❝ သူငယ်ချင်း ကဗျာဆရာ ၊ နှင့် ၊ တွေ့ဆုံပေးခြင်း ❞
( တက္ကသိုလ်မင်းမော် နှင့် တွေ့ဆုံခြင်း )
သူ့ကဗျာတွေမှာ “ သူငယ်ချင်း ” နဲ့ အစချီတတ်တယ် ။ “ သူငယ်ချင်း ” ကို တိုင်တည်ပြီး သူ ပြောချင်တာတွေကို ပြောပြတတ်တာမို့ “ သူငယ်ချင်းကဗျာဆရာ ” လို့ ကင်ပွန်း တပ်လိုက်တာပါပဲ ။ သူကတော့ ကဗျာချစ်သူများ ၊ စာချစ်သူများနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်တဲ့ ဆရာ “ တက္ကသိုလ်မင်းမော် ” ဖြစ်ပါတယ် ။ ဆရာနဲ့ ကျွန်တော် စကားပြောနိုင်ဖို့ အတွက် ဆရာ့ရဲ့ သူငယ်ချင်း ကဗျာဆရာတွေ တော်တော်များများနဲ့ ဆရာ့စာပေ ဆောင်းပါးတွေ ပြန်ဖတ်ခဲ့ပါတယ် ။ မေးချင်စရာ အကြောင်းအရာ တော်တော်များများ ရှိတဲ့ အထဲက ကိစ္စ တချို့ကိုသာ ရွေးထုတ် မေးဖြစ်ခဲ့ပါတယ် ။ နောင်တစ်ချိန်မှာများ ဆရာနဲ့ နောက်တစ်ခါ ပြန်ဆုံခွင့်ရဦးမယ် ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း မေးပေးပါဦးမယ်လို့ ဆရာ့ ကဗျာချစ်သူများကို ကြိုတင်ပြောထားပါရစေ ။ ကြုံကြိုက်တုန်းမှာ ကျွန်တော့် ကဏ္ဍနဲ့ ပတ်သက်လို့ ပေဖူးလွှာ စာတည်းအဖွဲ့ရဲ့ သဘောထား ၊ ကျွန်တော့် သဘောထားကို တင်ပြပါရစေ ။
ပေဖူးလွှာ သက်တမ်း တစ်လျှောက်မှာ စာရေးဆရာ တော်တော်များများနဲ့ တွေ့ဆုံပေးခဲ့ပြီး ဖြစ်ပါတယ် ။ ဒီလို တွေ့ဆုံရာမှာ ကျွန်တော်တို့ ကနဦး ကတည်းက ချထားခဲ့တဲ့ မူအတိုင်း စာရေးဆရာရဲ့ “ ဝါစဉ် ” အရ မဟုတ်ဘဲ လုပ်ငန်းအခြေအနေ အဆင်ပြေမှုပေါ် မူတည်ပြီး လုပ်သွားခဲ့ပါတယ် ။ လက်ရှိလည်း ဒီမူကို ကျင့်သုံးနေပြီး နောင်မှာလည်း ဒီမူကိုပဲ ဆက်သုံးသွားဦးမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ။
ဆရာတက္ကသိုလ်မင်းမော် နဲ့ တွေ့လိုက်ကြရအောင်လား ။
••••• ••••• •••••
🆆 🅽 ကဗျာဆရာနဲ့ တွေ့ရမယ် ဆိုတော့ ကျွန်တော် မေးချင်တဲ့ ပထမ ဆုံးမေးခွန်းက ကဗျာဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းပါပဲ ။ ဒီမေးခွန်းကို ကျွန်တော် ကဗျာဆရာနဲ့ တွေ့ရတိုင်း မေးခဲ့ပါတယ် ။ မေးရခြင်း အကြောင်းကလည်း တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပာယ် ဖွင့်ဆိုချက်ချင်း ကွဲပြားတတ်တာကြောင့်ပါ ။ ဆရာ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို သိပါရစေ ။
🅼 🅼 ကဗျာ ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းမျိုး ကိုတော့ ဘယ်နှယောက် လျှောက်မေးမေး တစ်ယောက်ကို အဖြေ တစ်မျိုးပဲ ပေးကြမှာပဲ ထင်ပါတယ် ။ ဒီလို ဖြေတာဟာ သဘာဝကျတယ်လို့ ထင်ပါတယ် ။ စဉ်းစားကြည့်ပါ ။ ကဗျာ ဆိုတာ သိပ္ပံပညာနဲ့ မတူပါဘူး ။ သိပ္ပံပညာတွေဟာ ကျဉ်းချင်လည်း ကျဉ်းမယ် ၊ ကျယ်ချင်လည်း ကျယ်မယ် ၊ ကျဉ်းကျဉ်းကျယ်ကျယ် ကျဉ်းလည်း ဘောင်နဲ့ ၊ ကျယ်လည်း ဘောင်နဲ့ ၊ အားလုံး ဘောင်နဲ့ချည်းပဲ ။ ဒီလို ဘောင်နဲ့ ရှိတဲ့ သိပ္ပံပညာတွေမှာတောင်မှ အကြောင်းအရာ တော်တော်များများကို ဖွင့်ဆိုချက်တို့ ၊ သတ်မှတ်ချက်တို့ အတိအကျ ပေးဖို့ ခက်လှပါတယ် ။ ပေးလို့ မရနိုင်တာ များပါတယ် ။ ကိုယ် လုပ်ဆောင်မယ့် အကြောင်းအရာနဲ့ သဘာဝကို ကြည့်ပြီးတော့ အလုပ်ဖြစ်ရုံ သတ်မှတ်ချက် ( Workable Definition ) မျိုးသာ ပေးလို့ရပါတယ် ။ ကဗျာ ဆိုတာ ကတော့ သိတဲ့ အတိုင်းပဲ ။ နယ်နိမိတ်တို့ ဘောင်တို့ကို ခြံခတ်သလို ခတ်ပြီး သတ်မှတ်လို့ မရနိုင်အောင် ကျယ်ဝန်းပါတယ် ။ အဲဒီလောက် ကျယ်ဝန်းတဲ့ ကဗျာကို အားလုံး ခြုံငုံမိအောင် ဘယ်လိုလုပ်များ ဖွင့်ဆိုပါ့မလဲ ၊ ဖွင့်ဆို ကြည့်ရင်လည်း မိုးကုပ်စက်ဝိုင်းရဲ့ အချင်းတို့ ၊ အနက်တို့ ၊ အနိမ့်အမြင့်တို့ ၊ အကျယ်အဝန်းတို့ကို တိုင်းပြနေသလို ဖြစ်မှာပဲလို့ ထင်ပါတယ် ။
ဒီတော့ ကဗျာဆိုတာ ဘာလဲ ဆိုတာကို ကဗျာ လောကကြီး တစ်ခုလုံး အကျုံးဝင်မယ့် ဖွင့်ဆိုချက်မျိုး မပြောပါရစေနဲ့ ။ ကျွန်တော် ရေးခဲ့တဲ့ ကဗျာတွေနဲ့သာ အကျုံးဝင်မယ့် ဖွင့်ဆိုချက်မျိုးကိုပဲ ပေးပါရစေ ။
ကျွန်တော်ပေးမယ့် ဖွင့်ဆိုချက်ကတော့ ခံစားမှု တစ်ခုကို ရရာကနေ ကဗျာ ရေးဖြစ်တဲ့ အထိ ဖြစ်စဉ်ပေါ်မှာ အခြေခံပြီး ပေးမှာပါ ။
ဆိုပါစို့ ... ကျွန်တော့်ရဲ့ လောကပတ်ဝန်းကျင်ကို အကြောင်းပြုပြီး ခံစားမှု တစ်ခုခုကို မကြာမကြာ ရလာတတ်ပါတယ် ။ ရလာတဲ့ ခံစားမှုကို ကျွန်တော့် ရင်ထဲမှာပဲ ထည့်ပြီး တစိမ့်စိမ့် ခံစားနေရုံမကပါဘူး ။ ခေါင်းထဲမှာလည်း ထည့်ပြီး တနုံ့နုံ့ စဉ်းစားကြည့်ပါတယ် ။ အဲဒီလို စဉ်းစားရာက ကျွန်တော် ခံစားရသလို ကျွန်တော့်လောက ပတ်ဝန်းကျင်က လူတွေကိုပါ ခံစားစေချင်တဲ့ စေတနာမျိုး ဖြစ်လာတတ်ပါတယ် ။ ဖြစ်လာတဲ့ စေတနာကို ကျွန်တော် ကဗျာ ဖြစ်အောင် ရေးလိုက်တာပါပဲ ။ အဲဒီ ဖြစ်စဉ်ကို အခြေခံပြီး ကျွန်တော့် ကဗျာတွေနဲ့ အကျုံးဝင်မယ့် ဖွင့်ဆိုချက်မျိုးကို အရှင်းဆုံး ပေးရရင် ကဗျာ ဆိုတာ ခံစားမှုကို စဉ်းစားရာက ဖြစ်လာတဲ့ စေတနာကို ဝေမျှပေးခြင်းလို့ ဆိုရမယ် ထင်ပါတယ် ။ ဒါဟာ ကျွန်တော့် ဖွင့်ဆိုချက် သက်သက်ပါပဲ ။
🆆 🅽 ကဗျာကောင်း ဆိုတာကိုကော ဆရာ ဘယ်လို သတ်မှတ်ပါသလဲ ။
🅼 🅼 ကဗျာကောင်း ဆိုတာ ဘယ်လို သတ်မှတ်ရမယ် ဆိုတာလည်း အတိအကျ ပြောလို့ကတော့ မလွယ်ပါဘူး ။ ကဗျာဖတ်သူ အတော်များများက နှစ်သက်စွာ ခံစားနိုင်လာရင် အဲဒီ ကဗျာဟာ အကောင်းဘက်ကို ထက်ဝက်မက ရောက်သွားတယ် ဆိုရင် ဖြစ်နိုင်မယ် ထင်ပါတယ် ။ ကိုဝင်းငြိမ်း စဉ်းစားကြည့်ပါ ။ ကဗျာကောင်း ဆိုတာတွေဟာ လူကြိုက် များတဲ့ ကဗျာတွေချည်းပါပဲ ။ ဒီတော့ လူကြိုက်များလာရင် ကဗျာကောင်းပဲလို့ ဆိုရင် ကျွန်တော့် အဖြေကို လက်မခံချင်တာတောင်မှ ငြင်းပယ်လို့ သင့်မယ် မထင်ပါဘူး ။ ဒါက သူ့စံနဲ့ တိုင်းကြည့်တဲ့ နည်းပေါ့လေ ။ တခြား ကဗျာ ကောင်း ၊ မကောင်း တိုင်းကြည့်ကြတဲ့ ရှုထောင့်တွေကလည်း အများကြီးပါပဲ ။ တချို့ကလည်း ပုံသဏ္ဌာန်နဲ့ အကြောင်းအရာပေါ်မှာ အခြေခံပြီး တိုင်းပါတယ် ။ တချို့ကလည်း အနုပညာစံ ၊ နိုင်ငံရေး စံ ၊ ဘာစံ ၊ ညာစံတွေနဲ့ တိုင်းပါတယ် ။ ရှုထောင့်အမျိုးမျိုး ကနေ ၊ စံအစုံစုံ ကနေ တိုင်းကြပါတယ် ။ အဲဒီထဲမှာ ယေဘုယျအကျဆုံးကတော့ ပုံသဏ္ဌာန်နဲ့ အကြောင်းအရာ အံဝင်ခွင်ကျမှု ရှိ မရှိ ၊ သိပ်သည်းကျစ်လျစ်မှု ရှိ မရှိနဲ့ အခြေခံပြီး တိုင်းတဲ့ နည်းပဲလို့ ကျွန်တော် ထင်ပါတယ် ။ အဲဒီနည်းကို ကျွန်တော် ဘဝင်ကျပါတယ် ။ ကျွန်တော်နဲ့ အတူ ကဗျာသမား တော်တော်များများလည်း ဘဝင်ကျနိုင်မယ်လို့ ထင်ပါတယ် ။ ဘဝင်မကျနိုင်တဲ့ တချို့တလေတော့လည်း ရှိမှာပေါ့ ။
၁၉၈၉ ခု စာပေဂျာနယ် အမှတ် ( ၃ ) ထဲမှာ တစ်ခါတစ်ခါ ကဗျာစပ်လိုက် ၊ တစ်ခါတစ်ခါ ကဗျာ ဝေဖန်လိုက် လုပ်နေတဲ့ လူတစ်ယောက်က “ အကြောင်း အရာနှင့် ပုံသဏ္ဌာန်သည် နေရာတိုင်းတွင် လိုက်ဖက်သည် မဟုတ် ” လို့ ရေးထားတာ ဖတ်လိုက်ရတယ် ။ ကျွန်တော် အတော် အံ့သြသွားတာနဲ့ အနားမှာ ရှိနေတဲ့ သူငယ်ချင်း ဇော်ဇော်အောင် ကို ဖတ်ပြလိုက်မိသေးတယ် ။ သူကလည်း “ ဒီလို ရေးရတာက ကဗျာဒိဋ္ဌိမို့ ဖြစ်မှာပေါ့ကွာ ” လို့ ပြောတာနဲ့ အံ့သြရာက ရယ်လိုက်ရပါသေးတယ် ။
ပုံသဏ္ဌာန်နဲ့ အကြောင်းအရာ လိုက်ဖက်မှု ( Harmony ) ရှိရင် ကဗျာကောင်းပဲ ဆိုတာကတော့ အများ လက်မခံချင်စရာ မရှိတဲ့ ယေဘုယျကျတဲ့ အဖြေပေါ့လေ ။ အဲဒါအပြင် ကျွန်တော် ဖြည့်ပြောချင်တာ တစ်ခု ရှိပါသေးတယ် ။ ကျောင်းသားဘဝတုန်းက အမှတ်မထင် ဖတ်လိုက်ရတဲ့ ကဗျာအကြောင်း ရေးထားတဲ့ Poetry ဆိုတဲ့ စာအုပ်ကလေးရဲ့ နိဒါန်းထဲမှာပါ ။
“ If it is a great poem its meaning will grow as your grow in experience ” ဆိုတဲ့ အကြောင်းကလေးပါ ။ ကဗျာကောင်း တစ်ပုဒ်ရဲ့ ဆိုလိုရင်း အဓိပ္ပာယ် ဆိုတာဟာ ကဗျာဖတ်သူရဲ့ အတွေ့အကြုံ ရင့်ကျက်လာလေလေ ၊ ပွားများလာလေလေပဲလို့ ပြောထားတာပါပဲ ။
ကျွန်တော်တို့ ကဗျာသမားတွေဟာ နေ့စဉ်နဲ့ အမျှ ဆိုသလို ကဗျာတွေကို ဖတ်နေကြတာပါ ။ အသစ် အသစ်တွေကိုလည်း ဖတ်ကြပါတယ် ။ ဖတ်ပြီးသား အဟောင်းတွေကိုလည်း ဖတ်ကြပါတယ် ။ ဆရာ မင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တိုတို့ ၊ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာမျိုးတို့ ဆိုရင် နှစ်နှစ် ၊ သုံးနှစ်ခြားမှ ဖတ်ဖတ် ၊ လေးနှစ် ငါးနှစ်ခြားမှ ဖတ်ဖတ် တစ်ခါ ဖတ်တာနဲ့ နောက် တစ်ခါဖတ်တာ မတူတော့ပါဘူး ။ ကဗျာထဲမှာ ပါတဲ့ ဆိုလိုရင်းအနက်တွေ ၊ အာဘော်တွေဟာ ပိုလို့ပိုလို့ နက်နဲလာတယ် ၊ ထက်မြက်လာတယ်လို့ ကျွန်တော် ခံစားလာရပါတယ် ။ ဆရာကြီးဇေယျတို့ ၊ ဆရာမောင်ထင်တို့ ၊ ဆရာ သော်တာဆွေတို့ ကလည်းပဲ စာကောင်းပေကောင်း ဆိုတာ စာဖတ်သူရဲ့ အသက်အရွယ် အလိုက် ၊ အတွေ့အကြုံ ရင့်ကျက်မှု အလိုက် ထက်မြက်နက်နဲ လာတတ်တဲ့ ဂုဏ်သတ္တိ မျိုးရှိတဲ့အကြောင်း ရေးခဲ့ဖူးကြပါတယ် ။ ဒါကြောင့်မို့ ကဗျာဖတ်သူရဲ့ အတွေ့အကြုံ ရင့်ကျက်မှု အလိုက် ကဗျာရဲ့ အနက်အဓိပ္ပာယ်တွေဟာ နက်နဲသည်ထက် နက်နဲလာတဲ့ ၊ ထက်မြက်သည်ထက် ထက်မြက်လာတဲ့ ကဗျာမျိုးကိုလည်း ကဗျာကောင်းလို့ ကျွန်တော် ဖြေချင်ပါတယ် ။
🆆 🅽 ကဗျာဆရာ တစ်ယောက်က ပြောဖူးတယ် ။ ကဗျာကောင်း ဆိုတာကို ချက်ချင်း ဆုံးဖြတ်လို့ မရဘူးတဲ့ ။ နှစ်ရှည်လများ တင်ကျန်ရစ်တော့မှ ဒါဟာ ကဗျာကောင်း ဖြစ်တယ်လို့ ဆိုတယ် ။ နောက်တစ်ယောက်ကတော့ ကဗျာတစ်ပုဒ်ကို စွဲစွဲလမ်းလမ်း ရှိနေပေမဲ့ နောက်ထပ် စွဲလမ်းစရာ ကဗျာတစ်ပုဒ်ကို တွေ့လာရင် ပထမကဗျာကို မေ့သွားကြပါတယ်တဲ့ ။ ဒီအယူအဆ နှစ်ခု ပေါ်မှာရော ဆရာ ဘယ်လို မြင်သလဲ ။
🅼 🅼 ဒီမေးခွန်းကတော့ နှစ်ပိုင်းရှိပါတယ် ။ ပထမပိုင်း အတွက် အဖြေကတော့ အထက်က မေးခွန်းအတွက် ဖြေတဲ့ အထဲမှာ ပါသွားပြီလို့ ထင်ပါတယ် ။ ဒီတော့ ဒုတိယပိုင်း အတွက်ပဲ ကျွန်တော် ဖြေပါ့မယ် ။ ကဗျာကို ချစ်တယ် ဆိုရာမှာ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် ထား ပြီးတော့ ဒုတိယရည်းစား ရတော့ ပထမရည်းစား မေ့လိုက် ၊ တတိယရည်းစားရတော့ ဒုတိယရည်းစားကို မေ့လိုက်နဲ့ အသစ်တွေ့တိုင်း အဟောင်းတွေ မေ့ပစ်နေရသလိုတော့ မဟုတ်ဘူး ထင်ပါတယ် ။ ကဗျာအချစ်နဲ့ ရည်းစားအချစ်ဟာ မတူပါဘူး ။ ဒီနေရာမှာ ကျွန်တော့် ကိုယ်တွေ့ တစ်ခုနဲ့ တင်ပြပါရစေ ။
ကျွန်တော် စောစောကတည်းကပဲ ကျွန်တော် အလွတ်ရထားတဲ့ ကဗျာကလေး တစ်ပုဒ် ရှိပါတယ် ။ ဆရာ ဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာစုထဲက အမှတ် ၁၉ ပါ ။ အဲဒီအထဲက -
ရောက်ပြန်လျှင်ပျော်
ကျော်ပြန်တော့ သူလွမ်း
ရောက်တိုင်း တပျော်ပျော်နဲ့
ကျော်တိုင်းသာ သူ့မှာလွမ်း
ချောင်းဗေဒါလမ်း ။
ဆိုတဲ့ အပိုဒ်ပါပဲ ။ အဲဒီ ကဗျာရဲ့ နောက် ကျွန်တော် အလွတ်ရတဲ့ ကဗျာတွေ တော်တော် များပါတယ် ။ ဒါပေမဲ့ ရောက်ပြန်လျှင်ပျော် ဆိုတဲ့ ကဗျာကို ကျွန်တော် မေ့သွားတယ် မရှိပါဘူး ။ ခဏခဏ ပြန်သတိရမိတယ် ။ အထူးသဖြင့် ကျွန်တော့် မွေးရပ်မြေကို ပြန်ရောက်တဲ့ အခါတိုင်း ၊ မွေးရပ်မြေကနေ နေရပ်မြေကို ပြန်ရောက်လာတဲ့ အခါတိုင်း အဲဒီ ကဗျာကလေးကို လွမ်းလွမ်းဆွတ်ဆွတ် ရွတ်မိသည်ချည်းပါပဲ ။
အဖြစ်အပျက်တစ်ခုခုနဲ့ အမှတ်မထင် ကြုံကြိုက်လာတိုင်း ပြန်ပြန် သတိရပြီး ရွတ်မိ ၊ ဆိုမိတဲ့ ကဗျာကလေးတွေ ကျွန်တော့် ရင်ထဲမှာ အတော်အတန် ရှိပါတယ် ။ အဲဒါတွေကို မေ့နေပြီလို့ ထင်ရပေမဲ့ အမှန်တော့ ဘယ်အခါမှ မမေ့ပါဘူး ။ အကြောင်းတိုက်ဆိုင်လာရင် မစဉ်းစားဘဲ သူ့ဟာသူ ပေါ် လာတာချည်းပါပဲ ။ ဒါ ကြောင့်မို့ ကဗျာအသစ် တစ်ခု ရတာနဲ့ အဟောင်း တစ်ခု မေ့သွားတာပဲ ဆိုတာမျိုးတော့ ကျွန်တော့် အဖို့ လက်ခံဖို့ သိပ်ခက်ပါတယ် ။ ဒီလို အသစ်တစ်ခု ရတိုင်း အဟောင်းတစ်ခု မေ့နေရင် ဘဝတစ်လျှောက်လုံးမှာ ကဗျာတစ်ပုဒ်တည်းနဲ့ အသက်ဆုံးရတော့ မလို ဖြစ်နေပါတယ် ။
🆆 🅽 ဆရာ ရေးခဲ့တဲ့ ကဗျာပေါင်းများစွာထဲက ဘယ်နှပုဒ် ရင်ထဲမှာ တင် ကျန်ရစ်ခဲ့တာ ရှိပါသလဲ ။ တစ်ပုဒ်လောက် ဥပမာ ပြပေးပါလား ။ ဘာကြောင့် ဒီကဗျာကို စွဲနေရတယ် ဆိုတာလည်း ရှင်းပြပေးစေချင်ပါတယ် ။
🅼 🅼 ကျွန်တော့်ကို တစ်ဖက်ကနေ ကြည့်ရင် ကျွန်တော်ဟာ ကဗျာရေးတဲ့သူပါ ။ တစ်ဖက်ကနေ ကြည့်ရင် ကဗျာဖတ်တဲ့သူပါ ။ ကဗျာရေးတဲ့သူ အနေနဲ့ ကျွန်တော့် ရင်ထဲ ဝင်လာတဲ့ ခံစားမှုကို ကဗျာဖြစ်အောင် ဖန်တီးပြီးတဲ့အခါ ရင်ထဲ ကနေ ထုတ်ပစ်လိုက်ပါတယ် ။ ချန်မထားပါဘူး ။ ကဗျာဖတ်တဲ့သူ အနေနဲ့ကတော့ ကျွန်တော် ဖတ်မိလို့ ကြိုက်နှစ်သက်တဲ့ ကဗျာတွေ ဆိုရင်တော့ ကျွန်တော့် ရင်ထဲ ရောက်အောင် သွင်းပြီး သိမ်းထား တတ်ပါတယ် ။ ဘယ်သူ့ကဗျာ မဆို ကျွန်တော် ကြိုက်ရင် အနည်းဆုံး အလွတ်လောက်နီးနီး ရအောင် ထပ်တလဲလဲ ဖတ်ပြီး မှတ်ထားလိုက်တာပါပဲ ။
ဒီတော့ ကျွန်တော် ရေးခဲ့တဲ့ ကဗျာတွေထဲက ကျွန်တော့် ရင်ထဲမှာ စွဲလမ်း တင်ကျန်နေတဲ့ ကဗျာရယ်လို့ မရှိပါဘူးလို့ ဖြေချင်ပါတယ် ။ ကျွန်တော့် ရင်ထဲမှာ ကျွန်တော် မရေးဘဲ သူများ ရေးတဲ့ ကဗျာတွေတော့ တင်ကျန်နေတဲ့ ကဗျာတချို့ ရှိပါတယ် ။ ဒါကြောင့် ဒီမေးခွန်း အတွက် ပေးစရာ ကျွန်တော့်မှာ ကိုဝင်းငြိမ်း လိုချင်တဲ့ အဖြေမျိုး မရှိပါဘူး ။ ကျွန်တော့် ကဗျာကို ဖတ်တဲ့ ကဗျာဖတ်သူ တစ်ယောက်ယောက်ကို မေးကြည့်မှသာ အဖြေရမယ် ထင်ပါတယ် ။ စကားစပ်မိလို့ ပေဖူးလွှာ အယ်ဒီတာ အဖွဲ့ကို ကိုဝင်းငြိမ်း က တစ်ဆင့် အကြံပေးချင်ပါတယ် ။ တခြား မဟုတ်ပါဘူး ။ စာရေးဆရာတွေ ၊ ကဗျာဆရာတွေနဲ့ တွေ့ဆုံမေးမြန်းသလို ကဗျာဖတ်သူ ၊ ဝတ္ထုဖတ်သူတွေနဲ့လည်း တွေ့ဆုံမေးမြန်းတဲ့ အခန်းကလေး တစ်ခန်း ဖွင့်ပါဆိုတဲ့ အကြံပါပဲ ။
🆆 🅽 ဆရာ ကဗျာရေးသက် ဘယ်လောက် ရှိပါပြီလဲ ။ ကဗျာပုဒ်ရေ ခန့်မှန်းခြေ ဘယ်လောက် ရေးခဲ့ပြီးပါပြီလဲ ။ ဒီနေ့ ခေတ်လူငယ်တွေဟာ အရင်က ကဗျာဆရာတွေထက် ရေးအား ကောင်းလာတယ်လို့ ထင်ပါတယ် ။ ဘာကြောင့် ရေးနိုင်ကြတယ်လို့ ဆရာ ထင်ပါသလဲ ။
🅼 🅼 ကျွန်တော့် ကဗျာရေးသက်ကတော့ အနှစ် ၃ဝ ကျော် ၄၀ နီးပါးလောက် ရှိပါပြီ ။ ကဗျာပုဒ်ရေ ခန့်မှန်းရမယ် ဆိုရင်တော့ ပုံနှိပ်ပြီးသား ၇ဝဝ ကျော် ၈၀၀ နီးပါးလောက် ရှိမယ် ထင်ပါတယ် ။
ကဗျာရေးအား ကောင်းတယ် ဆိုတာကတော့ ဒီနေ့ခေတ် လူငယ်တွေမှ မဟုတ်ပါဘူး ။ ဘယ်ခေတ်က လူငယ်မဆို သူ့ဟာနဲ့ သူတော့ ရေးအားကောင်းကြမယ် ထင်ပါတယ် ။ ဒါပေမဲ့ ခုခေတ် လူငယ်တွေကတော့ ရေးပြီး ထည့်စရာ မဂ္ဂဇင်းတွေ ၊ စာစောင်တွေက များတော့ ဟိုထည့် သည်ထည့်နဲ့ လူသိများပြီး ရေးအား ပိုကောင်းတယ်လို့ ထင်ရတာပါ ။ အရင်ခေတ်တွေက လူငယ်တွေ မှာကတော့ ကိုယ့်ဟာကိုယ်ရေး ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ်လှည့်ဖတ် ၊ မဂ္ဂဇင်းတို့ ၊ စာစောင်တို့ ဆိုတာကလည်း အရှိနည်းရတဲ့ အထဲ ကဗျာအတွက် ပေးတဲ့ နေရာက ကျဉ်းတော့ လူသိလည်း များအောင် လုပ်လို့ မရဘူး ။ အဲဒီတော့ ရေးအား မကောင်းဘူးလို့ ထင်ရတာပါ ။ ကျွန်တော်တော့ အဲဒီလိုပဲ ထင်ပါတယ် ။
ဘာကြောင့် ရေးနိုင်ကြတယ် ထင်သလဲ ဆိုတာနဲ့ ပတ်သက်လို့ ကတော့ ဘာသာဗေဒထဲက အနက် အဓိပ္ပာယ် ဖွင့်ဆိုချက်ကလေး တစ်ခု ပြောပြချင်ပါတယ် ။ ဘယ်လိုလဲ ဆိုတော့ ...
ဘယ်သူမဆို စိတ်ထဲမှာ ပြောစရာ တစ်ခုခု မရှိဘဲ စကားမပြောပါဘူး ။ ပြောစရာ တစ်ခုခု ရှိမှသာ စကားပြောပါတယ် ။ အဲဒီ “ ပြောစရာ ” ဟာ အနက်အဓိပ္ပာယ် ပါပဲတဲ့ ။ အဲဒီတော့ ကဗျာဆရာတွေမှာလည်း ဒီလိုပဲ ဖြစ်မယ် ထင်ပါတယ် ။ သူတို့ ရင်ထဲမှာ ပြောစရာ တစ်ခုခု ရှိလာရင် ကဗျာ ရေးမှာပါပဲ ။ ပြောစရာက တစ်ခု မက နှစ်ခုမက အမြောက်အမြား ရှိလာတော့ ကဗျာတွေလည်း အများကြီး ရေးလာမှာပါပဲ ။ ဒါကြောင့်မို့ အခု ခေတ်မှာ ပြောစရာတွေက ကဗျာဆရာတွေရဲ့ ရင်ထဲမှာ သိပ်များနေလို့ ကဗျာတွေကိုလည်း ပိုများများ ရေးနိုင်လာတာ ဖြစ်မယ်လို့ ထင်ပါတယ် ။
🆆 🅽 ဒီနေ့ခေတ် လူငယ်ကဗျာဆရာတွေမှာ “ စံ ” နှစ်ခု ရှိပါတယ် ။ တစ်ခုက နိုင်ငံရေးစံ နဲ့ တစ်ခုက အနုပညာ “ စံ ” ၊ နိုင်ငံရေးရှုထောင့်က ကြည့်သူတို့က “ စံ ” မိတယ် ထင်ရင် အနုပညာမြောက် ၊ မမြောက် ဆိုတာတောင် လျှော့တွက်တတ်ကြတယ်လို့ ကဗျာဆရာ ဝေဖန်ရေးဆရာ တစ်ဦးက ဆိုတယ် ။ ဆရာ လက်ခံပါသလား ။
🅼 🅼 ကျွန်တော် ယုံကြည်တာကတော့ နိုင်ငံရေး ဆိုတာလည်း အနုပညာက မွေးထုတ်ထားတဲ့ သွေးသားတော့ မဟုတ်နိုင်ပါဘူး ။ အနုပညာ ဆိုတာဟာလည်း နိုင်ငံရေးက မွေးထုတ်ထားတဲ့ သွေးသားတော့ မဟုတ်နိုင်ပါဘူး ။ ဒါပေမဲ့ တစ်ခုနဲ့ တစ်ခု ဆက်စပ်မှု ၊ နှီးနွှယ်မှု မရှိဘူးလား ဆိုတော့ ရှိတော့လည်း ရှိနိုင်ပါတယ် ။ ရှိတယ် ဆိုရင်လည်း သွေးသားတော်စပ်တဲ့ အဆင့်တော့ မရှိဘူး ထင်ပါတယ် ။ အလွန်ဆုံး ရပ်ဆွေရပ်မျိုး အဆင့်လောက်ပဲ ရှိမယ်လို့ ထင်ပါတယ် ။ ဒီတော့ နိုင်ငံရေးကို စံ လုပ်ပြီး အနုပညာကို တိုင်းတာမျိုး ၊ အနုပညာကို စံ ထားပြီး နိုင်ငံရေးကို တိုင်းတာမျိုးတွေဟာ ကျွန်တော့်အဖို့တော့ ဘဝင်ကျစရာ မဟုတ်ဘူးလို့ ယူဆပါတယ် ။
အနုပညာလို့ ခေါ်တဲ့ ပန်းချီပဲ ကြည့်ကြည့် ၊ ပန်းပုပဲ ကြည့်ကြည့် ၊ ကဗျာလင်္ကာပဲ ကြည့်ကြည့် အနုပညာသည်ရဲ့ ခံစားမှုနဲ့ စေတနာပေါ်မှာ တည်ပြီး ဖြစ်လာတဲ့ အနုပညာ ပစ္စည်းတွေချည်းပါပဲ ။ အဲဒီ ပစ္စည်းတွေ အပေါ်မှာ အနုပညာ စိတ်ဝင်စားတဲ့ လူနဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်က လူတွေဟာ ဘယ်လောက် အတိုင်းအတာအထိ ခံစားနိုင်သလဲ ၊ ဘယ်လောက် အတိုင်းအတာ အထိ အကျိုး ပြုသလဲ ဆိုတာ အပေါ်မှာ အခြေခံပြီးတော့သာ “ စံ ” ကို ချမှတ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ် ။
ဒီလိုမှ မဟုတ်ဘဲ အနုပညာပစ္စည်း တစ်ခုဟာ နိုင်ငံရေးသမားတွေ အတွက် ဘယ်လောက် အကျိုးရှိမလဲ ။ သူတို့ ခံယူတဲ့ သဘောတရားတွေ ၊ ဝါဒတွေ အတွက် အကျိုးရှိမလဲ ဆိုတာ အပေါ်မှာ အခြေခံပြီး “ စံ ” သတ်မှတ်တယ် ဆိုရင်တော့ အနုပညာပစ္စည်းတွေဟာ နိုင်ငံရေးသမားတွေရဲ့ အသုံးခံ သက်သက် ၊ အဖြည့်ခံ သက်သက် ဖြစ်သွားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကဗျာလည်းပဲ ဒီ အတိုင်းပါပဲ ။ ကဗျာဖတ်သူ ၊ ကဗျာခံစားသူနဲ့ သူတို့ရဲ့ လောကပတ်ဝန်းကျင်ရှိ လူတွေကို ဘယ်လောက် အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတဲ့ အပေါ်မှာ အခြေခံပြီးတော့သာ ကဗျာတိုင်းတာတဲ့ “ စံ ” မျိုး သတ်မှတ်သင့်တယ်လို့ ထင်ပါတယ် ။ ဒါ ကျွန်တော့် အထင်အမြင် တစ်ခုပါ ။
ကဗျာကို တိုင်းတာတဲ့ အနုပညာ “ စံ ” နဲ့ နိုင်ငံရေး “ စံ ” ဆိုတာဟာ ကျွန်တော် သိသမျှတော့ တိုင်းတစ်ပါးဘက်က ရောက်လာတဲ့ “ စံ ” နှစ်ခုပါ ။ တစ်ချိန်က သုံးခဲ့ဖူးပေမဲ့ အခု သိကြတဲ့ အတိုင်း သူတို့ ဆီမှာ မသုံးကြတော့ပါဘူး ။ ဒီ စံနှစ်ခု ထက် ပိုပြီး လွတ်လပ်တဲ့ ၊ မျှတတဲ့ ၊ ထက်မြက်တဲ့ “ စံ ” တွေကို ဖန်တီးနေကြပြီလို့ ထင်ပါတယ် ။
အဲဒီအထဲမှာ ကဗျာဆရာ ၊ ဝေဖန်ရေးဆရာရဲ့ အဆိုအရ ဆိုရင်တော့ ၁၂ လက်မ ပေတံ နှစ်ခုအနက် တစ်ခုကို ၁ဝ လက်မလောက် ဖြစ်အောင် ဖြတ်ပစ်ပြီးမှ တိုင်းချင်တဲ့ ဘက်လိုက်ချင်တဲ့ ဆန္ဒ သူ့မှာ ရှိနေပုံရပါတယ် ။ စဉ်းစားကြည့်ပါ ။ နိုင်ငံရေး “ စံ ” နဲ့ အနုပညာ “ စံ ” နှစ်ခု အနက် နိုင်ငံရေးစံ မီလာရင် အနုပညာစံ ကို လျှော့ရမယ်တဲ့ ။ ကျွန်တော့် အထင်ကတော့ သူတို့ သုံးတဲ့ “ စံ ” နှစ်ခုနဲ့ တိုင်းရာမှာ နိုင်ငံရေးစံ က ပိုမီတယ် ဆိုရင် ကဗျာ တစ်ပုဒ်ဟာ နိုင်ငံရေးကြေညာချက် ကောင်းလို့ ကြွေးကြော်သံကောင်း တစ်ခုမျိုးတော့ ဖြစ်ချင် ဖြစ်လာမယ် ။ အနုပညာစံ မမီလို့ကတော့ အနုပညာ မမြောက်တဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားမှာပဲ ။ အနုပညာစံ မမီဘဲ နိုင်ငံရေးစံ ပိုမီနေတဲ့ ကဗျာ တစ်ပုဒ်ဟာ ဘယ်မှာ လာပြီး ကဗျာကောင်း တစ်ပုဒ် ဖြစ်တော့မှာလဲ ။
ဒါဟာ အင်မတန် ရှင်းပါတယ် ။ ကျွန်တော့် အနေနဲ့ ပြောချင်တာကတော့ သူများက မသုံးတော့လို့ လွှင့်ပစ်လိုက်တဲ့ ပေတံကလေး နှစ်ချောင်းကောက် ၊ ခါးကြား ထိုးပြီး ပင်လယ်ရဲ့ အတိမ်အနက်ကို ကမ်းစပ်က ထောက်တိုင်းသလို ၊ သမုဒ္ဒရာရဲ့ အကျယ်အဝန်းကို ကုန်းပေါ်က မှန်းတိုင်းသလို ကဗျာကို မတိုင်းသင့်ဘူးလို့ ထင်တာပါပဲ ။
🆆 🅽 ကဗျာကောင်း ရေးဖို့ရာ ဘာသာစကား ကျွမ်းဖို့ လိုတယ်လို့ ဆိုကြပါတယ် ။ ဆရာ့ အမြင် သိပါရစေ ။
🅼 🅼 ဒါကတော့ သိပ်ဟုတ်တာပေါ့ ။ မြန်မာကဗျာ ရေးချင်ရင် မြန်မာဘာသာစကား ၊ အင်္ဂလိပ်ကဗျာ ရေးချင်ရင် အင်္ဂလိပ်ဘာသာစကား ၊ ဘယ်ကဗျာ ရေးချင် ရေးချင် သက်ဆိုင်ရာ ဘာသာစကားတော့ ကျွမ်းဖို့ လိုတာပဲပေါ့ ။ ဘာသာစကား မကျွမ်းဘဲနဲ့တော့ ကဗျာရေးဖို့ မဆိုနဲ့ ၊ ကဗျာဖတ်ရင်တောင် နေရာ မကျပါဘူး ။ မြန်မာ ဘာသာစကားကို ပီပီသသ အသံ မထွက်နိုင်တဲ့ တရုတ်တို့ ၊ ကုလားတို့ ၊ အင်္ဂလိပ်တို့ကို ဖတ်ခိုင်း ၊ ရွတ်ခိုင်းကြည့်ပါလား ။
ဒီနေရာမှာ စကားစပ်လို့ ပြောရရင် ကဗျာနဲ့ စကားပြေတောင် မတူပါဘူး ။ ကဗျာ ရေးရာမှာ စကားပြေ ရေးရသလို မဟုတ်ဘဲ စကားလုံးကို အကျစ်လျစ်ဆုံး ဖြစ်အောင် ၊ အသိပ်သည်းဆုံးဖြစ်အောင် အနေအထား ပြောင်းပေးရတာတို့ ၊ ပုံသဏ္ဌာန် ပြောင်းပေးရတာတို့ကို ကြိုးစားပမ်းစား လုပ်ရတာတွေ ရှိပါတယ် ။ ဒါတွေဟာ ဘာသာစကား မကျွမ်းဘဲနဲ့ လုပ်လို့မရတဲ့ ကိစ္စတွေပါ ။
🆆 🅽 ကဗျာဆရာကောင်း တစ်ယောက် ဖြစ်လာအောင် ဘာတွေ လေ့လာဖို့ လိုပါသလဲ ။
🅼 🅼 အဲဒီမေးခွန်းအတွက် အဖြေကိုတော့ ကိုဝင်းငြိမ်း သာ မဟုတ်ပါဘူး ၊ ကျွန်တော်လည်း သိပ်သိချင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်လည်း ကဗျာဆရာကောင်း တစ်ယောက် ဖြစ်လာအောင် ကြိုးစားချင်လို့ပါ ။ အခု ကျွန်တော့်နည်းနဲ့ ကျွန်တော် ကြိုးစားနေတာ အပြင် တခြား ကဗျာဆရာကောင်း ဖြစ်လာအောင် လေ့လာစရာတွေပါ သိရလို့ ထပ်ပြီး လေ့လာလိုက်မယ် ဆိုရင် ကဗျာဆရာကောင်း တစ်ယောက် မြန်မြန်ဖြစ်လာမယ် ထင်ပါတယ် ။ ဒါကြောင့်မို့ပါ ။
🆆 🅽 ကဗျာမှာ အသံဟာ ဘယ်လောက်အထိ အရေးကြီးပါသလဲ ဆရာ ။ လူငယ် ကဗျာဆရာတွေရဲ့ ကဗျာတွေမှာ အသံအားနည်းတယ်လို့ ဆိုကြတယ် ။ ဆရာ ဘယ်လို မြင်ပါသလဲ ။
🅼 🅼 ကျွန်တော် သိသလောက်ကတော့ ကဗျာဟာ ဖတ်စရာ သက်သက်သာ မဟုတ်ပါဘူး ။ ရွတ်စရာ ဆိုစရာ အနုပညာပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ် ။ အင်္ဂလိပ် ကဗျာရွတ်ပွဲတွေလည်း ကျွန်တော် တက်ခဲ့ဖူးပါတယ် ။ ဘင်္ဂါလီ ကဗျာရွတ်ပွဲတွေလည်း ကျွန်တော် တက်ခဲ့ဖူးပါ တယ် ။ တချို့ ကဗျာရွတ်ပွဲတွေမှာ ဆိုရင် နှုတ်သံ သက်သက်နဲ့သာ မကဘူး ၊ တူရိယာပစ္စည်းပါ တီးမှုတ်ပြီး ရွတ်တာတွေတောင် ရှိပါတယ် ။ အင်္ဂလိပ်မှာ ဆိုရင် ခေတ်ကဗျာတွေကို ဂျပ်စ်နဲ့ တီးပြီးတော့ ရွတ်ပါတယ် ။ ဘင်္ဂါလီကဗျာတွေဆိုလည်း ဗုံကလေးနဲ့ တီးပြီး ရွတ်ပါတယ် ။
ကျွန်တော့် အနေနဲ့ နှုတ်သံနဲ့ပဲ ရွတ်ရွတ် ၊ တူရိယာပစ္စည်းနဲ့ပဲ တွဲရွတ်ရွတ် အင်္ဂလိပ်လူမျိုး မဟုတ်တဲ့ အတွက် ၊ ဘင်္ဂါလီလူမျိုး မဟုတ်တဲ့ အတွက် သူတို့ အသံ သာယာမှုရဲ့ သဘောကို အတိအကျ မခံစားနိုင်ပေမဲ့ သာမန် ဖတ်တာထက်တော့ နားဝင်ချိုပါတယ် ။ အင်္ဂလိပ်ကဗျာ ၊ ဘင်္ဂါလီကဗျာတွေရဲ့ အသံနဲ့ ပတ်သက်လို့ ကျွန်တော် မေးမြန်းကြည့်တာလည်း ရှိပါတယ် ။ ဖတ်ကြည့်တာ လည်း ရှိပါတယ် ။ ဘယ်ကဗျာမှာပဲ ဖြစ်ဖြစ် သုတိသာယာမှုဟာ ၅၀ ရာနှုန်းထက် မနည်း အရေးကြီးတယ်လို့ ဆိုပါတယ် ။
ကျွန်တော်တို့ မြန်မာကဗျာတွေမှာလည်း ဒီသဘော ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ရှေး ကဗျာတွေမှာပဲ ကြည့်ကြည့် ၊ ခေတ်ကဗျာတွေမှာပဲ ကြည့်ကြည့် သုတိသာယာမှု ရှိရုံ မကဘူး ၊ အသံနဲ့ ကဗျာရဲ့ အနက်သဘောကို ပိုထက်မြက် ထိရောက်အောင် အားဖြည့်ပေးတာတွေ အများကြီးပါ ။
ဥပမာ -
တိမ်ညိုမိလ္လာ ၊ တိမ်စူကာနှင့်
တိမ်ပြာရောယှက် ၊ မရန်းဖက်၍
တိမ်သက်တံရောင် ၊ အဝါပေါင်ဝယ်
မှောင်ခဲ့တစ်ခါ ၊ ပြာခဲ့တချို့
ညိုခဲ့တစ်လီ ၊ ရီခဲ့တစ်ဖုံ
မှုန်ခဲ့တစ်ချက် ...
လို့ အသံ သွက်သွက်လက်လက်နဲ့ တိမ်ရောင်စုံတွေ ဖျတ်ခနဲ ဖျတ်ခနဲ အပြောင်းမြန်ပုံကို ပေါ်လွင်စေခဲ့ပါတယ် ။ အဲဒီ ကဗျာမျိုးတွေ ကျတော့ အကြောင်းအရာထက် တောင်မှ အသံက ပိုပြီး နှစ်သက်စရာကောင်းတယ်လို့ ပြောရမလားတောင် မသိပါဘူး ။ ရှေးကဗျာတွေ မှာသာ မဟုတ်ပါဘူး ။ အကြောင်းအရာ ထက် အသံကြောင့် ပိုနှစ်သက်စရာ ကောင်းတဲ့ ခေတ် ကဗျာတွေလည်း ရှိပါတယ် ။ ဥပမာ -
သွားတော့မယ်ရှင်
ထားကြော့နွယ်သဇင်က
မတွယ်ချင်သည် နှောင်ထုံးကိုတဲ့
ရှောင်ပုန်းသွေမယ်လို့ ...
ဆိုတဲ့ စာရေးဆရာ သန်းဆွေ ရေးသွားတဲ့ ကဗျာမျိုး ။
တစ်နွေကူးမယ်လို့
နှစ်ဦး အသာလှယ်တော့
စိန်ပန်းနီနီခြယ်သမို့
စိတ်ငယ်သူ အပူကြွချိန်မှ
ဘဝတိုတို လျှောက်ချင်သတဲ့
ဆိုခဲ့တယ် သူက ..
ဆိုတဲ့ ကြည်အေးရဲ့ ကဗျာမျိုး ။
မြှေးပင့်ကူမျှင်
ပြေးသင့်ပြီ သူ ထင်လို့
မခင် မကြင်တတ်သူက
အမျှင် တမင်ဖြတ်ရင်တော့
ဇွတ်လဲမတွယ်သာဘု
ကွယ်ရာမှာ မျက်ရည်စိုတော့မယ် ....
ဆိုတဲ့ မမိုးသူ နာမည်နဲ့ ရေးခဲ့တဲ့ ကြည်အေး ကဗျာမျိုး ။
အဲဒီလို အသံကြောင့် ပိုပြီး နှစ်သက်စရာ ဖြစ်လာတဲ့ ကဗျာမျိုးတွေ အများကြီး ရှိပါတယ် ။ စေ့စေ့ပေါက်ပေါက်လျှောက်ပြီး ရှာချိန် မရလို့ ကျွန်တော့် ပါးစပ် ထဲက ရုတ်တရက် ထွက်လာတဲ့ ကဗျာကလေး တချို့ကို ပြလိုက်ရတာပါ ။ ရှာနိုင်မယ် ဆိုရင် ဒုနဲ့ဒေး ပါပဲ ။
ဒါကြောင့် ကျွန်တော့် အနေနဲ့ ကဗျာတစ်ပုဒ်မှာ အသံသာယာမှု အတိုင်းအတာဟာ ၅ဝ ရာခိုင်နှုန်းထက် မနည်းဘူး ဆိုတာကို လက်ခံချင်ပါတယ် ။
လူငယ် ကဗျာဆရာတွေမှာ အသံအားနည်းတယ် ဆိုတာလည်း လူငယ် ကဗျာဆရာတိုင်း မှာတော့ ဟုတ်မယ် မထင်ပါဘူး ။ တချို့တလေ ကဗျာဆရာတွေရဲ့ ကဗျာ မှာတော့ ဟုတ်မှာပေါ့ ။ ဟုတ်တယ် ဆိုရင်တော့ သူတို့ဟာ အသံ မရှာချင်လို့ဘဲ ဖြစ်မှာပါ ။ အကြောင်းအရာဘက်ကိုချည်း စိုက်လိုက်မတ်တတ် သဲသဲမဲမဲ လိုက်လွန်းလို့ ဖြစ်ချင်လည်း ဖြစ်မှာပါ ။ ဒါတော့ ကျွန်တော် အတိအကျ မဖြေတတ်ပါဘူး ။
🆆 🅽 ကဗျာအနုပညာ ဆိုင်ရာ သီအိုရီ အမျိုးမျိုးအစားစား ရှိတဲ့ အထဲက ကဗျာဟာ ပြတဲ့ အလုပ်ကိုပဲ လုပ်တယ် ။ ပြောတဲ့ အလုပ်ကို မလုပ်သင့်ဘူးဆိုတဲ့ အယူအဆနဲ့ ပတ်သက်ပြီးကော ဆရာ ဘယ်လို ယူဆပါသလဲ ။
🅼 🅼 ဒါဟာ ဘယ်သူက ထုတ်တဲ့ ဘယ်နိုင်ငံက သီအိုရီရယ်လို့ ကျွန်တော် အတိအကျ မသိပါဘူး ။ ကြားတော့ ကြားဖူးတယ် ။ Showing ( အပြ ) and telling ( အပြော ) ဆိုတာကို ညွှန်းဟန် တူပါတယ် ။ ကျွန်တော်တော့ ဘဝင် မကျလှဘူး ။ ကဗျာ တစ်ပုဒ်မှာ အပြချည်း သက်သက် ပါမယ် ဆိုလည်း ဟန်မကျနိုင်ပါဘူး ။ အပြောချည်း သက်သက် ပါမယ်ဆိုလည်း ဟန်မကျနိုင်ပါဘူး ။ ပြသင့် သလောက် ပြပြီး ပြောသင့် သလောက်ကတော့ ပြောရမယ် ထင်ပါတယ် ။
ကျွန်တော် ဖတ်ဖူးသမျှ ကဗျာတွေထဲက ဥပမာ နဲ့ ပြောရမယ်ဆိုရင် ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်း ကဗျာတွေကို ပြချင်ပါတယ် ။ ပြစရာကို ပီပီပြင်ပြင် ပြသလို ပြောစရာကိုလည်း ပီပီပြင်ပြင် ပြောပါတယ် ။ သူ ပြတာကို ကြည့် ၊ သူ ပြောတာကို ကြား ပြီးရင် ဆက်လက်ပြီး စဉ်းစားစရာတွေ ၊ ခံစားစရာတွေ တသီကြီး ကျန်နေတတ်တယ်လို့ ထင်ပါတယ် ။ ဗေဒါလမ်း ကဗျာတွေ ကိုသာ ဖတ်ကြည့်ပါ ။ ကျွန်တော် အကိုးအကား အဖြစ် အထောက်အထား မပြပါရစေနဲ့တော့ ။ ပြရုံ ပြပြီး ပြောတာ မပါရင်တော့ စာတန်းတောင် မထည့်တဲ့ တုန်မှုန်နေတဲ့ အသံတိတ် ရုပ်ရှင်ကားကို ကြည့်ရသလို ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။
🆆 🅽 စာပေဝေဖန်ရေးဆရာ တစ်ယောက်က “ ကဗျာဟာ နည်းနည်းကလေးပဲ ပေးရမယ် ” ရသွားတဲ့လူ ( ကဗျာ ဖတ်သူမှာ ) အများကြီး တင်ကျန်ခံစားရမယ် ။ “ ဒါ သီအိုရီပဲ ” လို့ ဆိုတယ် ။ ဆရာ လက်ခံပါသလား ။
🅼 🅼 ကဗျာကို အပြင်းသိပ်ထားတဲ့ အရက်ဆီလို သဘောထားလို့တော့ မရဘူး ထင်ပါတယ် ။ အရက်ဆီ တစ်ဝက်ကို ရေသုံးပုလင်းလောက် ရော သောက်ခိုင်းတာမျိုး ဖြစ်နေမလား မသိဘူး ။ အဲဒါဟာ သီအိုရီ ဆိုရင် ဘယ် လူမျိုးတွေရဲ့ ဘယ်ကဗျာဆရာတွေကများ ဒီသီအိုရီနဲ့ ကဗျာတွေ ရေးကြသလဲဆိုတာ ကျွန်တော် သိပ်သိချင်ပါတယ် ။
ညောင်စေ့ကလေး လောက် လှူပေမဲ့ ကုသိုလ်က ညောင်ပင်ကြီး လောက် ရနိုင်တယ် ။ ညောင်ပင်ကြီး လောက် လှူပေမဲ့ ကုသိုလ်က ညောင်စေ့ကလေး လောက် ရနိုင်တယ် ဆိုတာမျိုးလို ဖြစ်နေပါတယ် ။ ကဗျာဆရာကတော့ အစဉ်ထာဝရ နည်းနည်းကလေးပဲ ပေးရမယ် ။ ဖတ်သူကလည်း အစဉ်ထာဝရ များများကြီး ရရမယ် ဆိုတာမျိုးကတော့ သီအိုရီအဆင့် မရောက်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။
🆆 🅽 ဒီနေ့ ဘာသာပြန်ကဗျာတွေနဲ့ ပတ်သက်လို့ ဆရာ ဘယ်လို သဘောရပါသလဲ ။
🅼 🅼 ကျွန်တော် အမှန်အတိုင်း ဝန်ခံရရင် ဘာသာပြန်ကဗျာတွေကို အဖတ်နည်းပါတယ် ။ ဘာသာပြန်ကို ဖတ်မယ့် အစား မူရင်းကိုပဲ ရှာဖတ်ပါတယ် ။ မူရင်း ဘာသာ မတတ်ရင် အင်္ဂလိပ်ဘာသာနဲ့ ပြန်ရေးထားတဲ့ ကဗျာကိုပဲ ရှာဖတ်ပါတယ် ။ အဲဒီတော့ ဘာသာပြန်ကဗျာတွေ အပေါ်မှာ ပေးစရာ ကျွန်တော့်မှာ သဘောထား မရှိပါဘူး ။
🆆 🅽 ဘာသာပြန်ကဗျာ ရေးတဲ့ လူတစ်ယောက်ဟာ ဘာသာပြန် ကျွမ်းဖို့ပဲ လိုပါသလား ။ သူကိုယ်တိုင်က ကဗျာဝိညာဉ် ရှင်သန်ဖို့ လိုမလို ဆရာ ဘယ်လို သဘောရပါသလဲ ။
🅼 🅼 ဘာသာပြန် ကျွမ်းဖို့ ဆိုတာထက် ပထမကတော့ အဓိက ဘာသာစကားကိုရော ၊ ဘာသာပြန်မယ့် ဘာသာ စကားကိုရော ကျွမ်းဖို့က အဓိကပါ ။ နှစ်မျိုးစလုံး ကျွမ်းထားမှ ဘာသာပြန် ကျွမ်းအောင် လေ့ကျင့်လို့ရမှာပါ ။ ဘာသာစကား တစ်ခုက အထူး ၊ ဘာသာစကား တစ်ခုက သာမန် ဆိုရင်တော့ အဲဒီလူရဲ့ ဘာသာပြန်ဟာ လျော့ရိ လျော့ရဲတော့ အနည်းဆုံး ဖြစ်မယ် ထင်ပါတယ် ။
ဘာသာစကား နှစ်ခုစလုံးလည်း ကျွမ်းမယ် ၊ ဘာသာပြန်လည်း တတ်မယ် ၊ ကဗျာဝိညာဉ်လည်း ရှိမယ် ဆိုရင်တော့ တရုတ်ကဗျာတွေ ဘာသာပြန်ခဲ့တဲ့ Auther Walley ( အာသာဝဲလေး ) တို့လို ကမ္ဘာကျော်သွားနိုင်မှာပါ ။
🆆 🅽 ကာရန်မဲ့ကဗျာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို သဘောရပါသလဲ ။ လူကြီးတွေက ကာရန်မဲ့ကဗျာကို မလိုလားကြဘူးလို့ သိထားရလို့ပါ ။
🅼 🅼 ကာရန်မဲ့ကဗျာနဲ့ ပတ်သက်ပြီး မိုးဝေမဂ္ဂဇင်းမှာ ကျွန်တော် အနည်းအကျဉ်း ရေးခဲ့ဖူးပါတယ် ။ ကျွန်တော့် သဘောက ကာရန်ရှိတဲ့ စာကို ကဗျာလို့ ခေါ်နေမှတော့ ကာရန်မရှိတဲ့ စာကို ဘာဖြစ်လို့ ကဗျာလို့ ခေါ်နေတော့ မှာလဲ ။ တခြား နာမည် တစ်ခုခု ပေးလိုက်လည်း ရမှာပဲ ။ ကဗျာလို့ နာမည် မတပ်ရတော့ ဘာဖြစ်ရမှာလဲ ဆိုတဲ့ သဘောနဲ့ ရေးခဲ့ဖူးပါတယ် ။
တချို့ကလည်း ကာရန်မမဲ့ပါဘူး ။ ကာရန်ကျဲတာပါလို့ စောဒကတက် ရေးတာတွေ ဖတ်ရပါတယ် ။ ပြောတာတွေ ကြားရပါတယ် ။ ကျဲတယ် ဆိုရင်လည်း အတိုင်းအတာကလေး ၊ စည်းကမ်းကလေးနဲ့တော့ ကျဲဖို့ သင့်တယ်လို့ ထင်ပါတယ် ။
ဥပမာ - “ ဤ ” နဲ့ စပြီး စာပိုဒ်တစ်ပုဒ် အဆုံးကျမှ “ သည် ” ပါတဲ့ အတွက် အဲဒါ ကာရန် မဟုတ်လို့ ဘာလဲ ဆိုတာမျိုး ပြောတော့ မခက်ဘူးလား ။ တချို့ ကာရန်မဲ့ ကဗျာတွေကတော့ အကျဲ စိပ်ပါတယ် ။ တချို့ ကာရန်မဲ့ ကဗျာတွေ ကျတော့လည်း အကျဲ ချဲလွန်း အားကြီးတယ်လို့ ကျွန်တော် ထင်ပါတယ် ။
ကာရန်မဲ့ ကဗျာကို တီထွင်တယ် ၊ ဖန်တီးတယ် ဆိုတာကို ကျွန်တော် သဘောပေါက်ပါတယ် ။ ဒါပေမဲ့ တီထွင်ဖန်တီးရတဲ့ အကြောင်းတွေက အမျိုးမျိုး ၊ တစ်ခါက တက္ကသိုလ် လက်ဖက်ရည်ဆိုင် တစ်ခုမှာ ကာရန်မဲ့ ကဗျာ အကြောင်း ပြောကြရာက လူငယ်တစ်ယောက် ( အခုတော့ ဆရာပေါက်စ ) က -
“ ကျွန်တော် ကာရန်နဲ့ ကဗျာ ရေးချင်ပါတယ် ။ ဒါပေမဲ့ ကာရန် ရှာရမှာ ကြောက်လည်း ကြောက် ၊ ပျင်းလည်း ပျင်းတယ် ။ ဒါကြောင့် ကာရန်မဲ့တွေပဲ ရေးတော့ တယ် ” လို့ ပြောပါတယ် ။ သူက မြန်မာကာရန်မဲ့ ကဗျာတွေသာ ရေးနေတာ မြန်မာအစစ်တော့လည်း မဟုတ်ဘူး ။ ကျွန်တော်လည်း ဒါကြောင့်များ ဒီလို ပြောရှာသလား မသိဘူး ဆိုပြီး ရယ်ကျဲကျဲနဲ့ပဲ နှုတ်ဆိတ် နေလိုက်ပါတယ် ။
အဲဒီတော့ မခက်ဘူးလား ။ ပုံသဏ္ဌာန်အသစ် တစ်ခုခုနဲ့ ကဗျာကို လွတ်လွတ်လပ်လပ် ရေးချင်လို့ ကာရန်မဲ့ကဗျာ တီထွင်ရပါတယ် ၊ ဖန်တီးရပါတယ် ဆိုရင် ကျွန်တော် လေးစားနိုင်ပါတယ် ။ ကာရန် ရှာရမှာ ကြောက်လို့ ၊ ပျင်းလို့ ကာရန်မဲ့ကဗျာ ရေးရပါတယ် ဆိုတာမျိုးကျတော့ ကျွန်တော် အထင်မသေးရက်ရင်တောင်မှ ဘယ်လိုလုပ် လေးစားရမလဲ ။
လူကြီးတွေက ကာရန်မဲ့ကဗျာကို မလိုလားကြဘူး ဆိုတာကတော့ ထားပါ ။ လူကြီးတချို့ဟာ လူငယ်တွေ လုပ်တာဆိုရင် မအောင်မြင်သမျှ လိုလားကြတယ်လို့ မရှိပါဘူး ။ အောင်မြင်ရင်တော့ လိုလားကြပါတယ် ။ အဲဒီတော့ လူငယ်တွေက အောင်မြင်အောင် ကြိုးစားပြဖို့ပဲရှိတယ် ။ ကျွန်တော်ကတော့ လူငယ်လည်း မဟုတ်တော့ဘူး ၊ လူကြီးလည်း မဟုတ်သေးဘူး ၊ လူလတ်ပေါ့ ။ အဲဒီတော့ လူငယ်တွေနဲ့ လူကြီးတွေရဲ့ကြားမှာပဲ နေချင်ပါတယ် ။
🆆 🅽 တက္ကသိုလ်မင်းမော် ဆိုတဲ့ ကလောင်အမည် ယူခဲ့ရာမှာ သီးခြား ပြောစရာများ ရှိပါသလား ။
🅼 🅼 မရှိပါဘူး ။ ဘာကြောင့် ယူလိုက်သလဲ ဆိုတာတောင် မမှတ်မိတော့ဘူး ။ ခုတော့ ဘယ်သူက ခေါ်ခေါ် ဒီနာမည် ခေါ်ရင် အချိန်မရွေး ပြန်ထူးနေရတာပါပဲ ။
🆆 🅽 ပေဖူးလွှာရဲ့ ကဗျာတွေကို ဆရာ အားရရဲ့လား ။ အားမနာစတမ်း ဝေဖန်ပေးစေချင်ပါတယ် ။
🅼 🅼 အားရတာလည်း ရှိ ၊ အားမရတာလည်း ရှိ ဆိုပါတော့ ။ ဒီနေ့ ဘယ်မဂ္ဂဇင်းမှာ ပါတဲ့ ကဗျာပဲ ဖြစ်ဖြစ် အကောင်းဆုံးတွေချည်းလည်း မဟုတ်လှပါဘူး ။ အညံ့ဆုံးတွေချည်းလည်း မဟုတ်လှပါဘူး ။ ရွက်ကြမ်းရေကျိုတွေ များတယ်လို့ ထင်ပါတယ် ။ ဒါတွေကတော့ ကျွန်တော့်ထက် အယ်ဒီတာတွေ အသိဆုံးပါ ။ သူတို့ကို မေးကြည့်ပါ ။ အဖြေပေးချင်လည်း ပေးကြမှာပါ ။ မပေးလည်း အနည်းဆုံး ရယ်ကျဲကျဲတော့ လုပ်ပြမှာပါ ။
🆆 🅽 ဆရာ့ ကဗျာလုံးချင်းစာအုပ် ထွက်ဖို့ အစီအစဉ် ရှိပါသလား ။
🅼 🅼 အခု လထဲမှာပဲ မကြာခင်က ထွက်သွားပါပြီ ။ ကဗျာစာအုပ် တစ်အုပ်ကို ရက်ပိုင်းအတွင်း ရိုက်ထုတ်နိုင်တဲ့ အခုလို အခါမှာ ကျွန်တော့် ကဗျာစာအုပ် ထုတ်ဖြစ်ဖို့ တစ်နှစ်ကျော် ကြာသွားပါတယ် ။ ဘာဖြစ်မှန်းတော့ ကျွန်တော်လည်း မသိပါဘူး ။ ထုတ်ဝေသူ အသိဆုံးပဲ ဖြစ်မယ် ထင်ပါတယ် ။
🆆 🅽 ကဗျာစာအုပ် ထုတ်ရင် ( မောင်စိန်ဝင်း ( ပုတီးကုန်း ) ရဲ့ သောကခြေရာက လွဲလို့ ) ဝတ္ထုလောက် မရောင်းရပါဘူး ။ ဘာကြောင့်လို့ ဆရာ ထင်ပါသလဲ ။
🅼 🅼 (၁) အချစ်ကဗျာ မဟုတ်လို့ ၊
(၂) ဝတ္ထုလောက် ဖတ်ရတာ မလွယ်လို့ ဖြစ်မယ် ထင်ပါတယ် ။
🆆 🅽 ကျေးဇူးတင်ပါတယ် ဆရာ ၊ ကဗျာနဲ့ ပတ်သက်တဲ့ အယူအဆတချို့ကို ဆွေးနွေးခွင့် ရလိုက်တဲ့ အတွက် ကဗျာချစ်သူများ အတွက် တော်တော် အကျိုး ရှိပါလိမ့်မယ် ။ ကျွန်တော့် မေးခွန်းတွေထဲမှာ “ သူငယ်ချင်း ” ကဗျာများနဲ့ ပတ်သက်ပြီး မေးချင်စရာ ကောင်းတဲ့ မေးခွန်းတွေ တိတိကျကျ ထည့်သွင်း မမေးခဲ့တာကိုလည်း ဆရာနဲ့ အတူ ဆရာ့ စာဖတ်ပရိသတ် နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၉၂
ဧပြီလ ၊ ၁၉၈၉ ခုနှစ်

No comments:
Post a Comment