Sunday, January 11, 2026

ကျားခံတွင်းထဲက သားကောင်


 

❝ ကျားခံတွင်းထဲက သားကောင် ❞
( နီနီနိုင် - သထုံ )

မွန်ပြည်နယ် သထုံမြို့အပိုင် နောင်ကလား ကျေးရွာသည် ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်တွင် တည်ရှိသည် ။ ထိုကျေးရွာတွင် နေသူ သီတာဝင်း တစ်ယောက် မိဘနှစ်ပါးနှင့် လယ်အတူ လုပ်ကိုင်စားသောက်ရသည် ။ သားသမီး ငါးယောက်တွင် သီတာဝင်း က အကြီးဆုံးဖြစ်သည် ။ ဖခင် ဦးကျော်ဝင်း သူရင်းငှားလုပ်စာနှင့် မလောက်င၍ အမေက အလံတစ်ရာဘုရားရှေ့မှာ ဝ,ဥသုပ် ရောင်းရသည် ။ သီတာဝင်း အောက်က အငယ်လေးယောက်ဖြစ်သည့် အောင်ကျော်ဝင်း ၊ သူဇာဝင်း ၊ မာလာဝင်း နှင့် အငယ်ဆုံးမောင်လေး ထူးပြည့်ဝင်း တို့က ကျောင်းတက်နေသည် ။ အဖေက ဆင်းရဲတွင်းနက်သဖြင့် သားသမီးများကို ပညာတတ်ဖြစ်စေချင်ရှာသည် ။ ထို့အတွက် အဖေနှင့် အမေအပြင် သီတာဝင်း ပါ ထွက်ရှာ ရတော့သည် ။

လယ်သမားတွေ၏ အဓိကအလုပ်ဖြစ်သော ကောက်စိုက် ချိန် ပြီးလျှင် သီတာဝင်း လယ်အလုပ် မရှိတော့ ရရာကြုံရာ ဘောက်အလုပ်များ လုပ်ရပြန်သည် ။ နေ့စဉ်ဝင်ငွေ ဆို၍ အမေ့ အသုပ်ဆိုင်မှ ရသော ငွေအနည်းငယ်သာရှိသည် ။ အလံတစ်ရာ ဆရာတော်ဘုရား ရှိစဉ်က ဧည့်မပြတ်၍ ရောင်းအားကောင်း သော်လည်း ယခုမူ ရောင်း၍မကောင်းလှ ။ ဆန်ဖိုးလေးသာရရှိသည် ။ လယ်စိုက်ပြီး ဆန်ရှားနေသည်က သီတာဝင်းတို့အိမ်ပဲ ဖြစ်သည် ။ ဖောင်စီးရင်း ရေငတ်နေသည် ဟု ဆိုက မှားမည် မဟုတ်ပါ ။

မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေ ပုံမှန် ရနိုင်ဖို့ ကြိုးစားနေသော သီတာဝင်းတစ်ယောက် တစ်နေ့တွင် သထုံမြို့ပေါ် ဈေး သွားပြီး အလုပ်သမား ခေါ်သည့် ဆိုင်များ ရှိမရှိ လိုက်စုံစမ်းရင်း ဈေးထိပ်မှာ အညာထန်းလျက်ခဲနှင့် ပုံးရည်ကြီးရောင်းသည့် အစ်မကြီး တစ်ယောက်နား ကပ်ပြီး စပ်စုလိုက်သည် ။

“ အစ်မ ဒီနားမှာ ရှိတဲ့ ဆိုင်တွေက ဝန်ထမ်းခေါ်တဲ့ အသံ ကြားမိလားဟင် ”

“ အင်း ... ဈေးထဲမှာတော့ “ ဝန်ထမ်းအလိုရှိသည် ” ဆိုတဲ့ ဆိုင်းဘုတ် မတွေ့မိပါဘူး ။ ဘာလို့ ဝန်ထမ်းလုပ်မှာလဲ ။ ကိုယ်ပိုင်အလုပ် လုပ်မှာပေါ့ ။ ဒီက ကုန် အညာမှာ သွားရောင်း ၊ အညာက ကုန်တွေ ဒီမှာ လာရောင်း ၊ တစ်ပတ်ဆို ရောင်းကုန်ပြီ ။ ကိုယ့် အတွက် စားပြီးသောက်ပြီး တစ်သိန်းလောက် ကျန်တယ် ။ တစ်လနှစ်ခေါက် ဆိုရင် နှစ် သိန်း အသာလေးပဲ ။ အရင်းနှီး လည်း များများစားစား မလို ဘူး ၊ စိတ်လွတ်ကိုယ်လွတ် လုပ်ရတယ်လေ ”

အညာကုန် ရောင်းသော အစ်မကြီးထံမှ မစားရ ဝ, ခမန်းကြားရသော စကားကြောင့် သီတာဝင်း စိတ်ဝင်စားသွားသည် ။ မွန်ပြည်နယ် က ထွက်ကုန် ငါးပိ ၊ ငါးခြောက် လိုက်ရောင်းလျှင် ကောင်းမလားဟု စဉ်းစားတုန်း ။

“ ဘယ်လိုလဲ ညီမလေး ၊ အစ်မပြန်ရင် လိုက်လည်မလား ။ မန္တလေးမြို့ဆိုတာ ကြားဖူးလား ။ ရှေ့လ ဆိုရင် ကျောက်တော်ကြီးဘုရားပွဲ စ,တော့မယ် ။ ဒီက ကုန်ရော ၊ အညာက ကုန်တွေပါ ရောင်း မယ် ။ ဘုရားပွဲ ပြီးတာနဲ့ ဒီကို ပြန်လာမယ် ။ ဝင်ငွေကောင်း ကောင်းလည်းရ ၊ ဗဟုသုတ လည်း ရတာပေါ့အေရဲ့ ”

ထိုအမျိုးသမီးက တွက်ရေး စက်သူဌေး လုပ်ပြနေတော့ သီတာဝင်း ဝမ်းသာသလိုလို မျှော်လင့်ချက် ရှိလာသလို ခံစားရပါ၏ ။ ထို့ကြောင့် စဉ်းစားဟန်ပြုပြီးမှ -

“ အင်း ... ကျွန်မမှာအရင်းအနှီး မရှိဘူး အစ်မရဲ့ ၊ လိုက်တော့ လိုက်ချင်တယ် ။ မိဘတွေကလည်း ခွင့်ပြုမှာ မဟုတ်ဘူး ။ ကျွန်မက အိမ်မှာ အကြီးဆုံးသမီး ဆိုတော့ အဖေနဲ့ အတူ ယာထဲဆင်း အလုပ် လုပ်ပြီး ဝင်ငွေ ရှာနေရတာ လိုက်ဖို့ ခွင့်ပြုမယ် မထင်ဘူး အစ်မရဲ့”

“ ဪ ... ညီမရယ် ၊ ငွေရှာတာပဲ မိဘတွေကို မပြောနဲ့ပေါ့ ။ မန္တလေး ရောက်မှ ဖုန်းဆက်လိုက်လေ ၊ လိုက်မယ်ဆိုရင် သန်ဘက်ခါ ပြန်မယ် ။ ကားလက်မှတ် ဖြတ်ထားလိုက်မယ်လေ ။ ညီမကို မြင်မြင်ချင်း ခင်မိလို့ ခေါ် တာ ။ လောလောဆယ်ဆယ်တော့ အစ်မနဲ့ တွဲရောင်းပေါ့ ။ ဪ ... ညီမနာမည်က ... ”

“ သီတာဝင်းပါ အစ်မ ”

“ အေး ... လိုက်မယ်ဆိုရင် သန်ဘက်ခါနေ့ခင်း ရွှေစာရံကားဂိတ်ကို လာလိုက်နော် ။ အစ်မနာမည်လည်း မှတ်ထား မဒေါင်းမြ တဲ့ ။ အစ်မနဲ့ လိုက်မယ်ဆိုရင် တစ်ခေါက်ပြန်လာ တစ်သိန်းတော့ မိဘတွေပေးနိုင်မယ် ။ နောက်တော့လည်း ညီမလေး ကိုယ့်ဘာသာ ရောင်းရင် ဒီထက်ပို ကိုက်မယ် ။ ပုပ်ကုန် မဟုတ်လို့ အရှုံး မရှိဘူး ”

အစ်မကြီး စကား ကြားရသဖြင့် သီတာဝင်း ပို၍စိတ် ဝင်စားသွားသည် ။ ငွေကြေး ရှာဖွေပြီး မိဘနှစ်ပါးကို တစ် ဖက်တစ်လမ်းက ကူညီလုပ် ကိုင်ပေးချင်သည့် စိတ်က သွေးကြောထဲ စီးဆင်းနေ သည် ။ သို့နှင့် သီတာဝင်း အပြန်တွင် သဘောကောင်း သော အစ်မကြီးက ပုံးရည်ကြီး ၊ ထန်းလျက် ၊ သနပ်ခါးတုံး ၊ ဆီးထုပ်များ လက်ဆောင် အဖြစ် ထည့်ပေးလိုက်သည် ။ အမေ့ကို ပြောပြရကောင်းမလားဟု စဉ်းစားသော်လည်း တားမြစ်နေမည် စိုးသဖြင့် မပြောပြတော့ပါ ။ အမေ ဈေးရောင်း သွားနေတုန်း အကောင်းဆုံး အဝတ်အစား နှစ်စုံလောက်ကို အိတ်သေးသေးတစ်လုံးနှင့် ထည့်ပြီး ဝှက်ထားလိုက်သည် ။ အစ်မကြီးနှင့် ချိန်းဆိုထားသည့်ရက်တွင် အဖေက လယ်ထဲဆင်း ၊ အမေက ဈေးရောင်းထွက်နေသဖြင့် အိမ်က ထွက်ဖို့ အခါကောင်းနေသည် ။ သီတာဝင်း လွယ်အိတ်ကလေး လွယ်ပြီး ရွှေစာရံဘုရားဂိတ်ကို ဆိုင်ကယ်တစ်စီး ငှားပြီး လာလိုက်သည် ။ ဆိုင်ကယ်မောင်းသူက သီတာဝင်း ကို မသိသည့် အပြင် စပ်စပ်စုစု မလုပ်သဖြင့် စိတ်အေးရတော့သည် ။ ကားဂိတ်ရောက်တော့ အစ်မဒေါင်း ကို ရှာရာ လက်ဖက်ရည်ဆိုင် ထဲတွင် တွေ့လိုက်သဖြင့် ဝင်သွားလိုက်သည် ။

“ တော်သေးတာပေါ့ သီတာဝင်းရယ် ၊ ကားလာတော့မှာမို့ အစ်မ စိတ်ပူနေတာ ”

“ ပြောထားပြီးသားပဲ လာမှာပေါ့ အစ်မရယ် ၊ ပိုက်ဆံရဖို့ အလုပ်လုပ်သွားမယ့်ဟာ ”

ပြောပြောဆိုဆို မော်လမြိုင်မှ စထွက်လာသော ကား ဆိုက်လာသဖြင့် သီတာဝင်း နှင့် အစ်မဒေါင်း ကားပေါ်တက်လိုက်သည် ။ ကားက လူစုံပြီဖြစ်၍ ခဏမျှသာ ရပ်ပြီး ဆက်ထွက်သည် ။ ရွာရှေ့က ကားဖြတ်လာချိန် အမေ့ ဆိုင်ကို ကားပေါ်မှ လှမ်းကြည့်လိုက်သည် ။ အမေက ဘာမှသိပုံ မပေါ် ။ ဘေးဆိုင်က အမျိုးသမီးကြီးနှင့် ရယ် ရယ်မောမော စကားပြောနေ သည် ။ တစ်ခါမှ သည်လို မပြုမူဖူး၍ လက်တွေ့ထွက်လာချိန်မှာတော့ ရင်ထဲမှာ ဝမ်းသာဝမ်းနည်း ဝေခွဲမရသည့် ခံစားမှုတွေ ရစ်ပတ်ရှုပ်ထွေးနေချေသည် ။

“ နေရစ်တော့ ရွာလေးရေ ၊ မကြာခင် ငွေထုပ်ပိုက်ပြီး ပြန်လာမယ် ”

သီတာဝင်း စိတ်ထဲက ပြောနေမိသလို မိဘများ မသိအောင် သူစိမ်းတစ်ဦး နောက် ခိုးလိုက်လာရသည့်အပေါ် အပြစ်တစ်ခုလို ခံစားနေရသည် ။ မိဘများ ၊ မောင်နှမများနှင့် တစ်ညပင် ခွဲမအိပ်ဖူး၍ ဝမ်းနည်းပြီး မျက်ရည် ဝေ့သီလာသည် ။ သီတာဝင်း အဖို့ ကျိုက်ကော် ၊ သိမ်ဆိပ် လွန်လျှင် မရောက်ဖူးသူမို့ အရာရာသည် အထူးအဆန်း ဖြစ်နေသည် ။ ရွာရိပ်ဝန်းကျင်ကို ကျောခိုင်းပြီး ခွဲခွာရခြင်းသည် ကောင်းသောခွဲ ခွာရခြင်း ဖြစ်ပါစေလို့ ဆုတောင်းမိသည် ။

စီးပွားရေး အဆင်မပြေလေသော သီတာဝင်းတို့ ဘဝမှာ ကျိုက်ထီးရိုးဖူးချင်သော်မှ မဖူးထိုက်၍ ယခု အသက် ၁၇ နှစ်တိုင် ဖူးမြော်ခွင့်မရပါပေ ။ ကျိုက်ထို အဝင်မှာ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားကို စိတ်ထဲက ရည်မှန်းပြီး ဖူးမြော်ကန်တော့လိုက်သည် ။ မိဘအရိပ်က ခွာခဲ့သည်မှာ မိသားစုဘဝ တိုးတက်ရေး အတွက်ပါဟု သီတာဝင်း စိတ် ထဲမှ ရေရွတ်ရင်း မျက်လုံးအစုံက မျက်ရည်တွေ ဝေ့တက်လာလေသည် ။

••••• ••••• •••••

ခရီးသည်အပြည့် တင်ဆောင်လာသော ကားကြီးသည် တာဝန်ကျေစွာ တရိပ်ရိပ် ပြေးနေသည်မှာ ပတ်ဝန်းကျင်ကိုတောင် အခိုက်အတန့်သာ ကြည့်ရသည် ။ ညနေ ရန်ကုန် ရောက်စဉ် ကားပြောင်းစီးရပြန်သည် ။ ခုလို ခရီးဝေးမသွား ၊ မလာဖူးခြင်းကြောင့် ကားတောက်၍ သီတာဝင်း ခေါင်းမထူချင် ။

“ တော်တော် ဝေးသေးလား အစ်မ ”

သီတာဝင်းက လမ်းမှာ နှစ်ကြိမ် အန်လာသဖြင့် နုံးချည့် နေပြီ ။ သူမကို ခေါ်လာသူကို လည်း အသံယဲ့ယဲ့ဖြင့် မေးမိ သည် ။

“ တစ်ညလုံး စီးရမှာ အေ ၊ မိုးလင်းခါနီးမှရောက်မှာ ။ မန္တလေးရောက်ရင် အကြွေးလိုက်သိမ်းမယ် ။ ပြီးရင် ညီမလေးကို ဘုရားဖူး လိုက်ပို့ဦးမယ် သိလား ”

“ မရောက်ဖူးလို့ ဘုရားလည်းဖူးချင်တယ် ၊ ငွေလည်း လိုချင်တယ် အစ်မရယ် ”

သီတာဝင်းက ဆွေးဆွေးမြည့် မြည့် ပြောပြနေသည် ။ ကားကြီးက အလွန် ကောင်းလှသည် ။ စ,ထွက် ကတည်းက လေအေးပေးစက် ဖွင့်ထားရာ အေးစက်နေသည် ။ ဘယ်နေရာမှန်းတော့ မသိ ၊ လမ်းတွင် တစ်ခါရပ်ပြီး ထမင်းစား ၊ သန့်ရှင်းရေးလုပ် ကြရသည် ။ ကားပြန်ထွက် တော့ သီတာဝင်း အိပ်ပျော် သွားသည် ။ ပြီးလျှင် မိုးလင်း ခါနီး ကားဂိတ်ဆုံးပြီဟု အော်မှ သီတာဝင်း နိုးတော့သည် ။ ဦးခေါင်းတစ်ခုလုံး အရက်ပုလင်း ထည့်ထားသလို ဖြစ်ပြီး မူးနောက်နေသည် ။ ဘယ်ရပ်ကွက်မှန်း မသိသော အိမ်တစ်အိမ် ရောက်ပြီး အစ်မ ဒေါင်း ရေချိုးခိုင်း၍ ရေမိုးချိုးရသည် ။ ထို့နောက် သီတာဝင်းသည် စိတ်နှင့် လူ မကပ် သလို ဖြစ်ပြီး အစ်မဒေါင်း နှင့် လျှောက်လိုက်နေရသည် ။ ဘုရားဖူးလိုက် ၊ ကားပေါ်ပါ သွားလိုက်နှင့် ဘယ်နေရာ ရောက်မှန်း မသိတော့ပါ ။ နေရာသစ်မှာ မျက်နှာသစ် တွေကို တွေ့နေရသည် ။ အိမ် ကိုလည်း သတိရနေသည် ။

အတွေးမျိုးစုံနှင့် ဝေဝါးနေရာမှ အသိစိတ် ခန္ဓာကိုယ်တွင် ပြန်ကပ်သည့်အချိန် တရုတ်စာလုံးများ နေရာအနှံ့ ရေးထားသော နေရာသို့ ရောက်နေသည် ။ အစ်မ ဒေါင်း နှင့် လူတစ်ဦး သီတာ ဝင်း ကို အခြား ကားတစ်စီး ပေါ် တင်ပေးလိုက်တော့သည် ။ ဘာကြောင့်လဲဟူ၍ စဉ်းစား မရ ၊ ကားထွက်ခါနီး အစ်မ ဒေါင်း ပြောစကားကို နားက မထွက် ။

“ ဒီလူနဲ့ နင် လက်ထပ်ရမယ် ။ နင် လိုချင်တဲ့ ရွှေလည်း ရမယ် ၊ ငွေလည်း ရမယ် ၊ သူဌေးဖြစ်ပြီ သိလား ”

သည်အချိန်ခါမှ သီတာဝင်း တုန်လှုပ်သွားတော့သည် ။ သူ့ကို အစ်မဒေါင်း ရောင်းစားလိုက်လေပြီကော ။ ကျောချမှ ဓားပြမှန်း သိရလေပြီ ။ ဈေးသည်ဟန် ဆောင်ပြီး သားကောင် ရှာနေသူ၏ လက် အတွင်း သက်ဆင်းမိလေပြီ ။ ကားမောင်းသူက သူနှင့် လက်ထပ်ရမည့် လူလားဟု ကားနောက်ခန်းမှာ ထိုင်ရင်းနောက်ကြည့်မှန်ထဲက ခိုး ကြည့်မိသည် ။ တရုတ်ဆို တော့ အသားအရေက ဖြူဖြူ ၊ အရပ်က ရှည်ရှည် ၊ ခပ်ပြည့် ပြည့်နှင့် အသက် ၂၅ နှစ်ခန့် ဟု မှန်းမိသည် ။

သီတာဝင်း အားငယ်စိတ်ကြောင့် ကားပေါ်မှာ ငိုလာသည် ။ သွားပြီ ။ မတော် လောဘ ဖြစ်သွားပြီး မိဘကို လုပ်ကျွေးချင်စိတ်သည် မွန် မြတ်သည် ဆိုသော်လည်း ယခုမူ ဘဝတစ်ဆစ်ချိုး ပြောင်းတော့မည် ။ ကျားခံတွင်း သက်ဆင်းရတော့မည့်အဖြစ်က ကယ်ကူသူ ကင်းမဲ့ဇုန် အတွင်းမို့ သီတာဝင်း၏ အနာဂတ်အရေး ရင်လေးရင်း တုန်လှုပ်နေသည် ။ ဝမ်းနည်းနေသည် ။ အားကိုးရာအဖြစ် မျက်ရည်ကိုသာ အဖော်ပြု လိုက်ရချေသည် ။

“ နိ နာမည် ဘယ်သူလဲ ”

ရုတ်တရက် ကောက်မေးလိုက်သဖြင့် လန့်ဖျပ်သွားခြင်းနှင့်အတူ သီတာဝင်း အံ့သြသွားသည် ။ ဒီလူကြီး မြန်မာစကားနည်းနည်းပါးပါး တတ်ပုံရသည် ။ ပီပီသသ တော့ မဟုတ် ။

“ သီတာဝင်း ”

သီတာဝင်းက အားတင်းပြီး တိုးညင်းစွာပဲ ဖြေလိုက်သည် ။

“ အင်း .. တီတာဝင်း ”

တိတ်ဆိတ်သွားပြန်သည် ။ ဘာပဲဖြစ်ဖြစ် မြန်မာလို နည်းနည်းတတ်သည့် အတွက် တော်ပါသေးရဲ့ဟု အောက်မေ့မိသည် ။

“ အသက် ဘယ်လောက်လဲ ”

“ ၁၇ နှစ် မပြည့်သေးဘူး ”

“ ချစ်သူ ဆိလား ” 

“ အို ... ဘာတွေ လာပြောနေတာလဲ ၊ ရည်းစားထားတဲ့အရွယ်မဟုတ်ဘူး ”

ဒီတစ်ခါတော့ သီတာဝင်း က မာဆတ်ဆတ် ပြန်ပြောလိုက်သည် ။ ထိုလူ နားလည်သည် ၊ မလည်သည် မသိ သီတာဝင်း ပြောချင်ရာ ပြောလိုက်သည် ။ လမ်းတွင် စားသောက်ဆိုင်မှာ ခဏ ရပ်နားပြီး မောင်းနှင်ခဲ့ရာ နောက်တစ်နေ့ ညနေ တော မကျ ၊ မြို့မကျ ရွာကြီးဟု ယူဆရသော ရွာရှိ တစ်ထပ် အိမ်တစ်လုံး ရှေ့သို့ ရောက်ရှိ လာသည် ။ ကားဟွန်းတီး လိုက်သည်နှင့် ခြံတံခါး ဖွင့် ပေးသဖြင့် ကားကို မောင်း သွင်းလိုက်သည် ။

“ တီတာ ဆင်းလေ ”

“ မဆင်းဘူး ၊ ကျွန်မ လင်မလိုချင်ဘူး ”

“ နိကို ငါဝယ်လိုက်ပြီလေ ၊ နာကောင်းကောင်းထားမယ် ၊ နိ ငါ့ကို ကလေးမွေးပေးပါ ။ ရွှေလည်း ပေးမယ် ”

မပီမသအသံဖြင့် အတင်းဆွဲခေါ်ချမှ သီတာဝင်း အိမ်ထဲ လိုက်ဝင်သွားသည် ။ အိမ်ထဲ မှာ လူသံတွေ ဆူညံနေသလို ရိုးရာပွဲလားမသိ ပြင်ဆင်ထား ကြသည် ။

“ တီတာ နာ့ မားမားနဲ့ ပါးပါး ၊ နာ မင်္ဂလာဆောင်မှာမို့ လာကြတယ် ။ မနက်ဖြန် ပြန်မယ် ။ သူတို့က ပြည်မကြီး အထဲမှာ နေတာ ”

သီတာဝင်းကို အိပ်ခန်းထဲ နားခိုင်းထားပေမဲ့ အိပ်ရာကြီးကိုကြည့်ပြီး ကြက်သီးများ ထနေသည် ။ ဘာလိုလိုနှင့် ရည်းစားတောင် မထားဖူး သည့် သူမ အတွက် သိလည်း မသိသည့် သူစိမ်းယောက်ျား ရဲ့ ရင်ခွင်ထဲ ဝင်ရောက်ရ တော့မည့်ကိန်း ဆိုက်နေချေပြီ ။ လင်တစ်ယောက် ယူရတော့ မှာပါလားဟု တွေးရင်း ငိုချလိုက်သည် ။ ခုတော့ အဖေလည်း မကယ်နိုင် ၊ အမေလည်း မကယ်နိုင် ။ သူ ပြုသမျှ နုရတော့မည် ။ မလိမ်မိုး မလိမ္မာနှင့် အယုံလွယ်သူ လေး၏ ဖြစ်ရပ်က တံလျှပ်ကို ရေထင်ပြီး လိုက်နေသူ တစ်ဦးပမာ ရှေ့တိုးနောက် ဆုတ် ခက်နေလေပြီ ။

••••• ••••• •••••

ထိုညတွင် အပျိုရိုင်းလေး၏ အဖူးအပွင့်လေး ကြွေကျသွားပါတော့သည် ။ သီတာဝင်း ငိုနေသည်ကို စိတ်မဆိုးဘဲ အဆီကိုစား ၊ အသားကိုမျိုခဲ့ပြီးသော အောင်နိုင်သူ စစ်သူကြီး ကိုတရုတ်က စိတ်ရှည်လက်ရှည် ချော့သည် ။

“ လောင်ဖော မငိုပါနဲ့လေ ”

သီတာဝင်းသည် ယင်ဖိုမသန်းဖူးသော အပျိုစင် ဖြစ်သဖြင့် သတို့သား ကျောက်ကျီဖန်က ကျေနပ်ပုံရသည် ။ မခံစားဖူးသော အတွေ့အထိများ ကြားဝယ် သီတာဝင်း ကတော့ ဝမ်းနည်းကြေကွဲမဆုံး ဖြစ်ကာ မသာယာနိုင်ဘဲ ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ပျော်သွားတော့သည် ။

ရာသီဥတုကလည်း သွေးခဲမတတ် အေးစက်နေသည် ။ ချမ်းအေးမှုကြောင့် ဘယ်အချိန်ထိ အိပ်ပျော်သွားမှန်းမသိပါချေ ။ ကျောက်ကျီဖန် သူ့ဘေး ဝင်အိပ်ပြီး ဖက်ထားမှနိုးတော့သည် ။ ပြတင်းပေါက် မှန်တံခါးမှ နေရောင် လွလွလေး အခန်းထဲသို့ တိုးဝင်နေပြီဖြစ်၍ သီတာဝင်း အိပ်ရာကထ,လိုက်သည် ။ သူမ ဘဝတစ်ဆစ်ချိုး ပြောင်းခဲ့သည့်နေ့အဖြစ် နှလုံးသားမှာ မှတ်တမ်းထိုးခဲ့ချေပြီ ။ ရှေ့လာမည့် ဘဝစာမျက်နှာတွေက ဘာတွေလဲဟု မမှန်းဆရဲ တော့ပါ ။

အခန်းတွင်းဝယ် ရေချိုးခန်း ၊ အိမ်သာပါ အသင့်ရှိနေပြီး ရေနွေးပါ ရှိသဖြင့် သီတာဝင်း ရေချိုးလိုက်သည် ။ ရေချိုးခန်းမှ ထွက်စဉ် ကျောက်ကျီဖန် က ဗီရို လှစ်ပြသည် ။အမျိုးသမီး အဝတ်အစားမျိုးစုံ ၊ မှန်တင်ခုံတွင် အလှပြင် ပစ္စည်းမျိုးစုံ ပြသထားသဖြင့် ကရင်ပတ်လေးသာ ပွတ်လိုက်သည် ။ ခေါင်းပါလျှော်လိုက်သဖြင့် ချမ်းတုန်လာရာကျောက်ကျီဖန် က ဆံပင်များကို မျက်နှာသုတ်ပဝါနှင့် သုတ်ပေးပြီး အလှပြင်ဆိုင်မှာ သုံးသော လေမှုတ်စက်ဖြင့် မှုတ်ပေးနေသည့် အတွက် မကြာခင် ခြောက်သွေ့သွားတော့သည် ။ ပြီးလျှင် ဗီရိုထဲမှ ဘောင်းဘီ ၊ အင်္ကျီ ၊ အနွေးထည်များကို ဝတ်ဆင်ပေးသည် ။ အားလုံး ပြီးစီးသော်လည်း အခန်းထဲက မထွက်သေးဘဲ ကျောက်ကျီဖန် က သီတာဝင်း ကို တစိမ့်စိမ့် ကြည့်နေသည် ။ ပြီးမှ လွတ်ထွက်သွားမည့်အလား ရင်ခွင်ထဲ ဆွဲသွင်းကာ ပွေ့ဖက်ထားလိုက်သည် ။ သီတာဝင်း မှာ အဖေနှင့် အမေ့ ထံမှ အမွေရထားသော အလှတရားများ ရှိသဖြင့် ရွက်ကြမ်းရေကျို အဆင့်ထက် ကျော်ကာ မိန်းမ လှစာရင်းဝင်သူ ဖြစ်သည် ။ အမေက ပအိုးဝ်စပ်သဖြင့် သီတာဝင်း၏ အသားအရေ လည်း ဝင်းဖန့်ဖန့်နှင့် ။ မျက် ခုံးမွှေးက အဖေ့ထံမှ အမွေရ ထားသူဖြစ်၍ ငယ်ရွယ်နုပျို လှသွေးစိုနေသော သီတာဝင်း ကို ပုရိသတိုင်း နှစ်သက်ခုံမင် ကြသည်ဖြစ်သလို ကျောက် ကျီဖန် ချစ်နေသည်မှာ မဆန်း ဟု ထင်သည် ။

ကျောက်ကျီဖန်၏ စီးပွားရေးလုပ်ငန်းမှာ ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင် ဖွင့်ထား သဖြင့် ဝင်ငွေကောင်းပုံရသည် ။ တစ်ပတ်အတွင်း သီတာဝင်း ကို ဆွဲကြိုးသေးသေးတစ်ကုံး ၊ နားဆွဲတစ်ခု ဆင်မြန်း ပေးသည် ။ သီတာဝင်း ကို ဘာမျှ မလုပ်စေဘဲ အိမ်သန့် ရှင်းရေး ၊ ထမင်းချက် ၊ အဝတ်လျှော် အမျိုးသမီးတစ်ယောက် ကို မနက်လာ ညပြန် ခေါ် ခိုင်းထားသည် ။ ကျောက်ကျီဖန် အလုပ်သွားလျှင် တစ်နေကုန် TV ဖွင့်ပြီး ကြည့်နေရသည် ။ ခြံသော့ကိုမူ ကျောက်ကျီဖန်က ယူသွားသည် ။ အကျယ်ချုပ်ထားလေသလားဟု ထင်ရသည် ။ လတ်တလော အပြင်ထွက်ခွင့် မရှိ ။ ပတ်ဝန်းကျင်နှင့် အဆက်အသွယ် မပြုလုပ်နိုင်ရန် အစီအစဉ်ချ လုပ်ဆောင်ထားသည်ဟု သီတာဝင်း ထင် သည် ။

သီတာဝင်း ရောက်ပြီးသည့် နေ့မှစ၍ အားဆေး အမျိုးမျိုး သောက်ရသည် ။ ကလေးမြန်မြန်ရအောင်ဟု ဆိုသည် ။ အဖေနှင့် အမေကို လွမ်းသော်လည်း ယူထားသည့် လင်ယောက်ျားက သီတာဝင်းအပေါ် ကောင်းနေသဖြင့် သီတာဝင်း၏ စိတ်ထဲမှာ ချစ်စိတ်ပင် ဝင်လာသလို ရှိနေ၏ ။ ညဘက် တစ်ခါတစ်ရံ စားသောက်ဆိုင် ၊ စတိုးဆိုင် များ ခေါ်သွားပြီး စားချင်တာ ကျွေး ၊ လက်ညှိုးထိုးရာ ဝယ် ပေးသူဖြစ်၍လည်း အားကိုးမိသလိုဖြစ်လာသည် ။

သို့ဖြင့် ရောက်ပြီး နှစ်လ အကြာမှာ သီတာဝင်း မူးပြီး အန်ပါလေတော့၏ ။ ကျောက်ကျီဖန်က မရွံမရှာ လုပ်ပေးသည့်အပြင် ဆေးခန်းသို့ ပို့ပေးသည် ။ ဆရာဝန်က ဆီး စစ်ကြည့်သည် ။ လိုအပ်သည်များ စမ်းသပ်စစ်ဆေးပြီးသောအခါ ကိုယ်ဝန်နှစ်ပတ် ရှိပြီဟု ဆိုသဖြင့် ကျောက်ကျီဖန် ပျော်နေတော့သည် ။ သီချင်းတွေ ဖွင့်ပြီး က,တောင် ကလိုက်သေးသည် ။ ယခင်က မည်သည့် အလုပ်မှ မခိုင်းသလို ယခု ပို၍ပင် ဆိုးတော့သည် ။ အရိပ်တကြည့်ကြည့်နှင့် ရှိနေသလို အာဟာရဖြစ်မည့် အစားအစာများ ၊ နွားနို့ ၊ အားဆေးမှ အစ ကျောက်ကျီဖန် ကိုယ်တိုင် တိုက်ကျွေးသည် ။ “ လောင်ဖော နိကို ချစ်တယ် ၊ နိလည်း နာ့ကို ချစ်ပါ ” သည်စကားများက ညစဉ် ပြောနေကျ စကားများပါ ။ ကျောက်ကျီဖန်သည် သီတာဝင်းကိုလက်ကောက် ၊ ကျောက်စိမ်းဆွဲသီး ၊ ကျောက်စိမ်းလက် စွပ် ထပ်ဝယ်ပေးသည့်အပြင် ငွေလည်း ပေးကိုင်ခဲ့သည် ။ ကိုယ်ဝန်သုံးလ ရောက်ရှိချိန် သီတာဝင်းသည် ပြည့်ဖြိုးလာပြီး ပိုလှလာသလို ခံစားရသည် ။ ကျောက်ကျီဖန် သည်လည်း ပို၍ ခံ့ညားလာသည် ။ သူ့အပေါ် ကောင်းလွန်းသော ကျောက်ကျီဖန် ကို အတွေ့အကြုံ မရှိသေးသည့် ဆယ်ကျော်သက်လေးက ချစ်မိသွားပြီလားဟု သူမ ကိုယ် သူမ ပြန်လည် မေးခွန်းထုတ်နေမိလေသည် ။

တစ်ခါတစ်ရံလည်း မြန်မာပြည်မှ မြန်မာလူမျိုး ဖြစ်လျှင် မည်မျှ ပျော်စရာ ၊ ကြည်နူးစရာကောင်းမည်နည်းဟု စဉ်းစားမိသောအခါ ရင်နင့်အောင် ခံစားရပြန်သည် ။ ခုတော့ ... ။

••••• ••••• •••••

“ လောင်ဖော ယောက်ျားလေး ”

တရားဝင်မယား မဟုတ်၍ ဆေးရုံမှာ မွေးဖို့ အခက်အခဲရှိသဖြင့် အိမ်မှာပင် ယုံကြည်စိတ်ချရသည့် ဆရာဝန် ပင့်ပြီးမွေးကာ “ ယောက်ျားလေး ” ဟု ကျောက်ကျီဖန် အော်လို က်သည့် အတွက် ဝမ်းသာလုံး ဆို့သွားသည် ။ တရုတ်လူမျိုးများ သူတို့၏ အယူအစွဲအရ “ သား ” မျိုးဆက်ကို အလွန်လိုချင်ကြသည် မဟုတ်လား ။

သားလေးက ဝဝကစ်ကစ် ဖြူဖြူဖွေးဖွေး ချစ်စရာ ကောင်းလှသည် ။ မိခင်နို့သာ တိုက်ကျွေးရသဖြင့် ပို၍ ဖွံ့ ဖြိုးနေသည် ။ ကျောက်ကျီဖန် သည် အလုပ်က ပြန်လာသည် နှင့် ခြေလက်ဆေးကာ သူ့ ကလေးကို ချီတော့သည် ။ ထမင်းစားလည်း ကလေးကို မချ ၊ ချစ်လိုက်သည်မှာ ဆို ဖွယ်ရာ မရှိတော့ပေ ။ ညဘက် ချေးသေးမှအစ သူပဲလုပ်ပေး သည် ။ သီတာဝင်း အိပ်ရေးပျက်မည် စိုး၍ ဖြစ်သည် ။ သီတာဝင်း ယခုမှ အမေ့ကို ပိုမို၍ သတိရနေသည် ။ အမေ လည်း သီတာဝင်းကို မွေးစဉ်က ဤသို့ နာကျင်မည် ၊ ပင်ပန်းမည်ဟု တွေးမိ၍ဖြစ်သည် ။ ကလေး၏ နို့စို့ပြီး မျိုချသံလေးသည် ဆည်းလည်းသံပမာ ရှိနေတော့သည် ။ ခုတော့ သီတာဝင်း အဖြစ်က မယုံ ကြည်နိုင်အောင်ပင် သားသည်အမေဘဝ ရောက် ခဲ့သည် ။

သားလေးကို ကျောက်ကျီဖန်က ဝမ့်ဝမ့် ဟု ချစ်စနိုး ခေါ်သည် ။ ကလေး ထိုင်နိုင် သည့်အချိန် ဖြည့်စွက်စာကို လည်း ကျောက်ကျီဖန် သာ ကျွေးသည် ။ သားကလည်း ဖအေကို သိတတ်နေပြီ ။ တွေ့ လျှင် ချီပိုးခိုင်းသည် ။ ဖအေ လက်ထဲ ရောက်လျှင် ကိုက်ဆွဲ ၊ ကုတ်ဖဲ့တတ်သည်ကို ကျောက်ကျီဖန် က ကြည်နူး နေသည် ။

သီတာဝင်း အဖို့ မိသားစုဟူသော အနှောင်အဖွဲ့ဖြင့် ရစ်ပတ်လွှမ်းခြုံမိလေပြီ ။ ရင် မှဖြစ်သော သားကိုလည်း ချစ် မဝနိုင်အောင် ရှိတော့သည် ။ “ မြန်မာပြည်မှာ မြန်မာလူမျိုး နဲ့ ဆိုရင် ” ဟူသော အတွေးက မကြာခဏ ဝင်လာချိန် သီတာ ဝင်း တွေဝေသွားရပြန်သည် ။ ဒီတော့ လင်လုပ်ရသူကိုလည်း သူမ ဆန္ဒကို ဖွင့်ပြောရဲလာသည် ။

“ လော်ကွန်း ၊ သား နို့ပြတ်ရင် ငါ့ကို ပြန်ပို့မလားဟင် ၊ ငါ သားလေးနဲ့ မခွဲနိုင်ဘူး ”

“ အို .. ဘာလို့ပြန်မှာလဲ ၊ နာ နိကို အရမ်းချစ်တယ် ။ သားကိုလည်း ချစ်တယ် ၊ နိကို ရွှေထပ်ဝယ်ပေးဦးမယ်နော် ”

မြန်မာစာစကားကို မြန်မာလိုတတ်သော ဆိုင်အလုပ်သမားတစ်ယောက်ထံမှ နေ့စဉ်သင်ယူနေသူ ဖြစ်သည် ။ သီတာဝင်းတို့ သားအမိကို တကယ်ချစ်မှန်း သိလိုက်သဖြင့် ကျောက်ကျီဖန်ကို ကရုဏာသက်ရာမှ ပို၍ ချစ်မိသွားတော့သည် ။ တကယ် ဝန်ခံရမည် ဖြစ်သည် ။ ရောင်းစားခံရသည် ကိုတော့ နာကြည်းမိသည် ။

တစ်ရက်မှာတော့ ကျောက်ကျီဖန် က သီတာဝင်း ကို အဖိုးတန် လက်ဝတ်လက်စားတွေ ဝယ်ပေးသည့်အပြင် ဖုန်းအကောင်းစားတစ်လုံးလည်း ဝယ်ပေးပြီး ဝီချက်နှင့် စကားပြောနည်း သင်ပေးသလို သီတာဝင်း ကိုလည်း ပို့စ် အမျိုးမျိုးနှင့် ဓာတ်ပုံရိုက်ပေး ပြီး သားလေးပုံ ၊ မိသားစုပုံများ ရိုက်ကာ သူမ ကိုင်မည့် ဖုန်းထဲထည့်ထားပေးသည် ။ သီတာဝင်း ဖုန်းရသွားသဖြင့် မျောက်အုန်းသီးရသလို ဖြစ် သွားသည် ။ ဝီချက်တွင် သူငယ်ချင်း များလာသလို သထုံဘက်က သူငယ်ချင်း တစ်ဦးနှင့် အဆက်အသွယ်ရ၍ အကျိုးအကြောင်း ပြောပြကာ မိသားစုပုံ ၊ တစ်ယောက် တည်းပုံ ၊ သူတို့ နေထိုင်သည့် ပုံများ ပို့ပေးပြီး ငွေလွှဲ၍ရ လျှင် လွှဲမည့်အကြောင်း မိဘ နှစ်ပါးကို ပြောခိုင်းလိုက် သည် ။ မိဘများ စိတ်အေးရန် ဖြစ်သည် ။

“ အခြေအနေက အဲလို ဖြစ်သွားတာ ဆိုပေမဲ့ ငါ ဒီမှာ ကောင်းကောင်းမွန်မွန် နေရ တယ် ။ ငါ့အမျိုးသားက လည်း ငါတို့ သားအမိကို ချစ် တယ် ။ အမေတို့ကို မပြောဘဲ သွားတာ မိသားစုစားဝတ်နေ ရေးအတွက် ပိုက်ဆံရှာချင်တဲ့ စိတ်နဲ့ပဲ ။ ငါ့ကို ဈေးထိပ်က အမျိုးသမီး တစ်ယောက် ဘုရားပွဲမှာ ဈေးရောင်းမယ် ဆိုပြီး လိမ်ခေါ်သွားတာလို့ အမေတို့ကို ပြောပြလိုက်ပါနော် ”

သီတာဝင်း စိတ်အေးသွားပြီ ။ အမေတို့ကို သွားပြောလျှင်လည်း အသက်ရှင်လျက် ရှိနေသည်မို့ စိတ်အေးရတော့မည် ။ အဖေ ၊ အမေတို့လည်း သူမအတွက် ရတက်မအေး ဖြစ်နေမည်ကို တွေးမိသည်မှာ အမှန် ။ လက်ရှိ အခြေအနေအရ သီတာဝင်း လင်ဖြစ်သူ ကျောက်ကျီဖန်ကိုကျေးဇူးတင်မိသည် ။ သူများတွေလို ဒုက္ခမရောက်၍ ဖြစ်သည် ။

သည်လိုနှင့် သားတစ်နှစ်ပြည့်မှာ အမည်ပေးကင်ပွန်းတပ်ပွဲ ကျင်းပပေးသလို သီတာဝင်းလည်း တရုတ်စကား အတော်အတန် တတ်မြောက်နေပြီဖြစ်၏ ။ ကျောက်ကျီဖန်၏ မိဘနှစ်ပါးလည်း မကြာမီ လူကြီးရောဂါဖြင့် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန် သဖြင့် ကျောက်ကျီဖန် အမွေ ထပ်ရပြန်သည် ။ သီတာဝင်း လည်း သုံးချင်တိုင်း သုံးရ၍ ရွှေဝယ်စုသည် ။ မိဘများထံ ငွေပို့ချင်သော်လည်း လော လောဆယ် အဆင်မပြေသဖြင့် စိတ်မချမ်းသာဖြစ်ရသည် ။

သားကြီး ဝမ့်ဝမ့် တစ်နှစ်ခွဲတွင် သီတာဝင်း နောက်ထပ်ကိုယ်ဝန် ရှိပြန်သည် ။ ကျောက်ကျီဖန်က ဝမ်းသာနေ သည် ။ တောရွာမှာ ဖြစ်၍ မွေး ခွင့်ရခြင်းပါ ။ သားသမီးတစ် ယောက်နှုန်း ဥပဒေကြောင့် ခိုးကြောင်ခိုးဝှက် မွေးရရာ သည်အခါတော့ သမီးလေး ဖြစ်နေသည် ။ သမီး မွေးလျှင် ကျောက်ကျီဖန် ချစ်ပါ့မလားဟု စိုးရိမ်မိသော်လည်း တက် တက်စင်အောင် မှားယွင်းသွားသည် ။ ကျောက်ကျီဖန် သည် သားဦးသားလေး ရပြီး ဖြစ်၍ သူ့ဘဝပြည့်စုံပြီ ဆိုကာ သမီး လေးကိုလည်း လက်က မချ ။ ချစ်လိုက်သည်မှာ တုန်နေ သည် ။

သမီးကို ချီပိုးတိုင်း သားကြီးက ဖခင်ကို မကျေနပ် ရန်လုပ်သည် ။ စကားပြောသင်ခါစမို့ ပီပီသသတော့ မပြောတတ်သေး ။ စကားပြော နောက်ကျသည် ။

“ ပီစ် ... ပီစ် ”

သူ့အဖေ တစ်ခါတစ်ရံ သူ့ကို ပြောသည့် စကားဖြင့် ချီခိုင်းတတ်သည် ။ သမီးလေး ရယ်တတ်ပြုံးတတ်သည့် အရွယ်တွင် သားကြီးသည် သူ့ ညီမလေးနားက မခွာတော့ပေ ။ အိမ်အကူများ လာပြီး သူ့ညီမကို ခေါ်သွားမည်ဟု ကျီစယ်လျှင် မကြိုက်ပေ ။ သမီးလေးနှင့်အတူ မိသားစုပုံ ရိုက်ပြီး သထုံက သူငယ်ချင်းထံ ပို့လိုက်ရာ သူငယ်ချင်းက မိဘများ တွေ့ချင်၍ တစ်ခေါက် လောက် ပြန်လာပါဟု ပြောသည် ။ ပြန်ချင်ပါသည် ။ သီတာဝင်း အား ရစ်ပတ်ထား သော သံယောဇဉ်ကြိုးသုံးချောင်းကြောင့် ရုန်းထွက်မရ ဘဲရှိနေ၏ ။ အိမ်အကူအမျိုး သမီးက ပြောသည် ။ သီတာ ဝင်း ကံကောင်းပါသည်တဲ့ ။ အချို့မိန်းကလေးများ လူကုန်ကူးခံရပြီး ဒုက္ခရောက်ကြရ သည်ဟု ပြော၍ ကျောက်ကျီ ဖန် ကို ကြံဖန် ကျေးဇူးတင်ရသေးသည် ။

ရာသီအလီလီ ပြောင်းခဲ့ပြီး အေးစက်သည့် အချိန်များ ၊ ပူအိုက်သည့် အချိန်များကို လည်း ကျော်ဖြတ်ပြီးပြီ ။ သားကြီးကလည်း ရွာရှိကျောင်းမှာပင် ကျောင်းစတက်ပြီး သမီးငယ်လေးလည်း ကျောင်းထားရတော့မည် ။ သီတာဝင်း တစ်ယောက် တရုတ်နိုင်ငံ ရောက်သည်မှာလည်း ၉ နှစ် ခန့်ရှိပြီ ။ သီတာဝင်း အသက်ပင် ၂၅ နှစ်ကျော်လာ ပြီမို့ မိဘများကို ပို၍ သတိရ လွမ်းဆွတ်မိသည် ။ မိဘများ ရှိစဉ် တစ်ခေါက်တစ်ကျင်း သွားတွေ့ချင်ကြောင်း ကျောက်ကျီဖန် ကို ပူဆာမိသည် ။

“ ကလေးဒေ ခေါ်သွားလို့မရဘူး ။ နာလည်း လိုက်မပို့နိုင်ဘူး ။ လောင်ဖော တစ် ယောက်တည်း သွားပါ ။ အမြန် ဆုံးပြန်လာပါ ။ နိ သွားရင် နာ ညီမဝမ်းကွဲတစ်ယောက် အိမ်မှာ ခေါ်ထားမယ် ”

ဒီ တစ်ခေါက်တော့ သဘောကောင်းသော ကျောက်ကျီဖန်က လိုလိုလားလား ခွင့်ပြုရုံသာမက လက်ဝတ်လက်စားများ ထည့်ပေးသည့်အပြင် ယွမ် ၁၀၀၀၀ ပါ ထည့်ပေးလိုက်သည် ။ သီတာဝင်း ကလေးနှစ်ယောက်ကို မခွဲချင်ပေမဲ့ အမေတို့ဆီ ခဏ ဖြစ်ဖြစ် ပြန်ဖို့ ထွက်လာသည် ။ အမေတို့ ၊ အဖေတို့ နေကောင်းပါစေ ၊ ညီမလေးတွေ အဆင်ပြေပါစေ ၊ မိသားစုအားလုံး ပျော်ရွှင်စွာနဲ့ ပြန်ဆုံနိုင်ပါစေလို့ ညစဉ် ဆုတောင်းနေရသည်မှာ သီတာဝင်း ဖြစ်သည် ။

သို့ဖြင့် ခရီးထွက်ခဲ့ရာ လမ်းတွင် မြန်မာအမျိုးသမီး တစ်ယောက်နှင့် တွေ့၍ ကြယ်ခေါင် သွားရန် လမ်းပြခိုင်းသည် ။ ထိုအမျိုးသမီးက မြန်မာအချင်းချင်း ကူညီမည်ဟု ဆိုကာ ကားတစ်စီး ငှားစီးသည် ။ ရွှေလီ ရောက်သော် မြို့ထဲ မသွားဘဲ တောရွာတစ်ရွာသို့ ခေါ်သွားတော့သည် ။

“ အစ်မ ဒါက ဘယ်ကိုလဲ ၊ ကျွန်မ ရွှေလီ သွားမှာလေ ”

“ ဟုတ်ပါပြီ ၊ ဒီမှာ ငါ နေတဲ့အိမ်ရှိတယ် ။ ခဏပါပဲ ။ ဪ .. ညည်းလက်ဝတ် လက်စားတွေ ချွတ်ပြီး ပိုက်ဆံအိတ်ထဲ ထည့်ထား ၊ တရုတ်ရဲတွေ တွေ့ရင် အကုန်သိမ်း မယ် ”

ထိုအမျိုးသမီး စကားကြောင့် သီတာဝင်း လက်ဝတ်လက်စားများ သိမ်းပြီး အိတ်ထဲ ထည့်ထားလိုက် သည် ။

“ အိတ်တွေ မချနဲ့ ၊ အိမ်ထဲ ခဏထိုင်နေ ၊ အစ်မပိုက်ဆံယူ ပြီး ပြန်လာမယ် ။ အားဖောင် ငါ့ညီမကို ခဏခေါ်ထားပေးပါ ။ ငါ အခုပြန်လာမယ် ”

ပြောပြောဆိုဆို အစ်မကြီးက ကားပေါ်က မဆင်းဘဲ ခဏဆိုကာ ထွက်သွားပြီး ပြန်မလာတော့ပေ ။ သည်တော့မှ သီတာဝင်း ကို ထိုမိန်းမသည် ရောင်းစားသွားမှန်း သိတော့ သည် ။ ဒုတိယမြောက် ကျား ခံတွင်းဝ ရောက်ရခြင်းပေ ။ ထို အိမ်တွင် အသက် ၄၀ ကျော် တရုတ်လူမျိုး အားဖောင် ဆိုသူနှင့် ပေါင်းသင်းရတော့သည် ။ ခင်ပွန်း ကျောက်ကျီဖန်ကို ဖုန်းဆက်လျှင် ရနိုင်သော်လည်း ပြန်လာလျှင် သူ့ကို ပြဿနာရှာပြီး မပေါင်းပါက ကလေးနှစ်ယောက်နှင့် ဝေးတော့မည် ။ ထိုကြောင့် ဖုန်းမဆက်ဘဲ လစ်ရင် ထွက်ပြေးဖို့သာ အကွက်ချောင်းနေသည် ။ ထွက်လာမိသည်ကိုပင် နောင်တရ၍ မဆုံးတော့ ။ ဘူးလေးရာ ဖရုံဆင့်ခံရလေခြင်းသာ ။

အားဖောင် သည် ကျောက်ကျီဖန် နှင့် ယှဉ်ပါက ပြဒါးတစ်လမ်း ၊ သံတစ်လမ်း ။ အပြောအဆို အမူအကျင့် အားလုံးက ဆန့်ကျင်ဘက် ။ ဒေါသကြီးသည် ။ အလိုမကျ တိုင်း ညှဉ်းပန်းနှိပ်စက်၍ ဒဏ်ရာဗရပွနှင့် ရှိသည် ။ကျောက်ကျီဖန် ထံ ရောင်းချခံရစဉ်က အေးချမ်းမှု ရှိခဲ့သော်လည်း ယခု အားဖောင် လက်ထဲ ရောင်းချခံရချိန်မှာတော့ အရာရာသည် ငရဲခန်းတွေ ဖြစ်နေလေသည် ။ ထို့ထက် ဆိုးသည်ကား မြန်မာအချင်းချင်း ဖြစ်ရုံသာမက မိန်းမချင်း လည်းဖြစ်သူကိုယ်တိုင် သစ္စာဖောက် ရောင်းစားသွားသည်ကို ခံလိုက်ရ၍ ပို၍ အသည်းနာလှသည် ။ စီးပွားရေးတောင့်တင်းမှု မရှိသောကြောင့် အားဖောင် သည် အလုပ်ကြမ်း လုပ်ရသည် ။ သူ သွားလျှင် ခြံတံခါးသော့ ခတ်သွားပြီး အိမ်အလုပ် ခိုင်းသွားသည် ။ သုံးလခန့် အကြာတွင် ဟင်းချက်စရာ မရှိ၍ ရွာဈေးထဲသို့ သွားမည်ဟု အကြောင်းပြပြီး အပြင်ထွက်ရင်း ထွက်ပြေးကာ ရဲစခန်းတစ်ခုတွင် အဖမ်းခံလိုက်သည် ။ ရဲစခန်းတွင် ကျောက်ကျီဖန် အမည်ကို မသုံးဘဲ ထားလိုက်သည် ။ ရဲစခန်းမှ မူဆယ်လူကုန်ကူးတားဆီးရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး မူဆယ် ရောက်လာသည် ။

သီတာဝင်း ဝေခွဲမရနိုင်တော့ ။ သထုံ ပြန်လျှင် ကောင်းမလား ၊ ခင်ပွန်းသည် ကျောက်ကျီဖန် ကို ဖုန်းဆက်ပြီး ကြယ်ခေါင် မှာ လာကြိုခိုင်းလျှင် ကောင်းမလားဟု စဉ်းစားနေဆဲ သထုံမှ မိဘများနှင့် အဆက်အသွယ် ရတော့သည် ။ သီတာဝင်း ဘယ်လမ်းကို ရွေးရမှန်း မသိနိုင်တော့ပါ ။ မြန်မာအချင်းချင်း လူပေါ်လူညွန့် ခူးကာ ရောင်းစားခြင်းကိုတော့ အသည်းပေါက်အောင်နာလှသည် ။ မိဘနှစ်ပါး နှင့် မောင်လေး ၊ ညီမလေးတို့ကို ချစ်သော သူမ ။ မိသားစုဘဝ လှပအောင် ၊ ပြည့်စုံအောင် စွမ်းနိုင်သမျှ ဖြည့်ဆည်းချင် လွန်းလို့ စွန့်စားမိခဲ့ရာမှ အသက်အရွယ် နုနယ်သူပီပီ လူကုန်ကူးပွဲစားများ၏ ကောင်းမှုကြောင့် ကျားခံ တွင်းဝ ရောက်ခဲ့ရသည့် သား ကောင်ဖြစ်ခဲ့ရာမှ နေသာသ လို ဖြေပြေစွာနေခဲ့သည် ။ သို့ သော် သမီးလိမ္မာ၏ ဖြစ်ချင် သည့်ဆန္ဒ မဖြစ်ခဲ့ ။ အပျိုရည် ပျက်ကာ ဘဝ တစ်ဆစ်ချိုး ပြောင်းခဲ့သည့် သားကောင် ဘဝ လုံးလုံးကျခဲ့ရသည် ။

ယခုတစ်ဖန် ကံကြမ္မာ မုန်တိုင်းရိုင်းခဲ့မှုကြောင့် ဒုတိယအကြိမ် ကျားခံတွင်းထဲ သက်ဆင်းခဲ့ရပြန်သည် ။ သည်မြေသည်ရေမှာ နေဦးမည် ဆိုပါက ကြောက်စရာ ကောင်းသော ကျားတွေ၏ ခံတွင်းဝ အကြိမ်ကြိမ်ရောက်ရမည် ။ သားကောင်သဖွယ် ဖြစ်နေမည်ကို စဉ်းစားမိလာသည် ။

ထိုကြောင့် အရာရာကို သံယောဇဉ် ဖြတ်နိုင်အောင် ကြိုးစားရင်း ကိုယ့်မြေပေါ် ရပ် ၊ ကိုယ့်ရေကို သောက် ၊ ကိုယ့်အမေ ၊ ကိုယ့်အဖေ မိသားစု၏ အေးမြသော ရင်ခွင်သည်သာ ထာဝရမှီခို အားထားရာ အဖြစ် ရဲရဲဝံ့ဝံ့ယုံကြည်လိုက်ခြင်းနှင့်အတူ ကျားခံတွင်းဝက လွတ်အောင်ရုန်းထွက်တော့မည်ဟု ခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက်ပါတော့သည် ။

⎕ နီနီနိုင် ၊ သထုံ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း     
      စက်တင်ဘာ ၊ ၂၀၁၇

No comments:

Post a Comment