❝ မွေးသမိခင် ❞
( ပီမိုးနင်း )
မောင်ပွားသည် လွန်စွာ လူမုန်းများသူဖြစ်၏ ။ မိခင် ဒေါ်မေမှာ ၎င်းအား တစ်ဦးတည်းသောသား ဖြစ်သဖြင့် ငယ်စဉ်အခါက စ၍ အလိုလိုက် ခဲ့သောကြောင့် ဆိုးမိုက် စော်ကား ၊ လူဟူသမျှကို မိမိ၏ မိခင်ကဲ့သို့ မိမိ လုပ်တိုင်း ခံရသူများဟု သဘောထားကာ လွန်စွာ ရမ်းကားသူ ဖြစ်လေရာ လူမုန်းမများဘဲ နေနိုင်ပါမည်လား ။
ဒေါ်မေသည် သားကို ခွေးသားအုပ်မကြီး ခွေးကလေးများကို ချစ်သလို ချစ်ခဲ့၏ ။ မောင်ပွားသည် ရုပ်ရည်ကလေး သနားကမားနှင့် ငယ်စဉ်က မခုတ်တတ်တဲ့ ကြောင်ပမာ မိခင်ဖြစ်သူနှင့် ကုပ်ကုပ်ကလေး နေခဲ့သဖြင့် လူအများကပင် ချီးမွမ်းခဲ့၏ ။ ၎င်း၏ စိတ်ရင်းမှာကား ကုပ်ခြင်းသည် သူရဲဘောနည်းခြင်းကြောင့် ဖြစ်လေရာ မိမိ နိုင်သော မိခင်ကိုမူ ငယ်ငယ် ကတည်းက နှိပ်စက်ခဲ့၏ ။ မိခင်မှာ မုဆိုးမ ဖြစ်ရာ ဈေးရောင်း၍ ရသမျှနှင့် သားကလေးကို မွမ်းမံပြုစုကျွေးမွေး ၊ အရာရာမှာ အရေးပေးခဲ့လေ၏ ။ မိမိ ကိုယ်တိုင် အငတ်ခံပြီး သားကလေး အတွက် ကော့စမစ်တစ် အလှဆီကို ဝယ်၍ပေး၏ ။ အများ မသိ၍ ချီးမွမ်းကြသည်ကို အဟုတ်ထင်ကာ သဘောကျလျက် ကျေနပ်၍ နေခဲ့လေ၏ ။ သားကလေး အတွက် အဘယ်ဆွေမျိုးနှင့်မျှ မတည့်သဖြင့် ကသီလင်တ နေရ၏ ။
သားမှာ အလိုရမ္မက် များခြင်း ၊ မိမိထက် သာသော သားချင်းပေါက်ဖော်တို့ကို မနာလိုခြင်း ၊ တိတ်တဆိတ် မကောင်းကြံတတ်ခြင်း ၊ ကလဲ့စားချေတတ်ခြင်းများကြောင့် ၎င်းနှင့် မသင့်မတင့် အချင်းစကားများသည့် အခါ အကျိုးအကြောင်းကို မစုံစမ်း ၊ သား ပြောသမျှ စကားနှင့် တစ်ဖက်သား ဖြစ်သူများအပေါ်မှာ ရန်လိုမုန်းထားလေ၏ ။
လူလားမြောက်သောအခါ ဆွေမျိုးထဲတွင် အောက်ကျနောက်ကျ ဖြစ်ခဲ့ရသမျှတွေကြောင့် ကလဲ့စားချေလိုသော စိတ်က လွှမ်းမိုးသဖြင့် အုံ့ပုန်း အမူအရာတွေ ကွယ်ပျောက်ကာ အတိအလင်း ရိုင်းပျယုတ်မာသော အမူ အရာတို့ကို ပြ၍ လာလေ၏ ။ တစ်နေ့သ၌ အမေကြီးအား ဟင်းမကောင်းသဖြင့် ဆူပူသောင်းကျိန်ဆဲဆိုသည်ကို အိမ်နီးပါးချင်းများ ကြားရသောအခါကျမှ အသည်းနှလုံး တုန်လှုပ်ကြလျက် မိမိတို့ ချီးမွမ်းခဲ့သမျှ အကြောင်းသိကြရလေ၏ ။ ထိုအုံ့ပုန်းမျိုးမှာ သားချင်း ပေါက်ဖော်များ အပေါ်၌ ကောင်းသော အသွင်ကို ပြတတ်ကြလေရာ ဖုံးဖိ၍ မရသော ဇာတိသည် အကျောက်အကန်ပြု၍ ပေါ်ပေါက်မှသာ သိကြရလေ၏ ။
ယခုမှ လူလားမြောက်၍ မခံချင်သောစိတ်နှင့် ကြံစည်လုပ်ကိုင် စွန့်စားရှာကြံခဲ့ခြင်းကြောင့် အတော်ကလေး အထောက်အခံရှိသော မိန်းမကြီးဖြစ်သူ မကြေးဥ နှင့် အကြောင်းပါပြီး အိမ်ခြေရာခြေနှင့် အခြေကျကျ နေနိုင်သော အဖြစ်ကို ရောက်လေရာ စော်ကား ရိုင်းပျသော ဇာတိသည် အတားအဆီး မရဘဲ တက်ကြွ ၍နေလေ၏ ။ အကြောင်းမူကား မိမိ၏ အရပ်၌ အလွန် နိမ့်ကျသော ဘိန်းစားသူခိုး လယ်ထွန်သမားများသာ ရှိလေရာ အကြံသမား ၊ ဉာဏ်သမား မင်းမြှောင်စိုးကပ် အလုပ်များဖြင့် မောင်ပွားသည် လူမော် ဖြစ်၍ နေလေ၏ ။ သို့ဖြစ်သောကြောင့် တစ်ရွာလုံး၏ မုန်းထားခြင်းကို ခံရခြင်း ဖြစ်လေ၏ ။
မိခင်သည်ကား မိမိ၏ သားကို ငယ်စဉ်အခါမှာ ကဲ့သို့ပင် မှတ်ထင်ကာ အနည်းနည်းအဖုံဖုံ စော်ကားခြင်းများကို ခံရသော်လည်း ရင်သွေးဟူက ချစ်မဝ ဆိုသည့် စကားအရ ချစ်လျက် အမြဲ သားဘက်မှ နေ၍ ခုခံလေ့ ရှိလေ၏ ။ သို့သော်လည်း မိမိသား မကောင်းသဖြင့် လူမုန်းများသည်ကို ကြိတ်သိသော အသိကြောင့် စိတ်ချလက်ချ ခွဲခွာ၍ မနေနိုင်ဘဲ သားအိမ်မှ ချွေးမဖြစ်သူ၏ မသဒ္ဓါရေစာကို စား၍ နေရလေ၏ ။ တစ်နေ့မှ မျက်နှာကောင်း မရ ။ ချွေးမ တစ်လှည့် ၊ သား တစ်လှည့် ပြောဆို ပြုမူသမျှ ကိုသာ ခံ၍ နေရရှာလေ၏ ။ ထိုကဲ့သို့ ဖြစ်သည့်တိုင်အောင် မိမိ၏ သားကို အဆိုးမထင် ၊ သား ဖြစ်သူ၏ သဏ္ဌာန်၌ အကောင်းကိုသာ မြင်လေ၏ ။
တစ်နေ့သ၌ မောင်ပွားသည် မယားဖြစ်သူနှင့် ခိုက်ရန်ဒေါသ ဖြစ်သဖြင့် မယားဖြစ်သူ မကြေးဥ မှာ အိမ်ပေါ်မှ ဆင်း၍ သွားလေ၏ ။
“ ငါ မနေဘူး ။ သွားမယ် ။ ငါမွေးတဲ့မျောက် ငါ့ကို ခြောက်လို့ ။ ငါ့ကြောင့် နင် အခုလို နေရတာ မဟုတ်လား ။ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူနေတာကို နင် သိရဲ့မဟုတ်လား ” စသည်ဖြင့် ပြောဆို၍ သွားလေ၏ ။
ထိုနေ့ညနေ မိခင်ဖြစ်သူမှာ ချွေးမ မရှိသဖြင့် သား ဖြစ်သူအား ချက်ပြုတ်ကျွေးမွေးရာ ထမင်းပျော့နေသဖြင့် မိခင်အား “ ခင်ဗျား ဘာအသုံးကျတဲ့ အမယ်ကြီးလဲ ။ အခု ကြေးဥ ထွက်သွားတာ ဘာကြောင့်လဲ သိရဲ့လား ။ ခင်ဗျားကြောင့် ” စသည်ဖြင့် ပြောဆိုရုံမက မိခင်က အနည်းငယ် ပြန်၍ ပြောလေရာ ဒေါသကို မချုပ်တီးနိုင်ဘဲ ပြုလေရာ အိမ်နီးပါးချင်းများ လာ၍ ဖျင်ကြသဖြင့် အမယ်ကြီးမှာ ချမ်းသာရာ ရ၍ သွားလေ၏ ။ သို့သော်လည်း မောင်ပွားကြောင့် အမယ်ကြီး ခမျာမှာ နားနှစ်ဖက်စလုံး အုံကွဲပြီး ပင်း၍ သွားလေ၏ ။ လုံးလုံးကြီး မကြားတော့ပေ ။ သို့သော်လည်း မိခင်မှာ ထိုကဲ့သို့ဖြစ်သည်ကို ဖွင့်၍ မပြော ။ “ လုပ်ပါ သားရယ် လုပ်ပါ ။ အမေကပဲ လွန်မိပါတယ် ။ အမေ ဝန်ချပါတယ် ” စသည်ဖြင့်သာ ပြောလေ၏ ။
ထိုညနေ မောင်ပွားသည် မယားကို ခေါ်ရန် သွားလေရာ မိခင် အမယ်ကြီးမှာ အိမ်စောင့်ရင်း အိမ်ရှေ့ တံခါးများကို မင်းတုပ်ချ၍ အိပ်လေ၏ ။
ညဉ့်ကြက်ဦးတွန် အချိန်လောက်တွင် လူပေါင်း သုံးလေးယောက်သည် မောင်ပွား ပြန်လာမည့် လမ်းမှာ စောင့်၍ နေကြလေ၏ ။
“ ခွေးသား ၊ အသေပွဲချင်းပြီး ဒီကနေ့ည စီရင်မယ် ။ လုပ်ချင်နေတာ ကြာလှပြီ ။ ပုလိပ်စုတ်ကလေး ၊ ရာဇဝတ်အုပ်ကလေးတွေနဲ့ ပေါင်းရလို့ သူ့ကိုယ်သူ မဟာမင်းကြီး ထင်နေတယ် ။ သာအေးကြီး မရှိမဲ့ရှိမဲ့ သူ့ခမျာ ကစော်ကလေး ချက်ရောင်းတာ ၊ သူ လက်တို့လို့ အဖမ်းခံရတာ မဟုတ်လား ” ဟု တစ်ယောက်က ပြောလေ၏ ။
“ အေးကွယ် ။ ခမျာမှာ တစ်နေ့မှ ငါးမူး ၊ ခြောက်မူးရရှာတာ ၊ ဒဏ်ငွေ ငါးဆယ် အတပ်ခံရတယ် ။ မယ်ညိုတို့ အိမ်ကို သူခိုးလက်ထောက် ချတာလည်း သင်းပဲ ။ ဒီကနေ့ ညတော့ ဒီနေရာမှာ အသေလုပ်မယ် ” ဟု တစ်ယောက်က ပြောလေ၏ ။
“ သူ့အမေကြီး အခု သူ့အိမ်မှာ ရှိနေလို့ပေါ့ကွယ် ။ ငါတော့ အိမ်သာ မီးနဲ့ရှို့ချင်တာပဲ ။ အမယ်ကြီးက ဒီကနေ့ သူရိုက်ထားလို့ နားပင်း နေတယ် ။ အိမ်မီးရှို့ရင် အမယ်ကြီး မီးထဲပါမှာ ”
“ အေးကွယ် ။ ဒီကနေ့များ အမယ်ကြီးကို လုပ်လိုက်တာ ၊ ဒီလို သတ္တဝါမျိုး မြေပေါ်မှာ ထားလို့ ဘာ ကျေးဇူးရှိမလဲ ။ သင်းကို သ,တ်ရင် ငါတို့ ငရဲကြီးမှာ မဟုတ်ဘူး ။ တရားသဖြင့် စီရင်တာ ဖြစ်မှာပဲ ။ ဟော ... ဟော ... ဟို လယ်ပြင်ဘက်က လာတာ သူ မဟုတ်လား ။ သတိထားနော် ။ ဒီကောင် သိပ်ပါးတာ ၊ မလွတ်စေနဲ့ ”
မောင်ပွားသည် ၎င်းတို့ စောင့်စားနေသော လမ်းကြားကို ဝင်မည် ပြုပြီးမှ မဝင်ဘဲ ကွေ့၍ အခြားလမ်းဖြင့် သုတ်သီးသုတ်ပျာ သွားလေ၏ ။ စောင့်သူများလည်း သုတ်သီးသုတ်ပျာ လိုက်ကြလေ၏ ။ မောင်ပွားသည် ၎င်းတို့ကို မြင်သဖြင့် ခါးတောင်းကို ကျိုက်ကာ ပြေးလေ၏ ။ ထိုအခါ ရန်သူများသည် အတိအလင်း လိုက်ကြလေ၏ ။ “ သင်း အိမ်ပေါ်ကို မရောက်မီ မိရင် တော်ပြီ ။ အိမ်တံစက်မြိတ်အထိ လိုက်မယ် ” ဟု တစ်ယောက်က ပြောလေ၏ ။ အားလုံး ပြေး၍ လိုက်ကြလေ၏ ။
မောင်ပွားသည် အပြေးမြန်သူ ဖြစ်လေ၏ ။ သို့သော်လည်း လိုက်သူများမှာ ၎င်းလောက်နီးနီး မြန်သဖြင့် ၎င်းကို မီလုမီခင် လိုက်ကြလေ၏ ။
မောင်ပွားသည် မိမိ၏အိမ် တံစက်မြိတ်အောက် ရောက်သောအခါ ရန်သူများမှာ ဝါးတစ်ရိုက်ခန့် ပြတ်၍ ကျန်ရစ်ကြသဖြင့် ၎င်းအိမ်ပေါ်ကို ရောက်လျှင် ခက်မည်ကို သိကြသောကြောင့် ခြေကုန်လွှတ်၍ လိုက်ကြလေ၏ ။
မောင်ပွား တံခါးကို ထုလေ၏ ။ မိခင် ဖြစ်သူသည်ကား မအိပ်သေးဘဲ ဘုရားကို အာရုံစိုက်လျက် နေလေ၏ ။
မောင်ပွားသည် ခေါက်တံခါးကို ကန်ကာ “ အမေ ... အမေ ” ဟု ခေါ်လေ၏ ။
အိမ်နီးပါးချင်း ကြားကြသော်လည်း ဂရုမစိုက်ဘဲ နေကြလေ၏ ။ မိခင်မှာကား နားပင်း၍ နေသဖြင့် မကြားရပေ ။ ဘုရားကိုသာ အာရုံ စူးစိုက်လျက် နေလေ၏ ။ မောင်ပွားသည် ဒေါသဖြစ်လျက် အမေ .. အမေ ၊ ဘာမကြီး ၊ ညာမကြီး စသည်ဖြင့် ပြောဆိုလျက် ဒီလောက်တောင် အိပ်ရသလားဟု ပြောဆိုကြိမ်းမောင်းလေ၏ ။ ကြိမ်းမောင်းရင်း ထုရိုက်လေ၏ ။ နားပင်းသော အမယ်ကြီးသည်ကား လုံးလုံးကြီး မကြားသဖြင့် မိမိ၏သား ဘေးရန် အနှောင့်အယှက် မတွေ့ရဘဲ ချမ်းချမ်းသာသာ အိမ်ကို ပြန်၍ ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့၍ နေလေ၏ ။ အကြောင်းမူကား ထိုအခါ အတော်ညဉ့်နက်သဖြင့် သားအတွက် အတော်ပင် စိုးရိမ်၍ နေလေ၏ ။
မောင်ပွားသည် ထုရိုက် အော်ခေါ်၍ မရသောအခါ သာလွန် စိတ်ဆိုးလျက် မိခင်ကို တအား ခေါ်အော်၍ ဆဲလေ၏ ။ ထိုအခိုက် ရန်သူများ ရောက်၍လာပြီး အမေ ဆဲတဲ့ ခွေးသား ခွေးလိုသေဟု ပြောကာ တစ်ယောက်က ဦးခေါင်းကို ဝါးရင်းတုတ်နှင့် တစ်ချက် ချလိုက်လေရာ မောင်ပွားသည် တံစက်မြိတ်၌ တစောင်း လဲကျလေရာ အခြား လူများက ဝါးချွန်များနှင့် ရင်ဘတ် ကျောဘေးတို့ကို ဆောင့်ကာ စိစိညက်ညက်ကြေအောင် ထိုးကြလေ၏ ။ အမေကြီးသည်ကား အဝေရာ ဟောန္တု ၊ အဗျာပဇ္ဇာ ဟောန္တု စသည်ဖြင့် အေးချမ်းသာယာစွာ အသံကျယ်ကျယ်နှင့် မေတ္တာပို့လျက်နေရှာလေသတည်း ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment