❝ အငယ်ကြိုက်သူ ❞
( ပီမိုးနင်း )
“ ရှင် မကြံနိုင်တော့ဘူးလား ကိုသောင်းရဲ့ ။ ဒီ သတ္တဝါ အသားနား ကပ်တာကို ကျုပ် မခံနိုင်ဘူး ။ သူ့ကို မေတ္တာ မရှိကြောင်း စောင်းပါးရိပ်ခြည် ပြောလို့လည်း နားမလည်ဘူး ”
“ နို့ ... မင်း လာလိုက်ခဲ့ ဆိုလည်း မလိုက်ဘဲကိုး ”
“ သည်လို ပြောင်ပြောင်ကြီး လုပ်ရင် ကိုယ် ဆိုးရာ ကျမှာပေါ့ ကိုသောင်းရဲ့ ”
“ နို့ ... နေရာကျမယ်ဆိုလို့ သင်္ကန်းတောင် တစ်ခါတည်း ချွတ်ထားခဲ့တာပဲ ။ အခု ခွကျနေတာပေါ့ ”
“ အရင်ကတော့ သူ ယိုးဒယားကို သွားမယ် ၊ ပြန်လာချင်မှ လာမယ်လို့ ပြောတာနဲ့ ကျွန်မလည်း ယုံကြည်ပြီး ကိုသောင်းကို မှာတာပဲ ”
“ ဟိုတုန်းက စိတ်ဆိုးလို့ ပြောတာ ဖြစ်မှာပေါ့ ။ သည်လိုဖြင့် သူကတော့ ဒကာမ ကို ၊ အဲလေ ... မင်းကို စွန့်ပုံ မရဘူး ဆိုပါတော့ ။ မင်းကလည်း မစွန့်နိုင်ဘူးလား ”
“ စွန့်ဖို့ ဘာဝန်လေးမလဲ ဦးပဉ္စင်း ရဲ့ ။ အဲလေ ... နှုတ်ကလည်း ကျိုးနေ ကိုသောင်းရဲ့ ။ စွန့်နိုင်ပါတယ် ။ လူများ ပြောစရာ ဖြစ်နေမှာ စိုးလို့ပါ ။ ပြီးတော့လည်း ရှင့်မှာ မယားခိုးမှု ပတ်နေမှာ စိုးရသေးတာကိုး ”
“ မယားခိုးမှု ပတ်ရင် ထောင်ခြောက်လက လွတ်ရင် ပေါင်းရမှာပေါ့ ”
“ ကျွန်မတော့ အရှက်ကွဲစေ ၊ အကျိုးနည်းစေ ၊ လူသူ လေးပါး ကဲ့ရဲ့စေလား ။ တယ်တော်တဲ့ မောင်ပဉ္စင်း ပါကလား ။ သူ သေမှ ၊ မသေရင်လည်း သူ ဆင်းသွားမှ ဖြစ်မှာ ။ သူက မနေနိုင်အောင် နှိပ်စက်လို့ စွန့်ရတယ် ဆိုရင်လည်း တော်သေးရဲ့ ။ ဒီသတ္တဝါကြီးကလည်း ဘာမှ အစွမ်းရှိတာ မဟုတ်ဘူး ။ ဒေါသ မရှိတဲ့ လင်းမြွေကြီး ။ တီကောင် ပိုးတုံးလုံးကြီး ဖြစ်နေလို့ ခက်တာပဲ ”
“ မင်းကို ဘာနှိပ်စက်ဝံ့မှာလဲ ရင်ရယ် ။ သူ့ခမျာ မင်းကို ရတာ အင်မတန် ကံကောင်းနေရှာတာမို့ မင်း ဆိုချင်တိုင်း ဆိုတာကို ခံနေရရှာတာပဲ ”
“ ဒါ တစ်ခုတော့ တော်ပါတယ် ။ စညားကတည်းက စကားတောင် မာမာမပြော ၊ တခြားမှာ အပျော်အပါး ဆိုလို့လည်း ဘာမှ မရှိ ။ ရှာဖွေရရင် တစ်ပြား တစ်ချပ် မကျန် ပြန်ပေးတာပါပဲ ။ နို့ပေမဲ့ .. နုံအားကြီး ၊ အအား ကြီးတော့ အမြင်ကတ်တယ် ။ အလကား ဘယ်နေရာမှ အစွမ်းမရှိဘူး ။ တခြား အပျော်အပါး မလိုက်တာ တစ်ခု သူ့မှာ ရှိတာပဲ ”
“ ဒါလည်း စဉ်းစားကြည့်ဦးမှပေါ့ ရင်ရယ် ၊ တခြား မိန်းမများက သူ့ကို ကြိုက်ဦးမှ ဖြစ်မှာကိုး ”
“ ကျွန်မလည်း ဒါတွေးပြီး ရှက်တာပဲ ။ အသုံးမကျတဲ့ အကောင်ကြီး ၊ ဘယ်သူမှ ကြိုက်သူ မရှိတဲ့ အကောင်ကြီးကို ကျွန်မ ပေါင်းနေရတာ ရှက်စရာ သိပ်ကောင်းတာပဲ ။ သူများတွေကတော့ ကျွန်မကို နွားကြီးနဲ့ ညား နေတယ် ပြောကြမှာပဲ ”
“ လူဆိုတာ မရမက ယူရမှ အဖိုးတန်တာပဲ ။ မင်း ယောက်ျားကြီး မှာတော့ တခြား မိန်းမတစ်ယောက် လုသွားမှာ နည်းနည်းမှ မစိုးရိမ်ရတဲ့လူ ဖြစ်နေတာကိုး ”
“ တော်ပါ ၊ ဒီဟာကြီး အကြောင်း ပြောမနေပါနဲ့ ။ ကိုသောင်းတော့ စိတ်ချရပါ့မလား ၊ တခြား ဒကာမ တစ်ယောက်ယောက် ပေါ်လာရင် ဘယ့်နှယ်လုပ်မလဲ ”
“ လာဝံ့ လာပါစေ ။ ပေါ်လာရင် ပုလိပ်လက် အပ်လိုက်မှာပေါ့ ။ ပြီးတော့မှ အသရေဖျက်မှုနဲ့ တရားစွဲမယ် ”
ထိုစကားများကို မယ်ရင် နှင့် ပဉ္စင်းလူထွက် မောင်သောင်း တို့ ပြော၍နေသော အချိန်မှာ ညဉ့်ကိုးနာရီ အချိန် ဖြစ်လေ၏ ။
မယ်ရင်၏ ယောက်ျား ဗိသုကာဆရာ မောင်ဘိုးရ သည် အဆောက်အအုံ တစ်ခု အတွက် ရန်ကုန်သို့ ပစ္စည်း ဝယ်သွားမည်ဟု ပြောပြီး မယားကို မသင်္ကာသဖြင့် ပြန်၍ ချောင်းရာ ထိုစကားများကို ကြားရလေ၏ ။
ငါကသာ မယားကို လိုသမျှ ပြည့်စုံအောင် အလိုလိုက်ပြီး စိတ်လက်မှ ပျော်ပါစေသဘောနဲ့ ကောင်းကောင်းမွန်မွန်ထားတာ ၊ အခုတော့ ရိုးရိုးသားသား ထင်မိသည့် အတွက် ငါ့ကိုပဲ မျက်မုန်းကျိုး နေမှကိုး ။ ပဒုမ မင်းသား ခမျာလည်း မယားကို အလိုလိုက်ပြီး အသက်ကိုပင် မိမိ၏ အသွေးနဲ့ ကယ်ဆယ်ခဲ့ရှာပေတာပဲ ။ ဒီလို သဘောကောင်းတဲ့ ယောက်ျား အပေါ်တောင် သစ္စာမဲ့၍ သေကြောင်းကြံခဲ့ပေသည် ။
ဒီအကောင်မဟာ ငါ့ကိုလည်း အခုပုံတော့ သေစေချင်နေတဲ့ လက္ခဏာပဲ ။ လွယ်လွယ်ကူကူနဲ့ လုံလုံခြုံခြုံ စိတ်ချလက်ချများသာ နေနိုင်ရင် ဒီဘုန်းကြီး လူထွက်နဲ့ ပင်းပြီး ငါ့ကို အသေသ,တ်မည်ကား အမှန် ဆက်ဆက်ပဲ ။ အင်း ... သဘောကောင်းအားကြီးခြင်း ၊ ကြင်နာထောက်ထားခြင်း ဆိုတဲ့ အလုပ်ဟာ သားမယား မချစ် ၊ တစ်ခါတစ်ခါ အသုံးမကျသည့် အနေနဲ့ ရှုတ်ချခြင်း ခံရပေတာပါကလား ။ အင်း .. ကြာကြာနေလို့ မတော်ဘူး ။ ငါ မြွေပွေးခါးပိုက် ပြုနေသည့် အနေမှ လွတ်အောင် ရုန်းမှ တော်မည်ဟု အကြံပြုကာ ထွက်၍ သွားလေ၏ ။
နောက် တနင်္ဂနွေ တစ်ပတ်လောက် ကြာသောအခါ ဦးဘိုးရ မော်တော်ကားတိုက်မိ၍ ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးကြောင်း ၊ ယခုအခါ ကြံတောသင်္ချိုင်းမှာ ဈာပန ပြုလုပ်ပြီးကြောင်း ၊ သပိတ်ကလေးမျှသာ သွတ်ကြပေတော့ ဟူသော စာတစ်စောင်ကို မယ်ရင် ရရှိလေ၏ ။ ထိုစာမှာ ဦးဘိုးရ၏ ညီဝမ်းကွဲဖြစ်သူ ရန်ကုန် မြို့သား တစ်ယောက်ထံမှ ရရှိသောစာ ဖြစ်လေ၏ ။ မယ်ရင် နှင့် ပဉ္စင်းလူထွက် မောင်သောင်း သည် စာကိုဖတ်ကာ နှစ်ယောက်သား အခန်းထဲမှာ ကြိတ်လျက် အလုံးဆို့၍ နေကြလေ၏ ။ ထိုအလုံးမှာ ဝမ်းသာလုံး ဖြစ်လေ၏ ။
မယ်ရင်မှာ လူအများ ရှေ့၌ကား ကွယ်လွန်သူ ယောကျ်ားကြီး၏ ကောင်းမြတ်သော ဂုဏ်တွေကို ချီးကျူးလျက် ၊ မျက်ရည်စက်လက်နှင့် ပြော၍မဆုံး ဖြစ်၍နေလေ၏ ။
“ ကျွန်မ ယောက်ျားမျိုးတော့ တွေ့တော့မှာ မဟုတ်ပါဘူး ။ အစ်ကိုလို ၊ ဦးလေးလို ၊ ဖအေလို ၊ ကျွန်မအပေါ်မှာ ကြင်နာတဲ့ ယောက်ျားပါရှင့် ။ အမယ်လေး ကျေးဇူးရှင်ကြီးရဲ့ ။ အလောင်းကို မမြင်လိုက်ရလေခြင်း ။ အို .. ကိုဘိုးရကြီးရဲ့ ... ဒီတစ်ခါဖြင့် အပြီးတိုင် ခွဲရတော့တာပါကလား ” စသည်ဖြင့် ရှိုက်ကြီးတငင် ငိုလေ၏ ။
ပဉ္စင်းလူထွက် မောင်သောင်း က “ တရားနဲ့ ဖြေမှပေါ့ ဒကာမ ၊ အဲလေ ... မရင် ကလည်း ၊ တယ်လည်း စိတ်က ပျော့တာကိုး ။ နည်းနည်းကလေးလည်း တင်းဦးမှပေါ့ ။ သေမင်းဆိုတာက မျက်နှာ မရွေး ၊ မသေသူ ဘယ်ရှိမလဲ ရင်ရဲ့ ။ သူ့မှာ ရောက်ရာ ဘဝမှာ ပျော်လို့ ။ ဒီက ပူတာဟာ အလကား ။ ဟိုကဖြင့် သိတောင် သိမှာ မဟုတ်ပါဘူး ။ ပူမနေပါနဲ့ ။ ဇာတိ ၊ ဇရာ ၊ ဗျာဓိ ၊ မရဏ ဆိုတာ ရှောင်လို့ ရတာ မဟုတ် ။ ကိုယ်မှာ တရားရဖို့ ဖြစ်တာကပဲ ။ တော်တော်ကြာရင် မေ့မှာပေါ့ ” စသည်ဖြင့် တရားချရင်း လူးလှိမ့် ငိုယိုသော မရင် ကို ပွေ့ထူယုယ ဂရုဓမ္မ ပြုရရှာလေသတည်း ။
မောင်ပဉ္စင်း လူထွက်မှာ မရင် အားငယ်မှာ စိုးသဖြင့် အိမ်မှ မဆင်းဘဲ အမြဲမကွာ စောင့်ရှောက်လေရာ ၇ ရက် မကြာမီ အိမ်ခေါင်မိုးပေါ်၌ ခဲများ ကျသဖြင့် ကာလသားခေါင်း မောင်ဖြိုး ကို မောင်သောင်း က လက်တို့ ခေါ်ပြီး မယ်ရင်၏ ကြံဆစ်လက်ကောက် တစ်ကွင်းကို ပေးလိုက်ရလေ၏ ။
သို့ ပေးမှ ဦးဘိုးရ အတွက် ဆွမ်းသွတ်ရန် ချက်ကြ ပြုတ်ကြသောအလုပ်မှာ အနှောင့်အယှက် ကင်း၍ သွားလေ၏ ။
နောက်တစ်နေ့မှာ သပိတ်လည်း သွတ် ၊ အိတ်လည်း သွတ် ဟူသော စကားလို မယ်ရင် မှာ မောင်ပဉ္စင်း လူထွက် အိတ်ဝင် ဖြစ်လေတော့သတည်း ။
များမကြာမီ မယ်ရင် နှင့် မောင်သောင်း မှာ အရပ်က တည့်တည့်တင်တင် မောင်းမထုတ်ရုံ တစ်မယ် ကျန်သဖြင့် ဦးဘိုးရ၏ အိမ်ကို ရောင်းချပြီး လက်ဝယ် ငွေသား ရှစ်ရာ ၊ တစ်ထောင် လောက်နှင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ပြီး မောင်သောင်း မှာ ရဟန်းဝတ်နှင့် နေစဉ်က လေ့ကျင့်ခဲ့သော စာရေးခြင်း အလုပ်မှ တစ်ပါး အခြား မတတ်သဖြင့် ဂျာနယ်ကလေး တစ်ခုကို စ၍ တည်ထောင်လေရာ လုံးပါးပါးပြီး မရင်၏ ယောက်ျား ကိုဘိုးရ ၏ ငွေကလေးမှာ ကုန်စင်ချောမော၍ သွားလေ၏ ။
ထို့နောက် ဆွေမျိုးဉာတိများ ထံမှ ငွေကြေးအနည်းငယ် ရှာကြံ စုဆောင်းကြပြီး ပင်းမင်းဆိုင် တစ်ခုကို လုပ်လေရာ အတော်ကလေး ဖြစ်ထွန်းမည် အပြုတွင် နံဘေး၌ ယှဉ်လျက် ပင်းမင်းဆိုင်ကြီး တစ်ခု ပေါ်လာ၍ အတိုက်အခံ ပြုသဖြင့် ဆိုင်ကလေးမှာ အသက်ငင်စ ပြုကာ နောက်ပေါ်သော ဆိုင်ကြီးသို့ လက်လွှဲ ရောင်းပြီး လက်ဖက်ရည်နှင့် မြန်မာမုန့်ပဲသရေစာဆိုင် ဖွင့်ပြန်လေ၏ ။
သို့သော်လည်း အပြိုင်များသော ခေတ် ဖြစ်သဖြင့် တစ်ဦး လုပ်ကိုင်၍ နေရာတကျ ဖြစ်လျှင် နောက်တစ်ဦး အတိုက်အခံ ပေါ်တတ်သည့် နည်းအတိုင်း အားကောင်းသော ဆိုင်ကြီး တစ်ခု မျက်နှာချင်းဆိုင်မှာ ပေါ်လာပြီး နောက် တစ်လမျှ မကြာမီ မောင်သောင်း ၊ မရင်တို့၏ ဆိုင်ကလေးမှာ တံခါးမှ မဖွင့်နိုင်အောင် ရှိနေသဖြင့် နောက်ပေါ်သော ဆိုင်ကြီးသို့ မိမိတို့၏ ဆိုင်ကလေးကို ရောင်းရလေ၏ ။
နောက်ပေါ် ဆိုင်ကြီးက ခြောက်ရာ ပေးမည် ပြောရာ မောင်သောင်းနှင့် မယ်ရင် တို့က သုံးရာခန့် အမြတ်ရသဖြင့် အားရဝမ်းသာ ရောင်းဖို့ရန် သဘောတူကြလေ၏ ။
သို့ဖြစ်၍ ဝယ်သူဆိုင်က မန်နေဂျာသည် မယ်ရင် နှင့် မောင်သောင်းတို့အား သူဌေး တွေ့လိုကြောင်းနှင့် လာ၍ ခေါ်သဖြင့် နှစ်ယောက် လိုက်၍ သွားကြရာ ဆိုင်ကြီး၏ အတွင်း ကျယ်သော အခန်းကြီး၌ ကြီးမားပြောင် လက်သော စားပွဲကြီး တစ်ခုနှင့် နောက်မှီမြင့်မြင့် ကုလားထိုင်ကြီး တစ်ခု တွေ့ရလေ၏ ။
ဪ ... ငါတို့ ဆိုင်ဟာ ဒီအခန်းတစ်ခန်း လောက်မှ မတန်ဘဲကိုး ဟု တွေးမိလေ၏ ။
မန်နေဂျာက စားပွဲအနီး ကုလားထိုင်များကို ပေးလျက် ခေတ္တ စောင့်ကြပါဦးဟု ပြောပြီး အခန်းတစ်ခုကို ဝင်သွားလေ၏ ။ မကြာမီ သူဌေး ထွက်၍ လာသောအခါ နှစ်ယောက်သား ကြက်သေသေ၍ နေကြလေသတည်း ။ အကြောင်းမူကား အခြား မဟုတ် ။ မရင်၏ ယောက်ျား ကိုဘိုးရ ဖြစ်၍နေလေသတည်း ။
“ ဘယ့်နဲ့ မယ်ရင် ၊ ငါ့ကို အသုံးမကျတဲ့ အကောင်ကြီးလို့ ပြောတယ် မဟုတ်လား ။ အခု အသုံးကျကြောင်း သိပြီလား ။ နင်တို့ လုပ်သမျှတွေကို ပျက်အောင် လုပ်နေတာ ငါ ချည်းပဲ ။ ဂျာနယ် လုပ်တုန်းက စက္ကူတိုက်က အတင်းအကျပ် လုပ်လို့ နင်တို့ ပျက်ခဲ့တာလည်း ငါပဲ ။ ဟေ့ ... မယ်ရင် ၊ လောကမှာ သူများ မယားကို ကြာခိုတတ်မှ ၊ မယားငယ် သားငယ် ယူတတ်မှ ၊ လက်ရှိ သားမယား စိတ်ညစ်အောင် ပြောတတ်မှ လူလည် လူတတ် ၊ လူပါး လူနပ် ၊ လူအစွမ်း ရှိသူ ထင်လို့ နင်တို့လို ကောင်မတွေ အခုလို ဖြစ်ကြတာပဲ ။
“ ဘုန်းကြီး ဆိုတာ သင်္ကန်း အရှိန်ကြောင့် အရောင်လည်း တောက် ၊ ပြောဆိုလို့လည်း တင့်တယ်လို့ လူထက် ၊ လူသွက် ၊ လူလိမ္မာတွေ ထင်မှတ်ပြီး မိန်းမတွေက အကြည်ညို လွန်ကြတာ ။ တကယ် လူဖြစ်တော့ အရင်က သင်္ကန်းအရောင် မပါ ၊ ပြောတိုင်းဆိုတိုင်းလည်း တန်ခိုး မရှိ ။ တကယ့် လူစွမ်းကောင်းမှ အထက်တန်းကျတဲ့ လောကစစ်ပွဲနဲ့ ရင်ဆိုင်တွေ့ရတဲ့ ဝတ်ကြောင် ဘဝကို ရောက်မှ သူတို့မှာ ဘာရှိတယ် ဆိုတာ အမှန်ကို သိရတာပဲ ။ နေ့ဖို့ညစာ ပူစရာ မရှိ ၊ စိတ်မှာ အေးပြီး ရှိခိုးခံနေရတဲ့ အခိုက်မှာ ပြောတဲ့ လေပေါက်က အလိုလို တင့်တယ်နေတာမို့ မင်းတို့လို အတွေးအခေါ် အဆင်အခြင်မဲ့တဲ့ မိန်းမတွေဟာ အညာ မိကြတာပဲ ။ လူ ဖြစ်ရင် ငါ့ဦးပဉ္စင်းလေး သိပ်ထက်မှာပဲလို့ သင်္ကန်းရောင်ကို လူရောင် မှတ်ထင်ပြီး ပန်းကွင်း စွပ်ချင်တာပဲ ။ အခုလို အခါကျတော့ အထင်နဲ့ အမြင် ကွာကြောင်း သိရပြီ မဟုတ်လား ။ ငါ ဘယ်လိုမှ သဘော မထားပါဘူး ။ ရော့ .. .မင်းတို့ဆိုင် သုံးရာ မတန်ပါဘူး ။ သို့သော်လည်း သုံးရာပဲ ယူပါ ။ ကြံကြဦးလေ ။ သို့သော်လည်း ငါ မသေသမျှ အတွင်းမှာတော့ မင်းတို့ လင်မယား ငါ အခွင့်ပေးမှ ချမ်းသာမှာပဲ ” ဟု မောင်ပဉ္စင်း လူထွက်အား လှမ်း၍ ပြောလေ၏ ။ လင်မယားနှစ်ယောက် မျက်နှာပျက်၍ ငွေသုံးရာကို ယူပြီး ထွက်သွားကြလေ၏ ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment