Tuesday, January 20, 2026

မိန်းမရှုပ်

 ❝ မိန်းမရှုပ် ❞

  ( ပီမိုးနင်း )


နံနက်ဆယ်နာရီအချိန် ဖြစ်လေရာ နွေဥတု နေရောင်သည် အတော်ပင် ပြင်းထန်စွာ ပူလောင်လေ၏ ။ တောင်ညိုညိုကြီးမှာ စိမ်းရောင်စိုလျက် သစ်ပင်ဝါးပင်တို့နှင့် ကျောက်ဆောင်တောင်ကမ်းပါးယံများမှာ သဲသဲကွဲကွဲ မြင်ရစပြုလေရာ တောင်ပေါ်သို့ သစ်ဝါးခုတ်ရန် လာသူတို့ အတွက် အားတက်ဖွယ်ဖြစ်အောင် နီးကပ်သော နေရာ ဖြစ်လေ၏ ။ စိတ်ချလက်ချ တည်းခိုစခန်းချဖွယ်ရာဖြစ်သော ဇရပ်တစ်ခုသည်လည်း ခရီးသည်များကို ပူပြင်းသော နေရောင်မှ ကွယ်ကာရန် ဖိတ်ခေါ်သည်နှင့် တူလေ၏ ။ သို့ဖြစ်လေရာ ခရီးသည်သုံးယောက်သည် တစ်ယောက်ပြီး တစ်ယောက် မရှေးမနှောင်း ဇရပ်တွင်းသို့ ရောက်ကြပြီးလျှင် အသီးသီး ထမင်းထုပ်များကို နံဘေး၌ ချကာ တုံးလုံးပက်လက် နေကြလေ၏ ။


“ ပူလိုက်တဲ့ နေ့နှယ်ဗျာ ။ နီးလာပေလို့သာ တော်တော့တယ် ” ဟု တစ်ယောက်က စ၍ ပြောလေ၏ ။ 


“ ခင်ဗျားတို့ တောင်ပေါ်ကို တက်ကြမလို့လား ” ဟု တစ်ယောက်က မေးလေ၏ ။


“ ဟုတ်ကဲ့ ။ ခင်ဗျားကော ”  


“ ကျုပ်လည်း တောင်ပေါ်ကိုပဲ ” 


“ ဟင် .. ဟန်ကျလိုက်တာ ။ သုံးယောက်စလုံး တိုင်ပင်ထားသလို တွေ့ဆုံပုံ အင်မတန် ဟန်ကျတာပဲ ”  


“ အေးဗျာ ။ ချိန်းထားသလိုပဲ ။ ကျုပ်မှာ တစ်ယောက်တည်း မှတ်လို့ အားငယ်သလိုလို ဖြစ်နေရာမှာ ၊ အခုမှ အားရှိသွားတယ် ”  


“ ကျုပ်လည်း ဒီလိုပဲ ”  


“ ကျုပ်လည်း ဒီလိုပါပဲ ” 


“ ဟင် .. သုံးကိုယ်တစ်စိတ် ဆိုတာ ကျနေပါလား ။ ခင်ဗျားတို့က ဘာကိစ္စလဲ ” 


“ ကျုပ်က တိုင်ကလေး လေးငါးလုံး ခုတ်ဖို့ပါပဲ ။ မိတ်ဆွေကကော ” 


“ ကျုပ်လည်း တိုင်ကလေး လေးငါးလုံး ခုတ်ဖို့ပါပဲ ။ ဟိုဆရာကော ”


“ ကျုပ်လည်း တိုင်ကလေး လေးငါးလုံး ခုတ်ဖို့ပါပဲ ”  


“ ဟင် ... ဟုတ်လိုက်လေဗျာ ။ သုံးယောက်စလုံး တိုင်သမားချည်းပါပဲကလား ။ ကိုင်း ... အမောကလေး ပြေသွားပြီ ။ ထမင်းစားကြရအောင် ။ ခင်ဗျားတို့ ဘာပါ ကြသလဲ ” 


“ ကျုပ်တော့ ဘာရယ်လို့ မသိဘူး ။ အိမ်က ထုပ်ပေးလိုက်တဲ့ ထမင်းထုပ်တစ်ထုပ် ပါတာပဲ ။ ကြည့်ရဦးမယ် ။ ခင်ဗျားကော ” 


“ ဟင် ... တယ်နေရာကျသကိုး ။ ကျုပ်လည်း ဘာပါမှန်း မသိဘူး ။ ထမင်းထုပ် တစ်ထုပ် ပါတာပဲ ။ အနံ့ကတော့ ဆာနေခိုက်မှာ အတော် သွားရည်ကျစရာ ကောင်းတာပဲ ။ ဟိုဆရာကကော ဘာပါသလဲ ” 


“ ကျုပ်လား ။ မသိသေးဘူး ။ ကြည့်ရဦးမှာပဲ ” ပြောပြီး သုံးယောက်သား ဖွင့်၍ကြည့်ကြရာ သုံးယောက်စလုံး ကြက်ကြော် ဖြစ်၍ နေသည်ကို တွေ့ကြရလေ၏ ။ သုံးယောက်စလုံး အားရဝမ်းသာနှင့် တစ်ယောက် ထမင်းထုပ်ကို တစ်ယောက် ကြည့်လေ၏ ။ သုံးယောက်စလုံးမှာ မွတ်သိပ်ဆာလောင်၍ နေခိုက်မို့ မြိန်ရှက်စွာ စားဖို့ရန် ပါးစပ် ပြင်ကြလေ၏ ။ ကြက်ကြော်များမှာလည်း အရောင်အဆင်းမှာ ရွှေဒင်္ဂါးရောင် ဖြစ်လေရာ မြင်ရုံနှင့် စားချင်ဖွယ်ရာ ဖြစ်၍ နေလေ၏ ။


ထို့နောက် အရောင်အဆင်းရော ၊ အနံ့အရသာရော ၊ ထုပ်ပုံပြုပုံရော တူကြသဖြင့် သေသေချာချာ သတိပြု၍ ကြက်ကြော်များကို ကြည့်ကြရာ နှစ်ယောက်မှာ အောက်ပိုင်းတစ်ခြမ်းစီ ဖြစ်ရာ ခါးသား တစ်ဝက် ၊ ပေါင်တစ်ချောင်းစီ ဖြစ်၍ အသားများစွာ ပါရှိသည်ကို လည်းကောင်း ၊ တစ်ယောက်မှာ ဦးခေါင်းနှင့် အတောင်နှစ်ဖက်ပါ အထက်ပိုင်း တစ်ပိုင်းလုံး ပါရှိသည်ကို လည်းကောင်း သိကြရလေ၏ ။


ထိုအခါ သုံးယောက်သား တွေဝေစဉ်းစားကာ စကားမပြောနိုင်ဘဲ နေကြလေ၏ ။ ထမင်းများကို ကြည့်ကြရာတွင်လည်း အလွန် အချက်ကောင်းသဖြင့် ကော့၍ နေသော စေးပိုင်သည့် တောင်ထိပ်ပန်း ခေါ် ဆန်သစ် ချည်း ဖြစ်ကြောင်း သိကြရလေ၏ ။


ထိုအခါ တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်ကာ အံ့သြ၍ နေကြလေ၏ ။ ၎င်းနောက် တစ်ယောက်က “ ကျုပ်လည်း မသင်္ကာပါဘူးဗျာ ။ ပေးကြစမ်းပါ ခင်ဗျားတို့ ကြက်ကြော် ” ဟု ပြောပြီး ကြက်ကြော် သုံးခုကို ဆက်၍ ကြည့်ရာ မြီးတောင်ပေါက် ကြက်ကလေးတစ်ကောင်၏ ကိုယ်တစ်ကိုယ်လုံး နေရာတကျ ပေါ်၍ လာလေ၏ ။


သုံးယောက်စလုံး ဒေါသစိတ်ကြောင့် မွှန်၍ သွားပြီး မွတ်သိပ်ဆာလောင်ခြင်းပင် အဘယ်ကို ရောက်၍ သွား လေသည် မသိရပေ ။


“ ခင်ဗျား ဘယ်ရွာကလဲ ” 


“ ကျုပ် တောင်ရွာက ။ ခင်ဗျားကော ”  


“ ကျုပ် မြောက်ရွာက ။ ဟိုဆရာကော ”  


“ ကျုပ် အနောက်ကြွက်ကုန်းကပဲ ” 


“ တစ်ယောက်က ရင်ဘတ်ကို ထုကာ ဒါနဲ့ဗျာ တစ်ယောက်ကို တစ်ယောက် မတွေ့ဖူးတာ အတော်အံ့သြဖို့ ကောင်းတာပဲ ” 


“ ဘာဖြစ်လို့လဲဗျ ” 


“ ခင်ဗျားထမင်းထုပ် ဘယ်သူ ထုပ်ပေးလိုက်တာလဲ ”


“ ကျုပ် ရည်းစားပေါ့ ။ ခင်ဗျား ထမင်းထုပ်ကော ”  


“ ကျုပ် ရည်းစားပဲ ။ ဟိုဆရာ ထမင်းထုပ်ကကော ခင်ဗျား ရည်းစားပဲလား ” 


“ တူလိုက်တာဗျာ ” 


“ ခင်ဗျား ရည်းစားနာမည် ပြောစမ်းပါဦး ”  


“ အလယ်ရွာက မမွှေးပါ ” 


“ ဟင် ... ကျုပ် ရည်းစားပါကလား ”  


“ အလို ... ဒါ ကျွန်တော့် ရည်းစားပဲ ”  


သုံးယောက်သား ဆိတ်ငြိမ်၍ နေကြလေ၏ ။ 


အတန်ငယ်ကြာသောအခါ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ အရူးလို ရယ်ကြပြီး ဒေါသပြေ ပျောက်၍ သွားလေ၏ ။ အကြောင်းမူကား သုံးယောက်စလုံးမှာ မည်သူမျှ မသာမနာ တညီတညာတည်း မိန်းမ အညာ မိကြကြောင်း သိကြရလေတော့သတည်း ။ 


ဒေါသပြေသောအခါ မကြာမီက ဒေါသကို ကြောက်သဖြင့် ရှောင်၍နေသော မွတ်သိပ်ခြင်းသည် ပြန်၍ ပေါ်လာလေ၏ ။ ထိုအခါ တစ်ယောက်က “ ကျုပ်တို့ သုံးယောက် ကံတူ အကျိုးပေးပဲ ။ ဒီကောင်မမှာ ရည်းစား မရှိဘူးထင်ပြီး ပိုးကြတာပဲ ။ အခု သိကြပြီ ဟုတ်လား ခင်ဗျာ ။ မကောင်းတဲ့ မိန်းမရှုပ်တစ်ယောက် အတွက်တော့ ကျုပ်တို့ လူကောင်းသုံးယောက် ရန်သူ ဖြစ်ကြလို့ မတော်ဘူး ။ လောကမှာ မိန်းမကို အဘယ်ပုံ စီမံရမယ်ဆိုတာ တိုင်ပင်ကြတာပေါ့ ။ အခု စားကြဦး စို့ ” ဟု တစ်ယောက်က ပြောလေရာ ကျန်နှစ်ယောက်မှာ ကျေနပ်လျက် ရယ်ရယ်မောမောပင် စားကြလေ၏ ။


ထမင်းစားရင်း ဆက်လက် ပြောကြသောအခါ တောင်ပေါ်သို့ မသွားဘဲ ဉာဏ်များသော မိမွှေး ကို ကလဲ့စားချေမည် ၊ အသေသ,တ်မည်ဟု ကြုံးဝါး၍ ပြန်ကြလေ၏ ။ အကြောင်းမူကား ထိုအိမ်ကို ဆောက်ခြင်းသည် မိမိတို့ သုံးယောက်စလုံးနှင့် နေဖို့ မဟုတ် ။ ဧကန်ဒိဋ္ဌ အခြားရည်းစားတစ်ယောက်ယောက် ရှိလို့ပဲဟု အတွေးရကြလေ၏ ။ တွေးသည့် အတိုင်းလည်း မှန်၍ နေလေရာ ၎င်းတို့ သုံးယောက်သား မိမွှေး ထံ ပြန်၍ ရောက် လာလျှင်လာချင်း မိမွှေးသည် အကြောင်းရင်းကို သိသဖြင့် မိန်းမတို့ဉာဏ်ဖြင့် ပရိယာယ်မာယာ လုပ်ကာ ပျူပျူငှာငှာ ခရီးဦးကြို ပြုလျက် “ မောင်တို့ သုံးယောက် ဘယ်မှာ တွေ့ခဲ့ကြသလဲ ။ ကျုပ်က ကစားပြီး မောင်တို့ကို ပျော်ပွဲစား လွှတ်လိုက်တာပါ ။ တကယ် ခိုင်းတာ မဟုတ်ပါဘူး ” ဟု ပြောလေလျှင် ဒေါသအကြီးဆုံး ဖြစ်သူ တစ်ယောက်က “ နင် စကား မများနဲ့ ။ နင် ဘယ်လင်နဲ့ နေဖို့ ငါတို့ကို တစ်ပတ်ရိုက်တာလဲ ။ ပြောရင်ပြော မပြောရင် သ,တ်မယ် ။ ဒီလောက် ရှုပ်တဲ့ကောင်မ လူ့ ပြည်မှာ မထားဘူး ” ဟု ကြိမ်းမောင်းလေ၏ ။


“ မောင်တို့ သ,တ်ရင်လည်း သေရမှာပါပဲ ။ ကျုပ်တော့ ဘယ်သူနဲ့မှ ကြိုက်လို့ မဟုတ်ပါဘူး ။ တခြား သူလည်း မရှိပါဘူး ။ မောင်တို့ကို မောင်လိုဖားလို ချစ်လို့ ကစားလိုက်တာပါ ” 


“ နင် မညာနဲ့ ။ နင် ရွှေလုပ်ကြီးနဲ့ ယူမယ်လို့ ကြံတာ ။ ငါတို့ကို တစ်ပတ်ရိုက်ပြီး အိမ်အဆောက်ခိုင်းမလို့ ကြံတာ ။ ငါ အစဦးကတည်းက မသင်္ကာဘူး ။ အခုမှ သေသေချာချာ သိရတယ် ။ နင့်ကို အခု သ,တ်မယ် ။ ငါတို့ သုံးယောက်စလုံး နင့်တစ်ယောက်ကို သ,တ်တာနဲ့ ကြိုးမကျနိုင်ဘူး ” ဟု တစ်ယောက်က ပြောရာ အခြားတစ်ယောက်ကလည်း ဒေါပွကာ ဆက်၍ ကြိမ်းလေ၏ ။ 


မိမွှေး မှာ တကယ် မိမိကို ချမ်းသာပေးကြတော့မည် မဟုတ်ကြောင်း သိရသဖြင့် “ မောင်တို့ သဘောရှိ လုပ်ပါတော့ ။ မောင်တို့လက်နဲ့ သ,တ်ရက်ရင် သေဝံ့ပါတယ် ။ ကျုပ်ကတော့ မောင်လို ဖားလို သဘောထား ပြီး ကစားလိုက်တာပါ ။ နို့ပေမဲ့ ကျုပ်ကို မသ,တ်မီ မောင်တို့ အပေါ် မေတ္တာ ဘယ်လောက် စူးတယ်ဆိုတာ သိရအောင် ကျွေးပါရစေဦး ။ မောင်တို့ မောမောပန်းပန်းနဲ့ ပြန်လာရင် စားဖို့ ဆိုပြီး တခြားကြက်ကလေးတစ်ကောင် ကို ဆန်ကလေးနဲ့ ပြုတ်ထားပါတယ် ။ မောင်တို့က အထင်လွဲလို့ စိတ်နာပြီး ပြန်လာကြပေမဲ့ ဒီက ဘယ်လိုမှ သဘောမထားပါဘူး ။ ကျုပ်ကို မသ,တ်ခင် စဉ်းစားကြပါဦး ။ စားပြီးမှ သ,တ်ချင်သ,တ်ကြပါ ” ဟု ပြောပြောဆိုဆို စပါယ်ရှယ် ပြင်ဆင်၍ ထားသော ကြက်သားဆန်ပြုတ်ကို ခပ်၍ ၎င်းတို့အား ပေးလေရာ သံပရာရည်အနံ့ကလေး ၊ ဆီချက်နံ့ကလေးက မွှေးသဖြင့်တစ်ကြောင်း ၊ အပြန်ခရီးမှာ ဝမ်းချောင်၍ ဆာစပြုသဖြင့် တစ်ကြောင်း ၊ အနံ့အရသာ ကောင်းဟန်ရှိသော ကြက်သားဆန်ပြုတ်ကို မသောက်ဘူး ငြင်းဖို့ရန် ခက်၍ နေလေ၏ ။ 


မိမွှေးမှာကား ၎င်းတို့ သုံးယောက်ကို ခိုင်း၍ သစ်ဝါးများကို ရပြီးသည်နှင့်တစ်ပြိုင်တည်း မိမိချစ်သူ ရွှေလုပ်ကြီး နှင့် အနှောင့်အယှက် မရှိဘဲ အေးအေးနေဖို့ရန် စိတ်အကြံပြုကာ သုံးယောက်စလုံးကို လက်စတုံး စီရင် ရန် မြင့်ကြာစွာကပင် ကြံစည်လုပ်ကိုင် စီမံ၍ ထားသော အဆိပ်နှင့် ရော၍ ထားသည့် ကြက်သားဆန်ပြုတ်ကို ၎င်းတို့အား စားချင်စဖွယ်ဖြစ်အောင် လုပ်၍ ပေးလေ၏ ။ သုံးယောက်သား မြိန်ရှက်စွာ စားသောက်ကြပြီး မူးမိုက်လျက် နေရာတွင် ထိုး၍ လဲကြပြီး ပြန်၍ မထနိုင်အောင် အိပ်မောကြီးကျ၍ သွားရှာလေတော့သတည်း ။


ထိုအခါ ညဉ့်လူခြေတိတ်ချိန် ဖြစ်လေရာ မိမွှေး မှာ ရည်းစားဟောင်း သုံးလောင်းကို လူသူ မသိအောင် မြှုပ်နှံ သင်္ဂြိုဟ်ဖို့ ရှိလေရာ အကြံရခက်၍နေလေ၏ ။ ထိုအခိုက်တွင် ဤရွာ၌ အမြဲ ရေထမ်းသော ကစော်ကု,လား ဆာနာဆေးသည် ကစော်မူးလျက် အသံပြာလဲ့လဲ့နှင့် အောက်ပါ တေးကို ဆို၍ လာလေ၏ ။


        လာဘာရေး ၊ ကမ်မကလေး ၊ ရှကားတစ်ခု ပွေးမလားရေး ။

        လာဘာရေး ၊ ကမ်မကလေး ၊ ရှကားတစ်ခု ပွေးမလားရေး ။

        ဂွန်းဂွန်းဒီးရှားမလား ၊ ဘွန်ဒေချွန်ဒေး ရှားမလားရေး ။

        တရှယ်ဒန်လုံချည် ၊ နှစ်ရှယ်ဒန်လုံချည် ၊ နားမူးဒန် ပါနားနဲ့ ပါရားရှိခိုး တွားမလားရေး ။


မိမွှေးသည် ဆာနာဆေး၏ အသံကို ကြားလျှင် ကြားချင်း သင်းတော့ ကစော် မူးလာတာပဲ ။ အကြောက်အရွံ့ ရှိမှာ မဟုတ်ဘူး ။ ခိုင်းရင် ဖြစ်မှာပဲဟု အတွေးရ သဖြင့် အလောင်းနှစ်လောင်းကို ဝှက်ကာ တစ်လောင်းကို အိမ်ရှေ့ခန်း၌ ထားလျက် ဆာနာဆေး ထံ ပြေးဆင်း၍ သွားပြီး ၊ “ ဟဲ့ .. ဆာနာဆေး ၊ လာဦး ၊ မမ ပြောစရာရှိတယ် ” ဟု ကု,လားလက်ကို ကိုင်၍ပြောလေ၏ ။ ကု,လားက မိမွှေး၏ မျက်နှာကို ပြူးလျက် ကြည့်ကာ “ အာမွား ၊ နင် နားလက်ကို ရွှဲတယ်နော် ။ နာ စိတ်မရှိဘူး ။ အာမွားနဲ့ နာနဲ့ ဘာလုပ်မလို့လဲ ”  


“ ဟဲ့ .. ခွေးကု,လား ၊ စကားမများနဲ့ ။ လူတွေ ကြားကုန်မယ် ၊ လာ .. လာ .. ” ဟု လက်ကို ဆွဲပြန်လေ၏ ။ 


“ အာမွား ... နာလေ ၊ ဆာနားရှေးလေ ဘန်ဂလား မာလေ မွေးမားရှိဒယ် ၊ မွေးမားတစ်ခု ရှိဒယ်နော် ၊ နာတော်ဘီ ။ မွေးမားနှစ်ခု ယူဒယ်နော် ၊ မကောင်းဘူး ။ မေယားနှစ်ခု ရှပ်ကြား အဖျား များများကြီးရှိတယ် ။ မကောင်းဘူး အာမွား ၊ အာမွားကို ဆာနာရှေး မကြိုက်ဘူး ၊ ပါရားကို ရှိခိုးဒယ် ၊ နာသွားမယ် ”  


“ ဟဲ့ .. ခွေးကု,လား ၊ အလုပ်ရှိတယ် ။ ငါ ပိုက်ဆံ များများပေးမယ် ၊ ငွေငါးကျပ် ၊ ငွေငါးကျပ် ” 


“ အာမွားကို ငွေငါးကျပ် ။ ဆာနာရှေး ဘန်းကလား ကို ပေးမယ် ။ အမွားကို နာမပေးဘူး ။ မလိုချင်ဘူး ။ ဆာနာရှေး များများမောတယ် ။ ဂစော်မူးတယ် ”  


“ ငွေငါးကျပ် နင့်ကို ငါပေးမယ် ။ အလုပ်ရှိတယ် ”  


“ အား ၊ အား အလုပ်ရှိဒယ်လား ၊ နာလုပ်မယ် ။ ဘာအလုပ်လဲ ” ဟု ကု,လားက မေးရာ မိမွှေးက လက်ကို ဆွဲ၍ ခေါ်သွားလေ၏ ။ အိမ်ပေါ်သို့ ရောက်သောအခါ အလောင်းကို ပြပြီး ငွေငါးကျပ်ပေးမည့် အကြောင်း သင်္ချိုင်းကို ယူသွားပြီး မြှုပ်ဖို့အကြောင်း ပြောပြလေရာ ကု,လားမှာ မူးမူးရစ်ရစ်မို့ ကြောက်ရမှန်းမသိ တစ်စုံ တစ်ရာ မမေးဘဲ “ နာလုပ်မယ် ” ဟု ပြောလေ၏ ။ 


မိမွှေးက ဆာနာဆေး အား “ ဘယ်သူ့ကိုမှ မပြောနဲ့ ၊ နောက်ကိုလည်း ငွေပေးဦးမယ် ” ဟု ပြောရင်း ကု,လား အား ပေါက်တူးတစ်လက်နှင့် အလောင်းကို အပ်လေ၏ ။ ဆာနာဆေးသည် အလောင်းကို အိမ်ပေါ်မှ ထမ်းယူ၍ သွားလေ၏ ။


ထိုအတွင်း မိမွှေးသည် အလောင်းတစ်ခုကို အပြင်သို့ ထုတ်၍ ကိုယ်၌ ရွှံ့တွေလိမ်းကျံ၍ ထားလေ၏ ။ 


ဆာနာဆေး မြှုပ်ပြီး၍ ငွေကို ယူရန် ပြန်လာသော အခါ မိမွှေးက “ ဟဲ့ .. ခွေးကု,လား ၊ နင် ဘာပြုလို့ ကောင်းကောင်း မမြှုပ်သလဲ ။ ကြည့်စမ်း ၊ အခု ပြန်လာတယ် ။ ပြန်ယူသွား ၊ ချောင်းထဲ ပစ်ချ ” ဟု ပြောလေ၏ ။


ဆာနာဆေးသည် အံ့အားသင့်လျက် အလောင်းကို သေချာစွာ ကြည့်လေရာ ရွှံ့များ ပေကျံ၍နေသည်ကို တွေ့ရသဖြင့် အလောင်းကို လက်ညှိုးထိုးကာ ၊ “ ဟရေး ... နင် ဘာလုပ်တယ် ၊ နင် နင့်ကို မြေကြီးမှာ ကောင်းကောင်း ထားလိုက်ပီ ၊ နင် ကောင်းကောင်း မအိပ်ဘူး ။ အခု ပြန်လာတယ် ။ အယာ ... နင် မကောင်းဘူးအယာ ။ နာ အခု ချောင်းထဲကို ယူမယ် ။ ပါနီမှာ ကောင်းကောင်း အိပ်နေ ” ဟု ပြောကာ ယူဆောင်၍ သွားပြန်လေ၏ ။ 


ထိုအတွင်း တတိယအလောင်းကို ထုတ်ကာ ရေတွေဖျန်းပက်၍ ထားလေ၏ ။ ဆာနာဆေး ပြန်၍လာလေ၏ ။ မိမွှေးက ကု,လားကို ကြိမ်းမောင်းကာ တစ်ဖန် အယူခိုင်းပြန်လေ၏ ။ ဆာနာဆေးက သေချာစွာ အလောင်းကို ကိုင်တွယ်စမ်းသပ်၍ ကြည့်လေလျှင် ရေများစွတ်၍ နေသည်ကို တွေ့ရသဖြင့် ဦးခေါင်းကို ညိတ်ကာ “ နင် မကောင်းရှိုးဝါး ရှိတယ် ။ တရှေတရှေ ရှိတယ် ။ ပါနီမှာ ပွေးတယ် ၊ ကောင်းကောင်း မအိပ်ဘူး ၊ နင် ပြန်လာတယ် ။ နာ အခု ဘယ့်နှယ်လုပ်မယ် ” ဟု ပြောလေ၏ ။ 


မိမွှေးက လက်ဖွဲ့တစ်ခုကို အလောင်း၏ လည်ပင်း၌ ချည်၍ ပေးပြီး “ ဒီတစ်ခါ မလာနိုင်တော့ဘူး ။ မြန်မြန်ယူသွား ” ဟု ပြောရာ တစ်ဖန် ချောင်းသို့ ယူသွား၍ ပစ်ချလိုက်ပြီး လျင်မြန်စွာ မိမွှေးထံ ပြေး၍ လာရာ အလောင်းပြန်၍ မလာတော့သည်ကို တွေ့ရသဖြင့် ငွေငါးကျပ်ကို ယူပြီး တေးဆို၍ သွားလေသတည်း ။


 ▢  ပီမိုးနင်း

📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

No comments:

Post a Comment