Saturday, January 17, 2026

မေဓာဝီ၏ အကွင်းလိုက်တရား


 

❝ မေဓာဝီ၏ အကွင်းလိုက်တရား ❞
            ( စောဦး )

( ၁ )

နေဝင်ဖျိုးဖျလောက်၌ သူတို့ ရောက်လာကြ၏ ။ ခြောက်ယောက်ခုနှစ်ယောက်ခန့် အုပ်ဖွဲ့၍ လာကြခြင်း ဖြစ်သည် ။ ဦးစီးဦးဆောင် ဖြစ်ဟန်တူသူမှာ အလွန်ဆုံးရှိလှမှ သူ့မြေး အရွယ် ဆယ်နှစ် ဆယ့်တစ်နှစ်ထက် ပိုနိုင်ဦးအံ့မထင် ။

ခြံတံခါးမှာ စေ့ရုံသာ စေ့ထားသဖြင့် တွန်းဖွင့်ပြီး ဝင်လာလျှင် သူ ဘာလုပ်ရမည်နည်းဟု စဉ်းစားနေမိသည် ။ ရှေ့ဆုံးတန်း ညာအစွန်း၌ ရပ်နေသူကို သူ ကောင်းကောင်းကြီး မှတ်မိ၏ ။ မနက်တုန်းက ထက်ပင် သူ့မျက်နှာထားက ပို၍ ကြောက်ဖွယ် ကောင်းနေသည် ။

“ ဟော ဟိုမှာ ဟိုမှာ တွေ့လား ၊ ဒီအဘိုးကြီးကွ ”

သူ့အား လက်ညှိုးထိုး ပြပြီး ပြောနေသံကို ကြားလိုက်ရပြီးနောက် ခြံဝတွင် ခဏမျှ ရုတ်ရုတ်ရက်ရက် ဖြစ်သွားသည် ။ ထို့နောက် ခေါင်းဆောင်က ညာလက်ကို မြှောက်လိုက်ပြီး -

“ တစ်နှစ်သုံးလေး ” ဟု အသံတိုင်ပေးလိုက်ရာ အားလုံးက

“ အဘိုးကြီး လောက်လေးပြန်ပေး ” ဟု တညီတညာတည်း ကုန်းဟစ်ကြသည် ။

“ တစ်နှစ်သုံးလေး ”

“ အဘိုးကြီး လောက်လေးပြန်ပေး ”

“ တစ်နှစ်သုံးလေး ”

“ အဘိုးကြီး လောက်လေးပြန်ပေး ”

သူ ထ၍ ရပ်လိုက်သောအခါ ကြွေးကြော်သံများ ရပ်သွားသည် ။ သူ့ အရိပ်အခြည်ကို စောင့်၍ အကဲခတ် နေကြဟန် တူ၏ ။ သူ ဆုံးဖြတ်ချက် ချလိုက်သည် ။ ထို ကလေးများရှိရာ ခြံဝသို့ ခပ်ဖြည်းဖြည်း ခပ်မှန်မှန် လျှောက်၍ လာခဲ့သည် ။ ပွဲကောင်းတစ်ခုတော့ တွေ့ရပြန်ပြီ ။

( ၂ )

မနက်က စခဲ့သော ဇာတ်လမ်း၏ အဆက်ဖြစ်ကြောင်း သူ နားလည်ထားပြီး ဖြစ်သည် ။ နံနက်တုန်းကမူ တစ်ခန်းရပ် ဇာတ်တစ်ခု ပြီးဆုံးသွားခဲ့ပြီဟု သူ ထင်ခဲ့၏ ။ ယခု အခြေအနေမျိုးသို့ ရောက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ ။

မနက်က ဆီးပင်ပျိုကလေး အောက်တွင် သူ ထိုင်၍ ပန်းပင်ပေါက်ကလေးများကို မြေတောင်မြှောက်ပေး နေခိုက် ပြတင်းပေါက် မှန်တံခါးကို ခဲတစ်လုံး လာမှန်ပြီး ဖြန်းခနဲ ကွဲသွားခဲ့သည် ။ နောက်တစ်လုံးက သူ့ခေါင်းပေါ် တည့်တည့်ရှိ ဆီးကိုင်းပေါ်မှ တစ်စုံတစ်ခုကို ဖောက်ခနဲ ထိမှန်ပြီး သူ့ရှေ့ တစ်လံကွာလောက်၌ ငှက်ကလေး တစ်ကောင် ဖုတ်ခနဲ ကျလာသည် ။ နှုတ်သီး ဝါဝါကလေးမှ သွေးစိမ်းရှင်ရှင် တပြွတ်ပြွတ် အန်ထွက်နေ၏ ။ အနီးသို့ ကပ်ကြည့်လိုက်သောအခါ အသက် မရှိတော့ပေ ။ သတ္တဝါ နှင့် လက်နက်မှာ မမျှ ။ မျက်လုံးတစ်ဖက် အပြင်သို့ ပေါက်ထွက်ပြီး မေးရိုးတစ်ခုလုံး ကြေမွနေ၏ ။

“ ဖြစ်မှဖြစ်ရလေ ဗွတ်ကလုံလေးရယ် မင်းကို ဘယ်သူများ ပစ်လိုက်ပါလိမ့် ”

“ ကျွန်တော် ပစ်တာဗျ ကျွန်တော် ”

သူ မော့၍ ကြည့်လိုက်ရာ သားရေလောက်လေး တစ်ဖက် ကိုင်လျက် လုံကွင်းတိုတိုနှင့် သူ့ရှေ့တွင် ရပ်နေ သော သောနုတ္ထိုရ် ပေါက်စနကလေးကို တွေ့လိုက်ရသည် ။

“ အဲဒါ ကျွန်တော် ပစ်ချလိုက်တဲ့ အကောင်ဗျ ”

မုဆိုးကလေးက ငှက်သေကို ကုန်း၍ ကောက်တော့မည် အပြု ၊ သူက လက်ကို ဖမ်းဆွဲထားလိုက်သည် ။

“ အသက်နဲ့ မလိုက် ၊ မင်းတော်တော် ရက်စက်လှပါကလား ”

သူ့အသံက တိုးလှ၏ ။ ရေခဲလို အေးစက်လျက် ရှိသည် ။

“ မင်း ဘာပြုလို့ ပစ်တာလဲ ကလေး ။ ငါ့ မှန်တစ်ချပ် လဲ ကွဲသွားပြီ ”

“ စားချင်လို့ ပစ်တာပေါ့ဗျ ”

သူငယ်က လုံးဝ ကြောက်ပုံ လန့်ပုံ မရ ၊ သူ့အသံမှာ မာဆတ်ဆတ်နှင့် ။

“ စားချင်လို့ ”

သူက ပဲ့တင်သံ ပြန်ထပ်မိသည် ။

“ စားချင်လို့ ဟုတ်လား ၊ မင်း သည် ဗွတ်ကလုံကလေးရဲ့ … အသားကို စားချင်တယ်လား ”

“ ဟုတ်တယ် စားချင်တယ် ။ စားချင်လို့ ပစ်တယ် ။ ခင်ဗျားကြီး ကျွန်တော့် လက်ကို ချုပ်မထားနဲ့ ။ လွှတ် ခုလွှတ် ”

သူက မလွှတ် ။ ဆုပ်မြဲ ဆုပ်ထား၏ ။

“ သည်မှာ ငါ့မြေး ၊ မင်းခေါင်းပေါ်ကို မော့ကြည့်လိုက်စမ်း ။ ဆီးပင်ခွကြားက အသိုက်ကလေး ထဲမှာ မင်း အခု သ,တ်ပစ်လိုက်တဲ့ ငှက်မကလေးရဲ့ သားကလေး သုံးကောင် ပေါက်နေတယ် ။ မြင်လား ။ ဥက ပေါက်တာမှ လေးရက်ပဲ ရှိသေးတယ် ”

လေးသမားက မျက်စိပေကလပ် ပေကလပ်နှင့် မော်ကြည့်နေ၏ ။

“ အခု မင်း ပစ်ချလိုက်တာက သူတို့ရဲ့ အမေ ။ အမေ မရှိရင် သည်ကလေးတွေကို ဘယ်သူ အစာရှာ ကျွေးမလဲ ။ သူတို့မှာ အတောင် မပေါက်သေးဘူး ။ ဘယ်ကိုမှလဲ မပျံနိုင်ကြသေးဘူး ။ ကြားလား ၊ သူတို့ အော်နေတဲ့ အသံလေးတွေ ။ အမေက အစာ ရှာရှာယူလာပြီး သူတို့ ပါးစပ်ထဲ ခွံ့ပေးမှ စားရတဲ့အရွယ် ”

“ ဘာတွေ ပြောနေတာလဲ ။ ကျုပ် နားမလည်ဘူး ။ ကျုပ်လက်ကို လွှတ် ။ မလွှတ်ရင် လေးခွနဲ့ မျက်နှာကို တီးထည့်လိုက်မယ် ”

“ နေဦး ၊ မင်း နားလည်အောင် ငါ ပြောပြဦးမယ် ။ သည်မှာ ငါ့မြေး ။ မင်း ဘယ်အိမ်ကလဲ ။ မင်းမှာ အမေရှိတယ် မဟုတ်လား ”

“ လူပဲဗျ ။ အမေမရှိဘဲ နေပါ့မလား ”

“ အေး တိရစ္ဆာန်တွေမှာလဲ အမေရှိတာပဲ ။ တကယ်လို့ တစ်ယောက်ယောက်က မင်းအမေရဲ့ခေါင်းကို တူနဲ့ ထုသ,တ်လိုက်လို့ အခု ငှက်ကလေးလို မျက်လုံးတွေ ပေါက်ထွက်ပြီး ပါးစပ်က သွေးတွေ ပန်းထွက်နေတာ မြင်ရရင် မင်း ရယ်နိုင်မလား ။ နောက်ပြီး မင်းအမေရဲ့ အသားကို မင်း မီးကင်ပြီး စားရက်မလား ”

“ ခင်ဗျားကြီး ၊ လူစကား ပြောနော် ။ ကဲကွာ ပြောဦး ”

လေးခွနှင့် မျက်နှာကို လှမ်းရိုက်လိုက်သော လက်ကို ကျန်လက်တစ်ဖက်ဖြင့် ဖမ်း၍ဆွဲရင်း သူ့မျက်နှာ ကိုလည်း တိမ်းပစ်လိုက်ရသည် ။ ဩော် တော်တော် ကြမ်းတဲ့ လက်မရွံ့ကလေးပါကလား ။

လက်ကို အတင်းဆောင့်၍ ရုန်းသဖြင့် သူ ရှေ့သို့ ယိုင်သွား၏ ။ သို့သော် ကလေး၏ လက်များကို သူက မလွှတ် ။

“ မင်းကို ငါအကြာကြီး ချုပ်မထားနိုင်ဘူး ။ ဒါပေမဲ့ ငါပြောတဲ့ စကားကိုတော့ မင်း သေသေချာချာ နားထောင် သွား ။ ကျေးတွေ ၊ ငှက်တွေ ၊ တိရိစ္ဆာန်တွေဟာ လူ့စိတ်ကို နားလည်တယ် ။ သူတို့ကို သ,တ်မယ့်လူလား ၊ သနားတဲ့ လူလား ဆိုတာ ခွဲခြားနားလည်တယ် ။ တို့ခြံထဲမှာ သူ့တို့ စိတ်ချလက်ချ နေကြတာဟာ ဒီအိမ်က လူတွေ သူတို့ကို ဘယ်တော့မှ ရန်မပြုဘူး ဆိုတာ သိလို့ နေတာ ။ တို့က အစာလဲ ကျွေးတယ် ။ သူတို့ သောက်ဖို့ ရေချိုးဖို့ ရေကန်ကလေးလဲ လုပ်ပေးထားတယ် ။ အဲဒါကို မင်းတို့က လာသ,တ်တယ် ။ ခဏခဏ လာပြီး ပစ်ကြခတ်ကြတယ် ။ အခုလဲ သူ့ကလေးတွေကို အစာရှာ ကျွေးနေတဲ့ သားသည် မအေကလေးကို မင်း သ,တ်ပစ်လိုက်ပြန်ပြီ ။ ငါ့ မှန်တစ်ချပ်လဲ မင်း ပစ်လို့ ကွဲသွားပြီ ။ အခုအချိန်ထိ ငါ့ကို မင်းတောင်းပန်ရမှန်း မသိသေးဘူး ။ မတောင်းပန်တဲ့ အပြင် မင့်အဘိုး အရွယ်လောက် ရှိတဲ့ ငါ့မျက်နှာကိုတောင် ပြန်ရိုက်ဖို့ မင်း ကြိုးစားတယ် ။ မင်းကို ငါ ဘာလုပ်ရမလဲ ”

“ အောင်မာ လုပ်ရဲရင် လုပ်ကြည့်ပါလား ။ ကျုပ် အဖေက ခံလိမ့်မယ် ထင်သလား ။ ဖယ်ဗျာ ”

သူ လွှတ်ပေးလိုက်သည် ။ သို့သော် လောက်လေးကို ယူထားလိုက်၏ ။

စောင်းကန်းစောင်းကန်းနှင့် လှည့်ထွက်သွားသော ပါပဓာတ်ကောင်လေးကို သူ ငေးကြည့်ရင်း ကျန်ရစ် ခဲ့သည် ။ ခဏကြာသောအခါ ငှက်ကလေးကို ကျင်းကလေး တူး၍ မြှုပ်ရသော အလုပ်တစ်ခု ပြီးသွား၏ ။ အပေါ်က ငှက်သိုက်ကလေးကို သူ မော်ကြည့်လိုက်သည် ။ သူလုပ်သမျှ ငုံ့ကြည့်နေဟန် တူသော အခြား ဗွတ်ကလုံ ကလေးတစ်ကောင် အသိုက်နားက အကိုင်းတစ်ကိုင်း ပေါ် တွင် တွေ့လိုက်ရ၏ ။ သွားရှာသူ၏ ခင်ပွန်းဖြစ်ဟန် တူ၏ ။

သူ အိမ်ထဲသို့ ပြန်ဝင်ခဲ့သည် ။ နောက်ဘက်သို့ တစ်ခါ ပြန်၍ ကြည့်လိုက်သောအခါ သစ်ပင်ခွကြား၌ ကြင်ဖော်မဲ့ မုဆိုးဖိုကလေးကို မတွေ့ရတော့ပေ ။ မြေပုံ လတ်လတ်ဆတ်ဆတ်ကလေး အနီး၌ ငြိမ်သက်စွာ နားနေသည်ကို သူ မြင်လိုက်ရသည် ။

( ၃ )

ဝင်းဝသို့ သူ ရောက်ခါနီးသောအခါ ကလေးများ နောက်သို့ အနည်းငယ် ရှဲသွား၏ ။ သူက ငှက်ခတ်သမားကလေး အား လက်ယပ်ပြ၍ ခေါ်လိုက်သည် ။

“ ငါမှားသွားပါတယ်ကွယ် ”

သူက အားလုံးကို တောင်းပန်နေသည် ။

“ မင်းလေးခွကို ငါ အတင်းလုယူထားလိုက်တော့ ငါလဲ လူဆိုးတစ်ယောက် ဖြစ်သွားတယ် ။ မင်း လက်နက်နဲ့ သတ္တဝါတွေ နောက်ထပ် မသေကြရပါစေနဲ့လို့ ငါ ယူထားလိုက်တာပါ ။ ငါ့ကို မင်းတို့က ခုလို လာပြီး အပြစ်ဒဏ်ခတ်တာကို ငါ သည်းခံပါတယ် ။ ငါက မှားမိပေသကိုး ။ အေး ငါ့ခြံထဲက ငှက်ကလေးကို ပစ်သ,တ်သွားတဲ့ မင်းလဲပဲ ကိုယ့်အပြစ်ကို ကိုယ်ခံပေါ့ကွာ ဟုတ်လား ။ ကိုယ်ကြိုက်တာ ကိုယ်လုပ် ၊ ကိုယ်လုပ်တာ ကိုယ်ခံကြပေါ့ ။ ငါပြောတဲ့ စကားကို မင်းတို့ အားလုံး သဘောပေါက်နိုင်ကြပါစေ ။ ကိုင်း ရော့ မင့်လေးခွ ”

လေးခွကို ပိုင်ရှင် လက်ထဲသို့ သူ ပြန်ထည့်ပေးလိုက်သည် ။

“ သတ္တဝါတွေကို သနားကြပါကွယ် ။ မင်းတို့ စိတ်တွေ မရိုင်းစိုင်းချင်ကြပါနဲ့ ”

လူရွယ် တစ်ယောက် မြောက်ဘက်မှ ခပ်သုတ်သုတ်ကလေး လျှောက်လာသည် ။ သူ့ကို ပြုံး၍ နှုတ်ဆက်၏ ။ လေးသည်တော်ဂိုဏ်းသားများ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြသည် ။

“ ဘာလုပ်နေသလဲ အဘ ”

“ မလုပ်ပါဘူးကွယ် ။ ကလေးတွေနဲ့ စကားပြော နေတာပါ ”

“ ထမင်းထုပ်တော့ ပေးရလိမ့်မယ် အဘရေ ။ နေ့လယ်က သမိုင်းဘက်မှာ လောင်တဲ့မီးက မနည်းဘူး အဘ ၊ မီးလောင်လို့ ဒုက္ခအကြီးအကျယ် ရောက်နေတဲ့ အထဲ မကူညီတဲ့ အပြင် အလစ်ဝင်သုတ်တဲ့ လူက သုတ် ။ သိပ်ဆိုးတာပဲ အဘရာ ။ လူစိတ်ဆိုလို့ လုံးလုံး မရှိတော့ ဘူး ”

“ လူစိတ်ဆိုလို့ လုံးလုံး မရှိကြတော့ဘူး ” ဟု သူ လိုက်၍ ဆိုမိသည် ။

“ ကောင်စီရုံးဘက် ပြေးလိုက်ဦးမယ် အဘ ၊ အသံချဲ့စက်နဲ့ ထမင်းထုပ် ဟစ်ရဦးမယ် ”

“ မိုးတောင် ချုပ်လုနီးပါကော ငါ့မြေးရယ် ၊ ရနိုင်ပါဦးမလား ”

အချိန်မှာ ညစာ ထမင်းစားကြ၍ ပြီးလောက်သော မှောင်စပျိုးချိန် ဖြစ်သဖြင့် သူက မေးမိခြင်း ဖြစ်သည် ။

“ ရသလောက်ပေါ့ အဘရာ ၊ အဘလဲ လုပ်ပါဦး ”

နေ့လယ်စောင်းလောက်က ကောင်းကင်သို့ မီးခိုးလုံးကြီးများ လုံး၍လုံး၍ တက်လာနေသည်ကို သူတို့ တစ်ရွာလုံး ထွက်၍ ကြည့်ခဲ့ကြသည် ။ ဆွေမျိုးတွေ ရှိသူ တို့က မီးလောင်ရာ အရပ်ဆီသို့ အားသွန်၍ ပြေးကြသည် ။ သူတို့ ရွာနှင့် အလှမ်း ဝေးသော်လည်း ကျောနားမှာကပ်၍ လောင်နေသလား ထင်နေရ၏ ။ တစ်ခါတစ်ခါ မီးညွန့်မီးပွားများပါ လွင့်၍ တက်လာကြရာ ကာလပျက် နေသော အရပ်ဘက်ဆီသို့ သူ မှန်း၍ မေတ္တာပို့သည် ။ ပရိတ်တော်တွေ ရွတ်သည် ။ လောက်လေးသမားများ ခြံဝရောက်လာသည်အထိ သူ၏ မေတ္တာကမ္မဋ္ဌာန်းမှာ အဆုံးမသတ်သေး ။

“ အေး လုပ်ရမှာပေါ့ကွာ ”

ကောင်စီရုံး ဘက်သို့ လူငယ် ထွက်သွားသောအခါ သူ အိမ်ထဲ ပြန်ဝင်ခဲ့သည် ။ သူ့အိမ်၌ ညစာ ထမင်းစား၍ ပြီးကြပြီ ။ အသစ်ထပ်၍ ချက်ဖို့ရန်မှာလည်း အချိန်က များများမရနိုင် ။ ထမင်းထုပ်အတွက် သူ ဘာလုပ်ရပါမည်နည်း ။

ခေါင်းအုံးအောက်မှ ပိုက်ဆံကို ယူ၍ အပြင်သို့ ပြန်ထွက်ခဲ့သည် ။ ညဘက်၌ သူ့မျက်စိတွေက ကောင်းကောင်း မမြင် ၊ ကျဉ်းမြောင်းသော ရွာလမ်းကလေးမှာလည်း ချိုင့်တွေ ၊ ကျင်းတွေ ကျောက်ပေါက်မာတွေနှင့် အပြည့် ။ လမ်းမီးတွေ ကလည်း ကောင်းကောင်း မလင်း ။

လက်ထဲမှ ထီးတံကောက်ကြီးကို ထောက်၍ တဖြည်းဖြည်း လျှောက်ခဲ့သည် ။ “ ရပ်ကွက်အတွင်းနေ လုပ်သားပြည်သူ အပေါင်းတို့ ခင်ဗျား ” ဟု အသံချဲ့စက်က စ၍ အော်နေ၏ ။ ခဏမျှ ကြာသောအခါ ထမင်းဆိုင်သို့ သူ ရောက်သွားသည် ။ ထမင်းထုပ် နှစ်ထုပ် အထုပ်ခိုင်း၍ ဝယ်ခဲ့ပြီး ကောင်စီရုံးသို့ ကိုယ်တိုင် သွား၍ ပို့လိုက်သည် ။

အိမ်သို့ ပြန်ရောက်သောအခါ ဘုရားခန်းထဲသို့ တန်း၍ ဝင်သည် ။ ပထမဦးစွာ မီးပူဇော်၏ ။ ဒုတိယ သောက်တော်ရေချမ်း ကပ်သည် ။ တတိယ သီလခံယူသည် ။ စတုတ္ထ ပရိတ်ရွတ်သည် ။ ပဉ္စမ မေတ္တာဘာဝနာ စီးဖြန်းပြန်သည် ။ ဘာဝနာကိစ္စများ ပြီးစီးသည်နှင့် အမျှ အတန်းဝေရန် ကြေးစည်ကို ကောက်၍ ကိုင်လိုက်သော အချိန်၌ သူ့နားထဲသို့ အော်သံတွေ ၊ ဟစ်သံတွေ ၊ ရိုက်သံ နှက်သံတွေ ၊ ပန်းကန်ကွဲသံ ရှသံတွေ ၊ ငိုသံ ရှိုက်သံတွေ နားမချမ်းသာစရာ ဝင်လာပါသည် ။ သို့သော် သူထ၍ မကြည့်ပေ ။ ဤအချိန်သို့ ရောက်တိုင်း သူ ညစဉ် ကြားနေကျ အသံများ ဖြစ်သဖြင့် အသံ ထွက်ပေါ်လာရာ တစ်ဖက်အိမ်မှ ဆေးစွမ်းပြ ယောက်ျား၏ မျက်နှာကို မှန်း၍ မေတ္တာ ပို့ရပြန်သည် ။

သူ ထုလိုက်သော ကြေးစည်သံသည် အမှောင်ထုထဲသို့ တိုးဝှေ့ဝင်ရောက် ပျောက်ကွယ်မသွားမီ သူ ပြုပြုသမျှ ကုသိုလ် အဖို့ကို စ၍ အမျှဝေလေသည် ။

( ၄ )

ဗုဒ္ဓ ။  ။ “ ရဟန်းတို့ ၊ ကုသိုလ်ကောင်းမှုကို မကြောက်ကြ ကုန်လင့် ။ ကုသိုလ်ကောင်းမှုဟူသော အမည်သည် အလို ရှိအပ် နှစ်သက်အပ် ၊ မြတ်နိုးအပ်သော ချမ်းသာသုခ အမည်ပင်တည်း ။

        “ ရဟန်းတို့ ငါဘုရားသည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး မိမိပြုအပ်သော ကုသိုလ်တို့၏ အကျိုးကို ခံစားခဲ့ဖူးပြီ ။ ခုနစ်နှစ်ပတ်လုံး မေတ္တာစိတ်ကို ပွားခဲ့၍ ခုနစ်ကမ္ဘာပတ်လုံး ဤကာမဘုံသို့ မလာရောက်ရတော့ပေ ။  ကမ္ဘာပျက်သောအခါ၌ အာဘဿရဘုံသို့ ရောက်နေခဲ့ရ၏ ။ ကမ္ဘာတည်မိသောအခါ၌ သတ္တဝါကင်းသော ဗြဟ္မာ့ဘုံ၌ ဖြစ်လာရ၏ ။ မဟာဗြဟ္မာ ဖြစ်ခဲ့ရ၏ ။ လွှမ်းမိုး နိုင်သူ ဖြစ်ခဲ့ရ၏ ။ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်ခဲ့ရ၏ ။

        “ ရဟန်းတို့ ငါဘုရားသည် သုံးဆယ့်ခြောက်ကြိမ် တိုင်တိုင် နတ်တို့အသျှင် သိကြားမင်း ဖြစ်ခဲ့ရ၏ ။ အကြိမ် ရာပေါင်းများစွာ သမုဒ္ဒရာလေးစင်း အပိုင်းအခြား ရှိသော လေးကျွန်းလုံးကို အစိုးရသော ရန်သူအပေါင်းကို အောင်သော ၊ တိုင်းနိုင်ငံတို့ကို တည်ငြိမ်စေသော ၊ ရတနာ ခုနှစ်ပါးနှင့် ပြည့်စုံသော ၊ တရားစောင့်သော တရားနှင့် အညီ မင်းပြုသော စကြဝတေးမင်း ဖြစ်ခဲ့ရ၏ ။ ပဒေသရာဇ်မင်း အဖြစ်မှာကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း ”
        ( ဣတိဝုတ်ပါဠိတော် မေတ္တသုတ် )

ဗုဒ္ဓ ။  ။ “ ရဟန်းတို့ မေတ္တာကို မပြတ်ပွားနေသူအား မီးသည်မူလည်း မလောင် ။ အဆိပ်သည်မူလည်း မသင့် ၊ ဓား ၊ လှံ ၊ လေး အစရှိသော လက်နက်သည်လည်း မစူးရှ ။ စိတ်သည်လည်း တည်ကြည်၏ ။ မျက်နှာ၏ အဆင်းသည်လည်း ကြည်လင်၏ ။ မတွေမဝေဘဲ စုတေရ ၏ ။ အထက်မဂ်ဖိုလ်ကို ထိုးထွင်း၍ မသိရသေးသော်လည်း ဗြဟ္မာ့ပြည်သို့ လားရ၏ ”
        ( အင်္ဂုတ္တရ ဧကဒသ နိပါတ် ပါဠိတော် )

( ၅ )

ဣမသ္မိံ စက္ကဝါဠေစမှာဖြင့်
ရှိသမျှ သိမ်သိမ်မှိန်မှိန် လက္ခဏာ
အခြေမလှသူ အပေါင်းရယ်နှင့်
အတိဗလ မပိန်မလိန် အထက်လွှာ
“ ကေဝလ ” တို့ကိုလ
သက်တစ်ရာ ရှည်ကြပါစေသောဝ်ရယ်လို့
ဈာန်သမထနဲ့ မလစ်အာရုံ
အိုကွယ် စက်ရာအထ ၊ မျက်နှာအသ အသမှာဖြင့် ၊ အဂ္ဂါမနာပနဲ့ ဗြဟ္မာ့မေတ္တာဘုံ ။

နောက်တစ်နေ့နံနက် သူအိပ်ရာ အထ၌ သူ ဦးနှောက်များ အထူး ကြည်လင်လျက် ရှိ၏ ။ အခါတိုင်းလို မူးခြင်းဝေခြင်း မရှိ ။ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးလျက် ရှိသည် ။ မျက်နှာသစ်ရင်း ပြုနေကျ မေတ္တာဘာဝနာ ကိစ္စကို ပြုသည့်အခါ နောက်ဆက်တွဲ စာရင်းတစ်ခု ထပ်၍ ဆောင်းရသည် ။ ထပ်တိုးစာရင်း၌ ထိပ်ဆုံးက ပါလာသူ တစ်ဦးမှာ ကိုချစ်စရာ ဖြစ်၏ ။ ယနေ့သည် သူ၏ ငယ်ပေါင်းသူငယ် ချင်း ကိုချစ်စရာ၏ ၆၆ နှစ်မြောက် မွေးနေ့ မဟုတ်ပါလော ။

လွန်ခဲ့သော နှစ်ရက်က ကိုချစ်စရာ ကိုယ်တိုင် မွေးနေ့ပါတီပွဲဖိတ်စာ လာပို့၏ ။

“ မေဓာဝီရေ ၊ တို့တစ်တွေ ပျော်ကြရအောင်ကွာ ” ဟုလည်း ပြော၏ ။

“ မင်း ပျော်လာတာ ၆၆ နှစ်တောင် ရှိပါပကော ။ အခုထက်ထိ ပျော်လို့ မဝသေးဘူးလား ချစ်စရာ ၊ တို့တစ်တွေ သေခါနီးလာပြီကွ ” ဟု သူက ပြန်ပြောခဲ့မိ၏ ။

“ မင်းသာ သေခါနီးတာ ။ ငါ့ကို သေစကား လာမပြောနဲ့ ” ဟု ကိုချစ်စရာ က ဆတ်ဆတ်ခါ တားမြစ်သည် ။

မြေပိုင်ရှင် သူဌေးဘဝမှ ရုပ်ရှင်ထုတ်လုပ်သူ ကြေးရတတ်တစ်ဦး ဖြစ်လာသော ကိုချစ်စရာ တစ်ယောက် အလွန် ကြောက်တတ်မှန်းကို ငယ်ပေါင်းဖြစ်သော သူက သိထားသည် ။ ကိုချစ်စရာသည် ဆိတ်ငြိမ်ခြင်းကို ကြောက်၏ ။ ဆင်းရဲရမည်ကို ကြောက်၏ ။ ကွေကွင်းရမည်ကို ကြောက်၏ ။ သေရမည်ကို ကြောက်၏ ။ တစ်ယောက်တည်း နေရမည်ကို ကြောက်၏ ။ သို့ဖြစ်၍လည်း အိမ်ထောင်ဖက် မမြလွင် တစ်ယောက် ယမန်တစ်နှစ်က အနိစ္စ ရောက်၍မှ တစ်လ မပြည့်မီ သူ့မြေး အရွယ်လောက် သာ ရှိသော စတီရီယို အဆိုတော်ကလေး တစ်ယောက်ကို လက်ထပ် ယူလိုက်သည် ။ “ မင်းနှယ်ကွာ ” ဟု သူ အံ့အားကြီး သင့်သွားခြင်းကို ကိုချစ်စရာက ဤသို့ ဆင်ခြေ ပေးခဲ့သည် ။

“ ငါ့အကြောင်း ငါသိတယ် သူငယ်ချင်း ၊ ဘယ်သူ ကဲ့ရဲ့ကဲ့ရဲ့ ဘယ်သူ ချီးမွမ်းချီးမွမ်း ငါ ဂရုမစိုက်ဘူး ။ ကဲ့ရဲ့စကား ချီးမွမ်းစကား ဆိုတာမျိုးက သဘာဝပါးစပ်တွေ ထဲက ထွက်လာတဲ့ သဘာဝလေမျိုးရှစ်ဆယ် ဒြပ်ပေါင်းတွေပဲ ။ ဘုရားတောင် ဒီလေဘေးမျိုးက မလွတ်နိုင်ခဲ့ဘူး မဟုတ်လား ။ ဘုရားပွင့်လာလို့ တိတ္ထိတွေ လာဘ်တိတ် သွားတော့ ဘုရားကို နည်းအမျိုးမျိုးနဲ့ အပုပ်ချကြပြီး လူထုနဲ့ လှည့်တိုက်ခဲ့ကြတုန်းက တို့ဘုရားက ဘာပြောသလဲ ။ ခန္ဓာငါးပါး ရှိနေသမျှ ဒါမျိုးတွေ ကြားနေမှာပဲ ရဟန်းတို့ ၊ မြင်နေရမှာပဲ ချစ်သားတို့ ။ ခံနေရဦးမှာပဲ ရဟန်းတို့ ။ ဒီဆင်းရဲက လွတ်ချင်ရင် ခန္ဓာငါးပါး နောက်ထပ် မဖြစ်ရအောင် အားထုတ်ကြ ။ နိဗ္ဗာန်ရောက်မှ အေးမှာပဲလို့ ဟောခဲ့တယ် မဟုတ်လား ။ ဒီအဖြစ်အပျက်ကို မင်းပဲ ပြောပြလို့ ငါ အလွတ်လောက် ရနေတယ် ။ အေးကွ ၊ ငါကတော့ ခန္ဓာငါးပါး အဟောင်းလဲ နားမလည်ဘူး ။ ခန္ဓာငါးပါး အသစ်လဲ နားမလည်ဘူး ။ ငါ နားလည်တာကတော့ ငါ့အိပ်ရာထဲမှာ ငါ့အနား တစ်ယောက်ယောက် မရှိရင် ငါ မနေတတ်ဘူး ဆိုတာပဲ နားလည်တယ် ။ မင်း ဘာပြောချင်သလဲ ”

သူက ဘာမျှ မပြောချင် ။ သို့ဖြစ်၍လည်း ထိုအချိန် က သူ ရေငုံ၍ နေလိုက်ဖူး၏ ။

“ ရော့ကွ ။ ငါ့မွေးနေ့ ဖိတ်စာ ။ ည ၇ နာရီမှာ စမယ် ။ ဂျူဒီရဲ့ အပေါင်းအသင်း စတီရီယိုစတားတွေ ပါမယ် ။ ငါ့ရုပ်ရှင် လောကထဲက ချောပေ့ လှပေ့ ညွန့်ပေကလေးတွေ ပါမယ် ။ တစ်ညလုံး အရပ်ထဲက ခဲနဲ့ မပေါက်မချင်း တို့တီးကြမယ်ကွာ ။ ဆိုကြမယ်ကွာ ၊ ကကြမယ်ကွာ ။ ပုလင်းရေ ချောင်းစီးစေရမယ်ကွာ ။ အဲဒီနေ့ ညနေ ငါ့ကား လွှတ်လိုက်မယ် ။ မင်း ငြင်းရင် ငါ နားရင်း တီးမယ် ”

ဖိတ်ကြားချက်ကို ငြင်းဆိုရမည့် အကြောင်းပြချက် အတွက် စကားလုံးများကို သူ သေချာစွာ ရွေးလိုက်ရသည် ။

“ ငါက ကျန်းမာရေး ကောင်းတာ မဟုတ်ဘူး သူငယ်ချင်း ။ အိုနာက နှိပ်စက်နေပြီကွ ။ ငါ့ကို သည်းခံပါကွာ ။ အဲဒီလို ပျော်ပွဲတွေ ရွှင်ပွဲတွေနဲ့ ငါလို အဘိုးကြီးနဲ့ သိပ်မတည့်တော့ဘူးကွ ”

“ ဘာကွ ။ မင်းတစ်ယောက် စိတ်ဓာတ်တွေ ကျလှချည်လား ။ မင်း စိတ်ကို မင်း ခြေချင်းဝတ် အထိ ချချပစ် နေတာကတော့ မဟုတ်ကို မဟုတ်သေးဘူး မေဓာဝီ ။ မင်းနဲ့ ငါ ဆိုတာ ပုစွန်လုံးနှိုက်ဖက် ၊ ဖားရိုက်ဖက် ၊ ကစော်သောက်ဖက် ၊ အငြိမ့်စင်နောက်ကနေပြီး မင်းသမီး ထဘီလဲတာ ချောင်းကြည့်ဖက် ။ အခုမှ မင်းက ဘာသောက်ရူးထပြီး သူတော်ကောင်း လုပ်ချင်နေရတာလဲ ။ ငါ့ပွဲကို မင်း လာရင် ငါးမိနစ် မကြာဘူး နတ်ရေကန်ထဲ ဆင်းသလို လူပျိုပေါက် ပြန်ဖြစ်သွားရစေ့မယ် ။ သောက်ဆင်ခြေတွေ ပေးမနေနဲ့ ”

“ မဖြစ်လို့ပါ သူငယ်ချင်းရာ ။ ငါ တောင်းပန်ပါရစေ ။ ငါကိုယ်တိုင် မလာနိုင်ပေမယ့် ငါ့ကိုယ်စား ငါ့မေတ္တာတွေ ရောက်လာပါလိမ့်မယ် ”

“ တော်ကွာ ”

ကိုချစ်စရာ စိတ်ကောက်၍ ပြန်သွားခဲ့သည် ။ ကားတံခါးကို ဆောင့်၍ ပိတ်လိုက်သဖြင့် ခြံထဲ၌ အစာကောက် နေကြသော စာကလေးတွေ ၊ ဆက်ရက်ကလေးတွေ လန့်၍ ဝုန်းခနဲ ထပြန်ပြေးကြ၏ ။

ယနေ့သည် ကိုချစ်စရာ၏ မွေးနေ့ဖြစ်၏ ။ သူ့ကတိ နှင့်အညီ သူငယ်ချင်း၏ မျက်နှာကို အာရုံပြု၍ သူ့မေတ္တာကို ကြာကြာကြီး ပို့လွှတ်နေသည် ။ “ အစာကိုလဲ ကောက် ရန်သူကိုလဲ ကြည့်ဖို့ မမေ့နဲ့ သူငယ်ချင်းရေ ” ဟုလည်း အသံတိတ် မွေးနေ့လက်ဆောင် ပို့လိုက်သည် ။

ယင်းမှတစ်ဖန် မနေ့က သူရင်ဆိုင်ခဲ့ရသော လေးသည်တော်ကလေးများ အလှည့်သို့ ရောက်လာ၏ ။ “ ချမ်းသာကြပါစေ ၊ ကျန်းမာကြပါစေ ၊ အမြင်မှန် ရကြပါစေ ၊ လိမ္မာယဉ်ကျေးကြပါစေ ” ဟု သူ ဆုတောင်းမေတ္တာ ပို့သည် ။ ဤတစ်သိုက် ပြီးသွားသောအခါ မနေ့က ပြာကျ သွားခဲ့သော အရပ်မှ မီးဘေးဒုက္ခသည်များကို မေတ္တာ ပွားပြန်သည် ။ ထိုစဉ်ခိုက်၌ မီးခိုးလုံးကြီးများ အကြား လက်ပန်းပေါက်ခတ်ကာ ခတ်ကာ “ လူစိတ်ပျောက် ” ၍ တောကြောင်စိတ် ပေါက်နေကြသူများကို သူ့အာရုံထဲတွင် အတိုင်းသား ထင်၍ လာလေ၏ ။ “ ဪ မသိကြ တော့လဲ မိုက်ကြတာပေါ့လေ ။ သိကြရင် ဘယ်မှာ သည်လို လုပ်ရက်ကြပါ့မလဲ ” ဟု မသိမလိမ္မာကြသူများအပေါ် ကရုဏာ သက်မိပြန်လေ၏ ။ 

ဒုက္ခသည်များကို ဝင်လုကြသူများထက် ပို၍ လူစိတ်ပျောက်သွားသူ တစ်ယောက်အကြောင်းဆီသို့ သူ့စိတ်အစဉ်က ကူးရောက်သွားခဲ့ပြန်သည် ။ သူ့ကျောထဲ၌ စိမ့်ခနဲ တစ်ချက် ဖြစ်၍သွား၏ ။

“ ကျွန်တော် ပြောရင် ယုံမလားဆရာ ” ဟု လွန်ခဲ့သော သီတင်းကျွတ်လက ကန်တော့ရန် ရောက်လာခဲ့သော အကျဉ်းထောင်အမှုထမ်း တပည့် တစ်ယောက်က သူ့အား ပြောလိုက်ခြင်း ဖြစ်၏ ။ “ အမွေကိစ္စ အတွက်တဲ့ ဆရာ ၊ ကိုယ့် အဖေရင်း အမေရင်းနဲ့ တစ်အူထုံဆင်းတွေကို သ,တ်ပစ်ခဲ့တဲ့ အမှုတစ်ခု ။ အခု ဒီလူ တစ်သက်တစ်ကျွန်း ကျနေတယ် ”

“ ဘုရား ဘုရား ကျားသားမိုးကြိုးကွယ် တော်တော်မိုက်တဲ့ သူငယ်ပါကလားကွယ် ”

“ သူငယ် မဟုတ်ဘူး ဆရာ ၊ သူငယ်မ ၊ ယောက်ျားလေး မဟုတ်ဘူး ၊ မိန်းမ ”

( ၆ )

ဩော် အတိဒုက္ခာပ
မသိယုတ်မာ ရာဂအငတ်တွေ သရမ်းလှပါဘိ
ဗာလဇာတ် ပတ်ကုန်ခင်းရော့ထင့်
မုန်ဆင်းကာ လူစိတ်ကင်းကြပေါ့
ဂူရိပ်မှာ သတိအလုပ် ဘဝနာ ကမ္မဋ္ဌာန်းတွေနဲ့
ဝါသနာ ဟိုဟာဒီဟာတွေ တစ်ခန်းရပ်လို့မို့
ဇာတ်ကြမ်းဟာ သည်နေရာ သည်တစ်ကွေ့မှာဖြင့်
ကြည်မွေ့စရာ ငါမမြင်တွေ့တာကြောင့်
ခြင်္သေ့အို ဂူမှာအောင်းသလိုပ
သူကောင်းလျှင် သူတော်မှာ ဧကန်အစစ်ပေမို့
အမြစ်ကို တွေးဆလို ဖွေရှာလှန်လိုက်တော့ ၊
ရှေးဘဝသံသရာ သန္ဓေကထွန်းစဉ်ကတည်းရယ်က ၊
ပေတကျံကျံ အမွေခံ စွန်းထင်ခဲ့တဲ့ သုံးလွန့်တင်
“ ပပဉ္စ ” တရားခံ အစစ်ကို တွေ့သည်နှင့်
သူမွေ့တာ သည်တစ်ခါ အမိမခံရရအောင်လို့ ၊
သတိပဋ္ဌာန်တာတမံ ကတုတ်ကျင်းတွေနဲ့
အနုသယ အငုတ်အရင်းတွေကို တစ်ချက်မထိ
တစ်ချက်ထိအောင်ပ ပက္ခိယအကျော် မဂ်အဖော် ရဲမက်ဗုံသေနင်္ဂါနဲ့ ၊ မသေပင်တည်ရာကို ခရီးရထား တစ်ခေါက်ထွက်ပြီမို့ ၊
တစ်နည်းစကား မမောက်ပါဘူး ၊
တရားပေါက်အောင်ပ ၊ မယားငေါက်တာတောင် မကြားသလောက် သတိပဝါခြုံ ။
ကဝိန်ခပင်း အပေါင်းသဟာတွေ အထင်တော် မလွဲစေချင်ဘု ၊
အိမ်တွင်း အောင်းတာဟာ သဘင်အပျော် မဆွဲချင် လို့သာပ ၊
စင်တော်ပွဲမှန်သမျှ “ ဆလန် ” အတန်တန် သပါရဲ့ ။
ရာဂမကြွရပါစေနဲ့ သွားဟုန်ဟုန်တရားကို ခြုံကာပ မေတ္တာဘာဝနာပွား
(   ) ကွယ်တို့ရေ ကြားလျှင် ယုံလေတော့ အခုပြောတာ သစ္စာစကား ။

သူက သူ့ကိုယ်သူ “ ငါဟာ ပစ်တိုင်းထောင်ရုပ်ပဲ ” ဟု မကြာခဏ ပြောလေ့ရှိ၏ ။ “ ပစ်တိုင်းထောင်ရုပ် မှာက ကြိုးတွေ ရှုပ်မနေဘူး ၊ ရှင်းရှင်းကလေးရယ် ။ ဆင်းရဲက လွတ်ချင်ရင် ကိစ္စနည်းစေရမယ်လို့ ဘုရားက ဟောတယ် ။ ခင်တွယ်မှုတွေကို ဖြတ်ပစ်ရမယ်လို့လဲ ဟောတယ် ။ ငါ ဖြတ်နိုင်ပြီလား ။ ဘုရားအဆုံးအမမှာ ငါ တည်ရှိနိုင်ပြီ လား ” ဟုလည်း သူ့ကိုယ်သူ မကြာခဏ စစ်ဆေး၍ ကြည့်မိသည် ။ ကြိုးတွေကို တစ်ကြိုးပြီး တစ်ကြိုး သူဖြတ်သည်ကား အမှန်ဖြစ်၏ ။ ကြိုးဆိုသည်ကား သမုဒယ နှောင်ကြိုးပင် မဟုတ်ပါလော ။

ချစ်သိုင်းကနှောင် ၊ ပစ်တိုင်းထောင် ကြိုးမရှုပ်ချင်ပေသမို့
ကျိုးယုတ်စရာ တာမုံရယ်နှင့်
တဏှာဟုန် ရာပုံမီးလျှံ အကြားမှာလ
ခရီးအဆန်ကို ပုတီးသံနဲ့ ညှိကာလှမ်းရသပ ၊
အငမ်းမရ သရမ်းကြ ကြမ်းကြတာတွေကိုဖြင့် ၊
ကမ္မဋ္ဌာန်းချချပြီး ပွဲကြည့်သလို ကြည့်မိလေတော့
ဪ …. မသိလို့သာပ သိကြလျှင် ဘယ်မှာ မိုက်ပေလိမ့်ရယ်လို့ ၊
စရိုက်ကယ် လူ့သဘောကိုလ ၊ ဉာဏ်နှောကာ သံဝေယူမိပါရဲ့ ၊
ဒေါသရမက်ခိုးတွေနဲ့
သက်ဆိုးတွေ အရှည်ခိုင်ကြလျှင်ဖြင့်
သူနိုင်ချိန် တစ်ပြိုင်ပြိုင်ချွေးယိုစီးကာမှ
တအိုင်အိုင် ခွေးအိုကြီးလို
မညည်းရအောင်လို့
ထီးနဂရ တို့ရွှေပြည်ရဲ့ ၊
မျှို့မေခနီ သုဓမ္မာသာသနာ လင်းခိုက်မှာဖြင့်
ဗလချာ ငဖျင်းငမိုက်တွေ မငြင်းလိုက်လေနဲ့
( အို မောင်တို့ရဲ့ ) မင်းတို့ကို အဘ နားရင်းမရိုက်ပါရစေနဲ့ ၊
နဝင်းကိုက် , တြင်းကိုက် , အကွင်းလိုက် ဟောလိုက်တဲ့
အလိမ္မာတရား ။

( ၇ )

သာဝတ္ထိမြို့တော်၏ ညနေချမ်းဆည်းဆာသည် ဇေတဝန် ကျောင်းတော် တစ်ကိုယ်လုံးကို ရွှေနီရောင် အဆင်းဖြင့် ပိုက်ငုံလွှမ်းခြုံလျက်ထားစဉ် ကိုယ်တော်အစုံမှ ကွန့်လျှံ ဖိတ်ကျလျက် ရှိသော ရောင်ခြည်ဝန်း၏ အမြိတ်အောက်၌ ကျောက်ရုပ်ပမာ မလှုပ်မယှက် ကျုံ့ယုံ့ခညွတ်နေကြသော ရဟန်းအပေါင်းအား

ဗုဒ္ဓ ။  ။ “ ရဟန်းတို့ လူမိုက်နဲ့ ပညာရှိဟာ ဘာတွေ ခြားနားသလဲ ၊ ဘယ်လို ကွဲပြားသလဲ ” ဟု မေးတော်မူ၏ ။

ရဟန်းများ ။   ။ လင်းတော်မူပါ အရှင်ဘုရား ။ တောင်းပန်ပါ၏ အရှင်ဘုရား ။

ဗုဒ္ဓ ။  ။ ရဟန်းတို့ ။ သို့ဖြစ်လျှင် နာကုန်လော့ ။ အဝိဇ္ဇာအမှောင် အပိတ်ပင်ခံရပြီး တပ်မက်မှု တဏှာ ရှိနေတဲ့ လူမိုက်ဟာ ဝဋ်ဆင်းရဲက လွတ်နိုင်တဲ့ မြတ်သော အကျင့်ကို မကျင့်ဘူး ။ သူ သေရင် ခန္ဓာ ( အသစ် ) တစ်ခု ရပြန်တယ် ။ ပဋိသန္ဓေ နေရပြန်တယ် ။ အိုရပြန်တယ် ။ သေရပြန်တယ် ။ ဆင်းရဲရပြန်တယ် ။ နှလုံးမသာ ဖြစ်ရပြန်တယ် ။ ပင်ပန်းရပြန်တယ် ။ သည်ဆင်းရဲတွေထဲမှာ သူ မလွတ်တော့ဘူး ။

ရဟန်းတို့ ။ ပညာရှိကတော့ မြတ်သောအကျင့်ကို ကျင့်တယ် ။ အမှောင်ထဲက ထွက်တယ် ။ တဏှာကို ပယ်တယ် ။ သူ သေရင် ခန္ဓာ ( အသစ် ) တစ်ခု မရတော့ဘူး ။ ပဋိသန္ဓေ မနေရတော့ဘူး ။ မအိုရတော့ဘူး ။ မသေရတော့ဘူး ။ မငိုရတော့ဘူး ။ မဆင်းရဲရတော့ဘူး ။ နှလုံးမသာ မဖြစ်ရတော့ဘူး ။ မပင်ပန်းရတော့ဘူး ။ ဆင်းရဲက တစ်ခါတည်း လွတ်မြောက်တယ် ။ လူမိုက်နဲ့ ပညာရှိဟာ အဲသည်လို ခြားနားတယ် ။ အဲသည်လို ကွဲပြားတယ် ။
      ( နိဒါန ဝဂ္ဂသံယုတ် ။ ဗာလပဏ္ဍိတသုတ် )

⎕ စောဦး
📖မဟေသီ မဂ္ဂဇင်း
     နိုဝင်ဘာ ၊ ၁၉၈၄

No comments:

Post a Comment