❝ အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ❞
⎕ မေဓာဝီ၏ အကွင်းလိုက်တရား
စောဦး ဆိုသော ဝတ္ထုဆရာ တစ်ယောက်ကို ယနေ့ လူငယ် တော်တော်များများ ကြားဖူးကြတော့မည် မဟုတ်ပါ ။ “ စောဦး၏ စာ ” ဆိုသော ဝတ္ထုတို ပေါင်းချုပ်ကလေးကို ပင် စာအုပ်ဆိုင်များ၌ မတွေ့ရတော့ပြီ ။ ဂျာနယ်ကျော်နှင့် အတူ ကျော်ကြားလာခဲ့သော စောဦး ကို တက်ကြွလှသော သတင်းစာဆရာ တစ်ဦး ၊ သွက်လက်လှသော ဝတ္ထုဆရာ တစ်ဦး အဖြစ် သိခဲ့ကြရသည် ။ ထို့နောက် စာပေပရိသတ်၏ မြင်ကွင်းမှ ပျောက်ကွယ် သွားလိုက်သည်မှာ “ အကြာမေ့ကြီး ” ဖြစ်သည် ။ ယခု ပြန်လည် နိုးထလာသည်ကို တွေ့ရသည် ။ သူနှင့် အတူ ရသေ့ကြီး မစ္စတာမောင်မှိုင်း၏ လိပ်ပြာကို တွေ့ရသည် ။
“ စောဦး ” အဖြစ် အိပ်ရာဝင်ခဲ့ပြီး ဝတ်ကြောင် ရသေ့ကြီး “ မေဓာဝီ ” အဖြစ် နိုးလာသည် ။
လောကီတွင် မိန်းမူး မေ့မြောရာမှ လောကုတ္တရာတွင် နိုးလာသည် ။
လောကီတွင် တက်ကြွလှသော အဖြစ်မှ လောကုတ္တရာတွင် တက်ကြွလှသော အဖြစ်သို့ လုံးဝပြောင်းသွားသည် ။ ( ယခု ဝတ္ထုတို ထဲက ကိုချစ်စရာ ကမူ သူ့ကို စိတ်ဓာတ်ကျသည်ဟု စွပ်စွဲသည် ။ ကျွန်တော် ကတော့ စိတ်ဓာတ် တက်ကြွနေသည် ။ သို့သော် နယ်ပယ် ကွဲနေခြင်းသာ ဖြစ်သည်ဟု မြင်မိပါသည် ။ )
ဤဝတ္ထုမှာ မေဓာဝီ ဝတ္ထုစဉ် ( ၂ ) ဖြစ်သည်ဟု ဆိုနိုင်သည် ။ စက်တင်ဘာလထုတ် မဟေသီမဂ္ဂဇင်း အမှတ်စဉ် ( ၂ ) တွင် စောဦး၏ ကိုယ်ပွား မေဓာဝီ ထွက်ပေါ် လာခဲ့သည် ။ မဟေသီ က “ မေဓာဝီ၏ ဗြဟ္မစိုရ် ” ကို ဝတ္ထုလတ်ကဏ္ဍတွင် ထည့်သွင်းခဲ့သည် ။ “ မေဓာဝီ၏ ဗြဟ္မစိုရ် ” မှာ မဟေသီ မဂ္ဂဇင်းအား ကြိုဆိုခွန်းဆက်သော ဝတ္ထု ဖြစ်သည်ဟု ဆိုနိုင်ပါသည် ။ ယခု ကျွန်တော် ရွေးချယ်လိုက်သော “ မေဓာဝီ၏ အကွင်းလိုက်တရား ” ကို ထောက်ရှုလိုက်လျှင် မေဓာဝီ ဝတ္ထုစဉ် ၊ ကဗျာစဉ် အဖြစ် ဆက်လက် ရေးဦးမည့် လက္ခဏာ ရှိပါသည် ။
“ မေဓာဝီ၏ အကွင်းလိုက်တရား ” ဝတ္ထုကို သေချာ သုံးသပ်ကြည့်လျှင် အဟောင်းနှင့် အသစ်ကို ထူးဆန်းစွာ သမမျှတအောင် ပေါင်းစပ်ထားသကဲ့သို့ ရှိနေသည် ။ ဝတ္ထုကြောင်း ရေးရာတွင် ခေတ်သစ် ဆန်လှသည် ။ အတွေးစဉ်များ ဖော်ပြရာတွင်ကား ကဗျာဖြစ်သည် ။ သည်ကြားထဲတွင် ဗုဒ္ဓမြတ်ရှင်၏ အဆုံးအမများကို အပိုဒ် လိုက်သီးသန့် ထည့်သွင်းသွားသည် ။
ဤဝတ္ထုကို ဖတ်ပြီးနောက် ပြန်မဖတ်တော့ဘဲ ပစ်ထားလိုက်ပါလျက် ကျွန်တော့် ရင်ထဲတွင် စွဲကျန်နေရစ်သော အချက်မှာ ဗြဟ္မစိုရ် ကင်းနေသော မျက်မှောက် လောကကြီး ဖြစ်ပါသည် ။ ပြန်ပြီး စဉ်းစားလိုက်တိုင်း စက်ဆုပ်ရ မလိုလို ထိတ်လန့်ရ မလိုလို စိုးရိမ်ရ မလိုလို ခံစားမိပါသည် ။
ဝတ္ထုတစ်ပုဒ် အဖြစ် သုံးသပ်လိုက်လျှင် ဗြဟ္မစိုရ် ပွားသူ နှင့် ဗြဟ္မစိုရ် မဲ့သူ တို့၏ အားပြိုင်မှုကြီး ၊ ထိုမှတစ်ဆင့် ဗြဟ္မစိုရ်ပွားသူ၏ အဇ္ဈတ္တအားပြိုင်မှုကြီးမှာ ပဓာနအချက် ဖြစ်သည်ဟု ဆိုနိုင်ပါသည် ။
ဇာတ်လမ်း ဟူ၍ မည်မည်ရရ မရှိပါ ။ ဦးမေဓာဝီ ကြုံရ ကြားရသော ဖြစ်ရပ်ကလေး သုံးလေးခု နှင့် ဦးမေဓာဝီ၏ ခံစားမှု ၊ သံဝေဂယူမှုများသာ ဖြစ်ပါသည် ။
အသစ်နှင့် အဟောင်းကို ထူးဆန်းစွာ ပေါင်းထားသည့် ဝတ္ထု ဖြစ်သည့်အတိုင်း ဖြစ်ရပ်တို့ကို ဖော်ပြရာတွင် ရေးဟန်နှင့် တင်ပြပုံတို့မှာ ခေတ်ဆန် သွက်လက်လှပါသည် ။ ဝတ္ထု ဖွင့်လိုက်သော ပထမဆုံး ဝါကျကို ကြည့်ပါ ။
“ နေဝင်ဖျိုးဖျလောက်၌ သူတို့ ရောက်လာကြ၏ ” တဲ့ ။ ဝတ္ထုတို တစ်ပုဒ် ရေးရာတွင် အလွန် အရေးကြီးလှ ကြောင်း ၊ ကျွန်တော် တင်ပြခဲ့ဖူးပါပြီ ။ အဖြစ်အပျက်ကို အစဉ်အတိုင်း တင်ပြရမည် ဆိုလျှင် ဦးမေဓာဝီ၏ ခြံဝင်း အတွင်း အိမ်ရှေ့ရှိ ဆီးပင်ပေါ်၌ ငြိမ်းချမ်းစွာ အသိုက်လုပ်၍ သားပေါက်နေသော ဗွတ်ကလုံမိခင် ငှက်မကြီးကို အသက် ဆယ်နှစ် ဆယ့်တစ်နှစ် အရွယ် ကလေး တစ်ယောက်က လောက်လေးနှင့် ပစ်သတ်သည် ။ အိမ်ပြတင်းမှန် တစ်ချပ်လည်း ကွဲသွားသည် ။ ထို့ကြောင့် ဦးမေဓာဝီက လောက်လေးကို သိမ်းယူထားလိုက်သည် ။ ထိုကလေးက မကျေနပ်၍ အခြား ကလေးများကိုပါ ခေါ်ပြီး ဟစ်အော် ကြွေးကြော်၍ လောက်လေးကို ပြန်တောင်းသည် ။ ဦးမေဓာဝီ က မေတ္တာ ဆုံးမစကား ဆိုပြီး ပြန်ပေးလိုက်သည် ။ ဤမျှသာ ဖြစ်သည် ။
စောဦး က အခန်း ၁ ၊ ၂ ၊ ၃ ခွဲလိုက်သည် ။ ကလေးများ စုဝေး၍ လောက်လေး ပြန်တောင်းခန်းကို အခန်း ၁ အဖြစ် ထားလိုက်သည် ။ ဗွတ်ကလုံကလေးကို ပစ်သ,တ်ခြင်းကို ပြန်လည် တွေးနေမိဟန်ဖြင့် အခန်း ၂ ပြောင်းပေး လိုက်သည် ။
ဤသို့ ပြောင်းလိုက်ခြင်းဖြင့် ဇာတ်ရှိန် အမြင့်ပိုင်း ၊ အားပြိုင်မှု ကြီးသော အပိုင်းတို့ နောက်သို့ ရောက်သွားစေ သည် ။ အကယ်၍ ကာလစဉ် အတိုင်း အဖြောင့် ရေးလိုက်လျှင် ဇာတ်ရှိန်မှာ ဗြုန်းခနဲ တက်ပြီး ချက်ချင်း ကျသွားမည် ဖြစ်သည် ။ လောက်လေး ပြန်တောင်းခန်းကို ရှေ့သို့ ပို့ပေး လိုက်သောကြောင့် ဇာတ်ရှိန်တက်ပုံလည်း ညင်သာသည် ။ စာဖတ်သူ၏ သိလိုစိတ် ကိုလည်း နှိုးဆွနိုင်သည် ။ ရုတ်တရက် ဖမ်းစားမှုလည်း ကောင်းသွားစေသည် ။
ခေါင်းဆောင်က ညာလက်ကို မြှောက်လိုက်ပြီး
“ တစ် ၊ နှစ် ၊ သုံး ၊ လေး ” ဟု အသံတိုင်ပေး လိုက်ရာ အားလုံးက
“ အဘိုးကြီး လောက်လေး ပြန်ပေး ” ဟု တညီတညာတည်း ကုန်းဟစ်ကြသည် ။
ဤသို့အားဖြင့် အဘိုးကြီး မေဓာဝီ နှင့် ဆယ်နှစ် ဆယ့်တစ်နှစ် အရွယ် ကလေးငယ်တို့၏ ပဋိပက္ခ ပေါ်လွင်စေသည် ။ အဘိုးကြီးက လောက်လေးကို ယူထားလိုက်၍ ကလေးများ မကျေမနပ်ဖြစ်ပြီး လာရောက် ဆန္ဒပြကြကြောင်းကိုကား သိသာနေပြီ ။ ဘာကြောင့် ဤလေးခွ လက်နက်ကို သိမ်းရသနည်း မသိရသေး ။ အခန်း ၂ တွင်မှ အပြည့်အစုံ ဖော်ပြသည် ။ အခန်း၂ ရေးဖွဲ့ထားပုံမှာ စံပြုလောက်ပါပေသည် ။ ကလေးငယ်၏ အမူအရာ ၊ အဘိုးကြီး၏ အမူအရာ ၊ ငှက်ငယ်၏ အမူအရာ အားလုံးတို့ကို ဤမျှ တိုတောင်းလှသော ကာလလေးအတွင်း ပြည့်စုံအောင် ပြောနိုင်ခြင်းကို ကျွန်တော် အလွန် နှစ်သက်မိပါသည် ။ စင်စစ် အမူအရာများ ပေါ်လွင်ရုံသာမက ကလေးငယ်များပင် ဗြဟ္မစိုရ်တရား ၊ ဂါရဝ နိဝါတတရား ကင်းနေကြလေပြီ ဟူသော အသိကို တုန်လှုပ်စွာ ခံစားလိုက်ရမိပါသည် ။
အခန်း၂ ကို ကျွန်တော် အထပ်ထပ် ပြန်ဖတ်မိပါသည် ။ ဖတ်လိုက်ရင်း အရသာ တွေ့နေမိသဖြင့် သေချာ စူးစမ်းကြည့်တော့ သူ့ချည်းပင်လျှင် ဝတ္ထုတိုလေး တစ်ပုဒ် ဖြစ်နေကြောင်းကို အံ့သြစွာ တွေ့လိုက်ရပါသည် ။ ရက်စက်သူနှင့် အရက်စက်ခံရသူ ၊ အားကြီးသူနှင့် အားနည်းသူ ၊ ဗြဟ္မစိုရ်ပွားသူနှင့် ဗြဟ္မစိုရ်မဲ့သူ အားလုံးတို့ကို စုပြုံပြီး တွေ့နေရသည် ။
ပြတင်းပေါက် မှန်တံခါးကို ခဲတစ်လုံး လာမှန်ပြီး ဖြန်းခနဲ ကွဲသွားခဲ့သည် ။ နောက်တစ်လုံးက သူ့ခေါင်းပေါ် တည့်တည့်ရှိ ဆီးကိုင်းပေါ်မှ တစ်စုံတစ်ခုကို ဖောက်ခနဲ ထိမှန်ပြီး သူ့ရှေ့ တစ်လံ ကွာလောက်၌ ငှက်ကလေးတစ်ကောင် ဖုတ်ခနဲ ကျလာသည် ။ နှုတ်သီးဝါဝါလေးမှ သွေးစိမ်းရှင်ရှင် တပြွတ်ပြွတ် အန်ထွက် နေ၏ ။ အနီးသို့ ကပ်ကြည့်လိုက်သောအခါ အသက် မရှိတော့ပေ ။ သတ္တဝါနှင့် လက်နက်မှာ မမျှ ။ မျက်လုံးတစ်ဖက် အပြင်သို့ ပေါက်ထွက်ပြီး မေးရိုးတစ်ခုလုံး ကြေမွနေ၏ ။
“ ဖြစ်မှဖြစ်ရလေ ဗွက်ကလုံလေး ရယ် ၊ မင်းကို ဘယ်သူများ ပစ်ချလိုက်ပါလိမ့် ”
“ ကျွန်တော်ပစ်တာဗျ ၊ ကျွန်တော် ”
သူ မော့၍ ကြည့်လိုက်ရာ သားရေ လောက်လေးတစ်လက် ကိုင်လျက် လုံကွင်းတိုတိုနှင့် သူ့ရှေ့တွင် ရပ်နေသော သောနုတ္ထိုရ် ပေါက်စနကလေးကို တွေ့ လိုက်ရသည် ။
ဦးမေဓာဝီက ငှက်ကလေးကို ကောက်မည်ပြုသော ကလေးငယ်၏ လက်ကို ဆွဲထားလိုက်သည် ။ ထို့နောက် ကလေးငယ်နှင့် ချီချစကားပြော၍ မေတ္တာတရား ဗြဟ္မစိုရ်တရားကို ဟောသည် ။
“ အခု မင်း ပစ်ချလိုက်တာက သူတို့ရဲ့ အမေ ၊ အမေမရှိရင် သူတို့ကို ဘယ်သူ အစာရှာကျွေးမလဲ ။ သူတို့မှာ အတောင် မပေါက်သေးဘူး ။ ဘယ်ကိုမှလဲ မပျံနိုင်ကြသေးဘူး ။ ကြားလား သူတို့ အော်နေတဲ့ အသံကလေးတွေ ။ အမေက အစာ ရှာရှာ ယူလာပြီး သူတို့ပါးစပ်ထဲ ခွံ့ပေးမှ စားရတဲ့အရွယ် ”
“ ဘာတွေ ပြောနေတာလဲ ၊ ကျုပ် နားမလည်ဘူး ၊ ကျုပ်လက်ကို လွှတ် ၊ မလွှတ်ရင် လေးခွနဲ့ မျက်နှာကို တီးထည့် လိုက်မယ် ”
“ နေဦး မင်း နားလည်အောင် ငါ ပြောပြဦးမယ် ။ သည်မှာ ငါ့မြေး ၊ မင်း ဘယ်အိမ်ကလဲ ။ မင်းမှာ အမေရှိတယ် မဟုတ်လား ”
“ လူပဲဗျ ။ အမေမရှိဘဲ နေပါ့မလား ”
“ အေး ၊ တိရစ္ဆာန်တွေ မှာလဲ အမေ ရှိတာပဲ ။ တကယ်လို့ တစ်ယောက် ယောက်က မင်းအမေရဲ့ခေါင်းကို တူနဲ့ ထုသ,တ်လိုက်လို့ အခု ငှက်အမေကလေး လို မျက်လုံးတွေ ပေါက်ထွက်ပြီး ၊ ပါးစပ်က သွေးတွေပန်းထွက်နေတာ မြင်ရရင် မင်း ရယ်နိုင်မလား ၊ နောက်ပြီး မင်းအမေရဲ့ အသားကို မင်း မီးကင်ပြီး စားရက်မလား ”
“ ခင်ဗျားကြီး လူစကား ပြောနော် ။ ကဲကွာ ပြောဦး ”
လေးခွနှင့် မျက်နှာကို လှမ်းရိုက် လိုက်သော လက်ကို ကျန် လက်တစ်ဖက်ဖြင့်ဆွဲရင်း သူ့မျက်နှာ ကိုလည်း တိမ်းပစ်လိုက်ရသည် ။ ဪ တော်တော်ကြမ်းတဲ့ လက်မရွံ့ကလေးပါလား ။
••••• ••••• •••••
ဗြဟ္မစိုရ်တရား ဖောက်ထွင်း၍ မရနိုင်သော မိုက်မဲသူတွေကို တွေ့နိုင်ပါပြီ ။ အလင်းနှင့် အမှောင် ၊ ကရုဏာနှင့် ရက်စက်မှုတို့ အားပြိုင်ပွဲကြီး ဖြစ်သည် ။ ဆက်ဖတ်လိုက်သောအခါတွင် အောင့်သက်သက် ရှိလှသော ဟာသကို တွေ့ရပါလိမ့်မည် ။
“ တို့ခြံထဲမှာ သူတို့ စိတ်ချလက်ချ နေကြတာဟာ ၊ ဒီအိမ်က လူတွေ သူတို့ ကို ဘယ်တော့မှ ရန်မပြုဘူး ဆိုတာ သိလို့ နေကြတာ ။ တို့က အစာလဲ ကျွေးတယ် ။ သူတို့သောက်ဖို့ ၊ ရေချိုးဖို့ ရေကန် ကလေးလဲ လုပ်ပေးတယ် ။ အဲဒါကို မင်းတို့က လာသ,တ်တယ် ။ ခဏခဏ လာပြီး ပစ်ခတ်ကြတယ် ။ အခုလဲ သူ့ကလေးတွေကို အစာရှာကျွေးနေတဲ့ သားသည် မအေလေးကို မင်း သ,တ်လိုက်ပြန်ပြီ ။ ငါ့မှန် တစ်ချပ်လဲ မင်း ပစ်လို့ ကွဲသွားပြီ ။ အခုထိ ငါ့ကို တောင်းပန်ရမှန်း မသိသေးဘူး ၊ မတောင်းပန်တဲ့ အပြင် မင်းအဘိုး အရွယ်လောက် ရှိတဲ့ ငါ့မျက်နှာကိုတောင် ပြန်ရိုက်ဖို့ မင်း ကြိုးစားနေတယ် ။ မင်းကို ငါ ဘာလုပ်ရမလဲ ”
“ အောင်မာ ၊ လုပ်ရဲရင် လုပ်ကြည့် ပါလား ကျုပ်အဖေက ခံလိမ့်မယ် ထင်သလား ၊ ဖယ်ဗျာ ”
••••• ••••• •••••
ကလေးတို့ ဗြဟ္မစိုရ်တရား ကင်းမဲ့နေမှု ၊ ဂါရဝနိဝါတ တရားကင်းမဲ့နေမှုတွင် လူကြီးမိဘတို့၏ တာဝန် မကင်းပုံကို သိမ်မွေ့စွာ ပြလိုက်ခြင်း ဖြစ်သည်ဟု နားလည်လိုက်မိပါ သည် ။
ဝတ္ထုတစ်ပုဒ်တွင် အားပြိုင်မှု တက်လာပြီးနောက် ၊ ဇာတ်ထွတ်သို့ ရောက်လျှင် ပြန်ဆင်းရသည်မှာ သဘာဝ ဖြစ်ပါသည် ။ ဇာတ်ဆင်းပုံ ဇာတ်ပြေပုံ ပရိသတ် စောင့်ကြည့် ကြစမြဲ ဖြစ်ပါသည် ။ ဇာတ်ထွတ်သို့ တက်သွားပုံ အားကြီး ခွန်ကြီး ကောင်းနေလျှင် ဇာတ်လမ်း မည်သို့ ဖြေမည်ကို မက်မက်မောမော ၊ ထိတ်ထိတ်ဖိုဖို စောင့်စားကြည့်နေမိ တတ်သည် ။ ဖြေပုံ ထွက်ပုံ မကောင်းလျှင် ၊ ယုတ္တိမဲ့လျှင် အရသာ ပျက်သွားတတ်ပါသည် ။
အခန်း ၃ ရောက်မှ အခန်း ၁ ကလေးများ ဆန္ဒပြပွဲကို ပြန်ဆက်သည် ။ အခန်း ၁ ကို အဆုံးသတ်ပုံနှင့် အခန်း ၃ ဖွင့်လိုက်ပုံကို ဤသို့ တွေ့နိုင်သည် ။
ထိုကလေးများ ရှိရာ ခြံဝသို့ ခပ်ဖြည်းဖြည်း ခပ်မှန်မှန် လျှောက်၍ လာခဲ့သည် ။ ပွဲကောင်း တစ်ခုတော့ တွေ့ရပြန်ပြီ ။
ဝင်းဝသို့ သူ ရောက်ခါနီးသောအခါ ကလေးများ နောက်သို့ အနည်းငယ် ရှဲသွားသည် ။ သူက ငှက်ခတ်သမားလေး အား လက်ယပ်ပြ၍ ခေါ်လိုက်သည် ။
( ဤနေရာတွင် ကျွန်တော်တို့ ဦးမေဓာ၏ မည်သို့ ပြုမည်ကို သိချင်နေကြပြီ ။ သူက )
“ ငါ မှားသွားတယ်ကွယ် ”
“ မင်းလေးခွကို ငါက အတင်းဝင် လုယူထားလိုက်တော့ ငါလဲ လူဆိုး တစ်ယောက် ဖြစ်သွားတယ် ။ မင်း လက်နက်နဲ့ နောက်ထပ် သတ္တဝါတွေ မသေကြရပါစေနဲ့လို့ ၊ ငါ ယူထားလိုက်တာပါ ။ ငါ့ကို မင်းတို့က ခုလိုလာပြီး အပြစ်ဒဏ်ခတ်တာကို ငါ သည်းခံပါတယ် ။ ငါက မှားမိပေသကိုး ။ အေး ၊ ငါ့ခြံထဲ ငှက်ကလေးကို ပစ်သ,တ်သွားတဲ့ မင်းလဲပဲ ကိုယ့်အပြစ်နဲ့ကိုယ် ခံပေါ့ကွာ ဟုတ်လား ၊ ကိုယ်ကြိုက်တာ ကိုယ်လုပ် ။ ကိုယ် လုပ်တာ ကိုယ်ခံကြပေါ့ ။ ငါပြောတဲ့ စကားကို မင်းတို့အားလုံး သဘောပေါက်နိုင်ကြ ပါစေ ။ ကိုင်း ၊ ရော့ ၊ မင့်လေးခွ ”
လေးခွကို ပိုင်ရှင် လက်ထဲသို့ သူ ပြန်ထည့်ပေးလိုက်သည် ။
“ သတ္တဝါတွေကို သနားကြပါ ကွယ် ။ မင်းတို့ စိတ်တွေ မရိုင်းစိုင်းချင်ကြပါစေနဲ့ ”
လူရွယ်တစ်ယောက် မြောက်ဘက်မှ ခပ်သုတ်သုတ်ကလေး လျှောက်လာသည် ။ သူ့ကို ပြုံး၍ နှုတ်ဆက်၏ ။ လေးသည်တော်ဂိုဏ်းသားများ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြသည် ။
••••• ••••• •••••
လေးသည်တော်ဂိုဏ်းသားများ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည် ဟူသော ဟာသနုနုလေးကို ကျွန်တော် အလွန် သဘောကျမိပါသည် ။ ရောက်လာသော လူရွယ်မှာ ကောင်စီမှ ဖြစ်သည် ။ မီးဘေးဒုက္ခသည်များအတွက် ထမင်းထုပ် လည်ကောက်နေသူ ဖြစ်သည် ။ ထိုလူရွယ် ကိုတော့ လေးသည်တော်များ ကြောက်ကြဟန် တူသည် ။ ကျွန်တော် ပြုံးမိပါသည် ။ သို့သော် ထိုလူရွယ် ပြောသော စကားများကို ကြားလိုက်ရသောအခါတွင်ကား စိတ်ညစ်ညူး သွားမိပြန်သည် ။
••••• ••••• •••••
“ ထမင်းထုပ်တော့ ပေးရလိမ့်မယ် အဘ ရေ ။ နေ့လယ်က သမိုင်းဘက်မှာ လောင်တဲ့မီး မနည်းဘူး အဘ ။ မီးလောင် လို့ ဒုက္ခ အကြီးအကျယ် ရောက်နေတဲ့ အထဲ မကူညီတဲ့အပြင် အလစ်ဝင်သုတ်တဲ့ လူကသုတ် ၊ သိပ်ဆိုးတာပဲ အဘရာ ။ လူစိတ်ဆိုလို့ လုံးလုံး မရှိကြတော့ဘူး ”
“ လူစိတ်ဆိုလို့ ၊ လုံးလုံး မရှိကြတော့ဘူး ” ဟု သူ လိုက်၍ ဆိုမိသည် ။
••••• ••••• •••••
ဝတ္ထုဆရာက သူ လေးနက်စေချင်သော စကားကို နှစ်ခါ ထပ်ပြီး ထည့်ရာတွင် လိမ္မာလှပုံကို ကျွန်တော် သတိပြုမိပါသည် ။ ထိုအချက်ကို အောက်က မျဉ်းသားပေးလိုက် သကဲ့သို့ စာလုံးမည်း ထည့်ပေးလိုက် သကဲ့သို့ ခရီးရောက်လှကြောင်းကိုလည်း တွေ့လိုက်ရပါသည် ။
ထိုနောက်တွင်ကား ကျွန်တော် သည်ဘက်ခေတ် ဝတ္ထုတိုများတွင် တွေ့ဖို့ရန် လုံးဝ မမျှော်လင့်သော အကွက်များ ဝင်လာတော့သည် ။ ဘုရားဟော တရားတော်များကို တိုက်ရိုက် ထည့်သွင်း ပေးလိုက်သည် ။
ထိုသို့ တွေ့လိုက်ရသောကြောင့် ဘယ်လိုပါလိမ့် မလဲ ။ ခေတ်သစ်ဝတ္ထုနဲ့ လုံးဝ မတူပါလားဟု အောက်မေ့နေစဉ် အခန်း ၅ ကို စာထောင့် လေးချိုးပြီး ပထမပိုဒ်နှင့် စဖွင့်လိုက်သည် ။
ဣမသ္မိံ စက္ကဝါဠေစမှာဖြင့်
ရှိသမျှ သိမ်သိမ်မှိန်မှိန် လက္ခဏာ
အခြေမလှသူ အပေါင်းရယ်နဲ့
အတိဗလ မပိန်မလိန်အထက်လွှာ
“ ကေဝလ ” တို့ကိုလ
သက်တစ်ရာ ရှည်ကြပါစေသောဝ်ရယ်လို့
ဈာန်သမထနဲ့ မလစ်အာရုံ
အိုကွယ် စက်ရာအထ ၊ မျက်နှာ အသ, အသမှာဖြင့်
အဂ္ဂါမနာပရယ်နဲ့ ဗြဟ္မာ့မေတ္တာဘုံ ။
••••• ••••• •••••
ရုတ်တရက် မစ္စတာမောင်မှိုင်း၏ ဋီကာကြီးများကို ဖတ် လိုက်ရသကဲ့သို့ ကဗျာရသကို ခံစားမိပြန်သည် ။ ဗြဟ္မစိုရ် ပျက်နေကြသော လူ့လောကကြီးအကြောင်း ပူလောင်စွာ ခံစားနေရရာမှ ရုတ်တရက် ကဗျာအလှ သန္တရသကို တွေ့ လိုက်ရသလို ပြောင်းသွားပြန်ပါသည် ။
ဦးမေဓာ၏ ငယ်သူငယ်ချင်း တစ်ယောက် ဇာတ်လမ်းက ဝင်လာပြန်သည် ။ နာမည်က “ ချစ်စရာ ” တကယ် ချစ်စရာကောင်းလို့ သည်နာမည်ကို ပေးထားသလား ၊ ခပ်လှောင်လှောင်ပဲ ပေးထားသလား ။
ကိုချစ်စရာက အသက် ၆၆ နှစ် ရှိပြီ ။ ဇနီးဖြစ်သူ အနိစ္စရောက်၍ တစ်လ မပြည့်မီ မြေးအရွယ်လောက် ရှိသော စတီရီယို အဆိုတော်မလေး တစ်ယောက်ကို လက် ထပ်ယူလိုက်သည် ။ ၆၆ နှစ်မြောက် သူ့မွေးနေ့ပါတီ ကြီးကြီးကျယ်ကျယ် လုပ်မည်မို့ ဦးမေဓာကို လာဖိတ်သည် ။ သူက ပျော်ပွဲရွှင်ပွဲတွေကို အဘိုးကြီးဘဝ ရောက်ပြီ ဖြစ်၍ စိတ်မပါတော့ကြောင်း ပြောပြီး ငြင်းသည် ။ ကိုချစ်စရာ က
“ ဘာကွ ၊ မင်းတစ်ယောက် စိတ်ဓာတ်တွေ ကျလှချည်းလား ။ မင်းစိတ်ကို မင်းခြေချင်းဝတ် အထိ ချချပစ်နေတာကတော့ မဟုတ်ကို မဟုတ်သေးဘူး မေဓာဝီ ”
ဤသို့ ဝေဖန်သည် ။ ဦးမေဓာဝီက သူတို့ အားလုံးကို မေတ္တာပို့သည် ။ မေတ္တာပို့ရင်း သတိရစရာ တစ်ခုပေါ် လာပြန်သည် ။ ထိုအဖြစ်အပျက်နှင့် အခန်း ၅ ကို အဆုံးသတ်လိုက်သည် ။ အဆုံးသတ်ပုံ ၊ ရပ်လိုက်ပုံကို ကြည့်ပါ ။
••••• ••••• •••••
“ ကျွန်တော် ပြောရရင် ယုံမလားဆရာ ” ဟု လွန်ခဲ့သော သီတင်းကျွတ်လက ကန်တော့ရန် ရောက်လာခဲ့သော အကျဉ်းထောင် အမှုထမ်းတပည့် တစ်ယောက်က သူ့အား ပြောလိုက်ခြင်းဖြစ်၏ ။
“ အမွေ ကိစ္စအတွက်တဲ့ ဆရာ ၊ ကိုယ့်အဖေရင်း အမေရင်းနဲ့ တစ်အူထုံ့ ဆင်းတွေကို သ,တ်ပစ်ခဲ့တဲ့ အမှုတစ်ခု ၊ အခု ဒီလူ တစ်သက် တစ်ကျွန်းကျနေတယ် ”
“ ဘုရား ၊ ဘုရား ကျားသားမိုးကြိုးကွယ် တော်တော်မိုက်တဲ့ သူငယ်ပါလားကွယ် ”
“ သူငယ် မဟုတ်ဘူး ဆရာ ၊ သူငယ်မ ။ ယောက်ျား မဟုတ်ဘူး ၊ မိန်းမ ”
ဆက်ရေးစရာ မလိုတော့ပြီ ။ ဗြဟ္မစိုရ် ကင်းမဲ့ပုံကြီး ဝိုးဝိုးဝင်းဝင်း ပေါ်နေပါပြီ ။ ထို့နောက် အခန်း ၆ ကို လေးချိုးကြီး ဒုတိယအပိုဒ်နှင့် ဖွင့်လိုက်သည် ။ လေးချိုးကြီး တစ်ပုဒ်လုံး ဆုံးပြီးသည့် နောက်တွင်ကား အခန်း ၇ ။ အခန်း ၇ မှာ နိဒါန ဝဂ္ဂသံယုတ် ၊ ဗာလပဏ္ဍိတသုတ် မြန်မာပြန်မှသာ ဖြစ်သည် ။ ဝတ္ထု၏နိဂုံး ကြေးစည်သံ ဟု ဆိုသင့်ပါသည် ။
••••• ••••• •••••
ကျွန်တော် ဤဝတ္ထု ရွေးမည် ကြံလိုက်တိုင်း ဘယ်လို တင်ပြရပါမည်လဲ တွေးကာ ရင်လေးလှသဖြင့် ကောက်ပြီး ကိုင်လိုက် ၊ ပြန်ချထားလိုက် အကြိမ်ကြိမ် ဖြစ်ခဲ့ရပါသည် ။ အဟောင်းဆုံးသော အကြောင်းအရာကို အဟောင်းဆုံးသော ရေးနည်းတွင် အသစ်ဆုံးသော ရေးနည်းကို ပေါင်းစပ်ကာ အဆန်းဆုံးဖြစ်အောင် ရေးဖွဲ့ထားသည့် ဝတ္ထုဟု ဆိုရပါတော့သည် ။
လောကီကို လုံးဝ စွန့်ရန် ကြိုးစားနေရင်းက လောကုတ္တရာ ကိုသာ အားထုတ်ရန် အနုပညာဂူတွင် အောင်းနေမိသည့် ဝတ္ထုဆရာ၏ နှောင်ကြိုးတစ်မျှင်ကိုလည်း နားလည်လိုက်မိ သလိုလို ရှိပါသည် ။ စကားလုံး ကောင်း၍ ပီပြင်လှသော လေးချိုးကြီးသည် ဝတ္ထုဆရာ၏ အနုပညာ သံယောဇဉ်ကို ပြနေသကဲ့သို့ ရှိပါသည် ။ ဝိပဿနာတွင် အထိုင်ကြာသောအခါ ကဗျာ၌ အညောင်းဆန့်ခြင်း သဘောကို တွေ့ရသလိုလို ရှိပါသည် ။
ဤဝတ္ထုတွင် ကျွန်တော် အလေးနက်ဆုံး ခံစားမိသည့် အချက် နှစ်ခု ရှိပါသည် ။ ပထမ အချက်မှာ ကဗျာ အနုပညာ၏ ရသ ဖြစ်ပါသည် ။ ဒုတိယ အချက်မှာ ( ဒုတိယ ဟု ဆိုရသော်လည်း ပထမထက် ပို၍ အရေးကြီးသော အချက်မှာ ) လူ့လောကကြီး မကျန်းမာတော့ပြီ ဟူသော အချက်ပင် ဖြစ်ပါသည် ။
ဝတ္ထုဆရာ စောဦးက ဗြဟ္မစိုရ်ကိစ္စ ၊ စာရိတ္တကိစ္စ ၊ ကလေးငယ်များ၏ ကိုယ်ကျင့်တရားကိစ္စ စသည်စသည် တို့ကို သတိပြုမိကြရန် အရေးတကြီး တင်ပြလိုက်သည် ။ နှိုးဆော်လိုက်သည် ဟု ကျွန်တော် ခံစားမိပါသည် ။ သူ တင်ပြခဲ့သော ဖြစ်ရပ်ကလေးများကို ကျွန်တော် မေ့ပျောက်နိုင်တော့မည် မဟုတ်ပါ ။
သူ့ကဗျာကြီးကို ကျွန်တော် နှစ်သက်နေမိခြင်းမှာ မစ္စတာမောင်မှိုင်း အား ကျွန်တော် နှစ်သက်ခဲ့မိသည့် အစွဲခံ ရှိနေသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည် ။ ထို့ပြင် ကျွန်တော် ကိုယ်တိုင် အသက်အရွယ် ရလာပြီ ဖြစ်၍ တစ်ကြောင်း ၊ ပါဠိဝေါဟာရများ ၊ လောကုတ္တရာ ဝေါဟာရများနှင့် အတန်အသင့် ရင်းနှီးခဲ့၍ လည်းကောင်း ပိုမိုခံစားနိုင်ခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည် ။ ယနေ့ လူငယ်များ အဖို့ကား ၊ ကေဝလ ဆိုသည်မှာ အလုံးစုံကုန်သော ၊ ပပဉ္စ ဆိုသည်မှာ သံသရာကို ချဲ့တတ်သော တဏှာ ၊ မာန ၊ ဒိဋ္ဌိ တရားသုံးပါး ၊ ပက္ခိယ ဆိုသည်မှာ မဂ်ဖိုလ်လမ်းကြောင်း အတောင်အလက်နှင့် တူသော တရား စသည်ဖြင့် သိနိုင်ကြရန် ခဲယဉ်းကြပါလိမ့်မည် ။ ဤသို့ အလုံးစုံကို မသိသော်လည်း ကဗျာကိုတော့ ထိုက်သင့်သမျှ အရသာ ခံနိုင်ကြဖွယ်ရာ ရှိပါသည် ။ ဤဝေါဟာရများ ၊ ဤတရား များမှာ ကျွန်တော်တို့နှင့် လုံးဝ စိမ်းနေသည်ဟုကား မဆိုနိုင်ပါ ။ သိလိုလျှင်လည်း မေးစရာ စမ်းစရာ ပုဂ္ဂိုလ်တွေ တစ်ပုံကြီး ရှိနေပါသည် ။ မေးစရာ စမ်းစရာ လူရှားပါးလှသော ရေနွား ၊ မိုးနေး ၊ ကာ့ဖ်ကာ ၊ ဖြစ်တည်မှုပဓာန စသည် စသည်တို့ကိုပင် ကျွန်တော်တို့ မေးမြန်းစူးစမ်း၍ ကြိုးစား ခံစားနေကြပြီ မဟုတ်ပါလား ။
မည်သို့ပင် ဖြစ်စေ ကျွန်တော် ကြိုက်ပုံကြိုက်နည်းကို ကြိုးစား တင်ပြခဲ့ပြီးပါပြီ ။ ကျေးဇူးတင်ပါသည် ။
⎕ အောင်သင်း
📖သဘင် မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၁၉၈၄

No comments:
Post a Comment