Tuesday, January 13, 2026

ဘယ်သူ့များ ထိမလဲ


 ❝ ဘယ်သူ့များ ထိမလဲ ❞

        ( ခင်နှင်းယု )


ဖေဖေ၏ အကြောင်းကို ၁၉၆၈ ခုနှစ်ဆီလောက်က စာအုပ်တစ်အုပ် ကျွန်မ ရေးခဲ့သည် ။ ယခု ၁၉၈၉ ၊ ဇွန်လတွင် လုံမလေးမဂ္ဂဇင်း၌ အကျဉ်းချုပ်၍ ပြန်လည်ဖော်ပြသည် ။


ဖေဖေ၏ အကြောင်းမှာ ပြီးပြည့်စုံခြင်း မရှိသေးပါ ။ သမီးကြီးမိ သားဦး မွေးသည့် ၁၉၆၈ အထိပင် ရှိပါသည် ။ ဖေဖေသည် အသက် ၈၆ နှစ် အထိပင် နေရ၍ ၁၉၇၃ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည် ။ ဖေဖေ နောက်ဆက်တွဲကို ကျွန်မ ရေးမည် စိတ်ကူးသော်လည်း မရေးဖြစ်ခဲ့ပါ ။


အမှန်မှာ ဖေဖေ့ အကြောင်းထက် မေမေ့ အကြောင်းကို ကျွန်မ ပို၍ ရေးဖို့ကောင်းသည် ။ ရေးမည် ဟုလည်း ကျွန်မ ခဏခဏ ကြိုးစားမိသည် ။ ဖေဖေ ဇာတ်လမ်းမှာ ရောဂါဝေဒနာ ခံစားနေရသော်လည်း အလွန် အလုပ်လုပ်၍ စိတ်ဓာတ်ပြင်းထန်သော လူတစ်ယောက် အကြောင်း ဖြစ်သည် ။ ဤ လူတစ်ယောက် နှင့် နေရသော ကျွန်မ အတွက် ခံစားရသော သုခ ဒုက္ခတို့နှင့်တကွ တစ်ခါတစ်ရံ စိတ်ညစ်စရာ ထဲမှ ရယ်စရာ ကောင်းသော အဖြစ်များကို ကျွန်မ ဖော်ပြခဲ့ပါသည် ။


ဝေဖန်ရေးသမား နွယ်သစ် ကမူ မိအိုဖအိုကို လုပ်ကျွေးပြုစုရာတွင် ကုသိုလ် ရသလို တစ်ဖက်က စိတ်ထား မတတ်လျှင် အကုသိုလ် ဖြစ်တတ်ကြောင်းကို ခင်နှင်းယု က ဖော်ပြသည်ဟု ဆိုပါသည် ။


ဖေဖေအကြောင်း ရေးစဉ်က ဖေဖေ သက်ရှိထင်ရှား ရှိချိန် ဖြစ်ပါသည် ။ ရေးပြီး၍ ဖေဖေဆီ စာအုပ် ပို့လိုက်သောအခါ “ သမီးအစု ကို ကျေးဇူးတင်ကြောင်း ၊ လူကိုယ်တိုင် ပြုစုရုံမက သူ့အတွက် ဆေးဖိုးဝါးခ ကုန်ကျသမျှကို အစု တစ်ယောက်တည်း တာဝန်ယူကြောင်း ၊ ယခု စာအုပ် ဖတ်ရမှ အမှန်ကို သိရ၍ သာဓု ခေါ်ကြောင်း ” ကျွန်မကို စာရေးပေးပါသည် ။


အမှန်တော့ ဒီစာအုပ် ရေးခြင်းအတွက် ကျွန်မနှင့် ဖေဖေ မပြေလည်ခဲ့သမျှ ပြေလည် ရှင်းလင်းသွား၍ ကျွန်မ အတွက် အမြတ်ထွက်သည်ဟု ဆိုရပါမည် ။ နားမကြား၍ အကျိုးအကြောင်း တစ်ခုခုကို ပါးစပ်နှင့် ရှင်းလင်းပြ၍ မရ ။ စာရွက်ပေါ်မှာ ချရေး၍လည်း မဖတ်သော ဖေဖေ့ကို သဘောပေါက်နားလည်အောင် ဖေဖေဝတ္ထု နှင့် ကျွန်မ တင်ပြခဲ့ရပါသည် ။ စာအုပ် ထွက်ပြီး နောက်ပိုင်း ကျွန်မတို့ သားအဖ ပြေလည်သွားကြရုံမက “ အစုနဲ့ပဲ တူတူနေမယ် ၊ အစုဆီ ပြန်မယ် ” နှင့် ဆန္ဒပြ၍ နုနု က မနည်း ချော့မော့ထားရသည် ။ ထိုအချိန်တွင် ကျွန်မ ကျန်းမာရေး အလွန် ဆိုးဝါးနေ၍ ဖေဖေ့ကို ပြန်လည် မခေါ်နိုင်ပါ ။ ညီမလေး နုနုဆွေ နှင့်သာ အတူ ထားရပါသည် ။ တစ်နေ့မှာတော့ နုနု က အကြောင်းကြားပါသည် ။


“ ဖေဖေက အစုဆီ မပြန်ရရင် အင်္ကျီမလဲ ၊ ရေမချိုး ၊ အိပ်ရာခြင်ထောင် လည်း မလဲ ဆိုပြီး ဆန္ဒပြနေတယ် ၊ မမစု အမြန်လာပါ ” ဟု ဖြစ်သည် ။


ကျွန်မမှာ တစ်ကိုယ်လုံး ဖော၍ အသက်ပင် ရှူမရ ။ ဗိုလ်မှူးကြီးကျော်သောင်း ကလည်း ဆုံးပြီးစ ။ တစ်ယောက်တည်း နေရချိန် ဖြစ်ပါသည် ၊ ချက်ချင်းပင် ဗန္ဓုလဂွမ်းစောင် ဖဲနားသတ် အသစ် ၊ ဇာခြင်ထောင် အသစ် ၊ အိပ်ရာခင်း အသစ် တို့ကို ယူ၍ ဖေဖေ့ဆီ သွားရပါသည် ။ ကျွန်မ ရောက်သွားတော့ အိပ်ရာလိပ် ထုပ်ပိုး၍ အဝတ်သေတ္တာ အဆင်သင့်နှင့် ကျွန်မထံ လာရန် ပြင်နေသော ဖေဖေ့ကို တွေ့ရပါသည် ။ ကျွန်မကို မြင်တော့ ကျွန်မ လက်များကို ဆုပ်ကိုင်ရင်း ... 


“ အစု ဘာဖြစ်လဲ ၊ အသားအရေတွေလည်း မကောင်းဘူး ၊ ဝါဖျော့နေတယ် ။ အစု နေမကောင်းဘူးလား ” မေးပါသည် ။


ကျွန်မက ခေါင်းညိတ်၍ အဖြေပေးကာ စာရေးပြရပြန်သည် ။


“ ဖေဖေ သမီးရဲ့ရောဂါကို ပျောက်ချင်သလား ၊ အခု သမီး ဗေဒင် မေးလာခဲ့တယ် ။ ဗေဒင်ဆရာက ဟောတယ် ၊ သမီးမှာ ခံစားနေရတဲ့ ရောဂါပျောက်ချင်ရင် တနင်္လာသမီးက ( ကျွန်မ တနင်္လာသမီး ဖြစ်ပါသည် ) အိပ်ရာခင်း ၊ ခြင်ထောင် ၊ စောင်အသစ်ကို စနေသား ( ဖေဖေက စနေသား ဖြစ်သည် ) ကို ခင်းပေးရမယ် ၊ အဲဒီ အိပ်ရာပေါ်မှာ စနေသားက ရေချိုး ၊ အဝတ်သစ်အစားသစ် လဲပြီး တစ်လတိတိ အိပ်ပါစေ ။ အဲဒီလို အိပ်ရင်းက တနင်္လာသားသမီး အတွက် ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့ရင် သမီးရောဂါ ပျောက်မယ်တဲ့ ”


ကျွန်မ က လုပ်ကြံဇာတ်ထုပ် တစ်ခု ခင်းလိုက်ပါသည် ။ စာကို ဖတ်ကြည့် ပြီးသည်နှင့် တစ်ပြိုင်နက် ...


“ မောင်ကြည်ဆွေ ၊ နုနုရေ ၊ ရဲဘော်တွေ ခေါ်ဟေ့ ၊ ဖေဖေ ရေချိုးမယ် ” 


ကုန်း၍ အော်ပါတော့သည် ။ ဖေဖေက ဝ၍ ရဲဘော်နှစ်ယောက် တွဲထူမှ ရေချိုးနိုင်ပါသည် ။ ရေမိုးချိုး ၊ အဝတ်အစား လဲကာ အိပ်ရာ ခြင်ထောင်သစ်တွေ ခင်းကျင်းထားသည့်အပေါ်မှာ နှစ်ခြိုက်စွာ အိပ်ပါတော့သည် ။ ဤလိုနှင့် အဝတ်မလဲ ရေမချိုးသော ပြဿနာ ပြေလည်သွားရပါသည် ။ နောက်ဆက်တွဲ ရေးစရာတွေမှာ အရှည်ကြီး ကျန်ရစ်ပါသေးသည် ။


သို့သော် အခန်းတစ်ခန်းကို ကျွန်မ ချန်ရစ်ပါသည် ။ ဖေဖေ မေမေ့ကို လက်ထပ်သောအခန်း ဖြစ်ပါသည် ။ ဝတ္ထုတစ်ပုဒ် အနေနှင့် ဤနေရာမှာ အရေးကြီး သော ကဏ္ဍတစ်ခု ဖြစ်ပါသည် ။ ရေးမည်ဟု စိတ်ကူးပြီး ညီမလေး နုနုဆွေကို ကျွန်မ တိုင်ပင်ပါသည် ။


ကျွန်မတို့ မိသားစုကြီး၏ ဝတ္ထုဆန်သော ဇာတ်လမ်းများကို မေမေ့ ပါးစပ်မှာ ကျွန်မတို့ကို ထုတ်ဖော် ပြောမပြပေ ။ ကျွန်မတို့ကို ထိန်းသော မေမေ့၏ ဝမ်းကွဲ ညီမများဖြစ်သည့် သန်းသန်း ၊ ယုံယုံ တို့ ထံမှ ကျွန်မတို့သည် မေမေတို့၏ ရွှေရောင်ရက်များကို သိရှိရပါသည် ။ သန်းသန်း၏ အဆိုအရ ...


“ တင်တင်ဟာ တစ်ဦးတည်း သမီး ၊ ပိုက်ဆံကလည်း အဲဒီအချိန်မှာ သိပ်ချမ်းသာတာ ။ အမေကြီး ( မေမေ ၏ အမေ ) ရဲ့ စကားကိုလည်း သိပ်နားထောင်တယ် ။ တစ်ဦးတည်းသမီး ဖြစ်ပေမဲ့ အမေကြီးက အလို မလိုက်ဘူး ။ အမေကြီးရဲ့ စနစ်ကို လိုက်နာနိုင်တာ တင်တင်ပဲ ရှိတယ် ။ အမေကြီးက သိပ်စနစ်ကြီးတာ ၊ အစစ အိမ်ထောင်ထိန်းသိမ်းရေး ၊ အချုပ်အလုပ် ၊ အချက်အပြုတ် သင်ထားလိုက်တာ ။ တင်တင် အားလုံး တတ်တယ် ။ ဒါပေမဲ့ ဦးလေး ( ဖေဖေ့ ကို သူတို့က ဦးနု ခေါ်သည့်အတိုင်း ဦးလေး ဟု ခေါ်ပါသည် ) ကို ယူရမယ့် အချိန်မှာတော့ တင်တင် ဟာ မလိုချင်လို့ အမေကြီးရဲ့ မောင် အိမ်ကို ဆင်းသွားတယ် ။ အမေကြီးက ငိုယိုပြီး သွားခေါ်တော့မှ ပြန်လိုက်လာတယ် ။ ဒါပေမဲ့ ဦးလေးကို လက်ထပ်ပါတယ် ။ မိဘဆန္ဒ အတိုင်း လက်ထပ်ရပေမဲ့ လက်ထပ်ပြီးတော့ တင်တင် ဟာ ဦးလေးကို ကောင်းကောင်း ပြုစုပါတယ် ”


ကျွန်မသည် ဒီနေရာတွင် ဖေဖေ နှင့် မေမေကို သနားသွားသည် ။ မေမေ သူ့ကို မချစ်သည်ကို မသိရှာသော ဖေဖေသည် သားသမီး ခုနစ်ယောက် ရသည် အထိ မေမေ သူ့ကို ချစ်သည် အထင်နှင့် လေးစားစွာ ပေါင်းသင်းသွားသလို မချစ်မနှစ်သက်သောသူကို မိဘ ဆန္ဒအရ လက်ထပ်ရပါသော်လည်း ရိုသေကျိုးနွံစွာ ပြုစုသွားသော မေမေ ။


ဒီကဏ္ဍလေးကိုသာ စာရေးဆရာ အတတ်ပညာနှင့် ကျွန်မ ခြယ်မှုန်းလိုက်ရပါလျှင် ဖေဖေ ဝတ္ထုထဲမှာ စိတ်ဝင်စားဖွယ် ( Love scene ) အလှ တစ်ကွက်ကို ဖန်တီးနိုင်မည်ဖြစ်သည် ။


ကျွန်မဆန္ဒကို နုနု နှင့် တိုင်ပင်သောအခါ ညီမငယ်က ဖြည်းညင်းစွာ ခေါင်းခါပါသည် ။


“ မမစု စဉ်းစားကြည့် ၊ ဘဝအကျိုးပေးကြောင့် ဖေဖေ ဟာ နားမကြား ၊ ခြေထောက်မသန်စွမ်းတာက လွဲလို့ အိမ်ထောင်ရေးကံ ၊ သားသမီးကံ ကောင်းတယ် ။ လိုလေသေးမရှိ ပြုစုခံရတယ် ။ မေမေနဲ့ ဆိုရင်လည်း ဖေဖေဟာ မေမေ ဆုံးတုန်းက ငိုတာကို ကြည့်ပါလား ။ ဖေဖေ့ အပေါ် မိခင်လို အနွံအတာခံ ၊ ဖေဖေ ဆိုးသမျှ သည်းခံပြီး ပေါင်းခဲ့တဲ့ မေမေလို့ ဆိုပြီး တင်တင် လို့တောင် မခေါ်ဘူး ။ မေမေရေ ၊ မေမေရေနဲ့ ကလေးလေး လိုပဲ ငိုတယ် ။ ခုချိန်ထိ မေမေ ဟာ သူကို မြတ်မြတ်နိုးနိုးနဲ့ ချစ်ခင်သွားတယ်လို့ ဖေဖေဟာ ယူဆထားတယ် ။ ဒီယူဆချက် အတွေးလေးနဲ့ ဖေဖေ သေတဲ့ အထိ နေသွားပါစေ ။ သူ့ နှလုံးသားကို မနာကျင်ပါစေနဲ့တော့ ။ မမစု က ဒီအကြောင်းကို ထည့်ရေးပြီး ဒီစာအုပ်ကို ဖေဖေ ပေးဖတ်မှာ ။ ဒီအကြောင်း ဖေဖေ သိတဲ့ တစ်ပြိုင်နက် ဖေဖေ ဘယ်လောက် ဆွေးမလဲ ။ အကြောင်းအရာ မှန်ကန်တယ် ၊ ရေးကွက်ကောင်းတစ်ကွက် ရတယ် ဆိုတာနဲ့ ရေးချင်တာကို ရေးဖို့ မသင့်ဘူးလေ ”


ဘုရား ... ဘုရား ၊ ကျွန်မ ညီမလေး နုနုဆွေ သတိပေးချက်ကြောင့် ကျွန်မ ထိုအခန်းကို မရေးဖြစ်ပါ ။ ထို့ကြောင့် ဖေဖေသည် ကျွန်မ ရေးသော ဖေဖေ စာအုပ်ကို ဖတ်ရင်း ကြည်နူးချမ်းမြေ့စွာ သူ၏ တတိယအချိန်ပိုင်းကို ကုန်လွန်သွားခဲ့ပါသည် ။


ကျွန်မ ဒီနေရာမှာ သင်ခန်းစာ ရသွားပါသည် ။ အကြောင်းအရာ အမှန် ဖြစ်တိုင်း ၊ ရေးကွင်းရေးကွက် ကောင်းတိုင်း မရေးသင့်ပါတကား ။ ချမ်းမြေ့ဆရာတော် ဆုံးမသလို ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ပြု ၊ ပြော ၊ အတွေး ၊ အရေး တို့တွင် မပြောခင် ၊ မပြုခင် ၊ မရေးခင် စဉ်းစားပါ ။


“ ငါ သူတစ်ပါး နှစ်ဦးသား ဘယ်သူများ ထိမလဲ ” စဉ်းစားပြီးမှ ထိခိုက်မည် ဆိုလျှင် မှန်သော အကြောင်းပင် ဖြစ်သော်လည်း မရေး မပြော မလုပ်ပါနှင့်ဟု ဆုံးမဖူးပါသည် ။


ယခုလည်း မေမေ့ အကြောင်းကို ကျွန်မ သိပ်ရေးချင်သည်မှာ လက်ယား နေသည် ။ ဖေဖေလည်း မရှိတော့ပြီ ။ မေမေ့ အကြောင်းက ဝတ္ထုတစ်ပုဒ်ထက် ဆန်းကျယ်သည် ။ အတက်အဆင်း ၊ အနိမ့်အမြင့်တွေနှင့် ဖြစ်သည် ။ ကျွန်မ ကိုယ်တိုင်လည်း လေ့လာသည် ။ ကျွန်မတို့ အိမ်၏ ပုံပြောဆရာ သန်းသန်းတို့ ထံမှလည်း ကျွန်မ အချက်အလက်တွေ စုဆောင်းရသည် ။ သို့သော် ချ၍ မရေးဖြစ်သေး ။ သန်းသန်းက မေမေ၏ ရွှေရောင်ဝင်းလက်သော နေ့များကို တစ်ဝက်တစ်ပျက် ပြောပြတတ်သည် ။


“ တင်တင် ငယ်ငယ်က သူ့အဘိုးက အင်မတန် ချစ်တာ ၊ တင်တင် မွေးမှ အိုင်ယာလန်ထီ ငါးသောင်းပေါက်တယ် ။ ဟိုတုန်းက ရွှေဒင်္ဂါးတစ်ပြားကို ၁၃ ကျပ် ဆိုတော့ ငါးသောင်းတန်ဖိုးကို တွက်ကြည့်ပေတော့ ။ ပြီးတော့ မြင်းပြေးတာ မှာလည်း တင်တင် ထိုးတဲ့ နံပါတ်က နိုင်တော့ ငွေနှစ်ထောင် အပိုဆု ရသေးတယ် ။ အဲဒီ အပိုဆုရတဲ့ ငွေထဲက တစ်ထောင်နဲ့ သမီးကို မွေးတဲ့ ဒီအိမ်ကြီးကို ဝယ်တာ ။ တင်တင် အေဘီအမ်ကျောင်းမှာ လေးတန်း ရောက်တော့ ကြိုးခုန်တမ်း ကစားချင်လို့ ရွှေခြေကျင်းချွတ် လွယ်အိတ်ထဲ ထည့်ထားခဲ့ပြီး သွားကစားတာ ပြန်လာတော့ မရှိတော့ဘူး ၊ အိမ်ရောက်တော့ အမေကြီးက တင်တင့် ကို ရိုက်တယ်လေ ။ အဲဒါ အဘိုးက သူ့မြေးကို ရိုက်ရမလား ဆိုပြီး တင့်တင့်ကို ပခုံးပေါ် ပိုးပြီး အိမ်ပေါ်က ဆင်းသွားတယ် ။ ဒီအိမ်ကြီးရှေ့ ခြထဲက ဘူးစင်အောက်မှာ မြေးအဘိုးနှစ်ယောက် ထမင်းချက်စားကြတယ် ။ ဘဘ ( မေမေ ၏ အဖေ ) နဲ့ အမေကြီးက မနည်းတောင်းပန်မှ အဘိုး နဲ့ တင်တင် အိမ်ပေါ် ပြန်တက်တယ် ။ တင်တင်တို့ ခေတ်က စိန်ဆို နှစ်တန်းသွား နှစ်ဖက်လုံး ဝတ်တာ ” ဟု သန်းသန်း က ပြောပြသည် ။


မေမေ့ကို ကျောင်းထုတ်လိုက်ပြီး အိမ်မှာ သင်းအုပ်ဆရာ ခေါ်၍ စာဆက် သင်သည်ဟု ဆိုသည် ။ မေမေ၏ ရွှေရောင်ရက်များကို မမနှင့် ကျွန်မ အထိ မီလိုက်သေးသည် ။ ကျွန်မတို့ ညီအစ်မကို အဘွားက ရွှေခြေချင်း ဝတ်မလား ၊ အပြင်ထွက် ကစားမလားဟု မေးပါသည် ။ အမေတူ ကျွန်မသည် ခြေချင်းကို မမက် ။ အဘွားကို ပေးခဲ့ကာ လမ်းမမှာ ထွက်၍ ကစားခဲ့ပါသည် ။


ကျွန်မသည် မေမေတို့ ရွှေထီးဆောင်းခဲ့သော အချိန်များကို လေ့လာတိုင်း မေမေက “ ငယ်ငယ်က ရွှေထီးဆောင်းခဲ့ရတာတွေကို ပြန်လည်တမ်းတစရာ မလိုဘူး ၊ လက်ရှိ အခြေအနေနဲ့ လိုက်လျောအောင်သာ နေရမယ် ” ဟု ဆိုခဲ့ပါ သည် ။ သို့သော် ကျွန်မက လေ့လာရေးသမား ၊ မနေနိုင် ။ မေမေ၏ ရွှေရွက်တွေ ဝေနေသော ရွှေပင်ကြီးသည် ဘာဖြစ်၍ ရုတ်တရက် ခါးလယ်မှ ပိုင်းဖြတ် ခံရပါသလဲ ။


ဖေဖေ ရုတ်တရက် နားမကြား၍ အလုပ်မှ ထွက်ရသောကြောင့်ဟူသော အကြောင်းနှင့်လည်း မလုံလောက် ။


မေမေ၏ လယ်ယာများ ရေလွှမ်းမိုးခံရသည် ဆိုသည့် အကြောင်း တစ်ကြောင်းကိုလည်း ကျွန်မ လက်မခံနိုင် ။


သော်ကရွာ ဘက်တွင် မေမေ စပါးများ ဝယ်၍ လှောင်သော စပါးကျီတွေ ရှိသည် ။ စပါးပေါ်ချိန် ဝယ်၍ ရသော စပါးများရော ၊ စပါးပေး ပေးထားသော စပါးများရော ရေစိုမိ၍ အညှောက်ပေါက်ကာ ရှုံးရသည် ဆိုသည်ကိုလည်း ကျွန်မ မကျေနပ် ။ စပါးဝယ်ဖို့ ခန့်ထားသော အဝယ်တော်ဦးလှ သေဆုံးသွား၍ စီးပွား လျှောရသည် ဆိုသည်မှာလည်း ယုတ္တိမတန် ။


ကျွန်မ ငယ်ငယ်က မျက်မြင် ၊ မီးခံသေတ္တာကြီး ထဲတွင် အလှူအတန်း သွားတိုင်း ဘွားဘွား လက်ဝတ်လက်စားများကို ထုတ်ဆင်သော အခါတွင် ကျွန်မတို့ တွေ့မြင်ရသော ရွှေများ ၊ စိန်များ ချက်ချင်း ဘယ်လို ပျောက်သွားပါသလဲ ။


သန်းသန်း ကမူ “ တင်တင်က သန်းသန်း တို့ကို ပြောတယ် ၊ ဆွေစုမျိုးစု ဆိုတာ ချစ်ချင်ခင်ခင် စည်းလုံးညီညွတ်ဖို့ လိုတယ် ။ ကလေးတွေဟာ ဒီနေရာမှာ အမှန်ကို သိရင် သွေးကွဲစရာ ဖြစ်မယ် ။ နာကြည်းခံခက်စရာတွေ ဖြစ်လာပြီး အမုန်း ပွားကုန်ကြလိမ့်မယ် ။ ဒီတော့ မသန်းတို့ သိတာတွေ ကလေးတွေကို မပြောကြနဲ့တဲ့ ။ တင်တင်က ပြောထားလို့ သန်းသန်းတို့ မပြောလိုဘူး ” သန်းသန်း ကလည်း စီးပွားကဏ္ဍပိုင်းကို မပြောပြတော့ပါ ။ သို့သော် သန်းသန်းတို့ မေမေ တို့က မပြောသော်လည်း ကျွန်မက လေ့လာမြဲ လေ့လာပါသည် ။ လေ့လာချက်များ ပြည့်စုံသလောက် ပြည့်စုံလာပါသော်လည်း ကျွန်မ မေမေ့ အကြောင်းကို မရေးဖြစ်သေး ။


ဆွေစုမျိုးစု ဥမကွဲသိုက်မပျက် ငြိမ်းချမ်းစွာ နေရေးကို ရှေးရှုသောကြောင့်သာ မေမေ့ အိမ်ကြီးတွင် ကျွန်မတို့ ဆွေစုမျိုးစုတွေ တစ်ပြုံကြီး ပျော်ပျော်ပါးပါး နေလာနိုင်ခဲ့ကြသည် ။ အိုးခွဲချက်စားသည် ဟူသော ဓလေ့ မရှိခဲ့ ။ တစ်အိုးတည်း စားခဲ့သည် ။ မေမေ၏ သည်းခံခြင်းတရားသည် သူစည်းစိမ်ကို ဆုံးရှုံးအောင် လုပ်သူကို သော်မှ ခွင့်လွှတ်နိုင်သည် ။


ကျွန်မ ရေးတော့မည်ဟု အစီအစဉ် ချသောအခါ မေမေ ဆိုသူ အမျိုးသမီးက ငယ်ငယ် ကတည်းက ကံကောင်းပါသည် ။ စိန်လက်ကောက်တွေ အဆင့်ဆင့်နှင့် လျှမ်းလျှမ်းတောက်ခဲ့ပါသည် ။ မချစ်သော်လည်း မိဘဆန္ဒ အလို လိုက်လျော၍ လက်ထပ်ခဲ့သူကို ကျွန်နှင့် တူသော မယား ၊ မိခင်နှင့် တူသော မယား အဖြစ် ပြုစုခဲ့သည် ။ ကျွန်မတို့ အရွယ်ရောက်သည့်တိုင် မှီခို နေထိုင်သော ဆွေမျိုးစုကို ဥမကွဲသိုက်မပျက်အောင် ထိန်းသိမ်းလာခဲ့သည် ။ ဆွေမျိုးစု အလယ်မှာလည်း စည်းရုံးကောင်းသူတစ်ယောက် ။


ကျွန်မတို့ မောင်နှမတွေသည် ဖေဖေ့ထက် မေမေ့ကို ပိုကြောက်ကြသည် ။ ဖေဖေက အလိုလိုက်သလောက် မေမေက စည်းကမ်းကို ထိန်းသိမ်းရာ၌ ပိုမို ကျပ်တည်းသောကြောင့် မေမေ့ကို ပိုကြောက်ခြင်းဖြစ်သည် ။


သို့သော် ညဉ့်ဦးယံ၏ ဖန်မီးအိမ် စာဖတ်ဝိုင်းတွင်မူ မေမေနှင့် အတူ စာဖတ်၍ ဆွေးနွေးရသည်ကို ပျော်ပါသည် ။ မေမေသည် စာပေလေ့လာရာ၌ သား သမီးတွေကို မိတ်ဆွေသူငယ်ချင်း အခွင့်အရေး ပေးထားသည် ။


ကျွန်မတို့ အရွယ်ရောက်လာသောအခါ လဲပြိုသွားသော မေမေ၏ ရွှေပင်ကြီးကို ကျွန်မတို့ မောင်နှမတစ်တွေ ပြန်လည် ထူထောင်ပါသော်လည်း မေမေ့လက်ထက်လို အခက်အလက်တွေ မဝေဆာတော့ပါ ။ သို့သော် မေမေသည် တတိယအရွယ် ဘဝနောက်ဆုံးပိုင်းကို အေးချမ်းစွာ ဖြတ်သန်းသွားရ၍ ကျွန်မ စိတ် ကျေနပ်မိပါသည် ။


ဘယ်လိုပင်ဖြစ်စေ ၊ မေမေက မေမေ့ဇာတ်လမ်းတွင် ရွှေမင်းသမီးကလေးပေါ့ ။ ဆွေမျိုးတို့ကို သည်းခံစိတ်နှင့် သွေးစည်းခဲ့သူ ။ ပြီးတော့ ဇနီးကောင်း တစ်ယောက် ။ မိခင်ကောင်း တစ်ယောက် ။ အကယ်၍ မေမေ့ အကြောင်းကို ကျွန်မ လေ့လာထားရှိရသမျှ ရေးပြီ ဆိုပါတော့ ၊ မေမေ၏ ရွှန်းလက်တောက်ပသော ရွှေပင်ကို အမြစ်က လဲအောင် ဖြတ်ပိုင်းသူ၏ ကဏ္ဍက ပါရပေတော့မည် ။ သူတို့ အကြောင်းတွေကို ပြီးပြည့်စုံအောင် ရေးခြယ်ရပေဦးမည် ။ သူတို့က အဖျက်သမားကဏ္ဍက ပါရပေမည် ။ မေမေ၏ စရိုက်ကို ပီပြင်အောင် သရုပ်ဖော်လေလေ သူတို့ သိက္ခာကျလေ ဖြစ်တော့မည် ။


ထိုသောအခါ ညီမလေးနုနုဆွေ ၏ အဆိုအမိန့် ဖြစ်သည့် “ အကြောင်းအရာ အချက်အလက် မှန်ကန်ပေမဲ့ သူတစ်ပါးကို ထိခိုက်မယ် ဆိုရင် ရေးဖို့မသင့်ဘူးပေါ့ ” ဆိုသော စကားကို ကြားယောင်လာသည် ။


မိမိ စည်းစိမ် ပြိုလဲသွားသည့်တိုင် ဆွေစုမျိုးစု သွေးစည်းညီညွတ်ရေးကို ထိခိုက်မည် စိုး၍ အကြောင်းမှန်ကို မျိုသိပ် စောင့်စည်းနိုင်ခဲ့သော မေမေ၏ သည်းခံစိတ်ကို ကျွန်မ လေးစားရမည် ။


ဒီမိခင်က မွေးသော သမီးသည် မေမေ့ခြေရာကို ထပ်တူ မနင်းနိုင်စေဦးတော့ ၊ မေမေ့လမ်းစဉ်ကိုတော့ အတတ်နိုင်ဆုံး ထိန်းသိမ်းရတော့မည် ။


ပြီးတော့ ချမ်းမြေ့ ဆရာတော်ဘုရား၏ “ ငါ သူတစ်ပါး နှစ်ဦးသားတွင် ဘယ်သူ့များ ထိမလဲ ” ဆိုသည်ကို မရေးမပြောခင် နှလုံးသွင်း ဆင်ခြင်ပြီး တစ်စုံ တစ်ယောက်အား ထိခိုက်မည် ဆိုလျှင် မရေးပါနှင့် ဆိုသော ဆုံးမစကားများသည် ကျွန်မ ကလောင်အား စာရွက်များ ပေါ်မှ အဝေးသို့ လွင့်ခွာသွားစေပါတော့သည် ။ 


ကျွန်မ မေမေ၏ အကြောင်းကို မရေးဖြစ်သေးပါ ။


 ▢  ခင်နှင်းယု

📖 စာပေဂျာနယ် 

      သြဂုတ်လ ၊ ၁၉၈၉ခုနှစ်

No comments:

Post a Comment