❝ ရုပ်ရှင် ❞
( မနော်ဟရီ )
( အဆုံး )
“ Cut ... this is the last scene ” ဆိုသော အသံအဆုံးမှာ ဒါဟာ နောက်ဆုံးဇာတ်ဝင်ခန်း ဆိုတာ ကျွန်မ သိလိုက်ရသည် ။ တစ်ခါတစ်ခါတော့လည်း လောက၏ ထိုးဇာတ်များသည် ထိုသို့ချည်းဖြစ်၏ ။ ဘာကိုမှ သိပ်ပြီး ကြိုမသိတာက ကောင်းတာလား ၊ ဆိုးတာလား ကျွန်မ စဉ်းစားနေမိသည် ။ ကိုယ်ပိုင် စိတ္တဇနာမ်များ ၊ အငွေ့အသက်များ ၊ ခြေရာလက်ရာများ အားလုံးကို ကျွန်မ လိုက်လံသိမ်းဆည်းနေဆဲ ။ မီးသမား ၊ မှန်သမား ၊ ကင်မရာသမားများကလည်း ပစ္စည်းတွေ သိမ်းနေကြသည် ။ တချို့သော ဇာတ်လိုက်ကျော်များက ကိုယ် ပါဝင်သရုပ်ဆောင်ခဲ့သော ကဒ်များကို မော်နီတာတွင် ပြန်ကြည့်နေကြ၏ ။
“ ဟေ့ ... မင်း ပြန်မကြည့်တော့ဘူးလား ”
“ ဟင့်အင်း ... အဆင်ပြေတယ် မဟုတ်လား ”
“ အား ... ပြေရုံတင် ဘယ်ကမလဲ ၊ သိပ်ကောင်းတယ် ”
ဇာတ်ညွှန်းသမားက အားရကျေနပ်သံကြီးနှင့် ဝင်ပြောသည် ။ ကျွန်မ ကတော့ ထိုသူ့ကို အမုန်းဆုံးဖြစ်သည့်အလျောက် ဘာမှ ပြန်မပြောဖြစ် ။ ဘာမှ သိပ် လေးလံခြင်း မရှိသော ကိုယ်ပိုင်ပစ္စည်းတချို့ကို ကားပေါ် ပစ်တင်လိုက်သည် ။ ဘုရားသခင် ကျွန်မ ဘယ်ကို သွားရမှာတဲ့လဲ ။ နောက်ထပ် ထပ်ကရမယ့် ပြဇာတ်ကလည်း ဘာတဲ့လဲ ။ ခက်တော့ ခက်နေပြီ ။ ကျွန်မ ကားကို မှီပြီး ဘာမှ ပျော်ရွှင်ဖွယ်ရာ မပါသော ကဒ်များကို တစ်ကဒ်ပြီး တစ်ကဒ် ကြည့်ကာ ကျေနပ် အားရနေသူများကို ကြည့်နေမိသည် ။ လောကတွင် လူတချို့သည် ဗီလိန် အဖြစ် သရုပ်ဆောင်ရသည်ကို ကျေနပ်နေတတ်တာကို ကျွန်မ ခုမှ သိလိုက်တာမှ မဟုတ်ဘဲ ။ ထိုစဉ် အရိပ်တစ်ခု ဖျတ်ခနဲ ထိုးကျလာ သဖြင့် ယောင်ရမ်းပြီး နောက်ဆုတ်မိမလို ဖြစ်ပြီးကာမှ မှီထားသော ကားကြောင့် ဘယ်မှမရောက်လိုက် ။ မော့ ကြည့်လိုက်တော့ ဝတ်ရုံနက်နှင့် တံစဉ်လို တုတ်ကြီး ကိုင်ထားသော သေမင်းတမန် ။
“ ဒီကားမှာ နင်ပါလို့လား ... ”
ကျွန်မ သူ့ကို ဇဝေဇဝါကြည့်မိတော့ သူက မျက်နှာဖုံးကို ဆွဲချွတ်ရင်း ကျွန်မကို မသက်မသာ ကြည့်သည် ။
“ နင့်မှတ်ဉာဏ်တွေ မကောင်းတော့ဘူး ”
“ ဟုတ်လား .. အင်း .. ငါ့မှတ်ဉာဏ်တွေ မကောင်းတော့ဘူး ။ ဒီနေ့ ရိုက်တဲ့အခန်းတောင် ဘာမှန်း မသိလိုက်ဘူး ။ ဒီနေ့ နောက်ဆုံးနေ့ ဆိုတာလည်း ငါ မသိလိုက်ဘူး ”
“ နင်ကတော့ တကယ့် စံပါပဲ ။ သရုပ်ဆောင်တော့ ကောင်းပါရဲ့ နင်မသိတာချည်းပဲ ။ ဒါထက် နင် ဘာဖြစ်နေလဲ တစ်ခုခု ”
“ အင်း ... အမ်နီးရှားလိုဟာမျိုး ”
သူ ဟက်ဟက်ပက်ပက် ရယ်သည် ။ ခုမှ သူ့ ရယ်သံက သူဝတ်ထားသော သေမင်းတမန်ဝတ်စုံ နှင့် လိုက်ဖက်နေသော်လည်း ကြောက်စရာ မကောင်း ။ ကားရိုက်တုန်းက သူ ဒီလို ရယ်မောခွင့် မရခဲ့ဟု ထင်သည် ။
“ အမှန်က နင်က ဒီကားထဲမှာ သေပြီးသား လူလေ ၊ တကယ် သေ မသေ ကိုယ့်ဘာသာကိုယ် အတည်ပြုရင်း ထပ်ကာ ထပ်ကာ သေနေတာလေ ၊ နင် မမှတ်မိဘူးလား ”
“ မှတ်မိသလိုလိုပဲ ... ”
“ အဓိကကတော့ သေဆုံးပြီးသား လူတစ်ယောက်က သူ့နားက နောက်ထပ်လူတစ်ယောက် သေဆုံးသွားတာကို လက်မခံဘဲ အတည်ပြုဖို့ ကြိုးစားနေတာ တစ်နှစ်လောက် ကြာသွားတဲ့အတွင်း ဖြစ်ပျက် နေခဲ့တာတွေကို ရိုက်ထားတာ .. ”
“ ဟုတ်မယ် ... ”
ကျွန်မ အူကြောင်ကြောင် ပြန်ပြောတော့ သူက ခေါင်းခါသည် ။
“ နင် ဆရာဝန်ဆီ ထသွားလိုက်တာ ကောင်းမယ်ထင်တယ် ”
“ အေး ... ငါလည်း ဒီလိုပဲ ထင်နေတာပဲ ”
လိုက်လျောညီထွေတွေ ပြောတတ်တာ တော်တော် အကျင့်ရနေပြီမဟုတ်လား ။ သေမင်းတမန် ကျေနပ်သွား၏ ။ ပြင်ပလောကမှာသာဆို သေမင်းက ဆရာဝန်ဆီသွားဖို့ ပြောနေတာကြီးက အတော် ရယ်စရာကောင်းနေပေလိမ့်မည် ။ သို့သော်လည်း ဒီသေမင်းတမန်တွေကတော့ အတော်လေး စိတ်ထား ပြည့်ဝပုံရသည် ။ ကြည့်လေ ။ ဇာတ်လမ်းစဉ် တစ်လျှောက် ကျွန်မနှင့်အတူ သရုပ်ဆောင်နေရပါလျက် နှင့် ဒီကားမှာ နင်ပါလို့လား ဆိုတော့လည်း စိတ်ပင် မဆိုးဘဲ စိတ်လိုလက်ရ ပြန်ရှင်းပြနေသေးသည် ။ ရှုတင်မီးများ လိုက်ပိတ်နေပြီ ။ ဒါရိုက်တာ ကလည်း သူ့ ကားပေါ် ရောက်နေပြီ ။ လူ သုံးလေးယောက်က မော်နီတာနားက မခွာချင်သေး ။ ကျွန်မ သေမင်းတမန် ကို နှုတ်ဆက်ကာ ကားပေါ်တက်လိုက်သည် ။ စက်နှိုးရန် ပြင်နေဆဲ လူတစ်ယောက် ကားပြတင်းမှန်ကို လာခေါက်သည် ။ မှန်ကို ဖွင့်ပေးလိုက်ရင်း ...
“ ဘာလဲ ... ”
“ ခင်ဗျား ကျန်ခဲ့တာ .... အီစတာမှာ ပွင့်တဲ့ပန်းလေ ”
အယောင်ယောင် အနနနှင့် ကျွန်မ လှမ်းယူလိုက်သည် ။ ပန်းက အတုဖြစ်နေ၏ ။ ကျွန်မ ယူခဲ့တုန်းက ပန်းက အစစ် ။ ခုလောက်ရှိ နွမ်းလျပျက်စီးနေ လောက်ပြီ ။ ခု ပန်းအတုကတော့ အစစ်နှင့် ခွဲမရအောင် တူလျက်က လန်းဆန်းလှပနေဆဲ ။ ဘေးခုံပေါ် ရှိ ပစ္စည်းခုံပေါ် ပစ်တင်လိုက်တော့ စိတ္တဇနာမ်တစ်ခုက စိတ်ဆိုးမာန်ဆိုး ထခုန်ပြီး ကားပေါ်က ဆင်းမည် တကဲကဲ လုပ်တော့သည် ။
“ နင်ဟာလေ အမှတ်ကို မရှိဘူး ။ ငါ အဲဒီပန်း အနံ့တောင် မခံချင်တော့ပါဘူးဆို ”
“ ဒါ အနံ့ မပါပါဘူး ။ အတုကြီးပါ ”
“ အတုလည်း မမြင်ချင်ဘူး ။ နင်လည်း ကြည့်မနေနဲ့ ပြီးရင် နင့်ဒုက္ခက ငါ့ဒုက္ခလာဖြစ်တာပဲ ”
ကျွန်မ သူ့အလိုကျ ( ကျွန်မ အလိုကျလည်း ဖြစ်နိုင်ပါသည် ။ ) အီစတာပန်းအတုကို ကားပေါ်က လွှင့်ပစ်ခဲ့လိုက်သည် ။
••••• ••••• •••••
( အလယ် )
ရိုက်ကွင်းတည်ရှိရာ စတူဒီယိုဝင်းကြီး ထဲမှာ ကားကို မောင်းထွက်လာခဲ့လိုက်တော့ ဂိတ်နား အရောက်တွင် လူတစ်ယောက်က ကားတားနေတာ တွေ့လိုက်ရသည် ။ ဘယ်အချိန်က ကားမှီအုံးပေါ် တက်ထိုင်နေမှန်း မသိသော စိတ္တဇနာမ် တစ်ကောင်က သတိပေးသည် ။
“ မင်း ... ကားရပ်ဖို့ စိတ်မကူးနဲ့ နော် လက်ပဲ လှမ်းပြလိုက် ”
တကယ်လည်း ကျွန်မ ကားရပ်ဖို့ စိတ်ကူး မရှိပါ ။ ကျွန်မကိုယ် ကျွန်မပင် ဘယ်သွားမည်မှန်း မသိဘဲ လမ်းကြုံလိုက်မည့်သူကို ခေါ်တင်သွားလို့ ဖြစ်မှ မဖြစ်ဘဲ ။ သိနေသည့်တိုင် ကျွန်မနှင့် လမ်းကြုံ လိုက်မည့်သူက လမ်းချင်း တူပါဦးမှလေ ။
“ မင်းသိထားဖို့က ငါတို့ တော်တော်ပင်ပန်းနေပြီ ”
ကိုယ်နှိပ်စက်ထားလို့ သူတို့ပဲ ပင်ပန်းနေရသလို ခပ်တည်တည်နှင့် ကျွန်မကို သတိပေးကြ သည် ။ တကယ်ဆို ကျွန်မ၏ သရုပ်ဆောင်မှုများ အားလုံးသည် သူတို့၏ အထောက်အကူ လိုတာတော့ မှန်ပါသည် ။ သို့သော် သူတို့ မလာလည်း ဖြစ်သည်ပဲ ။ ကျွန်မ အတောင့်လိုက်ကြီး အသက်မပါဘဲ သရုပ်ဆောင်တော့ရော ဘာဖြစ်မှာလိုက်လို့ ... ဟု စိတ်ထဲက တွေးပစ်လိုက်သည် ။ ပါးစပ်ကတော့ မပြောဖြစ် ။ သူတို့သာမက ကိုယ်ပါ အတော်လေး ပင်ပန်းနွမ်းနယ် နေပြီဆိုတာ ထိုအချိန်ကျမှ တိတိပပသိလိုက်ရလို့ လည်း ဖြစ်မည်ထင်သည် ။
“ မင်း ... မပြန်ဘူးလား .... ”
“ ဘယ်ကိုလဲ ... ”
ကျွန်မအမေးကို သူတို့ စိတ်ပျက်လက်ပျက် ခေါင်းခါကြရင်း တစ်ကောင်မျက်နှာ တစ်ကောင် တကယ်ပဲ မြင်ရသလိုလို ကြည့်ကြသည် ။
“ မင်း အခြေအနေ အတော် မကောင်းတာဘဲ ”
“ ဟင့်အင်း .... ဘယ်ကလာ ဒါ အခြေအနေ ကောင်းပါတယ် ၊ ငါ ကားမောင်းနေသေးတယ်လေ ”
“ ဒါဆို မင်း ဘယ်ပြန်ရမလဲ ဘာလို့ မသိတာလဲ ”
“ မသိတာ မဟုတ်ပါဘူး ၊ ငါ မပြန်ချင်တာပါ ”
မပြန်ချင်ဘူးသာ ခပ်တည်တည်ပြောလိုက်သည် ။ သူတို့ရည်ညွှန်းနေတာ အိမ်လား ၊ အဆောင် လား ၊ ဘယ်နေရာလဲ ကျွန်မ မသိ ။ အိမ်ပြန်လမ်းကို လည်း ကျွန်မ မသိ ။ အိမ်ဆိုရင် အိမ်မှာ ဘယ်သူတွေက ကျွန်မကို စောင့်နေကြမှာလဲ ကျွန်မ မသိ ။ ဖြတ်မောင်းနေမိသည့် သစ်တောလမ်း ကိုတောင် ဘာလမ်းမှန်း ကျွန်မ မသိ ။ ဒါကို သူတို့ကို အသိပေးလိုက်လျှင် အားလုံး လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကာ ကျွန်မ ကားဆက်မောင်းလို့ ရမှာမဟုတ် ။ စိတ္တဇနာမ် တစ်ခု ကျွန်မ ပခုံးပေါ် ခုံတက်လာသည် ။
“ မင်း ဘာလို့ မပြန်ချင်တာလဲ ။ မနားချင်ဘူးလား ။ မင်း နားသင့်တယ်လေ ”
“ မနားချင်ပါဘူး ... ခုမှ ဇာတ်သိမ်းကို ရိုက်ခဲ့တာ ။ လွတ်လပ်ပြီလေ ... ငါ လွတ်လွတ်လပ်လပ် လျှောက်သွားချင်တယ် ”
ပြောနေချိန်မှာ ကိုယ့်အသံတောင် ကိုယ် သိပ်မမှတ်မိချင်လောက်အောင် စကားလုံးတွေက မယုံကြည်ချင်စရာ ဖြစ်နေသည် ။
“ ဒါဆိုလည်း သွားလေ .. ငါတို့ သီချင်းနားထောင်ကြတာပေါ့ ”
စိတ္တနာမ်တစ်ကောင်က သီချင်းလှမ်းဖွင့်သည် ။ ထွက်လာတဲ့ဂီတက Kitaro ... Dances of Swaravati ... ဒါပြီးရင် Silk Road လာမည် ။ ပြီးရင် Lady of Dream လာမည် ... ။
ဒါတွေအားလုံး ပြီးခဲ့တဲ့ ဇာတ်က ဇာတ်ဝင်သီချင်းတွေ ၊ နောက်ခံဂီတတွေ ။ ဒါကိုကျ ကျွန်မ မှတ်မိနေသည် ။ ဖျတ်ခနဲ လှမ်းပိတ်လိုက်တော့ စိတ္တဇ နာမ်တစ်ကောင်က မေးသည် ။
“ ဘာဖြစ်တာလဲ ”
“ ဒါ ပြီးခဲ့တဲ့ ကားထဲက ဇာတ်ဝင်သီချင်းတွေ ဂီတတွေလေ ။ အလုပ်ပြီးခါစမှာ ဒါတွေ နားမထောင်ချင်ဘူး ။ တခြား တစ်ခုခု ဖွင့်စမ်းပါ ”
“ မင်း ... မင်း .... ပြန်မှတ်မိသွားပြီလား ”
တစ်ကောင်က ကြောင်အမ်းအမ်းနှင့် ကျွန်မ ကို ပြန်မေးပြန်သည် ။ Shit ... ဟုတ်သားပဲ ။ ဒါကျ ဘာလို့ သိနေတာလဲ ။ သူတို့ မေးသလို ကိုယ့်ကိုယ်ကိုယ် လည်း ပြန်မေးရသည် ။ ခုနက အီစတာပန်းကို ယူလာခဲ့တာ မှတ်မိနေသလိုမျိုး ။ ဒါက သိပ်မဖြစ်သင့်ပေမယ့် ဖြစ်ကို ဖြစ်နေခဲ့ပြီ ။ တကယ် ဖြစ်နေတာ ဟုတ် မဟုတ် သိပ်မသေချာတာ တစ်ခုပဲရှိသည် ။
“ ငါ ဒါကျ ဘာလို့ မှတ်မိနေတာလဲ ”
“ ဒါကြောင့်ပြောတာ ... မင်း နားဖို့လိုနေပြီလို့ ”
“ ငါတို့ ကော်ဖီသောက်ကြရအောင် .... ရှေ့ ကော်ဖီဆိုင်လေးက ချစ်စရာလေး ”
သစ်တောလမ်းလေးအလွန်တွင် ချစ်စရာကောင်းသော ကော်ဖီဆိုင်လေးကို ရုတ်တရက် တွေ့လိုက်ရသဖြင့် ကျွန်မ ကော်ဖီသောက်ချင်သွားတာလား ၊ စကားလမ်းကြောင်းကို လွှဲပစ်လိုက်ချင်တာလား မသိ ။ ကားကို ဆိုင်ရှေ့ထိုးရပ်ပစ်လိုက်သည် ။ သူတို့ကတော့ ကျွန်မကို ကြည့်ကာ မေးခွန်းထုတ်၏ ။
“ ငါတို့ပါ လိုက်ဆင်းရမှာလား ... ”
“ ဒါပေါ့ ... လာ လာ ”
ပြောပြောဆိုဆို ကျွန်မ သူတို့အားလုံးကို အိတ်ထဲ ကောက်ထည့်လိုက်သည် ။ အားခနဲ တစ်ကောင်က ထအော်သဖြင့် ကျွန်မ အလန့်တကြား ကြည့်မိတော့ အိတ်ထဲမှာက မီးခိုးတလူလူနှင့် ။
“ ဒါက ဘယ်သူလဲ ဘာဖြစ်ရပြန်တာလဲ ”
မီးခိုးငွေ့တွေကို ခပ်ထုတ်ဖယ်ရှားလိုက်ပြီး ကြည့်လိုက်တော့ စိတ္တဇနာမ် တစ်ကောင် ။ ခုထိ မျက်ရည်စက်လက်နှင့် ... ။ Amazing Grace ကို ခပ်တိုးတိုး ဆိုနေသည် ။
“ ဟေ့ကောင် ... အဲဒီဇာတ်က ပြီးသွားပြီလေ ”
ကျွန်မက သူ့ပခုံးကို ပုတ်ပြီး အသာ ပြောသော်လည်း သူက မော့ပင် မကြည့် ။ Amazing Grace ကိုသာ စိတ်လိုလက်ရ ဆိုနေသည် ။
“ ငါတို့ သူ့ကို ကားပေါ်ထားခဲ့ရမလား ”
ကျွန်မက ထိုသို့ မေးတော့ ကျန်သည့် စိတ္တဇနာမ်တွေက သဘောမတူ ။
“ ကဲကဲ ငါပဲ ကော်ဖီကို take away လုပ်ယူလာခဲ့တော့မယ် ။ ကားပေါ်ပဲ ထိုင်ကြတာပေါ့ ”
ကော်ဖီဆိုင်ထဲ ဝင်လိုက်သည်နှင့် Colbie Caillat ၏ Realize သီချင်းသံက ကျွန်မကို ဆီးကြိုနေသည် ။ take time to realize ... ကျွန်မ အချိန်တစ်ခု လိုနေတာလား ... ဟင့်အင်း ... ကော်ဖီ တစ်ခွက် လိုနေတာ ။ ကျွန်မ ရိုက်ကွင်းပြီးကတည်းက ဘာမှမစားရသေး ။ အနည်းဆုံး ကော်ဖီတစ်ခွက်တော့ လိုအပ်နေသည် ။ စတားဘတ် ကော်ဖီ ဖြစ်လျှင်တော့ အကောင်းဆုံးပေါ့ ။ ဒီဆိုင်ကတော့ စတားဘတ်ဆိုင် မဟုတ်တာ သေချာသည် ။ အလိုလိုနေရင်း စတားဘတ်ကပချီနိုအနံ့က နှာခေါင်းထဲ ဝင်လာသလိုလို ပြီးခဲ့သည့် ဇာတ်လမ်းစဉ်တစ်လျှောက်မှာတော့ ကျွန်မ စတားဘတ်လေးငါးခွက်နှင့် သရုပ်ဆောင်ခဲ့ရဖူးသည်ကို အမှတ်ရနေသည် ။ ( ဒါကျ ဘာလို့ အမှတ်ရနေတာလဲ .... ကျွန်မက ဇာတ်ထက် ဇာတ်ဝင်ပစ္စည်းအချို့ကို သာ မှတ်မိနေတာ နည်းနည်းတော့ ဆန်းနေသည် ) ထိုထဲမှာက ကျွန်မသည် ကော်ဖီကို နှစ်သက်သူလား ( သိပ်မသေချာ ... ) သေမင်းတမန်၏ အပြောအရဆို ကျွန်မက သေဆုံးမှုတစ်ခုကို အတည်ပြုချက် လိုက်ယူနေသော သေဆုံးပြီးသား ဝိညာဉ်တစ်ကောင် ။ ကျွန်မ ဝိညာဉ်တစ်ကောင်လို ပေါ့ပါးဟန်ဆောင်ပြီး ကားပေါ်ပြန်တက်ကြည့်လိုက်သည် ။ မအောင်မြင်ပါ ။ ကော်ဖီနံ့ကြောင့် ကားထဲမှ စိတ္တဇနာမ်များ ခေါင်းထောင်လာသည် ။
“ ငါတို့ ဒီနားမှာပဲ ကားရပ်ပြီး ကော်ဖီသောက်ကြရအောင် ”
သူတို့ကို ကော်ဖီခွက်တွေ ကမ်းပေးလိုက်ရင်း သူတို့ အဖြေမရခင်မှာပင် လေးအေးပေးစက်ကို နည်းနည်း လျှော့ချပြီး ထိုင်ခုံကို နောက်လှန်ချလိုက်သည် ။ ခပ်ပြေပြေလျှောလျှောလေးနှင့် သက်သောင့်သက်သာ ထိုင်လို့ရသွားအောင် ဖြစ်၏ ။ တခြား သီချင်းတစ်ခုခု ဖွင့်စမ်းပါ .. ဟု ကျွန်မက ပြောတော့ သူတို့ သီချင်း ရွေးကြသည် ။ အတော်ကြာအောင် ရွေးနေပြီးမှ ထွက် လာတာက Paul Simon ရဲ့အသံ ။
“ No I would not give you false hope , on this strage and mournful day , but the mother and child reunion , it's only a motion away ... oh ... oh ... oh ... little darling of mine , I can't for the life of me , remember sadder day , I know they say let it be , but it just don't work out that day and a course of a lifetime run , over and over again ”
“ ရပြီ ... ပိတ်လိုက်တော့ ... သီချင်း နား မထောင်တော့ဘူး ။ ကော်ဖီပဲ သောက်မယ် စကားပြောကြတာပေါ့ ။ နင်တို့က ပြီးခဲ့တဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီး တစ်ခုခု မှတ်မိလာအောင် ပြောကြလေ ငါ နားထောင်မယ် ”
သီချင်းကို ခုပဲဖွင့်ပြီး ခုပဲ ဖျတ်ခနဲ ကိုယ့် ဘာသာ လှမ်းပိတ်လိုက်တဲ့ ကျွန်မကို သူတို့ စိတ်ပျက်သလို ကြည့်နေမှာ ကျွန်မ မကြည့်ဘဲ သိနေသည် ။ စိတ္တဇနာမ်တစ်ကောင်ကတော့ စိတ်မရှည်သလို မေးသည် ။
“ မင်း Simon and Garfunkel ကိုရော သတိရရဲ့လား ”
“ ဘာလို့ မရရမှာလဲ ငါ လွန်ခဲ့တဲ့ ၂ နှစ်က Acer Arena မှာ သူတို့နဲ့ ဆုံခဲ့တယ် ။ ခုလို ဇွန်လမှာ ပဲ ။ ဆောင်းက တော်တော် အေးနေပြီ ”
သူတို့ ကျွန်မကို မယုံသလို ကြည့်သည် ။ Paul Simon တို့နှင့် တွေ့ခဲ့တာ မယုံတာတော့ မဖြစ်နိုင် ။ ဒါက ဘယ်လိုလူ မဆို ဒေါ်လာတစ်ရာလောက် ပေးလျှင် ဝင်လို့ရတာပဲ ။ တွေ့ခွင့်ရနိုင်တာပဲ ။ ဖြစ်နိုင်တာက ဒါကျ မှတ်မိနေတာလားဟု မယုံကြည်နိုင်တာပဲ ဖြစ်မည် ။
“ ဒါဆို ခုနက သီချင်းက သူတို့ သီချင်းဆိုတာ မင်းသိလား ”
“ အိုး ... သိပ်သိတာပေါ့ ... သိလို့ကို နားမထောင်တော့တာ ။ အေးအေးဆေးဆေးမှ နားထောင်မယ်လေ ငါ တစ်ခုခုကို မှတ်မိဖို့ လိုနေတယ် ”
သိပ်တော့ ထူးဆန်းတာပါပဲ ။ ဒါ ကျွန်မ တွေးလိုက်မိတဲ့ အတွေး ဖြစ်သလို သူတို့ ကျွန်မကို တွေးနေတဲ့ အတွေးလည်း ဖြစ်နိုင်တာပဲ ။ လွန်ခဲ့တဲ့ ၂ နှစ်က သူတို့နဲ့ ဆုံခဲ့တာကို သတိရနေပြီး ခုလေးတင် ရိုက်လာတဲ့ ဇာတ်က ဘာဇာတ်လဲ မမှတ်မိတော့တာ စဉ်းစားစရာမဟုတ်လား ။
“ အရင်နေ့တွေက ကားရိုက်တာ အဆင်ပြေလား ”
“ ပြေတယ် ... သရုပ်ဆောင်မှု အားလုံးလည်း သိပ်ကောင်းတာပဲ ။ ဒီနေ့ကျခါမှ အလုပ်တွေပြီးပြီ ဆိုမှ မင်း ဖောက်တာ ”
“ ဒီနေ့ နောက်ဆုံးနေ့ဆိုတာ ငါမသိဘူး ”
“ ဘယ်သူက သိစရာလိုလဲ .. ဘယ်သူက ပြောနေစရာလိုလဲ .. အားလုံး ပြီးနေပြီ ၊ ဒီတစ်ကဒ်ပဲ ကျန်တာ ... ဒါပြီးရင် ပြီးပြီဆိုတာ လူတိုင်း သိနေတဲ့ဟာ မင်းက ဘာဖြစ်နေတာလဲ ”
“ ဟုတ်လား ... အဲလိုလား ... ”
ကျွန်မရဲ့ အူလည်လည်စကားကြောင့် သူတို့ အသံတွေ တိတ်သွားသည် ။ ရှိလား မရှိလား မသေချာသည့် သူတို့ ခေါင်းတွေကို သူတို့ ခါယမ်းနေကြပုံရသည် ။ ကျွန်မကတော့ လက်ထဲမှ ကော်ဖီခွက်လောက် သူတို့ကို စိတ်မဝင်စားနိုင်ပါ ။ ခုလောလောဆယ် ကျွန်မ လွတ်လပ်ပေါ့ပါးစွာ နေလိုသည် ။ ထိုခံစားမှုကို အထောက်အကူပြုမည့် အရာတစ်ခုခုကို လုပ်ချင်သည် ။ တစ်နေရာကို သွားချင်သည် ။ တစ်ယောက်ယောက်ကို တွေ့ချင်သည် ။ ခက်တာက ထို တစ်နေရာရာ ၊ တစ်ယောက်ယောက် ၊ တစ်စုံတစ်ရာသည် ဘာမှ ကျွန်မ မသိခြင်းပင် ။ ထုံပေပေ အကြည့်များနှင့် ပတ်ဝန်းကျင်ကို ငေးကြည့်နေမိသည် ။ ချစ်စရာကောင်းသော ကော်ဖီဆိုင်သည် လည်းကောင်း ၊ လူတွေကို လန်းဆန်းစေသည်ဟု ထင်ခဲ့ဖူးသော ကော်ဖီရနံ့သည် လည်းကောင်း ၊ နှစ်သက်ခဲ့ဖူးသော သီချင်းများသည် လည်းကောင်း ဘယ်လို တစ်စုံတစ်ရာ ကမှ ကျွန်မကို မဆွဲဆောင်နိုင်တာလည်း သေချာနေသည် ။ သောက်လက်စ ကော်ဖီခွက်ကို ကားပြတင်းပေါက်မှ တအားလွှဲပစ်လိုက်သည် ။ တစ်ခါသုံး ကော်ဖီခွက်ကလေးက မှန်ပစ်လိုက်သလို မြက်ခင်း စိမ်းစိမ်းတွေပေါ်မကျဘဲ သစ်ပင်တစ်ပင် ၊ တိုင်တစ်တိုင် ၊ ရုပ်တုတစ်ခုကို ဖြတ်တိုက်ပြီးခါမှ ရေထဲကျသွားတာကို မြင်တော့ ကျွန်မ နောင်တရသွားမိသည် ။ တစ်ခါတစ်ရံ ကံကြမ္မာသည်လည်း ကျွန်မလိုပင် လက်မှန်းတည့်လိမ့်မည်မဟုတ်ဟု ခွင့်လွှတ်လိုက်ရတော့မလား ... ။ ဘာမှန်း မသိသည့် နာကျင်မှုတွေက ရင်ထဲ ပြန်စိမ့်ဝင်လာသည် ။ တကယ်တော့ ဘာဆို ဘာမှကို မကျန်တော့အောင် အရာအားလုံးကို သွန်မှောက်ခင်းကျင်းပေးခဲ့သလို ကျွန်မ သရုပ်ဆောင်နိုင်ခဲ့သည် ထင်သည် ။ လတ်တလော ခံစားမှုသည် ဟာလာဟင်းလင်း ... ။ ဘယ်သူ့ အကြံဉာဏ်မှ မယူတော့ဘဲ ကားကို မောင်းထွက်ခဲ့လိုက်သည် ။ ကားရှေ့မှ လေဟာနယ်လည်း ဟာလာဟင်းလင်း .... ။ ရောင်နီ တချို့ပင် မလင်းချင်တော့ ... ။
••••• ••••• •••••
( အစ )
အီစတာပန်းအတုက ကားထဲ ပြန်ခုန်ဝင်လာသည် ။ သူ အလိုကျလိမ့်မည်မဟုတ် ။ ( ကျွန်မလည်း အလိုကျချင်မှ ကျလိမ့်မည် ။ )
“ အတုလည်း မမြင်ချင်ဘူး ။ နင်လည်း ကြည့်မနေနဲ့ ပြီးရင် နင့်ဒုက္ခက ငါ့ဒုက္ခဖြစ်တာပဲ ... ”
“ ဒါ အနံ့မပါပါဘူး ။ အတုကြီးပါ ”
“ နင်ဟာလေ အမှတ်ကို မရှိဘူး ။ ငါ အဲဒီပန်း အနံ့တောင်မခံချင်တော့ပါဘူးဆို ... ”
စိတ္တဇနာမ်တစ်ကောင် စိတ်ဆိုးမာန်ဆိုးနှင့် ထခုန်ပြီး ကားပေါ်မှ ဆင်းမည်တကဲကဲ ဖြစ်လာသည် ။ အီစတာပန်းက အတုဖြစ်သည် ။ ကျွန်မ ယူခဲ့တုန်းက ပန်းက အစစ် .. ။ ခုလောက်ရှိ နွမ်းလို့ ပျက်စီးနေလောက်ပြီ ။ ကျွန်မ အယောင်ယောင်အနနနှင့် လူတစ်ယောက်ကို အီစတာပန်း ပြန်ကမ်းပေးလိုက်သည် ။
“ ခင်ဗျား ကျန်ခဲ့တာ အီစတာမှာ ပွင့်တဲ့ပန်းလေ ... ”
“ ဘာလဲ... ”
ကားစက်မသတ်ခင် လူတစ်ယောက် ကားနားက ပြန်ထွက်သွားသည် ။ ကျွန်မ ကားပေါ်က ဆင်းသည် ။ သေမင်းတမန်ကို နှုတ်ဆက်သည် ။ မော်နီတာနား အုံနေသေးသော လူသုံးလေးယောက်ကို ကြည့်မိသည် ။ ဒါရိုက်တာက ကားပေါ်က ပြန် ဆင်းလာသည် ။ ရှုတင်မီးများကို ပြန်ဖွင့်သည် ။ သေမင်းတမန်က ကျွန်မကို စိတ်လိုလက်ရ ရှင်းပြနေပြန်သည် ။ ကျွန်မက သူတော်တော် စိတ်ထားပြည့်ဝပုံကို တွေးရင်းကပင် သေမင်းက ကျွန်မကို ဆရာဝန်ထံ သွားဖို့ ပြောတာကို အတော်လေး ရယ်ချင်နေမိသည် ။ လိုက်လျောညီထွေတွေကို ကျွန်မ ပြန်ပြောနေတတ်ခဲ့တာ ကြာပြီ ။
“ အေး ... ငါလည်း အဲလိုပဲ ထင်နေတာပဲ ”
“ နင် ဆရာဝန်ဆီ သွားလိုက်တာ ကောင်းမယ်ထင်တယ် ”
သူ ခေါင်းခါတော့ ကျွန်မ အူကြောင်ကြောင်ပြန်ပြောမိသည် ။
“ ဟုတ်မယ် ... ”
“ အဓိကကတော့ သေဆုံးပြီးသား လူတစ်ယောက်က သူ့နားက နောက်ထပ်လူတစ်ယောက် သေဆုံးသွားတာကို လက်မခံဘဲ အတည်ပြုဖို့ ကြိုးစားနေတာ တစ်နှစ်လောက် ကြာသွားတဲ့အတွင်း ဖြစ်ပျက် နေခဲ့တာတွေကို ရိုက်ထားတာ ”
“ မှတ်မိသလိုလိုပဲ ... ”
“ အမှန်က နင်က ဒီကားထဲမှာ သေပြီးသား လူလေ ... တကယ် သေ မသေ ကိုယ့်ဘာသာကိုယ် အတည်ပြုရင်း ထပ်ခါ ထပ်ခါ သေနေတာလေ ။ နင် မမှတ်မိဘူးလား "
သူ ကားရိုက်တုန်းက ဟက်ဟက်ပက်ပက် ရယ်မောခွင့် မရခဲ့ဟု တွေးထင်နေဆဲမှာပင် သေမင်းတမန်က ဟက်ဟက်ပက်ပက် ရယ်သည် ။ သူ့ရယ်သံက သူဝတ်ထားသော သေမင်းတမန် ဝတ်စုံနှင့် လိုက်ဖက်နေသော်လည်း ကြောက်စရာမကောင်း ။
“ အင်း ... အမ်နီးရှားလိုဟာမျိုး .. ”
“ နင်ကတော့ တကယ့်စံပါပဲ သရုပ်ဆောင်တာတော့ ကောင်းပါရဲ့ နင်မသိတာချည်းပဲ ။ ဒါထက် နင် ဘာဖြစ်နေလဲ တစ်ခုခု ”
“ ဟုတ်လား ... အင်း ငါ့မှတ်ဉာဏ်တွေ မကောင်းတော့ဘူး ။ ဒီနေ့ ရိုက်တဲ့အခန်းတောင် ဘာမှန်းမသိလိုက်ဘူး ၊ ဒီနေ့ နောက်ဆုံးနေ့ ဆိုတာလည်း ငါမသိလိုက်ဘူး ”
“ နင့်မှတ်ဉာဏ်တွေ မကောင်းတော့ဘူး ”
သူ မျက်နှာဖုံးကို ဆွဲချွတ်ရင်း ကျွန်မကို မသက်မသာ ကြည့်တော့ ကျွန်မ သူ့ကို ဇဝေဇဝါ ပြန် ကြည့်မိသည် ။
“ ဒီကားမှာ နင်ပါလို့လား ”
ဝတ်ရုံနက်နှင့် တံစဉ်လို တုတ်ကြီး တစ်ခု ကိုင်ထားသော သေမင်းတမန် ၊ ကျွန်မ နောက်ကို ဆုတ်လိုက်မိသလို ၊ ကျွန်မ ရှေ့သို့ အရိပ်တစ်ခု ကျလာသည် ။ လောကတွင် လူတချို့သည် ဗီလိန် အဖြစ် သရုပ်ဆောင်ရသည်ကို ကျေနပ်နေတတ်တာကို ကျွန်မ ခုမှ သိလိုက်တာမှ မဟုတ်ဘဲ ။ ကျွန်မ ကားကို မှီပြီး ဘာမှ ပျော်ရွှင်ဖွယ်ရာမပါသော ကဒ်များကို တစ်ကဒ်ပြီး တစ်ကဒ် ကြည့်ကာ ကျေနပ်အားရနေသူများကို ကြည့် နေမိသည် ။ ခက်တော့ ခက်နေပြီ ။ နောက်ထပ် ထပ် ကရမယ့် ပြဇာတ်က ဘာတဲ့လဲ ။ ကျွန်မ ဘယ်ကို သွားရမှာလဲတဲ့ ။ ဘာမှ သိပ်လေးလံခြင်း မရှိသော ကိုယ်ပိုင် ပစ္စည်းတချို့ကို ကားပေါ် ပစ်တင်လိုက်သည် ။ ကျွန်မ ကတော့ ထိုသူ့ကို အမုန်းဆုံး ဖြစ်သည့်အလျောက် ဘာမှ ပြန်မပြောဖြစ် ။ ဇာတ်ညွှန်းသမားက အားရကျေနပ်သံကြီးနှင့် ဝင်ပြောသည် ။
“ အား ... အဆင်ပြေရုံ ဘယ်ကမလဲ သိပ်ကောင်းတယ် ”
“ ဟင့်အင်း ... အဆင်ပြေတယ် မဟုတ်လား ”
“ ဟေ့ ... မင်း ပြန်မကြည့်တော့ဘူးလား ”
တချို့သော ဇာတ်လိုက်ကျော်များက ကိုယ် ပါဝင်သရုပ်ဆောင်ခဲ့သော ကဒ်များကို မော်နီတာတွင် ပြန်ကြည့်နေကြ၏ ။ မီးသမား ၊ မှန်သမား ၊ ကင်မရာသမားများကလည်း ပစ္စည်းများတွေ သိမ်းဆည်းနေဆဲ ကျွန်မကလည်း ကိုယ်ပိုင် စိတ္တဇနာမ်များ ၊ အငွေ့ အသက်များ ၊ ခြေရာလက်ရာများအားလုံးကို လိုက်လံ သိမ်းဆည်းနေခဲ့သည် ။ ဘာကိုမှ သိပ်ပြီး ကြိုမသိတာ ကောင်းတာလား ၊ ဆိုးတာလား ကျွန်မ စဉ်းစားနေမိသည် ။ လောက၏ ထိုးဇာတ်များသည် တစ်ခါတစ်ခါ တော့လည်း ထိုသို့ချည်း ဖြစ်၏ ။ ဒါဟာ နောက်ဆုံး ဇာတ်ဝင်ခန်းဆိုတာ သိလိုက်ရချိန်တွင်
“ Cut ... this is the last scene ”
••••• ••••• •••••
( ဇာတ်ဝင်ခန်း )
အတည်ပြုချက် အတိအကျ ရထားပြီး ဖြစ်သော Dead Certificates များကို လက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ကျွန်မ အော်ဟစ်ရယ်မောနေ၏ ။ ကျွန်မ၏ ပုံရိပ်သည် ဝိညာဉ်တစ်ကောင် ကဲ့သို့ ထွင်းဖောက်မြင်နေရသော ပုံရိပ်တစ်ခု ဖြစ်နေခဲ့သည် ။ ရယ်မောသံနှင့်အတူ တလိမ့်လိမ့် ကျလာသော မျက်ရည်များသည် ထွင်းဖောက်မြင်နေရသော မျက်နှာပေါ် ဖြတ်သန်းစီးဆင်း ၊ သရုပ်ဆောင်နေခြင်း မဟုတ် မှန်း ကျွန်မ သိနေသလိုလို ... ကင်မရာသည် ကျွန်မ မျက်ရည်များဆီမှ တစ်ဆင့် အီစတာတွင် ပွင့်သော ပန်း ဖြူဖြူများ ပေါ်တွင် တွဲခိုနေသည့် နှင်းစက်များပေါ် ရောက်သွားသည် ။ ထိုပန်းများသည် တစ်ချိန်က အစစ်ဖြစ်ခဲ့သည် ။ ခုတော့ သိပ်မသေချာတော့ပါ ။ နောက်ဆုံးပိတ် ကြားလိုက်ရသော တေးသွားသည်
“ I once was lost but now am found , was blind but now I see ... ”
“ Cut ... this is the last scene ”
( .... )
အကောင်းဆုံး သရုပ်ဆောင်ဆု ကြေညာသံ အဆုံးတွင် ကော်ဇောနီလျှောက်လမ်းပေါ်မှ ဝိညာဉ် တစ်စ လွင့်မျောလာသည်ကို ဘယ်သူမှ မမြင်လိုက်ကြ ။ အားလုံး ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်နှင့် တစ်မိနစ်တိတိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သောကြောင့် ဖြစ်သည် ။
▢ မနော်ဟရီ
📖 နွယ်နီ မဂ္ဂဇင်း
မေလ ၊ ၂၀၁၂

No comments:
Post a Comment