❝ ဂျီးဂေါင်မရဲ့ အရက်အိုး ❞
( ခင်ခင်ထူး )
၁ ။
အဖေ အရက်မူးလာရင် ဂေါင်မ ကျိတ်ပြီး ရယ်ချင်တယ် ။ အဖေက အရက်မူးလာမှ စကားပြောတာပါ ။ နို့မို့လို့ကတော့ သူကြီးက ရိုက်စစ်လို့တောင် စကားတစ်ခွန်း မဟဘူးဆိုတဲ့ လူမျိုးရယ် ။ အဖေတို့များ အရက်သောက်ချင်တာနဲ့ ညနေစောင်း နေဝင်ချိန် ရောက်ဖို့ရာ စောင့်နေသလိုပဲ ။ ညနေဘက် ယာတောက ပြန်လို့ လှည်းချွတ် ၊ နွားနှစ်ကောင် နွားစားကျင်း ခေါင်းတပ် ပေးပြီးရင် ရွာထဲကို ပြေးတော့တာပဲ ။ ရွာထဲ ဆိုတာက ဦးပျော့ အရက်ဆိုင်ကို ပြောတာ ။ အရက်သောက် နောက်ကျမှာ စိုးလို့ ရေတောင် မချိုးဘူး ။ ရေကလည်း ချိုးချင်တဲ့ အခါမှ ချိုးတာပါ ။ ညစ်ပေနေတဲ့ ချွေးတွေသံတွေနဲ့ နေချင် နေလိုက်တာများ ရိုးနေ ပေါ့ ။ တစ်ခါတလေ အမေက ရေများချိုးပါဦး ၊ တော့် ကိုယ်က ရေကပြင်နံ့ ပေါက်နေပြီ ဆိုမှ တစ်မှုတ်တစ်ဖလား ချိုး တော့တာ ။ ရေကပြင်နံ့ ဆိုတာ အိမ်နောက်ဖေးက ပန်းကန်ဆေး ဆန်ဆေးတဲ့ နေရာက ဗွက်ပုပ်နံ့လို့ ပြောတာပါ ။ ဒါဆိုရင် အဖေက အမေ့ကို ချေတတ်တယ် ။
“ ငါက ဗွက်ပုပ်နံ့ ၊ နင်က ချဉ်ဖတ်နံ့ ”
တစ်ခါတလေ အမေက အိုးကိစ္စ ၊ အိမ်ကိစ္စ ၊ စီးပွားရေး ကိစ္စ ပြောချင်လို့ တော်နဲ့ ကျုပ် စကားတွေ ပြောကြစို့ ဆိုတော့လည်း အဖေက ပြောချင်မှ ပြောတာ ။ တစ်သက်လုံး စကားပြောလာတာဟာ ပြောစရာတွေ မကုန်သေးဘူးလား တဲ့ ။ ညဘက်မူးပြီး ပြန်ရင် တော့ မနက်က နင် ပြောချင်တဲ့ စကား ဆိုတာ ဘာတုံးလို့ မေးပြီ ။ အဲသလို ဆိုပြန်တော့ အမေက ရွဲ့တတ်တယ် ။
“ အေးညို နင် ပြောစရာ ရှိဆို ”
“ မရှိတော့ဘူး ... အချိန် မဟုတ် အခါမဟုတ် ”
“ ပြောပါဟ ၊ လူဆိုသာ မသေခင် ပြောရသာ နင့်မလဲ ”
“ တော် မူးနေတော့ ပြောလည်း အပိုပဲ ၊ မနက်မှ ပြောမယ် ”
“ လင်မယားချင်း စကား ပြောသာတောင် နေ့နဲ့ ည လွှဲနေသေးဗျာ ၊ ခက်ပါ့ကော ဒီမိန်းမနှယ် ”
တစ်ခါတလေ အမေက ပြောတာပေါ့ ။ “ တော် မပေါ့နဲ့တဲ့ ၊ ကလေးတွေက အရွယ် လား မြောက်ကြတော့မယ် ၊ အိမ့်စီးပွားရေးက ဒီအတိုင်း သွားလို့ မဖြစ်တော့ဘူး ” ဆိုရင် အဖေက “ သမီးတွေ အတွက် မပူပါနဲ့ဟာ ၊ အရွယ်ရောက်လို့ လင်ရရင် သူတို့ လင်တွေက လုပ်ကျွေးကြပါလိမ့်မယ် ” တဲ့ ။ အဖေက အဲသလိုရယ် ။ အဖေက အမေ့ကိုသာ စိတ်လိုလက်ရ စကား မပြောတာပါ ။ သမီးအကြီး ဖြစ်တဲ့ “ ဂေါင်မ ” ကျတော့ ပြောချင်ပြောပြန်ရော ။ ဂေါင်မ ကိုမှ မဟုတ်ဘူး ။ အငယ်မကိုလည်း ပြောချင် ပြောနေတာ ရှိတယ် ။ အငယ်မ နာမည်က “ ဂုတ်မ ” တဲ့ ။ ဂေါင်မ နဲ့ ဂုတ်မ ဆိုတဲ့ နာမည်တွေကို အဖေပဲ ပေးခဲ့တာတဲ့ ။ ရွာမှာ ကလေးတွေ ကစားတဲ့ ကစားနည်းတွေ ထဲမှာ လောက်စာလုံးလို ၊ ဖန်တူလုံးလို ၊ ပေသီးလို ဟာကို ခပ်လှမ်းလှမ်းက မြေကြီးပေါ် တုတ်နဲ့ ခြစ်ထားတဲ့ စည်းကနေ ပစ်ရတဲ့ ကစားနည်း ရှိတယ် ။ ဆိုပါတော့ ၊ လောက်စာလုံး ဆိုရင် သုံးလုံးပူး အပေါ်က တစ်လုံးတင် ။ အဲဒီ လေးလုံးတစ်တွဲကို တစ်ဖို ခေါ်တယ် ။ ထိပ်ဆုံးက ဖိုကို ဂေါင် ( ခေါင် ) ခေါ်တယ် ။ သူ့နောက်က ဖိုကို ဂုတ် ခေါ်တယ် ။ နောက်ဆုံးဖိုကို ဘိတ် ခေါ်တယ် ။ ဖိုတွေ တစ်တန်းကြီး စီထားလို့ ဆိုရင်တော့ ဂေါင် နဲ့ ဂုတ် နောက်က ဖိုတွေကို ဘိတ်ရှေ့ခေါ်ကြ တာပဲ ။ နောက်ဆုံးဖိုက ဘိတ် ။ လေးဖိုပဲ ရှိရင်တော့ တတိယ ဖိုက ဘိတ်ရှေ့ပေါ့ ။ ဂေါင် ( ခေါင် ) ၊ ဂုတ် ( ကုပ် ) ၊ ဘိတ်ရှေ့ ၊ ဘိတ်ပေါ့ ။
“ အေးညို သမီးချည်း လေးကောင်မွေးစမ်း .. ငါက သမီး တွေချည်း လိုချင်သာဗျ ၊ ကန်တော့ပွဲလေးပွဲရ နည်းရော့လား ”
“ လေးကောင်မွေးစမ်း ဆိုလို့ ရရောလား ၊ ကျုပ်က ခွေးမမှ မဟုတ်သာ ”
ကန်တော့ပွဲ လေးပွဲဆိုတာ တစ်ဖက် ယောက်ျားလေးရှင် ဘက်က ကန်တော့ပွဲ တင်တောင်းရတာကို ပြောတာပါ ။ တကယ်လည်း သမီးချည်း နှစ်ယောက် မွေးတာပါ ။ အကြီးမကို အဖေက ဂေါင်မ ( ခေါင်မ ) တဲ့ ။ နောက်မိန်းကလေးကျတော့ ဂုတ်မတဲ့ ။ ဒီမှာတင် အမွေးရပ်တော့ ဘိတ်ရှေ့တစ်ကောင် ၊ ဘိတ်တစ်ကောင် မွေးဦး အေးညိုရ တဲ့ ။ နင့်အလုပ် ရှိသာ မှတ်လို့ ကလေးမွေးတဲ့ အလုပ် ရှိတဲ့ဟာတဲ့ ။ ဒါဆိုရင် အမေက ပြန်ပြောရော ။
“ မွေးချင်တိုင်း မွေးရအောင် ကျုပ်က ဗျိုင်းမှ မဟုတ်သာ ၊ တော့်ဟာတော် မွေးပါ့လား ”
“ ရော်ဟာ ငါ မွေးလို့ ဖြစ်ပါ့မလား နင့်နှယ် ”
ဒါကြောင့်ပြောတာ ။ အဖေ့ကို ဂေါင်မ ရယ်ချင်တယ်လို့ ။ အဖေ့နာမည်က ရွာအခေါ် ဘိုကေသန်း တဲ့ ။ နာမည်ရင်း က ဦးသန်းပါ ။ တစ်ခါတုန်း က ရွာမှာ သျှောင်ကြီးဗွေ ထားတဲ့လူ သုံးယောက် ရှိခဲ့ဖူးတယ် ။ အဖေလည်း ပါသတဲ့ ။ နောက်တော့ အဖေက သန်းတွေ ယားလို့ ဆိုပြီး ဘိုကေ ညှပ် ပစ်လိုက်တယ် ။ ဒါနဲ့က အဖေ့ကို ဘိုကေသန်း ခေါ်ကြရော ။ အဖေက ဘိုကေသန်း နာမည်ကို ကြိုက်တယ် ။ ဇာတ်မင်းသား နာမည်ကိုး ။ အမေ့ နာမည်က ဒေါ်အေးညို ။ တစ်ခါတော့ အဖေက အမေ့ကို ပြောတယ် ။
“ အေးညို ၊ ငါလည်း သျှောင်ကြီးဗွေ ငသန်းက ဘိုကေသန်း ဖြစ်ပြီ ၊ နင်လည်း အေးညိုက ဩဘာညို မှည့်ဟာ ၊ ဇာတ်မြိုင်ထ,က ဖြစ်အောင် ဇာတ်မင်းသားတော့ ဖြစ်ချင်သေး ဟာ ။ ဇာတ်ခုံပေါ်တော့ ဇာတ်မင်းသားခမျာ မယားများသကိုး ဟ ”
“ အေးညိုတို့က ဘယ့်နှယ်မှ မနေပေါင်တော် ၊ တော် ယူနိုင်လို့ လုပ်ကျွေးနိုင်လို့ကတော့ ယူစေ မောင်မင်းပဲ ”
“ မိဖုရားခေါင်ကြီးရယ် နှမက ယူစေချင်ပေသိ မောင်တော်မှာ တယ်ကြီး မဟန်လှ လေတော့ မာန်မကြွဝံ့ပေါင်ဗျာ ။ မိဖုရားခေါင်ကြီးမှာတော့ ဘာတဲ့ဗျာ ။ ချိတ်တစ်ထပ် ၊ ကြွေတစ်ဆစ် ၊ ပိုးတစ် ရစ် ၊ ချည်တစ်ဆင် ၊ ချရားပွင့် အပ်ပေါက် ယိုးဒယား ပန်း ပြောက်ကဲ့သို့ နမ်းလောက်တဲ့ မယ်မဒီ ဘယ်ပန်းချီက လှရ မှာတုံး နှမရဲ့ ”
“ ဘာတုံး ချရားပွင့်အပ် ပေါက်ဆိုသာ ”
“ ချရားပွင့် ဘော်ကြယ် ထိုးသာကို ပြောသာဟ ”
အဖေနဲ့ အမေ အဲသလို ပြောကြတယ်ဆိုတာက ညဘက် အရက်ကလေးထွေ လာမှ ပြောကြတာပါ ။ မနက်ခင်းများတော့ အဖေ့ပါးစပ်က စကားတစ်လုံး ထွက်ဖို့ရာ ဝေးပါသေးရဲ့ ။ အဖေက မူးလာရင် စကားတွေ ပေါလာသလို သီချင်းတွေ ဆိုချင်ဆိုတော့တာ ။
အဖေတို့ အမေတို့က ရွာမှာတော့ ချောင်ချောင်လည်လည် ရှိကြပါတယ် ။ လှည်းနဲ့ ၊ နွားနဲ့ ၊ ကျီကြပုတ်ကက်နဲ့ တည်တည်ပပ နေနိုင်ကြသူတွေပါ ။ ကျီကြ ဆိုသာကို တချို့က မသိကြဘူး ။ မြေကြီးပေါ် ရိုင်ပတ်ကာပြီး စပါး ထည့်တော့ “ ကြ ” ခေါ်သယ် ။ ဆင့်ခံပြီး ပုတ်နဲ့ စပါးထည့်သာက “ ကျီ ” ခေါ်တယ် ။ ပြောသာပြောရတာပါ ဂေါင်မ နဲ့ ဂုတ်မ ညီအစ်မ အဖို့ရာ တစ် အိမ်တည်း အတူနေပေသိလို့ အဖေနဲ့ တွေ့ရခဲတယ် ။ အဖေက မနက်ဘက် လေးနာရီ လောက် ယာတောကို ထသွားတော့ ဂေါင်မတို့က မနိုးသေးဘူး ။ ဂေါင်မတို့ ညီအစ်မက တစ်ရွာမှာ ကျောင်းသွားတက်ကြတာကိုး ။ ဂေါင်မတို့ ရွာမှာ မူလတန်းကျောင်း မရှိဘူး ။ နည်းနည်းဝေးတဲ့ ထဖိုမရွာကို ထမင်းထုပ်နဲ့ သွားကြရတယ် ။ ဂေါင်မက ဆယ့်တစ်နှစ် ဆိုတော့ လေးတန်း ၊ ဂုတ်မက ကိုးနှစ်ဆိုတော့ သုံးတန်း ။ ညနေဘက် ထဖိုမ က လျှောက်ပြန်ကြရတော့ မိုးချုပ်ပြီ ။ မိုးချုပ်ရင် အဖေက ရွာ့နောက်ဖျားက ဘုံဆိုင် ရောက်ပြီ ။ အမေက ဘုံဆိုင် ဆိုလို့သာ ဘုံဆိုင် ပြောရတာ ပါ ။ ဘာမှန်း မသိတော့ အမေ့ ကို မေးကြည့်ရတယ် ။
“ ဟဲ့ ထရေ ( ထန်းရည် ) ရောင်းသာက ထရေဆိုင် ၊ အရက်ရောင်းသာက ဘုံဆိုင်ပေါ့ ”
“ အရက်ဆိုင် မခေါ်ဘဲ ဘာပြုလို့ ဘုံဆိုင် ခေါ်ကြသာတုံး အမေရဲ့ ”
“ အရက်သမားတွေ ဒီတစ်နေရာတည်း ဘုံစခန်း ထားပြီး ဆုံကြလို့ ခေါ်သာ နေမှာပေါ့အေ ”
ပြောသာ ပြောရတာပါ ။ အဖေ့ကို အရက်သမားလို့ ပြောဖို့တော့ ခက်သားပဲ ။ နေကုန်နဲ့ နေ့ခန်း ပူကြီးလောင်ကြီးထဲ လုပ်ရတာ ဆိုတော့ အလုပ်ပင်ပန်းလို့ နည်းနည်းပါးပါး သောက်တာ နေမှာပါလေလို့ ဂေါင်မ တွေးတယ် ။ အဖေက မိသားစု အဖို့ရာ အလုပ် သိပ်လုပ်တာ သိတော့ တစ်ခါတလေ အဖေ့ကို သနားမိတယ် ။ အဖေက ပျော်ပျော် နေတတ်သလို ဘယ်သူ့ကိုမှ ဆူဆူဆဲဆဲ မရှိဘူး ။ အရက် မူးလာရင် ပိုပြီးတောင် သဘောကောင်းသေး မှတ်တာပဲ ။ မျက်နှာက ပြုံးနေတာ အဲဒီအချိန်ပဲ ။ ဂေါင်မက အရက်က ကောင်းလို့လား အဖေရ ဆိုတော့ ...
“ ဘယ့်နှယ်ပြောပါလိမ့် ၊ ငါ့သမီးများတောင် အဖေက တိုက်လိုက်ချင်သေးသာ ... ယောက်ျားလေးတွေ မဟုတ်လို့ ” တဲ့ ။
ညဘက် အဖေ ဘုံဆိုင်က ပြန်လို့ ထမင်းစားတော့ ခူးထားတဲ့ထမင်းတွေက အေးနေပြီ ။ အချိန်အခါနဲ့ စားတာ မဟုတ်တော့ အမေက ထ,ပြုပြီး ကျွေးတာမျိုး ဘယ်တုန်းကမှ မရှိဖူးဘူး ။ အဖေ့ထမင်းဝိုင်းနား ထိုင်တာမျိုးလည်း မရှိဘူး ။ အဖေ့အရက်နံ့ မခံနိုင်လို့တဲ့ ။ ဂေါင်မ ညည်းအဖေကို ထမင်းကျွေးလိုက်လို့ ပြောရုံပဲ ။ ထမင်းက ခူးပြီးသားပါ ။ ဝါးအုပ်ဆောင်း လှပ်ပေးရုံရယ် ။ အဖေက ပြုံးပြုံးပြုံးပြုံးနဲ့ ဟင်းပန်းကန်ထဲက ဟင်းကို ထမင်းပန်းကန်ပေါ် မှောက်ချပြီး လေသံ တရွှီးရွှီး မြည်အောင် စားတော့တာပဲ ။ ထမင်းတွေက အေးနေတော့ အဖေက ရွဲ့တယ် ။ ထမင်းများ အဲသလောက် ပူရင် လျှာကျွတ်ကျတတ်သဗျတဲ့ ။ တစ်ခါတလေ တော်တော်လေး မူးလာရင် အိမ်ကပြင် တက်တာနဲ့ သမီးရေ ဂေါင်မ ၊ အဖေ ထမင်းစားတော့မယ် ၊ ခြေဆေးရေ ယူခဲ့ ” လို့ ပြောတတ်တယ် ။
“ လက်ဆေးရေပါ အဖေရဲ့ ၊ မပြောကောင်း ပြောကောင်း ”
“ အံမာ တို့ရွာက လက်သမားဖိုးကံ လို လွဲလှ တစ်ထွာပေါ့ဟဲ့ ။ ကနေ့ ဘာဟင်းတုံး ”
“ ဘဲဥ အဖေရဲ့ ”
“ လောကမယ် ဘဲမတွေ ရှိလို့ အဖေ အသက်နဲ့ ခန္ဓာ မြဲသာဗျား ၊ ဘဲမများတောင် ကျန်းမာချမ်းသာကြပါစီ မေတ္တာ ပို့ရသေးဗျား ဟေး ဟေး ... ၊ ဘဲတွေ ကျန်းမာမှဗျ အနီဃာ ဟောန္တု အဗျာပဇ္ဇာ ဟောန္တု ... ညည်းတို့ အမေ အေးညို အရင် ဘဝက ဘဲမများ ဖြစ်ခဲ့ရော့လားဟာ မေးစမ်းပါဦး ”
အမေက အတွင်းခန်း ထဲက ကြားရတော့ ထ,အော်တယ် ။ ဘဲဥပဲ တော်ရေ တဲ့ ။ ရွာထဲ ဘဲဥစားနိုင်တာ တော်နဲ့ သူကြီး ဦးပေါက်ရှိ သာတဲ့ ။ အဲသလိုပြောရင် “ အေး ၊ ဟုတ်လောက်သယ် ... တို့သူကြီးလည်း ကြည့်လိုက်ရင် ဘဲဥရုပ် ပေါက်နေ သာ ” တဲ့ ။
ဂေါင်မကတော့ အဖေ ပြောရင်ရယ်တာပဲ ။ သူကြီးက ဝဝလုံးလုံးကြီးကိုး ။ အဖေက ပြောသာ ပြောတာပါ ။ ဘာ ဟင်းချက်ချက် စားရှာတာပါပဲ ။ သားအဖ လေးယောက် တစ်အိုး ဆိုပေသိ အခင်းထွက် သီးနှံက မိုးလေကောင်းပါမှ ထွက်တာ မဟုတ်လား ။ မိုးလေကောင်းပြန်တော့ ပေါက်ဈေး တိုက်ဈေး က ဈေးကောင်းပါမှ ဖြစ်တာကို ။ ဆယ့်တစ်နှစ်သမီး ဆိုပေသိ ဂေါင်မ နားလည်တယ် ။ ဂေါင်မတို့ကလည်း ဘဲဥချက်နဲ့ လူဖြစ်ရတယ်လို့တောင် ပြောနိုင်ပါရဲ့ ။ အဖေ ပြောလည်း ပြောစရာ ။
“ အေးညို ၊ နက်ဖျင် အပြောင်းအလဲလေး ဖြစ်အောင် ဘဲဥချက်ဟာ ”
“ စိတ်ကူးပြီးသားပါတော် ၊ ကတ်သီးကတ်သတ် နှစ်လုံး ကျန်နေလို့ ”
“ ငါ့ဆီက နှစ်လုံးပါ ယူချက်ကရော့ဟ ၊ လောက်ငသွားအောင် ”
ဂေါင်မကတော့ ရယ်တာပဲ ။ ဂုတ်မက ကလေး ဆိုတော့ ဖအေ ဘာပြောမှန်း သဘော မပေါက်ဘူး ။ ဖအေကို ပြောသေးတာပါ ။ “ အဖေက ဘာကိစ္စ ဘဲဥနှစ်လုံး ဝှက်ထားသာတုံး ” တဲ့ ။ အဲသလိုဆိုရင် အဖေက ရယ်ရော ။ အဖေက ထမင်းစား ပြီးရင် အမေလိပ်တဲ့ ပြောင်းဖက်ကို ဖွာတော့တာပဲ ။ ပါးစပ် ကလည်း စကားတွေ ပြောချင်လို့ အကြောင်းရှာတယ် ။ ပြောစရာ မရှိရင် သောက်လက်စ ပြောင်းဖက်လိပ် အကြောင်း ပြောချင်ပြောတယ် ။ ရွာ့အနောက်က သူ ကြားလာတာတွေ ပြောချင် ပြောတယ် ။ သူ မခံချင်တဲ့ စကား ပြန်နွေးပြီး ပြောချင် ပြောနေတတ်တာလည်း ရှိရဲ့ ။
“ အေးညို ၊ တို့ဘုရား လက်ထက်တော်တုန်းက ပြောင်းဖူးဖက်ဆေးလိပ် ရှိ ရောလားဟ ”
“ ကျုပ် ဘယ်သိပါ့ ၊ မဟုတ်သာ မေးကရောမယ် ”
“ ခက်ပါ့ကော ၊ ပြောသာ ပြောရသာ အေးညို လိပ်တဲ့ ပြောင်းဖက်များ ကောင်းချက်တော့ လျှာကွဲ အာကွဲ လိုက်ကရော ။ နင့်ဟာက ဆေးရိုး ဟုတ်ကဲ့လားဟာ ငရုတ်ပင်များ စဉ်းထားရော့လား ”
ပြောချင်တာက အဖေ့ အကြောင်းပါ ။ အဖေက ဂေါင်မတို့ အိမ်ထောင်ရက်သား ကျတဲ့အထိ အသက်ရှည်ရှာပါရဲ့ ။ အရက်တော့ သေတဲ့ အထိ သောက်သွားတယ် ပြောရမှာပေါ့ ။ ဒါပေသိ ပြောခဲ့သလိုပဲ အဖေ အရက်သောက်တာ စိတ်မညစ်ရဘူး ။ မသောက်တဲ့ အချိန် ပျင်းစရာကောင်း သလောက် သောက်ရင်တော့ အင်မတန် ပျော်ရတယ် ။ တစ်ခါများ အရက်များလို့ ထင်ပါရဲ့ အန်ရော ။ အန်တော့ အမေက အရက်သမား အန်ဖတ် ရွံလို့တဲ့ ဂေါင်မ လုပ်ပေးလိုက်တဲ့ ။ ဂေါင်မပဲ ရေတစ်ပုံး ခပ်ပြီး ဆေးရတာပေါ့ ။ အဖေက ပြောသေးတာ ။
“ ငါ့သမီး မရွံနဲ့ ၊ အဖေက ပညာရှိ သူတော်ကောင်းရယ် ၊ အခု အန်တာတွေက ပညာတွေ အန်သာ နှမြောချက်ဗျာ ” တဲ့ လေ ။
••••• ••••• •••••
၂ ။
အခုတော့ ဂေါင်မ အရွယ်က ကျော်လို့ မဂေါင်မ ဒေါ်ဂေါင်မ အရွယ် ရောက်ပါပြီ ။ ဂေါင်မ အပျို မမှည့်တစ်မှည့် အရွယ်မှာ ကိုယ်က ကြိုက်မိတာရော ၊ ဖအေ မအေ ကပါ သဘောတူတာရော ဆိုတော့ ရွာက ကျောက်အိုး နဲ့ ညားတယ် ။ ကျောက်အိုး ကလည်း တောင်သူ့သားပါပဲ ။ ညီအစ်ကိုမောင်နှမတော့ များတယ် ။ ကျောက်အိုးက သူတို့ မောင်နှမတွေထဲ အကြီးဆုံး ။ နွားအရောင်းအဝယ် ၊ အလဲအထပ် လုပ်တယ် ။ မဂေါင်မတို့ အိမ်ရောက်ပြီ ဆိုတော့ အဖေဘိုကေသန်းရဲ့ လယ်တွေ ဦးစီးရပြီ ။ ယောက္ခမလယ်တွေ လုပ်ရသကောရယ်လို့ စိတ်က မပါလေဘူး ။ ရွာစဉ်ထွက် နွား အလဲအထပ် လုပ်ချင်တာက ပိုတော့ မဂေါင်မက ရွာစဉ် ဂေါက်ဂက် သွားချင်ရပါ့မလားရယ်လို့ ငေါက်ရတာ များပြီ ။ အမေဒေါ်အေးညို ရှိသေးပေသိ ဒီကိစ္စမှာ အမေက များများ မပါပါဘူး ။ သမက်က စိတ်မပါတော့လည်း စာရင်းငှား ရှာရမှာပေါ့အေတဲ့ ။ မဂေါင်မ ကတော့ လက်မခံဘူး ။ တောင်သူ့သား ဖြစ်ပါလျက်ကနဲ့ အခင်းထဲ မဆင်းချင်တာကို အားမရဘူး ။ လင်က ရွယ်တူ သူငယ်ချင်း ဘဝက ညားရတာ ဆိုတော့ ကျောက်အိုး ခေါ်လိုက်တာပါပဲ ။
“ ကျောက်အိုး ၊ နင့်မလည်း မနက် ဆွမ်းခံချိန်တောင် ကျော်ပြီ ။ ခုထိ ယာတော မရောက်ရသေးဘူး ။ အဖေ့တုန်းကများ မနက်ဘက် အဖေ့မျက်နှာ မြင်လိုက်ရတယ် မရှိဘူး ၊ ဝီရိယလေး ထားပါမှပေါ့ ဒါနဲ့ စားရတဲ့ဟာ ”
“ ငါ့စိတ်ကူးက တစ်မျိုး ဂေါင်မရ ။ နင်တို့ အိမ်က နွားလေးကောင်က ဈေးကောင်း ရနိုင်သယ် ၊ နှစ်ကောင်က လဲလို့ ထပ်လို့ရသယ် ။ တိုင်းမသိတော့ ဗာရာဏသီ ဟာ ၊ မင်း မသိတော့ ဗြဟ္မဒတ် ဟာ ၊ နွားမသိတော့ နပြာနီ ဟာ ၊ နင်တို့ အိမ်က နွားတစ်ကောင်က အနီမွေးမှာ အပြာဖောက်သာ တစ်ကောင်ပါသယ် ။ ငါ့ သဘောတော့ ထုတ်လိုက်ချင်သာပဲ ။ ကောင်းသာက အပြာ မဟုတ်ဘဲ အမည်း ဆိုရင် လက်ခမောင်းသာ ခတ်တော့ ။ နပြာနီမည်းကွပ် ခေါ်သယ် ။ ကျန်သာတွေက သုံးဖြစ်ရုံတော့ ဟုတ်သာပေါ့ ။ နပြာထဲက မဟုတ်ဘဲ နရွှေနီ နဝါနီ ဆိုရင် မဆိုးလှဘူး ။ သို့ပေသိ နင်တို့ နွားတွေက အင်္ဂရုပ် ( အင်္ဂါရုပ် ) နဲ့ ကြည့်တော့ စေလေးလုံး မပြည့်ဘူး ။ ဘာ စေတွေတဲ့တုံး ။ နှာတံခုံးစေ ခွာလုံးစေတဲ့ ။ မျက်လုံးပြူးစေ ၊ နှာရှူးစေတဲ့ ။ နွားများ နှာတံ ကလေးက ပိုးတောင်မာ အခွံလို ခုံးခုံးကလေးနေမယ် ။ ခွာတွေက လေးဖက်ကျထသီး ( ထန်းသီး ) လုံးကလေးတွေ စွ ထားသလိုရှိမယ် ။ မျက်လုံးတွေက မျက်ဆန်ကြည် မျက်ဆန်ရည်ကောင်းကောင်းနဲ့ ဗာဒံသီးများလို ရှိမယ် ။ နှာခေါင်းနှာရောင်က လှေနှာရောင်လို ရှူးမယ်ဆိုရင် ကောင်းပြီ ။ ပြောချင်သာက ... ”
“ ကျောက်အိုး အပိုတွေ မပြောနဲ့ ၊ အိမ်က ဘယ်နွားမှ ထုတ်မရောင်းဘူး ။ နပြာ မကလို့ မဲနယ် ဖြစ်ဖြစ် ကိုယ့်ယာ ကိုယ့်ကိုင်း ရှိရက်ကနဲ့ နရောင်း နဝယ် ( နွားရောင်း နွားဝယ် ) လုပ်ရမယ်လို့ ဆပ်သဖူး ဆူးမဖျက်နဲ့ ”
ဆပ်သွားဖူး ဆိုတဲ့ စကားကြားတော့ ကျောက်အိုးက မလျှော့ပြန်ဘူး ။
“ နွားများတော့ ထိပ်ကြာမှာ ဆပ်သွားဖူးပွင့်လို အချွန်းကလေး ပါမှ လှသာ ဂေါင်မရဲ့ ။ ချိုကျတော့ကော ပက်ကားတဲ့ ၊ ချိုထောင်တဲ့ ၊ ချိုလက်ပြတဲ့ ၊ ကြက်တူရွေး တဲ့ ၊ ချိုကုပ်တဲ့ ၊ ချိုတည်လူး တဲ့ ၊ ချိုတုတ်တဲ့ ၊ ဘယ်ထောင် ညာလဲတဲ့ ။ နင်နဲ့ငါ စကား ပြောမဖြစ်ပေါင်ဟာ ။ နွားချို များလိုဆိုရင် နင်က ဘယ်ထောင် ငါက ညာလဲ ”
“ တော်စမ်းပါ ၊ ငါပြောသာက တခြား ။ နွားရှင်ထက် သူခိုးက နှမြောပို ၊ လူလုံးချည်း တက်လာပြီး လက်ထက်ပွား မလုပ်ချင်နဲ့ ”
“ နွားဆိုမှတော့ ထမ်းပိုး တပ်ရင် ရုန်းသာချည်းပေါ့ဟ ။ နပိန်ထူ လူဝှေ့ ၊ နနက် သေး ဆေးဖက်ဝင် ၊ နမတမ်း သားမခင် ”
“ ကျောက်အိုး နင့်မိဘတွေက လက်စသတ်တော့ နပေါ့ အစွံ ထုတ်လိုက်သာပါ လားဟဲ့ ”
“ ရော ၊ အဲသာခက်သာပဲ ၊ အစွံထုတ်ချင် လွယ်ပါ့ဗျာ ငါတတ်ပါ့ ”
“ တော်တော် ၊ ကျောက်အိုးရေ .. နပိန် အသားမထိုးနဲ့ သွားတော့ ထတော့ ၊ သူများတွေ ယာ ကတောင် ပြန်ကြရော့မယ် ”
မရပါဘူး ။ ကျောက်အိုး က အချိုး မပြောင်းတော့ အမေ ပြောသလို စာရင်းငှား “ တက်ခါး ” ခေါ်ရတော့တာပါ ။ တက်ခါးက ဖင်လည်း ပေါ့ပါရဲ့ ၊ အလုပ်လည်း မြဲပါရဲ့ ၊ ယာကိစ္စ ၊ ကိုင်းကိစ္စလည်း အိုးတန်ဆန်ခတ် နားလည်ပါရဲ့ ။ အရက်သောက်တာက ပြဿနာ ။ သောက်ကာမှ သောက်ကရော ။ တက်ခါး ထက် ကောင်းတဲ့ လူကလည်း မရှိတော့ အရက်ကိစ္စ သည်းခံရတယ် ။ တက်ခါးက ငယ်တော့ မဂေါင်မကို မမဂေါင်မ တဲ့ ။
“ မမဂေါင်မနှယ် ကျုပ် ဆယ့်လေးနှစ်သားက သောက်တဲ့အရက် ထောင်းခနဲဖြတ်ဖို့တော့ ခက်သားပဲဗျာ ။ ခင်ဗျားတို့ အလုပ် မထိခိုက်ရင် ပြီးသာပဲ ။ ကျုပ်က အရက်သောက်လို့ လုပ်နိုင်သာ ။ မမဂေါင်မ ယောက်ျား ကိုကျောက်အိုး အရက် မသောက်လို့ ခါးမကျိုးသာ ဗျား ။ ကိုင်း ... မမဂေါင်မ မှားလိုက်သာဗျာ ။ လင်ယူ ကတည်းက အရက်သမားထဲက ရှာယူရမှာ ”
“ အောင်မာ ခုံဖိနပ်နဲ့ ထခုတ်ပြန်ရော့မယ် ။ သွား နစာကျွေးချေ ”
ကျောက်အိုးက ယာခင်းထဲ အလုပ်လုပ်ဖို့ စာရင်းငှား ရပြီ ဆိုကတည်းက နွားရောင်းနွားဝယ်ရယ်လို့ ထွက်လိုက်တာ မကြာတယ် ကြာတယ် သေသလား ရှင်သလား မသိရဘူး ။ တစ်ခါတော့ တစ်ဆင့်စကားနဲ့ မန်ကျည်းဘုတ်ရွာ ဘက်မယ် တွေ့သူက တွေ့ခဲ့တယ် ကြားလို့ နောက်စနေမှ မလာရင် အိမ်မှာ ဆွမ်းသွတ်တော့မယ်လို့ လူကြုံနဲ့ မှာလိုက်ရတယ် ။ ဒီတော့မှ ကျောက်အိုး က ပိုက်ဆံတွေနဲ့ ပြန်လာတယ် ပြောပါတော့ ။ ပိုက်ဆံကို မဂေါင်မကို မအပ်ဘူး ။ ယောက္ခမ ဒေါ်အေးညိုကို အပ်လေတော့ “ ဂေါင်မရယ် ၊ ငါ့သမက်လည်း တစ်ဖက်က ငွေရှာနေသာပါအေ မဆူမအောင့်ပါနဲ့ ” ဖြစ်ကရော ။ ပြန်လာလိုက် ၊ ထွက်သွားလိုက် ၊ ပျောက်သွားလိုက် ဆိုတဲ့ ကြားကပဲ မဂေါင်မ ကိုယ်ဝန် ရကရော ။ အိမ်မကပ်ရတဲ့ လင်တော်မောင် ကျောက်အိုး ကလည်း တစ်ရွာ တစ်ရွာ ကူးရင်းသန်းရင်း သောက်ရင်းစားရင်း ကူးလာတယ် ထင်ပါရဲ့ ။ အရက်သောက်တတ်လာရော ။ တစ်ခါတလေ ရွာကို နွားလာစုရင်း သုံးလေးရက် နေရသခိုက် အိမ်က အရက်သမား စာရင်းငှား တက်ခါးနဲ့ တွဲမိရော ။
“ မမဂေါင်မ လင်ရ ကံကောင်းပေါ့ဗျာ ။ အစ်ကိုကျောက်အိုးက အရက်များ ကျုပ် နောက်မှလည်း သောက်သေး ၊ ကျုပ် ထက်လည်း ပိုသောက်နိုင်သေး ။ သောက်သာမှ နသောက် ( နွားသောက် ) သောက်သာဗျိုး ”
တက်ခါးက အရက်လည်း ကြိုက်ပါရဲ့ ။ တကယ်တော့ ကြက်သမား ။ အရက်ကလေး မူးအောင်သောက်ပြီး ရတဲ့အချိန် ကြက်ပိုက်ပြီး ကြက်ဝိုင်း ပြေးတော့တာပါ ။ တစ်ခါတလေ နွားစာစဉ်း နေရာက ထ,ပြေးရင် ပြေးတယ် ။ နွားစားကျင်းထဲ နစာ ထည့် ၊ ပဲမှုန့်ပဲကြေထည့် ၊ ဖွဲနု ထည့် မွှေရာက ဆတ်ခနဲ ပျောက်ချင် ပျောက်တော့တာလည်း ရှိတယ် ။ ဒီလို သွားပေသိ သူ့တာဝန်တော့ အပျက်မခံဘူး ။ ညမှောင်လို့ မလာဘူးတော့ မရှိဘူး ။ ရေနံမီးခွက်ကြီးထွန်းပြီး တဂျုတ်ဂျုတ်နဲ့ နွားစာ စဉ်းချင် စဉ်းတတ်လေတော့ မဂေါင်မက ပြောမဖြစ်ပြန်ဘူး ။
တစ်ရက်တော့ မဂေါင်မယောက်ျား ကျောက်အိုး နဲ့ အိမ်က စာရင်းငှား တက်ခါးတို့ နှစ်ယောက် မူးပြီး ပြန်လာကြတယ် ။ သောက်ကြတုန်းကလည်း အကောင်း ၊ ပြန်လာကြတော့လည်း အကောင်း ။ အိမ်အောက်က အေးခုတင်ပေါ် ထိုင်ပြီး စကားတွေ ပြောကြတော့မှ စကားများကြရော ။ အမူးသမားတွေရဲ့ ထုံးစံပါလေရယ်လို့ ယောက္ခမ ဒေါ်အေးညိုနဲ့ မဂေါင်မတို့က သည်းခံပြီး အိမ်ပေါ် တက်နေကြရော ။ အမူးသမားနှစ်ယောက် အောက်ထပ်မှာ ပြောနေကြတဲ့ စကားတွေတော့ ကြားနေရတာပေါ့လေ ။
“ အစ်ကိုကြီး ကျောက်အိုးကို မေးမယ် မေးမယ်နဲ့ စကား မရောက်သေးဘူး ”
“ ဘာတုံး မင်းက ပြောကွ ”
“ ဒီလိုပါ ကျုပ်က ကြက်သမားဆိုတော့ ကြက်မှာတော့ ဗြာဆိုသာ အဖြူမှာ အပြာဖောက်သယ်ပေါ့ဗျာ ။ ဗြာကျားခေါ် သာပေါ့ ။ အစ်ကိုတို့ နွားကျတော့ ဗြာကျားရယ်လို့ ရှိရော့လား ၊ ကျုပ်က အဲသာ သိချင်သာ ”
“ မင်းသိတဲ့ ကြက် အရောင်တွေ ပြောစမ်းပါဦး ”
“ စုံပါကောဗျာ ၊ ခင်ဗျား နှယ် အနက်မွေးပါတော့ ဥပန်း ၊ အဖြူမွေးပါတော့ ဖောင်း ၊ အတောင်ပြာ ဖောက်တော့ ဗြာ ၊ အပြာနဲ့အဝါ ဖောက်တော့ ဗြာဥပန်း ၊ အပြာမှာ အနီ ဖောက်တော့ ဗြာနီ ၊ ခါးနဲ့ လည်ဆံနီတဲ့ကြက်တော့ ချိတ် ခေါ်သယ် ။ မီးခိုးစွက်တော့ ဗြာမီးခိုး ၊ ကြက်မည်းတော့ ကျီးတဲ့ ၊ ကြက်ဝါတော့ တုတ် ၊ အဖြူဆွတ်တော့ စင်ရော် ၊ ခါမွေးဝါဖောက်တော့ ကြံ့ခွံ ရှိပါသေးကော ”
“ မင်းပြောတဲ့ ဗြာကြက်က ကြက် အလိုတော့ ဘယ်လို ရှိလို့တုံး ကြက်ကောင်းလား ကြက်ညံ့လား ”
“ ကောင်းလှချည့်ဗျာ ဘာပြောကောင်းမလဲ ခွပ်ချက် ပြင်းသယ် ၊ တောင့်သယ် ၊ မာသယ် ၊ ရင့်သယ် ။ သတ္တိတော့ မစမ်းနဲ့ လူတောင် ထခွပ်ဝံ့ဗျာ ... ကိုင်း ”
“ နွားကျတော့ ဗြာက အရောင်ကို ပြောသာမှုတ်ဖူးကွ စာရင်းငှားရ ၊ စံပယ်ဖြူတို့ ဆတ်မွဲတို့ ဆိုသာ နကြောင် တွေ ။ ဖောင်းဆိုသာ ကြက်မွေး နွားမွေးကို ပြောသာ မဟုတ်ဘူး အရူးရ ၊ ကိုယ်သား ကိုယ်ရေကို ပြောသာ ။ ခက်ပါ့ကွာ အသားပွစိစိလို့ ပြောသာ ”
“ မဟုတ်သာဗျာ ၊ ကြက် မှာ အရောင်က အတောင်အလက်ကို ပြောသာပါ ။ ကြက်ကိုတော့ အစ်ကို့ နွားနဲ့ မနှိုင်းနဲ့လေဗျာ ။ လောကမယ် ကြက်က သတ္တိခဲပဲ ။ ကြက် ထက်များ နွားက သာရရောလား ၊ မဟုတ်သာ ၊ သူရင်း တိုင်ဆိုပြီး စကား မကပ်နဲ့လေဗျာ ”
“ အံမာ ၊ မင်းကလား ငါ့ကို ”
“ ဟုတ်သယ်လေ ၊ ကြက်ဆိုသာ အချင်းချင်းတောင် ရှောင်သာ မဟုတ်ဘူးရယ် ။ ဝိုင်းထဲ မျက်နှာချင်း ဆိုင်မိလို့ ကတော့ ရေကုန်ရေခန်း ခွပ်သယ်ရှိသာ ။ ခင်ဗျား နွားတွေက ရေကုန်ရေခန်း ဝှေ့သယ် ရှိလို့လား ။ ကျုပ် သိသလောက်တော့ မရှိဘူးနော် ကိုယ့်ဆရာ ၊ အလကား နဖျင်းတွေ ”
“ ကိုင်း ၊ ဖျင်းဦးကွာ ဖျင်းဦးကွာ ”
ကျောက်အိုးနဲ့ တက်ခါး တို့ ကြက်နဲ့နွားကိစ္စ စကားနိုင်လုကြရင်းက ထ, နပန်း လုံးကြတာများ လေးနှစ် သစ်ချောင်းကြီးတွေနဲ့ လုပ်ထားတဲ့ အေးခုတင်ကြီးတောင် ပြုတ်ထွက်မလား မှတ်ရတယ် ။ မဂေါင်မ က အပေါ် ထပ်က ပြေးဆင်းလာပြီး ကြက်လည်းတော် ၊ နွားလည်းတော်ဟေ့လို့ အော်ရင်းက ရေတစ်ပုံးနဲ့ ဆွဲလောင်းတော့မှ ရပ်ကြတော့တယ် ။ အဲဒါ တစ်နေ့ ကိစ္စမဟုတ်ဘူး ။ ညနေတိုင်ရင် အတူတူ ထွက်သွားကြတယ် ။ ဘယ်မှာ ဘယ်လို သောက်ကြတယ် မပြောတတ်ဘူး ။ ပြန်လာတော့လည်း တစ်ယောက် တစ်ယောက် ပခုံးချင်းတိုက်ရင်း ပြန်ကြတာပဲ ။ အေးခုတင်ကြီးပေါ် ရောက်ရင် တက်ခါးက ကြက်ကောင်းကြောင်း စ,ကရော ။ ကျောက်အိုးက နွားကောင်းကြောင်း ဝင်ကရော ။ မဂေါင်မ ကလည်း လိုရမည်ရ ရေတစ်ပုံး တည်ထားရရော ။
“ တက်ခါး ”
“ ပြောဗျား ”
“ မင်းတို့ ကြက်ထဲ တိုက်ကြက်ကောင်းကောင်းတစ်ကောင် အများဆုံး ဘယ်လောက်ပေးရတုံး ”
“ တကယ် ခွပ်လက် ကောင်းပြီဆို တန်းဝင်ကြက် နှစ်သိန်း အောက်ထစ်ပေါ့ဗျာ ၊ ဘာရလိမ့်မတုံး ”
“ ဘာရလိမ့်မတုံး ဆိုတာ ဘာစကားလဲ ၊ မင်းက နွားကိုစိန် ခေါ်သာလား ဟေ့ကောင် ”
“ ခင်ဗျားက မေးသာလေ ကျုပ်က ဖြေသယ်လေ ၊ ကြား ထဲမှာ ဘာမှားလို့တုံး ”
“ နှစ်သိန်းလောက်တော့ နကောင်းများဆိုရင် ခွာတစ်ဖက်ဖိုး ရှိသာပါကွာ မယှဉ်ချင်စမ်းပါနဲ့ ။ သူရင်းတိုင်နဲ့ သူရင်းငှားလောက် ကွာသယ်ရယ် ”
“ ဒါတော့ သတ္တဝါချင်းမှ မတူတဲ့ဟာကို ခင်ဗျားက ညစ်ကပ် ကပ်သာပဲ ”
“ ကပ်သယ်ကွာ ကပ်သယ်ကွာ ”
ထိုးကြကြိတ်ကြ ပြန်တော့ မဂေါင်မက ဆင်းရပြန်ရော ။ ရေပုံးနဲ့ လောင်းရပြန်ရော ။ မလောင်းရဘူးဆိုရင် တစ်ပတ် သုံးခါလောက်တော့ လောင်းရတယ် ။ အချင်းချင်း ထိုးလို့ကြိတ်လို့ နဖူးကွဲဒူးကွဲ မရှိပေသိ အေးခုတင်ပေါ်က ပြုတ်ကျလို့ ထိပ်ပေါက် ခေါင်းပေါက် ၊ အကြောညပ် အကြောတင် ၊ ဂုတ် ( ကုပ် ) လည် ဂုတ် ( ကုပ် ) စောင်း ဖြစ်ရတာက ပိုသေးတယ် ။ အမေ ဒေါ်အေးညိုက တစ်ရက်တော့ မေးတယ် ။
“ ဂေါင်မ ၊ ညည်းလင် ညည်း ဘယ့်နှယ် စိတ်ကူးတုံး ”
“ ဘာကိုလဲ အမေရဲ့ ”
“ အရက် သောက်သာပေါ့အေ ၊ ဘာရလိမ့်မတုံး ၊ ယာလည်း လှည့်မကြည့် ၊ ကိုင်းလည်း မျက်စောင်းမထိုး ။ တက်ခါးကလည်း နဂိုက အရက် အဲသလောက် မသောက်ပေါင်အေ ၊ ညည်းလင်နဲ့ တွဲမိမှ သူက သူရင်းတိုင် ဖြစ်နေသေး ။ အခုမှ ကြက်နဲ့နွား ခွပ်မိ ခွေ့မိနေကြပါကော လား ဂေါင်မရဲ့ ”
“ ဂုတ်က ကိုင်ပြီး လွှင့် ပစ်လိုက်ရုံပေါ့ အမေရဲ့ ၊ နှစ် ယောက်စလုံး မထူးဘူး ။ ကျုပ်လင်က ညစ်သာပိုသေး ”
ဒေါ်အေးညို က အသက်ရရှာပါပြီ ။ သီလ ကောင်းလို့ အသက်ရှည်ရပေသိ ယာကိစ္စ ကိုင်းကိစ္စ တွေမှာ စိတ်မရှိတော့ဘူး ။ သားအမိ တစ်တွေ ဘယ်လိုစားစား လောက်င နေတာကလည်း တစ်ကြောင်း ၊ တရားကလေးနဲ့ နေချင်တော့တာကတစ်ကြောင်း ဆိုတော့ ရွာဦးက ဆရာတော့် ရိပ်သာကျောင်းမှာ အနေများပြီ ။ အမေ ပြောလည်း ပြောစရာ ။ အဖေလည်း အရက်သောက်ခဲ့တာပါပဲ ။ အဖေ့တုန်းကများ မဂေါင်မတို့ ပျော်တောင်ပျော်ရသေး ။ ရတဲ့လင် ကျမှ ဖိ ဟယ်စီးဟယ် ၊ အော်ဟယ် ဟစ်ဟယ် ၊ ရိုက်ဟယ်နှက်ဟယ် မရှိတာက လွဲရင် နိစ္စ ဓူဝ အရက်နဲ့ ပြီးနေတာ မဟုတ်လား ။ ဒီဘက် တစ်နှစ် နှစ်နှစ် အရက်ဖက် လာတော့ နွားရောင်း နွားဝယ်က ပြန်ရင် ငွေမပါချင်ဘူး ။ ရွာက ကြိုက်နွား ဝယ်ပေးလိုက်ရအောင်ကလည်း အရင်းပဲ့ဖို့ များလေတော့ နွားအရောင်း အဝယ်ကိစ္စ မလှည့်ဖြစ်အောင် အိမ်မှာ ချော့ထားရသေးတာလေ ။ အိမ်မှာ ရှိပြန်တော့ သောက်ပြန်ရော ။ ထွက်စေ ဆိုတော့လည်း အခက် ၊ ဝင်စေဆိုတော့လည်း အခက် ၊ ဘယ့်နှယ်များ လုပ်ရပါ့ ။အမေ ကတော့ နွားနဲ့ ကြက် ခွဲထားမှ ဖြစ်မှာပါအေတဲ့ ။ ပြောတာသာ လွယ်တာလေ ။ ကြက်ဆိုတဲ့ တက်ခါး မရှိလို့ ကလည်း မဖြစ်ဘူး ။ နွားဆိုတဲ့ ကျောက်အိုး ကလည်း တော် ထားရတဲ့လင် ။ ကျောက်အိုးနဲ့ တက်ခါး မတွဲမိတုန်းက တက်ခါးကလည်း သူရင်းငှား ဆိုတော့ များများသောက်နိုင်တာမဟုတ်ဘူး ။ အာသာပြေလောက် သောက်နိုင်တာကိုး ။ ကျောက်အိုး ကလည်း နောက်မှ တတ်လာတဲ့ ပညာဆိုတော့ ကနဦးက ဒီလောက် မမူးလှဘူး ပြောပါတော့ ။ နှစ် ယောက်တွဲမိတော့မှ ကျောက်အိုး ပိုက်ဆံနဲ့ အိုးကြီး ကွဲသောက်ကြတာ ဆိုတော့ ဒီနှစ်ယောက်ခွဲမှ တော်မယ်ပေါ့ ။
“ ကျုပ်တော့ ဒီလို စဉ်းစားသယ် ။ သူရင်းငှား တက်ခါးကို အိမ်မှာ မထားတော့ဘူး ။ ယာတောထဲ တဲထိုးပြီး အဲဒီမှာ ထားမယ် ။ နွားကျွေး နွားစာစဉ်း အောက်ခြေသိမ်းအလုပ်တော့ အိမ်မှာ လာလုပ်ရမှာပေါ့ ”
“ ညည်းလင်ကကော ”
“ ကျောက်အိုးကို အပြင် မထွက်ခိုင်းတော့ဘူး ။ အိမ်မှာ ပဲ သောက်စေ အမိန့်တော် ထုတ်ရုံပေါ့ အမေရယ် ”
“ အေးပေါ့အေ ၊ တို့အိမ်က အရက်သမား နတ်နှစ်ပါး နတ်ကွန်း တစ်ကွန်းစီ ဆောက် ပြီး ကိုးကွယ်ကြရုံပေါ့ ”
ကျောက်အိုးက ပြောကြကြေး ဆိုရင် ဘာအလုပ်မှ မရှိဘူး ။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ရွာထဲ မွေး သမျှ နွား ၊ ချည်ထားသမျှ နွား မှန်သမျှ မိုးလင်းက မိုးချုပ် လိုက်ကြည့်ရင်း ချိုက ဘယ်လို ၊ အရောင်က ဘယ်သင်း ၊ ခွာက ဘယ့်နှယ် ၊ သွားက ဘယ်သို့ ၊ မွေးတိုမွေးရှည်က ဘယ်ချမ်းသာ သဘောထား ပေးတာမျိုးနဲ့ အချိန် ကုန်ရတာများတယ် ။ ထမင်းစားချင်တော့လည်း နွားမွေးတဲ့ အိမ်တွေမှာ စားတာ များလေတော့ တစ်နပ် သက်သာရတာ များပြီ ။ ညနေမိုးချုပ်ပြီ ဆိုရင်တော့ အိမ်ရောက်အောင် ပြန်တယ် ။ အိမ်မှာ သောက်ရမယ် ဆိုတာကိုး ။ အရက်ကို ဘုံဆိုင်က ဝယ်တာဆိုတော့ ရှားရှားပါးပါး မွေးထားတဲ့ သားဖြစ်သူ ပေါက်ချွန်း က ဝယ်ပေးထား တတ်တယ် ။ ပေါက်ချွန်း က အရွယ်ကလေး ရမယ် မကြံသေးဘူး ဖအေ့ အရက်အဝယ်တော် ဖြစ်ရပြီ ။ ပေါက်ချွန်းက ကိုရင်လူထွက် ဆိုတော့ ဖအေကို အရက် မကောင်းကြောင်းတော့ ကြုံတိုင်းပြောလို့ မအေက ဝမ်းသာရှာရဲ့ ။
“ အရက် ဘာများ ကောင်းလို့လဲ အဖေရာ ပူခါးခါးနဲ့ပါ ”
“ အဲဒီ ပူခါးခါးက အရသာပေါ့ကွ ငါ့သားရ ၊ မင်းနှယ် အလိုဗျာ အရက်က ပူခါးခါး ဆိုသာကို မင်းဘယ့်နှယ် သိပါလိမ့် ”
“ သောက်ကြည့်လို့ သိသာပေါ့အဖေရ ၊ အဖေ့အရက်သွား ဝယ်ရင် ကျုပ်က တစ်စွက်တစ်စွက် သောက်ကြည့်တာ ကြာပေါ့ ”
“ ငါ့သားက နွားအလို ပြောရင် မအေနမကြီးနို့ လနှစ်ဆယ်စို့ပြီးသား နဖျန်း ( နွားဖျန်း ) တွေလို အရွယ် ။ နို့ခွဲခါစ နထီးကျတော့ နပေါက် ၊ နမများတော့ မတမ်း ၊ နွားများ နှစ်နှစ်ခွဲအရွယ် အင်မတန် သန်သာပေါ့ မင်းနှယ် ။ နဖားထိုး ခေါ်သယ် ။ နပိုက်ဆိုရင် ပြောမနေနဲ့တော့ အရက်များ သန်တုန်း နဖားထိုးအရွယ် မသောက်နဲ့လကွ ”
“ အဖေကျတော့ သောက်ပြီး ကျုပ်ကျမှ မသောက်နဲ့ ဆိုလို့ ရရိုးလား အဖေရ ၊ အဖေလည်း မသောက်နဲ့ပေါ့ဗျ ”
“ ခက်ပါ့ကောကွာ ... အဖေက နွားအလိုဆိုရင် သကျဲ ရေယိုဗျာ ၊ ချိုတည်လူးဗျာ ၊ နံတိုနံရှည်ဗျာ ၊ မထူးတော့ဘူး လကွာ ”
“ အဖေသောက်ရင် ကျုပ်လည်း သောက်မှာပဲဗျာ မပြောနဲ့ ၊ ကျုပ်လည်း နံတို နံညပ်ပဲ ”
“ သောက်ကွာ ၊ ခွေးမသား နဖျင်းနကြောင်ဖြစ်မယ့် ကောင် ”
ဒီလိုက စ,လိုက်တာ ပေါက်ချွန်း လူလားမြောက်တော့ အရက်လားလည်း မြောက်ပြီ ပြောပါတော့ ။
••••• ••••• •••••
၃ ။
အိမ်မှာ အရက်သမား နှစ်ယောက် ဖြစ်ရပြီ ။ ပေါက်ချွန်းက တစ်စွက်တစ်စွက် ဆိုတာလောက်နဲ့ ရက်တွေ များလာတော့ တစ်နေ့တစ်နေ့ ဘယ်နှစ်စွက် ရှိမှန်း မသိဘူး ။ ပေါက်ချွန်း ကလည်း မသောက်ရ မနေနိုင်တော့ဘူး ။ ညနေတိုင်ရင် တဂေ့ဂေ့ နဲ့ လေချဉ်ပဲ တက်သလိုလို ၊ ကြို့ပဲ ထိုးသလိုလို ဖြစ်ချင်လာပြီ ။ မအေ မဂေါင်မ ကတော့ စိတ်ဆင်းရဲရုံပေါ့ ။ ဖအေ ဘိုကေသန်း ရှိတုန်းက သောက်ခဲ့တာ သူ အသိ ။ ဖအေ အရက် သောက်လာရင်ကို ပျော်ရသေးတာ မဟုတ်လား ။ နဂို လင်လူကောင်း ကလည်း အိုးပစ်အိမ်ပစ် ရွာတကာ နရောင်း နထပ် လှည့်ရာက အရက်စွဲတာ အဖတ်တင်ပြီး အိမ်ပြန်ရောက်လာပြီ ။ ဒီအထိ မဂေါင်မ ဘယ့်နှယ်မှ မနေသေးဘူး ။ သားလူပျို ပေါက်ချွန်း ပါ သောက်လာပြီ ဆိုတာကျတော့ အကြောင်းရှိလာပြီ ။ ရှင်လူထွက်သစ် ဆယ့်သုံးနှစ်က အရိပ်တကြည့်ကြည့် မွေးရတဲ့သားကိုး ။ မဂေါင်မ လို့ သာ ပြောရတာ သူ့အသက်လည်း မငယ်တော့ဘူး ။ တချို့က ဂျီးဂေါင်မတောင် ခေါ်ကြပေါ့ ။ ဆံပင်တွေတောင် ဖြူလှပေါ့ ။ သွားတောင် သုံးချောင်းလား လေးချောင်းလား ကျိုးပေါ့ပဲဟာ ။ အမေဒေါ်အေးညို မရှိတော့ ကတည်းက ဂျီးဂေါင်မ က အိမ်မှာ ကျီးစောင့်ကြက်နှင် အဘွားကြီး နေရာ ယူရပြီ ။ အဖေ့တုန်းကလည်း အရက်သောက်တာ ဆိုတော့ အမေ့ခမျာ ဒီလိုပဲ နေသွားခဲ့ရတယ် ။ ဂျီးဂေါင်မလည်း ဘာထူးလို့တုံး ။ လင်က အရက်သောက် လိုက်တာ ထောင်းထလို့ အိမ်မှာ လူပို လုံးလုံးကြီး ဖြစ်လို့ ။ ဒါပေမဲ့ ဂျီးဂေါင်မက ဘယ့်နှယ်မှ မနေပါဘူး ။ မရိုသေ့စကား လင်စိတ်တောင် ဘယ်ဆီ ရောက်မှန်း မသိဘူး ။ ယူထားမိတဲ့ လင် တစ်နေ့ ထမင်းသုံးနပ် စားနိုင်ဖို့နဲ့ အရက် ဝလင်အောင် သောက်နိုင်ဖို့ ဆိုတာက လွဲရင် ခေါင်းထဲ တခြားဘာမှ မရှိခဲ့တာ အမှန် ။ ဂျီးဂေါင်မတို့မှာ ညီအစ်မနှစ်ယောက် ရှိခဲ့တာမှာ အငယ်မ ဂုတ်မ က ရွာဘုရားပွဲ တစ်နှစ်မှာ တစ်ရွာသားနဲ့ လိုက်ပြေးခဲ့ကတည်းက ရွာခြေ ပြန်မကပ်တော့ဘူး ။ တစ်ရွာ ပါသွားလိုက်တာ အဖေရော အမေရော ဆုံးလို့ သတင်း ရောက်တာတောင် ပြန်မလာဘူး ။ ဂုတ်မ နဲ့ ပတ်သက်လို့ သတင်း ကြားရသမျှ ဂုတ်မလင် ကလည်း အရက်သမားတဲ့ ။ ရွာကလက်သမားဆရာ အောက်ပြည်ဘက် လက်သမား လိုက်လုပ်ရင်း တွေ့ခဲ့လို့ အကျိုးအကြောင်း ပြောပြလို့ သိရတာပါ ။ ဒါပါပဲ ။ ဂုတ်မ သတင်း နောက် ထပ်လည်း မကြားရပါဘူး ။ သတင်းပေးခဲ့တဲ့ လက်သမား ဆရာတောင် အရက်နဲ့ပဲ သေတာကြာပေါ့ ။ ဘာပဲဖြစ်ဖြစ် ညီမတစ်ယောက် အနေနဲ့ သူ ရစရာရှိတဲ့ အမွေတော့ လာတောင်းရင် ပေးရုံပေါ့ ။ ဒါပေသိ မလာပါဘူး ။
ရွာကို တစ်ခေါက်တစ်ကျင်းတောင် လူလုံး လာမပြတာ လင့်နောက်လိုက် ကတည်းက ပြောပါတော့ ။ အဲဒါတွေ ထားတော့ ။ အခုက သားကြီး ပေါက်ချွန်းတောင် အရက်ကလေး အာစွက်ချင်လာပြီဆိုတော့ ဂျီးဂေါင်မ ပျားတုပ်ရပြီ ။ တစ်ရက်တော့ သားလက် ဆွဲပြီး ရွာဦးဆရာတော်ဆီ ခေါ်သွားခဲ့တယ် ။ ပေါက်ချွန်း ကလည်း မအေ ဘယ်ခေါ်လို့ ခေါ်မှန်း မသိသေးဘူး ။ လမ်းရောက်မှ မအေက သူဖြစ်ချင်တာကို ပြောပြတာပါ ။
“ အမေ ဘယ်တုံးဗျ ”
“ ဘုန်းကြီးကျောင်းကို ... ဆရာတော်ကို အရက်အလှူခံ ခိုင်းမလို့ ”
“ အမေရာ … ဘယ့်နှယ်လုပ် ဘုန်းကြီးအရက် အလှူခံခိုင်း မှာတုံး ၊ မဟုတ်သာ အမေရာ ”
“ ဟဲ့ ၊ နင် အရက်သောက်သာ မသောက်တော့ပါဘူးလို့ ဘုန်းကြီးရှေ့မှာ အာမဘန္တေခံခိုင်းမှာ ”
“ အဲသလို အလှူခံလို့ ရလို့လား အမေရာ .. ကျုပ် မကြားဖူးပါဘူး ”
ဆရာတော်ကြီး ကျောင်းရောက်တော့ ဆရာတော်ကြီးက စာအုပ်တစ်အုပ်နဲ့ ကျောင်းပြတင်းဘေးမှာ စာဖတ်နေတယ် ။ သားအမိနှစ်ယောက်တက်ပြီး ကန်တော့တာကို ခံယူတယ် ။ လက်အုပ်ချီ ထားကြတဲ့ သားအမိကို လှည့်ကြည့်ရင်း ဘာများပါ လိမ့်လို့ ငံ့တော်မူတယ် ။
“ ဟဲ့ ၊ ဘာတုံးဟ ”
“ အရက်အလှူခံခိုင်း မလို့ပါဘုရား ”
“ ဘယ်သူ့ကိုတုံးဟ ”
“ အရှင်ဘုရားကို အရက်လှူချင်လို့ပါ ဘုရား ”
“ ဟယ် ဘယ့်နှယ်ဟာတုံး ... မအပ်မရာ ၊ နင်တို့ မိုက်လှချည့်လား ”
ဒီတော့မှ ဂျီးဂေါင်မက သူ့လင်ရော သူ့သား လူပျိုပေါက်ကောင်ပါ အရက်တွေ သောက် လာလို့ စိတ်ဆင်းရဲ နေရတဲ့အကြောင်း ၊ လင်သောက်တာ ဘယ်လိုမှ မတတ်နိုင်ပေသိ သား သောက်လာတာတွေ့တော့ မဖြစ်စေချင်တာနဲ့ အရက်ဖြတ်ဖို့ ဆရာတော် ဆီမှာ အရက် မသောက်ပါဘူးရယ်လို့ ကတိထားစေချင်လို့ ခေါ်လာရတဲ့ အကြောင်း ၊ ရဟန်းသံဃာတော်ကို ကတိထားရင် ကတိ မပျက်ဝံ့လို့ သောက်မှာ မဟုတ်တော့တဲ့အကြောင်းတွေ လျှောက်တယ် ။ ဒါမျိုးကလည်း ကြုံဖူးလှလေတော့ ဆရာတော်ကလည်း အင်တင်တင်ပေါ့လေ ။
“ ဟဲ့ ငါ့လှူသာနဲ့ နင့်သား မသောက်ရော့လား ၊ နင့်သားကို သေချာအောင် မေးဦး ”
“ မေးပြီးပါပြီဘုရား ”
“ မမေးရသေးပါဘူး ဘုရား ”
သားအမိနှစ်ယောက်က တစ်မျိုးစီ ဖြစ်နေတော့ ဆရာတော်က ဖတ်လက်စ စာအုပ် ဘေးချရင်း မျက်လုံး ပြူးကြည့်တယ် ။ ဘယ့်နှယ် ဟာတုံးပေါ့ ။ ဂျီးဂေါင်မက ပျာပျာသလဲ ပြန်လျှောက်တယ် ။
“ လမ်းမှာ ပြောခဲ့ပါသယ်ဘုရား ”
“ ကိုင်း ၊ ထားတော့ နင်တို့က နင့်သား သောက်တဲ့ အရက် ငါ့ကို လာ လှူတော့ ငါ့ဆီမှာ အရက်တစ်အိုး အဖတ်တင် နေမှာပေါ့ ။ အရေးကြီးသာက ကိုယ့်စိတ်က ပြတ်ရင် ဘယ်သူ့မှ လှူစရာ မလိုဘူး ၊ ကိုင်း မေးပါဦးမယ် မင်းက ဘယ်သူတဲ့တုံး ”
“ ပေါက်ချွန်းပါ ဘုရား ”
“ မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်ဆို ”
“ နည်းနည်းပါ ဘုရား ”
“ ငါးကျပ်သား တစ်ဆယ်သား ပြောမနေနဲ့ ၊ သောက်ရင် သောက်သယ်ပြော ၊ ငါထရိုက်ရ ... ။ ကိုင်း ၊ အရက်က မင်းဆီ လာသာလား ၊ မင်းက အရက်ဆီ သွားသာလား ”
“ ကိုကု,လားဘုံဆိုင်မှာ တွေ့ကြသာပါ ဘုရား ”
“ ဟယ် မိုက်တဲ့ကောင် ၊ အရက်က မင်းပါးစပ်ထဲ အလိုလို ဝင်လာသာလား မင်းက ခွက်ကို ကိုင်ပြီး သောက်သာလား ”
“ တပည့်တော်က ခွက်ကိုင်ပြီး သောက်သာပါ ဘုရား ”
“ အေး ... အဲသာဆို မသောက်နဲ့လေ ၊ ကိုယ်ပြုလို့ ကိုယ်ဖြစ်ရသာ ”
“ မသောက်လို့ မရလို့ ဘုရား ... မသောက်ရင် လျှာတွေ အာတွေ ယားလာပြီး ဝမ်းထဲက စီစီ စီစီနဲ့ အူထဲက လှုပ်လာသာများ တုံးအောက်က ဖားပြုပ်သာ ကြည့်ပါတော့ ဘုရား ။ အရက်များ မဝင်ရင် တစ်ကိုယ်လုံးက တုန်ကယင် ဖြစ်လာပြီး ရင်ခေါင်းထဲက ... ”
“ ဟဲ့ ဂေါင်မ ”
“ ဘုရား ”
“ ပြန်ကြတော့ ”
ဆရာတော်က အနားမှာ ထောင်ထားတဲ့ ကြိမ်ထ ဆွဲ တော့မှ သားအမိ နှစ်ယောက် ဝတ်ဖြည့်ပြီး ထပြန်ခဲ့ရတယ် ။ သားအဖို့ရာ အရက်ပြတ်ပါ မယ့်အရေး အထ,မမြောက် လေတော့ ဂျီးဂေါင်မက တဖျစ်တောက်တောက်နဲ့ ။ တစ်လမ်းလုံး ပေါက်ချွန်းကို ဆူပွက်လာတော့ ပေါက်ချွန်း က ရှက်ပုံရတယ် ။ ရှေ့က သုတ်သုတ် သုတ်သုတ် လျှောက်ရင်း လှည့်အော် တယ် ။
“ အမေရာ ရွာထဲမှာ ရှက်စရာကြီး ”
မအေက နောက်က ကျုံးအော်တော့မှ လူကြားရော ။
“ ဘယ်အရက်သမား က အရှက်ရှိလို့ နင်က ရှက်ရသာတုံး အရက်သမားရဲ့ ၊ နေဦး နင့်ကို နတ်နဲ့ပါ တိုက်ဦးမယ် ”
ဂျီးဂေါင်မက သားကို မီအောင် လိုက်ပေသိ မမီပါဘူး ။ ပေါက်ချွန်းက အရက်ဆိုင်ဘက် ပြေးတာများ တန်းလို့ ။
••••• ••••• •••••
၄ ။
ဂျီးဂေါင်မ အဖို့ရာ အိမ်မှာ အရက်သမား နှစ်ယောက် ဖြစ် လာတော့ တခြား စားရေးသောက်ရေးက မပူရဘူး ။အရက်သမား ဝေယျာဝစ္စက ပူရပြီ ။ ဖအေ အရက်သမားက အိမ်မှာ သောက်ရတာ အားမရလို့ ထင်ပါရဲ့ ။ ဘုံဆိုင် ပြန်ရောက်ပါပြီ ။ သားလုပ်တဲ့ ပေါက်ချွန်းက ကလေး မဟုတ်တော့ဘူးဆိုတော့ ဖအေ အရက် ဝယ်ပေးရတဲ့ ကိစ္စ မလုပ်တော့ဘူး ။ ပေါက်ချွန်း ကိုယ်တိုင်က အရက်သမားဖြစ်လာတာကိုး ။ ဒီတော့ ဖအေ ဦးကျောက်အိုး ကလည်း ကတုန်ကယင်နဲ့ ဆိုင်ကို ဘာသာ သွားသောက်နှင့်ပြီ ။ သောက်ပြီးရင် ရွာထဲက နွားတွေကို ချည်တိုင်ချည်ထားတာရော ၊ နွားစားကျင်းမှာ စားနေကြတာရော လိုက်ကြည့်တော့တာပဲ ။ အိမ်ပေါက်မစေ့နိုင်လေတော့ နေ့စဉ်ရက်ဆက် တစ်အိမ်ချင်း လိုက်ကြည့်တာပါ ။ ဝါသနာတော့ မစွန့်ဘူး ။
ပေါက်ချွန်းကတော့ အရွယ်ကလေး ရပါပြီ ဆိုကတည်းက သောက်တဲ့ အရက် တစ်နှစ်က နှစ်နှစ် ၊ နှစ်နှစ်က သုံးနှစ် ။ သောက်သက်ကလေး ရင့်လာလေ ပြဿနာကို အိမ်သယ်လာလေပဲ ။ ရိုက်ပွဲ ရန်ပွဲဆိုတာ ရိုးနေပေါ့ ။ အမှုမှ ဖြစ်လာရင် ကိုယ့်ရွာ ကိုယ့်လူကြီးနဲ့ လျော်ရ ၊ ပေးရ ၊ ဖာရ ၊ ထေးရတာ လောက်နဲ့ ပြီးတာလည်း ရှိတယ် ။ မပြီးလို့ မြို့ရုံး မြို့ဂတ် ရောက်ရတာလည်း ရှိတယ် ။ လုပ်မကျွေးတဲ့ အပြင် အိမ့်ပစ္စည်း အိမ့်ဥစ္စာပါ ဖဲ့ပေးရတော့ ဂျီးဂေါင်မ ဒူးနဲ့ မျက်ရည် ဖြစ်ရပြီ ။
“ အရက်များ သောက်ကြသာပါပဲ ပေါက်ချွန်းရယ် ၊ ငါ့ အဖေလည်း သောက်သာပါပဲ ။ နင့်အဖေလည်း သောက်သာပါပဲ ။ ပြဿနာ မရှိခဲ့ပေါင် ငါ့သားရယ် ။ ဘယ့်နှယ် မင်းကျမှ ဘယ်လို နက္ခတ်ဆိုးပါပါလိမ့် ။ ဒီလိုသာဆို ငါ စိတ်ဆင်းရဲသာနဲ့ သေလိမ့်မယ် ”
“ လူဆိုသာ သေမျိုးချည်းပါ အမေရာ ၊ အမေ့ တစ်ယောက် တည်း လူ့လောကထဲ နေခဲ့ချင်လို့ ဖြစ်ပါ့မလား ”
“ ဟဲ့ကောင်ရဲ့ … လူသူတော်ကောင်းရဲ့မအေအဖြစ်နဲ့ သေရသာ ပိုမကောင်းဘူးလား ၊ အရက်သမားမအေ အဖြစ် သေရတော့ ကောင်းရော့လား ”
ပေါက်ချွန်းကတောင် ပြန်ငေါက်နေလေတော့ ဂျီးဂေါင်မ ပါးစပ် ပိတ်ရတာ များပြီ ။ ဘဝက အကြောင်းပဲလေလို့ပဲ သဘောထားရပြီ ။ ဗေဒင်လည်း မေးခဲ့ပေါ့ ။ နတ်တွေလည်း မေးခဲ့ပေါ့ ။ ဗေဒင်ဆရာ စုံပြီ ။ နတ်ဝင်သည်တွေ စုံပြီ ။ နတ်ထွက်ဗေဒင် ထွက်ကလည်း တစ်ယောက် တစ်ယောက် မတူကြဘူး ။ အရက်ပြတ် ဖယောင်းတိုင် ထွန်းရမယ် ဆိုလို့ တစ်လ ထွန်းတော့လည်း ပိုတောင် သောက်လာသေးကိုး ။ ပေါက်ချွန်းက ကြာသပတေးသား ဆိုတာ့ မုန့်နှစ်နဲ့ ကြွက်ရုပ် သက်စေ့လုပ် ၊ ဆီနဲ့ကြော် ၊ ဆန်ကောနဲ့ တည်တည်ပပ ထည့်ပြီး အရက်တစ်ပုလင်း နဲ့အတူ တောင်စူးစူးအရပ် ချထားရင် အရက်ပြတ်တယ် ပြောကြလို့ သွားချတာ အရက်တောင် ဘယ်သူ သောက်သွားမှန်း မသိလိုက်ဘူး ။ ပုလင်းပါ ပျောက်ကရော ။ ဒီကြားထဲက အိမ်မှာ သူရင်းငှား လုပ်ခဲ့ဖူးတဲ့ တက်ခါးနဲ့ တွဲမိကြတော့ ကြက်တောင် ဖက်လိုက်သေး ။ ကြက်လောင်းရာက ရှုံးတော့ ရွာက ထွက်ပြေးလို့ ကြက် ကြွေးဆပ် ၊ လူရှာ ခေါ်ရတာ ကလည်း များလှပေါ့ ။ ပြန် ရောက်တော့လည်း တက်ခါး နဲ့ တွဲတာပါပဲ ။
“ ကြက်များ ငါ့တူရာ နိုင်ချင်ရင် လွယ်လွယ်ကလေးဟာကို ။ ကြက်အရောင် ဖြူနက် မွဲနီပြာရယ်လို့ ရှိရင် ကိုယ့်ကြက်က ဘာလဲကြည့် အရောင် မမှားစေနဲ့ ။ အဲသာ နေ့နဲ့ အခါ လိုက်ပြီး တစ် ၊ နှစ် ၊ သုံး ၊ လေး ၊ ငါး ဂဏန်းချ ။ ပြေး ၊ မင်း ၊ ကန်း ၊ နိုင် ၊ သေ ဆိုတာ အကွက်ကျအောင်ချ ဆိုပါတော့ကွာ ကြာသပတေးနေ့ ညနေသုံးနာရီ ကြက်တိုက်ပြီ ။ အကွက်ချလို့ သုံးအကွက် တည့်တည့် လက်ယာလှည့် ချရင် ဘာရမလဲ အဖြူကန်း ၊ အနက်နိုင် ၊ အမွဲသေ ၊ အနီ ပြေး ၊ အပြာမင်း တဲ့ ။ တွေ့လား ပေါက်ချွန်း ။ အဲသလိုနေ့ အနက်နိုင် ဆိုတဲ့ အတိုင်း ကြက်ပြာ ကြက်နက် ရှာပြီး တိုက်တော့ ”
“ မွဲရောလား ”
“ မမွဲ ခံနိုင်ရောလားကွာ ၊ ငါ့လခွမ်း စကားကောင်း ပြောသာကို မင်း ငါပေးတဲ့ ဂဏန်းစဉ်ချ ၊ ကြက်အရောင်နဲ့ ဂဏန်းစဉ် တူသာ တူပစီ တိုက်ကြည့်ကွာ မနိုင်တော့ ဘကြီးကို လာပြောလှည့် ”
“ ဘကြီးတက်ခါးကျ တော့ ဘာလို့ မနိုင်တာတုံး ”
“ ရှုံးလို့ပေါ့လကွာ ”
ဒီလိုနဲ့ ကုန်လှပေါ့ ။ ဂျီးဂေါင်မက ပေါက်ချွန်း တစ်ကောင် မိန်းမ ယူရင်တော့ ကိုယ့်မယား ကိုယ့်သား ငဲ့တာနဲ့ အရက်ပြတ်လောက်တယ်လို့ တွက်ပြီး ရွာထဲက မိန်းကလေးရှင်တွေကို နားသွင်းတယ် ။ ဒါပေသိ သမီးရှင်တွေက မိဘမျိုးရိုး အလိုတော့ သဘောမတူစရာ မရှိပေါင်အေ ၊ ညည်းသား အရက်ပြတ်ပါစီ ဆိုတော့ ဂျီးဂေါင်မ မပြောသာပြန်ဘူး ။ ပေါက်ချွန်းမှာများ ရည်းစားသနာ ရှိသလား မေးတော့ သူကတောင် ပြန်ငေါက်နေသေး ။
“ အမေဗျာ ၊ ကိုယ့်ရွာက မိန်းကလေးတွေ ကျုပ်က ကြိုက်ပါ့မလား ။ ကိုယ့်နှမတွေလို နေကြရတဲ့ ဟာကို ၊ ကြိုက်ရင် တခြားရွာက မိန်းကလေး ကြိုက်မှာပေါ့ ”
“ အေးပါ ... တခြားရွာက မင်းစိတ်ကူးထားသာ ရှိရော့လားလို့ အမေက မေးသာ ရှိရင် ပေးစားချင်လို့ ”
“ ကျုပ်ယူတဲ့ မိန်းကလေးခမျာ အရက်သမားမယား ဖြစ်မှာပေါ့ အမေရဲ့ ”
ဒီလိုနဲ့ပဲ ဂျီးဂေါင်မ လက်လျှော့ခဲ့ရတယ် ။ ပေါက်ချွန်း အသက် အစိတ်လောက်မှာ ဖအေ ကိုကျောက်အိုး တပိန်ပိန်တလိမ်လိမ်ဖြစ်ရာက ဆုံးကရော ။ အိမ်မှာ အရက်သမား နှစ်ယောက် ရှိတုန်းက တကြုံကြွေ့ကြွေ့ တမေ့မောမော ဒီလို နေခဲ့တဲ့ ဂျီးဂေါင်မ လင်သား ဆုံးတော့မှ သားကို ပိုနှမြောလာခဲ့ တယ် ။ အရက် ဆိုတာက အသက်ရှည်ဆေးမှ မဟုတ်တာဘဲ ။ တောမှာ ချက်တဲ့ အရက် မီးခတ်နဲ့ တေ့ရင်တောင် ဟုန်းခနဲ ထတောက်မှတော့ ဘယ်လိုလုပ် လူ့ဝမ်းတွင်း ကလီစာတွေက ခံနိုင်မှာတုံး ။ သားကို ချစ်တဲ့စိတ် ၊ သားကို နှမြောတဲ့စိတ် ဒီတော့မှ ပိုပြီး ဗလောင်ဆူလာတယ်တောင် ထင်မိတယ် ။
ဖအေဆုံးလို့ နှစ်ခါလည်တော့ ပေါက်ချွန်းနဲ့ ပတ်သက်လို့ သတင်း တစ်ခု ကြားရတယ် ။ ပေါက်ချွန်းက ရွာမှာ အရက် မသောက်တော့ဘူး ။ ရွာမှာ ကြက်မတိုက်တော့ဘူး ။ ရွာနားက ကန်ရွာကြီးမှာ ထိန်ကန်သူ မိန်းကလေး တစ်ယောက်နဲ့ သံယောဇဉ် ဖြစ်နေကြတယ် ဆိုတဲ့ သတင်းပါ ။ ကောင်းပါလေ့ ။ ဘယ်က မိန်းကလေးပါလိမ့် ။ ဘယ်သူ့ သမီးပါလိမ့် ။ ထိန်ကန်က သောင်သာသူ များလေတော့ တောင်သူကြီး သမီးထဲက ဖြစ်ရင်တော့ ကောင်းသား ။ မဟုတ်သေးပါဘူးလေ ။ အရေးကြီးတာက ပေါက်ချွန်းကို မေတ္တာ ရှိဖို့ ၊ မိဘများကလည်း သဘောတူဖို့ လိုတာပါ ။ ရုပ်ရည်အသင့်အတင့်ရှိရင် ပြီးတာပါပဲ ။ ဂျီးဂေါင်မ သတင်းကြားနဲ့ အိပ်မပျော်နိုင်ဘူး ။ ပေါက်ချွန်း ပြန်လာလို့ မေးတော့လည်း ဟုတ်သလိုလို မဟုတ်သလိုလို ။
“ ဟဲ့ကောင် ဟုတ်ရင် ဟုတ်သယ် ၊ မဟုတ်ရင် မဟုတ်ဘူး ပြောလေ ”
“ ဘာကိုတုံး အမေရ ”
“ နင် ထိန်ကုန်းမှာ မိန်းကလေး တွေ့နေဆို ”
“ မိန်းကလေးပဲ ရွာထဲသွား တွေ့သာပေါ့ဗျ ”
“ ရည်းစားပြောသာဟဲ့ ”
“ အိုဗျား လောကထဲ အရက် ရှိနေမှတော့ မိန်းမက အရက်ထက် ကောင်းရရော့ လား အမေရာ ခက်ပ ၊ ဒါပေသိ ...”
စိတ်ကူးတွေ ရေစုန် မျောရပြန်တော့ ဂျီးဂေါင်မ တယောက် ပူရပြန်ရဲ့ ။ ဘယ့်နှယ်လုပ်ရပါ့ ။ အခုသာ မယူ သေးတာကိုး ၊ အကြောင်း ရှိလာလို့ မိန်းမရပါပြီတဲ့ ။ မွေးလာမယ့် ကလေးတွေထဲ သားယောက်ျားလေး မပါဘူး မပြောနိုင်ဘူး မဟုတ်လား ။ ဂျီးဂေါင်မ တွေးရပြီပေါ့ ။ ဂျီးဂေါင်မ ဘက်က ကြည့်ရင် ဖအေကလည်း အရက်သောက်တယ် ။ လင် ကလည်း အရက်သောက်တယ် ။ အခု သားကလည်း သောက်နေတုန်း ။ နောင် မြေးယောက်ျားကလေး ပေါ် လာလို့ အဲဒီကောင်ပါ သောက်ရင်ကော ။ အရက် ဆိုတာ မျိုးရိုးလိုက်လေသလား ။ ဂျီးဂေါင်မ တစ်ညတော့ ဆုံးဖြတ်လိုက်တယ် ။
ဒီအိမ်မှာ အရက်မျိုး ဒီမှာတင် တုံးမှ ဖြစ်တော့မယ် ။ နတ်ကလည်း အားမကိုးရဘူး ။ ဗေဒင်ဆရာ ၊ ဓာတ်ဆရာတွေ ကလည်း မဟုတ်လှဘူး ။ ဒီတော့ ကိုယ့်ကိုယ်ကို အားကိုးမှ ဖြစ်တော့ မယ်လို့ သဘောပေါက်လိုက်ပြီး တစ်ညနေတော့ ပေါက်ချွန်းကို ခေါ်လိုက်တယ် ။ ပေါက်ချွန်း အနားလာတော့ အရက်နံ့က ထောင်းထောင်း ထလို့ ။
“ ပေါက်ချွန်း ”
“ ဗျာ ”
“ အရက်သောက် နေကြသာတော့ ဟုတ်ပါရဲ့ ကောင်းလို့လား ”
“ ကောင်းသယ်ရယ်လို့ တော့ ဘယ်ဟုတ်ပါ့မလဲ အမေရ ”
“ နို့ နင်က မကောင်းဘဲနဲ့ ဘာလို့သောက်သာတုံး ”
“ ကျုပ်က ကြိုက်သယ်ရယ် ”
“ အေး အမေ စဉ်းစားသယ် ၊ ငါ့သား တစ်ယောက်တည်း အရက်သောက်ရသာ အဖော်မရှိဘူး ၊ အဲတော့ ငါ့သား ပျင်းမှာပဲ ”
“ အရက်ဆိုင် လူတွေ ပြည့်လို့ဗျား ပျင်းဖို့ အချိန်တောင် မရှိဘူး အမေ့နှယ် ”
“ အိမ်မှာ ပြောသာဟဲ့ ၊ အရင်က နင့်အဖေ ကလည်း သောက် ၊ နင်ကလည်း သောက် တစ်ယောက် တစ်ယောက် အဖော်ရှိသယ် ။ အခု အဖေ မရှိတော့ အမေ အဖော်လုပ်ပေးမယ် ”
“ ဘယ်လိုအဖော်တုံး ”
“ ငါပါ အရက်သောက် ပေးမယ်ပြောသာ ”
“ မဟုတ်သာဗျာ ၊ ဘယ့်နှယ် အမေက အရက်သောက်ရမယ်လို့ ”
“ မင်း သောက်မှတော့ ငါ့မတားနဲ့လေ ”
ပေါက်ချွန်းက မအေကို မျက်လုံးပြူး ကြည့်တယ် ။ အမေ ဘယ်လို ဖြစ်တာပါလိမ့် ။ အရက်များ ထန်းလျက်ရည်နဲ့ မုန့်ဖတ် ရောထားတဲ့ မုန့်လက်ဆောင်းများ မှတ်ရော့လား ။ ဂျီးဂေါင်မက သားကို ကြည့်ပြီး ပြုံးမိတယ် ။
ပေါက်ချွန်းမျက်နှာက ယုံပုံ မရဘူးကိုး ။
••••• ••••• •••••
၅ ။
ဂျီးဂေါင်မက မြေနက်စေးနဲ့ ဖုတ်ထားတဲ့ အရက် သုံးပုလင်းလောက် ဆံ့မယ့် အိုးကလေး တစ်လုံး ဝယ်တယ် ။ အိုးပေါ်မှာ ထုံးကို လက်ညှိုးနဲ့ တို့ပြီး “ ဂေါင်မ အရက်အိုး ” လို့ ရေးထားလေတော့ ထုံးဖြူစာလုံးတွေက အိုးမည်းမည်း ပေါ်မှာ ထင်းလို့ ။ အရက်ပုန်းဆိုင်က အရက် သုံးပုလင်း သွားဝယ်ပြီး ထည့် ၊ အဖုံးကလေး အုပ် ထားလိုက်တယ် ။ ပေါက်ချွန်းက ရွာထဲ တစ်ပတ်လှည့်ရာက ပြန်တော့ ဂေါင်မ အရက်အိုး ဆိုတာကို တွေ့ရော ။ အဖုံး အသာလှပ်ပြီး အထဲက အရည်တွေကို လက်ညှိုးနဲ့ တို့ပြီး လျှာပေါ်တင်တယ် ။ အရက်တွေပါကော ။ အမေ ပြောတုန်းက ပေါက်ချွန်းက မယုံဘူး ။ သား အရက်သမားကို စ,ချင်လို့ နေမှာပါလေလို့ပဲ တွက်တာကိုး ။ အခုတော့ တကယ့်ကို အရက်အိုး တည်ထားပါပကောလား ။ အိုးပေါ်က စာတောင် ရေးထားလိုက်သေး ။
ဂျီးဂေါင်မက ဒီအချိန်ကို ချောင်းနေတာ ဆိုတော့ ပေါက် ချွန်းရှိတုန်း အရက်အိုးထဲက အရက်ကို အုန်းမှုတ်ခြမ်းခွက်နဲ့ တစ်ဝက်သာသာ ခပ်တယ် ။ ဂွတ်ခနဲ ကျိုက်ချလိုက်တာ လျှာ တွေအာတွေ နှာခေါင်းတွေထဲရော မွှန်ထူသွားတဲ့ပြီး ဖိုးခနဲ ထွေးထုတ်တယ် ။ အရက်က ပြင်းတာရော ၊ ပူတာရော ၊ သီးတာရော ဆိုတော့ ချောင်းတွေ ဆိုးနေတာ အကြာကြီး ။ ဝမ်းထဲတောင် မရောက်သေးဘူး အဝင် ဆိုးလှချည့်လားလို့ တွေးမိပေမဲ့ ခွက်ထဲ ကျန်တဲ့ တစ်ဝက် ကျိုက်ချပြန်ရော ။ ခံတွင်းရော လည်ချောင်းရော အူတွေပါ ကျွမ်းသဒ္ဓါလန်ကရော့ အောက်မေ့မိတယ် ။ ဖိတ်တစ်ဝက် စဉ်တစ်ဝက် သောက်မိတာတောင် ဂျီးဂေါင်မ ခေါင်းတစ်ခေါင်းလုံး ချာချာလည်ပြီ ။
ပေါက်ချွန်းက သွေးတောင်း နေတဲ့ အရက် သောက်ချင် စိတ်တောင် ကုန်သွားတော့တာပါပဲ ။ မအေကို ထူပေးပြီး ရေတစ်ခွက် ခပ်တိုက်တယ် ။ ခဏနေတော့ ဂျီးဂေါင်မ အစာဟောင်းတွေ အန်ချပြန်ပါရော ။ ပေါက်ချွန်းက ပုဆိုး စုတ်တစ်ထည်ယူပြီး သုတ် ၊ ရေတစ်ပုံး ဆွဲတဲ့ပြီး ဆေးချ ။
“ အမေ ခင်ဗျား ဘာလုပ်သာတုံး ”
ဂျီးဂေါင်မက ပြန်ဖြေနိုင်ဖို့ နေနေသာသာ ပုံလဲတဲ့ နေရာမှာ မလှုပ်တော့ဘူး ။ မျက်နှာကြီးက ရဲလို့ ။ လူမမာများ ညည်းသလိုလည်း ညည်းရဲ့ ။ ပေါက်ချွန်းက အမူးလွန်ရင် ဧကရာဇ်မြစ် သွေးတိုက်ရတယ် ဆိုတာ ကြားဖူးတယ် ။ နားထဲ သံပရာရည် ညှစ်ထည့်ရတယ် ဆိုတာ ကြားဖူးတယ် ။ ဒါပေသိ ဘယ်က ဧကရာဇ်မြစ်က ရမှာတုံး ။ သံပရာသီး ဆိုတာလည်း ဘယ်မှာမှ အလွယ်တကူ မရှိတာ သူအသိ ။ ရှိတယ်ပဲ ထားပါဦး ။ အမေ အရက်တွေ သောက်လို့ပါရယ်လို့ ဘယ်အိမ်ကမှ တောင်းဖြစ်တာ မဟုတ်ဘူး ။ ပေါက်ချွန်းက အမေ့အရက်အိုးကို လှမ်းကြည့်တယ် ။ ခွဲပစ်လိုက်ဖို့လည်း စိတ်ကူးတယ် ။ မခွဲဖြစ်ပါဘူး ။
ဒါသူ့ကို ရွဲ့ပြီး လုပ်မှန်း သိတာပါသလို မခွဲရဲတာလည်း ပါတယ် ။
ညနေစောင်းပြီ ပေါက်ချွန်း အရက်ဆိုင် ရောက်ရမယ့်အချိန်မှာ အမေ့ကြောင့် မရောက်နိုင်သေးဘူး ။ ဝမ်းထဲက တကျုတ်ကျုတ် မြည်နေပေသိ ထ , မသွားရဲဘူး ။ သူ သွားနေတုန်း သတိပါလစ်သွားရင် ခက်ရချေရဲ့ ။ ထပ်သောက်နေရင် အခက် ။ ဘယ့်နှယ်လုပ်ရပါ့ ။ နောက်တော့မှ အရက်က အနားမှာ ရှိနေတာကို သတိရသွားတယ် ။ ဂေါင်မ အရက်အိုးထဲက အရက်တစ်ခွက် အုန်းမှုတ်ခြမ်းခွက်နဲ့ အသာခပ်တယ် ။ ရေတွေဘာတွေ ရောမနေပါဘူး ။ အမေတောင် ဒီအတိုင်း ခပ်သောက်တဲ့ ဟာ ။ အိုးထဲက အရက် ခပ်ယူသံ ပလုပ်ခနဲ ကြားတော့ အမေက ထပြောလေရဲ့ ။ အသံက မပီဘူး ။ မျက်လုံးက မပွင့်ဘူး ။
“ ဟဲ့ကောင် ၊ ဂေါင်မ အရက်အိုးထဲက မသောက်နဲ့ ။ နင့်ဟာနင် ဆိုင်သွားသောက် ”
“ တစ်ခွက်တည်းပါ အမေရ ၊ ကျုပ်က သွားသောက်မလို့ပါဘဲ ၊ အမေ သတိလစ်မှာစိုးလို့ စောင့်ကြည့်နေသာရယ် ”
“ ငါ့ဟာငါ ဘယ့်နှယ် နေနေ နင့်အရက် နင်သောက် ၊ ငါ့အရက် ငါသောက် ”
ပေါက်ချွန်းက ခပ်ပြီးသား အရက်တွေ အိုးထဲ ပြန်ထည့်တယ် ။ အရက်နံ့ ရခါမှ ပိုတောင် ဆာလာသေး ။ အဲဒီ ညက ပေါက်ချွန်း ဆိုင် မရောက်တော့ဘူး ။ အမေ့အရက်အိုးထဲက အရက်ကို အမေ အိပ်ပျော်တော့မှ ခပ် သောက်တာပဲ ရှိတယ် ။
ဒီလိုနဲ့ သားအမိ နှစ်ယောက် အရက်တွေ သောက်ကြတဲ့အကြောင်း ၊ ဂျီးဂေါင်မက အိမ်မှာ အရက်အိုးတည် သောက်နေတဲ့ အကြောင်း ရွာက သိကုန်ကြတယ် ။ သိသိလေ ။ ဂျီးဂေါင်မ အရက်အိုးထဲက အရက်ပြတ် သွားရင် ဂျီးဂေါင်မ အိုးမ,ပြီး ကိုယ်တိုင်သွားဝယ်တာပဲ ။ အပြန်မှာ အရက်အိုးကလေး တောင် ရွက်လာလိုက်သေး ။ ညနေတိုင်ရင် သောက်တော့တာပဲ ။ သောက်ပြီးတိုင်းလည်း မှောက်တော့တာပဲ ။ တစ်ခါတော့ သားကို ပြောလေရဲ့ ။
“ ပေါက်ချွန်း နင်မိန်းမ မယူနဲ့ အရက်သောက်ပြီးသေ ၊ အမေလည်း အရက်သောက်ပြီး သေမယ် ။ နင်မိန်းမ ယူလို့ ကလေးမွေးရင် ယောက်ျား ကလေးပါမယ် ၊ တစ်ယောက် ပါတော့ လောကမှာ အရက် သမားတစ်ယောက် တိုးမယ် ။ နှစ်ယောက်ပါတော့ နှစ် ယောက်တိုးမယ် ။ မပေါ် ပေါက်သေးတဲ့ အမေ့မြေးတွေ အရက်သမား အဖြစ်မခံ တော့ဘူး ။ အမေနဲ့ သားမှာ တင် အရက်သံသရာ ဖြတ်ကြစို့ ဟုတ်ကဲ့လား ၊ ပေးစမ်း ... အမေ့တစ်ခွက် ”
••••• ••••• •••••
၆ ။
ဂျီးဂေါင်မ ဆုံးတာ ကြာပြီ ။ ပေါက်ချွန်းလည်း အရက် ပြတ်တာ ကြာပါပြီ ။ အမေ မဆုံးခင်ကလေးကပါပဲ ။ မိန်းမရလို့ ကလေးတွေ မွေးလိုက်တာ ယောက်ျားလေးချည်း လေးယောက် ။ သားတွေကို ကိုရင်ဝတ် ပေးပြီးတာတောင် ကြာပေါ့ ။ ပေါက်ချွန်းက အမေ့အရက်အိုးမည်းမည်းကို စင်ကလေး ရိုက်ပြီး အိမ်ပေါ် တင်ထားဖြစ်လို့ ဘယ်က ပြန်ပြန် အိုးမြင်တိုင်း အမေ့သတိရတယ် ။ သားကို မအေက အရက်ဖြတ်ပါ အကြိမ်ကြိမ် ပြောပေသိ ပေါက်ချွန်း အရက် မပြတ်ခဲ့ဘူး ။ အမေက ငါပါ သောက်မယ်ဆိုမှ ဆယ်နှစ်ကျော်ကျော်သောက်ခဲ့တဲ့ အရက် အမေ့သနားလို့ တိခနဲ ဖြတ်ဖြစ်တော့တယ် ။ ထူးဆန်းတာက ပေါက်ချွန်း အရက်မသောက် တော့ဘူး ဆိုတဲ့ နေ့က စပြီး ဂျီးဂေါင်မလည်း မသောက်တော့တာပါ ။ အိုးကတော့ တည်လျက်ပဲ ။
“ အမေရာ ... အဲသလိုချည်း လုပ်နေရင်တော့ ကျုပ် အရက် မသောက်တော့ဘူးဗျာ ”
“ ပေါက်ချွန်း မင်း မသောက်မှတော့ အမေလည်း မသောက်တော့ဘူး ၊ မင်း သောက်ရင် အမေ သောက်မှာပဲ ”
“ ကျုပ်မိန်းမ ယူမလို့ အမေ ”
“ ယူစေတော် ... နင်ယူမယ့် ငါ့ချွေးမ သားယောက်ျား ကလေးတွေချည်း မွေးခိုင်းလိုက်စမ်းမယ် ”
ပေါက်ချွန်း အမေ့ အသံကို သတိရမိတယ် ။ ရွာမှာတော့ ဒီသားအမိ အကြောင်းက စကားရောက်တိုင်း ပြောစရာဖြစ်လို့ ။ ဂျီးဂေါင်မရဲ့ အရက်အိုးက လူတကာ ရွာတကာက လာလာပြီး ကြည့်စရာဖြစ်လို့ ။ ကြည့်ကြသူတိုင်း ကလည်း ပြုံးကြတယ် ။ တစ်ယောက်တစ်ပေါက် မှတ်ချက် ပြုကြတာ အမျိုးမျိုး ဆိုပေသိ ဂျီးဂေါင်မက အရွတ်တန်း မသေးဘူး ဆိုတာလောက်နဲ့ ပြီးတာ များတယ် ။ ရွတ်တယ် ပေတယ်ပေါ့လေ ။ ရွာဦးဆရာတော်ရဲ့ မှတ်ချက်ကိုတော့ ပေါက်ချွန်း တစ်သက် မမေ့နိုင်ဘူး ။
“ ပေါက်ချွန်း နင့် သားလေးယောက်ကို နင့်အမေ ရှာဖွေထားတဲ့ ဥစ္စာငွေကြေးနဲ့ပဲ ရှင်ပြုရသယ် ၊ ဘုရားသာသနာ တော်တွင်း သွတ်သွင်းနိုင်လို့ သာမဏေရ ပဗ္ဗဇ္ဇမြောက်ရသယ် ။ ဒါက မြတ်သော ကုသိုလ်ကို ပြုသာ ။ ဒုတိယကုသိုလ်က မမြင်ရသေးတဲ့ မြေးကလေးတွေကို ငဲ့ပြီး နင် အရက်ပြတ်ပါမယ် အကြောင်း သူကိုယ်တိုင် အနစ်မွန်းခံပြီး နင့်ကို ချွတ်တဲ့ကုသိုလ် ။ တော်ရုံလူ မတွေးဝံ့ဘူး ၊ မလုပ်ဝံ့ဘူး ။ အခု မင်း အရက်ပြတ်ပြီ .. မင်း သား လေးယောက်လည်း အရက်နဲ့ ဝေးဖို့ မင်း စဉ်းစားရပြီ မဟုတ်လား ။ ဒကာမကြီးက ထူးသောကုသိုလ် ပြုသွားသယ်မှတ်ဟဲ့ ”
အမေ မဂေါင်မ တမလွန်က သာဓု ခေါ်လောက်ပါရဲ့ ။
“ ဂေါင်မ အရက်အိုး ”
ပေါက်ချွန်းက အမေ့ကို သတိရတိုင်း အိုးမည်းပေါ်က ဂေါင်မအရက်အိုး ဆိုတဲ့ စာလုံးတွေကို ထုံးနဲ့ လိုက်ထပ်တယ် ။ လိုက်ထပ်တိုင်းလည်း မျက်ရည်ကျမိရဲ့ ။
⎕ ခင်ခင်ထူး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇူလိုင် ၊ ၂၀၁၅

No comments:
Post a Comment