❝ ပြောလက်စ မကုန်နိုင်တယ် ❞
▢ ဦးဆွေ ( ဒဿနိက )
( ၁ )
မိုးလင်းလင်းချင်းပဲ “ ဖိုးလုံးမိန်းမ မိတုတ် လင်ငယ်နောက် လိုက်သွားပြီတဲ့ ” ဆိုတဲ့သတင်းက တစ်ရွာလုံး ပျံ့သွားတယ် ။ ဒီနားက ခုနစ်ရွာအုပ်စု ကတော့ နေ့မကူးဘဲ သိကြမှာပါပဲ ။ ဒါမျိုးက ပိုပြီး ပြောချင်ဆိုချင်ကြတဲ့ သတင်းမျိုးမို့လား ။
ဖိုးလုံးက ထန်းသမားပါ ။ လူက ညိုညိုတောင့်တောင့် ၊ ခပ်ရိုးရိုးအေးအေး နေတတ်တဲ့ကောင် ။ အလုပ်လည်း ခါးချိုး လုပ်ပါရဲ့ ။ အိမ်ထောင်သက်တောင် သုံးနှစ်ပြည့်သေးဟန် မတူဘူး ။ မိတုတ်က ဒီရွာသူတော့ မဟုတ်ဘူး ။ ဒီရွာနဲ့ လေးတိုင်လောက် ဝေးတဲ့ ရွာသာကြီးက ။ ရွာသာကြီးမှာ ဘုန်းကြီးပျံနဲ့ တွဲပြီး ဘုရားပွဲလုပ်တဲ့ နှစ်က ပွဲသွားကြည့်ရင်း ဖိုးလုံး နောက် ပါလာတဲ့ ကောင်မလေး ။ သူကလည်း ရွာနဲ့တော့ အသင့်သားပါ ။ သိုးသိုးသွက်သွက် ချက်ချက်ချာချာပါပဲ ။ ဗြုန်းဒိုင်း ဆိုပြီး ခုလို ဖြစ်သွားတော့ တစ်ရွာလုံး အံ့အားသင့်ကြတယ် ။ သူတို့ လင်မယား နင်ပဲငဆ စကားများ ရန်ဖြစ်ကြတာတောင် ကြားဖူးကြတာမှ မဟုတ်ဘဲ ။
ဒီသတင်း ကြားကြားချင်း ဖိုးလုံး တဲကို ပထမဆုံး ရောက်လာတာက ကိုကျော်ကြီး နဲ့ ကိုမြအေး ။ သူတို့ နှစ်ယောက်က ဖိုးလုံးတဲမှာ ထန်းရည်တောင်းပြီး လာသောက်နေကျတွေလေ ။
“ ဘယ်လိုဖြစ်ရတာ တုံး ဖိုးလုံးရာ ”
ကိုကျော်ကြီးက စိတ်မကောင်းတဲ့ လေသံနဲ့ မေးတယ် ။ အမှန် ပြောရရင်တော့ စိတ်မကောင်းချင်ယောင် ဆောင်ထားတဲ့ လေသံမျိုးနဲ့ပေါ့လေ ။ ဘေးက ကိုမြအေး ကတော့ မျက်နှာသေလေးနဲ့ ။ ဖိုးလုံး က ရင်းထောင်က ချောင်နေတဲ့ လှေကားဆန်တွေကို ထန်းလျှော်နဲ့ သေချာပြန် ပြင်စည်းရင်းက မော့ကြည့်တယ် ။ အတော်ကြာမှ မော့ကြည့်ပြီး ပါးစပ် ဆေးလိပ်ကို ချွတ်လိုက်တယ် ။
“ ဘာမေးတာတုံးဗျ ”
“ ဟ ၊ မိတုတ် အကြောင်းလေကွာ ။ မိတုတ် လင်ငယ်နောက် လိုက်သွား ဆို ”
“ အင်း ... ဟုတ်သားပဲ ”
ဖိုးလုံးက ခပ်အေးအေးပဲ ပြန်ဖြေတယ် ။ ဘေးမှာ ထိုင်နားထောင်နေရင်း ကိုမြအေး က အားမလို အားမရ ဖြစ်လာပြီး ဝင်မေးလိုက်တယ် ။
“ နေပါဦး ။ မင်းအခု ဘာလုပ်မှာလဲ ”
“ ကျုပ် တော်ကြာ ထန်းတက်မှာပေါ့ဗျ ”
“ အာ ... သည်ကောင် ”
ကိုမြအေးက ကိုကျော်ကြီးကို စိတ်ပျက်လက်ပျက်နဲ့ တစ်ချက်ကြည့်ပြီး ခေါင်းကို ယမ်းလိုက်တယ် ။ ကိုကျော်ကြီးက လက်ကာပြလိုက်တယ် ။ အသာနေ ဆိုတဲ့ သဘောပေါ့ ။
“ မဟုတ်ဘူးလေကွာ ၊ ဖိုးလုံးရ ။ ဒီကောင် ပြောတာက မင်းမိန်းမကို လိုက် မရှာဘူးလား ။ ဘာလား ။ ဒါကို မေးတာ ”
“ ဘာရှာစရာလိုလဲဗျ ။ သူ ကြွက်နီ နဲ့ လိုက်ပြေးသွားတာ ကျုပ် အသိသားပဲ ။ ကျုပ်ဆီ သူ စာလည်း ရေးပေး သွားသားပဲ ။ ရှောင်နေ ၊ နှစ်ရက်သုံးရက်ပေါ့ ။ သူ့ရွာ ရှိရင်ရှိ ၊ မရှိရင် ကြွက်နီတို့ရွာ သူ ရောက်လာမှာပေါ့ ။ ဘယ်နေစရာရှိတာ မှတ်လို့ ”
ကိုကျော်ကြီးက သက်ပြင်းကို ချတယ် ။
“ အေးပါ ။ မင်း ပြောတာ ဟုတ်ပါတယ် ။ ဒါပေမဲ့ ငါတို့က မင်းကို သတိပေးချင်လို့ လာတာပါကွ ”
ဖိုးလုံးက ထိုင်နေရာက မတ်တတ်ထရပ်လိုက်တယ် ။ ကိုကျော်ကြီး စကားကို ထူးဆန်းသလို ပြန်ကြည့်နေရင်းက ပြောဆိုပြီး မေးဆတ်ပြလိုက်တယ် ။
“ ဪ ... မယားထိ ဓားကြည့်လို့ ဆိုသမို့လားကွ ။ မင်း စိတ်လိုက်မာန်ပါတွေ လျှောက်လုပ်မှာစိုးလို့ပါ ”
“ ကိစ္စမို့လို့ဗျာ ။ ကျုပ်ဟာ ကျုပ် တောင် အလုပ်ရှုပ်လွန်းလို့ ။ ကဲ .. ကျုပ် ထန်းတော သွားတော့မယ် ”
ပြောပြောဆိုဆိုပဲ ဖိုးလုံးက တဲထရံမှာ ချိတ်ထားတဲ့ ထန်းသမား ခါးပတ်လေးကို ယူပတ် ။ အစောပိုင်းက သွေးထားတဲ့ ထန်းလှီးဓားကို ဓားအိမ်မှာထည့် ၊ ရင်းထောင်ကို ထမ်းပြီး သုတ်သုတ် ၊ သုတ်သုတ်နဲ့ ထွက်သွားတော့တာပဲ ။ ကျန်ရစ်တဲ့ နှစ်ယောက်ကတော့ ပါးစပ်ကြီး အဟောင်းသားနဲ့ပေါ့ ။
••••• ••••• •••••
( ၂ )
ညနေ ထန်းပြီးလို့ ဖိုးလုံး ပြန်လာတော့ သူ့တဲမှာ ဧည့်သည်က စောင့်နေ လေရဲ့ ။ ဘယ်သူရှိရမလဲ ။ ရွာထဲက ဒေါ်ချိတ် နဲ့ ဒေါ်ကောက်ရ ။ သူတို့နှစ်ယောက်စလုံးက ဖိုးလုံး နဲ့ ဆွေရိပ်မျိုးရိပ် သိပ်မကင်းဘူး ။ တဲဝိုင်းထဲ ဝင်လာပြီး ရင်းထောင်လေး ချ ၊ ထန်းသမား ခါးပတ် ဖြုတ်မယ်ကြံသေး ဒေါ်ချိတ်ကြီး က အီးခနဲ ငိုချလိုက် တော့တာပဲ ။ ဘေးက ဒေါ်ကောက်ရ ကလည်း မျက်ရည်လေး စမ်းစမ်း ၊ စမ်းစမ်းနဲ့ ။
“ အမယ်လေး .. ထိုင်စမ်းပါဦး ဖိုးလုံးရယ် ။ အဖြစ်ဆိုးလှချည်လား ငါ့တူ ရဲ့ ။ ဟင်း ၊ ဒီကောင်မ အချိုးကို ငါ ကြည့်နေတာ ကြာပြီ ။ သိပ်ကောင်းမယ့်အစား မဟုတ်မှန်းတော့ ထင်ပြီးသားပါ ။ ခုတော့ ငါ့တူကြီး ဒုက္ခရောက်ရပြီပေါ့ ။ အီး ... ဟီး ... ဟီး ”
“ အေးလေ ၊ ဒီလောက် ရိုးရိုးသားသားနဲ့ မိန်းမကို ခါးချိုးလုပ်ကျွေးတဲ့ သူမျိုး ထမင်းထုပ် သိုးတောင် ရှာတွေ့မှာ မဟုတ်ဘူး ။ ခုတော့တော် ၊ မပြောလိုက်ချင်ပါဘူး ။ တွေ့များ တွေ့လို့ကတော့ ဒီကောင်မ လက်ဝါးနဲ့ ကျုပ်ပါးနဲ့ ၊ အဲလေ ဒီကောင်မပါးနဲ့ ကျုပ်လက်ဝါးနဲ့ အတွေ့ပဲ ။ ဟင်း .. ဟင်း ”
ပြောမယ့်သာ ပြောနေကြတာ ဟိုအရင် သီတင်းကျွတ် အခါရက်တုန်းက မိတုတ် က လုံချည်တစ်ထည်စီ ကန်တော့တုန်းကများ မိတုတ်တို့များ တော်ချက် ၊ တို့တူ ဖိုးလုံး ကံကောင်းချက်နဲ့ တတွတ်တွတ် ပြောတာလည်း သူတို့ နှစ်ယောက်ပဲ ။ ဖိုးလုံးက မိန်းမကြီး နှစ်ယောက်ကို ကြည့်ပြီး ခေါင်းကုတ်တယ် ။ စိတ်လည်း အတော်ရှုပ်တဲ့ လက္ခဏာနဲ့ပေါ့ ။
“ ဟဲ့ ... ဖိုးလုံး ။ ခု ဘာလုပ်မှာတုံး ။ တို့လည်း ပြောစမ်းပါဦးဟယ် ”
“ ကျုပ်လား ၊ ရေမိုးချိုးပြီး တော်ကြာ ထမင်းစားမှာပေါ့ဗျ ”
“ ဪ ၊ ငါက အဲဒါ မေးတာ မဟုတ်ဘူးဟဲ့ ။ မိတုတ် ကိစ္စ ၊ မိတုတ် ကိစ္စကို မေးတာ ”
“ အိုဗျာ .. မိတုတ်ကိစ္စ ကျုပ်နဲ့ ဘာဆိုင်လိုက်လို့ ၊ နောက်ပြီး ကြီးတော်တို့ နဲ့ကော ဘာဆိုင်လို့တုံး ”
“ ဟဲ့ အကောင် ၊ ဘယ်လို ပြောလိုက်တာတုံး ။ နင်နဲ့ ငါတို့က အမျိုးအရင်းကြီး ရှိသေးတယ်ဟဲ့ ။ ဒါက အမျိုးသိက္ခာကျတဲ့ ကိစ္စမို့ ငါက ပြောနေရတာ ”
အဘွားကြီး နှစ်ယောက်က ဒေါသတကြီး ပြန်အော်တယ် ။ ဖိုးလုံး ကတော့ မြေကြီး ပေါ်ကို စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်တယ် ။ ဘာဆက်ပြောရမှန်းလည်း မသိ ။ ဘာလုပ်ရမှန်းလည်း မသိ ဖြစ်သွားပြီ ။ အခုလောလောဆယ် သူ သတိရနေတာက ရေလေး နည်းနည်း ချိုးချင်နေတာရယ် ၊ ပြီးတော့ ဗိုက်ဆာနေတာရယ် ဒါပဲ ။ ဒါပဲ ။
“ ကဲပါအေ ၊ သူ့ ပြောနေလို့ကတော့ ထူးလာမှာ မှတ်လို့ ။ ညည်းလည်း ဖိုးလုံး အကြောင်းသိသားနဲ့ ညည်းနဲ့ ငါပဲ ရွာတောင်ပိုင်းက ဗေဒင်ကြည့်တတ်တဲ့ ဘိုးသာဒွန်းဆီ သွားပြီး ဗေဒင်လေး မေး ၊ ယတြာလေး ချေ လုပ်လိုက်ကြရအောင်ပါ ။ ပြန်လာအောင် ဓာတ်ရိုက် ဓာတ်ဆင်လေးလည်း လုပ်လို့ ရလိုရငြားပေါ့ ”
ဒေါ်ကောက်ရ က မာန်ပြေရန်ဖြေ ဝင်ပြောတော့မှ ဒေါ်ချိတ် လည်း ဆောင့်ဆောင့် ဆောင့်ဆောင့်နဲ့ တဲထဲက ထွက်သွားတော့တယ် ။ ဖိုးလုံး လည်း အခုမှပဲ စိတ်သက်သာရာ ရသွားတော့တယ် ။ သူ့ စိတ်ထဲမှာတော့ သူကိုယ်တိုင်က ဘာမှ မဖြစ်ဘဲနဲ့ ဘေးက ဘာလို့ ဒီလောက် မနေနိုင် ၊ မထိုင်နိုင် ဖြစ်နေကြတာလဲ ဆိုတာ တွေးလို့ကို မရဘူးဖြစ်နေတယ် ။
အဲ ... ပြောရရင်လည်း မိတုတ် နဲ့ တွေ့ပုံက သိပ်ထူးဆန်းခဲ့တာမှ မဟုတ်ဘဲလေ ။ ပွဲသွားကြည့်ရင်း တွေ့တယ် ။ ပွဲက အားလပ်ချိန်ပေးတဲ့ အချိန်မှာ ပွဲဈေးဘက် အလျှောက် နှစ်ခါသုံးခါလောက် မျက်လုံးချင်းဆိုင် ကြည့်လိုက်မိကြတယ် ။ မိတုတ် ကတော့ မသိဘူး ။ ဖိုးလုံး ကတော့ ချွေးတွေ ပြန်လိုက် ၊ ကြက်သီးတွေ ထလိုက်နဲ့ ။ အဲ .. နောက်ပြီး ယောင်ယောင်ကန်းကန်းနဲ့ တစ်ချက်တော့ ပြုံးပြ လိုက်မိတယ် ထင်တာပဲ ။ ပွဲခင်းထဲ ပြန်ရောက်တော့လည်း မိတုတ် ရှိမယ် ထင်တဲ့ ဘက်ကို ရှာ ၊ တွေ့တော့ ပြုံးပြ နေရတာနဲ့ပဲ ရွှေမန်းကြည်လှိုင် နောက်ပိုင်း ဘာဇာတ် ကသွားမှန်းကို မသိလိုက်ဘူး ဆိုပါတော့ ။ ပွဲပြီးခါနီး ဝေလီဝေလင်းလောက် သူ ရွာပြန်မယ် လုပ်တော့ မိတုတ် သူ့ နောက်နား ကပ်ပါလာတာ တွေ့ရတယ် ။ မိတုတ် ကလည်း စကား ရှည်ရှည်ဝေးဝေး ပြောတတ်တဲ့ မိန်းမ မဟုတ်ပါဘူး ။
“ တော် ... သပြေတန်းကလား ”
ဖိုးလုံး ခေါင်းညိတ် ပြလိုက်တယ် ။
“ တော် ... အိမ်ထောင်ရှိလား ”
ဖိုးလုံး ခေါင်းခါ ပြလိုက်တယ် ။
“ ကျုပ် ၊ ကျုပ် တော်နဲ့ လိုက်ခဲ့မယ်တော် ”
ဖိုးလုံး ခေါင်းထပ် ညိတ်ပြလိုက်တယ် ။ မျက်နှာကတော့ ပြုံးဖြီးဖြီးကြီးနဲ့ ပေါ့လေ ။ ဒါပဲ ။ ဇာတ်လမ်းကတော့ ဒါပဲ ။ မိတုတ် နာမည်ကိုတောင် ရွာပြန်ရောက် ပွဲကိုက်လို့ တစ်ရေးနိုး အိပ်ပြီးမှ မေးရတာ ။ အဲဒီလောက် ။ ဒါပေမဲ့ အဲဒီနေ့က စပြီး သူတို့နှစ်ယောက် လင်မယား ဖြစ်သွားကြတာပဲ ။ နောက်မှ မိတုတ် မှာ ဖအေ မရှိတာ ၊ ပထွေးနဲ့ နေရတာ ၊ မအေ ကလည်း ကျန်းမာရေး သိပ်မကောင်းတာ ၊ ပထွေး က မိတုတ်အပေါ်ကို စိတ်ပြောင်းချင်နေတာတွေကို သိရတာပါ ။
လိုက်လာတုန်းကလည်း မိတုတ်က သူ့သဘောနဲ့သူ လိုက်လာခဲ့တာ ။ အခု ပြန်သွားတော့လည်း သူ့သဘောနဲ့ သူပဲ ။ အစကတော့ သူ့ဆီ လိုက်ချင်လို့ အခု ကြွက်နီ နဲ့ လိုက်ချင်လို့ ။ ဒါပဲ ကွာတာပါ ။ အိမ်ထောင်ရေးကိစ္စတွေ ၊ လူမှုရေး ဖောက်ပြန်မှုတွေ ၊ တွေးတဲ့ လူကတော့ တွေးမှာပေါ့လေ ။ ဖိုးလုံး ကတော့ အဲဒီလောက် လည်း မတွေးတတ်ဘူး ။ တွေးချိန်လည်း မရပါဘူးလေ ။ အလုပ်နဲ့ လက်နဲ့က ပြတ်တယ်လို့မှ မရှိဘဲ ။
အခုပဲကြည့် ။ ထမင်း ကသုတ်ကရက် စားပြီး ထန်းလျက်အိုး မီးထိုးနေရပြီ ။ ကျရင် လုံးရဦးမယ် ။ ပြီးမှ အိပ်ရမှာ ။ အရင်ကတော့ မိတုတ် အလုပ်တွေ ပေါ့လေ ။ နိုးတော့ ထမင်းလေး ခပ်သွက်သွက်ချက် ၊ မနက်စာ ထန်းတက်ရဦးမှာလေ ။
ဖိုးလုံး ထန်းလျက်အိုး မီးထိုးနေရင်းက စဉ်းစားတယ် ။ ဟင့်အင်း မိတုတ် အကြောင်း မဟုတ်ပါဘူး ။ ဟိုး အနောက်တောက သူ တက်နေကျ ထန်းပင်တစ်ပင် မှာ ရင်းဆွဲတစ်ခု ချောင်နေတာ ပြင်စည်းဖို့ အကြောင်းပါ ။
••••• ••••• •••••
( ၃ )
သိပ်မကြာဘူး ။ လွန်ရောကျွံရော တစ်လပေါ့ ။ တစ်ညနေ ဖိုးလုံး ထန်းပြီးလို့ ပြန်အလာ တဲမှာ မိတုတ် ရောက်နေတာ တွေ့ရတာပဲ ။ ရောက်နှင့်နေတဲ့ မိတုတ် က မျက်လုံးလှန်ပြီး တစ်ချက်ပဲ ကြည့်တယ် ။ ဖိုးလုံး ကလည်း တစ်ချက်ပဲ မေးလိုက်တယ် ။
“ ဘယ်တုန်းက ရောက်လဲ ”
“ စောစောကပဲ ”
ဒါပဲ ၊ ပွဲက ပြီးသွားပြီ ။ ဖိုးလုံး က ရေမိုးချိုးဟန် ပြင်လို့ ၊ မိတုတ်က ခံတောင်း ထဲက လက်ကျန် ဆန်လေးကို စုပြီး ဆန်ဆေး ၊ ထမင်းအိုး တည်တယ် ။ ဘယ်က ဘယ်လို သတင်းကြားကြတယ်တော့ မသိဘူး ။ ကိုကျော်ကြီး နဲ့ ကိုမြအေး ရော ၊ ဒေါ်ချိတ် နဲ့ ဒေါ်ကောက်ရ ရော ၊ ဖိုးလုံး တဲ ပေါက်ချလာကြတယ် ။ အားလုံး ဒေါင်းတင်မောင်းတင် ထားတဲ့ မျက်နှာထားတွေနဲ့ပေါ့ ။ သူတို့တွေ တဲပေါက်ဝ အရောက်မှာပဲ မိတုတ်က လှမ်းပြောတယ် ။
“ ကိုဖိုးလုံး ထမင်းခူးပြီးပြီ ”
ဖိုးလုံးက ရေချိုးပြီး ထန်းလှီးဓားကို သွေးနေရာက ခပ်သုတ်သုတ် ထတယ် ။
“ အေး ... အေး ”
ကိုကျော်ကြီး နဲ့ ကိုမြအေး က တဲရှေ့က မြေကွက်လပ်မှာ ယောင်ကန်းကန်း နဲ့ ရပ်နေတုန်း ၊ ဒေါ်ချိတ်ကြီးတို့ နှစ်ယောက်ကတော့ ဖိုးလုံးတို့ ထမင်းစား နေကြတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ခပ်ဆောင့်ဆောင့် ဝင်ထိုင်လိုက်ကြတယ် ။ ပါးစပ်က မကြားတကြား ပွစိ ပွစိ ပြောလိုက် ၊ မျက်စောင်းတွေကိုလည်း မိတုတ် ဆီ ပုံစံ အမျိုးမျိုးနဲ့ ပို့လိုက်ပေါ့လေ ။
ဘယ်စကား ဘယ်သူက စပြီး ဘယ်လို ပြောကြရမှန်းလည်း မသိ ။ ဖိုးလုံးတို့ လင်မယား နှစ်ယောက်ကလည်း နောက်ကို လှည့်တောင် မကြည့်ကြတော့ တဲထဲမှာ ငြိမ်ငြိမ်သက်သက်ပါပဲ ။
အဲဒီ အချိန်မှာ တဲရှေ့ကို လူတစ်ယောက် ထပ်ရောက်လာတယ် ။ ဘယ်သူ ရှိရမလဲ ကြွက်နီ ပေါ့ ။ ကြွက်နီ ။ လက်ထဲမှာလည်း ဓားကြီးတစ်ချောင်း ကိုင်လို့ ။ ကြွက်နီ က အရက်လည်း နည်းနည်း သောက်လာပုံရတယ် ။ မျက်ထောင့်နီကြီးနဲ့ မျက်နှာ ကလည်း အဆီကို ပြန်လို့ ။ တဲဝက လူသံ ကြားလို့ လှမ်းကြည့်လိုက်တဲ့ မြအေး ကတော့ ဆတ်ခနဲကို တုန်သွားလိုက်သေးတယ် ထင်တယ် ။ ကိုကျော်ကြီး ကတော့ တဲထဲ ဝင်တဲ့ အပေါက်ကနေ ဘေးကို မသိမသာ ရွှေ့လိုက်တယ် ။ ပွဲကြီး ပွဲကောင်းတော့ တွေ့ပြီ ဆိုတဲ့ မျက်လုံးမျိုးနဲ့ ကိုမြအေး ကို ကြည့်လိုက်သေးတယ် ။ ကြွက်နီ ကတော့ ဘယ်သူ့မှ ဂရုမစိုက်ဘူး ။ သူ့ ဓားကို သူ တင်းတင်းဆုပ်ပြီး ခပ်တည်တည် တဲထဲ ဝင်လာတာပဲ ။ အရက်နံ့ကလည်း တထောင်းထောင်းနဲ့ပဲ ။ ဒေါ်ချိတ်တို့ နှစ်ယောက်ကတော့ ယောင်ယမ်းပြီး မတ်တတ် ရပ်လိုက်ကြတယ် ။ ပါးစပ်ကလည်း ဗလုံးဗထွေးနဲ့ ။
“ ဖိုးလုံး ... ဖိုး ... ဖိုး ... ဖိုးလုံး ”
ဖိုးလုံးက နောက်သို့ လှည့်ကြည့်လိုက်တယ် ။ ကြွက်နီ ဝင်လာတာကို မြင်တော့ မျက်မှောင်တစ်ချက် ကြုတ်လိုက်တယ် ။ ထမင်းစားတော့ မပျက်ဘူး ။ စောစောက သူ သွေးထားတဲ့ ထန်းလှီးဓား ဆီကိုတော့ မျက်လုံးအကြည့် ဝေ့သွား လိုက်သေးရဲ့ ။ ကြွက်နီ က ဘေးလူတွေကို အကဲခတ်သလို တစ်ချက် ကြည့်လိုက်တယ် ။ ဟိုလူတွေကတော့ အသက်တောင် ရှူကြရဲ့လား မသိဘူး ။ ကြွက်နီ ကို တစ်လှည့် ၊ သူ့လက် ထဲက ဓားကြီးကို တစ်လှည့် ကြည့်လို့ ။ ဓားကြီး ကလည်း ကောင်းမှကောင်း ၊ ဝဲကြီးဓား လို့ ဒီအရပ်မှာ ခေါ်ကြတဲ့ဓား ။ ပြီးတော့ ဒီနားတစ်ဝိုက်မှာ ကြွက်နီတို့ ရွာက ပန်းပဲဖိုက နာမည်ကြီး ။ ဟိုးအရင် အစဉ်အဆက် ကတည်းက ဓားကောင်း ထွက်တယ်လို့ နာမည်ကြီးခဲ့တဲ့ ရွာ ။
ဘာမှ ဣန္ဒြေ မပျက်တာကတော့ မိတုတ် ။ ခပ်အေးအေးပဲ ။ ဖိုးလုံး ပန်းကန် ထဲကို ငါးခြောက်ဖုတ် တစ်ကောင်တောင် ထည့်ပေးနေလိုက်သေးတယ် ။ ကြွက်နီ က ပါးစပ်ထဲ ငုံလာတဲ့ ကွမ်းကို ဖွီခနဲတစ်ချက် ထွေးချလိုက်တယ် ။
“ အစ်မ ... ရော့ ဒီမှာ ။ နင့်ယောက်ျားဖို့ ကိုစံမဟိန်း ပန်းပဲဖိုမှာ နင် မှာထားခဲ့တဲ့ ထင်းခုတ် ဝဲကြီးဓား ။ နင် မေ့နေခဲ့လို့ ငါ လာပို့တာ ”
“ ဪ ... အေးအေး ။ ထမင်းစား သွားဦးလေ ”
“ ဟေ့အေး ။ ငါ မစားတော့ဘူး ။ မိကြည်အရက်ဖို ပြန်သွားရဦးမှာ ။ ဟိုမှာ ရွာက ကောင်တွေ ပါသေးတယ်ဟ ”
သူတို့ နှစ်ယောက် ပြောတဲ့ စကားတွေ ကြားပြီး ကိုမြအေး တို့ ၊ ဒေါ်ချိတ်ကြီးတို့အဖွဲ့ ဇဝေဇဝါ ဖြစ်ကုန်ကြတယ် ။ တစ်ယောက်မျက်နှာ တစ်ယောက်လည်း ကြည့်လိုက်ကြတယ် ။
“ နင်က ကြွက်နီလား ”
“ ဟုတ်တယ် ”
“ နင်နဲ့ မိတုတ်က ”
“ ကျုပ်နဲ့ မိတုတ်က မောင်နှမ ဝမ်းကွဲဗျ ။ သူ့အမေ မြစ်အနောက်ဘက်က သားဆီ သွားရင်း မမာလို့ ဆိုပြီး သူ့ကို မှာလို့ ကျုပ်က လိုက်ပို့တာ ။ ခုတော့ ကောင်းသွားပါပြီ ”
“ ဟောတော့ ၊ တို့ ... တို့ ထင်နေတာက ”
“ အင်း ၊ ကျုပ် ပြန်လာတော့ ကြားသားပဲ ။ မိတုတ် ကလည်း စာကို ရေလည်အောင် ရေးတတ်တာ မဟုတ်ဘူးဗျ ။ ကျုပ် ကြွက်နီ နဲ့ လိုက်သွားပြီလို့တင် ရေးပစ်ခဲ့သတဲ့လေ ။ ဟီး ... ဟီး ။ ပြောမယ့်သာ ပြောရတာ သူကမှ တော်သေး ။ ကျုပ်က သူ့ လောက်တောင် ရေးတတ်တဲ့ကောင် မဟုတ်ဘူးဗျ ။ တော်သေးတာပေါ့ ၊ ကိုရင်ဖိုးလုံးက ဘာမှ မဖြစ် ”
ထမင်းစားပြီး လက်ဆေး ထလာတဲ့ ဖိုးလုံး က အခုမှ စကားတစ်ခွန်း ဝင်ပြောတယ် ။
“ ငါက ဘာမှ မဖြစ်ပါဘူးကွာ ။ ဖြစ်တာက သူတို့ကွ ... သူတို့ ”
ဒေါ်ချိတ်ကြီးက နှုတ်ခမ်းကို မဲ့လိုက်တယ် ။
“ အံမယ်လေး ၊ တို့များ အားအားယားယားတော် ၊ ကိုယ့်အမျိုးမို့ မဖြစ်တန် မဖြစ်ရအောင် လာလာ နေရတာဟဲ့ ။ ဟင်း ၊ ကိုယ့်အလုပ်နဲ့ ကိုယ် ။ အားတယ်များ မှတ်နေလား ။ ကဲ သွားမယ် ။ သွားမယ် ။ တကတည်းတော် ”
ပြောပြောဆိုဆို သူကပဲ ဦးဆောင်ပြီး တဲအပြင်ကို တစ်ဖွဲ့လုံး ခေါ်ထွက်သွားလေရဲ့ ။ ကြွက်နီလည်း မကြာပါဘူး ပြန်သွားတယ် ။ ဘယ်သူမှ မရှိတော့ဘူး ဆိုမှ ဖိုးလုံး က မိတုတ်ဘက် လှည့်ပြောတယ် ။
“ မိတုတ် ”
“ တော် ”
ဘာလို့မှန်းတော့ မသိဘူး ။ ပြောလိုက်တဲ့ သူရဲ့ အသံရော ၊ ထူးလိုက်တဲ့ သူရဲ့အသံရော ကတုန်ကယင်ကြီးတွေ ဖြစ်လို့ ။ မှောင်ရီကလည်း ပျိုးစ ပြုနေပြီ ။ ဖိုးလုံး က လည်ချောင်း တစ်ချက် ရှင်းလိုက်သေးတယ် ။ ပြီးမှ မိတုတ်ကို ရွှန်းရွှန်းစားစား တစ်ချက်ကြည့်ပြီး
“ ထန်းလျက်အိုး မီးပျိုးတော့ဟာ ။ ငါ တစ်ရေးလောက် အိပ်လိုက်ဦးမယ် ” တဲ့ ။ ပြီးတော့ တဲကပြင်လေးပေါ် တက်ပြီး တုံးလုံး လှဲတော့တာပဲ ။ မိတုတ်က သူ့ကို ပြုံးပြုံးကြီး ကြည့်ပြီး တဲနောက်ဘက်က ထင်းပုံဆီ ထင်းသွားသယ်တယ် ။ မီးပျိုးပြီး တဲပေါ် ခပ်သုတ်သုတ်တက် ၊ ဖိုးလုံး ကို ကြည့်လိုက်တော့ ဘသားချောက ခေါ ... ခေါနဲ့ ဟောက်နေလိုက်တာများ မီးရထား ခုတ်နေသလိုပဲ ။
ဒါပေမဲ့ ဒီအချိန်မှာ ဒေါ်ချိတ်တို့ ၊ ဒေါ်ကောက်ရတို့ ၊ ကိုမြအေးတို့အဖွဲ့ ကတော့ လုံးဝ အိပ်နိုင်သေးမှာ မဟုတ်တာ သေချာပါတယ် ။ ကိုမြအေးတို့က အရက်ဖို တစ်ဖိုဖိုမှာ သူတို့ ဘယ်လို အထိန်းအသိမ်း ကောင်းလို့ ကြွက်နီ နဲ့ ဖိုးလုံး တုတ်တစ်ပြက် ဓားတစ်ပြက် မဖြစ်တဲ့အကြောင်း လျှာလေးအာလေးနဲ့ ပြောကောင်းတုန်းနေမှာ ဖြစ်သလို ၊ ဒေါ်ချိတ်ကြီးတို့ ကလည်း သူတို့ သွားမေးတဲ့ ဘိုးသာဒွန်း ဓာတ်ရိုက် ၊ ဓာတ်ဆင် နဲ့ ယတြာတွေ ဘယ်လိုကောင်းလို့ မိတုတ် အမြန်ပြန်လာတာ ဆိုတဲ့ အကြောင်း တစ်အိမ်တက်ဆင်း ပြောလို့ ကောင်းတုန်းနေမှာပါ ။
သူတို့က အလုပ်ရှုပ်ကြတဲ့ သူတွေ မို့လား ။ ပြောမယ့်သာ ပြောတာပါ ၊ သူတို့လို လူတွေက ဒီအရပ်မှာမှ မဟုတ်ပါဘူး ။ နေရာတိုင်းမှာ ရှိတတ်ကြတာမျိုးပါ ။
▢ ဦးဆွေ ( ဒဿနိက )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီလ ၊ ၂ဝဝ၁

No comments:
Post a Comment