Monday, January 5, 2026

မော်တော်ကားတောဝါ

 

❝ မော်တော်ကားတောဝါ ❞
            ( ပီမိုးနင်း )

မောင်ငွေခိုင်သည် ဆူးလေဘုရားလမ်း၌ ညနေ ငါးနာရီခန့် အချိန်တွင် ရှုပ်ယှက်ခတ်၍ နေသော မော်တော်ကားတွေကို ကြည့်ကာ စဉ်းစား၍ နေလေ၏ ။

တောရွာများ၌ တစ်ခါတစ်ရံ ကျားထသည် ဟူသော သတင်းများ ဖြစ်ပွားသည့်အခါ ရွာနီးခြောက်စပ် အရပ်ရပ် ၊ အနယ်နယ်တို့မှာ ကြီးစွာ ထိတ်လန့်ခြင်း ဖြစ်ကြသည်ကို သတိရလေ၏ ။ ကျားခြေရာ တစ်ခု ရွာအနီး အနား၌ တွေ့ရလျှင် တစ်ရွာလုံး သိမ့်သိမ့်တုန်အောင် လှုပ်ရှားခြင်း ဖြစ်ကြသည်ကို စဉ်းစားမိ၏ ။

သို့သော်လည်း ထိတ်လန့်ကြောက်ရွံ့ခြင်းများသည် ရန်ကုန်မြို့၌ ယခုအခါ ကားထသလောက် ၊ ကြောက်မက်ဖွယ်ရာ မကောင်းသည်ကို တွေးမိ၏ ။ တောရွာများ၌ ကျားထခြင်းသည် ရန်ကုန်မြို့၌ ကားထခြင်းနှင့် စာသော် မော်တော်ကားမှာ မျက်လုံးပြူးပြူးနှင့် ဘီလူး ၊ ကျားမှာ မှင်စာမျှ ကဲ့သို့ ခြားနားသည်ကို ဆင်ခြင်မိလေ၏ ။

အကြောင်းမူကား သတင်းစာများ အရ ကားတိုက်သဖြင့် သေကျေပျက်စီးသူ အရေအတွက်သည် အဆရာထောင် ပိုမို၍ များနေလေ၏ ။

ခြေကျင် ၊ လန်ချားနှင့် သွားနေရသူ လူအများတို့မှာ ဘေးအန္တရာယ်သည် လွန်စွာမှ ကြီးလှပေသည် တကား ။ ကားတိုက်လို့သေ ၊ ခိုက်လို့သေ ၊ စီးနင်းလိုက် ပါရင်းပင် ကျိုးပဲ့၍ သေကျေကြရပေသည်တကား ။ ကြောက်မက်ဖွယ် ကောင်းလှသော ခေတ်ကြီးပေတကား ။ မြတ်စွာဘုရားလက်ထက်တော်အခါ၌ ဤကားတွေ ယခုလို ရှိကြချေက မော်တော်ကားတောဝါ ဟု ဟောကာ မော်တော်ကားကို အကြီးဆုံးသော ရန်သူတစ်ပါး ဟု စာရင်းသွင်းတော်မူမည် မလွဲပေတကား ။ ငါ့မှာ သွားလာ ရှာကြံရသော အလုပ်ကို လုပ်ရသူ ဖြစ်သည့် အတွက် ဒီရန်ကုန်မြို့မှာ ကြာလျှင် တစ်နည်းနည်းနှင့် မော်တော်ကား ဘေးသင့်မှာပဲ စသည်ဖြင့် တွေးတောဆင်ခြင်ကာ များစွာ တုန်လှုပ်ချောက်ချားခြင်း ဖြစ်လေ၏ ။ အကြောင်းမူကား မောင်ငွေခိုင် သည် သေမှာကို လွန်စွာ ကြောက်ရွံ့သူတစ်ယောက် ဖြစ်သဖြင့် အသက်အာမခံကိုယ်စားလှယ်များ အိမ်ကို ဝင်လျှင် အိမ်ကို လင်းတ နားသည်ထက် ပိုမို ကြောက်ရွံ့လေ၏ ။

သို့ဖြစ်လေရာ ထိုမော်တော်ကားဘေးမှ လွတ်ရအောင် အဘယ်ပုံ လုပ်ရမည်နည်းဟူသော အကြောင်းကို တစ်နေ့မပြတ် ကြံစည်လေ၏ ။ ဆရာသမား ဟူသမျှနှင့် တွေ့ရလျှင် မော်တော်ကား အတွက် အကာ ၊ စပါယ်ရှယ် လက်ဖွဲ့ ၊ အင်းအိုင်မန္တန် ၊ ဆေးဝါး ရှိသလားဟု တောင်းပန်လေ့ရှိ၏ ။ သို့သော်လည်း အဘယ်မှာမျှ ထိုနည်းလမ်းကို ရှာကြံ၍ မရ ၊ သတိနှင့် ခြေလှမ်းပေါ်မှာ လျှောက်ခြင်းမှ တစ်ပါး အခြား နည်းလမ်းမရှိ ဖြစ်လေ၏ ။ သို့သော်လည်း အလုပ်ကိစ္စ များသူတို့မှာ အဘယ်မျှပင် သတိထားစေကာမူ တစ်ချက်ချက်တော့ သတိလစ်မှာပဲ ဟူသောအကြောင်းကို တွေးမိလေရာ မိမိမှာလည်း အမြဲ ကိစ္စများသူ ဖြစ်သည့် အလျောက် တစ်နေ့သ၌ ဧကန်ဒိဋ္ဌ သတိလစ်ပြီး မော်တော်ကားဘေးနှင့် တွေ့မှာပဲဟု များစွာ ကြောက်ရွံ့လေ၏ ။ သို့ စိုးရိမ်ခြင်းကြောင့် မော်တော်ကား တိုက်၍ သေရသည်ဟု တစ်ခါ ၊ နှစ်ခါ အိပ်မက်မက်လေ၏ ။ ထိုအိပ်မက်ကြောင့် သာလွန်၍ ကြောက်ရွံ့ပြန်လေ၏ ။

သို့နေရာ တစ်နေ့တခြား အိပ်မက်ကြောင့် ပိုမို၍ အကြောက်များပြီးလျှင် ပိန်ချုံး၍ လာလေ၏ ။ တစ်နေ့သ၌ လမ်း၌ မော်တော်ကားများ ရှောင်ရင်း အကြံ တစ်ခု ရလေ၏ ။ ထိုအကြံမှာ အိမ်၌ မြင်သာသောနေရာ ဟူသမျှ၌ မော်တော်ကား ဟူသော စကား ၊ အိမ်ထဲက အထွက် မော်တော်ကား ဟူသော စာလုံးများကို ကပ်၍ ထားပြီး အိမ်မှ ထွက်သည်နှင့် တစ်ပြိုင်တည်း “ မော်တော်ကား တောဝါ ၊ မော်တော်ကား တောဝါ ” ဟူသော ကမ္မဋ္ဌာန်းကို အမြဲမပြတ် သုံးသပ်ဆင်ခြင်ရန် ဖြစ်လေ၏ ။

သို့အကြံရ၍ စာများကို ကပ်ပြီးနောက် စိတ်ထဲ၌ အတော်ကလေး ပေါ့ပါးလျက် သက်သာရာရ၍ သွားလေ၏ ။ ဤနည်းအတိုင်းသာ နေ့စဉ် သတိထားချေက သတိလစ်နိုင်ဖို့ မရှိ ။ ဤဘေးမှ ချမ်းသာ၍ ငါ၏ ကျန်းမာပုံ ၊ ငါ၏ အသက်မွေး နေထိုင်စားသောက်ပုံ ၊ ငါ၏ ကိုယ်ကျင့်တရား ကောင်းပုံ ၊ အစစအရာရာ၌ မလွန်မကျူးပုံကို ထောက်လျှင် အသက်ရှည်မှာ အမှန်ပင် ။ အသက်ကို ဉာဏ်စောင့်သည် ။ သေနေ့ဟူ၍ သတ်မှတ်လျက် မရှိ ။ အဘယ် ဂြိုဟ်တာရာ နက္ခတ်မှ ငါ့ကို အန္တရာယ် မပြုနိုင် ။ ဉာဏ်သတိကို ပိုင်ပိုင်ထား ၊ အစစ အရာရာမှာ မမှားစေနှင့် ဟူသော အယူကို မယိမ်းမယိုင် စွဲကိုင်သူ ဖြစ်လေ၏ ။

ထိုနေ့က စ၍ အိမ်မှာ အားလျှင် မော်တော်ကားကို ဆင်ခြင် ထင်မြင်၏ ။ အိမ်က ထွက်တိုင်း “ မော်တော်ကား တောဝါ ” ဟူသော စာတန်းရှေ့၌ ခြေစုံရပ်ကာ  အသက်ကို အောင့်ရင်း သုံးမိနစ်တိတိ လက်ပတ်နာရီကို ကြည့်၍ ဆင်ခြင်၏ ။ သို့မှစ၍ ဆက်ကာ ပထမ လှမ်းသော ခြေလှမ်းမှ စပြီး မော်တော်ကားတောဝါ ဟု ရွတ်ဆိုကာ ထွက်၍သွား၏ ။ လမ်း၌လည်း စိတ်ကို အခြားသို့ မလွင့်ရ အောင် “ မော်တော်ကားတောဝါ ၊ မော်တော်ကားတောဝါ ” ဟူ၍သာ စူးစိုက်သောစိတ်နှင့် ရွတ်၍သာ သွားလေ၏ ။

သို့ရွတ်၍ သွားရာ အခါများစွာ ထိုအာရုံ၌သာ စိတ်ဝင်စားလျက် အခြား မည်သည့် အရာကိုမျှ သတိမရဘဲ နေလေ၏ ။

တစ်နေ့သ၌ ထိုသို့ စူးစိုက်သောစိတ်နှင့် မော်တော်ကားတောဝါ ကို ဆင်ခြင်၍ သွားရာ ၊ စိတ်သည် ထိုနည်းအတိုင်း အာရုံဝင်ကာ နေခိုက်တွင် ဦးခေါင်း အတွင်းသို့ မိုးကြိုးလျှပ်စစ် ဝင်ရောက်၍ ပြက်သည့်အလား ဝင်းခနဲ ၊ လက်ခနဲ ဖြစ်သွားပြီး ပြန်၍ သတိရသလို ဖြစ်သောအခါ မော်တော်ကားတောဝါ ဟု လေသံကလေးမျှ ဆိုပြီး အဆုံးတိုင် သက်၍ သွားရှာလေသတည်း ။

၎င်းသည် ထိုအာရုံ၌ စူးစိုက်အားကြီးသဖြင့် လမ်းကူးသို့ ရောက်ကြောင်း သတိမထားမိ ၊ ကွေ့ဝင်လာသော ကားကိုလည်း မမြင် ၊ ဟွန်းပေးသည်ကိုလည်း မကြား ၊ စူးစိုက်သော သမာဓိ အစွမ်းကြောင့် တောဝါ နှင့် တွေ့ရခြင်းဖြစ်လေသတည်း ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

No comments:

Post a Comment