❝ သမီးကြောင့်လော - ငါးပိကြောင့်လော ❞
( ပီမိုးနင်း )
မောင်စိန်သည် ရုပ်ရည်သားနား ၊ သနားကမား သန့်သန့်ရှင်းရှင်းမို့ ရွာထဲ၌ လူပေါ်ကြော့ ဟူသော နာမည်ကို ရလျက် အတော်ပင် ထင်ရှားသူ ဖြစ်လာ၏ ။
စွပ်ကျယ် အင်္ကျီလက်တိုကလေး တစ်ထည်မှာ တစ်ရက်တစ်ခါ နှစ်ရက်တစ်ခါ လျှော်ဖွပ်ရသဖြင့် ရင်ဘက်က အပေါက်နှစ်ပေါက်မှာ ခုံညင်းလောက် ကျယ်လျက်နေသောလည်း ကိုယ်ပေါက် ကိုယ်ရေခံ ကြော့ရှင်းပြေပြစ်ခြင်းကြောင့် စုတ်နွမ်းသည် မထင်ရ ၊ ကိုယ်၏ အဖွဲ့ သာ၍ ပေါ်အောင် ပြသည်နှင့် တူလေ၏ ။
နာဂူလုံချည်လေး နှစ်ထည်ကိုလည်း ထပ်တလဲလဲ လျှော်၍ ဝတ်ရာ အဆင်တူ၍ တစ်ထည်ကိုသာ တွေ့ ၍ ဝတ်ရသကဲ့သို့ ဆင်းအရောင် မှိန်သော်လည်း မျက်နှာ၏ ရွှင်ပြခြင်းကြောင့် ၎င်းမှာ စိုပြေသည်ဟု မှတ်ထင်ရလေ၏ ။
ဆံပင်မှာ ရောင်ထုံးကြီးကြီးထွားကြီး ဖြစ်လောက်အောင် မများ ၊ တစ်ထုံး နိုင်ရုံကလေးမျှ ရှိလျက် ချိုစောင်းနောက်ချေးပုံ အငယ်စားကလေးကို ထားသည်နှင့် တူသော်လည်း လှပသော နဖူး နှာတံ ၊ နှုတ်ခမ်း ၊ မျက်ခုံး ၊ မျက်လုံး ဤအချိုးအစားကျခြင်းကို မထိမခိုက် ။
၎င်းမျက်နှာမှာ ပူပင်သောက အငွေ့အသက် မရှိ ။ အရောင်းအဝယ် ကျင်လည်၍ အဖေကြီးကို လုပ်ကိုင်၍ ကျွေးကြသော အစ်ကို တစ်ယောက် နှင့် အစ်မကြီး တစ်ယောက် အရိပ်ကို ခိုလျက် ၊ အဖေအိုကြီးနှင့် အတူ နေလေရာ ထမင်းနှစ်နပ်ကို မှန်မှန်စားရ၍ ကျေနပ်လျက်နေသူ ဖြစ်လေ၏ ။
သရေစာအတွက် ပူစရာ မရှိ ။ ရွာ၌ ရှိအကြမ်းဝိုင်းထိုင်သမားများသည် မောင်စိန်ကို လမ်း၌ မြင်ကြလျှင် သူ့ထက်ငါ အရ ခေါ်၍ တိုက်ကြကျွေးကြလေ၏ ။
ထိုနည်းဖြင့် နံနက်မှာ ပဲပြုတ်နှင့် ထမင်းကြမ်း ရွှေဖီမိုးလွတ် အတွင်းထောင်နေ့ရည် နေ့လယ်မှာ အတွင်းထောင် အနုရည်ရွှေဖီမိုးလွတ် နှင့် ငါးပိဖုတ် ၊ တစ်ရံတစ်ခါ ငါ့ရံ့ခြောက် တစ်ရံတစ်ခါ ပဲလှော်သုတ် တစ်ရံတစ်ခါ တရုတ်မုန့် ။ အခါများစွာ ဓမ္မာရုံ၌ ဆွမ်းတော် တင်ပွဲ ကြုံသည့်အခါ ဘုန်းကြီးကြိုက် ၊ မင်းကြိုက် ၊ ကာလသား မောင်စိန်တို့နှင့် လားလားမျှ မထိုက်သော ဘီစကွတ် ဟာလဝါ သီဟိုဠ်အုန်းဆီ နှင့် ချက်သည့် ဆနွင်းမကင်း သရက်နိုင်းချင်းယို ဝမ်းတင်းအောင် သောက်ရစားရလေ၏ ။
သို့ဖြစ်လေရာ မိဘအတွက် သားမယားအတွက် ပူစရာ မရှိသော လူပေါ်ကြော့ မောင်စိန်မှာ စည်းစိမ်နှင့် စိုပြေပြောင်လက် အမြဲအရောင် တက်၍ နေလေ၏ ။
ထိုကဲ့သို့ စားစရာသောက်စရာ မရှားသည်မှာလည်း အခြားကြောင့် မဟုတ် ၊ ရွာပေါ်၌ သတင်းစာ မဂ္ဂဇင်း ၊ အဖတ်ဆုံးသူက နဂိုက အသော အပြောင်နှင့် ဘာမဆို နားထောင်ကောင်းအောင် ပြောတက်ပြောင်တက် ရွှတ်တက်သူ ဖြစ်ရကား နေ့စဉ်တွေ မရှောင်တက်သော စာများကြောင့် အာဝဇ္ဇာန်း ရွှင်သူ ဖြစ်သည့်ပြင် ရပ်ပေါ်ရွာပေါ်၌ အရေးကိစ္စ ရှိသမျှ အခါတိုင်း မောင်စိန်ကို တိုင်ပင်ကြရလေ၏ ။ ဗဟုသုတများ ပေသကိုး ။
သို့သော်လည်း ခါးကို ချိုး ၍ ဘာကိုမှ လုပ်ကိုင်အသက်မွေးမည် ပုဂ္ဂိုလ်မဟုတ်သဖြင့် မောင်စိန် ကို အတင့်ရဲ၍ ယူဝံ့သူ ဖြစ်က ဈေးတောင်းခေါင်းရွက်၍ ကျွေးရမလား ။ ငါးပိ နင်း၍ ကျွေးရမလား ။ ငါးခုတ်သည့် ကူလီမအလုပ်နှင့် ကျွေးရမလား ၊ တနည်းနည်းနှင့် လင်ကို လုပ်ကျွေး ရမှာပဲ ဟူသော အနာဂတ်စကားသည် ရွာပေါ်၌ အလိုလို ပေါ်၍ နေခြင်းကြောင့် ၎င်းနှင့် ချစ်သူ မိန်းမ မှန်က တစ်ပါးသူနှင့် ညား၍ သွားရသည်သာ များခဲ့လေ၏ ။
ရုပ်ကို သွေးသောက်ရတာ မဟုတ်ဘူး ။ နောင် ညားပြီးတော့ ရိုးသွားမှာ လုပ်ကျွေးနိုင် သူမှ လင် ဒီငစိန်ကို ယူရင် ကျွေးမှာ မဟုတ်ဘူး စသည်ဖြင့် သမီးရှင်များ က ပြောကြလေ၏ ။ ထိုသို့ ပြောကြသူများ အထဲတွင် မဧမြ၏ အမိ ဒေါ်မိကြီး လည်း တစ်ယောက် ပါဝင်လေ၏ ။
ဒေါ်မိကြီးသည် အလွန်တရာ စိတ်ကြီးဝင်သဖြင့် မိမိ၏ သမီး အတွက် အမြဲ စိုးရိမ်ခဲ့၏ ။ ငစိန် ဆိုတဲ့ အကောင်ဟာ တလရွှတ်တ အကောင် ရုပ်ရည်က ချောချော အသံကလေး ဘာကလေးနဲ့ အဆိုအပြောလည်း အညံ့ဘူး ။ မတော်တဆ ငါ့သမီးနဲ့များ တစ်နေရာမှာ တွေ့ရင် ဧကန်ကြိုက် ဖြစ်တော့မှာ ပဲ ။ ဒီအကောင် ဒီရွာမှာပဲ ရှိတာဟာ တယ်ခက်ပါကလား ၊ ငါ့သမီး ကိုများ တော့ မစမ်းလေနဲ့ ၊ စမ်းရင် ဆီစိုစိုနဲ့ ကျွဲချိုနားဍောင်းကလေး လွင့်ထွက်အောင် ပါးသွယ်ကို နှက်လိုက်မယ်ဟု အမြဲ ကြိမ်း၍ နေလေ၏ ။ တစ်နေ့သ၌ ဆယ်အိမ်ခေါင်း ကိုကြွက်နီ ၏ မသာအိမ်တွင် မောင်စိန်သည် ဧမြ အား စိမ်းစိမ်းစိုက်၍ ကြည့်မိသည်ကို ဒေါ်မိကြီး မြင်လေရာ အတော်ပင် အသည်းယားနေတော့၏ ။
“ ငစိန်တော့ ဧမြ နဲ့ ချိတ်ပြန်သတဲ့တော့် ”
သတင်းသည် နောက်တစ်နေ့တွင် ဘယ်သူက လွှင့်လိုက်လေသည် မသိ ။ ဒေါ်မိ၏ နားသို့ ရောက်လေ၏ ။ ထိုအခါ ဒေါ်မိမှာ များစွာ ထိတ်လန့်လာ၏ ။ ထိတ်လန့်ဒေါသ ဖြစ်၏ ။ ဒေါသ ဖြစ်ပြီး မီးဖို၌ ဧမြ ထမင်းရည်ငှဲ့ခိုက် ကျော၌ အုံးခနဲ အုံးခနဲ နေအောင် သုံးချက်တိတိ ထုပြီး ငစိန်၏ အဖေကြီး ၊ အစ်မကြီး အစ်ကိုကြီးတို့ကို တွေ့တိုင်း ကြက်မကြီး ခွပ်လက်ပြင်သလို လုပ်လေ၏ ။
လူပေါ်ကြော့ ၊ အလကားကောင် တစ်သက်လုံး ဟေးလေးဝါးလားနဲ့ စာရေးယောင်ယောင် ခွေးယောင်ယောင် သတင်းစာကလေးကို ထောင်နေမှာ မိန်းမ ပေါ့ရင် မှန်ထောင်တာ ၊ ယောက်ျား ပေါ့ရင် သတင်းစာ ထောင်တာ ။ ဒီအကောင်မှာ ဘာများ မက်စရာ မြင်လို့လဲ စသည်ဖြင့် သမီးကို ကြိမ်းလေ၏ ။
နောက်တစ်နေ့၌ ဒေါ်မိကြီး၏ ကြုံးဝါးဆူပူသော သတင်းသည် မောင်စိန်၏ နားသို့ ရောက်လာ၏ ။
အင်း တယ်လည်း အထင်သေးကြတာကိုး ။ ငါ ဘာများ ခါးချိုး ရင် လုပ်ရပါ့မလဲဟု စဉ်းစားရာ ။ ငါးပိ ၊ ငါးခြောက်လုပ်သော အရပ် ၊ ငါးပိနင်းခြင်း ငါးခြောက်ခွဲခြင်း ၊ ငါးဆီထုတ်ခြင်း ၊ ယောကျာ်းများ မှတပါး အခြားအလုပ် မရှိ သဖြင့် ကြံရာမရဘဲ နေလေ၏ ။
တစ်နေ့သ၌ ငါးပိနင်းသူများကို ထိုင်ကြည့်လျက် စဉ်းစား၍ နေလေ၏ ။
မောင်စိန် မှာ သတင်းစာ မဂ္ဂဇင်းဟောင်း အမျိုးမျိုး ဘုန်းကြီးကျောင်းမှ နိုင်သလောက် အမြဲ ဖတ်သူ ဖြစ်ရာ မိမိ တတ်သမျှသော အကြောင်းအရာဟူသမျှကို ပြန်၍ စဉ်းစားလေ၏ ။ ဤမျှလောက် ဇာတ်ခု ပေါလျက် ၊ အကျိုး တစ်ခုခုမှ မခံစားရရင် စာဖတ်ကြို စား ဘယ်မှာ နပ်ပါမည်လား ၊ ငါ ဖတ်သော စာများ အထဲမှာ အကြံကောင်း တစ်ခု မရနိုင်ဘူးလား စသည်ဖြင့် တွေးတောရင်း ငါးပိနင်းသူတို့ကို ကြည့်၍ နေခြင်း ဖြစ်လေ၏ ။
သို့ ကြည့်နေခိုက် ငါးပိနင်းသော မိန်းမကြီး တစ်ယောက် က “ ငါ့တူ ဒီကနေ့ မှိုင်ပုံ တယ်ထူးပါကလား ။ မောင်စိန်ရဲ့ ” ဟု ပြောလေ၏ ။
( အခြား တစ်ယောက် ) “ ဒေါ်မီကြီးကို လန့်နေလို့ပေါ့ မဆုံ ရဲ့ ”
“ ဒေါ်မိကြီး လန့်စရာ မရှိပါဘူး ။ မောင်စိန်နဲ့ ဧမြနဲ့ ဖြစ်တာဟာ ဧမြ ယောကျာ်းရတော့မယ် ဆိုတဲ့ နိမိတ်ပါ ။ မောင်စိန် နဲ့ ညားမယ့် နိမိတ် မဟုတ်ပါဘူး ”
“ ညည်းကအေ ၊ ငါ့တူကို ညည်းတို့က ဒီလောက်တောင် ညံ့တယ် မထင်ပါနဲ့ ဘယ်နှယ်လဲ မောင်စိန် ကြားရဲ့လား ”
“ ကြားပါတယ်ဗျာ ၊ ချိန်တန်တော့ နွားပိန်ကန်ပြရင် သိရော မဟုတ်လား အဒေါ် ဟိုတုန်း ဟိုတုန်းကလို မထင်ပါနဲ့ ”
“ အဲလေ ဒင်းကြောင့် အဒေါ်က ပြောတာက ဘယ်လိုလဲ အခု ပြောပြော ။ သူ့သမီးကို ရပြီးရင် ဒင်း ကြည့်ရှုရမှာပဲ ။ ဒီလောက် ပစ္စည်းတွေ ပေါနေတာ ။ သမက် ချောကလေး တစ်ယောက်ကို လက်ထွန်ခိုင်းနေရဦးမှာလား ”
“ အခုအနေ အလုပ်တစ်ခုခုကို ထိထိရောက်ရောက် လုပ်ပြလိုက်ရင် ဒေါ်မိကြီး သဘောကျမှာ ပေါ့ ” ဟု တစ်ယောက်က ပြောလေ၏ ။
( ဒေါ်ဆုံ ) “ အလုပ်ကို အခုမှ လုပ်နေရ ကြာတယ် ။ မမိကြီး က အကဲခတ် နေဦးမှာ အရအမိ ဦးအောင်သာ ကောင်မကလေးကို ဆောင်ကြဉ်းလိုက် ၊ ကိုယ့် လက်ထဲ ရောက်ရင် ဒင်း ဘာမှ တက်နိုင်မှာ မဟုတ်ဘူး ”
မောင်စိန် သည် ထိုစကားများ ကို စဉ်းစား၍ နေလေ၏ ။
“ ဦးနှောင်းက ငါ့တူကို ဘာအလုပ်များ ပေးနိုင်မှာလဲ ။ ဟောဟို မျှင်ငါးပိတွေ ကို မင်း သယ်ပြီး အိမ်ပို့ဖို့ အလုပ်တော့ ရမှာပေါ့ ငွေတစ်မတ်လောက်တော့ ရမှာပဲ ”
“ ငွေတစ်မတ်ကော နည်းသလား ။ ဒေါ်ဆုံရဲ့ ပြောသာ ပြောပါ ။ ကျွန်တော် ထမ်းပို့မယ် ”
“ ဟုတ်မှ လုပ်ပါ ငါ့တူ ၊ ခါချဉ်မာန်ကြီးလို့ ဆိုတာ ကျနေမယ် ၊ ငါးပိတောင်းက အလေးသား ။ အဒေါ့်တူက ခါးသေးရင်ချီ ပဒုမ္မဏီ ဆိုတာမျိုးမို့ အဒေါ်က မကြည့်နိုင်လို့ ပြောတာ ။ ငါးပိသယ်တဲ့ ကူလီ အလုပ်နဲ့ ဧမြကို ရမှာ မဟုတ်ဘူး ။ စိတ်ပျက်ပြီး မြန်မြန်ကြီး တခြားလူနဲ့ လိုက်ပြေးမှာ စိုးရသေး တယ် ”
“ ကိစ္စမရှိပါဘူး အဒေါ် ၊ ဦးနှောင်း ကိုသာ ပြောပါ ။ ကျွန်တော် အရ သယ်မယ် ”
“ ကိုင်း ဒီလိုဖြင့် ပြောဖို့ မလိုပါဘူး ။ အဒေါ်က သူ့ကိုယ်စားလည် လိုပါပဲ ။ ငါ့တူ ဒီလောက် အစွမ်းပြချင်ရင် လုပ်လေ ၊ သယ်ခ တစ်မတ်တော့ ရမှာပါ ။ တစ်တောင်း တစ်ပဲ ”
“ ကိုင်း စိန်လိုက် ”
ဒေါ်ဆုံက တဲတစ်ခု အောက်၌ ရှိသော ငါးပိတောင်းများကို ပြလေ၏ ။ မောင်စိန်သည် လှည်းတစ်စီးမှ ကောက်ရိုးများကို ယူ၍ မီးရှို့ပြီး မျက်နှာကို ပြာများ ဖုတ်များ ရော၍ သုတ်လိုက်ရာ ညစ်ပေလျက် မောင်စိန်ရုပ် ကွယ်ပျောက်၍ အမည်မသိ ကူလီ တစ်ယောက် အဖြစ်သို့ ရောက်လေ၏ ။
ငါးပိများ သယ်၍ ပို့ရာ ဒေါ်မိကြီး၏ အိမ်သို့ ရောက်လေလျှင် ဧမြ ကိုယ်တိုင် ငါးပိများကို နေရာချထားလေရာ ၎င်းနေရာချထားခြင်း အလုပ်၌ မောင်စိန် က ကူညီသယ်ပိုး လုပ်ကိုင်၍ ပေးရလေ၏ ။ ထိုနေရာမှာ မီးဖိုချောင် ဖြစ်လေရာ နံဘေးတံခါးဖြင့် ဝင်ရလေ၏ ။ တံခါးမင်းတုန်းမှာ နဘေးပြတင်းပေါက်မှာ ဆွဲနှိုက်၍ မ လျှင် လွယ်ကူစွာ ပွင့်နိုင်ကြောင်း တွေ့ရှိရလေ၏ ။ ဧမြ ထံကို တိတ်တဆိတ် လာဖို့ရန် အဘယ်မျှလောက် လွယ်ကူသည်ကို သိရလေ၏ ။ မီးဖိုကို ရောက်လျှင် တစ်အိမ်လုံး သွားချင်သလို သွားနိုင်ဖို့ရှိသည်ကို သိရလေ၏ ။
နောက်ဆုံး တောင်းကို ပို့ပြီးသော အခါ ဧမြ က ပိုက်ဆံတစ်မတ်ကို ထုတ်၍ ပေးလေ၏ ။ သို့ပေးရင်း မောင်စိန်၏ မျက်နှာကို စိုက်ကြည့်ရာ မမြ ဟု မောင်စိန် က ခေါ်လေလျှင် ဧမြ မှာ အံ့အားသင့်၍ နေလေ၏ ။
“ ကျုပ် အလုပ် လုပ်တာကို လူများ မသိကြလို့ လူပေါ်ကြော့လို့ ပြောကြတာပါ ”
“ ပေါ်ကြော့ ဖြစ်ရင် အခုလို ကြိုးကြိုးနွံနွံ လုပ်မတဲ့လား ၊ မမြ ရယ် အခုတော့ အခ လိုချင်လို့ မဟုတ်ပါဘူး ။ အကြံရှိလို့ လုပ်တာ ညကျရင် ကျုပ် လာခဲ့မယ် ။ မမြက ဒီအကြံမှာ ကျုပ်ကို ကူညီပါ ။ ဘယ်သူ ဘာပြောပြော ဂရုမစိုက်ပါနဲ့ ၊ တစ်နေ့ကျတော့ သိမယ် ” ဟု ပြောပြီး ပိုက်ဆံတစ်မတ်ကို ပြန်၍ ပေးလေ၏ ။
“ နို့ ဘာလို့ ညလာချင်ရတာလဲ ”
“ အို နောက်တော့ သိမယ် ။ စိတ်ချလက်ချသာ တံခါး ဖွင့်ပေးပါ ”
ဧမြမှာ အံ့အားသင့်လျက် ၊ ခေါင်းညိတ်မှန်းမသိ ညိတ်လိုက်ရ၏ ။
“ ဒါထက် ဒီငါးပိတွေ က ဘယ်ကလဲ ”
“ အင်းရဲ ငါးပိ အကောင်းဆုံးပေါ့ ၊ ရန်ကုန် အသိ တစ်ယောက်က မှာလို့ အင်္ဂလိပ်အိမ်တွေမှာ သုံးတဲ့ ဘလချက် ဆိုလား အဲဒီဟာမျိုး သိပ်ကောင်းတာပဲတဲ့ ”
“ အော် အော် ၊ ဟုတ်တယ် ၊ ဟုတ်တယ် ၊ လုပ်နည်း ဆိုတဲ့ မဂ္ဂဇင်း တစ်ခုထဲမှာ အဲဒီ ဘလချောင်လုပ်နည်း တွေ့ရဖူးတယ် ၊ ဘလချိုက် မဟုတ်ပါဘူး မမြ ရဲ့ ၊ ဘလချောင် ခေါ်ပါတယ် ဒီငါးပိမျိုး ဒါပဲလား ”
“ ထပ် မှာရင်တော့ ရမှာပဲ ။ အခုတော့ လေးတောင်းပဲ ရှိတယ် ”
“ ရန်ကုန်ကို ပို့မှာ က ရောင်းတာလား
“ ရောင်းတာ မဟုတ်ပါဘူး ။ နမူနာပါ ။ နောက်မှ အများအပြားကျမှ အတိုးအစနဲ့ ရောင်းမယ်လို့ အမေ ပြောတာပါပဲ ”
“ ကျွန်မတော့ အစစ်မထင်ဘူး ။ ဦးနှောင်း ဒီမှာ လုပ်တယ်လို့ ထင်ပါတယ် ။ ဒီမှာလည်း ငါးမှုန်ကလေးတွေ အပေါသားကိုး ”
ထိုညဉ့်၌ မောင်စိန်သည် ဧမြ တို့ မီးဖိုချောင် အနီးကို ရောက်၍ သွားလေ၏ ။ တံခါးကို ကိုင်လိုက်သော အခါ အလွယ်တကူ ပွင့်၍ သွားလေ၏ ။ အတွင်းသို့ ရောက်လျှင် ရောက်ချင်း မှောင်ထဲ၌ ဧမြ ကပ်၍ လာပြီး “ သတိထား ၊ အမေ မအိပ်သေးဘူး ၊ အခု ဘုရား ရှိခိုးနေတယ် ” ဟု နားနားကပ်၍ ပြောလေ၏ ။
အတန်ကြာ တီးတိုးစကား ပြောနေကြပြီးနောက် မောင်စိန် သည် ပစ္စည်းတစ်ခုကို မှောင်ကြီး ထဲ၌ ထမ်း၍ ကပျာကရာ ထွက်သွားလေ၏ ။
နံနက်မိုးလင်းသော အခါ ဒေါ်မိကြီးသည် ဧမြ ကို ကြိမ်းမောင်း ဆူပူနေလေ၏ ။
မီးဖိုတံခါးကို ဧမြ လုံအောင် မပိတ်သောကြောင့်သာ ငါးပိတစ်တောင်းကို သူခိုး ဝင်ခိုးတာပဲ ဟု ပြောလျက် ဆဲဆိုရေရွတ်လေ၏ ။ ဒေါ်မိကြီး မှာ အတော် နှမြော စစ်စီသော မိန်းမကြီး ဖြစ်လေ၏ ။
နောက်တစ်နေ့ မောင်စိန် သည် မြစ်ဆိပ် အသနော ရွာကလေးမှာ အိုးသစ်နှစ် လုံးကို ရှေ့နောက် ထမ်းလျက် မီးရထားလမ်းမြို့ကလေးသို့ တက်၍ လာပြီး အသိမိတ်ဆွေ တစ်ယောက်၏ အိမ်သို့ ရောက်သွားကာ ခေတ္တမျှ ထိုင်နားပြီး ဈေးသို့ တိုက်ရိုက် သွားလေ၏ ။
ဈေးကောက်အား နှစ်ပြား ပေးပြီး ဆိုင်အနီးမှာ အိုးနှစ်လုံး ကို ချလျက် လမ်းမှာ လက်တန်း စပ်၍ လာသော ဈေးခေါ် ဂါထာကို ရွတ်ကာ ရွှမ်းပျက်ပျက်မျက်နှာ နှင့် မရှက်မကြောက် ပတောက်မ ရွတ်ဆို၍ အင်းရဲ ထောပတ် ငါးပိချက် ( ဝါ ) အေးဝမ်းဘလချောင် ဟူသော နာမည်နှင့် ပန်းကန် လေးပြား နှစ် ပန်းကန် ခုနှစ်ပြား ၊ သုံးပန်းကန် ဆယ်ပြား စသည့်ဖြင့် ခေါ်ကာ အော်ကာ ရောင်းလေရာ ပထမနေ့တွင် အိုးလုံး ကုန်သဖြင့် ငွေတစ်ဆယ်ကျော်ကျော်ရလျက် ညတွင်းချင်း လှည်းကြုံနှင့် အိုးနှစ်လုံးကို ပြန်ဆောင်၍ မြစ်ဆိပ်ရွာကလေးသို့ ပြန်၍ သွားလေ၏ ။
နောက်တစ်နေ့ ငါးပိစိမ်းများကို တောင်းနှင့် မြို့သို့ ဆောင်ယူ၍ လာပြီး အသိအိမ်၌ တည်းခို၍ ကိုယ်တိုင် မြို့ပေါ်မှာ ချက်လုပ်၍ ရောင်းလေ၏ ။
ထိုနည်းဖြင့် တစ်လတောင် ကြာသော အခါ ဆိုင်ကလေးတစ်ဆိုင် ဖြစ်လျက် တံဆိပ်များ ကပ်သော ငါးပိပုလင်းများကို ထောင်ခါ လက်လီ ရောင်းရန်အတွက် အိုးနှစ်လုံးကိုလည်း ရှေ့၌ တည်၍ ရောင်းလျက် နေသော လူပြောင်လူရွှမ်း ဖြစ်သူ မောင်စိန်၏ ဆိုင်သို့ ဟင်းချက်၍ မစားနိုင်သူပေါင်း များစွာ တို လာရောက် ဝိုင်းအုံ၍ နေသည်ကို တွေ့မြင်နိုင်လေ၏ ။
တစ်နေ့သ၌ ဧမြတို့ သားအမိသည် ထိုဆိုင်သို့ ရောက်၍ လာရာ မောင်စိန် က ခရီးဦးကြိုပြုပြီး နေရာများ ခင်းကျင်း၍ ပေးလေ၏ ။ ငွေ ၁၅ ကျပ် ထုတ်ကာ ၊ အဲဒါ ငါးပိဖိုး အဒေါ် ဟု ပြော၍ ဒေါ်မိကြီး အား ပေးလေ၏ ။
“ ဘယ်က ငပိဖိုးလဲ ”
“ အဒေါ့်အိမ် ဖိုထဲက အရင်က ကျွန်တော် တိတ်တိတ်လာပြီး မမြ ဆီက အကျွေးဝယ်ယူတဲ့ ငါးပိဖိုးပဲ ။ ယူသာ ယူပါ ၊ အတိုးတွက်နဲ့ ပေးတာပါ ၊ များ လွန်းတယ် မထင်ပါနဲ့ ”
“ ဟုတ်တယ် အမေ ၊ ကိုစိန်က သူ့ကို လူများက ဘော်ကြော့လို့ ခေါ်တာ မခံချင်လို့ အမေ့ အင်းရဲငါးပိတွေ ကို အကြွေးရောင်းပါ ဆိုလို့ ကျွန်မ ပထမတစ်တောင်း ရောင်းလိုက်တယ် ။ နောက် တစ်ထောင်း ထပ်ရောင်းတယ် ။ အမေ ရန်ကုန်ကို နှစ်တောင်းသာ ပို့လိုက်ရတယ် မဟုတ်လား ၊ ပိုက်ဆံ လည်း မရဘူး ။ ကျွန်မ ရောင်းတာ ရပြီ မဟုတ်လား ”
“ ငွေ မလိုချင်ရင်လည်း ငါးပိ အစား ရနိုင်ပါတယ် ။ ထားဝယ် ငါးပိ အကောင်းဆုံး ရှိပါတယ် ။ ရွှေပုစွန်ခြောက် ထောပတ်အစုံ ကျွန်တော် က လက်ကားဝယ်ပြီး အကြီးအကျယ် လုပ်ပါတယ် ။ ရန်ကုန် ဆိုင်ကြီး တစ်ဆိုင်က သုံးမတ်တန် ပုလင်းများကို သွင်းနိုင်သလောက် ယူနိုင်သလောက် လောက်ယူမယ်လို့ အခု အကြီးအကျယ် စပြီး လုပ်နေတယ် ။ အဒေါ်တို့ သားအမိ တောထဲ မနေပါနဲ့ မြို့ကို ပြောင်းကြပါ ။ ကျွန်တော် အရှိသားပဲ ” ဟု ပြောလေ၏ ။
“ ဟုတ်တယ် အမေ ၊ လူဆိုးသူဆိုးတွေလည်း ကြောက်ရတယ် ။ ပြောင်းပါလား အမေ ၊ ပြောင်း နော် နော် ... ”
“ သမီး မောင် ကိုပဲ သေသေချာချာ မေးပါ ။ ပြီးတော့လည်း နေရာထိုင်ခင်း စီမံဦးမှပေါ့ ” ဟု မိခင် ဖြစ်သူက ပြန်၍ ပြောပြလေ၏ ။
▢ ပီမိုးနင်း
📖 ဆယ်သန်း မဂ္ဂဇင်း
နိုဝင်ဘာလ ၊ ၁၉၃၅ ခုနှစ်
No comments:
Post a Comment