❝ ဘောင်ခတ် မေတ္တာ ❞
( နိုင်မြင့် )
မလှနွဲ့ ဆုံးပြီ ဆိုတဲ့ သတင်း ကို ကြားလိုက်ရတော့ ရှမ်းချောင်း ရွာထဲက လူတွေ တော်တော် အံ့အား သင့်သွားကြတယ် ။ သေမယ့် သေရင် ဘွားလေးတင် က အရင် သေမယ်လို့ ထင်ထားကြတာ ။
အဘွားလေးတင် က အိပ်ရာထဲမှာ နာတာရှည်နဲ့ လဲနေတာ တော်တော် ကြာပြီ ။ အဘွားလေးတင် က ခုနစ်ဆယ် ကျော် ၊ မလှနွဲ့က ငါးဆယ်ကျော် ဆိုတော့ သားအမိ နှစ်ယောက် အသက် နှစ်ဆယ် ကျော် ကွာတယ် ။ သားအမိ ဆိုပေမဲ့ မလှနွဲ့ က အဘွားလေးတင် ကို အမေ လို့ ဘယ်တုန်းကမှ မခေါ်ဘူး ။ မမတင် လို့ပဲ ခေါ်တယ် ။
အဘွားလေးတင် အိပ်ရာထဲမှာ စ လဲတည်းက ပြုစုမယ့်သူ ဆိုလို့ မလှနွဲ့ ပဲ ရှိတယ် ။ သားအမိ နှစ်ယောက်တည်း နေပေမဲ့ ဆွေမျိုးတွေက ရံဖန်ရံခါတော့ လာကြည့်တတ်ပါတယ် ။ မလှနွဲ့ ပိန်ပိန်ပါးပါး ထန်းပင်ကို ထဘီ ပတ် ထားသလို မျိုး ။ အသားက ဖြူဖပ်ဖြူရော်နဲ့ လေတိုက်ရင် လဲတော့မယ့် အတိုင်းပဲ ။ သူ့ ကို ကြည့်လိုက်တာနဲ့ ပင်ပင်ပန်းပန်း မလုပ်နိုင်တဲ့ ရောဂါသည် ဆိုတာကို အလိုလို သိတယ် ။ ဒါပေမဲ့ အဘွားလေးတင် လဲတော့ သူပဲ ပြုစုရတာပါပဲ ။
အဘွားလေးတင် က သတိ လည်း သိပ်ကပ်တော့တာ မဟုတ်ဘူး ။ သူငယ်ပြန်သလို ဖြစ်ပြီး ပါးစပ်ကလည်း တောင်ပြော မြောက်ပြော လျှောက်ပြောနေတာ ။ မလှနွဲ့ ခမျာ အဘွားလေးတင် ကို ရေချိုးပေးရတယ် ။ အဝတ်အစား လဲပေးရတယ် ။ အခင်းကြီးငယ် ဖြစ်ရင် ဆေးကြောပေးရတယ် ။
တချို့ အမျိုးတွေ က မလှနွဲ့ ကို သနားလို့ ဝိုင်း လုပ်ပေးကြရင် အဘွားလေးတင် က သဘော မတူဘူး ။ “ နင်တို့တွေ ငါ့ အနားကို မလာကြနဲ့ ” လို့ပဲ အော်တတ်တယ် ။ နောက်ပြီး အဘွားလေးတင် ရဲ့ ညာဘက်မျက်လုံးက တိမ် စွဲပြီး ကွယ်လုနီးနီး ဖြစ်နေ တယ် ။ တချို့လူတွေ ကတော့ ဘွားလေးတင် ဟာ တစ်ချိန်တုန်းက သူ့ ခြံထဲက ရေတွင်းပျက်ကို မြေကြီးတွေ ဖို့ပစ်လို့ မျက်စိ ကွယ်သလို ဖြစ်တာလို့ ပြောကြတယ် ။ ရေတွင်းရေကန် မဖို့ ကောင်းဘူး ဆိုတဲ့ အယူအဆ ကိုလည်း ရှမ်းချောင်းရွာက ယုံကြည် လက်ခံထားကြတယ် ။
အခုတော့ မလှနွဲ့ ဆုံးပြီ ဆိုတော့ တောင်ဝှေး မလဲဘဲ ဖိုးသူတော် လဲပြီ ။ ဂိလာန အဘွားလေးတင် ကို ပြုစုစောင့်ရှောက်ဖို့ က အမျိုးတွေ ရဲ့တာဝန် ဖြစ်ပြီ ။ အဘွားလေး တင် က သူရော မလှနွဲ့ ပါ မရှိတော့ရင် အိမ် နဲ့ ခြံ ကို ဘယ် အမျိုးကိုမှ မပေးဘူး ။ ရွာဦးကျောင်းကို ရေစက်ချပြီး လှူထားပြီးသား ။ အမျိုးတွေ အဖို့ အမွေကိစ္စ မျှော်လင့်ချက် မရှိလှပေမဲ့ အခုလို သွေးသားထဲ က နာရေး ဖြစ်ပြီဆိုတော့ လည်း အလောင်း မြေကျဖို့ ဝိုင်းဝန်း လုံးပန်းနေကြတယ် ။
••• ••• ••• •••
၂ ။
အဘွားလေးတင် ရဲ့ နာမည် အရင်းက မမြတင် ပါ ။ ငယ်ငယ်တုန်းက သူ့ဘဝ ဖြတ်သန်းမှုကတော့ တော်တော်လေး ကြမ်းတယ် ။ သူများ လယ်တွေမှာ ကောက်စိုက် ၊ ပျိုးနုတ် ၊ ပေါင်းလိုက် ဘဝမျိုးနဲ့ ရှင်သန်ရတယ် ။ အဲဒီတုန်း က ရှမ်းချောင်းရွာ လယ်ပိုင်းမှာ ကိုမူဆာ ဆိုတဲ့ မဂိုကု,လားကြီး တစ်ယောက် ပိုင်တဲ့ အိမ်ကြီး တစ်လုံး ရှိ တယ် ။ ခြံ ထဲမှာလည်း သရက်ပင် ၊ မရန်းပင် ၊ သစ်ကြားသီးပင် စတဲ့ အပင်ကြီးတွေက အုပ် ဆိုင်းလို့ ။ ဒါပေမဲ့ ကိုမူဆာကြီး က အဲဒီ အိမ်ကြီးမှာ အမြဲနေတာ မဟုတ်ဘူး ။ တစ်နှစ်မှာ တစ်လလောက်ပဲ လာ နေတာ ။ သူ့ မိသားစုက ရန်ကုန်မြို့ပေါ်မှာ ။
ကိုမူဆာကြီး ပိုင်တဲ့ လယ်မြေတွေက ရှမ်းချောင်း မှာပဲ ဧက နှစ်ဆယ်ကျော်လောက် ရှိတယ် ။ သူ ကိုယ်တိုင် လယ် မလုပ်နိုင် လို့ သီးစား ပေးထားပြီး တစ်နှစ် တစ်ခါ သီးစားခတွေ ကိုပဲ လာသိမ်းတယ် ။ အဲဒီအချိန် ဆိုရင် ကိုမူဆာကြီး နဲ့အတူ မာမက်ဘိုင် ဆိုတဲ့ သူ့ တူ တစ်ယောက်ပါ , ပါလာတတ်တယ် ။ သူတို့ တူဝရီး ရှမ်းချောင်း မှာ နေတဲ့ အတောအတွင်း ချက်ပြုတ်ပေးဖို့ လူတစ်ယောက် လိုတာ နဲ့ပဲ မမြတင် က ထမင်းချက် ဖြစ် လာတယ် ။ ထမင်းချက် ၊ အဝတ်လျှော်ပေး ၊ နေစောင်းတော့ ကိုယ့် အိမ် ကိုယ် ပြန်ပေါ့ ။ ဒါပေမဲ့ အဲသလို ဝေယျာဝစ္စ လာ လုပ်ပေးတဲ့ အတွင်း မမြတင် ဟာ ကိုမူဆာကြီး နဲ့ ငြိစွန်းပြီး ကိုယ်ဝန်ရှိလာ တယ် ။ ကိုမူဆာကြီး က မွေးလာတဲ့ ကလေးအတွက် တာဝန်ယူမယ် ပြောတာနဲ့ ဖျက် မချဖြစ်ပါဘူး ။
မွေးလာတဲ့ ကလေးက မိန်းကလေး ။ အသားက ဖြူဖြူ ၊ မျက်လုံးက အဖေ့ဘက်က အမွေကို ရထားတယ် ။ မမြတင် က ကလေးကို လှနွဲ့ လို့ပဲ နာမည် ပေးလိုက်တယ် ။ အဲဒီလိုနဲ့ လှနွဲ့ကလေး နှစ်နှစ်သမီးလောက် အရောက်မှာ ကိုမူ ဆာကြီး လည်း ရှမ်းချောင်း ကို မလာဖြစ်တော့ဘူး ။ တော်လှန်ရေးကောင်စီ အစိုးရ တက်လာတော့ လယ်လုပ်သူ လယ်ပိုင် ဆိုတော့ ကိုမူဆာကြီး လည်း သူ သီးစား ပေးထားတဲ့ လယ်တွေကို ရှမ်းချောင်း ရွာသားတွေ လက်ကို အကုန် အပ်လိုက်ရတယ် ။ ကိုမူဆာကြီး လည်း ရွာထဲက အိမ် နဲ့ ခြံကြီး ကို မမြတင် တို့ သား အမိကို အပြီးပေး ၊ လုပ်ကိုင် စားသောက်ဖို့ ငွေအရင်းအနှီးပါ ပေးပြီး ရန်ကုန် ကို အပြီး ပြန်သွားတယ် ။ နောက် သိပ်မကြာပါဘူး ၊ ကိုမူဆာကြီး ဆုံးသွားတဲ့ သတင်းကို ကြားလိုက်ရတယ် ။
မမြတင် လည်း ကိုမူဆာကြီး ပေးသွားခဲ့တဲ့ ငွေတွေကို စိတ်ချရတဲ့ သူတွေဆီမှာ အတိုးရင်း ပွားပေးတယ် ။ အပ်ချုပ်စက် တစ်လုံး ဝယ်ပြီး စက်ချုပ်တဲ့ ပညာကို သင်တယ် ။ တော်တော်လေး ကျွမ်းကျင်လာတော့ အပ် ထည်တွေကို လက်ခံတယ် ။ မမြတင် ရဲ့ လက်ရာတွေထဲမှာ ခြင်ထောင် ချုပ်တာ အတော်လေး ကောင်းတယ်လို့ ချီးကျူးတာ ခံရတယ် ။ မမြတင် ဟာ တစ်ချိန်တုန်းက နေပူစပ်ခါး မရှောင် ကောက်စိုက်ပျိုးနုတ် ခဲ့ရပေမဲ့ အခုလို သက်သောင့်သက်သာ အနေအထားမှာ အေး အေးလူလူ နေရတဲ့ လက်ရှိ ဘဝကို အားကျနေတဲ့ သူတွေ ရှိတယ် ။ တချို့ကလည်း “ မူဆာ့ မယားငယ် လုပ်မှ ဒီဘဝ ရောက်တာပါကွာ ” လို့ ပြောကြသေးတယ် ။
••• ••• ••• •••
၃ ။
ကိုမူဆာကြီး ထားသွားခဲ့တဲ့ အချိန်မှာ မမြတင် ဟာ သုံးဆယ်တောင် မပြည့်သေးဘူး ။ အရွယ် ကောင်းတုန်းမို့လို့ နောက်အိမ်ထောင် ထူဖို့ အကြံပေးတဲ့ သူတွေလည်း ရှိတယ် ။
“ မြတင်ရယ် ညည်း အရွယ် ရှိပါသေးတယ် ။ တစ်အိုးတစ်အိမ် ထပ်ပြီးတော့ ထူထောင်ပါလား ။ ညည်းတို့ သားအမိလည်း အားကိုး အားထား ရတာပေါ့ ”
“ ငါ့ဘာသာ ငါ အေးအေးဆေးဆေးပဲ နေပါရစေ အေးရီ ရယ် ၊ အပူ မရှာချင်တော့ပါဘူး ”
အရွယ်ကလည်း ရှိနေတုန်း ၊ ထိုက်သင့်တဲ့ ဥစ္စာဓနကလည်း ရှိတော့ မမြတင် ရဲ့ အနားမှာ ရစ်ဝဲနေကြတဲ့ ရွှေစွန်ညိုတွေ ရှိတယ် ။ ဒါပေ မဲ့လည်း မမြတင် က အကုန်လုံးကို လိမ္မာပါးနပ်စွာနဲ့ ငြင်း တယ် ။
“ ကျုပ် သမီးလေး လှနွဲ့ ဘယ်သူ့ကိုမှ ပထွေး မတော် ပါရစေနဲ့ ” ဆိုတဲ့ စကားကိုပဲ တွင်တွင် ပြောတတ်တယ် ။
မမြတင်ရဲ့ ခြံကြီးထဲမှာ ပေါင် မရှိတဲ့ ရေတွင်းပျက်ကြီး တစ်လုံး ရှိတယ် ။ အဲဒီ ရေတွင်းပျက်ကြီးကို သစ်သားချောင်းတွေနဲ့ အပေါ် က ဖုံးထားတယ် ။ မမြတင် က ရေတွင်းပျက်ထဲကို လှနွဲ့ မတော်တဆ ကျမှာကို စိုးရိမ်လို့ လူတွေ ခေါ်ပြီး မြေကြီး ဖို့ခိုင်းတယ် ။
“ ဟာ ... မမြတင် ကလည်း ရေတွင်းရေကန် ဆိုတာ မြေကြီး မဖို့ကောင်းဘူး ။ ကျုပ်တို့ မလုပ်ရဲဘူး ” လို့ တော်တော်များများက ငြင်းကြတယ် ။ နောက်ဆုံးတော့ ဘယ်သူ့ကိုမှ ခိုင်းမရတဲ့ အဆုံး သူ့ ဘာသာ သူပဲ တစ်နေ့ နည်းနည်းချင်း မြေကြီးခဲတွေ ပစ်ချပြီး ရေ တွင်းကို တိမ်ကောအောင် လုပ်ပစ်လိုက်တယ် ။ အဲဒါကို မြင်တော့ လူကြီးတွေက သတိပေးတယ် ။
“ ဟဲ့ မြတင် ၊ ရေတွင်း ရေကန် မဖို့ကောင်းဘူးနော် ။ မျက်လုံးတွေ ဘာတွေ ကွယ်တတ်တယ် ။ လှနွဲ့ လည်း သိတတ်တဲ့ အရွယ် ရောက် နေပါပြီ ။ ရေတွင်းနားကို မသွားလောက်ပါဘူး ” လို့ ဒေါ်အေးမှန် က သတိပေးတော့ -
“ သတိ ဆိုတာ ပိုတယ် မရှိပါဘူး ဒေါ်လေးရယ် ။ နောက်ပြီး ကျွန်မက ဒါတွေ ကို သိပ် အယူ မရှိပါဘူး ” လို့ ပဲ ပြန်ပြောတယ် ။
လှနွဲ့ က ကျန်းမာရေး က သိပ် ကောင်းလှတာ မဟုတ်ဘူး ။ ငယ်ငယ်လေး ကတည်းက တရှောင်ရှောင် ၊ ဆေးဆရာပေါင်းစုံနဲ့ ပြပြီးတော့ ပိုး မွေးသလို မွေးထား ရတယ် ။ ခုနစ်နှစ် ၊ ရှစ်နှစ် လောက် ရောက်တော့ မှ ရှမ်း ချောင်း က မူလတန်းကျောင်း ကလေးမှာပဲ ထားတယ် ။ ဒါပေမဲ့ ကျောင်းသိပ် မမှန်ပါဘူး ။ ကျောင်းအုပ်ဆရာကြီး ဦးကျောက်လုံး ကတောင် “ မြတင်ရယ် နင့်သမီး လှနွဲ့ ကျောင်းပျက်ရက်က များလှချည့်လား ။ စာ ဘယ်လိုလုပ် တတ်တော့မှာလဲ ” လို့ ပြောတဲ့ အထိ ။ လှနွဲ့ လည်း သုံးတန်းလောက် ရောက်တော့ သေစာ ရှင်စာ ဖတ်တတ်ရင် တော်ပြီ ဆိုပြီး ကျောင်းထုတ်လိုက် တယ် ။
လှနွဲ့ကလေးလည်း ရွှေရင်သိမ်းသစ် အရွယ်ရောက်လာတော့ အဖေ့ ဘက် က မျက်လုံး နဲ့ အမေ့ ဘက်က အသားအရေကို ရထားတော့ ခပ်ချောချောပါပဲ ။ အဲသလိုနဲ့ လှနွဲ့ အပျိုပေါက် ဖြစ်လာတဲ့ အချိန်မှာ မမြတင် က ပြော တယ် ။
“ လှနွဲ့ ညည်း ငါ သေသွားရင် ဘယ်ယောက်ျားမှ မယူနဲ့နော် ။ ညည်း ကျန်းမာရေး အခြေအနေနဲ့ လင်ယူ သားမွေးကိစ္စတွေ လုပ်နိုင်မှာ မဟုတ်ဘူး ”
“ အို ... မမတင် ကလည်း ကျုပ် ယောက်ျား မယူပါဘူး ။ မမတင် နဲ့ ပဲ တစ်သက်လုံး နေသွားမှာပါ ။ မမတင် သာ အသက်ရှည် အောင်နေ ”
“ ညည်း အဲသလို ပြောတော့ ကျုပ် စိတ်အေးရတာပေါ့အေ ”
ရှမ်းချောင်း က ကာလ သားတွေကလည်း လှနွဲ့ ကို စိတ်ဝင်စားကြတယ် ။ ရွာထဲမှာ အမြဲလိုလို မြင်တွေ့နေရ ရင်တော့ အမြင် ရိုးသွားနိုင် ပေမဲ့ လှနွဲ့ က တစ်ချိန်လုံး လို လို အိမ်တွင်းပုန်းနေတဲ့ အတွက် ကာလသားတွေရဲ့ စိတ်ဝင်စားမှုက ပိုတယ် ။ တစ်ညမှာ ရွာ အရှေ့ဖျားက တင်ငွေ တို့ တစ်သိုက် မမြတင် အိမ်ရှေ့ လာပြီး မယ်ဒလင် တစ်လက်နဲ့ လျှောက်ပြန်သံပေး လုပ်ကြ တယ် ။
“ မောင့် အပေါ်ဝယ် xxx ဂုဏ်ရည် မတူလို့လား ရွှေစံပယ်ဖြူ ပန်ချင်သူက များ မသနားဘဲ ရက်စက်တယ် ”
“ မြတ်နိုးသူရယ် xxx ချစ်မိုးစွေ ခဲ့ တယ် xxx ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ် ”
ပထမတော့ မမြတင် က သည်းခံပါသေးတယ် ။ နောက်ပြီး တင်ငွေ တို့ လူသိုက်က ရွာထဲ ဆက်လျှောက်တာမျိုး မဟုတ်ဘဲ အိမ်ရှေ့မှာတင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ တယ် ။ အသံသေး အသံကြောင် မယ်ဒလင် တဒေါင်ဒေါင် နဲ့ သီချင်းတွေ ဆက်ဆို နေတာမို့ မမြတင် ရဲ့ သည်းခံချင်စိတ်က ကုန်ခန်းသွားပြီ ။ အဲဒါနဲ့ လောက်လေးခွ နဲ့ တစ်ချက်ပြီး တစ်ချက် ပစ်လိုက်တာ တင်ငွေ တို့ လူစု မယ်ဒလင် သံစဉ် ပျက်ပြီး ထွက်ပြေးရတဲ့ အထိပဲ ။ ဒါကြောင့်မို့လို့ ကြည့်မရတဲ့သူ တချို့က ပြောကြတယ် ။
“ မြတင် တို့များ ကိုယ်တိုင်က မူဆာ့ မယားငယ် ဖြစ်ပြီး လှနွဲ့ ကျတော့ တွန့်တိုလိုက်တာအေ ၊ ပြောမနေပါနဲ့တော့ ”
“ အေးလေ ၊ လှနွဲ့ က လေးက မျက်နှာကလေးကတော့ လှပါရဲ့ ။ နာမည်နဲ့ လိုက်အောင် လှလှနွဲ့နွဲ့ ကလေးပါပဲ ။ ဒါပေမဲ့ သက်ဆိုး ရှည်မယ့်ပုံ မပေါ်ပါဘူးအေ ”
••• ••• ••• •••
လှနွဲ့ ခမျာ ရွှေရင်သိမ်း သစ်တဲ့ အရွယ်ကို ကျော်လွန်ပြီး အပျိုကြီးဖားဖား ဖြစ်ပေမယ်လို့ ရည်းစားသနံ မရှိရှာပါဘူး ။ ဒါပေမဲ့ တစ်နေ့မှာတော့ ဇာတ်လမ်းက တစ်မျိုးတစ်ဖုံ ဖန်လာတယ် ။ အဲဒါကတော့ ရှမ်းချောင်းရွာ ကို ကျန်းမာရေးမှူး ဆရာလေး တစ်ယောက် အသစ် ရောက်လာတယ် ။ သူ့ နာမည်က ကိုသက်ဆွေ တဲ့ ။ လှနွဲ့ ကလည်း ကျန်းမာရေး သိပ် ကောင်းတဲ့သူ မဟုတ်တော့ ကိုသက်ဆွေ ကို ပင့်ပြီး ဆေးကုသရာ ကနေ တစ်နေ့ တခြား သံယောဇဉ်တွေ ဖြစ်ခဲ့ကြတယ် ။ စည်းစိမ်ဥစ္စာတွေ ထိုက်သင့်သလောက် ရှိမယ်လို့ ဗဟုသုတ နည်းပါးပြီး အိမ်တွင်းပုန်း လုပ်နေရတဲ့ လှနွဲ့ ကို ကိုသက်ဆွေ က သနားတယ် ။ တစ်နေ့ကျတော့ ကိုသက်ဆွေ က လှနွဲ့ ကို ခိုးပြေးခဲ့တယ် ။ ဒါပေမဲ့ မြင်တဲ့ သူတွေက မြင်ပြီး မမြတင် ကို အချိန်မီ သတင်းပို့လို့ ခြေလွန်လက်လွန် မဖြစ်ခင်မှာပဲ ပြန် ခွဲနိုင်ခဲ့တယ် ။
“ ဆရာလေးရယ် ၊ ဆရာလေး နှမ ယရဲ့ ကျန်းမာရေး အကြောင်းကို ဆရာလေး အသိဆုံးပါ ။ ဘယ်လို လုပ်ပြီး အိမ်ထောင်သားမွေး အလုပ်တွေ လုပ်နိုင်မှာလဲ ။ ချစ်တယ် ဆိုတာ အချိန်တန်ရင် မေ့ သွားမှာပါ ။ လှနွဲ့ ကို အပူတွေ မပေးချင်ပါနဲ့ ဆရာလေး ရယ် ။ ဆရာလေး ဂုဏ်ဒြပ် နဲ့ ရုပ်ရည် နဲ့ ဆို ကျုပ် သမီး ထက် သာတာတွေ ရ နိုင်ပါတယ် ” လို့ မမြတင် က ပြေပြေလည်လည် ပြောပြီး ငိုယို တောင်းပန်တယ် ။
ဆရာလေး ကိုသက်ဆွေ လည်း သဘောပေါက်ပြီး နောက်ဆုတ်သွားတယ် ။ ဖြစ်ခါစတော့ လှနွဲ့ က တငိုငို ၊ တရယ်ရယ် ပေါ့ ။ ကိုသက်ဆွေ လည်း အဲဒီ ကိစ္စ ဖြစ်ပြီး အရှက် ရလို့ ရှမ်းချောင်း ကနေ ချက်ချင်း ဆိုသလို ပြောင်းသွားတယ် ။ အဲဒီတော့မှ မမြတင် လည်း စိတ် တုံးတုံး ချနိုင်တော့တယ် ။ လှနွဲ့ ရဲ့ ချစ်မေတ္တာပန်း ကလည်း ဘဝမှာ တစ်ခါသာ ပွင့်လိုက်ရပြီး ချက်ချင်း ညှိုးခြောက်သွားခဲ့ရတယ် ။ ဒုတိယ အကြိမ် ပြန်ပွင့်ဖို့ ဆိုတာလည်း လှနွဲ့ စိတ်ကူး မယဉ်ရဲတော့ပါဘူး ။
••• ••• ••• •••
၅ ။
တစ်နေ့ကျတော့ မမြတင် ကို လှနွဲ့ က မေးခွန်း တစ်ခု မေးတယ် ။
“ မမတင်ရယ် ကျုပ် အဖေ က ကိုမူဆာ ဆိုတဲ့ ကု,လားကြီး ဆို ”
မမြတင် က ခေါင်း ညိတ်ပြလိုက်တယ် ။
“ ကု,လားဆိုပေမဲ့ မည်းမည်းသည်းသည်း ဒယ်အိုးဖင် ကု,လားမျိုး မဟုတ်ဘူးအေ့ ။ ဖြူဖြူဖွေးဖွေး ကြည့်ကောင်းကောင်းပါ ။ ညည်း နှစ်ခါလည် သမီးလောက် ကတည်းက ဆုံးသွားတာ ။ ခုဆို ကြာပေါ့အေ ။ ငါ့ နှယ် ညည်းကို ပြဖို့ ဓာတ်ပုံလေး တစ်ပုံတလေတောင် တောင်း မထားလိုက်မိဘူး ”
အဲဒီနောက် လှနွဲ့ လည်း သူ့ အဖေ ကိုမူဆာ့ အကြောင်း ထပ်မမေးတော့ပါဘူး ။ ခြံကျယ်ကြီးထဲက အိမ်ကြီး တစ်လုံးထဲမှာ သားအမိ နှစ်ယောက် စက်ချုပ်ပြီး နေလာ ကြရင်း လှနွဲ့ လည်း ဘယ် ယောက်ျား ကိုမှ စိတ် မဝင်စားတော့ပါဘူး ။ လှနွဲ့ ကျန်းမာရေး ကလည်း သိပ်ကောင်း လှတာ မဟုတ်ဘူး ။ တစ်ခါတလေ ချောင်းဆိုးရင် သွေးတောင် ပါတယ် ။ နည်းနည်းလေး ပင်ပန်းတာနဲ့ လူက မောတတ်တယ် ။ ဒီလိုနဲ့ နှစ်ကာလတွေ ဖြတ်သန်းရင်းနဲ့ အဘွားလေးတင် နဲ့ ကြီးမလှနွဲ့ လို့ ရပ်ရွာက ခေါ်တဲ့ အထိ အချိန် ရောက်လာတယ် ။ အဘွား လေးတင် က ခုနစ်ဆယ် ကျော် ၊ မလှနွဲ့က ငါးဆယ် ကျော် ။ အဘွားလေးတင် က တစ်သက်လုံး ထိုင်ရာမထ စက်ချုပ်ခဲ့တာ ဆိုတော့ ဒဏ်တွေ ပိပြီး ကျန်းမာရေးက သိပ် မကောင်းတော့ဘူး ။ မလှနွဲ့ ကလည်း ရင်ကျပ်ပန်းနာ အခံ ရှိပြီး လူက မီးယပ်ပိန် ၊ မီး ယပ်ခြောက် ။ သားအမိ နှစ်ယောက် အပြန်အလှန် ပြုစုပြီး ကျားကန်ထားရတာ ။ ရှိရင်းစွဲ ငွေလေးကို အတိုး ရင်းပွားလေးပေး ၊ သိပ်အရေးကြီးမှသာ ရွှေတိုရွှေစကလေးတွေ ကို ထုခွဲ ရောင်းချပြီး သုံးကြတယ် ။ သူတို့ သားအမိ မရှိတော့တဲ့ အခါ အိမ် နဲ့ ခြံ ကို ဘယ် ဆွေမျိုးကိုမှ ပေးမှာ မဟုတ်ဘူး ။ ရွာဦးကျောင်း ဆရာတော် ဆီမှာပဲ ရေစက်ချ လှူထားတယ် ။ အဘွားလေးတင် ကလည်း တရှောင်ရှောင် ဖြစ်နေ တဲ့ အကြားက ဘယ်ဘက် မျက်လုံးတစ်ဖက် တိမ်စွဲပြီး ကွယ် ပြန်လေရော ။ ဒီကြားထဲ ဘူးလေးရာ ဖရုံဆင့် ဆိုသလို အဘွားလေးတင် ခမျာ အစား မှား ၊ ရေချိုး မှား ရာက လေတစ်ခြမ်း ဖြတ်ပြီး အိပ်ရာထဲ ဗုန်းဗုန်း လဲပြန်တယ် ။ ဆေး ဆရာတွေ ခေါ်ပြီး ကုပေမဲ့ ပြန်ကောင်း မလာဘဲ နာတာရှည် ဖြစ်ပြီး သူငယ် ပြန်ချင်သလို ဖြစ်လာတယ် ။ လူတွေကိုလည်း မလှနွဲ့ လွဲလို့ တခြား သူတွေကို သူ မမှတ်မိတော့ဘူး ။ အဘွားလေးတင် က သူ့ ကို ပြုစုတဲ့ နေရာမှာ မလှနွဲ့ က လွဲလို့ ကျန်တဲ့ သူတွေကို သူ အကပ် မခံဘူး ။ မလှနွဲ့ မှ မလှနွဲ့ ။ မလှနွဲ့ ကို သူ့ နားမှာ မတွေ့ရင် “ လှနွဲ့ ... လှနွဲ့ ” နဲ့ ကို အော် ခေါ်နေတတ်တယ် ။ မလှနွဲ့ ပဲ လူမမာ အနားမှာ အချိန်ပြည့် နေရတာ ဆိုတော့ တခြား အိမ်အလုပ် ဗာဟီရ တွေကို ဆွေနီးမျိုးစပ် တော် တဲ့ မခင်စီ နဲ့ မတင်ကြည် တို့ ညီအစ်မ က လာလုပ်ပေးကြ ပါတယ် ။ နောက်ပြီး အဘွားလေးတင် က ပါးစပ်ထဲမှာလည်း သွားတွေက တစ်ချောင်းမှ မရှိတော့ ထမင်းလည်း မဝါးနိုင်တော့ဘူး ။ အဲဒီတော့ ထမင်းပျော့ပျော့ ချက်ပြီး ရေ နွေးပူ ရော ၊ ဇွန်း နဲ့ ကြေအောင် ခြေပြီး နို့မှုန့် ၊ သကြား ရောကျွေးရတယ် ။
••• ••• ••• •••
မိုးတစိမ့်စိမ့် ရွာတဲ့ ညတစ်ည သားအမိ နှစ်ယောက်တည်း ရှိတဲ့ အချိန်မှာ -
“ လှနွဲ့ .... လှနွဲ့ ”
“ ဘာများလဲ မမတင် ရဲ့ ”
“ ဟော ... ဟိုမှာ ...” ဆိုပြီး အဘွားလေးတင် က အခန်းဝကို လက်ညှိုး ညွှန်ပြတယ် ။
မလှနွဲ့ က လသာမှန်အိမ်ကို မီးစာ မြှင့်တင်လိုက်ပြီး
“ ဘာမှ မရှိပါဘူး မမတင် ရဲ့ ၊ ဘာဖြစ်လို့လဲ ”
“ ညည်း အဖေ ကိုမူဆာ ကြီးလေ ၊ မတ်တတ်ကြီး ရပ်နေတာ ။ ညည်း မတွေ့ဘူးလား ” လို့ ပြောတော့ မလှနွဲ့ တစ်ယောက် ကြောက်လွန်းလို့ ရွတ်ဆိုရတာ ရသမျှ ဘုရားစာတွေ ကုန်တဲ့ အထိပဲ ။ ဒီကြားထဲ ခွေးတစ်ကောင်ကလည်း ဆွဲဆွဲငင်ငင် အူလိုက် သေးတယ် ။
ဒါပေမဲ့ အဘွားလေးတင် က သူ သတိဝင်လာတဲ့ အခါမျိုး ဆိုရင် ပြောတတ်သေးတယ် ။
“ ဟဲ့ ... လှနွဲ့ ၊ တစ်ခုခု အရေးအကြောင်းနဲ့ ကြုံရင် ရွှေထုပ်ကို အရင် ယူနော် ။ ထားတဲ့နေရာ ညည်း သိပါတယ် ။ ငါ မသေချင်သေးဘူး လှနွဲ့ ရယ် ၊ ငါ ညည်းကို စိတ်မချဘူး ။ မပြောကောင်း မဆိုကောင်း ငါ အရင် မသေဘဲ ညည်း အရင် သေတာကမှ ကောင်းဦးမယ် ။ ဒါနဲ့ ငါ သေသွားရင် ယောက်ျား မယူနဲ့နော် ။ ယူတဲ့ ယောက်ျားက တို့ပစ္စည်းတွေကို ဖြုန်းပစ်မှာအေ့ ”
“ ဪ ... မမတင် ကလည်း ကျုပ် အသက် ငါးဆယ် ကျော်လို့ သွေးတောင် ဆုံးနေပါပြီ ။ လင်စိတ်သား စိတ်လည်း မရှိတော့ပါဘူးတော် ”
••• ••• ••• •••
၆ ။
ဆောင်းတွင်းဘက် တစ်မနက်မှာ ဆန်ပြုတ်အိုး တည်ရင်း မလှနွဲ့ ခေါင်းထဲ မိုက်ခနဲ ဖြစ်ပြီး ပစ်လဲကျသွားတယ် ။ ဖြစ်ဖြစ်ချင်းမှာ ဘယ်သူမှ မသိကြဘူး ။ အဘွားလေးတင် က အိပ်ရာထဲကနေ “ လှနွဲ့လှနွဲ့” လို့ တကြော်ကြော် အော်ခေါ်နေတယ် ။
“ ဟယ် ... ဒီကောင်မ ငါ ဒီလောက် အော်ခေါ်နေတာတောင် ပြန်ထူးပုံ မရတော့ လင်နောက် လိုက်သွားပြီနဲ့တူတယ် ” လို့ တောင် ပြောနေ သေးတယ် ။ နောက်တော့ မခင်စီ ရောက်လာတဲ့အခါ အဘွားလေးတင် ရဲ့ “ လှနွဲ့ ... လှနွဲ့ ” ဆိုတဲ့ ခေါ်သံ ကြားရတော့ မလှနွဲ့ ဘာများ ဖြစ်ပါလိမ့် ဆိုပြီး လိုက်ရှာတော့ မီးဖိုချောင်ထဲမှာ ခွေခွေလေး လဲ နေတဲ့ မလှနွဲ့ ကို တွေ့ လိုက်ရ တယ် ။ မခင်စီလည်း မလှနွဲ့ ကို ပွေ့ထူပြီး မေးကြည့်တော့ စကားမေး မရတော့ဘူး ။
အဲဒါနဲ့ မခင်စီလည်း အဘွားလေးတင် ကို အသိ မပေးရဲဘဲ ပတ်ဝန်းကျင် အိမ်တွေက လူတွေကို ခေါ်ပြီး စစ်ဆေးကြည့် လိုက်တော့ အသက် မရှိတော့ဘူး ။ သွေးတက်တာကို တက်မှန်း မသိဘဲ ဦးနှောက်သွေးကြော ပြတ် ပြီး သေသွားတယ် လို့ပဲ ကောက်ချက်တွေ ချကြ တယ် ။ အဘွားလေးတင် ကိုတော့ မလှနွဲ့ နေမကောင်းလို့ ရန်ကုန် သွားပြီး ဆေးသွား ကုနေတယ် ဆိုပြီး ဝိုင်း လိမ်ထားရတယ် ။
“ ညည်းတို့ ငါ့ကို ဝိုင်း ညာနေကြတာ မဟုတ်လား ။ လှနွဲ့ လင့် နောက် လိုက်သွားတာပါအေ ” လို့ပဲ ပြောနေတယ် ။
မလှနွဲ့ အသုဘ ကို ရပ်ဆွေရပ်မျိုးတွေကပဲ ဝိုင်း ပြီးတော့ အကျဉ်းရုံး စီစဉ် ပေးလိုက်တယ် ။
အဘွားလေးတင် ရဲ့ အနားမှာတော့ မခင်စီ နဲ့ မတင်ကြည် တို့ ညီအစ်မ နှစ်ယောက်က တစ်လှည့်စီ စောင့်ကြတယ် ။ အိမ်ထဲမှာ လူတွေ အလုပ်ရှုပ် နေကြတာကို ဘာတွေ လုပ်နေကြတာလဲလို့ အဘွားလေးတင် က မေးရင် ဖြေဖို့ အတွက် မခင်စီ တို့ ကြိုတင် စည်းဝါးရိုက်ထားကြရတယ် ။
“ ဟဲ့ ၊ လှနွဲ့ ဘယ်တော့ ပြန်လာမှာလဲ ”
“ နေကောင်းသွားပြီလို့တော့ ကြားတာပဲ အကြီးရဲ့ ။ နက်ဖြန်ခါ ၊ သန်ဘက်ခါလောက် ပြန်ရောက်မှာပါ ”
“ လှနွဲ့ ပြန်လာလို့ကတော့ ညည်းတို့တွေ ငါ့ နား မလာကြနဲ့တော့ ”
သက်ပျောက် ဆွမ်း သွတ်တဲ့ နေ့မှာ ရွာဦးကျောင်းက ဘုန်းတော်ကြီး သုံးပါးကို ပင့်ပြီး ဆွမ်းသွတ်တယ် ။ ဘုန်းကြီးတွေ ရဲ့ ပရိတ်ရွတ် သံ ၊ တရားဟောသံတွေကို အဘွားလေးတင် ကြားမှာ စိုး လို့ ခပ်တိုးတိုး ရွတ်ဖို့ လျှောက်ထားရတယ် ။ အိပ်ခန်းထဲက အဘွား လေးတင် ရဲ့အနားမှာ မခင်စီ က စောင့်နေတယ် ။ ဘုန်းကြီးတွေ ရဲ့ ပရိတ်ရွတ်သံက တိုး ပေမယ်လို့ အခန်းထဲကတော့ ခပ်သဲ့သဲ့ ကြားနေရတယ် ။
“ သမန္တာ စက္ကာဝါ ဠေသု ၊ အတြာဂစ္ဆန္တုဒေဝတာ ၊ သဒ္ဓမ္မံ မုနိရာဇဿ သုဏန္တု သဂ္ဂမောက္ခဒံ ”
မခင်စီ လည်း ပရိတ်ရွတ်သံကို အဘွားလေးတင် မတော်တဆ ကြားမိပြီး ဘာ သံတွေလဲလို့ မေးလာခဲ့ရင် လိမ်ပြောဖို့ စကားစ , ရှာနေမိ တယ် ။ အဲဒီ အချိန်မှာပဲ အဘွားလေးတင်ရဲ့ ခြောက် ကပ်ကပ် အသံ ထွက်ပေါ်လာတယ် ။
“ ဟဲ့ ... လှနွဲ့ ၊ ညည်း ရန်ကုန် သွားပြီး ဆေးကုတာဆို ၊ ဘယ်တုန်းက ညည်း ပြန် ရောက်တာလဲ ။ အခန်းဝမှာ ဘာဖြစ်လို့ ညည်း မတ်တတ်ရပ်နေရတာလဲ ။ အိမ်ရှေ့မှာ ယောက်ျားသံတွေ ကြားနေရတယ် ။ အခန်းထဲကို မြန်မြန် ဝင်စမ်း ။ ညည်း ညိုမြ လုပ်မနေနဲ့ ”
အဘွားလေးတင် ရဲ့ စကားသံကို ကြားလိုက်ရတော့ မခင်စီ လည်း ယောင်ယမ်းပြီး အခန်းဝကို ကြည့်လိုက်မိတယ် ။ အခန်းဝမှာ ဘယ်သူမှ မရှိပါဘူး ။ ခေါင်းနားပန်းတွေ ကြီး ၊ ကြက်သီးတွေ တဖြန်းဖြန်း ထပြီး မခင်စီ တုန်လှုပ်သွားတယ် ။ “ ဘုရား ... ဘုရား ” လို့လည်း နှုတ်က တိုးတိုးကလေး ရေရွတ်လိုက်မိတယ် ။
“ ယဿာ နုဘာဝတော ယက္ခာ ၊ နေ၀ ဒဿန္တိ ဘီသနံ ။ ယဉှိစေဝါ နုယုဉ္ဇန္တော ၊ ရတ္တိန္ဒိဝ မတန္ဒိတော ”
အိမ်ရှေ့က ဘုန်းကြီးတွေရဲ့ မေတ္တသုတ် ပရိတ်သံ ကြားလိုက်ရတော့မှ ကြောက်စိတ်နည်းနည်း ပြေသလို ခံစားမိလိုက်တယ် ။ ဒါပေမဲ့ အဲဒီ အချိန်မှာပဲ အဘွားလေးတင် ရဲ့ အက်ကွဲကွဲ ခြောက်ကပ်ကပ် အသံကြီးကို ထပ်မံ ကြားလိုက်ရတယ် ။
“ ဟဲ့ .. လှနွဲ့ ၊ ညည်းက ငါ့ စကားကို နားမထောင်တော့ဘူးလား ။ အခန်းဝမှာ ဘာ ရပ်လုပ်နေတာလဲ ၊ ငါ့ နားကို မြန်မြန် လာစမ်း ။ အိမ်ရှေ့မှာ ယောက်ျားသံတွေ ကြားနေရတယ် ”
◾နိုင်မြင့်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၇ ခုနှစ် ၊ မတ်လ

No comments:
Post a Comment