❝ မီးရထားသံလမ်းအချစ် ❞
( သုမောင် )
၁ ။
ဪ ... တိုက်တိုက်ဆိုင်ဆိုင် ဖြစ်တတ်တာတွေများ ပြောပါတယ် ။ လောကမှာ ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေ ဆိုတာ ရှိစမြဲပါ ။ ဒါပေမဲ့ မယုံနိုင်လောက်အောင် ထူးဆန်းတာတွေကျတော့ လူပိုပြီး စိတ်ဝင်စားတယ် ဟုတ်လား ။ ဒါပေမဲ့ လူတိုင်း လူတိုင်း စိတ်ဝင်စားဖို့ ကျတော့ မလွယ်ပါဘူး ။ ဆိုကြပါစို့ ခွဲလို့ မရအောင် တူတဲ့ လူနှစ်ယောက် ပေါ်ပေါက်လာရင် သိပ္ပံသမားက ပိုပြီး စိတ်ဝင်စားမယ် ။ စိတ်ချင်းဆက်သွယ်တာတို့ ၊ ခံစားမှုချင်း တစ်ထပ်တည်းတူနေတာတို့ ကျတော့ ဝိဇ္ဇာသမား က ပိုပြီး စိတ်ဝင်စားမှာပေါ့ ။
ဒီလိုပြောလို့ ကျွန်တော် အခု ပြောပြမယ့်ကိစ္စက တော်တော်ထူးခြားနေသလား ဆိုတော့လည်း မဟုတ်သေးပါဘူး ။ စောစောက ပြောသလိုပေါ့လေ ၊ ကိုယ့်သဘာဝ ၊ ကိုယ့်ခံစားမှုနဲ့သာ ဆိုင်တဲ့ ထူးထူးဆန်းဆန်းကိစ္စလေးတွေကျတော့ ကိုယ်တစ်ယောက်တည်း စိတ်ဝင်တစား ရှိရတာပါ ။
ခုဟာက တစ်မျိုးလေးပဲ ။ ကျွန်တော် တစ်ယောက်တည်းရဲ့သားနဲ့ ခံစားမှုလည်း မဟုတ်ပြန်ဘူး ။ ကျွန်တော့်ဇနီးရဲ့ ခံစားမှု သဘာဝနဲ့ပါ သွားပြီး ထပ်တူတိုက်ဆိုင်နေတဲ့ ကိစ္စ ။ မိသားစုကိစ္စ ၊ အိမ်ထောင်ရေး ကိစ္စလို သားသမီးတွေနဲ့လည်း မပတ်သက်ပြန်ပါဘူး ။ ဒါဖြင့် အချစ်ကိစ္စလားတဲ့ ။ အင်း ... ဟုတ်တော့လည်း ဟုတ်တယ် ပြောရမလိုပဲ ။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အချစ် ကိစ္စလည်း မဟုတ်ပြန်ပါဘူး ။
ဟုတ်ပါ့ ၊ အချစ်ဦး ကိစ္စပေါ့လေ ။
လူတိုင်းမှာ အချစ်ဦး ဆိုတာ ရှိကြစမြဲပဲ ။ ချစ်ဦးသူနဲ့ ညားကြတာတော့ ရှားပါတယ် ။ ချစ်ဖူးသူနဲ့တော့ အများအားဖြင့် အိမ်ထောင်ကျသွားတတ်ကြပါတယ်လေ ။ အဲ - မချစ်ဖူးဘဲ အိမ်ထောင်ကျ သွားကြသူတွေလည်း ရှိလေရဲ့ ။ မြင်တောင် မမြင်ဖူးဘဲ အာဝါဟ ဝိဝါဟ သွားကြတာမျိုးလည်း ခုခေတ်အထိ ရှားရှားပါးပါး ရှိနေသေးတာပဲ မဟုတ်လား ။
ကျွန်တော်နဲ့ အေးအေးဦးကလား ။ သမားရိုးကျ ချစ်သူဘဝက တစ်ဆင့်တက် ပေါင်းဖက်မိတာပါပဲ ။ နည်းနည်းလေး ပြောစရာရှိတာက မိဘ သဘောမတူခဲ့တာလေးပါ ။ မဟုတ်သေးဘူး ၊ အဲဒါတော့ ထူးခြားတယ် ။ သဘောမတူနိုင် ဖြစ်ရတာက ကျွန်တော့် မိဘဘက် ။ ကြည့်ဦး ၊ အေးအေးဦးရဲ့ မိဘတွေက မျိုးရိုးနဲ့ ချမ်းသာကြလို့တဲ့ ။ စီးပွားရေးသမားတွေမို့ လား ဆိုတော့လည်း မဟုတ်ရှာပါဘူး ။ မြန်မာ့ရိုးရာ ဆေးပေါ့လိပ်လုပ်င န်းနဲ့ ချမ်းသာကြတာပါဗျာ ။ ဆေးလိပ်ဆန့်ကျင်ရေးဆိုတဲ့ ကမ္ဘာ့ဆန္ဒပြပွဲကြီးလည်း အဲဒီအချိန်က မပေါ်ပေါက်သေးပါဘူး ။ ပိုက်ဆံ ချမ်းသာသူ မှန်သမျှကို ကုပ်သွေးစုပ် အရင်းရှင် ဆိုပြီး အုတ်အော်သောင်းတင်းခေတ်စားနေတဲ့ ကာလလည်း လွန်မြောက်ခဲ့ပါပြီ ။
ကျွန်တော့်မိဘရဲ့ အကြောင်းပြချက်က ကျွန်တော်က စာရေးဆရာမို့ ကျွန်တော့် အိမ်ထောင်ဖက် အသိုင်းအဝိုင်းကြောင့် ကျွန်တော့် အနုပညာတွေ လျော့ပါးပွန်းပဲ့ကုန်မှာ စိုးလို့တဲ့လေ ။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်နဲ့ အေးအေးဦး တစ်အိုးတစ်အိမ် ထူထောင်နိုင်ခဲ့ကြပါတယ် ။ နှစ်ဖက်မိဘ ပြဿနာလည်း မပေါ်ခဲ့ပါဘူး ။ ပြီးတော့ အိမ်ထောင်ရေးကိစ္စတွေမှာ အရှုပ်အရှင်း မရှိ သာယာသမှ သားလေး နှစ်ယောက်တောင် အမြွှာပူး ထွန်းကားခဲ့လေရဲ့ ။
ဒါပေမဲ့ ကျွန်တော် စကားခံခဲ့တယ်နော် ။
အေးအေးဦးဟာ ကျွန်တော့်အချစ်ဦး မဟုတ်ဘူးလို့ ။ ကျွန်တော်ဟာလည်း သူ့အချစ်ဦး မဟုတ်ဘူး ဆိုတာ သူ ရှက်ရှက်နဲ့ ဝန်ခံဖူးပါတယ် ။
••••• ••••• •••••
၂ ။
“ ဟေ့ကောင် သစ်ပုပ်ပင် ၊ နီမ လင်ယူတော့မယ်ကွ ”
“ မင့် ဘယ်သူပြောလဲ ”
“ သူကိုယ်တိုင်ပြောတာ ”
“ ငါ့ပြောတုန်းကတော့ တစ်သက်လုံး အိမ်ထောင် မပြုဘူးဆို ”
“ အေပေး ၊ ဒီစကား မှတ်ထားတယ်ပေါ့ ”
“ အချစ်ဦးရဲ့ ... နောက်ဆုံး မုန်းစကားကိုးကွ ”
ဒီစကားတွေ အချီအချ ပြောနေကြတာက လမ်းဆုံဆိုတဲ့ စားသောက်ဆိုင်မှာပါ ။ သစ်ပုပ်ပင် ဆိုတာ ကျွန်တော့်ကို သူငယ်ချင်းတွေက ပေးထားတဲ့ နာမည်ပြောင် ၊ တက္ကသိုလ် ရောက်စတုန်းက သစ်ပုပ်ပင်ကြီး အောက်မှာ ပဲ အမြဲတမ်း ထိုင်ပြီး ကဗျာတွေ ရေးခဲ့လို့ ။
နီမ ကတော့ ကျွန်တော့် အချစ်ဦးပေါ့ ။ ကျွန်တော်တို့ ချစ်သူ မဖြစ်တဖြစ် အချိန်ကတည်းက သူ့ကို စရင် လက်မောင်းကို အမြဲတမ်းကိုက်တတ်လို့ ကျွန်တော်က ပေးထားတဲ့ ချစ်စနိုးနာမည် ။ အချစ်ဦးရဲ့ နောက်ဆုံးစကားလို့ သုံးလိုက်ရတာက သူနဲ့ ကျွန်တော် လမ်းခွဲတော့ သူက ပြောခဲ့တဲ့ ငါ တစ်သက်လုံး လင်မယူဘူး ဆိုတဲ့ လွမ်းကတိ ။
“ ရော့ ဒီမယ် ၊ ဖိတ်စာ ၊ မင့်အိမ်ကို လာပေးမလို့ပဲ မျက်နှာပူလို့ ”
“ အောင်မာ - မင်းနဲ့ ဘာဆိုင်လို့ မျက်နှာပူရတာလဲ ”
“ မင့်မိန်းမရှေ့မှာ ဖိတ်စာ မပေးချင်ဘူးလေ ”
“ သူက ဘာလို့ ကိုယ်တိုင် လာမဖိတ်တာလဲကွ ”
“ မျက်နှာပူလို့ နေမှာပေါ့ ။ ရှက်လည်း ရှက်နေလားမှ မသိတာ ”
“ ကောင်မ ... ဗိုက်ပူရတော့မှာ တော့ မရှက်ဘူးလား ”
အပြောင်အပြက်သဘော ရယ်စရာ မောစရာလို ပြောလိုက်ရပေမယ့် စိတ်ထဲ တစ်ခုခု ဖြစ်သွားတာတော့ သေချာပါတယ် ။
သင်းကိုယ်တိုင် လာဖိတ်တော့ ဘာဖြစ်သွားမှာမို့လို့လဲ ။ အေးအေးဦး က နားလည်မှုရှိပါတယ်ဗျာ ။ ပြီးတော့ နီမ ဟာ ကျွန်တော့်ရဲ့ အချစ်ဦး ဆိုတာ အေးအေးဦး သိထားပေမယ့် အဲသလို ကျွန်တော်က အေးအေးဦး ကို ဖွင့်ပြောထားတယ် ဆိုတာ နီမ က သိတာမှ မဟုတ်ဘဲ ။ တစ်ခုတော့ ရှိတာပေါ့လေ ။ သူ ပြောခဲ့တယ် မဟုတ်လား ။ ငါ တစ်သက်လုံး လင်မယူဘူးလို့ ။ ဒါပေမဲ့ပေါ့လေ ၊ ကျွန်တော့်မင်္ဂလာဆောင် သူ မလာဘူး ။
••••• ••••• •••••
စားသောက်ဆိုင်က ပြန်တော့ ဒီကိစ္စက ပေါ့ပေါ့ပါးပါး ဖြစ်သွားပါပြီ ။ စားသောက်ဆိုင် ဆိုကတည်းက ယမကာလေးကလည်း ပါလိုက်သေး မဟုတ်လား ။ နီမ ကိစ္စဟာ ပေါ့ပါးရုံတင် မကဘူး ။ လှပ်လှပ်ကလေး ဖြစ်သွားတော့တာပါပဲ ။ လှပ်လှပ်ကလေး ဖြစ်သွားတဲ့ အခါ လူတွေဟာ ရယ်စရာ မောစရာလို သဘောထားတတ်ကြပါတယ် ။
“ ဟေ့ကောင် ... ငါ့စိတ်ထဲ ကဗျာတစ်ပုဒ် ပေါ်လာတယ်ကွ ”
“ ဒါဆို သစ်ပုပ်ပင်အောက် သွားကြရအောင်လေ ”
“ အေး ... ဒါပေမဲ့ ညဉ့်နက်နေလို့ ပေါ့ကွာ ၊ ငယ်ကလိုဆို သွားပြီး ကဗျာ စပ်မိမယ် ”
“ ဆိုပါဦး ၊ မင့် ကဗျောင် ”
“ ချစ်ဖူးလို့ ချစ်ဦးသူဖြစ်ခဲ့ ... ။ ဒါပေမဲ့ သူ့မင်္ဂလာပွဲဟာ ငါ့အတွက် မျက်ရည်တစ်စက် ထွက်ကျသွားတဲ့ အသုဘ ”
“ ဟ ... မင့်ဟာက ကဗျောင် အဆင့်တောင် မရှိဘူး ၊ ကဗျွတ်ပဲ ။ ဟား ... ဟား .. ဟား ... ”
“ ဟား ... ဟား .. ဟား ... ”
••••• ••••• •••••
အရက်ရဲ့ သဘောက သွေးဆူတယ်လို့ ယေဘုယျ သတ်မှတ်ကြပေမယ့် တကယ်တော့ သွေးအေးသွားတာပါ ။ ရေခဲဟာ အပူဓာတ်လို့ ဗိန္ဒောဆရာတွေပြောတယ် မဟုတ်လား ။ ဒီသဘောပဲ ။ လူဆိုတာ သွေးအေးရင် အမှတ်သညာ ကြီးတတ်တယ် ။ အထူးသဖြင့် အရက်မူးလို့ သွေးအေး သွားရင် အသေးအဖွဲလေးတွေကို မှတ်မိတတ်တယ် ။ မှတ်ထားတတ်တယ် ။ ခုလည်း ကြည့် ။
အိမ်ပြန်ရောက်တော့ ...
နီမရဲ့ ဖိတ်စာကို ကျွန်တော့် တိုက်ပုံ အတွင်းအိတ်ထဲက ဘာကြောင့် ဆွဲမထုတ်ဘဲ ဝှက်ထားမိ လိုက်ပြန်ပါလိမ့် ။
••••• ••••• •••••
၃ ။
“ ဒီနေ့ မင်္ဂလာဆောင် သွားမှာ မဟုတ်လား ”
အေးအေးဦးရဲ့ အသံက သမားရိုးကျလေးပါ ။ နည်းနည်းပါးပါး စချင် နောက်ချင်သယောင်လေးတော့ ပါတာပေါ့လေ ။
“ ဪ ... ဟုတ်သားပဲ ၊ ကို မေ့နေတယ် ”
ကျွန်တော် တကယ်လည်း မေ့လျော့နေခဲ့တာပါ ။ မေ့ချင်ဟန်ဆောင်ရင်းက တကယ် မေ့သွားတာလည်း ပါတာပေါ့လေ ။
“ လိုက်ခဲ့ရဦးမလား ”
မနာလို တိုရှည်သလိုလေး ရှက်နေသလားပဲ ။ အေးအေးဦး အမေးက အနာဟောင်းကို ဆွချင် သလိုလိုနဲ့ ။
“ ဟ ... မင်္ဂလာဆောင် ဆိုမှ လင်မယားစုံတွဲ သွားမှပေါ့ ၊ မင့်စကားက ဘာလဲ ”
နည်းနည်း ဒေါသသံပါ ပါသွားမိတယ် ထင်တာပဲ ။ ကျွန်တော့်အဖြေက အနာပေါ် တုတ်ကျ လာလေမလား စိုးရိမ်သလိုလိုနဲ့ ။
“ ဟုတ်တာပေါ့လေ ၊ ပိုပြီး လိုက်သင့်တာပေါ့ ”
ဒါတော့ သူ့တကယ် စိတ်ရင်းနဲ့ လူကြီးဆန်ဆန် ပြောတာပါ ။
“ မင့် ... စော်ဘွားကြီး မင်္ဂလာဆောင်ရင်လည်း ကို လိုက်မှာပါ ”
ဒါလည်း တကယ်ပဲ ရိုးရိုးသားသား ကျွန်တော် ပြောလိုက်တာပါ ။ စော်ဘွားကြီး ဆိုတာက အေးအေးဦးရဲ့ အချစ်ဦး ။ ကျွန်တော်တို့ ပေးထားတဲ့ နာမည်ပြောင် ။ သူက ရှမ်းအမျိုးသား ။ သူလည်း ကနေ့ထိ လူပျိုကြီး ။
ကျွန်တော်နဲ့ အေးအေးဦး လတ်လတ်ဆတ်ဆတ် ရယ်မောလိုက်မိကြလေရဲ့ ။ သန့်ရှင်းတဲ့ အပြုံးကိုယ်စီနဲ့ ပေါ့လေ ။ ထူးခြားတာလေး တစ်ခုပဲ ရှိတယ် ။
အေးအေးဦးက ကျွန်တော့် နားသယ်စပ်က ဆံပင်စလေးတွေ ဆွဲပြီး -
“ တော်တော် အမှတ်သညာ ကြီးတယ် ” တဲ့ ။
••••• ••••• •••••
ကိုင်း - ဒီ၀တ္ထုစစချင်း ကျွန်တော် ပြောခဲ့တဲ့ “ ဪ ... တိုက်တိုက်ဆိုင် ဆိုင်တွေများ ပြောပါတယ် ” ဆိုတဲ့ စကားလေး ခုချိန်မှာ ပြန်ဆက်ကြရအောင် ။
ဒီလိုပါ ၊ ကျွန်တော်တို့ လင်မယား မင်္ဂလာဆောင် သွားဖို့ အဝတ်အစား လဲနေတုန်း တယ်လီဖုန်း မြည်လာပါတယ် ။ ကျွန်တော်က ယောက်ျားသား ဆိုတော့ အဝတ်လဲရင်း တန်းလန်းပဲ ဖုန်းပြေး ကိုင်ရတာပေါ့ ။
“ အေးအေးဦး ရှိလား ” တဲ့ ။
မိန်းမသံ ။
“ ရှိပါတယ် ။ ခဏလေး ကိုင်ထားပါ ၊ အဝတ်လဲရင်းမို့ပါ ” ပြောတော့ -
“ နေပါစေ ကိုရဲလွင် ၊ ဟို ... ကျွန်မတို့ သူငယ်ချင်း စော်ဘွားကြီး တစ်နေ့က ရုတ်တရက် ဆုံးသွားတယ် ။ အဲဒါ သူ လိုက်မယ်ဆိုရင် ကျွန်မ ခဏနေတော့ လာခေါ်မယ် ။ ဒီနေ့ ဆယ့်နှစ်နာရီ သင်္ဂြိုဟ်မယ် ” တဲ့ ။
ကျွန်တော့်မှာ ‘ ဟာဗျာ ’ ဆိုတဲ့ ဝမ်းပန်းတနည်းကြီး ထွက်သွားရတယ် ။ စောစောကတင် ‘ သူ မင်္ဂလာဆောင်ရင် ’ လို့ အေးအေးဦး ကို နောက်ခဲ့သေးတာ မဟုတ်လား ။ ဒါကြောင့် -
“ လာသာ ခေါ်ပါဗျာ ၊ သူ လိုက်ကို လိုက်ပို့ရမှာပေါ့ ။ ကျွန်တော့်တော့ ခွင့်လွှတ်ပါ ၊ ခုပဲ မင်္ဂလာဆောင် သွားရတော့မှာမို့ ”
လို့ ပြောလိုက်ရတယ် ။
တကယ်ကိုပဲ တော်တော် စိတ်မကောင်းခြင်းကြီးစွာနဲ့ အေးအေးဦး ကို ပြောပြလိုက်တော့ ခမျာ ငိုက်ခနဲ ဖြစ်သွားရှာတယ် ။ တပ်လက်စ အင်္ကျီကြယ်သီး ပြန်ပြုတ်သွားတယ် ။ မှန်ကို ကြည့်ပြီး တွေတွေကြီး ဖြစ်သွားတယ် ။ ကျွန်တော် အေးအေးဦးရဲ့ ပခုံးကလေးကို ကိုင်ပြီး ယုယပေး လိုက်ရတယ် ။ ဒါပေမဲ့ သူ မျက်ရည် မကျတော့ပါဘူး ။ သက်ပြင်းရှည်ကြီးပဲ ချတယ် ။
“ ဖြစ်မှ ဖြစ်ရတယ်ကွာ ”
“ ဘယ်တတ်နိုင်မလဲ ကိုရယ် ၊ ကံတရားပေါ့ ”
••••• ••••• •••••
၄ ။
အိမ်ကနေ မော်တော်ကားနှစ်စီး တစ်ပြိုင်တည်း ထွက်ခဲ့ကြတယ် ။ ကျွန်တော်က အင်းလျားလိပ်ဟိုတယ်ဘက်ဆီ ဦးတည်လိုက်တော့ အေးအေးဦးနဲ့ သူ့သူငယ်ချင်းကားက ရေဝေးသုဿာန် ဘက်ကို ကွေ့သွားလေရဲ့ ။
နီမရဲ့ မင်္ဂလာဆောင်ကလည်း သွားနေကျ မင်္ဂလာဆောင်တွေ လိုပါပဲ ။ သိပ်ပြီး ထူးထူးခြားခြား မဟုတ်ပါဘူး ။ သူငယ်ချင်းတွေ ပြန်ဆုံကြလို့ ရယ်မောပျော်ရွှင်တာလောက် ၊ အပြောင်အပြက် စကားတွေ ပြောဖြစ်ကြတာလောက်ပဲ ကြည်နူးစရာ ကောင်းခဲ့တာပါ ။ တစ်ခုတော့ ရှိပါတယ် ။ ကျွန်တော် ထိုင်နေတဲ့ ဝိုင်းက သတို့သား ၊ သတို့သမီးတို့ ပွဲထုတ်တဲ့ မင်းလမ်းနဲ့ ကပ်ရက်မှာ ။ ကျွန်တော့် ကုလားထိုင်ကလည်း သူတို့ဘက် မျက်နှာချင်းဆိုင် ဆိုတော့ မကြည့်မဖြစ် ကြည့်နေမိတဲ့ ကြားကပဲ မျက်နှာပိုးသတ်ရတာ ခက်နေပါရဲ့ ။
နီမ ခမျာမှာလည်း ဘယ့်နှယ်က ဘယ့်နှယ် သတို့သမီး မျက်လွှာချ ထားရာက ကျွန်တော့်နား ရောက်မှ မျက်လုံးတစ်ချက် ဝေ့အကြည့်မှာ ကျွန်တော့်ကို မြင်သွားတယ် ။ ချက်ချင်း အကြည့်တွေကို လွှဲလိုက်ရပေမယ့် တစ်ချက်တော့ ရင်ခုန်သွားမိသား ။ တစ်မျိုးကြီးပေါ့လေ ။
အင်း ... မနာလိုတိုရှည် ဖြစ်သွားတာမျိုးလို့ ပြောရ ကောင်းမလား ။ စဉ်းစားချင် စဉ်းစား နိုင်ပါတယ်ဗျ ။
နီမ ကကောတဲ့ ။ သိဘူးလေ ။ သူ့အကြည့် ကလည်း လွှဲသွားပြီကိုး ။ ကျွန်တော့်အကြည့် ကလည်း သူတို့ စုံတွဲရဲ့ ချိတ်ထားတဲ့ လက်တွေဆီကို ရောက်နေပြီကိုး ။ အင်း ... အဲဒီ ချိတ်ထားတဲ့ လက်နှစ်ဖက် ပိုပြီး တင်းသွားသလားလို့တော့ ထင်တာပါပဲလေ ။
••••• ••••• •••••
အဲဒီ တဒင်္ဂလေးမှာ ကျွန်တော့်စိတ်က ဖျတ်ခနဲ ရေဝေးသုဿာန်ဆီ ရောက်သွားတယ် ။ ဒီမှာ ပျော်ရွှင်ရယ်မောနေကြချိန်မှာ ဟိုမှာတော့ ငိုယိုပူဆွေးနေကြမှာ အမှန်ပဲ ။ အေးအေးဦး ဟာ မျက်ရည်လွယ်တဲ့ မိန်းမ တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ သူ ငိုမှာ သေချာပါတယ် ။ ဟုတ်တယ်လေ ။ မင်္ဂလာဆောင် ဆိုတာ ရယ်ကို ရယ်ရမယ့် နေရာ ။ သုဿာန် ဆိုတာ ငိုကို ငိုရမယ့် နေရာ ဟုတ်လား ။
တစ်ခုတော့ ရှိတယ် ။ သတို့သား ၊ သတို့သမီး လက်ချင်းချိတ်ပြီး ကျွန်တော့် အနားက ဖြတ်ချိန်မှာ ကျွန်တော် ရင်တစ်ချက် ခုန်သွားသလို စော်ဘွားကြီးရဲ့ အလောင်း မီးသင်္ဂြိုဟ်စက်ထဲ ထည့်လိုက်တဲ့ အချိန် ၊ သံ တံခါးကြီး ဂျိန်းခနဲ ပိတ်လိုက်ချိန်မှာတော့ အေးအေးဦး မျက်ရည်တစ်စက် ထွက်ကျသွားမှာ သေချာပါတယ် ။ ဒါလည်း သဘာဝတရားပဲ ။ အေးအေးဦး မျက်ရည် ကျချင်ကျပါစေ ။ အို ... တစက်တလေပဲဟာ ။
▢ သုမောင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
သြဂုတ်လ ၊ ၂၀၀၃ ခုနှစ်

No comments:
Post a Comment