❝ ကြွေးဟောင်းငွေ ❞
( ပီမိုနင်း )
မောင်လွန်းမောင်သည် ငွေဆယ်တန်စက္ကူ ကိုးချပ်ကို လက်နှင့် ဆုပ်ကိုင်ကာ တောက်ပသော မျက်လုံးများနှင့် ကြည့်၍ နေလေ၏ ။
ထိုငွေကိုးဆယ်သည် မိမိ၏ ရိုးသားခြင်း ၊ အလုပ် ကောင်းခြင်း ၊ သစ္စာရှိခြင်း ၊ တည်ကြည်စွဲမြဲခြင်းအတွက် အလုပ်တိုက်က မစခြ င်းမပြုသောကြောင့် နတ်ကောင်း နတ်မြတ်များ လာ၍ မစသော တစ်လခ ဖြစ်လေသလားဟု စဉ်းစား၍ နေလေ၏ ။
ဤအလုပ်တိုက်၌ လုပ်ခဲ့သည်မှာ ငါးနှစ်ကျော်ခဲ့၏ ။ လုပ်သော အလုပ်မှာ တစ်ရာကျော်မက တန်၏ ။ ရိုးသားတည်ကြည်၏ ။ အခြား အလုပ်တိုက်ကြီးများမှာ ဖြစ်လျှင် ကိုးဆယ်မက ရဖို့ရှိ၏ ။ သို့သော်လည်း ဦးအုံးဖေကုမ္ပဏီမှာ ကြီးပွားသင့်သလောက် မကြီးပွားသဖြင့် သူဌေးဦးအုံးဖေ၏ ကတိစကားများနှင့်သာ ကျေနပ်၍ နေခဲ့ရသည်မှာ သုံးနှစ်နီးနီး ကြာခဲ့လေ၏ ။
“ ပေးပါ့မယ် တပည့်ရယ် ။ ငါ့တပည့် ရိုးသားကြောင်း ၊ အလုပ်ကောင်းကြောင်း သိပါတယ် ။ အခုတော့ မင်းလည်း သိတဲ့အတိုင်း မတတ်သာလို့ နေရတာပါ ”
“ အခု ငါတို့ စာရေးထားတဲ့ ကင်မရာဟာ တစ်ဦးတည်း ကိုယ်စားလှယ်ရရင် မင်း တစ်ရာ မကပါဘူး ။ နှစ်ရာကျော် ရပါစေ့မယ် ။ သည်းခံပါဦး ။ လူရိုး အင်မတန် ရခဲတယ် တပည့်ရေ ၊ နောင် နေရာကျရင် တစ်တိုက်လုံးမှာ မင်း စီမံသလို ဖြစ်မှာပါ ။ ကြိုးစားလိုက်ပါဦး ” ဟူသော ဦးအုံးဖေ၏ စကားများမှာ အဟုတ်တကယ် စေတနာရှိသော စကားများ ဖြစ်သဖြင့် သည်းခံ၍ နေရလေ၏ ။
ထိုနေ့မှာ “ အိမ်လခက ပူ ၊ ဈေးကြွေးက ဆူ သဖြင့် ငွေကိုးဆယ်လောက်များ ဘယ်က ရပါ့မလဲ ။ ငွေကိုးဆယ် ရလျှင် ငါ အကုန်ရှင်းပြီး အေးသွားမှာပဲ ” ဟု ပူပင်စွာ တောင့်တ၍ နေဆဲမှာ လူတစ်ယောက် ဝင်၍လာပြီး ငွေကိုးဆယ် ကြွေးဟောင်း တစ်ခုကို ဆပ်၍သွားလေ၏ ။ ထိုကြွေးမှာ သုံးနှစ်ကျော်ခဲ့သဖြင့် မရတော့ပြီဟု စိတ်ချယုံကြည်ကာ စာရင်းမှာ ဖျက်ပယ်၍ ထားသော ကြွေးဖြစ်လေရာ မိမိထံ လာ၍ ပေးဆပ်သည်ကို မည်သူမျှလည်း မမြင်မသိ ။ အလုပ်တိုက်တံခါး ဖွင့်လျှင် ဖွင့်ချင်း မိမိ တစ်ယောက်တည်း ရှိခိုက်မှာ လာ၍ ဆပ်သောကြောင့် မိမိပိုင် အိတ်ဝင်ငွေ ကဲ့သို့ ဖြစ်၍ နေလေ၏ ။ မိမိ သုံးလိုက်လျှင် မည်သူမျှ သိမည်မဟုတ် ။ စာရင်းသစ်တွေမှာလည်း မရှိ ။ ထိုကြွေးကို ဆုံးပြီ အနေနှင့် မိမိ ကိုယ်တိုင် စာရင်းကို ဖျက်ခဲ့ရခြင်းကြောင့် ထိုကြွေး အကြောင်းကို မိမိ တစ်ဦးတည်းသာ သိလေရာ ထိုငွေ ကိုးဆယ်မှာ ဆုတောင်းပြည့် ငွေကိုးဆယ် ဖြစ်လေ၏ ။ မိမိမှာ အပူ ဟူသမျှ အေးဖို့ ဖြစ်လေရာ ၎င်းငွေများကို စိုက်ကြည့်လျက် မျက်နှာ၌ အမျိုးမျိုး ပြောင်းလဲခြင်း ဖြစ်၍နေလေ၏ ။
ထို့နောက် သက်မကြီးချကာ စားပွဲအံဆွဲထဲကို ထည့်၍ ထားပြီး စာရင်းစာအုပ်များကို ဆွဲလှန် ကြည့်ရှုကာ အလုပ်လုပ်မြဲတိုင်း လုပ်၍ နေလေသတည်း ။
ထိုနေ့ မွန်းလွဲအချိန် လက်ဖက်ရည်သောက် ဆင်းရာ၌လည်း မည်သူနှင့်မျှ စကား မပြောဘဲ လက်ဖက်ရည်ကို မှာပြီးနောက် စားပွဲပေါ်၌ မေးထောက်ကာ မျက်တောင် မခတ်ဘဲ သာယာသော မျက်နှာနှင့် ငေးစိုက်ကာ တွေးတောသော သောမနဿ ဖြစ်၍နေရာ ပန်းကန် ရောက်၍ လာသော အခါကျမှ ရုတ်တရက် လက်ဖက်ရည်ကို သတိရပြီး ပန်းကန်ကို ကိုင်၍ တစ်ငုံကြီး ကျိုက် ယူလိုက်လေ၏ ။ လက်ဖက်ရည်မှာ ကျိုက်ကျိုက် ပူ၍ နေသဖြင့် ဖရူးခနဲ မြည်ကာ ပါးစပ်မှ ပြွတ်ထိုးသလို ပြန်၍ ထွက်လေရာ မိမိနှင့် ရင်ဆိုင် စားသောက်နေသော သူ၏ ရှပ်အင်္ကျီပေါ်သို့ လည်းကောင်း မလိုင်တွေ ကစဉ့်ကရဲ ကျရောက်၍ သွားသဖြင့် ထိုလူမှာလည်း စိတ်မြန်သူ ဖြစ်ရကား လက်ဖက်ရည်ပန်းကန်နှင့် ပြန်၍ ပေါက်လိုက်ရာ လွန်းမောင်မှာ ငုံ့ကွင်းလိုက်သဖြင့် ခေါင်းပေါင်းကို ထိမှန်လျက် ခေါင်းပေါင်းမှာ ပန်းကန်လုံးနှင့်အတူ စိုစိုပြည်ပြည် ပြတင်းပေါက် အပြင်သို့ ရောက်၍ သွားလေ၏ ။
လွန်းမောင်မှာလည်း ထို့အတူ စိတ်မြန်သူဖြစ်ရာ လက်ဖက်ရည်ပန်းကန်နှင့် ပြန်၍ ပေါက်လိုက်ရာ ထို လူ၏ နားရွက်ကို ပွတ်၍ သွားလေ၏ ။ ၎င်းနောက် နှစ်ယောက်သား နပန်းလုံးကြလေရာ စားပွဲကုလားထိုင်များမှာ ကျွမ်းထိုးပွဲ ကစားကြလေ၏ ။ အားလုံးက ဝိုင်း၍ ဖျင်ကြလေ၏ ။ ဆိုင်ရှင် မြန်မာလူမျိုးက ကိစ္စမရှိပါဘူး ။ ပန်းကန် အနည်းငယ်ကွဲတာ ဘာအရေးကြီးလဲ မတော်တဆ စိတ်အခန့်မသင့်လို့ ဖြစ်ကြတာပဲ ။ ခင်ဗျားလည်း စိတ်ပြေပါ ။ ခင်ဗျားကလည်း အနာ မယူပါနဲ့ ။ ကိုင်း .. ကိုင်း .. လက်ဆွဲကြ ၊ လက်ဆွဲကြ ဟု ပြောကာ နပန်းလုံးသူ နှစ်ယောက်၏ လက်များကို ကိုင်ပြီး ဆက်၍ ပေးလေ၏ ။ နှစ်ယောက်သား လက်ဆွဲနှုတ်ဆက် စိတ်ပြေ၍ သွားလေ၏ ။
ထိုနေ့ညနေ ငါးနာရီထိုးခါနီး အချိန်လောက်မှာ သူဌေးဦးအုံးဖေက ခေါ်သဖြင့် အခန်းထဲကို ဝင်၍ သွားရာ လက်ဖက်ရည်ဆိုင်၌ မိမိနှင့် ရန်ဖြစ်သူကို တွေ့ရလေရာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးရယ်ကြလေ၏ ။
သူဌေးက “ ဒီမိတ်ဆွေက ငါတို့ ဖောက်သည် အဟောင်းကြီးပဲ ။ မတွေ့ ရတာ ကြာပြီ ။ စင်ကာပူကို သွားနေတယ် ။ အခုမှ ပြန်ရောက်လာတယ် ။ အလုပ်အတွက် မင်း အလုပ်တာဝန်ကြီးကြီး ခံယူရလိမ့်မယ် ။ ငါတို့ တစ်ဦးတည်းကိုယ်စားလှယ် ရဖို့ ပစ္စည်းလေး ငါးမျိုး အတွက် ကြံစည်ခဲ့တာ ငွေမလုံလောက်သည့် အတွက် မရခဲ့ဘူး ။ အခု ငွေအတွက် မပူပါနဲ့လို့ ဒီ မိတ်ဆွေက ပြောတယ် ။ ငါးသိန်း ရှယ်ယာဝင်တယ် ။ ငါ့တပည့် သည်းညည်းခံပြီး လုပ်ခဲ့ရတာ အခု အကျိုးရှိပြီ ။ နက်ဖြန်ခါ စာရင်းများ အသစ် တည်ထောင်ဖို့ မင်း စောစောလာမှ ဖြစ်မယ် ”
“ ကောင်းပါပြီ ဆရာ ။ ကျွန်တော် လာခဲ့ပါမယ် ။ ဒါထက် သုံးနှစ်ကျော်ကြာတဲ့ ကြွေးတစ်ခု ငွေကိုးဆယ် ယနေ့နံနက် လူတစ်ယောက် လာဆပ်တယ် ” ဟုပြောပြီး ငွေစက္ကူများကို ထုတ်၍ ပြလေ၏ ။
သူဌေးနှင့် ဧည့်သည်သည် တစ်ယောက်၏ မျက်နှာကို တစ်ယောက် ပြုံးလျက် ကြည့်၍ နေကြလေ၏ ။ ထို့နောက် သူဌေးက “ အေး .. ငါတို့လည်း ဒါကို မေးမလို့ပဲ ။ တခြားလူ မဟုတ်ဘူး ။ ဒီမိတ်ဆွေပဲ ။ လူတစ်ယောက်ကို လွှတ်ပြီး အပေး ခိုင်းလိုက်တယ်တဲ့ ” ဟု ပြောပြီး ဧည့်သည်ဘက်သို့ လှည့်ပြီး “ ဘယ့်နှယ်လဲ ကိုအောင်ဖေ ၊ ခင်ဗျားက လူရိုးလူကောင်း အရေးအကြီးဆုံး ၊ လူရိုးရဖို့ ခက်တယ်လို့ ပြောတယ် မဟုတ်လား ။ ကိုင်း ... ဟောဒါ ကျုပ်လူ ။ ငါးနှစ်ကျော် ကိုယ်တိုင် စမ်းသပ်ခဲ့တယ် ။ ငွေဘယ်နှစ်သောင်းနဲ့ စမ်းမလဲ ။ အခု ကျုပ်လူမှာ လခကလေး ကိုးဆယ်နဲ့ အနွံအနာ ခံလာရတာ ကြာပြီ ။ ကျုပ်လည်း မပေးနိုင်လို့ ကိုးဆယ်နဲ့ပဲ ကြည့်နေရတယ် ။ အခု အလုပ်မှာ တာဝန်ကြီးတယ် ၊ ရိုးဖို့နဲ့ အလုပ်နားလည်ဖို့ စွယ်စုံလိုတယ် ။ ခင်ဗျား ကျုပ်လူကို ဘယ်လောက် ပေးချင်သလဲ ”
“ ဒါတော့ ကျုပ် ဘာနားလည်မလဲလေ ။ ဦးအုံးဖေ သာ ကြည့်စီမံပါ ။ ကျုပ်က ကျုပ်ရှယ်ယာ အတွက် အကျိုးအမြတ် ရရင် ပြီးတာပဲ ”
“ ကောင်းပြီ လွန်းမောင် ၊ မင်း နည်းတယ်လို့လည်း မအောက်မေ့နဲ့ ။ နှစ်ရာအစိတ်တင်းပဲယူ ၊ ပြီး ... ငါတို့ အလုပ် ဘယ်လိုနေမယ် မသိသေးဘူး ။ အကျိုးတော့ ရှိမှာပဲ ။ ဟိုအခါကျတော့ မင်း သဘောအတိုင်း အကျိုး အမြတ် ကြည့်ပြီး ဆုံးဖြတ်ယူပါ ။ ဟို ငွေကိုးဆယ်တော့ ငါ အပျောက်စာရင်း သွင်းထားတယ် ။ မင်း ဘောနာ့စ် အဖြစ်နဲ့ လစ်ပေတော့ ” ဟု ပြောလေ၏ ။
လွန်းမောင်က ပြုံးလျက်နေပြီး ဒုတိယသူဌေးအား “ မကြာမီက ဖြစ်ပျက်ခဲ့တာ အတွက် သည်းခံပါခင်ဗျာ ။ ဖြစ်ရပုံက ဒီငွေကိုးဆယ်နှင့် ပတ်သက်ပါတယ် ။ ကျွန်တော့်မှာ ငွေကိုးဆယ် အရေးတကြီး အပူတပြင်း လိုနေပါတယ် ။ သည်အတွင်းမှာ အပျောက်ထားတဲ့ ဒီငွေကို ရသောအခါ ပုထုဇဉ်တို့ သဘောအတိုင်း ငါ သုံးလိုက်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး ဆိုပြီး သုံးချင်တဲ့ စိတ်က တစ်ဖက် ၊ မရိုးမသား လုပ်ရမှာ ကြောက်တာက တစ်ဖက် ။ စိတ်ထဲမှာ လွန်ဆွဲသလို ဖြစ်နေရာမှာ ရိုးသားခြင်းဘက် အနိုင်ရပြီး ငွေရတဲ့ စာရင်းမှာ သွင်းခဲ့ရသည့် အတွက် မိမိ၏ ရိုးဖြောင့်ခြင်းအကြောင်းကို တွေးပြီး ပီတိသောမနဿ ဖြစ်နေရာမှာ အမှတ်မဲ့ သတိလစ်ပြီး လက်ဖက်ရည်ပူပူကို သောက်လိုက်မိပါတယ် ။ သည့်အတွက် အာခေါင်ပူသဖြင့် မှုတ်ထုတ်လိုက်မိပါတယ် ” ဟု ပြောရာ ဧည့်သည်မှာ ရယ်မောလျက် အဖြစ်အပျက်ကို ဦးအုံးဖေ အား ပြော၍ ပြလေ၏ ။ ဦးအုံးဖေမှာ ရယ်မောလျက် လွန်းမောင် အား ချီးမွမ်းအားပေး၍ လွှတ်လိုက်လေ၏ ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment