❝ မေ့မျက်ဝန်းများရဲ့ ကဗျာတစ်ပုဒ် ❞
( မောင်ညိုပြာ )
ဝတ္ထုတိုလေး၏ အချက်အချာကို အကျဉ်းမျှ ဖြစ်စေ ဖော်ပြမှသာ လိပ်ပတ်လည်နိုင်မည် ထင်ပါသည် ။
ကျွန်တော်သည် မီးရထားလမ်းနံဘေး နေထိုင်ကြသော လူ့ဘဝကို လွမ်းဆွတ်မိသည့်ခံစားချက်ကြောင့် ထိုဝတ္ထုတိုကို စတင်ရေးသားခဲ့သည် ။ မီးရထားလမ်းဘေးမှာ အသက်ထက်ဆုံး နေကြရသူများနှင့် မြစ်ကမ်းနံဘေးမှာ ဘိုးစဉ်ဘောင်ဆက်နေခဲ့ကြရသူများ၏ ခံစားချက်များ ၊ အတွေ့အမြင်များ ၊ ဗဟုသုတများ ၊ နိမိတ်ပုံ အလင်္ကာများ၏ တစ်မူထူးခြားသော တင်စားချက်များဖြင့် ဝတ္ထုကို ဖွင့်ခဲ့သည် ။
ကျွန်တော်သည် ပထမတစ်ကြိမ် မီးရထားလမ်းဘေးမှာ နေထိုင်ဖူးသည် ။ နောင်အနှစ်နှစ်ဆယ်နီးပါး ကြာမြင့်မှ ဒုတိယအကြိမ် မီးရထားလမ်းဘေးမှာ ပြန်လည်နေထိုင်ဖြစ်သည် ။ ကြားတွင် မီးရထားနှင့် အလှမ်း ဝေးလှသော ဒေသတွင် ကျင်လည်နေထိုင်ခဲ့ရသည် ။ အကြောင်းမဆုံသည့်နေ့များတွင် လေးငါးနှစ်တိုင်တိုင် မီးရထားကို မမြင်မိခဲ့ ။ ဒုတိယမ္ပိ မီးရထားလမ်းဘေးမှာ ငှားရမ်းနေထိုင်ရသော နေရာသည် ပထမအကြိမ် နေထိုင်ခဲ့ဖူးသော နေရာနှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် နီးနီးကပ်ကပ် ဖြစ်နေသည် ။ အဟောင်းသည် အသစ်ဖြစ်လာသည် ။ အောက်မေ့တမ်းတခြင်းများ ရင်ထဲအသည်းထဲ ပျံ့နှံ့လာသည် ။ အနံ့ဟောင်းတချို့ကို ပြန်လည်ရှူရှိုက်မိပြီး ထိုအနံ့အမျိုးအစားကို သိရှိဖော်နိုင်မည့်ဆဲဆဲ တစ်ဖန်ပြန်လည်ပျောက်ရှာသွားသည် ။
အနံ့ဟောင်း၏ ရုပ်လွှာကားချပ်များ ဖြတ်ပြေးနေသည် ။ ဆယ်ကျော်သက် ကျွန်တော့်ဘဝ၏ ရုပ်ပုံလွှာများမှာ ရေးရေးယောင်ယောင်မှ ထင်ထင်ရှားရှားဖြစ်လာသည် ။ အာရုံငြိမ်သက်ကြိုးစားဖော်ထုတ်ကြည့်မိလျှင် ကျွန်တော် အမောတကော ခံစားရပြီး အလယ်တန်း ကျောင်းသားဘ၀ ၊ ကျောင်းအုပ်ဆရာကြီး ၊ စာမေးပွဲရှုံးခြင်း ၊ မီးရထား လပေးလက်မှတ် မိထွေး ၊ ဖေဖေနှင့် အစ်မတို့၏ ရုပ်ပုံများသည် ဖုန်တက်နေသော ပန်းချီကားတစ်ချပ်ကို အဝတ်ဖြင့် သုတ်လိုက်သလို ထင်ရှားလာသည် ။ မကြာမီ အချစ်ဦးကို အာရုံနံရံပေါ်မှာ ရုတ်တရက် တွေ့ရှိလိုက်သဖြင့် ငူငိုင်ငိုင်ကြီးဖြစ်သွားရသည် ။ မှိုင်မှိုင်ကြီး လွမ်းသွားမိသည့်အကြောင်းကို ဝတ္ထု အလယ်တွင်ခြယ်ခဲ့သည် ။
ထိုအချစ်ဦးနာမည်မှာ ဝတ္ထုထဲတွင် ‘ ရင်ညွန့် ’ ဖြစ်သည် ။ ကိုယ့်ဘာသာကိုယ် နာမည်ပေးထားခြင်း ဖြစ်သည် ။ တကယ့်နာမည်မှာ အချိန်ကာလအားဖြင့် လေး ငါးနှစ်လုံးလုံး ဂါထာမန္တန်တစ်ခုကို တဖွဖွ ရွတ်ဆိုလာခဲ့ပြီးမှ အကွေ့အချိုးများစွာ ပြွမ်းတီးခက်ခဲသော ဘဝကြမ်း တစ်နေရာတွင် မေ့ကျန်ခဲ့လေပြီ ။ ထူးဆန်းသည်မှာ ချော မောလှပသော သူ့အဆင်းကို အားကောင်းပြောင်မြောက်စွာပင် ထင်းထင်းကြီးမှတ်မိနေခဲ့သည် ။ ထိုမိန်းကလေး နှင့် ပတ်သက်၍ ဝတ္ထုတိုထဲမှာ ကျွန်တော် ရေးသားခဲ့ သည့် စာပိုဒ်ကို ပြန်လည်ဖော်ပြပါမည် ။
ရင်ညွန့် မျက်နှာသည် ဆေးသားအခိုင်မာဆုံးပုံ တစ်ခုပမာ ရှိဆဲ ။ လွန်ခဲ့သော ဆယ်နှစ်နီးပါးဆိုပေမယ့် သူ့ကို အဒေါ်ကြီး တစ်ဦးပမာ မမြင်မိ ၊ အပျိုဖြန်းလေးလိုပဲ မြင်မိသည် ။ ငယ်စဉ်က သင်ခဲ့ရသည့် မြန်မာစာမှ ‘ မောင်ဘ ဈေးသို့ သွားသည် ’ ကို အမှတ်ရလာသည် ။ ရင်ညွန့် သည် မောင်ဘ လိုပဲဖြစ်သည် ။ ကျွန်တော်တို့အဖို့ မောင်ဘ သည် ကိုဘ နှင့် ဦးဘ ဖြစ်မလာသလို ရင်ညွန့် သည်လည်း ထိုအတိုင်းပါပဲလေ ။ တကယ်တော့ ရင်ညွန့်သည် ကျွန်တော့်ဘဝ တစ်လျှောက်လုံးမှာ လွမ်းတတ်အောင် သင်ကြားပေးသော ဆရာမလေး ဖြစ်သည် ။ အချစ်ကို မလိုချင်ခဲ့ ။ ရမ္မက်နှင့် ကာမကို မလိုချင်ခဲ့ ။ သူမ ဘဝကိုလည်း မလိုချင်ခဲ့ ။ ကျွန်တော် လိုချင်သည်မှာ ရင်ညွန့် ၏ ပဉ္စလက်အလှ ဖြစ်သည် ။ ကျွန်တော် အမြဲတမ်း မှတ်မိနေသည်မှာ အဖြူရောင်စက္ကူပေါ် နေရောင် ဖြာကျနေသည်နှင့်တူသော သူ့မျက်နှာ ဝင်းဝင်းလေး ဖြစ်သည် ။
ရင်ညွန့်သည် ဝတ္ထုထဲတွင် ကျွန်တော် တမ်းတမ်းတတ စွဲခဲ့ဖူးပြီး ခပ်ချိတ်ချိတ်စေ့ပိုက်ကာ ရည်းစားစကား ပြောဖူးသည် ။ တဲ့တိုးပြောဖို့ အချိန်ပင် မရလိုက် ။ ကံစီမံရာမုန်တိုင်း သို့မဟုတ် ကံကြမ္မာလေတစ်ချက်အဝှေ့တွင် ကျွန်တော်တို့ ဝေးခဲ့ကြသည် ။ ခုလို ပထမနေရာ ဝန်းကျင်တွင် ဒုတိယအကြိမ် နေထိုင်ရပြီဆိုတော့ ပထမအကြိမ် နေခဲ့ရစဉ် လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော် ကျော်ခန့်က အတွေ့အကြုံခံစားချက် ရင်နာစရာများ ရင်သာစရာများမှာ တကယ်ပင် ခိုးကြောင်မိုးဝှက် တိတ်တဆိတ်ဝင်ရောက်လာခဲ့ကြသည် ။ နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေသော ကျွန်တော့်ရှေ့မှောက်မှာ ငုတ်တုတ်ကလေး ထိုင်နေကြသလို မပီတပီဖြစ်နေကြသည် ။ အိပ်ချင်နေသော စိတ်ကို ဖိနှိပ်လျက် ကြိုးစားအားယူပြီး မိတ်ဟောင်းဆွေဟောင်း အဖြစ်ဟောင်း ခံစားချက်ဟောင်း များကို တစ်ခုစီ ဓာတ်ခွဲရွေးထုတ်နေရသည် ။ ပုံတစ်ပုံမှာ ပုသိမ်ထီးလေး ဆောင်းလျက် မြစ်ဘက်ကို သွားနေသည် ။ မိန်းမချောစာရင်းဝင် နှင့် ကိုယ်ကာယအချိုးအစား ပြေပြစ်သူတစ်ယောက် ။ ကျွန်တော် လုံးလုံးလန့်နိုးခဲ့ပြီ ။ သူ့ကို ကျွန်တော်သိပြီ ။ ရင်ညွန့် ။
ကျွန်တော် ထိုနေ့နံနက်က မီးရထားဖြင့် အလုပ် ဆင်းသည် ။ မီးရထားပေါ်တွင် ကျွန်တော်သိသူ တစ်ဦးတလေ တွေ့မည်လား ရှာဖွေကြည့်သည် ။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ကျော်ခန့်က မီးရထားစီးခဲ့ရခြင်းနှင့် ယခု မီးရထားစီးခဲ့ရခြင်း၏ ရင်တွင်း ကပ်ငြိပါလာသည့် အတွေးအဆွေး အလွမ်းများသည် မတူတော့ပေ ။ ခုခါ ကျွန်တော်သည် ကလေးသုံးယောက် ဖေဖေ ဖြစ်ခဲ့ပြီ ။ တောင်တွေးမြောက်တွေး တွေးရင်း ရထား တလှုပ်လှုပ် စီးလာခဲ့ရာမှ အတွေးရေလျဉ်ကြောကို အရူးမသားအမိ နှစ်ယောက်က အလိုက်ကမ်းဆိုး မသိစွာပင် ဖြတ်တောက်ပစ်လိုက်သည် ။ အရူးမသားအမိ လက်မှတ်မပါသောကြောင့် လက်မှတ်စစ်တို့က ဖမ်းရန်လာကြသည် ။ သူတို့ မတောင်းပန်ကြသည့်အပြင်
“ တို့လည်း ဒုက္ခရောက်လွန်းလို့ တို့ကို သနားရင် တစ်သက်လုံး ခေါ်ထားပါလား ။ ဟိုကျတော့ ဝက်သားဟင်းနဲ့ ကျွေးနော် ”
ဆိုပြီး ပြောသည် ။ လက်မှတ်စစ် တစ်ချိုးတည်း ခုန်ဆင်းပြေးသွားကြသည် ။
“ ခေါ်မယ်ဆိုပြီး မခေါ်ဘဲ ပတ်သွားတယ်ပေါ့ ဟုတ်လား ။ ထမင်းမကျွေးတော့ဘူးလား ။ ဘယ်ရောက်ကုန်လဲ ။ ဟိုကောင်လေးတွေ ”
ဆိုပြီး အဒေါ်ကြီးက တဆူဆူတပူပူ အော်ဟစ်နေသည် ။ သမီးမှာ မုဆိုးမဖြစ်ကြောင်း ၊ ကလေးသုံးယောက်အမေ ဖြစ်ကြောင်း ၊ သူ့ယောက်ျားသည် လူဆိုး တစ်ဦး ဖြစ်ပြီး အသ,တ်ခံလိုက်ရကြောင်း ။ အဒေါ်ကြီး သားအမိမှာ အလွန်ဆင်းရဲမွဲတေလှကြောင်း ၊ ဘေးထိုင်ခုံမှ ခရီးသည်တစ်ဦး ပြောပြ၍ သိရသည် ။ ထိုအဒေါ်ကြီးသားအမိ ဘူတာတစ်ခုမှာ ဆင်းမည့်ဆဲဆဲ အဒေါ်ကြီးက သူ့သမီးကို လှမ်းပြောလိုက်သော စကားတစ်ခွန်းသည် ကျွန်တော့်ကို တုန်လှုပ် သွားစေခဲ့သည် ။
“ ရင်ညွန့် သမီးလာ ။ ဒီဘူတာမှာ ဆင်းမယ် ” ဆိုပြီး ခေါ်လိုက်သော အသံ ။ ဝတ္ထုထဲမှာ ကျွန်တော် ဒီလို အဆုံးသတ်ခဲ့သည် ။
ကျွန်တော် သေချာအောင် ကြည့်သည် ။ မှတ်မိပြီ ။ ကျွန်တော် တစ်ချိန်က တသသ စွဲလမ်းခဲ့သော ရင်ညွန့် ၊ ကျွန်တော် လှမ်းခေါ်သည် ။
“ ရင်ညွန့် ရင်ညွန့် ၊ ဟေး ရင်ညွန့် ”
ဝတ္ထုတိုလေးကတော့ ဒါပါပဲ ။
ထိုဝတ္ထုနှင့် ပတ်သက်ပြီး ကျွန်တော့် အပေါင်းအသင်းများက အမျိုးမျိုး မှတ်ချက်ချကြသည် ။ တစ်ယောက်က -
“ အဲဒီ ကောင်မလေး တော်တော်ချောသလား ။ သူ့ကို ခင်ဗျား တော်တော်ကြိုက်ခဲ့သလား ” တဲ့ ။
ထိုမေးခွန်းကို ကျွန်တော် ချက်ချင်းဖြေသည် ။
“ ကောင်မလေးဟာ ကျွန်တော်နဲ့ တစ်ခါမှ စကား မပြောဖူးဘူး ။ သူ ဖြတ်သွားဖြတ်လာတာနဲ့ ကြုံကြိုက်တဲ့ အခါ ကျွန်တော် ငေးမောကြည့်မိတာပါပဲ ။ သက်သက် စောင့်ပြီး ကြည့်တာမျိုး မရှိပါဘူး ။ ကြုံကြိုက်တဲ့အခါ ငေး မကြည့်ဘဲ ကျောခိုင်းတာမျိုးလည်း ဘယ်တော့မှ မရှိခဲ့ဘူး ။ ဘာလို့လဲဆို သူဟာ သိပ်လှတယ် ။ မရိုးနိုင်တဲ့ ရှုမျှော်ခင်းတစ်ချပ်ကို ကြည့်ရသလိုပဲလေ ။ ပြောင်းလဲနေတဲ့ ရာသီဥတုအလိုက် တစ်မျိုးစီ အစွမ်းပြဆွဲဆောင်နိုင်တဲ့ ပန်းချီကားတစ်ချပ်လို သူ့ကို သဘောထားခဲ့တာ ပါ ။ အဲဒီ အလှကို ခံစားပြီး ဝတ္ထုတိုလေး ရေးလိုက်တာပါ ။ အဲဒီတုန်းကတော့ သူ့နာမည်ကို ဘယ်တော့မှ မမေ့နိုင်တော့ဘူးလို့ ထင်ခဲ့ပေမယ့် ခုတော့ မေ့ခဲ့ပြီ ။ ကျွန်တော်ဟာ သူ့ရုပ်ရည်ကို ဘယ်လိုမှ မမေ့နိုင်ခဲ့ပေမယ့် သူ့နာမည်ကိုတော့ ဝမ်းနည်းစွာပဲမေ့ခဲ့ပြီ ။ ကျွန်တော် ကြိုးစားကြည့်တယ် ။ ဘယ်လိုမှ မမှတ်မိတော့ဘူးဗျ ”
အခြား သူငယ်ချင်းတစ်ဦးက ဘာပြောသလဲ ဆိုရင်
“ မင်း ဒီလို ရည်းစားဟောင်းတွေ အကြောင်းရေးတာ မင်းမိန်းမက ဘာမှ မပြောဘူးလား ”
တဲ့ စိုးရိမ်လျက် မေးရှာသည် ။ သူက မိန်းမ ကြောက်ရသူ ဖြစ်သည် ။
ထိုဝတ္ထုဂယက် များများစားစား မရိုက်ခတ်ပဲ ပြီးစီးခဲ့ပြီထားခဲ့သည် ။ တစ်နှစ်လောက် ရှိပြီ ။ ဒီနေ့ကျမှ ပြန်လည် သတိရဖွယ် ဆက်နွယ်မှုတစ်ခု ပေါ်ပေါက်ခဲ့သည် ။
••••• ••••• •••••
( ၂ )
အလယ်တန်းကျောင်းသား ဘဝတုန်းက စာတော်သော ကျောင်းသားတစ်ဦးအဖြစ် လူတိုင်းက သိခဲ့ကြသည် ။ ဆယ်တန်းကျောင်းသားတွေအထိပင် သိခဲ့ကြသည် ။ အသက်အရွယ် ကြီး၍ စီးပွားရေး ကျားကုတ်ကျားခဲ လုပ်ကိုင်နေရချိန်တွင် တစ်ခါတစ်ခါ အလယ်တန်း ကျောင်းသားတွေနှင့် ပြန်လည်တွေ့ဆုံစဉ် နှစ်မျိုးခံစားသည် ။ တချို့ကို ရုတ်တရက် တွေ့လိုက်စဉ် ပျော်၍ သွားသည် ။ တချို့က ကျွန်တော်နှင့် တစ်နှစ်တည်း တစ်ကျောင်းတည်း နေရခြင်း၌သာ တူသည် ။ အခန်းက မတူ ။ တစ်ယောက်နှင့် တစ်ယောက် နီးကပ်မှု မရှိ ။ သံ ယောဇဉ် မရှိ ။ တစ်ကျောင်းတည်း အတူတကွ စာသင်ခဲ့ရသည်ဆိုသော အကိုးအကားက လွဲလို့ ဘာမှ မရှိ ။ သူတို့လို လူမျိုးသည် ရန်ကုန်ဆေးရုံကြီးတွင် အလုပ်လုပ်သော ကျွန်တော့် ထံ မေးကာမြန်းကာ ရောက်လာကြခြင်းဖြစ်သည် ။
တစ်နေ့ ကျွန်တော့်ထက် နှစ်တန်း ကြီးသော ကျောင်းသားဟောင်းတစ်ဦးက လူစိမ်းတစ်ယောက်ကို ခေါ်လာခဲ့သည် ။ ကျွန်တော့်ထက် နှစ်တန်းကြီးသော ကျောင်းသားဟောင်း အမည်မှာ မြတ်ထွန်း ဖြစ်သည် ။ မြတ်ထွန်း သည် ထိုလူစိမ်းကို ကျွန်တော့်ထံ ခေါ်လာပြီး ဆေးပင်စင် လုပ်ပေးဖို့သာပြောသည် ။ အမှန်တကယ် ဘာမှမဖြစ်ပါ ။ ဘာရောဂါမှ မရှိပါ ။ အလုပ် လုပ်စရာ မလိုတော့အောင် ချမ်းသာနေ၍ ဆေးပင်စင် ခံစားလိုခြင်း ဖြစ်သည် ။ ကျွန်တော် သူတို့ကို နောက်တစ်နေ့ နေ့လယ် လာခဲ့ရန် မှာလိုက်သည် ။ လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရန်လည်း မှာလိုက်သည် ။
နေ့တစ်နေ့ နေ့လယ် လူစိမ်းရောက်လာသည် ။ မြတ်ထွန်း ပါမလာတော့ ။ လက်ဖက်ရည်ဆိုင် လာခဲ့ကြ သည် ။ မနေ့က ပြောပြီးသား သူ့နာမည်ကို သည်နေ့ ပြန်ပြောသည် ။
ကိုလွမ်းသက်လတ် ။ လက်ဖက်ရည် တစ်ကျိုက် နှစ်ကျိုက် သောက်ပြီး သူ့ဆေးပင်စင်ကိစ္စ ဆွေးနွေးရသည် ။ စကားပြောရင်း သူ့ကို လေ့လာရသည် ။ သူသည် အသားဖြူသည် ။ မျက်နှာဝိုင်းဝိုင်းလေး မုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေး ရိတ်ထားသည်မှာ စိမ်းနေသည်ကို မြင်ရလျှင် သူ့အသားလှခြင်းမှာ ပို၍ထင်ရှားလာသည် ။ သူ့ ဆံပင်က ခပ်တိုတို ၊ ဆံပင်တို သော်လည်း သူ့ရုပ်ရှည်က ကြည့်ကောင်းဆဲ ။ ပါဝါမျက်မှန်တပ်လိုက်လျှင် ခန့်ချော ဖြစ်သွားသည် ။ သို့သော် အရပ်က အနည်းငယ် ပုနေပြီး ကြည့်ကောင်းရုံထက် ပိုဝနေသည် ။ သေချာခြင်းတစ်ခုမှာ သူသည် ကျွန်တော်တို့ထက် ဆယ်ဆမျှ ပိုချောသည် ။
“ ကျောင်းမှာတုန်းက မင်းက ငါတို့ထက် အတန်းငယ်တာပေါ့ကွာ ။ မင်း ကျောင်းမှာတုန်းက စာချည်း ဖိကြိုးစားနေချိန်မှာ ငါတို့က ရည်းစားထားလို့ ကောင်းတုန်းပေါ့ ။ ငါ့ရည်းစား မင်းတို့ သိပါလိမ့်မယ် ။ ငါ့အချစ်ဆုံးရည်းစား ခင်သိန်းရီ လေ ”
“ ဘာ ”
ကျွန်တော် အထိတ်တလန့် ဖြစ်သွားသည် ။
“ ခင်ဗျား တော်တော်ရက်စက်တဲ့ လူပဲဗျာ ။ ကျွန်တော့် ရင်တောင် လှုပ်ရှားသွားရတယ် ။ သူ့နာမည် မေ့နေတာ ဘယ်လိုမှ စဉ်းစားလို့မရဘူး ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲဗျာ ။ သူ့အကြောင်းတောင် ဝတ္ထုတစ်ပုဒ် ရေးဖူးသေးတယ် ။ ဝတ္ထုထဲမှာတော့ သူ့နာမည် ‘ ရင်ညွန့် ’ တဲ့ ။ ကျွန်တော် ပေးထားတဲ့ နာမည်ပေါ့ ။ သူ့နာမည်အရင်း ကိုတော့ နှစ်ပေါင်းများစွာ မေ့နေလိုက်တာဗျာ ။ အလယ်တန်းကျောင်းသားဘဝကို စဉ်းစားမိတိုင်း ဘာဖြစ်လို့လဲ မသိဘူး ။ ပုသိမ်ထီး ဆောင်းပြီး မြစ်ဆိပ်ဘက် လျှောက်သွားတဲ့ သူ့ကို မျက်လုံးထဲမှာ တစ်သက်လုံး သတိရနေတာ သူ့ကို ချစ်လို့ မဟုတ်ဘူး ။ သူ့ကို ကျေးဇူးတင်လို့ပါ ။ ဒီလိုလေ ကျွန်တော်တို့ ကျောင်းတက်တဲ့ ကာလတစ်လျှောက်လုံးမှာ သာယာအောင်စိုပြည်အောင် လုပ်ခဲ့တယ် လို့ပဲ ကျွန်တော် ထင်ခဲ့တယ် ။ အဆီအငေါ် မတည့်တဲ့ ဘဝရယ် ၊ ခက်ခဲရှုပ်ထွေးတဲ့ ကျောင်းစာတွေရယ် ၊ ကိုယ့် စိတ်ကူးထဲမှာ ရှိနေတဲ့ ကိုယ်ချစ်ရမယ့် မိန်းကလေးတစ် ယောက်ရဲ့ပုံစံကို ရှာနေတဲ့ အချိန်ရယ် ။ ဒါတွေဟာ သူနဲ့ တွေ့လိုက်ရင် အဆင်ပြေသွားသလိုပါပဲလေ ။ ရုပ်ရှင်တစ်ပွဲ အပျင်းပြေ အခမဲ့ ကြည့်ရသလို ကျေးဇူးတင်ရတယ်ဗျာ ”
“ မင်းကို ငါတို့ အကြောင်းတွေ ငါ ပြောပြမယ် ။ မင်းဝတ္ထု ရေးလိုက်ရင် အရမ်းနာမည်ကြီးသွားမယ် ”
“ ဒီလိုပါဗျာ ကျွန်တော် စိတ်မကောင်းတာ တစ်ခု ရှိတယ် ။ ဝတ္ထုကို ဇာတ်နာအောင် ဆိုပြီး ရင်ညွန့် တစ်ယောက် လင်သေခိုင်း ။ ကလေးသုံးယောက်နဲ့ တလည်လည်ဖြစ်ပြီး ရူးသွပ်မွဲတေသွားတဲ့အထိ ရေးချလိုက်မိ တယ် ။ အဲဒီတုန်းက ကျွန်တော်ဟာ ဇာတ်နာသွားအောင် ဆိုတဲ့ မူတစ်ခုကို အရင်းပြုပြီး ရေးချလိုက်တာပဲ ဖြစ် တယ် ။ သိပ်တော့ မတရားဘူးပေါ့ ။ ဇာတ်နာရင် ပြီးရော ဆိုတဲ့ မူဟာ ခင်ဗျား သိအောင် ပြောလိုက်တာပါ ။ တကယ်တော့ ဖန်တီးလိုက်ခြင်းပါပဲ ။ ရင်ညွန့် သို့မဟုတ် ခင်သိန်းရီ ဟာ အပြင်ဘက်မှာ သိန်းပေါင်းများစွာ ချမ်း သာနေရင်လည်း ကျွန်တော့်ဝတ္ထုကို မပြင်နိုင်ဘူး ။ ဘာလို့လဲ ဆိုတော့ ဒီလိုခေါင်းမာမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဇာတ်ဆောင်ကိုယ်စားပြုမှုနဲ့ ဆိုင်နေလို့ပဲ ။ အပြင် လောကမှာ သိန်းပေါင်းများစွာ ချမ်းသာတဲ့ ရင်ညွန့် သို့မဟုတ် မခင်သိန်းရီ အကြောင်း ကျွန်တော် ရေးမိရင် ကျွန်တော်ဟာ ရှားပါးတဲ့ အမျိုးအစား အနည်းစုကို ကိုယ် စားပြုလိုက်သလို ဖြစ်သွားလိမ့်မယ် ။ ထားပါတော့လေ ။ ကျွန်တော်ဟာ ‘ နာကျင်ခြင်းနဲ့ ကြင်နာခြင်း ’ ကို အဲဒီလို ဇာတ်သိမ်းခန်းအတုနဲ့ ရေးချလိုက်ပြီးပြီ ။ ဝတ္ထုအသွင် ဖန်တီးပြီးပြီ ၊ ဝတ္ထု မဟုတ်တဲ့ သူ့အတ္ထုပ္ပတ္တိစစ်စစ် သို့မဟုတ် ပြင်ပတကယ့်အဖြစ်အပျက် ပြန်ကြားလွှာထဲ မှာတော့ သူဟာ ဘယ်လို နေထိုင်စားသောက်လဲ ၊ ဘယ်သူနဲ့ လက်ထပ်လိုက်သလဲ ၊ တကယ့်ဇာတ်သိမ်းခန်းဟာ ဘာလဲ ။ သိချင်နေတယ်ဗျာ ။ ‘ နာကျင်ခြင်းနဲ့ ကြင်နာခြင်း ’ ဝတ္ထု ရေးသားပြီးစီးကတည်းက သိချင်စိတ်ဟာ ပိုပြီး မြင့်မားလာခဲ့တယ် ။ သိပ်သိချင်ပေမယ့် ဘာမှ အစရှာ မရဘူးဗျာ ။ နှစ်ပေါင်းနှစ်ဆယ် ကျော်နေပြီ ။ သူနဲ့ ကိုယ်နဲ့ကလည်း တကယ်တမ်း အကျွမ်းတဝင် မဖြစ်ခဲ့ဘူးဆိုတော့ ဘယ်လွယ်ပါ့မလဲ ။ ဒါပေမဲ့ သူဟာ ဝတ္ထုထဲက ဇာတ်သိမ်းထက် ပိုကောင်းနေသလား ၊ ပိုဆိုးနေသလား ။ သိချင်နေတဲ့ ဆန္ဒကတော့ အခိုင်အမာ ဖြစ်နေရာ ကနေ ခုလို ခင်ဗျားက သူ့နာမည်ကို ရုတ်တရက် အစဖော် ပေးလိုက်တော့ ခင်ဗျားဟာ ကျွန်တော့် အခက်အခဲ တစ်ခုကို ကူညီလိုက်သလိုပါပဲ ကျေးဇူးပဲဗျာ ”
“ မင်းကို ငါ ပြောပြရင် မင်းအမှန်အတိုင်း ရေးမလား ”
“ စိတ်ချ ဝတ္ထု မရေးတော့ဘူး ။ အစီရင်ခံစာပဲ ရေးမှာ ”
“ သူနဲ့ ငါနဲ့ တစ်တန်းတည်း တစ်ခန်းတည်းမှာ စာသင်ကြရတာ ။ တစ်ယောက်အကြောင်း တစ်ယောက် အတွင်းသိ အစင်းသိ ၊ သူဆင်းရဲတယ် ဆိုတာ ငါ သိသွားပြီလို့ သူ သိသွားတုန်းက သိပ်မထူးခြားပါဘူး ။ ငါချမ်း သာတယ် ဆိုတာ သူ သိသွားတော့ တစ်မျိုးဖြစ်လာတယ် ။ အဲဒါဟာ ငါ့မိဘတွေရဲ့ အစွမ်းအစ ဆိုပေမယ့် ငါ့ကိုယ်ပိုင် အရည်အချင်းလို့ပဲ အခန်းထဲက မိန်းကလေးတွေ သဘောထားလာကြတယ် ။ ခင်သိန်းရီ က ငါ့ကို အခွင့်အရေးပေးတယ် ဆိုတဲ့ အကြည့်နဲ့ လှမ်းလှမ်းကြည့်တယ် ။ နောက် တစ်ခုက ငါ့ရုပ်ရည် ၊ ငါ့ရုပ်ရည် ကိုတော့ မင်း တွေ့တဲ့ အတိုင်းပဲလေ ။ ဟိုတုန်းက ခပ်ငယ်ငယ် ဆို တော့ အသွေးအသားတွေ ဝင်းစိုနေချိန် ၊ ဒီလောက်လည်း မဝဘူး ။ အဲဒီတုန်းက ငါတို့တစ်တွေက ဆယ်တန်း ကျောင်းသားတွေ ၊ မင်းက ခုနစ်တန်းမှာ ထင်တယ် ။ တစ်နေ့တော့ ထွန်းမြတ် အပါအဝင် ငါ့သူငယ်ချင်းတွေက ခင်သိန်းရီ ကို ငါ စာပေးလိုက်တာကို ဟိုက လက်ခံရင် အဲဒီ ကောင်တွေက သုံးရက်ဆက်တိုက် တရုတ်ဆိုင်မှာ ခေါက်ဆွဲကျွေးမယ်လို့ ပြောတယ် ။ ငါ ဒီအလုပ်ကို လက်ခံလိုက်တယ် ။ လက်ခံလိုက်တာဟာ ခေါက်ဆွဲစားချင်လို့လည်း မဟုတ်ဘူး ။ ကောင်မလေးကို ချစ်လို့လည်း မဟုတ်ဘူး ။ လူငယ်ပီပီ စွန့်စားချင်လို့ သူငယ်ချင်းတွေ အထင်ကြီးတာ ခံချင်လို့ ”
သူသည် သူ့ဇာတ်လမ်းကို အကြိမ်ပေါင်း ရာနှင့် ချီပြီး လူတော်တော်များများကို ပြောပြဖူးသည်မှာ ထင်ရှားလာသည် ။ ကဗျာတစ်ပုဒ် အလွတ်ရွတ်ဆို နေသော ကျောင်းသားတစ်ယောက် ပုံစံ ပေါက်လာသည် ။
“ ငါ စာပေးလိုက်တယ် ။ သူငယ်ချင်းတွေ တစ်နေရာ ကနေ ချောင်းနေတယ် ။ လိမ်လို့ မရဘူး ။ ငါ့ စာကို သူ့လွယ်အိတ်ထဲ ထည့်လိုက်တယ် ။ သူ သိသွားပြီ ဆိုတာ ငါ တွေ့တော့ သူငယ်ချင်းတွေဆီ ငါ အပြေးကလေး လာခဲ့တယ် ။ ဝင့်ကြွားလို့ပေါ့ ။ သူငယ်ချင်းတွေက လက်မခံဘူး ။ သူတို့ တွေ့အောင် လွယ်အိတ်ထဲ လက်ကို အကြာကြီး ထည့်ထားရမယ်လို့ ပြောတယ် ။ နောက် တစ်နေ့ကျတော့ ခင်သိန်းရီ နောက် ငါလိုက်သွားပြီး စာကို လွယ်အိတ်ထဲ ထည့်လိုက်တယ် ။ ငါ့လက် သူ့ လွယ်အိတ်ထဲ အကြာကြီး ထည့်ထားတာကို ဘာမှ မပြော ဘူး ။ ဒါပေမဲ့ သူ မျက်ရည်ကျနေတယ် ”
“ မနေ့ကတော့ ကျွန်မကို တန်ဖိုးထားတယ်လို့ ထင်ခဲ့တယ် ။ ဒီနေ့ကျတော့ ကျွန်မထင်တာ မှားပြီ ။ ကျွန်မကို တော်တော် အထင်သေးသလားဟင် ” တဲ့ ။
“ ဟုတ်တာပေါ့ ။ လက်က လွယ်အိတ်ထဲ တန်းလန်းကြီးဆိုတော့ သူ့အသိတွေကလည်း ဝိုင်းကြည့်နေကြတာပေါ့ ။ ငါ အမှန်အတိုင်း ပြောရရင် အဲဒီအချိန်ကစ ပြီး သူ့ကို ချစ်မိခဲ့တယ် ။ ငါ့ သူငယ်ချင်းတွေ ရှိတဲ့ နေရာ ကို မသွားတော့ဘူး ။ အိမ်ကို တန်းပြန်သွားတယ် ။ အိပ်ရာထဲ တန်းဝင်သွားတယ် ။ စောင်ခေါင်းမြီးခြုံထားပေမယ့် မျက်ရည်ကျနေတဲ့ သူ့ရုပ်သွင်ကို အထင်အရှား တွေ့နေရတာပေါ့ကွာ ။ မိန်းကလေးနဲ့ပတ်သက်ပြီး ဒီလို ဝေဒနာကို ဒီတစ်ခါ ခံစားရတာဟာ ပထမဦးဆုံးပါပဲ ။ မင်းကော ဒီလိုမျိုး ဖြစ်ဖူးသလား မသိဘူး ။ နောက်တစ်နေ့ကျတော့ သူ့ကို အဖြစ်မှန်တွေ အကုန်လုံး ပြောပြလိုက် တယ် ။ ဒီလိုလေ ငါပြောခဲ့တဲ့ စကားက အမှန်အတိုင်း ပြောရရင် ဒုတိယနေ့မှာ ကိုယ့်လက် ထည့်ထားတဲ့အချိန်ထိ ကိုယ် မင်းကို ဘယ်လိုပြောရမလဲ မသိဘူး ။ ချစ်တော့ ချစ်တယ်ကွာ ။ ပီပီပြင်ပြင်တော့ မဟုတ်သေးဘူး ။ မင်းရဲ့ မျက်နှာလေးရယ် ၊ အသံလေးရယ် ၊ အသံလေးထဲက စာနာစရာကောင်းတဲ့ မင်းရဲ့ ကြေကွဲမှုတွေရယ်ကို မျက်မြင်တွေ့လိုက်ရတဲ့အခါ ကိုယ်ဟာ အချစ်စစ် အချစ်မှန်ကို ပက်ပင်းတွေ့ လိုက်သလို ခံစားရတယ် ။ တို့တစ်တွေဟာ အခန်းထဲမှာ မောင်နှမတွေလို နေခဲ့ကြတာတွေကို ငါ ချက်ချင်း သတိရလာမိတယ် ။ အဲဒီ ညက သိပ်စိတ်ထိ ခိုက်တယ် ။ တစ်ညလုံး အိပ်လို့ မရဘူး ။ မင်း ရင်ထဲမှာ ကိုယ်ဟာ မင်းကို စော်ကားခဲ့တယ်လို့ ခုထက်ထိ ခံစား နေရသေးရင် ကိုယ့် ပါးကို ရိုက်လိုက်စမ်းပါ ”
သူ ငိုနေတယ်ပေါ့ ။ အဲဒီတုန်းက သူ ဘာပြောသလဲဆိုရင်
“ ပိုက်ဆံ ချမ်းသာလို့ အချစ်ကို လက်ခံလိုက်တယ် ထင်သလား ။ နဖူးစာ ရှိလို့ လက်ခံလိုက်တာ ။ ဘာဖြစ်လို့လဲ မသိဘူး ။ ဟိုးနှစ်စကတည်းက တွေ့တွေ့ချင်း ခင်မင်မိပေမယ့် ”
( ၃ )
“ ငါတို့ နှစ်ယောက် ဒီလို အချစ်ထောင်ချောက်ထဲ ကျသွားတာ ငါတို့ နှစ်ယောက်ရဲ့ ပညာရေးကို မှုန်ဝါး ပျက်စီးသွားစေခဲ့တယ် ။ ဒီမှာ မင်းကို ငါ တစ်ခု ပြော မယ် ။ ခင်သိန်းရီ ဟာ ငါ့ဘဝမှာ ငါ့အချစ်ဦး ဆိုတာ မင်း ကို ပြောထားပါရစေ ။ ငါ သူ့ကို သိပ်စွဲလမ်းခဲ့တယ် ။ သူငယ်ချင်းတွေဆီ ငါ မရောက်တော့ဘူး ။ ခင်သိန်းရီတို့ အိမ်ကို ကျူရှင် တက်သလို မှန်မှန် ရောက်ခဲ့တယ် ။ ငါတို့ နှစ်ယောက် ကမ္ဘာအေးဘုရားကို မကြာမကြာ ရောက်ခဲ့တယ် ။ အဲဒီမှာ ချိန်းတွေ့ခဲ့တယ်ပဲ ဆိုပါတော့ ။ ခင်သိန်းရီတို့အဖေဟာ မန္တလေး မှာ ဆုံးသွားတယ် ဆိုပဲ ။ ခင်သိန်းရီတို့ မုဆိုးမ သားအမိဟာ ဆင်းဆင်းရဲရဲ နဲ့ နေထိုင်စားသောက်ကြရတယ် ။ ဆယ်တန်းစာမေးပွဲတွေ ဖြေကြတယ် ။ ငါတို့ နှစ်ယောက်စလုံး ကျတယ် ။ ဘယ် အောင်မလဲ ။ နှစ်ယောက်စလုံး မွှန်နေတာကိုး ။ ငါ ကျောင်းဆက်တက်ဖို့ ပြဿနာ မရှိပေမယ့် ခင်သိန်းရီ မှာတော့ အခက်အခဲ ဖြစ်လာတယ် ။ သူ့အမေက သူ့ကို ရုံး တစ်ရုံးက အထက်တန်းစာရေးတစ်ယောက်နဲ့ ပေးစားတော့မယ် ။ နက်နက်ရှိုင်းရှိုင်း မဟုတ်ဘူး ။ အခက်အခဲကို ဖြေရှင်းလိုက်တာပါပဲ ။ အဲဒီအကြောင်းတွေ နောက်မှ လွန်သွားမှ သိရတာတွေပါ ။ ငါ တိုက်ဖွိုက် ဖြစ်ပြီး အိပ်ရာက မထနိုင်တဲ့ အချိန်နဲ့ အချိန်ကိုက်ပါပဲကွာ ။ ငါ လည်း လူတိုင်းက မရတော့ဘူးလို့ ထင်ထားရလောက်အောင် အကြီးအကျယ် နေမကောင်းဖြစ်နေချိန်မှာ အဲဒီ ရုံးစာရေးကြီးနဲ့ အတင်းအကျပ် ပေးစားဖို့ စီစဉ်ကြတာပေါ့ ။
ဪ ... ပြောရဦးမယ် ။ ငါ တိုက်ဖွိုက် မဖြစ်ခင် ငါတို့ အိမ်ပြောင်းခဲ့ကြရတယ် ။ ပြောင်းပြီး ဆယ်ရက် အကြာမှာပေါ့ ။ ခင်သိန်းရီ ငါ့ဆီ ထွက်ပြေးလာတယ် ။ ငါ့အိမ်ကို လိုက်ရှာတယ် ငါတို့ လမ်းထဲ သူဖြတ်လျှောက် သွားပြီး တောင်မေးမြောက်မေးနဲ့ မေးစမ်းနေတယ် ။ ဒါပေမဲ့ ကံဆိုးချင်တော့ ငါ့အိမ်ကို မသိခဲ့ဘူး ။ ဒီ အကြောင်းတွေကိုလည်း နောက်မှ သိရတာပါ ။ တကယ်လို့ ငါ့ကို တွေ့တယ်ဆိုရင်တောင် ငါဘာတတ်နိုင်မှာလဲ ။ ငါ့ အခြေအနေက သတိရတစ်ချက် မရတစ်ချက် ဖြစ်နေချိန် ၊ သူ ငါ့ကို ဘယ်လို ထင်သွားလဲ မသိဘူး ။
ငါ့ ကျန်းမာရေး ထူထူထောင်ထောင် အနည်းအကျဉ်း ဖြစ်လာတယ် ဆိုရင်ပဲ သူ့ဆီ ငါ သွားခဲ့တယ် ။ အားနည်းလွန်းလို့ ယိုင်တိယိုင်တိုင်နဲ့ လျှောက်သွားရတာပေါ့ ။ သူတို့ ငှားနေတဲ့ အိမ်မှာ တခြား အိမ်ငှားတွေ ရောက်နေတယ် ။ ခင်သိန်းရီ တစ်ယောက် အိမ်ထောင်ကျသွားပြီ တဲ့ ။ ပြောင်းသွားပြီတဲ့ မျက်ရည်ကျခဲ့ပြီ သူငယ်ချင်း ။ ငါဟာ အူရောင်ငန်းဖျားရောဂါ နဲ့ အချစ်ငန်းဖျားရောဂါကို တစ်ချိန်တည်း ခံလိုက်ရတဲ့ လူပါ ။
တစ်နေ့ သူ့ကို ဟီးနိုးကားပေါ်မှာ တွေ့ရတော့ သူက နွမ်းနယ်တဲ့ အပြုံးနဲ့ နှုတ်ဆက်ရှာတယ် ။ သူ့ကလေးနဲ့ သူ့ယောက်ျားလည်း ပါတယ် ။ ဖြစ်ပျက်ခဲ့တဲ့ ကံကြမ္မာဆိုးတွေကိုတော့ သူငယ်ချင်းတစ်ဦးက တစ်ဆင့် သူ့ကို ရှင်းပြခဲ့ပြီးဖြစ်လို့မို့ သူ အခုလို ပြုံးပြနိုင်တာပေါ့ ။ အပြုံးဟာ နွမ်းနယ်နေတာကတော့ ငါတို့ နှစ်ယောက်ရဲ့ ရိုင်းလှတဲ့ ကံကြမ္မာကို သူ အသိအမှတ်ပြုတဲ့ သဘောပါပဲ ။ ရှင်းရှင်း ပြောရရင် ငါ့အပြစ်မဟုတ်ဘူးဆိုတာ လက်ခံ လိုက်တဲ့ အဓိပ္ပာယ်ပါပဲ ။ သူ့ယောက်ျား တီဘီရောဂါနဲ့ ဆုံးသွားတယ် ။ အဲဒီနောက်ပိုင်းတော့ သူတို့တစ်တွေ ဒုက္ခ ရောက်လိုက်ကြတာ မပြောပါနဲ့တော့ ။
ဪ ငါပြောဖို့ မေ့ကျန်ခဲ့တယ် ။ သူ့ယောက်ျား မဆုံးခင်လေးမှာ ငါလည်း အိမ်ထောင်ကျခဲ့တယ် ။ ငါ့မိန်းမဟာ သိပ်သဝန်ကြောင်တာ ။ ငါနဲ့ ခင်သိန်းရီတို့ အကြောင်းကိုလည်း သူ ဘယ်ကနေ ဘယ်လို သိထားလဲ မသိဘူး ”
သေချာပါသည် ။ သူသည် သူ့ဇာတ်လမ်းကို အကြိမ်ပေါင်း ရာနှင့်ချီပြီး မကြာခဏ ပြောလေ့ရှိခဲ့၍သာ ယခုလို ကျွမ်းကျွမ်းကျင်ကျင်နှင့် စိတ်ဝင်စားဖွယ် ပြောပြနိုင်ခြင်းဖြစ်လိမ့်မည် ။
“ ခင်သိန်းရီ သူ့အကြောင်း ငါ သတင်းမေးပါတယ် ။ သူ့အမေလည်း အသက်အရွယ် အိုမင်းပြီး ကွယ်လွန်သွားပြီတဲ့ ခင်သိန်းရီ ဟာ ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့တော့ မလုပ်စားတတ် ၊ မကိုင်စားတတ်နဲ့ ဖြစ်သလို ရှာဖွေစားသောက်ရတဲ့အထိပဲ ။ ဒီနေရာမှာ ဖြစ်သလို ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကို မင်းသိမှာပါ ။ မင်းလည်း စာရေးဆရာ တစ်ယောက်ပဲ ။
နောက်တော့ သူ့ယောက်ျားဆီက တီဘီရောဂါကို ခင်သိန်းရီ အမွေရလိုက်တယ်လို့ ကြားရတယ် ။ သူ့ခမျာ ဆေးဝါးကောင်းကောင်းမွန်မွန် မကုရဘူး ။ ရောဂါက သည်းလာတယ် ။ အနည်းအကျဉ်း စားဖို့ သောက်ဖို့ ဆိုတာကိုတော့ သူ့သားနှစ်ယောက်က စီးကရက်တို့ ၊ စံပယ်ပန်းတို့ ရောင်းပြီး ဖြေရှင်းရတာပေါ့ ။ ရောဂါအခြေအနေ သိပ်ဆိုးပြီး သွေးဒရဟော အန်နေလို့ ပတ်ဝန်းကျင်က သူ့ကို အောင်ဆန်းအဆုတ်ရောဂါကုဆေးရုံကို ပို့လိုက်တယ်လို့ ကြားရတယ် ။ သူ့ရဲ့နောက်ဆုံးအချိန်ကို နှုတ်ဆက်ဖို့ ဒါမှမဟုတ် သူ့အတွက် နောက်ဆုံးအချိန် မဖြစ်အောင် ကူညီဖို့ ဆေးရုံကို ငါ့ကားကို ကိုယ်တိုင်မောင်းပြီး လိုက်ခဲ့တယ် ။
သူငယ်ချင်းရယ် ငါ နောက်ကျခဲ့ပြီ ။ ဆုံးပြီတဲ့ ။ ဒီလိုလေ ခုလောက်ဆို ဆုံးပြီတဲ့ ။ မရနိုင်တော့လို့ သူ့ကို တရုတ်အဘိုးကြီးတစ်ယောက်က အိမ်ပြန်ခေါ်သွားတာ တဲ့ ။ သူနာပြုဆရာမက ငါ့ကို ပြောပြတယ် ။ ငါ နဲ့ သူနဲ့ လည်း ဒီနောက်ပိုင်း မတွေ့တော့ဘူး ။ သူ့ကိုလည်း ဘယ်မှာမှ မတွေ့တော့ဘူး ။ ဆုံးသွားပြီ ထင်ပါရဲ့ ။ ဒါပေမဲ့ ငါစိတ်ထဲမှာ ပုစ္ဆာတစ်ခု ဖြစ်နေတာပေါ့ ။ သူ့ကို လာခေါ်သွားတဲ့ တရုတ်အဘိုးကြီးဟာ ဘယ်ကလဲ ။ ဘယ်သူလဲ ။ တစ်နေ့ ငါ ငါ့ကားလိုင်စင်လဲဖို့ လိုင်စင်ရုံးကို ရောက်သွားတယ် ။ လိုင်စင်ရုံးမှာ ပြင်သစ်လုပ် ပွေဂျိုကားပေါ်က အမျိုးသမီးတစ်ယောက်က ငါ့ကို ပြုံးပြနေတယ် ။ ငါ့အသိထဲမှာ ဒီလို သုံးလေးသိန်းတန်တဲ့ ပွေဂျိုကားမျိုး စီးနေတာမျိုး မရှိတော့ ငါ ပြန်မပြုံးပြလိုက်ဘူး ။ ငါ ကားနား ကပ်သွားတယ် ။ ‘ ခင်သိန်းရီ ’ ငါ တအား အော်လိုက်မိတယ် ။ သူ သိပ်ကို စိုပြည်လှပနေ
တယ် ။ တရုတ်အဘိုးကြီးဟာ သူ့အဖေတဲ့ ။ သူ့အမေနဲ့ ကွဲပြီး စီးပွားရေးလုပ်ရင်း မန္တလေး မှာပဲ နေခဲ့တာတဲ့ ။ သိန်းသုံးဆယ်လောက် ချမ်းသာတယ်တဲ့ ။ အဲဒီအဘိုးကြီးဟာ သူ့မိန်းမနဲ့ သူ့သမီးကို လိုက်ရှာနေတာ ကြာပြီ ဆိုပဲ ။ သူ့သမီးကို တွေ့တော့ သူ့စည်းစိမ်တွေ အားလုံးကို သူ့ရဲ့ အချစ်ဆုံး တစ်ဦးတည်းသော သမီးကို လွှဲလိုက်တယ် ဆိုပဲ ။
မင်း ဒီအကြောင်းတွေကို ရေးစမ်းပါကွာ ။ မင်း နေ့ချင်းညချင်း နာမည်ကြီးသွားနိုင်တယ် ။ မင်း စာရေး ဆရာပဲ ။ နည်းနည်း ပြင်ဆင်ပြီး လုပ်ထည့်လိုက်တော့ကွာ ”
“ နည်းနည်း ပြင်ဆင်ရမယ်ဆိုရင် ခင်ဗျား အိမ်ထောင် မကျသေးတဲ့ ဇာတ်ဆောင် ဖြစ်မှ ဇာတ်က လှမှာဗျ ”
“ မင်းဟာ မင်း ကြည့်စီစဉ်လေ ။ ငါ ပြောပြီးပြီးပဲ ။ ဒါပေမယ့် ခင်သန်းရီ ကို ရူးသွပ်မွဲတေသွားတယ်လို့ ရေးခဲ့တာတော့ လွန်တာပေါ့ ”
“ တကယ်လို့ တရုတ်အဘိုးကြီး ရောက်မလာခဲ့ရင်ကော ”
“ မင်းက သူ ရောက်လာတာ ဝမ်းမသာဘူးလား ”
“ ဝမ်းသာလိုက်တာမှ ရင်ထဲမှာ တစိမ့်စိမ့် ကြည်နူးသွားတာပဲ ။ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ဒုက္ခိတ ခင်သိန်းရီ တွေ အားလုံးဆီ အမွေပေးမယ့် ဖခင်တွေ ရောက်လာမယ်ဆိုရင် သိပ်ကောင်းမှာပဲ ”
▢ မောင်ညိုပြာ
📖 စုံနံ့သာမဂ္ဂဇင်း
ဖေဖော်ဝါရီလ ၊ ၂၀၁၅

No comments:
Post a Comment