Sunday, January 25, 2026

ဦးဖိုးရှင်း


 

❝ ဦးဖိုးရှင်း ❞
  ( မန်းတင် )

ဦးဖိုးရှင်း ... ။ မောင်ပြုံးချိုသည် သူ့ကို ဂျပန်ခေတ်တွင် တွေ့ဆုံခဲ့သည် ။ သူ့ကို မတွေ့ခင် ကတည်းကပင် သူ့အကြောင်းကို မောင်ပြုံးချို ကြားနေရပါသည် ။ မောင်ပြုံးချိုသည် သာယာဝတီ လက်ပံတန်းမြို့တွင် လက်ထောက်မြို့ပိုင် အဖြစ်ဖြင့် အမှုထမ်းလျက်ရှိရာ သူ့အထက်မှ မြို့ပိုင်ကြီးသည် သူ့အကြောင်းကို မကြာခဏ ချီးကျူးပြောဆိုလျက် ရှိသည်ကို ကြားရသည် ။ ဇီးဖြူကုန်းနယ် တစ်ဝိုက်တွင် ဦးဖိုးရှင်း သြဇာတိက္ကမ ရှိပုံ ၊ အရာရှိများနှင့် ဆက်ဆံရာ၌ လိမ္မာရေးခြား ရှိပုံ ၊ ဝတ္တရားကျေပြွန်ပုံတို့ကို ကြားသိရပြီး ဖြစ်လေသည် ။

“ သူနဲ့ ခင်ဗျားကို တွေ့ပေးရဦးမယ် ။ သိပ်တော်တဲ့လူဗျ ။ ဘယ်နေရာဖြစ်ဖြစ် အသုံးချလို့ရတယ် ” ဟု အမွှမ်းတင် ပြောဆိုတတ်လေသည် ။

သို့သော် ဦးဖိုးရှင်း နှင့်ကား မောင်ပြုံးချို တော်တော်နှင့် မတွေ့ရပါ ။ ဇီးဖြူကုန်း ဟူသော ရွာသည် လက်ပံတန်း မှ သာရဝေါ သို့သွား မီးရထားလမ်းပေါ်တွင် တည်ရှိသည် ။

အင်္ဂလိပ်များ မြန်မာနိုင်ငံမှ ဆုတ်သွားစဉ် အခါက ထိုမီးရထားလမ်းတွင်ရှိ မြစ်မခချောင်းကို ဖြတ်ကူးထားသော ခမုန်ဆိပ်တံတားကြီးကို ချိုးသွားသောကြောင့် မီးရထား မသွားနိုင် ။ သို့ကြောင့် ဇီးဖြူကုန်း သို့သွားရန် မလွယ်ကူအောင် ဖြစ်နေသည် ။ ဦးဖိုးရှင်း လည်း လက်ပံတန်းသို့ မလာနိုင်အောင် ဖြစ်နေလေသည် ။

မြို့ပိုင်ကြီးကား သူ့တပည့်ကျော် ဦးဖိုးရှင်းကို တွေ့လိုလှပါပြီ ။

တစ်နေ့သော် မြို့ပိုင်ကြီးသည် အားရဝမ်းသာ ဘူတာရုံဘက်မှ လျှောက်လာသည်ကို တွေ့ရသည် ။

“ အတော်ပဲဗျို့ ၊ မနက်ဖြန်ခါ ဇီးဖြူကုန်းဘက် သွားကြမယ် ” ဟု ဆိုပါသည် ။

“ ဘာနဲ့ သွားမလဲ ” ဟု မောင်ပြုံးချိုက မေးလိုက်သည် ။

“ စီစဉ်ခဲ့ပါပြီ ၊ မီးရထားလမ်းဗိုလ်ရဲ့ ထရော်လီရတယ် ” ဟု ဖြေကြားလေသည် ။

••••• ••••• •••••

နောက်တစ်နေ့ နံနက်စောစောတွင် မြို့ပိုင်ကြီးနှင့် မြို့ပိုင်ကလေးတို့သည် လက်တွန်း ထရော်လီ နှင့် လက်ပံတန်း မှ ထွက်ခွာလာခဲ့ကြလေသည် ။ သီတင်းကျွတ်လ ဖြစ်သောကြောင့် မြစိမ်းရောင်မှ ရွှေရောင်သို့ ကူးပြောင်းစပြုနေပြီဖြစ်သော လယ်ကွင်းကြီးများကို မီးရထားလမ်းဘေး ဝဲယာ တွေ့မြင်ရသည် ။ အချို့သော အင်းအိုင်ချောင်းမြောင်းတို့၏ ဘေးတွင် တံငါတဲများကိုလည်း တွေ့ရသည် ။ မြစ်မခ ချောင်းဘေးရှိ ခမုန်ဆိပ်သို့ ရောက်သောအခါ ထရော်လီကို တစ်ဖက်ကမ်းသို့ ဖောင်နှင့် တင်ယူပြီးနောက် ခရီးဆက်ကြပြန်သည် ။ ထိုမှ လွန်သော် အနိမ့်ကွင်းကြီးများ ဖြစ်၍ ကိုင်းပင်တောကြီးများကို တွေ့မြင်ရသည် ။ ရေလည်း ကောင်းကောင်း မကျသေးသဖြင့် ကိုင်းပွင့်တို့ကလည်း တဖွေးဖွေး ၊ ရေကလည်း တဖွေးဖွေး ဖြစ်နေလေသည် ။ လေလာတိုင်းပင် ကိုင်းပင်ထိပ်ဖျားမှ ကိုင်းပွင့်ဖွေးဖွေးတို့သည် လှုပ်ရှားနေသောကြောင့် ကောင်းကင်ယံမှ ပြေးလွှားနေသော ငွေတိမ်လွှာတို့နှင့် သဏ္ဌာန်တူလေသည် ။

ဇီးဖြူကုန်း သို့ ရောက်သောအခါ အားရဝမ်းသာ ဆီးကြို နှုတ်ဆက်သော ဦးဖိုးရှင်းကို တွေ့ရပါတော့သည် ။ ဦးဖိုးရှင်းသည် အရပ်ရှည်ရှည် ၊ ထောင်ထောင်မောင်းမောင်း ဖြစ်သည် ။ စကားပြောလျှင် ကျယ်လောင်စွာ ပြောဆိုတတ်သည် ။ အရွယ်အားဖြင့် ငါးဆယ်ခန့် ရှိသည် ထင်ရသည် ။ ခေါင်းတုံးပေါ်တွင် ဖြူဖွေးသော ဆံပင်တိုများ ကျိုးတိုးကျဲတဲ ပေါက်ရောက်နေသည်ကို အထင်းသား တွေ့မြင်ရသည် ။ အရွယ်နှင့် မလိုက်အောင် သွက်လက်ချက်ချာပေ၏ ။

မြို့အုပ်ကြီးကား လက်ပံတန်းတွင် လက်ထောက်မြို့ပိုင် ဘဝကတည်းက နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့ဖူးသူဖြစ်သည် ။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ ဖြစ်သဖြင့် လူချစ်လူခင် ပေါသည် ။ သူသည် လက်ထောက်မြို့ပိုင်ဘဝ ကတည်းက သူကြီးများနှင့် ရောရောဝင်ဝင် နေတတ်သောကြောင့် သူ့အထက်မှ မြို့ပိုင်ကြီး ကပင် သဘောမကျဟု ဆိုသည် ။

မောင်ပြုံးချို၏ မြို့ပိုင်ကြီးကား အသားမည်းသော်လည်း ချစ်စရာကောင်းပါသည် ။ သူကြီးတွေကလည်း ခင်ကြသည် ။ သူကြီးကတော်တွေကလည်း မေတ္တာပို့သည် ။ သူကြီးသမီးတွေကလည်း ချစ်ကြသည် ။ အင်္ဂလိပ် မပြေးမီကလည်း သည်နယ် မှာပင် မြို့ပိုင် လုပ်ခဲ့သောကြောင့် ယခု အင်္ဂလိပ်သခင်များ ပြေး၍ ဂျပန်မာစတာများ ရောက်ရှိလာသော အခါတွင်လည်း ထိုမြို့ပိုင်ကြီးပင် ပိုနေမြဲကျားနေမြဲ ဆိုသလို ရောက်ရှိလာပြန်ရာ အားလုံးကပင် ဝမ်းမြောက်ကြသည်ဟု ဆိုကြကုန်သည် ။ တကယ် ဝမ်းမမြောက်သော်လည်း လောကဓမ္မတာ အတိုင်း မျက်နှာချိုသွေးကာ သွားကို ဖြဲ၍ “ ဝမ်းမြောက်ပါသည် ” ဟု ကျူးရင့်ကြကုန်၏ ။

ယခု ဂျပန်မာစတာများ၏ ခေတ်တွင် သူတို့၏ မြို့ပိုင်ကြီး ဇီးဖြူကုန်းသို့ ပထမအကြိမ် ရောက်ရှိလာသောအခါ မိတ်ဟောင်း ဆွေဟောင်းတို့သည် ဝိုင်းအုံ ရောက်ရှိလာကြကုန်သည် ။

“ ဟ .. သူကြီးတွေ သွားပြောပါဦးဟ ၊ မြို့အုပ်မင်း ရောက်လာတယ် ” လို့ ဦးဖိုးရှင်းက အမိန့်ပေးလိုက်လျှင်ပင် ခြေမြန်တော်တို့သည် ထိုဒေသ တစ်ဝိုက်ရှိ သူကြီးများ ထံသို့ တစ်မုဟုတ်ချင်း ရောက်ရှိသွားကြကုန်သည် ။

မနီးမဝေးမှပင် သူကြီး သုံးလေးဦး ရှိနေသောကြောင့် အကြောင်းကြားရသည်မှာလည်း လွယ်ကူလှပါသည် ။ မကြာမီပင် မီးရထားလမ်း တစ်ဖက်မှ ပေါက်တောသူကြီး ဦးဖိုးညှာ ရောက်ရှိလာလေသည် ။

“ သူကတော့ ဟိုဘက်ရွာက သူကြီးလေ ” ဟု တောလိုက် စာရေးက မောင်ပြုံးချိုကို ကပ်၍ ပြောသည် ။

“ ဘယ့်နှယ်နေသလဲ ” ဟု မောင်ပြုံးချို က မေးလိုက်သည် ။ အရာရှိပေါက်စ မောင်ပြုံးချို၏ စိတ်ထဲတွင် သူကြီး ဆိုသော ပုဂ္ဂိုလ်များသည် အထက်လူကြီး လာလျှင် ကုန်းရှိ ခိုး၍ မျက်ကွယ်တွင် ထင်တာ လုပ်တတ်သူများဟု စွဲနေပါသည် ။

“ မဆိုးပါဘူး ။ ဒါပေမဲ့ နည်းနည်း မူးလာရင်တော့ တွေ့ကရာ လျှောက်ပြောတတ်တယ် ၊ သူများကိုတော့ ရန်မမူတတ်ပါဘူး ၊ ကြွားတတ်တာ တစ်ခုပါပဲ ”

“ ဘယ်လို ကြွားတတ်သလဲ ”

“ ငါ့မယ် သမီးတွေ အများကြီး ရှိတယ် ။ ငါ့သမီးတွေက ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးတွေ ဆိုတာ မသိကြဘူးလားလို့ အော်အော်နေတတ်တယ် ” 

“ အင်း ...ဒါ လည်း ကြွားစရာပေပဲ ” ဟု မောင်ပြုံးချိုက တိုးတိုး ပြန်ပြောလေသည် ။

မကြာခင် ခပ်ပုပုလူ တစ်ယောက် မတုန်မလှုပ်နှင့် ရောက်လာပြန်သည် ။

“ သူကတော့ လုလင်ကျော်သူကြီး ကိုဖိုးဆယ် တဲ့ ၊ မိန်းမ နှစ်ယောက်ရှိတယ် ။ ဘိန်းလည်း ရှူတတ်တယ် ”

ထို့နောက် ဆံပင်ရှည်နှင့် ဇာတ်မင်းသားဟန် ပေါက်နေသူ တစ်ယောက် ပေါက်လာပြန်သည် ။

“ သူကတော့ ကွမ်းသီးတစ်ပင်သူကြီး ကိုဖိုးသွယ် တဲ့ ။ သဘောကောင်းပါတယ် ။ လိုတာတောင်း ၊ ရနိုင်တယ် ” 

ထို့နောက် အရပ်ရှည်ရှည် အသားမည်းမည်းတစ်ယောက် ပေါ်လာပြန်လေသည် ။

“ သူကတော့ ကညင်တိုသူကြီး ဦးဓာတ်အိုး တဲ့ ၊ လူ ကတော့ ရိုးပါတယ် ၊ ရိုးလွန်းအားကြီးတော့ အ , နေတယ် ” 

တောလိုက်စာရေးကြီးသည် မြို့ပိုင် အနီးတွင် ဝိုင်းဝန်းနေကြပြီ ဖြစ်သော သူကြီးတို့၏ အကြောင်းကို သိသလောက် ဖောက်သည်ချနေလေသည် ။

ဦးဖိုးရှင်းသည် ရှေးအထက်ကျော်ကာရီက ကညင်တိုရွာ ကို အုပ်စိုးခဲ့ရသော သူကြီး ဖြစ်သည် ။ ထိုကျေးရွာတွင် အတန်ကြာအောင် စိုးမိုးခဲ့ပြီးနောက် အစိုးရ အခွန်တော်ငွေများနှင့် ပတ်သက်၍ မရှင်းမလင်း ပြုလုပ်ခဲ့သည့်အတွက် ရာထူးမှ ထွက်ခဲ့ရသည် ။ သူသည် ကညင်တိုသူကြီး အဖြစ်ဖြင့် ရှိနေစဉ်က သူ့ကျေးရွာတွင်သာမက ထိုဒေသ တစ်ဝိုက်ရှိ သူကြီး အပေါင်းတို့ အပေါ်တွင်ပင် သြဇာညောင်းခဲ့သည် ။ ထို ဇီးဖြူကုန်း နှင့် သာရဝေါနယ် တစ်ဝိုက်တွင် သူကြီးပေါင်း ၁ဝ ဦးခန့် ရှိသည် ။ ထို ၁၀ ဦးသော သူကြီးတို့သည် မည်သူမျှ ကညင်တို သူကြီး ဦးဖိုးရှင်းကို မလွန်ဆန်နိုင်ကြ ။ သူကြီး အဖြစ်မှ ထွက်ခဲ့ရသည် တိုင်အောင် ဦးဖိုးရှင်း ၏ သြဇာသည် တည်မြဲလျက် ရှိသည် ။ သူကြီးတို့သည် သူကြီးလူထွက် ဦးဖိုးရှင်းကို အစစအရာရာ တိုင်ပင်ကြရသည် ။ အားကိုးအားထား ပြုကြရ သည် ။

သူကြီးများသာမက မြို့ပိုင်နှင့် ပုလိပ်များပင် ဦးဖိုးရှင်း ကို အားကိုးကြရသည် ။ ထိုနယ် ထိုဒေသတွင် ဘယ်ရွာကို ဓားပြတိုက်သွားသည်ဟု ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် မည်သူ့လက်ချက်ဟု ဦးဖိုးရှင်း အတပ် ပြောနိုင်သည် ။ မည်သူ့ကို ဖမ်းလိုက်လျှင် သည်အမှု ပေါ်နိုင်သည်ဟု ဦးဖိုးရှင်း ထင်ကြေးပေးနိုင်သည် ။ ရုံးကိစ္စများတွင်လည်း ဦးဖိုးရှင်း လိုက်ပါ ဆောင်ရွက်လျှင် အောင်မြင်တတ်ပေသည် ။

မြို့ပိုင်ကလေး မောင်ပြုံးချိုသည် ဦးဖိုးရှင်း တည်ခင်း ကျွေးမွေးသော လက်ဖက်ရည်ကြမ်းနှင့် ငါးရံ့ခြောက်ဖုတ်ကို မြည်းရင်း ဦးဖိုးရှင်း၏ အကြောင်းများကို တဖြည်းဖြည်း သိလာလေသည် ။

“ ငါးခြောက်ဖုတ်က တယ်ကောင်းဗျာ ” 

မြို့ပိုင်ကြီးက ချီးကျူးလိုက်သည် ။

“ ဟာ ... ဒါ ဖွတ်အင်းသူကြီး ကိုရွှေငို ဆီကပေါ့ ။ မြို့အုပ်မင်း လိုချင်ရင် ငါးပိဿာလောက် မှာလိုက်မလေ ” ဟု ဦးဖိုးရှင်း က ပြန်ပြောလိုက်လေသည် ။ ဘယ့်ကလောက် အလိုက်သိပါသလဲ ။

ခဏကြာသော် မြို့ပိုင်ကြီး နှင့် ကွမ်းသီးတစ်ပင် သူကြီး ဦးဖိုးသွယ်တို့ တိုးတိုး တိုးတိုးနှင့် စကားပြော နေကြပြန်သည် ။

“ မြို့အုပ်မင်း သူ့ မေးမနေပါနဲ့ ၊ မရှိတော့ပါဘူး ။ ဟင်္သာတ ဘက်မယ် လင်ရနေပါပြီ ” ဟု ဦးဖိုးရှင်းက အကြမ်းပန်းကန်ကို ဆွဲယူရင်း ပြောလိုက်သေးသည် ။

ဘယ်လောက် အကင်းပါး၍ ဘယ်လောက် သိတတ်သော ဦးဖိုးရှင်းပါလဲ ။

“ အကြမ်းတွေချည်းလည်း သိပ်သောက်မနေနဲ့ဦး မြို့အုပ်မင်းရေ ၊ မပုစိန်ကလည်း အချိုရည် တိုက်ဦးမလို့တဲ့ ” ဟု ဦးဖိုးရှင်းက ဆိုပြန်သည် ။

“ ဟုတ်တယ် ဟုတ်တယ် ၊ ရေနွေးထပ်တည်နေရလို့ အခုတော့ ဆူပါပြီ ”

တစ်ဖက်အိမ်မှ သာယာသော အမျိုးသမီး၏ အသံသည် ထွက်ပေါ်လာလေသည် ။ မကြာမီ မပုစိန်သည် ကော်ဖီပန်းကန်များနှင့် ရောက်ရှိလာလေသည် ။

“ ဇီးဖြူကုန်း လက်ဖက်ရည်ဆိုင်က အပျိုကြီးမပုစိန် ဆိုတာ သူပေါ့ ” ဟု တောလိုက်စာရေးကြီးက မောင်ပြုံးချိုကို ကပ်၍ ပြောလိုက်လေသည် ။

“ ညနေစာ ကျွန်မတို့အိမ် စားရမှာနော် ” ဟု မပုစိန်က လောကွတ် ပျူငှာလိုက်သည် ။

“ ဟာ .... နေပါစေ မပုစိန် ၊ နောက်တစ်ခါကျမှ စားမယ် ၊ ဟောဒါက အခု နောက်ရောက်လာတဲ့ မြို့ပိုင်ကလေးလေ ” ဟု ဆိုကာ မြို့ပိုင်ကြီး က မောင်ပြုံးချို ကို မေးငေါ့ပြရင်း မိတ်ဆက် ပေးလိုက်သည် ။ မပုစိန် နှင့် မောင်ပြုံးချို တို့သည် တစ်ဦးကို တစ်ဦး ကြည့်၍ တစ်ဦးကို တစ်ဦး အသိအမှတ်ပြုသောအားဖြင့် ပြုံးလိုက်ကြလေသည် ။

“ မြို့အုပ်မင်းက မြို့ပိုင်ကလေးကို အလုပ်သင်ပေးတဲ့ နေရာမှာ ဆရာစား မ ချန်ဘဲ အားလုံး သင်ပေးရလိမ့်မယ်နော် ” ဟု ဦးဖိုးရှင်းက ဝင်ထောက်လိုက်သည် ။

“ ဟာ ... သင်ပေးရမှာပေါ့ဗျာ ၊ အရေးကြီးတာတွေ အားလုံး လက်ထပ် သင်ပေးရမယ် ၊ ဟဲ .. ဟဲ .. ဟဲ ” ဟု မြို့ပိုင်ကြီးက ရယ်သွမ်းသွေးလိုက်လေသည် ။

“ အေး ... ဒါနဲ့ နေပါဦး ၊ ကိုယောဟန် သေတဲ့ကိစ္စ ပြော စမ်းပါဦး ” ဟု မြို့ပိုင်ကြီးက တည်ကြည်သော အသံနှင့် မေးလိုက်လေသည် ။

“ ဟာ ... သူ့အဖြစ်ကတော့ မပြောပါနဲ့တော့ ” ဟု ဦးဖိုးရှင်းက ဆိုလိုက်သည် ။ မပြောပါနဲ့တော့ ဟူသော စကားသည် ပင်လျှင် စကားစ,ရန် နိဒါန်းပျိုးလိုက်ခြင်းဖြစ်ပါသည် ။ လက်ဖက်ရည်ကြမ်းဝိုင်း အနီးတွင် ထိုင်နေသူ အားလုံး၏ မျက်နှာများသည်လည်း ရွှင်နေရာမှ သုန်သုန်မှုန်မှုန်ကြီးတွေ ဖြစ်သွားကြကုန်သည် ။

“ သူကလည်း အင်္ဂလိပ်ပြေးပြီးတဲ့ နောက် ပြေးတောင် မပြေးသေးပါဘူးလေ ။ မြို့အုပ်မင်းတို့တောင် မြို့မှာ ရှိသေးတာပဲ ။ အဲဒီတုန်းက သေနတ်ကလေးတွေနဲ့ဆိုတော့ ခပ်ကြွကြွ လုပ်တာကို ” ဟု အစချီပြီးလျှင် နောက်ကြောင်းကို ပြန်ပြောင်း ပြောဆိုလေသည် ။

ထို့နောက် ဦးယောဟန်သည် သူ့အိမ်သူ အိမ်သားများနှင့် အတူ လှည်းလေးငါးစီးဖြင့် ထိန်တောရွာကို ဖြတ်၍ သူ့ဇနီး၏ ဆွေမျိုးများရှိရာ မိုးညို သို့ ပြန်ရန် ဇီးဖြူကုန်း မှ ထွက်ခွာလာခဲ့ လေသည် ။ သို့သော် မိုးညို သို့ကား သူ မရောက်နိုင်ရှာတော့ပြီ ။ ရွာမှ ထွက်၍ လေးငါးမိုင်လောက် ဝေးကွာသော တောစပ် ချောင်းကူးကလေးသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သေနတ်များဖြင့် နှစ်ဖက်ဆိုင်၍ ချောင်းမြောင်း ပစ်ခတ်ခြင်းကို ခံရ သည် ။ သေနတ်ကျည်ဆန်များသည် နွားများကို ထိမှန်၍ နွားတွေ နေရာတွင် ပုံလျက်လဲပြီး လှည်းများ ရပ်တန့်သွားသောအခါ လက်နက်ကိုင်တို့သည် ပုန်းအောင်းနေရာမှ ထွက်လာပြီးလျှင် လှည်းပေါ်တွင် ပါလာသည့် ယောက်ျား မှန်သမျှကို ဓားဖြင့် ခုတ်သ,တ်ကြကုန်၏ ။ ဦးဖိုးရှင်း ပြောပြနေပုံမှာ သဘာဝကျလှသဖြင့် သ,တ်ပုံဖြတ်ပုံများမှာ မျက်စိထဲတွင် အထင်းသား ပေါ်လာသည် ။ ဂရုတစိုက် နားထောင်နေကြသော မောင်ပြုံးချိုသည် ကျောချမ်းမိလေသည် ။

“ ဒီ ကိုယောဟန် ဆိုတာ ဘယ်သူလဲဗျ ” 

မောင်ပြုံးချိုသည် တောလိုက်စာရေးကြီးကို ကပ်၍ မေးလိုက်လေသည် ။

“ ဒီလူက ဟောဟို ဇီးဖြူကုန်းဈေးကို ပိုင်တဲ့ လူပေါ့ဗျ ။ ဟိုတုန်းက အစိုးရတွေနဲ့ တော်တော် ပနံစားတယ် ။ ဒီရွာမယ် ကာကွယ်ရေးဗိုလ် ဆိုပြီး သေနတ်တွေ ထုတ်ပေးထားတော့ အင်္ဂလိပ်ပြေးမယ် အလုပ် တလှုပ်လှုပ်ဖြစ်နေတဲ့ အချိန်မယ် သေနတ်တွေနဲ့ ဆိုတော့ သူကလည်း ဘယ်သူ့မှ ဂရုမစိုက်ဘူးပေါ့ဗျာ ။ ဒီတော့ လူမုန်း များလာပြီး မိုးညို အပြန် လမ်းက ဆီးပြီး ကိစ္စတုံးအောင် စီစဉ်လိုက်ကြတာပေါ့ ” 

“ ဘယ်သူတွေက လုပ်ပစ်လိုက်တာလဲဗျ ” 

“ ဟာ ... ဒါတော့ မပြောနဲ့ ၊ ဘယ်သူရယ်လို့ မသိဘူး ဆိုပါတော့ ။ သိလည်း မပြောနိုင်ဘူး ”

ဦးဖိုးရှင်းက ခပ်တိုးတိုး ပြောလိုက်လေသည် ။ မြို့ပိုင်ကြီးနှင့် မြို့ပိုင်ကလေးတို့သည် ထွေရာလေးပါး ရောက်တတ်ရာရာစကားများကို ပြောဆို နေကြပြီးလျှင် ညနေစောင်းမှပင် လက်ပံတန်း သို့ ပြန်လာခဲ့ကြလေသည် ။

••••• ••••• •••••

မောင်ပြုံးချိုသည် ဂျပန်ခေတ်တွင် ဦးဖိုးရှင်း နှင့် မကြာခဏ တွေ့ဆုံရသည် ။ ဇီးဖြူကုန်းသို့ ရောက်သောအခါ တွင် သူ့အိမ်တွင် ဝင်ရောက် အိပ်တတ်သည် ။ သူ ကျွေးသော ထမင်းဟင်းများကိုလည်း စားဖူးသည် ။ ဇီးဖြူကုန်းဘူတာ မှ နေပြီးလျှင် ထိုဒေသ တစ်ဝိုက်ရှိ သူကြီးအပေါင်းတို့အား ပြောစရာ ဆိုစရာ ၊ အမိန့်ပေးစရာ ၊ အကြောင်းကြားစရာ မှန်သမျှကို ဦးဖိုးရှင်း မှ တစ်ဆင့် ဆောင်ရွက်နိုင်သည် ။ ဦးဖိုးရှင်းကို ပြောလိုက်လျှင် မည်သည့် ကိစ္စမဆို ပြီးပြတ်နိုင်သည် ။ နေရာတိုင်းတွင် အားကိုးရသည့် ဦးဖိုးရှင်း တည်း ။ သို့သော် သူ့ကို သိပ် လွှတ်ထားလို့လည်း မဖြစ် ။ သူသွက်လက်ချက်ချာပုံ ၊ လည်ပတ်ပုံများကို ကြည့်၍ သတိလည်း ထားရသည် ။ သူ ပြောသော စကားများတွင်လည်း သူ့အကြောင်းသည် ပေါ်၍ ပေါ်၍ လာပါသည် ။ စကား - စကား ပြောပါများ စကားထဲက ဇာတိ ပြလာတတ်ပါသည် ။ ရာဇဝတ်မှုများတွင် မြို့အုပ်မင်းကို သက်ညှာအောင် ပြောပေးမည် ဆိုပြီး တရားခံ ထံမှ ငွေလှည့်ခဲ့ပုံ ။ သူကြီးဘဝက အခွန်တော်ငွေများကို လှည့်ပတ် သုံးထားရာ မြို့ပိုင် လာစစ်သဖြင့် မိနေသောကြောင့် လာဘ်မစားသော မြို့ပိုင်မင်း အား လူသားကျွေးခဲ့ပုံ ။ အင်းလေလံပွဲများတွင် မည်သို့ မည်ပုံသူ ကလိမ်ကျခဲ့ပုံတို့ကို ပြန်ပြောင်းပြောဆို တတ်လေသည် ။

သည်တွင်မကသေး ။ သူတစ်ပါး မျက်ခုံးမွေး ပေါ်တွင် စင်္ကြံလျှောက်နေသည့် ရှေ့နေကြီးတစ်ဦးကိုပင် သူ တစ်ပတ်ရိုက်ပြီး အနိုင်ယူခဲ့ပါသေးသည် ။ ဖြစ်ပျက်ပုံကား ဤသို့တည်း ။ ရှေ့နေကြီး ဦးလျှာရှည် သည် ကိုဖိုးရှင်း၏ စွမ်းရည်သတ္တိကို သိသောကြောင့် အပေါင်းအသင်း လုပ်သည် ။ ဦးဖိုးရှင်း ကို ပေါင်းသင်းခြင်းအားဖြင့် မိမိတွင် မည်မျှ အကျိုးရှိနိုင်မည်ကို သိသည် ။ ထို့ကြောင့် ရှေ့နေကြီးသည် ရည်ရွယ်ချက်ကြီးစွာနှင့် ဦးဖိုးရှင်း ကို လက်သပ်မွေးလေသည် ။ ဦးဖိုးရှင်း ကလည်း ကြည်ညိုလေးစားသော အသွင်ကို ဆောင်၍ ရှေ့နေကြီးကို ဆည်းကပ်ကိုးကွယ်လေသည် ။ ရှေ့နေကြီးသည် ဦးဖိုးရှင်း၏ ဆရာ ဖြစ်နေလေသည် ။ သူသည် သူ့ဆရာ၏ အကျိုးကို သယ်ပိုး ဆောင်ရွက်သည်  ။ ဇီးဖြူကုန်းနယ်မှ ဖြစ်ပေါ်သမျှ သော ရာဇဝတ်မှုကြီးငယ်တို့ ရုံးရောက်လျှင် ဦးဖိုးရှင်း သည် သူ့ဆရာ ရှေ့နေကြီးထံသို့ အမှုသည်များကို ခေါ်ဆောင်လာတတ်သည် ။ ရှေ့နေခ များကိုလည်း သူက ပင်လျှင် တောင်းဆို ပေးတတ်သည် ။ ဇီးဖြူကုန်း နယ်မှာလည်း လက်ပံတန်းမြို့နယ်တွင် ရာဇဝတ်မှု အများဆုံး ကျူးလွန်သော ဒေသဖြစ်သည် ။ ဖြစ်သမျှသော ရာဇဝတ်မှုများသည်လည်း ဦးဖိုးရှင်း၏ စွမ်းရည်ကြောင့် သူ့ဆရာ ရှေ့နေကြီး ဦးလျှာရှည် ဆီသို့သာ ရောက်ရှိလာတတ်သည် ။ ထို့ကြောင့် ဦးဖိုးရှင်း ၏ ဆရာ ရှေ့နေကြီးသည် အတော် စီးပွားလမ်း ဖြောင့်နေလေတော့သည် ။ တစ်နေ့သော် ရှေ့နေကြီးသည် အတော် မကျေမနပ် ဖြစ်လာလေသည် ။ ဦးဖိုးရှင်းသည် မိမိ အပေါ်တွင် ခေါင်းပုံဖြတ် နေပါပြီဟု ဆိုသည် ။ သူသည် အမှုသည်များ ပေးခိုင်းလိုက်သည့် ရှေ့နေခများကို ဖြတ်စားပြီဟု ရေရွတ်သည် ။ သည်လိုနှင့် မပြီးသေး ။ မိမိအား ရည်ရွယ်၍ ပေးခိုင်းသော အသပြာများကို ဦးဖိုးရှင်းသည် အလွဲသုံးစား ပြုလုပ်ပါသည် ဟူသော စွပ်စွဲချက်ဖြင့် ရုံးတွင် တရားစွဲဆိုရန် စိုင်းပြင်းလေသည် ။ ထိုသတင်းကို ဦးဖိုးရှင်း ကြားရသောအခါ အတော်ပင် တုန်လှုပ်သွားလေသည် ။ တုန်လှုပ်သွားသည်နှင့်အမျှ သူသည် သူ့အဖို့ အကာအကွယ် ယူထားလေသည် ။ သူ ဖြတ်စားထားပါသည်ဟု စွပ်စွဲထားသော ငွေအသပြာကိုလည်း ဆောလျင်စွာ ရှာ၍ တစ်မုဟုတ်ချင်းပင် ဦးလျှာရှည် ထံသို့ သွားရောက် ပေးခိုင်းလေသည် ။ သို့သော် ဒေါသအမျက် ခြောင်းခြောင်း ထွက်နေသော ရှေ့နေကြီးသည် ထိုငွေကို လက်မခံတော့ဘဲ လာပေးသူကိုပင် ငေါက်ငမ်း၍ လွှတ်လိုက်သေးသည် ။ ရှေ့နေကြီးသည် ငွေကို မလိုချင်တော့ပြီ ။ မိမိကဲ့သို့သော ပုဂ္ဂိုလ်ကြီးကို ဖြတ်စားလျှပ်စား လုပ်ဝံ့သော သူကြီးလူထွက် ဦးဖိုးရှင်း ကို မှတ်လောက်သားလောက်ဖြစ်အောင် ကြိတ်လိုက်မည်ဟု တအားခဲထားလေသည် ။

အမှုစစ်ဆေးသောအခါ ဦးလျှာရှည် အံ့သြခြင်းကြီးမက အံ့သြသွားလေသည် ။ စိတ်လည်း ဆိုးသည် ။ အနီးရှိ မြင်မြင် သမျှသော လူအပေါင်းကို ရိုက်ချင်စိတ် ပေါက်သွားလေသည် ။ သူ ပြသော သက်သေများသည် ဦးဖိုးရှင်း ဘက်က ပင်း၍ ထွက်ဆိုကုန်ကြလေပြီ ။ ငွေပေးပါလျက် မယူလိုက်ခြင်းသည် ဦးလျှာရှည် က ဦးဖိုးရှင်း ကို သက်သက် အငြိုးကြီးနှင့် တရား စွဲဆိုချင်၍ ဖြစ်သည်ဟု ယူဆစရာ ဖြစ်နေသည် ။ ငွေပေးလိုက်သော အမှုသည် ကလည်း မိမိ ငွေမလွယ်၍ ခပ်ဆိုင်းဆိုင်းမှ ပေးရသည် ထွက်ဆိုသည် ။ သူ ငွေပေးသော နေ့ရက်သည် ဦးဖိုးရှင်း က သူ့ဆရာ ဦးလျှာရှည် ထံ အပေးခိုင်းသော ရက်နှင့် တစ်ထပ်တည်းလောက် ဖြစ်နေလေသည် ။ ထို့ကြောင့် ဦးဖိုးရှင်းသည် ရှေ့နေကြီးအား ပေးခိုင်းသော ရှေ့နေခများကို အလွဲသုံးစား လုပ်ထားသည် မမည်သောကြောင့် ထိုအမှုတွင် ဦးဖိုးရှင်းသည် သူ့ဆရာ ဆင်ထားသော ကျော့ကွင်းမှ လျှောခနဲ လွတ်ထွက်သွားလေ၏ ။ ထိုအမှုကို စိတ်ဝင်စားနေသော လက်ပံတန်း မြို့သူမြို့သားများက “ ဆရာထက် တပည့် လက်စောင်းထက်ပြီ ” ဟု ကျူးရင့်ကြကုန်၏ ။ “ မြွေပွေး ပိုးထိတာပဲ ” ဟူ၍ ပြောဆိုကြကုန်သည် ။

ဤကဲ့သို့ နောက်ကြောင်း ရာဇဝင်များကို သိ၍ နေသော မောင်ပြုံးချိုသည် သူ့ကို သတိနှင့် ပေါင်းသည် ။ မပေါင်းလို့လည်း မဖြစ် ။ သူသည် အလွန်တရာ အကူအညီရသူ တစ်ဦး ဖြစ်ပါသည် ။ အထူးသဖြင့် ဂျပန်ခေတ် ချွေးတပ်စုဆောင်းရေး တွင် ဦးဖိုးရှင်းသည် မောင်ပြုံးချို အား အထူး အကူအညီပေးခဲ့သည် ။

“ ဦးဖိုးရှင်း ၊ ခင်ဗျားတို့ အနီးအနားမှာ ရှိတဲ့ ရွာက ချွေးတပ်သား တစ်ရာရအောင် စုဗျာ ” ဟု ဆိုလျှင် ဦးဖိုးရှင်းသည် ရအောင် စုပေးသည် ။

“ ဇီးဖြူကုန်းမယ် စုတယ် ဆိုတော့ စုထားတုန်း ထမင်း ဘယ်သူကျွေးမလဲ ” ဟု ဦးဖိုးရှင်းက မေးသည် ။

“ ဒီအတွက် မပူနဲ့ ၊ ကျွေးဖို့ အစီအစဉ်တွေ ရှိတယ် ” 

“ ဘယ်လိုကျွေးမှာလဲ မြို့အုပ်မင်းရဲ့ ”  

“ တစ်ယောက် ဘယ်လောက်ဆိုပြီး တစ်ခါတည်း ချက်ခိုင်းမှာပေါ့ ”

“ အဲဒါ ကျွန်တော် လိုချင်တာ ၊ ကျွန်တော် ကန်ထရိုက်နဲ့ ကျွေးမယ် ”

သည်နည်းနှင့် သူ အမြတ်ထုတ်လေသည် ။ ချွေးတပ်စုဆောင်းတိုင်း ဦးဖိုးရှင်း ထမင်း ကန်ထရိုက် လုပ်ရသည် ။ ထို့ကြောင့် ချွေးတပ်သားများကို မရမက စုဆောင်းပေးသည် ။

“ မြို့အုပ်မင်း ၊ ကျွန်တော် ချွေးတပ်သားတွေကို ရထားပေါ် အရောက် ဂျပန်ဆီ အပ်ပြီးရင် ပြီးရောနော် ၊ နောက် သူတို့ ဟာ သူတို့ လည်သလို လုပ်တာတော့ တာဝန် မယူဘူးနော် ” ဟု ဦးဖိုးရှင်းက ဆိုတတ်သည် ။ မောင်ပြုံးချို ကလည်း အခြေအနေကို ရိပ်စားမိနေသည့်အလျောက် ခေါင်းညိတ်၍သာ ပြရလေတော့သည် ။

ဦးဖိုးရှင်းကား ချွေးတပ်များများ စုဆောင်းရလေလေ သူ့အဖို့ အမြတ်ထွက်လေလေ ဖြစ်နေလေသည် ။

အုပ်ချုပ်ရေးဘက်က ပုဂ္ဂိုလ်များနှင့်သာ ဦးဖိုးရှင်း သင့်မြတ်သည် မဟုတ် ၊ ရဲဘက်မှ ပုဂ္ဂိုလ်များကလည်း သူ့ကို အားကိုးကြသည် ။ အကြောင်းရှိလျှင် သူ့ကိုသာ တိုင်ပင်ကြသည် ။ နှီးနှောကြသည် ။ ဂျပန်တို့ အုပ်စိုးသည့် သုံးနှစ်သုံးမိုးတွင် ရဲဘက်မှ ပုဂ္ဂိုလ်များသည် မြို့ပိုင်နယ်ပိုင်တို့ ထက်ပင် တန်ခိုးအာဏာ ကြီးပါသေးသည် ။ မြို့ပိုင် နယ်ပိုင်များတွင် ရာဇဝတ် အာဏာ မရှိသဖြင့်လည်း ရဲတို့၏ အလယ်တွင် သိမ်ငယ်သလိုလို ဖြစ်နေသည့် ဂျပန်ခေတ်မှ ရဲဘက်တွင် ဝင်ရောက် အမှုထမ်းကြသည့် အချို့သော နိုင်ငံရေး လူထွက် ရဲအရာရှိများသည် လက်ဟောင်းပုလိပ်ကြီးထက်ပင် “ ပုလိပ်ပီသ ” နေသည်ကို တွေ့ရသည် ။

“ နောက်ဆိုရင် မြို့ပိုင် နယ်ပိုင်တွေ မထားတော့ဘူး ။ ကျုပ်တို့ ရဲဘက်ကချည်း အုပ်ချုပ်သွားမယ် သိလား ။ ဒါကြောင့် ခင်ဗျားတို့ မြို့ပိုင်ကို သိပ်အားကိုးတဲ့ သူကြီးတွေတော့ သတိသာ ထားပေတော့ ။ ဟင်း - ဟီး ... ဟီး ” ဟု အံသွားကြိတ်ကာ ဟိန်းလိုက်သောအခါ ဦးဖိုးရှင်း အတော်ကလေး ရင်တုန်သွားသည် ။ သို့သော် သူ့အဖို့ သူကြီး မဟုတ်၍ တော်သေးသည်ဟု အောက်မေ့နေသည် ။ ထိုသို့ အောက်မေ့ နေခိုက်ပင် “ ခင်ဗျားကြီးလည်း သတိထား ၊ ဒီနယ်က သူကြီး မှန်သမျှ ခင်ဗျား သြဇာ ချည်းပဲ ။ ခင်ဗျားကြီး တော်တော် လူလည်လုပ် ။ ဟင်း ... ဟီး ဟီး ” ဟု ဟောက်လိုက်ပြန်သောအခါ ဦးဖိုးရှင်းသည် မျက်လုံး ပြူးသွားပြန်လေသည် ။

ထိုနေ့ညနေတွင် ဦးဖိုးရှင်းသည် ရဲအရာရှိကြီးများအား ဘဲသားဟင်းနှင့် ထမင်း ဖိတ်ကျွေးနေသည်ကို တွေ့ရလေသည် ။

ထို့နောက် ရက်များ မကြာမီ မြို့ပိုင်ကြီးကို ဂျပန်ကင်ပေတိုင် စစ်ပုလိပ် ဖမ်းသွားပြီ ဟူသော သတင်းကို ဦးဖိုးရှင်း ကြားရလေသည် ။ သူသည် အထူးပင် စိတ်မကောင်းဖြစ်မိလေသည် ။ အတော်လည်း တုန်လှုပ်ချောက်ချားသွားလေသည် ။ နောက်တစ်နေ့ ဇီးဖြူကုန်း သို့ ရောက်ရှိလာသော ခေတ်သစ် ရဲအရာရှိကြီးကို ခခယယ သွားမေးသည် ။

“ ကျုပ် တစ်နေ့က ပြောတဲ့ အတိုင်းပေါ့ ၊ နောက်ဆိုရင် မြို့ပိုင် နယ်ပိုင်တွေ မထားတော့ဘူး ။ ရဲနဲ့ အုပ်ချုပ်မယ် ။ သူတို့ တစ်တွေ မဟုတ်တာ လုပ်တာ ဂျပန်ရဲက သိတာပေါ့ ။ ဂျပန်ရဲ ဗမာရဲ ရဲချင်းတူတူပဲ ” ဟု အားရဝမ်းသာ ပြောကြားလေသည် ။ ဦးဖိုးရှင်း သည် ဝမ်းထဲက မချိသော်လည်း ပါးစပ်ကို အစွမ်းကုန် ဖြဲ၍ သွားများပေါ်အောင် ပြုံးပြလိုက်လေသည် ။ ထိုနေ့မှ စ၍ ဦးဖိုးရှင်း သည် ခေတ်သစ် ရဲအရာရှိကြီးကို ရိုသေလေးစား ဝပ်တွားခယ နေသည်ကို တွေ့ရပြန်လေ၏ ။

သို့သော် မကြာမီပင် သူ မမျှော်လင့်သော သတင်းစကားများကို ကြားရပြန်သည် ။ မြို့ပိုင် နယ်ပိုင်တွေ မထားတော့ဘဲ ရဲနှင့်သာ အုပ်ချုပ်တော့မည်ဟူသော တရားဓမ္မကို မကြာခဏ ဟောကြားခဲ့သော ရဲအရာရှိကြီး နှင့် သူ့တပည့်ကို ဂျပန်စစ် ပုလိပ်က ဖမ်းပြီဟူသော သတင်းပင်ဖြစ်သည် ။ ဖမ်းရုံတွင်မက နှစ်ဦးစလုံးကို ထုပ်တွင် ဆွဲကာ ဝါးရင်းတုတ်နှင့် ရိုက်သောကြောင့် ခြေတွေလက်တွေတောင် ကျိုးကုန်ပြီ ဟူသော သတင်းသည်လည်း သူ့ဆီသို့ ရောက်ရှိလာသည် ။ ထိုသတင်းများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဦးဖိုးရှင်းသည် သတိ လစ်ဟင်း သကဲ့သို့ပင် ဖြစ်သွားပါတော့သည် ။

သူ ဘယ်သောအခါကမှ မကြားဖူးသော စကားများကို ကြားနေရပါပြီ ။ သူ ဘယ်သောအခါမှ မထင်ခဲ့သော ကိစ္စတွေ ဖြစ်ပေါ်နေပါပြီ ။ ဦးဖိုးရှင်းတို့ အဖို့ မြို့ပိုင် ဆိုသည်မှာ “ ဧရာမ ” ပုဂ္ဂိုလ်ကြီး ဖြစ်သည် ။ လူတစ်ယောက်ကို ဖမ်းနိုင်သည် ၊ ထောင်ချနိုင်သည် ၊ လွှတ်ပစ်နိုင်သည် ။ ပုလိပ်တွေကလည်း သူ့ကို ရိုသေကိုင်းရှိုင်းကြရသည် ။ ယခုသော် သူ အထင်ကြီးခဲ့သမျှသော မြို့ပိုင်ကို မည်သူကမျှ မမှုတော့ပြီ ။ ရဲဆိုသူများကလည်း မထီလေးစား ပြောကြားနေသည် ။ နောက်ဆုံးတွင် သူများကို ဖမ်းခဲ့သော မြို့ပိုင်သည် ယခု သူကိုယ်တိုင် အဖမ်း ခံနေရပြီ ။ ဖမ်းရုံတွင် မကသေး ဘယ်ဆီ ဘယ်ဌာနသို့ပင် ခေါ်သွားသည်ဟု မသိရ ။ နောက်တစ်ဖန် မြို့ပိုင်ထက် အရေးပါ အရာရောက်ပါသည်ဟု ဟစ်ကြွေးနေသော ရဲကြီးကိုလည်း ဖမ်းပြန်ပါပြီ ။ ဖမ်းရုံတွင်မက သူများကို ရိုက်ခဲ့သော ရဲကြီးသည် သူကိုယ်တိုင် အရိုက်အနှက် ခံနေရပါပြီ ။ ခက်ကပြီ ။ သည်ခေတ်ကား ဘယ်လို ခေတ်ပါလိမ့်မလဲ ။

“ ဘုရား ... ဘုရား ”

ဦးဖိုးရှင်းသည် မတ,စဖူး ဘုရားကိုပင် တမ်းတလိုက်မိလေသည် ။ ထိုနေ့ညတွင်လည်း ဘုရားကို ဦးသုံးကြိမ်ချ၍ အိပ်သည် ။ သို့သော် နောက်တစ်နေ့ညတွင်ကား ဦးမချဖြစ်တော့ပါ ။ နောက်ရောက်ရှိလာသော ရဲကြီးများကို ဧည့်ခံနေရ သောကြောင့်တည်း ။ သူတို့လည်း ဦးဖိုးရှင်းကို အားကိုးအားထား ပြုရပြန်လေ၏ ။ ဦးဖိုးရှင်းသည်လည်း သူ့အရှိန်နှင့် သူပင် ဇီးဖြူကုန်းဒေသတွင် စခန်းသွားလျက်ရှိသည် ။ မြို့ပိုင်ကလေး မောင်ပြုံးချို လည်း မြို့ပိုင်ကြီး အဖြစ်ဖြင့် အခြားဒေသသို့ ပြောင်းရွှေ့သွားလေ၏ ။

တစ်ခါတုန်းက ဗမာပြည်မှ ထွက်ပြေးသွားသော နယ်ချဲ့အင်္ဂလိပ်တို့သည် မဟာမိတ် အင်္ဂလိပ်ဟူသော ဘွဲ့ထူးကို ဆောင်လျက် ဗမာပြည်တွင်းသို့ ရောက်ရှိလာကြပြန်သည် ။

ထိုစဉ်တွင် မောင်ပြုံးချိုအား လက်ထောက်မြို့ပိုင်ရာထူး ခန့်အပ်ပြီးလျှင် သာရဝေါဒေသကို အုပ်ချုပ်ရန် စေလွှတ်လိုက်လေသည် ။ သာရဝေါသည် လက်ပံတန်းမြို့နယ်တွင် ပါဝင်သည် ။ စစ်အုပ်ချုပ်ရေးတွင် ငြိမ်ဝပ်ပိပြားရေးကို တွင်ကျယ်အောင် ဆောင်ရွက်နိုင်ရန်ဟု အကြောင်းပြကာ သာရဝေါ ရဲ ဌာနအပိုင် အတွက် လက်ထောက် မြို့ပိုင် တစ်ဦး သီးသန့် အုပ်ချုပ်ရန် စီစဉ်ခြင်းဖြစ်သည် ။

မောင်ပြုံးချိုသည် စာရေး တစ်ယောက် ၊ မင်းစေ တစ်ယောက် နှင့်အတူ အထုပ်အပိုး ပြင်ပြီးလျှင် စစ်မီးရထားနှင့် သာရဝေါ သို့ ထွက်ခွာခဲ့လေသည် ။ သာရဝေါ သို့ ရောက်သောအခါ နေထိုင်ရန် ဂေဟာကို ရှာကြသည် ။ မလွယ်ကူလှပါ ။ သာရဝေါ ဗိုလ်ရုံသည် ပျက်စီးလျက် ရှိပါသည် ။ ဒို့ဗမာတို့၏ ဝါဒလမ်းစဉ်အရ “ ခေတ်ပျက်သည်နှင့် တစ်ပြိုင်နက် အစိုးရအဆောက်အဦများကို ဖျက်ဆီးယူငင်ရမည် ” ဟူသော ကြွေးကြော်သံ အတိုင်း ထိုဗိုလ်ရုံကိုမှ အဘယ်မှာလျှင် ဝ,ကွက်၍ ချန်ကြအံ့နည်း ။ ထရံကို ခွာ၍ အမိုးကို ဖြုတ်ယူသွားကြပါပြီ ။ ဗိုလ်ရုံ အဆောက်အဦသည် နေမြင် လမြင် ဖြစ်နေသည် ။

“ ဒီလိုဆိုရင် ဘယ်ဒီမှာ နေဖြစ်မလဲ ” ဟု စာရေးကြီးက ဦးခေါင်းကို ကုတ်ရင်း ပြောသည် ။

“ ဒါဖြင့် ဘယ်နေမလဲ ၊ ပြန်လို့လည်း မဖြစ်ဘူး ” ဟု မောင်ပြုံးချိုက ပြောသည် ။ သူတို့ စီးလာသော မီးရထားသည် လက်ပံတန်းသို့ ပြန်သွားပါပြီ ။ သူတို့သုံးဦးသည် ဦးခေါင်းကို ကုတ်၍ အကြံထုတ်ကြသည် ။ သို့သော် အကြံကား ထွက်မလာ ။

မောင်ပြုံးချိုသည် သာရဝေါဂါတ်တဲထဲ သွားအိပ်ရမည်လောဟု စဉ်းစားမိပြန်သည် ။ ဂါတ်ထဲတွင်လည်း ဂေါ်ရခါးစစ်သားတွေနှင့် ပြည့်နေသည်ဟု ဆိုသည် ။ သည်လိုလည်း မဖြစ်သေး ။ သူသည် အကြံအိုက်ကာ မီးရထားလမ်းပေါ်တွင် ထိုင်ရင်း ဇီးဖြူကုန်းဘက်သို့ ငေးမျှော်ကြည့်မိသည် ။ မကြာမီပင် မီးရထားလမ်းပေါ်၌ လှုပ်ရှားသော သဏ္ဌာန်တစ်ခုကို တွေ့ရ သည် ။ သံလမ်းပေါ်တွင် ဘီးလိမ့်သဖြင့် ထွက်ပေါ်လာသော အသံမျိုးကိုလည်း ကြားရသည် ။ မောင်ပြုံးချို အဖို့ ဝမ်းသာ၍ မဆုံးတော့ပြီ ။ ထိုသဏ္ဌာန်သည် တဖြည်းဖြည်း နီး၍နီး၍ လာလေသည် ။ လူစီးထရော်လီ မဟုတ်ပါ ၊ ဘီးလေးဘီးနှင့် အပေါ်မှ ပျဉ်ကို အပြားလိုက် ရိုက်ထားသည့် ကုန်တင်သော ထရော်လီပင် ဖြစ်ပါသည် ။ အပေါ်တွင် ဦးဖိုးရှင်း အခန့်သား ထိုင်၍ လိုက်ပါလာသည်ကို တွေ့ရသည် ။ သူ့အနီးတွင် အခြား နှစ်ယောက်လည်း ထိုင်၍ ပါသေးသည် ။ နောက်နှစ်ယောက်က ထရော်လီကို တွန်းသည် ။ အရှိန်ရသော အခါတိုင်း တက်ထိုင်ကြသည် ။ ဘီးသေးသောကြောင့် တွန်းရသည်မှာ လူစီး ထရော်လီလောက် မသက်သာလှသော်လည်း အရှိန်မသေးလှသောကြောင့် မပင်ပန်းလှပါ ။

“ မီးရထားနဲ့ မြို့အုပ်မင်း သာရဝေါ ပါသွားတယ် ကြားလို့ လိုက်လာတာ ” ဟု ဦးဖိုးရှင်းသည် ခရီးရောက်မဆိုက် နှုတ်ဆက်လေသည် ။

“ ဇီးဖြူကုန်းတုန်းက ကြည့်တော့ ကြည့်သား မမြင်လို့ ။ ခင်ဗျား ပြောလိုက်ပါလို့သာ မှာခဲ့ရတယ် ။ နေစမ်းပါဦး ၊ ခင်ဗျား ဒီထရော်လီက ဘယ်က ရထားလိုက်တာလဲ ” ဟု မောင်ပြုံးချိုက မေးလိုက်၏ ။

“ ဟာ ... ဒီလိုပေါ့ ။ မီးရထားဘက်က လူတွေ ထားပစ်ခဲ့တာ ။ အချောင် သုံးနေရတာပဲ ။ မြို့အုပ်မင်း အတွက်တော့ ဒါ ဖုတ်သွင်းရထားပဲ ။ လာ ပစ္စည်းတွေ ဒီအပေါ် တင်ပေတော့ ။ ဇီးဖြူကုန်း လိုက်ခဲ့ ။ ဒီမယ် နေလို့ မဖြစ်သေးပါဘူး ” ဟု ဆိုကာ ဦးဖိုးရှင်းသည် အိပ်ရာလိပ်များကို ဆွဲတင်လေသည် ။

မောင်ပြုံးချိုတို့သည် ဦးဖိုးရှင်း၏ တပည့် နှစ်ယောက်က တွန်းပို့သော ကုန်တင်ထရော်လီ ပေါ်တွင် အိပ်ရာလိပ်ကို ခုထိုင်၍ စီးကာ ဇီးဖြူကုန်းသို့ ရောက်လာကြပြန်လေသည် ။ ညနေစောင်းတွင် ဦးဖိုးရှင်း ဧည့်ခံကျွေးမွေးသော ကြက်သားဟင်း နှင့် ထမင်းကို အားရပါးရ စားကြပြီးနောက် ထွေရာလေးပါး စကားပြော နေကြသည် ။ ဂျပန်ခေတ်တွင် မြို့ပိုင် ပုလိပ်များကို ဂျပန်ဖမ်း၍ နှိပ်စက်သည့်အကြောင်း ၊ မောင်ပြုံးချိုတို့ ပြောင်း သွားပြီးနောက် ရောက်ရှိလာကြသည့် မြို့ပိုင် အဆက်ဆက်၏ အကြောင်း ၊ အကောင်းလည်း ပါ အဆိုးလည်း ပါ ပြန်ပြောင်း ပြောဆိုကြသည် ။

ထို့နောက် မောင်ပြုံးချိုက နယ်အခြေအနေများကို မေးမြန်းသည် ။

“ ဟာ ... အခြေအနေ ကတော့ မိုးချုပ်လာရင် သိမှာပေါ့ ။ အခု မြို့အုပ်မင်း ရောက်လာတာ ဘယ်သူမှ သိပ်မသိသေးဘူး ။ အဲဒါ ဒီနယ် အခြေအနေ ဘယ်လို ဖြစ်နေတယ်ဆိုတာ မီးထွန်းချိန် ရောက်ရင် သိပါလိမ့်မယ် ။ မြို့အုပ်မင်းလည်း ဒီအိပ်လို့ မဖြစ်ဘူး ။ စက်ထဲ သွားအိပ်မှ ၊ ဟိုက လုံလုံခြုံခြုံရှိတယ် ” ဟု ဦးဖိုးရှင်းက ပြောလေသည် ။

မှောင်စပျိုးလာလျှင် မောင်ပြုံးချိုတို့သည် တိုက်အိမ်ကလေး တစ်ခုအတွင်းသို့ ပြောင်းရွှေ့လာခဲ့ကြသည် ။ ထို အဆောက်အဦမှာ ဆန်စက်ပိုင်တစ်ဦး၏ အိမ်ဖြစ်သည် ။ အုတ်နံရံ ကာထားသောကြောင့် အကြောင်းရှိလျှင်လည်း အတွင်းမှ ခုခံကာကွယ်နိုင်သည် ။ အိမ်ရှင်တို့သည် မောင်ပြုံးချိုတို့အား လက်ဖက်ရည်ကြမ်းနှင့် မုန့်များကို ချထားပေးပြီးလျှင် အလျှို လျှို ပျောက်ကွယ် သွားကြကုန်သည် ။

“ ဘယ်ရောက်ကုန်ကြတုံး ” ဟု မောင်ပြုံးချိုက မေးသည် ။

“ ဟာဒီလိုပဲ ၊ ညကျရင် ပုန်းအိပ်ကြရတယ် ” ဟု ဦးဖိုးရှင်းက ပြောလေသည် ။

“ ကျွန်တော်လည်း ပုန်းအိပ်တာပဲ ” ဟု ဆက်၍ ပြောလေသည် ။

“ ကျွန်တော်တို့ ရောက်နေမှပဲဗျာ ၊ ဘာပုန်းအိပ်ဖို့ လိုသေးလဲ ။ ပြီးတော့ ပုလိပ်တွေလည်း ရှိနေသားပဲ ”

“ အမယ် ... မြို့အုပ်မင်းနှယ် ၊ မြို့အုပ်မင်း ပုလိပ်က ဘယ်မလဲ ၊ သူတို့လည်း ပုန်းအိပ်နေတာပါပဲ ... ဟဲ .... ဟဲ ” ဟု ရယ်သွမ်းသွေးလိုက်လေသည် ။

ထိုအချိန်မှာပင် “ အုံး ” ဟူသော အသံကြီးသည် အနီးတွင် ကပ်၍ ခွဲလိုက် သကဲ့သို့ သိမ့်သိမ့်တုန်အောင် မြည်ဟည်း သွားလေသည် ။ စားပွဲပေါ်မှ မီးတိုင်ပင် လှုပ်ရှားသွားသည် ။ မောင်ပြုံးချိုလည်း အထိတ်တလန့် ဖြစ်သွားသည် ။

“ ဟေ ... ဘာလဲ ” ဟု ယောင်ယမ်း အော်လိုက်မိ၏ ။

“ ဒါ ... အစပဲလေ ၊ လာပါလိမ့်မယ် ” ဟု ဦးဖိုးရှင်းက ခပ်အေးအေး ပြောလေသည် ။

“ တယ်လည်း နီးပါကလား ”

“ မနီးပါဘူး ၊ စိတ်ထင်လို့ပါ ။ ဒီဟာဆိုရင် ဦးရွှေနှစ် အစုလောက်ကနဲ့ တူတယ် ”

“ ဘာသံလဲဗျ ”

“ အမြောက်ဆန်ကို မီးရှို့တာနဲ့ တူတယ် ”

ထိုအချိန်မှာပင် မြောက်ဘက်ဆီမှ သေနတ်သံ သုံးလေးချက် ဆက်၍ ကြားရသည် ။ သည့်နောက်တွင်မူ အရပ်လေးမျက်နှာမှ သေနတ်သံတွေ ဆူညံစွာ ထွက်ပေါ်လာသည် ။ သေနတ်သံကြားထဲမှပင် ဘာသံမှန်း မသိသည့် “ အုံး ”  “ အင်း ”  “ ဝုန်း ” ဟူသော အသံများသည်လည်း ကြားညှပ်၍ ထွက်ပေါ်လာလိုက်သေးသည် ။ မောင်ပြုံးချိုတို့သည် ဘာစကားကိုမှ မပြောနိုင်တော့ဘဲ မီးတိုင်တွင် ငြိမ်သက်စွာ ဝိုင်းထိုင်နေကြသည် ။ တစ်ခါတစ်ရံ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည် ။ မောင်ပြုံးချို၏ စာရေးကြီးကား အတော်ပင် တုန်လှုပ်ချောက်ချားနေပါပြီ ။ နဖူးမှ ချွေးသီးကြီးများ ထွက်နေသည်ကိုလည်း တွေ့ရသည် ။

“ မြို့အုပ်မင်း .. ဖြစ်ပါ့မလား ၊ ဘယ့်နှယ်လုပ်မလဲ ” 

သေနတ်သံ အတော် စဲသွားသောအခါ စာရေးကြီးက ပြောပါသည် ။

“ ဒါ ဘာလုပ်ကြတာလဲ ၊ တရုတ်နှစ်သစ်ကူး ကျနေတာပဲ ။ ဖောက်လိုက်ကြတာတွေ ” ဟု မောင်ပြုံးချိုက ဦးဖိုးရှင်းကို မေးသည် ။

“ ဘာရယ်လို့တော့ မဟုတ်ဘူး ၊ ညတိုင်း ဒီလိုပဲ ။ ဒီနယ်မယ် ဂျပန်အပြေးမယ် လက်နက်တွေ အများကြီး ရလိုက်တယ် ။ တစ်ရွာကို တစ်ရွာက ကြောက်နေတယ် ။ တို့ရွာတော့ လာတိုက်ချေရဲ့ ဆိုပြီး လာတော့ မစ , နဲ့ဟေ့ ၊ တို့မလည်း လက်နက်ရှိတယ် ဆိုပြီး အင်အား ပြနေကြတာပဲ ။ တချို့ကလည်း ယမ်းတောင့်တွေ အိတ်လိုက် ရလိုက်တယ် ။ သေနတ်မရှိဘူး ။ မရှိပေမဲ့ ရှိလေဟန် အသံမြည် ပြီးရော ဆိုပြီး မီးဖုတ်ပြနေကြတာ ။ တချို့ကလည်း လက်ပစ်ဗုံးကို မီးဖုတ်ကြတယ် ။ တချို့ ကလည်း မီးရှို့ရင်းနဲ့ ပြန်မှန်ပြီး သေကြတယ် ”

“ ဒါတွေ မနက်ဖြန်ခါကျတော့ တတ်နိုင်သလောက် သိမ်းရမှာပဲ ” ဟု မောင်ပြုံးချိုက ဆိုသည် ။

သို့သော် မည်သူ့ဆီက သိမ်းမည်နည်း ။ ဦးဖိုးရှင်း၏ အကူအညီကိုပင် ယူရမည် ဖြစ်သည် ။ ဦးဖိုးရှင်းက မည်သူ့ထံတွင် မည်သည့်လက်နက် ရှိသည်ကို သူ သိသလောက် ပြောပြလေသည် ။ သူ မသိလျှင်လည်း သိသူကို ခေါ်၍ ပေးသည် ။ မောင်ပြုံးချိုသည် ထိုနေ့ည ကောင်းကောင်း အိပ်မပျော်ချေ ။ နံနက်လင်းလျှင် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို ဦးဖိုးရှင်း နှင့် တိုင်ပင်နှီးနှောရင်း နံနက်လင်းလေတော့သည် ။

နံနက် လင်းလျှင် လင်းချင်းပင် လုပ်ငန်းကို စတင်ရလေတော့သည် ။ သေနတ်ရှိသည်ဟု သတင်းရထားသော အိမ်များသို့ သွားရောက်၍ ဝှက်ထားသော သေနတ်များကို အပ်ရန် ပြောကြားကြသည် ။ အချို့ကို ခြောက်၍ ၊ အချို့ကို ချော့၍ ပြောကြရသည် ။ အချို့လည်း လွယ်လွယ်ကူကူပင် ပေးအပ်ကြသည် ။ အချို့လည်း မရှိပါဘူးဟု ငြင်းကွယ်ကြသည် ။ မတတ်သာတော့မှ ထုတ်ပေးကြသည် ။ အချို့ကလည်း လက်နက်မှ မရှိလျှင် ရွာတွင် မနေရဲတော့ပါဘူးဟု ဆိုကာ ညည်းညူကြကုန်သည် ။ ထို့ကြောင့် ယုံကြည်ရသူ ၊ လက်နက်ကို အလွဲသုံးစား မလုပ်မည့် သူများကို ယာယီ ကိုင်ဆောင်ခွင့် လက်မှတ်များဖြင့် ပြန်လည် ထုတ်ပေးခဲ့သည် ။ ထိုနေ့အဖို့ စာရင်းချုပ်လိုက်သောအခါ သေနတ်မျိုးစုံ ၅ဝ ကျော် သိမ်းဆည်း ရရှိ သည့်ပြင် လက်ပစ်ဗုံး ၊ အမြောက်ဆန်များကိုပါ ရရှိလေသည် ။

ထိုနေ့ညအဖို့ အေးချမ်းသာယာစွာ အိပ်ကြရသည် ။ အနီးအနား တစ်ဝိုက်မှ သေနတ်သံများကို လုံးဝ မကြားရတော့ချေ ။ နောက်တစ်နေ့တွင် ပုန်းအိပ်နေကြသူများလည်း မိမိတို့ အိမ်များတွင် ဣန္ဒြေရရ အိပ်ကြရကုန်သည် ။

ဦးဖိုးရှင်းသည် မောင်ပြုံးချို အဖို့ အလွန် အသုံးဝင်နေလေသည် ။ အုပ်ချုပ်ရေးအတွက်လည်း အလွန် အသုံးကျနေပါသည် ။ ဦးဖိုးရှင်းသည် သာမန်ပုဂ္ဂိုလ် တစ်ဦးမျှ ဖြစ်လိမ့်မည် ။ သူ့ကို သြဇာကလေး ၊ အာဏာကလေး တပ်ဆင်ပေးလိုက်လျှင် သာ၍ အသုံးကျပေလိမ့်မည် ။ ထိုဒေသတစ်ဝိုက်ကို ဦးဖိုးရှင်းသည် နိုင်နိုင်နင်းနင်း ကြီးကြပ်အုပ်ချုပ်သွားနိုင်ပေလိမ့်မည် ။ ထို့ကြောင့် မောင်ပြုံးချိုသည် နယ်ပိုင်ဝန်ထောက် ၊ ရာဇဝတ်ဝန် ထောက်များနှင့် တိုင်ပင်၍ ဦးဖိုးရှင်း အား လစ်လပ်နေသော ကညင်တိုရွာ သူကြီး၏ နေရာတွင် ကျေးရွာသူကြီး အဖြစ် ခန့်အပ်လိုက်လေသည် ။

“ အင်း ... မြင်း ချိုတပ် ပေးသလိုတော့ ဖြစ်တော့မှာပဲ ” ဟု အချို့က ဆိုကြသည် ။

“ ကောင်းတယ် ... ကောင်းတယ် ။ ဒီနယ်ကို သူမှ နိုင်အောင် အုပ်ချုပ်နိုင်မှာ အချို့ကလည်း ဤသို့ မှတ်ချက်ချလေ သည် ။

ဇီးဖြူကုန်းနယ်သည် မောင်ပြုံးချိုတို့ မျှော်လင့်ခဲ့သလို ဦးဖိုးရှင်း၏ စွမ်းရည်ကြောင့် အတော်ကလေးပင် ငြိမ်ငြိမ်သက်သက် ရှိနေပါသည် ။ တစ်ခါတစ်ရံ ဓားပြတိုက်မှုများ ၊ လုယက်မှုများ ဖြစ်ပေါ်တတ်သော်လည်း ဦးဖိုးရှင်းပင် တရားခံများကို ဖမ်းဆီးပေးတတ်သည် ။ သည်အထဲကပင် သူ၏ မကောင်း သတင်းကလေးများကိုလည်း ကြားရသည် ။ ဘယ်ရာဇဝတ်မှုများကို ဘယ်လို ထိမ်ဝှက်ထားသည် ၊ ဘယ်တိုက်မှုတွင် သူ မျက်နှာလွှဲနေသည် ဟူသော သတင်းများ အပြင် သူ့သားတော်မောင် ကလည်း တစ်ဗိုလ်ထ, နေပြန်လေသည် ။

သူ့သား မောင်ခိုင်သည် သူလိုပင် အရပ်ရှည်ရှည် ၊ အသားမည်းမည်း ၊ သူ့လိုတော့ စကားအရာ လိမ္မာရေးခြား မရှိလှ ။ သို့သော် သူကလည်း တစ်မျိုး စွမ်းသည် ။ အရိုက်အနှက် ကောင်းလှသည် ။ လက်လည်း မြန်လှသည်ဟု ဆိုသည် ။ ပွဲတကာတွင် ရိုက်ပွဲဖြစ်သည် ဆိုလျှင် တရားခံ မောင်ခိုင် သာ ဖြစ်နေတတ်သည် ။ ယခု အဖေက သူကြီး ၊ သူကလည်း ဇီးဖြူကုန်းဈေးကို ပိုင်နေသူ ဖြစ်၍ သူ့လက်ကို အလွန် အသုံးချနေသည်ဟု ပြောကြသည် ။ ထစ်ခနဲ စကားများလျှင် မောင်ခိုင်က “ ခွပ် ” ခနဲ ရိုက်ပြီးသား ဖြစ်နေပြီ ဟူသော သတင်းများကို ကြားရသည် ။ ရိုက်မှု ဖြစ်တိုင်းဖြစ်တိုင်း ဦးဖိုးရှင်းက သားအတွက် ချော့၍ တစ်မျိုး ၊ ခြောက်၍ တစ်ဖုံ အကာအကွယ် ပေးရလေသည် ။

များမကြာမီတွင် မောင်ပြုံးချိုလည်း အခြားဒေသသို့ ပြောင်းရွှေ့သွားရလေသည် ။ သို့သော် ဦးဖိုးရှင်းတို့ သားအဖ အကြောင်းကိုကား မကြာခဏ ကြားနေရပါသည် ။ သတင်းသည် ဆိုးသည်ထက် ဆိုး၍ဆိုး၍ လာလေသည် ။ ဦးဖိုးရှင်းသည် ဦးဖိုးရှုပ်ကြီး အဖြစ်နှင့် ထင်ရှားလေတော့သည် ။

“ ဦးဖိုးရှင်း ... ကောင်းကောင်းနေနော် ၊ ခင်ဗျားပဲ ပြောတယ် မဟုတ်လား ၊ ဇီးဖြူကုန်းက လှုပ်လှုပ်ရှိရင် ခပ်ထောင်ထောင်လူတွေ ခေါင်းပြုတ်တတ်တယ်လို့ ။ ဒီတစ်ခါ လှုပ်လှုပ် ဆိုရင် ဘယ်သူ့အလှည့် ဖြစ်မလဲဆိုတာ စဉ်းစားကြည့်စမ်း ” ဟု မောင်ပြုံးချိုက တွေ့သော အခါများတွင် သတိပေးသည် ။

“ ကျွန်တော်က ကိစ္စ မရှိပါဘူး ၊ ဟိုကောင် အတွက် ခက်နေတာ ”

သူ့သား မောင်ခိုင်ကို မေးငေါ့ပြတတ်သည် ။

“ ဟေ့ .... မောင်ခိုင် ၊ သိပ်မထောင်နဲ့နော် ၊ ထ , လွန်း အားကြီးရင် ထိုင်ရတတ်တယ်ကွဲ့ ” ဟု ပြောလိုက်သောအခါ မောင်ခိုင်သည် ဘာမှ ပြန်မပြော ၊ သွားကြီးသာ ဖြဲ၍ တဟဲဟဲ ရယ်နေတတ်ပါသည် ။

၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးကြေညာပြီး၍ မကြာမြင့်မီ တစ်တိုင်းတစ်ပြည်လုံး ပုန်ကန်သောင်းကျန်းမှုများ ဖြစ်လာလေသည် ။ ထိုဂယက်သည် ဇီးဖြူကုန်း ကိုလည်း လာ၍ ရိုက်သည် ။ တစ်နယ်လုံး လှုပ်လှုပ်ရွရွ ဖြစ်လာလေသည် ။

တစ်ညသောအခါ ဦးဖိုးရှင်းတို့ အိမ်ကို လက်နက်ကိုင် အမြောက်အမြား ဝိုင်းပြီးလျှင် တရစပ် ပစ်ခတ်ကြသည် ။ ဦးဖိုးရှင်းတို့သည် တံခါးဖွင့်မပေး ။ အတွင်းမှ ခုခံမည် ကြံကြသည် ။ သို့သော် အားမမျှ ၊ အိမ်၏ လေးဖက်လေးတန်တွင် လက်နက်မျိုးစုံနှင့် လူငါးဆယ်လောက် ဝိုင်းထားပြီးဖြစ်နေသည် ။ သား ဖြစ်သူ မောင်ခိုင်သည် အသင့် ဆောင်ထားသော လက်ပစ်ဗုံးကို ကိုင်လျက် ရေတံလျှောက်ထဲတွင် ဝင်ပုန်းသည် ။ သို့သော် မလွတ်နိုင်တော့သည့်အရေးကို မြင်သည် ။ ထို့ကြောင့် သားအဖ နှစ်ယောက်စလုံး အိမ်ပေါ်မှ ဆင်း၍ ထွက်ပြေးရန် ကြံကြသည် ။ မောင်ခိုင်သည် အိမ်မှ အထွက် အိမ်ရှေ့ ပေငါးဆယ် လောက်ကွာ ရောက်လျှင် သေနတ်ထိ၍ လဲလေသည် ။ နောက် တစ်ချက် ပစ်လိုက်သော ကျည်ဆန်သည် သူ ကိုင်ဆောင်ထားသော လက်ပစ်ဗုံးကို ထိကာ ပေါက်ကွဲလေသည် ။ မောင်ခိုင်၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း အတစ်တစ် ဖြစ်သွားလေသည် ။ ဦးဖိုးရှင်းလည်း မီးရထားသံလမ်းကို ကျော်ပြီး လွတ်ပြီ အထင်နှင့် လယ်ထဲသို့ အဆင်းလိုက်တွင် ချုံစပ်မှ စောင့်နေသူတို့ ပစ်လိုက်သော သေနတ်ကျည်ဆန် ထိ၍ လဲလေသည် ။

“ လာဟေ့ ... လာ ၊ ဒီမယ် တစ်ယောက် မိထားပြီ ”

ထိုအသံကြောင့် အားလုံး ဝိုင်းလာကြပြီးလျှင် သေနတ်နှင့်ပစ်၍ မသေမရှင် ဖြစ်နေသော ဦးဖိုးရှင်းကို ဓားနှင့် ဝိုင်းခုတ်ကြသည် ။

“ ဟေး ... သိပ်စကားများတဲ့ ငတိကြီး ၊ လျှာကိုပါ ဖြတ်ဦးကွာ ” ဟူသော အသံများကိုလည်း ကြားရသည် ။

မကြာမီ ငြိမ်သက်သွားလေသည် ။ မည်သူမျှ အိမ်ထဲမှ မထွက်ရဲကြ ။ နံနက် မိုးလင်းသောအခါ အိမ်ရှေ့ ချိုင့်ခွက်ထဲမှ မောင်ခိုင်၏ အသားတစ်များကို လိုက်ကောက်ကြရသည် ။ ဘူတာရုံဘေးရှိ လယ်တောစပ်မှ ဓားဒဏ်ရာတွေနှင့် မရှုမလှ အသက်ဆုံးနေပြီ ဖြစ်သော လျှာ မရှိတော့သည့် ဦးဖိုးရှင်း၏ ရုပ်အလောင်းကို တွေ့ကြရလေသည် ။

“ အင်း ... တစ်နေ့ ဒီလို ဖြစ်မယ်ဆိုတာ အထင်သား ”

မောင်ပြုံးချို နှင့်တကွ ကြားရသူ အပေါင်းတို့သည် ဤသို့ ရေရွတ်ရင်း စုပ်သတ်ကြကုန်သည် ။

“ သားအတွက် အဖေပါ သေရတာပါကွာ ”

“ လုပ်ချင်တာက ငခိုင်ကိုကွ ၊ အဖေက ကာကွယ်နေတော့ သူ့ပါ ကိစ္စတုံးလိုက်ကြတာပေါ့ ” ဟူသော စကားများကိုလည်း ကြားရလေသည် ။

မောင်ပြုံးချိုသည် ဇီးဖြူကုန်း ဘူတာကို ဖြတ်၍ ရထား စီးသွားတိုင်း ထိုအကြောင်းများကို စဉ်းစားမိသည် ။ သတိရမိသည် ။ ဘူတာထဲသို့ ရထား ဝင်လာလျှင် ရထားပေါ်မှ ဦးဖိုးရှင်း နေထိုင်သွားသည့် အိမ်ကို လှမ်းမျှော်ကြည့်မိသည် ။ အိမ်အိုကြီး နေရာတွင် ခံ့ညားသစ်လွင်သော အိမ်သစ်ကြီး ဖြစ်နေပါပြီ ။

“ အဲဒီအိမ်ကြီး ဘယ်သူ နေသလဲ ” ဟု မေးလျှင် -

“ မသိဘူးလား ၊ ဒီနယ်မယ် အလွန်တန်ခိုးကြီးတဲ့ ဘုန်းကြီးမျောက်ကြီးအိမ်ပေါ့ ” ဟူသော အဖြေကို ရသည် ။ ထို နေရာမှ တစ်ဆင့် အိမ်ရှေ့ တစ်နေရာကို ကြည့်မိသည် ။ သည်နေရာကား မောင်ခိုင်၏ အသားတစ်များကို တစ်စစီ ကောက်ယူရသည့် နေရာဖြစ်သည် ။ ထို့နောက် ဘူတာရုံ၏ အရှေ့ဘက် ဦးဖိုးရှင်း မရှုမလှ သေရရုံတွင်မက လျှာကိုပါ ဖြတ်ယူသွားခြင်း ခံရသည့်နေရာ တာကျင်းကို ကြည့်မိသည် ။ မီးရထားသည် ဇီးဖြူကုန်း ဘူတာမှ တဖြည်းဖြည်း ထွက်စပြုသောအခါ မောင်ပြုံးချို၏ မျက်စိအစုံသည် လယ်တောစပ် တစ်နေရာကို လှမ်းမျှော် ကြည့်မိပြန်သည် ။

“ ဦးဖိုးရှင်းကို အဲဒီ နေရာမယ် မြှုပ်ထားတာပေါ့ ” ဟု တစ်ခါက သူ့ကို ပြသဖူးသည် ။ ထိုစဉ်ကမူ မို့မောက်လျက် ရှိသော မြေပုံကို တွေ့ရသည် ။ ယခုသော်ကား ချုံပိတ်ပေါင်းတို့ဖြင့် အုပ်လျက်ရှိပါသည် ။

“ ဪ .... ဦးဖိုးရှင်း .. ”

“ လှုပ်ခနဲဆို ဒီနယ်က ခပ်ထောင်ထောင်နေတဲ့လူ ခေါင်းကို ဖြတ်တာပဲ ” ဟု သူ မကြာခဏ ပြောဖူးသည် ။ သူ့အလှည့် ကျတော့ ဦးခေါင်းကို မဖြတ် ၊ လျှာကို ဖြတ်ယူသွားကြသည် တကား ။  ။

▢  မန်းတင်

📖 မြဝတီ မဂ္ဂဇင်း
      ၁၉၅၆ ခု ၊ ဇူလိုင်လ

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၂၀၁၉

No comments:

Post a Comment