❝ မယားထိတော့ ❞
( ပီမိုးနင်း )
မောင်ထွန်းအေးသည် လွန်စွာ အေးသူဖြစ်၏ ။ မည်သူက မည်သို့ပင် ပြောဆိုစေကာမူ ကျောက်ကျော ရေပက်သလို အရယ်အပြုံး မပျက် ၊ မိမိနှင့် ဘာမျှ မဆိုင်သလို နေလေ့ရှိ၏ ။
၎င်း၏ အလုပ်မှာ စာအုပ်ရောင်းခြင်း စာအုပ်များကို လဲလှယ်ခြင်း စာအုပ်များကို သူများ ထံမှ အချောင် ရအောင် ကြံခြင်း အလုပ်ဖြစ်ရာ ငါးကျပ်တန်သော စာအုပ်ကို ငါးပဲနှင့် မရမက ဆစ်ဖို့ရန် နှုတ်မလေးသူ ဖြစ်လေသည် ။
ထိုအလုပ်၌ အထူး ကျင်လည်၏ ။ စာအုပ်များကို အကြွေးရအောင် ဝယ်ခြမ်းခြင်း အလုပ်ကို အထူးဂရုစိုက်ကာ မရမက ကြံတတ်၏ ။ အကြွေး ပေးဆပ်ခြင်း အလုပ်သည်ကား မောင်ထွန်းအေး၏ အလုပ်ဝတ္တရားများတွင် ပါဝင်သော အလုပ်ဝတ္တရား မဟုတ်ပေ ။
အားနာတတ်သော စိတ်တစ်ခုကား မောင်ထွန်းအေး မှာရှိ၏ ။ ကြွေးရှင်များ အပေါ်၌ အထူးသဖြင့် ပိုမို အားနာတတ်၏ ။ ငွေကြေးရစရာ ရှိသဖြင့် လာရောက်သော အခြား စာအုပ်သည်များနှင့် တွေ့ဖို့ရန် ချိန်းချက်၍ ထားသောအခါများ၌ အထူးပိုမို၍ အားနာတတ်၏ ။ တိုတို ပြောရလျှင် အားနာအား ကြီးသောကြောင့် မျက်နှာကိုမျှ မကြည့်ဝံ့ရှာသည့် အတွက် ရှောင်ရှားကာ လွတ်ရာကိုသာ သွား၍ နေလေ့ရှိ၏ ။
အရှက်အကြောက်လည်း လွန်စွာကြီး၏ ။ သို့ဖြစ်လေရာ ကြွေးရှင်များ ဘယ်က ပေါ်လာမည်ကိုသာ စောင့်မျှော်၍ နေလေ့ရှိ၏ ။ ၎င်း၏ မျက်လုံးများသည် ထိုကဲ့သို့သော အခါများ၌ ကျီးကန်းပမာ တောင်ကို ကြည့် မြောက်ကို ကြည့်ကာ တမျှော်မျှော် နေလေ့ရှိ၏ ။ အရိပ်အယောင်ကို မြင်သည်နှင့် တစ်ပြိုင်နက် ရှက်တတ် ကြောက်တတ်သောကြောင့် အိမ်သာကို တန်း၍ ပြေး၏ ။
သို့သော်လည်း ကြွေးရှင်များ အပေါ်၌ အဘယ်သောအခါမျှ ဟန်ကြီးပန်ကြီး လုပ်လေ့ မရှိ ။ စိမ်းစိမ်းကားကားလည်း သဘောမထား ။ “ ကိုထွန်းအေး တောင်ငူကို အရေးကြီးတဲ့ ကိစ္စရှိလို့ မီးရထားကိုတောင် မစောင့်နိုင်ဘူး ။ ကားနဲ့ သွားရပါတယ်ခင်ဗျာ ။ နောက် ၄ - ၅ ရက်အတွင်း ဆက်ဆက် ပြန်ရောက်ပါလိမ့်မယ် ” ဟူသော စကားကလေးမျိုးနှင့် စိတ်နှလုံးအေးအောင် ပြောဖို့ရန် မှာထားလေ့ ရှိလေ၏ ။ အလွန်တရာလည်း သဘော ကောင်း၏ ။ အကယ်၍ ငွေရစရာ ရှိသူများနှင့် မရှောင်သာ မလွှဲသာ ပက်ပင်းပါ တွေ့ရသည့်အခါ တစ်ဖက်သားမှာ ဘယ်လိုပင် ဒေါသထွက်၍ အဘယ်သို့ပင် ကြမ်းတမ်းခက်ထရော် ပြောစေကာမူ တဟဲဟဲ အပြုံး မပျက်ဘဲ ရယ်ကာ အဝေးကိုသာ မျှော်ငေးပြီး ဘယ်မှာ ( ဗုံး ) ထောင်ရပါမလဲ ဟူသော ( ဗုံး ) အလုပ်ကိုသာ ကြံစည် စိတ်ကူးလျက် ဒူးတစ်ဖက်ကို နှံ့ကာနှံ့ကာ နေလေ့ရှိလေ၏ ။ ငွေရှင်က ဆူလွန်းမက ဆူသောအခါ ဆိုင်ရှေ့၌ ဖြတ်၍ သွားသော အသိ တစ်ယောက်ကို ရယ်ရယ်မောမော နှုတ်ဆက်ခေါ်ငင်တတ်လေ၏ ။ ထိုနည်းဖြင့် ငွေရလိုသူမှာ တစ်ရံတစ်ခါ လက်ဖက်ရည်ကလေး တစ်ခွက်နှင့် ကျေ၍ သွားရလေ၏ ။
ထိုကဲ့သို့ ထွန်းအေး က မပေးမဆပ်သဖြင့် ငွေကြေး ဆုံးပါးသူများနှင့် ထွန်းအေး တွေ့သည့် အခါများ မှာလည်း သူ့ငွေကို မပေးမဆပ်ဘဲ နေခဲ့သည်ဟု မိမိ ကိုယ်ကို သဘောမထား ။ တစ်စုံတစ်ရာမျှ အဆက်အသွယ် မရှိသူ ကဲ့သို့ ပြုံးပြုံးရွှင်ရွှင် ခေါ်ငင် နှုတ်ဆက်ရုံမက “ ဘယ်ကျမ်းစာအုပ် ငါးဆယ်လောက် ရနိုင်သေးလား ၊ အော်ဒါ ရောက်နေ့လို့ ” ဟု ပြောတတ်လေသည် ။
မကျေမချမ်းသူက အရင်က အကြောင်းကို ပြန်၍ ပြောသည့်အခါ ပခုံးကို ကိုင် ကျောကို ပုတ်ကာ “ ဟား .. ဟား .. ဟား အင်္ဂါနေ့ လာခဲ့ ဆက်ဆက်နော် ” ဟု ပြောပြီး ထွက်၍ သွားတတ်၏ ။ ထွန်းအေး၏ သဘောနှင့် ပတ်သက်၍ ချစ်ဖွယ်ကောင်းသော အချက်မှာ ပြီးပြီးပျောက်ပျောက် နေတတ်ခြင်း ဖြစ်လေ၏ ။
သို့သော်လည်း ငွေရှင်များမှာ ထွန်းအေး ကဲ့သို့ ပြီးပြီး ပျောက်ပျောက် မနေနိုင်ကြပေ ။ သို့သော်လည်း ထွန်းအေး မှာ အရေးမကြီး ကလေးကြီး ပမာ တိုင်းပြည်နှံ့အောင် လျှောက်ကာ ပြုံး၍သာ နေလေ၏ ။ သို့ဖြစ်လေရာ အဆက်အသွယ်အဟောင်းတွေ အဘယ်မျှပင် ကြွေစေကာမူ အသစ်တွေ အမြဲတိုး၍ နေလေ၏ ။
ဆိုင်သို့ လာသမျှ လူများကို လက်ဖက်ရည် တိုက်လေ့ရှိ၏ ။ တစ်နေ့သ၌ ငွေရစရာရှိသူ တစ်ယောက် ဆိုင်သို့ ရောက်၍လာလေ၏ ။ ထွန်းအေးသည် ဘုန်းကြီး တစ်ပါးအား ရယ်ရယ်မောမော စကားပြောရင်း စာအုပ် အထုပ်တစ်ခုကို ထုတ်ပတ်၍ နေလေ၏ ။
သို့နေရာမှ ရောက်သူအား “ ထိုင်လေ လက်ဖက်ရည်သောက်ပါ ” ဟု ပြောပြီး ဘုန်းကြီးနှင့် စကားဆက်လေ၏ ။ ဘုန်းကြီးသည် စာအုပ်ထုပ်ကို ယူ၍ ထွက်သွားလေ၏ ။ ငွေရဖို့ လာသူကား ထွန်းအေး ထက် အတော် ကြီး၍ ထွန်းအေး ကို နိုင်သူ ဖြစ်ရာ ပြောချင်သလို ပြောနိုင်သူ ဖြစ်လေ၏ ။ သို့ပြောနိုင်သည့် အတိုင်း ပြောလည်း ပြော၏ ။
ငွေစကား စသောအခါ “ နောက်သုံးရက် ကြာရင် ကျွန်တော် ကိုယ်တိုင် လာပေးပါ့မယ် ။ ရာဇဝင် သံခိပ် ငါးဆယ်လောက် ပေးပါဦး ”
“ ငါ ဒီ ... ဟိုငွေတွေလည်း နောက်တစ်နေ့ နောက်တစ်နေ့နဲ့ နောက်တစ်နေ့ပေါင်း ဘယ်လောက်များပလဲ ။ မင်း အလကားအကောင် ”
“ ဟဲ ... ဟဲ ... ဟဲ လက်ဖက်ရည်သောက်လေ ၊ ဟေ့ ... စံပွင့် ရေနွေး တစ်ပြားဖိုး ပြေးဝယ်လိုက်စမ်း ”
“ ဟင် ... မသောက်ချင်ဘူး ၊ မင်း လက်ဖက်ရည်ကို .. အခု နည်းနည်းပါးပါးမှ မရနိုင်ဘူးလား ”
ထွန်းအေးသည် ပိုက်ဆံသေတ္တာကို ဖွင့်ကာ မှောက်လှန်၍ ပြ၏ ။
“ အဲဒါကြည့်တော့ ၊ တစ်ပြားမှ မရှိလို့ပါ ။ ဟိုနေ့ကျရင် ဆက်ဆက် စိတ်သာချ ၊ နောက်လည်း အများကြီး ယူစရာ ရှိသေးတယ် ။ မတော်တာပဲ ။ မပေးဘဲ နေလို့ ဘယ်ဖြစ်မလဲ ၊ ရော့ ဆေးလိပ်သောက် ”
“ မပေးဘဲနေလို့ ဘယ်ဖြစ်မလဲ ဆိုတာကို ကောင်းပါရဲ့ ၊ မရတာက ခက်တယ် ။ အရေးကြီးတယ်ကွယ့် ၊ ငါလည်း ပုံနှိပ်တွေ ပူနေလို့ ၊ လုပ်စမ်းပါဦး တစ်ပြားမှ မရှိဘူး ဆိုတာ အလကား စကားလား ”
“ အဟုတ်ပါ ဆရာရဲ့ ” ဟု ပြောပြီး ဆိုင်ရှေ့ ဖြတ်သွားသူကို “ ဘာယူမလဲဗျို့ ” ဟု လှမ်း၍ ခေါ်လေ၏ ။
“ ဟေ့ ထွန်းအေးရဲ့ လုပ်စမ်းပါဦး ။ ငါ အချိန်ကုန် မခံနိုင်ဘူး ”
“ မရှိလို့ပါ ဆရာရဲ့ ”
“ မင်းအမေ မရှိ ။ မရှိရင် မင်း ဘာနဲ့ အလုပ် လုပ်နေသလဲ ”
“ ဟဲ ... ဟဲ ... ဟဲ တယ်ဒေါသကြီးတာကိုး ... ဆရာကလည်း ရရင် ပြီးရော့ပေါ့ ”
“ မင်း နှမ ရရင် ပြီးရောပေါ့ ၊ မင်း လက်နဲ့ ဘယ်တော့မှ မပေးဘူး စကားနဲ့ချည်း ပေးနေတယ် ”
“ ဟဲ ... ဟဲ .. ဟဲ ဒီတစ်ခါ နောက်ဆုံးစကား စိတ်သာချ ။ ဆရာတောင် မလာရဘူး ၊ ကျွန်တော် အပို့ လွှတ်လိုက်မယ် ”
“ မင်းအမေ ။ မင်းနှမ မင်းဘယ်တော့မှ စကား မမှန်ဘူး ။ ငါတယ် သိပ်ဆဲပြန်ရော ”
“ ဆဲပါဆရာ ... ဆရာကလည်း ၊ သိပ်ဒေါသကြီးတာပဲ ၊ သောက်ပါဦးလေ ”
“ မအေ ... နှမ ... ဒီအကောင်ကို ဆဲရတာ ကျွဲပါးစောင်းတီး တယ်လေ ၊ ငါအရမ်း ရွတ်ပြန်ရော့မယ် ၊ နင့်မယားကလေး ငါ ... ” ဟု ဆဲလိုက်ရာ မအေ ထိ၍ အပြုံး မပျက် ၊ နှမ ထိ၍ အပြုံး မပျက်သော ထွန်းအေး မှာ မယားကို ထိသောအခါ ဦးခေါင်းကို တင်းပုတ်နှင့် အရိုက်ခံရသလို မဟဲသာ မပြုံးသာ ဣန္ဒြေကြီးနှင့် ကြောင်တောင်ကြီး ကြည့်၍ နေလေ၏ ။
ထိုအခိုက် ကြွေးရှင်က “ မင့်မယားကလေး ကိုင်း ... အလကား မှတ်လား တကယ် ” ဟု ထပ်၍ ဒေါပွကာ ဆဲလိုက်ရာ ထွန်းအေးသည် ကြုတ်ကြုတ်ပူသော လက်ဖက်ရည်ပန်းကန်နှင့် ဆဲသူ၏ မျက်နှာကို တအား ပေါက် လိုက်လေ၏ ။ မျက်နှာမူ သွေးရဲရဲ နီ၍ သွားလေ၏ ။ ဆိုင်များမှာ ရုန်းရင်းဆန်ခတ် ဖြစ်၍ သွားလေ၏ ။ အပေါက်ခံရသူသည် မျက်နှာကို လက်ဝါးနှင့် အုပ်ပြီး ထွက်၍ သွား၏ ။ မကြာမီ ဂါတ်သို့ ရောက်၏ ။ ထို့နောက် ထွန်းအေးသည် အချုပ်ထဲသို့ ရောက်၍ သွားလေတော့သတည်း ။
ထိုပြစ်မှု အတွက် ထွန်းအေး မှာ ဒဏ်ငွေငါးဆယ် အတပ် ခံရလေ၏ ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၃ )
No comments:
Post a Comment