ချစ်သူရေးတဲ့ ‘ အင်း ’
────────────
▢ စာကလေး ( မော်ကျွန်း )
“ အဖြစ်ကတော့ မနှစ်ကထက် ဆိုးတယ် ” ဆိုတာလိုပဲ ။ “ ခဲလေသမျှ သဲရေကျ ” ဆိုတာ ဒါမျိုးနေမှာ ။ မှန်းချက်နဲ့ နှမ်းထွက်ကလည်း မကိုက်လိုက်တာ လွန်ရော ။ အဲဒီလို ပြောလို့ တစ်မျိုး မထင်နဲ့ စဉ်းစားကြည့်ဗျာ ။ တစ်လ နဲ့ ခုနစ်ရက် တိတိ အချစ်ဝေဒနာ ပေါ်မှာ အမျှော်ဝေဒနာ ထပ်တိုးပြီး ဝေဒနာနှစ်ထပ်ကွမ်းနဲ့ အဖြေစာကို ရက်မှန်းပြီး ရွှေလည်တိုင်ဖော့ရိုး ကျိုးလုမတတ် မျှော်ခဲ့ရပေမယ့် တကယ်တမ်းရောက်လာတဲ့ ချစ်ရသူလေးရဲ့ အဖြေစာကို အသေအချာ ဖတ်မိမှ ဝေဒနာတွေ ထပ်ပိခဲ့ရတဲ့ ကျွန်တော့်ရဲ့ အဖြစ်ကို တဆိတ်လောက် မျှဝေခံစားကြည့်ကြစမ်းပါဦး အရပ်ကတို့ ရယ် ... လို့ သာ ဟစ်အော်လိုက် ချင်ပါတော့တယ်ဗျာ ... ။
အခန်း ( ၁ )
ကျွန်တော့်နာမည်က အောင်ကြီး လို့ ခေါ်တယ်ဗျ ။ ဒါပေမယ့် သူငယ်ချင်းတွေ အကုန်လုံး ကတော့ “ ဖူးစာရှင် ” ဆိုတဲ့ နာမည်လှလှလေးကို သူတို့ သဘောနဲ့ သူတို့ ပေးထားကြတယ် ။ ဒါကလည်း အကြောင်းရှိတယ် ။ ထားပါတော့ ၊ ရှင်းမပြတော့ပါဘူး ။ ဒါပေမယ့် ဘာပဲပြောပြော အဲဒီ နာမည်လေး ကိုတော့ ကျွန်တော် အရမ်းသဘောကျတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကဗျာဆန်လို့လေ ... ။ ဟုတ်တယ်ဗျ ။ ပြောရရင် ကျွန်တော် ဆိုတဲ့ ကောင်က ကဗျာရူး စာရူး ။ ဘာလေးဖြစ်ဖြစ် အဖွဲ့အနွဲ့လေးနဲ့ ကဗျာဆန်ဆန်လေးမှ သဘောကျတတ်တဲ့ ကောင် ။ ပြီးတော့ အတန်းတူ ကျောင်းနေဖက် သူငယ်ချင်းတွေရဲ့ ကြားမှာလည်း ကျွန်တော်က စာရေးဆရာ ဆိုလည်း ဟုတ်တယ် ။ အဟဲ ... ဘာစာမျိုးတွေ ရေးလဲလို့ မေးရင် ဖြေရမှာတော့ နည်းနည်း ရှက်တယ်ဗျ ။ ဟိုလေ ရည်းစားစာတွေကို ရှဲဒိုး ရေးပေးတဲ့ နေရာမှာ ဆရာတစ်ဆူပေါ့ဗျာ ။ မယုံတော့ မရှိနဲ့ ။ တစ်စောင်ဆို ဆိုသလောက် ကျွန်တော့်စာတွေက ခရီးရောက်တယ်ဗျ ။ သူငယ်ချင်းတွေရဲ့ ခံစားချက်ကို ကိုယ့်ရင်ဘတ်နဲ့ ရင်းပြီး အပီအပြင်ကို ဖီလင်ထည့်ပြီး ရေးတာဆိုတော့ ကျွန်တော့်စာကို ဖတ်ရတဲ့ ကောင်မလေးတွေဆို “ ဘုတ် ” ခနဲတောင် အသံ မကြားလိုက်ရဘဲနဲ့ကို အချစ်မြေတလင်းကို အသံတိတ် ကြွေကျသက်ဆင်း ကုန်ကြတာပဲ ။ စကားလုံးအငှားနဲ့ ပြောရရင်တော့ ရင်နဲ့ ရင်း၍ ရေးသည် ဆိုတာမျိုးပေါ့ ။ ခံစားပြီးမှ ဖွဲ့နွဲ့တာ ဆိုတော့ ရသမြောက်တဲ့ အနုပညာလို ကျွန်တော် ရေးပေးတဲ့ ရည်းစားစာတွေက နှလုံးသားကို တန်းထိတယ် ထင်ပါရဲ့ ။ ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ အဆင်ပြေသွားကြတဲ့ သူငယ်ချင်း စုံတွဲတွေ နည်းမှ မနည်းပဲ ။ သူတို့ ကောင်မလေးတွေ ဆီက အပြန်အလှန် ရေးလာတဲ့ တ္တာဘွဲ့ အဖြေစာ လေးတွေကို ကျွန်တော်ပါ ရောယောင်ဖတ်ရင်းနဲ့ ကျေနပ်ခြင်း ဝင်္ကပါထဲမှာ မျက်စိလည်ခဲ့တာလည်း အခါခါပဲပေါ့ဗျာ ။
အခန်း ( ၂ )
အဲဒီလို နေလာရင်းကနေ ကျွန်တော် ကိုးတန်းနှစ် အရောက်မှာ ကျွန်တော့်နှလုံးသား ကန့်သတ်နယ်မြေထဲကို အပြုံးလေးတစ်ပွင့်နဲ့ နတ်မိမယ်လေးတစ်ပါး မမျှော်လင့်ဘဲ ဝင်ရောက်လာခဲ့တယ်ဗျ ။ နာမည်လေးက “ သမုဒယအေး ” တဲ့ ။ ကျွန်တော့်လို ကဗျာရူးစာရူး တစ်ယောက်ရဲ့ နှလုံးသားကို နာမည်လေးနဲ့ပါ ဖမ်းစားလိုက်တယ် ဆိုပါတော့ ။ သူ့ရဲ့ အလှကို စာဖွဲ့ပြရင် ကျွန်တော်ကို ဇာချဲ့တယ်လို့ ထင်မှာ စိုးတဲ့ အတွက် မပြောတော့ဘူး ။ တိုတိုပြောရရင် အဲဒီ သမုဒယအေး ဆိုတဲ့ အပြုံးပိုင်ရှင်လေးကို ကျွန်တော် တယုတယလေးနဲ့ မမုန်းနိုင်အောင် ချစ်သွားမိတယ် ဆိုတာပါပဲ ။
ကံကောင်းတယ်လို့ ပြောရမလား ။ သူငယ်ချင်းတွေရဲ့ အကျိုးကို ဆောင်ခဲ့လို့ ကိုယ့်အကျိုး အောင်တယ်ပဲ ပြောရမလား မသိဘူးဗျ ။ အဲဒီ ကောင်မလေးက ကျွန်တော့်သူငယ်ချင်း မျိုးလွင်ဦး ရဲ့ ကောင်မလေး ‘ စပ ယ် ’ နဲ့ က တစ်ခန်းတည်း ၊ တစ်တန်းတည်း ၊ ခုံချင်းကလည်း ကပ်ရက် သူငယ်ချင်းတွေ ဆိုတော့ ကျွန်တော့်အတွက် ပြောစရာ မရှိအောင် အဆင်ပြေသွားပါတယ် ။ ကျွန်တော့်ရဲ့ အချစ်ရေး မှာ စပွန်ဆာလုပ်ပေးဖို့ အတွက် စပယ် ကို အကူအညီ တောင်းတော့ စပယ် ကလည်း လိုလိုလားလားနဲ့ ကူညီရှာပါတယ် ။
စပယ် က ကျွန်တော် သမုဒယ ကို စိတ်ဝင်စားတဲ့ အကြောင်း ၊ ကျွန်တော့်မှာ ရည်းစားဆိုလို့ မူးလို့တောင် ရှူစရာ မရှိခဲ့ဖူးတဲ့ အကြောင်း ၊ တစ်ယောက် ဆို တစ်ယောက် ပိတောက် ဆို ပိတောက် ငါးခြောက် ဆို ငါးခြောက် ( အဲ - မှားကုန်ပြီ ) ဆိုသလို သူ့တစ်ယောက်တည်းကိုသာ အရူးအမူး ချစ်ခဲ့မိတာ ဖြစ်ကြောင်း ၊ ရေမလာခင် မြောင်းကြိုသွယ်တဲ့ အနေနဲ့ ကောင်မလေးကို သူ့တော်ကီတွေ ထည့်ထားပြီ ဆိုတဲ့ အကြောင်း ကျွန်တော့်ကို လာပြောပါတယ် ။ ဒါနဲ့ ကျွန်တော်ကလည်း ...
“ ဒါဆို သမုဒယက ငါ စိတ်ဝင်စားမှန်း သိသွားတော့ .. နင့်ကို ဘာပြန်ပြောလဲ ”
“ ပြုံးပြီး နားထောင်နေတာက လွဲပြီး ဘာမှ ပြန်မပြောဘူးဟ ”
“ မဟုတ်သေးပါဘူး စပယ်ရာ ... သူ တစ်ခုခုတော့ ပြောသင့်တယ် ”
“ ဒီမယ် အောင်ကြီး နင် ... သမုဒယအကြောင်း ဘယ်လောက် သိလို့လဲ ၊ သူက စာတော်တယ် ၊ ရုပ်ကလေးလည်း ချောတယ် ၊ ပြီးတော့ သဘောကောင်းတယ် ။ အေး ... ဒါပေမယ့် မကောင်းတာ တစ်ခု ရှိတယ် ၊ အဲဒါက စကားနည်းတာပဲ ၊ သူများ ပြောသမျှကိုသာ ပြုံးပြီး နားထောင်နေပေမယ့် သူ ကျတော့ အကြောင်းရှိမှ နည်းနည်း ပြောတာ ၊ စကားနည်းတယ် ၊ တကယ့် ရေခဲတုံး ”
“ အေးလေ ဘယ်တတ်နိုင်ပါ့မလဲ ။ ကိုယ်က ချစ်နေမိတော့လည်း အဲဒီ ရေခဲတုံးလေးကိုပဲ အရည်ပျော်အောင် ငါ့ရဲ့ အချစ်မီးနဲ့ အပူပေးရတော့မှာပေါ့ ”
အဲဒီလို ကျွန်တော်က ပြောလိုက်တော့ စပယ် ကလည်း ကျွန်တော့်ကို ...
“ ကြိုးစားကြည့်ရမှာက နင့်တာဝန် ၊ ကူညီပေးရမှာ က ငါ့ဝတ္တရား လုပ်သာလုပ်လိုက် သူငယ်ချင်း ” တဲ့ လေ ။
နောက်တစ်နေ့မှာတော့ ကျွန်တော် လုပ်ငန်းစလိုက်ပါတယ် ။
“ သို့/
ချစ်ရတဲ့ ယလေးရေ ..
ကိုရဲ့ ဖြူစင်တဲ့ နှလုံးသားက ပေါက်ဖွားလာတဲ့ အချစ်ဆိုတဲ့ အရာကို ချစ်ရတဲ့ ယလေး တစ်ယောက် နားလည် သဘောပေါက်နိုင်ပါစေ ယလေးရယ် ။ တကယ်တော့ ယလေး ကို ခဏ ငေးမိတဲ့ အချိန်မှာ ဘာဆေး နဲ့မှ ကုလို့ မရတဲ့ ဝေဒနာတစ်ရပ်ဟာ အဖြေရှာရ ခက်လှပါတယ် .... ယလေး ရယ် ။ ဝေဒနာကို မကြေငြာချင်ပေမယ့် နေမလာရင် နွမ်းတဲ့ နေကြာပန်းလို ကိုယ့်ရဲ့ အဖြစ်က ယလေးရဲ့ အချစ်နဲ့ မှ ငွါးငွါးစွင့်စွင့် ကြွားကြွားဝံ့ဝံ့ ကားကားတင့်တင့် ... ”
စသဖြင့်ပေါ့ဗျာ ။ ဆုံးအောင်တော့ မရေးပြပါရစေနဲ့ ။ အဲဒီလိုပေါ့ ၊ အချစ်နဲ့ ပတ်သက်ရင် အကုန် ကဗျာဆရာတွေ ဖြစ်ကုန်ကြတယ် ဆိုတဲ့ ပလေတို ရဲ့ စကားလိုပဲ ကျွန်တော်လည်း တတ်သရွေ့ ၊ မှတ်သရွေ့ ကာရံနဘေ ဝါကျအထွေထွေနဲ့ အင်မတန်မှ ပြောင်မြောက်လှတဲ့ အဖွဲ့အနွဲ့ ( ကိုယ် ထင်တာပါ ) တွေ သုံးပြီး ရေမွှေးစာရွက်နဲ့ ၅ မျက်နှာတိတိ ရှိတဲ့ ရေးပြီး သကာလ စာအိတ်ထဲ ထည့် ၊ စာအိတ်ပေါ်မှာ လည်း ကိုယ့်ဘက်ကို ယက်တဲ့ လိပ်စာလေး ရေးလိုက်ပါသေးတ ယ် ။ ဘာတဲ့ ... “ ချစ်ရင်စာပြန်... မုန်းရင် ပြန်ရေး ” ဆိုတဲ့ စာတန်းလေး ထိုးပြီး အောင်သွယ်စပွန်ဆာ စပယ် လက်ကို အပ်ကာ ကျွန်တော်ရဲ့ ရေခဲတုံးမလေးထံကို အချစ်စာခွေ ပါးခိုင်းလိုက်ပါတော့တယ် ။
အဲဒီလို စာပေးပြီးတဲ့ နေ့က စလို့ လည်ပင်းညောင်ရေအိုး ဖြစ်အောင် မျှော်နေမိတာကတော့ “ သမုဒယအေး ” ဆိုတဲ့ ရေခဲတုံးမလေး ပြန်ရေးလာမယ့် စာလေးတစ်စောင်ပေါ့ဗျာ ။
“ စပယ် ... နင်ကလည်း ဟာ ... ပို့မယ့်ပို့ ကူတို့ ရောက်အောင် ပို့လေဟာ ၊ အဖြူ အမည်းတော့ ငါသိရအောင် စာလေးတစ်စောင်တော့ ပြန်ရေးဖို့ ကောင်းနေပြီ ။ ငါ့မှာတော့ ဟတ်ကော့ကြီး ဖြစ်နေပြီဟ ”
“ အေး ... နင်ကလည်း လောတာပဲ ၊ ငါကလည်း ပြောတာပဲ ၊ ဒါပေမဲ့ သူကိုယ်တိုင်က အေးနေသေးတော့ ငါ ဘယ်လောက်ပဲ ပူပူ အကြောင်းက ထူးမလာဘူးဟ ”
“ ကြိုးစားစမ်းပါဦးဟာ ... ငါတော့ မျှော်ရပါကြောင်း နွေ ၊ မိုး ၊ ဆောင်း ဖြစ်ပြီနဲ့ တူပါရဲ့”
“ နင်ကလည်းဟာ ... အချစ်တစ်ပွဲ စစ်ပွဲတစ်ရာတဲ့ ... ထင်သလောက်တော့ ဘယ်လွယ်ပါ့မလဲ ”
“ နင်ပြောကာမှပဲ ... အကုန် သီချင်းနာမည်တွေ ဖြစ်ကုန်ပါပြီ ... စံပယ် ရာ ”
“ အေးလေ ငါလည်း ကြိုးစားကြည့်နေတုန်းပါ ။ အဲဒါမှ နင် ဒီလောက် ဖြစ်နေရင်တော့ ညနေကျောင်းဆင်းရင် သူ့နောက်က လိုက်ပြီး တစ်ခါတည်း အပြတ်မေးပေတော့ ”
“ ဟာ ... အဲဒီလိုတော့ ငါ မရဲဘူးဟ .... ငါက အဖွဲ့အနွဲ့သမား ၊ လက်ပဲ အားကိုးတာ ပါးစပ် အားကိုးမိလို့ ပါးကျိုးခံရမှာတော့ ကြောက်တယ် ”
“ ဟင်း ... အဖြစ် မရှိဘဲနဲ့ ၊ အေး ဒါဆိုရင် စိတ်ရှည်ရမယ် ၊ လာမယ်ကြာမယ် မကြာမီမျှော် ... ဒါပဲ ”
သူပြောတာလည်း ဟုတ်နေတာမို့ ကျွန်တော်လည်း ဘာမှ ထပ်မပြောသာတော့ဘဲ အသာပဲ ကုပ်နေလိုက်ရပါတော့တယ် ။
ဒီလိုနဲ့ ...
တစ်နေ့ ... တစ်နေ့ ပျော်ရမလိုလို ၊ ငိုရမလိုလို ဘဝမျိုးနဲ့ အဖြူအမည်း မသဲကွဲသေးတဲ့ အချစ်ဒုက္ခပြဿနာ လိပ်ခေါင်းတန်းလန်း ( အဲမှားလို့ ) လိပ်ခဲတည်းလည်းကြီးနဲ့ ချစ်ရသူလေးဆီက ပြန်လာမယ့် စာလေးကို တစ်နေ့ပြီး တစ်နေ့ လက်ချိုးရေတွက်ပြီး မျှော်လင့်ချက်နဲ့ အသက်ဆက်နေခဲ့ရတာ တော်တော်ကို ကြာပါ တယ် ။ အဲလို နေလာရင်းက သမုဒယအေး ဆိုတဲ့ ရေခဲတုံးမလေးကို ပေးခဲ့တာ မှတ်မှတ်ရရ တစ်လနဲ့ ခုနစ်ရက်တိတိ ပြည့်မြောက်တဲ့ နေ့ ။
အဲဒီနေ့မှာတော့ အောင်သွယ်တော်မလေး စပယ် ဟာ မုန့်စားကျောင်းဆင်းချိန်မှာ မမျှော်လင့်ဘဲ ရောက်လာတယ်ဗျ ။ ကျွန်တော်လည်း သိချင်ဇောနဲ့ အလောတကြီး မေးလိုက်မိပါတယ် ။
“ စပယ် အခြေအနေ ဘယ်လိုရှိလဲ ”
“ အခြေအနေကတော့ အိုကေမှာ စိုပြေပဲ သူငယ်ချင်း ”
“ တကယ်လား .. ဝမ်းသာလိုက်တာဟာ ”
“ အေး နင်ကတော့ သိပ်ပျော်နေမှာပေါ့ ။ ငါမှာတော့ အခုလို အချိန်လောက်နဲ့ နင့်ဆီကို စာပြန်ရေးဖြစ်အောင် အဲဒီ ရေခဲတုံးမကို ဘယ်လောက် တိုက်တွန်းရတယ်မှတ်လဲ ။ ငါ ပြောလွန်းမက ပြောတော့မှ နင့်ကို သူလည်း စိတ်ဝင်စားပါတယ်တဲ့ ။ ဒါပေမဲ့ ရည်းစားစာကို သူတစ်ခါမှ မရေးဖူးတဲ့ အတွက် ဘယ်လို ရေးရမှန်း မသိလို့ စဉ်းစားနေတာပါတဲ့ ။ ဒါနဲ့ ငါလည်း နင် ရေးတတ်သလို ပြန်ရေးပေါ့လို့ ချစ်ရင်ချစ်တယ် ၊ ဘာညာ သာရကာပေါ့လို့ ပြောတော့ အဲဒီတော့မှ သူက အင်းပါတဲ့ ။ ဒီည တစ်ညလုံး သူ အသေအချာ စဉ်းစားပြီး ရေးထားမယ်တဲ့ မနက်ကျမှ ပေးပေးပါဆိုလို့ ၊ အဲဒါ အခု နင့်ကို လာပေးရတာပဲ ။ နင်က နပူနဆာ ၊ ဟိုက ရေခဲတုံး ၊ အောင်သွယ် ဖြစ်တဲ့ ငါပဲ ကြားထဲ ကနေ အနေခက်ရတာ ... အေးအခု ပြန်စာရပြီ ဆိုတော့ ငါ့တာဝန် ကျေပြီ ကျန်တာကတော့ နင့် အပိုင်း ”
အဲဒီလို ပြောပြီး အမောဆို့ သွားပုံရတဲ့ စပယ် တစ်ယောက် ကျွန်တော့် ကိုတောင် နှုတ်မဆက်ဘဲ ခပ်သွက်သွက် ပြန်ထွက်သွားပါတော့တယ် ။ ကျွန်တော်လည်း ပြန်စာရပြီ ဆိုတဲ့ စိတ်နဲ့ ဝမ်းသာလုံးကြီးက လည်ပင်းဝမှာ လာတစ်နေတဲ့ အတွက် စံပယ် ကို ကျေးဇူးတင်စကားလေး တစ်ခွန်းတောင် ပြန်မပြောလိုက်နိုင်ပါဘူးဗျာ ။
အခန်း ( ၃ )
တကယ်တမ်းကျတော့ ရည်းစားစာ တစ်စောင်ကြောင့် အိမ်သာတက်ချင်ယောင်ဆောင်တဲ့ ဒုက္ခကလည်း ကိုယ်တိုင် ကြုံဖူးမှ မလွယ်မှန်း သိရတာကိုးဗျ ။ ကျောင်းအိမ်သာ ဆိုတော့ အများသုံး လေ ။ အသုံးများတော့ အနံ့အသက်က ဘယ်ကောင်းပါ့မလဲ ။ ဒီကြားထဲ ကျောင်းဆင်းချိန် ဆိုတော့ ကိုယ့်အလှည့်ရောက်ဖို့ အရေး တန်းစီဇယားနဲ့ စောင့်လိုက်ရသေးတော့ အိမ်သာထဲ မဝင်ခင်ဘဲ လူက မူးချင်ချင်ဖြစ်နေပြီ ။ ဒါပေမယ့် မဝင်လို့ ကလည်း မဖြစ်ဘူးလေ ။ ချစ်ရသူလေးရဲ့ ပြန်စာကို အနှောင့်အယှက် ကင်းကင်းနဲ့ ဖတ်ရဖို့က ဒီနည်းပဲ ရှိတာ ။ သူငယ်ချင်းတွေနဲ့ အတူတူ ဖတ်လို့လည်း မဖြစ်ဘူးဗျ ။ ဒီကောင်တွေ နောက်တာနဲ့ ကိုယ်ပါ ဖီလင်ပျက်ရဦးမယ် ။ ပြီးတော့ စာလေးထဲမှာ ဘာလိုတွေများ ရေးထားမလဲ ။ ‘ မောင် ’ လို့ပဲ နာမ်စား သုံးထားမလား ၊ ‘ ကိုကို ’ လို့ပဲ ခေါ်ပြီး ရေးထား မလား ။ ချစ်ပါတယ် ဆိုတဲ့ အကြောင်း အဖွဲ့အနွဲ့ ကောင်းကောင်းလေးတွေနဲ့ ဘယ်လိုများ ရေးထားမလဲ ဆိုတာ သိချင်စိတ်နဲ့ ဘာမှ တွေးမနေတော့ဘဲ လူရှင်းလို့ ကိုယ့်အလှည့် ရောက်တယ်ဆို အိမ်သာထဲ တန်းဝင် ၊ တံခါးပိတ် ဝှက်ယူလာတဲ့ ရေမွှေးစာအိတ်ကလေးကို ထုတ်ပြီး အိမ်သာခွက်ပေါ် ငုတ်တုတ် ထိုင်ချလိုက်တဲ့ အချိန်မှာပဲ စာအိတ်က ရေမွှေးနံ့နဲ့ အိမ်သာထဲက သေးနံ့ နှစ်ခုပေါင်းပြီး ကျွန်တော့် နှာခေါင်းကို လာ မိတ်ဆက် ပါတော့တယ် ။ ကျွန်တော် အသက်ကို မျှင်းမျှင်းရှူ ၊ သတိကို ကြီးကြီး ထားပြီး စာအိတ်ကို မြန်မြန် ဖောက်လိုက်ပါတယ် ။ သတိ မထားလို့လည်း မရဘူးဗျ ။ မတော်တဆ လက်ထဲက စာအိတ်က အိမ်သာခွက်ထဲ လွတ်ကျသွားရင် အခြေအနေက ဒီထက်ပိုဆိုး သွားနိုင်တယ်လေ ။
ဒါပေမယ့်လို့ ကျွန်တော် အဲလို ဒုက္ခခံခဲ့သမျှတွေဟာ စာအိတ်ထဲက စာရွက်ခေါက်ကလေးကို ဖြန့်ဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ မျှော်လင့်သမျှတွေဟာ လုံးဝကို မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဆိုသလို ဖြစ်ခဲ့ရပါတော့တယ် ။ တကယ်ပါဗျာ .. မယုံနိုင်စရာကြီးပါ ။ ပြောတော့ တစ်ညလုံးနီးနီး စဉ်းစားပြီး ရေးပေးလိုက်တာပါတဲ့ ၊ စာမှာ ဖတ်စရာဆိုလို့ ရှားရှားပါးပါး “ အင်း ” ဆိုတဲ့ စာလေး တစ်လုံးပဲ ရေးထားတာ တွေ့ လိုက်ရလို့ပါပဲ ။
တစ်လကျော်ကျော် မျှော်လင့်ခဲ့ရတဲ့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေကို ဒီ “ အင်း ” ဆိုတဲ့ စာလေး တစ်လုံးတည်းနဲ့ ရိုက်ချိုးခြင်း ခံလိုက်ရသလို ဖြစ်သွားတာ ကောင်းသလားဗျာ ။ ကျွန်တော် မျှော်လင့်ခဲ့တာက အဖွဲ့အနွဲ့ဟန်နဲ့ ကဗျာဆန်ဆန် အရေးအသားလေးတွေ ။ အခုတော့ “ အင်း ” တဲ့ ။ တစ်လုံးတည်းရယ် ။ ဘယ်လိုမှ ကဗျာမဆန်တဲ့ ဒီစာတစ်လုံးကို ဘယ်လိုခံစားမှုတွေ သုံးပြီး ဖတ်ရမလဲ ။ စဉ်းစားရင်းနဲ့ အိမ်သာထဲမှာ ထွက်ကုန်တော့တာပေါ ။ ဒေါသတွေလေ ။ ဒါပေမယ့် ကျွန်တော် ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းရင်း ဘာပဲဖြစ်ဖြစ် ငါ့ရည်းစားဦးလေးရဲ့ လက်နဲ့ တစ်ညလုံး စဉ်းစားပြီး ရေးပေးလိုက်တဲ့ “ အင်း ” ဆိုတဲ့ စာလေးတစ်လုံးကို အတတ်နိုင်ဆုံး ဖီလင်ထည့် ဖတ်ကြည့်လိုက်ပါတယ် ။ အသံထွက် ဖတ်လိုက်မိတော့မှ လက်ရှိ အခြေအနေ ထက် ပိုဆိုးသွားတော့တာလားဗျာ ။
ကျွန်တော် ဘယ်နှခါ အသံထွက်ပြီး ဖတ်လိုက်မိတယ် ဆိုတာ အတိအကျ မသိလိုက်နိုင်ပေမယ့် ကျွန်တော် ကြားလိုက်ရတာကတော့ တစ်ဘက် အိမ်သာခန်းထဲက ကျောင်းသားတစ်ယောက်ရဲ့ မထင်မှတ်ဘဲ ပြောလိုက်တဲ့ ခပ်ငေါက်ငေါက် စကားသံဗျ ။ အဲဒါကတော့ “ ဟေ့ကောင် ဓာတ်ချုပ်နေလည်း ဖြည်းဖြည်းညှစ် ... တအင်းအင်းနဲ့ လူကြား မကောင်းဘူး ” တဲ့ ။
ဒီတော့မှ ကျွန်တော်လည်း ဒီ ‘ အင်း ’ ဆိုတဲ့ တစ်လုံးတည်းသော ရည်းစားစာကို အိမ်သာထဲမှာမှ အသံထွက်ဖတ်လိုက်မိတဲ့ ကိုယ့်အပြစ်ကို ရိပ်စားမိပြီး မသိမသာ မျက်နှာပိုးသတ်ကာ အိမ်သာထဲကနေ ပြန်ထွက်ခဲ့ရပါတော့တယ် ။ ဘာအဓိပ္ပါယ်နဲ့ ရေးမှန်း စဉ်းစားလို့ မရပါဘူး ။
နောင်တစ်ချိန် ချစ်သူလေးနဲ့ တွေ့ကြတော့မှ ‘ အင်း ’ ဆိုတဲ့ စာတစ်လုံး အကြောင်းကို ကျွန်တော် ကောင်းကောင်း သဘောပေါက်ခဲ့ပါတော့တယ် ။ တကယ်တော့ “ အင်း ” ဆိုတာ “ ဟင့်အင်း ” ရဲ့ ဆန့်ကျင်ဘက်တဲ့ ။ ချစ်တယ် ဆိုတဲ့ အကြောင်း ခေါင်းညိတ်လိုက်တဲ့ သင်္ကေတ ဆိုပဲ ။ ဩော် အဖွဲ့အနွဲ့ ကောင်း ဆိုတာ ဒီလိုမျိုး စာတစ်လုံးတည်းနဲ့ အဓိပ္ပါယ် ရှိရှိ ရေးနိုင်တာမျိုး ထင်ပါရဲ့ ။
ဪ ... ကြုံမှ ကြုံရလေခြင်းရယ် ... တစ်လုံးတည်း ပေမယ့် ဘယ်တော့မှ မမေ့နိုင်တော့ပါတကား ။ ။
▢ စာကလေး ( မော်ကျွန်း )
📖 သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း
အမှတ် - ၃၆
ဧပြီလ ၊ ၂၀၁၅

No comments:
Post a Comment