ ကြံကြမည်နည်းဟု ညည်းညူလျက် အကြံကို တောင်းလေ၏ ။
မိဖုရားတစ်ပါးက မသေနိုင်သော ဆေးကို ရမှသာ ထိုဘေး လွတ်မည့်အကြောင်း ပြက်ရယ်စကားဖြင့် သံတော်ဦး တင်လေ၏ ။
ရှင်ဘုရင်သည် ထိုစကားကို ကြားရသောအခါ အတန်ကြာ စဉ်းစားပြီးလျှင် ငါ၏ တိုင်းပြည်၌ ဆေးဝိဇ္ဇာ ပြဒါးဝိဇ္ဇာ ဖြစ်နိုင်သော အတတ်ကို တတ်သူတွေ ၊ အဘယ်ကြောင့် မရှိရမည်နည်း ။ ရှိဖူး၍ ထွက်ရပ်ပေါက် ကြပြီးကုန်သော ပုဂ္ဂိုလ်တွေလည်း များကြလေပြီ ။ ငါ ကဲ့သို့ ဘုန်းကြီးသော ဘုရင်သည် ထိုပြည်၌ အကောင်းဆုံးသော ဆရာတို့ကို စုရုံး၍ ခေါ်ပြီးလျှင် ထိုအလုပ်ကြီးကို ဖြစ်မြောက်အောင် လုပ်ချေက မသေမီ မမြောက်ဘဲ ရှိပါမည်လားဟု စိတ်အကြံပြုပြီးလျှင် ထွက်ရပ်ပေါက်လမ်းအမျိုးမျိုးတို့ကို တတ်သိနားလည်သူ အပေါင်းတို့ကို မောင်းလှည့်၍ ခတ်ကာ ထိုအလုပ်ကို မဖြစ်မချင်း ၊ စားဖို့ကို မပူရ ၊ ဝတ်ဖို့ကို မပူရ ၊ ဘုရင်မင်းမြတ် ချီးမြှင့် သနားတော်မူမည် ။ နည်းလမ်းကောင်း အမှန် ရှိသူ ဟူသမျှ နန်းတော်သို့ ကြွကာ အလုပ်ကို လုပ်ကြပါမည့် အကြောင်း ပင့်ဖိတ်လေရာ ဆရာပေါင်း တစ်ရာကျော်တို့သည် မကြာမီ ဘုရင့် ထံ ရောက်လာကြသဖြင့် ဆေးဘက် ၊ အင်းဘက် ၊ ပြဒါးဘက် ၊ သံဘက် ဆိုင်ရာဆိုင်ရာ အလုပ်များ အတွက် ဌာန အသီးသီးတို့ကို သတ်မှတ်လျက် လက်ဘရေထရီ အလုပ်တိုက်များကို ချက်ချင်း ဆောက်လုပ် တည်ထောင်ကာ စရိတ်ငွေကြေး မြောက်မြားစွာကို ဘတ်ဂျက်ရန်ပုံငွေစာရင်းဖြင့် ခန့်မှန်းပြီးလျှင် အကြီးအကျယ် အလုပ်များကို လုပ်စေလေ၏ ။
သို့ အလုပ်များကို တည်ထောင်ရာ၌ ပြဒါးဘက် ဆိုင်ရာ အတွင်းဝန်ကြီးချုပ် နှင့် အတိုင်ပင်ခံကောင်စီ ၊ သံဘက်ဆိုင်ရာ အတွင်းဝန်ကြီးချုပ် နှင့် အတိုင်ပင်ခံ ကောင်စီ ၊ ဆေးဘက် အင်းဘက်ဆိုင်ရာ အတွင်းဝန်ကြီးချုပ်များ နှင့် အတိုင်ပင်ခံကောင်စီ အဖွဲ့များကိုလည်း တည်ထောင်၍ ပေးလေ၏ ။
သို့ စီမံလုပ်ကိုင်လေရာ သုံးလ အတွင်း ဆေးဒန်း သတ္တုဆရာ တစ်ယောက်သည် ကာယသိဒ္ဓိ ပေါက်၍ လာသဖြင့် ဘုရင့်ထံ အကြောင်းကြားလေရာ ဘုရင်မင်းမြတ်သည် အတိုင်းမသိ ဝမ်းမြောက်တော်မူလျက် ဆေးစွမ်း ပြပွဲကြီးကို အကြီးအကျယ် ခင်းကျင်း၍ ရှေ့တော်၌ ပြစေလေရာ ဆေးဒန်းသတ္တုဆရာသည် မိမိဓာတ်လုံးကို ခါး၌ စည်းလျက် သဘောရှိ သ,တ်တော်မူရန် လျှောက်တင်လေ၏ ။
ရှင်ဘုရင်လည်း အာဏာပါးကွက်သားများကို ခေါ်တော်မူ၍ ဓား ၊ လှံ ၊ ဝါးချွန် ၊ တင်းပုတ် ၊ သေနတ် ၊ စိန် အမြောက်တို့ဖြင့် အနည်းနည်း သ,တ်ခိုင်းရာ ဆရာ မှာ အရာမထင် ၊ တကယ်ပင် ပြီးလျက် ဤဓာတ်လုံး ကိုယ် မှာ ရှိသမျှ ကာလပတ်လုံး အဘယ် လက်နက်နှင့်မျှ မသေနိုင်ကြောင်းကို စိတ်ချလက်ချ သိရလေ၏ ။ ထို့နောက် ၉၆ ပါး ဝေဒနာများနှင့် ပတ်သက်၍ တိုင်းပြည်ရှိ လူမမာ ရှိသမျှကို ကုသစမ်းသပ်ကြည့်ရာ ဓာတ်လုံးဖြင့် ထိရုံနှင့် ချမ်းသာကြသည်ကို ရှင်ဘုရင် တွေ့မြင်ရသဖြင့် ၎င်း ဆရာ၏ ဓာတ်လုံး တစ်ဝက်ကို မိမိ၏ အသားထဲသို့ သွင်းစေလေရာ ဆရာလည်း သွင်း၍ ပေးလေ၏ ။ ရှင်ဘုရင်လည်း အမျိုးမျိုးသော စမ်းသပ်ခြင်းများကို ကိုယ်တိုင်ခံတော်မူလေရာ မသေနိုင်သော ဆေးကို ရကြောင်း စိတ်ချလက်ချ သိရတော့မည် ဖြစ်ရကား ငါ၏ မိဖုရားများကို ငါ စွန့်ရတော့မည်မဟုတ် ။ ငါ၏ စည်းစိမ်ကို ငါသည် အမြဲတမ်း ရပေတော့သတည်း ဟု စိတ်ချလျက် တိုင်းသူပြည်သား အားလုံးတို့ အတွက် ပျော်ပွဲကြီးကို ကျင်းပလေ၏ ။
ထို့နောက် ရှင်ဘုရင်သည် စည်းစိမ်တည်း ဟူသော ပန်းမွေ့ရာ ထက်၌ လူးချင်တိုင်း လူး ၊ လှိမ့်ချင်တိုင်း လှိမ့် ၊ စည်းစိမ်တည်း ဟူသော အိုင်စကရင် မလိုင်အိုးကြီး ထဲမှာ မိမိ ကိုယ်ကို စိတ်ချလက်ချ မြှုပ်နှံကာ တစိမ့်စိမ့် ပျော်မွေ့လျက် အတွေ့ အရသာ ၊ အငွေ့ အရသာ ၊ အနံ့ အရသာ ၊ အဆင်း အရသာ ၊ ရသ အရသာ ၊ သောတ အရသာ လောက၌ ရှိသမျှသော အရသာ တို့ကို အကုန်အစင် ခွကာကျုံး ၊ လုံးချင်သလို လုံးလျက် တပြုံးပြုံး ပီတိ သောမနဿ ဖြစ်၍ နေလေရာ ၎င်း၏ စည်းစိမ်အရသာ တို့၏ ကြီးမားခြင်းမှာ ပြောစရာ ရှာ၍ မရအောင် ရှိလေတော့သတည်း ။ မိဖုရား မောင်းမတို့၏ အရေအတွက် သည်လည်း မရေမတွက်နိုင်အောင် တိုးတက်များပြား၍ လာလေ၏ ။
နောက်ဆုံး၌ သူ၏ ဉာဏ်ဖြင့် ကြံစည်ရသမျှသော စည်းစိမ်တို့မှာ ကမ္ဘာပေါ်တွင် အဆုံးသို့ ရောက်လေရာ တစ်မျိုး ပြီးလျှင် တစ်မျိုး အလှည့်ကျ ခံစားရသော အလုပ် ၌ အလှည့်တွေ ကုန်သဖြင့် လောက၌ မရှိသေးသော စည်းစိမ် အဆန်းအသစ်တို့ကို ကြံနိုင်သူများ ရှိက ဆုတော် လာဘ်တော်များကို သနားချီးမြှင့်မည်ဟု မောင်းကြေးနင်း ခတ်လေ၏ ။
ထိုအခါ စိတ်ကူးရသမျှနှင့် အမျိုးမျိုးသော လူတို့သည် ရှေ့တော်သို့ ဝင်ရောက်ကြပြီးလျှင် နည်းလမ်းတို့ကို လျှောက်တင်ကြလေ၏ ။
သို့သော်လည်း ဘုရင်မင်းမြတ်မှာ မိမိ ခံစားဖူးသော စည်းစိမ်များထက် ထူးခြားသော နည်းလမ်းကို မတွေ့ရသဖြင့် အတိုင်းမသိ ရွှေစိတ်တော် ညစ်ရှာလေ၏ ။
မြင်သမျှ တွေ့သမျှသော အပျော်အပါး ဟူသမျှ၌ အနှစ်သာရကို မတွေ့ ရပေ ။ မိဖုရားများကိုလည်း စက်ဆုပ်ရွံရှာ ၊ အပါးသို့ ကပ်လာကြမှာကိုပင် မခံချိအောင် ဖြစ်၍ လာလေ၏ ။
ခံတွင်းမှာ ခံစားရအားကြီးသဖြင့် ထုံ၍ အဘယ် အရသာကိုမှ မသိတော့ပေ ။ နားမှာ ကြားရပုံတွေ စုံသဖြင့် အဘယ် အသံကိုမှ သာယာရမှန်း မသိတော့ပေ ။ ကာမဂုဏ် စည်းစိမ်မှာလည်း ဘာရယ်လို့ မသိရ ၊ ထုံဖုံ၍ နေလေ၏ ။ အရင်က ကောင်းလှသည်ဟု မှတ်ထင်ရသော လောကစည်းစိမ်တို့မှာ မကောင်းရုံသာမက ငြီးငွေ့ မုန်းထားဖွယ်ရာတွေသာ ဖြစ်လေတော့သတည်း ။ နောက်ဆုံး၌ ဤငြီးငွေ့ဖွယ်သော လောက၌ လူဖြစ်နေရခြင်းမှာပင် ဝန်လေး၍ လာလေရာ ငါ မနေတော့ပါဘူး ။ သေပါတော့မယ်ဟု အကြံပြုရုံမက သင်တုန်းဓားကို ဆွဲကာ လည်ပင်းကို လှီးလိုက်ရာ ခရမ်းသီးပိန် ဓားတုံး ဖြစ်၍ နေသည်ကို သိရသဖြင့် အတိုင်းမသိ စိတ်ပျက်တော်မူလျက် ဓားကို လွှင့်ပစ်ပြီး မိမိ ကိုယ်ကို မတ်တတ်မှ ပစ်လိုက်ပြီး ငါ့ကို ဤခန္ဓာကိုယ်ကြီးမှ အဘယ်သူ ကယ်နိုင်ပါမည်နည်း ။ အမယ်လေး သေမင်းရဲ့ ၊ တစ်ဆိတ်ကလေး လာခေါ်လှည့်ပါဦး သေမင်းရဲ့ ။ ဤပထဝီမြေကြီး ဟက်တက်ကွဲပြီး အဝီစိ ငရဲမင်းကြီးရဲ့ လာ၍ ဆွဲလှည့်ပါဦး ။ ငါသည် ဤ ခန္ဓာကိုယ် ပြိတ္တာရုပ်ကြီးမှ အဘယ်နည်းဖြင့် ကျွတ်ရပါမည်နည်း စသည်ဖြင့် တောက်တီးမြည်တမ်းကာ မိမိ ကိုယ်ကို တိုင်နှင့် ဆောင့် ။ ကျွမ်းထောင်၍ ထိုး ။ ရာဇပလ္လင် ထက်မှ ပက်လက်လှန်၍ ချ ။ ဗဟိုစင်သို့ တက်၍ ဒိုင်ဗင်ထိုးလိုထိုး ။ ကျိုးရုံမှ မကျိုး ၊ ပဲ့ရုံမှ မပဲ့ ၊ နည်းနည်းမှ မရွဲ့သည့် အပြင် အကြောမတင် လေမဝင်၍ ၊ သေချင်ပါဘိ ၊ မချိပင်ပန်း ၊ ကိုယ်ခန္ဓာဝန်ကို ထမ်းရခြင်း ဒုက္ခမှ နုတ်ရဆယ်ရ ၊ ကယ်မသူ မမြင် ၊ လွန်စွာပင် အခက်ကြီးလျက် ရတက်မီး လောင်၍ နေလေတော့သတည်း ။ ဓာတ်လုံးကို ထုတ်ဖို့ရန် အသားကို ဆောက် နှင့် ထွင်း၍လည်း မရ ။ ဝိဇ္ဇာဓိုရ် ဖြစ်လောက်အောင်လည်း ဆရာက မ၍ မသွား ၊ မသေရုံကလေးမျှ အတတ်ကို ပေး၍ သွားလေရာ မသေခြင်း ဒုက္ခကြောင့် ဘုန်းကြီးသော ဘုရင်ကြီး မှာ သွက်သွက်ခါ ၊ ချာချာလည် ရူးပြီး လမ်းမ၌လျှောက်ကာ မိမိကိုယ်ကို သေကြောင်းကြံလျက် မယ်ပဋာလှိမ့် - လူးလှိမ့်၍ နေလေတော့သတည်း ။ တိုင်းသူပြည်သားများသည် ဝမ်းနည်းကြလျက် ဘုရင်ရူးကြီးကို ဖမ်းကာ ချုပ်နှောင်၍ ထားကြရလေ၏ ။ တစ်နေ့သ၌ အချုပ်ထဲမှ လွတ်၍ ပြေးလေရာ ပင်လယ်ကမ်းခြေသို့ ရောက်သဖြင့် ကျောက်ဆောင်တစ်ခုမှ ပင်လယ်ထဲသို့ ကျွမ်းထိုး၍ ချလိုက်ရာ ငါးကြီးတစ်ကောင် ဟပ်၍ သွားပြီးသည့် အခါမှ စ၍ သတင်းကို မကြားရ ၊ သေသည် ရှင်သည် မသိရပေ ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment