Saturday, January 10, 2026

ရတနာအိုး


 

❝ ရတနာအိုး ❞ 
( နဒီသင်း - ကုန်းဇောင်း )

“ အဖေ ... အဖေ သမီး ... သွား ... တော့ မယ်နော် ”

ကျွန်မ၏ တုန်ယင် အဖျားခတ်နေသည့် အသံကို ကြားရတော့ အဖေ မခံစားနိုင်၍ ထင်ပါရဲ့လေ ၊ ဆို့နင့် ကြေကွဲနေသည့် အဖေ့မျက်နှာ ဟန်ဆောင်၍ မရ ဖြစ်နေသည် ထင်ပါသည် ။ ခေါင်းကို တဆတ်ဆတ် ညိတ်ပြပြီး သူ့ခံစားမှုများကို ဖုံးကွယ်ရန် ကြိုးစားပေမဲ့ အဖေ မည်သို့မျှ မထိန်းနိုင်ခဲ့ပေ ။

“ အိအိ ” ဆိုသည့် အသံကြီးနှင့် အတူ အသံမထွက်အောင်ထိန်း ကျိတ်ငိုချလိုက်သည့် အဖေ့ကို မြင်နေရတာ ကျွန်မအတွက် ဆို့နင့်စေ၏ ။ အဖေသည် မျက်နှာကို ပြတင်းပေါက်ဘက် လှည့်၍ ကျွန်မကို ကျောပေးနေ၏ ။ အဖေ့ ကျောပြင် ကြည့်၍ ငိုချင်စိတ်က တားဆီးမရ ။

“ သမီးမိန်းကလေး ဆိုတာ အချိန်အခါနဲ့ အိမ်ထောင်ပြုရတာ ၊ အချိန်လွန်ရင် မသင့်တော်တဲ့ လူနဲ့ ညားတတ်တယ် ။ သမီး အရွယ်က မငယ်တော့ဘူး ၊ ပြီး သမီးမှာ ညီမ မရှိ ၊ အစ်မ မရှိ ၊ မောင်တွေချည်း ရှိတာ ၊ မောင်ကြင် ဆိုတာ ရှိခဲပါဘိ ။ ပြီးတော့ မောင်များ ဘယ်လောက်ပင် ရှိရှိ ၊ လင်မရှိတဲ့ နှမ မတင့် တယ်ဘူး မဟုတ်လား ”

ထိုကဲ့သို့ အဖေ့စကားကြောင့် ကျွန်မသည် မင်္ဂလာပွဲကို လက်ခံခဲ့ရသည် ။ ထိုစဉ်က အမေတစ်ယောက် ပြောရမည့် စကား အဖေ တစ်ယောက်က ပြောသည် ဆိုတော့ ထိုအချိန် အဖေ့မျက်နှာ ပူနေမည်ထင်ပါသည် ။ အနေအေးသည့် အပြင် စကားပါ နည်းသည့် အမေက ကျွန်မ ရှေ့ရေးတွင် ခေါင်းညိတ်ရုံက လွဲ၍ မည်သည့် စကားမှ ချိုသည် ၊ ခါးသည် မပြောခဲ့ပေ ။ အဖေ၏ သြဇာသက်ရောက်မှု တစ်ခုကြောင့်လည်း ဖြစ်ချင်ဖြစ်မည် ။

ကျွန်မ အဖေသည် ကျွန်မတို့ မောင်နှမလေးယောက်ကို မိဘဝတ္တရားငါးပါး ကျေပွန်ခဲ့သည် ။ အဖေ၏ အစ်ကို အရက်သောက်၍ စောစီးစွာသေဆုံးခဲ့ပြီး အရက်၏ ဆိုးကျိုးကို ကောင်းစွာ သိခဲ့သည့် အဖေသည် သားသုံးယောက်ကို အရက်၏ ကျေးကျွန် အဖြစ်မခံခဲ့ပေ ။ အငယ်ဆုံးမောင်လေး ထန်းရည်သောက်လာသည့်အချိန် အိမ်ပေါ်ကနေ ကန်ချ၍ “ ဝုန်း ” ဆိုသည့် အသံကြောင့် တစ်အိမ်လုံး ပြေးကြည့်ပြီး “ အမယ်လေး ... သေပါပြီ ” ဟု ဝိုင်းအော်ခဲ့ရသည် ။ ပြီး အဖေက “ အကျိုးအကန်း လုပ်ကျွေးမယ်ကွ ၊ အမူးသမားတော့ အိမ်ပေါ် မတင်ဘူး ” ဟု ပြောသေးသည် ။ ကျွန်မတို့မှာ ကြောက်လိုက်ရတာ ။ ယခုချိန်မှာတော့ ကျွန်မ မောင်များ အရက်ကြောင့် အသေစောမှာ မပူရတော့ပေ ။

အနေအေး သလို ရိုးသားသည့် အဖေသည် မုသားဝါဒ လိမ်ညာပြောဆိုခြင်းကို မကြိုက်တတ်ပေ ။ တစ်ခါက ကျွန်မ သူငယ်ချင်းများနှင့် ဇီးတော ဆိုသည့် အနောက်ဘက်ရွာကို မိဘများ မသိအောင် လိုက်၍ ပွဲကြည့်သွားခဲ့သည် ။ ထိုမှ အပြန် အဖေက တုတ်တစ် ချောင်းနှင့် အိမ်ပေါက်ဝက ရပ်စောင့်နေ၏ ။ မျက်ထောင့်နီကြီးနှင့် အဖေ့မျက်နှာက ကြောက်စရာကောင်းလှသည် ။ ကျွန်မ တုန်နေသည့် ခြေထောက်ကို မနည်း ထိန်း၍ အိမ်ထဲ ဝင်လာခဲ့သည် ။

“ နင် ... ဘယ်က ပြန်လာတာလဲ ”

ရွှမ်းခနဲ အိမ်တိုင်ကို ရိုက်လိုက်သည့် တုတ်သံကြောင့် လည်မျိုတွင် အသများက ပျောက်ရှကုန်သည် ။

“ ဟဲ့ .. ငါ မေးနေတယ်လေ ”

အဖေ၏ အသံအက်အက်ကြီးနှင့် နောက်တစ်ကြိမ် ထပ်မေးပြန်သည် ။ ကျွန်မမှာ အဖြေ မရှိ ၊ ကတုန်ကယင် ဖြစ်၍ နေ၏ ။

“ မေးနေတယ်လေ ၊ ခေါင်းမော့စမ်း ၊ ငါ့ကို သေချာကြည့်ပြောစမ်း ”

ကျွန်မ ခြေထောက် အောက်က ပြေးလွှားနေသည့် ပုရွက်ဆိတ်လေးများကို နင်းခြေနေမိသည် ။ ပုရွက်ဆိတ် တစ်ကောင်က ကျွန်မခြေချောင်းလေးတစ်ချောင်းကို အတင်းကိုက် နေချေပြီ ။ ခေါင်းမာတတ်သည့် ကျွန်မ အံကြိတ်နေ၏ ။ တစ်ဖန် ပါးစပ်က လွှတ်ခနဲ -

“ အဘအိမ် သွားတာ ”

“ ရွှမ်း ” ခနဲ ကျွန်မ ခြေသလုံးကို ရိုက်တာ ခံလိုက်ရသည် ။

“ နင်က ငါ့ကို ညာတယ်ပေါ့လေ ၊ နင့်ကို မြင်လိုက်တဲ့ မစိန်ကြည်က ပြောလို့ ငါ သိပြီးပြီ ၊ ကဲ ... ဟာ ”

အဖေရိုက်လိုက်သည့် တုတ်သည် ကျွန်မ ခြေသလုံးပေါ်တွင် အလျားလိုက်ရော ဒေါင်လိုက်ပါ ကျရောက်လာသည် ။

“ လိမ်တာညာတာကို မကြိုက်ဘူးလို့ ငါ ပြောထားတာ မမှတ်မိဘူးလား ၊ လိမ်ညာတာက တစ်ပြစ် ၊ မသိအောင် ခိုးသွားတာက တစ်ပြစ် သေရအောင် ကြံ ”

ကျွန်မ စိတ်ထဲက မိဘများ သိမည် မထင်သောကြောင့် လိမ်ညာ၍ ပြောလိုက်ပေမဲ့ အဖေကတော့ သိနေခဲ့သည် ။ ခြေသလုံးပေါ်က ဒဏ်ရာကို ဆေးမလိမ်းပေးဘဲနှင့် ဆေးပြင်းလိပ် တဖွာဖွာလုပ်နေသည့် အဖေ့ ကို ထိုစဉ်က နာကြည်းခဲ့သည် ။ ထိုအကျိုးဆက်က တခြားသူ အပေါ် မလိမ်မညာတတ်သည့် အကျင့်က ဖြစ်သွားပြီ ။

အဖေသည် သားသမီးများကို ပညာတတ်စေချင်သည် ။ တခြားမိဘများလို သားသမီးများကို ချော့၍ မပြော ။

“ ပညာတတ်အောင် သင်ရင်သင် ၊ မသင်လို့ကတော့ ကျောင်းထွက်ခိုင်းပစ်မယ် ၊ အိမ်မှာ အလုပ်သမား မငှါးရတော့ဘူး ”

ကျောင်းပိတ်ရက်များမှာ ထွန်တုံးပေါ် တက်ရသည့် အစ်ကိုကြီးက အဖေ့စကားကို အပြည့်အဝထောက်ခံနေ သလိုမျိုး ဖြစ်သည် ။ တခြား ကလေးများလို မကစားရသည့် အစ်ကိုကြီးက ကျောင်းစာတော်အောင် ကြိုးစားခဲ့သည် ။ ကျောင်းမသွားခင် ထမင်းအိုး တည်ခဲ့ရသည့် ကျွန်မပါးပေါ်က အိုးမဲသည် သနပ်ခါး ဖြစ်ခဲ့သည် ။ ကျွန်မ အောက်က မောင်လေးသည်လည်း နွားချေး တစ်ပုံကို မနိုင်တနိုင် ကျုံး၍ လုပ်ခဲ့ရသည် ။ ထိုကဲ့သို့ ကလေးနှင့် လိုက်ဖက်စွာ ခိုင်းတတ်သည့် အဖေ့ကို ကျောင်းမမီခဲ့ရ၍ စိတ်ဆိုးခဲ့၏ ။

“ ငါ သာ ကျောင်းမနေ ရင် ဒီထက် ခိုင်းမှာ ” ဆိုသည့် စိတ်ကြောင့် မောင်နှမ အားလုံး စာကြိုးစားခဲ့ကြသည် ။ ယခုတော့ ထိုကျေးဇူးကြောင့် ကျွန်မတို့ မောင်နှမများ ဖောင်တိန် ကိုင်၍ သက်သောင့်သက်သာ နေနိုင်ခဲ့ရပေသည် ။ သားသမီးကို အပြင်ထွက် မချစ်တတ်သော အဖေသည် ညည ဆိုလျှင် ရယ်စရာများ ပြောတတ် သေးသည် ။ ကျွန်မတို့ မိသားစု၏ ပျော်ရွှင်စရာ အချိန်သည် ညမအိပ်ခင် အချိန် ဖြစ်၏ ။

••••• ••••• •••••

ညရောက်ပြီ ဆိုလျှင် အလုပ်ပင်ပန်းသည့် အဖေကို ကျွန်မတို့ မောင်နှမသုံးယောက် နင်းနှိပ်ပေးရသေးသည် ။ ထိုစဉ်က အငယ်ဆုံးမောင်လေးသည် အမေ့ရင်ခွင်ထဲတွင် ရှိသေးသည် ။ အဖေ့အကျင့်က အနင်းခံရင်း ရေဒီယိုနား ထောင်တတ်၏ ။ ယခုအချိန်ထိလည်း နားထောင်ဆဲ ။ နေ့ခင်း ပင်ပန်းသမျှ ရေဒီယို နှင့် အပန်းဖြေသည်ဟု ယူဆမိသည် ။ အဖေသည် ရေဒီယိုကို မည်မျှအထိ စိတ်ဝင်စားသနည်း ဆိုလျှင် တစ်လုံး မကောင်း တစ်လုံး ဝယ်သည် ။ အင်္ကျီကို အသစ် ချုပ်ဝတ်ချင်မှ ဝတ်မည် ၊ ရေဒီယို ကတော့ အသံတိုး မခံ ။ အဖေ၏ ပိုင်ဆိုင်မှုသည် ရေဒီယိုများသာ ဖြစ်သည် ။ အိပ်ရာ ဘေးတွင် ရေဒီယိုများက အရွယ်စုံ ၊ ဆိုက်စုံ ရှိ၏ ။ အဖေသည် သူ နှစ်သက်သော ရေဒီယိုကို အိမ်က လူတစ်ယောက်မှ အကိုင် မခံ ။ အဖေ စိတ်ကြည်နေသည့် အချိန် အဖေ့ကို စ,နောက်ချင်၍ ကျွန်မ က “ အဖေ .... ဒီရေဒီယိုလေး သမီးပေးနော် ” ။ ထိုအခါ အဖေက မျက်လုံးကြီး ပြူးကြည့်၍ မည်သည့် စကားမှ မပြောသလို ခေါင်းလည်း မညိတ် ။ လက်က မပေး ။ ထိုကဲ့သို့ ရေဒီယိုအပေါ် နှစ်သက်သည် ။

သူကိုယ်တိုင် မြို့သွား မဝယ်နိုင်လျှင် ဝယ်တတ်သူ ရှိက လူကြုံ မှာတော့သည် ။ မှတ်မှတ်ရရ ကျွန်မ ဆယ်တန်းအောင်သည့်နှစ်က ပွင့်ဖြူမြို့သို့ အလုပ်ကိစ္စနှင့် သွားရသည် ။

“ အဖေ ဘာမှာဦးမလဲ ” ဟု မေးလိုက်တော့ ရေဒီယို ဝယ်ခဲ့ရန် မှာ၏ ။

ဖြစ်ချင်တော့ ပွင့်ဖြူတံတားပေါ် ရောက် ကားကြီး ရှောင်လိုက်စဉ် ဆိုင်ကယ်ခွကြားမှ အထုပ်သည် ရှောခနဲ ချောင်းရေထဲ ကျသွားသည် ။

ထိုအထုပ်ထဲတွင် ငှက်ပျောသီးက သုံးဖီး ၊ အမေ့ အတွက် လုံချည်နှစ်ထည်နှင့် အဖေ၏ ရေဒီယို တစ်လုံး ။ ထို အရာများသာ ပါ၏ ။ အထုပ်ကလေးက ရေပေါ် တွင် ပေါလောပေါလောနှင့် ။ ထိုကဲ့သို့ အထုပ် ရေပေါ်ပေါ် နေရခြင်းသည် အထုပ်ထဲက ငှက်ပျောသီးကြောင့် ထင်မိပါသည် ။ ကျွန်မမှာ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ ။ တံတားပေါ်တွင် ကူသူမဲ့ အထုပ်ကလေးကတော့ တစ်စ တစ်စ ဝေး၍ ဝေး၍ သွားချေပြီ ။ ကျွန်မမျက်လုံးက ဟိုသည် ကြည့်နေမိသည် ။ ကမ်းတွင် ရပ်ထားသော လှေတစ်စီးကို မြင်လိုက်ရစဉ် အပြေး သွား၍ လှေသမားဦးကြီးကို အကူအညီ တောင်းရ၏ ။ အရေးတကြီး အကူအညီ တောင်းသည့် ကျွန်မကို ကြည့်၍ လှေသမားဦးကြီး က ပါသည့် ပစ္စည်း ရေတစ်ဝက် ၊ ကုန်းတစ်ဝက် ဟု ဆို၏ ။ ကျွန်မ ခေါင်းညိတ်ပြလိုက်သည် ။ ကုန်းပေါ်ရောက် အထုပ်ကို ဖြေကြည့်၏ ။

သူ ထင်သလို အဖိုးတန် ပစ္စည်း မပါလာ၍ “ ဟာကွာ .. ရေဒီယို ” ဟု ဆိုပြီး အထုပ် ပြန်ပေးသည် ။ သူ့ အတွက်သာ “ ဟာကွာ .. ရေဒီယို ” ၊ ကျွန်မအတွက်တော့ အဖေ၏ ရတနာအိုး ။

••••• ••••• •••••

အဖေက သူ၏ ရတနာအိုးကို ညညကျ ဖွင့်၍ သုံးတော့သည် ။ ကျွန်မတို့ မောင်နှမသုံးယောက်က အဖေ့ခြေ သလုံး ၊ ပေါင်ကို ကဆုန်ပေါက်နင်း ၊ အဖေက အောက်ကနေ လိုင်းပေါင်းစုံ ရွှေ့နေတော့သည် ။ ဂျစ် ဂျစ် ထစ် ထစ် ဆိုသည့် အသံပေါင်းစုံ ကြားနေရ၏ ။ ကု,လားသံ ၊ တရုတ်သံ ၊ အင်္ဂလိပ်သံ အစုံပဲ နားထောင်ရသည် ။ အဓိက အဖေ နားထောင်ချင်သည်က ဘီဘီစီ ၊ အာအက်ဖ်အေ ၊ မြန်မာ့အသံ ။ တစ်ခါတစ်ခါ ကျ လိုင်းညှိနေသည်နှင့် နားမထောင်လိုက်ရပေ ။ ကျွန်မတို့က အပေါ်က ကပေါက်တိ ကပေါက်ချာ နင်း ၊ အဖေက အောက်က ရေဒီယို ကလိ အဆင်ကို ပြေ နေ၏ ။ နင်းရပါ ကြာလာသည့်အခါ -

“ အဖေ့ ပါလက်စတိုင်း ၊ အစ္စရေးပြဿနာ မပြီးသေးဘူးလား အဖေရ ”

“ အေး ချတော့မှာပါ ၊ ပြီးတော့မယ် ထင်ပါတယ် ”

ထိုကဲ့သို့ ပြောပင်မဲ့ အခုချိန်ထိ မချသေး ၊ မပြီးသေး ။ မြန်မာသီချင်းကြိုက်သည့် အစ်ကိုကြီး က - 

“ မြန်မာ့အသံက ညချမ်းချိန်ခါ တေးသံသာ ဖွင့်စမ်းပါ အဖေရာ ”

“ အေးပါ ”

ဟု အဖေ လိုင်းရွှေ့နေတော့သည် ။ ကျွန်မတို့ မောင်နှမများက အပေါ်က ညောင်းလှပြီ ၊ အိပ်ချင်လှပြီ ။ အိပ်ချင်တာလည်း မပြောနှင့် အဖေ့ကို နင်းပေးရသည်မှာ တစ်နာရီ ကျော်နေပြီ ။ အဖေ ကတော့ လိုင်းရွှေ့ ကောင်းဆဲ ။ နားထောင်ကောင်းဆဲ ။ မျက်လုံးစုံမှိတ် နားထောင်နေသည့် အဖေ့ အပေါ်က မောင်နှမသုံးယောက် တစ်ယောက်လက် တစ်ယောက်တို့၍ အသာလေး ဆင်းကြသည် ။ ထိုအခါ -

“ ဟိတ် ... ဘယ်ဆင်းမှာလဲ ”

“ ရှူးရှူးပေါက် သွားမလို့ပါ ”

ထိုကဲ့သို့ ပြောပြီး အိမ်သာဘက် ထွက်ကြသည် ။ ခြေဖွနင်း အသာလေး ဝင်အိပ်ကြရသည် ။ အဖေကတော့ ရေဒီယိုက ကွိကွိ ၊ ကွကွနှင့် အင်္ဂလိပ်ပိုင်း အစီအစဉ် ကြေညာလာသည် အထိ နားထောင်ကောင်းဆဲ ။ အသံက ရှဲရှဲနှင့် ။ လူကလည်း ခလော ခလောနှင့် ။ ယခုအချိန်ထိလည်း နားထောင်ဆဲ ၊ ယခုအချိန်ထိလည်း ခလော ခလော ဖြစ်နေဆဲ ။ အဖေ့ ဘဝမှာ ရေဒီယိုက မည်မျှ အရေးပါသည်ကို နားလည်ရန် အတော်အချိန်ယူခဲ့ ရ သည် ။ ကျွန်မတို့ ငယ်ငယ် ၁၉၈၈ ခုနှစ် အရေးအခင်းကြီး ဖြစ်ကတည်းက ရေဒီယို ကို နားထောင်ရမှန်း သိခဲ့သည်ဟု အဖေ ပြောပြခဲ့ဖူး သည် ။ အဖေက ဗိုလ်ချုပ်ခင်ညွန့် အကြောင်း စိတ်ဝင်စားသလို ၊ ဘာလင်တံတိုင်းကြီး အကြောင်းကိုလည်း သိချင်သေးသည် ။ ကျွန်မ ထင်သည် ။ အဖေသည် အိမ်ထဲ ကနေ ကမ္ဘာကြီးကို ကြည့်နေသူ တစ်ယောက် ဟု ။

••••• ••••• •••••

ကျောပေးနေသည် အဖေ့ အကြောင်းများက ကုန်နိုင်ဖွယ် မရှိသော တစ်ထောင့်တစ်ည ပုံပြင်သဖွယ် ဖြစ်တော့သည် ။ ကျွန်မတို့ မောင်နှမများ အပေါ် နောက်ဆုံး တာဝန် ဖြစ်သည့် ထိမ်းမြားခြင်း ဆိုသည့်အလုပ်တစ်ခုကို ရင် နှင့် ရင်း၍ ပေးလိုက်ရသည် ထင်ပါသည် ။ သားကြီးနှင့်လည်း ခွဲလိုက်ရပြီ ။ သားလတ်ကလည်း ထွက်ခွာသွားချေပြီ ။ သားငယ်ကလည်း မိန်းမအိမ် ကောက်ကောက်ပါအောင် လိုက်သွားချေပြီ ။

ယခုလည်း ...

“ ကျွန်တော့်သမီးလေး က တောင်ဝှေးလေးပါဗျာ ” ဟု အဖေ အမြဲ ပြောပြောနေသည့် ကျွန်မကို အိမ်ထောင် ပြုပေးလိုက်ရ၍ အဖေ ကျိတ် ခံစားနေရပြီ ထင်ပါသည် ။ ကျွန်မ သမီးအလိမ္မာ ဘွဲ့ထူး ရရန် အတွက် အဖေ့နှလုံးသွေး နှင့် ရင်းလိုက်ရသည်ကို အဖေ့မျက်ရည် ကြည့်၍ ကျွန်မ မလိုချင်တော့ပေ ။

“ သမီး ... ဟိုမှာ သူတို့ စောင့်နေကြပြီ ၊ သမီးသေတ္တာ အမေ ထုတ်ထားတယ် လာတော့လေ ”

အခန်းဝမှာ အမေ့အသံကြောင့် ကျွန်မ အဖေကို နှုတ်ဆက်ရတော့မည် ။

“ အဖေ .. သမီး သွားတော့မယ်နော် ၊ ကျန်းမာရေး ဂရုစိုက်နော် ”

ကျွန်မကို လှည့်မကြည့်သော အဖေ၏ ကျောပြင်တွင် တုန်ခါ နေချေပြီ ။ ပါးပြင်တွင် မျက်ရည်များ စီးဆင်းနေမည် ထင်ပါသည် ။ သားသမီးများ အပေါ် သည်လောက်အထိ ချစ်လိမ့်မည်ဟု မထင်ထားသော အဖေက ယခုများတော့ ရှိုက်ကာရှိုက်ကာ ငိုနေရလေပြီ ။ မည်သည့် စကားများနှင့် ချော့ရမည်နည်း ။

“ သမီး ... လိုက်မသွားတော့ဘူး အဖေ ”

ဟု ပြောလိုက်လျှင် ကောင်းမလား ။ ထိုအခါ -

“ သမီးအတွက် အဖေ ဂုဏ်ယူပါရစေ ” ဆိုသည့် စကားလုံးများ ထွက်ကျလာမည် ထင်ပါသည် ။ ကျွန်မကို ယောက်ျားလေးရှင် ဘက်က လာ၍ တောင်းရမ်းစဉ် အဖေ့မျက်နှာ ပြုံးနေခဲ့သည် ။ သူ သွန်သင်ဆုံးမခဲ့၍ မိန်းမ ကောင်း ပီသသည့် ကျွန်မကို ပတ်ဝန်းကျင် ချီးကျူးစကား အောက်မှာ အဖေ ပျော်နေခဲ့သည် ။ ထိုအပျော်များ ၊ အပြုံးများကို ကျွန်မမှာ မဖျက်ဆီးရက်ပြန် ။

၅၂၈ အချစ် က ၁၅ဝဝ ဆိုသည့် အချစ်ကို မတွန်းလှန်နိုင်ခဲ့သော ကျွန်မသည် အဖေ ၏ စိတ်တိုင်းကျ နေပေးခဲ့သည် ။ အဖေ ပျော်နေလျှင် ၊ ပြုံးနေလျှင် ကျေနပ်နေသည့် ကျွန်မ ယခုလို အဖေ့ကို မြင်ရ၍ စိတ်မချမ်းသာ ။ 

“ သမီးသွားတော့လေ”

အက်ကွဲနေသည့် အဖေ့ အသံကြောင့် တွေဝေနေသည့် ကျွန်မ ၊ အဖေ ခိုင်းစေသည့် အလုပ်ကို လုပ်ရန် ခြေလှမ်းပြင်လိုက်ပါသည် ။ မသွားခင် အဖေ့ကို ထိုင်၍ ကန်တော့လိုက်၏ ။ ကျောပေးရင်းက မျက်နှာလှည့်လာသော အဖေ့ ထံမှ ဆုပေးသံ မကြားရပေ ။ သို့ပေမဲ့ နှုတ်ခမ်းတစ်စုံက တော့ လှုပ်နေသည် ။

“ အဖေ ... သွားပြီနော် ”

ကျွန်မ အဖေ့လက်ကို ဆွဲ၍ နှုတ်ဆက်လိုက်သည် ။ အဖေ့ လက်တစ်စုံက အေးစက်နေချေပြီ ။

“ သမီး ... နေဦး ”

အခန်းဝ , ရောက်နေသည့် ကျွန်မ ၊ ရပ်၍ နောက်ပြန်ကြည့်လိုက်သည် ။ အဖေ့လက်မှာ ပစ္စည်းလေး တစ်ခု ။

“ ရော့ သမီးအတွက် အဖေ့ရဲ့ လက်ဖွဲ့ ” 

ကျွန်မ အံ့သြနေမိသည် ။ အဖေ မြတ်နိုးသည့် အရာလေးကို ကျွန်မကို ပေးသည် ။ အဖေ့ကို ကြည့်၍ ကျွန်မ လက်က တုန်ယင်နေသည် ။ ထို လက်တစ်စုံနှင့် လှမ်း၍ ယူလိုက်၏ ။ ကျွန်မကို ပြုံးပြုံးကြီး ကြည့်နေသော အဖေ့ကို ပြန်၍ ပြုံးပြလိုက်သည် ။

••••• ••••• ••••• 

ကားတစ်စီးလုံး ပန်းများ အပြည့် ။ ကားထဲတွင် ကျွန်မနှင့် အတူ ကျွန်မနှင့် ရွှေလက်တွဲရမည့် သတို့သား လိုက်ပါလာသည် ။ ကျွန်မ၏ လက်ထဲတွင် ရေဒီယိုလေး တစ်လုံး ကိုင်ထား၏ ။ ကျွန်မ ပါးပြင်ပေါ်က စီးကျလာသည့် မျက်ရည်များကို မသုတ်မိပေ ။

လက်က ရေဒီယိုလေး ဖွင့်၍ လိုင်းညှိလိုက်၏ ။ မျက်ရည်ပေါက်များက တစ်ပေါက်ချင်း တစ်ပေါက်ချင်း ရေဒီယိုလေးပေါ် ကျနေသည် ။ ရေဒီ ယိုလေး ဆီမှ ဂျစ် ... ဂျစ် ... ထစ် ... ထစ် နှင့် မြည်နေပါတော့သည် ။

▢  နဒီသင်း ၊ ကုန်းဇောင်း ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ၂၀၁၈ ၊ ဒီဇင်ဘာ

No comments:

Post a Comment